အခန်း (၁၁၁၃-၁၁၁၄)
Vol. 93 Ch. 1113-1114
အခန်း ၁၁၁၃ -
နောက်ကွယ်မှ လူ ... ။
“ ဖရူး ... ။ ”
သွေးတောင်ပံတစ္ဆေငှက်သည် ကောင်းကင်ပေါ်ပျံတက်သွားပြီး ပေတစ်ရာခန့် ရှည်သော ကြက်သွေးရောင်တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်သည်။
ထိုနောက် ထက်ရှသောဓားကဲ့သို့ သွေးနီရောင်အလင်းများ ထုတ်ဖော်လိုက်ကာ လေဟာနယ်ကို ခွဲပစ်လိုက်သည်။
၎င်း၏မျက်လုံးများသည် မီးအိမ်ကဲ့သို့ နီရဲတောက်ပနေပြီး က်စက်ကြမ်းကြုတ်သော အသွင်ဖြင့် စိုက်ကြည့်ခံရသူတိုင်းကို အေးခဲစေ၏။
တစ်ဖက်တွင်လည်း မီးလျှံများခြုံလျက် တောင်ပံပါကျားကြီးသည်လည်း ဘုရင်တစ်ပါး အလား စိုက်ကြည့်နေ၏။
ဤပြိုင်ဘက်ကင်းပြီး ရက်စက်ကြမ်းကြုတ်သော သားရဲနှစ်ကောင်မှာ ပထမတိုက်ပွဲကွင်း၏ နတ်ဆိုးသားရဲများတွင်ပင် ထိပ်တန်းသားရဲများဖြစ်သည်။
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများအားလုံးသည် ခြေထောက်များတုန်ရီကာ ကြောက်ရွံ့ ကုန်တော့၏။
၎င်းတို့သည် ကောင်းကင်မီးလျှံ မိုးပြာစပါးအုံးမြွေကို အမဲလိုက်ရာတွင် ဒဏ်ရာ ရရှိထားကြပြီး ကျင့်ကြံမှုများစွာ ကုန်ဆုံးရ၏။
ယခုကဲ့သို့ ထိပ်တန်းသားရဲနှစ်ကောင်ကို မြင်သောအခါ နှလုံးသားများနစ်မြုပ်သွားသည်။ သွေးတောင်ပံငှက်တစ္ဆေ တစ်ကောင်တည်းမှပင် သူတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်၏။
ချွမ်ချီကျားကိုပါ ထည့်တွက်ပါက ဆိုဖွယ်မရှိတော့ချေ။ ထိုစဉ်အဝါဝတ်လူမှ စုရီထံ တစ်ချက်လှည့်ကြည့်ပြီး သူ့လူများကိုပြောကြား လိုက်လေသည်။
“ ငါမင်းတို့အတွက် လမ်းရှင်းပေးပြီး ရှင်သန်ဖို့အခွင့်အရေးရှာပေးမယ် မင်းတို့က အရှေ့ရွှမ်ဒေသက တာအိုမိတ်ဆွေကို ခေါ်ပြီးတော့ထွက်ပြေးပါ။ ”
လူတိုင်း၏ နှလုံးသားများ လေးလံနေ၏။ သွေးရွံ့နွံအတွင်းမှ ထွက်သွားတော့မည့်အချိန်၌ ထိုမျှကြောက်စရာကောင်းသော ကပ်ဘေးမျိုး ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားချေ။
“ အစ်ကိုလင်း ... ငါတို့အားလုံး အတူတူနေထိုင်ပြီး အတူတူသေဆုံးဖို့အတွက် ကျိန်ဆိုခဲ့ကြတယ်မဟုတ်လား မင်းသေမှာကို မကြောက်ရင် ... ဘာလို့ငါတို့ထွက်ပြေးရမှာလဲ တိုက်ကြရအောင်။ ”
အနက်ရောင်ဝတ် ပိန်ပိန်ပါးပါးလူက အံကြိတ်ကာ ငြင်းဆန်လိုက်သည်။ ကျန်သူများ မှလည်း ခေါင်းညိတ်ပြလာ၏။
“ ဒီသားရဲနှစ်ကောင်ကို ငါ့ဆီထားပါ ... မင်းတို့တွေ ရပ်ကြည့်လို့ရတယ်။ ”
တည်ငြိမ်သောအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ လူတိုင်းက စုရီထံပါးသို့ လှည့်ကြည့်ကုန်၏။ လူတိုင်း အံ့အားသင့်သွားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
အနက်ရောင်ဝတ် ပိန်ပိန်ပါးပါးလူက မျက်နှာညှိုးငယ်သွားပြီး ဤသို့အချိန်အခါမျိုး၌ တစ်ဖက်လူသည် ကြွားဝါဝံ့လိမ့်မည်ဟု မထင်ထားချေ။
“ တာအိုမိတ်ဆွေ၊ မင်း ... ။ ”
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက တစ်ခုခုပြောရန် ပြင်လိုက်စဉ် အဝေးရှိ အာကာပြင်ပြိုကျသွား၏။
“ ဝုန်း ... ။”
သွေးတောင်ပံ ငှက်တစ္ဆေက အတောင်ပံများကိုဝှေ့ယမ်းပြီး ကြမ်းကြုတ်သည့် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။
ခဏအတွင်းမှာပင် ကြောက်စရာ ကောင်းသော ကြက်သွေးရောင်အလင်းတစ်စ ဓားကဲ့သို့ ကောင်းကင်မှ ပြုတ်ကျလာသည်။
“ သတ် ... ။ ”
“ ဝုန်း ... ။ ”
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ မျက်လုံးများနီရဲလျက် ချက်ချင်း အမိန့်ပေးလိုက်၏။ သို့သော် ခဏအတွင်းမှာပင် သူတို့၏တိုက်ခိုက်မှု ပျက်ပြယ်သွားချေပြီ။
ဓားတစ်လက်ကဲ့သို့ ထက်မြက်သော သွေးနီရောင်သက်တံသည် ဒဏ်ရာရနေသည့် သူတို့ကဲ့သို့ ကျင့်ကြံသူများ ခံနိုင်ရည်ထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့သည်။
ချက်ချင်းပင် အဝါရောင် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့်အခြားသူများသည် သေမင်းတမန် ဖြူဖျော့သွားပြီး ဝိညာဉ်များတုန်ခါသွား၏။
“ ငါတို့ပြီးသွားပြီ။ ”
သွေးတောင်ပံ တစ္ဆေငှက်၏ တိုက်ပွဲဝင်စွမ်းအားကို ကြိုတင်ခန့်မှန်းထားခဲ့ သော်လည်း နိမ့်ချနေမိဆဲဖြစ်သည်။
“ ဝှစ် ... ။ ”
ထို့စဉ် နတ်ဘုရားသက်တံသည် ဖြူသွယ်သောလက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ခြင်း ခံလိုက်ရ၏။
“ ဝုန်း ... ။ ”
ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီး နီရဲနေသောနတ်သက်တံသည် အလင်းမှုန်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။ လူတိုင်း အံ့အားသင့်သွားကြ၏။
သူတို့၏အကြည့်များသည် အဖြူရောင်လက်ပိုင်ရှင်ထံ အလိုလို လှည့်ကြည့် လိုက်ကြတော့သည်။ ထို့နောက် သူတို့အားလုံး မယုံကြည်နိုင်သော အမူအရာများပြသလာ၏။
ဒုတိယတိုက်ပွဲကွင်းမှ ရောက်ရှိလာသော တာအိုပေါင်းစည်းခြင်းအဆင့် ထိုလူငယ်သည် အလွန်အစွမ်းထက်လွန်းချေပြီ။
“ ငါ ပြောပြီးပြီ မင်းတို့ရပ်ကြည့်နေပါ။ ”
စုရီက သူတို့၏ အကြည့်များထံ ဂရုမစိုက်တော့ဘဲ ရှေ့သို့တိုးသွားတော့သည်။ ထို့နောက် ချက်ချင်းပင် လေထဲခုန်တက်ကာ ဆုပ်ကိုင်လိုက်၏။
“ ဝုန်း ... ။ ”
ဝေးလံလှသော လေဟာနယ်တွင် သွေးတောင်ပံတစ္ဆေငှက်သည် သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံလိုက်ရပုံနှင့် ရုတ်တရက် ပြင်းထန်စွာ ရုန်းကန်တော့၏။
“ ဝေါင်း ... ။ ”
၎င်း၏တောင်ပံများကို အပြင်းအထန် ဝှေ့ယမ်းကာ တုန့်ပြန်တိုက်ခိုက်ရန်ပြင်သည်။ တစ်ချိန်တည်းမှာပင် တောင်ပံပါကျားမှလည်း အနက်ရောင်အလင်းတန်းသဖွယ် လေထဲ ခုန်ဝင်လာတော့၏။
သူ့အမြန်နှုန်းသည် ကြယ်တစ်စင်း ကြွေကျလာကဲ့သို့ လျင်မြန်ပြီး ကြီးမားသော ခန္ဓာကိုယ်သည် တောင်ကြီးတစ်လုံးအလား စုရီထံ လွင့်ဝဲလာသည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
စုရီက ဓားအလင်းဖြင့် တောက်ချလိုက်သည်။ ချွမ်ချီကျားကြီးသည် လေထုအလယ် နတ်တောင်ကြီးဖြင့် ရိုက်နှက် ခံလိုက်ရသည့်အလား လွင့်စင်သွားတော့၏။
ပေပေါင်းများစွာသို့တိုင် ယိမ်းယိုင်စွာ လွင့်စဉ်လျက် မြေပြင်ပေါ်ပြတ်ကျသွားကာ မတ်တပ်မရပ်နိုင်ဘဲ ပြိုကျသွားသည်။
“ ဒီကိုလာခဲ့ ... ။”
စုရီက သွေးတောင်ပံတစ္ဆေငှက်ကို အဝေးကနေ လှမ်းဆွဲလိုက်၏။ သွေးတောင်ပံ တစ္ဆေငှက်ခမျာ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ရှေ့သို့ဆွဲငင်ခံလိုက်ရသည်။
သည့်နောက် လူတိုင်း၏ မယုံနိုင်စရာ အကြည့်များအောက်၌ ပေရာပေါင်းများစွာ ကြီမားသော သွေးတောင်ပံတစ္ဆေငှက်သည် အကြိမ်ပေါင်းများစွာ ကျုံ့ဝင်သွား၏။
အဆုံး၌ ထန်းသီးတစ်လုံးအရွယ် ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး စုရီလက်ဖဝါးထဲ ကျရောက်သွားသည်။
“ ဒါ ... ။ ”
လူတိုင်း အံ့အားသင့်သွားကြပြီး မှင်သပ်ကုန်သည်။ အဝေးရှိ အတောင်ပံပါသော ချွမ်ချီကျားသည်လည်း ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြား ချက်ချင်းထပြေးတော့၏။
“ ဘာလို့ ထွက်ပြေးနေတာလဲ ... ငါ့ကိုတွေ့တာက မင်းအတွက်အကြီးမားဆုံး ကောင်းချီးပဲမဟုတ်လား။ ”
စုရီက ပြုံးပြီး အဝေးကနေ ထပ်မံ ဆွဲယူလိုက်သည်။ ကြီးမားသောချွမ်ချီကျား၏ ပုံရိပ်သည်လည်း ကြောက်ကလေးတစ်ကောင် အရွယ်သို့ ကျုံ့ဝင်လျက် သူ့လက်ဖဝါးထဲ ကျရောက်လာ၏။
မြစိမ်းရောင်မျက်လုံးများ၌ ကြောက်ရွံ့မှု၊ အကူအညီမဲ့မှု၊ အားနည်းမှုနှင့် သနားကြင်နာမှု အပေါ် တောင်းခံနေဟန် ပြည့်နှက်နေသည်။
ထိုမြင်ကွင်းသည် လူတိုင်းအတွက် အိမ်မက်မက်နေသလို အံ့အားသင့်ဖွယ်ရာ ကောင်းချေ၏။
ထိုမျှပြိုင်ဘက်ကင်းပြီး ရက်စက်ကြမ်းကြုတ်သည့် သားရဲနှစ်ကောင်မှာ ကြောက်လန့်ပြီး ငိုယိုလုနီးပါးပေပင်။
မျက်စိတစ်မှိတ်အတွင်း လုံးဝ နှိမ်နင်းခံလိုက်ရ၏။ ဤလှုပ်ရှားမှုကို ပြုလုပ်နေ သူသည် အရှေ့ဘက်ရွှမ်ဒေသမှ လူငယ်လေး ဖြစ်နေသည်မှာ ပို၍အဓိပ္ပါယ်မရှိချေ။
“ ကံမကောင်းစွာနဲ့ပဲ မင်းမှာ သန့်ရှင်းတဲ့ချွမ်ချီမျိုးဆက်သွေး အနည်းငယ်ပဲ ပါရှိတယ် ချွမ်ချီအမည်ကို ခံယူဖို့တောင် မထိုက်တန်ဘူး။ ”
စုရီက ချွမ်ချီကျားကို ခဏမျှ စစ်ဆေးကြည့်ပြီးနောက် ဝမ်းနည်းစွာ မှတ်ချက် ပေးလိုက်သည်။
သူ့မှတ်ချက်သည် ရပ်ကြည့်နေသော လူအုပ်ကြီးကို ပို၍ကြောက်ရွံ့လာစေခဲ့သည်။ ဤကမ္ဘာကြီးတွင် မည်သူသည် ချွမ်ချီကျားကို မြင်ဖူးသနည်း။ ၎င်းတို့သည် ဒဏ္ဍာရီလာ နတ်သားရဲများပေပင်။
“ ဟမ့် ... ။ ”
ရုတ်တရက် စုရီကတစ်စုံတစ်ခုထံ ခံစားမိသွားကာ သွေးတောင်ပံတစ္ဆေငှက်ကို အင်္ကျီလက်ထဲ ဦးစွာထည့်သိမ်းလိုက်ပြီးနောက် လက်ချောင်းထိပ်ဖြင့် ချွမ်ချီကျားနဖူးပေါ် တို့ထိလိုက်သည်။
“ ဝေါင်း ... ။ ”
ချွမ်ချီကျားခမျာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ပြီး သွေးနီရောင်တာအိုတံဆိပ် တစ်ခု သူ့နဖူး၌ ပေါ်လာသည်။
“ ဝိညာဉ်ဆင့်ခေါ်ခြင်းနည်းစနစ် ... မျှော်လင့်ထားတဲ့အတိုင်း ဒီသားရဲနှစ်ကောင် ပေါ်လာတာ တိုက်ဆိုင်မှုမဟုတ်ဘူး။ ”
စုရီတစ်ယောက် အကြည့်များ အေးစက်သွားလေသည်။ လူတိုင်း အံ့အားသင့် သွားကြ၏။ တိုက်ဆိုင်မှုမဟုတ်သော် လုပ်ကြံမှု ဖြစ်ချေမည်။
“ ခဏလောက် ဒီမှာစောင့်ပါ။ ”
ဆိုလိုသည်မှာ တစ်စုံတစ်ယောက် ဤဖြစ်စဉ်နောက်၌ တိတ်ဆိတ်စွာရှိနေပုံရ၏။ စုရီက လေထဲလှမ်းတက်သွားသည်။
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများသည် သံသယဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
“ တစ်ယောက်ယောက်က ဒီအရာတွေအားလုံးကို ခြယ်လှယ်နေတယ် ဆိုရင် တကယ်ရက်စက်လွန်းတယ် မဟုတ်လား။ ”
အနက်ဝတ် ပိန်ပိန်ပါးပါးလူမှ အံကြိတ်ကာ ပြောကြားလိုက်သည်။
“ ကံမကောင်းစွာနဲ့ ... သူ့ကို ငါတို့ အထင်လွဲသွားတယ် ဒီတစ်ခါတော့ မျက်နှာပျက် သွားပြီ ဘယ်လောက် ရယ်စရာကောင်းလဲ လမ်းတစ်လျှောက်မှာ ငါတို့က သူ့ကို ကာကွယ်ပေးနေတယ်လို့ ထင်ခဲ့တာ။ ”
“ အမှန်ပဲ ... သူ့ကိုပြဿနာရှာတယ်လို့ ထင်မိပြီး လျစ်လျူရှုထားလိုက်မိတယ် ရှက်စရာ ကောင်းလိုက်တာ ... ။ ”
လူတိုင်း ရှက်ရွံ့ကုန်ပြီး မသက်မသာဖြစ်ကုန်သည်။
“ ဒါရှက်စရာ မဟုတ်ဘူး ... ငါတို့ ကံကောင်းတယ်လို့ ခံစားသင့်တယ်။ ”
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားမှ လေးနက်သောအသံဖြင့် ပြောကြား လိုက်လေသည်။
“ အရှေ့ဘက်ရွှမ်ဒေသက တာအိုမိတ်ဆွေသာမရှိရင် ဒီနေ့ငါတို့အားလုံး သေကုန်ကြမှာဧကန်ပဲ။ ”
လူတိုင်း ခေါင်းညိတ်ကြသည်။ စုရီမှ အစောပိုင်းပြသခဲ့သော နည်းလမ်းကိုစဉ်းစားပြီး လူတိုင်းအံ့အားသင့်မှုများ မဖုံးကွယ်နိုင်ချေ။
တာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးတွင် ဤသို့သောခွန်အားမျိုး ရှိနေလိမ့်မည်ဟု မယုံနိုင်စရာပင်။
ထိုအချိန်တွင် သွေးရွှံ့နွံအတွင်း သစ်ပင်တစ်ပင်၏ခြေရင်းတွင် သွေးနီရောင် တာအိုဝတ်ရုံနှင့် ပိန်ပိန်ပါးပါးလူတစ်ဦး ထိုင်နေချေသည်။
သူ့ရှေ့တွင် ထူးဆန်းသော တောက်ပမှုများနှင့် အနက်ရောင်ကြေးမုံကြီး ရှိနေ၏။ ထိုသူက သူ့ဘေးမှ လူကိုကြည့်ကာ၊
“ ဂျူနီယာညီလေး မင်းအရင်ပြန်သွား၊ ငါအကျိုးအမြတ် လုံလောက်အောင်ရပြီးခဲ့ရင် ပြန်လာခဲ့မယ်။”
-ဟု ပြောကြားလိုက်သည်။
“ စီနီယာအစ်ကို ... ဒါဆို မင်းငါ့ကို ဝေမျှရမယ်။ ”
သူ့ဘေးရှိ အစိမ်းရောင်ဝတ် ပိန်ပိန်ပါးပါးနှင့်လူက ချက်ချင်း ထရပ်လိုက် လေသည်။ သွေးရောင်ဝတ်ရုံနှင့်လူက၊
“ စိတ်မပူပါနဲ့ ... အင်မော်တယ် ပလက်ဖောင်းကျလာရင် မင်းတက်ရောက်နိုင်ဖို့ အခွင့်အရေးတစ်ခုရအောင် ငါအာမခံတယ် အခုသွားတော့ ... ။ ”
-ဟု တုန့်ပြန်၏။
“ ခွမ်း ... ။”
အစိမ်းရောင်ဝတ်လူက ခေါင်းညိတ်ပြီး ချက်ချင်း လေထဲလှမ်းတက်သွားတော့သည်။ သို့သော် လမ်းတဝက်မှာပင် ပေါက်ကွဲသံကြီး သူ့နောက်မှ ထွက်ပေါ်လာ၏။
အစိမ်းရောင်ဝတ်လူခမျာ ချက်ချင်း ပြန်လှည့်ကြည့်လိုက်ရာ သူ့စီနီယာအစ်ကိုရှေ့ရှိ အနက်ရောင်ကြေးမုံသည် အပိုင်းအစများအဖြစ် ပေါက်ကွဲသွားပြီး ပေါလောမျောနေသည်ကို မြင်လိုက်ရချေပြီ။
ထိုကြေးမုံသည် ‘ဝိညာဉ်ထိန်းချုပ်ကြေးမုံ’ ဖြစ်သည်။ နတ်ဆိုးသားရဲများ၏ စိတ်ဝိညာဉ်ကို တစ်ချက်တည်းနှင့် နှိမ်နင်းနိုင်၏။
ပထမတန်းစား ရတနာပေပင်။
“ သေစမ်း ... တစ်ယောက်ယောက်က ချွမ်ချီကျားဝိညာဉ်မှာ ငါချန်ထားခဲ့တဲ့ လျှို့ဝှက် မန္တန်စွမ်းအားကို ဖျက်ဆီးပစ်လိုက်ပြီ။ ”
သွေးရောင်ဝတ်ရုံနှင့်လူက မျက်နှာ ဖြူဖျော့သွားလေသည်။ သူကချက်ချင်းထရပ်ပြီး အဝေးမှလှည့်ကြည့်နေသော အစိမ်းရောင်ဝတ် လူကို၊
“ ဂျူနီယာညီလေး၊ မင်းမြန်မြန်သွားတော့ ငါ့ရဲ့ဘဏ္ဍာကို ဘယ်သူဖျက်ဆီးလိုက်လဲဆိုတာ သွားကြည့်လိုက်ဦးမယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ကောင်းပြီ ... ။ ”
အစိမ်းရောင်ဝတ်လူက လှည့်ထွက် သွားတော့၏။ သွေးရောင်ဝတ်လူက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ငွေဓားတစ်လက်ကို ထုတ်ယူကာ လေထဲလှမ်းတက်လိုက်သည်။
သို့သော် လမ်းတဝက်မှာပင် လူငယ်တစ်ယောက် သူ့ဆီပြေးလာနေသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် ရပ်သွား၏။
ယင်းက တစ်ခုခုမှားနေသည်ကို သဘောပေါက်စေပြီး မျက်မှောင်ကြုတ်လျက် ချက်ချင်းထွက်ပြေးရန် ပြင်တော့သည်။
“ ရပ်လိုက် ... ။ ”
အေးစက်သော ဟန့်တားသံ ထွက်ပေါ်လာ၏။ သွေးရောင်ဝတ်လူမှ ပို၍ပင် ပြန်သားစွာ မြန်မြန်လှည့်ပြေးတော့သည်။
မူလက သူ့လျှို့ဝှက်တံဆိပ်ကို မည်သူဖျက်ဆီးခဲ့ကြောင်းကြည့်ကာ သင်ခန်းစာ တစ်ခုပေးရန် ရည်ရွယ်ထား၏။
ယခုမူ တစ်ဖက်လူသည် သူ့ဆီလာနေသည်ကို မြင်ချိန်တွင် ကြောက်စရာ ကောင်းသည့် ပြိုင်ဘက်တစ်ယောက်ကို ရန်စမိလိုက်ကြောင်း တားလည်လိုက်သည်။
“ ဟမ့် ... ။ ”
ရုတ်တရက် သွေးရောင်ဝတ်လူခမျာ မျက်နှာအမူအရာပြောင်းလျက် ရပ်တန့်သွား၏။ အဘယ့်ကြောင့်ဆိုသော် သူ့လမ်းတွင် လူငယ် တစ်ယောက်ရပ်နေချေပြီ။
“ မင်း ဘယ်သူလဲ။ ”
သွေးရောင်ဝတ်လူက မျက်မှောင်ကြုတ်ကာ မသိဟန်ဆောင်မေးလိုက်သည်။ စုရီက ပြုံးပြပြီး ထိုသူ့အနားသို့ လျှောက်လှမ်းသွားခဲ့၏။
“ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် အညံ့ခံရင် မင်းအသက်ကို အေးချမ်းစွာသေခွင့် ပေးလိုက်မယ်။ ”
“ ရိုင်းပျလိုက်တာ ... စည်းမျဉ်းတွေအရ ပထမတိုက်ပွဲကွင်းမှာ လူသတ်ခွင့်မရှိဘူးဆိုတာ မင်းမသိဘူးလား။ ”
“ အဲဒီစည်းမျဉ်းတွေ ချမှတ်တုန်းက ငါ့အမြင်ကိုမမေးခဲ့ဘူး ... ဒါကြောင့် ငါလိုက်နာဖို့ မလိုပါဘူး။ ”
“ ဝှစ် ... ။ ”
“ ဖြောင်း ... ။ ”
စကားဆုံးသည်နှင့် စုရီက ပါးရိုက်ချလိုက်သည်။ သွေးရောင်ဝတ်လူခမျာ ရှောင်တိမ်းရန် အချိန်မရတော့ဘဲ လွင့်စင်ပြီး ခန္ဓာကိုယ်အနှံ့ အက်ကြောင်းများ ပြည့်နှက်သွားတော့၏။
“ မင်း ငါ့ကို သတ်ရင် စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်မယ် အကြောင်းပြချက်က ဘာတွေပဲဖြစ်ဖြစ် ... သေချာပေါက် မင်း သေရလိမ့်မယ်။ ”
သွေးရောင်ဝတ်လူက ထိန်လန့်စွာ အော်ဟစ်သတိပေးလိုက်သည်။ သို့သော် သူ့ စကားမဆုံးခင် ဓားရောင်ဝါတစ်ခုသည် ရေတံခွန်အလား ပြိုကျလာတော့၏။
ဓားရောင်ဝါများ ပြန်လည် ပျောက်ကွယ်သွားချိန်၌ ပြာမှုန်အချို့သည်သာ လေထုအလယ် လွင့်ဝဲကျန်ရစ်နေသည်ကို မြင်လိုက်ရသည်။
“ မင်းရဲ့အဲဒီစည်းမျဉ်းက ငါ့ဓားကို ရပ်တန့်နိုင်မလားဆိုတာ ကြည့်ရအောင်။ ”
***
အခန်း ၁၁၁၄ -
ဧည့်သည်လွင်ပြင် ... ။
“ တာအိုမိတ်ဆွေ မင်းပြန်လာပြီ။ ”
အဝေးမှ စုရီပြန်လာသည်ကို မြင်ချိန်တွင် အဝါရောင်ဝတ်လူလတ်ပိုင်းအရွယ် အမျိုးသား နှင့် အခြားသူများသည် ချက်ချင်းပင် နှုတ်ဆက်ရန် ရှေ့တိုးလာကြသည်။
“ ဒီလူကို သိလား။ ”
စုရီက လက်ချောင်းကို လှုပ်ခါလိုက်သောအခါ အလင်းမျက်နှာပြင် တစ်ခု ပေါ်လာပြီး သွေးရောင်ဝတ်လုံနှင့်လူ၏ မျက်နှာပေါ်လာသည်။ ချက်ချင်းပင် တစ်စုံတစ်ယောက်က၊
“ငါသိတယ် သူကအနောက်ဘက် နှင်းဒေသရဲ့ ကောင်းကင်ဝိညာဉ်အင်မော်တယ် ဂိုဏ်းက အကြီးအကဲ ချန်ရွှယ်ဖန်းပဲ။ ”
-ဟု အသိအမှတ်ပြုလာ၏။
“ အနောက်ဘက် နှင်းဒေသကလား။ ”
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများခမျာ မျက်နှာများ မည်းမှောင်သွားလေသည်။
“ ဒီကိစ္စကို ဒီအတိုင်းထားခဲ့လို့မရဘူး အဲဒီလူအိုကြီးက ပထမတိုက်ပွဲကွင်းစည်းမျဉ်းကို ချိုးဖောက်ခဲ့တာပဲ သူ့ကိုပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ ”
လူတိုင်း ဒေါသတကြီးဖြင့် တစ်ပြိုင်နက်တည်း ပြောကြားလာကြသည်။
“ ငါ သူ့ကို သတ်လိုက်ပြီ။ ”
စုရီမှ ပေါ့ပေါ့တန်တန် ဝင်ရောက် ပြောကြားလိုက်၏။ သူ့စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားလေသည်။ အဆုံး၌ မယုံကြည့်ဟန်ဖြင့်၊
“ သူ့ကို သတ်လိုက်ပြီလား။ ”
“ တာအိုမိတ်ဆွေ ပထမတိုက်ပွဲကွင်းမှာ တစ်ယောက်ယောက်ကို ဘာကြောင့်သတ်တယ် ဆိုတာ ရှင်းပြဖို့ တကယ်ခက်တယ်။ ”
“ ဟုတ်တယ် စည်းမျဉ်းအရဘယ်လောက် ရန်ငြိုးတွေကြီးနေပါစေ အပြစ်ပေးမှုမတိုင်ခင် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရတယ် ...
... ဒါ့ပြင် တစ်ယောက်ယောက်က စည်းမျဉ်းတွေကို ချိုးဖောက်ရင် သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်ကသာ ကိုင်တွယ်နိုင်တယ်။ ”
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့်အဖွဲ့သည် စိုးရိမ်စွာ တစ်ယောက် တစ်ခွန်း ဝင်ရောက်ပြောကြားလာသည်။ စုရီမှ ပြုံးလိုက်ပြီး၊
“ ဒါဆို ငါမှားသွားတာလား။ ”
-ဟု ပြန်လည်မေးမြန်း၏။ လူတိုင်း ဦးခေါင်းကို အလျင်အမြန်ခါယမ်းလိုက်သည်။ အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက၊
“ တာအိုမိတ်ဆွေ ... အထင်မလွဲပါနဲ့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ငါတို့အားလုံးလည်း မျက်မြင်မို့ မင်းကိုဘယ်သူမှ မတရားလုပ်ခွင့် မပေးပါဘူး။ ”
-ဟု ကတိပေး၏။
“ ဟုတ်တယ် ... အနောက်ဘက် နှင်းဒေသရဲ့လူတွေက ဒီကိစ္စကို တကယ်ပဲ လိုက်ချင်တယ်ဆိုရင် ငါတို့က မင်းအတွက် ရပ်တည်ပေးမှာပါ။ ”
တခြားသူများသည်လည်း ဝင်ရောက်ကတိပေးလာ၏။ အသက်အန္တရာယ် ရှိသော အခြေအနေမှသည် စုရီမှ သူတို့ကို ကူညီပေးခဲ့ခြင်းဖြစ်သည်။ မည်သူမဆို ရပ်ကြည့်နေနိုင်မည် မဟုတ်ချေ။
“ ကောင်းပြီ ငါသွားသင့်ပြီ။ ”
တစ်ဖက်တွင် စုရီမှစကားမဆိုတော့ဘဲ ခြေလှမ်းကျဲကျဲနှင့် ထွက်ခွာသွားတော့သည်။ လူတိုင်းအံ့အားသင့်သွားကြ၏။
“ သူ ... ဒီအတိုင်း ထွက်သွားပြီလား။ ”
သတိပြန်ဝင်လာချိန်တွင် စုရီပုံရိပ်သည် အဝေးသို့ ပါးလျပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ တစ်စုံတစ်ဦးက သက်ပြင်းချလျက်၊
“ အဲဒီတာအိုမိတ်ဆွေက တကယ်ကို ထူးချွန်တယ် သူကလှောင်ပြောင်ခံရတာကို ဂရုမစိုက်သလို ... လူသတ်ဖို့ကိုလည်း ဝန်မလေးဘူး။”
-ဟု မှတ်ချက်ပေး၏။ သူ့စကားကို အခြားလူတစ်ဦးမှလည်း ထောက်ခံလေသည်။
“ မှန်တယ် ... ခွန်အားအရာမှာလည်း ကြောက်စရာကောင်းတယ် တိမ်ပေါ်ပျံသန်းခြင်း ကျင့်ကြံသူတွေထက် အများကြီးသန်မာတယ်။ ”
“ တကယ်တော့ ... ဒီလောက် ကောင်းကင်ဘုံကိုစိန်ခေါ်နိုင်တဲ့ တစ်စုံတစ်ဦးက အရှေ့ဘက်ရွှမ်ဒေသကနေ ပေါ်ထွက်လာ လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ...
... အရှေ့ဘက်ရွှမ်ဒေသဆိုတာ ခွန်အားအရာမှာအမြဲတမ်း အောက်ဆုံးအဆင့် ကနေ ရှင်သန်ခဲ့ရတာမဟုတ်လား။ ”
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက လေးကန်စွာ ပြောကြားလိုက်၏။ အနက်ရောင်ဝတ် ပိန်ပိန်ပါးပါးလူက သူ့နဖူးကို ကုပ်ခြစ်လျက် ခါးသီးစွာပြုံးပြီး၊
“ ဟမ့် ... ဒီလောက်အချိန်တွေ အတူတူဖြတ်သန်းပြီးတာတောင် ငါတို့က သူ့ရဲ့ နာမည်ကို မသိလိုက်ဘူး။ ”
-ဟု ညည်းတွားလိုက်သည်။
သို့မှသာ လူတိုင်း သတိဝင်ကုန်ပြီး ချက်ချင်းရှက်ရွံ့သွား၏။ ကယ်တင်ရှင်အမည်ကို မသိခဲ့ကြသည်မှာ ရယ်စရာကောင်းပေသည်။
“ စိတ်မပူပါနဲ့ အဲဒီတာအိုမိတ်ဆွေရဲ့ ခွန်အားအရဆိုရင် မကြာခင်မှာပဲ သူ့နာမည်က ပထမတိုက်ပွဲကွင်းတစ်ခုလုံးမှာ ပဲ့တင်ထပ် လာပါလိမ့်မယ်။ ”
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ယုံကြည်မှုရှိရှိ ပြောကြားလိုက် တော့သည်။
“ ဒါပေမယ့် ချန်ရွှယ်ဖုန်း သေဆုံးသွားပြီဆိုတဲ့ သတင်းသာထွက်လာရင် သူ့အတွက် ဒုက္ခတွေအဆုံးမဲ့လာနိုင်တယ်။ ”
အနက်ဝတ်အမျိုးသား စကားကို အဝါရောင်ဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားမှ ခေါင်းညိတ်ပြလိုက်ပြီး၊
“ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ... ငါတို့က သူ့အတွက် သက်သေထွက်ဆိုရမယ်၊ ပြီးတော့ သူ့ကို မတရားပြုခံရတာ လုံးဝခွင့်မပြုဘူး။ ”
-ဟု အခိုင်အမာဆို၏။ လူတိုင်း ခေါင်းညိတ်ပြလာလေသည်။ တစ်ဖက်တွင် စုရီသည် ထိုမျှမတွေးခဲ့ချေ။ တစ်စုံတစ်ဦးသည် စည်းမျဉ်းချိုးဖောက်သူအဖြစ် အပြစ်တင်ဝံ့သော် စည်းမျဉ်းအသစ် ချမှတ်ပေးမည်ဖြစ်၏။
ဒိုမိန်းတိုက်ပွဲကွင်း ဖွင့်လှစ်ခဲ့သည်မှာ သုံးလနီးပါးရှိချေပြီ။ ကံကောင်းထောက်မစွာဖြင့် ပထမတိုက်ပွဲကွင်း၌ အပြန်အလှန်သတ်ဖြတ်မှု အပေါ်တားမြစ်ထား၏။
ယင်းသည် အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများအတွက် အန္တရာယ် ဖြစ်နိုင်ချေကို များစွာလျော့ချပေးသည်။ သို့သော် မည်သည့် အရာမျှ စိတ်မချရကြောင်း စုရီသိ၏။
ပထမတိုက်ပွဲကွင်းမှာ အန္တရာယ်များသော အရပ်ဒေသဖြစ်ပြီး အခွင့်အရေးများ ရှာဖွေရာ၌ သေခြင်းတရားကို ရင်ဆိုင်ရနိုင်မည်။
ဥပမာအားဖြင့် အနောက်ဘက်နှင်းဒေသ ကောင်းကင်ဝိညာဉ် အင်မော်တယ်ဂိုဏ်းကြီး၏ ချန်ရွှယ်ဖန်းလိုပင်။
တစ်စုံတစ်ဦးသည် ပြိုင်ဘက်ကိုသတ်ရန် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာဖြင့် ကိုင်တွယ်ခဲ့မည်ဆိုသော် သေဆုံးနိုင်ချေရှိသည်။
နောက်ဆုံးတွင် စည်းမျဉ်းများသည် ပြောင်းလွယ်ပြင်လွယ်ရှိပြီး တစ်စုံတစ်ယောက်မှ သတ်ဖြတ်ချင်နေပါက နည်းလမ်းရှာနိုင်မည်။
နေ့တစ်ဝက်ကုန်လွန်ပြီးနောက် စုရီမှ ဧည့်ကြိုလွင်ပြင်သို့ ရောက်ရှိလာ၏။ ထိုအရပ်၌ လူအများစည်ကားနေသည်။
အဘယ့်ကြောင့်ဆိုသော် တောင်ထိပ်လေးခုအလယ်ရှိ တိုက်ပွဲကွင်းတွင် ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ပေပင်။ တစ်ဖက်မှာ ရွှေရောင်ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော မြောက်ပိုင်းအမှောင် ဒေသ၏ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ရောင်ဝါသည် အလွန် ကြောက်စရာကောင်းလှပြီး အေးစက်သော အငွေ့အသက်များ ဖြာထွက်နေ၏။
အခြားတစ်ဖက်တွင် အရှေ့ဘက်ရွှမ် ဒေသကြီးမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မြင့်မားသော အရပ်နှင့် ပိန်ပိန်ပါးပါးလူအိုကြီးဖြစ်သည်။ နှစ်ယောက်စလုံး၏ ကျင့်ကြံမှုသည် တိမ်ပေါ် ပျံသန်းခြင်းအဆင့် နှောင်းပိုင်းတွင်ရှိ၏။
စုရီက သူ့ရင်ခွင်ထဲမှ ကြောင်လေးအရွယ် ကျုံ့ဝင်သွားသောချွမ်ချီကျားကို ပွတ်သပ်လျက် လူအုပ်ကြားမှ တိုက်ပွဲထံကြည့်နေသည်။
ပြိုင်ဘက်ကင်းပြီး ရက်စက် ကြမ်းကြုတ်သော ချွမ်ချီကျားသည် သူ့လက်၌ အလွန်နူးညံ့သိမ်မွေ့ကာ ရုန်းကန်ဖို့ပင် မဝံ့မရဲဖြစ်နေခဲ့၏။
မည်သူမဆို ထိုအပြုအမူကြောင့် ဝိညာဉ်အဆင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဟု ထင်မှားမိပေလိမ့်မည်။
“ ပျင်းစရာကောင်းလိုက်တာ။”
ခဏမျှ စောင့်ကြည့်ပြီးနောက် စုရီမှခေါင်းခါလိုက်သည်။ ဤတိုက်ပွဲမျိုးသည် စိတ်လှုပ်ရှားစရာ ကောင်းလွန်းနိုင်သော်လည်း သူ့အတွက် ဆွဲဆောင်မှုမရှိချေ။
“ ဆင်းသွား ... ။ ”
“ ဝှစ် ... ။ ”
“ ဘန်း ... ။ ”
ထိုစဉ် အရှေ့ဘက်ရွှမ်ဒေသမှ ပိန်ပိန်ပါးပါးလူအိုကြီးသည် ပြင်းစွာဒဏ်ရာရပြီး ဖုန်မှုန့်များဖြင့်ဖုံးလွှမ်းသွားကာ မြေပြင်ပေါ်သို့ လိမ့်ကျလာတော့သည်။
“ ဟမ့် ... အရှေ့ဘက်ရွှမ်ဒေသမှာ ဘယ်သူမှမကျန်တော့တဲ့ပုံပဲ ... ပြီးခဲ့တဲ့လက တိုက်ပွဲဝင်နိုင်တဲ့သူတောင် မရှိဘူး။ ”
တိုက်ပွဲကွင်းပေါ်ရှိ ရွှေရောင်ဝတ်လူသည် ခေါင်းအနည်းငယ်ခါယမ်းလိုက်ပြီး မထီမဲ့မြင် ပြုလာခဲ့သည်။
မြောက်ပိုင်းအမှောင်နယ်မြေ၊ တောင်ပိုင်း မီးနယ်မြေနှင့် အနောက်ဘက်နှင်းနယ်မြေတို့၏ ကျင့်ကြံသူများသည်လည်း လှောင်ပြုံးဖြင့် ပြုံးရယ်လာကြတော့၏။
ဆန့်ကျင်ဘက်အနေနှင့် အရှေ့ဘက် ရွှမ်ဒေသသည် စိတ်ပျက်အားငယ်နေကြသည်။ တချို့က လေးနက်စွာ သက်ပြင်းချလျက် တချို့က ဒေါသတကြီး အံကြိတ်နေ၏။
ကြီးစွာသော ခါးသီးမှုပေပင်။ ထိုသူများ ပြောကြားနေခဲ့သလိုပင် လွန်ခဲ့သည့်လများ၌ သူတို့အရှေ့ဘက်ရွှမ်ဒေသမှ ကျွမ်းကျင်သူတိုင်း ပြိုင်ဘက်များ၏ ရက်ရက်စက်စက် နှိမ်နှင်းခြင်းကိုခံခဲ့ရ၏။
ထို့ကြောင့် သူတို့သည် ယှဉ်ပြိုင်ရန် မဝံ့ကြတော့သည်မှာ သဘာဝပေပင်။ သူတို့၏ ခွန်အားသည် အခြားနယ်မြေသုံးခုနှင့် အလွန်ပင် ကွာခြားနေချေပြီ။
“ ဟားဟားဟား ... ။ ”
ရွှေရောင်ဝတ်ရုံနှင့်လူက သဘောကျစွာ ရယ်မောလိုက်၏။ ထို့နောက် သူသည် အဝေးရှိ အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများထံ လှမ်းကြည့်လိုက်ပြီး၊
“ အရှေ့ဘက်ရွှမ်ဒေသကလူတွေ နားထောင်ကြ ... ဒီနေ့ကစပြီး ငါလုမင် စင်ပေါ် တက်လာချိန်တိုင်း မင်းတို့မျက်နှာတွေကို မမြင်ရစေနဲ့ ...
... မဟုတ်ရင် မင်းတို့တွေကို စင်မြင့်ပေါ်ခေါ်ပြီးတော့ အရှက်ခွဲမိတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့။ ”
-ဟု ဟိန်းဟောင်ပြောကြားလိုက်၏။ ယင်းသည် ကြီးစိုးလွန်းကာ နာကျင်စရာကောင်း ချေပြီ။
“ ဟားဟားဟား ... အမှိုက်တွေ။ ”
သူ့အသံသည် လူတိုင်းနားစည်ထဲ ပဲ့တင်ထပ်သွားပြီး အခြားသောသူများမှလည်း အော်ဟစ်လှောင်ပြောင်လာကြ၏။ ဤသည်မှာ လွန်လွန်ကျူးကျူး စော်ကားမှုတစ်ခုပေပင်။
ထိုမြင်ကွင်းကြောင့် စုရီမှအနည်းငယ် မျက်မှောင်ကြုတ်လျက် ခေါင်းခါလိုက်တော့၏။ အနိုင်အရှုံးပြိုင်ပွဲတစ်ခုသည် အမှန်တကယ်ပင် ဤမျှဝင့်ကြွားစရာ ကောင်းနေသည်လော။ ပျင်းစရာပေပင်။
အဆုံး၌ စိတ်ဝင်စားမှု ပျောက်ဆုံးကာ အရှေ့ဘက်ရွှမ်တောင်ထိပ်ထံ မော့ကြည့်ပြီး ထွက်ခွာရန်ပြင်လိုက်တော့၏။
“ သခင် ... သခင်စု၊ မင်းတကယ်ရောက်လာပြီ။ ”
ရုတ်တရက် ဆံပင်ဖြူဖြူနှင့်အဖိုးကြီး တစ်ယောက်က လူအုပ်ကြားထဲမှနေပြီး စုရီကို မြင်သွားကာ ဝမ်းသာအားရဖြင့် နှုတ်ဆက် လာချေပြီ။
သခင်စုဟူသောခေါ်သံကြောင့် အနားရှိ အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများအားလုံး စိတ်လှုပ်ရှားစွာ ချက်ချင်းလှည့်ကြည့်လာသည်။
“ ဟမ့် ... တကယ်ပဲ သခင်စုပဲ၊ နောက်ဆုံးတော့ မင်းရောက်လာပြီ သခင်စု ငါတို့ကို ကူညီပြီး အရှက်တရားကို ဆေးကျောပေးပါဦး။ ”
“ ဟားဟားဟား ... ငါတို့ရဲ့ အရှက်ခွဲခံရမှုတွေကို ဒီနေ့ရပ်တန့်နိုင်ပြီ သခင်စု ရောက်လာပြီ ဟားဟားဟား။ ”
ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသံများ ပြည့်နှက်သွား၏။ လူတိုင်းက အထောက်အပံ့ ထောက်တိုင်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ ပျော်ရွှင်မှုများဖြင့် စုရီအနားဝိုင်းအုံလာသည်။
စုရီတစ်ယောက် စကားမပြောနိုင် ဖြစ်သွား၏။ ဤလူများကို သူ ရင်းနှီးခြင်းလုံးဝ မရှိချေ။ တစ်ချိန်က သူတို့၏ကျိန်စာများကို ဖယ်ရှားပေးခဲ့ရုံသာရှိသည်။
ထို့ကြောင့် ယခုကဲ့သို့ စိတ်အား ထက်သန်စွာဖြင့် တောင်းဆိုလာခြင်းသည် သူ့ကို ကူကယ်ရာမဲ့စေသည်။
အနိုင်ကျင့်ခံရပြီးနောက် မည်သူမဆို လက်စားချေနိုင်ရန် အထောက်အပံ့ရှာသည်ကို နားလည်ပေးနိုင်၏။ သို့သော်ကံမကောင်းစွာဖြင့် သူသည် ဤပွဲမျိုးကိုစိတ်မဝင်စားချေ။
“ သူက ဘယ်သူလဲ။”
စုရီရောက်ရှိလာမှုကြောင့် ဖြစ်ပေါ်လာခဲ့သော ရုန်းရင်းဆန်ခတ်မှုများသည် အခြားသောနယ်ပယ်မှ ကျွမ်းကျင်သူများကို အာရုံစိုက်မိလာစေသည်။
“ သူက စုရီပဲ ... သူ့ရဲ့ခွန်အားက အရမ်းအစွမ်းထက်ပြီး အရှေ့ဘက်ရွှမ်ဒေသမှာ အတောက်ပဆုံးဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခံထားရတယ်။ ”
“ မင်း ... တကယ်ပြောနေတာလား အဲဒီကောင်လေးက ဒဏ္ဍာရီလာပုဂ္ဂိုလ်လား။ ”
“ မင်းကို လိမ်စရာလား သူက တတိယတိုက်ပွဲကွင်းကနေ ပထမတိုက်ပွဲကွင်း အထိ နတ်ဝိညာဉ်အဆင့်နဲ့ တက်လာနိုင်တာ မတွေ့ဘူးလား ဘယ်လိုလုပ်ပြီး ရိုးရှင်းတဲ့လူ ဖြစ်နိုင်မှာလဲ။ ”
“ ဟမ့် ... မဆိုးဘူး၊ နောက်ဆုံးတော့ စိတ်ဝင်စားစရာလူတစ်ယောက် အမှိုက်တွေ ကြားကနေထွက်လာပြီ။ ”
နယ်ပယ်သုံးခုမှ ကျွမ်းကျင်သူများသည် စုရီကိုကြည့်ကာ ဆွေးနွေးမှုများဖြစ်ပေါ်လာ၏။ မကြာသေးမီက အရှေ့ဘက်ရွှမ်ဒေသတွင် ကောင်းကင်ကိုစိန်ခေါ်နိုင်သော တစ်စုံတစ်ဦး ပေါ်ထွက်လာကြောင်း သူတို့သိထားသည်။
သည့်ပြင် အရှေ့ဘက်ရွှမ်းဒေသမှ ရှုံးနိမ့်သူတိုင်းသည် ထိုလူသာ ရောက်ရှိလာပါက သူတို့အတွက် ပြန်လည်လက်စားချေနိုင်မည်ဟု သတင်းလွှင့်ခဲ့ကြ၏။
တစ်စုံတစ်ဦးမှ ထိုသို့ပြောကြားစဉ် မည်သူမျှစိတ်မဝင်စားချေ။ ယခုမူလူတိုင်းနီးပါး တစ်သံတည်းထွက်လာသည့်နောက် မည်သူမဆို လေးနက်လာသည်မှာ သဘာဝပေပင်။
***