အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း (၄၁) စိတ်ကူးယဉ် "ပြိုင်ဘက်"
ထျန်းရင်း၏ မေးခွန်းကို ကြားသောအခါ လျန်ထျန်းသည် သဘောကျစွာ ရယ်မောလိုက်ပြီး -
"ဒေါ်လေး... သားက ဒေါ်လေး ရှေ့မှာပဲ ကြီးပြင်းလာခဲ့တဲ့ ဒေါ်လေးရဲ့ တူအရင်း ခေါက်ခေါက်ပါပဲ...။"
သူမ မျှော်လင့်ထားသည့် အဖြေကို ရရှိခဲ့သော်လည်း ထျန်းရင်းမှာ ယုံရခက်နေဆဲ ဖြစ်လေသည်။
"ဒါပေမဲ့...၊ ဒါပေမဲ့ မင်းက ဘွဲ့ရပြီးကတည်းက အစားအသောက် ပို့တဲ့အလုပ် လုပ်နေတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒီလိုတွေ...။"
လျန်ထျန်းက ထျန်းရင်း၏ စကားကို ကြားဖြတ်၍ ဆိုလိုက်သည်။
"ဒေါ်လေး...၊ ဒေါ်လေး ဘာမေးချင်လဲဆိုတာ သား သိပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက ရှင်းပြဖို့ မလွယ်ဘူး ဖြစ်နေလို့ပါ။"
"အကျဉ်းချုပ် ပြောရရင်တော့...၊ သားက အရင်လို ဆင်းရဲတဲ့ ကောင်လေး မဟုတ်တော့ဘူး ဆိုတာပါပဲ။ ဒီပိုက်ဆံတွေ အားလုံးက သားရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရလာတဲ့ ပိုက်ဆံတွေပါ…။"
"သားရဲ့ ကြွယ်ဝမှုကို ဒေါ်လေးက လျှို့ဝှက်ပေးထားစေချင်ပါတယ်။ အထူးသဖြင့် တခြား ဆွေမျိုးတွေ ကိုပေါ့...။"
ထိုစကားကို ကြားမှ ထျန်းရင်းသည် အနည်းငယ် စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ...၊ ဒေါ်လေး နားလည်ပါပြီ။ ဒါနဲ့...၊ မင်းအမေရော ဒါတွေကို သိလား...။"
လျန်ထျန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"သိတာပေါ့...၊ မေမေ့မှာ သားဆီက ရတဲ့ ပိုက်ဆံတွေ ရှိနေပါပြီ။ သား တခြားလူနဲ့ ကုမ္ပဏီတစ်ခု အတူ ထောင်ထားတယ် ဆိုတာလည်း သူ သိပါတယ်။"
"လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မေမေ့ကို မြို့ပေါ်က ဆေးရုံကြီးမှာ သွားပြခဲ့လို့ အခု ကျန်းမာရေး အများကြီး ကောင်းလာပါပြီ...။"
ထိုအခါ ထျန်းရင်းက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်ပြီး -
"ဒေါ်လေးကလည်း ဒီနောက်ပိုင်း ပိုက်ဆံပိုရအောင် အလုပ်တွေ အများကြီး လုပ်နေရတာနဲ့အစ်မဆီ တောင် မသွားနိုင်တာ ကြာပြီ...။"
"မင်းက လပိုင်းအတွင်းမှာပဲ ဒီလောက် အောင်မြင်လာလိမ့်မယ်လို့ ဒေါ်လေး လုံးဝ မထင်ထားခဲ့ဘူး။ ကောင်းတယ်...၊ တကယ်ကို ကောင်းပါတယ်။ အခုတော့ အစ်မရဲ့ ရောဂါအတွက် ဆေးဖိုးဝါးခ ပူစရာ မလိုတော့ဘူးပေါ့...။"
နောက်ကြည့်မှန်မှတစ်ဆင့် ထျန်းရင်း၏ စိတ်အေးသွားသည့် မျက်နှာနှင့် ကြည်နူးပီတိ ဖြစ်နေသော အမူအရာကို မြင်တွေ့ရသောအခါ လျန်ထျန်းကလည်း စိတ်ရင်းဖြင့် ဆိုလိုက်သည်။
"ဒေါ်လေး... ဒေါ်လေးလည်း ဒီနှစ်တွေမှာ တကယ်ကို ပင်ပန်းခဲ့ပါပြီ။ နောင်ကျရင် ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အပင်ပန်းမခံပါနဲ့တော့။ မဟုတ်ရင် တစ်နေ့ကျရင် မေမေ့လိုပဲ လူပင်ပန်းပြီး လဲသွား ပါဦးမယ်...။"
"သား ဆန်လန်ဖီနိုမှာ ဝယ်ထားတဲ့ ဗီလာနှစ်လုံးထဲက တစ်လုံးက ဒေါ်လေးနဲ့ ဝမ်းကွဲညီလေးအတွက်ပါ။ အိမ်ပြင်ဆင်ပြီးတာနဲ့ ဒေါ်လေးတို့ ပြောင်းနေလို့ ရပါပြီ...။"
"ပြီးတော့ ဝမ်းကွဲညီလေးအတွက်လည်း ကားတစ်စီး ဝယ်ပေးဦးမှာပါ။ နောက်ကျရင် အားတဲ့အခါ ညီလေးကို ကားမောင်းခိုင်းပြီး ဒေါ်လေး လိုရာခရီးကို သွားလို့ ရတာပေါ့...။"
"နေထိုင်စရိတ်အတွက်လည်း ဒေါ်လေး လုံးဝ ပူစရာ မလိုပါဘူး။ ဒေါ်လေးအတွက် ဘဏ်အကောင့် တစ်ခု ဖွင့်ပြီး တစ်ရာယွမ် (၁၀၀)အပ်နှံပေးထားပါ့မယ်...။"
"နောင်ကျရင် အဲ့ဒီ တစ်ရာယွမ်ကနေ ရတဲ့ တစ်နှစ်စာ အတိုးနှုန်းတင် ဒေါ်လေးတို့ သားအမိ နှစ်ယောက် သုံးမကုန်အောင် ရှိနေမှာပါ...။"
ထိုစကားကို ကြားသောအခါ ထျန်းရင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာခဲ့လေတော့သည်။ လျန်ထျန်းက သူ၏ ဒေါ်လေးနှင့် ဝမ်းကွဲညီအစ်ကိုအပေါ် ဤကဲ့သို့ ရက်ရက်ရောရောပေးကမ်းရခြင်းမှာ သူတို့သည် မိသားစု အခက်အခဲ ဖြစ်နေစဉ်က အတူတကွ ရုန်းကန်ပေးခဲ့သော ကျေးဇူးရှိသူများ ဖြစ်သောကြောင့်ပင်။
ထို့အပြင် သူ၏ ဝမ်းကွဲညီလေး လျိုတာဖုန်း၏ ရိုးသားဖြောင့်မတ်သော စိတ်နေစိတ်ထားကြောင့် ပိုက်ဆံ ရှိလာသော်လည်း လမ်းမှားသို့ ရောက်သွားမည် မဟုတ်ကြောင်း လျန်ထျန်းက ယုံကြည်နေသည်။
"ဖုန်းဖုန်း...၊ မင်း ဘယ်လို ပြိုင်ကားမျိုး စီးချင်လဲ...။"
လျိုတာဖုန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး -
"ပေါ်ရှေး...၊ (၉၁၁) ဆိုရင် ရပါပြီ...။"
လျန်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားပြီး -
"ဖာရာရီ ဒါမှမဟုတ် လန်ဘော်ဂီနီ တွေရော မကြိုက်ဘူးလား...။"
လျိုတာဖုန်းက သူ၏ ခေါင်းကို ကုတ်ကာ ရိုးရိုးသားသားပင် ဆိုလိုက်သည်။
"(၉၁၁) ဆိုရင်ပဲ တော်ပါပြီ။ ငါတို့ ဟိုတယ်က ခေါင်းဆောင်စားဖိုမှူးက (၉၁၁) မောင်းတာ၊ ငါ သူ့ကို အားကျ နေတာ ကြာပြီ...။"
လျန်ထျန်းက နားလည်မှုရှိရှိ ပြုံးလိုက်ပြီး -
"ကောင်းပြီ... ဒါဆိုရင် (၉၁၁) ပေါ့။ ငါ မင်းအတွက် အကောင်းဆုံး မော်ဒယ်ကိုပဲ ဝယ်ပေးမယ်...။"
မကြာမီပင် လျန်ထျန်းသည် သူ၏ ဝမ်းကွဲညီနှင့် ဒေါ်လေးကို ပေါ်ရှေး ၄အက်စ် အရောင်းစင်တာသို့ ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့ သုံးဦး စတိုးဆိုင်ထဲသို့ ဝင်လာသည်နှင့် အရောင်းကိုယ်စားလှယ် တစ်ဦး က ချက်ချင်းပင် ခရီးဦးကြို ပြုလိုက်လေသည်။
ဤတစ်ကြိမ်တွင် လျန်ထျန်းသည် ဂျီကလပ်စ် ကားကြီးကို မောင်းနှင်လာခြင်း ဖြစ်သောကြောင့် ယခင် တစ်ခေါက်ကဲ့သို့ နှိမ်ချဆက်ဆံခံရခြင်းမျိုး မရှိခဲ့ပေ။
ထိပ်တန်းမော်ဒယ် ဖြစ်သည့် ပေါ်ရှေး ၄အက်စ် တစ်စီး၏ တန်ဖိုးမှာ နှစ်ယွမ်ကျော် သုံးယွမ်နီးပါးသာ ရှိလေသည်။ ငွေကြေးတန်ဖိုး မကျဆင်းမီ ကာလဆိုပါလျှင် ၎င်းသည် ယွမ် နှစ်သန်း၊ သုံးသန်းခန့် တန်ဖိုး ရှိပေလိမ့်မည်။
ငွေပေးချေပြီးနောက် ကားမှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်း ကိစ္စရပ်များကို အရောင်းကိုယ်စားလှယ် က ဆောင်ရွက်ပေးနေစဉ် လျန်ထျန်းတို့ သုံးဦးကို ဗွီအိုင်ပီ နားနေဆောင်သို့ ပို့ဆောင်ပေးခဲ့လေသည်။
နာရီဝက်ခန့် ကြာသောအခါ နားနေဆောင် တံခါးပွင့်လာပြီး လူငယ်တစ်ဦး ဝင်လာခဲ့သည်။ လျန်ထျန်းကို မြင်လိုက်ရသောအခါ ထိုလူငယ်မှာ ခေတ္တမျှ အံ့အားသင့်သွားပြီး ရှေ့သို့ တိုးလာကာ ပြောလိုက်သည်။
"ဟေး...၊ ဒါ လျန်ထျန်း မဟုတ်လား...။"
နှုတ်ဆက်သံကို ကြားသဖြင့် လျန်ထျန်း လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသဖြင့် ရေရွတ်လိုက်လေသည်။
"ကျူးရှီ...။"
သို့သော် ကျူးရှီနှင့် လျန်ထျန်းတို့မှာ ဆက်ဆံရေး မကောင်းကြပေ။ သူတို့သည် တက္ကသိုလ် အတန်းဖော် များ ဖြစ်ကြပေသည်။ သူတို့ ပတ်သက်မှု ဆိုးဝါးရခြင်းမှာ လျန်ထျန်းကို နှစ်သက်သော မိန်းကလေး တစ်ဦးရှိခဲ့ပြီး ကျူးရှီကလည်း ထိုမိန်းကလေးကို စိတ်ဝင်စားနေသောကြောင့် ဖြစ်လေသည်။
ထိုစဉ်က လျန်ထျန်းသည် ပညာရေးနှင့် မိသားစုကိစ္စကိုသာ အာရုံစိုက်နေရသဖြင့် အချစ်ရေးကို စိတ်မ ဝင်စားခဲ့သော်လည်း ကျူးရှီကမူ မယုံကြည်ခဲ့ပေ။
သူ၏ မိသားစု စီးပွားရေးနှင့် ငွေကြေးကို အားကိုးကာ လျန်ထျန်းကို ပြိုင်ဘက်ဟောင်း တစ်ဦးကဲ့သို့ အမြဲတမ်း ပြဿနာရှာခဲ့သူ ဖြစ်သည်။
နောက်ပိုင်းတွင် ထိုမိန်းကလေး ကျောင်းပြောင်းသွားသောအခါ ကျူးရှီကလည်း စုံစမ်းထောက်လှမ်း၍ သူမနောက်သို့ လိုက်သွားခဲ့သဖြင့် လျန်ထျန်းအတွက် အေးချမ်းသွားခဲ့ရခြင်း ဖြစ်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် ဤနေရာတွင် သူတို့ ပြန်လည် ဆုံတွေ့ကြလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
လျန်ထျန်းကို သေချာစွာ အကဲခတ်ပြီးနောက် ကျူးရှီက လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။
"မင်းကိုယ်ပေါ်မှာ တံဆိပ်ပါတဲ့ အဝတ်အစား တစ်ခုမှ မရှိဘူးပဲ။ အားလုံးက လမ်းဘေးက ဝယ်ထားတဲ့ အပေါစားတွေပဲ မဟုတ်လား။ ကြည့်ရတာ လျန်ထျန်း...၊ မင်း အခြေအနေ သိပ်မဟန်ဘူး ထင်တယ်။ ဘာလဲ...၊ ဒီမှာ အကြွေစေ့ ရှာဖို့ အလုပ်လာလုပ်နေတာလား...။"
အမှန်စင်စစ် လျန်ထျန်းသည် တန်ဖိုးကြီး အမှတ်တံဆိပ်များကို ဝတ်ဆင်လေ့ မရှိပေ။ သူသည် ကြွယ်ဝ ချမ်းသာလာသော်လည်း သက်သောင့်သက်သာ ဖြစ်မှုကိုသာ ဦးစားပေးသူ ဖြစ်လေသည်။
ထို့အပြင် သူသည် အစားအသောက် ပို့ဆောင်သည့် အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သဖြင့် အဝတ်အစား အကောင်းစားများ ဝတ်ဆင်ထားလျှင်ပင် ဝန်ဆောင်မှု ယူနီဖောင်းအောက်တွင် ဖုံးကွယ်နေမည်သာ ဖြစ်သည်။
ထို့ကြောင့် သူသည် အဝတ်အစားများအတွက် ပိုက်ဆံအကုန်မခံဘဲ အိမ်ခြံမြေနှင့် ရွှေများတွင်သာ ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်သူ ဖြစ်လေသည်။
ကျူးရှီ၏ ကဲ့ရဲ့မှုကို ရင်ဆိုင်ရသောအခါ လျန်ထျန်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။
"မဟုတ်ပါဘူး...၊ ငါ ဒီမှာ အလုပ်လုပ်တာ မဟုတ်ဘူး။ ငါက အစားအသောက် ပို့တဲ့သူပါ။ ဒီနေ့ ငါ့ဝမ်းကွဲညီ ကားဝယ်တာ လိုက်ပို့ပေးတာ...။"
ကျူးရှီမှာ တစ်ဖန် အံ့အားသင့်သွားပြီးနောက် လျိုတာဖုန်းကို မျက်မှောင်ကြုတ်ကြည့်ကာ မေးလိုက် လေသည်။
"ဒီလူက ဘယ်ကလဲ...၊ ဘာအလုပ် လုပ်တာလဲ...။"
လျိုတာဖုန်းက သူ လုပ်ကိုင်သည့် ဟိုတယ်နှင့် စားဖိုချောင် လက်ထောက် အလုပ်အကြောင်းကို ရိုးရိုး သားသားပင် ဖြေလိုက်သည်။
ထိုအခါ ကျူးရှီက တစ်ချက် ရယ်လိုက်ပြီး -
"အော်... စားဖိုချောင်က လက်ထောက်ပဲကိုး။ ဒါပေမဲ့ မင်းရဲ့ အလုပ်ရှင်က အစိုးရပိုင် ဟိုတယ်ဖြစ်နေတာ ကံကောင်းလို့ပေါ့...။"
"တစ်နှစ်နေမှ ပြားအနည်းငယ်ပဲ ရမှာ မဟုတ်လား။ အဲ့ဒါတောင် မင်းရဲ့ အသုံးမကျတဲ့ အစားအသောက် ပို့တဲ့ အကိုထက်စာရင် အများကြီး သာပါသေးတယ်...။"
"ဒီလောက် ဝင်ငွေမျိုးနဲ့ဆိုရင် အရအရစ်ကျစနစ်နဲ့ မာကန် ကား အနိမ့်ဆုံး မော်ဒယ်လောက်ကိုတော့ ကြွားဖို့ ဝယ်လို့ ရနိုင်တာပေါ့...။"
"ဒါပေမဲ့ အနိမ့်ဆုံး မော်ဒယ် ပေါ်ရှေးကိုတော့ 'သူတောင်းစား ပေါ်ရှေး' လို့ ခေါ်ကြတာပဲ။ ဆင်းရဲသား တွေကတော့ သူတို့ရဲ့ အတွင်းပိုင်း ဟာလာဟင်းလင်း ဖြစ်နေတာကို ဒီလို အပေါ်ယံ အရာတွေနဲ့ ဖုံးကွယ် တတ်ကြတာပဲလေ...။"
စကားပြောရင်းနှင့် ကျူးရှီမှာ ပညာတတ် တစ်ဦးကဲ့သို့ လေသံဖြင့် ဆိုနေလေသည်။ တက္ကသိုလ်တုန်းက ကျူးရှီမှာ လူမိုက်ဆန်ဆန် နေထိုင်သူ ဖြစ်သော်လည်း ယခုမူ ယဉ်ကျေးသိမ်မွေ့ဟန် ဆောင်နေခြင်း ဖြစ် ပေသည်။
လျိုတာဖုန်းသည် ရိုးသားသော်လည်း လူမိုက် မဟုတ်ပေ။ ထိုသူ၏ လှောင်ပြောင်မှုကို နားလည်သဖြင့် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"ဆင်းရဲတော့ ဘာဖြစ်လဲ...၊ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ငါတို့ ရှာတဲ့ ပိုက်ဆံက သန့်ရှင်းတယ်။ ငါတို့ စိတ်အေးလက်အေး သုံးလို့ ရတယ်...။"
"ငါတို့က အပေါ်ယံ အရာတွေနဲ့ ဖုံးကွယ်နေတာ မဟုတ်ဘူး...။ ငါတို့ရဲ့ တကယ့်ဘဝက...၊ တကယ့် ဘဝက...။"
လျိုတာဖုန်း စကားထစ်နေသည်ကို မြင်သောအခါ ကျူးရှီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး -
"လျန်ထျန်း...၊ မင်းရဲ့ ဝမ်းကွဲညီက တကယ့်ကို ထူးဆန်းတာပဲ။ စကားတောင် သေသေချာချာ မပြော တတ်ဘူး။ သူ ခေါင်းများ တစ်ခုခု ဖြစ်နေတာလား...။"
"ငါက စိတ်ကောင်း ရှိတဲ့သူမို့လို့ သူ့ကို ရှင်းပြပေးမယ်။ မှတ်ထားပါ...၊ ဆင်းရဲသားတစ်ယောက်က လူကြားထဲ ကြွားချင်ဇောနဲ့ ကားကိုအရစ်ကျ ဝယ်စီးတာက ဟန်ဆောင်မှုသက်သက်ပဲ...။"
"ငါလို တကယ့် ချမ်းသာတဲ့သူတွေမှသာ ဒီလို ဇိမ်ခံကားတွေကို ဝယ်စီးနိုင်တာ။ ဒါနဲ့ လျန်ထျန်း...၊ ငါ မင်းကို တစ်ခု ပြောပြဦးမယ်...။"
"တကယ်တော့ ဒီနေ့ ငါ ဒီကို လာတာက ငါ့အတွက် ကားဝယ်ဖို့ မဟုတ်ဘူး။ ဝေဝေ့အတွက် ကားဝယ် ပေးဖို့ လာတာ။ သူ အခု အပြင်မှာ ကားရွေးနေတယ်လေ...။"
အခန်း (၄၂) တကယ်ပဲ မမှားဘူးဆိုတာ သေချာလား...
"ဝေဝေက ပြောတယ်လေ...၊ ငါ သူတောင်းဆိုတဲ့ ကားကို ဝယ်ပေးလိုက်တာနဲ့ သူက ငါ့ရဲ့ ချစ်သူ ဖြစ်လာတော့မှာပါတဲ့...။"
"လျန်ထျန်း...၊ နောက်ဆုံးတော့ မင်းပဲ ရှုံးသွားတာပါပဲ...။ စာတော်ပြီး ရုပ်ချောနေတော့လည်း ဘာထူး မှာလဲ...။ အဆုံးသတ်မှာတော့ အလှလေးရဲ့ နှလုံးသားကို ငါပဲ ပိုင်ဆိုင်သွားတာပဲ...၊ ဟားဟားဟား...။"
ကျူးရှီ ပြောနေသော ဝေဝေ ဆိုသည်မှာ တက္ကသိုလ်တုန်းက လျန်ထျန်းကို ကြိုက်ခဲ့သည့် မိန်းကလေး ပင် ဖြစ်ပေသည်။ လျန်ထျန်း၏ မှတ်ဉာဏ်ထဲတွင် သူမသည် စိတ်ကောင်းရှိသော မိန်းကလေး တစ်ဦး ဖြစ်ပြီး ချမ်းသာသော ဒုတိယမျိုးဆက် ကျူးရှီ၏ လိုက်ပတ်မှုကိုလည်း အမြဲတမ်း ငြင်းပယ်ခဲ့သူ ဖြစ် သည်။
ယခုမူ သူမသည် အဘယ်ကြောင့် ကျူးရှီနှင့် အတူရှိနေရသနည်း။ ကားဝယ်ပေးမှ ချစ်သူဖြစ်မည်ဟု တောင်းဆိုရအောင် သူမလည်း ငွေမက်သည့် မိန်းကလေးတစ်ဦး ဖြစ်သွားခဲ့ပြီပင်...။ ဤသို့ တွေးမိ သောအခါ လျန်ထျန်းသည် ကောင်းမွန်သော မိန်းကလေးတစ်ဦး၏ ပျက်စီးမှုကို နှမြောမိသဖြင့် ခေါင်း ကို အသာအယာ ခါလိုက်မိသည်။
ထိုစဉ်မှာပင် ဗွီအိုင်ပီ နားနေဆောင် တံခါးမှာ တစ်ဖန် ပွင့်လာပြီး ပန်းရောင် ဂါဝန်လေး ဝတ်ဆင်ထား သော အလှပဂေးလေး တစ်ဦး ဝင်လာခဲ့လေသည်။ ထိုမိန်းကလေး ဝင်လာသည်ကို မြင်သည်နှင့် ကျူးရှီသည် ချက်ချင်းပင် သူမအနားသို့ တိုးသွားကာ အရွှန်းဖောက်လိုက်လေသည်။
"ဝေဝေ...၊ ဘယ်ကား ယူမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား...။ စိတ်မပူနဲ့နော်...၊ ဝေဝေ ဘယ်ကားပဲ ရွေးရွေး ငါ ဝေဝေအတွက် ချက်ချင်း ဝယ်ပေးမှာပါ...။"
ကျူးရှီ၏ တက်ကြွနေမှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ဝေဝေ၏ ပုံစံမှာ အေးစက်လှလေသည်။
"ဟိုက ပန်းရောင် (၉၁၁) ကိုပဲ ယူမယ်...။"
(၉၁၁) ဟူသော စကားကို ကြားလိုက်ရသောအခါ ကျူးရှီမှာ မျက်တောင်များ တဖျတ်ဖျတ် ခတ်သွား ရလေသည်။
"ဝေဝေ...၊ အင်း...၊ စောစောက အရောင်းဝန်ထမ်း ပြောပြတဲ့ (၇၁၈) ကိုရော...။ တကယ်တော့ (၇၁၈) က မိန်းကလေးတွေ မောင်းဖို့ ပိုပြီး သင့်တော်တယ်လေ...။ သေးသေးသွယ်သွယ်နဲ့ ကြည့်လို့လည်း ပိုလှ တယ် မဟုတ်လား...။"
ကျူးရှီ၏ စကားပင် မဆုံးသေးမီမှာပင် ဝေဝေက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။
"ကျူးရှီ...။ ကျွန်မကို တခြား မိန်းကလေးတွေလို အရူးလုပ်လို့ ရမယ်လို့ မထင်နဲ့...။ ရှင်အဲ့ဒီ အရောင်း ဝန်ထမ်းနဲ့ ကြိုပြီး လက်ဝါးခြင်းရိုက်ထားတာ မဟုတ်လား...။ သူက (၇၁၈) ကိုပဲ အတင်းညွှန်းနေတာ လေ...။"
"ကျွန်မ (၉၁၁) ကို ကြည့်ချင်တယ်လို့ ပြောတာကိုလည်း သူက စကားလမ်းကြောင်း လွှဲနေတာ...။ ရှင် သူ့ကို တစ်ခုခု ပေးထားလို့သာ သူက ဈေးကြီးတဲ့ ကားကို မရောင်းဘဲ ဈေးနည်းတဲ့ ကားကိုပဲ ညွှန်းနေ တာ မဟုတ်ဘူးလား...။"
ကျွန်မ ရှင့်ကို အကြိမ်ကြိမ် ပြောပြီးသားပါ...။ ရှင် ကျွန်မအပေါ်မှာ စိတ်ရင်းမရှိရင် ကျွန်မ ရှင့်ရဲ့ ချစ်သူ ဖြစ်လာမှာ မဟုတ်ဘူးလို့...။"
"ကျွန်မက ပစ္စည်းမက်တဲ့သူ မဟုတ်ပါဘူး...။ ဒါပေမဲ့ ရှင့်ရဲ့ အတိတ်က တကယ်ကို ဆိုးလွန်းတယ်...။ ကျွန်မ နောက်ကို ကျောင်းပြောင်းလိုက်လာတာပါလို့ ပြောပေမဲ့ ရှင် မိန်းကလေးဘယ်နှစ်ယောက်ကို လှည့်စားခဲ့ပြီးပြီလဲ...။"
လူပုံအလယ်တွင် အရှက်ခွဲခံလိုက်ရသဖြင့် ကျူးရှီ၏ မျက်နှာမှာ ပျက်သွားရသော်လည်း ချက်ချင်းပင် အံကြိတ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ...။ ဝေဝေ...၊ ဝေဝေက (၉၁၁) ကိုမှ ကြိုက်တယ်ဆိုရင်လည်း ငါ ဝယ်ပေးမှာပေါ့...။"
ကျူးရှီမှာ ရင်ထဲမှ အသည်းခိုက်မတတ် နာကျင်နေသော်လည်း သူ ကြိုက်ရသော မိန်းကလေးကို ရရှိ ရန်အတွက် အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဝေဝေ၏ နောက်ထပ် စကားတစ်ခွန်းက သူ့ကို မှင်တက်သွားစေပြန်သည်။
"ကျွန်မ 3.7T မော်ဒယ် အမြင့်ဆုံးကိုပဲ လိုချင်တယ်...။"
ကျူးရှီသည် ရင်ဘတ်ကို ဖိကာ အသံမှာ အနည်းငယ် မြင့်တက်လာတော့သည်။
"ဝေဝေ...၊ 3.7T (၉၁၁) ရဲ့ အခြေခံဈေးကတင် အကြွေစေ့ နှစ်သိန်းကျော် နေပြီလေ...။ ပြီးတော့ ဝေဝေ က မိန်းကလေးပဲ...။ 3.0T ဆိုရင်ပဲ လုံလောက်နေပါပြီ...။"
ဝေဝေက ယခင်ကဲ့သို့ပင် အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ကျွန်မ 3.7T ပဲ လိုချင်တယ်...။ ရှင် ဈေးကြီးတယ်လို့ ထင်ရင် မဝယ်ပေးလို့ ရပါတယ်...။ ကျွန်မ ဘာမှ မပြောပါဘူး...။"
ဤစကားက ကျူးရှီကို အကြီးအကျယ် ဆို့နင့်သွားစေသည်။ သူသည် ပါးစပ်ကို ဟစိဟစိ လုပ်နေ သော်လည်း စကားတစ်ခွန်းမှ ထွက်မလာဘဲ လည်ချောင်းများ ခြောက်ကပ်လာရလေသည်။ သူသည် လည်စည်းကို ဖြေလျှော့လိုက်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထောင့်တွင် ထိုင်နေသော ထျန်းရင်းကို မြင်သွားလေသည်။
"ဟေ့...၊ သန့်ရှင်းရေး အဒေါ်ကြီး...။ ခင်ဗျားက နားမလည်တာလား...၊ ငါ ဒီကို ရောက်နေတာ ကြာပြီ၊ ကော်ဖီ တစ်ခွက်တောင် လာမတိုက်သေးဘူး...။"
"မြန်မြန် သွားယူခဲ့စမ်း...။ မဟုတ်ရင် ငါ မင်းကို တိုင်လိုက်မယ်နော်...။"
ထျန်းရင်းသည် သန့်ရှင်းရေး ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သောကြောင့် ကျူးရှီက သူမကို ဝန်ထမ်းဟု ထင်မှတ်မှားသွားခြင်း ဖြစ်သည်။ သူသည် ဒေါသများကို ဝေဝေအပေါ်၌ မဖောက်ထုတ်နိုင်သဖြင့် ရှေ့တွင်ရှိသော ဝန်ထမ်းအပေါ်၌သာ မင်းမူရန် ကြိုးစားနေခြင်း ဖြစ်လေသည်။
လျန်ထျန်းက ချက်ချင်းပင် ရှေ့သို့ တိုးလာကာ ပြောလိုက်လေသည်။
"သူက ဒီက ဝန်ထမ်း မဟုတ်ဘူး...။ သူက ငါ့ရဲ့ အဒေါ်၊ ငါ့ဝမ်းကွဲညီရဲ့ အမေပဲ...၊ ဆိုလိုတာက သူက လည်း ဒီက ဝယ်သူ တစ်ယောက်ပဲလေ...။"
ထိုအခါမှ ဝေဝေသည် လျန်ထျန်းကို သတိထားမိသွားလေသည်။ သူမသည် လျန်ထျန်း၏ မျက်နှာကို ကြည့်ကာ မှင်တက်သွားရသည်။ ခေတ္တမျှ ကြာပြီးနောက် ဝေဝေက လှပသော မျက်လုံးလေးများ တောက်ပစွာဖြင့် ရှေ့သို့ တိုးလာခဲ့လေသည်။
"လျန်ထျန်း...၊ ရှင် တကယ်ပဲ လျန်ထျန်းလား...။"
လျန်ထျန်းကလည်း သူမကို ကြည့်ကာ ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး တည်ငြိမ်စွာ နှုတ်ဆက်လိုက်လေ သည်။
"ဟုတ်ကဲ့...၊ မတွေ့တာ ကြာပြီနော်...။"
ရုတ်တရက် ကျူးရှီက သူတို့နှစ်ဦး ကြားထဲသို့ ဝင်လာကာ မကျေမနပ် ဖြစ်စွာ ပြောလိုက်သည်။
"ဝေဝေ...၊ ဒီလောက် နှစ်တွေ ကြာနေတာတောင် မင်း သူ့ကို မမေ့နိုင်သေးဘူးလား...။"
"သူ အခု ဘာအလုပ် လုပ်နေလဲဆိုတာ မင်း သိလား...။ သူ ကိုယ်တိုင် ဝန်ခံထားတာ...၊ သူက အခု အစားအသောက် ပို့တဲ့သူတဲ့...။"
"ဒီလို လူမျိုးက တစ်သက်လုံး ကြိုးစားရင်တောင် (၉၁၁) ကားရဲ့ ဘီးတစ်လုံးစာတောင် ဝယ်နိုင်မှာ မဟုတ်ဘူး...။"
"ငါကတော့ မင်းကို (၉၁၁) ဝယ်ပေးမယ်လို့ ကတိပေးထားတာလေ...။ မင်း ဘယ်သူ့ကို ရွေးရမလဲဆိုတာ မသိဘူးလား...။"
ဝေဝေက ကျူးရှီကို ကြည့်သည့် အကြည့်မှာ လျန်ထျန်းကို ကြည့်သည့် အကြည့်နှင့် လုံးဝ ကွဲပြားလှ သည်။ ရွံရှာဖွယ်ရာ အရာတစ်ခုကို ကြည့်နေသကဲ့သို့ပင် ဖြစ်လေသည်။
"အမှန်အတိုင်း ပြောရရင်...၊ ကျွန်မ ရှင့်ဆီက ကားလည်း မလိုချင်သလို ရှင့်ရဲ့ ချစ်သူလည်း မဖြစ်ချင် ဘူး...။"
"ရှင်က ကျွန်မ နောက်ကို တကောက်ကောက် လိုက်လွန်းလို့သာ ကျွန်မက ရှင် မတတ်နိုင်လောက်တဲ့ အရာကို တောင်းဆိုပြီး ရှင့်ကို လက်လျှော့သွားအောင် လုပ်မလို့ပဲ...။"
ထို့နောက် ဝေဝေက လျန်ထျန်းဘက်သို့ လှည့်ကာ မျက်လုံးလေးများ နူးညံ့သွားပြီး အမြန်ပင် ရှင်းပြ လိုက်လေသည်။
"လျန်ထျန်း...၊ ငါ ပြောတာတွေက အမှန်တွေပါ...။ ရှင် ဘာအလုပ်ပဲ လုပ်လုပ် ကျွန်မ ဂရုမစိုက်ဘူး...၊ ကျွန်မ အခု အများပိုင် ကုမ္ပဏီတစ်ခုမှာ အဖွဲ့ခေါင်းဆောင် ဖြစ်နေပြီ...။ ကျွန်မရဲ့ တစ်နှစ်စာ ဝင်ငွေက ပြားငါးဆယ် (၅၀) တောင် ရှိတယ်...။ ကျွန်မ ရှင့်ကို ကျွေးထားနိုင်ပါတယ်...။"
ဝေဝေက လျန်ထျန်းကို ဖွင့်ပြောလိုက်သောအခါ ကျူးရှီမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ဘေးနားရှိ စားပွဲကို ကန်ချလိုက်လေတော့သည်။
"မင်းလို မိန်းမယုတ်...။ ငါ မင်းနောက်ကို ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး လိုက်ခဲ့တာကို မင်းက ငါ့ကို ပစ်ပြီး ဒီလို အစားအသောက် ပို့တဲ့ကောင်ကို ရွေးတယ်ပေါ့လေ...။"
"လျန်ထျန်း...၊ မင်း အကောင်းအတိုင်း ရှိချင်ရင် အခုချက်ချင်း ဒီကနေ ထွက်သွားလိုက်...။"
"မဟုတ်ရင် ငါ မင်းကို ဝေဝေ့ရှေ့မှာတင် ဒူးထောက် တောင်းပန်အောင် လုပ်ပစ်မယ်...။"
"ငါ မင်းကို မကြောက်ဘူး...။ ရန်ဖြစ်တာကလည်း ပိုက်ဆံအပေါ်မှာပဲ မူတည်တာ မဟုတ်လား... ။ ငါ မင်းကို လူစဉ်မမီအောင် လုပ်ပစ်ပြီး အဲ့ဒီအတွက် လျော်ကြေး ပြားအနည်းငယ် ပေးလိုက်ရုံပဲ...။"
"မင်းကတော့ အစားအသောက် ပို့တဲ့သူဆိုတော့ ငါ့ကို ပြန်လုပ်ရဲမှာ မဟုတ်ဘူး...။ မင်း ငါ့ကို လက်ဖျားနဲ့ ထိကြည့်လိုက်စမ်း...။ မင်းကို ငါ ဒေဝါလီခံအောင် လုပ်ပစ်မယ်...။ ငါ့မှာ ဒီမြို့မှာ အတော်ဆုံး ရှေ့နေကို ငှားပြီး မင်းကို တရားစွဲဖို့ ပိုက်ဆံရှိတယ်...။"
ဤခြိမ်းခြောက်မှုကို ကြားသောအခါ လျန်ထျန်းက ပြုံးလိုက်ပြီး -
"ဒါဆို...၊ မင်းရဲ့ စိတ်ထဲမှာတော့ ရန်ဖြစ်တာက ဘယ်သူက ပိုက်ဆံ ပိုရှိသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည် တာပေါ့လေ...။"
"စဉ်းစားကြည့်ရင်လည်း မင်းပြောတာက တစ်မျိုးတော့ မှန်တာပဲ...၊ ဒါကြောင့် ငါက...။"
လျန်ထျန်းက ကြောက်သွားပြီဟု ကျူးရှီက ထင်မှတ်ကာ လှောင်ပြုံး ပြုံးလိုက်လေသည်။ ထိုစဉ်မှာပင် နားနေဆောင် တံခါးမှာ တစ်ဖန် ပွင့်လာပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားသော အရောင်းဝန်ထမ်း တစ်ဦးက ကားသော့နှင့် စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ လျန်ထျန်းထံသို့ လျှောက်လာခဲ့လေသည်။
"မစ္စတာလျန်... ခင်ဗျား ဝယ်ယူထားတဲ့ ပေါ်ရှေး (၉၁၁) တာဘို အက်စ် ၃.၇ တီ အကောင်းဆုံး မော်ဒယ် အတွက် မှတ်ပုံတင်တာတွေ အကုန်ပြီးပါပြီ...။ ဒီအရာတွေကတော့ ကားသော့နဲ့ မှတ်ပုံတင် စာအုပ် တွေပါ ခင်ဗျာ...။"
စကားအဖြတ်ခံလိုက်ရသဖြင့် လျန်ထျန်းက တစ်ခွန်းသာ ပြောလိုက်သည်။
"ငါ ဒီကားကို ငါ့ဝမ်းကွဲညီအတွက် ဝယ်ပေးတာ...။ သော့နဲ့ စာရွက်စာတမ်းတွေကို သူ့ကိုပဲ ပေးလိုက် ပါ...။"
အရောင်းဝန်ထမ်းက ရိုသေစွာ ခေါင်းညိတ်လိုက်ပြီး သော့များကို ဘေးတွင် ရပ်နေသော လျိုတာဖုန်း၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် အရောင်းဝန်ထမ်းသည် မှောက်လျက် ဖြစ်နေသော စားပွဲကို မြင်သောအခါ ကျူးရှီကို ကြည့်လိုက်သည်။
"လူကြီးမင်း...၊ ခင်ဗျား ဘာဖြစ်လို့ ငါတို့ ဗွီအိုင်ပီခန်းက ပစ္စည်းတွေကို ဖျက်ဆီးနေတာလဲ...။"
ကျူးရှီမှာ အဖြစ်အပျက်ကို နားမလည်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်ကာ မေးလိုက်မိသည်။
"အဲ့ဒါတွေက အရေးမကြီးဘူး...။ မင်း အခု ဘာပြောလိုက်တာလဲ...။"
"အဲ့ဒီ အစားအသောက် ပို့တဲ့သူက ပေါ်ရှေး (၉၁၁) တာဘို အက်စ် ၃.၇ တီ အကောင်းဆုံး မော်ဒယ်ကို ဝယ်ပြီး သူ့ညီကို ပေးလိုက်တယ် ဟုတ်လား...။"
"မင်း တကယ်ပဲ မမှားဘူးဆိုတာ သေချာလား...။"