← Chapters

ဆန်းကြယ်တဲ့ လက်ဆောင်

Vol. 164 Ch. 2361

ဆန်းကြယ်တဲ့ လက်ဆောင်

Vol. 164 Ch. 2361

လင်းရီ ခေါင်းညိတ်ပြီး သူ့ဖုန်းကို ထုတ်လိုက်သည်။

သို့သော် လျန်ရှန့်ဟော်ထံသို့ ဖုန်းဆက်မည့်အစား လျိုဟုန်ထံသို့ အရင်ဦးဆုံး ဖုန်းခေါ်လိုက်သည်။

သူနှင့် လုပေချိန်က ရင်းနှီးသည့် ဆက်ဆံရေး ဆိုသော်လည်းပဲ လင်းရီသည် ဤကိစ္စကို အခြားမည်သူနှင့်မျှ မတိုင်ပင်ဘဲ သူ့သဘော စိတ်တိုင်းကျ မပြုလုပ်ချင်ပေ။ ထို့ကြောင့် လျိုဟုန်ထံသို့ သတင်းအရင်ပေးဖို့ရာ ဆုံးဖြတ်လိုက်သည်။

ဖုန်းဖြင့် မိနစ် နှစ်ဆယ်ခန့်မျှ စကားပြောဆိုပြီးနောက် လင်းရီသည် အခြေအနေတစ်ရပ်လုံးကို လျိုဟုန်ထံသို့ ရှင်းပြပြီးစီးသွားခဲ့သည်။

လျိုဟုန်ဘက်က မည်သည့် ညွှန်ကြားချက်တို့မျှ ပေးမလာခဲ့ချေ။ လင်းရီကို သူ့ထံက သတင်းအား စောင့်ဆိုင်းဖို့ပဲ ပြော၏။

လင်းရီနှင့် လင်းကျင်ကျန့်တို့နှစ်ဦးလုံး လျိုဟုန်ထံတွင် ဆုံးဖြတ်ပိုင်ခွင့် အာဏာမရှိကြောင်းကို နားလည်သည်။ လုပေချိန်ထံသို့ ချက်ချင်း သတင်းပို့ရန် လိုအပ်၏။

ကျန်သည်ကတော့ သတင်းစောင့်ဆိုင်းဖို့ရာပင်။

အုပ်စုက ကျိုကျုံးဗီလာသို့ ပြန်ရောက်လာခဲ့ပြီး လင်းရီသည် ရှောင်ပင်းကို ပစ္စည်းတစ်ချို့ သွားဝယ်ခိုင်းလိုက်၏။ ဘီယာဖာသေတ္တာ အနည်းငယ်လည်း ပါဝင်သည်။

“ ဒီနေ့ ဘာကိစ္စမှ မရှိတော့ဘူးဆိုတော့ သောက်ကြတာပေါ့ ….”

သားအဖ နှစ်ယောက်လုံး နားလည်မှု ကိုယ်စီနှင့် သဘောတူလိုက်ကြပြီး ဘီယာဘူးကို ညင်သာစွာ ဖွင့်၍ တစ်ကျိုက်တည်း မော့ချလိုက်ကြသည်။

ထိုအချိန်မှာပဲ ရှောင်ပင်းက လင်းရီကို ဖုန်းကမ်းပေးလာသည်။

“ အစ်ကိုရီ … သတင်းရှိတယ် ….”

“ ဘာသတင်းလဲ ….”

လင်းရီ ဖုန်းယူပြီး တစ်ချက်ကြည့်လိုက်တော့ သူ့မျက်လုံးသူငယ်အိမ်တို့ အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။

သတင်းက နိုင်ငံပိုင် မီဒီယာမှ တင်ထားသည့် တစ်တော့ ဗွီဒီယို တစ်ပုဒ်ဖြစ်၏။

ဗွီဒီယိုထဲ ပါဝင်သည့် သတင်းက ကျယ်ပြောပြန့်ကားခြင်းမျိုး မရှိဘဲ မီဒီယာစတိုင်နှင့် ကိုက်ညီနေသည်။ ရေးသားထားသည့် စာကနည်းလေ၊ ကိစ္စက ပိုပြီး လေးနက်ပြင်းထန်လေ ဖြစ်၏။ ယခုဗွီဒီယိုကလည်း အဆိုပါ စည်းမျဉ်းကို လိုက်နာထားသည်။

ဗွီဒီယိုထဲတွင် လူခုနစ်ယောက်၏ ဓာတ်ပုံများ ပါဝင်နေပြီး ကိုနိုလီနှင့် ကွပ်ကဲသူ ခြောက်ဦးတို့ ဖြစ်၏။

၎င်းတို့၏ အထောက်အထားများကိုလည်း ဖုံးကွယ်မထားသော်လည်း ထိုသူတို့က နိုင်ငံခြား မှောင်ခိုအုပ်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟုသာ ဖော်ပြထားသည်။ အဆုံးတွင် ကောက်ခွန်ဌာန၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။

အများပြည်သူအတွက်တော့ ဤသို့သော သတင်းမျိုးက အသစ်အဆန်း မဟုတ်တော့ချေ။ ပုံမှန် မြင်တွေ့နေကြ ဖြစ်၏။ သို့သော်လည်းပဲ ဤသတင်းမှာ အစကတည်းက အများပြည်သူ သိရှိစေရန် ရည်ရွယ်ထားချင်းမျိုး မဟုတ်ပေ။

“ ခင်များကြည့်ရတာ မဖြုံသလိုပဲ …” လင်းရီသည် လင်းကျင်ကျန့်ကို ထိုသို့ မှတ်ချက် ပေးလိုက်၏။

“ ငါ ထင်ထားတဲ့အတိုင်းပါပဲ .. ဒါပေမယ့် သူ့ရဲ့ ကိုင်တွယ်ပုံတွေက ငါ ထင်ထားတာထက် နည်းနည်းလေး ပိုကြမ်းတမ်းနေလိမ့်မယ်လို့တော့ မျှော်လင့်မထားဘူး ….”

“ ဒီလူတွေရဲ့ အထောက်အထားကို ဖော်ထုတ်လိုက်တာက ဖရီးမေဆင်နဲ့ ကစားပွဲမှာ ကတ်တွေကို စားပွဲပေါ် ချပြလိုက်တာနဲ့ တူတယ် … အကြီးအကဲလုက ဒီတစ်ခေါက်ကတော့ အကြီးကြီး ကစားနေတာပဲ … ဒါပေမယ့် အတော်လေးတော့ စိတ်လှုပ်ရှားဖို့ကောင်းတယ် ….” လင်းရီက ပြုံးလျက် မှတ်ချက် ပေးလိုက်သည်။

“ သူ ခဲထားတာ တော်တော်ကြာလောက်ပြီ … အခု ဒီလိုမျိုး ကိစ္စကြီးကြီးမားမား ဖြစ်ပျက်သွားတော့ ဟွာရှရဲ့ အလားအလာကို ကမ္ဘာကြီးဆီ ထုတ်ကြွားချင်တာ သာမန်ပါပဲ ….”

လင်းကျင်ကျန့်က သူ့ဘီယာဗူးကို ကိုင်ထားရင်း ပြောလိုက်ပြီး “ လက်ထောက် ကြီးကြပ်ရေးမှူး တစ်ယောက်နဲ့ ကွပ်ကဲသူ ခြောက်ယောက် …. လက်ဆောင်က အတော်လေး ခမ်းနားတယ် ပြောရမယ် …..”

“ ဒီလိုလုပ်လိုက်တာက တစ်ခြားလူတွေ အတွက် သတိပေးချက်လို့ သတ်မှတ်လို့ရတယ်မလား … နိုင်ငံခြား အင်အားစုတွေ အဲ့ပစ္စည်းကို ထပ်ပြီး မျက်စောင်း မထိုးလောက်တော့ပါဘူးနော် …..” ရှောင်ပင်းက မေးမြန်းစပ်စုလိုက်၏။

“ နောက်ပြီး လက်ထောက်ကြီးကြပ်ရေးမှူး တစ်ယောက်နဲ့ ကွပ်ကဲသူ ခြောက်ဦးကို ဆုံးရှုံးလိုက်ရတော့ သူတို့လည်း အခုလောက်ဆို သိသိသာသာကြီး အားနည်းနေလောက်ပြီ … ကမ္ဘာ့စင်မြင့်ပေါ်ကနေ ပြန်ပြီး ဆုတ်ခွာသွားနိုင်လောက်မလားပဲ ….”

ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် လင်းကျင်ကျန့်က သူ့အတွေးကို ထုတ်ဖော်ပြောလိုက်သည်။ “ သိသိသာသာကြီး အားနည်းနေပြီလို့ ပြောတာကတော့ နည်းနည်း ချဲ့ကားလွန်းသွားပြီ … ကွပ်ကဲသူ ရာထူးက ဖရီးမေဆင်ထဲမှာ အဆင့်အတန်း တစ်ချို့ ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် ထင်သလောက်ကြီးလည်း မဟုတ်ဘူး … တစ်နှစ် ၊ နှစ်နှစ်လောက် အချိန်ပေးလိုက်တာနဲ့ နောက်ထပ် ဘီ အဆင့် ကွပ်ကဲသူ ဆယ့်နှစ်ယောက်ကို ပြန်အိတ်ဖြည့်လို့ရတယ် …. ဒီမှာ အဓိကက ကိုနိုလီပဲ … ဖရီးမေဆင်ထဲ သူ့ရာထူးက မဏ္ဍိုင်ကျတယ် … ဒါပေမယ့် ကမ္ဘာ့စင်မြင့်ထက်ကနေ နောက်ပြတ်ဆုတ်သွားမယ်လို့ ပြောဖို့ကတော့ ဆန္ဒစောလွန်းနေပြီ … ဖရီးမေဆင်က ဒီလောက် နှစ်တွေအကြာကြီး တည်တံ့လာတာ သူတို့လည်း ရိုးရှင်းတဲ့ အဖွဲ့အစည်းမှ မဟုတ်တာ ….”

“ ဒါဆို အခုလောလောဆယ်မှတော့ လုံခြုံသွားပြီပေါ့နော် … ဟုတ်တယ်ဟုတ် …. ဘယ်သူကမှ အဲ့ဒီပစ္စည်းကို ပစ်မှတ်မထားဝံ့လောက်ဘူးမလား ….” လော့ချီ မေးမြန်းလိုက်သည်။

“ အကြီးအကဲလုက အဲ့လိုမျိုး လှုပ်ရှားလိုက်တော့ နိုင်ငံခြား အင်အားစုတွေလည်း မလုပ်ရဲလောက်တော့ဘူး … ဒါပေမယ့် ကျန်တဲ့ တစ်ခြားနိုင်ငံတွေလည်း အလားတူ ဖြစ်လိမ့်မယ်လို့တော့ အာမ မခံနိုင်ဘူး …”

“ တစ်ခြားနိုင်ငံတွေ ဟုတ်လား …..”

လင်းကျင်ကျန့် ခေါင်းညိတ်လိုက်သည်။ “ ကျန်တဲ့နိုင်ငံတွေကိုတော့ သေချာ မသိပေမယ့် အမေရိကန်ကတော့ ကျိန်းသေပေါက် လက်လျှော့ဦးမှာ မဟုတ်ဘူး … ဥရောပ၊ ဂျပန် နဲ့ ကိုးရီးယား … သူတို့လည်း မပါဝင်လာဘူးလို့ ပြောမရဘူး … ဒါပေမယ့် ပြည်တွင်းရေးရာကိုတော့ ပစ်မှတ်ထားလာမှာ မဟုတ်လောက်ဘူး … ဒီကိစ္စ ဘယ်အခြေအနေမှာ ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကတော့ အကြီးအကဲလု ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အပေါ် ကြည့်ကြတာပေါ့ … ဒီတော့ မင်းတို့အားလုံး အသင့် ပြင်ထားကြ … ကျုံးဝေ့တပ်ဖွဲ့က မကြာခင် မင်းတို့ကို ဆင့်ခေါ်ပြီး စစ်ဆင်ရေးအသစ်တွေ တာဝန်ပေးလာလောက်တယ် ….”

လင်းရီ တိတ်တဆိတ် နားထောင်ရင်း အခြေအနေက သူ မျှော်မှန်းထားသည်ထက် ရှုပ်ထွေးနေသည်ဟု ခံစားနေရသည်။ နိုင်ငံတကာ ရေးရာ အခြေအနေကို ဟန်ချက်မျှစေဖို့က မလွယ်ကူသည့် တာဝန် ဖြစ်၏။

လုပေချိန်ကလွဲ၍ အခြားမည်သူကမျှ ဤကိစ္စကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်နိုင်မည့်ပုံ မပေါ်ပေ။

ထိုည ၁၁ နှောင်းပိုင်းတွင် ဘီယာ သေတ္တာ အနည်းငယ်သောက်ရင်း မုန့်များ စားပြီးနောက် အုပ်စုလည်း အနားယူဖို့ ပြန်သွားခဲ့ကြသည်။ ကျိုကျုံးဗီလာ တစ်ထဲတွင် လင်းရီနှင့် လင်းကျင်ကျန့်တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။ သားအဖ နှစ်ယောက် မည်သို့သော အကြောင်းအရာတွေ ဆက်ပြီး ဆွေးနွေးခဲ့ကြလဲဆိုတာကိုတော့ မည်သူမျှ မသိရှိကြပေ။

ထိုညတွင် သားအဖနှစ်ယောက်မှာ ဆိုဖာပေါ်မှာ အသီးသီး အိပ်ပျော်သွားခဲ့ကြ၏။ ၎င်းတို့၏ ပုံစံများက လမ်းဘေး အိမ်ခြေယာမဲ့များနှင့် တူနေသည်။

မနက်ခင်းရောက်တော့ လင်းကျင်ကျန့် အိပ်ရာကနိုးပြီး မျက်နှာသစ် ၊ သွားတိုက်ကာ တက္ကစီစီး၍ လေဆိပ်သို့ ဦးတည်လိုက်သည်။ ပြီးသည့်နောက် ရန်ကျင်းသို့ ပျံသန်း၍ ချင်ရင်ယွဲ့နှင့် တွေ့ဆုံသည်။

“ ခေါင်းဆောင် … ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ … တပ်ဖွဲ့ဆီက သတင်းကို စောင့်ကြမှာလား ….” ရှောင်ပင်း မေးလိုက်၏။

လင်းရီ ခေါင်းညိတ်လိုက်သည်။ ပြီးသည့်နောက် ဖုန်းရှိ ရက်စွဲကို ကြည့်ရင်း “ မနက်ဖြန်က လပြက္ခဒိန် ဆယ့်ငါးရက်မြောက်နေ့ … မင်းတို့အားလုံး ပြန်ပြီး မိသားစုနဲ့ ပွဲတော်နွှဲကြ …. အလွန်အကျွံ စိုးရိမ်နေဖို့ မလိုဘူး …. အသိပေးလာတာကို စောင့်နေရုံပဲ ….”

“ အိုကေလေ ….”

ပုံမှန်အတိုင်း လုပ်စရာရှိသည်များကို ပြုလုပ်ပြီးနောက် လင်းရီသည် ချောင်ရန်အုပ်စုသို့ မောင်းထွက်လာခဲ့သည်။

လက်ရှိ အခြေအနေအရ ကျုံးဝေ့တပ်ဖွဲ့သည် မုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသည်။ အပြင်ဘက်မှ ကြည့်မည်ဆိုပါက ကသောင်းကနင်း ဖြစ်နေသည့်ပုံ ပေါ်သော်လည်းပဲ တကယ်တော့ အလယ်တွင် ရှိနေရခြင်းကလည်း တည်ငြိမ်မှု တစ်မျိုးဖြစ်၏။ လေလှိုင်းထန်နေသည့်ကြားက ငါးမျှားတံကို တည်တည်ငြိမ်ငြိမ်နှင့် ကိုင်ပြီး ငါးမျှားနေရခြင်းနှင့် မခြားနားပေ။

အခိုက်အတန့် တစ်ခုမျှကြာအောင် ယင်းက လင်းရီကို အတော်လေး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်စေပြီး ဘာဆက်လုပ်ရမလဲဆိုတာကို မရေမရာ ဖြစ်စေသည်။

သို့ပေမယ့် ဤသို့သော တည်ငြိမ်မှုက ရေရှည် ကြာမြင့်မှာ မဟုတ်ကြောင်းကို ယုံကြည်နေသည်။ နောက်ပိုင်းတွင် ပြဿနာများ တစ်ခုပြီး တစ်ခု ရောက်လာဖို့ ရှိ၏။

ချောင်ရန်အုပ်စုသို့ ရောက်လာခဲ့ပြီးနောက် လင်းရီသည် ရုံးခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ ကျီချင်းရန်က ထိုင်ခုံတွင် ထိုင်ပြီး စာရွက်စာတမ်းများ ဖတ်ရှုနေသည်ကို မြင်တွေ့လိုက်ရသည်။

“ အဲ့မှာပဲ ထိုင်မနေနဲ့လေ … စာရွက်တွေ ဖတ်ဖို့ သပ်သပ်ပဲဆိုရင် ဆိုဖာပေါ် လဲလျောင်းရင်း လုပ်ပေါ့ ….”

လင်းရီ၏ အသံကို ကြားတော့ ကျီချင်းရန် ခေါင်းနောက်လှည့်လာခဲ့၏။ သို့သော် သူမ မျက်နှာရှိ အပြုံးမှာ ရုတ်ချည်း အေးခဲသွားခဲ့လေသည်။

“ နင့်မျက်နှာမှာ အညိုအမည်းတွေနဲ့ ဘာတွေ ဖြစ်ခဲ့တာလဲ … နှုတ်ခမ်းကရော ဘာလို့ ကွဲနေရတာ ….”

“ အပြင်မှာ ရန်ဖြစ်ခဲ့တာလေ ….”

ကျီချင်းရန်၏ အမူအရာမှာ အနည်းငယ်မျှ ခံပြင်းဒေါသထွက်သွားခဲ့၏။ ဘာပြောလို့ ပြောရမှန်း မသိသည့်အဆုံး၊ သူမ၏ စကားလုံးများကို ပြန်မျိုချဖို့သာ ဆုံးဖြတ်လိုက်သည်။

သူ့တွင်လည်း မပြီးပြတ်သေးသည့် လုပ်ငန်းများနှင့် တာဝန်များ ရှိနေသဖြင့် သူမဘက်က ပြောပိုင်ခွင့် ရှိသည့် အရာ မဟုတ်ဟု ခံစားနေရသည်။

“ နာနေလား …. အခုရော သက်သာသွားပြီလား ….”

“ လူကိုပဲ ကြည့်လိုက်လေ … ပေါ့ပေါ့ပါးပါး သာသာယာယာပဲ မဟုတ်ဘူးလား … ဘာများ ဖြစ်နိုင်မှာမို့လို့ ….” လင်းရီ ပြုံးလျက် ဆိုလိုက်၏။ “ မင်းရဲ့ ကိုယ်ဝန်ကြောင့်သာ မဟုတ်ရင် ရုံးခန်းထဲမှာတောင် အချီကြီးတစ်ချီ ဆွဲလိုက်ချင်သေးတယ် ….”

လင်းရီကို မကျေမချမ်း အကြည့်တစ်ချက် ပေးရင်း ကျီချင်းရန်က သူ့ခါးကို ဆွဲလိမ်ပစ်လိုက်သည်။

“ နင် ဦးလေးကို လိုက်ပို့ပေးပြီးပြီလား …..”

“ ဒီမနက်ခင်းပဲ ပြန်သွားပြီ ….”

“ ငါ နင့်ကို ခေါ်ထားဦးလို့ မပြောထားဘူးလား … သူ့ကို ကျိုးဟိုင်မှာ ရက်နည်းနည်းလောက် ထပ်နေခိုင်းလိုက်ဦးလေ … ဘာလို့ ပြန်ခိုင်းဖို့ အလျင်လိုနေတာလဲ … နင်ကဘာလဲ … ငါ့စကားကို အလေးအနက်မထားတာလား ….”

“ သူလည်း တစ်နေရာတည်းမှာ အကြာကြီး‌ နေမရလို့ပါကွာ …. တစ်ကမ္ဘာလုံးကို ပတ်ပြေးနေရတာ … ငါ့အမေကလွဲပြီး သူ့ကို တည်တည်ငြိမ်ငြိမ် နေအောင် တစ်ခြား ဘယ်သူကမှ မလုပ်နိုင်ဘူး … သူ့ကို ကျိုးဟိုင်မှာ နေခိုင်းဖို့ဆိုရင် သူ မပျင်းအောင် လုပ်ပေးရမယ် … ဘာလို့ အဲ့လိုလုပ်နေမှာ … ပင်ပန်းတယ်လေ … အလုပ်ရှုပ်တယ်လေ … ပြန်သွားခိုင်းလိုက်တာပဲ ကောင်းပါတယ် ….”

ကျီချင်းရန် မကျေမချမ်း နှုတ်ခမ်းထော်ရင်း ထိုင်ခုံသို့ ပြန်ထိုင်လိုက်သည်။

“ အမှန်အတိုင်း ပြောရရင် ငါ သူနဲ့ တွေ့တဲ့အချိန်ကျ စိတ်ထဲ ရင်တုန်သလိုမျိုးပဲ … ဦးလေးကျောက်လိုမျိုး ရင်းနှီးတယ်လို့ မခံစားရဘူး … ဖြစ်နိုင်တာ ဦးလေးလင်းနဲ့ သေချာ မရင်းနှီးသေးလို့ နေမှာ ….”

“ သာမန်ပါပဲ … သူ့နားမှာ သက်တောင့်သက်သာနဲ့ နေနိုင်တဲ့လူဆိုတာ တကယ်ရှားတာ … မင်းလည်း ဖြည်းဖြည်းချင်း နေသားကျသွားမှာပါ ….”

ကျီချင်းရန် ရယ်မောလိုက်၏။ “ အဲ့ကိစ္စ ဆက်မပြောကြစို့ … ငါ နင့်ဖို့ တစ်ခုခု ပြင်ထားပေးတယ် … ဘာလဲဆိုတာ မှန်းကြည့်ကြည့် ….”

All Chapters