← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉) အရှက်မရှိသော ဒေါ်လေး

လျန်ထျန်း ရှေ့သို့ တိုးထွက်လာသည်ကို မြင်သောအခါ ရွာလူကြီးမှာလည်း မှင်တက်သွားရလေသည်။ အမှန်စင်စစ် လျန်ထျန်း ဝတ်ဆင်ထားသည့် အဝါရောင် ယူနီဖောင်းမှာ အလွန်ပင် ထင်ရှားလွန်းလှသည်။

အစားအသောက် ပို့ဆောင်သူ တစ်ဦးက ကျင်းတ အိမ်ခြံမြေ ကဲ့သို့သော ကုမ္ပဏီကြီးတစ်ခု၏ ရှယ်ယာ ရှင်ကြီး ဖြစ်သည်ဟု ဆိုခြင်းကို မည်သူမျှ လွယ်လွယ်နှင့် ယုံကြည်နိုင်မည် မဟုတ်ပေ။

သို့သော် ပတ်ဝန်းကျင်ရှိ ရွာသားများ၏ တုံ့ပြန်မှုကို မြင်သောအခါ လည်ပတ်မြန်သော ရွာလူကြီးသည် တစ်စုံတစ်ခုကို ချက်ချင်းပင် ရိပ်မိလိုက်ပြီး သံသယများ ကင်းစင်သွားတော့သည်။ သူသည် လျန်ထျန်း ၏ အနားသို့ ပျာပျာသလဲ လျှောက်လာကာ သေချာစွာ အကဲခတ်ပြီးနောက် စိုးရိမ်တကြီး မေးလိုက် လေသည်။

"မင်းက... လျန်မိသားစုက လျန်ထျန်း မဟုတ်လား...။"

လျန်ထျန်းက တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော့နာမည် လျန်ထျန်းပါ..."

အတည်ပြုချက် ရရှိပြီးနောက်တွင် ရွာလူကြီး၏ မျက်နှာမှာ ချက်ချင်းပင် အပြုံးများဖြင့် ဝေဆာသွား တော့သည်။

"အို... ရှောင်ထျန်းပါလား... ဦးလေး မင်းကို ငယ်ငယ်လေးကတည်းက ချီခဲ့တာလေ...။ မင်း ကြီးလာ တာကို ဦးလေး ကြည့်ခဲ့တာ...။"

ရွာလူကြီး၏ ပုံစံခွက် စကားများကို ကြားသောအခါ လျန်ထျန်းက စိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်မိ လေသည်။ စောစောက သူ မျက်စိရှေ့သို့ ရောက်နေသည်ကိုပင် မမှတ်မိဘဲယခုမှ ကြီးလာသည်ကို ကြည့်ခဲ့သည်ဟု ဆိုခြင်းမှာ ဟန်ဆောင်မှု သက်သက်သာဖြစ်ပေလိမ့်မည်။ ရွာလူကြီးကမူ လျန်ထျန်း၏ စိတ်ထဲမှ အတွေးများကို မသိဘဲဆက်၍ ဖားနေတော့သည်။

"ရှောင်ထျန်းက ဒီလောက်အထိ အောင်မြင်ပြီး ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာရှင်ကြီး ဖြစ်လာလိမ့်မယ် လို့ ဦးလေး မထင်ထားခဲ့ဘူး...။ မင်းက ငါတို့ တစ်ရွာလုံးရဲ့ဂုဏ်ဆောင်ပဲလေ...။ ဒါပေမဲ့ ရှေးလူကြီးတွေ ပြောသလိုပေါ့...၊ ရေသောက်ရင်ရေတွင်းတူးတဲ့သူကို မမေ့သင့်ဘူး မဟုတ်လား...။"

ရွာလူကြီးသည် စကားကို ခေတ္တရပ်ကာ လေသံကို ပြောင်း၍ ဆက်ပြောလေသည်။

"ရှောင်ထျန်း...၊ မင်း အခု ချမ်းသာနေပြီ ဆိုပေမဲ့ မင်းကို မွေးထုတ်ပေးခဲ့တဲ့ ရွာကလေးကတော့ ဆင်းရဲ နေတုန်းပဲလေ...။ ဟောဒီက ပျက်စီးနေတဲ့ အိမ်တွေနဲ့ အုတ်ကြွပ်တွေကို ကြည့်ပါဦး...၊ လေတိုက်ရင်ပဲ ဖြစ်ဖြစ်၊ မိုးရွာရင်ပဲဖြစ်ဖြစ်ရွာသားတွေခမျာ ဒုက္ခရောက်နေကြရတာ...။ သူတို့မှာ ပြင်ဖို့ပိုက်ဆံလည်း မရှိကြဘူးလေ...။"

"အခု ရွာဖျက်ပြီး ပြန်လည် တည်ဆောက်မယ့် အခွင့်အရေးကောင်းကြီး ရနေတာကို မင်းဘက်က အနှောင့်အယှက် မပေးသင့်ဘူး ထင်တယ်...။"

လျန်ထျန်းက ရွာလူကြီး၏ စကားကို ဖြတ်ပြောလိုက်လေသည်။

"ကျွန်တော်က ရွာကို ဒုက္ခပေးချင်တဲ့ စိတ် လုံးဝ မရှိပါဘူး...။"

ထို့နောက် လျန်ထျန်းက လျန်ရှင်းကို လက်ညှိုးညွှန်ပြကာ -

"လျန်ရှင်းတို့ မိသားစုက ကျွန်တော်တို့အိမ်ကို အဓမ္မ လာသိမ်းနေတာကို ကျွန်တော်က သည်းမခံနိုင် တာပါ...။"

"ပြီးတော့..."

လျန်ထျန်းက ရွာသားများကို ဝေ့ကြည့်လိုက်သည်။

"ရွာသားတွေကလည်း စီးကရက် တစ်ဗူးစီနဲ့ အဂတိ လိုက်စားပြီး တခြားလူက ကျွန်တော်တို့အိမ်ထဲကို ကျူးကျော် ဝင်ရောက်တာကို ခွင့်ပြုခဲ့ကြတယ်...။"

"စောစောကအထိ ဘယ်သူကမှ တရားမျှတမှုအတွက် တစ်ခွန်းမှ မပြောခဲ့ကြဘူး...။ အားလုံးက ဘေးက ရပ်ကြည့် နေခဲ့ကြတာပဲ...။"

"မင်းတို့အားလုံးက ငါ့အိမ် အလုခံရတာ ထိုက်တန်တယ်လို့ ယူဆကြတယ်ဆိုမှတော့...။ ဒီအိမ်တွေမှာပဲ ဆက်နေကြတော့...။ ရွာဖျက်မယ့်ကိစ္စကိုလည်းမေ့လိုက်ကြတော့...။"

လျန်ထျန်းသည် ထိုသို့ ပြောပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအခါ ရွာသားများမှာ ထိတ်လန့် သွားကြပြီး ရွာလူကြီးနှင့်အတူ လျန်ထျန်းကို ဝိုင်းဝန်း တားဆီးကြတော့သည်။

ရွာလူကြီးက…၊

"ရှောင်ထျန်း... ရှောင်ထျန်း... ခဏနေပါဦး...။ ငါတို့က အိမ်နီးချင်းတွေပဲလေ...၊ အရာရာကို ညှိနှိုင်းလို့ ရပါတယ်...။" ဟု ပြောလာသကဲ့သို့၊

ရွာသားအချို့ကလည်း…၊

"ဟုတ်ပါတယ်... စောစောက ငါတို့ မှားသွားပါတယ်...။ မင်းကို တောင်းပန်ပါတယ်...။"

"ဒီအိမ်က မင်းတို့အိမ် ဖြစ်နေတာ အနှစ် ၂၀ ကျော်ပြီဆိုတာ ငါတို့ အကုန်သက်သေခံပေးပါ့မယ်...။" ဟု ပျာပျာသလဲ ပြောလာကြလေသည်။

အခြေအနေများ ရုတ်ချည်း ပြောင်းလဲသွားသည်ကို မြင်သောအခါ လျန်ရှင်းမှာ ပြာပြာသလဲ ဖြစ်သွား ရလေသည်။

"ဟေ့...၊ မင်းတို့ အကုန်လုံးက ငါ့ကို ကူညီမယ်လို့ ကတိပေးထားကြတာ မဟုတ်ဘူးလား...။"

ရွာသားများက ချက်ချင်းပင် မျက်နှာလွှဲလိုက်ကြလေသည်။

"ဘယ်သူက မင်းကို ကတိပေးလို့လဲ...။ ငါတို့က မင်းပေးတဲ့ စီးကရက် တစ်ဗူးကိုပဲ သောက်ခဲ့တာ...။ ရော့... ဒီမှာ ပြန်ယူလိုက်တော့...။"

"ဟုတ်တယ်...၊ မင်းရဲ့ စီးကရက်က တကယ်ကို သောက်လို့ မကောင်းဘူး...။ အဟွတ်... အဟွတ်...။"

ရွာသားများသည် သူတို့၏ စီးကရက်ဗူးများကို လျန်ရှင်းထံသို့ ပြန်လည် ပစ်ပေါက်ကြလေတော့သည်။ လျန်ရှင်းမှာ ရွာသားများ၏ ဝိုင်းဝန်း ပစ်ပေါက်မှုကို ခံရသဖြင့် နောက်သို့ ဆုတ်ပေးလိုက်ရပြီး အကြီး အကျယ် ဒေါသထွက်သွားရလေသည်။

"မင်းတို့... မင်းတို့ တကယ့်ကို ယုံကြည်လို့ မရတဲ့ ကောင်တွေပဲ...။"

လျန်ရှင်းက မည်မျှပင် ဆဲဆိုပါစေ ရွာသားများကမူ ဂရုမစိုက်ကြတော့ပေ။ စီးကရက် တစ်ဗူးနှင့် အိမ် လျော်ကြေးငွေ မည်သည်က ပို၍ အရေးကြီးသည်ကို မည်သူမဆို သိရှိကြသည် မဟုတ်ပါလား။

လျန်ရှင်းသည် ရွာသားများကို အားကိုး၍ မရတော့သဖြင့် ရွာလူကြီးဘက်သို့ လှည့်လိုက်လေသည်။

"ဦးလေးချိုး...၊ ကျွန်တော် ရွာကို ပြန်ရောက်တဲ့ ပထမဆုံးနေ့မှာတင် စီးကရက်နဲ့ အရက်တွေ ယူပြီး ဦးလေးဆီကို လာကန်တော့ခဲ့တာလေ...။ ဦးလေးကတော့...။"

သို့သော် လျန်ရှင်း၏ စကား မဆုံးမီမှာပင် ရွာလူကြီးက အော်ဟစ်ကာ ဖြတ်ပြောလိုက်လေသည်။

"ပါးစပ်ပိတ်လိုက်စမ်း...။"

ရွာလူကြီးသည် ချောင်းနှစ်ချက် ဟန့်လိုက်ကာ -

"လျန်ရှင်း...၊ မင်း ဒီလောက်အထိ ကိုယ်ချင်းစာတရား ကင်းမဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...။"

"မင်းတို့ မိသားစု အခြေအနေကို ငါ ကောင်းကောင်း သိတယ်...။ လျန်အဖိုးကြီး အသက်ရှိစဉ်တုန်းက မင်းက သူတို့ရဲ့ စုဆောင်းငွေတွေကို အကုန်ယူပြီး မြို့ပေါ်မှာ အိမ်ဝယ်ခဲ့တာလေ...။"

"နောက်ပိုင်း အဖိုးနဲ့ အဖွား ဖျားနာတော့လည်း မင်းက တစ်ပြားမှ အကုန်မခံခဲ့ဘူး...။ လျန်ထျန်းရဲ့ မိဘ တွေကပဲ သူတို့ ဆုံးတဲ့အထိ ပြုစုပေးခဲ့ကြတာ...။"

"မင်းက သားတစ်ယောက်ရဲ့ တာဝန်ကို လုံးဝ မကျေပွန်ခဲ့ဘဲနဲ့ အခုမှ ဘယ်လိုမျက်နှာမျိုးနဲ့ ဒီအိမ်ဟောင်း ကို လာလုနေရတာလဲ...။"

"ငါ အကြံပေးမယ်...။ အခုချက်ချင်း ရွာကနေ ထွက်သွားပြီး ဒီအိမ်ကို ရှောင်ထျန်းလက်ထဲ ပြန်အပ်လိုက် တော့...။ မဟုတ်ရင် ရွာသားတွေက သည်းခံနေကြတော့မှာ မဟုတ်ဘူး...။"

ဤတစ်ကြိမ်တွင် ရွာလူကြီး၏ စကားမှာ ရွာသားများ၏ စိတ်ကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး အားလုံးက လျန်ရှင်းအား ရွာထဲမှ ချက်ချင်း ထွက်သွားရန် ဝိုင်းဝန်း အော်ဟစ်ကြလေတော့သည်။

ဤမျှ ကြီးမားသော လူအုပ်ကြီးကို မြင်သောအခါ ဒုတိယဦးလေး နှင့် ဒေါ်လေးဖြစ်သူမှာ ထိတ်လန့်သွား ကြသော်လည်း လျော်ကြေးငွေကို နှမြောသဖြင့် အိမ်ထဲသို့ ပြေးဝင်ကာ တံခါးကို ဂျက်ထိုး ပိတ်လိုက်ကြ လေသည်။

သို့သော် ရွာသားများကမူ သူတို့ကို လွယ်လွယ်နှင့် လွှတ်ပေးမည့် ပုံမပေါ်ပေ။ သူတို့သည် အိမ်တံခါးကို ချိုးဖျက်တော့မည့်အလား ရှေ့သို့ တိုးလာကြသည်။ လျန်ရှင်းသည် အတွင်းဘက်မှ တံခါးကို အတင်း တွန်းထားသော်လည်း အပြင်မှ လူအင်အားမှာ များပြားလှသဖြင့် သူ၏ တစ်ကိုယ်လုံး တုန်ရီနေတော့ သည်။

ဤအတိုင်းဆိုလျှင် ကြာရှည် ခံမည်မဟုတ်သည်ကို သိသဖြင့် လျန်ရှင်းသည် အပြင်သို့ အော်ဟစ်ကာ အသနားခံလိုက်လေသည်။

"ရှောင်ထျန်း...၊ ငါတို့က ဦးလေးနဲ့ တူအရင်းတွေလေ...။ သွေးသား အရင်းအချာတွေပဲ...။ ဒီလောက် အထိတော့ မရက်စက်ပါနဲ့ဦး...။"

လျန်ရှင်း၏ အသနားခံသံကို ကြားသောအခါ လျန်ထျန်းက အေးစက်စွာ ပြုံးလိုက်လေသည်။

"အခုမှ ဦးလေးနဲ့ တူဆိုတာကို သတိရတာလား...။ စောစောက ကျွန်တော်က အလွန်အကျွံ မလုပ်ဖို့ ပြောတုန်းက ဦးလေး ဘာလုပ်နေလဲ...။ နောက်ကျသွားပြီ ဦးလေး...။"

ဒေါ်လေးဖြစ်သူ၏ ထိတ်လန့်နေသော အသံမှာလည်း ထွက်ပေါ်လာလေသည်။

"တူလေး... အဲ့ဒီလို မပြောပါနဲ့...။ ငါတို့က သွေးသားအရင်းအချာတွေပဲလေ...။ သွေးက ရေထက် ပိုပြစ်တယ် မဟုတ်လား...။"

"ပြီးတော့ မင်းက ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာရှင်ကြီး ဆိုတော့ အရမ်း ချမ်းသာနေမှာပဲ...။ ဒီအိမ်ရဲ့ လျော်ကြေးငွေ အနည်းငယ်လေးကို မင်းက ဘာလို့ ဂရုစိုက်နေမှာလဲ...။ ငါတို့ကိုပဲ ပေးလိုက်ပါတော့...။"

"အော်... ဒါနဲ့...၊ ငါ့ရဲ့ ရှန်းကျိ လည်း ရှိသေးတယ်လေ...။ သူက နောက်နှစ်ဆိုဘွဲ့ရတော့မှာ...၊ ဝမ်းကွဲ အစ်ကို တစ်ယောက်အနေနဲ့ မင်းက သူ့ကို ကူညီပေးသင့်တာပေါ့...။"

ဤအရှက်မရှိသော မိန်းမယုတ်သည် ဤအခြေအနေသို့ ရောက်နေသည်အထိ လျန်ထျန်းထံမှ အကျိုး အမြတ် ရရန်သာ ကြံစည်နေဆဲ ဖြစ်လေသည်။ လျန်ထျန်းမှာ ဒေါသကြောင့် ရယ်ပင် ရယ်မိတော့သည်။

"ကျွန်တော် ဦးလေးတို့ကို နောက်ဆုံး အခွင့်အရေး ပေးခဲ့တယ်...။ ဒါကို ဦးလေးတို့က အသုံးမချခဲ့တာ ပဲ...။ ဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့တော့...။"

"ကျွန်တော် ဤနေရာမှာပဲ တရားဝင် ကြေညာလိုက်မယ်...။ ဦးလေးတို့နဲ့ ကျွန်တော် အဆက်အသွယ် လုံးဝ ဖြတ်လိုက်ပြီ...။"

ထို့နောက် လျန်ထျန်းသည် ရွာသားများဘက်သို့ လှည့်ကာ -

"မင်းတို့ လျော်ကြေးငွေကို လိုချင်သေးတယ်ဆိုရင်တော့...။ ဒီအိမ်ထဲက လူတွေကို အပြင်ရောက်အောင် လုပ်လိုက်ကြတော့...။"

"ဒီအိမ်ထဲက လူတွေ ထွက်သွားတာနဲ့ တစ်ပြိုင်နက် ငါ ဖုန်းဆက်ပြီး အပန်းဖြေစခန်း စီမံကိန်းကို ပြန်စ ခိုင်းလိုက်မယ်...။"

"မင်းတို့ ဘာသာပဲ ဆုံးဖြတ်ကြတော့...။"

လျန်ထျန်းသည် ထိုသို့ ပြောပြီးနောက် သူ၏ လျှပ်စစ်စကူတာလေးကို စီးကာ ထွက်ခွာသွားခဲ့လေတော့ သည်။ ရွာလူကြီးနှင့် ရွာသားများသည် လျန်ထျန်း ထွက်သွားသည်ကို ကြည့်နေကြပြီး ခေတ္တမျှ ကြာ သောအခါ ရွာလူကြီးက အမိန့်ပေးလိုက်လေသည်။

"ဘာတွေ ကြည့်နေကြတာလဲ...။ တံခါးကို ဖျက်ပြီး အဲ့ဒီ လူယုတ်မာ နှစ်ယောက်ကို အပြင်ကို ဆွဲထုတ် လိုက်ကြစမ်း...။"

ထို့နောက်တွင်တော့ အိမ်တံခါးကို ထုရိုက်သံများနှင့် အထဲမှ အော်ဟစ် ငိုယိုသံများသည် ရွာကလေး အတွင်း အချိန်အတော်ကြာ သည်အထိ ထွက်ပေါ်နေခဲ့လေတော့သည်။

အခန်း (၅၀) လျန်ရှင်းနှင့် သူ၏ဇနီး ထွက်ပြေးရခြင်း

သံတံခါးကြီးမှာ အလွန်ခိုင်ခံ့လှသည့်အပြင် လျန်ရှင်းနှင့် သူ၏ဇနီးသည် ဗီရိုများ၊ ဆိုဖာများကဲ့သို့သော အိမ်ထောင်ပရိဘောဂ အကြီးစားများဖြင့် တံခါးကို ပိတ်ဆို့ထားကြလေသည်။ ရွာသားများမှာ လူအင် အား သာသော်လည်း တံခါးကို ဖျက်ဆီးရန် ခဲယဉ်းလှသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက် ကြရလေသည်။

သို့သော် ရွာလူကြီးသည် လူအချို့ကို တာဝန်ပေးကာ အိမ်ရှေ့နှင့် ပတ်ဝန်းကျင်ကို (၂၄) နာရီပတ်လုံး မပြတ်စောင့်ကြည့်ခိုင်းထားလေသည်။ လျန်ရှင်းတို့ အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဖမ်းဆီး ရန် အဆင်သင့် ပြင်ထားကြခြင်း ဖြစ်လေသည်။

လျန်ရှင်းမှာမူ လက်မလျှော့ဘဲ ရွာဖျက်သိမ်းမည့် လျော်ကြေးငွေကို မရရှိပါက အိမ်ထဲတွင်သာ အသေခံ မည်ဟု အော်ဟစ်နေလေသည်။ သို့သော် သူ၏ ဤကဲ့သို့ ပြုမူခြင်းမှာ တစ်ရွာလုံး၏ အကျိုးစီးပွားကို ပိတ်ပင်နေခြင်းဖြစ်ပြီး ရွာသားအားလုံးကို ရန်သူဖြစ်အောင် လုပ်နေခြင်း ဖြစ်သည်ကို သူ သတိမမူမိပေ။

ရွာသားများ၏ ဝိုင်းဝန်းပိတ်ဆို့မှုအောက်တွင် လျန်ရှင်းသည် အပြင်သို့ ထွက်ရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။ အစပိုင်းတွင် အိမ်ထဲ၌ အစားအသောက် အနည်းငယ် ရှိနေသေးသဖြင့် သူတို့မိသားစုမှာ အောင့်အည်း သည်းခံနိုင်ကြသေးပြီး တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် တံခါးနောက်မှနေ၍ ဆဲဆိုနိုင် ကြသေးသည်။

သို့သော် နှစ်ရက်၊ သုံးရက်ခန့် ကြာသောအခါ အစားအသောက်များ ကုန်ခမ်းသွားသဖြင့် ဒေါ်လေးဖြစ်သူ မှာ စတင်လက်လျှော့ကာ ရဲစခန်းသို့ ဖုန်းဆက် အကူအညီ တောင်းလေတော့သည်။ သို့သော် ရဲများက လာရောက် စစ်ဆေးသောအခါ ရွာသားများအားလုံးက လျန်ထျန်းဘက်မှ ဝိုင်းဝန်း ပြောဆိုနေကြသည့် အပြင် လျန်ရှင်းတို့၏ အရှက်မရှိသော လုပ်ရပ်များကိုလည်း မီးလောင်ရာလေပင့် ပြောဆိုကြလေသည်။

ရွာလူကြီးသည်လည်း ရှေ့သို့ ထွက်လာကာ အိမ်ပိုင်ဆိုင်မှု မှတ်တမ်းစာအုပ်ကို သက်သေအဖြစ် ထုတ်ပြ လိုက်လေသည်။ လျန်မိသားစု၏ မှတ်တမ်းတွင် နေထိုင်သူအမည်ကို "လျန်ထျန်း" ဟု မကြာသေးမီ ကပင် ပြောင်းလဲ ထည့်သွင်းထားသည်ကို တွေ့ရလေသည်။

ယခုမူ ဒေါ်လေးဖြစ်သူမှာ မိမိခြေထောက် မိမိ ပြန်ထုလိုက်သကဲ့သို့ ဖြစ်သွားရသည်။ ရွာသားများကို မောင်းထုတ်ပေးမည့်အစား ရဲများကပင် သူတို့ကို အမြန်ဆုံး ထွက်သွားရန်နှင့် မထွက်သွားပါက သူတစ်ပါးအိမ်သို့ ကျူးကျော်ဝင်ရောက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း သတိပေးလေတော့သည်။

အရှက်မရှိသော ဒေါ်လေးမှာ အော်ဟစ် ငိုယိုကာ အသေခံမည်ဟု ခြိမ်းခြောက်သော်လည်း ရဲများမှာ ပြဿနာ မတက်လိုသဖြင့် ရွာလူကြီးအား လူသေဆုံးမှု မရှိစေရန်သာ မှာကြားပြီး ပြန်သွားကြလေတော့ သည်။

ရဲများ ပြန်သွားသည်နှင့် တစ်ပြိုင်နက် ရွာလူကြီးသည် ထိုအိမ်၏ ရေနှင့် မီးကို ချက်ချင်း ဖြတ်တောက် လိုက်လေတော့သည်။

ရေမရှိ၊ မီးမရှိသည့်အပြင် အစားအသောက်လည်း ကုန်ခမ်းကာ ရဲများကို အားကိုး၍ မရတော့သဖြင့် လျန်ရှင်းနှင့် သူ၏ဇနီးမှာ လုံးဝ လမ်းပိတ်သွားရတော့သည်။ နောက်ထပ် တစ်ရက်ခန့် တောင့်ခံပြီး နောက်တွင်မူ ငတ်ပြတ်နေသော ဇနီးမောင်နှံသည် သန်းခေါင်ယံ အချိန်တွင် ခိုးထွက်ရန် ဆုံးဖြတ်လိုက် ကြလေသည်။

သူတို့သည် နေ့ခင်းဘက်တွင် ထွက်ပါက ရွာသားများ၏ ဝိုင်းဝန်း ရိုက်နှက်မှုကို ခံရမည်ကို အလွန် ကြောက်ရွံ့နေကြခြင်း ဖြစ်လေသည်။ ဤကဲ့သို့ တစ်ရွာလုံး၏ အကျိုးစီးပွားနှင့် ပတ်သက်နေသော ကိစ္စမျိုးတွင် ရိုက်နှက်ခံရရုံနှင့် ပြီးမည်မဟုတ်သည်ကို သူတို့ သိရှိကြပေသည်။

သန်းခေါင်ယံအချိန်တွင် တံခါးမှာ တိုးညင်းစွာ ပွင့်လာခဲ့သည်။ လျန်ရှင်းသည် တံခါးကြားမှ အကဲခတ် လိုက်ရာ တံခါးစောင့်နေသော လူနှစ်ဦးမှာ အိပ်ငိုက်နေသည်ကို တွေ့လိုက်ရသဖြင့် နောက်သို့ လက်ယပ် ခေါ်လိုက်လေသည်။

အထုတ်အပိုးများကို သယ်ဆောင်လာသော ဒေါ်လေးမှာ အနားသို့ ရောက်လာပြီးနောက် သူတို့နှစ်ဦး သည် ခြေသံကို အတတ်နိုင်ဆုံး ဖျောက်ကာ အိမ်ထဲမှ ထွက်လာခဲ့ကြသည်။

ရွာပြင်သို့ အရောက်တွင်မူ သူတို့သည် ရှာဖွေတွေ့ရှိခံရမည်ကို စိုးရိမ်သဖြင့် အစွမ်းကုန် ပြေးကြလေ တော့သည်။ သို့သော် လမ်းတစ်ဝက်တွင်ပင် သူတို့၏ ပြေးလွှားမှုကို ရွာသားတစ်ဦးက တွေ့ရှိသွားလေ သည်။

"လျန်ရှင်းတို့ ဇနီးမောင်နှံ ထွက်ပြေးနေပြီ...။ အမြန်လာကြဦး...။"

မကြာမီပင် တစ်ရွာလုံးရှိ ရွာသားများသည် အကျီများကို ကောက်စွပ်ကာ ထွက်လာကြပြီး လက်နှိပ် ဓာတ်မီး အလင်းရောင်များဖြင့် တစ်ပြင်လုံး လင်းထိန်သွားတော့သည်။ လျန်ရှင်းနှင့် သူ၏ဇနီးမှာ အသက်လု၍ ပြေးကြသော်လည်း လွတ်မြောက်ခြင်း မရှိဘဲ လူငယ်နှစ်ဦး၏ ကန်ကျောက်ခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

ထို့နောက်တွင်တော့ ပုပ်သိုးနေသော ဥများနှင့် ဟင်းသီးဟင်းရွက် အကြွင်းအကျန်များဖြင့် ဝိုင်းဝန်း ပစ်ပေါက်ခြင်းကို ခံလိုက်ရသဖြင့် ထိုဇနီးမောင်နှံမှာ တစ်ဦးကိုတစ်ဦးဖက်ကာ တုန်ရီနေကြရလေသည်။ နောက်ဆုံးတွင် ရွာလူကြီး ရောက်လာပြီး လျန်ရှင်းအား ဤရွာသို့ နောက်တစ်ခါ ခြေမချရန်နှင့် ရွာမှ ထာဝရ နှင်ထုတ်လိုက်ကြောင်း ကြေညာလိုက်လေတော့သည်။

ယခုမူ လျန်ရှင်းအတွက် ရွေးချယ်စရာ လမ်းမရှိတော့ပေ။ အရှက်မရှိသော ဒေါ်လေးမှာလည်း စကား တစ်ခွန်းမှ မပြောရဲဘဲ အသက်ကို ခပ်မှန်မှန်ပင် မရှူရဲတော့ပေ။ လျန်ရှင်းတို့ ဇနီးမောင်နှံ အရှက်တကွဲ ဖြင့် ထွက်ခွာသွားပြီးနောက် ရွာလူကြီးသည် ရိုက်ကူးထားသော ဗီဒီယိုကို လျန်ထျန်းထံသို့ ပေးပို့လိုက် လေသည်။

လျန်ထျန်းသည် တစ်နေ့တာ အလုပ်များကို အဆုံးသတ်ကာ နားနေစဉ် ရွာလူကြီး၏ မက်ဆေ့ခ်ျကို မြင်သဖြင့် ဖွင့်ကြည့်လိုက်သည်။ ဗီဒီယိုထဲတွင် ဒုတိယဦးလေး နှင့် ဒေါ်လေးဖြစ်သူ၏ သနားစရာ ကောင်းသော အခြေအနေကို မြင်ရသောအခါ သူသည် ကျေနပ်စွာ ပြုံးလိုက်မိပြီး တိုးတိုးလေး ရေရွတ် လိုက်လေသည်။

"အစတုန်းကတော့ တံခါးနောက်မှာနေပြီး တော်တော် မောက်မာခဲ့ကြတာ...။ အခုတော့ တကယ်ကို သနားစရာ ကောင်းနေပါလား...။ ဒါပေမဲ့ ဒီလိုလူမျိုးတွေက သနားစရာ မလိုပါဘူး...။"

ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် ရွာလူကြီးထံသို့ ဖုန်းပြန်ခေါ်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် ရွာလူကြီး၏ ဖားလိုသော ရယ်သံမှာ ထွက်ပေါ်လာခဲ့လေသည်။

"ရှောင်ထျန်း... အိုး... မဟုတ်ဘူး...။ အခုဆိုရင် အထွေထွေမန်နေဂျာလျန် လို့ ခေါ်ရမှာပေါ့...။ မင်း မှာထားတဲ့ ကိစ္စတွေကို ငါတို့ အကုန် လုပ်ပြီးပါပြီ...။ ဒါဆို ရွာဖျက်မယ့်ကိစ္စက..."

လျန်ထျန်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

"ရပါပြီ...။ ကျွန်တော် မနက်ဖြန်ကျရင် ကျင်းတ အိမ်ခြံမြေနဲ့ စကားပြောလိုက်ပါ့မယ်...။ အပန်းဖြေ စခန်း စီမံကိန်းကို ပြန်စလို့ ရပါပြီ...။"

"ဒါပေမဲ့ ကျွန်တော့မှာ နောက်ထပ် ကတိတစ်ခု တောင်းချင်တာ ရှိပါတယ်...။"

ရွာလူကြီးက ပျာပျာသလဲ ပြောလိုက်သည်။

"အထွေထွေမန်နေဂျာလျန်... ပြောပါ...။ ဦးလေး တတ်နိုင်သမျှ အကုန် လုပ်ပေးပါ့မယ်...။ ဘာပဲခိုင်းခိုင်း ပါ...။"

လျန်ထျန်းသည် ဖားနေသော စကားများကို လျစ်လျူရှုကာ ပြောလိုက်လေသည်။

"ရွာထဲက အိမ်တွေကို ဖျက်လို့ ရပေမဲ့ ကျွန်တော်တို့ အိမ်ဟောင်းကိုတော့ လုံးဝ မဖျက်ရဘူး...။ အနည်း ငယ် ပြုပြင်တာလောက်ပဲ ခွင့်ပြုမယ်...။"

"ပြီးတော့ လျော်ကြေးငွေ မယူဘဲ အိမ်အသစ် ပြန်လိုချင်တဲ့သူတွေကိုလည်း ပြောထားပေးပါ…။ အကယ်၍ ကျွန်တော့်ရဲ့ အဖေ ရွာကို ပြန်လာတာ တွေ့ရင် ဒါမှမဟုတ် သတင်းအစအန ရရင် ကျွန်တော့် ကိုချက်ချင်း အကြောင်းကြားပေးဖို့ပေါ့...။"

"နောက်ဆုံးအနေနဲ့ ကျွန်တော်က ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာရှင် ဖြစ်နေတာကို တစ်ရွာလုံး ကလျှို့ဝှက်ပေးထားဖို့ ဦးလေး သေချာ ကြပ်မတ်ပေးပါ...။ ဘယ်သူ့ကိုမှမပြောပါစေနဲ့...။"

ရွာလူကြီးက ချက်ချင်းပင် သဘောတူလိုက်လေသည်။

"မမေ့ပါဘူး အထွေထွေမန်နေဂျာလျန်... စိတ်ချပါ... မင်းရဲ့ အကြောင်းကို ဘယ်သူမှ မသိအောင် အကုန် စီစဉ်ထားပြီးသားပါ...။"

"မင်းရဲ့ ဦးလေးနဲ့ ဒေါ်လေး... အိုး... မဟုတ်ဘူး...။ မင်း အဆက်အသွယ် ဖြတ်လိုက်တဲ့ လျန်ရှင်းတို့ မိသားစုကိုလည်း အကျိုးအကြောင်း ပြောထားပြီးပါပြီ...။ တကယ်လို့သာ သူတို့ မင်းအကြောင်းကို အပြင်မှာ လျှောက်ပြောရင် တစ်ရွာလုံးက သူတို့ရဲ့ မြို့ပေါ်က အိမ်ကို လိုက်လာပြီး ပြဿနာရှာမယ်လို့ ခြိမ်းခြောက်ထားပါတယ်...။"

လျန်ထျန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး -

"ကောင်းပါပြီ... ဦးလေး တကယ်ကို တော်ပါတယ်...။"

လျန်ထျန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလိုက်လေသည်။

"နောက်ဆုံးအနေနဲ့ ကျွန်တော် တစ်ခု သတိပေးပါရစေ ဦးလေး...။ ဦးလေးတို့ မိသားစုက ရွာမှာ မြေအများဆုံး ပိုင်တာဆိုတော့ လျော်ကြေးငွေ အများဆုံး ရမှာ သေချာပါတယ်...။"

"ဒါကြောင့် ပိုပြီးတော့ အမြတ်ထုတ်ဖို့ မစဉ်းစားပါနဲ့...။ ကျင်းတ အိမ်ခြံမြေက ဒီလို ကိစ္စမျိုးမှာ အရမ်း စည်းကမ်းကြီးတယ်...။ ဦးလေးအနေနဲ့ ရောင့်ရဲတတ်ဖို့တော့ လိုမယ်နော်...။"

ဤစကားကို ကြားသောအခါ ရွာလူကြီး၏ ကျောပြင်တွင် ချွေးများ စိုရွှဲသွားသော်လည်း မချိုမချဉ် ပြုံးလျက် ပြန်လည် ဖြေကြားလိုက်လေသည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့... ဦးလေး နားလည်ပါပြီ...။ အထွေထွေမန်နေဂျာလျန် ပြောတာ မှန်ပါတယ်...။"

ဖုန်းချပြီးနောက်တွင်မှ ရွာလူကြီးသည် သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်နိုင်တော့သည်။ သူသည် နဖူးမှ ချွေးများကို သုတ်ကာ တစ်ဦးတည်း ရေရွတ်လိုက်လေသည်။

"ဒီလျန်ထျန်းက သာမန်လူ မဟုတ်ဘူးပဲ...။ ပုံမှန်ဆိုရင်တော့ ဘာမှ မဟုတ်သလို နေပေမဲ့ အာဏာ ပြလိုက်ရင်တော့ တကယ်ကို ကြောက်စရာ ကောင်းပါဘိ...။"

"ဒါပေမဲ့ သူပြောတာလည်း မှန်ပါတယ်...။ ငါ ကြိုတင် ပြင်ဆင်ထားတဲ့ ကိစ္စတွေကိုတော့ ဖျက်သိမ်း လိုက်တာပဲ ကောင်းမယ်...။ စွန့်စားမနေတော့ပါဘူး...။"

"မဟုတ်ရင် ပိုက်ဆံတွေ ဘယ်လောက်ပဲ ရှိရှိ ခံစားခွင့် ရမှာ မဟုတ်ဘူး...။ ငါ့အသက်အရွယ်နဲ့ ထောင်ထဲ ရောက်သွားရင်တော့ ပြန်ထွက်လာရမှာ မဟုတ်တော့ဘူး...။"

ရွာလူကြီးသည် စာရွက်စာတမ်းတစ်ခုကို ထုတ်လိုက်ကာ တွန့်ဆုတ်ခြင်း မရှိဘဲ ဆုတ်ဖြဲ ပစ်လိုက်တော့ သည်။ အရာအားလုံးကို ပြင်ဆင်ပြီး အိမ်သို့ ပြန်လာစဉ် လမ်းတစ်ဝက်တွင် သူသည် ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိလေသည်။

"ဒါနဲ့...၊ ရှောင်ထျန်းက ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာရှင်ကြီး ဖြစ်နေမှတော့ သူက အရမ်း ချမ်းသာနေ မှာပေါ့...။"

"ဒါပေမဲ့ ဘာဖြစ်လို့ အဲ့ဒီနေ့က အစားအသောက် ပို့တဲ့ ယူနီဖောင်းကြီး ဝတ်ပြီး လျှပ်စစ်စကူတာကြီး စီးနေရတာလဲ...။ အခုခေတ် သူဌေးကြီးတွေက ဒီလိုပဲ ထူးဆန်းတဲ့ ဝါသနာတွေ ရှိကြတာလား...။"

"ငါတော့ နားမလည်တော့ဘူး...။ တကယ်ကို နားမလည်နိုင်တော့ဘူး...။"

All Chapters