အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း (၁၃၉)
ထွက်ခွာသွား၍ မရနိုင်ခြင်း
လီနျန်သည် သူမကို အော်ဟစ်လိုက်၏။
“အမေ ကိုယ့်သားကိုယ်တောင် မဆုံးမနိုင်ဘဲနဲ့ မိခင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ရဲ့လား”
ထို့နောက် သူမက လှောင်ပြုံးပြုံးကာ ထပ်မံပြောသည်။
“ကျွန်မကတော့ အမေက ဂရုမစိုက်ချင်ဘူးလို့ ထင်နေတာ၊ ရယ်စရာကောင်းလိုက်တာ၊ အမေကိုယ်တိုင်လည်း...”
လီနျန် ငိုကြွေးရင်း ထပ် ပြောလိုက်သည်။
“ကျွန်မ ဘယ်လောက်တောင် စိတ်ဆင်းရဲနေရလဲဆိုတာ အမေသိလား။ ဘယ်လောက်တောင် နာကျင်နေရလဲဆိုတာရော သိရဲ့လား။ ကျွန်မ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး”
“ငါ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ ငါလည်း ဒါတွေကို ဖြတ်သန်းခဲ့ရတာပဲ”
အဘွားကျန်းက နောက်ဆုံးတွင် စကားဆိုလာသည်။
လီနျန်က မေးလိုက်၏။
“သူက အမေ့ကိုပါ ဘာလို့ ရိုက်ရတာလဲ...”
“နှစ်ပေါင်းများစွာတောင် ရှိပြီ၊ ငါ့ကို သူ့အဖေက ရိုက်ခဲ့တာ။ သူ့အဖေက ငါ့ကို ရိုက်တဲ့အခါ... သူ့ကို ဘယ်တော့မှ ကွယ်ဝှက်မထားဘူး၊ တစ်ခါတလေ သူ့ကိုပါ ရိုက်သေးတာ။ ဝူးဝူး... ငါ ထင်ခဲ့တာက... ငါ အရိုက်ခံရတာကို မြင်နေရတော့ သူကြီးလာရင် ငါ့ကို ကူညီလိမ့်မယ်လို့ ငါထင်ခဲ့တာ။ သူ့အဖေ ထွက်သွားပြီးတဲ့နောက်မှာ သူက သူ့အဖေရဲ့ နည်းလမ်းဆိုးတွေကို လိုက်လုပ်လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး”
ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသည့်အတွက် သူသည် ကောင်းမွန်သော အရာများကို မည်သို့ သင်ယူနိုင်ပါမည်နည်း။
အဘွားကျန်းက ဆက်ပြော၏။
“ညည်း မရှိတဲ့အချိန် သူ အရက်သောက်ရင် ငါ့ကိုလည်း အပ်နဲ့ ထိုးတတ်တယ်။ ဒါပေမဲ့... ဒါပေမဲ့ သူ အရက်မသောက်ရင် ဒါမျိုးတွေ မလုပ်ပါဘူး”
လီနျန်က မျက်မှောင်ကြုတ်လိုက်၏။
“အမေက သူ့ဘက်ကနေ ဆင်ခြေပေးနေတာလား။ ဒါတွေကို အမေက ကျင့်သားရနေပြီလား”
အဘွားကျန်းက ငိုယိုရင်း ပြောလိုက်သည်။
“ငါ ဘာလုပ်နိုင်မှာလဲ။ ဘဝကတော့ ဒီတိုင်း ဆက်သွားနေရဦးမှာပဲ...”
လီနျန် စိတ်ပျက်သွားမိသည်။ သူမနှင့် ပြောစရာစကား လုံးဝမရှိတော့ဟု ခံစားလိုက်ရပြီး ဆက်ပြောနေလျှင် သူမ အော့အန်မိတော့မည်။
သို့သော် တဖြည်းဖြည်းနှင့် သူမနားလည်လာသည်မှာ အရိုက်ခံရလေလေ၊ ပြန်လည်ခုခံရန် သတ္တိနည်းပါးလာလေလေ ဖြစ်လာပြီး နောက်ဆုံးတွင် အဘွားကျန်း ကဲ့သို့သော အမျိုးသမီးမျိုး ဖြစ်လာတော့မည်။
ဝမ်းနည်းစရာကောင်းလှသော အမျိုးသမီးတစ်ဦး။
သူမ မတတ်နိုင်ပေ။ “သွား၊ မြေပဲသွားစိမ်ချေ” ဟု ပြောသံကြားတိုင်း သူမတစ်ကိုယ်လုံး တုန်ရီလာရသည်။
ထိုစကားလုံးမှာ ခလုတ်တစ်ခုကဲ့သို့ပင်။ ပြောလိုက်သည်နှင့် သူမ ဘာမှ မစဉ်းစားနိုင်တော့ဘဲ ကြောက်ရွံ့မှုများသာ ကျန်ရှိတော့သည်။
ဤကဲ့သို့သော ဘဝက မည်မျှကြာရှည်ခဲ့သည်ကို သူမ မသိတော့ပေ။ သူမကိုယ်တိုင်ပင် ကျင့်သားရလုနီးပါး ဖြစ်နေခဲ့ပြီ။
တစ်နေ့တွင် သူမ၌ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည့် အချိန်အထိပင်။
မိခင်တစ်ယောက်၏ သန်မာလိုသော စိတ်ဆန္ဒကြောင့်လား၊ သို့မဟုတ် သူမ၏ကလေးကို ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် မမွေးဖွားစေချင်၍လား မသိပေ။ ထိုနေ့ သူအိမ်မှ ထွက်သွားပြီးနောက် သူမသည် အိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။
သူမသည် အဝတ်အစားများကို စတင် ထုပ်ပိုးတော့၏။ အဝတ်အစား နှစ်စုံနှင့် သူမ ဝှက်ထားသော လမ်းစရိတ် အချို့ကိုသာ ရိုးရိုးရှင်းရှင်း ထုပ်ပိုးလိုက်သည်။
အဘွားကျန်းက တံခါးဝတွင် သူမကို စောင့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“သူ့ကို သွားပြောချင်လို့လား”
သူမသည် အဘွားကျန်းကို တစ်ချက်သာ ကြည့်ပြီး ဆက်လက် ထုပ်ပိုးနေသည်။
“ညည်း ထွက်သွားလို့ မရဘူး”
လီနျန်၏ လှုပ်ရှားမှုများ ခေတ္တရပ်တန့်သွားသည်။ သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆက်လက် ထုပ်ပိုးနေရင်း ပြော၏။
“ကျွန်မ ထွက်သွားလို့ ရပါတယ်”
“ညည်း ထွက်သွားလို့ မရဘူး”
လီနျန် ဒေါသထွက်သွားသည်။ သူမသည် အဝတ်ထုပ်ကို စားပွဲပေါ်သို့ ဝုန်းခနဲ ချလိုက်ပြီး ထရပ်ကာ အဘွားကျန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်၏။
“ကျွန်မ ထွက်သွားလို့ ရတယ်။ ထွက်သွားလို့ ရတယ်။ ကျွန်မ ထွက်သွားလို့ ရတယ်လို့ ပြောနေတယ်လေ”
သူမသည် အဘွားကျန်းထံ လျှောက်သွားကာ သူမ၏ နှာခေါင်းကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
“ကျွန်မက အမေနဲ့ မတူဘူး။ အမေကိုယ်တိုင်က မလွတ်မြောက်ရဲဘဲနဲ့ ကျွန်မ လွတ်မြောက်မှာကို တားချင်နေတာလား။ ကျွန်မ ပြောလိုက်မယ်၊ အဲဒါကို အိမ်မက်တောင် မမက်နဲ့”
“ညည်း ထွက်သွားလို့ မရဘူး။ ညည်းရဲ့ အိမ်ထောင်စုစာရင်း ကို သူ ဝှက်ထားတယ်။ ဒီခရိုင်ထဲကတောင် ညည်း ထွက်သွားလို့ မရဘူး၊ ညည်းမှာ ကိုယ်ဝန်ရှိနေတာကိုလည်း ထည့်စဉ်းစားဦး”
သူမက တိုးတိုးလေး ရေရွတ်လိုက်၏။
“ငါ့ရဲ့ အိမ်ထောင်စုစာရင်းလည်း မရှိတော့ဘူး၊ ငါလည်း ထွက်သွားလို့ မရဘူး...”
၎င်းကို ကြားလိုက်ရသည့်အခါ လီနျန်၏ နှုတ်ခမ်းများ တုန်ရီသွားသည်။ သူမ ပြန်လည် ငြင်းဆန်ချင်သော်လည်း အကြောင်းပြချက် ရှာမတွေ့ပေ။
အဘွားကျန်း ပြောသည်မှာ မှန်ကန်ကြောင်း သူမ သိသည်။
သူမသည် မြေကြီးပေါ်သို့ “ဝုန်း” ခနဲ ပုံကျသွားကာ အသံထွက်၍ ငိုကြွေးတော့၏။
ဤကဲ့သို့သော လူ့အဖွဲ့အစည်းတွင် အိမ်ထောင်စုစာရင်း မရှိသော အမျိုးသမီးတစ်ယောက်သည် မည်မျှအထိ ဝေးဝေးသွားနိုင်ပါမည်နည်း။
ထိုအချိန်မှစ၍ သူမ၏ နှလုံးသား သေဆုံးသွားခဲ့ပြီဟု ခံစားလိုက်ရ၏။
နေ့တိုင်း အနည်းငယ် အရိုက်ခံရပြီး ငါးရက်တစ်ကြိမ် အပြင်းအထန် အရိုက်ခံရသည်။ သူမ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဝင်လာ၏။ အကယ်၍ ဤနည်းဖြင့် ကလေးသာ ပျက်ကျသွားလျှင် ကောင်းလိမ့်မည်။
ကလေးသည် ဤကမ္ဘာလောကထဲသို့ ရောက်မလာရတော့သလို၊ ဤကဲ့သို့သော အိမ်မျိုးတွင် နေထိုင်ပြီး နောက်ထပ် ‘သူ’ တစ်ယောက်အဖြစ် ကြီးပြင်းလာစရာ မလိုတော့ပေ။
သူမ တိတ်တဆိတ် ဆုတောင်းခဲ့သော်လည်း ကလေးမှာ အလွန်ပင် သန်မာလှသဖြင့် အန္တရာယ်အရှိဆုံး ပထမ သုံးလကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့သည်။
သူမ၏ ဗိုက်ကြီးလာသည်နှင့်အမျှ သူသည် စိတ်ပြောင်းသွားပုံရပြီး သူမကို မရိုက်တော့ပေ။
ဘဝက ပိုကောင်းလာပြီဟု သူမ ခံစားရပြီး သူ့အပေါ်တွင်လည်း ပို၍ ကြည်ဖြူလာကာ သူ့ကို ပြုံးပြရန်ပင် ကြိုးစားခဲ့သည်။
အကယ်၍ သူမ အရိုက်မခံရလျှင် အခြားတစ်ယောက်က သေချာပေါက် ခံစားရမည်။
အဘွားကျန်းမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ပိန်ချုံးလာပြီး မျက်နှာထားမှာလည်း ပို၍ ဆိုးရွားလာ၏။ လီနျန်သည် သူမ၏ လက်မောင်းများတွင် အပ်ရာများ ပြည့်နေသည်ကို တိတ်တဆိတ် မြင်တွေ့ခဲ့ရသည်။
အဘွားကျန်းက ဘာမှမပြောသဖြင့် လီနျန်ကလည်း မသိသလို ဟန်ဆောင်နေခဲ့သည်။
မကြာမီ ပေါင်လေး မွေးဖွားလာပြီး ကောင်းသောနေ့ရက်များ ကုန်ဆုံးသွား၏။
ရှာလကာရည်စိမ် မြေပဲတစ်ပန်းကန်က သူမ၏ အိမ်မက်ဆိုးကို ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ ထိုနေ့တွင် သူသည် အရက်နံ့များဖြင့် အိမ်ပြန်ရောက်လာပြီး ဝင်လာသည်နှင့် အမိန့်ပေးလိုက်၏။
“သွား၊ ငါ့အတွက် မြေပဲတစ်ပန်းကန် သွားလုပ်ချေ။ အပြင်မှာ သောက်တာ မဝသေးဘူး”
လီနျန် ထိုစကားကို ကြားပြီးနောက် နေရာမှာတင် တောင့်တင်းသွားသည်။ ဤစကားက ဘာကို ဆိုလိုသည်ကို သူမ မည်သို့ မသိဘဲ နေပါမည်နည်း။ သူမ ငြိမ်သက်စွာ ရပ်နေသည်ကို မြင်သောအခါ သူက လက်ကို မြှောက်ပြီး သူမ၏ ပါးကို ရိုက်ချလိုက်၏။
လီနျန်က ပါးကို အုပ်ထားမိပြီး သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။ အေးချမ်းမှုရှိနေပြီဟု သူမကိုယ်သူမ လိမ်ညာယုံကြည်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ၎င်းမှာ ပူဖောင်းတစ်ခုကို တစ်ချက်တို့လိုက်သကဲ့သို့ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
ပိုမို ပြင်းထန်လာသော ရိုက်နှက်မှုများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် သူမ၏ ထိတ်လန့်တုန်လှုပ်မှုမှာ တစ်နေ့တစ်ခြား ပိုပိုဆိုးလာခဲ့၏။ သူသည် အပ်များကိုပင် မသုံးနိုင်တော့ဘဲ လက်သီးများကိုသာ သုံးကာ သူမ၏ ခန္ဓာကိုယ်ကို ထပ်တလဲလဲ ထိုးနှက်နေတော့သည်။
သူမ မြေကြီးပေါ်သို့ လဲကျသွားစဉ် ဘေးနားရှိ အနှီးထုပ်ထဲမှ ပေါင်လေးကို တွေ့လိုက်ရ၏။ ကလေးလေးမှာ မျက်လုံးအဝိုင်းသားဖြင့် အရာအားလုံးကို ကြည့်နေရှာသည်။ သူ၏ စင်ကြယ်ပြီး အပြစ်ကင်းသော အကြည့်များက သူမ နှလုံးသားကို အလင်းတန်းတစ်ခုကဲ့သို့ ထိုးဖောက်သွား၏။
ပေါင်လေးသည် သူ၏ လက်သေးသေးလေးများကို မြှောက်ကာ အသံလေးများ ပြုနေရှာသည်။ သူ၏ နုနယ်သော လက်မောင်းလေးများပေါ်တွင် အပ်ရာ နှစ်ခု ရှိနေသည်ကို သူမ တွေ့လိုက်ရ၏။
လီနျန် သူမ၏ ခန္ဓာကိုယ်မှ နာကျင်မှုများကို လျစ်လျူရှုလိုက်သည်။ ခန္ဓာကိုယ်အထက်ပိုင်းကို ထောက်လိုက်ပြီး တုန်ရီနေသော အသံဖြင့် သူ့ကို မေးမြန်းလိုက်သည်။
“ရှင်၊ ရှင်က ပေါင်လေးကိုတောင် လက်ပါရတာလား။ ဒီလောက် ကလေးအငယ်လေးကို။ ရှင် ဘယ်လိုလုပ်နိုင်ရတာလဲ။ ရှင်က လူရော ဟုတ်ရဲ့လား”
သူက နှာခေါင်းရှုံ့ကာ ပြော၏။
“နင်က ဘာလဲ။ ငါ နင့်ကို မရိုက်ရင် ဒီအိမ်မှာ ဘယ်သူက အရှင်သခင်လဲဆိုတာ နင် မေ့သွားမှာ မဟုတ်လား”
သူသည် လျှောက်လာပြီး လီနျန်ကို စိုက်ကြည့်ကာ သူမ၏ဆံပင်ကို အမြန်ဆွဲယူပြီး ခေါင်းကို ခုတင်စောင်းနှင့် ရိုက်နှက်တော့သည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်…။
သူသည် သူမကို ရိုက်နှက်ရင်း ဆဲဆိုနေခဲ့သည်။ နောက်ဆုံးတွင် လီနျန် သတိလစ်သွားတော့၏။
သူမ ပြန်နိုးလာချိန်တွင် ထင်းပုံထဲ၌ လဲလျောင်းနေသည်ကို တွေ့ရသည်။ သူမ၏ ခေါင်းမှာ တဒိန်းဒိန်း ကိုက်ခဲနေပြီး ပေါင်လေးကို သတိရကာ အားယူ၍ ထရပ်လိုက်သည်။ တံခါးဆီသို့ ယိုင်တိုင်တိုင် လျှောက်သွားသော်လည်း တံခါးမှာ သော့ခတ်ထားကြောင်း သိလိုက်ရ၏။
သူမသည် တံခါးကို တဒုန်းဒုန်း ထုရိုက်ရင်း အားနည်းသောအသံဖြင့် လှမ်းခေါ်နေသော်လည်း မည်သူမျှ ပြန်မထူးကြပေ။ သူမသည် တံခါးကို ကျောမှီကာ မြေကြီးပေါ်သို့ ပုံကျသွားပြီး မျက်ရည်များ တိတ်တဆိတ် စီးကျလာတော့သည်။
ရုတ်တရက် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။ လူအချို့ ပြေးလွှားရင်း အော်ဟစ်နေကြ၏။
“အားလုံး ထကြတော့၊ အသက်လုပြီး ပြေးကြ၊ ရေကြီးနေပြီ”
ရေကြီးနေပြီလား။
သူမ ပြန်မတ်တပ်ရပ်လိုက်ပြီး တံခါးကို အားကုန်သုံးကာ ထပ်မံ ထုရိုက်တော့၏။
“ဘယ်သူရှိလဲ။ ကျွန်မကို အပြင်ထုတ်ပေးကြပါ။”
တံခါးမှာ ရုတ်တရက် ပွင့်လာ၏။ ထိုသူမှာ အဘွားကျန်း ဖြစ်နေပြီး သူမက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ရေတွေ တက်နေပြီ၊ မြန်မြန်သွားပြီး သူ့ကို နှိုးလိုက်ဦး၊ ပေါင်လေးကို ခေါ်ပြီး အရင်သွားကြ။ ငါ ပစ္စည်းတချို့ ထုပ်ပိုးပြီး နောက်က လိုက်ခဲ့မယ်”
လီနျန်သည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူနှင့် ပေါင်လေးကို ရှာရန် အိမ်ထဲသို့ ပြေးဝင်သွား၏။ သူသည် အရက်မူးနေဆဲဖြစ်ပြီး ခုတင်ပေါ်တွင် အကျယ်ကြီး ဟောက်ကာ အိပ်ပျော်နေသည်။
လီနျန်သည် ပေါင်လေးကို ချီကာ သူ့ကို အားရပါးရ လှုပ်နှိုးလိုက်၏။
“ထတော့၊ ရေကြီးနေပြီ၊ မြန်မြန်ထပြီး ပြေးရအောင်”
သူသည် ဝေဝေဝါးဝါးဖြင့် မျက်လုံးဖွင့်လာပြီး လီနျန်က ကလေးကိုချီကာ ထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ လက်လှမ်းပြီး ရိုက်ရန် ကြိုးစားသည်။ လီနျန်က ရှောင်လိုက်ပြီး အော်လိုက်၏။
“အသက်တောင် ပါတော့မယ်၊ ရှင်က အခုထိ လူကို ရိုက်ချင်နေတုန်းလား”
“နင် ဆက်ပြီး ဆူညံနေရင်... ငါ၊ ငါ နင်ကို သေအောင် ရိုက်သတ်ပစ်မယ်”
ထိုသို့ဆိုကာ တစ်ဖက်သို့ လှည့်ပြီး ပြန်အိပ်ပျော်သွားပြန်သည်။
အပြင်ဘက်တွင် လူများမှာ အော်ဟစ်ရင်း ပြေးလွှားနေကြသော်လည်း အိမ်ထဲတွင်မူ ထိတ်လန့်စရာကောင်းလောက်အောင် တိတ်ဆိတ်နေ၏။
ဤအချိန်တွင် ရေများမှာ အိမ်ထဲသို့ စိမ့်ဝင်လာပြီ ဖြစ်သည်။ လီနျန်၏ ဖိနပ်များမှာ ရေစိုကုန်ပြီး အေးစိမ့်သော အထိအတွေ့မှာ ခြေဖဝါးမှတစ်ဆင့် သူမ၏ နှလုံးသားထဲအထိ တိုးဝင်သွားသည်။
သူမသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် မတ်တပ်ရပ်နေမိတော့သည်။
အခန်း (၁၄၀)
ရေကြီးမှုထဲ မျောပါသွားခြင်းလား
သူမသည် သူ့ကို စမ်းသပ်သည့်အနေဖြင့် အသာအယာ တွန်းကြည့်သော်လည်း သူက လှုပ်ပင်မလှုပ်ပေ။
စားပွဲပေါ်တွင် ဖယောင်းတိုင်တစ်တိုင် ထွန်းထားပြီး ဘေးနားတွင် သူမ၏ အပ်ချုပ်ပစ္စည်းထည့်သည့် ဝါးခြင်းတောင်းလေး ရှိနေသည်။ ခြင်းထဲတွင် အပ်များနှင့် ကတ်ကြေးတစ်လက် ရှိ၏။
ထိုသတ္တိများ မည်သည့်နေရာမှ ရောက်လာသည်မသိသော်လည်း သူမသည် ကတ်ကြေးကို တိတ်တဆိတ် ကောက်ကိုင်လိုက်သည်။ ကတ်ကြေးသွားများက အောက်သို့ ဦးတည်နေ၏။
သူမသည် ခုတင်ပေါ်က လူကို စိုက်ကြည့်နေမိပြီး စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
“ဒါတွေအားလုံးကို အဆုံးသတ်ပစ်ရမယ်”
သူမသည် ကတ်ကြေးကို အမြင့်သို့ မြှောက်လိုက်ရာ ဖယောင်းတိုင်အလင်းကြောင့် သူမ၏ အရိပ်မှာ နံရံပေါ်တွင် ကြီးမားစွာ ပေါ်နေ၏။
သူမသည် ခုတင်ဆီသို့ တစ်လှမ်းချင်း တိုးသွားပြီးနောက် သူ၏ ရင်ဘတ်တည့်တည့်သို့ ကတ်ကြေးဖြင့် အားကုန် ထိုးချလိုက်သည်။
သို့သော် သူမတွင် အတွေ့အကြုံ မရှိလှသဖြင့် ကတ်ကြေးမှာ ထိုလူ၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွား၏။ သူသည် စူးရှသော နာကျင်မှုကြောင့် လန့်နိုးလာပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် လီနျန်၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များနှင့် ဆုံမိသွားတော့သည်။
သူမသည် အရင်ကကဲ့သို့ နူးညံ့သိမ်မွေ့သော အမျိုးသမီးနှင့် မည်သို့မှ မတူတော့ပေ။
လီနျန်မှာလည်း သူမ လွဲသွားသည်ကို သိလိုက်ရသဖြင့် ထိတ်လန့်သွားကာ ကတ်ကြေးကို အားဖြင့် ပြန်ဆွဲထုတ်လိုက်၏။
ထိုလူသည် သူ၏ ဝမ်းဗိုက်ပေါ်က သွေးထွက်နေသော အပေါက်ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။ သူသည် အနာကို အလိုအလျောက် ဖိထားလိုက်ပြီး ပြန်မော့ကြည့်ချိန်တွင် သူ့မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် ဒေါသထွက်နေ၏။
“နင် ရူးနေတာလား။ ငါ့ကို သတ်ဖို့ ကြိုးစားတာလား။ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်”
လီနျန်သည် ဘာစကားမှ ပြန်မပြောဘဲ သူ၏ ရင်ဘတ်ထဲသို့ ကတ်ကြေးဖြင့် ထပ်မံ ထိုးလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်တော့ သူမ မလွဲတော့ပေ။ သူသည် ခဏမျှ တောင့်တင်းသွားပြီးနောက် သွေးအိုင်ထဲသို့ ပုံကျသွားတော့၏။
လီနျန်သည် ရုတ်တရက် သတိပြန်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။ သူမသည် လက်ထဲမှ ကတ်ကြေးကို လွှတ်ချလိုက်ပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်ကာ ခေါင်းခါနေမိသည်။
“ငါ လူသတ်မိပြီ... ငါ လူသတ်မိပြီ...”
သူမ တိုးတိုးလေး ရေရွတ်နေမိ၏။
“ငါ လူသတ်မိပြီ၊ ငါက လူသတ်သမားပဲ...”
သူမသည် စိတ်ရှုပ်ထွေးစွာ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။
ပေါင်လေးက သူမ၏ ရင်ခွင်ထဲတွင် ခြေထောက်လေးများဖြင့် ကန်လိုက်သဖြင့် သူမ သတိပြန်ဝင်လာ၏။
“ဟုတ်တယ်၊ ပေါင်လေး ရှိသေးတယ်။ ငါ ပေါင်လေးကို ခေါ်ပြီး ထွက်သွားရမယ်... ငါတို့ ဒီနေရာကနေ ထွက်သွားဖို့ လိုတယ်”
သူမ ထွက်သွားရန် အလှည့်တွင် စားပွဲပေါ်က ဝါးခြင်းတောင်းထဲရှိ ရင်ဖုံးအင်္ကျီကို မြင်လိုက်ရသဖြင့် အတိတ်က အရှက်ရခဲ့သည်များကို သတိရသွားသည်။
သူမ၏ စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာ၏။
“သူက ဒါနဲ့ ထိုက်တန်ပါတယ်”
“ဟုတ်တယ်။ သူက ဒါနဲ့ ထိုက်တန်တယ်... သူ သေသင့်တယ်...”
လီနျန်မှာ အနည်းငယ် စိတ်သက်သာရာရသွား၏။
အဘွားကျန်း၏ အသံမှာ တံခါးပြင်ပမှ ထွက်ပေါ်လာသည်။
“နင် အဆင်သင့်ဖြစ်ပြီလား။ ငါတို့ သွားရမယ်”
လီနျန်သည် ရင်ဖုံးအင်္ကျီကို ဆွဲယူကာ သူမ၏ ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး ပေါင်လေးကို ချီကာ အပြင်သို့ ပြေးထွက်ခဲ့သည်။
အဘွားကျန်းမှာ အပြင်တွင် ရှိနေပြီး သူတို့ နှစ်ယောက်သာ ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမ ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောပေ။
လီနျန် စိတ်သက်သာရာ ရသွားသည်။ သူမ မည်သို့ ဆင်ခြေပေးရမည်ကိုပင် မစဉ်းစားရသေးပေ။ တော်သေးသည်မှာ အဘွားကျန်းက ဘာမှမမေးခဲ့ပေ။
သူတို့ သုံးယောက်မှာ တံခါးပြင်ပသို့ ကသောကမျော ပြေးထွက်ခဲ့ကြသည်။ လမ်းမပေါ်တွင် ထိတ်လန့်တကြား ထွက်ပြေးနေသော လူများဖြင့် ပြည့်နှက်နေသဖြင့် ရှေ့သို့ တိုးရန်ပင် မလွယ်ကူလှပေ။
လှိုင်းလုံးကြီး တစ်လုံး ရိုက်ခတ်လာပြီး လူများစွာကို တိုက်စားသွားသည်။ လီနျန်သည် ပေါင်လေးကို တင်းတင်းကြပ်ကြပ် ချီထားကာ ဘေးနားရှိ သစ်ပင်တစ်ပင်ပေါ်သို့ အမြန်တက်လိုက်၏။ သူမ နောက်လှည့်ကြည့်လိုက်ချိန်တွင် အဘွားကျန်းမှာ မီတာအနည်းငယ် အကွာတွင် လူအုပ်ကြား၌ ပိတ်မိနေသည်ကို တွေ့လိုက်ရသည်။
သူမသည် အဘွားကျန်းကို သူမ အသံကို နားထောင်ပြီး သူမရှိရာသို့ တိုးလာရန် အော်ဟစ်ပြောဆိုလိုက်သည်။ အဘွားကျန်း သစ်ပင်ခြေရင်းသို့ ရောက်ရှိလာချိန်တွင် သူမက အခြားလက်တစ်ဖက်ကို ကမ်းပေးလိုက်ပြီး အော်ပြောလိုက်၏။
“မြန်မြန်၊ သမီး လက်ကို ကိုင်လိုက်”
အဘွားကျန်းကို သစ်ပင်ပေါ်သို့ ဆွဲတင်ပြီးနောက် လီနျန် စိတ်မချသေးပေ။ သူမသည် အပေါ်သို့ မော့ကြည့်ကာ ပိုမြင့်သော နေရာသို့ တက်ချင်နေ၏။
ကံကောင်းထောက်မစွာဖြင့် သစ်ပင်မှာ ထူထဲပြီး သစ်ကိုင်းများစွာ ရှိနေသည်။ လီနျန်သည် ပေါင်လေးကို အဘွားကျန်း၏ ရင်ခွင်ထဲတွင် ထည့်ပေးလိုက်ပြီး သူမ အရင်တက်ကာ သူတို့ကို ပြန်ဆွဲတင်၏။
သူတို့ အခြေတကျ ရှိသွားချိန်တွင် အောက်ဘက်ရှိ သစ်ကိုင်းများတွင်လည်း လူများစွာ တွဲခိုနေကြပြီ ဖြစ်သည်။
ဤသို့ဖြင့် သူတို့သည် ရေကြီးမှုမှ အသက်ရှင် လွတ်မြောက်ခဲ့ကြ၏။
မကြာမီတွင် ကျေးရွာလူကြီးနှင့် သန်မာသော လူငယ်အချို့မှာ လှေငယ်များဖြင့် ရောက်ရှိလာပြီး လူများကို မြင့်သောနေရာသို့ ဖြည်းဖြည်းချင်း ပို့ဆောင်ပေးကြသည်။
လီနျန်တို့ မိသားစုကို မြင်သောအခါ သူက မေးလိုက်၏။
“ညီမရဲ့ ယောကျ်ားရော။ ငါ သူ့ကို မတွေ့မိပါလား”
လီနျန်မှာ ထိတ်လန့်နေဆဲဖြစ်သဖြင့် အတော်ကြာအောင် စကားမပြောနိုင်ပေ။
သူမ အမှန်အတိုင်း ဝန်ခံချင်သော်လည်း ပေါင်လေးကို ဆုံးရှုံးရမှာကို သူမ မခံစားနိုင်ပေ။
သူမ တွေဝေနေစဉ်မှာပင် အဘွားကျန်းက ပြောလိုက်သည်။
“ကျွန်မသားက သစ်ပင်ပေါ် တက်ဖို့ အချိန်မမှီလိုက်လို့ ရေထဲ မျောပါသွားပါတယ်...”
ပြောပြီးနောက် သူမသည် မျက်ရည်များကို သုတ်လိုက်ရှာသည်။
ကျေးရွာလူကြီးက နားထောင်ပြီး မင်္သကာမဖြစ်ဘဲ သက်ပြင်းချကာ ဆိုလိုက်၏။
“စိတ်မကောင်းပါဘူးဗျာ”
လီနျန်သည် သူမ၏ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ အဘွားကျန်းကို ဇဝေဇဝါဖြင့် ကြည့်နေမိ၏။
အဘွားကျန်းက သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ ထပ်မပြောတော့ပေ။
ရေပြန်ကျသွားပြီးနောက် ကျန်ရှိခဲ့သော ပျက်စီးဆုံးရှုံးမှုများကို ကြည့်ကာ လယ်ယာမြေများနှင့် အိမ်ဂေဟာများကို ဆုံးရှုံးလိုက်ရသဖြင့် လူများစွာမှာ ထိုအခြေအနေကို လက်မခံနိုင်ကြပေ။ သူတို့သည် ငိုကြွေးကြပြီး အခြားတစ်နေရာတွင် အခြေချရန် ဇာတိမြေကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ကြ၏။
သူတို့လည်း လူအုပ်ကြီးနှင့်အတူ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤဝမ်းနည်းစရာကောင်းသော နေရာကို စွန့်ခွာရန် အခွင့်ကောင်းပင် ဖြစ်သည်။
ခရီးလမ်းမှာ ခက်ခဲသော်လည်း သူတို့၏ စိတ်နှလုံးမှာ အလွန်ပင် လွတ်လပ်နေသည်။ သူ ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ လီနျန်ရော၊ အဘွားကျန်းပါ ဘာမှ မပြောကြတော့သလို ပြောရန်လည်း မလိုတော့ပေ။ သူတို့ကြားတွင် နားလည်မှုတစ်ခု ရှိနေခဲ့၏။
လီနျန်သည် လူသတ်ခဲ့မိသည့်အတွက် စိတ်ထဲတွင် မအေးချမ်းဖြစ်နေရသည်။
ညများစွာတွင် သူမ မျက်လုံးမှိတ်လိုက်တိုင်း သွေးစွန်းနေသော မြင်ကွင်းကို မြင်နေရကာ ချွေးစေးများ ထွက်လာတတ်၏။
သူမ လန့်နိုးလာတိုင်း ထိုရင်ဖုံးအင်္ကျီကို တိတ်တဆိတ် ထုတ်ကြည့်ကာ ထိုလူနှင့် ထိုက်တန်ကြောင်း မိမိကိုယ်ကိုယ် ပြန်လည် သတိပေးလေ့ရှိသည်။
နောက်ပိုင်းတွင် သူမသည် ဟွာကျွင်းနှင့် တွေ့ဆုံခဲ့သည်။
မခံမရပ်နိုင်စရာ အမှတ်တရများဖြင့် ပြည့်နှက်နေသော ဤရင်ဖုံးအင်္ကျီကို အစားအသောက်နှင့် လဲလှယ်လိုက်ရသဖြင့် လီနျန်သည် သူမအတွက် အလွန်ပင် အကျိုးရှိသည်ဟု ခံစားခဲ့ရ၏။
ထို့နောက်တွင် ဟွာကျွင်းအပေါ် အားနာစိတ် ဖြစ်လာသည်။ ဟွာကျွင်းက သူမကို အလွန်ယုံကြည်ပြီး ပန်းထိုးအလုပ်ရုံတစ်ခုလုံးကို သူမလက်ထဲ အပ်နှံထားခဲ့သည်။ သူမသည် လူသတ်သမားတစ်ယောက်မှန်း ဟွာကျွင်း မသိရှာပေ။
လူသတ်သမားတစ်ယောက်က သူမဘေးတွင် ခိုအောင်းနေသည်။
လီနျန်သည် သူမ၏ အားနာစိတ်ကို လျှော့ချရန်အတွက် ပန်းထိုးအလုပ်ရုံတွင် ပို၍ပင် ကြိုးစားလုပ်ကိုင်ခဲ့သည်။
သို့သော် ဟွာကျွင်းနှင့် ပိုမိုရင်းနှီးလာလေ သူမထံမှ ကူညီမှုများကို ပိုမိုရရှိလေ ဖြစ်လာ၏။ သေသေချာချာ စဉ်းစားကြည့်လျှင် လီနျန်သည် နောက်ဘဝအထိတောင် ကျေးဇူးဆပ်၍ ကုန်နိုင်မည်မဟုတ်ဟု ခံစားရသည်။
သူမသည် ဟွာကျွင်းကို အရာအားလုံး ဝန်ခံချင်စိတ် ခဏခဏ ဖြစ်ပေါ်ခဲ့သည်။ သူမကို အာဏာပိုင်များထံ အပ်နှံပြီး ဖမ်းဆီးခိုင်းစေချင်သည်။ အနည်းဆုံးတော့ သူမ ဟွာကျွင်းကို လိမ်ညာနေရခြင်းမှ ကင်းဝေးသွားမည်။
သို့သော် သူမ ထိုသို့ပြုလုပ်လိုက်လျှင် သူဌေးမဟွာ သူမအပေါ် အလွန်စိတ်ပျက်သွားလိမ့်မည်။ လိမ်ညာခဲ့သည့်အတွက် သူမကို မုန်းတီးသွားပြီး သူစိမ်းတွေ ဖြစ်သွားကြပေလိမ့်မည်။
‘ပြီးတော့ အားမန်... သူက စိတ်နှလုံး စင်ကြယ်ပြီး နူးညံ့တဲ့သူ၊ ငါ့ကိုလည်း အရမ်းယုံကြည်တဲ့သူ’
သူမ၏ အတိတ်ကို သိသွားလျှင် အားမန်လည်း ကြောက်သွားပေလိမ့်မည်။
ထို့ပြင် သူမ စိတ်ဝိညာဉ် အကုန်ပုံအောထားသည့် ပန်းထိုးအလုပ်ရုံ။
သူမ ဝန်မခံနိုင်ပေ။ အရာအားလုံး ဆုံးရှုံးရမည်ကို သူမ အလွန်ကြောက်ရွံ့နေ၏။
နေ့စဉ် ထိုစိတ်ဒဏ်ရာကို ခံစားနေရပြီး အပြစ်ရှိစိတ်ဖြင့် နေထိုင်နေရကာ သူမ သေသေချာချာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် အားမောက်၏ ရှာလကာရည်စိမ် မြေပဲပန်းကန်က သူမ၏ ဘဝအမှန်ကို ဖော်ထုတ်လုနီးပါး ဖြစ်ခဲ့ရသည်။
သူမသည် စိတ်ကြည်လင်သွားစေရန် ရေတွင်းထဲက ရေဖြင့် မျက်နှာသစ်လိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ ပန်းထိုးအလုပ်ရုံသို့ လျှောက်လှမ်းခဲ့သည်။
လမ်းတစ်လျှောက်တွင် သူမကို နှုတ်ဆက်ကြသော ရွာသားများစွာနှင့် တွေ့ဆုံခဲ့သည်။ သူတို့၏ သဘာဝကျသော အမူအရာများကို မြင်မှ သူမ၏ မနေ့ညက ထူးဆန်းသော အမူအရာကို မည်သူမှ မသင်္ကာကြကြောင်း သိလိုက်ရသည်။ သူမ ရင်ထဲမှ အလေးကြီးတစ်ခု ကျသွားသလို ခံစားရကာ နှုတ်ဆက်သမျှကို ပြုံး၍ ပြန်လည် တုံ့ပြန်ခဲ့သည်။
သူမ ပန်းထိုးအလုပ်ရုံသို့ ဝင်လိုက်သည်နှင့် အားမန် ရောက်လာသည်။ အားမန်မှာ လီနျန်အတွက် အလွန်စိုးရိမ်နေပြီး တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ လီနျန်ကို မြင်လိုက်သည်နှင့် သူမသည် လျှောက်လာကာ လီနျန်၏ လက်များကို ဆုပ်ကိုင်ထားပြီး စိုးရိမ်တကြီး ကြည့်နေသည်။
လီနျန်က အားမန်၏လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး အတင်းပြုံးကာ ဆို၏။
“စိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး။ မနေ့ညက နည်းနည်း နေမကောင်းဖြစ်သွားလို့ပါ”
အားမန်သည် လီနျန်၏ မျက်လုံးများကို သေသေချာချာ စိုက်ကြည့်ကာ သူမ အမှန်အတိုင်း ပြောနေခြင်း ဟုတ်မဟုတ် စစ်ဆေးနေ၏။ အတော်ကြာမှ သူမ ခေါင်းညိတ်ပြလိုက်တော့သည်။
လီနျန်၏ အပြစ်ရှိစိတ်မှာ သူမကို လွှမ်းမိုးလုနီးပါး ဖြစ်နေသည်။ အားမန်က သူမ အဆင်ပြေကြောင်း သိသွားပြီးနောက် သူမ၏ အလုပ်များကို သွားရောက် လုပ်ကိုင်တော့သည်။
သို့သော် ဤသည်မှာ ပြီးမသွားသေးချေ။ မိုးချုပ်သွားချိန်တွင် ဟွာကျွင်း သူမဆီ ရောက်လာပြန်သည်။
သူမက လီနျန်ကို စိုးရိမ်တကြီး မေးလိုက်၏။
“မနေ့က ရှင့်မျက်နှာ အရမ်းဖြူဖျော့နေတာပဲ။ တစ်ခုခု မှားစားမိလို့လား။ အခု သက်သာရဲ့လား။ နေမကောင်းရင် ပြောနော်၊ ကျွန်မ ဆေးဝယ်ပေးမယ်”
ဟွာကျွင်းနှင့် ရင်ဆိုင်ရချိန်တွင် လီနျန် ခေါင်းပင် မဖော်ရဲပေ။
“ကျွန်မ တကယ်ပဲ အဆင်ပြေပါတယ်၊ ဒါက...”
သူမသည် ဆင်ခြေတစ်ခု လုပ်ကြံပြောချင်သော်လည်း စကားလုံးများက ထွက်မလာပေ။ ဟွာကျွင်းနှင့် ရင်ဆိုင်ရတိုင်း သူမပြောသမျှ လိမ်ညာမှုတိုင်းမှာ သူမ ဝိညာဉ်ကို ဆွဲထုတ်ပြီး အားမောက်၏ အသားကင်စင်ပေါ်တွင် ကင်နေသလို ခံစားနေရ၏။
ယနေ့တွင်တော့ သူမ ထပ်ပြီး မလိမ်ညာချင်တော့ပေ။