အဆုံးသတ်တိုက်ပွဲ
Vol. 20 Ch. 268
အခန်း (၂၆၈) : အဆုံးသတ်တိုက်ပွဲ
အာကာပြင် အက်ကွဲသွားပြီး ဝမ်ဝေ့ ထွက်ပေါ်လာသည့်အချိန် သူက ကျီစုန့်၏ ရုတ်တရက် အသွင်ပြောင်းသွားမှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရသည်။ သူက အံ့ဖွယ်အသိစိတ်ဖြင့် အာရုံခံကြည့်လိုက်သည့်အခါ ကျီစုန့်၏ အရိုးတစ်ချောင်းမှ အားပြင်းပြင်း စွမ်းအားတစ်ခုက ကျီစုန့်၏ ဝိညာဉ်ကို သိမ်းပိုက်သွားကြောင်း အာရုံခံမိလိုက်သည်။
ထိုစဉ် ကျီစုန့်၏ ပိုင်ရှင်အသစ်က သူ့ခန္ဓာကိုယ်အသစ်အား ထိန်းချုပ်ကာ သူ့ရှေ့မှ လူကို ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ မင်းကို ကျေးဇူးတင်ရမှာပဲ။ မင်းသာ သူ့ ယုံကြည်ချက်ကို ဒီလိုဖျက်ဆီးမပစ်ခဲ့ရင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ဖြစ်လာမှာ မဟုတ်ဘူး။”
“ မိစ္ဆာလား” ဝမ်ဝေ့က ပြောလိုက်သည်။ ထို့နောက် သူက ခေါင်းခါကာ “ ကျီစုန့် ငါ မင်းကို ပိုပြီး စိတ်ပျက်သွားမိပြီ။ မင်းက မင်းစွမ်းအားကိုတောင် မထိန်းချုပ်နိုင်ဘူးပဲ”
ထိုစကားများ ထွက်လာသည့်အခါ ကျီစုန့်၏ မျက်နှာက ပြောင်းလဲသွားလေသည်။ အတိအကျဆိုရလျှင် မျက်နှာတစ်ခြမ်း ဖြစ်၏။ ကျန်တစ်ဖက်က အကောင်းအတိုင်း ကျန်ရှိနေလေသည်။ သို့သော်လည်း ထိုပြောင်းလဲမှုက စက္ကန့်ပိုင်းမျှသာ ကြာရှည်ပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
“ ကောင်းပြီ။ မင်းက ဒီလူအပေါ် လွှမ်းမိုးမှုက အတော်လေး ကြီးမားတာပဲ။ မင်းရဲ့ စကားအနည်းငယ်နဲ့ သူ့ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်တယ်” ကျီစုန့်က ထူးထူးဆန်းဆန်း လေသံဖြင့် ပြောလိုက်သည်။
“ ခင်ဗျားက ကျီစုန့်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ချင်နေတဲ့ အားကောင်းကောင်း မိစ္ဆာမျိုးနွယ်တစ်ခုရဲ့ စိတ်ဆန္ဒတစ်ခုအပြင် မပိုဘူး။ ခင်ဗျားဆီမှာ သူ့ ခန္ဓာကိုယ်ကို လုယူဖို့ ကမ္ဘာဦးစိတ်ဝိညာဉ် မရှိဘူးဆိုတော့ ခင်ဗျားက သေသွားတာ ကြာလောက်ပြီ”
“ ဘယ်လောက်တောင် ဉာဏ်များလိုက်တဲ့ ကောင်စုတ်လေးလဲ” မိစ္ဆာက ဖြေလိုက်သည်။ ထို့နောက် သူက ဝမ်ဝေ့အား ပထမဆုံးအကြိမ် စိုက်ကြည့်လိုက်ပြီးနောက် “ ဒီလိုထူးခြားတဲ့ အငွေ့အသက်၊ အားကောင်းတဲ့ အသက်ဓာတ်မျိုး … မင်းရဲ့ ခန္ဓာကိုယ်က ငါတို့ခေတ်က ကောင်းကင်ဘုံ သွေဖယ်နေတဲ့ မိစ္ဆာမင်းသားတချို့နဲ့တောင် ယှဉ်လို့ ရတယ်”
“ ချီးကျူးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်က ပိုကောင်းတယ်” ဝမ်ဝေ့က ဂရုမမှုဘဲ ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ မိစ္ဆာက သူ့စကားကို လျစ်လျူရှုထားပြီး သူ့အား ဆက်လက်စစ်ဆေးနေသည်။
“ ပြီးတော့ မင်းရဲ့ဝိညာဉ်က အဲဒီစံ … ကောင်လေး မင်းရဲ့ လျှို့ဝှက်ချက်တွေက မသေးဘူးပဲ။ မင်းအတွက် ကံဆိုးတာက ငါနဲ့ တည့်တည့်တွေ့သွားတာပဲ။ မင်း ဝိညာဉ်ကို ဝါးမျိုပြီးသွားရင် ငါက ကောင်းကောင်း အသက်ပြန်ရှင်လာနိုင်တယ်။”
“ ကျုပ်က သေလူကို ကြောက်နေရမှာလား။ ခင်ဗျားက တစ်ခါက မိစ္ဆာနတ်ဘုရား ဖြစ်ခဲ့တယ်ဆိုရင်တောင် သေလူကို ကြောက်နေရမှာလား။ ခင်ဗျားလက်ရှိအခြေအနေနဲ့ စွမ်းအား ဘယ်လောက်များ ထုတ်သုံးနိုင်မှာမလို့လဲ”
“ မင်းကို ရင်ဆိုင်ဖို့အတွက်တော့ ပိုတယ်။ ခဏ … မင်းဆီကနေ ဟိုမိန်းမရဲ့ အနံ့မျိုး ဘာလို့ ရနေတာလဲ”
“ ဘယ်မိန်းမလဲ”
“ ဧကရီဝူ” မိစ္ဆာက အံကြိတ်လျက်ပြောလိုက်သည်။
“ အော် သူက ကျုပ်မိန်းမလေ။”
“ ဟာသတွေ လာပြောမနေနဲ့။ အဲဒီမိန်းမနဲ့ ထိုက်တန်တဲ့ အမျိုးသားက ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ သဘာဝလွန်အဆင့်မှာရှိတဲ့ သူငယ်နာမစင်တဲ့ ကောင်စုတ်လေးကို ထည့်ပြောစရာတောင် မလိုဘူး။ ဘာပဲဖြစ်ဖြစ် မင်းကို သတ်ပြီးလို့ မင်းဝိညာဉ်ကို ဝါးမျိုလိုက်တာနဲ့ ငါ အဖြေကို သိလာမှာပဲ”
“ ခင်ဗျားဘာသာ ခင်ဗျား ယုံကြည်ချက်မရှိတာနဲ့ ကျုပ်ကို လာဆွဲမထည့်နဲ့”
“ ကဲ လေလုံးထွားတာတွေ တော်ပြီ။ ဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်က မင်းကို ဘာလို့ အဲလောက်တောင် မုန်းတီးနေရလဲဆိုတာ ငါ စပြီး နားလည်လာပြီ။ မင်းဆီမှာ အဆိပ်ပြင်းတဲ့ လျှာ ရှိတာပဲ”
“ ဒါက ကျုပ်အမေဆီက သင်ထားတဲ့ နည်းလမ်းလေးတချို့ပေါ့။ သူမက ကြည့်နေတယ်ဆိုတော့ ဒါကို ထုတ်မပြောသင့်ဘူး။”
ဝမ်ဝေ့က ရုပ်သံလွှင့်နေသည့် အစီအရင်ကို ကြည့်ကာ ပြောလိုက်သည်။
“ အမေ ကျွန်တော် တောင်းပန်ပါတယ်။ ဒါတွေအားလုံးက အဖေ့အမှားပါပဲ။ သူက ကျွန်တော့်ရန်သူတွေကို စိတ်အနှောင့်အယှက်ပေးဖို့ အမေဆီကနေ အဆိပ်ပြင်းပြင်း အပြောမျိုး သင်ယူသင့်တယ်ဆိုလို့ သူက သင်ပေးခဲ့တာ”
ထိုတိုက်ပွဲကို ကြည့်နေသည့် လူများစွာက ဆွံ့အသွားကြလေသည်။ အကြောင်းမှာ သူတို့က ဝမ်ဝေ့၏ ထိုအခြမ်းကို ပထမဆုံး မြင်ဖူး၍ ဖြစ်သည်။ လူအများစုက သူ့ကို တည်ငြိမ်သည်၊ အေးဆေးသည်၊ ဉာဏ်များသည်၊ ရက်စက်သည်ဟုသာ ထင်ထားကြလေသည်။ သို့သော် ယနေ့တွင် သူ၏ လွတ်လပ်ပြီး ဟာသဉာဏ်ရွှင်သည့်အပိုင်းကို မြင်လိုက်ရသည်။ အမျိုးသမီးများစွာက သူ့ကို ပိုပြီး နှစ်သက်သွားကြလေသည်။
…………
ထိုစဉ် တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ယုယန်က ဂိုဏ်းချုပ် ဝမ်ထျန်းအား မျက်ထောင့်နီဖြင့် ကြည့်လိုက်သည်။ ထိုစဉ် ဝမ်ထျန်းက သူ့သား၏ စကားများသည် အလိမ်အညာများသာဖြစ်ကြောင်း သူသာလျှင် သိလေသည်။ ကံဆိုးစွာဖြင့် သူ ရှင်းပြလျှင်ပင် သူမက သူ့ကို ယုံကြည်မည် မဟုတ်ပေ။ ထို့ကြောင့် သူက သူ့ ကံတရားကိုသာ လက်ခံလိုက်ရသည်။
………….
ထိုစဉ် တိုက်ပွဲကွင်းပြင်အတွင်း မိစ္ဆာက လျစ်လျူရှုခံထားရ၍ ဒေါသထွက်လာသည်။ သူက သူ့ကိုယ်သူ ပြန်ထိန်းလိုက်ရပြီးနောက် လှောင်ပြုံးပြုံးကာ “ မင်းဘဝမှာ ဘယ်လိုပြစ်မှုတွေ ကျူးလွန်ထားလဲ ကြည့်ရတာပေါ့။ လူသတ်မှု၊ အာဏာရူးကြတာတော့ ရှိမှာပဲ။ ဒါပေမဲ့ ဒါတွေအားလုံးက အသေးအဖွဲတွေ။ တကယ့် အကြီးဆုံးက မျိုးတုန်းသတ်ဖြတ်တာပဲ”
ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ မျိုးတုန်းသတ်ဖြတ်တာလား”
“ ဟုတ်တယ် ချီကံကောင်းမှု စစ်ဆေးပွဲမှာ မင်းက အဲဒီကမ္ဘာရဲ့ နတ်ဆိုးသားရဲ ၉၉ရာခိုင်နှုန်းကျော်ကို သတ်ဖြတ်ပြီးတော့ မျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်။ မင်းရဲ့ အပြစ်ကြွေးကို ပြန်လည်မပေးဆပ်သင့်ဘူးလား”
ဝမ်ဝေ့က သူ့စိတ်ထဲ ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုက သူ့ အပြုအမူများအား ပြန်လည်သုံးသပ်လာအောင် ဖန်တီးနေကြောင်း ခံစားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သူ့မျက်နှာအထက် တည်တည်ငြိမ်ငြိမ်သာ ကျန်ရှိနေပြီး တစ်ဖက်လူအားကြည့်ကာ “ ဟာ ဘယ်လိုတောင်လဲ။ မိစ္ဆာတစ်ကောင်က အပြစ်ကြွေးတွေ ပြန်ဆပ်ဖို့ ပြောနေတာလား။ ခင်ဗျားတို့တွေက မကောင်းမှုတွေကို စားသုံးကြတာ မဟုတ်ဘူးလား”
“ မိုးမြေက တရားတယ်။ အလင်းမျိုးနွယ်က ကံကြမ္မာကောင်းကို စားသုံးတယ်ဆိုရင် မိစ္ဆာမျိုးနွယ်လည်း တည်ရှိဖို့ လိုအပ်တယ်”
“ မိုးမြေလား” ဝမ်ဝေ့က ပြောလိုက်သည် “ အဲလိုသာပြောရရင် မိုးမြေက ကျုပ်အပြုအမူကို မျိုးတုန်းသတ်ဖြတ်မှုလို့ မသတ်မှတ်ဘူး။ ကျုပ် ဒီနတ်ဆိုးသားရဲတွေရဲ့ အလောင်းကို ကောင်းကောင်းမွန်မွန် အသုံးပြုတာနဲ့ ကုသိုလ်တောင် ချီးမြင့်လာသေးတယ်။ ခင်ဗျားက ဘာမလို့ ကျုပ်ကို အကဲဖြတ်နေတာလဲ။ ခင်ဗျားက မိုးမြေထက် ပိုတော်နေလား”
“ ဟား…ဟား… မင်းက အသည်းအေးတဲ့ ကောင်စုတ်ပဲ။ ငါ့လှည့်ကွက်က မင်းအပေါ် အလုပ်ဖြစ်မယ်လို့ ထင်မထားဘူး။ အခု ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကောင်းကောင်းအချိန်ယူပြီးသွားပြီဆိုတော့ မင်း သေရမဲ့အချိန်ပဲ”
“ ခင်ဗျား ဘာလုပ်လုပ် အရေးမစိုက်ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အဆုံးသတ်က သေခြင်းတရားပဲ ဖြစ်လိမ့်မယ်”
မိစ္ဆာက ဘာမှမပြောဘဲ သူ့ပါးစပ်ဖြင့် ဝါးမျိုသည့်ဟန်ကို ပြုလုပ်လိုက်သည်။ ထို့နောက် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ အမှောင်မဟူရာ အလင်းများစွာ ထွက်ပေါ်လာပြီး ဝါးမျိုခံလိုက်ရလေသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က ဆယ်မီတာထိ ကြီးထွားလာသော်လည်း ယခင်ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် ပိန်ပါးနေသေးသည်။
“ ကောင်စုတ်လေး။ မင်း အပြုအမူကို မင်းဘာသာမင်း တရားမျှတတယ်လို့ ထင်ပေမဲ့ မင်း အပြစ်ကြွေးကိုတော့ ပြန်လည်ပေးဆပ်ရဦးမှာပဲ”
မိစ္ဆာက ထိုစကားများပြောလိုက်သည်နှင့် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ကြီးတစ်ခု ကျရောက်လာသလို ခံစားလိုက်ရသည်။ ထိုဝန်ထုပ်က မြေဆွဲအားကြောင့် မဟုတ်သလို ရုပ်ပိုင်းဆိုင်ရာ အင်အားကြောင့်လည်း မဟုတ်ပေ။ ထိုအလေးချိန်က သူ့အား တုံ့နှေးသွားစေပြီး လှုပ်ရှားမှုတိုင်းတွင် စွမ်းအားအမြောက်အများ လိုအပ်နေလေသည်။
မည်သို့ပင် ဆိုစေကာမူ သူက လှုပ်ရှားနိုင်သေး၏။ သူက အံကြိတ်ကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ ထိုလက်သီးချက်တွင် အဖြူရောင်အလင်းများ လွှမ်းခြုံသွားပြီးနောက် မိစ္ဆာဆီ တဟုန်ထိုး ပြေးဝင်သွားလေသည်။ ထိုအခါ မိစ္ဆာက ထိုမီးတောက်သည် သန့်စင်ရေး မီးတောက် ဖြစ်ကြောင်း သတိပြုမိလိုက်ပြီး ဤသည်က မိစ္ဆာအပါအဝင် အပြစ်ကြွေးကျူးလွန်သော တာအိုကို ကျင့်ကြံသည့် ကျင့်ကြံသူများ၏ သဘာဝရန်သူ ဖြစ်ကြောင်း သိထားလေသည်။ အကယ်၍ မိစ္ဆာက အထွတ်အထိပ် အခြေအနေမှာရှိလျှင် ထိုမီးတောက်ကို ရင်ဆိုင်နိုင်မည် ဖြစ်သော်လည်း ယခုလက်ရှိအခြေအနေဖြင့် သေစေလောက်နိုင်သည်။
မိစ္ဆာက တုံ့ဆိုင်းခြင်း မရှိဘဲ အညိုရောင်မီးတောက်ဖြင့် ပြန်လည်ပစ်ခတ်လိုက်သည်။ ထိုမီးတောက်နှစ်ခု တွေ့ဆုံသွားသည့်အခါ ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်မလာဘဲ အတူတူသာ ပျောက်ကွယ်သွားလေသည်။ သူတို့နှစ်ခုက တစ်ခုနှင့်တစ်ခု ပယ်ဖျက်လိုက်သလိုမျိုး ဖြစ်၏။
သို့သော်လည်း မိစ္ဆာက စိတ်မအေးခင် ဝမ်ဝေ့၏ ခန္ဓာကိုယ်တစ်ခုလုံးက အဖြူရောင် မီးတောက်များဖြင့် လွှမ်းခြုံသွားပြီး သူ့ဆီ နောက်ထပ်လက်သီးတစ်ချက် ပစ်ခွင်းလာလေသည်။ သူ့လက်ရှိမီးတောက်များက အသက်ဝင်လာပြီး ထိုမိစ္ဆာအား သန့်စင်ချင်နေဟန်ပေါ်သည်။
ကံဆိုးစွာဖြင့် ထိုမိစ္ဆာက လက်သီးချက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ အညိုရောင်မီးတောက်ကလည်း သန့်စင်ရေး မီးတောက်အား ခုခံနေသည်။
ဝမ်ဝေ့က ထိုအညိုရောင် မီးတောက်သည် ဝိညာဉ်တိုက်စားရေး မီးတောက်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ တစ်ခုက အရာအားလုံးကို သန့်စင်စဉ် တခြားတစ်ခုက အရာအားလုံးကို စွန်းထင်းစေလေသည်။
မည်သို့ပင်ဆိုစေကာမူ မီးတောက်များ အလုပ်မဖြစ်သော်လည်း ဝမ်ဝေ့၏ တိုက်ကွက်က ထိခိုက်မှုတချို့တော့ ဖြစ်စေသည်။ မိစ္ဆာက မီးငြှိမ်းသက်ပြီးနောက်တွင် လက်သီးချက်အားက သူ့အား မီတာ အတော်အတန်ထိ လွင့်စင်သွားစေသောကြောင့် သွေးအန်လိုက်ရသည်။
ဝမ်ဝေ့က တစ်ဖက်လူကို အသက်ရှူဖို့ အချိန်မပေးဘဲ အဖြူရောင်မီးတောက်ဖြင့် လွှမ်းခြုံထားသော နောက်ထပ် လက်သီးတစ်ချက်ဖြင့် ပစ်ခွင်းလိုက်သည်။
မိစ္ဆာ၏ တုံ့ပြန်ချက်က အလွန်မြန်ဆန်လှသည်။ သူက လက်နှစ်ဖက်ဖြင့် ထိုတိုက်ကွက်အား တားဆီးလိုက်ပြီး ခန္ဓာကိုယ်ကို အညိုရောင်မီးတောက်ဖြင့် လွှမ်းခြုံထားလိုက်သည်။
သို့သော်လည်း ဝမ်ဝေ့၏ တိုက်ခိုက်မှုအောက်တွင် သူ့အဖြူရောင် မီးတောက်က အနက်ရောင်အဖြစ် ပြောင်းလဲသွားလေသည်။ အကြောင်းမှာ သူက ကောင်းကင်ဖျက်ဆီးရေး မီးတောက်အဖြစ် ပြောင်းလဲလိုက်၍ ဖြစ်သည်။
မိစ္ဆာက သတိလက်လွတ် ဖြစ်သွားကာ ထိခိုက်မှုအကြီးကြီး ဖြစ်သွားလေသည်။ သူ့ဝိညာဉ် တိုက်စားရေး မီးတောက်က လက်နှစ်ဖက်နှင့်အတူ ဖျက်ဆီးခံလိုက်ရလေသည်။ ထူးဆန်းစွာဖြင့် သူက လွင့်စင်မသွားပေ။ သိပ်မကြာခင် သူက အကြောင်းအရင်းကို သိရှိသွားလေ၏။
သူက မတုံ့ပြန်နိုင်ခင် ဝမ်ဝေ့က သူ့ခေါင်းကို ဆွဲကာ ကျီစုန့်၏ အသိစိတ်ပင်လယ်အတွင်း အဖြူရောင် မီးတောက်များဖြင့် လွှမ်းခြုံစေလိုက်သည်။ မိစ္ဆာက ကမ္ဘာတစ်ဝှမ်း အသံပဲ့တင်လောက်အောင်အထိ အော်ဟစ်နေလေ၏။
စက္ကန့်ပိုင်း ကြာမြင့်ပြီးနောက် ဝမ်ဝေ့က သူ့အား လွှတ်ပေးလိုက်သည်။ မိစ္ဆာက သူ့အား အမုန်းတရားအပြည့်ဖြင့် ကြည့်နေသည်။ အကယ်၍ သူသာ လက်ရှိအားနည်းနေသည့် အခြေအနေ မဟုတ်ပါက ဤသို့ လွယ်လွယ်ရှုံးနိမ့်သွားမည် မဟုတ်ပေ။
“ ဒါက ငါတို့တွေ့ရမဲ့ နောက်ဆုံးအကြိမ် မဟုတ်သေးဘူး” မိစ္ဆာက ရေရွတ်ပြီးနောက် ပျောက်ကွယ်သွားလေသည်။
ဝမ်ဝေ့အတွက်မူ ဂရုမစိုက်ပေ။ သူက ကြွစောင်းစောင်းနိုင်သော်လည်း အခြေအနေများအပေါ် မူတည်နေသေးသည်။
ထိုမိစ္ဆာက ဧကရီဝူ လက်အောက်တွင် သေဆုံးခဲ့သည့် မိစ္ဆာနတ်ဘုရား တစ်ယောက်ယောက် ဖြစ်ဖို့များလေသည်။ ထို့ကြောင့် သူ မည်မျှပင် အားနည်းစေကာမူ တစ်ချိန်က မဟာဧကရာဇ်အဆင့်အထိ ရောက်ဖူးသူ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က သူ့အား အသက်ရောက်ဆုံးနည်းလမ်းဖြင့် တတ်နိုင်သလောက်မြန်မြန် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။
တိုက်ပွဲက စစ်ပွဲလိုဖြစ်ပြီး ယခင် သူ သင်ယူခဲ့ရသလိုမျိုး စစ်ပွဲအတွင်း အရာအားလုံး ဖြစ်ပွားသွားနိုင်သည်။
ထိုစဉ် ကျီစုန့်က သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်လာသည်။ သူက ဝမ်ဝေ့အား ကြည့်လိုက်ကာ “ အဲဒီအဖျက်သမားကို ရှင်းထုတ်ပေးတာ ကျေးဇူးပဲ။ အခု တကယ် တိုက်ခိုက်ကြရအောင်”
မိစ္ဆာခန္ဓာကိုယ်အသွင် ရှိနေသေးသည့် သူ့ ခန္ဓာကိုယ်အထက်တွင် မြောက်များစွာသော အမှတ်အသားများ၊ သင်္ကေတများ ပေါ်ထွက်လာလေသည်။ ထို့နောက် ကျီစုန့်က ပြောလိုက်၏။
[အဆုံးမဲ့စွမ်းအား]
သူ့ပင်ကိုစွမ်းရည်က အသက်ဝင်လာလေသည်။