အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇) စကားတိုင်းမှာ ကိုယ်ချင်းစာတရား ပါသယောင်ရှိသော်လည်း စကားတိုင်းတွင် ကိုယ်ချင်း စာတရား ကင်းမဲ့နေခြင်း
တံခါးကြီး ပိတ်သွားတော့မည့် အချိန်တွင် လျန်ထျန်းက အမြန်ပင် လှမ်းဆွဲလိုက်ကာ ထပ်မံ မေးမြန်း လိုက်လေသည်။
"ဒုတိယဦးလေး... ကျွန်တော့ကို အဖြေမပေးရသေးဘူးလေ...။ ဘာလို့ ဒုတိယဦးလေးနဲ့ ဒေါ်လေးက ကျွန်တော်တို့အိမ်ထဲ ရောက်နေတာလဲ...။"
ဒုတိယဦးလေး ဖြစ်သူ အဖြေမပေးမီမှာပင် သူ၏ နောက်ကွယ်မှ ဒေါ်လေးဖြစ်သူက စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်လေသည်။
"မင်းတို့အိမ်လို့ ဘာလို့ ပြောရတာလဲ...။ ဒီအိမ်ဟောင်းက မူလက အဖိုးနဲ့ အဖွား ပိုင်တာလေ...။ သူတို့ ဆုံးသွားတော့မှ မင်းတို့မိသားစုကို ခဏ နေခိုင်းထားတာလေ...။"
"မင်းရဲ့ အကြွေးထူတဲ့ အဖေကလည်း ပျောက်နေတာ နှစ်တွေ အများကြီး ရှိလှပြီ၊ တစ်နေရာရာမှာ သေတောင် သေနေလောက်ပြီ...။ မင်းကလည်း မြို့ပေါ်မှာ နေပြီး အိမ်ကို ပြန်မလာတော့ဘူး မဟုတ် လား...။"
"ပြီးတော့ မင်းရဲ့ ဖျားနာနေတဲ့ အမေကိုလည်း မြို့ပေါ် ခေါ်သွားပြီဆိုတော့ ဒီအိမ်ဟောင်းကို ငါတို့ ပြန်သိမ်းရမှာပေါ့...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ထိတ်လန့်သွားရသလို ဒေါသလည်း အကြီးအကျယ် ထွက်သွားရပြီး ချက်ချင်းပင် ပြန်လည် တုံ့ပြန်လိုက်လေသည်။
"ဒေါ်လေး...၊ အဲ့ဒီလို ပြောလို့ ဘယ်ရမလဲ...။ အရင်တုန်းက အဖိုးနဲ့ အဖွားက သူတို့ရဲ့ တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့ ဒေါ်လေးတို့ မိသားစုအတွက် မြို့ပေါ်မှာ အိမ်အသစ် ဝယ်ပေးခဲ့ တာလေ...။"
"ဒါကြောင့် ဒီအိမ်ဟောင်းကို ကျွန်တောတို့မိသားစုကို ပေးခဲ့တာက သဘာဝပဲ မဟုတ်လား...။ အဲ့ဒီတုန်း က လူတိုင်းက မြို့ပေါ်က အိမ်အသစ်ကိုပဲ လိုချင်ကြတာကို နောက်ဆုံးတော့ ကျွန်တော်တို့ဘက်က အလျှော့ပေးပြီး ဒေါ်လေးတို့ဆီ ပေးခဲ့တာလေ...။"
"အခုကျမှ ဘာဖြစ်လို့ ဒီအိမ်ဟောင်းကို လာလုနေတာလဲ...။ ငါတို့က ဆွေမျိုးတွေပဲလေ... ဒီလောက် အထိတော့ ရက်စက်ဖို့ မလိုဘူး မဟုတ်လား...။"
လျန်ထျန်း၏ စကားကြောင့် ဒေါ်လေးဖြစ်သူမှာ ဒေါသတကြီး ပြန်အော်ရန် ပြင်လိုက်စဉ် ဒုတိယဦးလေး လျန်ရှင်းက တားလိုက်ပြီး လျန်ထျန်းအား မချိုမချဉ် ပြုံးပြလျက် ပြောလိုက်လေသည်။
"ရှောင်ထျန်း...၊ တကယ်တော့ ကိစ္စက ဒီလိုပါ...။"
"မင်း သိတဲ့အတိုင်း ငါတို့ရွာက တိုးတက်မှု နောက်ကျနေတော့ တခြားရွာတွေလို အိမ်ပိုင်ဆိုင်မှု အထောက်အထားတွေ မရှိဘူးလေ...။ ရွာရဲ့ မှတ်တမ်းစာအုပ်ထဲမှာပဲ ဘယ်သူ့အိမ် ဆိုတာ ရှိတာ...။"
"အဲ့ဒီ မှတ်တမ်းထဲမှာလည်း အခုထက်ထိ အဖိုးရဲ့ နာမည်ပဲ ရှိနေသေးတာလေ...။ ဒါကြောင့် တရားဝင် ပြောရရင် ဒီအိမ်က မင်းတို့အိမ် မဟုတ်ဘူး...။ အဖိုးပိုင်တဲ့အိမ်၊ ဆိုလိုတာက ငါ့အဖေရဲ့ အိမ်ပေါ့...။"
"သားတစ်ယောက် အနေနဲ့ ငါ့အဖေရဲ့ အိမ်ထဲကို ပြောင်းနေတာ ဘာမှ မမှားဘူး မဟုတ်လား...။"
ဤကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရင်း လျန်ထျန်းသည် ရင်ထဲတွင် တစ်ဆို့လာ သော်လည်း စိတ်ကို ထိန်းကာ ဆက်၍ ငြင်းခုံလိုက်သည်။
"ဒုတိယဦးလေး... အဲ့ဒီလို ဆိုရင်တော့ အဖိုးနဲ့ အဖွားက သူတို့ ပိုက်ဆံတွေ အကုန်သုံးပြီး ဒုတိယ ဦးလေးအတွက် မြို့ပေါ်မှာ ဝယ်ပေးထားတဲ့ အိမ်ကလည်း ကျွန်တော် တို့နဲ့ တစ်ဝက်စီ ပိုင်ဆိုင်သင့် တာပေါ့ ဟုတ်လား...။"
လျန်ရှင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ကာ -
"မြို့ပေါ်က အိမ်တွေမှာတော့ အိမ်ပိုင်ဆိုင်မှု စာချုပ်ရှိတယ်လေ...။ အဲ့ဒီမှာ ငါ့နာမည်ပဲ ရေးထားတာ ဆိုတော့ ငါ့အိမ်ပဲ ဖြစ်မှာပေါ့...။"
"ဒီအိမ်ဟောင်းမှာတော့ အထောက်အထား မရှိဘူး မဟုတ်လား...။ တကယ်လို့ ရှောင်ထျန်း ဒီအိမ်က မင်းတို့အိမ် ဖြစ်ကြောင်း သက်သေပြနိုင်ရင် ငါ အခုချက်ချင်းထွက်သွားပေးမယ်လေ...။"
ဒုတိယဦးလေး၏ မခိုးမခန့် အမူအရာကို မြင်သောအခါ လျန်ထျန်းမှာ သည်းမခံနိုင်တော့ပေ။
"ဒုတိယဦးလေး ... ဒုတိယဦးလေး တကယ်ပဲ ဘာလုပ်ချင်နေတာလဲ...။"
"ကျွန်တော်တို့မိသားစု ဒီအိမ်မှာ နေလာတာ နှစ်တွေ အများကြီး ရှိပြီဆိုတာ တစ်ရွာလုံးက သိတာပဲ လေ...။"
"ပြီးတော့ ဒုတိယဦးလေး တို့ မိသားစုမှာ မြို့ပေါ်မှာ အိမ်ရှိနေတာပဲကို ဘာဖြစ်လို့ ရွာကို ပြန်လာပြီး ကျွန်တော်တို့နဲ့ အိမ်ဟောင်းကို လာလုနေရတာလဲ...။"
ဤတစ်ကြိမ်တွင် ဒေါ်လေးဖြစ်သူက ရှေ့သို့ ပြန်တိုးလာကာ ပို၍ ဆိုးဝါးသော စကားများကို ပြောလိုက် လေသည်။
"ရွာကလူတွေ သိတာက ဘာအရေးကြီးလဲ...။ ဒီနေ့ သိကြားမင်း ဆင်းလာရင်တောင် ဒီအိမ်က ငါတို့ အိမ်ပဲ...။"
"ငါတို့မိသားစုက စိတ်ကောင်းရှိပြီး ကိုယ်ချင်းစာတတ်လို့သာ မင်းတို့ သားအမိကို သနားပြီး ငါတို့အိမ်မှာ အလကား နေခိုင်းထားတာ နှစ်တွေ အများကြီး ရှိနေပြီ...။"
"မင်းတို့ဆီကနေ အိမ်လခတွေ ပြန်မတောင်းတာပဲ ကျေးဇူးကြီးလှပြီ...။ မဟုတ်ရင် မင်းတို့ ငါတို့ကို အကြွေစေ့တွေ အများကြီး ပေးရဦးမှာ...။"
လျန်ထျန်းမှာ ထိုမိန်းမယုတ်၏ စကားများကို နားထောင်ရင်း ဆွံ့အသွားရလေသည်။ လူတွေက ဤမျှ အထိ အရှက်မရှိနိုင်ဟု သူ မထင်ထားခဲ့ပေ။ သူတို့ ပြောသမျှ စကားတိုင်းမှာ ကိုယ်ချင်းစာတရား အကြောင်း ပါနေသော်လည်း လက်တွေ့တွင်မူ ကိုယ်ချင်းစာတရား လုံးဝ ကင်းမဲ့နေကြသည်ပင်။
ဘေးတွင် ရပ်နေသော ဒုတိယဦးလေး လျန်ရှင်းမှာမူ သူ၏ ဇနီးပြောသမျှကို ထောက်ခံသည့် အမူ အရာဖြင့် မချိုမချဉ် ပြုံးနေလေသည်။ ထိုစဉ် အသံများကြောင့် အနီးအနားမှ အိမ်နီးချင်းအချို့ ရောက်ရှိလာကြလေသည်။
လူစုလူဝေးထဲမှ စကားသံများကြောင့် ဒုတိယဦးလေး တို့ မိသားစု အဘယ်ကြောင့် အိမ်ဟောင်းကို လာလုကြသည်ကို လျန်ထျန်း သိရှိသွားခဲ့သည်။ ရွာကို ဖျက်သိမ်းပြီး ခရီးသွားလုပ်ငန်းအတွက် မြေကွက်များ ဝယ်ယူတော့မည်ဟူသော ကောလာဟလ ထွက်ပေါ်နေခြင်း ဖြစ်သည်။
အိမ်တစ်လုံး ဖျက်သိမ်းခံရလျှင် အိမ်အသစ် ပြန်ရနိုင်သကဲ့သို့ လျော်ကြေးငွေလည်း အမြောက်အမြား ရရှိနိုင်လေသည်။ အိမ်တစ်လုံးလျှင် ယွမ် တစ်ယွမ်၊ နှစ်ယွမ်ခန့် လျော်ကြေး ရရှိနိုင်ပြီး ၎င်းမှာ ငွေကြေး တန်ဖိုး မကျဆင်းမီက ယွမ် တစ်သန်း၊ နှစ်သန်းနှင့် ညီမျှလေသည်။
ဒုတိယဦးလေး တို့ မိသားစုမှာ မြို့ပေါ်တွင် အိမ်ရှိနေသော်လည်း ဤလျော်ကြေးငွေကို လိုချင်သဖြင့် အိမ်ဟောင်းကို လာရောက် သိမ်းယူခြင်း ဖြစ်ချေသည်။
လျန်ထျန်းတို့ မိသားစု ဘယ်လိုဖြစ်သွားမလဲ ဆိုသည်ကိုမူ သူတို့ ဂရုမစိုက်ကြပေ။
ယခင်ကလည်း ဒုတိယဦးလေး သည် လက်ထပ်တော့မည်ဟူသော အကြောင်းပြချက်ဖြင့် အဖိုးနှင့် အဖွား၏ စုဆောင်းငွေများကို အကုန်ယူကာ မြို့ပေါ်တွင် အိမ်ဝယ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နည်းမျိုး စုံဖြင့် အိမ်ပိုင်ဆိုင်မှုကို သူ၏ နာမည်သို့ ပြောင်းလဲခဲ့သဖြင့် လျန်ထျန်းတို့ မိသားစုမှာ ဘာမှ မရရှိခဲ့ပေ။ လျန်မိသားစုသည် ယခင်ကဤအရာအားလုံးကို သည်းခံခဲ့ကြပေသည်။
သို့သော် ယခုမူ ဒုတိယဦးလေး တို့ မိသားစု၏ ယုတ်မာမှုကို လျန်ထျန်း မသည်းခံနိုင်တော့ပေ။ သူ၏ မျက်နှာမှာ တည်တင်းသွားပြီး အသံမှာလည်း အေးစက်လွန်းသွားလေသည်။
"ဒုတိယဦးလေး ... ကျွန်တော် နောက်ဆုံးတစ်ခါ ထပ်မေးမယ်...။ ဒုတိယဦးလေး တကယ်ပဲ ဒီလောက်အထိ လုပ်မှာလား...။"
ရွာသားများ၏ ကဲ့ရဲ့မှုကို ဂရုမစိုက်ဘဲ လျန်ရှင်းက ပြုံးလျက် ပြောလိုက်လေသည်။
"ရှောင်ထျန်း... ဦးလေးက ရှင်းရှင်းလင်းလင်း ပြောပြီးပြီပဲ...။ ဒီအိမ်ဟောင်းက မင်းတို့အိမ် မဟုတ် ဘူး...။"
"မင်းလည်း အခုဆို လူလားမြောက်နေပြီပဲ၊ ပိုက်ဆံလည်း ရှာနိုင်နေပြီဆိုတော့ မင်းအမေကို မြို့ပေါ် ခေါ်သွားပြီး ကောင်းကောင်း နေခိုင်းလိုက်ပါ...။ ဒီအိမ်ဟောင်းလေးအတွက် ငါတို့နဲ့ လာပြီး မလုပါနဲ့ တော့...။"
"မင်း အစားအသောက် ပို့ရင် တစ်လကို ပြားအနည်းငယ်လောက်တော့ ရမှာပဲ မဟုတ်လား...။ မင်းက ငယ်ပါသေးတယ်၊ နောက်ထပ် နှစ်အနည်းငယ်လောက် ကြိုးစားရင် မြို့ပေါ်မှာ အိမ်ဝယ်ဖို့ ဘဏ်ကနေ ချေးငွေ ရနိုင်မှာပါ...။"
"ကြိုးစားပါ...။ ဦးလေးက မင်းကို ယုံကြည်တယ်လေ...။"
လျန်ထျန်းသည် နောက်ဆုံး အခွင့်အရေး ပေးခဲ့သော်လည်း ဒုတိယဦးလေး ကမူ အဓိပ္ပာယ်မရှိသော စကားများကိုသာ ပြောနေလေသည်။
"ပါးစပ်ပိတ်လိုက်စမ်း...။"
လျန်ထျန်း၏ အော်ဟစ်သံကြောင့် လျန်ရှင်းမှာ စကားစ ပြတ်သွားရလေသည်။ လျန်ထျန်း၏ စူးရှသော အကြည့်မှာ ဆွေမျိုးတစ်ဦးကို ကြည့်သည့် အကြည့်မျိုး မဟုတ်ဘဲ ရန်သူတစ်ဦးကို ကြည့်နေသကဲ့ သို့ပင်။ ထိုစဉ်မှာပင် ဒေါ်လေးဖြစ်သူက ရှေ့သို့ ပြေးတက်လာပြန်လေသည်။
"ဒီကလေး... မင်းက မင်းထက်ကြီးတဲ့သူကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့လေ...။"
"ကောင်းပြီလေ...၊ မင်းက ဒီလောက်အထိ ကျေးဇူးကန်းနေမှတော့ ငါတို့ဘက်ကလည်း မငဲ့တော့ဘူး...။ ဒီအိမ်မှာ နေခဲ့တဲ့ နှစ်တွေအတွက် အိမ်လခတွေ အကုန်ပြန်ပေးရမယ်...။"
"တစ်လကို ပြားငါးပြား (၅) နဲ့ တွက်ရင် တစ်နှစ်ကို ပြားခြောက်ဆယ် (၆၀)၊ ဆယ်နှစ်ဆိုရင်တော့...။"
သို့သော် လျန်ထျန်းက သူမ၏ စကားကို ထပ်မံ ဖြတ်ပြောလိုက်သည်။
"ဒီမိန်းမယုတ်... အိမ်သာတွင်းလို ညစ်ပတ်နေတဲ့ မင်းရဲ့ ပါးစပ်ကို ပိတ်ထားလိုက်စမ်း...။"
"ဒီနေ့ ငါ လူတိုင်းကို တစ်ခါတည်း ပြောပြမယ်...။ ဒီအိမ်ဟောင်းကနေ တစ်ပြားတစ်ချပ်မှ ရဖို့ မစဉ်းစား နဲ့...။"
ထို့နောက် လျန်ထျန်းသည် ဝိုင်းကြည့်နေသော ရွာသားများဘက်သို့ လှည့်လိုက်သည်။
"စောစောက ပြောတဲ့ ရွာရဲ့ မြေတွေကို ဝယ်မယ့်သူက ကျင်းတ အိမ်ခြံမြေ လို့ ပြောတယ် မဟုတ် လား...။"
လူအုပ်ထဲမှ လူလတ်ပိုင်း အမျိုးသားတစ်ဦးက ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်...။ ကျင်းတ အိမ်ခြံမြေ လို့ ကြားတယ်...။ ဒီတစ်ဝိုက်မှာတော့ သူတို့က အင်အားအကြီးဆုံး ပဲတဲ့...။"
အတည်ပြုချက် ရရှိပြီးနောက် လျန်ထျန်းက ခေါင်းညိတ်လိုက်ကာ လျန်ရှင်းကို စိုက်ကြည့်လိုက်သည်။
"ဒုတိယဦးလေး ...။ ဒါတွေက ဦးလေး ကိုယ်တိုင် ဖန်တီးခဲ့တာနော်...။"
လျန်ထျန်း၏ အကြည့်ကြောင့် လျန်ရှင်းမှာ အနည်းငယ် လန့်သွားရလေသည်။
"တူလေး... စိတ်မတိုလိုက်ပါနဲ့...။ တကယ်တော့ ဦးလေးက မင်းတို့အတွက် ကူညီပေးနေတာပါ...။"
"ရွာဖျက်မယ့် သတင်းက ထွက်နေပေမဲ့ ဘယ်တော့ ဖြစ်မလဲ၊ လျော်ကြေးက ဘယ်လိုရမလဲ ဆိုတာ ဘယ်သူမှ မသိသေးဘူးလေ...။"
"မင်းက မြို့မှာ အလုပ်ရှုပ်နေတာဆိုတော့ ဒီကိစ္စတွေကို လိုက်လုပ်ဖို့ အချိန်မရှိဘူး မဟုတ်လား...။ ဒါကြောင့် ဦးလေးပဲ အကုန်လုပ်ပေးမယ်လေ...။"
"ဒီလို လုပ်ရင်ရော ဘယ်လိုလဲ... ဦးလေး ကတိပေးပါတယ်...။ လျော်ကြေးငွေ ရလာရင် မင်းတို့မိသားစု ကို တစ်ဝက်ပေးမယ်....၊ ဟုတ်ပြီလား...။"
အခန်း (၄၈) လူ့သဘာဝ၏ ပြောင်းလဲလွယ်သော ဖြစ်တည်မှု
ဒုတိယဦးလေး ဖြစ်သူ ကြောက်ရွံ့နေရခြင်းမှာ ရွာဖျက်သိမ်းသည့် လျော်ကြေးငွေကိစ္စနှင့် ပတ်သက်၍ လူသေဆုံးမှုများ ရှိတတ်ကြောင်း သတင်းများတွင် ကြားဖူးသောကြောင့် ဖြစ်ပေသည်။ သူသည် လျန်ထျန်းကို အလွန်အမင်း ဖိအားပေးမိပါက မိမိအသက် အန္တရာယ်ရှိမည်ကို စိုးရိမ်နေလေသည်။
လျော်ကြေးငွေကို လျန်မိသားစုနှင့် တစ်ဝက်စီ ခွဲဝေပေးမည်ဟူသော ကတိမှာလည်း လိမ်ညာမှု သက်သက်သာ ဖြစ်သည်။ ဤစကားများသည် ယခင်ကကဲ့သို့ပင် အချိန်ဆွဲရန်အတွက် အသုံးချသော နည်းဗျူဟာတစ်ခုမျှသာ ဖြစ်လေသည်။
လျန်ထျန်းသည် ဒုတိယဦးလေး ၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိထားသဖြင့် ထိုလှည့်ကွက်ထဲသို့ မည်သို့မျှ ကျရောက်နိုင်မည် မဟုတ်ပေ။
ဤသည်မှာ လျန်ရှင်းအား သူ ပေးအပ်ခဲ့သည့် နောက်ဆုံးသော အခွင့်အရေး ဖြစ်လေသည်။
တစ်ဖက်လူမှာ အမှန်တကယ်ပင် ကိုယ်ချင်းစာတရား ကင်းမဲ့နေသဖြင့် လျန်ထျန်းအနေဖြင့် မည်သို့ပင် ပြုမူပါစေ နောင်တရနေတော့မည် မဟုတ်ပေ။ သူသည် ဖုန်းကို ထုတ်ကာ လုချွမ်းရှုံ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်လေသည်။
"ဟယ်လို... အစ်ကိုလု...။"
ဖုန်းထဲမှ လုချွမ်းရှုံ၏ တက်ကြွသော အသံ ထွက်ပေါ်လာလေသည်။
"ဟားဟား... ညီလေးလျန်...၊ မင်း အဆက်အသွယ် မလုပ်တာ ကြာပြီပဲ။ ဒီရက်ပိုင်း ဘယ်လို စီးပွားရေး ကြီးကြီးမားမားတွေနဲ့ အလုပ်ရှုပ်နေတာလဲ...။"
လျန်ထျန်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားပြီး -
"ကျွန်တော် စီးပွားရေးကြီးကြီးမားမားတွေနဲ့ အလုပ်မရှုပ်ပါဘူး။ အစ်ကိုလု စီးပွားရေးအသစ်တစ်ခု ထပ်စတော့မယ်လို့ ကြားလို့ပါ။ ခရီးသွား အပန်းဖြေစခန်း ဆောက်မလို့လား...။"
လုချွမ်းရှုံက ရယ်မောလျက် -
"ညီလေးဆီက ဘာမှ ဖုံးကွယ်လို့ မရပါလား။ ဒါပေမဲ့ ဤကိစ္စက အတည်မပြုရသေးဘူး။ အတည်ဖြစ်မှ ညီလေးကို ပြောပြမလို့ စောင့်နေတာပါ။ ညီလေးက ကြိုသိနေတယ်ဆိုတော့ ညီလေးရဲ့ နောက်ခံက ငါထင်ထားတာထက်တောင် ပိုပြီး အင်အားကြီးပုံရတယ်...။"
လျန်ထျန်းက လုချွမ်းရှုံ၏ ထင်ကြေးများကို လျစ်လျူရှုကာ အဓိက အကြောင်းအရာကိုသာ ပြော လိုက်လေသည်။
"အစ်ကိုလု... အမှန်အတိုင်း ပြောရရင် အစ်ကိုလု ခရီးသွား အပန်းဖြေစခန်း ဆောက်မယ့် မြေနေရာက ကျွန်တော့် ရဲ့ ဇာတိရွာ ဖြစ်နေတယ်။ အဲ့ဒီမှာ ကျွန်တော့်ရဲ့ အိမ်ဟောင်းလည်း ရှိနေတယ်...။"
"ကျွန်တော်က အတိတ်ကို တန်ဖိုးထားတတ်တဲ့သူဆိုတော့ အိမ်ဟောင်းကို ရုတ်တရက် ဖျက်ရမှာ စိတ်မကောင်းဖြစ်မိလို့ပါ။ ဒါကြောင့် အစ်ကိုလု... ဒီကိစ္စကို ခေတ္တ ဆိုင်းငံ့ထားပေးလို့ ရမလား။ ကျွန်တော့်ဘက်က အဆင်ပြေပြီလို့ ထင်တဲ့အခါမှ ပြန်စကြတာပေါ့...။"
ထိုစကားကို ကြားသောအခါ လုချွမ်းရှုံမှာ ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ဆိုလိုက်သည်။
"ညီလေး... ဤခရီးသွား အပန်းဖြေစခန်း စီမံကိန်းက အနည်းငယ် စွန့်စားရပေမဲ့ ကောင်းကောင်း လုပ် နိုင်ရင်တော့ အကျိုးအမြတ် ရှိမှာပါ။ ဒါပေမဲ့... ညီလေးကိုယ်တိုင် တောင်းဆိုလာမှတော့ ငါ ဘာမှ မပြောတော့ပါဘူး...။"
"ပြီးတော့ ဤစီမံကိန်းအတွက် ရန်ပုံငွေကလည်း ညီလေး ပြီးခဲ့တဲ့အကြိမ်က ရင်းနှီးမြှုပ်နှံထားတဲ့ ယွမ်တစ်ထောင် (၁၀၀၀) ထဲကပဲ သုံးရမှာ မဟုတ်လား...။"
"ငါ ညီလေးကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ ငါတို့ကိုယ်တိုင်လည်း ဒါကို လုပ်မလား၊ မလုပ်ဘူး လားဆိုတာ သေသေချာချာ မဆုံးဖြတ်ရသေးလို့ပါ...။"
လျန်ထျန်းက လုချွမ်းရှုံ၏ ရှင်းပြချက်ကို ဖြတ်ပြောလိုက်သည်။
"ရပါပြီ အစ်ကိုလု...။ ကျွန်တော် အစ်ကိုလုကို မယုံတာ မဟုတ်ပါဘူး။ ဒါဆို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက် ကြတာပေါ့...။"
"ကျွန်တော့် ဘက်က ဤစီမံကိန်းက အဆင်ပြေပြီလို့ ထင်တဲ့အခါ အစ်ကိုလုကို အကြောင်းကြားပါ့မယ်။ အဲ့ဒီအခါကျရင် ကျွန်တော်လည်း ထပ်ပြီး ရင်းနှီးမြှုပ်နှံချင်ပါသေးတယ်...။"
လျန်ထျန်းသည် ထိုသို့ ပြောပြီးနောက် ဖုန်းချလိုက်လေသည်။ ထိုအချိန်တွင် ရှေ့မှ ဒုတိယဦးလေး နှင့် ဒေါ်လေးဖြစ်သူ၊ အနီးနားရှိ ရွာသားများမှာ မှင်တက်နေကြလေသည်။ အတန်ကြာမှ ဒုတိယဦးလေး လျန်ရှင်းက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ရှောင်ထျန်း...၊ မင်း ဘာတွေ ဟန်ဆောင်နေတာလဲ...။"
"ဖုန်းတစ်ခါ ဆက်ရုံနဲ့ ဤရွာဖျက်မယ့်ကိစ္စကို မင်းကပဲ ဆုံးဖြတ်နိုင်တယ်လို့ ပြောချင်တာလား...။"
ဒေါ်လေးဖြစ်သူကလည်း မခိုးမခန့် ရယ်မောကာ -
"ဟုတ်ပါပေ့...၊ သူက ဘယ်သူလဲဆိုတာ သူကိုယ်တိုင်ရော သိရဲ့လား။ အစားအသောက် ပို့တဲ့ ဝတ်စုံကြီး နဲ့ သူဌေးကြီးလို ဟန်ဆောင်နေတာလား။ ရှက်စရာကြီး... ဖူး...။"
ပတ်ဝန်းကျင်မှ ရွာသားများကလည်း စုရုံးကာ ပြောဆိုနေကြသည်။
"ဒီလျန်ထျန်း မြို့ပေါ် ရောက်သွားတာ နှစ်နှစ်ရှိပြီ၊ ဘာတွေ ဖြစ်လာတာလဲ...။"
"ဟုတ်ပ...၊ ဤကလေး ငယ်ငယ်တုန်းက တော်တော် လိမ္မာတာ။ ဟင်း... လူ့သဘာဝက တကယ်ကို ပြောင်းလဲလွယ်ပါဘိ...။"
လျန်ထျန်းသည် ရွာသားများကို ကြည့်ကာ ဆိုပြောလိုက်သည်။
"ငါတို့က တစ်ရွာတည်းသားတွေပဲလေ။ ငါတို့ကြားမှာ ကျေးဇူးရှိတာ၊ မုန်းတီးတာတွေ မရှိရင်တောင် ရန်သူတွေတော့ မဟုတ်ဘူး မဟုတ်လား...။"
"ဒါပေမဲ့ ဦးလေးနဲ့ ဒေါ်လေးက ငါ့အိမ်ကို လာလုနေတာကို မင်းတို့က ဒီအတိုင်း ထိုင်ကြည့်နေကြတယ်။ ဘယ်သူကမှ တရားမျှတမှုအတွက် တစ်ခွန်းမှ ဝင်မပြောကြဘူး...။"
"အခုကျတော့ လူ့သဘာဝက ပြောင်းလဲလွယ်တယ်လို့ ပြောနေကြတာလား။ မင်းတို့ရဲ့ ကိုယ်ပိုင် လူ့သဘာဝကရော ဘယ်လိုရှိလဲလို့ ငါ မေးချင်တယ်...။"
ဤစကားကို ကြားသောအခါ ရွာသားများသည် အရှက်ရမည့်အစား ဒေါသတကြီး ပြန်လည် တုံ့ပြန်ကြ လေသည်။
"လျန်မိသားစု ဘာလုပ်လုပ် ငါတို့နဲ့ ဘာဆိုင်လဲ...။"
"ဟုတ်တယ်... ပြီးတော့ လျန်ရှင်း ပြောတာလည်း ဘာမှ မမှားပါဘူး။ မင်းကပဲ ငါတို့ကို ပြန်အပြစ်တင် နေတာလား...။"
"ဒီလျန်ထျန်းက တကယ်ပဲ အရိုင်းစိုင်းလေး ဖြစ်နေတာပဲ။ မြို့ပေါ်မှာ နေရင်းနဲ့ ဦးနှောက်ပျက်သွားတာ ထင်တယ်။ ဦးလေးက အိမ်ကို သိမ်းတာ မဆန်းပါဘူး...။"
"ဟုတ်ပါပေ့... လျန်ရှင်းက ပိုပြီး လူမှုရေး သိတတ်သေးတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက လာတုန်းက တစ်ရွာလုံးကို စီးကရက် တစ်ဗူးစီ ပေးခဲ့တာလေ။ ဤတစ်ခါတော့ ငါလည်း လျန်ရှင်းဘက်ကပဲ...။"
ဤစကားကို ကြားမှ လျန်ထျန်း နားလည်သွားခဲ့သည်။ ဒုတိယဦးလေး သည် လွန်ခဲ့သော ရက်အနည်း ငယ်က စီးကရက်များ ပေးဝေကာ ရွာသားများကို စည်းရုံးထားခြင်း ဖြစ်လေသည်။ ရွာသားများမှာ လည်း စီးကရက် တစ်ဗူးနှင့်တင် ရောင့်ရဲနေကြသူများ ဖြစ်ကြသည်။
လျန်ရှင်းက မောက်မာစွာ ပြုံးလိုက်ပြီး -
"ရှောင်ထျန်း... မင်းက နုသေးတယ်...။ ရွာရဲ့ စည်းမျဉ်းတွေကို မင်း နားမလည်သေးဘူး...။"
"မင်းက တစ်ရွာလုံးကို စော်ကားလိုက်ပြီဆိုတော့ ငါ့ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး...။"
"ဆွေမျိုးတော်စပ်မှုအရ ငါ မင်းကို အကြံပေးမယ်။ အခုချက်ချင်း ဒီကနေ ထွက်သွားလိုက်တော့...။ မဟုတ်ရင် အရိုက်မခံရခင် ပြေးဖို့ ကြိုးစားပေတော့...။"
လျန်ထျန်းသည် အခက်တွေ့နေပြီး ရွာသားများ ဒေါသထွက်လာပါက အခြေအနေမှာ ပို၍ ဆိုးရွားသွား နိုင်လေသည်။ သို့သော် အခြေအနေ တင်းမာနေစဉ်မှာပင် ရွာလူကြီးသည် ပျာပျာသလဲ ပြေးလာခဲ့သည်။ သူသည် လူအုပ်ကို တိုးဝှေ့ကာ နဖူးမှ ချွေးများကို သုတ်လျက် မေးလိုက်လေသည်။
"အားလုံး ဒီမှာ ရှိနေကြတာလား...။ ကောင်းတယ်...၊ ဒါနဲ့ ငါ မေးပါရစေ... ငါတို့ရွာထဲက ဘယ်သူက ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာရှင်ကြီး ဖြစ်နေတာလဲ...။"
ရွာလူကြီး၏ စကားကြောင့် ရွာသားများမှာ မှင်တက်သွားကြသည်။ တစ်ဦးက ဝေခွဲမရစွာ မေးလိုက် လေသည်။
"ရွာလူကြီး... ဘာဖြစ်လို့လဲ...။ ငါတို့ ရွာငယ်လေးထဲမှာ ကျင်းတ အိမ်ခြံမြေလို ကုမ္ပဏီကြီးရဲ့ ရှယ်ယာရှင် ဘယ်လိုလုပ် ရှိမှာလဲ...။"
ရွာလူကြီးသည် အသက်ရှူပင် မဝဘဲ ချွေးများကို သုတ်နေဆဲပင်။
"ငါလည်း အဲ့ဒါကို သိချင်နေတာလေ။ ကျင်းတ အိမ်ခြံမြေ ဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးဆီက ငါ အခုပဲ ဖုန်းလက်ခံရတယ်...။"
"သူတို့ ပြောတာကတော့ ငါတို့ရွာက သူတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်ကြီး တစ်ယောက်ရဲ့ ဇာတိရွာ ဖြစ်နေ လို့တဲ့... အဲ့ဒီလူက အတိတ်ကို လွမ်းဆွတ်တတ်လို့ ရွာဖျက်မယ့်ကိစ္စကို ဆိုင်းငံ့ထားခိုင်းတယ်တဲ့...။"
"ဆိုင်းငံ့ထားတယ်လို့ ပြောပေမဲ့ ဒီအတိုင်းဆိုရင် ဘယ်တော့မှ ဖျက်ဖြစ်တော့မှာ မဟုတ်ဘူး...။"
"ဒါကြောင့် မင်းတို့ထဲက ဘယ်သူ့မိသားစုဝင်က ကျင်းတ အိမ်ခြံမြေမှာ အလုပ်လုပ်နေတာလဲ...။ အခု ချက်ချင်း ရှေ့ထွက်ခဲ့စမ်း...။"
"ဒီလိုမျိုး ရွာဖျက်ပြီး ပြောင်းရွှေ့ရမည့် လျော်ကြေးငွေကိစ္စက တစ်ရွာလုံးအတွက် အရေးကြီးတယ် လေ...။ ဒါကို အနှောင့်အယှက် ပေးလို့ မဖြစ်ဘူး...။"
ရွာသားများ အားလုံး မှင်တက်သွားကြသည်။ သူတို့သည် လျန်ထျန်း စောစောက ပြောဆိုနေသော ဖုန်း ပြောသံကို ပြန်လည် ကြားယောင်လာကြသည်။ နောက်တစ်စက္ကန့်တွင် အားလုံး၏ အကြည့်များမှာ လျန်ထျန်းထံသို့ ရောက်ရှိသွားတော့သည်။ မည်သူမျှ စကားမပြောကြသော်လည်း အားလုံးက တစ်ခု တည်းသော မေးခွန်းကို မေးနေသကဲ့သို့ပင်။
"မင်း... စောစောက ဖုန်းထဲမှာ ပြောနေတာတွေက...၊ အတု မဟုတ်ဘူးလား…၊ အစစ်လား...။"
ထိုအခါမှ လျန်ထျန်းသည် ရှေ့သို့ တိုးလာကာ ပြောလိုက်လေသည်။
"ငါ ပြောပြီးပြီ မဟုတ်လား...။ ငါက အခု ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာရှင် တစ်ယောက်ပဲ...။ ငါ့ရဲ့ စကားတစ်ခွန်းနဲ့တင် ဒီနေရာကို ဘယ်သူမှ လာဖျက်လို့ မရစေရဘူး...။"