အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇) လူယုတ်မာလေး
လျန်ထျန်း၏ အဘိုးဖြစ်သူ ထျန်းကော်ချင်းမှာ ရိုးသားဖြောင့်မတ်သူ တစ်ဦးဖြစ်ပြီး ဟို့ကွမ်ကျွမ်းနှင့် အိမ်ထောင်ကျပြီးကတည်းက တစ်သက်လုံး အနိုင်ကျင့်ခံခဲ့ရရှာလေသည်။
ယခင်က ဟို့ကွမ်ကျွမ်း ဘာပြောပြော အကုန်နားထောင်ခဲ့ရကာ ထျန်းကော်ချင်းမှာ မိသားစုအတွင်း မည်သည့် နေရာမှ မရှိခဲ့သဖြင့် တဖြည်းဖြည်းနှင့် စကားနည်းသူ တစ်ဦး ဖြစ်လာခဲ့လေသည်။
ယခုမူ မိမိ၏ သမီးအကြီးဆုံးနှင့် မြေးဖြစ်သူတို့အား ဟို့ကွမ်ကျွမ်းနှင့် သူမ၏ အပေါင်းအပါများက ဤမျှ ဆိုးရွားစွာ အနိုင်ကျင့်နေသည်ကို မြင်လိုက်ရသောအခါ တစ်သက်လုံး ကြောက်ရွံ့တုံ့ဆိုင်းနေခဲ့သည့် ဤအဘိုးအိုမှာ ဆက်လက် သည်းမခံနိုင်တော့ချေ။
"ကဲ... အားလုံးက မိသားစုဝင်တွေချည်းပဲ ဒီလို လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား...။ မင်းတို့အားလုံး အရမ်း လွန်လွန်းနေပြီနော်...။"
သို့ရာတွင် ထျန်းကော်ချင်း စကားပင် မဆုံးသေးမီ ဟို့ကွမ်ကျွမ်းက ပို၍ ကျယ်လောင်သော လေသံဖြင့် ဖြတ်ပြောလိုက်လေသည်။
"အဘိုးကြီးအစုတ်ပလုပ်... ရှင်က အပြင်လူတွေဘက်က ပါနေတာလား...။"
"ရှင့်ကို ကျွန်မ ပြောထားမယ်...။ လစဉ် ပင်စင်လစာလေး နည်းနည်းပါးပါး ရနေလို့သာ မဟုတ်ရင် ရှင့်ကို လမ်းဘေးမှာ ပစ်ထားခဲ့တာ ကြာလှပေါ့...။"
"အခု ရှောင်ဟုန်က သမက်ကောင်း တစ်ယောက် ရနေပြီဆိုတော့ ငါတို့ မိသားစုက အခုကစပြီး စည်းစိမ် တွေ ခံစားရတော့မှာ...။ အဘိုးကြီး ရှင်က ပါးပါးနပ်နပ် နေတာ ပိုကောင်းမယ်...။"
"ဒါမှမဟုတ်ရင်လည်း ဘာမှ မယူဘဲ ထွက်သွားပြီး ရှင့်ရဲ့ သမီးမွဲနဲ့ မြေးမွဲတို့ဆီမှာ သွားပြီး ဆင်းဆင်းရဲရဲ သွားနေလိုက်...။"
"ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားရမယ့် အချက်တစ်ချက် ရှိတယ်...။ ရှင့်ရဲ့ ပင်စင်ကတ်ကို တော့ ပေးလိုက်မှာ မဟုတ်ဘူး...။ အဲ့ဒီ မွဲတေနေတဲ့ သားအမိနှစ်ယောက် ရှင့်ကို ဘယ်လောက်ကြာကြာ ကျွေးမွေးနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...။"
ထိုစကားများကြောင့် ထျန်းကော်ချင်းမှာ အလွန် ဒေါသထွက်သွားကာ အသက်ရှူကြပ်လာပြီး ရင်ဘတ် ကို ဖိလျက် နောက်သို့ လဲကျသွားလေတော့သည်။
"အဖေ..."
ထျန်းဝန်ဝန်က အော်ဟစ်ကာ ဖခင်ဖြစ်သူကို ထိန်းကိုင်ရန် ပြေးသွားလိုက်ပြီး သူမ၏ မျက်နှာထက်တွင် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။
မိခင်ဖြစ်သူ၏ မျက်ရည်များကို မြင်လိုက်ရသောအခါ လျန်ထျန်း၏ မျက်နှာထားမှာ လုံးဝ ပြောင်းလဲ သွားခဲ့လေသည်။
ရိုးရိုးသားသား ပြောရလျှင် လျန်ထျန်းသည် မိခင်ဖြစ်သူကို ထောက်ထားကာ ဤလူများနှင့် စကားမများ ချင်ခဲ့ပေ။
သို့သော် ယခုမူ လျန်ထျန်းမှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ ဤလူများကို မည်သို့ ပညာပေးရမည်ကို စဉ်းစားဆုံးဖြတ်လိုက်ပြီ ဖြစ်လေသည်။
"မေမေ... အဘိုးကို အတွင်းခန်းထဲမှာ နားရအောင် တွဲခေါ်သွားလိုက်ပါ...။ ဒီနေရာက ကိစ္စတွေကို သားပဲ ရှင်းလိုက်ပါ့မယ်...။"
ထိုသို့ ပြောပြီးနောက် လျန်ထျန်းက ရှီလီလီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။
ယခင်က လျန်ထျန်း၏ မိသားစုကို အဖက်မလုပ်ခဲ့သော ဤအဒေါ်ဖြစ်သူမှာ ယခုအခါ လျန်ထျန်းကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေလေသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူမက ချက်ချင်း သဘောပေါက် သွားပြီး ထျန်းဝန်ဝန်နှင့် ထျန်းကော်ချင်းတို့ကို အတွင်းခန်းထဲသို့ တွဲကူခေါ်ဆောင်သွားခဲ့လေသည်။
အတွင်းခန်းထဲသို့ ရောက်သွားပြီးနောက် ထျန်းဝန်ဝန်က ကုတင်ဘေးတွင် ထျန်းကော်ချင်းကို ပြုစုစောင့် ရှောက်နေပြီး ရှီလီလီကမူ တံခါးနောက်တွင် ကပ်လျက် အပြင်ဘက်မှ အသံများကို ခိုးနားထောင်နေလေ သည်။
အဘယ်ကြောင့်ဆိုသော် လျန်ထျန်းသည် သူ၏ ဩဇာအာဏာဖြင့် ကျင်းတ အိမ်ခြံမြေ၏ ဒုတိယ အထွေထွေမန်နေဂျာကို အမှန်တကယ်ပင် ရင်ဆိုင်နိုင်စွမ်း ရှိမရှိ သူမ သိချင်နေသောကြောင့် ဖြစ်သည်။ ဤသည်က အနာဂတ်တွင် သူမ မည်သူ့ဘက်မှ ရပ်တည်ရမည်ကို ဆုံးဖြတ်ပေးမည် မဟုတ်ပါလား။
ဧည့်ခန်းထဲတွင်မူ ဟို့ကွမ်ကျွမ်း၊ ဟူဖုန်ယို့နှင့် အခြားသူများမှာ ရယ်မောနေကြဆဲပင်။
ထျန်းထောင်က၊
"မင်းက ရှင်းမယ် ဟုတ်လား...။ မင်းလို အောက်တန်းစား အစားအသောက်ပို့တဲ့သူ တစ်ယောက်က ဘယ်လိုများ ရှင်းမှာလဲ...။" ဟု လှောင်ပြောင်လိုက်လေသည်။
ထျန်းဟုန်ကလည်း ၊
"ဟုတ်ပါ့... နင်က ဒူးထောက် တောင်းပန်ဖို့များ ကြိုးစားနေတာလား...။ နင် သနားစရာကောင်းလောက် အောင် ဖြစ်နေတာကို နင့်အမေ မမြင်စေချင်လို့ အဝေးကို လွှတ်လိုက်တာမလား ဟားဟားဟား...။" ဟု ဝင်ပြောလိုက်လေသည်။
ဟူဖုန်ယို့ကလည်း အမှုဆောင်အရာရှိ တစ်ယောက်၏ ဟန်ပန်ကို ထိန်းထားလျက် ပြောလိုက်လေသည်။
"ကောင်လေး...၊ မင်းကို ငါ နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ပေးမယ်...။ မင်းအတွက် ကျင်းတ အိမ်ခြံမြေမှာ ငါ အလုပ်တစ်ခု ရှာပေးလို့ရတယ် ဒါပေမဲ့ အိမ်သာဆေးတဲ့ အလုပ်ပဲ ရမယ်...။"
"အိမ်သာဆေးရတာက အစားအသောက်ပို့ရတာထက်တော့ ပိုကောင်းပါသေးတယ်...။ တစ်နှစ်ကို လစာ နှစ်ပြားလောက် ပေးရင် ဘယ်လိုလဲ...။"
ဤသည်မှာ လျန်ထျန်းကို အခွင့်အရေး ပေးနေခြင်း မဟုတ်ဘဲ ဗြောင်ကျကျ စော်ကားနေခြင်းသာ ဖြစ်လေသည်။
သို့ရာတွင် လျန်ထျန်းက သူ့အား တိုက်ရိုက် လျစ်လျူရှုရန်သာ ရွေးချယ်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် မကြာမီ လမ်းဘေးခွေး တစ်ကောင် ဖြစ်လာတော့မည့်သူနှင့် ပြောစရာ စကား မရှိသဖြင့် လေကုန်ခံနေစရာ အကြောင်း မရှိတော့ပေ။
သူ ဖုန်းကို ထုတ်လိုက်ပြီး နံပါတ်တစ်ခုကို ခေါ်ဆိုရန် ပြင်လိုက်စဉ် ဖုန်းတကောလ်ဝင်လာခဲ့လေသည်။
ဖုန်းမျက်နှာပြင်ပေါ်တွင် မှတ်သားထားသော နာမည်ကို မြင်လိုက်ရသောအခါ လျန်ထျန်းက ပြုံးလိုက်ပြီး ဖုန်းကို ပွတ်ဆွဲကာ ဖြေဆိုလိုက်လေသည်။
ဖုန်းချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် လုချွမ်းရှုံ၏ ရွှင်လန်းသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာ ခဲ့လေသည်။
"ဟေး... ညီလေးလျန်...၊ ဒီနေ့က နှစ်သစ်ကူးပွဲတော်ဆိုတော့ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ကြိုပြီးတော့ ဆုတောင်းပေးပါတယ်ကွာ...။"
လျန်ထျန်းက အပြုံးဖြင့် ပြန်ပြောလိုက်လေသည်။
"အစ်ကို... ကျွန်တော်လည်း အစ်ကို့ဆီ ဖုန်းခေါ်မလို့ လုပ်နေတာ...။ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ကြိုပြီးတော့ ဆုတောင်းပေးပါတယ်...။"
"အစ်ကိုနဲ့ တိုင်ပင်စရာ ကိစ္စလေး တစ်ခု ရှိသေးတယ်...။ အခုချက်ချင်း ဗီဒီယိုကောလ် ခေါ်လို့ အဆင် ပြေနိုင်မလား...။"
လျန်ထျန်းက ဗီဒီယိုကောလ် ခေါ်ရန် ပြောလိုက်သောအခါ လုချွမ်းရှုံမှာ ခေတ္တမျှ ကြောင်အသွား သော်လည်း ချက်ချင်းပင် သဘောတူလိုက်လေသည်။
"ပြဿနာ မရှိပါဘူး...။ ညီလေးအတွက် အဆင်ပြေတယ်ဆိုရင် အစ်ကိုက အချိန်မရွေး အသင့်ပါပဲ...။ ဘာပဲဖြစ်ဖြစ် အခု ညီလေးက အစ်ကို့ရဲ့ အကြီးဆုံး အစုရှယ်ယာရှင် ဖြစ်နေပြီပဲ ဟားဟားဟား...။"
လျန်ထျန်းက လုချွမ်းရှုံနှင့် ဖုန်းပြောနေစဉ် ဟူဖုန်ယို့မှာ လျစ်လျူရှုခံလိုက်ရသဖြင့် အလွန် ဒေါသထွက် သွားခဲ့လေသည်။
"ဟို အစားအသောက်ပို့တဲ့ ကောင်စုတ်လေး...။ ခုလိုအချိန်မှာတောင် သူများကို နှစ်သစ်ကူး ဆုတောင်းပေးဖို့ စဉ်းစားနေသေးတာလား...။"
"ငါ မင်းကို သတိပေးထားတယ်နော်...။ ငါက ကျင်းတ အိမ်ခြံမြေရဲ့ စီမံကိန်းဌာနက ဒုတိယ အထွေထွေ မန်နေဂျာကွ...။ မင်းကို တစ်မိနစ်အတွင်း ဖျက်ဆီးပစ်လိုက်လို့ ရတယ်...။"
ထိုအချိန်တွင် လျန်ထျန်းနှင့် လုချွမ်းရှုံတို့မှာ ဗီဒီယိုကောလ် စတင်ပြောဆိုနေပြီဖြစ်ရာ ဟူဖုန်ယို့ ပြော လိုက်သော စကားအားလုံးကို လုချွမ်းရှုံ ကြားသွားခဲ့လေသည်။
ထိုစကားများကို ကြားလိုက်ရသောအခါ ဗီဒီယိုထဲမှ လုချွမ်းရှုံက တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော် လည်း လျန်ထျန်းက သူ၏ နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်လေ သည်။
ထို့နောက် လျန်ထျန်းက လုချွမ်းရှုံ အနေဖြင့် ဟူဖုန်ယို့၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ကင်မရာကို အနောက်ဘက်သို့ လှည့်လိုက်လေသည်။
ထိုအခါ လျန်ထျန်းက ဟူဖုန်ယို့ကို မေးလိုက်လေသည်။
"ဒုတိယ အထွေထွေမန်နေဂျာဟူ ဟုတ်တယ်မလား...။ ခင်ဗျားက တကယ့်ကို တစ်မျိုးပါပဲ...။ ဒုတိယ အထွေထွေမန်နေဂျာလောက်နဲ့ ကျင်းတ အိမ်ခြံမြေကို ကိုယ်ပိုင် စီးပွားရေးနဲ့ မခြားဘူးလို့ ပြောရဲတယ် ပေါ့...။"
"ခင်ဗျားရဲ့ ယုံကြည်မှုတွေက ဘယ်ကများ ရလာတာလဲဆိုတာ ကျွန်တော် တကယ် သိချင်မိတယ်...။"
ထိုလှောင်ပြောင်သည့် စကားများကို ကြားသောအခါ ဟူဖုန်ယို့က မည်သည့် ထိန်းချုပ်မှုမျှမရှိဘဲ လှောင်ရယ် ရယ်မောလိုက်လေသည်။
"ဒုတိယ အထွေထွေမန်နေဂျာလောက်နဲ့ ဟုတ်လား...။ မင်းလို အောက်တန်းစား အစားအသောက်ပို့တဲ့ သူကို ဖြေရှင်းဖို့က ငါ ကျင်းတ အိမ်ခြံမြေရဲ့ ဒုတိယ အထွေထွေမန်နေဂျာ တစ်ယောက်အနေနဲ့ ကုမ္ပဏီ တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ဘူးလို့ ထင်နေတာလား...။"
"ပြီးတော့ မင်းလို ပစ္စည်းပို့တဲ့ ကောင်လေးကို ပြောပြရမှာ ငါ မကြောက်ပါဘူး...။ လူသားအရင်းအမြစ် ဌာနက ဒုတိယ အထွေထွေမန်နေဂျာနဲ့ ဈေးကွက်ရှာဖွေရေး ဌာနက ဒုတိယ အထွေထွေမန်နေဂျာတို့နဲ့ လည်း ငါက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်...။"
"ငါတို့ ဒုတိယ အထွေထွေမန်နေဂျာတွေ အားလုံး ပေါင်းလိုက်ရင် ကျင်းတ အိမ်ခြံမြေရဲ့ တစ်ဝက်ကို ထိန်းချုပ်ထားနိုင်တယ်ကွ...။"
"ပြီးတော့ ငါတို့ရဲ့ အဆက်အသွယ်တွေကို ထပ်ပြီး ချဲ့ထွင်လိုက်မယ်ဆိုရင် အယ်လ်မြို့တော်က စီးပွားရေးလုပ်ငန်း အများစုနဲ့တောင် ချိတ်ဆက်လို့ ရသေးတယ်...။"
"ငါ ပြောခဲ့သလိုပဲ...။ ဒီလောကမှာ အောင်မြင်ဖို့ဆိုရင် အဆက်အသွယ်နဲ့ ဩဇာအာဏာ လိုအပ်တယ်...။ မင်းလို ကောင်လေးက ငါ့ကို စိန်ခေါ်ဖို့ ယုံကြည်မှုတွေ ဘယ်ကရနေတာလဲဆိုတာ အခု ငါ သိချင်လာ ပြီ...။"
နောက်ဆုံး စကားကို ပြောလိုက်ချိန်တွင် ဟူဖုန်ယို့မှာ အလွန် ယုံကြည်မှု ရှိနေပြီး သူတစ်ပါးထက် သာလွန်သည်ဟူသော အငွေ့အသက်များ ထွက်ပေါ်နေကာ သူတစ်ဦးတည်းသာလျှင် ဘုရင်တစ်ပါး ဖြစ်နေသည့်အလား ပုံဖမ်းနေလေတော့သည်။
ထိုစကားများကို ကြားသောအခါ လျန်ထျန်းက စိတ်ဝင်စားစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ဒီကိစ္စက တော်တော်လေး ကျယ်ပြန့်သွားပြီပဲ...၊ အစ်ကိုလု...။ အစ်ကို အကုန် ကြားလိုက်တယ် မဟုတ် လား...။"
လျန်ထျန်းက အစ်ကိုလု ဟု ခေါ်လိုက်သောအခါ ဟူဖုန်ယို့၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားလေသည်။
သို့ရာတွင် ဟူဖုန်ယို့မှာ မကြာမီပင် ထပ်မံ ရယ်မောလိုက်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် လု ဟူ သော မျိုးရိုးနာမည် ရှိသူ အနည်းငယ်သာ ရှိသော်လည်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ တစ်ဦးတည်းသာ ရှိသည် မဟုတ်ဘဲ တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်ရမည်ဟု သူ တွေးလိုက်မိသောကြောင့် ဖြစ်သည်။
*အစားအသောက်ပို့တဲ့ ကောင်စုတ်လေးက ဘယ်လို လူမျိုးကိုများ သိနိုင်မှာလဲ...။ သူက တခြား အောက်တန်းစားတွေနဲ့ပဲ ပေါင်းသင်းနိုင်မှာပါ...။*
"မင်းရဲ့ အစ်ကိုလု ဆိုတာကကော ဘယ်နေရာကနေ ပုန်းနေတာလဲ...။ နာမည်သုံးပြီး ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား...။ တကယ်ပါပဲ...၊"
သို့သော် ဤတစ်ကြိမ်တွင် သူ စကားပင် မဆုံးသေးမီ လျန်ထျန်းက ဖုန်းကို လှည့်ပြလိုက်ရာ ဖုန်းမျက်နှာ ပြင်ပေါ်မှ လုချွမ်းရှုံနှင့် ဟူဖုန်ယို့တို့ မျက်နှာချင်းဆိုင် ဖြစ်သွားခဲ့လေသည်။
လုချွမ်းရှုံကို မြင်လိုက်ရသောအခါ ဟူဖုန်ယို့မှာ ရုတ်တရက် စကားပြော ရပ်သွားပြီး သူ၏ မျက်လုံးများ မှာ ပြူးထွက်လုမတတ် ကျယ်လာတော့သည်။
"ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။"
ဟူဖုန်ယို့၏ မယုံကြည်နိုင်သော အော်ဟစ်သံနှင့်အတူ ဖုန်းမျက်နှာပြင်ပေါ်မှ လုချွမ်းရှုံ၏ ဒေါသတကြီး အော်ဟစ်သံပါ ထွက်ပေါ်လာခဲ့လေသည်။
"မင်း ဘယ်လိုတောင် ရဲတင်းနေတာလဲ...။"
"ဒုတ်..."
ဟူဖုန်ယို့မှာ ခြေထောက်များ ခွေယိုင်သွားပြီး ဒူးထောက်ကျသွားခဲ့လေသည်။
"ဥက္ကဋ္ဌကြီး...၊ ကျွန်တော်... ကျွန်တော်... မှားသွားပါတယ်...။ ဒီအစားအသောက်ပို့တဲ့ ကောင်စုတ်လေးနဲ့ စကားပြောနေတာ ဥက္ကဋ္ဌကြီးမှန်း ကျွန်တော် မသိခဲ့လို့ပါ...။ ကျွန်တော်..."
ဟူဖုန်ယို့ စကားပင် မဆုံးသေးမီ လုချွမ်းရှုံက ဒေါသတကြီး ထပ်မံ အော်ဟစ်လိုက်လေသည်။
"ဘယ်သူ့ကို အစားအသောက်ပို့တဲ့ ကောင်စုတ်လို့ ခေါ်နေတာလဲ...။ မင်းရှေ့မှာ ရှိနေတဲ့သူက ကျင်းတ အိမ်ခြံမြေရဲ့ အကြီးဆုံးအစုရှယ်ယာရှင် ကွ...။"
အခန်း (၅၈) ခင်ဗျားက ချွီကောင်း လား
"ဘာ... သူ... သူက ကျင်း တ အိမ်ခြံမြေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အကြီးဆုံး အစုရှယ်ယာရှင် ဆိုတာ လား...။"
"ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...၊ သူ့မိသားစုကတော့ သူက သာမန် အစားအသောက်ပို့တဲ့သူ တစ်ယောက်ပါပဲလို့ ပြောကြတယ်လေ...။"
"ငါတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အစုရှယ်ယာရှင် အကြီးဆုံးက ကုမ္ပဏီအုပ်စုထဲကို စုစုပေါင်း ယွမ် ဆယ်သန်းနီးပါးလောက် ရင်းနှီးမြှုပ်နှံထားတာလေ...။ သူက ဘယ်လိုလုပ်ပြီး...၊"
သနားစရာကောင်းလှသော ဟူဖုန်ယို့မှာ ရာထူးသစ်ရထားသူ တစ်ဦးဖြစ်သောကြောင့် ထိုလျှို့ဝှက် ဆန်းကြယ်သော အစုရှယ်ယာရှင် အကြီးဆုံးနှင့် တွေ့ဆုံခွင့် မရခဲ့သေးချေ။
ယခုမူ ထိုလျှို့ဝှက်ဆန်းကြယ်သော အစုရှယ်ယာရှင် အကြီးဆုံးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့လိုက်ရလေရာ နောင်တရရန်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။
ဟူဖုန်ယို့ပင် ဤကဲ့သို့ ဖြစ်နေလျှင် ထျန်းဟုန်၊ ထျန်းထောင်၊ ဟို့ကွမ်ကျွမ်းနှင့် အခြားသူများမှာမူ ပို၍ပင် မှင်တက်အံ့ဩသွားကြလေသည်။
သို့ရာတွင် ထျန်းဟုန်မှာ ဤအမှန်တရားကို လက်မခံနိုင်ဘဲ ဟူဖုန်ယို့၏ လက်မောင်းကို အတင်းဆွဲကာ ထူမရန် ကြိုးစားလေသည်။
"အချစ်...၊ ဘာတွေ လုပ်နေတာလဲ...။"
"သူက သာမန် အစားအသောက်ပို့တဲ့သူ တစ်ယောက်ပါ...။ အချစ်ရဲ့ ကျင်းတ အိမ်ခြံမြေက ဥက္ကဋ္ဌကြီးကို ဘယ်လိုလုပ် သိနိုင်မှာလဲ...။ ဒီဗီဒီယိုက အတုဖြစ်ရမယ်...။"
ထိုစကားကို ကြားသောအခါ ဟူဖုန်ယို့မှာ ရေနစ်သူ ဝါးရုံပင်ကို ဆွဲမိသွားသည့်အလား ချက်ချင်း ခုန်ထ ကာ အော်ဟစ်လိုက်လေသည်။
"ဟုတ်တယ်...၊ နံစော်နေတဲ့ အစားအသောက်ပို့တဲ့ ကောင်စုတ်လေးက ငါတို့ ကျင်းတ အိမ်ခြံမြေရဲ့ အကြီးဆုံး အစုရှယ်ယာရှင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ပြီးတော့ ဥက္ကဋ္ဌကြီးကိုကော ဘယ်လိုလုပ် သိနိုင်မှာလဲ...။"
"ဟက်...၊ ဒီခေတ်က ကောင်စုတ်လေးတွေက တကယ်ကို သရုပ်ဆောင် ကောင်းကြတာပဲ...။ အရေးကြီး ပုဂ္ဂိုလ်တွေရဲ့ ဗီဒီယိုတွေကိုတောင် အတုလုပ်နိုင်နေကြပြီ...။ ငါကတော့...၊"
သို့ရာတွင် နောက်တစ်စက္ကန့်၌ပင် ဟူဖုန်ယို့၏ ဖုန်းမှာ မြည်လာခဲ့လေသည်။
လျန်ထျန်း၏ ဖုန်းမျက်နှာပြင်ပေါ်တွင် လုချွမ်းရှုံက ရုံးခန်းရှိ ကြိုးဖုန်းကို ကိုင်ထားကာ ဟူဖုန်ယို့ကို အေးစက်စက် စိုက်ကြည့်လျက် ဩရှသောအသံဖြင့် ပြောလိုက်လေသည်။
"ဖုန်းကိုင်လိုက်စမ်း...။"
ဟူဖုန်ယို့က ဖုန်းကို ထုတ်ယူလိုက်ပြီး မျက်နှာပြင်ပေါ်ရှိ ဖုန်းခေါ်ဆိုသူ၏ အမည်ကို ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီလာတော့သည်။
အဘယ်ကြောင့်ဆိုသော် ဖုန်းမျက်နှာပြင်ပေါ်တွင် ဥက္ကဋ္ဌရုံးခန်း၏ ဖုန်းနံပါတ် ဟု ရှင်းလင်းစွာ ပေါ်နေ သောကြောင့် ဖြစ်လေသည်။
ယခုမူ ဟူဖုန်ယို့မှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သူသည် ဒုတ်ကနဲ အသံနှင့်အတူ ထပ်မံ ဒူးထောက်ကျသွားပြီး လုချွမ်းရှုံနှင့် လျန်ထျန်းတို့ကို အရူးအမူး ဦးညွှတ် တောင်းပန်လေတော့သည်။
"ဥက္ကဋ္ဌကြီး...၊ အကြီးဆုံး အစုရှယ်ယာရှင်...။ ကျွန်တော်က ဘာမှမဟုတ်တဲ့ ပိုးမွှားလေး တစ်ကောင်ပါ... အားလုံးက ကျွန်တော့်အမှားတွေပါ...။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးကြပါ...။"
ဤမြင်ကွင်းကို တွေ့လိုက်ရသော အခြားသူများအားလုံးမှာလည်း သူတို့၏ ရင်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလား အလွန်အမင်း တုန်လှုပ်အံ့ဩသွားကြလေတော့သည်။
ငါးစက္ကန့်၊ ခြောက်စက္ကန့်ခန့် ကြာပြီးနောက် ထျန်းထောင်က တံတွေးကို ခဲယဉ်းစွာ မြိုချလိုက်ပြီးမှ အပြုံး တုတစ်ခုကို ချက်ချင်းကာဖန်တီးကာ စကားစပြောလိုက်လေသည်။
"တူလေး... တကယ်တော့လေ...၊ ဦးလေးတို့က မင်းကို နောက်နေကြတာပါ...။"
ထိုစကားကို ကြားသောအခါ ဟို့ကွမ်ကျွမ်းကလည်း ချက်ချင်း ထောက်ခံပြောဆိုလာလေသည်။
"ဟုတ်တာပေါ့...။ ငါတို့အားလုံးက မိသားစုဝင်တွေပဲဟာ နောက်နေကြတာပါ ဟားဟား...။ မြေးလေး မင်းက တကယ့်ကို တော်တာပဲ...။ အခုလို ကြီးပွားနေတာကို ဘာလို့ မိသားစုကို မပြောပြရတာလဲ...။"
ထျန်းဟုန်ကလည်း ဟူဖုန်ယို့၏ လက်မောင်းကို ကိုင်ထားရာမှ လွှတ်လိုက်ပြီး လျန်ထျန်းအနီးသို့ ကပ်လာကာ သူမ၏ လှပသော မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် ပြောလေသည်။
"ချစ်စရာကောင်းတဲ့ တူလေး...။ ဒီနေ့ အဒေါ်တို့ဘက်က အမှားလုပ်မိတာတွေ ရှိပေမဲ့ ဒီပဋိပက္ခ သေးသေးလေးကြောင့် ငါတို့ရဲ့ မိသားစု သံယောဇဉ်ကိုတော့ မထိခိုက်ပါစေနဲ့နော်...။"
"ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက မိသားစုဝင်တွေပဲ မဟုတ်လား...။ သွေးက ရေထက် ပြစ်တယ်ဆိုတာ မင်းလည်း သိပါတယ်...။"
ယခင်က လျန်ထျန်းနှင့် ထျန်းဝန်ဝန်တို့အပေါ် ထိုမျှ ဆိုးရွားစွာ ဆက်ဆံခဲ့ကြသော်လည်း ယခုမူ အလျော့ ပေးသည့် စကားအနည်းငယ်နှင့် နောက်ပြောင်သည်ဟု ပြောလိုက်ရုံဖြင့် အရာအားလုံး ပြီးဆုံးသွားမည် ဟု သူတို့ ထင်နေကြလေသည်။
ဤသည်မှာ အိပ်မက်မက်နေသည်ထက်ပင် ပို၍ စိတ်ကူးယဉ်ဆန်လွန်းလှပေသည်။
မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်လိုက်ပြီဖြစ်ရာ လျန်ထျန်းမှာ ဆက်လက် ဖုံးကွယ်ထား ရန် မလိုအပ်တော့ပေ။ သူသည် အနီးသို့ ကပ်လာသော ထျန်းဟုန်ကို တွန်းဖယ်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်လေသည်။
"ဘယ်သူက ခင်ဗျားတို့ရဲ့ မိသားစုဝင်လဲ...။ မိသားစုဝင်အချင်းချင်း ဒီလိုမျိုး ဆက်ဆံကြတာလား...။"
အစောပိုင်းက လျန်ထျန်းကို အပြင်းထန်ဆုံး ဝေဖန်ခဲ့သော ဟို့ကွမ်ကျွမ်းမှာ ယခုအခါ အခြေအနေကို ပြေလည်စေရန် ရှေ့သို့ထွက်လာခဲ့လေသည်။
"ကဲပါ...။ အားလုံး ပြီးသွားပါပြီ...။ ချစ်လှစွာသော မြေးလေးရယ် ဒေါသထွက်ပြီး သူစိမ်းဆန်တဲ့ စကား တွေ မပြောပါနဲ့...။ သွေးက ရေထက် ပြစ်တယ်လေ ငါတို့အားလုံးက မိသားစုဝင်တွေပဲဟာ...။"
လျန်ထျန်းက ဒေါသတကြီး ရယ်မောလိုက်ပြီး မည်သည့် အားနာမှုမျှမရှိဘဲ ပြောလိုက်လေသည်။
"ခင်ဗျားက ချွီကောင်း လား...။ ခင်ဗျားက ကျွန်တော့်ကို တကယ် ဒေါသထွက်အောင် လုပ်နိုင်တာပဲ...။ အရင်တုန်းက ကျွန်တော့်ကို ကောင်စုတ်လေးလို့ ခေါ်နေပြီး အခုကျမှ သွေးက ရေထက် ပြစ်တယ်လို့ လာပြောနေတာလား...။"
"ပြီးတော့ ခင်ဗျားက ကျွန်တော့်အမေရဲ့ မိထွေးပဲလေ...။ ကျွန်တော်နဲ့ သွေးသားတော်စပ်မှု နည်းနည်း လေးတောင် ရှိလို့လား...။ ခင်ဗျားတို့အားလုံးက ငွေမက်နေကြတာပါ...။ တောက်...၊ အရှက်မရှိလိုက် ကြတာ...။"
ထျန်းထောင်က ဘယ်ကနေ ဒေါသထွက်လာမှန်း မသိဘဲ ရုတ်တရက် အော်ဟစ်လိုက်လေသည်။
"လျန်ထျန်း... မင်း အရမ်း လွန်သွားပြီနော်...။"
"ဘာပဲဖြစ်ဖြစ် ငါ့အမေက မင်းရဲ့ အဘွားပဲ...။ ငါက မင်းရဲ့ ဦးလေး...။ ရှောင်ဟုန်က မင်းရဲ့ အဒေါ်ပဲ လေ...။"
ခေတ္တမျှ ရပ်နားပြီးနောက် ထျန်းထောင်က စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။
"မင်း ခုနက ပြောလိုက်တဲ့ စကားတွေက ငါတို့ရဲ့ ခံစားချက်တွေကို တကယ် နာကျင်စေတယ်...။ ပြား (၅၀) လောက်နဲ့ ပြေလည်သွားမှာ မဟုတ်ဘူးလို့ မင်းထင်နေတာလား...။ မင်းက ကျင်းတ အိမ်ခြံမြေရဲ့ အကြီးဆုံးအစုရှယ်ယာရှင် ပဲ...။ ပြား (၅၀) လောက်တော့ မင်းအတွက် အရေးမကြီးပါဘူး ဟုတ်တယ်မ လား...။"
ထိုအချိန်တွင် ထျန်းဝန်ဝန်နှင့် ရှီလီလီတို့ အတွင်းခန်းထဲမှ ထွက်လာခဲ့ကြလေသည်။
ထျန်းဝန်ဝန်၏ မျက်နှာထက်တွင် မျက်ရည်စများ ရှိနေသေးသော်လည်း သူမ၏ အမူအရာမှာ ယခင်နှင့် မတူဘဲ အလွန် ခိုင်မာပြတ်သားနေလေသည်။ သူမ ထွက်လာသည်နှင့် တစ်ပြိုင်နက် ပြောလိုက်လေ သည်။
"ကျွန်မသားက ပိုက်ဆံမလိုဘူး ဆိုရင်တောင် ရှင်တို့ကို ပိုက်ဆံပေးရမယ့် ဝတ္တရားတော့ မရှိဘူး...။"
ဟို့ကွမ်ကျွမ်းက ခြေစောင့်ကာ အော်လိုက်လေသည်။
"ထျန်းဝန်ဝန်... နင်က နင့်ရဲ့ မျိုးရိုးနာမည်ကိုတောင် တကယ် မေ့သွားပြီလား...။ ကိုယ့်သားကိုယ်တောင် မထိန်းနိုင်ဘူးလား...။"
"ဘာပဲဖြစ်ဖြစ် နင်တို့အားလုံးကို ငါက ကျွေးမွေးပြုစုခဲ့တာပဲ...။ ငါ့ကို ပိုက်ဆံပေးရမယ့် တာဝန် ဘာလို့ မရှိရမှာလဲ...။"
"ဒီနှစ်တွေတစ်လျှောက်လုံး နင်တို့ရဲ့ အရင်းအချာ ဖခင်ဖြစ်တဲ့ အဲ့ဒီ အဘိုးကြီးကို ငါက စောင့်ရှောက်ပေး ခဲ့တာ...။ နင်တို့ ငါ့ကို ကိုယ်ကျင့်တရားအရရော ယုတ္တိအရပါ အကြွေးတင်နေတာ...။"
ထိုစကားများ အားလုံးကို ကြားပြီးနောက် အိမ်ထဲသို့ ဝင်လာကတည်းက စကားသိပ်မပြောခဲ့သော ထျန်းကျန့် က နောက်ဆုံးတွင် ဝင်ပြောလိုက်လေသည်။
"ခင်ဗျားက ကျွန်တော်တို့ကို ကျွေးမွေးပြုစုခဲ့တယ် ဟုတ်လား...။ ကျွန်တော် ကောင်းကောင်း မှတ်မိ သေးတယ်...။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ သုံးယောက်လုံး ထမင်းစားပွဲမှာ ထိုင်ခွင့် မရခဲ့ကြဘူး...။"
"ခင်ဗျားရဲ့ သားသမီးအရင်းတွေ အရင်စားလို့ ဝသွားမှ ကျန်တဲ့ စားမကောင်းတဲ့ အစားအစာတွေက ကျွန်တော်တို့ အလှည့် ရောက်တာလေ...။ အဲ့ဒါတောင် ကျွန်တော်တို့က ဝအောင် မစားခဲ့ရဘူး...။"
"ခင်ဗျား သဘောမကျတာ တစ်ခုခု လုပ်မိရင် ထမင်းမကျွေးဘဲ အပြစ်ပေးတတ်သေးတယ်...။ ခင်ဗျား က ကျွန်တော်တို့ကို ကျွန်တော်တို့ အဖေအရင်းရဲ့ လစာနဲ့ ကျွေးမွေးခဲ့တာပါ...။"
ထျန်းဝန်ဝန်၏ မျက်လုံးများ နီရဲလာပြီး အံကြိတ်ကာ ထောက်ခံပြောဆိုလိုက်လေသည်။
"ဟုတ်တယ်...၊ ငယ်ငယ်ကတည်းက ကြီးလာတဲ့အထိ ရှင်က ကျွန်မတို့ သုံးယောက်အပေါ် ဘယ် လောက်တောင် ဂရုစိုက်ခဲ့ဖူးလို့လဲ...။ ရှင့်မျက်လုံးထဲမှာ ကျွန်မတို့က ခွေးတစ်ကောင်၊ ကြောင်တစ် ကောင်လောက်တောင် တန်ဖိုးမရှိခဲ့ဘူး မဟုတ်လား...။"
"အခုချိန်အထိ ရှင်က ကျွန်မတို့အဖေကို ပြုစုစောင့်ရှောက်နေတယ်လို့ ပြောနေပေမဲ့ အဖေ့ရဲ့ လစဉ် ပင်စင်လစာကို မက်လို့ မဟုတ်ဘူးလား...။"
"ခုနကတောင် ရှင်က ငါတို့အဖေကို ဘာမှမပါဘဲ မောင်းထုတ်မယ်လို့ ပြောနေသေးတယ်လေ...။ ဒီလောကမှာ ရှင့်ထက် ယုတ်မာတဲ့ မိန်းမ ရှိပါဦးမလား...။"
ပြင်းထန်စွာ ဝေဖန်ခံရပြီးနောက် ဟို့ကွမ်ကျွမ်းမှာ စကားပင်ပြန်မပြောနိုင်တော့ပေ။ ထိုအခါ ထျန်းထောင် က အရှက်မရှိစွာဖြင့် ဝင်ပြောပြန်လေသည်။
"အစ်မကြီး...၊ ဒုတိယအစ်ကို.... ဒါတွေက အတိတ်က အကြောင်းအရာတွေပါ...။ အချိန်တွေလည်း အတော်ကြာခဲ့ပြီဆိုတော့ ထပ်မပြောကြပါနဲ့တော့...။"
ထို့နောက် ထျန်းထောင်က လျန်ထျန်းဘက်သို့ ပြန်လှည့်ကာ ပြောပြန်လေသည်။
"တူလေး... မင်းက မိထွေးကို အသိအမှတ်မပြုချင်ရင်တောင် ဦးလေးကိုတော့ အသိအမှတ်ပြုရမှာပေါ့ မဟုတ်ဘူးလား...။ ငါတို့ကြားက သွေးသားတော်စပ်မှုကိုတော့ မင်း ငြင်းလို့မရဘူးလေ...။"
"တကယ်တော့ ဦးလေးက အများကြီး မတောင်းဆိုပါဘူး...။ ပြီးခဲ့တဲ့ ခြောက်လအတွင်းက အကြွေးတွေ ဆပ်နိုင်ဖို့ ပြား (၅၀) လောက် ပေးရင် ရပါပြီ...။"
"ပြီးတော့ ဦးလေးအတွက် ကျင်းတ အိမ်ခြံမြေမှာ အလုပ်တစ်ခုလောက် စီစဉ်ပေးပါ...။ ရာထူးက အရမ်း မြင့်စရာ မလိုပါဘူး ကြီးကြပ်ရေးမှူး ဒါမှမဟုတ် မန်နေဂျာ ရာထူးလောက်ဆို ရပါပြီ...။ ပြီးတော့ တစ်နှစ်စာ လစာက ယွမ် တစ်ယွမ်ထက်တော့ မနည်းစေနဲ့ပေါ့...။"
ထိုစကားကို ကြားသောအခါ ထျန်းဟုန်ကလည်း ဝင်ပြောလေသည်။
"ဟုတ်တာပေါ့...၊ ငါတို့အားလုံးက မိသားစုဝင်တွေပဲလေ...။ နင်က ငါတို့ကို မကူညီရင် ဘယ်သူ့ကို သွားကူညီမှာလဲ...။"
"အဒေါ်ကလည်း အများကြီး မတောင်းဆိုပါဘူး...။ နင့်ဦးလေးကို အပြစ်မတင်ပါနဲ့...၊ သူ့ကို စီမံကိန်း ဌာနက ဒုတိယ အထွေထွေမန်နေဂျာ အဖြစ် ဆက်လုပ်ခွင့်ပေးလိုက်ပါ...။"
"တကယ်လို့ မိသားစု သံယောဇဉ်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ နင့်ဦးလေးကို အထွေထွေ မန်နေဂျာ အဖြစ် ရာထူးတိုးပေးလိုက်ရင် ပိုတောင် ကောင်းသေးတယ်...။"
"နင်က ကျင်းတ အိမ်ခြံမြေရဲ့ အကြီးဆုံးအစုရှယ်ယာရှင် ဖြစ်နေပြီပဲလေ….။ အထွေထွေမန်နေဂျာ တစ်ယောက်ကို ခန့်အပ်ဖို့ဆိုတာ နင့်အတွက် စကားတစ်ခွန်းပဲ လိုတာလေ...။ နင် လုပ်နိုင်မယ်လို့ အဒေါ် ယုံကြည်တယ်...။"
ထိုစကားကို ကြားသောအခါ မျှော်လင့်ချက် ကင်းမဲ့နေသော ဟူဖုန်ယို့၏ မျက်လုံးများတွင် မျှော်လင့် ချက် ရောင်ခြည်လေး တစ်ဖန် ပြန်လည် တောက်ပလာလေသည်။
သို့ရာတွင် ထိုမျက်နှာများကို ကြည့်ကာ လျန်ထျန်းက မည်သည့် အမူအရာမျှမရှိဘဲ စကားတစ်ခွန်းသာ ပြန်ပြောလိုက်လေသည်။
"ရူးနေကြတာလား...။"