← Chapters

အချိန်းအချက်

Vol. 164 Ch. 2356

အချိန်းအချက်

Vol. 164 Ch. 2356

ရှောင်ပင်းနှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ယွီစီယင်ထံသို့ နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်လိုက်သည်။

“ ခေါင်းဆောင် …..”

“ လှုပ်ရှားတော့ … အမြန်လေး … ဆူဆူညံညံ အသံမှ မထွက်စေနဲ့ ….”

“ နားလည်ပါပြီ ….”

ညွှန်ကြားချက်များ ပေးပြီးသည့်နောက် လင်းရီသည် အဝတ်ကို ဆက်ဝတ်နေပြီး ရန်စီမှာတော့ အိပ်ရာထက်မှာပဲ လဲလျောင်းနေလျက် ရှိသေးသည်ကို သတိပြုမိလိုက်သည်။

“ မထသေးဘူးလား ….”

“ ငါ မထနိုင်တော့ဘူး …” ရန်စီ ပျင်းတိပျင်းရွဲ လေသံဖြင့် ပြောလိုက်ပြီး “ ငါ့တစ်ကိုယ်လုံး ထိုးခွဲခံထားရသလိုပဲ ….”

“ ဒါဆိုလည်း တစ်ရက် အနားယူလိုက်ပေါ့ … တစ်နှစ်ပတ်လုံး အလုပ်များနေတာ အခုချိန်က သေချာလေး အနားယူရမယ့် အချိန်ပဲလေ ….”

“ အွန်း ….” ရန်စီ ခေါင်းညိတ်လိုက်သည်။ “ အောက်နားလေးမှာ စီချွမ်ဆိုင်တစ်ဆိုင် ရှိတယ် … သူ့ဆိုင်က ငါးပေါင်းက သိပ်အရသာရှိတာပဲ သိလား … နင်ငါ့ဖို့ မှာပေးပြီး ဒီလာပို့ပေးပါလား ….”

“ ဒီတိုင်း ဖုန်းဆက်ပြီး မှာရင်ကော အဆင်မပြေလို့လား …..”

“ အဲ့လိုမှာရင် အရသာက ဘယ်လိုမှန်း မသိလို့ …. သိပ်စားလို့ မကောင်းသလိုပဲ … သူတို့က လူကိုယ်တိုင် လာဝယ်မှပဲ သေချာလုပ်ပေးတာလားတော့ မပြောတတ် ….” ရန်စီက လင်းရီကို ပြုံးလျက် ပြောလိုက်၏။

“ ယောက်ျားတစ်ယောက်အနေနဲ့ ပါးစပ်နှစ်ခုလုံးကို ကောင်းကောင်းမွန်မွန် ကျွေးပေးသင့်တယ်လေ … အဲ့လိုကမှ တာဝန်ယူတတ်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်မှာပေါ့ ….”

လင်းရီ ကူကယ်ရာမဲ့သလို ခံစားသွားခဲ့ရသည်။ သူ ရယ်လည်း ရယ်ချင်သလို ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့၏။

“ အိမ်မှာ စောင့်နေ …. တစ်ယောက်ယောက်ကို သွားဝယ်လာပို့ခိုင်းလိုက်မယ် ….”

“ အွန်း …. လမ်းလျှောက်ရမှာတောင် ပင်ပန်းတယ် …..”

“ ကောင်းပြီ … ကောင်းကောင်း အနားယူလိုက်ဦး …..”

နှုတ်ဆက်ပြီးနောက် လင်းရီသည် ရန်စီ၏ အိမ်မှ ထွက်ခွာလာခဲ့သည်။ ပထမဦးစွာ ကျီချင်းရန်ကို ကြို၍ သူမကို အိမ်ခေါ်လာသည်။ ပြီးသည့်နောက် အနည်းငယ် စားသောက်ပြီး ကျိုကျုံးဗီလာသို့ ထွက်လာခဲ့လိုက်သည်။

သူ ရောက်ရှိလာသည့် အချိန်၌ ညအမှောင်ထု ကန့်လန့်ကာက ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး ည ၁၀ နာရီကျော်လောက် ရောက်တော့ စစ်စိမ်းရောင် SUV တစ်စင်းက ဝင်ပေါက်ဝတွင် ထိုးရပ်လာခဲ့သည်။

ရှောင်ပင်း ကားပေါ်က ဆင်းလာခဲ့သည်။ သူမနှင့်အတူ တင်းကြပ်စွာ တုပ်နှောင်ခြင်း ခံထားရသည့် စန်ဒါထိုက်လျန်လည်း အတူပါလာသည်။ ၎င်း၏ ဦးခေါင်းထက်တွင် အနက်ရောင် အစွပ်တစ်ခု စွပ်ထားပြီး ထိုသူက မမြင်မကန်း လမ်းလျှောက်ရင်း ခြေထောက်များလည်း တုန်ယင်နေကာ သူ့ခြေလှမ်းသူ မရေမရာ ဖြစ်နေလျက် ရှိ၏။

လင်းရီ ရှောင်ပင်းကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက် ပေးလိုက်သည်။ ရှောင်ပင်းလည်း နားလည်စွာဖြင့် စန်ဒါထိုက်လျန်၏ ဦးခေါင်းအစွပ်ကို ဖယ်ရှားလိုက်၏။

သူ့ရှေ့ရှိ မြင်ကွင်းကို မြင်တော့ ဆံပင် မီးခိုးရောင်နှင့် စန်ဒါထိုက်လျန်၏ အမူအရာမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။

“ မင်းတို့ ဘယ်သူတွေလဲ … ဘာလို့ ငါ့ကို ပြန်ပေးဆွဲတာလဲ … ဒါ တရားမဝင်ဘူးကွ …. မင်းတို့တွေ အကုန်လုံးကို ငါ ရဲတိုင်မယ် … တရားစွဲမယ် ….”

“ အကုန်လုံးက ဉာဏ်ကောင်းတဲ့လူတွေချည်းပါပဲ … ဒီ အခြေအနေထိ ရောက်လာပြီးမှတော့ ဒီလို အမှိုက်စကားမျိုး ပြောနေတာတွေက အသုံးမဝင်ဘူးလို့ ထင်တာပဲ ….”

လင်းရီ၏ အသံက ဩရှနေပြီး မုန်တိုင်းမလာမီ မည်းမှောင်နေသည့် တိမ်စိုင်များနှယ် အပေါ်စီးမှ ဖိနှိပ်နေလျက် ရှိသည်။

“ ခင်များ ကျုပ်ဇနီးကို ပေးခဲ့တဲ့ အဲ့ဒီဆေးတွေ …. အဲ့တာက ဘာတွေလဲဆိုတာ ကျုပ်ထက်ပိုပြီး ခင်များက ပိုနားလည်မယ်လို့ ထင်တယ် ….”

စန်ဒါထိုက်လျန်၏ အမူအရာမှာ အေးခဲသွားခဲ့ပြီး အရေးအကြောင်းများနှင့် ပြည့်နှက်နေသည့် မျက်နှာမှာ ဖြူလျော်သွားခဲ့တော့သည်။

“ မင်း မင်း ဘာတွေ လာပြောနေတာလဲ … မင်း ပြောနေတာတွေ ငါ တစ်လုံးမှ နားမလည်ဘူး ….”

“ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ မသိချင်ယောင် ဆောင်နေလို့ အသုံးမဝင်ဘူးဆိုတာ ကျုပ် ပြောခဲ့ပြီးပြီလေ …”

လင်းရီ ဆိုဖာပေါ်တွင် ထိုင်ပြီး ခြေထောက်ကို ကော်ဖီစားပွဲပေါ်သို့ ဆင်းထားလိုက်သည်။

“ နှစ်သစ်ကူး မတိုင်ခင်ကတည်းက ကျုပ် ခင်များကို စောင့်ကြည့်နေခဲ့တာ … ခင်များက ဖရီးမေဆင် အဖွဲ့သားတစ်ယောက် … လတ်တလောလေးတင်မှာပဲ လန်ဒန်မှာ စံအိမ်တစ်လုံး ဝယ်လိုက်သေးတယ် …. ပြီးတော့ ရွေ့ပြောင်း အခြေချဖို့တောင် ပြင်ဆင်နေလိုက်သေးတယ် … ခင်များလုပ်ခဲ့တဲ့ အဲ့ဒီအရာတွေက … ကျုပ်ထင်တာ ခန့်မှန်းရရင် ဖရီးမေဆင်က တောင်းဆိုခဲ့တာပဲ ဖြစ်ရမယ် ….”

လင်းရီ စကားဆက်မပြောမီ သူ့ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး “ ဒီတော့ ခင်များဘက်က လိုလိုလားလားနဲ့ ပူးပေါင်းပေးဖို့ မျှော်လင့်တယ် … ကျုပ်ကို လူကောင်းတစ်ယောက်လို့ ထင်နေရင် ခင်များ မှားသွားလိမ့်မယ် … ကျုပ် ဘဝမှာ မလုပ်ခဲ့ဖူးတဲ့ အရာဆိုတာ မရှိဘူး ….”

စန်ဒါထိုက်လျန်မှာ ပြင်းပြင်းထန်ထန် တုန်ခိုက်သွားခဲ့ပြီး ချွေးစေးတို့က မိုးသီးမိုးပေါက်များနှယ် တစ်ပြိုက်ပြိုက် ကျဆင်းလာခဲ့သည်။

သို့တိုင် … နှုတ်ဟမည့်ပုံမပေါ်ပေ။

“ မင်း … မင်း ပြောနေတာတွေ ငါ တစ်လုံးမှ နားမလည်ဘူး ….”

“ မသိဘူးဆိုလည်း ရတယ် … ကျုပ်က ခင်များ သိသွားအောင် လုပ်ပေးမယ် ….”

လင်းရီသည် သူ့ဘေးရှိ လက်တော့ကို ဖွင့်လိုက်ပြီး ယွီစီယင်ထံသို့ ဗွီဒီယိုကော ခေါ်လိုက်၏။

ဗွီဒီယို တစ်ဖက်ခြမ်းတွင် ယွီစီယင်နှင့် ကျောက်ယွင်ဟူတို့က ဟိုတယ်တစ်ခု၌ ရှိနေကြသည်။

သူတို့ဘေးတွင် လူသုံးဦး ထပ်ရှိနေသည်။

တစ်ဦးက သက်လတ်ပိုင်း အမျိုးသမီးဖြစ်ပြီး ကျန်နှစ်ဦးမှာ လူငယ်လေး တစ်ဦးနှင့် အသက် နှစ်ဆယ်ကျော် အရွယ် မိန်းကလေး တစ်ဦးပင်။

၎င်းတို့က စန်ဒါထိုက်လျန်၏ ဇနီးနှင့် သားသမီးများ ဖြစ်ကြ၏။

အနှီ မြင်ကွင်းကို မြင်တော့ စန်ဒါထိုက်လျန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူ၏ နှုတ်သည်လည်း ကျယ်လောင်စွာ ပွင့်အာသွားခဲ့သည်။

တစ်ဖက်လူသည် သူ့ကိုသာမက သူ့ မိန်းမနှင့် ကလေးများကို ပြန်ပေးဆွဲထားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ.

“ ဪ … ကျုပ် ပြောဖို့ မေ့သွားတာ တစ်ခု ရှိသေးတယ် … ကျေးလက်ဘက်မှာ နေတဲ့ ခင်များရဲ့ မိဘတွေကလည်း ကျုပ်လက်ထဲမှာပဲ … ခဏနေကျရင် သူတို့ အချင်းချင်း ဆုံစည်းခွင့် ရတော့မယ် …. ဒီတော့ ခင်များ ကျုပ်ကို စကား ဘယ်လို ပြောသင့်လဲဆိုတာ သေချာလေး စဉ်းစား ….”

“ ငါ … ငါ ….”

စန်ဒါထိုက်လျန်၏ ချွေးစင်းတို့က ရေတံခွန်မှ စီးကျလာသည့်နှယ် အတောမသတ်နိုင်တော့ပေ။ သူ၏ ခြေရာလက်ရာများကို ပြီးပြည့်စုံစွာ ဖုံးအုပ်ထားနိုင်ခဲ့သည်ဟု တွေးထင်နေခဲ့သော်လည်း တစ်ဖက်က သူ့ကို အချိန်အတော်ကြာကတည်းက ပစ်မှတ်ထားနေခဲ့လေသည်။

“ ကျေးဇူးပြုပြီး … ငါတောင်းပန်ပါတယ် … သူတို့ကို လွှတ်ပေးလိုက်ပါ … ငါ့မိသားစုမှာ ဘာအပြစ်မှ မရှိပါဘူး ….”

လင်းရီသည် အနားရှိ ဆေးလိပ်ပြာခွက်ကို ကောက်ပြီး စန်ဒါထိုက်လျန်၏ ဦးခေါင်းသို့ ထုနှက်လိုက်၏။

တစ်ဖက်သူမှာ သနားဖွယ်ရာ အော်ညည်းလိုက်ရပြီး နီရဲသည့် သွေးစီးကြောင်းတို့က ဦးခေါင်းထက်မှ စီးကျလာသည်။

“ ခင်များရဲ့ မိသားစုက အပြစ်ကင်းတယ် … ဒါဆို ကျုပ် ဇနီးကရော အပြစ်ရှိနေလို့လား ….”

လင်းရီ ပြောနေရင်းဖြင့် ရုတ်ချည်း ဒေါသထွက်လာသည်။ ယခု အချိန်ထိတိုင် လင်းရီသည် ကျီချင်းရန် သူနှင့် တိုင်ပင်ဖို့ သတိရသည့်အတွက် အင်မတန် ကျေးဇူးတင်နေမိခဲ့သည်။ မဟုတ်ဘူးဆိုပါက အကျိုးဆက်များမှာ တွေးဝံ့စရာပင် မရှိချေ။

“ ဖရီးမေဆင် … ၊ ငါ့ကို အဲ့လိုလုပ်ဖို့ ညွှန်ကြားခဲ့တာ ဖရီးမေဆင်ပါ …. ဆက်သွယ်လာတဲ့လူက ဟောလစ် …. သူ(မ)က ငါ့ကို ဒေါ်လာ ဆယ်သန်းပေးတယ် ….. မဟုတ်ရင် ငါလည်း ဒီလိုမျိုးတွေ မလုပ်ခဲ့ပါဘူး ….”

“ ဖရီးမေဆင်က လူတွေ ဘယ်နှယောက် ဒီကို ရောက်နေလဲ … ဟောလစ်အပြင် ဒီကိစ္စထဲ ဘယ်သူတွေ ပါဝင်ပတ်သက်နေသေးလဲ ….”

“ ငါ တကယ်ကို မသိတာပါ … ငါတို့ အချင်းချင်း ဖုန်းနဲ့ပဲ ဆက်သွယ်ကြတာ … “

“ ဆေးကလည်း သူတို့ဘက်က ပေးလာခဲ့တဲ့ဆေးပဲ … ဘာမှန်းကို သေချာမသိတာ … သူတို့ခိုင်းတဲ့အတိုင်း ငါ့ဘက်က လုပ်ပေးခဲ့ရုံပဲ … ငါ တောင်းပန်ပါတယ် … ငါ့မိသားစုကိုတော့ ချမ်းသာပေးပါ ….”

စန်ဒါထိုက်လျန်၏ မျက်လုံးအကြည့်တို့မှတစ်ဆင့် ဤလူ မလိမ်နေကြောင်းကို လင်းရီ ပြောနိုင်သည်။

ပြီးတော့ ဤသည်ကလည်း အတော်လေး ယုတ္တိရှိသည်။

ဖရီးမေဆင်က ဧရာမ အဖွဲ့အစည်းကြီး တစ်ခု ဆိုသော်လည်း အတွင်းဘက်ခြမ်းနှင့် အပြင်ဘက်ခြမ်းဟူ၍ နှစ်ပိုင်း ခွဲထား၏။

စန်ဒါထိုက်လျန်နှင့် စီးပွားရေး လောက၌ နာမည်ကြီးကြသည့် အနှီ စီးပွားရေးတိုင်ကွန်းများအားလုံးက ဖရီးမေဆင် အဖွဲ့သားများအဖြစ် ခံယူထားကြသည်။ ပြီးသည့်နာက် နိုင်ငံရေးနှင့် စီးပွားရေး မဟာမိတ်အဖြစ် စုစည်းပြီး လိုအပ်သည့်အချိန်၌ အကူအညီပေးကြ၏။

သို့ပေမယ့်လည်း ၎င်းတို့မှာ ဖရီးမေဆင်၏ အဓိက အခန်းကဏ္ဍ နေရာများတွင်တော့ ပါဝင်ပတ်သက်ခွင့် မရှိကြပေ။ ထို့ကြောင့်လည်း စန်ဒါထိုက်လျန်က အတွင်းရေးရာ ကိစ္စရပ်များကို မသိရှိထားသည်မှာ ယုတ္တိရှိ၏။

“ ခင်များ ဘာလို့ ကျိုးဟိုင်ကနေ ရုတ်တရက်ကြီး ထွက်သွားခဲ့တာ … ဘာလဲ … ဖရီးမေဆင်က မစ်ရှင်နောက်တစ်ခု ပေးလာလို့လား ….”

“ သူတို့ပြောတာတော့ ဒီလောက် အတိုင်းအတာအထိ လုပ်တာက လုံလောက်ပြီတဲ့ … မဟုတ်ဘူးဆို ပြဿနာ တက်သွားနိုင်တယ် … နောက်ဆက်တွဲ ကိစ္စရပ်တွေကို သူတို့ကိုယ်တိုင် ဖြေရှင်းမယ်ပြောပြီး ငါ့ကို ကျိုးဟိုင်ကနေ အမြန် ထွက်သွားဖို့ ပြောလာခဲ့လို့ပါ ….”

လင်းရီ တိတ်ဆိတ်သွားခဲ့၏။ လက်ရှိ အခြေအနေက သူ ထင်မှတ်ထားသည်နှင့် တစ်ထေရာတည်း နီးပါးပင်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာတော့ ဖရီးမေဆင်က သူတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ရယူပြီး ဖြစ်သဖြင့် စန်ဒါထိုက်လျန်သည် ၎င်းတို့အတွက် တန်ဖိုး မရှိတော့သည့် အရာတစ်ခု ဖြစ်သွားသောကြောင့် ဖြစ်နိုင်သည်။

ထို့ကြောင့် လာမည့် နောက်ဆက်တွဲကား … ဖရီးမေဆင်ဘက်က နှုတ်ပိတ်ခြင်းပင်။

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံက မြည်ဟည်းလာခဲ့၏။ အမည်မသိ နံပါတ် တစ်ခုပင်။

ဗီလာထဲရှိ လေထုက ချက်ချင်း လေးလံသွားခဲ့၏။ လင်းရီ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရရှိနေသည်။

ဤ ဖုန်းကောက ဖရီးမေဆင်ဘက်က ဖြစ်ဖို့ အင်မတန်များသည်။

လင်းရီ သူ့ဖုန်းကို ထုတ်ပြီး စပီကာ ဖွင့်လိုက်၏။

“ ဘယ်သူလဲ ….”

“ ခေါင်းဆောင်လင်း .. ဟဲလို … ငါ ဟောလစ်ပါ ….”

ကိုယ့်ကိုယ်ကို မိတ်ဆက်သည့် အသံကို ကြားတော့ လင်းရီ သူ့ခန့်မှန်းချက် မှန်ကန်သည်ကို သိရှိသွားခဲ့သည်။ သို့သော် မည်သည့် စိတ်ခံစားချက်တို့မျှ မပြဘဲ ထိုအစား တည်ငြိမ်စွာ ဆိုလိုက်၏။

“ မင်း ဘယ်သူတုန်း ….”

“ ငါ ဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး … ဒါပေမယ့် နင့်ဇနီးနဲ့ ပတ်သက်ပြီး ငါတို့ချင်း ဆွေးနွေးစရာ ကိစ္စ နည်းနည်းလေးတော့ ရှိတယ် … ဒီတော့ နင့်ဘက်က ငါ့ကို အခွင့်အရေး တစ်ခုလောက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် …..”

“ ကောင်းပြီလေ ….”

“ ဘယ်နေရာမှာ စကားပြောကြမလဲ ….”

“ ချောင်ရန် အုပ်စု အောက်ထပ် … ငါ့ကားက အဲ့မှာ နင့်ကို စောင့်နေတယ် … ခေါင်းဆောင်လင်းဘက်က တစ်ယောက်တည်း လာခဲ့ဖို့ မျှော်လင့်တယ် … နင့်မှာ အချိန် နာရီဝက်ရှိတယ် … မဟုတ်ရင်တော့ နောင်တရဖို့သာ ပြင်ထားလိုက်တော့ ….”

“ ပြဿနာ မရှိဘူး ….”

ဟောလစ် ချက်ချင်း ဖုန်းချသွားခဲ့သည်။ လင်းရီကို အပိုစကား များများ ပြောခွင့် မပေးခဲ့ပေ။

“ အစ်ကိုရီ … ရှင်တကယ် တစ်ယောက်တည်း သွားမလို့လား ….” ရှောင်ပင်းက စိုးရိမ်ပူပန်စွာ မေးမြန်းလာသည်။

“ မင်းတို့တွေ အရင်ဦးဆုံး အနီးနားရှိတဲ့ စောင့်ကြည့်ရေး ကင်မရာတွေကို သွားစစ်ဆေးထားလိုက် ….. ပြီးရင် ငါ ဘယ်နေရာမှာ ရှိနေလဲဆိုတာ သေချာစောင့်ကြည့်ထား … ကျန်တာကိုတော့ အခြေအနေပေါ်မှာ မူတည်ပြီး လှုပ်ရှားမယ် ….”

“ နားလည်ပါပြီ …” ရှောင်ပင်းပြောလိုက်သည်။

“ ဒီလူ့ကိုက ဘယ်လိုလုပ်လိုက်ရမလဲ ….”

လင်းရီသည် စန်ဒါထိုက်လျန်ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“ ရှင်းလိုက် ….”

All Chapters