← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅) ဂုဏ်သိက္ခာကို နင်းခြေခြင်း

ထိုစဉ် ထျန်းထောင်က ရှေ့သို့ တိုးလာကာ ပြောလိုက်လေသည်။

"ဟုန်လေး... အဲ့ဒီကလေးကို ထားလိုက်စမ်းပါ...။ ငါ့ကိစ္စကို အရင် ပြောရအောင်...။"

ထို့နောက် ထျန်းထောင်သည် ဟူဖုန်ယို့ကို ဖားယားသော အပြုံးဖြင့် ကြည့်ကာ ဆေးလိပ်တစ်လိပ် ကမ်းပေးရင်း ပြောလိုက်လေသည်။

"ရော့... ယောက်ဖ...။ ဆေးလိပ်လေး သောက်ပါဦး...။"

ဟူဖုန်ယို့သည် ထျန်းထောင် ကမ်းပေးသော ဆေးလိပ်ကို တစ်ချက်မျှသာ ကြည့်ပြီး မယူပေ။ သူသည် ကိုယ်ပိုင် ဆေးလိပ်ဗူးကို ထုတ်ကာ တစ်လိပ်ကို ပါးစပ်၌ ခဲပြီးနောက် မီးညှိ၍ တစ်ချက်ရှိုက်လိုက်ရင်း၊

"ငါက ချောင်းဆိုးသက်သာတဲ့ ဆေးလိပ်ပဲ သောက်တာ...၊ မင်းဟာ မင်းပဲ သောက်လိုက်ပါ...။"

ထျန်းထောင်မှာ အရှက်ရသွားသော်လည်း အပြုံးမပျက်ဘဲ ဆေးလိပ်ကို ပြန်သိမ်းလိုက်ကာ ဆက်ပြော လိုက်လေသည်။

"ယောက်ဖ... တကယ်တော့ အရင်က ငါလုပ်ခဲ့တဲ့ ကုမ္ပဏီက သူဌေးက တကယ့် ငတုံးဗျ...။ စိတ်တိုတိုနဲ့ အဲ့ဒီငတုံးက အလုပ်ထုတ်ပစ်လိုက်တာ....။ အဲ... အလုပ်ထွက်လိုက်တာပါ...။ အခု နှစ်သစ်ကူးပြီးရင် အလုပ်သစ် ရှာမလို့...။"

"တကယ်တော့ ကျွန်တော်က ကျင်းတ အိမ်ခြံမြေကို အမြဲတမ်း အားကျနေခဲ့တာ...။ အဲ့ဒီမှာ အလုပ် လုပ်ရရင် တကယ်ကို ဂုဏ်ရှိစရာပဲ မဟုတ်လား...။"

"ဒါက တိုက်ဆိုင်မှုပဲ...။ ယောက်ဖက ကျင်းတ အိမ်ခြံမြေရဲ့ ဒုတိယအထွေထွေမန်နေဂျာ ဖြစ်နေတော့ ကျွန်တော့်အတွက်လည်း တစ်ခုခု စီစဉ်ပေးလို့ ရမလားလို့ပါ...။"

ထိုစကားကို ကြားပြီးနောက် ဟူဖုန်ယို့မှာ ဘာမှပြန်မပြောဘဲ ဆေးလိပ်ကိုသာ တရှိုက်မတ်မတ် ဖွာနေ တော့သည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြီး အခြေအနေမှာ အလွန်ပင် အနေရခက်လှသည်။ ထျန်းထောင်မှာ မျက်နှာပျက်နေသော်လည်း ဘာဆက်ပြောရမှန်း မသိဖြစ်နေရှာသည်။

ထိုအခြေအနေကို မြင်သောအခါ ဟို့ကွမ်ကျွမ်းက သူမ၏ သမီးဖြစ်သူ ထျန်းဟုန်ဘက်သို့ လှည့်ကာ အကူအညီတောင်းရှာလေသည်။

"ဟုန်လေး... နင့်အစ်ကို အလုပ်မလုပ်ရတာ လဝက်လောက် ရှိနေပြီ...။ ကားဖိုးနဲ့ အိမ်ဖိုးတွေလည်း ပေးနေရသေးတာ...၊ သူ့အတွက် မလွယ်ဘူးလေ...။"

"ငါကတော့ ဒီနှစ်ထဲမှာ ထျန်းကျန့်ဆီက ပိုက်ဆံအချို့ ချေးပြီး နင့်အစ်ကို့ကို ကူညီမလို့ စဉ်းစားထားတာ ... အခု နင်တို့ အဆင်ပြေနေပြီဆိုတော့ နင့်အစ်ကို့ကို ကူညီပေးပါဦး...။ အမေ တောင်းပန်ပါတယ်...။"

ထျန်းဟုန်သည် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း ဟူဖုန်ယို့၏ လက်ကို ဆွဲကာ ချိုချိုသာသာ တောင်းပန်လိုက်လေသည်။

"အချစ်... ဒါက သမီးရဲ့ အစ်ကိုအရင်းပါ...။ အခု တို့တွေက မိသားစုတွေ ဖြစ်နေပြီပဲ...။ သူ့ကို ကူညီပေး ပါနော်...၊ အချစ်သာ ကူညီရင် သဲက...၊"

ထို့နောက် ထျန်းဟုန်သည် ဟူဖုန်ယို့၏ နားနားသို့ ကပ်ကာ တခြားသူများ မကြားနိုင်သော စကားများကို တိုးတိုးလေး ပြောလိုက်လေသည်။ ထိုစကားများကို ကြားပြီးနောက်တွင်မှ ဟူဖုန်ယို့၏ တည်တင်းနေ သော မျက်နှာမှာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထို့နောက် သူ၏ သဘောထားမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ရဲရဲဝံ့ဝံ့ပင် ပြောလိုက်လေသည်။

"ကိစ္စမရှိဘူး...။ ဒါက ကိစ္စအသေးအမွှားလေးပါ...။ နှစ်သစ်ကူးပြီးရင် လူ့စွမ်းအားအရင်းအမြစ်ဌာနနဲ့ စကားပြောပြီး မင်းအတွက် ကြီးကြပ်ရေးမှူး ရာထူးတစ်ခု စီစဉ်ပေးမယ်...။"

"မင်းသာ ပါးပါးနပ်နပ် လုပ်တတ်ရင် တစ်နှစ်ကို တစ်ယွမ်၊ နှစ်ယွမ် (ဘီလီယံချီ) လောက်ကတော့ အေးဆေး ရှာလို့ရတာပေါ့...။"

ထိုစကားကို ကြားသောအခါ ထျန်းထောင်၏ မျက်လုံးများမှာ အရောင်တောက်လာပြီး ဝမ်းသာအားရ ဖြင့် စားပွဲပေါ်မှ ဘီယာပုလင်းကို လှမ်းယူလိုက်လေသည်။

"ယောက်ဖက တကယ်ကို သဘောထားကြီးတာပဲ... ။ ကျွန်တော် ယောက်ဖအတွက် တစ်ပုလင်းလုံး ကုန်အောင် သောက်လိုက်ပါ့မယ်...။"

ပြောပြောဆိုဆိုဖြင့် သူသည် ဘီယာတစ်ပုလင်းလုံးကို တစ်ကျိုက်တည်း ကုန်အောင် မော့ချလိုက်လေ သည်။ ထိုစဉ် လျန်ထျန်းက မဆီမဆိုင် ဝင်ပြောလိုက်၏။

"ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျင်းတ အိမ်ခြံမြေရဲ့ စီမံခန့်ခွဲမှုက အရမ်း တင်းကြပ်တယ်...။ ကြီးကြပ်ရေးမှူး ရာထူးကို ဒီလောက် အလွယ်တကူ စီစဉ်လို့ ရပါ့မလား...။"

"ပြီးတော့ ကျင်းတ အိမ်ခြံမြေရဲ့ စီမံခန့်ခွဲမှုပုံစံက ဌာနတစ်ခုချင်းစီကို ဒုတိယအထွေထွေမန်နေဂျာ တစ်ယောက်စီက တာဝန်ယူထားတာလေ...။"

"စီမံကိန်းဌာနက ဒုတိယအထွေထွေမန်နေဂျာက လူ့စွမ်းအားအရင်းအမြစ်ဌာနထဲအထိ လက်လှမ်း မီနိုင်လို့လား...။ အထက်မှာ အထွေထွေမန်နေဂျာ ရှိနေသေးတာကို မမေ့ပါနဲ့ဦး...။"

ထိုစကားကြောင့် တစ်ခန်းလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မှ အကျိုးခံစားခွင့်ရမည့် ထျန်းထောင်က ပေါက်ကွဲလာလေသည်။

"မင်းက ဘာသိလို့လဲ...၊ အစားအသောက် ပို့တဲ့ကောင်ရဲ့...။"

"ကျင်းတ အိမ်ခြံမြေရဲ့ ဒုတိယအထွေထွေမန်နေဂျာက ငါ့အတွက် ကြီးကြပ်ရေးမှူး ရာထူးလေးတောင် မပေးနိုင်ဘူးလို့ နင် ထင်နေတာလား...။"

ဟို့ကွမ်ကျွမ်းကလည်း ဒေါသတကြီး ဆဲဆိုတော့သည်။

"ဆုံးမမှုမရှိတဲ့ကောင်...။ ငါ့သား ကောင်းစားမှာကို နင်က မနာလို ဖြစ်နေတာလား...။"

"နင့်မှာ လူကြီးတွေ စကားပြောတာကို ကြားဖြတ်ပြောပိုင်ခွင့် မရှိဘူး...။ နောက်တစ်ခွန်း ထပ်ပြောရင် နင်တို့ သားအမိကို အခုချက်ချင်း အိမ်ပေါ်က နှင်ချပစ်မယ်...။"

ထျန်းဟုန်ကလည်း နှာခေါင်းရှုံ့ကာ လှောင်လိုက်သည်။

"တူလေး...၊ နင်က အစားအသောက် ပို့တဲ့သူတစ်ယောက်ပဲ...။ ကုမ္ပဏီကြီးတစ်ခုရဲ့ ဒုတိယအထွေ ထွေမန်နေဂျာမှာ ဘယ်လောက် အာဏာရှိလဲဆိုတာ နင် ဘယ်လိုလုပ် သိမှာလဲ...။"

"မောင်... ချစ် ပြောတာ မှန်တယ် မဟုတ်လား...။"

သို့သော်လည်း ဟို့ကွမ်ကျွမ်းတို့ သားအမိ သုံးယောက်က လျန်ထျန်းကို ဝိုင်းဝန်း တိုက်ခိုက်နေစဉ်အတွင်း ဟူဖုန်ယို့၏ လျန်ထျန်းအပေါ် ကြည့်သော အကြည့်မှာမူ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော် ခေတ္တမျှသာဖြစ်ပြီး သူသည် မူလ အမူအရာသို့ ပြန်လည် ပြောင်းလဲလိုက်လေသည်။

"အစားအသောက် ပို့တဲ့သူတစ်ယောက်က တို့ ကျင်းတ အိမ်ခြံမြေရဲ့ စီမံခန့်ခွဲမှုပုံစံကို ဒီလောက် သိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...။"

"ဒါပေမဲ့ ဒါက ကုန်သွယ်ရေး လျှို့ဝှက်ချက်မှ မဟုတ်တာ...။ ကုမ္ပဏီထဲမှာ ဝန်ထမ်း သောင်းနဲ့ချီပြီး ရှိနေတော့ လူတိုင်း သိတာပဲလေ...။"

"မင်းမှာ ကျင်းတ အိမ်ခြံမြေက ဝန်ထမ်း သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက် ရှိရင် စကားပြောရင်း သိနိုင်တာပဲ...။"

"ဒါပေမဲ့ မင်းတို့လို အောက်ခြေလူတန်းစားတွေက တို့လို အထက်တန်းလွှာတွေကြားက ပတ်သက်မှု တွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ...။"

"ဒါက ကောင်းကင်က လင်းယုန်နဲ့ မြေပြင်က ပုရွက်ဆိတ်လို ကွာခြားတာကွ...။ ပုရွက်ဆိတ်က လင်းယုန်ကို မော့ကြည့်ပြီး သူ့ကိုယ်ပေါ်က အမည်းစက်လေးတွေက ပုရွက်ဆိတ်ရဲ့ အရွယ်အစား လောက်ပဲ ရှိတယ်လို့ ထင်နေတာလား...။"

ဟူဖုန်ယို့သည် လျန်ထျန်းကို အထင်သေးစွာ ကြည့်ရင်း ဆက်ပြောလေသည်။

"ကောင်လေး... လူငယ်တွေ ဂုဏ်ရှိချင်တာကို ငါ နားလည်ပါတယ်... ။ ဒါပေမဲ့ ဘယ်သူ့ရှေ့မှာ လာကြွား ရမလဲဆိုတာကိုတော့ မင်း သိသင့်တယ်...။"

"ငါ့ရဲ့ အာရုံစိုက်မှုကို ရအောင် မင်း ဟန်ဆောင်နေတာကို ငါ သိတယ်...။ ဒါပေမဲ့ ငါ့အမြင်မှာတော့ မင်းက ကလေးကစားစရာလိုပဲ...။"

ထိုအခါ ဒေါ်လေးဖြစ်သူ ထျန်းဟုန်ကလည်း တစ်ချက်ရယ်ကာ ၊

"အော်... ဟုတ်သားပဲ....။ တူလေးက ဟန်ဆောင်နေတာကိုး...။ ခုနက ကားငှားလာတာလည်း ဒီအတိုင်း ပဲ မဟုတ်လား...။"

ထျန်းထောင်နှင့် ဟို့ကွမ်ကျွမ်းတို့ကလည်း လိုက်၍ ရယ်မောကြလေတော့သည်။

"အစားအသောက် ပို့တဲ့ကောင်က ဟန်ဆောင်တတ်နေပြီပဲ...။"

"ယောက်ဖ... ဒီလိုလူစားမျိုးက ဆွေမျိုးတော်ရင်တောင် တို့ကုမ္ပဏီထဲကို မခေါ်သင့်ဘူး...။ မဟုတ်ရင် ဒုက္ခပေးလိမ့်မယ်...။"

ထျန်းထောင်သည် ကျင်းတ အိမ်ခြံမြေကို "တို့ကုမ္ပဏီ" ဟုပင် စတင် သုံးနှုန်းနေလေပြီ။

"ဟုတ်တယ်... ဒီကောင်လေးက အစားအသောက် ပို့ဖို့ပဲ တန်တယ်...။ ဘာမှ အသုံးမကျတဲ့ကောင်...။"

ဟို့ကွမ်ကျွမ်းကလည်း လျန်ထျန်းကို ဂုဏ်သိက္ခာ ကင်းမဲ့သွားသည်အထိ နင်းခြေကာ ပြောဆိုနေတော့ သည်။ သူတို့သည် သူတစ်ပါး၏ ဂုဏ်သိက္ခာကို နင်းခြေခြင်းဖြင့် ပျော်ရွှင်မှုကို ရှာဖွေနေကြပုံရသည်။

လျန်ထျန်းမှာ ထိုသူတို့၏ ရုပ်ဆိုးလှသော မျက်နှာများကို ကြည့်ကာ သည်းမခံနိုင်တော့ပေ။ သူသည် ဖုန်းကို ထုတ်ကာ တစ်စုံတစ်ခု လုပ်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ကားဆိုက်သံ ထပ်မံ ကြား လိုက်ရလေသည်။

ယခုတစ်ကြိမ်တွင် မည်သူမျှ ကြိုဆိုရန် မလိုဘဲ တံခါးမှာ ပွင့်လာပြီး ထျန်းကျန့်တို့ မိသားစု ဝင်လာကြ လေသည်။ ဒေါ်လေးဖြစ်သူ ရှီလီလီမှာ အိမ်ထဲသို့ ဝင်လာသည်နှင့် လျန်ထျန်းကို မြင်ပြီး ချက်ချင်းပင် ပြုံးရွှင်သွားတော့သည်။

"အို... တူလေးနဲ့ မမကြီးတို့ ဒီနှစ် ပြန်လာကြတာပဲ...။"

"အထူးသဖြင့် ငါ့ရဲ့ တူလေးပေါ့...။ ပြီးခဲ့တဲ့တစ်ခေါက် ဒေါ်လေးဆီ အမှာစာ လာပို့တုန်းက မတော်တဆ ဆုံပြီးကတည်းက ဒေါ်လေးက သူ့ကို တွေ့ဖို့ အမြဲ တွေးနေတာ...။"

"အရင်နှစ်တွေက မတွေ့ရတော့ ဒီနှစ်လည်း မတွေ့ရဘူး ထင်နေတာ...။ အခုတော့ တွေ့ရပြီဆိုတော့ တော်သေးတာပေါ့...။"

"ဒေါ်လေး အရင်က မှားခဲ့တာတွေ ရှိပါတယ်...။ ဒီတစ်ခါတော့ တူလေးကို အကောင်းဆုံး ပြန်ပြုစုပေးဖို့ ဆုံးဖြတ်ထားတယ်.... တူလေး ကြည့်နေလိုက်နော်...။"

ရှီလီလီ၏ စကားများကို ကြားသောအခါ ဟို့ကွမ်ကျွမ်း၊ ထျန်းထောင်နှင့် ထျန်းဟုန်တို့ သုံးယောက်မှာ မှင်တက်သွားကြလေတော့သည်...။

အခန်း (၅၆) တကယ့်ကို ခမ်းနားလိုက်သည့် ပြကွက်ပင်

ဟို့ကွမ်ကျွမ်း၊ ထျန်းထောင်နှင့် ထျန်းဟုန် သားအမိတစ်စုမှာ တကယ်ပင် မှင်တက်သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထျန်းကျန့်၏ ဇနီးဖြစ်သူ ရှီလီလီသည် မည်သို့သော စိတ်သဘောထားရှိ ကြောင်း သူတို့အားလုံး သိထားကြသောကြောင့် ဖြစ်သည်။

ယခင်နှစ်များက နှစ်သစ်ကူးပွဲတော်အတွက် အိမ်ပြန်လာတိုင်း သူမက သူတို့ကို အေးတိအေးစက် ဆက်ဆံကာ အထင်အမြင်သေးတတ်လေသည်။ သို့သော် သူတို့အနေဖြင့် တတ်နိုင်သည်မှာ ဘာမျှ မရှိပေ။ သူမ၏ မိသားစုမှာ ချမ်းသာပြီး ဩဇာအာဏာရှိသောကြောင့် ဟို့ကွမ်ကျွမ်းနှင့် သားသမီး နှစ်ဦးမှာ ရှီလီလီကို အစွမ်းကုန် အလိုလိုက်ကာ ဆက်ဆံကြရလေသည်။

သူတို့သည် နှစ်စဉ်နှစ်တိုင်း ထျန်းကျန့်၏ မိသားစုထံမှ ငွေမည်သို့ တောင်းရမည်ကို စဉ်းစားနေကြပြီး ကွယ်ရာတွင်မူ သူတို့ကို ရက်စက်သည်ဟု မကြာခဏ ကျိန်ဆဲတတ်ကြလေသည်။ သူတစ်ပါးထံမှ အကူ အညီ လိုအပ်ချိန်တွင် ဟို့ကွမ်ကျွမ်းနှင့် သားသမီးနှစ်ဦးမှာ သူတစ်ပါးရှေ့၌ အလွန်နှိမ့်ချသော အမူအရာ ကိုသာ ပြသတတ်ပြီး ဤသည်မှာ အားနည်းသူကို အနိုင်ကျင့်ကာ အားကြီးသူကို ကြောက်ရွံ့ တတ်သည့် စရိုက်လက္ခဏာပင် ဖြစ်လေသည်။

သို့ရာတွင် ထိုအကြောင်းကြောင့်ပင် ထျန်းကျန့်၏ မိသားစု ပြန်လာတိုင်း ရှီလီလီသည် မျက်နှာထား တင်းမာနေတတ်ပြီး ဟို့ကွမ်ကျွမ်းနှင့် သားသမီးနှစ်ဦးကို တောင်းရမ်းစားသောက်သူများပမာ ကြည့် တတ်လေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ လျန်ထျန်းနှင့် ထျန်းဝန်ဝန်တို့ကို တွေ့ပြီးနောက် ပြောင်းလဲသွားသည့် ရှီလီလီ၏ သဘောထားမှာ အမှန်တကယ်ပင် နားလည်ရ ခက်ခဲနေလေသည်။

ခေတ္တမျှအကြာတွင် ဟို့ကွမ်ကျွမ်းနှင့် သားသမီးနှစ်ဦးလုံး စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်မိ ကြလေသည်။

ဤအမျိုးသမီးမှာ ယခင် ရှီလီလီပင် ဟုတ်ပါလေစ။ သူမ မည်သည့်အချိန်ကများ အကျင့်စရိုက် ပြောင်းလဲသွားခဲ့ပါသနည်း။

ထိုသို့တွေးမိကာ ဟို့ကွမ်ကျွမ်းသည် လူကြီးဟန်ဖမ်းလျက် စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"ထျန်းကျန့် မိသားစုက ကောင်လေးက ပြန်လာတာတောင် လူကြီးသူမတွေကို နှုတ်မဆက်ဘူး...။ တကယ့်ကို ရိုင်းစိုင်းလွန်းတယ်...."

ဟို့ကွမ်ကျွမ်း စကားပင် မဆုံးသေးမီ ရှီလီလီ၏ မျက်နှာထားမှာ စာအုပ်တစ်အုပ်ကို လှန်လိုက်သည် ထက်ပင် ပိုမိုမြန်ဆန်စွာ ချက်ချင်း ပြောင်းလဲသွားလေသည်။

"နှစ်တိုင်း ပြန်လာရင် ရှင်တို့ရဲ့ မျက်နှာအိုကြီးတွေကိုပဲ မြင်နေရတာ ဘာများ နှုတ်ဆက်စရာ ရှိနေလို့ လဲ...။"

"နောက်ဆုံးတော့ ရှင်တို့ကြောင့်ပဲ မဟုတ်ဘူးလား...။ ကျွန်မ တူလေးနဲ့ အစ်မကြီးက အိမ်မပြန်လာရ တာ နှစ်တွေတောင် အတော်ကြာနေပြီ...။"

"ဒီနှစ်မှ ကျွန်မတို့ အချင်းချင်း ပြန်တွေ့ရတာကို ရှင်က ကျွန်မ တူလေးနဲ့ အစ်မကြီးရဲ့ နေရာကို လုချင် သေးတာလား...။ ရှင်က သူတို့နဲ့ ယှဉ်နိုင်မယ့် အခွင့်အရေး ရှိတယ်လို့များ ထင်နေတာလား...။"

အပြင်းအထန် ဆူပူခံရပြီးနောက် ဟို့ကွမ်ကျွမ်းတစ်ယောက် ရှီလီလီသည် ယခင်က ရှီလီလီအတိုင်းပင် ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ သူမ နားမလည်နိုင်သည်မှာ ရှီလီလီက လျန်ထျန်းနှင့် ထျန်းဝန်ဝန်တို့အပေါ် အဘယ်ကြောင့် ဤမျှ သဘောကောင်းနေရသနည်း ဆိုသည်ပင် ဖြစ်သည်။

အမှန်တကယ်ပင် သူတို့ မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့်လား။ ဤသို့တော့ မဖြစ်နိုင်ပေ။ မျက်နှာလိုက်တတ်သည့် နေရာတွင် ရှီလီလီက သူတို့ထက်ပင် ပို၍ ဆိုးရွားလောက်လေသည်။

ဟို့ကွမ်ကျွမ်း တစ်ယောက်တည်းသာ ဤမေးခွန်းကို တွေးနေခြင်း မဟုတ်ဘဲ ထျန်းထောင်ကလည်း ဖွင့်ဟမေးမြန်းလာလေသည်။

"မရီး... မရီး အခုလေးတင် ပြောသွားတဲ့ စကားတွေအရဆို လျန်ထျန်းက အခု အစားအသောက်ပို့တဲ့သူ ဖြစ်နေတာကို သိပုံရတယ်...။"

"မရီးတို့ မိသားစုထက် နိမ့်ကျတဲ့သူဆို အရင်က အထင်သေးတတ်တာ မဟုတ်ဘူးလား...။ အခု ဘာလို့ ဒီကောင်လေးအတွက်ကျမှ ချွင်းချက် ထားနေရတာလဲ...။"

ထိုစကားကို ကြားသောအခါ ရှီလီလီက ထျန်းထောင်ကို လှမ်းကြည့်ကာ ရယ်မောလိုက်လေသည်။

"ရေတွင်းထဲက ဖားသူငယ်တွေလို ရှင်တို့က ဘာမှ သိတာ မဟုတ်ဘူး...။"

"အဟွတ်... အဟွတ်...။"

လျန်ထျန်းက ရုတ်တရက် နှစ်ချက်မျှ ချောင်းဆိုးကာ ရှီလီလီ၏ စကားကို ဖြတ်လိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။ ဤသည်ကို မြင်သောအခါ ရှီလီလီက ချက်ချင်း သဘောပေါက်သွားပြီး စကား လမ်းကြောင်း လွှဲလိုက်လေသည်။

"လူငယ်တွေကို အထင်မသေးသင့်ဘူးဆိုတဲ့ စကားကို ရှင်တို့ မသိကြဘူးလား...။ ကျွန်မ တူလေးက ပစ္စည်းပို့တဲ့သူ ဖြစ်နေရင်တောင် သူက လုံ့လဝီရိယရှိတယ် ကြိုးစားတယ် ပြီးတော့ သတိလည်း ရှိတယ်...။"

"အချိန် သုံးနှစ်တိုင်းမှာ အရာရာက ပြောင်းလဲတတ်တာပဲ.... တစ်နေ့ကျရင် ကျွန်မ တူလေးက ကျွန်မတို့ မိသားစုထက်တောင် ပိုပြီး အဆင်ပြေလာနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ...။"

"လူတွေကို အထင်သေးတတ်တဲ့ ရှင်တို့လို လူမိုက်တွေက အချိန်တန်ရင် ကျွန်မတို့ဆီက မျက်နှာသာ ပေးတာတောင် ခံရမှာ မဟုတ်ဘူး...။"

ရှီလီလီက ထျန်းထောင်နှင့် ဟို့ကွမ်ကျွမ်းတို့ကို မည်သည့် အားနာမှုမျှမရှိဘဲ ဗြောင်ကျကျ ဆဲဆိုနေသော် လည်း ထျန်းကျန့်မှာမူ ဘေးတွင် ရပ်လျက် လျစ်လျူရှုထားလေသည်။ အမှန်စင်စစ် သူတို့၏ မိထွေး ဖြစ်သူ ဟို့ကွမ်ကျွမ်းသည် ထျန်းဝန်ဝန်၊ ထျန်းကျန့်နှင့် ထျန်းရင်းတို့ ငယ်စဉ်က အလွန် ဆိုးရွားစွာ ဆက်ဆံခဲ့သည် မဟုတ်ပါလား။

အချို့လူများအတွက် ငယ်ဘဝ စိတ်ဒဏ်ရာများမှာ တစ်သက်လုံး ကုစားရန် အလွန် ခက်ခဲတတ်လေ သည်။ ထျန်းကျန့်အနေဖြင့် သူတို့ အခက်အခဲ ဖြစ်နေချိန်တွင် ထပ်မံ၍ ဒုက္ခမပေးခြင်းမှာပင် သူ၏ အရင်းအချာ ဖခင်အပေါ် လေးစားမှု ပြသခြင်း တစ်မျိုးပင် ဖြစ်လေသည်။ သို့သော် တစ်စုံတစ်ယောက် ကမူ သည်းမခံနိုင်တော့ဘဲ ထျန်းဟုန်က ခါးထောက်လျက် မတ်တပ်ရပ်ကာ ပြောလိုက်လေသည်။

"ရှီဆိုတဲ့ မိန်းမ...၊ နင်က ငါ့အမေနဲ့ ငါ့အစ်ကိုကို စော်ကားရအောင် ဘာအခွင့်အရေး ရှိလို့လဲ...။ ဒီမနက် နင့်ပါးစပ်ကို အိမ်သာထဲကရေနဲ့ ပလုတ်ကျင်းလာတာလား...။"

စူးရှသော အသံကို ကြားလိုက်ရသောအခါ ရှီလီလီက ထျန်းဟုန်ကို အထင်အမြင်သေးစွာ ကြည့်လိုက် လေသည်။

"ဟဲ့... ကောင်မစုတ်လေး နင်က အရင်တုန်းက ငါ့ကို အကြောက်ဆုံး မဟုတ်ဘူးလား...။ ဒီနှစ်တော့ နင်က အတော်လေး ရဲတင်းနေပါလား...။"

"ဘာလဲ... ဒီနှစ်တော့ နင့်အစ်ကိုနဲ့ မရီးဆီက ပိုက်ဆံ ထပ်မတောင်းတော့ဘူးလို့ စိတ်ကူးထားတာလား..၊ နင့်ရဲ့ အဲ့ဒီ ခန္ဓာကိုယ်ကို ဘယ်လောက်နဲ့ ရောင်းစားလိုက်တာလဲ...။"

စကားအရာ ယှဉ်ပြိုင်ရာတွင် ရှီလီလီကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိလေသည်။ ထျန်းဟုန်မှာမူ သူမ၏ ထက်မြက်လှသော စကားများကြောင့် ရှက်ရွံ့လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားလေတော့သည်။

"နင်... နင်... နင်... တောက်...။"

ထျန်းဟုန်သည် ခိုင်မာသော ကျောထောက်နောက်ခံကို ရှာတွေ့သွားသည့်အလား ဟူဖုန်ယို့၏ လက်မောင်း ကို ဖက်တွယ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားနေသည့် ကြက်မငယ်လေး တစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။

"ရှီလီလီ... ငါ နင့်ကို အခု ပြောပြမယ်...။ ငါတို့ မိသားစုက နင့်ရဲ့ အမူအကျင့်တွေကို သည်းခံစရာ မလို တော့သလို နင့်ကိုလည်း ထပ်ပြီး တောင်းပန်နေစရာ မလိုတော့ဘူး...။"

"ဒါက ငါ့ချစ်သူ ဟူဖုန်ယို့ပဲ...။ သူက ကျင်းတ အိမ်ခြံမြေရဲ့ စီမံကိန်းဌာနက ဒုတိယ အထွေထွေ မန်နေဂျာ လေ...။ နောင်ကျရင် သူက ငါတို့ မိသားစုကို စောင့်ရှောက်ပေးလိမ့်မယ်...။"

ကျင်းတ အိမ်ခြံမြေ၏ စီမံကိန်းဌာနမှ ဒုတိယ အထွေထွေမန်နေဂျာ ဖြစ်သည်ဟု ကြားလိုက်ရခြင်းက ရှီလီလီနှင့် ထျန်းကျန့်တို့ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် သံမဏိပစ္စည်း လုပ်ငန်းလုပ်ကိုင်သည့် သူတို့ကဲ့သို့သော ကုမ္ပဏီများအတွက် ၎င်းတို့၏ စီးပွားရေးလုပ် ငန်း အများစုမှာ အိမ်ခြံမြေလုပ်ငန်းနှင့် ဆက်စပ်နေသောကြောင့် ဖြစ်လေသည်။

တွေးကြည့်ပါ...။ အိမ်ခြံမြေ ဆောက်လုပ်ရေးထက် သံမဏိကို ပိုမိုအသုံးပြုသည့် အခြား မည်သည့် လုပ်ငန်း ရှိနိုင်ပါမည်နည်း။

ထျန်းဟုန်၏ မြှောက်ပင့်ပေးမှုကြောင့် ဟူဖုန်ယို့မှာလည်း နှိမ့်ချနေတတ်သူမျိုး မဟုတ်သဖြင့် သူဌေးဂိုက် ဖမ်းကာ ပြောလိုက်လေသည်။

"ရှောင်ဟုန် ပြောပြလို့ ခင်ဗျားတို့ မိသားစုက သံမဏိပစ္စည်း လုပ်ငန်းလုပ်တယ်ဆိုတာ ကျွန်တော် ကြားမိပါတယ်...။"

"ဒါပေမဲ့ အယ်လ်မြို့တော်မှာ သံမဏိလုပ်ငန်း လုပ်တာ ခင်ဗျားတို့ ကုမ္ပဏီ တစ်ခုတည်းမှ မဟုတ်တာ...။ ကျွန်တော့်စကားကို ယုံလိုက်ပါ...။ ကျွန်တော် တစ်ခွန်း ပြောလိုက်တာနဲ့ ကျင်းတ အိမ်ခြံမြေပိုင်တဲ့ စီမံ ကိန်းတွေ အားလုံးက ခင်ဗျားတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာကို ငြင်းပယ်သွားအောင် လုပ်နိုင်တယ်...။"

"အခု ကျွန်တော်တို့ ကျင်းတ အိမ်ခြံမြေက ခင်ဗျားတို့ကို ပိတ်ပင်လိုက်ပြီဆိုတော့ ခင်ဗျားတို့နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ တခြား ကုမ္ပဏီတွေက ဘယ်ဘက်ကို ရွေးချယ်မလဲဆိုတာ စဉ်းစားကြည့်လို့ ရပြီ...။"

"ဘယ်လိုလဲ... စမ်းကြည့်ချင်သေးလား...။"

ဤစကားများကို ကြားသောအခါ ထျန်းကျန့်နှင့် ရှီလီလီတို့ နှစ်ဦးလုံး ဖြူလျော့သွားကြလေသည်။ ပုဂ္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုအရ သူတို့၏ မိသားစု စီးပွားရေးလုပ်ငန်းများနှင့် ကိုယ်ပိုင် သူဌေးဖြစ်မှုမှာ ဟူဖုန်ယို့ မမှီနိုင်သည့် အနေအထားတွင် ရှိနေသည်မှာ သေချာလေသည်။

သို့သော်လည်း နောက်ခံနှင့် ဩဇာအာဏာပိုင်းတွင်မူ ဧရာမ ကျင်းတ အိမ်ခြံမြေကို ကျောထောက် နောက်ခံ ပြုထားသည့် ဟူဖုန်ယို့သည် ထျန်းကျန့်နှင့် ရှီမိသားစုတို့ထက် များစွာ သာလွန်နေလေသည်။

ရှီလီလီတစ်ယောက် အကျပ်ရိုက်သွားသည်ကို မြင်သောအခါ ဟို့ကွမ်ကျွမ်းနှင့် သားဖြစ်သူ ထျန်းထောင် တို့က ထပ်မံ၍ အခွင့်အရေး ယူလိုက်ပြန်သည်။

"နင်က နင့်စကားတွေနဲ့ အရမ်းများ ကြီးကျယ်နေတယ် ထင်နေလား...။ အဲ့ဒါတွေက ဘာအသုံးကျလို့ လဲ...။"

"ဒီလောကမှာ ရပ်တည်နိုင်ဖို့အတွက် အဆက်အသွယ်နဲ့ အာဏာ လိုအပ်တယ်...။ ငါ့သမက်ရှေ့မှာတော့ နင်တို့က အောက်တန်းစား လူယုတ်မာတွေထက် ဘာမှ မပိုပါဘူး...။"

ထျန်းကျန့်နှင့် ရှီလီလီတို့ ဘာပြောရမှန်းမသိ ဖြစ်နေစဉ် လျန်ထျန်းက အေးစက်စက် ရယ်မောလိုက်လေ သည်။

"ဘယ်လောက်တောင် မောက်မာလိုက်လဲ...၊ ဒုတိယ အထွေထွေမန်နေဂျာလောက်နဲ့ ကျင်းတ အိမ်ခြံမြေ ကို သူ့ကိုယ်ပိုင် စီးပွားရေးလို့များ ထင်နေတာလား...။"

ထိုစကားကို ကြားသောအခါ ထျန်းဟုန်၏ ဟန်ဆောင်ထားသော မျက်နှာမှာ ဆက်လက် ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။

"နင်က ဘယ်တော့မှ ရပ်မှာ မဟုတ်ဘူးလား...။"

"ဘာလဲ... နင်က အစားအသောက်ပို့တဲ့သူ ဖြစ်နေလို့ ငါ့အချစ်က နင့်ကို ဘာမှ လုပ်လို့ မရဘူးလို့ ထင်နေ တာလား..."

"ငါ နင့်ကို ပြောပြမယ်...၊ ငါ့အချစ်ကို ကျင်းတ အိမ်ခြံမြေမှာ နင့်အတွက် အလုပ်တစ်ခု စီစဉ်ပေးဖို့ ငါ တစ်ခါမှ မရည်ရွယ်ခဲ့ဘူး...။ ငါက နင့်ကို လှောင်ပြောင်နေခဲ့တာ...။"

"နင် တစ်သက်လုံး နံစော်နေတဲ့ အစားအသောက်ပို့တဲ့သူပဲ ဖြစ်နေမှာ...။ နင်က ရွှံ့နွံထဲမှာ နစ်မွန်းပြီး ဘယ်တော့မှ ရုန်းထွက်နိုင်မယ့် အခွင့်အရေး မရှိဘဲ အောက်ခြေမှာပဲ တစ်သက်လုံး နေသွားရမှာ...။"

ဟူဖုန်ယို့က ထျန်းဟုန်၏ ခါးကို ဖက်ကာ ယုတ်မာသော အပြုံးဖြင့် ပြောလိုက်လေသည်။

"ငါ မင်းကို ပြောပြီးပြီလေ...၊ ပစ္စည်းပို့တဲ့ ကောင်စုတ်...။ ငါ့လို ဒုတိယ အထွေထွေမန်နေဂျာ တစ် ယောက်မှာ အာဏာ ဘယ်လောက်ရှိလဲဆိုတာ မင်း နားလည်မှာ မဟုတ်ပါဘူးလို့...။"

"အထူးသဖြင့် မင်းလို အသုံးမကျတဲ့ ပစ္စည်းပို့တဲ့သူကို ဖြေရှင်းရမယ့် အချိန်မှာတော့ ကျင်းတ အိမ်ခြံ မြေကို ငါ့ပိုင်ဆိုင်မှုလို့ ပြောတာက လုံးဝ ယုတ္တိရှိတယ်...။"

"ဘာလို့လဲဆိုတော့ မင်းလို ပုရွက်ဆိတ်တစ်ကောင်က ငါ့မျက်လုံးထဲမှာတော့ ပိုးအကောင်မွှားလေး တစ်ကောင်ပဲမို့လို့ ဟားဟား...။"

သူ စကားပြောအပြီးတွင် ဟူဖုန်ယို့၊ ထျန်းဟုန်၊ ထျန်းထောင်နှင့် ဟို့ကွမ်ကျွမ်းတို့က ရယ်မောလိုက်ကြ လေသည်။ သို့ရာတွင် ထိုအချိန်၌ လျန်ထျန်း၏ နှုတ်ခမ်းထက်တွင်လည်း အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်ကိုမူ မည်သူကမျှ သတိမထားမိခဲ့ကြပေ။

All Chapters