← Chapters

အခန်း (၁၁၁၁-၁၁၁၂)

Vol. 93 Ch. 1111-1112

အခန်း (၁၁၁၁-၁၁၁၂)

Vol. 93 Ch. 1111-1112

အခန်း ၁၁၁၁ -

ကောင်းကင်မီးလျှံ မိုးပြာစပါးအုံးမြွေ။

ပထမတိုက်ပွဲကွင်း။ ကောင်းကင်နှင့် မြေကြီးကြား သွေးအလင်းများ ဖုံးလွှမ်းနေသော လွင်ပြင်ကြီးအတွင်း တစ်နှစ်ပတ်လုံး လေပြင်းများ တိုက်ခတ်နေ၏။

ထိုအရပ်ကို တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျင့်ကြံသူများသည်ပင် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားကြသည်။

ယခင်ကာလများ၌ ပထမတိုက်ပွဲကွင်းကို ဝင်ရောက်သော ကျင့်ကြံသူတိုင်း ထိုအရပ်ထံ မဝင်ရောက်ဝံ့ချေ။ လွင်ပြင်အလယ်ဗဟိုတွင် အနက်ရောင်လျှပ်စီးများ လွှမ်းခြုံနေသော တောင်တစ်လုံးရှိသည်။

ပြင်းထန်သော မိုးကြိုးမုန်တိုင်းများက တောင်ပေါ်ကနေ လျှပ်စီးများအဖြစ်ပြန့်ကား လာကာ နားကွဲမတတ် ဟိန်းဟောက်နေ၏။

ကြောက်စရာကောင်းသော ဖျက်ဆီးခြင်းအရှိန်အဝါသည် ထိုအနားတဝိုက် လေဟာနယ်ကို ပုံပျက်စေသည်။

“ ဝှစ် ... ။ ”

ရုတ်တရက် မိုးကြိုးမုန်တိုင်းများ ဖုံးလွှမ်းနေသော ထိုတောင်ပေါ်သို့ ပုံရိပ်တစ်ခု ပြုတ်ကျလာ၏။

“ ဟမ့် ... ။ ”

သို့သော် မှုန်ဝါးဝါး နတ်ဘုရား ရောင်ခြည်တန်းတစ်ခုက ထိုပုံရိပ်ကို ရစ်ပတ် ထောက်ပံ့ပေးပြီး တောင်ခြေသို့ ညင်သာစွာ ဆင်းသက်စေခဲ့သည်။

ဤသည်မှာ လှပသောအသွင်ဖြင့် မျက်ခုံးနှစ်ခုကြား၌ မြွေတစ်ကောင် သူ့အမြီးကို သူပြန်မျိုနေသည့် တံဆိပ်အသက်ဝင်နေသည့် အမျိုးသမီးတစ်ယောက်ပေပင်။

“ သေစမ်း ... မအောင်မြင်ပြန်ဘူး။ ”

ပြင်းထန်သော အနက်ရောင် လျှပ်စီးကြောင်းများသည် တိမ်ပေါ်ပျံသန်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ပင် အလွယ်တကူ ဆုတ်ဖြဲနိုင်သည်။

သို့သော် ထိုအမျိုးသမီးအတွက်မူ ထိရောက်မှုမရှိခဲ့ချေ။ အမျိုးသမီးမှာ ထာဝရ ဝိညာဉ်သခင်အားချိုင်ဖြစ်သည်။

သူမခန္ဓာကိုယ်ကို ထိမှန်သော လျှပ်စီးများသည် ပျက်ပြယ်လျက် စိတ်ပျက်စွာ တောင်ထိပ်ရှိ အနက်ရောင် လျှပ်စီးရေကန်ထံ မော့ကြည့်လိုက်သည်။

ရေကန်သည် လေဟာနယ်ဖျက်ဆီးခြင်း အင်မော်တယ်လျှပ်စီး အနှစ်သာရများဖြစ်၏။ ၎င်းအတွင်း ဖရိုဖရဲစွမ်းအင်များပါရှိသော သဘာဝရတနာတစ်ခု မွေးဖွားနေသည်။

ကံမကောင်းစွာဖြင့် သူမသည် ပထမတိုက်ပွဲကွင်းသို့ ဝင်ရောက်လာတည်းက ရယူရန် ကြိုးစားနေခဲ့သော်လည်း မအောင်မြင်ချေ။

အနက်ရောင် လျှပ်စီးကြောင်းများသည် အလွန်ကြောက်စရာကောင်းလွန်းပြီး ဤပထမ တိုက်ပွဲကွင်း၏ စည်းမျဉ်းများပေပင်။

“ တာအိုစု ပထမတိုက်ပွဲကွင်းကို ဝင်လာပြီလားလို့တွေးမိပါတယ် ဒီတစ်ကြိမ် ကြိုးစားလို့မှမရရင် ဧည့်ကြိုလွင်ပြင်ကိုသွားပြီး သူရဲ့အကူအညီယူရမယ်။ ”

ဧည့်ကြိုလွင်ပြင်။

ဧည့်ကြိုလွင်ပြင်ဟူသည် ပထမတိုက်ပွဲကွင်း၏ အဓိကဒေသဖြစ်သည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့တွင် တောင်ထိပ်တစ်ခုစီရှိ၏။

တောင်ထိပ်တိုင်းတွင် သက်ဆိုင်ရာ ဒေသများမှ ကျင့်ကြံသူများ တည်းခိုကြရန် အဆောက်အဦးများ ရှိသည်။

တောင်ထိပ်လေးခုအလယ်တွင် ပေတစ်ထောင်ခန့်ကျယ်သော တိုက်ခိုက်ကွင်း တစ်ခုရှိ၏။ ထိုတိုက်ခိုက်ကွင်း၌ ရှုပ်ထွေးသော ရူရ်များ ရေးထိုးထားသည်။

တစ်နှစ်ကုန်ဆုံးပြီးနောက် ထိုအရပ်၌ အင်မော်တယ်ပလက်ဖောင်း ပေါ်လာပေမည်။ ထိုအချိန်တွင်မည်သူမဆို ထိုပလက်ဖောင်းထံ တက်လှမ်းနိုင်ပါက အင်မော်တယ်မြေသို့ ခြေချခွင့်ရပေမည်။

ယင်းကြောင့် လူတိုင်းသည် ဧည့်ကြိုလွင်ပြင်၌ နားခိုကြကာ အချင်းချင်း တိုက်ပွဲများဆင်နွှဲလျက် ရမှတ်များ စုဆောင်း တတ်ကြချေပြီ။

ယနေ့တွင် အင်မော်တယ်ပလက်ဖောင်း ထွက်ပေါ်လာခြင်းမရှိသေးကြောင့် လူအချို့က တိုက်ပွဲကွင်း၌ တိုက်ပွဲဆင်နွှဲနေ၏။

“ သတ် ... ။ ”

ရုတ်တရက် တိုက်ပွဲကွင်းမှ ပြင်းထန်သော တိုက်ပွဲဖြစ်ပွားနေသံများ ထွက်ပေါ်လာသည်။ တောင်ထိပ်အသီးသီးရှိ အဆောင်များရှေ့တွင် လူအချို့က ထိုတိုက်ပွဲထံကြည့်နေ၏။

မြောက်ပိုင်းအမှောင်ဒေသနှင့် တောင်ပိုင်းမီးလျှံဒေသကမှ အမျိုးသားနှစ်ဦး ဖြစ်ပြီး တိမ်ပေါ်ပျံသန်းခြင်းအဆင့် ခွန်အားကို အပြည့်အဝထုတ်ဖော်ထားသည်။

ဤသည်မှာ အနိုင်အရှုံး ယှဉ်ပြိုင်ရုံမျှသာဖြစ်ပြီး ရှုံးနိမ့်သူသည် ရမှတ် တဝက်တိတိပေးအပ်ရပေမည်။

တစ်နည်းအားဖြင့် တိုက်ပွဲတွင် နှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်သော် ရမှတ်အားလုံး ဆုံးရှုံးကာ အင်မော်တယ် ပလက်ဖောင်းပေါ် တက်ရောက်ခွင့်ဆုံးရှုံးပေမည်။

ဆန့်ကျင်ဘက်အနေနှင့် တိုက်ပွဲအောင်မြင်မှုများ စုဆောင်းထားနိုင်လေ အကျိုးကျေးဇူးပိုများလေပေပင်။

အထူးသဖြင့် အင်မော်တယ် ပလက်ဖောင်းကျဆင်းလာသောအခါ တိုက်ပွဲ အောင်မြင်မှုမှတ်တမ်း မြင့်မားနေသူသည် အင်မော်တယ်ချီကို ပိုမိုရရှိမည်ဖြစ်သည်။

အင်မော်တယ်ချီသည် သာမန် ဝိညာဉ်စွမ်းအင်မျိုးမဟုတ်ဘဲ အင်မော်တယ် တာအိုမှ ပေါက်ဖွားလာသော အင်မော်တယ် မူလစွမ်းအားတစ်ခုပေပင်။

ကျင့်ကြံသူတစ်ယောက်သည် အင်မော်တယ်ချီများများ သန့်စင်ထားနိုင်သော် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိချိန်တွင် အုတ်မြစ်သန်မာပေမည်။

“ မင်း ရှုံးပြီ ... ။ ”

ထိုစဉ် မြောက်ပိုင်းအမှောင်ဒေသမှ ကျွမ်းကျင်သူသည် သူ့ပြိုင်ဘက်ကို ပြတ်ပြတ် သားသားအနိုင်ရသွားသည်။

တိုက်ပွဲမှတ်တမ်း တစ်ဝက်သည် ရှုံးနိမ့်သူထံမှ ပျောက်ကွယ်သွားပြီး အနိုင်ရသူ၏ တံဆိပ်တွင် ပေါင်းထည့်သွား၏။

အဝေးတွင် ဖျင်ကြမ်းဝတ်လုံနှင့် ကြေးဝါမျက်နှာဖုံးတပ် အမျိုးသမီးတစ်ဦးသည် တိုက်ပွဲတစ်ခုလုံးကို ကြည့်နေခဲ့သည်။

သို့သော် သူမမျက်ဝန်းများတွင် ပျင်းရိနေသော အငွေ့အသက်များ ရစ်သိုင်းပြီး တိုက်ပွဲအပေါ် အာရုံမရှိချေ။ ယင်းအစား သူမ ပတ်ဝန်းကျင်ရှိ ဥပဒေစည်းမျဉ်းများကို ခံစားကြည့်ကာ၊

“ ငါ့အစွမ်းနဲ့ဆိုရင် ဒီတိုက်ပွဲကွင်းရဲ့ စည်းမျဉ်းကို ရှောင်လွှဲနိုင်ပေမယ့် အင်မော်တယ် နယ်မြေရဲ့ စည်းမျဉ်းတွေကိုတော့ ...

... ရှောင်လွှဲလို့မရနိုင်ဘူး အင်မော်တယ် ပလက်ဖောင်းပေါ်လာတဲ့အခါ ခိုးဝင်ဖို့အတွက် အတော်ခက်လိမ့်မယ် ... ဒါက တကယ့်ကို ခေါင်းကိုက်စရာပါပဲ။ ”

-ဟု တိုးတိုးလေး ညည်းတွားလိုက်၏။

တစ်ဆက်တည်းမှာပင် နှာခေါင်းကို ပွတ်သပ်ရန် လက်မြှောက်လိုက်သော်ငြားလည်း ကြေးဝါမျက်နှာဖုံးမှ သူမထံတားဆီးထားသဖြင့် ရပ်တန့်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်စွာ လက်ခါယမ်းလိုက်ရသည်။

“ သခင်စု မရောက်သေးဘူးလား။ ”

“ မရောက်သေးဘူး။ ”

“ သခင်စုသာ ရောက်လာရင် ... အခုလိုငါတို့အပေါ် ဖိနှိပ်ထားတာတွေကနေ လွတ်မြောက်နိုင်မယ်။ ”

ရုတ်တရက် မဝေးလှသော အရပ်ထံမှ အသံများ အမျိုးသမီးနားထဲ ရိုက်ခတ်လာသည်။ ထို့ကြောင့် အမျိုးသမီးသည် ကျောက်စိမ်းရောင် ဝတ်လုံနှင့် ယုတ်မာလွန်းသောလူငယ်ကို ချက်ချင်းသတိရလာ၏။

“ ဘယ်လောက် ပျင်းစရာ ကောင်းလိုက်လဲ။ ”

သို့သော် အဆုံးတွင် တွေးရန် ပျင်းရိလာပြီးခေါင်းရမ်းလျက် လှည့်ထွက်သွား တော့၏။ ဤအရပ်တွင် သူမ စိတ်ဝင်စားသည့် တစ်စုံတစ်ရာမရှိချေ။

မြူခိုးများ ဖုံးလွှမ်းနေသော ရွှံ့နွံထဲတွင် တောင်ပိုင်းမီးလျှံဒေသမှ ကျင့်ကြံသူများသည် စိမ်းပြာရောင် စပါးကြီးမြွေတစ်ကောင်ကို အင်အားအပြည့်ဖြင့် တိုက်ခိုက်နေ၏။

စိမ်းပြာရောင် စပါးကြီးမြွေကြီး၏ ဦးခေါင်းပေါ်တွင် သွေးနီရောင်ဦးချိုတစ်ချောင်း ပါရှိပြီး အလျားမှာ တောင်တန်းတစ်ခုနီးပါး ရှည်လျားချေပြီ။

ခန္ဓာကိုယ်တစ်ခုလုံး ထူထဲသော စိမ်းပြာရောင်အကြေးခွံများ ဖုံးလွှမ်းနေခဲ့ပြီး ဝမ်းဗိုက်တွင် ခြေလက်လေးချောင်း ထွက်နေ၏။

ဤသည်မှာ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားတော့မည့် လက္ခဏာမျိုး ပေပင်။ အလွန်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်း၏။

မိုးကြိုးမုန်တိုင်းအလား လျင်မြန်စွာ ရွေ့လျားကာ အစိမ်းရောင်မြူနှင့် နတ်မီးလျှံများ တောက်လောင်နေ၏။ ဒဏ်ရာများပြင်းထန်နေ သော်လည်း ရန်သူကိုလွတ်လမ်း မပေးချေ။

“ မကြောက်ပါနဲ့၊ ဒီသားရဲက ပြိုလဲတော့မယ်။ ”

တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျွမ်းကျင်သူများစွာသည် ရောင်ဝါများဖြင့် ပတ်ဝန်းကျင်ထံ ပေါင်းစပ်ပိတ်ဆို့ထားတာ အော်ဟစ်နေ၏။

ပထမတိုက်ပွဲကွင်းတွင် ဧည့်ခံလွင်ပြင်မှတပါး နေရာတိုင်း၌ အသက်ကို ခြိမ်းခြောက်နိုင်သော အန္တရာယ်များနှင့် ပြည့်နှက်နေချေပြီ။

အခွင့်အရေးတိုင်းသည် အန္တရာယ်နှင့် ဒွန်တွဲနေထိုင်သည်ဟူသည့် စကားများအတိုင်း ရှားပါးသော ကံကြမ္မာများသည်လည်းရှိ၏။

ဥပမာအားဖြင့် ဤစိမ်းပြာရောင် စပါးကြီးမြွေသည် ပြင်ပကမ္ဘာတွင် ကြာမြင့်စွာ တည်းက ပျောက်ကွယ်နေသော ကောင်းကင် မီးတောက် မိုးပြာစပါးအုံးမြွေ ပေပင်။

ရှေးဟောင်းမျိုးစိတ်တစ်ခုဖြစ်၏။ နဂါးအဖြစ်ပြောင်းလဲနိုင်သော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် ရတနာသိုက်ကြီးပေပင်။

အရေးကြီးဆုံးမှာ ပထမတိုက်ပွဲကွင်း၌ ကောင်းကင်မီးလျှံ မိုးပြာစပါးအုံးမြွေကြီးကဲ့သို့ နတ်ဆိုးသားရဲများသည် ကျင့်ကြံသူများအတွက် မျက်စိကျစေသည့် သားကောင်းပေပင်။

ထို့ကြောင့် ဒိုမိန်းလေးခု၏ ကျင့်ကြံသူများသည် အုပ်စုဖွဲ့အမဲလိုက်ခြင်းကို ပြုလုပ်တတ်ကြသည်။

ဤနည်းဖြင့် ရှားပါးရတနာများ၊ တန်ဖိုးရှိသောကံကြမ္မာနှင့် တိုက်ပွဲရမှတ်များ ပိုင်ဆိုင်နိုင်ပေမည်။

“ ဝူး ... ။ ”

“ ဘုန်း ... ။ ”

ရုတ်တရက် ကောင်းကင်မီးလျှံ မိုးပြာစပါးအုံးမြွေမှ ကျယ်လောင်စွာဟောက်သံ ပြုလျက် ရန်သူများကိုခါထုတ်ကာ ရွှံ့နွံထဲသို့ ထွက်ပြေးရန် လှည့်သွားသည်။

“သူ့နောက်ကိုလိုက် ... ။ ”

“ မြန်မြန်၊ ဒီသားရဲက ကြာကြာ မခံနိုင်တော့ဘူး မလွတ်စေနဲ့။ ”

တောင်ပိုင်းမီးနယ်မြေမှ ကျွမ်းကျင်သူများသည် ချက်ချင်း စိတ်လှုပ်ရှား လာကြတော့၏။

လူတိုင်းဒဏ်ရာရပြီး ဝမ်းနည်းစရာ အခြေအနေတွင်ရှိနေသော်လည်း ဂရုမစိုက်ဘဲ ချက်ချင်း လိုက်လံရှာဖွေသည်။

ရွှံ့နွံသည် ကျယ်ပြောပြီး မြူများ ဖုံးလွှမ်းနေကာ အကိုင်းအခက်မြင့်မားသော သစ်ပင်ကြီးများဖြင့် ပိန်းပိတ်နေ၏။

“ ‌ဝရော ... ။ ”

ကောင်းကင်မီးလျှံ မိုပြားစပါးအုံးမြွေသည် မယုံနိုင်လောက်အောင် မြန်နှုန်းဖြင့် ရွေ့လျားပြီး လမ်းတစ်လျှောက် သစ်ပင်များစွာကို ဝင်တိုက်သွားလေသည်။

“ ရွှပ် ... ။ ”

ထိုစဉ် ထက်ရှသော ခံစားချက်နှင့်အတူ အလင်းရောင်တစ်စ ကောင်းကင်မှကျဆင်းပြီး စပါးအုံးမြွေ၏ဦးခေါင်းကို ရွှံ့နွံထဲသို့ ချက်ချင်းနစ်မြုပ်ပစ်လိုက်၏။

“ ဝူး ... ။ ”

“ ဘန်း ... ဘန်း ... ။ ”

ကျယ်လောင်သော ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ကြီးမားလှသောခန္ဓာကိုယ်မှာ ရွှံ့နွံများကို တဝုန်းဝုန်းရိုက်ခတ်လျက် ရေးများ နေရာအနှံ့ ပက်ဖျန်းသွားစေသည်။

တောင်ပိုင်းမီးလျှံနယ်မြေမှ ကျွမ်းကျင်သူများသည် ဝမ်းသာအားရဖြင့် အပြေးအလွှားရောက်ရှိလာကြ၏။

သို့သော် ရွံ့နွံအထက်တွင် ရပ်နေသော ပုံရိပ်တစ်ရိပ်ကြောင့် မျက်ဝန်းများမှေးစင်းလျက် လူတိုင်းရပ်တန့်ကုန်သည်။

ကျောက်စိမ်းရောင် ဝတ်ရုံသည် လေထဲ တဖျပ်ဖျပ်ခတ်လျက် ခန့်ညားထည်ဝါလွန်းသော လူငယ်တစ်ယောက်ဖြစ်၏။ သူ့ပတ်ဝန်းကျင်၌ သာလွန်ထူးခြားသောလေထု ရစ်ဝဲနေသည်။

အလွန်ငယ်ရွယ်ပြီး မည်သည့် ကျင့်ကြံမှုရောင်ဝါကိုမျှ ခံစားရခြင်းမရှိချေ။ ထူးဆန်းပြီး ပုံမှန်မဟုတ်သောပုံပေါက်နေ၏။

“ ဒါဆို အရှေ့ဘက် ရွှမ်ဒေသရဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ”

အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သက်သာရာရသွား ဟန်ဖြင့် ရှေ့သို့တိုးလာကာ လေးစားစွာ ဦးညွှတ်လိုက်သည်။

“ ငါတို့က တောင်ပိုင်းမီးနယ်မြေရဲ့ မိုးပြာမူလတာအိုခြံဝင်းကနေ လာကြတာပါ ဒီသားရဲကိုသတ်ဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

သူ့စကားနှင့် လုပ်ရပ်များသည် အလွန်ယဉ်ကျေးပြီး လိမ်လည်လှည့်ဖျားသည့် အသွင်အပြင်မျိုးမရှိချေ။ စုရီက ခေါင်းညိတ်ကာ စပါးအုံမြွေထံ လက်ညှိုးထိုးပြလျက်၊

“ ဒီသားရဲကို မင်းဘယ်လိုခွဲဝေချင်လဲ။ ”

-ဟု တိုက်ရိုက်မေးလိုက်သည်။

အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အံ့အားသင့်သွားပြီး ချက်ချင်း ပြန်မော့ကြည့်လိုက်သည်။

တစ်ဖက်လူသည် တိုက်ရိုက်ဆန်ချေ၏။ ခဏမျှစဉ်းစားပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားက၊

“ မင်းကို (၃၀)ရာခိုင်နှုန်းပေးမယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ (၃၀)ရာခိုင်နှုန်းပဲလား မလုံလောက်ဘူး။ ”

စုရီက အေးစက်စွာပြော၏။ အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားမှ မကျေမနပ်ဖြင့် သူ့အဖော်များထံ လှည့်ကြည့်လိုက်သည်။

အဆုံး၌ သက်ပြင်းချကာ၊

“ ဒါဆို ထက်ဝက်ခွဲကြည့်ရအောင် ... ဒါငါတို့ရဲ့ အရက်ရောဆုံးဆန္ဒပဲ။ ”

-ဟု ပြောကြာလိုက်၏။

ယင်းသည် စုရီကို မျက်ခုံးပင့်သွားစေသည်။ သူသည် ရေအတိမ်အနက်ထံ စမ်းကြည့်နေခြင်း ဖြစ်၏။ သို့သော် တစ်ဖက်လူသည် လိုက်လျော ပေးနေချေပြီ။

“ မေးခွန်းတစ်ခုဖြေပေးရင် ငါရဲ့ဝေစုကို မင်းတို့ပိုင်တယ်။ ”

စုရီ၏ စကားကြောင့် အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်း ပြုံးရွှင်သွားပြီး၊

“ ကျေးဇူးပြုပြီး မေးပါ။ ”

-ဟု ဆိုလိုက်၏။

“ မင်းတို့ဘာလို့ ငါ့ကိုသတ်ပြီး တိုက်ပွဲရမှတ်တွေကို မယူရတာလဲ ဝေစုလည်း ခွဲပေးစရာမလိုဘူးမဟုတ်လား။ ”

အရှေ့ဘက် ရွှမ်ဒေသနှင့် တောင်ပိုင်းမီးလျှံနယ်မြေသည် သဘာဝအတိုင်း ရန်သူများဖြစ်၏။ ဤသို့ လိုက်လျောပေးစရာ အကြောင်းမရှိချေ။

တစ်ဖက်တွင် စုရီမေးခွန်းသည် တောင်ပိုင်းမီးလျှံမြေ၏ ကျွမ်းကျင်သူများကို အံ့အားသင့်သွားစေသည်။ ဤမေးခွန်းသည် မိုက်မဲလွန်းချေ၏။

***

  အခန်း ၁၁၁၂ -

ပထမတိုက်ပွဲကွင်း၏ စည်းမျဉ်းများ ... ။

ခဏမျှတိတ်ဆိတ်သွားပြီးနောက် အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားမှ စုရီထံ ပြန်ကြည့်ကာ၊

“ တာအိုမိတ်ဆွေ ... မင်းက အခုမှ ပထမတိုက်ပွဲကွင်းကို ရောက်လာတာလား။”

-ဟု မေးမြန်းလိုက်သည်။ စုရီက ခေါင်းညိတ်ပြ၏။ သို့မှသာ လူတိုင်းက နားလည် သဘောပေါက်သွားကြသည်။

တစ်ဖက်တွင် ဒုတိယတိုက်ပွဲကွင်းမှ ပထမတိုက်ပွဲကွင်းထံသို့ တက်ရောက်နိုင်သူများ အားလုံးသည် တာအိုပေါင်းစည်းခြင်းအဆင့် ထိပ်တန်းပုဂ္ဂိုလ်များဖြစ်လေရာ လေးစားလာကြ၏။

ထို့နောက် အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားမှ စုရီကိုသတ်ပြီး မယူရသည့် အကြောင်းပြချက်ရှင်းပြလာသည်။

ဒိုမိန်းတိုက်ပွဲကွင်း ဖွင့်လှစ်ပြီးနောက် မြောက်ပိုင်းအမှောင်နယ်မြေ၊ အနောက်ဘက် နှင်းဒေသနှင့် တောင်ပိုင်းမီးလျှံနယ်မြေတို့၏ ခေါင်းဆောင်များသည် စည်းမျဉ်းတစ်ခုကို ရေးဆွဲလာခဲ့ကြသည်။

ဤသည်မှာ ပထမတိုက်ပွဲကွင်းတွင် ပြိုင်ဘက်များကို မည်သူမျှသတ်ဖြတ်ခြင်းအမှု မပြုရချေ။ လိုက်နာခြင်းမရှိသော် ထိုသူမည်သူ မဆို ခြွင်းချက်မရှိ အသတ်ခံရပေမည်။

ယင်းသည် အပြုသဘောဆောင်သည့် စည်းမျဉ်းတစ်ခုဖြစ်၏။ ဤစည်းမျဉ်းအောက်၌ သွေးထွက်သံယို ကိစ္စများစွာတို့ကို တားဆီးနိုင်ပေမည်။

တိုက်ပွဲရမှတ်များ လုံလောက်အောင် စုဆောင်းတိုင်ရန်အတွက်မူ နယ်မြေလေးခုမှ မည်သူမဆို ဧည့်သည်လွင်ပြင်၌ စိန်ခေါ် တိုက်ခိုက်နိုင်မည်။

ထိုတိုက်ပွဲတွင်လည်း အနိုင်အရှုံး ကွဲလွဲရုံသာလျှင် တိုက်ခိုက်ရပေမည်။ ယင်းကို သိရှိပြီးနောက် စုရီမှ အနည်းငယ်ခေါင်းညိတ်ပြီး၊

“ ဒီစည်းမျဉ်းက တကယ်ကို ကောင်းပါတယ်။ ”

-ဟု ထောက်ခံလိုက်သည်။

အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကပင်၊

“ မြောက်ပိုင်းအမှောင်ဒေသရဲ့ ကျင့်ကြံသူတစ်စုက တောင်ပိုင်းမီးလျှံဒေသက လူတစ်စုကို ချုံခိုတိုက်ခိုက်ခဲ့ဖူးတယ် ...

... ဒီဖြစ်ရပ်ပျံ့နှံ့သွားပြီးတဲ့နောက်မှာ မြောက်ပိုင်းအမှောင်ဒေသရဲ့ ခေါင်းဆောင် ယွီချန်ကိုယ်တိုင် စည်းမျဉ်းချိုးဖောက်တဲ့ ကျင့်ကြံသူအားလုံးကို သတ်ပစ်ခဲ့တယ် ...

... အဲဒီအချိန်ကစပြီး ... ဒီပထမ တိုက်ပွဲကွင်းမှာ ဘယ်သူမဆိုစည်းမျဉ်းတွေကို အချိုးဖောက်ဝံ့တော့ဘူး။ ”

“ မင်းပြောစကားအရ ဒီစည်းမျဉ်းကို သတ်မှတ်ကြတဲ့အထဲမှာ အရှေ့ဘက်ရွှမ်ဒေသရဲ့ ခေါင်းဆောင်မပါဘူး မဟုတ်လား။ ”

“ အဟမ်း ... အရှေ့ဘက် ရွှမ်ဒေသက ခေါင်းဆောင်မရှိဘူး ဒါကြောင့် ဘယ်သူမှလည်း ကန့်ကွက်မှုမလုပ်ကြဘူး။ ”

စကားလုံးများသည် ယဉ်ကျေးနေ သော်လည်း အရှေ့ဘက်ရွှမ်ဒေသမှ မည်သူမဆို စည်းမျဉ်းများချမှတ်ရာ၌ပါဝင်ရန် အရည်အချင်း မပြည့်မီဟု အဓိပ္ပါယ်ရသည်။

အနက်ရောင်ဝတ် ပိန်ပိန်ပါးပါး လူတစ်ယောက်က၊

“ အရှေ့ဘက်ရွှမ်ဒေသရဲ့ ခွန်အားကြီးသူတွေတောင် ဒီစည်းမျဉ်းတွေက သူတို့အတွက် အကျိုးအရှိဆုံးဖြစ်တယ်ဆိုတာ ဝန်ခံကြပါတယ် ဒီစည်းမျဉ်းသာ ကာကွယ်မှု မရှိရင် သူတို့တကယ်ခက်ခဲသွားလိမ့်မယ်။ ”

“ ဒါပေမယ့် ဒီသားရဲကို မင်းတို့အရင်ဖမ်းမိနိုင်ရဲ့နဲ့ ဘာလို့နောက်ဆုတ်ဖို့ ရွေးချယ်ခဲ့တာလဲ။ ”

စည်းမျဉ်းများသည် စည်းမျဉ်းသာဖြစ်၏။ တောင်ပိုင်းမီးလျှံဒေသမှ ကျွမ်းကျင်သူများနှင့် စကား‌ပြောရာတွင် ဤမျှလွယ်ကူလိမ့်မည်ဟု မယုံကြည်နိုင်သေးချေ။

အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ်စိတ်မသက်မသာ ဖြစ်လာကာ၊

“ ရိုးရိုးသားသားပြောရရင် ဒီသားရဲက သေလုမျောပါးအချိန်မှာတောင် ငါတို့အတွက်က ကြီးမားတဲ့တန်ဖိုးကို ပေးဆောင်ရလိမ့်မယ် ...

... ဒါပေမယ့် ကံကောင်းထောက်မစွာပဲ တာအိုမိတ်ဆွေက ဝင်ရောက်ကိုင်တွယ်ဖြေရှင်း ပေးခဲ့တာမို့ ငါတို့အဆင်ပြေသွားတယ်။ ”

-ဟု ဝန်ခံလိုက်၏။ ထို့နောက် အဝါရောင်ဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားမှ စိုးရိမ်ပူပန်မှုတစ်ခုပေါ်လာသည်။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး၊

“ ဒါ့ပြင် ဒီနေရာကို သွေးနတ်ဆိုး ရွံ့နွံလို့ခေါ်တယ် ပထမတိုက်ပွဲကွင်းအတွင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အန္တရာယ်ဇုန်ပဲ အမည်မသိနတ်ဆိုးသားရဲတွေ အများကြီး ရှိနေသေးတယ် ...

... ဒီလိုအခြေအနေမျိုးမှာ သားရဲတစ်ကောင်အတွက် တာအိုမိတ်ဆွေကို ထိပ်တိုက်တွေ့တာက ပညာမဲ့ရာကျတယ်။ ”

အဆုံး၌ စုရီတစ်ယောက် လုံးဝနားလည်သွားချေပြီ။ တစ်ဖက်လူသည် သူ့ကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ အခြားသော စိုးရိမ်စရာများကြောင့် ဖြစ်ချေပြီ။

“ ဒီသားရဲက မင်းတို့အပိုင်ပဲ။ ”

စုရီက ပြောလိုက်သည်။ ထိုစကားကြားပြီးနောက် အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့်အဖွဲ့သည် မျက်နှာများရွှင်မြူးကုန်၏။

ချက်ချင်းပင် လူတိုင်းက ရှေ့တိုးလာပြီး ကောင်းကင်မီးလျှံ မိုးပြာစပါးအုံးမြွေခန္ဓာကိုယ်ရှိ တန်ဖိုးရှိသော အစိတ်အပိုင်းများထံ ဖြတ်တောက် ယူဆောင်လိုက်ကြသည်။

အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ခဏမျှစဉ်းစားပြီး၊

“ တာအိုအိုမိတ်ဆွေ ဒီသွေးရွှံ့နွံက အရမ်းအန္တရာယ်များတယ် တစ်ယောက်တည်း ခရီးသွားတာက အဆင်မပြေဘူး ငါတို့နဲ့ လိုက်ခဲ့မလား လမ်းခရီးမှာ တစ်ယောက်ကို တစ်ယောက် ကူညီနိုင်မှာပါ။ ”

-ဟု ဖိတ်ခေါ်လိုက်၏။

ယင်းသည် စုရီတစ်ယောက် သူ့ဝေစုကို မယူသဖြင့် ကျေးဇူးတစ်ခုပြုပေးရန် စိတ်ကူးခဲ့ပုံ ပေပင်။ စုရီက ပြုံးပြီး၊

“ ကျေးဇူးတင်ပါတယ်။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ ငြင်းပယ်ခံရတာလား။ ”

အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အံ့အားသင့်သွားပြီးနောက်၊

“ တာအိုမိတ်ဆွေ ... ဒီသွေးရွှံ့နွံထဲမှာ မင်းတစ်ယောက်တည်း ခရီးသွားချင်နေတာ သေချာလား။ ”

-ဟု ထပ်မေးလိုက်သည်။

ထိုစဉ် စပါးအုံးမြွေကို ဖြတ်တောက် ယူငင်ပြီးသွားသော အနက်ရောင်ဝတ် ပိန်ပိန် ပါးပါးလူမှလည်း၊

“ မိတ်ဆွေ၊ မင်း ငါတို့နဲ့ လိုက်ခဲ့တာ အကောင်းဆုံးပဲ ဒီသွေးရွှံ့နွံက ထင်တာထက် အများကြီး ပိုအန္တရာယ်များပါတယ်။ ”

-ဟု ဝင်ရောက် ပြောကြားလာသည်။

“ ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာကို မင်း စိုးရိမ်နေတာလား။ ”

“ ဟားဟားဟား ... မင်းစိတ်ချနိုင်ပါတယ် ငါတို့တောင်ပိုင်းမီးလျှံနယ်မြေရဲ့ ဘယ်သူမဆို ငါတို့ခေါင်းဆောင်ရန်ချန်ချင်း ချမှတ်ထားတဲ့ စည်းမျဉ်းကို မလိုက်နာဘဲ မနေဝံ့ပါဘူး။ ”

‘ရန်ချန်ချင်း’ ဟူသော နာမည်ကြောင့် လူတိုင်းမျက်နှာတွင် လေးစားမှုအရိပ်အမြွက် ဖြစ်ပေါ်လာသည်ကို စုရီသတိထားမိလာ၏။

ဤသည်မှာ စစ်မှန်သော ခေါင်းဆောင်တစ်ယောက်၏ ပုံရိပ်ပေပင်။ ယင်းကို ဝမ်ယဲ့ဘဝတွင် အတွေ့များ၏။

“ ကောင်းပြီ ... ။ ”

စုရီက ခဏမျှစဉ်းစားပြီး သဘောတူလိုက်သည်။ ပထမတိုက်ပွဲကွင်းမှ အခြေအနေအကြောင်း သူ မသိသေးချေ။

တစ်ယောက်တည်း ခရီးသွားခြင်းထက် တောင်ပိုင်းမီးလျှံနယ်မြေမှ တစ်ဖက်လူများဖြင့် စကားစမြည်ပြောခြင်းသည် အကောင်းဆုံး ပေပင်။

များမကြာခင် လူတိုင်း သွေးရွှံ့နွံမှ ထွက်ခွာလာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် လူတိုင်းသည် သတိရှိကြ၏။

စုရီသာလျှင် လူအုပ်အတွင်း ပေါ့ပါးစွာ ဝိုင်သောက်လျက် လိုက်ပါလာ၏။ ထိုအပြုအမူ များကြောင့် ကျန်သူများမှာ မျက်ခုံးပင့်ကာ ထူးဆန်းနေတော့သည်။

ဤလူငယ်သည် သူတို့နှင့်အတူ ခရီးသွားလာခြင်းသည် လုံခြုံသည်ဟု တကယ် ယုံကြည်နေသည်လော။ အဆုံး၌ အနက်ဝတ် ပိန်ပိန်ပါးပါးလူက သည်းမခံနိုင်တော့ဘဲ သတိပေးလာခဲ့သည်။

“ မိတ်ဆွေ၊ မင်းသတိထားတာ အကောင်းဆုံးပဲ ကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲတွေက အချိန်မရွေး တိုက်ခိုက်လာနိုင်တယ် ...

.... ငါတို့ရဲ့ကာကွယ်မှုရနေရင်တောင်မှ ရုတ်တရက်အခြေအနေမျိုးမှာ မင်းကိုငါတို့တွေ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ”

စုရီက စကားမဆိုဘဲ ခေါင်းညိတ်ပြလိုက်သည်။ သို့သော်အမူအရာနှင့် အသွင်အပြင်မှာ မပြောင်းလဲချေ။ လူတိုင်း စကားမပြောနိုင်အောင် ဖြစ်ကုန်သည်။

“ ဒီလူက သူ့ကိုယ်သူ အပြင်လူလို့ မယူဆဘူး ငါဒီလိုမှန်းသိရင် ခေါ်မလာပါဘူး။ ”

တစ်စုံတစ်ဦးမှ မကျေမနပ် ခပ်တိုးတိုး ပြောကြားလိုက်သည်။ ယင်းကြောင့် အဝါဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး၊

“ ဘာလို့လဲ သူက ငါတို့ကို ကူညီနိုင်လိမ့်မယ်လို့ မင်းမျှော်လင့်နေတာလား မစဉ်းစားနဲ့ သူ ပြဿနာမရှာသရွေ့ ထားလိုက်ပါ။ ”

-ဟု နှစ်သိမ့်လိုက်သည်။

“ သိပ်အလေးအနက်မထားပါနဲ့ ... ဘာပဲဖြစ်ဖြစ် ဒီတာအိုမိတ်ဆွေက ကောင်းကင် မီးလျှံမိုးပြာစပါးအုံးမြွေကို သတ်တုန်းက ကူညီပေးခဲ့တယ် မဟုတ်လား။ ”

လူတိုင်း ခေါင်းညိတ်ကုန်သည်။ စုရီမှ ထိုဆွေးနွေးမှုကို လျစ်လျူရှုလိုက်ပြီးနောက် သူသိလိုသည့် အချက်အလက်များကို မေးမြန်းလျက် လိုက်ပါလာခဲ့၏။

သို့သော် အနက်ဝတ်လူသည် မျက်ခုံးပင်လျက်၊

“ မိတ်ဆွေ ... ငါတို့ခရီးက အန္တရာယ်ဇုန်ထဲကနေ မထွက်နိုင်သေးပါဘူး အန္တရာယ်က အချိန်မရွေး ပေါ်လာနိုင်တယ် စကားပြောရမယ့် အချိန်မဟုတ်သေးဘူး။ ”

စုရီမှ သဘောတူဟန်ဖြင့် ထပ်မမေးတော့ချေ။ လမ်းတစ်လျှောက်တွင် လူအချို့သည် သူ့ကိုမကြိုက်ကြကြောင်း သတိထားမိပြီးဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးနေ၏။ ခရီးစဉ်သည် ထူးခြားခြင်းမရှိချေ။ အဝါဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သက်ပြင်းချလျက်၊

“ နာရီဝက်အတွင်း ဒီသွေးရွှံ့နွံကနေ ထွက်သွားနိုင်တော့မယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒီတစ်ခါတော့ လူတိုင်းရှုပ်ပွနေပေမယ့် အကျိုးအမြတ်ရခဲ့ပါတယ် ပြန်ရောက်တဲ့အခါ ပွဲတော်ကြီးတစ်ခု ကျင်းပရအောင်။ ”

လူတိုင်းက စိတ်ဓာတ် တက်ကြွလာပြီး စိတ်အေးလက်အေး ဖြစ်လာကုန်တော့သည်။ အနက်ရောင်ဝတ် ပိန်ပိန်ပါးပါးလူက၊

“ ဒါက သွေးရွှံ့နွံရဲ့ အပြင်ဒေသပဲ ... နတ်ဆိုးသားရဲတွေ ပေါ်လာရင်တောင် သူတို့က အစွမ်းထက်မှာ မဟုတ်တော့ပါဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ ဖရူး ... ။ ”

သူ့မှတ်ချက်စကား မဆုံးခင်မှာပင် အဝေးရှိရွှံ့နွံများသည် ပွက်ပွက်ဆူလျက်ဖြင့် ရေများ ကောင်းကင်ပေါ် ပန်းထွက်လာ၏။

သည့်နောက် သွေးနီရောင် ငှက်ကြီးတစ်ကောင်သည် ရွံ့နွံအတွင်းမှ ဝုန်းခနဲ ပျံတက်လာတော့သည်။

ထိုသားရဲထံမှ ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်အပေါ် ပိတ်ဆို့လာ၏။

“ သွေးတောင်ပံ ငှက်တစ္ဆေ။ ”

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။ အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည်ပင် မျက်နှာဖြူဖျော့သွား၏။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”

ဤသည်မှာ သွေးနတ်ဆိုးရွှံ့နွံ၌ အရက်စက်ဆုံးသော ငှက်တစ်ကောင်ပေပင်။  အနက်ရောင်ဝတ် ပိန်ပိန်ပါးပါးလူ မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။

သူပြောပြီးမကြာမီ အစွမ်းထက်ဆုံး နတ်ဆိုးသားရဲတစ်‌ကောင် ထွက်ပေါ်လာခြင်း ဖြစ်ချေ၏။ ယင်းသည် အဆုံးမဟုတ်ချေ။

“ ဖရူး ... ။ ”

အခြားသောအရပ်ရှိ တောအုပ်တစ်ခု သည်လည်း မီးတောက်များ တောက်လောင်ပြီး ရုတ်တရက် ပြာအဖြစ်ပြောင်းလဲသွား၏။

တဆက်တည်းမှာပင် အနက်ရောင် နတ်မီးလျှံများခြုံထားသော ကျားတစ်ကောင် တိတ်ဆိတ်စွာ လျှောက်လှမ်းလာတော့၏။

“ ချွမ်ချီကျား၊ ဒါ ... ဒါက ဘာတွေဖြစ်နေတာလဲ ဒီလိုမျိုးသုဉ်းလုနီးပါး ရှားပါးလွန်းတဲ့ ပြိုင်ဘက်ကင်းသားရဲဘုရင်က ပြင်ပဒေသမှာ တကယ်ပဲ ပေါ်လာတာလား။ ”

အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လုံးဝတည်ငြိမ်မှုဆုံးရှုံးသွားပြီး ကြောက်လန့်တကြား ရေရွတ်လိုက်တော့၏။

***

All Chapters