← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉) ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်ခြင်း

"ခင်ဗျားတို့က တကယ်ပဲ တုံးအနေကြတာလား...။ ဒါမှမဟုတ် ကျွန်တော့်ကိုပဲ အရူးလို့ ထင်နေကြတာ လား...။"

"အခြေအနေက ဒိလောက်တောင် ဆိုးရွားနေပြီကို ခင်ဗျားတို့က ကျွန်တော့်ဆီကနေ ဟိုဟာပေးပါ ဒီဟာ ပေးပါဆိုပြီး တောင်းဆိုရဲသေးတယ်ပေါ့...။"

"ကျွန်တော် မြည်းကန်ခံရပြီး ဦးနှောက်ပျက်သွားပါစေလို့ ဆုတောင်းနေတယ်ဆိုရင်တော့ တောင်းပန် ပါတယ်…။ ခင်ဗျားတို့ တကယ်ပဲ စိတ်ပျက်ရလိမ့်မယ်...။ ကျွန်တော်က လုံးဝကို ပုံမှန်ပါပဲ...။"

"ဒီနေ့ ကျွန်တော့်အနေနဲ့ သူ့ကို ဘယ်အလုပ်မှ ပေးမှာ မဟုတ်သလို ဤဒုတိယ အထွေထွေမန်နေဂျာ ဟူ ကိုလည်း ကျင်းတ အိမ်ခြံမြေကို ဆက်ပြီး ဒုက္ခပေးနိုင်အောင် ဘယ်လို သနားညှာတာမှုမျိုးမှ ပြသမှာ မဟုတ်ဘူး...။"

"အရေးအကြီးဆုံးကတော့ ကျွန်တော် ခင်ဗျားတို့ကို ငွေတစ်ပြားတစ်ချပ်မှ ပေးမှာ မဟုတ်ဘူး...။ ဒါကြောင့် အဲ့ဒီ အတွေးကို အမြန်ဆုံး စွန့်လွှတ်လိုက်တာ ကောင်းမယ်...။"

လျန်ထျန်း၏ ပြတ်သားသော စကားများကို ကြားလိုက်ရသောအခါ ဟို့ကွမ်ကျွမ်းနှင့် အခြားသူများမှာ အထိတ်တလန့် ဖြစ်သွားကြလေသည်။

သို့ရာတွင် သူတို့၏ အကြည့်များက ထျန်းဝန်ဝန်ထံသို့ ရောက်ရှိသွားကြပြီး သူမကို သူတို့စကား နားထောင်သူအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပုံရလေသည်။

"ဝန်ဝန်... နင့်အပေါ် အရင်က လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်...။ ဒါပေမဲ့ နင့်မိသားစုအပေါ် ခုလိုမျိုး မဆက်ဆံသင့်ဘူးလေ...။ ကျေးဇူးပြုပြီး နင့်သားကို ပြောပေးပါဦး...။"

"ဟုတ်တယ် အစ်မကြီး...။ ငါတို့အားလုံးက မိသားစုဝင်တွေပဲဟာ...။ အတိတ်က ကိစ္စတွေကို မေ့ထား လိုက်ပြီး အခုကစလို့ အဆင်ပြေပြေ နေသွားကြရအောင်လေ...။"

"အစ်မကြီး... ချစ်လှစွာသော အစ်မကြီးရယ်...၊ ငါ တောင်းပန်ပါတယ်...။ ငါ တောင်းပန်ပါတယ်...။"

ထျန်းဝန်ဝန်၏ မျက်ရည်များမှာ ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် မျက်စိရှေ့ရှိ အမည်ခံ မိသားစုဝင် ဆိုသူများကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး အတွင်းခန်းထဲသို့ ပြန်ဝင်ကာ ဖခင်ဖြစ်သူ ထျန်းကော်ချင်းကို တွဲထူ၍ လျန်ထျန်း၏ အနီးသို့ ရောက်လာခဲ့လေသည်။

သူမသည် နှုတ်ခမ်းကို ကိုက်ကာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် စကားပြော လိုက်လေသည်။

"ကောင်းပြီလေ...၊ ကျေအေးလိုက်ကြတာပေါ့...။"

ထိုစကားကို ကြားသောအခါ ဟို့ကွမ်ကျွမ်းနှင့် သားသမီးနှစ်ဦးမှာ ကြီးမားသော သက်သာရာရမှုကြီးကို ခံစားလိုက်ရပြီး သူတို့၏ မျက်နှာများမှာ ဝမ်းသာပျော်ရွှင်မှုများဖြင့် လင်းလက်သွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ မျက်လုံးထဲတွင် ထျန်းဝန်ဝန်သည် သူရဲဘောကြောင်သော ဖခင်ဖြစ်သူ ထျန်းကော်ချင်းကဲ့သို့ပင် စိတ်သဘောထား နူးညံ့ကာ ကြောက်ရွံ့တတ်ပြီး အလွယ်တကူ ထိန်းချုပ်နိုင်သူ တစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

ယခင် ပြဿနာများကို ဖြေရှင်းပြီးသည်နှင့် တစ်ပြိုင်နက် သူတို့သည် လျန်ထျန်းအား အညှာအတာမဲ့စွာ အမြတ်ထုတ်ရန် စတင်နိုင်ပြီ ဖြစ်လေသည်။

လျန်ထျန်း၏ ကျင်းတ အိမ်ခြံမြေ အစုရှယ်ယာရှင် အကြီးဆုံးဟူသော ဂုဏ်ပုဒ်ကို တွေးလိုက်ရုံမျှဖြင့် သူတို့ကို အလွန်အမင်း စိတ်လှုပ်ရှားစေရန် လုံလောက်နေပြီ ဖြစ်ကာ သူတို့အပေါ်သို့ ကြီးမားသော စည်းစိမ်ချမ်းသာများ ကျဆင်းလာတော့မည့် အနာဂတ်တစ်ခုကို စိတ်ကူးယဉ်နေခဲ့ကြလေပြီ။

သို့ရာတွင် သူတို့၏ နေ့ခင်းအိပ်မက်ထဲတွင် အချိန်ကြာမြင့်စွာ မနစ်မျောနိုင်မီမှာပင် ထျန်းဝန်ဝန်က ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်။

"အရာအားလုံးကို ကျေအေးလိုက်မယ်...။ အခုကစပြီး ငါရယ် ငါ့အဖေရယ် ပြီးတော့ နင်တို့တွေရယ်က ဘာမှ ပတ်သက်စရာ အကြောင်း မရှိတော့ဘူး...။"

"သား... အဘိုးကို အိမ်ပြန်ခေါ်သွားရအောင်...။ ငါတို့ ဒီနေရာကို ဘယ်တော့မှ ပြန်မလာတော့ဘူး...။ သားမှာလည်း အဘွား၊ ဦးလေး ဒါမှမဟုတ် အဒေါ်ဆိုတာ မရှိတော့ဘူး...။"

ထိုစကားကို ကြားလိုက်ရသောအခါ ဟို့ကွမ်ကျွမ်းနှင့် သားသမီးနှစ်ဦးမှာ ချက်ချင်းပင် ထိတ်လန့် သွားကြလေတော့သည်။

လျန်ထျန်းက မိခင်ဖြစ်သူကို ကြည့်ကာ နားလည်သဘောပေါက်စွာဖြင့် ပြုံးလိုက်လေသည်။

သူ၏ မိခင်သည် အတိတ်၏ ချည်နှောင်မှုမှ နောက်ဆုံးတွင် လွတ်မြောက်သွားပြီဖြစ်ကြောင်း သူ သိလိုက်လေသည်။

သို့သော် ဤကိစ္စက ဟို့ကွမ်ကျွမ်းနှင့် သားသမီးနှစ်ဦးကို အမှန်တကယ်ပင် အလန့်တကြား ဖြစ်သွားစေ ခဲ့သည်။ ကနဦး ထိတ်လန့်သွားပြီးနောက် သူတို့သည် ချက်ချင်း တန်းစီရပ်ကာ ထျန်းဝန်ဝန်တို့ အပြင် မထွက်နိုင်ရန် ပိတ်ဆို့လိုက်ကြလေသည်။

ဟို့ကွမ်ကျွမ်းက ဒေါသတကြီးဖြင့်၊

"ထျန်းဝန်ဝန်... နင်က ဘာသဘောလဲ...။ အခု ပိုက်ဆံရလာတော့ မိသားစုကို လျစ်လျူရှုတော့မလို့ လား...။ နင်က လူရော ဟုတ်ရဲ့လား...။"

ထျန်းထောင်ကလည်း အော်ဟစ်လိုက်လေသည်၊

"နင်တို့က ဒီတိုင်း ထွက်သွားရဲတယ်ဆိုရင် ကျေးဇူးကန်းတဲ့သူတွေလို့ အခေါ်ခံရပြီး ကွယ်ရာမှာ လူတွေ က အတင်းပြောမှာကို မကြောက်ဘူးလား...။"

ထျန်းဟုန်ကလည်း စူးရှသော အသံဖြင့် ဝင်ပြောလေသည်၊

"တကယ့်ကို ကျေးဇူးကန်းတဲ့ မိသားစုပဲ...။ သွေးသားတော်စပ်မှုကိုတောင် ဂရုမစိုက်ကြဘူး...။ ဘယ်လို သူရဲဘောကြောင်တဲ့သူတွေလဲ...။ သူတို့က တကယ့်ကို သွေးအေးလွန်းတယ်...။"

ဤသို့ ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်ခံရသောအခါ ထျန်းဝန်ဝန်မှာ မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ ခေတ္တမျှ ကြောင်အသွားလေသည်။

ထိုအချိန်တွင် လျန်ထျန်းက ရှေ့သို့ တက်လာကာ မိခင်ဖြစ်သူကို သူ၏ အနောက်တွင် ကွယ်ထားပေး လိုက်ပြီး အေးစက်စက် အပြုံးဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားတို့ သွေးအေးတယ်လို့ ထင်မြင်နေတာက ခိုင်းနှိုင်းချက်တစ်ခု သက်သက်ပါပဲ...။ ကျွန်တော်တို့ အတွက်တော့ ဘာမှ အရေးမပါဘူး...။"

"ပြီးတော့ ကျွန်တော့်ရဲ့ လက်ရှိ အနေအထားအရ ခင်ဗျားတို့ရဲ့ အတိတ်က လုပ်ရပ်တွေကို ဆက်ပြီး အရေးမယူတာကပဲ ကျွန်တော့်ဘက်က ပြသနိုင်တဲ့ အကြီးမားဆုံး သက်ညှာမှုပါပဲ...။"

"နောက်ဆုံးအနေနဲ့ အကြံဉာဏ် တစ်ခု ပေးခဲ့မယ်...။ လူဆိုတာ ကိုယ်ချင်းစာတရား ရှိဖို့ လိုတယ်...။ သူတစ်ပါးရဲ့ ကြင်နာမှုကို အခွင့်ကောင်းယူပြီး အရှက်မရှိတဲ့ အပြုအမူတွေ မလုပ်ကြနဲ့...။"

မှန်ပေသည်။ ဟို့ကွမ်ကျွမ်းနှင့် သားသမီးနှစ်ဦးသည် ထျန်းဝန်ဝန်၏ ကြင်နာမှုကို သူတို့၏ အရှက်မရှိ တာဝန်မဲ့သော လုပ်ရပ်များအတွက် ခွင့်ပြုချက်တစ်ခုအဖြစ် အမှန်တကယ် ယူဆထားကြလေသည်။

ထျန်းဝန်ဝန် တစ်ယောက်တည်း မဟုတ်ဘဲ ထျန်းကျန့်နှင့် ထျန်းရင်းတို့လည်း ပါဝင်လေသည်။

ဤမောင်နှမ သုံးဦးလုံးမှာ ဟို့ကွမ်ကျွမ်း သားအမိတစ်စု၏ အနိုင်ကျင့်မှုအောက်တွင် ကြီးပြင်းလာခဲ့ရ ခြင်း ဖြစ်လေသည်။

သူတို့က ထိုမောင်နှမ သုံးဦးကို အချိန်မရွေး ရိုက်နှက် ဆဲဆိုနိုင်သောကြောင့် ၎င်းတို့ကို အချိန်မရွေး ထိန်းချုပ်နိုင်သည်ဟူသော ထင်ယောင်ထင်မှား ဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့လေသည်။

ထိုမောင်နှမ သုံးဦး ကြီးပြင်းလာသောအခါတွင်လည်း ဟို့ကွမ်ကျွမ်း သားအမိတစ်စုသည် အခြေအနေ ကောင်းသူကို အမြတ်ထုတ်ကာ အခြေအနေမကောင်းသူကိုတော့ ကန်ထုတ်ပစ်ခဲ့ကြလေသည်။

ယခုအခါ လျန်ထျန်းက ကျင်းတ အိမ်ခြံမြေ၏ အစုရှယ်ယာရှင် အကြီးဆုံးအဖြစ် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်လိုက်သောအခါ သူတို့မှာ အသားတုံးကြီး တစ်တုံးကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြခြင်းဖြစ်လေသည်။

အသားလှီးမည့် ဓားမှာ အနည်းငယ် ထိန်းချုပ်ရ ခက်ခဲလာသော်လည်း ထိုအချက်ကို သူတို့ မည်သို့ လက်ခံနိုင်ပါမည်နည်း။

ထို့ကြောင့် သူတို့သည် အရှက်ကင်းမဲ့မှုနှင့် အောက်တန်းကျမှုတို့ဖြင့် နောက်ဆုံး ကြိုးစားရုန်းကန်မှုကို စတင်လိုက်ကာ ထို "အသားတုံး" ကို ခုန်အုပ်၍ ဆွဲဖြဲရန် ကြိုးပမ်းကြတော့သည်။

ဟို့ကွမ်ကျွမ်းမှာ မြေကြီးပေါ်တွင် လှဲချကာ လူးလှိမ့်လျက် ငိုယိုအော်ဟစ်လေသည်၊

"အမလေး… ဒုက္ခပါပဲ...။ ငါ အသက်မရှင်ချင်တော့ပါဘူး...။"

"လူကြီးမိဘဆိုတာ ဘယ်တော့မှ အမှားမရှိဘူး ကောင်းကင်ကြီးကလည်း ဘယ်တော့မှ အမှားမရှိဘူးလို့ ဆိုရိုးစကား ရှိတယ်...။ အခုတော့ ဒီကလေးတွေ ကြီးလာတော့ ငါ့ကို သေအောင် တွန်းပို့နေကြတာ လား...။"

ထျန်းထောင် ၊

"လျန်ထျန်း... မင်းရဲ့ ဦးလေးတစ်ယောက် အနေနဲ့ ငါ ဒီနေရာမှာ ပြတ်ပြတ်သားသား ပြောလိုက်မယ်...။ ငါ့အကြွေးတွေ ဆပ်ဖို့ ပိုက်ဆံမပေးဘဲ ငါ့အတွက်လည်း အလုပ်မစီစဉ်ပေးဘူးဆိုရင် မင်းကို ငါ တစ်သက်လုံး တရားစွဲမယ်...။"

ထျန်းဟုန်၊

"တူလေး... အဒေါ်က မင်းထက် အသက်အများကြီး မကြီးပေမဲ့ မင်းရဲ့ အဒေါ်ပဲလေ...။ မင်းရဲ့ဦးလေးကို ကူညီပေးနိုင်မယ်ဆိုရင် မင်း ဘာခိုင်းခိုင်း အဒေါ် လုပ်ပေးပါ့မယ်...။"

ထို့နောက် ဟူဖုန်ယို့ကလည်း မတ်တပ်ရပ်ကာ ဝင်ပြောလေသည်။

"ဟုတ်ပါတယ်... မစ္စတာလျန်...။ ကျွန်တော်က ခင်ဗျားရဲ့ အဒေါ်ကို တကယ် သဘောကျတာပါ...။ နှစ်သစ်ကူးပြီးရင် သူမကို လက်ထပ်ဖို့ စီစဉ်ထားပါတယ်...။ အဲ့ဒီအခါကျရင် ကျွန်တော်တို့ အားလုံးက မိသားစုဝင်တွေ ဖြစ်သွားပြီလေ...။"

"ဒါပေါ့... ကျွန်တော့်အနေနဲ့ ခင်ဗျားကို လေးစားမှု ရှိနေဦးမှာပါ...။ အခုကစပြီး ကျွန်တော်က ခင်ဗျားကို အကြီးဆုံး အစုရှယ်ယာရှင် လို့ ခေါ်မယ်...။ ခင်ဗျားက ကျွန်တော့်ကို ဦးလေးအရင်းလို သဘောထားပြီး ခေါ်ပေါ့...။ ကျွန်တော်တို့ အချင်းချင်း သင့်တော်သလို ခေါ်ကြတာပေါ့...။"

ဤမျှ ယုတ္တိမတန်ကာ အရှက်မရှိသော စကားများကို ကြားရသောအခါ လျန်ထျန်း၏ ရွံရှာမုန်းတီးမှုမှာ ပိုမို ပြင်းထန်လာခဲ့လေသည်။

ထိုအချိန်တွင် ဦးလေးကြီးဖြစ်သူ ထျန်းကျန့်က လျှောက်လာကာ ထျန်းထောင်၊ ထျန်းဟုန်နှင့် ဟူဖုန်ယို့ တို့ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ဩရှသောအသံဖြင့် ပြောလေသည်။

"တော်ကြပါတော့...။"

"ငါ့တူက ဆွေမျိုးတွေနဲ့ ဝေးကွာသွားမှာကို ကြောက်လို့ သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ပြဘဲ ပြန်လာခဲ့တာ...။ ဒါပေမဲ့ မင်းတို့အားလုံးက သူ့ကို ဘယ်လို ဆက်ဆံခဲ့ကြသလဲ...။"

"မင်းတို့ကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းတို့က အမိအရ မဆုပ်ကိုင်နိုင်ခဲ့ဘူး...။ ငါ မင်းတို့ကို ပြောပြ မယ်...။ ငါ့တူက ကျင်းတ အိမ်ခြံမြေရဲ့ အကြီးဆုံး အစုရှယ်ယာရှင် တစ်ခုတည်း မဟုတ်ဘူး...။"

"အခုဆို ငါ့ကုမ္ပဏီနဲ့ ရှီမိသားစုရဲ့ စီးပွားရေးလုပ်ငန်းစုမှာတောင် ငါ့တူ ပိုင်ဆိုင်တဲ့ အစုရှယ်ယာ အများကြီး ရှိနေပြီ...။"

"ဒါတွေ အားလုံးကို ပေါင်းစပ်လိုက်ရင် ငါ့တူရဲ့ လက်ရှိ အင်အားက မင်းတို့ အရှက်မရှိ ပြဿနာရှာရုံနဲ့ ရင်ဆိုင်နိုင်တဲ့ အတိုင်းအတာထက် အများကြီး သာလွန်နေပြီ...။"

"ငါ့တူက ဆုံးဖြတ်လိုက်မယ်ဆိုရင် မင်းတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မင်းတို့ရဲ့ အနာဂတ် နေ့ရက်တွေက လွယ်ကူမှာ မဟုတ်ဘူး...။"

ဦးလေးဖြစ်သူ၏ ကူညီပြောဆိုမှုနှင့်အတူ လျန်ထျန်းက သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ပြသလိုက် ပြီး ဟူဖုန်ယို့ကို ဦးစွာ ကြည့်လိုက်လေသည်။

"ဟုတ်တယ် မစ္စတာဟူ...။ ခင်ဗျားက ကျွန်တော့်အဒေါ်ကို လက်ထပ်ဖို့ စီစဉ်ထားသည်ဖြစ်စေ မစီစဉ် ထားသည်ဖြစ်စေ ကျင်းတ အိမ်ခြံမြေကတော့ ခင်ဗျားကို လုံးဝ လက်ခံထားမှာ မဟုတ်ဘူး...။"

"ဒါ့အပြင် ခင်ဗျားနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ ဒုတိယ အထွေထွေမန်နေဂျာတွေကိုပါ တင်းကြပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်...။"

"ငါတို့ အကုန် စုံစမ်းပြီးသွားရင်...။ ကုမ္ပဏီကနေ ထုတ်ပစ်သင့်တဲ့သူကို ထုတ်ပစ်မယ်...။ ထောင်ထဲ ပို့သင့်တဲ့သူကိုလည်း ထောင်ထဲ ပို့ပစ်မယ်...။"

"ပြီးတော့ ခင်ဗျားတို့ရဲ့ ပြဿနာတွေ အားလုံးကိုလည်း လုပ်ငန်းခွင်ထဲမှာ ဖော်ထုတ်ပစ်မယ်...။ အဲ့ဒီအခါ ကျရင် ဘယ်ကုမ္ပဏီက ခင်ဗျားတို့ကို အလုပ်ခန့်ရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့...။"

ထိုစကားကို ကြားသောအခါ ဟူဖုန်ယို့မှာ လုံးဝ စိတ်ဓာတ်ကျသွားပြီး လမ်းဘေးခွေး တစ်ကောင်ကဲ့သို့ ခွေယိုင်ကျသွားတော့သည်။

အဒေါ်ဖြစ်သူ ထျန်းဟုန်က ဟူဖုန်ယို့နှင့် အမြန် ခွာလိုက်ပြီး နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေး ကို ဆုပ်ကိုင်ထားကာ သူမ၏ တောက်ပသော မျက်လုံးများဖြင့် လျန်ထျန်းကို ကြည့်လိုက်လေသည်။

သို့သော် လျန်ထျန်းက ဂရုမစိုက်ဘဲ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

"အဒေါ်... အိမ်တွင်းရေး ပြဿနာတွေကို အပြင်မှာ မပြောသင့်ဘူးလို့ ဆိုကြပေမဲ့ ကျွန်တော့်အမေက အခုလေးတင် ခင်ဗျားတို့နဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီလို့ ပြောခဲ့တယ်လေ...။"

"ဒါကြောင့် ခင်ဗျား လုပ်ခဲ့တဲ့ ကိစ္စတွေကို ဖြန့်ဝေသင့် မသင့်ဆိုတာ ကျွန်တော့်ရဲ့ စိတ်ခံစားချက် အပေါ် မှာပဲ မူတည်တော့မယ်...။ အဲ့ဒီအခါကျရင် ခင်ဗျားအတွက် ချမ်းသာတဲ့ ခင်ပွန်း ဒါမှမဟုတ် ချမ်းသာတဲ့ လူယုတ်မာ တစ်ယောက်ကို ရှာဖို့ဆိုတာ အများကြီး ပိုခက်ခဲသွားလိမ့်မယ်...။"

"ပြီးတော့ ကျွန်တော် သတိပေးလိုက်မယ်...။ လူတွေကို လှည့်စားဖို့ ကျွန်တော့်နာမည်ကို အသုံးပြုဖို့ စိတ်ကူးတောင် မယဉ်ပါနဲ့...။ ကျွန်တော်သာ သိသွားရင် ခင်ဗျားဘက်က ရပ်တည်တဲ့ ဘယ်သူမဆို ကျွန်တော့်ကို ဆန့်ကျင်နေတာပဲလို့ သေချာပေါက် ကြေညာပစ်မယ်...။"

နောက်ဆုံးတွင် လျန်ထျန်းက ဟို့ကွမ်ကျွမ်းနှင့် ထျန်းထောင်တို့ကို ကြည့်ကာ အထင်အမြင်သေးစွာ လှောင်ရယ် ရယ်မောလိုက်လေသည်။

"ခင်ဗျားတို့ နှစ်ယောက်နဲ့ ပတ်သက်လို့ကတော့ အတိုင်းပဲ နေကြ...။ လူတွေကို လိမ်ညာဖို့ ကျွန်တော့် နာမည်ကို သုံးမယ်လို့ တွေးတောင် မတွေးမိလေနဲ့...။"

"ဒါမှမဟုတ်ရင် ခင်ဗျားတို့ရဲ့ ဘဝတွေကို အခုထက် ပိုပြီး ဆိုးရွားသွားအောင် လုပ်ဖို့ ကျွန်တော့်မှာ နည်းလမ်းတွေ အများကြီး ရှိတယ်...။ မယုံရင် စမ်းကြည့်လို့ ရပါတယ်...။"

အခန်း (၆၀) ဝမ်ရှောင်ရို့ နိုင်ငံခြားမှ ပြန်လာခြင်း

ဟို့ကွမ်ကျွမ်းမှာ မြေကြီးပေါ်တွင် လူးလှိမ့်နေခြင်းကို ရပ်တန့်လိုက်ပြီး ထျန်းထောင်မှာလည်း အော်ဟစ် နေခြင်းကို ရပ်တန့်လိုက်လေသည်။

ထျန်းဟုန်မှာမူ မှင်တက်စွာ ရပ်နေပြီး ဟူဖုန်ယို့မှာလည်း ဝိညာဉ်လွင့်ထွက်သွားသည့်အလား မြေကြီး ပေါ်တွင် ခွေယိုင်ကျနေလေသည်။

ထိုအချိန်တွင် သူတို့၏ နှလုံးသားများမှာ နောင်တတရားများဖြင့် သွေးထွက်နေပြီဖြစ်လေ၏။

တကယ်တမ်းဆိုရလျှင် သူတို့သည် အစကတည်းက လျန်ထျန်းကို အထင်မသေးဘဲ သူ့ကို မိတ်ဆွေ ဖွဲ့ခဲ့မည်ဆိုပါက ကြီးမားသော အောင်မြင်မှုများ ရရှိရန်မှာ အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်ပေလိမ့် မည်။

မည်သည့် ချိုသာသော စကားမျှ မဆိုခဲ့လျှင်တောင် သာမန် မိသားစုဝင်များကဲ့သို့ ဆက်ဆံခဲ့မည်ဆိုပါက ယခုကဲ့သို့ အခြေအနေဆိုးသို့ ရောက်ရှိလာမည်တော့ မဟုတ်သည်မှာ သေချာလေသည်။

သို့သော် ယခုမူ အရာအားလုံးက နောက်ကျသွားခဲ့လေပြီ။

ဟူဖုန်ယို့မှာ ဒုတိယ အထွေထွေမန်နေဂျာ ရာထူးမှ ဆင်းပေးရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွင် ပြဿနာ များ တွေ့ရှိပါက ထောင်ချခံရနိုင်သည့် အခွင့်အရေးလည်း ရှိနေလေသည်။

ထျန်းဟုန်မှာလည်း သူမ ဖမ်းမိတော့မည့် ရွှေလိပ်ကို လက်လွှတ်လိုက်ရပြီး ယခုအခါ လျန်ထျန်းက သူမ အကြောင်း သတင်းဆိုးများ ဖြန့်မည်ကို စိုးရိမ်နေရလေသည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက သူမ အတွက် ချမ်းသာပြီး ကံဆိုးမိုးမှောင်ကျမည့် အမျိုးသား တစ်ဦးကို ပြန်လည် ဖမ်းဆီးရန်မှာ အမှန် တကယ်ပင် ခက်ခဲသွားပေလိမ့်မည်။

ထျန်းထောင်မှာလည်း အလုပ်လက်မဲ့ ဖြစ်နေသည်မှာ ခြောက်လကျော်ပြီ ဖြစ်ပြီး အကြွေးများစွာ တင်နေလေသည်။ သူ့ကို ဂရုမစိုက်ဘဲ ငွေချေးခွင့် မရအောင် လုပ်လိုက်ပါက ဤနှစ်သစ်ကူးတွင် သူ သေချာပေါက် အဆင်ပြေမည် မဟုတ်ပေ။ သူ၏ ဇနီးဖြစ်သူကလည်း ကွာရှင်းရန် တောင်းဆိုပြီး ကလေးများကို ခေါ်ကာ သူမ၏ မိဘအိမ်သို့ ပြန်သွားပေလိမ့်မည်။

ဟို့ကွမ်ကျွမ်း အကြောင်းကိုမူ ပြောစရာပင် မလိုတော့ချေ။ လျန်ထျန်းက သူမထံမှ အဘိုးဖြစ်သူ၏ ပင်စင်ဘဏ်ကတ်ကို သိမ်းယူကာ မိခင်နှင့် အဘိုးကို ခေါ်ဆောင်၍ အိမ်မှ ထွက်ခွာသွားခဲ့ပြီး ဘယ်တော့ မှ ပြန်လာတော့မည် မဟုတ်ပေ။

ဝင်ငွေမရှိသော အဘွားအို တစ်ဦးကို ငွေမက်သော သူမ၏ သားသမီး နှစ်ဦးက တကယ်ပဲ ပြုစု စောင့်ရှောက်ကြပါမည်တဲ့လား။

ထျန်းဝန်ဝန်ကဲ့သို့ပင် သူမ၏ အစ်ကိုကြီး ထျန်းကျန့်ကလည်း ထိုနေရာ၌ပင် သူတို့နှင့် အဆက်အသွယ် ဖြတ်လိုက်ပြီဖြစ်ကြောင်းနှင့် ဘယ်တော့မှ ပြန်လည် ဆက်သွယ်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့ လေသည်။

အတိုချုပ်ဆိုရလျှင် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟို့ကွမ်ကျွမ်းနှင့် သားသမီးနှစ်ဦးမှာ ကောင်းကင်ဘုံမှ ငရဲဘုံသို့ ကျဆင်းသွားခဲ့ကြလေသည်။

ထို့အပြင် လျန်ထျန်း၏ လက်ရှိ အဆင့်အတန်းမှာ သူတို့ထက် များစွာ သာလွန်နေသောကြောင့် သူတို့ သည် လျန်ထျန်းကို ထပ်မံ၍ အကျပ်ကိုင်ရန်ပင် မဝံ့ရဲကြတော့ပေ။

အကယ်၍ အခြေအနေများ လုံးဝ ပျက်စီးသွားပါက သူတို့သာ ဆုံးရှုံးမှုများ ပိုမို ရင်ဆိုင်ရမည်ဖြစ်ပြီး မည်သည့် အကျိုးအမြတ်မျှ ရရှိမည် မဟုတ်ကြောင်း စိတ်ကူးကြည့်ရန် လွယ်ကူလှပေသည်။ လျန်ထျန်း က ဤကိစ္စနှင့် ပတ်သက်၍ သူတို့ကို အသေးစိတ်နှင့် အလွန် လေးနက်စွာ သတိပေးခဲ့ပြီး ဖြစ်လေသည်။

အမြန်ရထားဖြင့် မြို့တော်သို့ ပြန်ရောက်ပြီးနောက် လျန်ထျန်းက သူ၏ မိခင်နှင့် အဘိုးကို အသစ် ပြင်ဆင်ထားသော ဆန်လန်ဖီနို ဗီလာအိမ်ကြီးတွင် နေထိုင်ရန် စီစဉ်ပေးခဲ့လေသည်။

ဘေးဘက်ရှိ အဆောက်အအုံမှာ လျန်ထျန်းက အဒေါ်ဖြစ်သူ ထျန်းရင်းကို လက်ဆောင်ပေးထားသော ဗီလာအိမ်ကြီးဖြစ်ပြီး မကြာသေးမီကမှ ပြင်ဆင်ပြီးစီးကာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ပြောင်းရွှေ့ လာခဲ့ခြင်း ဖြစ်လေသည်။

လျန်ထျန်းက ထျန်းဝန်ဝန်နှင့် ထျန်းကော်ချင်းတို့ကို ဤနေရာသို့ ခေါ်လာကြောင်း သိသိချင်းပင် ထျန်းရင်းက လျိုတာဖုန်းကို အမြန် ခေါ်ဆောင်လာခဲ့လေသည်။

ထို့ကြောင့် ဤနှစ်သစ်ကူးပွဲတော်မှာ တိတ်ဆိတ်မနေဘဲ အတော်လေး စည်ကားသိုက်မြိုက်နေလေ တော့သည်။

ရက်အနည်းငယ် ထပ်မံ ကုန်လွန်သွားပြီးနောက် နှစ်သစ်ကူးပွဲတော်မှာ တဖြည်းဖြည်း နီးကပ်လာလေပြီ။

ထိုနေ့တွင် လျန်ထျန်းက အဝေးရောက်နေသော ဝမ်ရှောင်ရို့နှင့် ဗီဒီယိုကောလ် ပြောဖြစ်ခဲ့လေသည်။

သူတို့ ချစ်သူတွေ ဖြစ်ကြောင်း အတည်ပြုပြီး မကြာမီမှာပင် ဝမ်ရှောင်ရို့က နိုင်ငံခြားသို့ ပညာသင်သွားခဲ့ ရသော်လည်း သူတို့သည် နေ့စဉ် ဗီဒီယိုကောလ် ပြောရန် သို့မဟုတ် ဖုန်းပြောရန် အချိန်အနည်းငယ် ပေးနေကြဆဲပင် ဖြစ်သည်။

ဝမ်ရှောင်ရို့မှာ မိသားစု ကိစ္စများကြောင့် ကျောင်းကို အချိန်အတော်ကြာ နားထားခဲ့ရသဖြင့် နိုင်ငံခြားသို့ ပြန်ရောက်ပြီးနောက် ပညာရေးကို အမီလိုက်နိုင်ရန် အလုပ်များနေခဲ့ရာ နှစ်သစ်ကူးပွဲတော် မတိုင်မီ တရုတ်နိုင်ငံသို့ မပြန်နိုင်ခဲ့ချေ။

သို့သော် ယခုအခါ သူမ၏ အလုပ်များသော အချိန်ကာလ တစ်ခု ပြီးဆုံးသွားပြီဖြစ်ရာ နှစ်သစ်ကူး အကြို နေ့ မတိုင်မီ တစ်ရက်အလိုတွင် လေယာဉ်ဖြင့် ပြန်လာမည်ဟု ပြောလာခဲ့လေသည်။

ထိုသတင်းကို ကြားသောအခါ လျန်ထျန်းက လေဆိပ်သို့ လာကြိုမည်ဟု ချက်ချင်း ကမ်းလှမ်းလိုက်ရာ ဝမ်ရှောင်ရို့ကလည်း ဝမ်းသာအားရ သဘောတူလိုက်လေသည်။

ချစ်သူရည်းစားများမှာ တစ်နေ့မမြင်ရလျှင် သုံးနှစ်မျှ ဝေးကွာနေရသည်ဟု ခံစားရတတ်သည်ဟု ဆိုရိုးစကား ရှိသည်မဟုတ်ပါလား။

လျန်ထျန်းနှင့် ဝမ်ရှောင်ရို့ ဤချစ်သူစုံတွဲလေးမှာ မတွေ့ရသည်မှာ လအနည်းငယ် ကြာမြင့်နေပြီဖြစ်ရာ သူတို့၏ စိတ်လှုပ်ရှားမှုမှာ သိသာထင်ရှားလှပေသည်။

ထိုနေ့တွင် လျန်ထျန်းက မနက်စောစောထကာ သပ်ရပ်စွာ ပြင်ဆင်ပြီး ခန့်ညားသော ဝတ်စုံကို ဝတ်ဆင်လိုက်လေသည်။

သူသည် G-Class ကားကြီးကို မောင်းနှင်ကာ ပန်းဆိုင်သို့ သွားရောက်ပြီး ကြိုတင်မှာယူထားသော ပန်းများဖြင့် ကားနောက်ဖုံးကို အပြည့် ထည့်လိုက်ကာ နောက်ခန်းတွင်လည်း ဝမ်ရှောင်ရို့အတွက် လက်ဆောင်များ အပြည့် တင်ထားလိုက်လေသည်။

ဤသို့ ပြင်ဆင်ပြီးနောက် လျန်ထျန်းက လေဆိပ်သို့ မောင်းနှင်သွားခဲ့လေသည်။

နေ့လယ် (၁၂) နာရီကျော် အချိန်ခန့်တွင် G-Class ကားကြီးမှာ လေဆိပ် ကားပါကင်သို့ ဝင်ရောက်လာခဲ့ လေသည်။

လေယာဉ် ဆိုက်ရောက်မည့် အချိန်မှာ နေ့လယ် ၁ နာရီ ဖြစ်သည်။ လျန်ထျန်းက ဧည့်ခန်းမထဲသို့ ဝင်ကာ အစားအစာ အနည်းငယ် စားပြီးနောက် လေယာဉ်ခရီးစဉ် ပြသသည့် ဖန်သားပြင်ကို ကြည့်ရင်း တိတ် ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။

သို့သော် တစ်နာရီတိတိတွင် လျန်ထျန်းထံသို့ ဝမ်ရှောင်ရို့ထံမှ ဖုန်းဝင်လာခဲ့လေသည်။

"လေယာဉ်က လမ်းတစ်ဝက်မှာ ရာသီဥတု ဆိုးရွားနေလို့ လေဆိပ်တစ်ခုမှာ ဆင်းပြီး စောင့်နေရတယ်... ။ နောက်ကျမှ ပြန်ထွက်ဖြစ်မယ် ထင်တယ်...။"

လျန်ထျန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"ဒါဆို ဂရုစိုက်ဦးနော်...။ နောက်ကျလည်း ကိစ္စမရှိပါဘူး ငါ ဒီနေရာမှာပဲ စောင့်နေမယ်...။"

ဝမ်ရှောင်ရို့က အပြုံးဖြင့် ပြန်ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့...၊ ငါ ဒီခရီးစဉ်မှာ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်နဲ့ အတူ ပြန်လာတာဆိုတော့ အချင်းချင်း စောင့်ရှောက်လို့ ရပါတယ်...။ လေယာဉ် ပြန်မထွက်ခင် နင့်ဆီ ဖုန်းဆက်လိုက်မယ်နော်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းက မဆိုင်းမတွ မေးလိုက်လေသည်။

"ကျောင်းနေဖက် သူငယ်ချင်း ဟုတ်လား...။ ယောကျာ်းလေးလား မိန်းကလေးလား...။"

သဝန်တိုမှု အငွေ့အသက်များ ရှင်းလင်းစွာ ပါဝင်နေသော လျန်ထျန်း၏ မေးခွန်းကို ကြားသောအခါ ဝမ်ရှောင်ရို့က တခစ်ခစ် ရယ်မောလိုက်လေသည်။

"စိတ်မပူပါနဲ့... မိန်းကလေးပါ...။ ငါတို့က မေဂျာ မတူပေမဲ့ အရင်က နှစ်ခါသုံးခါလောက် ဆုံဖူးပါ တယ်...။"

"အခု တစ်ခေါက် ပြန်လာမှ သူက အယ်လ်မြို့တော်ကမှန်း ငါ သိရတာ ပြီးတော့ လေယာဉ် တစ်စီးတည်း အတူတူ စီးဖြစ်သွားတာ...။ ဒါကြောင့် စိတ်မပူနဲ့နော်...။"

ထိုအခါမှ လျန်ထျန်းမှာ အကြောင်းပြချက် မရှိဘဲ သက်ပြင်းတစ်ချက် ချလိုက်မိပြီးနောက် ပြောလိုက် လေသည်။

"ဒါဆိုရင်လည်း ကောင်းတာပေါ့...။ ငါ လေဆိပ်မှာပဲ စောင့်နေမယ် ဘယ်လောက်ပဲ နောက်ကျကျ နင် ပြန်လာတာကို သေချာပေါက် စောင့်နေမယ်...။"

ဖုန်းချပြီးနောက် လျန်ထျန်းက ဝန်ဆောင်မှု ကောင်တာသို့ သွားကာ လေယာဉ်ခရီးစဉ် သတင်းအချက် အလက်များကို စုံစမ်းလိုက်လေသည်။ ဝန်ထမ်းက စစ်ဆေးပြီးနောက် သူ့ကို အသိပေးလိုက်လေသည်။

"လူကြီးမင်း...၊ ဒီလေယာဉ် ပျံသန်းမယ့် လမ်းကြောင်းမှာ တကယ်ပဲ ရာသီဥတု ဆိုးရွားနေပါတယ်...။ လေးနာရီ ဒါမှမဟုတ် ငါးနာရီလောက် နောက်ကျနိုင်တယ်လို့ ခန့်မှန်းရပါတယ်...။"

ထိုမျှ နောက်ကျမည်ဟု ကြားလိုက်ရသောအခါ လျန်ထျန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နားနေ ခန်းသို့ ပြန်လာကာ ဖုန်းကို ဖွင့်ကြည့်လိုက်လေသည်။

မှာယူမှု စာမျက်နှာကို ပြန်လည် ဆန်းသစ်လိုက်ပြီးနောက် လျန်ထျန်း၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားလေတော့သည်။

*ဝိုး... ဒီတစ်ဝိုက်မှာ အစားအသောက်ပို့ဖို့ အမှာစာတွေ တော်တော်လေး များနေပါလား...။ လေယာဉ် တွေ နောက်ကျလို့ ခရီးသည် လာကြိုတဲ့သူတွေ အများကြီး ဒီနေရာမှာ စောင့်နေကြရလို့ ဖြစ်မယ်...။*

*ပြီးတော့ လေဆိပ်က အစားအသောက်တွေက အပြင်ထက် အဆပေါင်းများစွာ ပိုဈေးကြီးတော့ တချို့ လူတွေက ဒီနေရာမှာ စားမယ့်အစား ပို့ခ ပိုပေးပြီး အပြင်ကနေ မှာစားချင်ကြတာပဲ...။*

*ဒီပို့ခတွေက ပုံမှန်ဆို တော်တော်လေး မြင့်တယ်...။ ဒီအမှာစာဆို ယွမ် နှစ်ဆယ်ကျော်တောင် ရမယ် နောက်တစ်ခုဆို ယွမ် သုံးဆယ်ကျော်တောင်...။*

လျန်ထျန်း၏ မျက်လုံးများ တောက်ပသွားလေသည်။ ကမ္ဘာ့ကုန်ဈေးနှုန်းများမှာ တစ်သန်းဆ ကျဆင်း သွားသော်လည်း သူ၏ အစားအသောက်ပို့ဆောင်မှု ကော်မရှင်ခများမှာမူ လုံးဝ ထိခိုက်မှု မရှိကြောင်း သူ သိထားလေသည်။

ထို့ကြောင့် ယွမ် နှစ်ဆယ် သို့မဟုတ် သုံးဆယ်တန် အမှာစာ တစ်ခုတည်းက ငွေစျေးကျမှု မတိုင်မီ က ယွမ် သန်းနှစ်ဆယ် သို့မဟုတ် သန်းသုံးဆယ်နှင့် ညီမျှနေလေသည်။

*ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ စောင့်နေရမှာပဲဆိုတော့ အမှာစာ နှစ်ခုသုံးခုလောက် သွားပို့ပြီး ပိုက်ဆံ လေး ရှာလိုက်တာ ပိုကောင်းမယ်...။ နှစ်သစ်ကူးပြီးရင် ဟယ်ရှန့်ရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ရဦးမှာလေ...။*

*သူမက ယူနီကွန်း တစ်ခုကို ဖန်တီးနိုင်သည်ဖြစ်စေ မဖန်တီးနိုင်သည်ဖြစ်စေ ငါကတော့ သူမအပေါ် အကုန် ပုံအောထားလိုက်ပြီ...။ လက်ထဲမှာ ပိုက်ဆံ ပိုရှိနေတာက ဘယ်တော့မှ မဆိုးပါဘူး...။*

ထိုသို့ တွေးမိကာ လျန်ထျန်းက ဆုံးဖြတ်ချက် ချလိုက်လေသည်။

"လူကြီးမှာထားတဲ့ အမှာစာရောက်ပါပြီ…။"

လျန်ထျန်းက၊

"ဟိုလေ အစ်ကို...၊ တောင်းပန်ပါတယ်...။ ခင်ဗျားရဲ့ အစားအသောက်ပို့တဲ့ ဝတ်စုံနဲ့ လျှပ်စစ်စကူတာကို ကျွန်တော့်ကို ရောင်းပေးလို့ ရမလား...။"

အမှာစာ ပို့ပြီးခါစ ဖြစ်သော ထိုပစ္စည်းပို့သမားက လျန်ထျန်းကို ကြည့်လိုက်ရာ သူ၏ ခေါင်းပေါ်တွင် ကြီးမားသော မေးခွန်းသင်္ကေတကြီး တစ်ခု ပေါ်လာခဲ့လေသည်။

"ဗျာ..."

ပစ္စည်းပို့သမားမှာ အံ့ဩတုန်လှုပ်သွားခြင်းက အဆန်းမဟုတ်ပေ။ သူသည် ဈေးကြီးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လျန်ထျန်းက သူ၏ အစားအသောက်ပို့သည့် ဝတ်စုံနှင့် လျှပ်စစ်စကူတာကို ဝယ်ယူ ချင်နေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ မည်သူမဆို ထိုအခြေအနေမျိုးတွင် ဇဝေဇဝါ ဖြစ်သွားမည်မှာ သေချာလေသည်။

သို့ရာတွင် မကြာမီမှာပင် ထိုလူငယ်လေးမှာ ဇဝေဇဝါဖြစ်ရန် အချိန်မရတော့ချေ။

လျန်ထျန်းက ဖုန်းကို နှစ်ချက်မျှ ပုတ်လိုက်ရာ ပစ္စည်းပို့သမားထံသို့ အသံအချက်ပြချက် တစ်ခု ဝင်လာ လေသည်။

"တီ...၊ သင်သည် ဘောက်ဆူး ယွမ် တစ်ယွမ် လက်ခံရရှိပါသည်...။"

လျန်ထျန်းက ပစ္စည်းပို့သမားအား အမှာစာပေါ်တွင် ဘောက်ဆူးအဖြစ် ယွမ် တစ်ယွမ် တိုက်ရိုက် ပေး လိုက်ခြင်း ဖြစ်သည်။ ဤငွေပမာဏမှာ ငွေစျေးကျမှု မတိုင်မီကဆိုလျှင် အများကြီးမဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ဤ ယွမ် တစ်ယွမ်မှာ ယွမ် တစ်သန်းနှင့် ညီမျှနေလေသည်။

တစ်မိနစ်ခန့် အကြာတွင် အစားအသောက်ပို့သည့် ဝတ်စုံကို ချွတ်ပေးခဲ့သော ပစ္စည်းပို့သမားလေးမှာ လေပြင်းကဲ့သို့သော အရှိန်အဟုန်ဖြင့် အပြေးထွက်သွားကာ တစ်လမ်းလုံး ဝမ်းသာအားရ အော်ဟစ် သွားလေတော့သည်။

"အိမ်ဝယ်ဖို့ ပိုက်ဆံ ရပြီဟေ့...။ ငါ့ကောင်မလေးကို အငှားတိုက်ခန်းမှာ ဆက်နေခိုင်းစရာ မလိုတော့ ဘူး...။ နောက်ဆုံးတော့ ငါ လက်ထပ်လို့ ရပြီကွ...။ ဝေး...။"

လျန်ထျန်းမှာလည်း ဝမ်းသာသွားလေသည်။ သူသည် အစားအသောက်ပို့သည့် ဝတ်စုံကို ဝတ်ဆင်ကာ လျှပ်စစ်စကူတာပေါ်သို့ တက်ထိုင်လိုက်လေသည်။

"ကောင်းပြီ...။ အလုပ်စလုပ်ဖို့ အချိန်ရောက်ပြီ...။"

All Chapters