အခန်း (၁၁၀၉-၁၁၁၀)
Vol. 93 Ch. 1109-1110
အခန်း ၁၁၀၉ -
ဓားတစ်ချက်တည်း ... ။
ဒုတိယဒိုမိန်းတိုက်ပွဲကွင်း၏ ညခင်းအချိန်အခါသည် တောက်ပနေပြီး စုရီနှင့် သူ့အဖွဲ့ကို ရှင်းလင်းစွာမြင်ရချေပြီ။
မသက်မသာ ခံစားချက်များသည် လူတိုင်းကိုဖုံးလွှမ်းထားကာ အသက်ပြင်းပြင်း ရှူလိုက်ကြသည်။
တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူရှစ်ရာနီးပါးသည် အနောက်ဘက် နှင်းမြို့တော်တွင် စုဝေးနေ၏။
၎င်းတို့ထဲတွင် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်အချို့ပင် ရှိနေသည်။
မြို့တော်တွင် ထင်ဟပ်နေသော တံလျှပ်များအရ ကြောက်မက်ဖွယ် သတ်ဖြတ်မှု ဝင်္ကပါတစ်ခုကိုလည်း တည်ဆောက်ထားမှန်း ထင်ရှားချေ၏။
“ သခင်စု၊ ငါတို့ ... မြို့ထဲကို ဒီအတိုင်းဝင်မှာလား။ ”
တစ်စုံတစ်ယောက်က သူ့ရှေ့မှ မြို့တော်ကိုငေးကြည့်ကာ သတိထားမေးသည်။ စုရီတစ်ယောက်ခေါင်းခါပြပြီး၊
“ မလိုအပ်ဘူး ... အချိန်ဖြုန်းသလို ဖြစ်သွားလိမ့်မယ် ဓားတစ်ချက်တည်းနဲ့ လုံလောက်တယ်။”
-ဟု ပြန်ဖြေလိုက်၏။
“ ကလန် ... ။ ”
စကားဆုံးသည်နှင့် သူ့အင်္ကျီလက်ကို လှုပ်ခါလိုက်ရာ သေမျိုးနယ်ပယ်ဓား ထွက်ပေါ် လာလေသည်။
ရွှေပြာရောင်ဓားသည် သွေးလမင်း ရောင်ခြည်အောက်တွင် အေးစက်လွန်းသော အငွေ့အသက်များ ရစ်သိုင်းနေ၏။
“ ဝှစ် ... ။ ”
လူတိုင်း အံ့အားသင့်နေစဉ်မှာပင် သေမျိုးနယ်ပယ်ဓားသည် အလင်းတန်းသဖွယ် ကောင်းကင်ပေါ် ထိုးတက်သွားတော့၏။
အနောက်ဘက် နှင်းမြို့တော်အလယ်၌ တာအိုဘုံကျောင်းတစ်ကျောင်း တည်ရှိချေပြီ။ ဘုံကျောင်းအတွင်း လူဆယ်ယောက်ကျော်မှာ ဝိုင်းဖွဲ့ထိုင်နေကြ၏။
“ မြို့တော်ကို သတ်ဖြတ်ခြင်းဝင်္ကပါ (၄၉)လွှာနဲ့ဖုံးထားပြီး ကာကွယ်သူ(၁၂) ဦးက စောင့်ကြပ်ထားတယ် ...
... ကာကွယ်ရေး အစီရင်(၄၉)ခုလုံး အသက်ဝင်လာတဲ့အခါ ‘အပြာရောင်နတ်ဆိုး ဖျက်ဆီးခြင်းစွမ်းအားတွေ ထုတ်လွှတ် လာလိမ့်မယ်။”
တစ်စုံတစ်ယောက်က ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုက်သည်။
“ အရှေ့ဘက်ရွှမ်ဒေသက အဲဒီအရူး ဘယ်လောက်ပဲ ကောင်းကင်ကိုစိန်ခေါ်နိုင်တဲ့ ခွန်အားမျိုး ရှိနေပါစေ ကံဆိုးမိုးမှောင် ကျသွားပါလိမ့်မယ်။ ”
သူတို့သည် လွန်ခဲ့သည့် သုံးရက်က စုရီတစ်ယောက် တာအိုပေါင်းစည်းခြင်း အဆင့် (၁၃)ဦးကို သတ်ဖြတ်ခဲ့သည့် သတင်းအပြင် စိန်ခေါ်မှုသည်လည်း ရရှိထားပြီးဖြစ်၏။
ထို့ကြောင့် ချက်ချင်းပင် စုရီခွန်အားကို ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာရန် စုဝေးလိုက်ကြ၏။ အဆုံး၌သုံးရက်အတွင်း အရင်းအမြစ်များစွာ စုစည်းကာ သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို ခင်းကျင်းရန် သဘောတူလိုက်ကြသည်။ မည်သူမျှ ပေါ့ဆဝံ့ခြင်း မရှိချေ။
“ အဲဒီအရူးကောင်က လာဝံ့တော့မှာ မဟုတ်ပါဘူး ... အနည်းဆုံးတော့ ငါသာဆိုရင် သေလမ်းမှန်းသိနေရင် လှည့်ပြန်မိမှာပါ။ ”
တစ်စုံတစ်ယောက်က ပြုံးလျက် တုန့်ပြန်ပြောကြားလိုက်သည်။
“ သူ မလာခဲ့ရင် ... ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအားလုံး အရာမရောက်ပဲ ဖြစ်သွားမှာ မဟုတ်ဘူးလား ငါကတော့ လာပါစေ ဆုတောင်းပါတယ်။ ”
“ စိတ်မပူနဲ့ ... သူ မလာရင်တောင် ငါတို့အားလုံးအတူတူ ဒုံရွှမ်မြို့ကိုသွားလည် ကြမယ်။ ”
“ ဟားဟားဟား အဲဒါကောင်းတယ် ဒီအရူးက ငါတို့ကိုစစ်ကြေငြာရုံသာမက ပေယွမ် မြို့နဲ့ နန်ဟော်မြို့ကိုပါ ရန်စထားတယ်လို့ ငါကြားတယ် အားလုံးအတူတူ သွားကြမယ်။”
တစ်ယောက်တစ်ပေါက် စကားများ ပြောကြားနေကြစဉ် ရုတ်တရက် ဓားမီးတောက် တစ်စ ကောင်းကင်ပေါ် ပျံတက်လာသည်ကို မြင်လိုက်ရ၏။
“ အဲဒါဘာလဲ ... ။ ”
“ အဲဒီလူ တကယ်ရောက်လာတာလား။ ”
ထိုမြင်ကွင်းကြောင့် အနောက်ဘက်နှင်းဒေသ၏ အစွမ်းထက်သော ကျင့်ကြံသူ ဆယ်ဦးကျော်သည် အံ့အားသင့် သွားကြလေသည်။
“ ဟားဟားဟား ... ဒါ ပိုကောင်းတယ်မဟုတ်ဘူးလား လူကြီးမင်းတို့ အချိန်ကျပြီ။ ”
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ရယ်မောလျက် အချင်းချင်းအချက်ပြပြီး လေထဲ ခုန်တက်လိုက်ကြသည်။ တစ်ဆက်တည်းမှာပင် မြို့တော်အနှံ့အပြားမှ မရေမတွက်နိုင်သော လူရိပ်များ ကောင်းကင်ပေါ်ပျံတက်လာ၏။
လေထုအလယ်တွင် တစ်စုံတစ်ယောက်မှ သတ်ဖြတ်လိုသောဆန္ဒများ မထိန်းနိုင်တော့ဘဲ၊
“ ဒီမိစ္ဆာကို သတ်ပြီးရင် ငါတို့အားလုံး မူးသွားတဲ့အထိ သောက်ရအောင်။ ”
-ဟု ဒေါသတကြီး ပြောကြားလိုက်သည်။
“ ဟမ့် ... ။ ”
သို့သော် သူ့စကား မဆုံးခင်မှာပင် ကြက်သွေးရောင်လမင်းကြီးသည် ရုတ်တရက် ထက်ပိုင်းကွဲသွားကာ စူးရှသောဓားအလင်း တစ်လက် ပြုတ်ကျလာတော့၏။
“ ဝှစ် ... ။ ”
ခဏအတွင်း မရေမတွက်နိုင်အောင် သိပ်သည်းထက်ရှလွန်းသည့် ဓားစွမ်းအင်များ ရေကာတာကျိုးပေါက်သွားသလို ကျဆင်းလာချေပြီ။
အဝေးမှကြည့်လိုက်ရုံနှင့် နဂါးငွေ့တန်းကြီးတစ်ခု ပြောင်းပြန်လှန်လိုက် သလို တောက်ပလွန်း၏။
အနောက်ဘက်နှင်းမြို့တော်ရှိ လူတိုင်းအံ့သြသွားကာ ချက်ချင်းအမူအရာများ ပြောင်းလဲသွားသည်။ ထိုဓားစွမ်းအင်သည် လှပပြီး ထိတ်လန့် ကြောက်ရွံ့စရာပေပင်။
“ မကောင်းတော့ဘူး။ ”
ရောင်ဝါသည် လူတစ်ဦး၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက်ကာ သတ္တိပျောက်ကွယ် သွားစေရန် လုံလောက်ချေ၏။
“ ဝင်္ကပါကို မြန်မြန် အသက်သွင်း။ ”
လေထုထဲ ပျံတက်လာသော ကျွမ်းကျင်သူများသည် ချက်ချင်း ပြန်လှည့်ကာ အော်ဟစ်လိုက်ကြ၏။
“ ဝမ် ... ။ ”
မြို့အထက်လေထုထဲတွင် အလင်းလွှာ(၄၉)လွှာ မြင့်တက်လာပြီး ထိုဓားကို ခံယူရန် ပြင်းထန်သော လှိုင်းလုံးများဖြင့် တုန့်ပြန်ရိုက်ထုတ်တော့၏။
“ ချိုးဖြတ် ... ။ ”
ဤသတ်ဖြတ်ခြင်းဝင်္ကပါသည် စုရီကိုပိတ်လှောင်သတ်ဖြတ်ရန် ပြင်ဆင် ထားခဲ့ခြင်းဖြစ်သည်။
ယခုမူ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ဝင်္ကပါအားအပြည့်အဝ လည်ပတ်လိုက်ရ၏။
“ ဘန်း ... ဘန်း ဘန်း။ ”
သို့တိုင် ဓားအလင်းသည် အဟုန်ဖြင့် ဆင်းသက်လာပြီးနောက် ဝင်္ကပါအလွှာများကို တဘန်းဘန်း ပေါက်ကွဲသွားစေတော့သည်။
ထိုမြင်ကွင်းက လူတိုင်း၏စိတ်ဝိညာဉ်ကို မိုးကြိုးပစ်ချလိုက်သည့်အလား ဆွံ့အစေခဲ့၏။ ဓားတစ်လက်သည် တိမ်ပေါ်ပျံသန်းခြင်းအဆင့် တစ်စုံတစ်ဦးကိုပင် ဖျက်ဆီးပစ်နိုင်သည်အထိ အစွမ်းထက်သောဝင်္ကပါကို ပူဖောင်းများလို ပျက်ပြယ်သွားစေသည်။
“ မကောင်းတော့ဘူး ... ။ ”
“ ပြေး ... ပြေး ... ။ ”
တစ်မြို့လုံး ကြောက်လန့်တကြား အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။ သို့သော် လူတိုင်း နောက်ကျသွား၏။
မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့သော ဓားစွမ်းအင်များစွာက တာအိုပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများအပေါ် ပြိုကျသွား တော့သည်။
“ ဝုန်း ... ။ ”
ဓားတစ်ချက်အောက်၌ တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ အားလုံးသည် ပုရွက်ဆိတ်များအလား စိစိညက်ညက်ကြေသွားချေပြီ။
မြို့ပြင်တွင်။ အရှေ့ဘက်ရွှမ်ဒေသမှ ကျွမ်းကျင်သူများသည် ‘ဓားတစ်ချက်တည်းနှင့် မြို့တစ်မြို့ကို ဖျက်ဆီးခြင်း’ ဟူသော ဝါကျအပေါ် နားလည်သွား၏။
မြို့တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်နေသော ဟိန်းဟောက်သံများ ပဲ့တင်ထပ်ရာမှ ရုတ်ချည်း ငြိမ်သက်သွားခြင်းပေပင်။
လူအများ စည်ကားနေသောမြို့သည် အဖျက်စွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့၏။ လူတိုင်းတုန်လှုပ်ကုန်ပြီး အံ့အားသင့် သွားကြတော့သည်။
ခဏအတွင်းမှာပင် ဓားမိုးရေစက်များ ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး သေမင်းတမန် ဆိတ်သုဉ်းသွား၏။
ဆူညံသံများ ရပ်တန့်သွားပြီး ကြောက်စရာကောင်းလှသော ငြိမ်သက်ခြင်း ပေပင်။ ညလေပြေနှင့်အတူ သွေးရနံ့များသည် ပျို့အန်ချင်စရာကောင်းလာ၏။
“ ချွင် ... ။ ”
စုရီက လက်ဝှေ့ယမ်းပြီး သူ့ဓားကို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားစေကာ လက်ဖဝါးပေါ် ခေါ်ယူလိုက်သည်။
“ အားလုံး သေပြီလား။ ”
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူတို့ကဲ့သို့ သန်မာသူများ သည်ပင် ကြောက်ရွံ့မှုကြောင့် မျက်နှာအမူအရာ ပြောင်းလဲသွားတော့၏။
ဓားစွမ်းအင်သည် ကောင်းကင်မှ ကျဆင်းကာတစ်မြို့လုံးကို ဖျက်ဆီးလိုက်သည့် ဤသွေးထွက်သံယိုမြင်ကွင်းသည် လုံးဝဆိုးရွားလွန်းချေပြီ။
“ တကယ်ပဲ ဓားတစ်ချက်လား။ ”
ကျန်းယွမ်က တုန်တုန်ယင်ယင် ပြောကြားလာလေသည်။ သူမအစ်ကိုကြီးကို သတ်ခဲ့သောရန်သူသည် အနောက်ဘက် နှင်းဒေသမှဖြစ်၏။
ယခုအနောက်ဘက် နှင်းဒေသ မြို့တစ်မြို့လုံးကို စုရီမှဓားတစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်ချေပြီ။ ယင်းသည်အလွန်အမင်း လွှမ်းမိုးလွန်းပြီး ခြောက်ခြားစရာဖြစ်သည်။
သူတို့သည် ယနေ့တိုက်ပွဲအတွက် အန္တရာယ်အမျိုးမျိုးကို မှန်းဆကာ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့၏။ လိုအပ်ပါက အသက်စွန့်ရန် အထိပင် တိုင်ပင်ခဲ့ကြသည်။
စုရီမှာမူ မြို့ထဲသို့ပင် မဝင်ခဲ့ဘဲ ဓားတစ်ချက်တည်းနှင့် အားလုံးကို သတ်ဖြတ် လိမ့်မည်ဟု မတွေးမိခဲ့ကြချေ။ မည်မျှ ကြီးစိုး နိုင်လွန်းသနည်း။
“ အသက်ရှင်ကျန်ရစ်သူတွေ ... ရှိနေနိုင်ပေမယ့် သူတို့ကခြိမ်းခြောက်မှု မပေး နိုင်တော့ပါဘူး မြောက်ပိုင်းအမှောင်မြို့တော်ကို သွားကြရအောင်။ ”
စုရီက သူ့အကြည့်ကို ရုပ်သိမ်းကာ ပြောကြားလိုက်၏။ တစ်ဖက်တွင် လူအများက အံ့အားသင့်နေရာမှ သတိဝင်လာကြပြီးနောက် စုရီထံပါးသို့ အမြန်ပြေးလိုက်သွားသည်။
သူတို့ထွက်သွားပြီး မကြာမီ အဝေးမှ ပုံရိပ်တစ်ရိပ် သတိထားပြီး ချဉ်းကပ်လာနေ၏။ ဤသည်မှာ မြောက်ပိုင်းအမှောင်ဒေသ၏ ကင်းထောက် အမျိုးသားပေပင်။
အနက်ရောင်ကို ဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးအသွင်ကြောင့် သူ့ကိုမြင်သော် တစ္ဆေတစ်ကောင်အလား ထင်မှားစေ၏။
“ ဓားတစ်ချက်တည်းနဲ့ အနောက်ဘက် နှင်းမြို့တော်က လူတိုင်း သေသွားကြပြီလား။ ”
အနက်ရောင်ဝတ် အမျိုးသားခမျာ အလွန်အံ့အားသင့်သွားပြီး သူ့အကြည့်များက ပျက်စီးနေသောမြို့ထံ စစ်ဆေးနေခဲ့သည်။ မြင်ကွင်းသည် သူ့ခန္ဓာကိုယ်ကို ထိန်းမနိုင် သိမ်းမရတုန်ရီလာစေ၏။
သူ့ရှေ့မှမြင်ကွင်းသည် သေမင်းတမန် တိတ်ဆိတ်နေပြီး လေထုအလယ် သွေးရနံ့သာ ကျန်ရှိနေသည်။ တစ္ဆေမြို့တစ်မြို့လိုပင်။
ဤမတိုင်မီ အနောက်ဘက်နှင်းဒေသ၏ တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ကျွမ်းကျင်သူ ရှစ်ရာကျော်သည် ဤမြို့၌နေထိုင်ခဲ့သည်ကို မယုံနိုင်သေးချေ။
“ အရှေ့ဘက်ရွှမ်ဒေသက အဲဒီလူ ဘယ်သူလဲ ... တာအိုပေါင်းစည်းခြင်းအဆင့် ခွန်အားနဲ့ ဘယ်လိုလုပ် ဒီလောက်ကြောက်စရာ ကောင်းတဲ့ စွမ်းအားမျိုးပိုင်ဆိုင်နေရတာလဲ။ ”
အနက်ရောင်ဝတ်အမျိုးသားမှ အတွေးများရှုပ်ထွေးလျက် ချွေးများရွှဲနစ်လာ၏။ သူသည် စုရီအခြေအနေကို စောင့်ကြည့်ရန် စေလွှတ်ခံရသူဖြစ်သည်။
သို့သော် ဤသို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို မြင်တွေ့လာရလိမ့်မည်ဟု သူ သည်လည်း မမျှော်လင့်ထားချေ။
“ မကောင်းတော့ဘူး။ ”
ရုတ်တရက် အနက်ရောင်ဝတ် အမျိုးသားခမျာ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊
“ ငါ အမြန်ဆုံး သတင်းပြန်ပို့ရမယ် ... အဲဒီလူက အရမ်းကြောက်စရာကောင်းတယ် ငါတို့ အနိုင်ယူနိုင်တဲ့သူ မဟုတ်ဘူး။ ”
-ဟု ရေရွတ်လိုက်ကာ ရိပ်ခနဲ လှည့်ပြေးသည်။ စိတ်လှုပ်ရှားပြီး အလွန်အမင်း အလျင်လိုနေတော့၏။
“ သေစမ်း ... ဒီဒုတိယတိုက်ပွဲကွင်းမှာ ဆက်သွယ်ရေးသင်္ကေတတွေကို မသုံးနိုင်ဘူး မဟုတ်ရင် ပိုင်ယွမ်မြို့က လူတိုင်း ဒီသတင်းကို မြန်မြန်ရနိုင်မှာ။”
အနက်ရောင်ဝတ် အမျိုးသားက အံကြိတ်လိုက်ပြီး လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုတော့၏။ သို့မှသာ အမြန်နှုန်းသည် သိသိသာသာ မြင့်တက်လာသည်။
နာရီဝက်အကြာတွင် အနက်ရောင်ဝတ် အမျိုးသားသည် ပိုင်ယွမ်မြို့ကိုမြင်လာနိုင်ချေပြီ။ တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်ခဲ့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ ပြေး ... ပြေးကြ၊ အားလုံးပြေး ... ရှီဟန်မြို့ကျသွားပြီ ... လူတိုင်းသေနေပြီ ငါတို့ သူတို့ကို လုံးဝမယှဉ်နိုင်ဘူး၊ ပြေး ... ။ ”
သူ့အသံသည် ညကောင်းကင်တွင် အလွန်အမင်း စိုးရိမ်ပူပန်မှုများနှင့် ပဲ့တင်ထပ် နေတော့သည်။ သို့တိုင် အဝေးက ပိုင်ယွမ် မြို့သည် တုန့်ပြန်မှုမရှိခဲ့ချေ။
အနက်ရောင်ဝတ် အမျိုးသားခမျာ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။
လေထုအလယ် ပြင်းပျသော သွေးရနံ့များရရှိလာ၏။ မိုးကြိုးပစ်ခြင်းခံလိုက်ရ သကဲ့သို့ သူ့အမြင်အာရုံများ ဝေဝါးလျက် မြေပြင်ပေါ် လဲကျသွားချေပြီ။
“ တကယ်ပဲ ပြီးသွားပြီ ... ။ ”
မျက်နှာပြင်သည် ပြာနှမ်းသွားကာ မခံမရပ်နိုင်အောင် ဝမ်းနည်းကြေကွဲမှုများက ချက်ချင်းဝင်ရောက်လာ၏။ သူ တက်နိုင်စရာ မရှိတော့ချေ။ သူတို့ နောက်ကျသွားချေပြီ။
အနောက်ဘက်နှင်းမြို့တော်၌ ဖြစ်ပျက်ခဲ့သမျှမြင်ကွင်းမျိုးဖြင့် သူ့ကိုပြန်လည် စောင့်ကြိုနေချေပြီ။
“ ဒါ ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ဒီလောက်ကြောက်စရာကောင်းတဲ့ သန်မာသူ တစ်ယောက် ဒုံရွှမ်မြို့မှာရှိနေတာကို ငါတို့ ဘာလို့မသိရတာလဲ ...
... တိမ်ပေါ်ပျံသန်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဒီလိုကိစ္စမျိုးကို ပြီးမြောက်အောင်မလုပ်နိုင်ဘူး ... ဒီလူက စစ်မှန်တဲ့ အင်မော်တယ်များလား ...
... မဖြစ်နိုင်ဘူး စည်းမျဉ်းတွေက ဒီနယ်မြေအတွင်းကို အင်မော်တယ်တွေဝင်ဖို့ လက်မခံဘူး ... ဒါဆို ဒီဒုတိယစစ်မြေပြင်မှာ အရမ်းအစွမ်းထက်တဲ့လူက ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်ရတာလဲ။ ”
အနက်ဝတ်အမျိုးသားတစ်ယောက် လုံးဝစိတ်ရှုပ်ထွေးလာပြီး နားမလည်နိုင်ခဲ့သလို လက်ခံ၍လည်း မရဖြစ်လာသည်။ ယင်းသည် သွေးပျက်ဖွယ်မြင်ကွင်းကို မြင်ပြီးနောက် ရူးသွပ်သွားသည်နှင့်တူ၏။
အမှန်တွင် သူ နောက်ကျခြင်းမဟုတ်ဘဲ စုရီမှအချိန်ဖြုန်းတီးရန်အတွက် ရည်ရွယ်ချက် မရှိခြင်းကြောင့်သာဖြစ်လေသည်။
ထို့ကြောင့် အနက်ဝတ်အမျိုးသား မရောက်ခင်မှာပင် အဝေးမှနေပြီး ဓားတစ်ချက် တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းသာဖြစ်၏။
သူတို့အားလုံးသည် အနောက်ဘက် နှင်းမြို့တော်ကဲ့သို့ပင် ခုခံကာကွယ်မှုများစွာကို အသက်သွင်းခဲ့ကြသော်လည်း ရလာဒ်သည် အတူတူပေပင်။ မပြောင်းလဲခဲ့ချေ။
ထိုအချိန်တွင် စုရီနှင့်အဖွဲ့သည် တောင်ဘက်မီးမြို့တော်ရှေ့သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။ တောက်ပသော ဓားအလင်းမှာ ထုံးစံအတိုင် နဂါးငွေ့တန်းကြီးအလား ပြေးထွက်သွားတော့၏။
“ ဝုန်း ... ။ ”
***
အခန်း ၁၁၁၀ -
ဒုတိယတိုက်ပွဲကွင်းထံသို့ ... ။
အံ့အားသင့်စရာများ မဖြစ်ပေါ်ခဲ့ချေ။ တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ ထိန်းချုပ်ထားသော နန်ဟော်မြို့သည်လည်း ရှီဟန်မြို့နှင့် ပိုင်ယွမ်မြို့တို့ကဲ့သို့ပင် ပျောက်ကွယ်သွားချေပြီ။
ဓားတစ်ချက် မြို့တစ်မြို့ဖြစ်၏။ ထို့ကြောင့် ဒုတိယတိုက်ပွဲကွင်းရှိ အဓိကမြို့သုံးမြို့စလုံးမှာ ပျောက်ကွယ်သွားခဲ့ရသည်။
ဤသတင်းသည် ပျံ့နှံ့ခဲ့သော် မည်မျှ တုန်လှုပ်ဖွယ်ကောင်းမည်ကို မတွက်ဆနိုင်ချေ။ ထိုအချိန်တွင် ဒုံရွှမ်မြို့မှ ကျွမ်းကျင်သူအားလုံး ခံစားချက်မဲ့နေကြတော့သည်။
ထိတ်လန့်မှုများ အကြိမ်ကြိမ်အခါခါ ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်ခံစားချက် များမှာ ထုံကျင်သွားစေ၏။
စုရီအတွက်မူ ဝမ်းမြောက်မှု သို့မဟုတ် သက်ပြင်းချမှုမရှိခဲ့ဘဲ လုံးဝပုံမှန်အရာတစ်ခုကို လုပ်ဆောင်နေခဲ့သကဲ့သို့ပေပင်။
“ မင်းတို့ မြေပြင်ရှင်းလင်းရေးလုပ်ပြီး ယူလိုက်ကြ ငါအရင်ပြန်နှင့်မယ်။ ”
ပြောပြီးသည်နှင့် ထွက်ခွာသွားသည်။ ဒုံရွှမ်မြို့မှလူအများသည် အချင်းချင်း ပြန်ကြည့် လိုက်ကြ၏။
အချိန်အတော်ကြာပြီးနောက် သူတို့၏ခံစားချက်မဲ့သည့် အခြေအနေမှသည် ကောင်းမွန်လာပြီး အမူအရာများ ရှုပ်ထွေးကုန်ကြသည်။
“ သခင်စု ပထမတိုက်ပွဲကွင်းကို တက်လှမ်းတဲ့အခါ တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျွမ်းကျင်သူတွေတောင် သူ့ရဲ့ဓားကို မခံယူနိုင်ကြဘူးလို့ ငါယုံတယ်။ ”
တစ်စုံတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။
“ ဓားတစ်ချက်တည်းနဲ့ မြို့တစ်မြို့ကို ဖျက်ဆီးနိုင်တယ် ဒိုမိန်းတိုက်ပွဲကွင်းသမိုင်းမှာ ဒီလိုမျိုးလူမျိုးတစ်ခါမှ မပေါ်ခဲ့ဖူးဘူး ... ။ ”
တစ်စုံတစ်ယောက်သည်လည်း တိုးတိုးလေးမှတ်ချက်ပေးသည်။ စုရီခွန်အားအရ တာအိုပေါင်းစည်းခြင်း ကျင့်ကြံသူများသည် အလွယ်တကူ အနိုင်ယူနိုင်သော ပုရွက်ဆိတ်များသာဖြစ်နေချေမည်။
လူတစ်ယောက် ဓားတစ်လက်ဖြင့် မြို့သုံးမြို့ကို ဖျက်ဆီးလိုက်ခြင်းဖြစ်လေသည်။ များစွာရိုးရှင်းသော ဝါကျတစ်ကြောင်းဖြစ်သည်။ ရူးသွပ်စရာပေပင်။
ဒုံရွှမ်မြို့။
စုရီက ဝါးကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာလှဲလျောင်းပြီး ဝိုင်အိုး ကိုင်လျက် ကောင်းကင်ရှိ သွေးလမင်းထံ တိတ်ဆိတ်စွာ ငေးမောနေသည်။
“ ဒီညတိုက်ပွဲရဲ့ အရည်အချင်းအရ မဟာတာအိုကျောက်စိမ်း ဘယ်နှစ်တုံးလောက် ရနိုင်မလဲဆိုတာ ငါတွေးမိတယ်။ ”
ဒုတိယတိုက်ပွဲကွင်းတွင် သွေးလ ထွက်ပေါ်လာပြီး အချင်းချင်းသတ်ဖြတ်မှုများ ပြုလုပ်ကြ၏။ အဆုံး၌ မနက်လင်းချိန်တွင် ထိုတိုက်ပွဲမှတ်တမ်းများကို အခြေခံပြီး ဆုလာဒ်များပေးအပ်သည်။
ယင်းသည် ကောင်းကင်နှင့် မြေကြီးကြား စည်းမျဉ်းများမှ မွေးဖွားလာသော မဟာတာအို ကျောက်စိမ်းပေပင်။ အရေအတွက်ကို တိုက်ပွဲ မှတ်တမ်းအလိုက်ပေးအပ်၏။
မဟာတာအိုကျောက်စိမ်းဟူသည် ဒုတိယတိုက်ပွဲကွင်းရှိ မူလစွမ်းအားရင်းမြစ်မှ ပေါင်းစပ်ထားသော စွမ်းအင်ဖြစ်သည်။
တာအိုပေါင်းစည်းခြင်း ကျင့်ကြံသူများအတွက် တိုင်းတာ၍မရသော သက်ရောက်မှုရှိ၏။
တစ်ယောက်တည်း အရက်သောက်ကာ အချိန်ဖြုန်းနေစဉ် မိုးလင်းချိန်၌ အရှေ့ဘက်ရွှမ် ဒေသ၏ ကျင့်ကြံသူများပြန်ရောက်လာသည်။
သူတို့က ရတနာအမြောက်အမြားကို ယူဆောင်လာပြီး စုရီရှေ့တွင် တင်ပေးလာ၏။ စုရီက ဒြပ်စင်ငါးပါးကျောက်တုံး သုံးရာကျော်ကို ရွေးချယ်ယူပြီး၊
“ ကျန်တဲ့ ရတနာတွေကို မင်းတို့အချင်းချင်း ခွဲဝေယူလို့ရတယ်။ ”
-ဟု ပြောကြားလိုက်သည်။ လူတိုင်းတိတ်ဆိတ်လျက် မယူဝံ့ချေ။ စုရီက ခေါင်းညိတ်ပြီး၊
“ ယူပါ ... ဒီရတနာတွေက ငါ့အတွက် အသုံးမဝင်ဘူး။ ”
-ဟု ရှင်းပြလိုက်သည်။ ထို့နောက် အချိန်ဆွဲမနေတော့ဘဲ ရတနာများကို လူတိုင်း ထံပါးသို့ ဝေငှပေးလိုက်၏။
အားလုံးသည် ကျေးဇူးတင်စွာဖြင့် စကားမပြောနိုင်ကြတော့ဘဲ နှလုံးသားများ ခုန်ပေါက်လာခဲ့သည်။
စုရီသည် ဒုတိယတိုက်ပွဲကွင်းသို့ ရောက်ရှိလာခဲ့သည်မှာ သုံးရက်မျှသာရှိသေး သော်လည်း မြို့သုံးမြို့ကို သိမ်းယူလိုက်၏။
ဤအရာအားလုံးသည် အိပ်မက်တစ်ခု ကဲ့သို့ပေပင်။ ဒုတိယတိုက်ပွဲကွင်း၌ သူတို့ကို မည်သူမျှ အနိုင်ကျင့်ဝံ့တော့မည်မဟုတ်ချေ။
ဒုတိယတိုက်ပွဲကွင်းအတွင်း ဒိုမိန်းသုံးခု၏ တန်ခိုးကြီးပုဂ္ဂိုလ်အချို့ အသက်ရှင်ကျန်နေသေး သော်လည်း သူတို့မှာပုန်းနေပေတော့မည်။
နောက်တစ်နေ့တွင် ကောင်းကင်မှ ရွှေရောင်ကောင်းချီးမင်္ဂလာရှိသော မိုးတိမ်များ ဖြစ်ပေါ်လာသည်။ စုရီက မြို့ရိုးပေါ်တွင်ရပ်ကာ ထိုအချင်းအရာထံ ငေးကြည့်နေခဲ့၏။
“ ဝှစ် ... ။ ”
သည့်နောက် သူ့လက်ဖဝါးကို ဖွင့်လိုက်သောအခါ တံဆိပ်တစ်ခုပေါ်လာသည်။ ဤသည်မှာ ဒိုမိန်းကွင်းသို့ ဝင်ရောက်ပြီးနောက် သူ့တိုက်ပွဲများကို မှတ်တမ်းတင်ထားသည့် တံဆိပ်ပေပင်။
“ ဝမ် ... ။ ”
တံဆိပ်သည် ရုတ်ချည်း တောက်ပသော အလင်းများကိုထုတ်လွှတ်ပြီး ကောင်းကင်ထံသို့ ထိုးတက်သွားလေသည်။
“ ဝရူး ... ။ ”
ကောင်းကင်ကို ဖုံးအုပ်ထားသော ကောင်းချီးမင်္ဂလာမိုးတိမ်များသည် ပြင်းထန်စွာ တုန်ခါသွား၏။
“ ဝှစ် ... ။ ”
ထို့နောက် မရေမတွက်နိုင်သော အလင်းရောင်များသည် မိုးရေစက်များအလား စုရီထံသို့ ချက်ချင်းတိုးဝင်လာချေပြီ။
အဆုံးတွင် ထိုအလင်းမှုန်းများသည် ကလေးတစ်ဦး၏လက်သီးဆုပ်အရွယ် ဝိညာဉ် ကျောက်တုံးများအဖြစ် ပြောင်းလဲ စုစည်းသွား၏။
ကျောက်တုံးတစ်ခုစီတွင် မူလဖရိုဖရဲစွမ်းအင်များ ကြွယ်ဝစွာပါဝင်နေပြီး သန့်စင်သောရောင်ဝါများ ပြည့်နှက်နေသည်။
“ မဟာတာအို ကျောက်စိမ်း။ ”
မြို့ထဲရှိ အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများမှာ ဤမြင်ကွင်းကိုငေးကြည့်ပြီး မနာလိုမှုများဖြင့် ပြည့်နှက်လာတော့၏။
ဒုတိယတိုက်ပွဲကွင်းတွင် ပြိုင်ဘက် ဆယ်ယောက်ကို သတ်ပြီးနောက် မဟာတာအို ကျောက်စိမ်းတစ်တုံး ရရှိနိုင်ပေမည်။
“ ဝှစ် ... ။ ”
စုရီသည် မြို့သုံးမြို့ဖျက်ဆီးပစ်ခဲ့ရာ မဟာတာအိုကျောက်စိမ်းများမှာ အဆက်မပြတ် ကျဆင်းနေ၏။
ဤမြင်ကွင်းသည် အံ့ဖွယ်အမှုတစ်ခုမျှသာ ဖြစ်သည်။ နောက်ဆုံး၌ စုရီသည် မဟာတာအို ကျောက်စိမ်း တစ်ရာ့ခုနစ်ဆယ် ရရှိခဲ့၏။
တစ်နည်းအားဖြင့် ရန်သူပေါင်း တစ်ထောင့်ခုနစ်ရာ့ကိုးဆယ် သတ်ဖြတ်ခြင်းဟု ယူဆနိုင်သည်။ ဤသည်မှာ အတိတ်ကာလ၌ မည်သူမျှ မရရှိနိုင်ခဲ့သော သတ်ဖြတ်မှု မှတ်တမ်းမျိုးပေပင်။
မဟာတာအို ကျောက်စိမ်းများကို သိမ်းဆည်းလိုက်ပြီးနောက် စုရီတစ်ယောက် ပြန်လှည့်ကာ ကျင့်ကြံရန်ပြင်တော့၏။
မဟာတာအို ကျောက်စိမ်းနှင့် ဒြပ်စင်စင်ငါးပါးကျောက်တုံးများ သူ့ရှေ့တွင် တောင်ကုန်းငယ်တစ်ခုပမာ ထွက်ပေါ် လာလေသည်။
ဤနည်းဖြင့် အချိန်များကုန်လွန်ကာ လဝက်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ကျင့်ကြံမှုသည် နတ်ဝိညာဉ်အလယ်အလတ် အဆင့် ရောက်ရှိသွားပြီး နတ်ဝိညာဉ် သန္ဓေသားသည် ပိုမိုသန့်စင်လာ၏။
ထိုစွမ်းအားသည် ပို၍ပင် အံ့သြဖွယ်ကောင်းနေပြီး တိမ်ပေါ်ပျံသန်းခြင်း အဆင့် ကျင့်ကြံသူများကို ရှက်ရွံ့စေသည်။
တစ်ဖက်တွင် ဤလဝက်အတွင်း ဒုတိယတိုက်ပွဲကွင်းသည် ထူးထူးခြားခြား ငြိမ်သက်နေတော့၏။
အရှေ့ဘက်ရွှမ်မြေမှ ကျင့်ကြံသူများသည် စိုးရိမ်ပူပန်မှုမရှိတော့ဘဲ ဒုတိယတိုက်ပွဲကွင်း၏ နေရာအနှံ့အပြားထံ သွားရောက်ကာ အခွင့်အလမ်းများ ရှာဖွေကြသည်။
သူတို့အတွက် ပထမတိုက်ပွဲကွင်းသို့ ဝင်ရောက်ရန်မဝံ့ချေ။ တစ်ခုတည်းသောဆန္ဒမှာ ကျင့်ကြံရန်အတွက် အခွင့်အလမ်းများရှာဖွေပြီး အဆုံးတွင် အသက်ရှင်ကျန်ရစ်စေရန်ပေပင်။
နောက်ထပ် တစ်လ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ယနေ့တွင် စုရီ၏ ကျင့်ကြံမှုသည် စစ်မှန်သော အသွင်ပြောင်းမှု နယ်မြေထံ ရောက်ရှိသွား၏။
ထိုအချိန်တွင် သူစုဆောင်းထားသော မဟာတာအိုကျောက်စိမ်းနှင့် ဒြပ်စင်ငါးပါး ကျောက်တုံးများ လုံးဝသန့်စင်ပြီးဖြစ်၏။
“ တခြားသူတွေသာဆိုရင် ဒီရတနာတွေနဲ့ အဓိကနယ်ပယ်ကြီးကိုတောင် အခက်အခဲမရှိဘဲ အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မယ် ...
... ဒါပေမယ့် ငါ့အတွက်တော့ ငါ့ရဲ့ကျင့်ကြံမှုကို နတ်ဝိညာဉ် နှောင်းပိုင်းအဆင့် အထိပဲ ချိုးဖျက်နိုင်ခဲ့တယ်။”
စုရီတစ်ယောက် ကူကယ်ရာမဲ့သွားသည်။ သူ့အတွက် အရင်းအမြစ်များ လိုအပ်ချက်သည် အဆုံးမဲ့လာချေ၏။
မည်သို့ပင်ဆိုစေကာမူ ကျေနပ်ဖွယ် ရလာဒ်ပေပင်။ လွန်ခဲ့သောတစ်လလောက်က သူ့ကျင့်ကြံမှုသည် ကနဦးနတ်ဝိညာဉ်အဆင့်သာ ဖြစ်လေသည်။
သို့သော် ခွန်အားအရာ၌မူ ဝမ်ယဲ့၏အမြင်ဖြင့်ပင် အကဲဖြတ်ရန် ခက်ခဲ လာစေသည်။ အမှန်အတိုင်းဝန်ခံရပါမူ စုရီ လျှောက်နေသောလမ်းသည် မကြုံစဖူးဖြစ်ပြီး ထိုဝမ်ယဲ့ပင် မကြုံဖူးကြောင်းသေချာ၏။
“ ပထမတိုက်ပွဲကွင်းကို သွားဖို့ အချိန်တန်ပြီ။ ”
စုရီက တိုးတိုးလေးပြောလိုက်သည်။ ထို့နောက်ထရပ်ပြီး တခြားသူများကို နှုတ်ဆက် လိုက်လေသည်။
ထိုသူများသည် စုရီတစ်ယောက် ဒုတိယစစ်မြေပြင်၌ ကြာကြာမနေတော့မည်ကို သိထားပြီးဖြစ်၏။ သို့သော် ဤမျှ မြန်မြန် ထွက်ခွာလိမ့်မည်ဟု မထင်ထားချေ။
“ သခင်စု၊ ကျေးဇူးပြုပြီး ငါတို့မင်းကို ကောင်းကင်မျှော်စင်ဆီ လိုက်ပို့ပါရစေ။ ”
တစ်စုံတစ်ဦး တောင်းဆိုလာ၏။ ပထမတိုက်ပွဲကွင်းထံသို့ တက်လှမ်းလိုသော် မဟာတာအိုစည်းမျဉ်းများဖြင့် စုစည်းထားသော ကာကွယ်သူ(၃၆)ယောက်ကို အနိုင်ယူရပေမည်။
ထိုကာကွယ်သူများသည် တာအိုပေါင်းစည်းခြင်း အထွတ်အထိပ်တွင် ရှိနေကြ၏။ ဤသို့သောစိန်ခေါ်မှုမျိုးသည် စုရီအတွက် ပြဿနာမရှိနိုင်ချေ။
သို့သော် မြင်လိုသေး၏။ စုရီက ခေါင်းညိတ် ပြလိုက်သည်။ သည့်နောက် ချက်ချင်းပင်ဒုတိယ စစ်မြေပြင်အလယ်ဗဟိုရှိ ကောင်းကင် မျှော်စင်ထံ ထွက်ခွာလာခဲ့ကြသည်။
ကောင်းကင်မျှော်စင်။ ဤသည်မှာ တာအိုဘုံကျောင်းနှင့်ဆင်တူပြီး ပေတစ်ထောင် မြင့်မားချေသည်။
“ သခင်စု ဒိုမိန်းစစ်မြေပြင် ဖွင့်လှစ်ပြီးတဲ့နောက် ပထမဆုံးသွေးလမင်း ပေါ်ထွက်လာတဲ့ညမှာ နယ်မြေသုံးခုက ...
... ထိပ်တန်းပုဂ္ဂိုလ်တစ်စုဟာ ဒီစမ်းသပ်မှုကိုဖြတ်ကျော်ပြီး ပထမတိုက်ပွဲကွင်း ဆီကို တက်ရောက်သွားခဲ့ပါတယ်။ ”
ကျန်းယွမ်က ကောင်းကင်မျှော်စင်ထံ ငေးကြည့်ကာ ရုတ်တရက်ပြောကြားလိုက်၏။
“ စမ်းသပ်မှုအောင်မြင်တဲ့ သူတွေထဲ မြောက်ပိုင်းအမှောင်မြေရဲ့ ဟွမ်ချင်းဆောင်လို့ ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ...
... အဆင့် (၃၃)နေရာကို ရရှိသွားတယ်လို့ ပြောသံကြားမိတယ် အဲဒီတုန်းက ကောင်းကင် မျှော်စင်မှာ ဖြစ်ရပ်ဆန်းတစ်ခုတောင် ဖြစ်ပေါ်လာခဲ့သေးတယ်။”
စုရီက တုန့်ပြန်မှုမပြဘဲ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ ထိုအပြုအမူကြောင့် ကျန်းယွမ်အပါအဝင် လူတိုင်းမျက်ခုံးပင့်၏။
သူတို့အတွက် ဟွမ်ချင်းဆောင်၏ အဆင့်သည် အိပ်မက်ပင် မမက်နိုင်ခဲ့လှသော တည်ရှိမှုတစ်ခုဖြစ်၏။ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် ဟုပင် ခေါ်ဆိုနိုင်ချေသည်။
သို့သော် စုရီအမြင်၌ ထူးခြားပုံမပြချေ။ စုရီက ကောင်းကင်မျှော်စင်ပေါ် ပျံသန်းကာ၊
“ ကောင်းပြီ၊ မင်းတို့ဒီကနေ ကြည့်လို့ရတယ်။ ”
-ဟု ဆိုလိုက်တော့၏။
“ ဝမ် ... ။ ”
ထိုစဉ် ကောင်းကင်မျှော်စင်ပေါ်ရှိ စည်းမျဉ်းစွမ်းအားများသည် လှိုင်းထန်လာပြီး ချက်ချင်းပင် ဝိညာဉ်ပုံရိပ်ပေါ်လာ၏။
အနက်ရောင် သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားသော တိုက်ပွဲဝင်ဓားတစ်လက် ကိုင်ဆောင်ထားသည့် ကာကွယ်သူ တစ်ဦးပေပင်။
ထိုကာကွယ်သူ၏ ကျင့်ကြံမှုသည် တာအိုပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားချေ၏။
ဤတံခါးစောင့် (၃၆)ယောက်ကို အနိုင်ယူနိုင်မှသာလျှင် ပထမတိုက်ပွဲကွင်းသို့ ဝင်ရောက်ခွင့်ရပေမည်။
“ သတ် ... ။ ”
တံခါးစောင့်က တိုက်ပွဲဝင်ဓားကို ဝှေ့ယမ်းလိုက်ပြီး စုရီထံသို့ပြေးဝင်လာ၏။ စုရီမှ ဂရုမစိုက် လက်ဓားဖြင့် လွှဲခုတ်ပစ်လိုက်သည်။
“ ဘန်း ... ။ ”
ပေါက်ကွဲသံနှင့်အတူ ထိုသူပုံရိပ်သည် လေထုအလယ် အလင်းရောင်မိုးရေစက်များ သဖွယ် ပြောင်းလဲသွားခဲ့၏။
ချက်ချင်း နောက်ထပ် ကာကွယ်သူ တစ်ယောက် ထွက်ပေါ်လာသည်။ ဤတစ်ကြိမ် ကာကွယ်သူသည် လှုပ်ရှားမှုမပြုလုပ်နိုင်ခင် စက္ကူတစ်စလိုကြေမွသွားတော့၏။
လွယ်ကူလွန်းသော ထိုမြင်ကွင်းသည် အရှေ့ဘက်ရွှမ်ဒေသမှ လူများကို မယုံနိုင်စွာ ငေးမောသွားစေသည်။
စုရီအတွက် ဤစမ်းသပ်မှုသည် ပျင်းစရာကောင်းလှသည်ကို သံသယဖြစ်စရာ မလိုချေ။ မျက်စိတစ်မှိတ်အတွင်း ကာကွယ်သူ (၃၆)ယောက် ရှုံးနိမ့်သွား၏။
“ ဘရူး ... ။ ”
ထို့နောက် ကောင်းကင်မျှော်စင်မှ မြည်သံပြုလျက် ဒုတိယတိုက်ပွဲကွင်းတစ်ခုလုံး တာအိုတေးသံများ ပဲ့တင်ထပ်သွားသည်။
ဖြစ်စဉ်သည် အံ့မခန်းပေပင်။ တစ်ချိန်တည်းမှာပင် စုရီနာမည်သည် ရွှေရောင် အလင်းများတောက်ပလျက် မျှော်စင်ပေါ်၌ ထွက်ပေါ်လာလေသည်။
ပထမတိုက်ပွဲကွင်း မဟာတာအို ကျောက်တိုင်တွင် သူ့နာမည်ချန်ထားခဲ့သလို ပေပင်။ ထိုရွှေရောင်အမည်မှာ မျှော်စင်ထိပ်သို့ ချက်ချင်းခုန်တက်သွားသည်။
သည့်နောက် ဒုတိယတိုက်ပွဲကွင်း၏ စည်းမျဉ်းစွမ်းအားများကြောင့် မှုန်ဝါးနေသော သူ့နာမည်ကို ကိုယ်စားပြုသည့် တာအိုအလင်း တစ်စ ကောင်းကင်ပေါ်ပျံတက်သွားခဲ့၏။
“ မဆိုးပါဘူး ... အနည်းဆုံးတော့ ငါ့ရဲ့အစွမ်းသတ္တိဟာ တစ်ချိန်ကစိန်ခေါ်ခဲ့တဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေ အားလုံးထက် အများကြီးသာလွန်နေတယ်။ ”
စုရီက သူ့ခွန်းအားကို အကြမ်းဖျင်း သိရှိသွားသဖြင့် ကျေနပ်သွားပြီး လူအုပ်ကြီးထံ ပြန်လှည့်ကြည့်ကာ၊
“ နှုတ်ဆက်ပါတယ်။ ”
-ဟု ပြောကြားလိုက်၏။
“ ဂရုစိုက်ပါ သခင်စု။ ”
သို့မှသာ လူတိုင်းသတိဝင်လာပြီး ဦးညွှတ်လျက် နှုတ်ဆက်လိုက်ကြလေသည်။ ခဏအတွင်းမှာပင် စုရီ၏ပုံရိပ်သည် စည်းမျဉ်း စွမ်းအားများ ဖုံးလွှမ်းလာကာ မှုန်ဝါး ပျောက်ကွယ်သွားတော့၏။
***