သူ့ကို S အဆင့်လို့ တကယ်ပဲ ထင်နေတာလား
Vol. 164 Ch. 2360
ကိုနိုလီနှင့် ကျန်သူများမှာ မသိစိတ်အလျောက် နောက်လှည့်ကြည့်မိလိုက်ကြရာ အထဲသို့ ဝင်ရောက်လာသည့် လင်းကျင်ကျန့်ကို မြင်တွေ့သွားခဲ့ကြသည်။ သူတို့အားလုံး ချက်ချင်း မျက်စိပျက်၊ မျက်နှာပျက်တွေ ဖြစ်ကုန်ပြီး စောနတုန်းကကဲ့သို့ ကြီးစိုးပြီး တည်ငြိမ်သည့် အမူအရာများကို ဆက်မထိန်းထားနိုင်ကြတော့ပေ။
“ မင်း … မင်း တကယ်ပဲ ရောက်လာတယ် ….”
“ မင်းတို့က ငါ့သားကို လူအုပ်ကြီးနဲ့ အနိုင်ကျင့်နေကြမှတော့ ငါလည်း ရောက်လာသင့်တာ သဘာဝပဲ မဟုတ်ဘူးလား ….”
“ မင်းရဲ့သား ဟုတ်လား ….”
ဖရီးမေဆင် အဖွဲ့အသားများအားလုံး ဇဝေဇဝါ ဖြစ်နေသည့် မျက်နှာအမူအရာများ ဖြစ်သွားခဲ့ကြသည်။
ထို့နောက် လင်းရီဘက်သို့ လှည့်ကြည့်မိလိုက်ကြ၏။ ရှော့်ရပြီး အံ့အားသင့်သွားသည့် မျက်နှာအမူအရာက ဖော်ပြနိုင်သည်ထက်ကို ကျော်လွန်နေသည်။
“ သူ … သူ တကယ်ပဲ မင်းရဲ့ ……”
အခန်းကြီးတစ်ခုလုံး အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ လင်းရီလည်း ထပ်တူထပ်မျှ အံ့အားသင့်နေမိ၏။ သူ့အဖေ ရောက်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
“ ဂျိုကာ … မင်းမှာ တကယ်ပဲ သားတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားခဲ့ဖူးဘူး ….” ကိုနိုလီသည် သူ၏ နဂိုကိုယ်နေဟန်ထားကို ပြန်လည် ရရှိသွားခဲ့သည်။ “ ဒါပေမယ့် လက်ရှိ သူ့အောင်မြင်မှုတွေကို ကြည့်လိုက်ပြန်တော့ တကယ်လည်း မင်း ငယ်ငယ်တုန်းကတော့ သွားတူနေတာပဲ ….”
“ အဘိုးကြီး … အခုချိန်က ဒီအကြောင်း ဆွေးနွေးနေရမယ့် အချိန် မဟုတ်သေးဘူး ….”
လင်းကျင်ကျန့်က နံရံသို့မှီပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ “ အဲ့ဒီ ရှေးဟောင်းပစ္စည်းလေး တစ်ခုအတွက်နဲ့ ဖရီးမေဆင်က ကွပ်ကဲသူ ခြောက်ယောက် စေလွှတ်လာခဲ့ရုံတင် မကဘူး ၊ မင်းကိုယ်တိုင်တောင် ရောက်လာခဲ့တယ်ဆိုတော့ … တကယ့်ကို ကြေးကြီးကြီး ရင်းနှီးလိုက်တာပဲ ….”
“ ဒါပေမယ့် အခု မင်းက ဒီရောက်နေတယ်ဆိုတော့ ဒီနေ့ကိစ္စလည်း အဆုံးသတ်သွားပြီ …” ကိုနိုလီ ပြောလိုက်ပြီး “ ဘာပဲဆိုဆို ငါလည်း မင်းရဲ့သားကို ပစ်မှတ်ထားဖို့ မရည်ရွယ်ပါဘူး ….”
ထိုစကားလုံးများ ပြောဆိုပြီးသည်နှင့် ကိုနိုလီက တံခါးပေါက်ဝသို့ လျှောက်လှမ်းသွားခဲ့၏။ သို့သော် လင်းကျင်ကျန့်မှာ နေရာမှ ရွေ့လျားခြင်း မရှိဘဲ မျက်ခုံးပင့်လျက် “ မင်းတို့ အဲ့တာ ဘာသဘောတုန်း ….”
“ အခုချိန် ထွက်သွားရင် မင်းတို့တစ်ယောက်မှာ အေးဆေးနေလို့ရမယ် မကြံနဲ့ .. ငါ့စကားကို နားထောင်ပြီး ဒီမှာ ဆက်နေလိုက် ….”
ကိုနိုလီ အနောက်တွင်ရှိ ကွပ်ကဲသူ လေးဦးလုံး သတိအပြည့်နှင့် ဖြစ်သွားခဲ့ကြပြီး အချိန်မရွေး လှုပ်ရှားဖို့ ရယ်ဒီ ဖြစ်နေကြသည်။
သို့သော်လည်းပဲ သူတို့၏ ခန္ဓာကိုယ်များကတော့ ဦးနှောက် အသိနှင့် ဆန့်ကျင်စွာ ပြင်းပြင်းထန်ထန် တုန်ယင်နေသည်။ သူတို့ရှေ့ရှိလူက မည်သူ ဖြစ်ကြောင်းကို ၎င်းတို့အားလုံး ကောင်းစွာ သိရှိထားကြသည်။
ပိုကာ အဖွဲ့အစည်း၏ ဖန်ဆင်းရှင်။ စစ်မှန်သည့် S အဆင့် ကျွမ်းကျင်သူ မွန်းစတား။
သူ့လုပ်ရပ်တို့က ၎င်းတို့အတွက်တော့ ဒဏ္ဍာရီဆန်သည့် ဖြစ်ရပ်များနှယ် … မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
သို့သော် ယနေ့တွင်တော့ … အနှီ ဂန္တဝင်ဆန်သည့် ပုဂ္ဂိုလ်ကြီးက ၎င်းတို့ရှေ့မှောက် ရောက်ရှိလို့နေသည်။ ပြီးတော့ ရန်သူ တစ်ယောက် အနေနှင့် ဖြစ်၏။
ယခုလို အချိန်အခိုက်အတန့်၌ မည်သူကမျှ မကြောက်ရွံ့ဘဲ မနေနိုင်ကြပေ။
“ မင်းရဲ့ အဆင့်အတန်းကို ငါ အသိအမှတ်ပြုတယ် … ဒါပေမယ့် ငါတို့ ဖရီးမေဆင်ကိုလည်း အထင်လာမသေးစမ်းနဲ့ ….”
“ မင်းတို့အားလုံးကို ဒီနေရာမှာ သတ်လိုက်ရင် ငါ လုပ်တာပါလို့ ဘယ်သူက သိမှာမို့လို့ ….” လင်းကျင်ကျန့်က ဆေးလိပ်ပြာကို တစ်ချက် တောက်ချရင်း ညင်သာသည့် လေသံဖြင့် ပြောဆိုလိုက်သည်။
“ ပြီးတော့ မင်းတို့ကောင်တွေက ဒီနှစ်တွေ တစ်လျှောက်လုံး မဖြစ်နိုင်တဲ့ အိပ်မက်တွေ မက်နေကြတာ ဖရီးမေဆင်က ကမ္ဘာတစ်လွှားမှာ ပြိုင်ဘက်ကင်းတယ်လို့ တကယ်ပဲ ထင်နေကြတာလား … မင်းမပြောနဲ့ … ဒီနေ့ မင်းတို့ ကြီးကြပ်ရေးမှူး ကိုယ်တိုင် ရောက်လာရင်တောင် ထွက်သွားလို့ မရဘူး ….”
ပြောပြီးသည်နှင့် လင်းကျင်ကျန့်သည် လက်ထဲရှိ ဆေးလိပ်တိုကို အောက်သို့ ပစ်ချလိုက်သည်။ သူပြောလိုက်သည်က ပေါ့ပေါ့ပါးပါးလေးပင်။ သို့သော် တစ်ဖက်နားထဲတွင်တော့ ပိဿာ တစ်သောင်းမက လေးလံလို့ နေသည်။
“ ဘာလို့ဆိုတော့ … ငါကိုယ်တိုင်ကလည်း မင်းတို့ ဖရီးမေဆင်ကို ကြည့်မရတာ ကြာပြီမို့ပဲ ….”
“ လှုပ်ရှားတော့ ….”
ကိုနိုလီသည် ရှည်ရှည်ဝေးဝေး စကားလေကုန်ခံမနေတော့ဘဲ အမိန့်ပေးပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ နောက်ရှိ သူ့လက်အောက်ငယ်သားများက ဝှက်ထားသည့် သေနတ်များကို ဆွဲထုတ်၍ ချက်ချင်းပဲ လင်းကျင်ကျန့်ထံ ချိန်ရွယ်ထားလိုက်ကြသည်။
ဘန်း ဘန်း ဘန်း …
ကျည်ဆံပေါင်းများစွာက အဟုန်ပြင်းစွာနှင့် လင်းကျင်ကျန့်ရှိရာဘက်သို့ ဦးတည်ပျံသန်းလာသည်။
လင်းကျင်ကျန့်၏ ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက် ရွေ့လျားသွားခဲ့ပြီး ကျည်ဆံအားလုံးကို ရှောင်တိမ်းသွားခဲ့၏။ သူ၏ လှုပ်ရှားမှုများက စူပါကွန်ပျူတာတစ်လုံးနှင့် တွက်ချက်ထားသည့်နှယ် တိကျလွန်းလှသည်။
ကျည်ဆံများက နံရံသို့ ထိမှန်သွားခဲ့ပြီး … ထိုအချိန်မှာပဲ ပတ်တီးများ ကွာကျကာ ဖုန်မှုန့်တို့ ပျံ့နှံ့လာခဲ့၏။
လင်းကျင်ကျန့်က အင်မတန် လျင်မြန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားသွားပြီး မသိလိုက်ခင် အချိန်မှာပဲ ထိုလူများ၏ နောက်သို့ ရောက်ရှိသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အကုန်လုံး လဲကျသွားခဲ့၏။
ကျန်ရစ်သည့် လူများမှာလည်း သူ့လက်ထဲ သုံးစက္ကန့်ပင် မခံကြပေ။
ဤမျှ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုက မြင်တွေ့လိုက်ရသူတိုင်းကို ဖော်ပြစရာ စကား ကင်းမဲ့လောက်သည်အထိ အံ့ဩတုန်လှုပ်သွားစေသည်။
လင်းကျင်ကျန့်၏ စွမ်းပကားမှာ ဘာမျှမလုပ်ဘဲ လက်မြှောက်အရှုံးပေးချင်လောက်သည်အထိပင်။
“ တော်ကြတော့ …”
ကိုနိုလီက အက်ကွဲသည့် အသံဖြင့် အော်ဟစ်လိုက်ပြီး “ အဲ့စောက်သေနတ်တွေကတောင် ဒီကောင့်ကို မသတ်နိုင်ရင် မင်းတို့ကောင်တွေလည်း သတ်နိုင်မှာ မဟုတ်ဘူး ….”
“ မဖြစ် … အဲ့တာဆို ကျွန်တော်တို့က ဒီတိုင်းထိုင်နေပြီး သူလာသတ်မှာကို စောင့်နေရမှာလား ….”
“ ဟားဟား …..”
ကိုနိုလီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကူကယ်ရာမဲ့သည့် အရိပ်အယောင်တို့က မျက်ဝန်းထဲ ထွက်ပေါ်လာခဲ့ကာ “ သူ့ကို တကယ်ပဲ ဒီတိုင်း S အဆင့် တစ်ယောက်လို့ မင်းတို့ ထင်နေတာလား ….”
“ ကလေးတွေကို မခြောက်စမ်းပါနဲ့ … တစ်ချို့အရာတွေက ဆန်းကြယ်မှုရှိရှိ တည်ရှိနေတာက ပိုကောင်းပါတယ် ….”
လင်းကျင်ကျန့်က ကိုနိုလီထံ လျှောက်လှမ်းလာခဲ့သည်။ နှစ်ဦးကြားရှိ လေထုမှာ တဒင်္ဂမျှ ငြိမ်သက်သွားဟန်ရ၏။
“ မင်းတို့ ဖရီးမေဆင်နဲ့ ငါတိုက်လာတာ နှစ်တွေလည်း မနည်းတော့ဘူး … ဆိုတော့ မင်းကို ဂုဏ်သိက္ခာလေး နည်းနည်းတော့ ချန်ထားပေးချင်မိတယ် … ဒါပေမယ့် ဘယ်လိုပဲပြောပြော .. ဒါက ဟွာရှရဲ့ ပိုင်နက် … ဒီနိုင်ငံရဲ့ လုံခြုံရေးအတွက် ကျုံးဝေ့တပ်ဖွဲ့မှာ တာဝန်ရှိတယ် .. ဆိုတော့ မင်းကို အားနာပါတယ်လို့ ပြောရုံပဲ တတ်နိုင်တယ် …”
ပြောပြီးသည့်နောက် လင်းကျင်ကျန့်က ကိုနိုလီ၏ လည်ပင်းကို လက်ဖြင့်ခုတ်လိုက်ရာ တစ်ဖက်သူမှာ ချက်ချင်း သတိလစ်သွားခဲ့တော့သည်။
ကျန်သည့် ကွပ်ကဲသူ လေးဦးလုံးလည်း အလားတူ နည်းလမ်းမျိုးဖြင့် လင်းကျင်ကျန့် လက်ချက်နှင့် သတိလစ်သွားခဲ့ကြ၏။
“ ဘာလို့ ပြန်လာခဲ့တာ ….”
“ အဲ့ဆေးတွေနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတော့ မင်းအမေက စိုးရိမ်ပြီး ငါ့ကို ဒီလွှတ်လိုက်တာပဲ ….”
“ ဆိုတော့ ခင်များက ကိုယ်ယောင်မပြဘဲ နောက်ကနေ တိတ်တိတ်လေး လိုက်နေတယ်ဆိုပါတော့ ….”
“ ကိုယ်ယောင်မပြတာတော့ မဟုတ်ဘူး … ဒီတိုင်း စုံစမ်းကြည့်လိုက်တော့ ဒီကိစ္စထဲ ပါဝင်ပတ်သက်နေတဲ့လူတွေက ဖရီးမေဆင်အပြင် တစ်ခြားအဖွဲ့အစည်းတွေလည်း ရှိနေတယ် … သူတို့တွေ အရင် လှုပ်ရှားလာမလား စောင့်ကြည့်နေလိုက်တာ …” လင်းကျင်ကျန့်က စီးကရက် နောက်တစ်လိပ်ကို မီးညှိရင်း ပြောလိုက်ပြီး “ ဒါပေမယ့်လည်း မင်း လုပ်သွားတာ တော်တော်လေး ကောင်းပါတယ် … လုပ်လို့ရနိုင်တာတွေ အကုန်လုပ်သွားတယ် … မှားသွားတာ တစ်ခုလေးက ဖရီးမေဆင်ရဲ့ စိတ်ပိုင်းဖြတ်ထားမှုအပေါ် အထင်သေးမိသွားခဲ့တာပဲ ….”
လင်းရီလည်း နံရံသို့ မှီရင်း ခေါင်းညိတ်လိုက်သည်။ “ ကျွန်တော်လည်း တကယ်ပဲ သူတို့ဘက်က လက်ထောက်ကြီးကြပ်ရေးမှူးနဲ့ ကွပ်ကဲသူ ခြောက်ယောက် စေလွှတ်လာမယ်လို့ ထင်မထားတာ ….”
ထိုအချိန်မှာပဲ အလျင်လိုသည့် ခြေလှမ်းသံတို့က တံခါးပေါက် အပြင်ဘက်မှ ထွက်ပေါ်လာပြီး သားအဖနှစ်ယောက်လုံး လှမ်းကြည့်မိလိုက်ကြသည်။
ရှောင်ပင်းနှင့် စွေ့ချန်တို့က အလောတကြီး ပြေးဝင်လာကြပြီး ၎င်းတို့နောက်တွင်တော့ မိုဟုန်ရှန်းနှင့် ကောင်းချုံတို့က လိုက်ပါလာသည်။
ကြမ်းပြင်တွင် လဲလျောင်းနေသည့် လူများကို မြင်တော့ မိုဟုန်ရှန်းနှင့် ကောင်းချုံတို့မှာ တိတ်တဆိတ် ရှော့ခ်ရမိသွားခဲ့ကြသည်။
တကယ်ပါပဲ … ကျုံးဝေ့တပ်ဖွဲ့ဆိုတာ ရောက်တဲ့ နေရာတိုင်း ပြဿနာရှာတဲ့ ကောင်တွေချည်းပဲ …
“ အစ်ကိုရှန်း … ခင်များတို့တွေ ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာတုန်း ….”
“ အဲ့လူတွေက သိပ်ဉာဏ်များလွန်းတယ် … ကင်မရာတွေက သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာမခံနိုင်ဘူး … ကျွန်မတို့တွေ နေရာတွေအများကြီးကို ဝေဖန်သုံးသပ်ပြီးတော့မှ ဒီနေရာကို နောက်ဆုံး ရှာတွေ့တာပဲ …” ရှောင်ပင်းက စကားကို ဖြတ်ပြောလာခဲ့ပြီး “ မရီးနဲ့ တစ်ခြားသူတွေက မြို့စောင့်တပ်ရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိတယ် … ကျွန်မတို့တွေ အကုန်လုံး စုပေါင်းပြီး လာလိုက်တာ မဟုတ်ရင် ရှာဖို့ လူမလောက်မှာစိုးလို့လေ …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ ဤမျှ ပျံ့ကျဲနေသည့် သတင်းအချက်များနှင့်ပင် လူများကို ဦးဆောင်ပြီး တည်နေရာသို့ ရောက်အောင်လာနိုင်သည်က ရှောင်ပင်း၏ အရည်အချင်းမှာ အမှန်တကယ် မဆိုးလှဟု လင်းရီ ခံစားလိုက်ရ၏။
“ အစ်ကိုရှန်း … ဒီလူတွေက ရာဇဝတ်သားတွေပဲ … တစ်ချို့ကတော့ သေပြီ … တစ်ချို့တစ်လေကတော့ သတိလစ်နေကြတယ် … ကျေးဇူးပြုပြီး သူတို့ကို ရန်ကျင်း ပို့ပေးနိုင်မလား ….”
“ ရတယ်လေ … ငါ ဂရုစိုက်ပေးလိုက်မယ် ….”
“ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုရှန်း ….”
“ အချင်းချင်းတွေကိုပဲ … ဒါတွေ မလိုပါဘူး ….”
ကျုံးဝေ့တပ်ဖွဲ့တွင် ပြောင်မြောက်သည့် စစ်ကြောရေး နည်းလမ်းများ ရှိသော်လည်း လင်းရီသည် ၎င်းတို့ နှုတ်က ဖွင့်ဟလာမည်လို့ မယုံကြည်ပေ။
သို့သော်လည်းပဲ ထိုလူများကို လျန်ရှန့်ဟော်လက်ထဲ သီးသန့် ကိုင်တွယ်ဖို့ ထားပေးလိုက်သည်က ပိုကောင်း၏။
နောက်ပိုင်းတွင် မိုဟုန်ရှန်းက သူ့လူများကို အခင်းနေရာအား ရှင်းလင်းရန် အမိန့်ပေးလိုက်ပြီး လင်းရီကတော့ သူ့လူများနှင့်အတူ ထွက်ခွာလာခဲ့၏။
ရှောင်ပင်းနှင့် အခြားသူများက နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ကြပြီး လင်းကျင်ကျန့်၏ နောက်ကျောကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြ၏။
ယခုမတိုင်မီတုန်းက သူမတို့တွေ လင်းကျင်ကျန့်ကို လင်းရီ၏ ဈာပနာမှာပဲ မြင်တွေ့ဖူးခဲ့တာ ဖြစ်သည်။
သို့သော် သူ ဘယ်သူလဲဆိုတာကိုတော့ သူမတို့တွေ မသိကြပေ။ ချိုးယွီလော့နှင့် နင်ချဲ့တို့ကို မေးမြန်းကြည့်သော်လည်း မပြောပြကြပေ။
ဤလူက အကြီးအကဲလုနှင့်လည်း ရင်းနှီးနေပြီး ယခု ထပ်မံ၍ ပေါ်ပေါက်လာပြန်တော့ ထိုသူနှင့် လွယ်လင့်တကူ သွားရှုပ်၍ မရသည့်လူဖြစ်ကြောင်း အလိုလိုသိစိတ်က ခံစားမိနေသည်။
သူတို့တွေ ကားထဲ ပြန်ဝင်ကြပြီး ကျိုကျုံးဗီလာသို့ ဦးတည်လိုက်ကြသည်။
“ ခင်များဘက်က ဘာသတင်းတွေ ရထားသေးလဲ … နိုင်ငံတကာရေးရာ အခြေအနေက ဘယ်လိုရှိလဲ ….”
“ နည်းနည်းတော့ ပရမ်းပတာပဲ ….” လင်းကျင်ကျန့်က ထိုင်ခုံနောက်ကျောသို့ မှီ၍ ပြောလိုက်ပြီး “ ဒါပေမယ့် ကိုနိုလီနဲ့ ကျန်တဲ့ကောင်တွေကို သေချာလေး အသုံးချတတ်မယ်ဆိုရင်တော့ ပြဿနာ တော်တော်များများကို ပြေလည်သွားစေနိုင်မယ် … ဒီကိစ္စ အကြီးအကဲလုဆီ သတင်းပို့ပြီး သူဘယ်လို မြင်လဲ ကြည့်ကြည့်လိုက် …”