အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း (၁၃၁)
ပထမဆုံး ဟင်းလျာ
သူတို့ တွေးထားသည်မှာ အရမ်းရိုးလွန်းသွား၏။
နောက်တစ်နေ့ မနက်စောစောတွင် လျိုနှင့် သူ့ဇနီး၊ လီနျန်တို့သည် အားမန်ကို ပစ္စည်းများ နွားလှည်းပေါ်တင်ရန် ကူညီပေးကြပြီး မြို့ထဲသို့ မောင်းနှင်လာခဲ့ကြသည်။
မင်ယွဲ့စားသောက်ဆိုင် ရှေ့သို့ ရောက်သောအခါ လူများစွာ စောင့်ဆိုင်းနေကြပြီ ဖြစ်၏။ ပြိုင်ပွဲဝင် စားသောက်ဆိုင် စုစုပေါင်း (၁၂) ဆိုင်ရှိပြီး ယနေ့တွင် (၆) ဆိုင်ကို ထုတ်ပယ်မည်။
ဆိုင်တစ်ဆိုင်ချင်းစီအတွက် စားပွဲတစ်ခုစီရှိပြီး နောက်ကျောတွင် ဆိုင်နာမည်များကို ရေးထားသည်။
“ဟိုမှာ ဟွာကျွင်းမုန့်ဆိုင်”
လီနျန် သူတို့အတွက် စီစဉ်ထားသော စားပွဲကို တွေ့သွားသဖြင့် သူတို့ လေးယောက် နွားလှည်းကို ရှေ့သို့ မောင်းသွားကြ၏။
မင်ယွဲ့စားသောက်ဆိုင်မှ တာဝန်ခံချန်သည် မုန့်ဆိုင်၏ စားပွဲကို စောင့်ကြည့်နေခဲ့ပြီး ယခု အားမန်တို့အဖွဲ့ ထိုနေရာတွင် ရပ်လိုက်သည်ကို မြင်သောအခါ နှုတ်ဆက်ရန် အပြေးအလွှား ရောက်လာသည်။
“ဒါ အားမန်လား”
မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးကို မြင်သောအခါ သူ မေးလိုက်သည်။
အားမန်က မော့ကြည့်လိုက်ရာ သူစိမ်းတစ်ယောက်က သူမကို ကြင်နာစွာ ပြုံးပြနေသည်ကို တွေ့ရသဖြင့် အနည်းငယ် စိတ်အေးသွားကာ ခေါင်းညိတ်ပြလိုက်၏။
“ကျွန်တော်က မင်ယွဲ့စားသောက်ဆိုင်က တာဝန်ခံချန်ပါ၊ စစ်သူကြီးလုက ကျွန်တော့်ကို အကြောင်းကြားထားပြီးသားပါ။ အားမန်တို့အတွက် ဒီက မီးဖိုတွေကို ကျွန်တော် ကိုယ်တိုင် စစ်ဆေးပေးထားလို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ အခု နွားလှည်းကို ဆိုင်နောက်ဘက်ဆီ ပို့ပေးဖို့ ဆိုင်အကူတွေကို ခိုင်းလိုက်ပါ့မယ်။ ပြိုင်ပွဲပြီးမှ ပြန်ယူပေးမယ်လေ”
သူပြောနေစဉ်မှာပင် ဆိုင်အကူနှစ်ယောက် ရောက်လာပြီး လှည်းပေါ်မှ ပစ္စည်းများကို အမြန်ချပေးကာ နွားကို ခေါ်သွားကြသည်။
လီနျန် အားမန်လက်ကို ကိုင်လျက် ပြော၏။
“မကြောက်ပါနဲ့။ စစ်သူကြီးလုက သူတို့ကို ပြောထားပုံရတယ်၊ ဒီနေ့တော့ အဆင်ပြေပြေ ပြီးသွားမှာပါ”
မြို့ထဲကို တစ်ခါမှ မရောက်ဖူးကြသူများမှာ လုမင်လီ၏ မှာကြားချက်ကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
တာဝန်ခံချန် ပြုံးလျက် ပြော၏။
“ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။ ကံကောင်းပါစေဗျာ”
ထို့နောက် ကျန့်ချင်းယွမ် ပြိုင်ပွဲစည်းကမ်းများကို ကြေညာသည်။ စည်းကမ်းမှာ ရိုးရှင်းလှ၏။
ဒိုင်လူကြီးများမှာ စားသောက်ဆိုင် အသီးသီးမှ ဆိုင်ရှင်များ ဖြစ်ကြပြီး ပြိုင်ပွဲဝင် စားဖိုမှူးများက သူတို့၏ အစွမ်းရှိသမျှ ဟင်းတစ်မျိုးစီ ချက်ကြရမည်ဖြစ်သည်။ အရသာရှိသော ဆိုင်များက ဒုတိယနှင့် တတိယအဆင့်သို့ ဆက်တက်ရမည်ဖြစ်ပြီး အရသာ မရှိသောဆိုင်များမှာ ဖယ်ရှားခံရမည်။
အကယ်၍ ပထမဆုကို ရရှိခဲ့လျှင် မည်သည့် စားသောက်ဆိုင်အတွက်မဆို အလွန် ဂုဏ်ယူစရာကောင်းသော အရာဖြစ်ပြီး အထူးသဖြင့် ဆုရရှိသော ဟင်းလျာသုံးမျိုးမှာ အမြဲတမ်း ဝယ်လိုအား မြင့်တက်နေမည် ဖြစ်သည်။ နာမည်ကျော်ကြားမှုရော ဝယ်သူများကိုပါ ရရှိပေမည်။
အားမန်မှာ အလွန်အံ့သြသွား၏။
‘ဘာကြောင့် ပြိုင်ပွဲက သုံးဆင့်တောင် ရှိနေရတာလဲ။ ဘယ်သူမှ ကြိုမပြောထားကြဘူး’
လီနျန် သူမကို ပြောလိုက်၏။
“ရပါတယ်၊ ဆိုင်ရှင်ဟွာမှာ နည်းလမ်းရှိမှာပါ။ ရှင် ခါတိုင်း ထမင်းကြော်နေကျအတိုင်းပဲ အစွမ်းပြလိုက်စမ်းပါ”
အားမန် အသက်ကို ပြင်းပြင်းရှူပြီး မီးဖိုဆီသို့ လျှောက်သွားသည်။ ကြက်ဥထမင်းကြော်ကို ဘယ်လို ချက်ရမလဲဆိုတာကို ငြိမ်သက်စွာ စဉ်းစားနေပြီး သူမ မျက်လုံးများမှာ တဖြည်းဖြည်း ပြတ်သားလာ၏။ အခြားဆိုင်မှ စားဖိုမှူးများလည်း လက်တပြင်ပြင်ဖြင့် သူတို့ အစွမ်းကို ပြသရန် ပြင်ဆင်နေကြသည်။
မောင်းတီးသံနှင့်အတူ ပြိုင်ပွဲကို တရားဝင် စတင်လိုက်၏။
တစ်ခဏအတွင်း မီးဖိုများ ဟုန်းဟုန်းတောက်လာပြီး ဟင်းချက်ကိရိယာများ၏ အသံပေါင်းစုံဖြင့် ဆူညံသွားတော့သည်။
အားမန်သည် ရက်ပေါင်းများစွာ လေ့ကျင့်ထားသဖြင့် ကုန်ကြမ်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်နေပြီး လီနျန်နှင့် အခြားသူများ ဘေးမှ စိုးရိမ်တကြီး ကြည့်နေကြ၏။
ကြက်ဥထမင်းကြော်မှာ တကယ်တမ်း မခက်ခဲသဖြင့် အားမန်သည် ခဏချင်းအတွင်း ကြော်ပြီးသွားသည်။
သို့သော် အခြားဆိုင်များမှာ မတူပေ။ သူတို့အားလုံး ခက်ခဲနက်နဲပြီး မျက်စိပသာဒ ဖြစ်စေမည့် ဟင်းလျာများကို ပြင်ဆင်ထားကြသည်။
အားမန် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ အခြားသူများမှာ ကုန်ကြမ်းများ ပြင်ဆင်နေဆဲ ဖြစ်ပြီး အမြန်ဆုံးလူကပင် အခုမှ စချက်ရုံ ရှိသေးသည်။
ဒိုင်လူကြီးစားပွဲတွင် ထိုင်နေသော ကျန့်ချင်းယွမ်သည်လည်း သူမကို သတိပြုမိသွားသည်။ သူ နှာခေါင်းရှုံ့လျက် နောက်ကလူကို ညွှန်ကြားလိုက်၏။
“သူတို့ကို ဖြည်းဖြည်းပဲ ချက်ခိုင်းလိုက်”
လူတိုင်း ချက်ပြီးချိန်ဆိုလျှင် ကြက်ဥထမင်းကြော်က အေးစက်သွားပေလိမ့်မည်။ ထိုအခါ ဘယ်လိုလုပ်ပြီး စားလို့ ကောင်းတော့မည်နည်း။
အားမန် ပြင်ဆင်ထားပြီးသား ဖြစ်၏။ သူမသည် အနောက်က အထုပ်ထဲမှ စတီးအဖုံးကို ထုတ်ကာ ထမင်းကြော်ပန်းကန်ကို အိုးထဲ ပြန်ထည့်ပြီး နွေးနေအောင် အုပ်ထားလိုက်သည်။
အချိန်စေ့သွားသောအခါ ဆိုင်အကူများက လှပသော ဟင်းလျာများကို ဒိုင်လူကြီးစားပွဲဆီသို့ တစ်ခုပြီးတစ်ခု ယူဆောင်လာကြသည်။
ဒိုင်လူကြီးများက အလှည့်ကျ မြည်းစမ်းကြပြီးနောက် မဲပေးကြသည်။ မဲအနည်းဆုံးရသည့် စားသောက်ဆိုင် (၆) ဆိုင်မှာ ပြုတ်မည်ဖြစ်၏။
ရလဒ်များမှာ အမြန်ထွက်ပေါ်လာပြီး မမျှော်လင့်ဘဲ ကြက်ဥထမင်းကြော်မှာ တစ်မဲသာ ရရှိကာ ပြိုင်ပွဲမှ ဖယ်ရှားခြင်း ခံလိုက်ရသည်။
ရလဒ်ကို ကြားရသောအခါ အားမန်မှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိ၏။ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးထားခဲ့ပေ။
လီနျန် သူမကို တွဲထားပေးပြီး ညင်သာစွာ ချော့မော့နေ၏။ ဤအရာမှာ တမင်တကာ ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
လူအုပ်ထဲတွင် မုန့်ဆိုင်၏ ပုံမှန်ဝယ်သူများစွာ ပါဝင်နေပြီး သူတို့သည် မုန့်ဆိုင်၏ နာမည်ကြောင့် ယနေ့ လာရောက်အားပေးကြခြင်း ဖြစ်သည်။ ဤရလဒ်ကို ကြားသောအခါ သူတို့ အံ့သြတုန်လှုပ်သွားကြသည်။
ထို့ကြောင့် တစ်ယောက်က အော်ပြောလိုက်၏။
“ဒါ ဘယ်လို ဒိုင်လူကြီးတွေလဲ။ မျက်စိမှိတ် ဆုံးဖြတ်နေတာလား။ ဟွာကျွင်းမုန့်ဆိုင်ရဲ့ ကြက်ဥထမင်းကြော်ကို တို့တွေ မစားဖူးဘူး ထင်နေလား။ အကုန်လုံးကို ဖယ်ထားဦး၊ ဒါက လျိုမိသားစုစားသောက်ဆိုင်ရဲ့ ဟင်းချိုအစပ် ထက်တောင် ပိုမကောင်းဘူးလား”
“ဟုတ်တယ်၊ အဲ့ဒီဟင်းချိုကို ငါ စားဖူးတယ်၊ စပ်တာပဲ ရှိပြီး ပါးစပ်ထဲမှာ ကပ်နေတာကို အဆင့်တက်တယ် ဟုတ်လား။ ဒါ မရိုးသားဘူးလို့ ငါ ထင်တယ်”
“အားလုံး ပြန်ကြစို့၊ ဒီပြိုင်ပွဲက လုပ်ဇာတ်ကြီးပါ၊ အဆင့်တွေကို ကြိုသတ်မှတ်ထားတာ၊ ကြည့်နေလည်း ဘာထူးမှာလဲ”
လူအများ ဝိုင်းဝန်း ဆူညံလာကြ၏။ ကျန့်ချင်းယွမ်က လူအုပ်ကို ငြိမ်သက်အောင် လုပ်ရန် ထရပ်လိုက်သည်။
မုန့်ဆိုင်ကို တမင်ဖယ်ထုတ်လိုက်သည် ဆိုသော်လည်း သိသာလွန်း၍ မဖြစ်ပေ။ အကယ်၍ လူများသာ သိသွားလျှင် နောက်နောင် မည်သူက အစားအသောက်ပြိုင်ပွဲ ကျင်းပရဲတော့မည်နည်း။
“အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျွန်တော်တို့တွေကို ယုံကြည်ပေးပါ၊ ကျွန်တော်တို့တွေ မြည်းစမ်းပြီးပါပြီ။ ဟွာကျွင်းမုန့်ဆိုင်က အားမန်က ထမင်းကြော်ကို စောစောစီးစီး ပြီးသွားတာ၊ ဒိုင်တွေဆီ ယူလာတဲ့အချိန်မှာ အေးစက်နေပြီမို့ အရသာက မကောင်းတော့တာပါ”
ကြည့်နေသူတစ်ယောက်က ချက်ချင်း ပြန်ချေပလိုက်သည်။
“ရှင့်စကားက အလကားပဲ။ ထမင်းကြော်ကို ယူလာတဲ့အချိန်မှာ အငွေ့တွေ ထွက်နေတာကို ကျွန်မ အသေအချာ မြင်လိုက်တယ်”
“အားမန်က မုန့်ဆိုင်ရဲ့ အထူးငွေရောင်အဖုံးကို သုံးထားတာ၊ ဘယ်လိုလုပ် အဲ့လောက် မြန်မြန် အေးသွားမှာလဲ”
ကျန့်ချင်းယွမ် ထိုစကားကို ကြားသောအခါ လှည့်ကွက်မှာ မအောင်မြင်မှန်း သိလိုက်သည်။
‘ဒီလူတွေက မုန့်ဆိုင်က လွှတ်ထားတဲ့ လူတွေလား၊ ဘာလို့ သူတို့ဘက်ကပဲ အမြဲ ပြောနေရတာလဲ’
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒါက အစားအသောက်ပြိုင်ပွဲလေ၊ အဓိကက အရသာရှိရမယ်။ ကြက်ဥထမင်းကြော်က အရသာရှိတယ် ဆိုပေမဲ့ အရောင်၊ အနံ့၊ အရသာ ထဲမှာ အရသာ တစ်ခုပဲ ရှိတာ၊ ဒါက မလုံလောက်ဘူး။ မင်ယွဲ့စားသောက်ဆိုင်ရဲ့ ငန်းရင်အုံဟင်းကို ကြည့်ဦး၊ ပြီးတော့ ပိုင်ရှန်းဆောင်ရဲ့ သိုးသားဟင်းကို ကြည့်၊ ဘယ်ဟာက ချက်ရမခက်ဘဲ လှမနေလို့လဲ”
ဘေးက အခြားဆိုင်ရှင်တစ်ယောက်ကလည်း ကူပြောပေးသည်။
“ကြက်ဥထမင်းကြော်က တကယ်ကို ပေါ့ပျက်ပျက်နိုင်လွန်းတယ်၊ ဒါက ငါတို့တွေရဲ့ ပြိုင်ပွဲကို အထင်သေးတာပဲ”
“ရယ်စရာကောင်းလိုက်တာ၊ ရှင်တို့က လျှောက်ပြောနေတာပဲ၊ ကြက်ဥထမင်းကြော်ထဲက ဆန်ကို မပြောနဲ့ဦး၊ သုံးထားတဲ့ ဆားနဲ့ ဟင်းခတ်မှုန့်တွေကအစ ထိပ်တန်းတွေချည်းပဲ။ တစ်ထစ် လျှော့တွက်ရင်တောင် ဟင်းချိုထက်တော့ ပိုကောင်းသေးတယ်”
အောက်က လူများသည် ဒိုင်လူကြီးများကို လက်ညှိုးထိုးပြီး ဝိုင်းဆဲနေကြသည်။
ကျန့်ချင်းယွမ် မျက်နှာပျက်သွားသည်။ လူအနည်းငယ် တိုင်ပင်ပြီးနောက် ကြေညာလိုက်၏။
“ဟွာကျွင်းမုန့်ဆိုင်ရဲ့ ကြက်ဥထမင်းကြော်က စိတ်ပါလက်ပါ မရှိဘူး ဆိုပေမဲ့ သူ့ရဲ့ အရသာက ထူးကဲလွန်းတာကြောင့် အထူးအစီအစဉ်အနေနဲ့ အဆင့်တိုးပေးလိုက်ပါတယ်၊ နောက်တစ်ခါမှာ ပိုကောင်းတဲ့ ဟင်းလျာတွေ တင်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
အောက်မှ လူအုပ်ကို ဦးဆောင်ပြီး ဆူညံနေသူကတော့ လွယ်လွယ်နှင့် လွှတ်ပေးမည့်ပုံ မပေါ်ပေ။ လူတစ်ယောက်က အော်ပြောလိုက်၏။
“မင်းတို့ ဟန်ဆောင်နေကြတာပဲ။ သူတို့ မနက်ဖြန် ထူးဆန်းတဲ့ ဟင်းတွေ ချက်ရင်တောင် မကောင်းဘူးဆိုပြီး ဖယ်ထုတ်ဦးမှာပဲ မဟုတ်လား။ ဒီပြိုင်ပွဲက လုံးဝ မတရားဘူး။ ဘာလို့ ပြိုင်ပွဲ ကျင်းပနေသေးတာလဲ။ အိမ်ပြန်ပြီး မြေးချီနေကြတော့”
တာဝန်ခံချန် ကျန့်ချင်းယွမ်ဆီ လျှောက်လာပြီး ပြောလိုက်၏။
“ဆိုင်ရှင်ကျန့် သူ့စကားက မှန်တယ်လို့ ကျွန်တော် ထင်တယ်။ လူထုကို မယုံကြည်အောင် လုပ်မိရင် ငါတို့တွေရဲ့ နာမည်ပျက်လိမ့်မယ်၊ နောက်နောင် ပြိုင်ပွဲတွေကိုလည်း လူတွေက လှောင်ကြလိမ့်မယ်၊ ကျွန်တော်တို့ဆိုင်တွေကိုတောင် ထိခိုက်နိုင်တယ်”
ကျန့်ချင်းယွမ် ဒေါသထွက်နေသော်လည်း လူပုံအလယ်တွင် ဒေါသ မထုတ်ရဲပေ။ သူက ဒေါသကို ထိန်းပြီး မေးလိုက်၏။
“တာဝန်ခံချန်၊ ခင်ဗျား ဘယ်လိုလုပ်စေချင်လဲ”
“ဝေဖန်မှုတွေကို တိတ်သွားအောင် လူထုထဲက (၁၀) ယောက်ကို ဒိုင်လူကြီးအဖြစ် ရွေးချယ်လိုက်ရင်ကော”
ကျန့်ချင်းယွမ် တုံ့ဆိုင်းသွားသည်။
“ဒါက...”
တာဝန်ခံချန် သူ့ပုခုံးကို ပုတ်လိုက်ပြီး ပြော၏။
“ဘယ်လိုလူစားမျိုးကို လူထုဒိုင်အဖြစ် ထားမလဲ ဆိုတာကိုတော့ ကျွန်တော်တို့တွေ ကြိုးကိုင်လို့ ရတာပဲလေ”
ကျန့်ချင်းယွမ် အခုမှ နားလည်သွားသည်။ သူနှင့် တာဝန်ခံချန်တို့ အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်ကြ၏။
“ဟားဟား၊ တာဝန်ခံချန်... တကယ့်လူ ပါပဲ... ဒါဆို ခင်ဗျား ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
အခန်း (၁၃၂)
ဒုတိယမြောက် ဟင်းလျာ
ကျန့်ချင်းယွမ် မတ်တပ်ရပ်ကာ ကြေညာလိုက်သည်။
“ပြိုင်ပွဲရဲ့ တရားမျှတမှုကို သက်သေပြဖို့အတွက် မနက်ဖြန်မှာ လူထုထဲကနေ ဒိုင်လူကြီး (၁၀) ယောက်ကို ရွေးချယ်ပြီး ဘယ်ဆိုင်က အဆင့်တက်သင့်လဲဆိုတာ ကျွန်တော်တို့နဲ့အတူ ဆုံးဖြတ်ခိုင်းပါ့မယ်။ စောင့်မျှော်ပေးကြပါဦး”
လူအုပ်ရှေ့ဆုံးမှ လူက အော်ပြောလိုက်၏။
“ဒါမှ ဟုတ်တာပေါ့။ ဒါဆို မနက်ဖြန်မှ တွေ့ကြမယ်”
ထိုနေ့အတွက် ပြိုင်ပွဲမှာ ပြီးဆုံးသွားသည်။ လူတိုင်း ပစ္စည်းများသိမ်းဆည်းကာ ပြန်ရန် ပြင်ဆင်ကြတော့၏။
အားမန်၏ ရင်ထဲတွင် အဆင့်တက်ရသည့်အတွက် ဝမ်းသာမှု အလျဉ်းမရှိပေ။ သူမသည် မုန့်ဆိုင်နှင့် ဆိုင်ရှင်ဟွာကို အားနာစိတ်သာ ခံစားနေရသည်။
သူမ မျက်ရည်ကို ထိန်းထားရင်း တိတ်ဆိတ်စွာ ပစ္စည်းသိမ်းနေ၏။ မင်ယွဲ့စားသောက်ဆိုင်မှ ဆိုင်အကူက နွားလှည်းကို မောင်းလာပြီး ဟင်းချက်ကိရိယာများ တင်ပေးရန် ကူညီပေးသည်။
တာဝန်ခံချန် မေး၏။
“အားမန်၊ စိတ်မကောင်းမဖြစ်ပါနဲ့။ ကျွန်တော် ခင်ဗျားရဲ့ ထမင်းကြော်ကို စားခဲ့ပါတယ်။ ထမင်းစေ့တွေက ချိုမြိန်ပြီး တစ်စေ့ချင်းစီ ကွဲထွက်နေတာပဲ၊ ဝါးလို့လည်း အတော်ကောင်းတယ်၊ ကြက်ဥနံ့ကလည်း မွှေးနေတာပဲ... ဒါ ဝက်ဆီနဲ့ ကြော်ထားတာလား”
အားမန် ခေါင်းညိတ်ပြလိုက်၏။
“ဒါကြောင့်ကိုး။ ကျွန်တော် ထင်သားပဲ၊ ဒါပေမဲ့ ရိုးရိုးဝက်ဆီထက်တောင် ပိုမွှေးနေသေးတယ်။ အားမန်ရဲ့ လက်ရာက တကယ်ကို ထူးချွန်ပါတယ်၊ ဆိုင်ရှင်ဟွာ လွှတ်လိုက်တဲ့သူဆိုတော့လည်း တကယ်ကို ထိုက်တန်ပါတယ်”
တာဝန်ခံချန်၏ စကားများမှာ စိတ်ရင်းမှန်လှသဖြင့် အားမန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
တာဝန်ခံချန် သူတို့ကို နှုတ်ဆက်လိုက်၏။
“ဒါဆို ကျွန်တော် မနှောက်ယှက်တော့ပါဘူး။ လမ်းခရီးမှာ ဂရုစိုက်ပြီး အေးအေးဆေးဆေး သွားကြပါ”
ထိုအချိန်တွင် မင်ယွဲ့စားသောက်ဆိုင်၏ ဒုတိယထပ်၌ ပြိုင်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သော လူတစ်ယောက်သည် အခန်းထဲတွင် ရိုသေစွာ ပြောနေ၏။
“စစ်သူကြီးလု၊ ကျွန်တော့်ကို အပ်နှံထားတဲ့ ကိစ္စကို ဆောင်ရွက်ပြီးပါပြီ။”
လုမင်လီသည် ပြတင်းပေါက်နားတွင် ထိုင်နေသည်။ သူသည် လက်ဖက်ရည်ခွက်ကို ချလိုက်သော်လည်း မျက်လုံးများက အောက်ထပ်ဆီသို့ ကြည့်နေဆဲပင်။
“ငါ မြင်ပါတယ်။ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”
သူ ယခုလို ပြိုင်ပွဲများ၏ နောက်ကွယ်မှ လှည့်ကွက်များကို သိနေသည်မှာ ကြာပြီဖြစ်သည်။ သူ ကြားဝင်မစွက်ဖက်ချင်သော်လည်း ဟွာကျွင်းအတွက် အခြေခံအကျဆုံး တရားမျှတမှုမျိုးတော့ ရစေချင်သည်။
ဟွာကျွင်း ဆိုင်တံခါးဖွင့်လိုက်ချိန်တွင် အားမန်နှင့် လီနျန်တို့ အပြင်တွင် စောင့်နေကြသည်။
သူတို့မျက်နှာအမူအရာများကို မြင်သည်နှင့် ဟွာကျွင်း အခြေအနေတစ်ဝက်ခန့်ကို နားလည်လိုက်၏။
မရိုးသားသည့် လုပ်ရပ်များက နေရာတိုင်းမှာ ရှိနေပုံရ၏။
လီနျန် အားမန်ကိုယ်စား အခြေအနေအားလုံးကို ဟွာကျွင်းအား အသေးစိတ် ရှင်းပြလိုက်သည်။ ဟွာကျွင်း စကားမပြောရသေးမီ ဟွာရှန့်နှင့် မော့ချွမ်းတို့ မကျေမနပ်ဖြင့် တစ်ယောက်တစ်လှည့် ဝင်ပြောကြတော့၏။
“ဒါက သိသိသာသာ အနိုင်ကျင့်တာပဲ။ ဒီလို အပုပ်နံ့နံတဲ့ ပြိုင်ပွဲမျိုးမှာ ဆက်မပြိုင်တာ ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်”
“ဟုတ်တယ်။ သူတို့က ပြိုင်ပေးပါဆိုပြီး အတင်းခေါ်တုန်းက ခေါ်ပြီးတော့ အခုကျတော့ တမင်ဖယ်ထုတ်နေတာ ဘာသဘောလဲ။ အစ်မ၊ ညီမတို့ မနက်ဖြန် မသွားကြရအောင်”
“ဘာလို့ မသွားရမှာလဲ၊ ငါတို့ အဆင့်တက်သွားပြီပဲကို”
ဟွာရှန့်က ပြော၏။
“ဒီနေ့တော့ သမီးတို့ဘက်ကနေ မတရားတာကို ဝင်ပြောပေးတဲ့သူရှိလို့ အဆင့်တက်တာလေ။ တကယ်လို့ မနက်ဖြန်ကျရင်...”
ဟွာကျွင်း သူမစကားကို ဖြတ်ပြောလိုက်သည်။
“လူထုရဲ့ မျက်စိက စူးရှပါတယ်။ သူတို့က ငါတို့လက်ရာကို လူမြင်မကောင်းဘူးလို့ ထင်နေကြတာ မဟုတ်လား။ ဒါက လွယ်ပါတယ်။ အားမန်၊ ရှင် မနက်ဖြန် ဆက်ပြိုင်မယ်၊ သူတို့ကို အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားသွားအောင် ကျွန်မတို့ ပြလိုက်ကြစို့”
အားမန် တုံ့ဆိုင်းနေသဖြင့် ဟွာကျွင်း လက်ကို ဆွဲကာ လက်ဖဝါးပေါ်တွင် ရေးလိုက်သည်။
“ကျွန်မ ရှုံးသွားရင် ရှင် မျက်နှာပျက်ရမှာ စိုးရိမ်လို့ပါ”
“မကြောက်ပါနဲ့။ ရှုံးရင်လည်း ရှုံးတာပေါ့။ ကျွန်မတို့ဆိုင်က ဝယ်သူမရှိမှာ ကြောက်နေရတာမှ မဟုတ်တာ။ ပြီးတော့ ကျွန်မတို့ သေချာပေါက် ရှုံးမယ်လို့လည်း မပြောနိုင်ဘူးလေ”
ထို့နောက် သူမ ပြောလိုက်၏။
“ရှင် ခဏစောင့်ဦး၊ ကျွန်မ အခုချက်ချင်း ပြန်လာခဲ့မယ်”
သူမ အပြင်သို့ ထွက်ကာ စူပါမားကတ်ဆီသို့ ကားမောင်းသွားပြီး မနက်ဖြန်အတွက် လိုအပ်သည့် ကုန်ကြမ်းများကို ဝယ်ယူခဲ့သည်။ ထို့နောက် အားမန်ကို မီးဖိုချောင်ထဲသို့ ခေါ်သွားကာ ဟင်းလျာအသစ်တစ်မျိုးကို သေသေချာချာ သင်ပေးလိုက်၏။
သူတို့နှစ်ဦး မီးဖိုချောင်ထဲတွင် ဆိုင်ပိတ်ချိန်အထိ အလုပ်ရှုပ်နေကြပြီး ဟွာကျွင်း၏ အဆက်မပြတ် အားပေးမှုကြောင့် အားမန်လည်း ယုံကြည်မှုများ ပြန်လည်ရရှိလာခဲ့သည်။
နောက်တစ်နေ့တွင် ပြိုင်ပွဲမတိုင်မီ သူတို့ မင်ယွဲ့စားသောက်ဆိုင် ရှေ့သို့ ယခင်နေ့ကကဲ့သို့ပင် အချိန်မှန် ရောက်လာကြသည်။
မမျှော်လင့်ဘဲ ယနေ့တွင် လူအုပ်ကြီးမှာ မနေ့ကထက် နှစ်ဆမက ပိုများနေပြီး အပြုံလိုက် ဖြစ်နေ၏။
ပြိုင်ပွဲမစမီ ကျန့်ချင်းယွမ်သည် ရှေ့ဘက်လှေကားထစ်ပေါ်တွင် ရပ်ကာ မိန့်ခွန်းစပြောလိုက်သည်။
“ဒီနေ့မှာတော့ ကြည့်ရှုသူတွေထဲကနေ ဒိုင်လူကြီး (၁၀) ယောက်ကို ရွေးချယ်ပါ့မယ်။ အခု နာမည်တွေ စခေါ်ပါတော့မယ်”
သူ့စကားလည်း ဆုံးရော လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ လူပေါင်းများစွာ ရှေ့သို့ တိုးလာကြသော်လည်း အရှေ့ဆုံးမှ လူများမှာ နေရာမဖယ်ပေးဘဲ မြဲမြဲရပ်နေကြသည်။
သို့သော်လည်း သူတို့မှာ လူနည်းစုဖြစ်သဖြင့် မကြာမီ နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
လီနျန် ရှေ့ဆုံးတန်းကို တိုးဝင်လာသည့် လူအနည်းငယ်ကို ကြည့်လိုက်သည်။
‘သူတို့က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ အရှေ့ဆုံးက ဦးဆောင်လာတာ အားမောက် မဟုတ်လား’
၎င်းကို မြင်သောအခါ ကျန့်ချင်းယွမ် အမြန်အော်ပြောလိုက်၏။
“မင်းတို့လူတွေ မတွန်းကြနဲ့”
ထို့နောက် သူ့နောက်က လူများကို မျက်စိမှိတ် ပြလိုက်သည်။
နောက်က လူများ ထပ်မံ ရှေ့သို့ တိုးလာကြပြန်၏။ အားမောက်နှင့် အပေါင်းအပါများက လက်ချင်းချိတ်ထားကြပြီး လုံးဝ အလျော့မပေးကြပေ။
ကျန့်ချင်းယွမ်သည် သူစီစဉ်ထားသော လူများ ရှေ့သို့ တိုးမရသည်ကို မြင်သောအခါ ဒိုင်လူကြီး ရွေးချယ်မည့်ကိစ္စကို အချိန်ဆွဲရန်သာ တတ်နိုင်တော့၏။
အားမောက် အော်ပြောလိုက်၏။
“ဘာလို့ ဒိုင်လူကြီး မရွေးသေးတာလဲ။ ကျွန်တော်တို့ စောင့်နေကြတယ်လေ”
သူ အနောက်က လူများကို လက်ညှိုးညွှန်ချင်သော်လည်း အားမောက်နှင့် အပေါင်းအပါများက အရပ်ရှည်ပြီး ခြေဖျားထောက် ရပ်နေကြသဖြင့် နောက်ကလူများကို လုံးဝ ကွယ်ထားကြသည်။
ကျန့်ချင်းယွမ် ဘယ်ဘက်ကို လက်ညှိုးညွှန်လျှင် အားမောက်တို့အဖွဲ့က ဘယ်ဘက်ကို ရွှေ့သည်။ ညာဘက်ကို ညွှန်လျှင် ညာဘက်ကို လိုက်ပိတ်သည်။
နှစ်ဖက်စလုံး အခြေအနေမှာ တင်းမာနေ၏။
ထိုအချိန်တွင် လူတစ်ယောက် ကျန့်ချင်းယွမ်၏ နား နားသို့ ကပ်ကာ စကားအနည်းငယ် ပြောလိုက်သည်။
နားထောင်ပြီးနောက် ကျန့်ချင်းယွမ်က အားမောက်ကို ဒေါသတကြီး ငေါက်လိုက်၏။
“မင်းတို့ ဘာလို့ ဒီမှာ လာရှုပ်နေလဲဆိုတာ ငါ သိပြီ၊ မင်းတို့က မြို့ပြင်က ဒုက္ခသည်ရွာက လူတွေ မဟုတ်လား။ မင်းတို့က ဟွာကျွင်းမုန့်ဆိုင်နဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာပဲ၊ သံသယမဖြစ်ရအောင် အမြန်ထွက်သွားစမ်း”
“ကျွန်တော်တို့ ထွက်သွားရင် ခင်ဗျားနောက်က ပိန်ချိချိလူတွေက ခင်ဗျားလူတွေ မဟုတ်ပါဘူးလို့ အာမခံနိုင်လား”
လုမင်လီ လွှတ်လိုက်သော လူကလည်း ပြော၏။
“ကျွန်တော် သိသားပဲ၊ ဒီလူတွေကို မနေ့က မတွေ့ရဘူး၊ ဒီနေ့ကျမှ တမင်လုပ်ထားသလိုမျိုး အရမ်း တက်ကြွနေကြတာ။ ဒါ ခင်ဗျား လွှတ်လိုက်တဲ့သူတွေ မဟုတ်လား”
ကျန့်ချင်းယွမ်က ငြင်းလိုက်သည်။
“အဓိပ္ပာယ်မရှိတာ”
“ဒါဆို တရားမျှတမှု ရှိအောင် ဟိုထောင့်က လူတွေထဲကနေ ဒိုင်လူကြီး ရှာလိုက်လေ။ ကျွန်တော်တို့ ဘာမှ ကန့်ကွက်စရာ မရှိဘူး”
ထို့နောက် ဘေးထောင့်တစ်နေရာတွင် ကပ်ကြည့်နေသည့် လူအုပ်စုကို လက်ညှိုးညွှန်ပြလိုက်သည်။
“ဒီညီလေး ပြောတာ အချက်ကျတယ်လို့ ကျွန်တော် ထင်တယ်။ ဟိုက လူတွေက ရှေ့ကိုတောင် တိုးမလာနိုင်ကြဘူးဆိုတော့ ခင်ဗျားတို့လူတွေ ဖြစ်ဖို့ မလွယ်ဘူးလေ။ အားလုံး ဘယ်လိုသဘောရလဲ”
လူအုပ်ကြီးက တစ်ခဲနက် ထောက်ခံကြတော့သည်။
“ကောင်းတယ်ဟေ့”
ကျန့်ချင်းယွမ်မှာ ရွေးချယ်စရာ မရှိတော့ပေ။ သူ အပေါင်းအပါများကို လှည့်ကြည့်ရာ အားလုံးက ခေါင်းခါပြကြသည်။
“ကောင်းပြီ၊ ကျွန်တော် ကျပန်းပဲ (၁၀) ယောက် ရွေးလိုက်မယ်”
သူ ရုပ်ရည်ရင်းနှီးပြီး အဝတ်အစား ခပ်သန့်သန့် ဝတ်ထားသော လူ (၁၀) ယောက်ကို ရွေးလိုက်၏။ ဤလူများမှာ ယဉ်ကျေးပုံရပြီး မြို့ပြင်က အစားအစာများကို စားမည့်သူများ မဟုတ်ဟု သူ တွေးလိုက်မိသည်။
တာဝန်ခံချန်က ကုလားထိုင် (၁၀) လုံး ထပ်ယူလာပြီးနောက် ပြိုင်ပွဲကို တရားဝင် စတင်လိုက်သည်။
ယနေ့တွင် လူတိုင်းမှာ မနေ့ကထက် ပို၍ ပြင်ဆင်လာကြသည်။ အကြောင်းမှာ ဤပြိုင်ပွဲအပြီးတွင် (၃) ဆိုင်သာ ကျန်ရစ်မည် ဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူတို့ တတ်နိုင်သမျှ ဆန်းပြားလှပသော ဟင်းလျာများကို ချက်ကြသည်။ အချိန်အတော်ကြာသွားသော်လည်း အမှန်တကယ် ချက်နေသူမှာ နည်းပါးပြီး စားဖိုမှူးအများစုမှာ ပန်းပုံဖော်ခြင်းဖြင့်သာ အလုပ်ရှုပ်နေကြ၏။
အချို့က တို့ဟူးကို ဂန္ဓမာပန်းပွင့်ဖတ်လေးများဖြစ်အောင် လှီးဖြတ်နေကြပြီး အချို့ကမူ သခွားသီးကို ပန်းပုံဖော်နေကြသည်။ လူတိုင်းက သူတို့အကောင်းဆုံး လက်ရာများကို ထုတ်ပြချင်နေကြ၏။
အားမန်ဘက်ကို ကြည့်လိုက်ရာ သူမ အေးအေးလူလူပင် သေတ္တာထဲမှ ကဏန်းကြီး (၃) ကောင်ကို ထုတ်လိုက်သည်။
၎င်းတို့မှာ ဟွာကျွင်းက မနေ့ညက ဝယ်ပေးထားသည့် လတ်ဆတ်သော ကဏန်းများဖြစ်ပြီး စိုစွတ်သောအဝတ်ဖြင့် တစ်နေ့လုံး အုပ်ထားသော်လည်း မသေကြပေ။
ဒိုင်လူကြီးများ အချင်းချင်း အကြည့်ချင်းဖလှယ်မိကြပြီး အံ့ဩတကြီး ဖြစ်နေကြသည်။
‘ဒီရာသီမှာ ဘယ်လိုလုပ် ဒီလောက် အသားပြည့်တဲ့ ကဏန်းတွေ ရှိနေရတာလဲ’
အားမန် ကဏန်းအခွံများကို ခွာကာ ဘေးတွင်ထားလိုက်ပြီးနောက် စား၍မရသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ကဏန်းတစ်ကောင်ကို လေးစိတ် စိတ်လိုက်သည်။
ထို့နောက် သူမသည် ဂျုံမှုန့်တစ်ထုပ်ကို ထုတ်ကာ လက် တစ်ဆုပ်ယူ၍ ကဏန်းသားများ ခြောက်မသွားစေရန် ဖြူးလိုက်၏။
ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်တော့သည်။
သူမသည် ကြက်သွန်နီများ၊ နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူများ ၊ ကြက်သွန်မြိတ်များ ထုတ်ယူလိုက်ပြီးနောက် နံနံပင်၊ ငရုတ်ပွနှင့် ငရုတ်သီးစိမ်းတ်ို့ ထပ်မံထုတ်လိုက်၏။
ကျန့်ချင်းယွမ် မျက်နှာ ပျက်သွားသည်။
‘ဒါတွေက ဘာတွေလဲ။ ငရုတ်သီးတွေက အရောင်တွေ စုံနေတာပဲ၊ ငါ တစ်ခါမှတောင် မမြင်ဖူးပါလား’