ရန်ကျင်းသို့ ဦးတည်ခြင်း
Vol. 164 Ch. 2364
အဘွားကြီးမှာ တဒင်္ဂခန့် ကြက်သေသေသွားခဲ့၏။ ဘေးဘီဝဲယာတွင် ကြည့်ရှုနေကြသူများကတော့ လက်ခုပ်လက်ဝါးတီးပြီး အားပေးချီးမြောက်နေကြလေသည်။
“ ငါ .. ငါ့မှာ အဲ့လောက် ပိုက်ဆံ အများကြီး မရှိဘူး … သူတိုက ကားအကောင်းစားတောင် စီးနိုင်သေးတယ် သူတို့ဘာသူတို့ ပြင်ပါစေပေါ့ … ငါ့ခွေးကို သတ်လိုက်တဲ့ ကိစ္စလည်း ဆက်မလိုက်တော့ဘူး ….”
လင်းရီ မျက်ခုံးပင့်ပြီး အဘွားကြီးကို ကြည့်လိုက်သည်။
“ ခွေးသေသွားတဲ့ ကိစ္စမှာ ခင်များဘက်က တာဝန်ရှိတယ် … ကားပိုင်ရှင်နဲ့ ဘာမှမဆိုင်ဘူး … ပြီးတော့ သူတို့ ကားအကောင်းစား မောင်းနေတယ်လို့ မပြောနဲ့ … ဒုံးပျံကြီး မောင်းနေတယ်ဆိုရင်တောင် သူတို့ရဲ့ တာဝန် မဟုတ်ဘူး … ခင်များမှာ ပိုက်ဆံ မရှိဘူးဆိုတိုင်းနဲ့ ခင်များမှန်တယ်လို့ မဆိုလိုဘူးလေ ….”
လင်းရီ၏ ချေပစကားကြောင့် အဘွားကြီးမှာ ဆွံ့အသွားခဲ့ပြီး လက်ကတုန်ကယင် ဖြစ်စွာဖြင့် အိမ်သို့ ဖုန်းခေါ်လိုက်သည်။
တစ်နာရီနီးပါးခန့် ဆွေးနွေးညှိနှိုင်းပြီးနောက် နောက်ဆုံး ကားပိုင်ရှင်က ယွမ် တစ်သောင်းနဲ့ ကျေအေးပေးပြီး ထွက်ခွာသွားခဲ့သည်။
လင်းရီနှင့် ကျန်းဇီရှင်းတို့လည်း စခန်းသို့ ပြန်ရောက်လာခဲ့ကြ၏။
“ ဟူး … လူတွေရယ် … ဒီနေ့ခေတ် အဘိုးကြီး ၊ အဘွားကြီးတွေကတော့ တကယ့်ကို ပြောရဆိုရ လက်ပေါက်ကပ်လွန်းတယ် … ကျန်းဖန့်လည်း မနေ့တုန်းက ဒီလိုမျိုး ပုံစံတူ အမှုမျိုး ဖြေရှင်းခဲ့ရသေးတယ် … ဒါပေမယ့် သူကတော့ အစ်ကိုရီလိုမျိုး ပြောရဲဆိုရဲတဲ့ သတ္တိတော့မရှိဘူး ….”
“ မှန်တဲ့ဘက်ကပဲ ရပ်တည် … မင်းသူတို့ကို အလကားသွားစာနာပေးနေရင် သူတို့က ပိုပြီး အခွင့်အရေး ယူလာလိမ့်မယ် … အဲ့လိုဆို တဖြည်းဖြည်းနဲ့ လူကောင်းတွေအတွက်လည်း မမျှမတ ဖြစ်လာမယ် …”
“ နားလည်ပြီ ….”
နှစ်ယောက်က စခန်းသို့ အတူပြန်ရောက်လာခဲ့ကြပြီး ထိုနေ့ကတော့ လင်းရီအတွက် အလုပ်အင်မတန် များသည့် နေ့လေးပင်။
နောက်ထပ် အမှုတွဲ နှစ်ခု ဆက်လက် ကိုင်တွယ်ခဲ့ရပြီး မွန်းလွဲ လေးနာရီ အချိန်ရောက်တော့မှသာ အနည်းငယ် အနားယူနိုင်တော့သည်။ သို့သော်လည်းပဲ အန္တိမ မစ်ရှင်ကတော့ ထွက်ပေါ်လာခြင်း မရှိပေ။
ညနေ ငါးနာရီဝန်းကျင်လောက်ရောက်တော့ လင်းရီသည် ချောင်ရန် အုပ်စုသို့ မောင်းနှင်လာပြီး ကျီချင်းရန်ကို အလုပ်က ကြိုသည်။
အိမ်သို့ ပြန်ရောက်လာခဲ့ပြီးနောက် သူတို့၏ နေ့စဉ်ဘဝက ပုံမှန်အတိုင်း အတူစားသောက် စကားတွေ ပြောပြီးနောက် ကိစ္စကိုယ်စီနှင့် အလုပ်များနေတော့၏။
နောက်တစ်နေ့က လပြက္ခဒိန်၏ ဆယ့်ငါးရက်မြောက်နေ့ ဖြစ်သဖြင့် လင်းရီ စခန်းသို့ မသွားခဲ့ပေ။
တစ်နေ့လုံးကို အိမ်မှာပဲ ကျီချင်းရန်နှင့် အချိန်ကုန်ဆုံးနေခဲ့ပြီး စကားဝိုင်းအများစုကလည်း မွေးဖွားမလာသေးသည့် ကလေးသေးသေးလေးနှင့် ဆက်နွယ်နေသည်။
သူတို့တွေ နာမည် အများအပြားလည်း စဉ်းစားခဲ့ကြပြီး ကလေး မူကြိုအတွက်ပါ အသေးစိတ်ကျကျ ကြိုတင် စီစဉ်ခဲ့ကြ၏။
ညနေခင်းပိုင်းတွင် မိသားစုထုံးစံအတိုင်း ညစာ အတူစားကြ၏။ ဟင်းလျာကတော့ ဖက်ထုပ်ပင်။
ထို့မတိုင်မီ လင်းရီသည် မိုဟုန်ရှန်းထံသို့ သူ့အား ညရှစ်နာရီ ဝန်းကျင်တွင် ဖုန်းခေါ်ပြီး စစ်တပ်ဇုန်တွင် သူ ဝင်ပါမှ ဖြစ်မည့် ကိစ္စ တစ်ခုခု ရှိကြောင်း ပြောပေးဖို့ တောင်းဆိုခဲ့သည်။
လက်တွေ့တွင်မူကား အခြားတော့ မဟုတ်။ လီချူးဟန်ထံသို့ ကားမောင်းပြိး ထွက်လာခဲ့၏။
နှစ်သစ်ကူး ပွဲတော်ကဲ့သို့ လပြက္ခဒိန်၏ ဆယ့်ငါးရက်မြောက်နေ့သည် ဆောင်းဦးလည် ပွဲတော်ဖြစ်ပြီး အချိန်တိုင်းလည်း လီချူးဟန်နှင့်အတူ အချိန်ကုန်ဆုံးနိုင်ဖို့ လင်းရီ ကြိုးပမ်းခဲ့၏။
ဤကဲ့သို့ မိသားစုဝင်များ ဆုံစည်းလေ့ရှိသည့် ပွဲတော်တွင် သူမလည်း တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ထိုက်တန်သည်။
လီချူးဟန်က အစောပိုင်းကတည်းကနေ ချိုမြိန်သည့် ဖက်ထုပ်များ ပြင်ဆင်ထားပြီး လင်းရီ ရောက်ရှိလာပြီးနောက်တွင် သူ့အတွက် အနည်းငယ်ကို ချက်ပြုတ်ပေး၏။ စားသောက်ပြီးနောက် နှစ်ဦးသား အနားမယူပဲ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ဆိုဖာမှသည် မီးဖိုချောင်၊ မီးဖိုချောင်မှသည် အပြင်ဘက် ဝရံတာ ၊ ဝရံတာမှသည် အိပ်ခန်း … စသဖြင့် အချီပေါင်းများစွာ လှုပ်ရှားခဲ့ကြပြီး ပြင်းထန်သည့် လေ့ကျင့်ခန်းများကို ချွေးပြိုက်ပြိုက်ကျသည်အထိ ပြုလုပ်ခဲ့ကြ၏။
နာရီလက်တံက ဆယ့်တစ်ထိုးတော့မှသာ လင်းရီ အိမ်သို့ ပြန်လာသည်။
အိမ်ရောက်တော့ ကျီချင်းရန်မှာ ယခုထိ မအိပ်သေးဘဲ ဖောင်တိန်တစ်ချောင်းနှင့် တစ်ခုခု ချရေးနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
သူ အနီးကပ် တစ်ချက်ကြည့်လိုက်တော့ ကလေး မွေးဖွားရန် လိုအပ်သည့် ပစ္စည်းများ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
လင်းရီ ပြုံးလိုက်မိပြီး သူမကို ညဉ့်နက်တဲ့အထိ မနေဖို့ ပြောရင်း အိပ်ရာဝင်လိုက်၏။
နောက်တစ်နေ့ နံနက်ခင်း အစောပိုင်းတွင် လင်းရီ မျက်လုံးဖွင့်တော့ လျန်ရူရွှယ်ထံမှ ဝီချက် မက်ဆေ့ချ် တစ်စောင် ရောက်ရှိနေသည်။
‘ ဖုန်းပြန်ခေါ်လာခဲ့ …’
မက်ဆေ့ချ်ကို မြင်တော့ လင်းရီ များများတွေးတောမနေဘဲ ကျိုးဟိုင်ကို ပြန်လာမှာ ဖြစ်သဖြင့် သူ့အား လာကြိုပေးဖို့ ပြောချင်နေသည်ဟုပဲ မှန်းဆလိုက်၏။
ကျီချင်းရန် အဆင်သင့်ဖြစ်တော့ လျန်ရူရွှယ်ထံသို့ လင်းရီ ဖုန်းပြန်ဆက်လိုက်သည်။
“ လေယာဉ်ချိန်က ဘယ်နှနာရီတဲ့လဲ ….”
“ နင်အခု လုပ်နေတာတွေ ဘေးချိတ်ထားပြီး ရန်ကျင်းကို လာခဲ့ ….”
“ ရန်ကျင်းကို လာခဲ့ရမယ် ဟုတ်လား ….” လင်းရီ၏ အမူအရာမှာ ရုတ်ချည်း တင်းမာသွားခဲ့ပြီး “ ဘာဖြစ်တာလဲ …”
“ ဘာမှ မဖြစ်ပါဘူး .. ကလေးရော ငါရော အကုန် အဆင်ပြေတယ် … ဒီတိုင်း ဖုန်းထဲ စကားပြောဖို့ အဆင်မပြေလို့ နင့်ကို အရင်လာခဲ့ခိုင်းလိုက်တာ … လူချင်းတွေ့တော့မှ စကားပြောကြတာပေါ့ ….”
“ အိုကေ …”
လင်းရီ ဖုန်းချလိုက်ပြီး အနည်းငယ် သင်္ကာမကင်း ဖြစ်နေမိသည်။
လျန်မိသားစု၏ အစွမ်းအစဖြင့် အကယ်၍ သူတို့ မဖြေရှင်းနိုင်သည့် ပြဿနာ တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့လျှင် သူ ရောက်သွားလင့်ကစား အချည်းနှီးသာ ဖြစ်လိမ့်မည်။ ဖြေရှင်းပေးနိုင်မှာ မဟုတ်ချေ။ ထို့ပြင် လျန်ရူရွှယ်၏ လေသံကတစ်ဆင့် သူမကြည့်ရသည်မှာ အတော်လေး အလျင်လိုနေသည့်ဟန်ပင်။
ကျိန်းသေပေါက်ကို လေးနက်သည့် ကိစ္စရပ် တစ်ခု ဖြစ်ရမည်။
“ နင် ဘာလို့ ဒီမှာ ထိုင်နေတုန်းလဲ … မြန်မြန်သွားပြီး မျက်နှာသွားသစ်တော့ ….”
ကျီချင်းရန်၏ အသံက တံခါးပေါက်ဝမှ ထွက်ပေါ်လာခဲ့၏။
လင်းရီ ခေါင်းညိတ်ပြီး ရေချိုးခန်းသို့ သွား၍ မျက်နှာသစ်၊ သွားတိုက်လိုက်သည်။ ပြီးသည့်နောက် အောက်ထပ်သို့ ဆင်းပြီး မနက်စာ စား၏။ မနက်စာ စားပြီးနောက် ထုံးစံအတိုင်း ကျီချင်းရန်ကို ကုမ္ပဏီတွင် ချပေးပြီး
“ ငါ ခဏနေကျရင် ရန်ကျင်း သွားရဦးမယ် .. အဲ့မှာ ကိစ္စ တစ်ခုခု ရှိနေတယ်ထင်တယ် … သုံးလေးရက်လောက်တော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး ….” ကျီချင်းရန်ကို သူ ရန်ကျင်းသို့ ခေတ္တသွားရမည့် အကြောင်း ပြောပြလိုက်၏။
“ နင်သွားစရာရှိတယ်ဆို သွားလေ … အန္တရာယ်မဖြစ်အောင်လည်း ဂရုတော့ စိုက်ပေါ့ ….” ကျီချင်းရန် ပြောလိုက်ပြီး “ ပြီးတော့ ငါ့ဆီ နေ့တိုင်းနေ့ ဖုန်းခေါ်ဖို့လည်း မမေ့နဲ့ ….”
“ ပြဿနာ မရှိဘူး ….” လင်းရီ အိုကေ လက်ဟန် လုပ်ပြလိုက်သည်။
ကျီချင်းရန် သူမ၏ ဝမ်းဗိုက်လေးကို ပွတ်သပ်၍ “ ကလေးလေး … ဖေဖေ့ကို တာ့တာလို့ ပြောလိုက်ဦးလေ …”
လင်းရီ ရုတ်ချည်း အေးခဲသွားခဲ့သည်။ ကျီချင်းရန်၏ ချစ်စဖွယ်ကောင်းမှုနှင့် ညင်သာမှုတို့ကြောင့် တဒင်္ဂမျှ မပြောနိုင်မဆိုနိုင် ဖြစ်သွားခဲ့ရ၏။
ညင်သာစွာ ပြုံးရင်း ကျီချင်းရန်၏ အင်္ကျီစကို လှန်၍ ဖြူဖွေးသည့် ဗိုက်သားကို လှစ်ဟာကာ ၎င်းအပေါ်သို့ အနမ်းပေးလိုက်သည်။
“ အိမ်မှာ မင်းအမေနဲ့ လိမ်လိမ်မာမာနေ … လိမ္မာလို့ကတော့ အဖေပြန်လာရင် တင်ပါးကို ခပ်နာနာလေး ရိုက်ပေးမယ် …”
ခစ် …
လင်းရီ၏ ကလေးဆန်သည့် အပြုအမူကြောင့် ကျီချင်းရန်မှာ ခစ်ကနဲ ကျယ်လောင်စွာ ရယ်မောမိလိုက်သည်။
“ ကဲ သွားပြီ နင် လုပ်စရာရှိတာ သွားလုပ်တော့ …”
ကျီချင်းရန်က သူမ၏ အင်္ကျီအဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ရင်း အိတ်ကို လွယ်လိုက်သည်။ ပြီးနောက် ကားထဲက ထွက်ပြီး လင်းရီကို လက်ပြနှုတ်ဆက်ရင်း ထွက်ခွာသွားသည့် ကားနောက်ကျောကို စိုက်ကြည့်နေခဲ့လေသည်။
ချောင်ရန် အုပ်စုမှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ လေဆိပ်သို့ တိုက်ရိုက် ဦးတည်လိုက်သည်။ မွန်းလွဲ တစ်နာရီ စွန်းစွန်းတွင် ရန်ကျင်းသို့ ရောက်လာခဲ့ပြီး တက္ကစီစီး၍ လျန်ရူရွှယ်၏ အိမ်သို့ ရောက်လာခဲ့၏။
အိမ်တွင်တော့ သူမတစ်ယောက်တည်းပင်။ စားပွဲပေါ်တွင် အစားအသောက်တွေကလည်း အလျှံပယ် ရှိနေပြီး ရှန်းရှုရီ ချန်ရစ်ပေးသွားခဲ့ခြင်း ဖြစ်လောက်သည်။
“ ငါ့ကို အလျင်စလိုနဲ့ ဒီခေါ်လိုက်တာ ဘာကိစ္စလဲ ….”
“ အေးဆေးပေါ့ … ဒီမှာ လာထိုင် … ခဏလောက်နားဦး …” လျန်ရူရွှယ်က လင်းရီကို အထဲသို့ ကြိုဆိုလိုက်ပြီး သူ့ကုတ်အင်္ကျီကို ကူချွတ်ပေးလိုက်သည်။
“ ငါ့ပြဿနာတော့ မဟုတ်ပါဘူး … ငါ့အဘိုး ကိစ္စပါ …”
“ ဟင် …” လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး “ အကြီးအကဲလျန်က ပြဿနာ တက်နေတယ်လား … အဲ့တာ ငါနဲ့ ဘာဆိုင်လို့ .. သူက ငါ့ထက်တောင် အံ့ဩဖို့ ကောင်းတယ်မဟုတ်ဘူးလား …..”
“ အဓိကက သာမန်ပြဿနာ မဟုတ်လို့ပေါ့ဟဲ့ … ကျုံးဝေ့တပ်ဖွဲ့နဲ့ ဆက်စပ်နေတာ ….”
လင်းရီ၏ မျက်ခုံးတို့ အတူ တင်းကြုတ်သွားခဲ့ပြီး မည်သို့သော ကိစ္စများ ဖြစ်လောက်မလဲဟု စိတ်ထဲ ခန့်မှန်း ကြည့်နေမိသည်။
“ ဒါဆို ဘာကိစ္စလဲ .. ပြောစမ်းပါဦး …..”
“ တပ်ဖွဲ့ရဲ့ အသင်း ၅ ကနေ ၈ အထိကို ငါ့အဘိုးက တာဝန်ယူထားတယ်မလား … အခုတစ်လော သိပ်မူမမှန်တဲ့ တစ်စုံတစ်ယောက်ကို တွေ့နေမိလို့ … သူတို့ စောင့်ကြည့်နေတာ ကြာပြီ … အခု လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေပြီ ….”
“ သူလျှို တွေ့ထားတာလား ….”
လျန်ရူရွှယ် လေးနက်သည့် အကြည်တို့ဖြင့် ခေါင်းညိတ်လိုက်သည်။
“ နင့်ဘက်ခြမ်းက အခြေအနေတွေအကြောင်း ငါ ရှင်းရှင်းလင်းလင်းတော့ နားမလည်ထားပေမယ့် အတော်လေး ပရမ်းပတာတွေ ဖြစ်နေတယ်လို့တော့ ကြားမိတယ် … နှစ်အစကတည်းကရင် ငါ့အဘိုးက ဒီကိစ္စတွေနဲ့ အလုပ်များနေတာ သူနဲ့ မတွေ့ဖြစ်တာတောင် အတော်ကြာပြီ ….”
“ ဒါဆိုရင် စကားချည်း ပြောနေလို့တော့ အဓိပ္ပာယ် ဘယ်ရှိမှာ … ငါ အကြီးအကဲလျန်နဲ့ သွားတွေ့လိုက်ဦးမယ် ….”
“ငါလည်း နင်နဲ့ လိုက်မယ် ….”
“ မလိုဘူး … မင်းက အိမ်မှာပဲ နားနားနေနေ နေ …”
“ ဟင့်အင်း … မရဘူး … ငါလည်း နင်နဲ့ လိုက်မှာပဲ …” လျန်ရူရွှယ်က ကလေးကဲ့သို့ ဆိုးနွှဲ့သည့် လေသံဖြင့် “ ဆရာဝန်ပြောတာ အိမ်မှာပဲ တစ်ချိန်လုံး နေမနေနဲ့တဲ့ … အပြင်ထွက်ပြီး လမ်းလေးဘာလေး လျှောက်ပေးဖို့လိုတယ် … “
“ ဒါဆိုလည်း အဝတ်အစား သွားလဲတော့ … အခုသွားကြမယ် …” လင်းရီလည်း ရွေးချယ်စရာ မရှိသည့်အဆုံး လျန်ရူရွှယ်ကို သူနှင့်အတူ လိုက်ဖို့ ခွင့်ပြုလိုက်ရသည်။
အဝတ်အစား လဲနေစဉ် လျန်ရူရွှယ်က လျန်ရှန့်ဟော်ထံသို့ ဖုန်းခေါ်လိုက်၏။ သူမ အဘိုးက အိမ်တွင် ရှိနေသည်ကို သိလိုက်ရတော့ ထိုနေရာသို့ အလျင်အမြန် ထွက်ခွာလာသည်။
ကားမောင်းနေစဉ် လင်းရီ စကားတစ်လုံးမျှ မဆိုပေ။ သူ့စိတ်ထဲတွင် ကျုံးဝေ့တပ်ဖွဲ့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များက တရစပ် ဖြတ်ပြေးနေလျက် ရှိ၏။
ထိုကဲ့သို့သော အခြေအနေမျိုးကို သူ ယခင်ကလည်း တွေးခဲ့ဖူးသည်။
ယခု အမှန်တကယ် ဖြစ်ပျက်လာခဲ့ပြီ ဖြစ်ရာ တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်သည်။
ကျန်သည်ကတော့ … မည်သူက နောက်ကွယ်တွင် တမင် ပြဿနာ ရှာနေလဲဆိုတာ ကြည့်ရှုရပေတော့မည်။