အခန်း (၁၁၁၅-၁၁၁၆)
Vol. 93 Ch. 1115-1116
အခန်း ၁၁၁၅ -
သေလောက်အောင် ကြောက်ရွံ့သွားခြင်း။
စုရီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ သူသည် အာရုံစိုက်ခံရခြင်းများကို ကျင့်သားရနေပြီဖြစ်၏။ သို့သော် လက်ညှိုးထိုး မှတ်ချက်ပေးခြင်းကိုမူ မနှစ်သက်ချေ။
“ သခင်စု ... ငါတို့အရှေ့ဘက် ရွှမ်ဒေသကြီးက မိတ်ဆွေတွေအားလုံးဒီမှာ အရှက်ရစရာ အဖြစ်အပျက်တွေ အများကြီး ခံစားခဲ့ရတယ် ငါတို့ကို လက်စားချေပေးပါ။ ”
ဆံပင်ဖြူဖြူနှင့် အဘိုးကြီးက စုရီအမူအယာကြောင့်စိုးရိမ်ပြီး ရှေ့သို့တိုးကာ လမ်းကိုပိတ်လိုက်သည်။
“ ဟုတ်တယ်တယ် သခင်စု ... ငါတို့အားလုံးဒေါသတွေကို ထိန်းထားကြပြီး ဘာမှမလုပ်နိုင်ပါဘူး ငါတို့ရဲ့ အရှေ့ဘက်ရွှမ် နယ်မြေက အားနည်းလွန်းတယ်လို့ ... လူတိုင်းထင်နေကြပါပြီ။ ”
“ ကံကောင်းထောက်မစွာနဲ့ သခင်စုရောက်လာပြီဆိုတော့ ဒီလူတွေအမြင်ကို ပြောင်းလဲပေးပါ သခင်စုက ငါတို့အားလုံးရဲ့ ခေါင်းဆောင်ပါ။ ”
“ ငါတို့သခင်စု ရောက်လာဖို့ မျှော်လင့်နေခဲ့ကြတာ သခင်စု ငါတို့အားလုံး မင်းရဲ့အမိန့်ကို ဒီနေ့ကစပြီးနာခံပါ့မယ်။ ”
အခြားသူများသည်လည်း ဆံပင်ဖြူဖြူအဖိုးကြီးစကားကို ဝင်ရောက် ထောက်ခံလာကြသည်။
သူတို့သည်သာ စုရီတစ်ယောက် မည်မျှကြောက်စရာကောင်းပြီး ပြိုင်ဘက်ကင်း အရည်အချင်းရှိကြောင်း သိရှိထားချေ၏။
သူတို့အမြင်တွင် တခြားသော နယ်ပယ်သုံးခုမှ ကျင့်ကြံသူများသည် စုရီနှင့် နှိုင်းယှဉ်နိုင်စရာမရှိချေ။
“ မင်းတို့ပြောတာကို ငါနားလည်တယ် ဒါပေမယ့် ဒီလိုတိုက်ပွဲမျိုးကို စိတ်မဝင်စားတာမို့ စိတ်မကောင်းပါဘူး။ ”
စုရီက တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ လူအုပ်ကြီးမှအံ့အားသင့်လျက် စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုများ အေးခဲကုန်၏။
“ သခင်စု၊ ငါတို့ခံစားခဲ့ရတဲ့ အရှက်ရမှုတွေက အရေးမပါပေမယ့် မင်းက ငါတို့ရဲ့အရှေ့ဘက်ရွှမ်ဒေသရဲ့ ကျင့်ကြံသူ တစ်ယောက်မဟုတ်လား ...
... ဒီလူတွေက မင်းကိုပါ အမှိုက်အဖြစ် သတ်မှတ်နေတာ မင်းခံနိုင်ရည်ရှိမယ်လို့တော့ ငါမထင်ပါဘူး။ ”
တစ်ယောက်ယောက်က မတတ်နိုင်ဘဲ သူ့ခံစားချက်များကို ပြောကြားလိုက်လေသည်။ စုရီမှ ထိုသူထံ လှည့်ကြည့်ကာ၊
“ ဒီနေ့ မင်းတို့ကို မတ်တပ်ရပ်နိုင်အောင် ငါကူညီပေးနိုင်တယ် ဒါပေမယ့် အင်မော်တယ် ပလက်ဖောင်းပေါ်လာတဲ့အခါ မင်းတို့တွေ ဘာဆက်လုပ်မလဲ စဉ်းစားပြီးပြီလား။ ”
-ဟု မေးမြန်းလိုက်၏။
ထိုစကားကြောင့် လူတိုင်း တိတ်ဆိတ်သွားပြီး နှလုံးသားများလေးလံကုန် တော့သည်။ သူတို့၏မျက်နှာအမူအရာများသည် ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုကို ဖော်ပြနေ၏။
စုရီပြောသလိုပင် သူတို့အားလုံးသည် အင်မော်တယ်ပလက်ဖောင်းထံ တက်လှမ်းရန် အတွက် ဤခရီးကို လာရောက်ခဲ့သူများ ဖြစ်လေသည်။
လက်ရှိခွန်အားမျိုးဖြင့် သူတို့၏ ထိုမျှော်လင့်ချက်များသည် ပါးလွှာပျောက်ရှကုန် ပေတော့မည်။ စုရီက ချွမ်ချီကျား၏သားမွေးကို ညင်သာစွာပွတ်သပ်လျက်၊
“ အနိုင်အရှုံးကိုသာ ဆုံးဖြတ်ပေးတဲ့ ယှဉ်ပြိုင်ပွဲက ဘာမှမဟုတ်ဘူး ငါ့အမြင်အရ မင်းတို့လုပ်သင့်တာက ဂုဏ်သိက္ခာတွေနဲ့ အရှက်ရစရာတွေကို တွေးတောနေမယ့်အစား အနာဂတ်မှာ ပိုအားကောင်းလာအောင် အကောင်းဆုံးကြိုးစားသင့်ပြီ။”
-ဟု ပြောကြားလိုက်သည်။
ကျင့်ကြံသူများအနေဖြင့် သူတို့သည် ရှက်ရွံ့မှုကိုသိမြင်ပြီးနောက် တိုးတက်မှုရှိစေရန် ကြိုးစားသင့်ချေပြီ။
“ သခင်စု ပြောတာမှန်ပါတယ် ... ဒီအဘိုးကြီးက သင်ခန်းစာယူသွားပါပြီ။ ”
ဖြစ်စဉ်ကို စတင်ခဲ့သော ဆံပင်ဖြူဖြူနှင့် အဘိုးကြီးက ရှက်ရွံ့သောအကြည့်ဖြင့် ဦးညွှတ် တောင်းပန်တော့သည်။ ကျန်သူများမှာမူ တိတ်ဆိတ်နေခဲ့၏။
စုရီတစ်ယောက် ရှေ့မထွက်ချင်သော ဆန္ဒအပေါ် လက်ခံဖို့ရန် သူတို့အတွက်ခက်ခဲနေ သေးသည်။ သို့သော် စုရီမှ ဂရုမစိုက်ချေ။ လှည့်ထွက်လာခဲ့၏။
“ ဟားဟားဟား ... အဓိပ္ပါယ်မရှိတဲ့ စကားတွေနဲ့ မင်းကြောက်တာကိုရှောင်ကွင်းချင် နေတာလား ... မင်းမှာ တကယ်အစွမ်းရှိရင် ငါ့ကိုလာပြီးတိုက်ရဲလား။ ”
ရုတ်တရက် တိုက်ပွဲစင်မြင့်ပေါ်ရှိ ရွှေရောင်ဝတ်ရုံဖြင့်လူက သည်းမခံနိုင်တော့ဘဲ အော်ဟစ်စိန်ခေါ်လာသည်။
မျက်ဝန်းများ၌ ဖုံးကွယ်မထားသော ရန်လိုမှုကိုဖော်ပြနေ၏။ ယင်းကြောင့် လူတိုင်း စုရီထံ လှည့်ကြည့်ကုန်သည်။
“ အရှေ့ဘက်ရွှမ်ဒေသက လူတွေက မင်းကိုဒဏ္ဍာရီလာပုဂ္ဂိုလ်အဖြစ်ချီးကျူးကြတယ် မင်းကတော့ စိန်ခေါ်မှုကိုတောင် လက်မခံဝံ့တဲ့ လူတော့ မဟုတ်ဘူးမလား။ ”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်လှောင်ပြောင်လိုက်သည်။ သူတို့သည် စုရီ၏ အမူအရာနှင့်အသွင်အပြင်ကိုမကြိုက်ချေ။ မောက်မာပြီး ရိုင်းပျလွန်း၏။
“ စိတ်ပျက်စရာပဲ စိန်ခေါ်မှုကိုတောင် လက်မခံဝံ့တဲ့လူကို ဒီအရှေ့ဘက်ရွှမ်ဒေသက လူတွေက ဘာလို့နတ်ဘုရားတစ်ပါးလို ဆက်ဆံကြတာလဲ။ ”
“ စုမျိုးရိုးနဲ့ ကောင်လေး ... မြန်မြန်ပြန်ဖြေစမ်းပါ မင်း ... စိန်ခေါ်မှုကို လက်ခံရဲလား။ ”
ခဏအတွင်းမှာပင် လှောင်ပြောင်သံများ ဆူညံလာပြီး လူတိုင်းက အပျော်သဘောဖြင့် စောင့်ကြည့်လာကြ၏။ ဤသည်မှာ သဘာဝ အတိုင်း သည်းမခံနိုင်စရာပေပင်။
တစ်ဖက်တွင် စုရီသည် ခွေးများလို ဟောင်နေသော လူအုပ်ကြီးထံ လျစ်လျူရှုကာ ဆက်လျှောက်သွားသည်။ ဤလူများသည် သူ့ကို ပွဲကြည့်နေကြခြင်းဖြစ်၏။
“ ဟားဟားဟား ... ။ ”
ရွှေရောင်ဝတ်ရုံဝတ်ထားသော လူသည်လည်း ခဏတာအံ့အားသင့်သွားပြီး အဆုံး၌ ခေါင်းခါကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
“ လူတိုင်း ... သေချာကြည့်စမ်းပါ စုမျိုးရိုးနဲ့ကောင်လေးက ကြောက်တတ်တဲ့သူပဲ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ ...
... ဒီလို သူရဲဘောကြောင်တဲ့လူကို အရှေ့ဘက်ရွှမ်ဒေသရဲ့ ကျင့်ကြံသူတွေက ဘယ်လိုများ ခေါင်းဆောင်အဖြစ် တင်မြောက်နေရတာလဲ။ ”
စကားလုံးတစ်လုံးချင်းစီသည် လှောင်ပြောင်ရှုံ့ချမှုများ ပြည့်နှက်နေကာ ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ် သွားစေခဲ့သည်။
ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောသံများ ထွက်ပေါ်လာတော့သည်။ အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများခမျာ ခေါင်းများငုံ့လျက် ပို၍ရှက်ရွံ့သွားကြ၏။
သူတို့၏ မျှော်လင့်ချက်များ လုံးဝလွှဲမှားသွားချေပြီ။ စုရီသည် ဤနည်းဖြင့် လှောင်ပြောင်ခံရသော်မှ လျစ်လျူရှုထား၏။
“ ဟားဟားဟား ... ငါတမင်တကာ အရှက်ခွဲနေတာမဟုတ်ဘူး ... ဘယ်သူမဆို အနည်းဆုံးတော့ ရှုံးမယ်သိနေရင်တောင် စိန်ခေါ်မှုကို လက်ခံရဲတယ် ဒါပေမယ့် ...
... မင်းတို့ရဲ့ ဒဏ္ဍာရီလာ ဒီစုမျိုးရိုးနဲ့ကောင်လေးက တိုက်ခိုက်ဖို့တောင် သတ္တိမရှိတာအားလုံးအမြင်ပဲ မဟုတ်ရင် ... ။ ”
ရုတ်တရက် လုမင်တစ်ယောက် စကားသံရပ်ပြီး သူ့ရှေ့ရုတ်တရက်ပေါ်လာသော ကြောင်ကလေးထံ ရှုပ်ထွေးစွာကြည့်မိသည်။
လူတိုင်းသည်လည်း ရုတ်ချည်း လေထုအပြောင်းအလဲကြောင့် ထိုအရပ်သို့ လိုက်ပါကြည့်ရှုလာကုန်၏။
စုရီက ပြန်လှည့်ကြည့်လျက်၊
“ သူ့ကို သင်ခန်းစာရတဲ့အထိ ... ရိုက်နှက်ပေးပါ သတိရပါ မသေစေနဲ့ ကျန်တာ မင်းဆန္ဒအတိုင်းပဲ။ ”
-ဟု ပြောကြားလိုက်သည်။
သူ့စကားကြောင့် ကြောင်နက်လေးက တုန်ရီစွာဖြင့် ခေါင်းညိတ်၏။ ထိုမြင်ကွင်းသည် လုမင်ကို အလွန်ရှက်ရွံ့ပြီး မျက်နှာမည်းမှောင် သွားစေသည်။
“ မင်း ... ဒီသေးငယ်တဲ့နတ်ဆိုးနဲ့ ငါ့ကိုတိုက်ခိုက်စေချင်တာလား။ ”
စုရီက သူ့မေးခွန်းထံ လျစ်လျူရှုပြီး အနက်ရောင်ကြောင်လေးထံ၊
“ မြန်မြန်လုပ် ... ။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဝေါင်း ... ။ ”
စကားဆုံးသည်နှင့် ကျယ်လောင်သော ကြုံးဝါးသံထွက်ပေါ်လာပြီး ကြောက်နက်မှ လေထဲ ခုန်တက်လာ၏။
ထိုအသံသည် ဧည့်ကြိုလွင်ပြင်တစ်ခုလုံးကို တုန်ဟည်းစေလျက် လူတိုင်းရင်ထဲ ကြောက်ရွံ့မှု ပေးစွမ်းလာချေပြီ။
“ ဒါ ... ။ ”
ချက်ချင်းပင် လူတိုင်း မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ကြောက်နက်သည် လေထု အလယ်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ရုတ်ချည်း ကြီးမာလာခဲ့သည်။
ရောင်ဝါသည်လည်း ကောင်းကင်ဘုံမှ နတ်သားရဲအလား တိုက်ပွဲကွင်းအနှံ့ဖြန့်ကျက် ဖုံးလွှမ်းလာချေ၏။
“ ချွမ်ချီကျား ... ။ ”
တစ်စုံတစ်ယောက်က သတိရသွားပြီး အော်ဟစ်လိုက်သည်။ လူတိုင်းနှလုံးသားများ တုန်ခါကုန်၏။
ဤသားရဲသည် ပထမတိုက်ပွဲကွင်း၌ ပြိုင်ဘက်ကင်းသော ရက်စက်ကြမ်းကြုတ်သည့် သားရဲဘုရင်ဖြစ်သည်။
သာမန် တိမ်ပေါ်ပျံသန်းခြင်း အဆင့် ကျင့်ကြံသူများကို အလွယ်တကူ ဆုတ်ဖြဲနိုင်၏။ လုမင် မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးကျယ် သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း ကြောင်ပေါက်နှင့်တူသော နတ်ဆိုးသားရဲသည် ပြိုင်ဘက်ကင်း သားရဲဘုရင်အဖြစ်သို့ သူ့ရှေ့ ပေါ်လာနေ၏။
“ ချွင် ... ။ ”
စဉ်းစားရန် အချိန်မရှိတော့ဘဲ ဓားကိုဆွဲထုတ်ကာ ချက်ချင်းအစွမ်းကုန် တုန့်ပြန်လိုက်ရသည်။
“ ထွက်သွား ... ။ ”
ဓားစွမ်းအင်သည် ရေလှိုင်းကဲ့သို့ မြင့်တက်လာပြီး တောက်ပသော တာအိုဥပဒေ အချို့လိုက်ပါသွားချေ၏။
“ ဝုန်း ... ။ ”
သို့သော် အနက်ရောင်မီးလျှံများ တောက်လောင်နေသည့် ကျားလက်သည်းကြီး တစ်ဖက်သည် သူ့ဓားကို ကုပ်ဆွဲသွားသည်။
“ ကလန် ... ။ ”
လုမင်တစ်ယောက် ဓားကို လွှတ်ပေးလိုက်ရ၏။ တစ်ဆက်တည်းမှာပင် နောက်ကွယ်မှ စွမ်းအားကြောင့် အရုပ်ကြိုးပြတ် လွင့်စဉ်သွားချေပြီ။
အဝါရောင်ဝတ်ရုံရှည်သည်လည်း အပိုင်းပိုင်းစုတ်ပြဲသွားပြီး ရင်ဘတ်အရိုးများမှာ ချိုင့်ဝင်ကုန်၏။ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ချက်ချင်းစီးကျလာသည်။
လက်သည်းကုပ်ချက်တစ်ချက်သည် တိမ်ပေါ်ပျံသန်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို ပြင်းထန်စွာ ထိခိုက်စေခဲ့၏။
ကြောက်မက်ဖွယ် ကောင်းချေပြီ။ မြင်ရသူတိုင်းအတွက် ကျောရိုးတစ်လျှောက် အေးစက်လာစေ၏။
“ သေလိုက်စမ်း ... ။ ”
လုမင်က ဒေါသထွက်လာပြီး ခရမ်းရောင်ရွှေရောင်ဘုံကျောင်းကို ဆင့်ခေါ် လိုက်လေသည်။ ဘုံကျောင်းသည် ပေတစ်ရာ အမြင့်အထိ ကြီးထွားလာ၏။
တောက်ပသော ခရမ်း-ရွှေရောင် အလင်းရောင်သည် မျက်စိကွယ်လောက်အောင် ဖြာထွက်လာသည်။
ဤသည်မှာ ထိပ်တန်းတာအိုရတနာ တစ်ပါးဖြစ်ပြီး စွမ်းအားမှာ အတိုင်းအဆမဲ့ပြီး ပြိုင်ဘက်ကင်းချေပြီ။ သို့သော် ချွမ်ချီကျားက ရှေ့သို့ခုန်တက်လာကာ လက်သည်းဖြင့် ထိုဘုံကျောင်းထံ ကုပ်ဆွဲလိုက်ပြန်သည်။
“ မကောင်းတော့ဘူး ... ။ ”
လုမင်တစ်ယောက် အမူအရာ သိသိသာသာပြောင်းလဲသွားသည်။ သူသည် ထိုလက်သည်းနောက်ကွယ်မှ စွမ်းအားများကို ခံစားမိကာ ချက်ချင်းထွက်ပြေး၏။
“ ဖြောင်း ... ။ ”
သို့သော် နောက်ကျသွားချေပြီ။ အန်ကရောင်ပုံရိပ်သည် ဘုံကျောင်းကြီးကို ပုတ်ထုတ်လျက် သူ့ထံပါးရိုက်ချလာသည်။
“ အား ... ။ ”
လုမင်တစ်ယောက် ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး သွေးများ အန်လိုက်ရသည်။ ထိုစဉ် အနက်ရောင်အရိပ်သည် သူ့အပေါ် ခုန်ချလာပြီဖြစ်သဖြင့် တုန့်ဆိုင်းခြင်းမရှိ၊
“ ငါ ... ငါ အရှုံးပေးတယ် အရှုံးပေးတယ်။ ”
-ဟု မျက်စိမှိတ်ကာ အော်ဟစ်လိုက်၏။
“ ဝေါင်း ... ။ ”
ချွမ်ချီကျားက သူ့ခြေလက်များကို ခွဲလျက်ဖြင့် ကြမ်းပြင်ပေါ် ဆင်းသက်လိုက်ပြီး သူ့ထံ ပါးစပ်ဟကာ တိုးကပ်လာသည်။ လုမင် တစ်ယောက် မျက်ဝန်းချင်းမဆုံဝံ့တော့ချေ။
“ မလုပ်နဲ့ ... ။”
အဆုံး၌ ကြောက်ရွံ့မှုများကြောင့် မထိန်းနိုင်တော့ဘဲ အမြင်အာရုံများမှုန်ဝါးလျက် မေ့မြောသွားချေပြီ။ ထက်ရှသော အစွယ်များမှာ သူ့ဦးခေါင်းနှင့် တစ်လက်မအကွာတွင် ရပ်တန့် သွားသည်ကိုပင် မသိနိုင်တော့ချေ။
ချွမ်ချီကျားက ခေါင်းမော့လာပြီး လေကိုရှူရှိုက်လိုက်ကာ လက်သည်းများ ပြန်ရုတ်လျက် လုမင်ဆီမှ ခွာသည်။
“ ဒါ ... ။ ”
သို့မှသာ လုမင်၏ပေါင်ကြားမှ စိုဆွတ်လာသော ရေစီးကြောင်းငယ်တစ်ခုကို လူတိုင်းမြင်လိုက်ရတော့၏။ ကြောက်လန့်ပြီး ဆီးမထိန်းနိုင်ခဲ့ပုံပေပင်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။
***
အခန်း ၁၁၁၆ -
ဧည့်လွင်ပြင်ရှိ ဘုရင်များ ... ။
စုရီမှ လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် စိတ်မဝင်စားခဲ့ချေ။ သို့သော် လူရွှင်တော်သည် သူ့ကိုအသရေဖျက်နေသည့်နောက် လျစ်လျူရှု မထားနိုင်သည်မှာ သဘာဝပေပင်။
ယခုမူ အကျိုးသက်ရောက်မှုသည် အတော်ပင် ကောင်းပုံရသည်။ အနည်းဆုံးတော့ ချွမ်ချီကျား၏ ရောင်ဝါသည် အခြားသူများကိုပင် ခြိမ်းခြောက်နိုင်ခဲ့၏။
လုမင်အတွက်မူ ဖိနှိပ်ခံရရုံသာမက မေ့မြောပြီး ကြမ်းပြင်ပေါ် ဆီးသွားသည်အထိ ကြောက်ရွံ့သွားသည်။ ယနေ့မှစပြီး ထိုသူသည် ခေါင်းမော့နိုင်တော့မည်မဟုတ်ချေ။
တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျင့်ကြံသူအနေဖြင့် ဘောင်းဘီစိုသည်အထိ ကြောက်ရွံ့ခဲ့ခြင်းသည် သူ့ဘဝတစ်လျှောက် ဆေးကြောမရသော အစွန်းအထင်းပေပင်။
ထိုအကြောင်းကို ပြောကြားသူတိုင်းသည် လူပြက်အဖြစ်ရှုမြင်ပေမည်။ စုရီကနောက်ထပ် မစဉ်းစားတော့ဘဲ ထွက်ခွာလာခဲ့၏။
လမ်းတစ်လျှောက် မည်သူမျှ သူ့ကိုနှိုးဆွစကားတစ်ခွန်း မပြောဝံ့တော့ချေ။ ထိုမြင်ကွင်းက အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများကို ပြုံးရွှင်ကုန်စေ၏။
“ မင်းမြင်လား ... သခင်စုက ကြောက်ရွံ့တာမဟုတ်ဘဲ သူ့ဘေးနားက အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကိုတောင် အနိုင်ယူနိုင်တဲ့ အရည်အချင်းမျိုး မရှိတဲ့လူကို စိတ်မဝင်စားတာပဲ။ ”
“ မှန်တယ် ... သခင်စုကို ဘယ်သူက အမှိုက်လို့ ပြောရဲသေးလဲ ... ကျန်တာအားလုံး ဘေးဖယ်ထားရင်တောင် ချွမ်ချီကျားလို သားရဲဘုရင်ကို ဘယ်သူနှိမ်နင်းဝံ့လဲ။ ”
လူတိုင်းတစ်ယောက်တစ်ခွန်း အော်ဟစ်လှောင်ပြောင်လာ၏။ ဤတစ်ကြိမ်၌ သူတို့ကို တုန့်ပြန်ဖိနှိမ်မည့်သူပင် ထွက်ပေါ် မလာချေ။
“ လုမင်ကိုကြည့်စမ်းပါဦး တကယ်ပဲ ကြောက်ရွံ့ပြီးမေ့လဲသွားတယ် အဆိုးဆုံးက ဆီးတောင်မထိန်းနိုင်တော့ဘူး ဟားဟားဟား အဲဒီလူရွှင်တော်က ဘယ်လိုကြွားဝါပြီး မောက်မာလဲ။ ”
တစ်ယောက်ယောက်က အော်ဟစ် ရယ်မောလိုက်သည်။ အဝေးရှိ အခြားနယ်မြေ သုံးခုရှိ ကျင့်ကြံသူများမှာ မရေမရာ ဖြစ်ကုန်၏။ သူတို့ လုံးဝငြင်းဆန်နိုင်ခြင်း မရှိချေ။
စုရီသည် ယနေ့တွင် အစမှအဆုံးတိုင် လှုပ်ရှားခြင်းမရှိချေ။ ထိုအရာသည်ပင် သူ့ကို ပို၍ကြောက်စရာကောင်းစေ၏။
ချွမ်ချီကျားက လုမင်ကို ချေမှုန်းနိုင်လောက်အောင် အစွမ်းထက်သော်မှ စုရီရှေ့၌ ကြောင်တစ်ကောင်ကဲ့သို့ နူးညံ့သိမ်မွေ့နေသည်။
“ ဟမ့် ... ဒါက အိမ်မွေးတိရစ္ဆာန် တစ်ကောင်ပါပဲ ... အရမ်းကြီးမာနမကြီးပါနဲ့ ချွမ်ချီကျားကို နှိမ်နင်းနိုင်တဲ့သူမရှိဘူး မထင်ပါနဲ့။ ”
ရုတ်တရက် တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့ဘဲ အေးစက်စွာဖြင့် တုန့်ပြန် ပြောကြားလာသည်။ သို့မှသာ အရှေ့ဘက် ရွှမ်ဒေသမှ လူတိုင်း ငြိမ်သက်သွား၏။
“ ဒါဆိုစောင့်ကြည့်ရအောင်။ ”
ဤနည်းဖြင့်ပရိသတ်များ တဖြည်းဖြည်း လူစုကွဲကုန်သည်။ သတိလစ်နေသော လုမင်ကို သူ့အဖွဲ့မှ ခေါ်ဆောင်သွားခဲ့၏။
“ ဒါဆို စီနီယာအစ်ကိုရဲ့ ဝိညာဉ်ထိန်းချုပ်ကြေးမုံကို ဖျက်ဆီးပစ်တာ ဒီလူပေါ့။ ”
အဝေးတစ်နေရာတွင် အစိမ်းရောင် ဝတ်ထားသော အဘိုးကြီးတစ်ယောက်သည် မှိုင်းညို့နေသည့်မျက်နှာဖြင့် ရေရွတ်လိုက်၏။
ထိုစဉ်က သွေးရွံ့နွံတွင် သွေးတောင်ပံ ငှက်တစ္ဆေနှင့် ချွမ်ချီကျား၏ စိတ်ဝိညာဉ်များကို ခြယ်လှယ်ကာ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဒီလူဧည့်လွင်ပြင်ကို ရောက်လာနိုင်ရင် စီနီယာအစ်ကို ကံဆိုးမှုကြုံတွေ့ခဲ့ရဖွယ်ရှိတယ် ဒီကိစ္စ ... အမြန်ဆုံးသတင်းပို့ရမယ်။ ”
ယခုမူ ချွမ်ချီကျားကိုပွေ့ယူလျက် လူငယ်တစ်ယောက်ပေါ်လာပြီး စီနီယာအစ်ကို ပြန်မလာနိုင်သည့်နောက် ရလာဒ်သည် ရှင်းလင်းနေချေပြီ။
ထိုနေ့တွင် အရှေ့ဘက်ရွှမ်နယ်မြေမှ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် လူငယ်သည် ပထမတိုက်ပွဲကွင်းသို့ ရောက်ရှိလာကြောင်း သတင်းပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကြောက်လန့်မှုကြောင့် စင်ပေါ်မေ့လဲသွားသည့် လုမင်သည် စကားဝိုင်းအတွင်း ရယ်စရာအဖြစ် အဆုံးသတ်ကုန်၏။
“ သုံးလအတွင်းမှာပဲ စုရီက တတိယတိုက်ပွဲကွင်းကနေ ပထမတိုက်ပွဲကွင်း ရောက်လာတယ် ... သူ့အစွမ်းသတ္တိက တကယ်ထူးခြားတာပါပေတယ်။ ”
“ မှန်တယ် ... ဂုဏ်သတင်းတစ်ခု ထိုက်ထိုက်တန်တန်ရရှိနိုင်ဖို့ဆိုတာ တကယ် မလွယ်ဘူး ဒီလူက ရိုးရှင်းမှာ မဟုတ်ဘူး။ ”
“ နတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုက စစ်မှန်တဲ့ခွန်အားမဖြစ်နိုင်ဘူး ... သူ အဲဒါကို ကျော်လွန်သွားပြီ ဖြစ်နိုင်တယ်။ ”
“ စိတ်ဝင်စားစရာ ကောင်းတယ် အရှေ့ဘက်ရွှမ်နယ်မြေကနေ နောက်ဆုံးတော့ အရည်အချင်းရှိတဲ့ လူတစ်ယောက် ထွက်ပေါ်လာပြီ။ ”
တောင်ထိပ်များတွင် အလားတူ ဆွေးနွေးမှုများသည် အဖွဲ့အမျိုးမျိုးကြားတွင် ပေါ်ပေါက်လာခဲ့၏။
တောင်ပိုင်းမီးလျှံတောင်ထိပ်တွင် ရိုးရှင်းသော နန်းတော်တစ်ခု အတွင်း၌ လူအချို့ စကားစမြည်ပြောကြားနေသည်။
“ သခင်လေး၊ အနောက်ဘက် နှင်းဒေသရဲ့ ချန်ရွှယ်ဖန်းက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ငါတို့ကိုသတ်ဖို့ ကြိုးစားခဲ့ပါတယ် ဒီအတွက် တရားမျှတမှုကို ရှာပေးဖို့ တောင်းဆိုပါတယ်။ ”
စုရီနှင့်အတူ ယခင်က ခရီးသွားခဲ့ဖူးသော အဝါရောင်ဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားမှ သွေးရွှံ့နွံတွင် ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်လည်ပြောပြလိုက်၏။
“ သွေးတောင်ပံငှက်တစ္ဆေနဲ့ ... ချွမ်ချီကျားတို့လို ပြိုင်ဘက်ကင်းသားရဲတွေကို တစ်ချက်တည်းနဲ့ နှိမ်နင်းနိုင်တာလား ဒီလူက တကယ့်အစွမ်းထက်တာပဲ။ ”
ရန်ချန်ချင်းတစ်ယောက် မျက်ဝန်းများ တောက်ပသွားသည်။ ရိုးရှင်းသော အဖြူရောင် ဝတ်ရုံနှင့် သူ့အသွင်သည် ကြော့ရှင်း သိမ်မွေ့နေချေ၏။
သူသည် တောင်ပိုင်းမီးလျှံဒိုမိန်းတွင် ကျင့်ကြံသူများအားလုံး၏ ခေါင်းဆောင်ပေပင်။ တောင်ပိုင်းမီးနယ်မြေမှ ထိပ်တန်းတပ်ဖွဲ့ဝင် ကျင့်ကြံသူနှစ်ရာနီးပါးမှာ သူ့ စကားကို နားထောင်ကြ၏။
အရည်အချင်းအရ အငြင်းပွားစရာမရှိ ပြိုင်ဘက်ကင်းဓားသမားပေပင်။ အခြားသော ဒိုမိန်းများရှိ လူအနည်းငယ်လောက်သည်သာ သူ့ပြိုင်ဘက်ဖြစ်ရန် အရည်အချင်းပြည့်မီ၏။
ရန်ချန်ချင်းမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ၊
“ ဒီကိစ္စက တကယ့်ကို ... ရက်စက် ကြမ်းကြုတ်လွန်းပါတယ် ... ဒါပေမယ့် စုရီက ချန်ရွှယ်ဖန်းကို သတ်လိုက်တာတော့ အရမ်းပေါ့ဆလွန်းတယ် ... ။ ”
ဤစကားကိုဆိုရာတွင် ရန်ချန်ချင်း၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးနေခဲ့သည်။ ချန်ရွှယ်ဖန်း၏သေဆုံးမှုသည် အနောက်ဘက် နှင်းနယ်မြေမှ စုရီကိုလက်စားချေရန် အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်၏။
“ ကောင်းပြီ ... မင်းဘာလုပ်ချင်လဲ။ ”
ရန်ချန်ချင်းက အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားထံ လှည့်ကာ မေးမြန်းလိုက်လေသည်။
“ အနောက်ဘက်နှင်းနယ်မြေက အခြေအနေတွေကို ပြောင်းလဲပြီး တာအိုစုကို လက်စားချေချင်တယ်ဆိုရင် ဒီအဖိုးကြီးက တာအိုစုအတွက် သက်သေ ထွက်ဆိုပေးချင်ပါတယ်။ ”
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက လေးနက်လွန်းသောအသံဖြင့် ပြောကြားလိုက်သည်။
သွေးနတ်ဆိုးရွှံ့နွံမှ ပြန်လာပြီးနောက် သူတို့သည် စုရီနှင့် လုမင်ရန်ပွဲကိုမြင်ခဲ့ရချေ၏။ ထို့ကြောင့် စုရီ၏ မူလကိုသိရှိသွားသည်။
တောင်ပိုင်းမီးနယ်မြေနှင့် အရှေ့ဘက်ရွှမ်နယ်မြေတို့သည် ပြိုင်ဘက်များ ဖြစ်သော်လည်း တစ်ဖက်လူသည် သူတို့ အသက်ကို ကယ်တက်ပေးခဲ့သည်။ သဘာဝ အတိုင်း ရပ်ကြည့်နေမည်မဟုတ်ချေ။
“ စစ်မှန်သော ယောက်ျားဆိုတာ ... ကျေးဇူးတရားနဲ့ ရန်ကြွေးကို ခွဲခြားသိမြင်နိုင်ပြီး အရေးယူ ဆောင်ရွက်သင့်တယ်။ ”
ထို့နောက် ရန်ချန်ချင်းက ခေါင်းညိတ်ပြပြီး၊
“ ငါ မင်းကို ထောက်ခံပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့်အခြားသူများမှာ စိတ်သက်သာရာ ရသွားကုန်တော့၏။ ရုတ်တရက် ရန်ချန်ချင်းက စိတ်ဝင်စားစွာဖြင့်၊
“ လင်းဝူ၊ စုရီကို ဘယ်လိုလူစားမျိုးလို့ မင်းထင်လဲ။”
-ဟု ထပ်မံမေးမြန်းလိုက်သည်။ လင်းဝူဟူသည် အဝါရောင်ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသား၏ အမည်ဖြစ်၏။ လင်းဝူက အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊
“ သူ့ရဲ့အကျင့်စရိုက်က ချောက်ကမ်းပါးတစ်ခုလို နားမလည်နိုင်အောင် နက်ရှိုင်းပါတယ်။ ”
-ဟု ပြန်ဖြေသည်။
“ ဒီလိုလား ... ။ ”
ရန်ချန်ချင်း၏ မျက်လုံးများတွင် အလင်းရောင်များ တောက်လျက် ကြယ်တာရာ ထောင်ပေါင်းများစွာ ပေါ်ထွက်လာချေ၏။
“ ဒါဆို အခွင့်အရေးရရင် ငါ သူနဲ့ရင်ဆိုင်မယ်။ ”
တောင်ထိပ်ပေါ်ရောက်ရှိလေ ပိုအေးစက်လေပေပင်။ ထိုအဆင့်သို့ ရောက်ရှိ နေသူများသည်သာ အဆိုပါခံစားချက်ကို နားလည်နိုင်ချေ၏။
ပထမဆုံးတိုက်ပွဲကွင်း၌ သူ့အတွက် ကြောက်စရာကောင်းလှသော ပြိုင်ဘက်များ ရရှိလာခြင်းသည် အထီးကျန်မှုအပေါ် သက်သာလာစေသည်။
အနောက်ဘက် နှင်းတောင်ထိပ်၌ ကောင်းကင်ဝိညာဉ် အင်မော်တယ်ဂိုဏ်းမှ ပုဂ္ဂိုလ်များစုဝေးနေကြ၏။ သူတို့အားလုံးသည် မျက်မှောင်ကြုတ်လျက်၊
“ ဒီကိစ္စကို ဒီလိုထားလိုက်လို့မရဘူး။ ”
-ဟု မှတ်ချက်ပေး၏။
လူအုပ်အတွင်း အနည်းငယ် ရောင်ဝါ စူးရှနေသော အဖိုးအိုသည် ခေါင်းဆောင်ဖြစ်ပြီး အမည်မှာ နီယွမ်ဝမ်ဟုခေါ်သည်။ ကောင်းကင် ဝိညာဉ်အင်မော်ဂိုဏ်း၏ အကြီးအကဲဖြစ်၏။
အနောက်ဘက်နှင်း ဒေသတွင် ကောင်းကင်ဝိညာဉ် အင်မော်တယ်ဂိုဏ်းသည် ထိပ်တန်းမျိုးနွယ်များထဲမှတစ်ခုဖြစ်ပြီး ပထမ တိုက်ပွဲကွင်းသို့ အယောက်နှစ်ဆယ်ကျော် ဝင်ရောက်လာနိုင်သည်။
ဆိုလိုသည်မှာ သူ့ဂိုဏ်းသည် တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျင့်ကြံသူ(၂၀)ကို ဒိုမိန်းတိုက်ပွဲကွင်းထံသို့ ပို့လွှတ်ခဲ့ကြောင်း အဓိပ္ပါယ်ရချေ၏။
“ အကြီးအကဲ ဒါဆိုဘာဆက်လုပ်သင့်လဲ။ ”
အစိမ်းရောင်ဝတ်လူက အကြီးအကဲ နီယွမ်ဝမ်ကို မေးလိုက်သည်။ အကြီးအကဲ နီယွမ်ဝမ်မှ တွန့်ဆုတ်ခြင်းမရှိဘဲ၊
“ ပထမအချက်၊ ချန်ရွှယ်ဖုန်းလုပ်သမျှကို ငါတို့လုံးဝဝန်ခံဖို့ငြင်းဆိုရမယ်... ဒုတိယအချက် စုရီက စည်းမျဉ်းတွေကို ချိုးဖောက်တာ ...
... ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုတစ်ခုပဲ သူတော်စင်စုရှင်း ပြန်လာတာနဲ့ ငါတို့အားလုံး သူ့ကိုတောင်းပန်ပြီး ဖြေရှင်းခိုင်းမယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကြောင့် လူတိုင်း၏မျက်လုံးများ တောက်ပလာ၏။ သူတောင်စင် စုရှင်းဟူသည် သူတို့ဒိုမိန်း၏ ခေါင်းဆောင်ပေပင်။
သူမသည်သာ လုပ်ဆောင်နိုင်သော် ချန်ရွှယ်ဖန်းအတွက်လက်စားချေရန် စိတ်ပူစရာ မလိုတော့ချေ။
“ သူတော်စင်စုရှင်း ... စခန်းကို ဘယ်တော့ပြန်လာမလဲဆိုတာ တကယ်ပဲ သိချင်မိပါတယ်။ ”
တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောကြားလိုက်၏။ လွန်ခဲ့သည့်လဝက်တည်းက သူတော်စင်ချင်စုရှင်းသည် အခွင့်အရေးများ ရှာဖွေရန် စခန်းကနေ ထွက်ခွာသွားသည်။ နီယွမ်ဝမ်မှ ပြုံးလိုက်ပြီး၊
“ အလျင်စလိုမလုပ်နဲ့၊ စိတ်ရှည်ရှည်နဲ့ စောင့်ရအောင်။ ”
-ဟု ပြောကြားလိုက်၏။ လူတိုင်းက ခေါင်းညိတ်ပြကြသည်။
ထိုအချိန်တွင် မြောက်ပိုင်းအမှောင် တောင်ထိပ်ရှိ နန်းတော်တစ်လုံးအတွင်းတွင် ဝမ်ရှုကျိသည် အနည်းငယ် ဒေါသထွက်နေ၏။
“ အဲဒီလုမင်က တကယ်ကို ရှက်စရာကောင်းတာပဲ တိမ်ပေါ်ပျံသန်းခြင်း အဆင့် ကျွမ်းကျင်သူတစ်ယောက်က ဒီလောက် ကြောက်တတ်ပြီး ဆီးမထိန်းနိုင်ဘူးလို့ ငါတစ်ခါမှ မကြားဖူးဘူး။ ”
သူမသည် ပိန်ပိန်ပါးပါးနှင့် ကျက်သရေသောရောင်ဝါကို ထုတ်ဖော်ထားကာ လှပပြီး ဆွဲဆောင်မှုရှိချေပြီ။
မြောက်ပိုင်းအမှောင်ဒိုမိန်းတွင် သူမ၏ ဂုဏ်သတင်းသည် သူမအစ်ကိုယွီချန်ပြီးနောက် ဒုတိယလိုက်၏။ ယွီချန်သည် မြောက်ပိုင်း အမှောင်ဒေသ၏ ခေါင်းဆောင်ပေပင်။
“ သူ့ကို ငါတို့စခန်းကနေထွက်သွားဖို့ ပြောလိုက်ပါ ... သူ့လိုလူမျိုးတွေငါတို့ရဲ့ဒိုမိန်းမှာ မရှိသင့်ဘူး။ ”
ဝမ်ရှုကျိက အမိန့်ပေးလိုက်၏။
“ နားလည်ပါပြီ။ ”
သူမရှေ့မှ ခေါင်းငုံ့ထားသော အဘိုးကြီးတစ်ယောက်က အမိန့်ကိုလက်ခံပြီး ချက်ချင်းထွက်ခွာသွားလေသည်။
“ မင်းတို့အားလုံးလည်း သွားကြတော့။ ”
ဝမ်ရှုကျိက လူတိုင်းကို လက်ဝှေ့ရမ်းပြကာ မောင်းထုတ်လိုက်တော့၏။ ခဏချင်းမှာအတွင်း လူရိပ်များ ပျောက်ကွယ်ကုန်ပြီး သူမသည်သာ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
“ ဒီလုမင်ရဲ့ရှုံးနိမ့်မှုက အရမ်းရှက်စရာ ကောင်းတယ် ဒီကိစ္စကိုရပ်ကြည့်နေလို့တော့ မရဘူး အစ်ကိုကြီးထွက်လာရင် ဖြေရှင်းခိုင်းရမယ်။ ”
အဆုံး၌ အံကြိတ်လျက် မကျေမနပ် ရေရွတ်လိုက်သည်။ ထို့နောက် အကြည့်များက မဝေးလှသော ကျောက်တုံးအိမ်လေးအတွင်း ရောက်ရှိသွား၏။
ထိုအရပ်၌ သူမ အစ်ကိုယွီချန်တစ်ယောက် တံခါးပိတ်ကျင့်ကြံနေချေပြီ။ အခြားသူများသည် အစ်ကိုကြီးကို ချင်စုရှင်းနှင့် ရန်ချန်ချင်းတိုဖြင့် နှိုင်းယှဉ်ခဲ့သည်။
ရယ်စရာကောင်းသည်မှာ သူမအစ်ကိုကြီးသည် အင်မော်တယ်များဖြင့်သာ သူ့လက်သီးပြင်းအားကို တိုင်းတာလိုနေ၏။ ထိုအတွေးက သူမကိုဂုဏ်ယူဝင့်ကြွားမှုများ ပြန်လည်ရရှိလာစေသည်။
ချင်စုရှင်းနှင့် ရန်ချန်ချင်းတို့ကိုပင် အစ်ကိုကြီးသည် ပြိုင်ဘက်အဆင့်မသတ်မှတ် တော့သဖြင့် အရှေ့ဘက်ရွှမ်ဒေသမှ စုရီသည် ဆိုဖွယ်မရှိချေ။
***