အဆုံးသတ်တိုက်ပွဲ
Vol. 20 Ch. 269
အခန်း (၂၆၉) : အဆုံးသတ်တိုက်ပွဲ
ကျီစုန့်က ပင်ကိုစွမ်းရည်ကို အသက်သွင်းလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားသည်။ သူ့လက်များက အလိုလို ပြန်ပေါက်လာလေ၏။ သူ့ မိစ္ဆာခန္ဓာကိုယ်က ငါးမီတာမှ ဆယ်မီတာအထိ မြင့်မားသွားကာ ကြွက်သွားများ ပို၍ တောင့်တင်းလာလေသည်။
သူက တုံ့ဆိုင်းခြင်းမရှိ ဝမ်ဝေ့ဆီ ပြေးသွားကာ လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော်လည်း နှစ်ဖက်ထိပ်တိုက် တွေ့ဆုံပြီးသည့်နောက်တွင် ကျီစုန့်က လွင့်စင်သွားကာ တောင်များဖြင့် ဝင်တိုက်မိပြီး မြေပေါ်သို့ ပြန်လည်ပြုတ်ကျသွားသည်။
ထိုစဉ် ဝမ်ဝေ့က ထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်ရရှိသူဖြစ်သော်လည်း မျက်မှောင်ကြုတ်မိသွားသည်။ သူက ကျီစုန့်သည် ထူးထူးဆန်းဆန်း အနည်းငယ် အားကောင်းနေသည့် အချက်ကို တွေ့ရှိလိုက်၍ မဟုတ်ဘဲ ကျီစုန့်၏ ခန္ဓာကိုယ်က သူ့လက်သီးချက် ခံယူပြီးသွားသည့်နောက်တွင်ပင် ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေသေး၍ ဖြစ်သည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပင် ပျက်စီးသွားခြင်းမရှိပေ။
ဝမ်ဝေ့က အာကာပြင်အက်ကြောင်းကို ခွဲကာ ကျီစုန့်ရှေ့ ပြောင်းရွှေ့သွားလိုက်သည်။ ထို့နောက် သူက ကြောက်ခမန်းလိလိ ခွန်အားဖြင့် ကျီစုန့်အား ထပ်မံထိုးချလိုက်ပြန်သည်။ ဤတစ်ကြိမ် ကျီစုန့်က ကမ္ဘာ့တစ်ဖက်သို့ လွင့်စင်သွားလေ၏။ မည်သို့ပင် ဆိုစေကာမူ သူက အကောင်းအတိုင်း ရှိနေသေးသည်။ ထိုပင်ကိုစွမ်းရည်၏ စွမ်းဆောင်မှုတချို့ကို ခန့်မှန်းမိကာ ဝမ်ဝေ့က ဆက်တိုက်ရိုက်နှက်နေသည်။
နောက်ထပ် ၁၅ မိနစ်အတွင်း သူက ခွန်အားများစွာ ထပ်မံအသုံးပြုခဲ့သော်လည်း ကျီစုန့်က အကောင်းအတိုင်း ရှိနေသေး၏။ ထို့အပြင် ထိုအချိန်အပြီးတွင် သူ့တိုက်ခိုက်မှုများက ကျီစုန့်ကို ထပ်မံလွင့်စင်သွားအောင် မလုပ်နိုင်တော့ဘဲ မီတာများစွာသာ နောက်ဆုတ်သွားအောင် လုပ်နိုင်ကြောင်း သိလိုက်ရသည်။
ထိုစဉ် ကျီစုန့်က စိတ်ထဲတွင် တိတ်တဆိတ် တုန်လှုပ်နေမိသည်။ ယခု သူ့အင်အား မည်မျှတိုးလာသည်ကို သူသာလျှင် သိပေသည်။ သို့သော် သူက ဝမ်ဝေ့နှင့် လက်ရည်တူ တိုက်နိုင်ရုံမျှသာ ရှိသေး၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က မည်မျှကြောက်ဖို့ကောင်းကြောင်း စိတ်ကူးမကြည့်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ကျီစုန့်က တိုက်ပွဲကို နောက်ဆုံး အနိုင်ရရှိသူသည် သူသာလျှင် ဖြစ်မည်မှန်း သိထားသည်။ အချိန်က သူ့ဘက်မှာ ရှိ၏။
“ မင်း စွမ်းရည်က ဆိုးကျိုးတော့ ရှိတယ်မလား” ဝမ်ဝေ့က ကျီစုန့်ကို အကြိမ်တစ်ထောင်မြောက် ထိုးပြီးသည့်နောက်တွင် မေးလိုက်သည်။
“ အဲတော့ ဘာဖြစ်လဲ။ ငါ ဒီတိုက်ပွဲကို နိုင်ဖို့ အချိန်လုံလုံလောက်လောက် ရှိသေးတယ်”
ဝမ်ဝေ့ ပြောသည်က အမှန် ဖြစ်၏။ ကျီစုန့်၏ စွမ်းရည်တွင် ဆိုးကျိုးရှိပေသည်။ သူ့ပင်ကိုစွမ်းရည်က သူ့ခွန်အားအား ကန့်သတ်ချက်မရှိ တိုးပွားလာစေသည်။ သို့သော် သူ့ခွန်အားက သူ ခံယူနိုင်သည်ထက် ကျော်လွန်၍ တိုးမြင့်သွားသည်နှင့် သူ့ခန္ဓာကိုယ်က ထိုခွန်အားကို ထိန်းညှိပေးဖို့ လိုအပ်လေသည်။ သို့သော်လည်း အကျိုးဆက်အနေနှင့် ထိုပင်ကိုစွမ်းရည်အား နောက်နှစ်ငါးရာတိုင်သည်အထိ ထုတ်သုံးနိုင်မည် မဟုတ်ပေ။
ကျီစုန့်က ဤတိုက်ပွဲသည် ခက်ခဲလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း သူ့ပါရမီကို ဒီလောက်ထိ ထုတ်သုံးရလိမ့်မည်ဟု မထင်ထားမိပေ။
ထိုသို့ဆိုလျှင်ပင် သူက အသုံးပြုရ၍ နောင်တမရပေ။
ထိုစွမ်းရည်ကို အသက်သွင်းပြီး မိနစ်နှစ်ဆယ်မြောက်တွင် ကျီစုန့်၏ စွမ်းအားက ဝမ်ဝေ့နှင့် လက်ရည်တူ ဖြစ်သွားသည်။ သူတို့နှစ်ဦး ထိပ်တိုက်တွေ့သည့်အခါ လက်ရည်တူ ဖြစ်နေ၏။
သူတို့ လှုပ်ရှားမှုတိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားသွားပြီး လူလုပ်ကမ္ဘာက တုန်ခါလာကာ အက်ကြောင်းများလည်း ပေါ်ထွက်လာသည်။ သူတို့နှစ်ဦးအတွက် ကံကောင်းသည်က ဤကမ္ဘာတွင် သက်ရှိများ မရှိသလို အသင်္ချေအင်ပါယာကမ္ဘာဖြင့် ချိတ်ဆက်ထားသောကြောင့် အာကာပြင်အက်ကြောင်းများအား အလိုလို ပြန်ကောင်းနိုင်စွမ်း ရှိလေသည်။ မဟုတ်ပါက ပျက်စီးသွားသည်မှာ ကြာလောက်လေပြီ။
ဝမ်ဝေ့က ခပ်ယဲ့ယဲ့ ပြုံးထားရင်း ကျီစုန့်နှင့် ထိပ်တိုက်တွေ့လေသည်။ သူက ဒီလိုမျိုး သွေးပွက်ပွက်ဆူသည့် တိုက်ပွဲမျိုး မတိုက်ခိုက်ရသည်မှာ အချိန်တော်တော် ကြာမြင့်လှပြီဖြစ်၏။ သူက ဝူဟုန်နှင့် လက်ရည်စမ်းသော်လည်း ထိုလက်ရည်စမ်းပွဲများအကြား လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်လို ခံစားရလေသည်။
ဝုန်း…ဝုန်း…
သူတို့၏ လက်သီး ထိပ်တိုက် တွေ့ဆုံသွားသည့်နေရာတွင် တုန်ခါလှိုင်းများ ဖြစ်ပေါ်လာပြီး လမ်းရှိ အရာအားလုံးကို ပျက်စီးသွားစေသည်။ လှပသည့် ကွင်းပြင်များ ဖြစ်စေကာမူ၊ ခမ်းနားကြီးကျယ်သည့် တောင်တန်းများ ဖြစ်စေကာမူ၊ မီးတောင်များ ဖြစ်စေကာမူ၊ ငြိမ်သက်နေသော နှင်းကျနေသည့်နေရာများ ဖြစ်စေကာမူ တစ်ခုမှ အကောင်းအတိုင်း မကျန်ရှိခဲ့ပေ။
၂၅ မိနစ်မြောက်တွင် တိုက်ပွဲက ဝမ်ဝေ့အတွက် ပင်ပန်းလာလေသည်။ သူ တိုက်ခိုက်သည့်အချိန်တိုင်း သူ့ ခန္ဓာကိုယ်မှ စွမ်းအားအကုန် ထုတ်သုံးခဲ့ရသည်။ သူ့ ကြွက်သားများနှင့် အရိုးများက နာကျင်လာပြီး မူလအဆီအနှစ်များကလည်း တစ်ခါမှ မကြုံတွေ့ဖူးသည့် အမြန်နှုန်းဖြင့် ကုန်ဆုံးနေလေသည်။
မိနစ် ၃၀အကြာတွင် ဝမ်ဝေ့က ကျီစုန့်၏ တိုက်ခိုက်မှုများကြောင့် အနည်းငယ် နောက်ဆုတ်သွားရသည်။ သူ့ကြွက်သားများနှင့် အရိုးများက ပျက်စီးသွားကာ တစ်ဖန် ပြန်ပေါက်လာလေသည်။ မည်သို့ပင်ဆိုစေကာမူ မျက်နှာအထက်ရှိ အပြုံးက ဘယ်တော့မှ ပျောက်ကွယ်မသွားပေ။
၃၇ မိနစ်မြောက်တွင် သူက ကျီစုန့်၏ တိုက်ကွက်တစ်ခုကြောင့် လွင့်စင်သွားလေသည်။ သူက တိုက်ပွဲကို ဖြည်းဖြည်းချင်း ရှုံးနိမ့်လာပြီ ဖြစ်၏။
တိုက်ကွက်အပြီးတွင် ကျီစုန့်က လေထဲတွင်ရပ်ကာ ဝမ်ဝေ့အား ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့ ဧရာမခန္ဓာကိုယ်ကြီးဖြင့် အော်ပြောလိုက်၏ “ ညှဉ်းပန်းနှိပ်စက်ခံပြီးတော့ ရှုံးနိမ့်သွားတာ ကောင်းတယ်မလား”
ဝမ်ဝေ့က သူ့ဒဏ်ရာများကို ကုသပြီးနောက် မြေပေါ်မှ ထရပ်ကာ အညောင်းအညာဖြေလိုက်ရင်း “ မင်းဆီမှာ နောက်ခံမရှိရင် ကြွစောင်းစောင်းနိုင်တာ မကောင်းဘူးနော်”
“ ငါ့စွမ်းအားက လုံလောက်တယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် လှောင်ပြုံး ပြုံးလိုက်သည်။ ထို့နောက် သူက မေးထောက်ကာ စဉ်းစားလိုက်၏။ သူ့မျက်နှာအထက် တွေးဆဆ အမူအရာဖြင့် သူ့ကိုယ်သူ ပြောလိုက်သည်။
“ ငါ ဒီတိုက်ပွဲကို ဘယ်လိုအဆုံးသတ်ရမလဲ။ ငါ့ရဲ့ ဧကရာဇ်ငယ်စွမ်းရည်ကို သုံးပြီး သူ့ကို အားနည်းအောင် လုပ်ပြီး တစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်ရမလား။ မဟုတ်သေးဘူး။ ဒီနည်းလမ်းက သိပ်မကောင်းဘူး။
အဲဒါဆို ငါ ဝိညာဉ်တိုက်ကွက်ကို အသုံးပြုလိုက်ရမလား။ အဲဒါဆိုရင် ဒီတိုက်ကွက်ကနေ အဆုံးသတ်သွားနိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်လို့ ကျေနပ်စရာတော့ မကောင်းဘူး။ ဒီလိုဆိုရင် ငါ့ပင်ကိုစွမ်းရည်ကို စမ်းကြည့်ရအောင်။ အခု တိုက်ပွဲအတွင်းမှာ စမ်းသပ်ကြည့်ဖို့ အချိန်ကောင်းပဲ။”
ထို့ကြောင့် ဝမ်ဝေ့၏ ခန္ဓာကိုယ်အနှံ့ ထူးထူးဆန်းဆန်း သင်္ကေတနှင့် အမှတ်အသားများ ပေါ်ထွက်လာလေသည်။ သူ့ ပင်ကိုစွမ်းရည်ဖြစ်သည့် ကံကြမ္မာနှောင်ကြိုးကို အသက်သွင်းလိုက်၏။ သူ့ခန္ဓာကိုယ်မှ ခဲဖြူရောင် သံကြိုးများ ဖြစ်ပေါ်လာကာ ကျီစုန့်ဆီ ပြေးဝင်သွားလေသည်။
ကျီစုန့်က တစ်ဖက်လူ၏ စကားများကို ကြားပြီးနောက် အမူအရာပျက်ယွင်းသွားကာ အားပြင်းပြင်းလက်သီးတစ်ချက် ထိုးခွင်းလိုက်၏။ သို့သော်လည်း သူ့တိုက်ကွက်က သံကြိုးများဆီ ထိုးဖောက်သွားလေသည်။
ထိုအရာကို မြင်ပြီး ကျီစုန့်က အရှိန်ကို မြင့်ကာ တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။ သူ့အတွက် ကံဆိုးသည်က သူ မည်မျှမြန်ဆန်စေကာမူ ကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။ စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သံကြိုးက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။
အရင်ဆုံး သူက ဘာမှမဖြစ်ပျက်သွားသည့်အတွက် စိတ်ရှုပ်ထွေးသွားရသည်။ သို့သော် သူ့ခွန်အား အလျင်အမြန် လျော့ကျသွားသည့်အတွက် သူ့မျက်နှာထားက ပြောင်းလဲသွားလေသည်။ ထို့နောက် သူ့စိတ်ထဲ မှတ်ဉာဏ်တစ်ခု ပေါ်ထွက်လာသည်။ ထိုမှတ်ဉာဏ်က သူ့ပင်ကိုစွမ်းရည်သည် သူ့စွမ်းအားကို အဆုံးမဲ့ တိုးမြှင့်ပေးနိုင်ခြင်း မဟုတ်ဘဲ အဆတစ်ရာမျှသာ တိုးမြှင့်ပေးနိုင်ခြင်းဟု ပြသနေလေသည်။
ကျီစုန့်က သူ့တွင် ဘာကြောင့် မှတ်ဉာဏ်နှစ်ခု ရှိနေရတာလဲဟု စိတ်ရှုပ်ထွေးနေစဉ် သူ့ပင်ကိုစွမ်းရည်၏ ခွန်အားက အဆရာချီ မဟုတ်တော့ဘဲ အဆတစ်ရာထိသာ ကွက်တိတိုးနိုင်ကြောင်း သတိပြုမိလိုက်သည်။
“ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ” ကျီစုန့်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မေးလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ပြန်မဖြေပေ။
သူ့ပင်ကိုစွမ်းရည် ကံကြမ္မာနှောင်ကြိုးက ကံကြမ္မာသည် မမျှတကြောင်း သဘောတရားအပေါ် မှီခိုထားလေသည်။ တချို့လူများက တခြားလူများထက် သာလွန်သော ရုပ်ပိုင်းဆိုင်ရာကောင်းမွန်မှုဖြင့် မွေးဖွားလာစဉ် တချို့လူများက ပိုမိုဉာဏ်ကောင်းစွာ မွေးဖွားလာသည်။ တချို့က မြင့်မြတ်သည့် သွေးမျိုးဆက်ဖြင့် မွေးဖွားလာတတ်ကြသည်။ ထို့ကြောင့် ကံကြမ္မာက မွေးဖွားကတည်းက ဆုံးဖြတ်ပေးထားလေသည်။
ဝမ်ဝေ့က ထိုကန့်သတ်ချက်များကို လူများအပေါ် ထားရှိနိုင်သည်။ သူက ပါရမီရှင်ကို အရူးတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်သလို မသန်မစွမ်းဖြစ်နေသူကိုလည်း ခန္ဓာကိုယ်လေ့ကျင့်သူအဖြစ် ပြောင်းလဲပေးနိုင်သည်။ သူက အရာအားလုံးနီးပါးအပေါ် ကန့်သတ်ချက် သို့မဟုတ် နှောင်ကြိုးများ ဖွဲ့တည်ပေးနိုင်သည်။
သူ လုပ်လိုက်သည်ကား ကျီစုန့်၏ ပင်ကိုပါရမီစွမ်းရည်အပေါ် အဆတစ်ရာအထိသာ တိုးမြှင့်နိုင်ကြောင်း ကန့်သတ်ချက် ထားလိုက်ခြင်း ဖြစ်၏။ ယခုမှစ၍ ထိုအရာက ထိုစွမ်းရည်၏ ကန့်သတ်ချက် ဖြစ်လာလိမ့်မည်။
ကျီစုန့်၏ စိတ်ထဲရှိ မှတ်ဉာဏ်များအတွက်မူ ဝမ်ဝေ့က ကံကြမ္မာကို ပြောင်းလဲလိုက်သည့်အတွက် ဖြစ်ပေါ်လာသော ရလဒ် ဖြစ်ပေသည်။ ကျီစုန့်၏ စွမ်းရည်အကြောင်း သိထားသည့်သူများ၊ အစစ်အမှန် အုပ်ချုပ်သူများအပါအဝင် တခြားသူအားလုံး၏ မှတ်ဉာဏ်လည်း ပြောင်းလဲသွားလိမ့်မည်။ သဘောတရားအရဆိုရလျှင် သူတို့က စိတ်ထဲတွင် မှတ်ဉာဏ်အသစ်သာ ကျန်ရှိခဲ့မည် ဖြစ်၏။ သို့သော် သူတို့အားလုံးတွင် အားကောင်းသော ကျင့်ကြံဆင့်များ ရှိသောကြောင့် နဂိုမှတ်ဉာဏ်ကိုတော့ ထိန်းသိမ်းထားနိုင်လိမ့်မည်။
ဝမ်ဝေ့က ကျီစုန့်ရှေ့တွင် ပေါ်လာကာ မျက်နှာကို ဖြတ်ရိုက်ချလိုက်ပြီး မြေပြင်ပေါ် ပြုတ်ကျသွားစေသည်။ ထို့နောက် ဝမ်ဝေ့က သွေးအန်နေသည့် ကျီစုန့်ရှေ့တွင် ပေါ်ထွက်လာကာ နောက်တစ်ချက် ထပ်မံထိုးနှက်လိုက်ပြန်သည်။
“ မင်းဆီမှာ တခြားနည်းလမ်း မရှိတော့ရင် ရှုံးနိမ့်တာ ဝန်ခံလိုက်သင့်တယ်”
ကျီစုန့်က ဖြည်းဖြည်းချင်း ထရပ်ကာ သူ့ နဂိုပုံစံသို့ ပြောင်းလဲသွားလေသည်။ ထို့နောက် သူက အံကြိတ်ပြုံးကာ “ ငါ ဒီတိုက်ပွဲကို ရှုံးနိမ့်သွားတယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ မင်း လုံးဝ နိုင်တယ်လို့ ပြောတာတော့ မဟုတ်ဘူး”
“ မင်း ဘာကိုပြောတာလဲ” ဝမ်ဝေ့က တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိ၍ မေးလိုက်သည်။
ကျီစုန့်က အားပါးတရ ရယ်မောကာ “ တိုက်ပွဲမှာ ငါ မင်းကို ပြတဲ့ အမှတ်အသားပြားက အတုပဲ။ အစစ်က အိမ်မှာ”
“ မင်း ငါ့ကို လှည့်စားရဲတယ်ပေါ့”
“ဟား…ဟား… ဘာစာချုပ်မှ မရှိဘဲ မင်း ဘာတတ်နိုင်မှာလဲ။ မင်း တစ်ယောက်တည်း လှည့်စားနိုင်တယ်များ ထင်နေလား” ကျီစုန့်က သရော်ပြုံးဖြင့် မေးလိုက်သည်။ ထို့နောက် အက်ကြောင်းတစ်ခုပေါ်လာကာ သူ့အား ဝါးမျိုသွားလေ၏။
ထိုစဉ် ဝမ်ဝေ့က ဒေါသလှိုင်းလွှမ်းခြုံသွားကာ အော်ပြောလိုက်သည် “ မင်း ငါ့ကို လှည့်စားရဲတယ်လား”
သူ ပြောလိုက်ပြီးသည့်နောက်တွင် သူ့ ဝိညာဉ်စွမ်းအားက အလိုလို အသက်ဝင်လာပြီး သူ့ဒေါသကိုပင် မိုးမြေက ခံစားရလေသည်။ အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်တစ်ခုလုံး အနီရောင် လွှမ်းသွားကာ အားပြင်းသည့် ဖိအားတစ်ခုက တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားလေသည်။ ကျင့်ကြံသူအားလုံးက စွမ်းအားကြီး ပုဂ္ဂိုလ်သည် သူတို့ကမ္ဘာကို ဒေါသထွက်နေပြီး ဖျက်ဆီးပစ်ချင်နေကြောင်း ခံစားမိလိုက်ကြ၏။
အိပ်စက်နေကြသည့် တာအိုဘိုးဘေးများနှင့် ထာဝရအရှင်များပင် ဖိအားကြောင့် အလန့်တကြားဖြစ်ကာ နိုးထလာကြသည်။
ငရဲကမ္ဘာ တားမြစ်နယ်မြေအတွင်း၌ စိတ်ကူးယဉ် မကြည့်နိုင်လောက်ဖွယ် သက်ရှိတစ်ပါးက ကမ္ဘာ၏ အပြောင်းအလဲကို ခံစားမိကာ ဝမ်ဝေ့ရှိရာသို့ လှမ်းကြည့်လာသည်။
“ စံပြအရည်အသွေး ဝိညာဉ်လား။ ဒီလို အလွှာနိမ့်မျိုးမှာလေ” ထိုသက်ရှိက ရေရွတ်လိုက်ပြီးနောက် နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် သူက ဝမ်ဝေ့ဆီသွားဖို့ နိုးထလာလေ၏။ သို့သော်လည်း သူ ထွက်မလာခင် ဝူဟုန်က တားမြစ်နယ်မြေရှေ့တွင် ပေါ်ထွက်လာသည်။ သူမက လက်ဝှေ့လိုက်သည့်အခါ ကောင်းကင်တွင် သင်္ကေတများစွာ ပေါ်ထွက်လာပြီးနောက် အားကောင်းသည့် စည်းတံဆိပ် ကျရောက်လာသည်။
ထိုသက်ရှိက အဖြစ်အပျက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည် “ ဧကရီဝူလား။ မင်း ငါ့ကို အဲ့တုန်းကတောင် ဘာမှမလုပ်နိုင်ခဲ့တာ ဒီလိုအားနည်းနေတဲ့ သွင်ပြင်နဲ့ ဘာလုပ်နိုင်မှာလဲ။”
“ သူ ထာဝရဧကရာဇ်ဖြစ်လာပြီး ရှင့်ကို ရင်ဆိုင်နိုင်အောင်အထိ ကျွန်မ စည်းပိတ်ထားနိုင်တယ်” ဝူဟုန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ သူက မင်း ကျရှုံးခဲ့တဲ့အရာကို အောင်မြင်မယ်များ ထင်နေလား”
“ ရှင်ရော ဘယ်လိုထင်လဲ” ဝူဟုန်က ပြန်ပြောလိုက်သည်။ ထိုသက်ရှိက ဘာမှမပြောဘဲ ပြန်လည်အိပ်စက်သွားလေသည်။
…………
လူလုပ်ကမ္ဘာအတွင်း ဝမ်ဝေ့က လေဟာနယ်ချိုးဖျက်အဆောင် အသုံးပြုနေသည့် ကျီစုန့်ဆီ တဟုန်ထိုး ပြေးဝင်သွားလေသည်။
သူက တုံ့ဆိုင်းခြင်း မရှိဘဲ အားကောင်းသည့် ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုလိုက်၍ ကျီစုန့်၏ နေရာပြောင်းရွှေ့နေမှုအား အနှောင့်အယှက်ဖြစ်သွားစေသည်။ ထို့နောက် သူက သူ့အံ့ဖွယ်ပင်လယ်အတွင်းရှိ မူလအဆီအနှစ်အားလုံးကို ထုတ်သုံးကာ ကြွက်သားများ၊ အရိုးများနှင့် အတွင်းအင်္ဂါများဆီ အင်အားတိုးမြင့်စေလိုက်သည်။
ဝမ်ဝေ့က သူ့အင်အားအသစ်ဖြင့် ဗလာလေဟာနယ်အတွင်းသွားကာ ကျီစုန့်ကို ဖမ်းလိုက်၏။ စက္ကန့်ပိုင်းအတွင်း သူ့ကို မိသွားလေသည်။ ကျီစုန့်က သူ ပြဿနာဖြစ်တော့မည်မှန်း သိကာ ယခင်တာအိုကာကွယ်သူမှ ချန်ထားခဲ့သော စွမ်းအားကို အသက်သွင်းလိုက်သည်။
ထိုစဉ် နန်းစွန့်မင်းသားကျီရှန့်၏ ဓမ္မခန္ဓာကိုယ်က ပေါ်လာကာ သူ့မြေးကို ကာကွယ်ပေးထားသည်။ သို့သော် ဝမ်ဝေ့က ရပ်တန့်မသွားပေ။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကံကြမ္မာနှောင်ကြိုးအပေါ် နန်းစွန့်မင်းသားကျီရှန့်က ကျီစုန့်ကို ကယ်ဖို့ သူ့ကိုယ်သူ စတေးသွားခဲ့သော်လည်း တာအိုတစ်ခုလုံးကို ကျီစုန့်အပေါ် ချန်မထားခဲ့ကြောင်း နောက်ထပ် ကံကြမ္မာအပြောင်းအလဲ ရေးသားလိုက်သည်။
ထို့နောက်ဆိုသလို ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် ထူးခြားအံ့ဖွယ် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာက သူ့ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေလေ၏။ ဤအရာက သူသည် စည်းမျဉ်းများကို နားမလည်ဘဲ ဓမ္မခန္ဓာကိုယ်လို အားကောင်းသည့်အရာမျိုးအပေါ် ပင်ကိုစွမ်းရည် ထုတ်သုံးခဲ့၍ တန်ပြန်သက်ရောက်မှုဖြစ်ကြောင်း သိလေသည်။
သူ့ပင်ကိုစွမ်းရည်က မည်မျှပင် ကောင်းကင်ဘုံ သွေဖယ်စေကာမူ ကန့်သတ်ချက် ရှိနေသေး၏။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်းမရှိဘဲ တန်ပြန်သက်ရောက်အားကို ဝိညာဉ်ဆီ ပို့လွှတ်လိုက်သည်။
ဝမ်ဝေ့က သွေးတစ်ပွက် အန်လိုက်ပြီးနောက် ကျီစုန့်ဆီ ပြေးသွားကာ ခေါင်းမှ ဆွဲမလိုက်ပြီးနောက် အာကာပြင် လှုံ့ဆော်ရေးစွမ်းရည်ဖြင့် လူလုပ်ကမ္ဘာဆီ ပြန်ရောက်လာလေသည်။
သူက မျက်လုံးနီနီဖြင့် ကျီစုန့်အား ကြည့်ကာ အော်ပြောလိုက်သည် “ မင်း ငါ့ကို လှည့်စားရဲတယ်လား”
ထို့နောက် ဝမ်ဝေ့က ကျီစုန့်၏ ဦးခေါင်း ပေါက်ကွဲသည်အထိ ချေမွပစ်လိုက်သည်။ သူက ကျီစုန့်၏ အသက်မဲ့နေသော ခန္ဓာကိုယ်က မြေပုံပေါ်ပြုတ်ကျသွားသည်ကိုသာ ကြည့်နေပြီး ထိုလူက ဘယ်တော့မှ ထရပ်နိုင်တော့မည် မဟုတ်ကြောင်း သိနေသည်။