စက်ဆုပ်ဖို့ကောင်းတဲ့ လှည့်ကွက်
Vol. 164 Ch. 2365
မိနစ်လေးဆယ်နီးပါးခန့် ကြာပြီးနောက် စုံတွဲက လျန်ရှန့်ဟော်၏ နေအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။
လျန်ရူရွှယ်၏ အဘိုးအိမ်သို့ ရောက်လာခြင်းဖြစ်သဖြင့် လင်းရီ သာမန်လျှံကာ မလာဝံ့ပေ။ တန်ဖိုးကြီး အချို့ ပစ္စည်းများကို ပိုက်ဆံသိန်းနှင့်ချီ အကုန်ခံ၍ ဝယ်ယူလာခဲ့၏။
မည်သို့ပင်ဆိုစေ လပြက္ခဒိန်၏ ဆယ့်ငါးရက်မြောက်နေ့ကို ကျော်လွန်ရုံမျှသာ ရှိသေးပြီး ဟွာရှလူတို့၏ အယူအရ နှစ်သစ်ကူးပွဲတော်သည် တရားဝင် မပြီးဆုံးသေပေ။ တစ်စုံတစ်ယောက်၏ အိမ်သို့ အလည်သွားမည်ဆိုပါက လက်ဗလာနှင့် မသွားရောက်သင့်သည်မှာ ထုံးစံပင်။
ထို့ပြင် ဤသည်က လျန်ရူရွှယ်၏ အဘိုးဖြစ်၏။ သူ့ဘက်က ပိုပြီးတောင် အလိုက်သိသင့်သေးသည်။
သူတို့နှစ်ယောက် ရောက်လာတာကို မြင်တော့ ရန်ယွီဟွားက နွေးထွေးစွာ ပြုံးလျက် ကြိုဆိုလာသည်။
“ စောနက ဖုန်းဆက်ပြီးပြောတော့ ထွေထူး အရေးကြီး ကိစ္စ မရှိပါဘူးဆို … အခုကျတော့ ဘာလို့ လူကိုင်တိုင် ရောက်လာကြတာ ….” ရန်ယွီဟွား၏ လေသံက စောဒကတက်သည့် လေသံဖြစ်၏။ “ ပြီးတော့ လာမယ်ဆိုလည်း ဘာလို့ ပစ္စည်းတွေ ဝယ်လာနေသေးတာ … နင်တို့ လူငယ်တွေကတော့ ဒီလို အဓိပ္ပာယ် မရှိတဲ့ ပစ္စည်းတွေ အပေါ် အမြဲတမ်း ယှဉ်ပြိုင်နေကြတော့တာပဲ … ပြီးတော့ အခြေအနေက အရင်ကနဲ့ တူတာ မဟုတ်ဘူး … အပြင်မှာ နှင်းတွေချည်းပဲ … မတော်လို့ နင် ချော်လဲသွားခဲ့ရင် ဘယ်လိုလုပ်မှာ … ဟူး … ပြောရတာလည်း မောတာ ငါ့နှယ် ….”
လျန်ရူရွှယ်မှာတော့ တခစ်ခစ် ရယ်မောရင်း “ သူလည်း သမီးနဲ့ ပါလာတာပဲဟာ စိတ်ပူဖို့ မလိုပါဘူး အဘွားရယ် ….”
“ ကဲပါ ကဲပါ … အဲ့မှာပဲ ရပ်မနေကြနဲ့ … အထဲကို ဝင်ထိုင်ကြ … အဘွား နင်တို့ဖို့ နွေးတာလေး ဖျော်ပေးမယ် ….”
“ မလိုပါဘူး အဘွားရယ် … ကျွန်တော်တို့ကို အပြင်လူတွေလို ဆက်ဆံနေတာပဲ …..”
“ သားမက် အသစ်ဂျတ်ချွတ်လေး လာလည်တာကို ငါက ကောင်းကောင်း ဧည့်ဝတ်မကျေလို့ ဖြစ်မလားဟဲ့ ….”
“ ဘာတွေ သားမက်အသစ် အဟောင်းတွေ ပြောနေတာလဲဗျာ … ဒီတိုင်း ပုံမှန်လေးပဲ ဆက်ဆံလို့ ရပါတယ် …”
“ အပြင်မှာက အေးလာတယ်ဆိုတော့ ကိုယ်ထဲ နွေးသွားအောင် ရေနွေး အရင်သောက်လိုက်ဦး ….”
ထိုသို့ပြောပြီးနောက် ရန်ယွီဟွားက လျန်ရှန့်ဟော်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ စားဖို့လောက် သိတဲ့ အဘိုးကြီး … မီလိလေးနဲ့ လင်းရီတို့ ရောက်လာတာကို စကားလေး တစ်ခွန်းတောင် ပြောရကောင်းမှန်း မသိဘူးလား ….”
လျန်ရှန့်ဟော်က လျန်ရူရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး သာမန်လျှံကာ အမူအရာဖြင့် “ သူ့ကို ဒီလာခိုင်းလိုက်တာ မင်းမလား ….”
“ သမီး မခေါ်ပါဘူး … သူ့ခြေထောက်နဲ့သူ ရောက်လာခဲ့တာ ….”
“ ကဲ … လာထိုင်ကြ .. မင်းတို့ ဘာကိစ္စ ရောက်လာတာဆိုတာ မပြောလည်း ငါသိတယ် ….” လျန်ရှန့်ဟော်က ထူးမခြားနားသည့် လေသံဖြင့် ပြောလိုက်ပြီး “ သူ့ကို မခေါ်ပါနဲ့လို့ ပြောထားလျက်သားနဲ့ကို ဒီကို ခေါ်လာဖြစ်အောင် ခေါ်လာသေးတယ် … ငါနင့်ကို ဘာများပြောရတော့မှာ ….”
“ သူက အပြင်လူမှ မဟုတ်တာကို ဘိုးဘိုးကလဲ … ယောက္ခမဘက်က ကိစ္စတွေကို ကူညီပေးတယ်ဆိုတာ ပုံမှန်ပဲ မဟုတ်လား ….” လျန်ရူရွှယ်က ဆိုဖာပေါ် ထိုင်ပြီး ပြောလိုက်သည်။
“ ပြီးတော့ သမီးဗိုက်ထဲမှာ ရှိတဲ့ ကလေးကလည်း မွေးလာပြီးတာနဲ့ သူ့ရဲ့ မျိုးရိုးနာမည်ကို ယူမှာ … အဖေဖြစ်မယ့်သူက လာပြီး ကူညီပေးသင့်တာ ထုံးစံပဲလေ ….”
“ အဘိုးကြီး … ခင်များက သုတေသနပိုင်းကို တာဝန်ယူထားတဲ့လူ … ကျုပ်တို့ချင်း လုပ်ဖော်ကိုင်ဖက်တွေလို့ ပြောရင်လည်း မမှားဘူး … တကယ်လို့ ပြောစရာရှိတယ်ဆိုရင် ပြောလိုက် … ဒိကိစ္စက အသေးမွှား မဟုတ်တော့ အချိန်မီ မဖြေရှင်းရင် လျန်မိသားစုရဲ့ အဆင့်အတန်းကိုပါ ခြိမ်းခြောက်လာနိုင်တယ် … မီလိပြောတဲ့အတိုင်းပဲ လျန်မိသားစုရဲ့ သားမက်တစ်ယောက်အနေနဲ့ အကုန်လုံးက လုပ်သင့်လုပ်ထိုက်တာတွေချည်းပဲ ….”
လျန်ရှန့်ဟော်က သူ့ဝါးတူကို အောက်သို့ချပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ပြီးသည့်နောက်တွင်မှ ဖြည်းညင်းစွာ စကားစလာသည်။
“ အသင်း ၇ ရဲ့ ခေါင်းဆောင် ဟန်ရှန့်ယွီက အခု ကိစ္စထဲ သူ ပတ်သက်နေတယ် …”
“ သူလား ….”
“ မင်းလည်း သူနဲ့ သိနေတယ်ပေါ့ …..”
“ သိပ်အရမ်းကြီးတော့ မဟုတ်ပါဘူး … ဒီတိုင်း သုံးလေးကြိမ်လောက် တွေ့ဖူးရုံပါပဲ ….”
ထောက် …
လျန်ရှန့်ဟော်က မီးခြစ် ခြစ်လိုက်တဲ့အချိန်မှာပဲ ရန်ယွီဟွားက သူ့လက်ကို ဖတ်ခနဲ ရိုက်ချလိုက်သည်။
“ သောက်အဘိုးကြီး … မီလိလေးက ကိုယ်ဝန်ရှိနေတာကို တော်က ဆေးလိပ်သောက်မယ်ပေါ့ … သောက်ချင်ရင် အပြင်ထွက် … ပြောထားပေါင်းလည်း မနည်းတော့ဘူး ….”
စိတ်အနှောင့်အယှက် ဖြစ်စွာနှင့် လျန်ရှန့်ဟော်က မတ်တပ်ရပ်ပြီး လင်းရီကို လသာဆောင်သို့ လိုက်ခဲ့ဖို့ ခေါ်လိုက်သည်။
လျန်ရှန့်ဟော်က သူ့ကိုပါ ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်ပြီး နှစ်ယောက်အတူ သောက်ကြ၏။
“ ဘယ်တုန်းကစပြီး သတိထားမိတာ ….”
“ အရင်ရက်ပိုင်းလောက်တုန်းကပဲ ….” လျန်ရှန့်ဟော် ပြောလိုက်ပြီး “ မင်းတို့ကောင်တွေ ပစ္စည်းပို့ပေးလာတုန်းက ဒီလို ကိစ္စတွေ မဖြစ်ပျက်လာအောင် ငါ့ဘက်က ကြိုတင်ကာကွယ်ထားခဲ့တာ … ပြီးတော့ အထက်ကနေလည်း လူတစ်ချို့ စေလွှတ်ခိုင်းပြီး အသင်း ၅ - ၈ ကို စောင့်ကြည့်ခိုင်းထားခဲ့တယ် .. အဲ့မှာ ဟန်ရှန့်ယွီနဲ့ ပတ်သက်ပြီး တစ်ခုခု မူမမှန်ဘူးဆိုတာကို စပြီး သတိထားမိလာတာပဲ …”
လျန်ရှန့်ဟော်က ဆေးလိပ်ပြာကို အသာတောက်ချပြီး ဆက်ပြော၏။
“ ဒါပေမယ့် မနေ့ညကနေ အခုထိ ငါတို့သူ့ကို ဆက်သွယ်လို့မရသေးဘူး … စုံစမ်းရေးတွေကလည်း သူ ကိုးရီးယားကို ထွက်သွားခဲ့ပြီလို့ ဖော်ပြနေတယ် … ဒီကိစ္စ ဘယ်လို ကိုင်တွယ်ရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာ မီလိက မင်းကို ခေါ်ချလာတာပဲ ….”
“ ကျုပ်နဲ့ လွှဲထားလိုက် … ကျုပ် ကျိန်းသေပေါက် သူ့ကို ပြန်ခေါ်လာခဲ့ပေးမယ် ….”
လျန်ရှန့်ဟော် ခေတ္တရပ်တန့်၍ “ အဲ့လိုဆိုရင်တော့ ငါ့ကို အကြီးကြီး ကူညီပေးလိုက်တာပဲ ….”
“ ဒါပေါ့ဗျ ….” လင်းရီ သာမန်အေးအေးလူလူ ပြောလိုက်ပြီး “ အကြီးအကဲလု ဒီကိစ္စကို မသိသေးဘူးမလား ….”
“ မသိသေးဘူး … နောက်တော့ကျ ပြောပြမလို့ပဲ … အချင်းချင်းတွေ ဒီလို ကိစ္စမျိုးကို ဖုံးကွယ်ထားစရာ မလိုဘူးလေ ….”
“ သူ့ကို ပြောပြထားတာ ကောင်းတယ် … ဘာပဲဆိုဆို သူက အကုန်လုံးကို တာဝန်ယူထားတဲ့လူပဲလေ …”
“ ငါ စဉ်းစားနေတာလည်း အဲ့လိုပဲ ….”
လျန်ရှန့်ဟော်နှင့် စကားခေတ္တ ပြောဆိုပြီးနောက် လင်းရီနှင့် လျန်ရူရွှယ်တို့ ပြန်ထွက်ခွာလာခဲ့ကြသည်။
စစချင်းတုန်းကတော့ နှစ်ယောက်မှာ ညစာ တစ်ခါတည်း စားသွားဖို့ စီစဉ်ထားကြ၏။ သို့သော်လည်း နေ့ခင်းဘက်တွင် ချင်ရင်ယွဲ့က ရှော့ပင်းထွက်ရင်း လျန်ရူရွှယ်အတွက် ပစ္စည်းတစ်ချို့လည်း ဝယ်ပေးထားသေး၏။ သူမနှင့် တွေ့ဖို့လည်း လိုသေးသည်။ ထို့ကြောင့် ညစာ မစားတော့ဘဲ စားသောက်ဆိုင် တစ်ခုတွင် အချိန်းအချက် ပြုလိုက်၏။
ထိုအချိန် လင်းကျင်ကျန့်ကတော့ သူ့ ကိုယ်ပိုင် ကိစ္စများ ကိုင်တွယ်ရန်အလို့ငှာ ရန်ကျင်းမှ ထွက်ခွာသွားခဲ့လေပြီ။
“ နင် အလုပ်များတယ်ဆိုလည်း သွားလေ … အမေ မီလိလေးကို သုံးလေးရက် အဖော်လုပ်ထားပေးလိုက်မယ် ….” ထမင်းစားနေစဉ်အတောအတွင်း ချင်ရင်ယွဲ့က ထိုသို့ ပြောလိုက်၏။
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ဒီကိစ္စက အရေးကြီးတယ် … ကျွန်တော် အချိန်ဆွဲလို့ မရဘူး … စားပြီးတာနဲ့ သွားတော့မှာ … ရက်နည်းနည်းလောက်ဆို ပြန်လာပါပြီ ….”
“ သွားလေ … ရန်ကျင်းမှာ နင် အာရုံစိုက်စရာလည်း ဘာရှိလို့ … မီလိလေးကလည်း အဆင်ပြေနေတယ် …. ဒီရက်ပိုင်း သူ့ခံတွင်းက ပိုပြီးတောင် ကောင်းလာသေးတယ် … အရေးကြီး ကိစ္စတွေပေါ်မှာပဲ အာရုံစိုက်ထား …..”
စစချင်းတုန်းက လျန်ရူရွှယ်မှာ သူမ မိသားစု ကိစ္စများကို ကူညီပေးဖို့ လင်းရီကို ခေါ်လိုက်သည့် အတွက် ချင်ရင်ယွဲ့ မပျော်မရွှင် ဖြစ်မှာကို စိတ်ပူနေခဲ့သည်။ သို့သော် သူမ၏ ပံ့ပိုးထောက်ခံမှုကို မြင်တော့ အများအပြား စိတ်သက်သာ ရသွားခဲ့၏။
စားသောက်ပြီးနောက် လင်းရီသည် နှစ်ယောက်ကို အိမ်လိုက်ပို့ပေးပြီး တက္ကစီစီး၍ ကျုံးဝေ့တပ်ဖွဲ့သို့ ထွက်လာခဲ့၏။
ဤခရီးစဉ်၏ အဓိက ရည်ရွယ်ချက်ကတော့ နင်ချဲ့နှင့် တွေ့ဆုံဖို့ပင်။
သို့သော် ဤတစ်ကြိမ် ကျုံးဝေ့တပ်ဖွဲ့သို့ လာရောက်သည့် အခါတွင်တော့ ပုံမှန် သက်တောင့်သက်သာ ဖြစ်မှုမျိုး မမြင်တွေ့ရချေ။
လူတိုင်းက ရန်သူကြီးကြီးမားမားနှင့် ရင်ဆိုင်နေရသကဲ့သို့ အကုန်လုံးက လေးနက်တည်ကြည်နေကြ၏။
“ ခေါင်းဆောင်လင်း ….”
ဂိတ်ပေါက်ဝကို ရောက်တော့ အစောင့်က သူ့အား အပြုံးနှင့် ကြိုဆို နှုတ်ခွန်းဆက်သည်။
“ ဟက်ပီးနယူးရီးယားပါ ….” လင်းရီ ပြုံးလျက် နှုတ်ဆက်လိုက်ပြီး အထဲသို့ ဝင်ဖို့ ဟန်ပြင်လိုက်၏။
“ ဟက်ပီးနယူးရီးယားပါ ခေါင်းဆောင်လင်း …” ပြောဆိုပြီးနောက် အစောင့်က လက်ဆန့်တန်းပြီး လင်းရီကို ဟန့်တားလာသည်။
“ ခဏလေး … ဒီတိုင်း ဝင်သွားလို့ မရဘူး ….”
“ ဘာကိစ္စ ရှိသေးလို့ ….”
“ စည်းကမ်းတွေအတိုင်း ကျွန်တော်တို့ စစ်ဆေးဖို့ လိုပါမယ် ….”
“ ဟမ် … ငါလည်း စစ်ဆေးခံရဦးမှာလားဟ ….”
အစောင့်က ခါးသက်သည့် မျက်နှာနှင့် “ ကျွန်တော်တို့ကလည်း လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာနေရတာပါ … စောနကတင် ခေါင်းဆောင်လျို လာသွားတယ် … သူ့ကိုလည်း ကျွန်တော်တို့ စစ်ဆေးခဲ့တာပါပဲ …..”
“ ဒါဆိုလည်း ဆက်လုပ် …..”
ထိုကဲ့သို့ အခြေအနေနှင့် ရင်ဆိုင်ရတော့ လင်းရီသည် နားလည်မှုတစ်ချို့ ပြသလိုက်၏။ သေချာလေး စစ်ဆေးခံပြီးနောက် လင်းရီမှာ ဝင်ခွင့် ရသွားခဲ့သည်။
သူ နင်ချဲ့၏ ရုံးခန်းထဲရောက်တော့ ချိုးယွီလော့လည်း ထိုနေရာ၌ ရှိနေသည်။ နှစ်ယောက်က နေကြာကွာစေ့ကိုက်ရင်း မိတ်ကပ်ပစ္စည်းများအကြောင်း ဆွေးနွေးပြောဆိုနေကြ၏။
“ မင်းတို့နှစ်ယောက်က အတော်အားနေတာပဲ ….”
လင်းရီ ဝင်လာတာကို မြင်တော့ နင်ချဲ့က နေရာတစ်ချို့ ဖယ်ပေးလိုက်သည်။
“ မအားတဲ့ကြားက အားလပ်တဲ့ ခဏလေးပါဟယ် ….” နင်ချဲ့က လင်းရီကို ကြည့်လိုက်ပြီး “ နင်လည်း သူစိမ်းဆန်လိုက်တာ … နှစ်သစ်ကူးပြီးတော့မှာကိုတောင် ငါတို့နဲ့ တွေ့ဖို့ လာတောင်မလာဘူး ….”
“ ဟေ့ ဟေ့ ဟေ့ … ငါတို့လို့ တွဲမသုံးနဲ့ … သူ လာတာ မလာတာ ငါနဲ့ ဘာမှမဆိုင်ဘူး …” ချိုးယွီလော့က အလျင်အမြန်ပဲ စကားပြန်ပြင်ပေးလိုက်သည်။
လင်းရီ လျှောက်လှမ်းလာခဲ့ပြီး ရယ်ရယ်မောမောနှင့် နင်ချဲ့၏ ပါးကို ဖျစ်ညှစ်လိုက်၏။
“ မိသားစုကိစ္စလေးတွေနဲ့ အလုပ်ရှုပ်နေလို့လေ … မဟုတ်ရင် လာပြီးတာကြာပေါ့ …..”
နင်ချဲ့ စိတ်မဆိုးသွားခဲ့ပေ။ ဒီတိုင်း ရယ်မောရင်း “ နင်ကတော့ ဒီတစ်ခေါက် အကြီးကြီး လုပ်ပြနိုင်လိုက်တာပဲ … ဖရီးမေဆင်ရဲ့ လက်ထောက်ကြီးကြပ်ရေးမှူးကိုတောင် ဖမ်းပေးခဲ့တယ် … အထင်ကြီးဖို့ ကောင်းချက် ….”
“ ငါ လုပ်တာ မဟုတ်ဘူး … ငါ့အဖေ ဖမ်းပေးတာ ….” လင်းရီ လက်နှစ်ဖက်ကို ဖြန့်ကား၍ “ သူတို့ ဘာလို့ လူတွေ အဲ့လောက် အများကြီး ပို့လာလဲဆိုတာ ငါလည်း မသိဘူး ….”
စာစဉ် (၁၆၄) ပြီး၏။
( 1 May , 2026 , 2:06 PM )