← Chapters

အခန်း (၁၀၆၁-၁၀၆၂)

Vol. 90 Ch. 1061-1062

အခန်း (၁၀၆၁-၁၀၆၂)

Vol. 90 Ch. 1061-1062

အခန်း ၁၀၆၁ - ပြန်လာခြင်း၊ အဘယ်ကြောင့် မသေမျိုးမျိုးနွယ်နှင့် ပူးပေါင်းရသနည်း

မုကျူးနောက်သို့ လိုက်ပါလာသည့် ရွှေမုလုပ်ကြံသတ်ဖြတ်သူသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ကို အသုံးပြု၍ စက်သေနတ်ကျည်ဆန်များကို ပိတ်ဆို့ပေးလိုက်၏။ မုကျူးသည် မိမိရှေ့တွင် သေဆုံးသွားသော လုပ်ကြံသတ်ဖြတ်သူကို ငေးကြောင်ကြည့်နေမိသော်လည်း နောက်အခိုက်တွင် တစ်စုံတစ်ယောက်၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။

ဤအချိန်၌ မုကျူးနှင့်အတူ ရှိနေသေးသူများမှာ အလွန်သစ္စာရှိကြသည်။ သူတို့သည် ဆိပ်ကမ်းဂိတ်ဝတွင် တစ်စုံတစ်ယောက်က ချောင်းမြောင်းတိုက်ခိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် ပြန်လည်ခုခံကြလိုက်၏။ သို့သော် သူတို့၏သေနတ်များသည် ကျန်းယွင်ထျန်းနှင့် ကျန်သုံးယောက်ရှိရာသို့ မရောက်နိုင်ကြပေ။

အကြောင်းမှာ ပင်ဖိုင်းယားရိုင်ဖယ်သည် မီတာ ၇၅၀ အထိသာ ထိရောက်စွာ ပစ်ခတ်နိုင်ပြီး အပေါ့စား စက်သေနတ်သည်မူ မီတာ ၈၀၀ အတွင်းရှိ ရန်သူအားလုံးကို လွှမ်းခြုံထားနိုင်သောကြောင့်ပင်။

၎င်းတို့သည် လူအင်အားသုံး၍ ရှေ့တိုးရန် ကြိုးစားခဲ့ကြသော်လည်း ကျန်းယွင်ထျန်း၏ လက်ထဲရှိ စက်သေနတ်များမှာ ပစ်ခတ်နှုန်း အလွန်မြင့်မားလှသဖြင့် မည်မျှပင် တိုးထွက်လာပါစေ သေမင်းထံသို့ ကိုယ်တိုင်လမ်းလျှောက်သွားနေသကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။

မိမိ မိသားစု၏ တပ်ဖွဲ့ဝင်များ ဆိပ်ကမ်းသို့ အဆက်မပြတ် ချီတက်နေကြပြီး လမ်းခုလတ်တွင်ပင် အတုံးအရုံးလဲကျ သေဆုံးနေကြသည်ကို ကြည့်ကာ မုကျူး၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဤသူများသည် ကျန့်မု မိသားစု၏ သစ္စာရှိစစ်သည်တော်များ မဟုတ်ပါလော။

ဤအချိန်တွင် သူတို့၏နောက်ဘက်မှ လန်ဖုန်းအင်ပါယာ တပ်ဖွဲ့ဝင်များသည်လည်း ရှေ့တက်လာကြပြီဖြစ်သည်။ သူတို့၏ ကာဘိုင်ရိုင်ဖယ်များမှာလည်း ရန်သူကို အပြတ်အသတ် နှိမ်နင်းနိုင်သော အခြားလက်နက်တစ်ခု ဖြစ်နေပြန်သည်။

“မိ... မိသားစုခေါင်းဆောင် ကျုပ်တို့ အခု ဘာဆက်လုပ်သင့်လဲ။”

စစ်ဗျူဟာမှူး၏ အသံမှာ အနည်းငယ် တုန်ယင်နေ၏။

“ဟူး... လက်နက်ချလိုက်ကြပါတော့။ အဓိပ္ပာယ်မရှိတဲ့ စတေးမှုတွေ ထပ်မလုပ်နဲ့တော့။”

မုကျူးသည် တစ်ခဏအတွင်းမှာပင် အိုမင်းရင့်ရော်သွားပုံ ပေါက်သွားခဲ့လေသည်။

မုကျူး၏ အမိန့်နောက်တွင် ကျန်ရှိနေသော စစ်သားများသည် နောက်ဆုံးတွင် ၎င်းတို့၏လက်နက်များကို ပစ်ချလိုက်ပြီး လက်မြှောက် အရှုံးပေးလိုက်ကြလေတော့သည်။

သူတို့အားလုံး လက်နက်ချလိုက်သည်ကို မြင်သောအခါ ရှောင်းယီတို့ဘက်မှလည်း လေယာဉ်ဖြင့် ထိုးဆင်းနေခြင်းကို ရပ်တန့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“ဆင်းမယ်။”

“ဟုတ်ကဲ့။”

ရှုံးတိက တုံ့ပြန်လိုက်ပြီး တိုက်လေယာဉ်ကို မြေပြင်သို့ ဆင်းသက်ရန် မောင်းနှင်လိုက်သည်။

ရှောင်းယီနှင့် ကျန်သူများ ဆင်းသက်ပြီးသွားနောက် လန်ယုံ ခေါ်ဆောင်လာသည့် တပ်ဖွဲ့ဝင်များသည်လည်း ကျန့်မုမိသားစု၏ စစ်သားအားလုံးကို စုစည်းထားပြီးဖြစ်သည်။ မုကျူးကိုမူ သီးခြားခွဲထုတ်၍ ဖမ်းဆီးထားလေသည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် ယမ်းထုပ်ကြောင့် ထိခိုက်သွားသော လေယာဉ်အမြီးပိုင်းအတောင်ပံကို စစ်ဆေးရန် အချိန်ရသွားခဲ့လေသည်။

“ဘယ်လိုလဲ။”

ရှောင်းယီက တိုက်လေယာဉ်ပေါ်မှ ဆင်းလာပြီး ကျန်းယွင်ထျန်းအနားသို့ ချက်ချင်းသွားကာ စိုးရိမ်တကြီး မေးလိုက်သည်။

“လောလောဆယ်တော့ ပျက်စီးမှုက သိပ်ပြင်းထန်ပုံမရဘူး။ အပြန်ခရီးစဉ်အတွက်တော့ တောင့်ခံနိုင်လောက်မှာပါ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“အန္တရာယ်များလောက်လား။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး။ အနည်းငယ် မတည်မငြိမ် ဖြစ်နိုင်ပေမယ့် အန္တရာယ်တော့ မရှိနိုင်ပါဘူး။”

ကျန်းယွင်ထျန်းက စိတ်ချလက်ချ ပြန်ပြောလိုက်သည်။

“ငါကိုယ်တိုင် မောင်းလိုက်မယ်။”

ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“ဂရုစိုက်ဦး။”

“စိတ်မပူပါနဲ့။”

ကျန်းယွင်ထျန်းက ပြုံးကာ တုံ့ပြန်လိုက်သည်။

တိုက်လေယာဉ်ကို စစ်ဆေးပြီးနောက် ရှောင်းယီသည် လန်ယုံရှိရာသို့ လျှောက်သွားလိုက်သည်။

“ကျွန်းပိုင်ရှင် ဒီသုံ့ပန်းတွေကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ။”

လန်ယုံက ရှေ့တက်ကာ မေးလိုက်သည်။

“ထန်လုံကို စစ်သားတချို့ခေါ်ခိုင်းပြီး သူတို့ကို တော်ဝင်မြို့တော်ဆီ ပြန်ပို့ခိုင်းလိုက်ပါ။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ကျန့်မုမိသားစု စစ်သားများသည် တော်ဝင်မြို့တော်သို့ ပြန်ပို့ခံရမည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ မျှော်လင့်ချက် ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရ၏။

ရှောင်းယီကဲ့သို့ အပြင်လူများ သို့မဟုတ် လန်ဖုန်းအင်ပါယာကဲ့သို့ ပြင်ပအင်အားစုများအတွက် ကျန့်မုမိသားစုသည် ပဋိပက္ခအချို့သာ ရှိသော်လည်း လော့မိသားစုအတွက်မူ ကျန့်မုမိသားစုမှာ ပုန်ကန်သူများသာ ဖြစ်သည်။ တော်ဝင်မြို့တော်သို့ ပြန်ပို့ခံရခြင်းမှာ မိသားစုတစ်ခုလုံး ကွပ်မျက်ခံရမည်ဟု အဓိပ္ပာယ်ရပေသည်။

ထိုစစ်သားများ၏ မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာများကို မြင်သောအခါ ရှောင်းယီက ပြောလိုက်သည်။

“ဒီလူတွေက သူတို့သဘောနဲ့သူတို့ လက်နက်ချခဲ့တာလို့ အရှင်မင်းကြီး လော့လင်တန်ကို ပြောပြပေးလိုက်ပါ။ အဲ့ဒါကြောင့် သူတို့ရဲ့အပြစ်က သေဒဏ်ပေးလောက်တဲ့အထိ မပြင်းထန်ဘူး။”

“ဟုတ်ကဲ့ ကျုပ် နားလည်ပါပြီ။”

ထန်လုံက တုံ့ပြန်ပြီးနောက် ကျန့်မုမိသားစုဝင်များကို တော်ဝင်မြို့တော်သို့ ပို့ဆောင်ရန် လန်ဖုန်းအင်ပါယာ တပ်ဖွဲ့ဝင်အချို့ကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။

“အရှင်မင်းကြီးလန် ကျုပ်နဲ့ လိုက်ခဲ့ပေးပါ။”

ရှောင်းယီက ပြောလိုက်သည်။ လန်ယုံသည် ချက်ချင်းပင် နောက်မှလိုက်သွားလိုက်၏။ ရှောင်းယီက ပြောလိုက်သည်။

“ခဏနေရင် ကျုပ်တို့ဝှက်ထားတဲ့ အုတ်မြစ်ကျောက်တွေ အပြည့်တင်ထားတဲ့ သင်္ဘောကို သွားရှာဖို့ ခင်ဗျားကို တစ်ယောက်ယောက်နဲ့ လွှတ်လိုက်မယ်။ အဲ့ဒါကို ရှာတွေ့တာနဲ့ လန်ဖုန်းအင်ပါယာကို တစ်ခါတည်း ပြန်ယူသွားလို့ရပြီ။ ကျန်တဲ့ ရိက္ခာတွေနဲ့ ပတ်သက်ရင်တော့ ဘာတွေယူမလဲဆိုတာ ခင်ဗျားကိုယ်တိုင် ဆုံးဖြတ်လို့ရတယ်။”

“ဟုတ်ကဲ့။”

လန်ယုံက ပြန်လည်ဖြေကြားပြီးနောက် ကျန့်မု မိသားစု၏ ရိက္ခာများကို စာရင်းစစ်ဆေးရန် လူများကို ခေါ်ယူလိုက်ပြီး သူကိုယ်တိုင်မှာမူ ရှောင်းယီ ကြိုတင်ဝှက်ထားသော အုတ်မြစ်ကျောက်များကို ရှာဖွေရန် ယီရန်ပင်းမဟာမိတ် စစ်သားတစ်ဦးနောက်သို့ လိုက်သွားခဲ့သည်။

ဤနေရာမှ ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် ရှောင်းယီက ပြောလိုက်သည်။

“အားလုံး အသင့်ပြင်းကြ။ ငါတို့ နန်းမြို့တော်ကို ပြန်ကြမယ်။”

“ဟုတ်ကဲ့။”

မကြာမီတွင် တိုက်လေယာဉ် နှစ်စင်းမှာ တစ်ဖန်ပြန်လည် ပျံတက်သွားခဲ့ပြီး နန်းမြို့တော်သို့ ဦးတည်ပျံသန်းသွားတော့သည်။ သို့သော် ထိုအထဲမှ တစ်စင်းမှာမူ ယိမ်းထိုးနေခဲ့၏။

ယိမ်းထိုးနေသော်လည်း တိုက်လေယာဉ် နှစ်စင်းလုံးမှာ ကောင်းကင်မိုးကြိုးမင်းဆက် တော်ဝင်မြို့တော်၏ လမ်းမကြီးပေါ်သို့ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ကြသည်။

၎င်းတို့ ဆင်းသက်လာမှုသည် လူအများကြားတွင် တစ်ကျော့ပြန် အံ့သြတုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး လော့လင်တန်မှာလည်း လမ်းမကြီးဘေး၌ စောင့်ဆိုင်းနေနှင့်ပြီဖြစ်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း”

လော့လင်တန်သည် ရှောင်းယီ တိုက်လေယာဉ်ပေါ်မှ ဆင်းလာသည်ကို မြင်လျှင် ချက်ချင်းပင် သွားရောက်နှုတ်ဆက်လိုက်လေသည်။

ရှောင်းယီက ခေါင်းညိတ်ပြပြီး အနီးနားရှိ လှေငယ်တစ်စင်းဆီသို့ ချက်ချင်းသွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ပျက်စီးသွားသော တိုက်လေယာဉ်ကို ပြုပြင်လိုက်သည်။

ကျန်းယွင်ထျန်းနှင့် အခြားသူများလည်း တိုက်လေယာဉ်ပေါ်မှ ဆင်းလာခဲ့ကြသည်။ ရှုံးတိသည် လေယာဉ်မှူးများကို ခေါ်ဆောင်ကာ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ယီရန်ပင်းမဟာမိတ်သို့ တိုက်ရိုက်ပြန်သွားခဲ့ကြသည်။

ရှောင်းယီသည် တိုက်လေယာဉ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် တစ်စုံတစ်ဦးအား လှေငယ်ကို တည်နေရာကူးပြောင်းခြင်း အစီအရင်ဆီသို့ ပြန်လည်သယ်ဆောင်သွားခိုင်းကာ အဝေးသို့ ပို့ဆောင်လိုက်သည်။

တိုက်လေယာဉ် နှစ်စင်းမှာ လူအများ၏ ရှေ့မှောက်၌ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် လူတိုင်းမှာ တစ်ဖန်ထိတ်လန့်သွားကြပြန်သည်။

ရှောင်းယီ အရာအားလုံးကို စီစဉ်ပြီးစီးမှသာ လော့လင်တန်မှု သူနှင့် ထပ်မံစကားပြောခွင့် ရတော့သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ကျန့်မုမိသားစုက ကျုပ်တို့ ကောင်းကင်မိုးကြိုးမင်းဆက်ကနေ လွတ်မြောက်သွားလားဆိုတာ သိပါရစေ။”

လော့လင်တန်က သတိထား၍ မေးမြန်းလိုက်သည်။

အကြောင်းမှာ ထန်လုံနှင့် သူ၏တပ်ဖွဲ့သည် သုံ့ပန်းများကို စောင့်ကြပ်လာရသဖြင့် ရှောင်းယီ၏ တိုက်လေယာဉ်များကဲ့သို့ မြန်ဆန်နိုင်ခြင်း မရှိသောကြောင့်ပင်။

ထို့ကြောင့် ထန်လုံမှာ ပြန်မရောက်သေးဘဲ လော့လင်တန်အနေဖြင့်လည်း ရှေ့တန်းမှ တိုက်ပွဲအခြေအနေကို မသိရှိသေးပေ။

“မလွတ်ပါဘူး။ သူတို့အားလုံး အဖမ်းခံလိုက်ရပြီ။ ဗိုလ်ချုပ်ထန်လုံက သူတို့ကို ဒီကို ခေါ်လာနေပါပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ လော့လင်တန်တစ်ယောက် အံ့သြတုန်လှုပ်စွာသွား၏။

“တစ်ယောက်မှ မလွတ်သွားဘူးလား။”

သူ၏အမြင်အရ ထိုတိုက်လေယာဉ် နှစ်စင်းသည် မည်မျှပင် အစွမ်းထက်စေကာမူ လူအချို့ကိုသာ ထိန်းသိမ်းထားနိုင်ပြီး လူတိုင်းကိုတော့ ဟန့်တားနိုင်မည်မဟုတ်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

“မရှိပါဘူး။ ခဏနေရင် ခင်ဗျား သိရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီသုံ့ပန်းတွေက သူတို့ဘာသာသူတို့ လက်နက်ချခဲ့ကြတာဆိုတော့ သူတို့ကို သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ ကျုပ်မျှော်လင့်တယ်။”

ရှောင်းယီက ဘေးမှနေ၍ ပြောလိုက်သည်။

ထန်လုံသည် သူ့ထက်အရင် တော်ဝင်မြို့တော်သို့ ရောက်ရှိကောင်း ရောက်ရှိနိုင်သည်ဟု သူ ယခင်က တွေးထားခဲ့သောကြောင့် သုံ့ပန်းများအတွက် အသနားခံပေးရန် ထန်လုံကို ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။

လက်နက်ချသူများကို မသတ်ရန် ကတိပေးထားခဲ့သည့်အတွက် ရှောင်းယီသည် သူ၏ကတိကို တည်ရပေလိမ့်မည်။

သို့သော်လည်း ရှားနိုင်ငံတွင် “သေဒဏ်မှ ကင်းလွတ်ခွင့်ရသော်လည်း အသက်ရှင်လျက် ဒဏ်ခတ်ခံရခြင်းမှ မလွတ်ကင်းနိုင်” ဟူသော ဆိုရိုးစကားလည်း ရှိပေသည်။ ၎င်းတို့အား စောင့်ကြိုနေသည်မှာ တစ်သက်တစ်ကျွန်း အကျဉ်းချခံရခြင်း ဖြစ်နိုင်ပေသည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ အမိန့်အတိုင်း ဖြစ်စေရပါမယ်။”

လော့လင်တန်က ရိုသေစွာ ပြောလိုက်သည်။

ရှောင်းယီသည် လော့လင်တန်ကို အံ့သြသလို ကြည့်လိုက်မိ၏။ လော့လင်တွးန်သည် ယခင်က သူ့အပေါ် ဤမျှအထိ ရိုသေသမှု မရှိခဲ့ပေ။

‘အဆင့်မြင့်လက်နက်တွေက ဒီဒေသခံတွေကို ကောင်းကောင်း သိမ်းသွင်းနိုင်သေးတာပဲ။’

ရှောင်းယီက စိတ်ထဲမှ တွေးလိုက်မိသည်။

ထိုစဉ် ကျန်းယွင်ထျန်းက ဘေးတစ်ဖက်မှ လျှောက်လာခဲ့လေသည်။

“ကျွန်းပိုင်ရှင် ငါ အဲ့ဒီ မသေမျိုးမျိုးနွယ်ရဲ့ လေဟာနယ်တံခါးကို အရင်သွားစစ်လိုက်ဦးမယ်။”

“အင်း”

ရှောင်းယီက သူ့ကို ခေါင်းညိတ်ပြပြီး နောက်လှည့်ကာ မေးလိုက်သည်။

“အရှင်မင်းကြီးလော့လင်တန် ခင်ဗျားရဲ့ ကောင်းကင်မိုးကြိုးမင်းဆက်ထဲက လူတွေက မသေမျိုးမျိုးနွယ်နဲ့ ဘယ်လိုလုပ် အဆက်အသွယ်ရခဲ့တာလဲ။”

ထိုမေးခွန်းကိုကြားသောအခါ လော့လင်တန်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

“အဲဒါကိုတော့ ကျုပ် တကယ်မသိဘူး။ မုကျူးကို ဖမ်းမိမှပဲ သိရလိမ့်မယ်။”

“ကျန့်မုမိသားစုရဲ့ မိသားစုခေါင်းဆောင်ကို ပြောတာလား။”

ရှောင်းယီက ခေါင်းညိတ်ကာ မေးလိုက်သည်။

“ဟုတ်တယ်။ ကျန့့်မုမိသားစုရဲ့ မိသားစုခေါင်းဆောင်ပဲ။”

လော့လင်တန်က ပြန်ပြောလိုက်သည်။

“သူ ဘာကြောင့် မသေမျိုးမျိုးနွယ်နဲ့ ပူးပေါင်းခဲ့တာလဲဆိုတာကို ကျုပ်လည်း မေးချင်တယ်။ ဒါက မီးနဲ့ ကစားနေတာနဲ့ မခြားဘူး။”

“ကောင်းပြီ။ ဒါဆို မုကျူး ပြန်ရောက်လာတဲ့အထိ စောင့်ပြီးမှပဲ သူ့ကို မေးကြတာပေါ့။”

ရှောင်းယီက အဝေးသို့ မျှော်ကြည့်ရင်း ပြန်ပြောလိုက်လေသည်။

အခန်း ၁၀၆၂- စစ်ဆေးမေးမြန်းခြင်း၊ သူသာ စကားမဟရင် အစ်ကိုကျန်းကိုသာ လွှဲပေးလိုက်

လော့လင်တန်သည် ရှောင်းယီက ထိုနာမည်ကို ထူးဆန်းသော လေသံဖြင့် ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ အနည်းငယ် ကြောင်အသွားသော်လည်း ရှောင်းယီတွင် ဒေသန္တရလေယူလေသိမ်း ရှိနေသည်ဟုသာ ယူဆကာ သိပ်ပြီး ဂရုမစိုက်မိပေ။

အမှန်စင်စစ်တွင်မူ ရှောင်းယီသည် မုကျူး ကို “ဝက်” ဟု ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်ခေါ်ဆိုနေခြင်း ဖြစ်သည်။ သူသာ ဝက်တစ်ကောင် မဟုတ်ပါက မည်သို့သော အကြောင်းပြချက်ဖြင့် မသေမျိုးမျိုးနွယ်စုနှင့် ပူးပေါင်းပါမည်နည်း။

မကြာမီမှာပင် ထန်လုံသည် ကျန့်မု မိသားစုဝင်အားလုံးကို တော်ဝင်မြို့တော်သို့ ပြန်လည်ပို့ဆောင်ခြင်းကို အဆုံးသတ်လိုက်သည်။

တော်ဝင်မြို့တော်ရှိ မြို့သူမြို့သားများသည် ထိုလူယုတ်မာများ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ သူတို့ စုဆောင်းထားသမျှသော ပုပ်သိုးနေသည့် ကြက်ဥများနှင့် ဟင်းသီးဟင်းရွက်များကို ထုတ်ယူကာ ကျန့်မုမိသားစု စစ်သည်များထံသို့ အတင်းအဓမ္မ ပစ်ပေါက်ကြလေတော့သည်။

မြို့တော်နေပြည်သူ အချို့သည် ကျန့်မုမိသားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရဖူးသဖြင့် ထိုဓားပြများကို အလွန်အမင်း နာကျည်းနေကြခြင်း ဖြစ်သည်။

မြို့သူမြို့သားများ၏ လုပ်ရပ်ကို မြင်သော်လည်း ရှောင်းယီရော လော့လင်တန်ပါ တားဆီးခြင်း မပြုကြချေ။ ထန်လုံသည် သူတို့ကို နန်းတော်ရှေ့အထိ ခေါ်ဆောင်လာပြီးမှသာ ရပ်တန့်လိုက်သည်။

နန်းတော်တံခါးဝတွင် စောင့်ဆိုင်းနေသော ရှောင်းယီကို မြင်သောအခါ ထန်လုံက ချက်ချင်း လက်ယှက်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ကျန့်မုမိသားစုဝင် အကျဉ်းသားအားလုံးကို ခေါ်ဆောင်လာခဲ့ပါပြီ။”

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“မုကျူးနဲ့ တခြား အဆင့်မြင့်အရာရှိတွေကို ဒီကိုခေါ်ခဲ့ပါ။ ကျန်တဲ့သူတွေကိုတော့ ဘုရင်လော့လင်တန် လက်ထဲအပ်လိုက်။ သူကိုယ်တိုင် ကိုင်တွယ်လိမ့်မယ်။”

“ဟုတ်ကဲ့။”

ထန်လုံက တုံ့ပြန်လိုက်ပြီးနောက် မုကျူးနှင့် အခြားသူများကို သီးသန့်ခွဲထုတ်လိုက်သည်။

ဘုရင်လော့လင်တန်သည် ထိုကျန့်မုမိသားစု စစ်သည်များကို ကြည့်ကာ ဒေါသတကြီး ပြောဆိုလိုက်သည်။

“ကောင်းကင်မိုးကြိုးမင်းဆက်က မင်းတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါလျက်နဲ့ မင်းတို့က ပုန်ကန်ရဲတယ်ပေါ့။ အကယ်၍ မဟာမိတ်ခေါင်းဆောင် ရှောင်းယီသာ ကြားဝင်မညှိနှိုင်းပေးခဲ့ရင် ငါ မင်းတို့ကို မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်ပစ်ပြီး မင်းတို့ရဲ့ ဆွေစဥ်မျိုးဆက် ကိုးဆက်လုံးကို အသေသတ်ပစ်မှာ။”

လော့လင်တန်၏ စကားကို ကြားသောအခါ ထိုစစ်သည်များ တစ်ကိုယ်လုံး တုန်ယင်လာကြသည်။

“ခဏနေရင် မြို့တော်သူ မြို့တော်သားတွေက မင်းတို့ကို လာပြီး ခွဲခြားသတ်မှတ်လိမ့်မယ်။ လူသတ်မှု ဒါမှမဟုတ် မုဒိမ်းမှု ကျူးလွန်ထားတဲ့သူရှိရင် ချက်ချင်း နေရာတင် ကွပ်မျက်ပစ်မယ်။ ကျန်တဲ့သူတွေကို ကျွန်အဖြစ် သတ်မှတ်မယ်။ ဘယ်တော့မှ အရပ်သားအဆင့် ပြန်မရစေရဘူး။”

လော့လင်တန်က လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

ဘေးတွင် ရပ်နေသော ရှောင်းယီသည် လော့လင်တန်၏ စီမံခန့်ခွဲမှုကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။ သူသည် ဤကဲ့သို့ ကိုင်တွယ်သည့် နည်းလမ်းကို အတော်အတန် သဘောကျမိ၏။

လော့လင်တန်သည် ထိုကိစ္စများကို နန်းတွင်းအစောင့်တပ်မှူးကြီး ဂရိုထံ လွှဲပြောင်းပေးခဲ့ပြီး သူကိုယ်တိုင်မှာမူ ရှောင်းယီနောက်သို့ လိုက်ပါကာ ယာယီပြင်ဆင်ထားသော စစ်ဆေးမေးမြန်းရေး အခန်းထဲသို့ ဝင်သွားခဲ့လေသည်။

ထိုအချိန်တွင် မုကျူးမှာ ထိုနေရာတွင် ထိုင်နေနှင့်ပြီ ဖြစ်သည်။ ရှောင်းယီနှင့် လော့လင်တန်တို့ အထဲသို့ လှမ်းဝင်လာကြသည်။

မုကျူးသည် ထိုလူနှစ်ယောက်ကို ကြည့်ကာ ရုတ်တရက် အကျယ်ကြီး အော်ရယ်တော့၏။ ထိုအခါ ဘေးမှ အစောင့်ဖြစ်သူက သူ့ကို တားဆီးရန် ရှေ့တက်လာခဲ့သည်။

“သူ့ကို ရယ်ခိုင်းလိုက်ပါ။”

ရှောင်းယီက စကားဖြတ်ပြောလိုက်သည။်

အစောင့်သည် လော့လင်တန်ကို လှမ်းကြည့်လိုက်ရာ လော့လင်တန်က “မဟာမိတ်ခေါင်းဆောင် ရှောင်းရဲ့ စကားကို နားထောင်လိုက်” ဟု ပြောသဖြင့် အစောင့်မှာ ဘေးသို့ ပြန်ဆုတ်သွားလိုက်ရသည်။

ရှောင်းယီနှင့် လော့လင်တန်တို့သည် မုကျူး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြ၏။

ရှောင်းယီက ရယ်မောနေသော မုကျူးကို စိတ်ဝင်တစား ကြည့်နေသော်လည်း လော့လင်တန်၏ မျက်နှာတွင်မူ နာကျည်းမှုများ အထင်အသား ပေါ်လွင်နေခဲ့သည်။

သူတို့နှစ်ယောက်က မိမိရယ်နေသည်ကို မတားဆီးကြသဖြင့် မုကျူး အနည်းငယ် အံ့သြသွားခဲ့သည်။ သူက ရယ်သံကို ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး ရှောင်းယီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ဟိုအပြင်လူဆိုတဲ့လူ ဖြစ်ရမယ်။”

ရှောင်းယီတို့အဖွဲ့နှင့် ဤဒေသခံများအကြား ရုပ်ရည်သွင်ပြင်မှာ သိသိသာသာ ကွဲပြားနေသဖြင့် ခွဲခြားရသည်မှာ မခက်ခဲလှပေ။

ရှောင်းယီက ခေါင်းညိတ်ပြပြီး မေးလိုက်သည်။

“ခင်ဗျား ရယ်လို့ ဝပြီလား။ ဝပြီဆိုရင် ခင်ဗျား မသေမျိုးမျိုးနွယ်စုနဲ့ ဘယ်လို အဆက်အသွယ် လုပ်ခဲ့လဲဆိုတာ ကျုပ်ကို ပြောပြဦး။”

မုကျူးက ပြုံးလိုက်သည်။

“သိချင်လို့လား...။ ငါ လုံးဝမပြောဘူးကွ။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ကျုပ်ဘက်က စစ်ဆေးမေးမြန်းမှုက ဒီမှာတင် ပြီးပြီ။ အရှင်မင်းကြီးလော့လင်တန် ခင်ဗျား မေးမြန်းလို့ပြီးရင် ကျုပ်တို့ မဟာမိတ်အဖွဲ့က နည်းပြကျန်းကို လွှတ်ပြီး သူ့ကို တစ်ခေါက် ထပ်မေးခိုင်းလိုက်မယ်။”

“ကောင်းပါပြီ။”

လော့လင်တန် အနည်းငယ် ကြောင်အသွားပြီးမှ တုံ့ပြန်လိုက်သည်။

ထို့နောက် ရှောင်းယီသည် ထိုင်ရာမှထကာ အပြင်သို့ ထွက်သွားတော့လေသည်။ မုကျူးလည်း မှင်တက်ကာ ကျန်ရစ်ခဲ့၏။

ဒီအတိုင်းကြီး ထွက်သွားလိုက်တာလား။ နောက်ထပ် နှစ်နာရီလောက် ထပ်ပြီး စကားမပြောတော့ဘူးလား။

စစ်ဆေးမေးမြန်းခန်းတံခါးဝသို့ ရောက်သောအခါ ရှောင်းယီက တစ်ဖန်ပြန်ပြောလိုက်သည်။

“အရှင်မင်းကြီးလော့လင်တန် ခင်ဗျားမေးစရာရှိတာတွေကို တစ်ခါတည်း အပြတ်မေးထားလိုက်တာ ပိုကောင်းလိမ့်မယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့က နည်းပြကျန်း စစ်ဆေးပြီးသွားရင် ခင်ဗျားမှာ ထပ်မေးဖို့ အခွင့်အရေးမရှိတော့မှာကို ကျုပ်စိုးရိမ်မိတယ်။”

ဤသို့ပြောပြီးနောက် ရှောင်းယီမှာ အပြင်သို့ ထွက်ခွာသွားတော့သည်။ လော့လင်တန်နှင့် မုကျူးတို့မှာ နောက်တစ်ကြိမ် မှင်တက်သွားကြပြန်သည်။

“ဟမ့် ငါ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား။”

မုကျူးက မထီမဲ့မြင်ပြုသောလေသံဖြင့် ပြောလိုက်သည်။

“ဒီနည်းပြကျန်းဆိုတဲ့လူမှာ ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာ ငါကြည့်ရသေးတာပေါ့။”

လော့လင်တန်က မုကျူးကို ကြည့်ကာ လေးနက်သောလေသံဖြင့် မေးလိုက်သည်။

“မင်း ဘာလို့ ဒါမျိုးလုပ်ရတာလဲ။”

“နိုင်တဲ့သူက ဘုရင်၊ ရှုံးတဲ့သူက ဓားပြပဲ။ ပြောနေစရာ မလိုဘူး။ ငါက မင်းထက်စာရင် ကောင်းကင်မိုးကြိုးမင်းဆက်ကို အုပ်ချုပ်ဖို့ ပိုပြီးသင့်တော်တယ်လို့ ယုံကြည်လို့ပဲ။ ဒါပဲ...။”

မုကျူးက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

“မင်းရဲ့ဦးဆောင်မှုအောက်က ကောင်းကင်မိုးကြိုးမင်းဆက်ကို ကြည့်လိုက်ဦး။ နိုင်ငံရဲ့ အင်အားက တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာနေတယ်။ အခုဆို မင်းက အပြင်လူတွေနဲ့တောင် ပူးပေါင်းဖို့ ကြံစည်နေပြီ။ သူတို့လက်ထဲက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုတာ ကွယ်လွန်သူ ဧကရာဇ်မင်းမြတ် အလိုရှိခဲ့တဲ့အရာဆိုတာ မင်းမသိဘူးလား။”

“ဒါဆို မင်းကရော... မသေမျိုးမျိုးနွယ်စုနဲ့ ပူးပေါင်းတာက ငါတို့ ကောင်းကင်မိုးကြိုးမင်းဆက်က လူအားလုံးကို သေတွင်းထဲ ပို့နေတာပဲကွ။”

လော့လင်တန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ မုကျူးကမူ လုံးဝ ဂရုမစိုက်သည့်ပုံစံဖြင့် ရှိနေဆဲပင်။

“ငါက မသေမျိုးမျိုးနွယ်စုကို အသုံးချနေရုံပဲ။”

“အသုံးချတယ် ဟုတ်လား။ မင်းက ငါတို့မင်းဆက်ရဲ့ နန်းတော်ထဲမှာတင် မသေမျိုးမျိုးနွယ်စုအတွက် တံခါးပေါက်ကို ဖွင့်ပေးခဲ့တာပဲ။ ဒါကို မင်းက အသုံးချတယ်လို့ ခေါ်တာလား။”

လော့လင်တန်က နှာခေါင်းရှုံ့ကာ ဆိုသည်။

“ဟမ့် ငါက နန်းတော်ထဲမှာပဲ ဖွင့်ခဲ့တာပါ။ အကယ်၍ အဲ့ဒီအပြင်လူသာ မရှိခဲ့ရင် ငါတို့ မြို့ရိုးကို သိမ်းပိုက်ပြီးလောက်ပြီ။ အဲ့ဒီ လေဟာနယ် လမ်းကြောင်း ကိုဩဒိနိတ်ကိုတောင် ငါသုံးစရာ လိုမှာမဟုတ်ဘူး။”

မုကျူက နာကျည်းစွာ ပြောလိုက်သည်။လော့လင်တန်က မျက်မှောင်ကြုတ်လိုက်သည်။

“လေဟာနယ်လမ်းကြောင်း ကိုဩဒိနိတ် ဟုတ်လား။ အဲ့ဒါကို မင်း ဘယ်ကရတာလဲ။”

“စိတ်မပူပါနဲ့။ ငါ မင်းကို လုံးဝပြောမှာမဟုတ်ဘူး။”

မုကျူးသည် ချက်ချင်းပင် တည်ငြိမ်သော အခြေအနေသို့ ပြန်ရောက်သွားကာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့။”

လော့လင်တန်က အေးစက်စွာ ပြောလိုက်သည်။ မုကျူးက လှောင်ရယ်လိုက်၏။

“မင်းတို့ သုံးနေကျ နည်းလမ်းတွေကို ငါ အကုန်သိပြီးသားပဲ...လုပ်စမ်းပါ။”

လော့လင်တန်က စကားဆက်မပြောတော့ဘဲ လက်ဝှေ့ယမ်းပြလိုက်၏။ ထိုအခါ ဘေးမှ လူတစ်ဦးက ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအချို့ကို ထုတ်ယူကာ မုကျူးအပေါ် စတင်အသုံးပြုရန် ပြင်ဆင်လိုက်တော့သည်။

သို့သော် မုကျူး၏ မျက်နှာတွင် ပြုံးမြဲပြုံးနေဆဲပင်။ မကြာမီမှာပင် စစ်ဆေးမေးမြန်းခန်းအတွင်းမှ မုကျူး၏ အော်ဟစ်သံများနှင့်အတူ ရယ်မောသံများပါ ထွက်ပေါ်လာခဲ့သည်။

“ဟားဟားဟား...လုပ်စမ်းပါ။ မင်းတို့မှာ တခြား ဘာနည်းလမ်းတွေ ရှိသေးလဲဆိုတာ ငါ သိချင်သေးတယ်။ အား...လုပ်လိုက်စမ်း...”

အပြင်ဘက်ရှိ အစောင့်များမှာ သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပေ။

“ဒီ မုကျူးက တကယ် ခံနိုင်ရည်ရှိတာပဲ၊း။ အခုထိ စကားတစ်ခွန်းမှ ဟမလာသေးဘူး။”

“ဒီအတိုင်းသာ ဆက်သွားရင် သူ့ဆီက အသုံးဝင်တဲ့ သတင်းအချက်အလက် ရဖို့ဆိုတာ တကယ် ခက်ခဲလိမ့်မယ်။”

ထိုအချိန်တွင် ရှောင်းယီသည် မသေမျိုးမျိုးနွယ်စု၏ လေဟာနယ်လမ်းကြောင်းအနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နန်းတော်အစောင့်တပ်ဖွဲ့ဝင်များသည် ရှောင်းယီပေးထားသော ကာဘိုင်ရိုင်ဖယ်များ ကိုင်ဆောင်ထားသဖြင့် လေဟာနယ်လမ်းကြောင်းဝင်ပေါက်မှ မသေမျိုးများ၏ ကျူးကျော်မှုကို ဟန့်တားထားနိုင်ခဲ့သည်။

“ကျွန်းပိုင်ရှင် ဒီနေရာက မသေမျိုးတွေက အဓိကအားဖြင့် ဇွန်ဘီးတွေပဲ။ ငါတို့ဆီကဟာတွေက အဓိကအားဖြင့် အရိုးစုတွေပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ကာဘိုင်ရိုင်ဖယ်တွေရှိနေပြီး သူတို့ကို အကာအကွယ်တံတိုင်းပါ ဆောက်ခိုင်းထားမယ်ဆိုရင်တော့ ထိန်းထားနိုင်ဖို့ ပြဿနာမရှိပါဘူး။”

“အင်း... ဒါပေမဲ့ ဇွန်ဘီဗိုင်းရပ်စ် ကိစ္စကိုတော့ ငါ နည်းနည်း စိုးရိမ်မိတယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒီဇွန်ဘီတွေရဲ့ သွေးတွေက မြေကြီးထဲ စိမ့်ဝင်သွားပြီး မြေအောက်ရေကို ညစ်ညမ်းစေသွားရင် အဲ့ဒါကို လူတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေ သောက်မိရင် ဒုက္ခရောက်ကုန်လိမ့်မယ်။”

“ငါ ဘုရင်လော့လင်တန်ကို သတိပေးဖို့ လိုဦးမယ်ထင်တယ်။”

ရှောင်းယီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ဒီကိစ္စကို ဒီမှာပဲ ခဏထားလိုက်ဦး။ မင်း အဆင်သင့်ပြင်ထားတော့။ မုကျူးကို စစ်ဆေးမေးမြန်းဖို့ မင်းရဲ့အကူအညီ လိုလိမ့်မယ်။”

ကျန်းယွင်ထျန်းမှာ အနည်းငယ် ကြောင်အသွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“သူက အရိုးမာတဲ့ကောင်လား။”

“ငါလည်း မသိဘူး။ ဒါပေမဲ့ ငါမေးတုန်းကတော့ သူ ဘာမှမပြောဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူက တကယ်ပဲ အရိုးမာတဲ့သူ ဖြစ်ပါစေလို့ မျှော်လင့်မိတယ်။ မဟုတ်ရင်တော့ ပျင်းစရာကောင်းလိမ့်မယ်။”

ကျန်းယွင်ထျန်းက သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ပြောလိုက်သည်။

“ငါ သိချင်တဲ့ အဓိက ရည်မှန်းချက်က သူ မသေမျိုးမျိုးနွယ်စုနဲ့ ဘယ်လို ဆက်သွယ်ခဲ့သလဲဆိုတာရယ်၊ နောက်ပြီး မသေမျိုးတွေက သူ့ကို လေဟာနယ်လမ်းကြောင်း ဘယ်လိုပေးခဲ့သလဲ၊ နန်းတော်ထဲမှာ လေဟာနယ်လမ်းကြောင်းကို ဘယ်လိုနေရာချခဲ့သလဲ ဆိုတာတွေကို သိဖို့ပဲ။”

ရှောင်းယီက ဆိုလိုက်သည်။

All Chapters