အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း (၄၅) အခွင့်အရေးကို အရယူခြင်း
တင်ရန့်ချန်းသည် အလွန်အမင်း မောက်မာစွာ ရယ်မောနေသည်ကို မြင်သောအခါ ဟယ်ရှန့်၏ ပုခုံးလေး များမှာ ပို၍ တုန်ရီလာတော့သည်။ လျန်ထျန်းသည် ဤအခြေအနေကို ဆက်၍ ကြည့်မနေနိုင်တော့ပေ။
ထို့ကြောင့် လျန်ထျန်းသည် အသက်ကို ဝအောင်ရှူကာ ယောကျ်ားပီသစွာ ဆိုလိုက်သည်။
"ငါ့ကို အားကိုးတော့ ဘာဖြစ်လဲ...၊ ငါက ရှန့်ရှန့်ရဲ့ ချစ်သူပဲလေ...။ သူ ဒုက္ခရောက်နေတဲ့အချိန်မှာ ငါက သူ့ဘေးမှာ ရှိနေပေးရမှာပေါ့...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ တင်ရန့်ချန်း၏ ရယ်သံမှာ ပို၍ ကျယ်လောင်လာတော့သည်။
"ဟေ့...၊ အစားအသောက် ပို့တဲ့ကောင်... ငါ မင်းကို အကြံပေးပါရစေ...။ အရည်အချင်း မရှိရင် ဟန်ဆောင်မနေစမ်းပါနဲ့...။ မင်းက ဟယ်ရှန့်ကို ဘာပေးနိုင်မှာမို့လို့လဲ...။"
"ဟယ်ရှန့်ရဲ့ ကုမ္ပဏီက လုပ်ငန်းသစ်တစ်ခု စဖို့ အနည်းဆုံး ယွမ်ငါးဆယ် (၅၀) လောက် ရင်းနှီးမြှုပ်နှံမှု လိုတာလေ...မင်း သေတဲ့အထိ အစားအသောက် ပို့ရင်တောင် ဒီလောက် ပိုက်ဆံမျိုး ရှာနိုင်ပါ့မလား...။"
ထို့နောက် တင်ရန့်ချန်းသည် ဟယ်ရှန့်ဘက်သို့ ပြန်လှည့်ကာ -
"ဟယ်ရှန့်... မင်း ဒီလို အစားအသောက် ပို့တဲ့သူကို မင်းရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းတာက မင်းရဲ့ အကြီးမားဆုံး အမှားပဲ...။"
"ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ်...၊ အခုချက်ချင်း ငါ့မိန်းမ လုပ်ဖို့ သဘောတူလိုက်စမ်းပါ...။ ငါ့အဖေဆီ အခုချက်ချင်း ဖုန်းဆက်ပြီး ယွမ် (၅၀) ရင်းနှီးမြှုပ်နှံမှုကို မင်းရဲ့ အကောင့်ထဲ ရောက်အောင် လုပ်ပေးမယ်...။"
"မင်းကသာ ဒီလိုပဲ ခေါင်းမာနေဦးမယ်ဆိုရင်တော့...၊ ဟွန်း... မင်းရဲ့ ကုမ္ပဏီ ဒေဝါလီခံရမယ့်နေ့ကိုသာ စောင့်နေပေတော့...။"
ဟယ်ရှန့်မှာ ငိုချင်စိတ်ကို အောင့်ထားရင်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ ပြန်မပြောဘဲ နေလေ တော့သည်။ သူမ စိတ်ဆင်းရဲနေသည်ကို မြင်သောအခါ လျန်ထျန်းသည် သူမ၏ ပုခုံးကို ပို၍ တင်းတင်း ဖက်လိုက်ပြီး အတည်အပေါက် ပြောလိုက်သည်။
"စိတ်မပူနဲ့...၊ မင်းရဲ့ ကုမ္ပဏီက ဒေဝါလီ မခံရစေရဘူး...။ ငါ မင်းဆီမှာ ရင်းနှီးမြှုပ်နှံမယ်...။"
တစ်ဖက်မှ တင်ရန့်ချန်းမှာမူ ဗိုက်ကို နှိပ်ကာ ရယ်မောနေတော့သည်။
"ဒါက ငါ ဒီနှစ်ထဲမှာ ကြားဖူးသမျှ အကောင်းဆုံး ဟာသပဲ...။"
"ဟိုမှာ ရပ်ထားတဲ့ လျှပ်စစ်စကူတာလေးက မင်းရဲ့ ယာဉ် မဟုတ်လား...။ ကားကောင်းကောင်း တစ်စီး တောင် မရှိဘဲနဲ့ ဟယ်ရှန့်ရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဦးမလို့လား...။"
"ငါ အကြံပေးမယ်...။ အဲ့ဒီ စကူတာလေးကို စီးပြီး ဒီကနေ မြန်မြန် ထွက်သွားလိုက်စမ်းပါ...။ ဒီမှာ လာပြီး အရှက်မကွဲချင် ပါနဲ့တော့...။ ဆင်းရဲလေ ကြွားချင်လေပဲ...၊ ဖူး...။"
လျန်ထျန်းသည် ရင်ကို မတ်ကာ တစ်ဖက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
"ငါ့မှာ ကားကောင်းကောင်း မရှိဘူးလို့ ဘယ်သူပြောလဲ...။ ငါက ကြွားနေတာလို့ရော ဘယ်သူပြောလဲ...။ ဟိုမှာ ရပ်ထားတဲ့ ကားကို မြင်လား...၊ အဲ့ဒါ ငါ့ကားပဲ...။"
တင်ရန့်ချန်းသည် လျန်ထျန်း ညွှန်ပြရာဘက်သို့ ကြည့်လိုက်သောအခါ မာစီးဒီး-ဘင့်စ် ဂျီကလပ်စ် ကားကြီး တစ်စီးကို တွေ့လိုက်ရလေသည်။
"ဟားဟားဟား...၊ အသည်းခိုက်အောင် ရယ်ရပါပေ့...။ ငါ့ဗိုက်တွေတောင် နာလာပြီ... ဟေ့ အစား အသောက် ပို့တဲ့ကောင်...။ မင်းက ငါ့ကို ရယ်မောပြီး သေအောင်လုပ်နေတာလား...။"
"အဲ့ဒီ G63 က ငါ့ရဲ့ RS7 ထက်တောင် ဈေးကြီးသေးတယ်...။ ကားနံပါတ်ကလည်း ရှစ်သုံးလုံးနဲ့...၊ အဲ့ဒါ က လူကုံထံတွေရဲ့ ကားကွ...။"
"ကားတစ်စီးကို လျှောက်ညွှန်ပြီး ငါ့ကားပါလို့ မပြောစမ်းနဲ့...၊ မင်း ကားအကြောင်းရော သိရဲ့လား...။"
"အကယ်၍သာ အဲ့ဒီ G63 က တကယ်ပဲ မင်းကား ဖြစ်နေမယ်ဆိုရင် မင်း ဟယ်ရှန့်ဆီမှာ ယွမ်ငါးဆယ် ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုတာကို ငါ ယုံပေးမယ်...။"
"ငါ မင်းကို ဒူးထောက်ပြီး သုံးကြိမ် ကန်တော့ပြီးတော့ ဘိုးဘိုးလို့တောင် ခေါ်လိုက်ဦးမယ်... ၊ ဒါပေမဲ့ မင်းက အဲ့ဒီလောက်အထိ မထိုက်တန်မှာကိုပဲ ငါ စိုးရိမ်မိတယ်...၊ ဟားဟားဟား...။"
"တွီ...တွီ..."
ရုတ်တရက်...၊ G63 ၏ ရှေ့မီးကြီးများမှာ လင်းထိန်သွားလေသည်။ တင်ရန့်ချန်း၏ ရယ်သံမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့မှ အစားအသောက် ပို့သူသည် ကားသော့ ကို ထုတ်ကာ နှိပ်လိုက်ခြင်းကြောင့် ဖြစ်လေသည်။
ထို့နောက် လျန်ထျန်းက သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ဆိုလိုက်သည်။
"မင်းက ငါ့ကို အခွင့်အရေး ပေးမှတော့ ငါကလည်း အရယူရမှာပေါ့...။ ကဲ...ဘာစောင့်နေတာလဲ... ။ ဒူးထောက်ပြီး တောင်းပန်တော့လေ...။"
တင်ရန့်ချန်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်သော်လည်း ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။
"မဖြစ်နိုင်ဘူး...၊ လုံးဝ မဖြစ်နိုင်ဘူး...။"
"မင်းလို အစားအသောက် ပို့တဲ့သူက ဘယ်လိုလုပ်ပြီး မာစီးဒီး ဂျီကလပ်စ် ပိုင်နိုင်မှာလဲ...။"
"မင်းလက်ထဲက သော့က အွန်လိုင်းကနေ ဝယ်ထားတဲ့ မီးခြစ် ဖြစ်မှာပါ...။ အဲ့ဒါက အတုကြီး...။"
"စောစောက ကားမီး လင်းသွားတာက တကယ့် ကားပိုင်ရှင်က အဝေးကနေ နှိပ်လိုက်လို့ ဖြစ်မှာ...၊ ဒါက တိုက်ဆိုင်မှု သက်သက်ပဲ...။"
"မင်း စောင့်ကြည့်နေလိုက်...။ အဲ့ဒီ G63 ရဲ့ ပိုင်ရှင် ရောက်လာရင် မင်းက ပိုင်ရှင်အစစ်လို ဟန်ဆောင်နေ ပါတယ်လို့ ငါ တိုင်လိုက်မယ်..."
"ဒီလို လူမျိုးတွေက အာဏာ အရမ်းကြီးတာကွ...။ မင်းတော့ သွားပြီသာ မှတ်တော့...။"
တင်ရန့်ချန်း၏ စကားအဆုံးတွင် လျန်ထျန်းသည် ပြုံးလျက် ဖြည်းဖြည်းချင်း လျှောက်သွားကာ G63 ၏ တံခါးကို အသာအယာ ဖွင့်လိုက်ပြီး ပြောလိုက်လေသည်။
"ဘာကို စောင့်နေဦးမှာလဲ...။ စောင့်နေစရာ မလိုတော့ဘူး...၊ ငါက ဒီကားရဲ့ ပိုင်ရှင်ပဲ...။ မင်းကို ကား မှတ်ပုံတင် စာအုပ်ပါ ထုတ်ပြရမလား...။"
"အော်...၊ ဒါနဲ့... ငါက ဒီ ထာ့ကျိယီဖင် မှာပဲ နေတာ...။ ဒီနေရာမှာ ငါပိုင်တဲ့ အိမ်တွေ အများကြီး ရှိ တယ်...။ အဆောက်အအုံ တစ်လုံးခွဲလောက် ရှိမယ် ထင်တယ်...။"
"နောက်ဆုံးတစ်ခုအနေနဲ့... ရှန့်ရှန့်...၊ ငါ မင်းဆီမှာ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောခဲ့တယ် မဟုတ်လား...။ ငါ့ကို ယွမ်ငါးဆယ်၊ ရှစ်ဆယ်တွေ ပြောမနေနဲ့တော့... မင်းက ဘာလို့ ဒီလောက်တောင် တွန့်တိုနေရတာ လဲ...။"
"ငါ ဒီနေ့ ပိုက်ဆံ သုံးရာကျော် (၃၀၀) ရှာထားတာ...။ အဲ့ဒီထဲက ယွမ်တစ်ရာ (၁၀၀) ကို မင်းရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံပေးမယ်...၊ မင်းတို့ရဲ့ လုပ်ငန်းသစ်ကို အမြန်ဆုံး စတင်လိုက်တော့...။"
ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် ကားတံခါးကို ပိတ်ကာ ဟယ်ရှန့်ထံသို့ ပြန်လာပြီး ပိုက်ဆံလက်ခံ မည့် QR ကုဒ် ကို ထုတ်ခိုင်းလိုက်လေသည်။
ယခုမူ ဟယ်ရှန့်မှာ မှင်တက်နေသဖြင့် လျန်ထျန်း ခိုင်းသမျှကို စက်ရုပ်တစ်ရုပ်ကဲ့သို့ လုပ်ဆောင်နေ ရှာလေသည်။ မကြာမီပင် ပိုက်ဆံ ရောက်ရှိလာသည့် အသံ ထွက်ပေါ်လာခဲ့လေသည်။
[တင်... ခင်ဗျားရဲ့ ဖော်ကျွန်း ထရက်ရှာ အကောင့်ထဲသို့ ယွမ်တစ်ရာ (၁၀၀) ရောက်ရှိလာပါပြီ...]
ထိုအသံကို ကြားလိုက်ရသောအခါ တင်ရန့်ချန်း၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး ဒူးထောက် လျက်သား လဲကျသွားတော့သည်။
သူသည် G63 ကို ပိုင်ဆိုင်သည့်အပြင် ထာ့ကျိယီဖင်တွင် အဆောက်အအုံများစွာ ပိုင်ဆိုင်ကာ ယွမ် (၁၀၀) ကို အမှတ်မထင် ရင်းနှီးမြှုပ်နှံနိုင်သည့်သူ ဖြစ်နေခဲ့လေသည်။
အရေးကြီးဆုံးမှာ တင်ရန့်ချန်း သေသေချာချာ ကြားလိုက်သည်မှာ လျန်ထျန်းသည် တစ်နေ့လျှင် ယွမ် (၃၀၀) ကျော် ရှာနိုင်သည်ဟု ဆိုခြင်းပင်။
တင်မိသားစု၏ ပိုင်ဆိုင်မှု အားလုံးကို ပေါင်းလျှင်ပင် ယွမ် သုံးရာ (၃၀၀) ကျော်သာ ရှိလေသည်။ ဤလူ က တစ်နေ့တည်းနှင့် တင်မိသားစု၏ ပိုင်ဆိုင်မှု အားလုံးကို ရှာနိုင်သည်ဆိုလျှင် သူသည် မည်မျှအထိ အင်အားကြီးမားသောသူ ဖြစ်နေပါမည်နည်း။
ဤသို့ တွေးမိသောကြောင့် တင်ရန့်ချန်းမှာ အကြီးအကျယ် ထိတ်လန့်ကာ ဒူးထောက်လိုက်ခြင်း ဖြစ် သည်။ သူသည် ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို စော်ကားမိကြောင်း သူ့အဖေ သိသွားလျှင် သူ၏ ခြေထောက်များကို ရိုက်ချိုးပစ်ပေလိမ့်မည်။
"လူကြီးမင်း...၊ ကျွန်တော် မှားသွားပါတယ်...။ ကျွန်တော် မျက်စိမွဲလို့ လူကြီးမင်းကို မမှတ်မိခဲ့တာပါ..."
ချက်ချင်းပင် တင်ရန့်ချန်းသည် ဟယ်ရှန့်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ယခင်ကဲ့သို့ ရမက်ဇော များ၊ မောက်မာမှုများ မရှိတော့ပေ။
"ဟယ်ရှန့်...။ အိုး... မဟုတ်ဘူး...၊ ဘွားဘွား... ဘွားဘွားက တကယ်ကို တော်တာပဲ...။ ဒီလို အင်အားကြီး တဲ့သူကိုမှ ချစ်သူအဖြစ် ရထားတာကိုး...။"
"နောင်ကျရင် တစ်ခုခု လိုအပ်တာ ရှိရင် ပြောပါ...။ မြေးလေး တစ်ယောက်အနေနဲ့ အသက်နဲ့လဲပြီး ဆောင်ရွက်ပေးပါ့မယ်...။"
ဟယ်ရှန့်သည် ထိုအခါမှ အသိပြန်ဝင်လာပြီး တင်ရန့်ချန်း၏ စကားကို ဖြတ်ပြောလိုက်သည်။
"ဘယ်သူ့ကို ဘွားဘွားလို့ ခေါ်နေတာလဲ...။ ငါက အဲ့ဒီလောက် မအိုသေးဘူး...၊ ပြီးတော့ ငါ မင်းကို ပြောစရာ တစ်ခုပဲ ရှိတယ်...။ နောင်ကျရင် ငါ့နားကို လုံးဝ မလာနဲ့တော့...။"
ဤစကားကို ကြားသောအခါ တင်ရန့်ချန်းက ပျာပျာသလဲ သဘောတူလိုက်လေသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့...၊ ကျွန်တော် ကတိပေးပါတယ်...။ နောင်ကျရင် ဘွားဘွားရဲ့ ရှေ့ကို လုံးဝ ပေါ်မလာ တော့ပါဘူး...။"
တင်ရန့်ချန်းသည် လျန်ထျန်းကို ရိုသေစွာ ကြည့်ကာ -
"လူကြီးမင်း... ဒါဆိုရင် ကျွန်တော်...။"
လျန်ထျန်းက စိတ်မရှည်စွာ လက်ကာပြလိုက်သည်။
"သွားတော့... သွားတော့...။ ငါ မင်းကို ဂရုမစိုက်အားဘူး...။"
တင်ရန့်ချန်းသည် ဘေးမဲ့ပေးခံရသကဲ့သို့ ခံစားလိုက်ရပြီး သုံးကြိမ် ကန်တော့ကာ သူ၏ အော်ဒီ RS7 ပေါ်သို့ ပြေးတက်၍ အမြန်ပင် မောင်းထွက်သွားတော့သည်။
ကျယ်ပြောလှသော ကားပါကင်အတွင်း၌ လျန်ထျန်းနှင့် ဟယ်ရှန့် နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ ဟယ်ရှန့်သည် သူမ၏ ဖုန်းထဲသို့ ရောက်နေသော ယွမ် (၁၀၀) ကို ကြည့်ကာ အိမ်မက် မက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
သို့သော် သူမသည် တစ်စုံတစ်ခုကို သတိရသွားပြီး လျန်ထျန်းအား ဦးညွှတ်ကာ တောင်းပန်လိုက်သည်။
"ကျွန်မ တောင်းပန်ပါတယ်...။ ကျွန်မရဲ့ အကြံကြောင့် အစ်ကို့မှာ ပြဿနာတွေ ဖြစ်သွားရတယ်...။"
"ကျွန်မ သိပါတယ်...။ ဒီ ယွမ် (၁၀၀) ဆိုတာက စောစောက ကျွန်မကို ကူညီပေးတဲ့အတွက် ပေးတာ မဟုတ်လား...။ ကျေးဇူးတင်ပါတယ်...၊ ကျွန်မ အခုပဲ ပြန်လွှဲပေးပါ့မယ်...။"
ပြောပြောဆိုဆိုနှင့် ဟယ်ရှန့်သည် ထိုငွေများကို လျန်ထျန်းထံသို့ အမှန်တကယ် ပြန်လည်လွှဲပေးရန် ပြင် လိုက်လေသည်။ သို့သော် လျန်ထျန်းက သူမ၏ လက်ကို ကိုင်ကာ တားလိုက်ပြီး ပြုံး၍ ပြောလိုက်၏။
"မလိုပါဘူး...၊ ငါ ဒီနောက်ပိုင်း ကုမ္ပဏီ တချို့မှာ ရင်းနှီးမြှုပ်နှံထားတာပဲ...။ဒါကြောင့် နောက်ထပ် တစ်ခု တိုးလာတာလည်း ဘာမှ မဖြစ်ပါဘူး... မင်းရဲ့ အလုပ်ကိုသာ အကောင်းဆုံး ဖြစ်အောင် လုပ်ပါ...။ နောင် ကျရင် ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကျိုးအမြတ် ပိုရအောင် လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်...။"
အခန်း (၄၆) အဖေ ပြန်လာပြီလား...
နောက်ရက်အနည်းငယ်အတွင်း လျန်ထျန်း၏ အစားအသောက် ပို့ဆောင်ရေး အလုပ်မှာ အဆင်ပြေ ချောမွေ့နေပြီး မည်သည့်ပြဿနာနှင့်မျှ ထပ်မံမတွေ့ကြုံခဲ့ရပေ။ သို့သော် ယနေ့ခေတ် လျန်ထျန်းမှာ ယခင်နှင့် လုံးဝကွဲပြားခြားနားသွားပြီ ဖြစ်လေသည်။
သူသည် အပေါ်ယံတွင် သာမန် အစားအသောက် ပို့ဆောင်သူ တစ်ဦးဖြစ်သော်လည်း ကွယ်ရာတွင်မူ အုပ်စုကြီးများနှင့် ကုမ္ပဏီအမြောက်အမြား၏ ရှယ်ယာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ အထူးသဖြင့် သူ ပထမဆုံး ရင်းနှီးမြှုပ်နှံခဲ့သည့် ဝမ်ရှောင်ရို့ မိသားစုပိုင် ဝမ်ကျားကုမ္ပဏီမှ ပထမဆုံး အမြတ်ဝေစုမှာ လွန်ခဲ့သော ရက်အနည်းငယ်က ရောက်ရှိလာခဲ့လေသည်။ ၎င်းမှာ ယွမ်တစ်ဆယ် (၁၀) ကျော်မျှသာ ဖြစ်သော်လည်း ငွေကြေးတန်ဖိုး မကျဆင်းမီ ကာလနှင့် နှိုင်းယှဉ်ပါက ယွမ် ဆယ်သန်းကျော် တန်ဖိုးရှိ လေသည်။
ဤပမာဏကို အထင်မသေးသင့်ပေ။ ၎င်းမှာ အစားအသောက် အမှာစာ အနည်းငယ် ပို့ဆောင်ရုံဖြင့် ရရှိ နိုင်သော ကော်မရှင်ခမျှသာ ရှိသော်လည်း လျန်ထျန်း၏ မူလရင်းနှီးမြှုပ်နှံမှုမှာ ငါးယွမ် (၅) သာ ရှိခဲ့ သည်ကို မမေ့အပ်ပေ။
အမှန်စင်စစ် ဝမ်မိသားစု အခက်အခဲ ဖြစ်နေချိန်တွင် လျန်ထျန်း၏ ကူညီမှုကြောင့် ဝမ်ရှောင်ရို့၏ ဖခင် ဝမ်ချန်ကျွင်းက ဤကျေးဇူးကို အမြဲအမှတ်ရနေခဲ့ပေသည်။ သူ၏ သမီးနှင့် လျန်ထျန်းတို့၏ ပတ်သက်မှု ကို သိရှိထားသဖြင့် ဝမ်ချန်ကျွင်းသည် လျန်ထျန်းအား ငါးယွမ်တန်ဖိုးထက် အဆပေါင်းများစွာ သာလွန် သော ရှယ်ယာများကို ရည်ရွယ်ချက်ရှိရှိ ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။
ထို့အပြင် ဝမ်ကျားကုမ္ပဏီမှာ ပြန်လည် နိုးထလာပြီးနောက် လုပ်ငန်းအောင်မြင်မှုများမှာလည်း တရိပ် ရိပ် တက်လာခဲ့ပေသည်။ ယခုရရှိသော ဆယ်ယွမ်ကျော်မှာ လတ်တလော အမြတ်ဝေစုမျှသာဖြစ်ပြီး တစ်နှစ်စာ တွက်ချက်မည်ဆိုပါက ယွမ်တစ်ရာ (၁၀၀) ကျော်ရရှိရန်မှာ မခဲယဉ်းပေ။
ကုန်ဈေးနှုန်းများ မပြောင်းလဲမီကဆိုလျှင် ဤပမာဏမှာ သန်းနှင့်ချီသော တန်ဖိုး ဖြစ်ပေလိမ့်မည်။ ငါးယွမ် ရင်းနှီးမြှုပ်နှံရာမှ တစ်နှစ်အတွင်း ယွမ်ရာချီ ပြန်ရနိုင်သည်ကို ကြည့်ခြင်းအားဖြင့် စီးပွားရေး လုပ်ကိုင်ခြင်းမှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း လျန်ထျန်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူသည် အုပ်စုကြီးများနှင့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားခဲ့သည်ကို ဝမ်းမြောက်မိလေသည်။
ဦးလေးဖြစ်သူကလည်း လျန်ထျန်းအား ရှယ်ယာ (၄၀) ရာခိုင်နှုန်းကျော် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် လျန်ထျန်း၏ ယွမ်တစ်ထောင် (၁၀၀၀) ရင်းနှီးမြှုပ်နှံမှုကြောင့် ကျင်းတ အိမ်ခြံမြေလုပ်ငန်း၏ အဆောက်အအုံသစ် စီမံကိန်းမှာလည်း ချောမွေ့စွာ စတင်နိုင်ခဲ့ပြီ ဖြစ်သည်။
လုချွမ်းရှုံ၏ ပြောကြားချက်အရ လုပ်ငန်းပြီးစီး၍ ရောင်းချနိုင်ပါက အနည်းဆုံး နှစ်ဆ၊ သုံးဆခန့် အမြတ်ရရှိနိုင်မည် ဖြစ်ပေသည်။
နောက်ဆုံးအနေဖြင့် လတ်တလော ရင်းနှီးမြှုပ်နှံထားသည့် ဟယ်ရှန့်၏ ကုမ္ပဏီမှာလည်း လုပ်ငန်းသစ် အောင်မြင်သွားပါက အကြီးအကျယ် အောင်မြင်မှု ရရှိနိုင်သည့် အလားအလာ ရှိနေသည်။ သို့သော် အမြတ်အစွန်း များပြားသော လုပ်ငန်းမျိုးမှာ အချိန်နှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုလိုအပ်သကဲ့သို့ စွန့်စားရမှုများ လည်း ရှိတတ်ပေသည်။
ထို့ကြောင့်လည်း ဟယ်ရှန့်သည် ရင်းနှီးမြှုပ်နှံမှု ရရန် ခက်ခဲနေခဲ့ပြီး တင်ရန့်ချန်း၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရခြင်း ဖြစ်လေသည်။
လျန်ထျန်းသည် ဟယ်ရှန့်၏ ကုမ္ပဏီအတွက် လိုအပ်သော ရန်ပုံငွေ အားလုံးကို သူကိုယ်တိုင် တာဝန်ယူ မည်ဟု ပြောကြားခဲ့လေသည်။ ဤကဲ့သို့ အမြတ်အစွန်းများသော အခွင့်အရေးမျိုးမှာ နေ့စဉ် အစား အသောက် ပို့နေရုံနှင့် မရနိုင်သဖြင့် စွန့်စားရမှု ရှိသော်လည်း သူ လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေပေသည်။
တစ်နှစ်လျှင် ယွမ်ရာချီ၊ ထောင်ချီ အရှုံးခံနိုင်သော အခြေအနေမျိုး ရှိနေသဖြင့် အကယ်၍ ရှုံးသွားခဲ့ လျှင်ပင် အစားအသောက် ပိုပို့ကာ ပြန်လည် ရှာဖွေနိုင်သည် မဟုတ်ပါလား။ အကယ်၍သာ အောင်မြင် သွားပါက ၎င်းသည် "ယူနီကွန်း" ကုမ္ပဏီတစ်ခု ဖြစ်လာနိုင်ပြီး လျန်ထျန်းသည်လည်း "နိုင်ငံတော်၏ ဖခင်ကြီး" ဟု တင်စားရလောက်သည့် သူဌေးကြီး ဖြစ်လာပေလိမ့်မည်။
ဤသို့ တွေးမိသောအခါ လျန်ထျန်းသည် အစားအသောက် ပို့ဆောင်ရန် ပို၍ တက်ကြွလာပြီး အနာဂတ် အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည်။ ထိုနေ့တွင် လျန်ထျန်းသည် ပုံမှန်အတိုင်းပင် သူ၏ လျှပ်စစ်စကူတာလေးဖြင့် လမ်းတကာ လှည့်လည်ကာ အလုပ်ရှုပ်နေခဲ့သည်။
နေမွန်းတည့်ချိန်သို့ ရောက်သောအခါ သူ၏ ပို့ဆောင်ရမည့် လမ်းကြောင်းမှာ မြို့ပြင်ဘက်သို့ ရောက်ရှိ သွားခဲ့သည်။ ထိုနေရာမှာ လျန်ထျန်း၏ ဇာတိရွာနှင့် မဝေးလှပေ။ ကံကောင်းထောက်မစွာဖြင့် လျန်ထျန်း ၏ စကူတာမှာ ဘက်ထရီအား ကောင်းသဖြင့် ရွာသို့ အသွားအပြန် လုပ်ရန် လုံလောက်လှသည်။
ထိုစဉ် လျန်ထျန်းသည် အနီးအနားမှ အမှာစာတစ်ခုကို လက်ခံရရှိခဲ့သည်။ လိပ်စာကို ကြည့်လိုက်သော အခါ သူသည် မှင်တက်သွားရသည်။ အမှာစာပေါ်ရှိ လိပ်စာမှာ လျန်ထျန်း၏ အိမ်ဟောင်း ဖြစ်နေပြီး အိမ်နံပါတ်မှာလည်း ကွက်တိ ဖြစ်နေခဲ့လေသည်။
မိခင်ဖြစ်သူကို မြို့ပေါ်ရှိ ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကတည်းက ရွာရှိ အိမ်မှာ လူမရှိဘဲ ပိတ်ထားခဲ့ ခြင်း ဖြစ်ပေသည်။ သို့သော် အဘယ်ကြောင့် ဤအမှာစာမှာ သူ၏ အိမ်ဟောင်းသို့ ပို့ခိုင်းထားရသနည်း။ သူသည် အမှာစာပေါ်ရှိ အခြား အချက်အလက်များကို အမြန်စစ်ဆေးလိုက်ရာ ဖောက်သည်၏ နာမည် ကို မြင်လိုက်ရလေသည်။
"မစ္စတာလျန်...။"
လျန်ထျန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ အတွေးတစ်ခု ဝင်လာခဲ့သည်။
"အဖေ...အဖေ ပြန်လာပြီလား..."
လျန်ထျန်း ဤသို့ တွေးမိသည်မှာ မဆန်းပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က ဖခင်ဖြစ်သူသည် အကြွေး များကြောင့် အိမ်မှ ထွက်ခွာသွားခဲ့ပြီးနောက် သတင်းအစအန မရတော့ပေ။
အစပိုင်းတွင် လျန်ထျန်းသည် မိမိတို့ သားအမိကို ပစ်ထားခဲ့သော ဖခင်ဖြစ်သူကို မုန်းတီးခဲ့သော်လည်း ကြီးပြင်းလာသောအခါ ဖခင်၏ စေတနာကို နားလည်လာခဲ့သည်။ ဖခင်ဖြစ်သူသည် သူတို့ကို အကြွေး ရှင်များရန်မှ ကာကွယ်ရန် ထွက်သွားခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် လျန်ထျန်းသည် အစားအသောက် ပို့ဆောင်သူ တစ်ဦး ဖြစ်လာပြီးနောက် ဖခင်ဖြစ်သူကို အမြဲ ရှာဖွေနေခဲ့ပေသည်။ လမ်းပေါ်တွင် ဖခင်နှင့် ဆင်တူသူကို မြင်တိုင်း သူသည် မျှော်လင့်ချက်ကြီး စွာဖြင့် သွားကြည့်တတ်သော်လည်း အမြဲတမ်း စိတ်ပျက်ခဲ့ရလေသည်။
ယခုမူ အိမ်ဟောင်းလိပ်စာဖြင့် "မစ္စတာလျန်" အမည်ရှိသူက အမှာစာ ပို့ခိုင်းထားသဖြင့် ဖခင်ဖြစ်သူ ပြန်ရောက်နေပြီဟု လျန်ထျန်းက ထင်မှတ်လိုက်သည်။ ဖခင်ဖြစ်သူမှာ အိမ်ပြန်ရောက်သော်လည်း လူမရှိဘဲ သော့လဲထားသဖြင့် အထဲသို့ မဝင်နိုင်ဘဲ အပြင်တွင် ဆာလောင်နေသဖြင့် အစားအသောက် မှာယူခြင်း ဖြစ်ပေလိမ့်မည်။
လျန်ထျန်းသည် ဖုန်းဆက်၍ အတည်ပြုချင်သော်လည်း စိတ်ကို ထိန်းကာ မျက်နှာချင်းဆိုင် တွေ့ရမည့် အချိန်ကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူသည် အစားအသောက်များကို အမြန်ယူကာ အိမ်ဟောင်းရှိရာသို့ အစွမ်းကုန် မောင်းနှင်လာခဲ့လေတော့သည်။
သို့သော် လျန်ထျန်း ရောက်ရှိလာသောအခါ အိမ်ရှေ့တွင် သူ မျှော်လင့်ထားသည့် ပုံရိပ်ကို မတွေ့ရပေ။ အိမ်တံခါးမှာ ပိတ်ထားသော်လည်း သော့မှာ ပွင့်နေသဖြင့် တစ်စုံတစ်ယောက် အထဲသို့ ဝင်သွားသည်မှာ သေချာလှသည်။ ဖခင်ဖြစ်သူ၏ သော့ဟောင်းဖြင့် ဤတံခါးသစ်ကို ဖွင့်နိုင်မည် မဟုတ်ပေ။
*တစ်စုံတစ်ယောက်က သော့ပြင်ဆရာ ခေါ်၍ ဖွင့်ထားခြင်းများလား…။*
လျန်ထျန်းသည် နောက်ဆုံး မျှော်လင့်ချက်ဖြင့် တံခါးကို ခေါက်လိုက်သည်။ တံခါးပွင့်လာသောအခါ သူ မျှော်လင့်ထားသူ မဟုတ်ဘဲ သူ၏ ဒုတိယဦးလေး ဖြစ်သူ လျန်ရှင်းကိုသာ တွေ့လိုက်ရသဖြင့် လျန်ထျန်း ၏ စိတ်မှာ လုံးဝ ပျက်စီးသွားရတော့သည်။
"ဒုတိယဦးလေး...၊ ကျွန်တော်တို့အိမ်မှာ ဘာလုပ်နေတာလဲ...။"
လျန်ရှင်းမှာ အစားအသောက် လာပို့သူမှာ လျန်ထျန်း ဖြစ်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားပြီး လှောင်ရယ်လိုက်လေသည်။
"ရှောင်ထျန်း...၊ မင်း မြို့ပေါ်မှာ နေတာ နှစ်နှစ်ကျော်ပြီဆိုတော့ တိုးတက်နေပြီ ထင်တာ...။ တကယ်တော့ အစားအသောက် ပို့တဲ့သူ ဖြစ်နေတာကိုး...။"
ထိုစဉ် လျန်ရှင်း၏ နောက်ကွယ်မှ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ သူမမှာ လျန်ရှင်း၏ ဇနီးဖြစ်သူ လျန်ထျန်း၏ ဒေါ်လေးပင် ဖြစ်လေသည်။ သူမသည် လျန်ထျန်းကို မခိုး မခန့် ကြည့်ကာ ရေရွတ်လိုက်လေသည်။
"ကြည့်ရတာ သူ့အဖေ နဲ့အတူတူပဲ...။ ဒီကလေးလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး...။ အမှာစာကို အမြန်ပေးပြီး ထွက်သွားခိုင်းလိုက်စမ်းပါ...။"
လျန်ရှင်း၏ မိသားစုမှာ လျန်ထျန်းတို့ မိသားစု ဆင်းရဲသဖြင့် အမြဲတမ်း နှိမ်ချ ဆက်ဆံလေ့ ရှိကြသည်။ အထူးသဖြင့် လျန်ထျန်း၏ ဖခင် ပျောက်ကွယ်သွားပြီးနောက် သူတို့ကြားတွင် အဆက်အသွယ် ပို၍ ပြတ်တောက်သွားခဲ့လေသည်။ ယခုမူ သူတို့သည် လျန်ထျန်း၏ အိမ်ထဲတွင် ရှိနေကြပြီး လျန်ထျန်းကို အထဲသို့ ပေးဝင်မည့် ပုံစံမျိုးလည်း မရှိပေ။
လျန်ထျန်းမှာ ခေတ္တမျှ ကြောင်အသွားရလေတော့သည်။