← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃)

အထူးလက်ရာ ကဏန်းအုန်းနို့ဟင်း

အားမန် အသီးအရွက် အားလုံးကို လှီးဖြတ်ပြီး နောက်မှ အသုံးပြုရန် ဘေးတွင် အသင့်ပြင်ထားလိုက်၏။

သူမက ဒယ်အိုးကို အပူပေးကာ ဟင်းသီးဟင်းရွက်ဆီ လောင်းထည့်လိုက်သည်။ ထို့နောက် မီးပြင်းပြင်းဖြင့် ဆီပူလာအောင် အပူပေးလိုက်ပြီးနောက် ကဏန်းများကို ထည့်ကာ ရွှေအိုရောင်သန်းသည်အထိ ကြော်လိုက်ပြီး ပြန်ဆယ်ကာ ဘေးတွင် ခဏထားလိုက်၏။

နောက်ထပ် ဒယ်အိုးတစ်လုံး ယူကာ ကဏန်းကြော်ထားသည့် ဆီအနည်းငယ်ကို ထည့်ပြီး ကြက်သွန်နီနှင့် ကြက်သွန်ဖြူများ မွှေးလာသည်အထိ ဆီသတ်လိုက်သည်။

ယခုအခါ အရေးကြီးဆုံး အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ အားမန်သည် ထိုင်းဟင်းအနှစ်အနီ ပုလင်းကို ထုတ်ကာ ဒယ်အိုးထဲသို့ အကုန်လောင်းထည့်လိုက်ပြီးနောက် ပုလင်းထဲတွင် ကျန်နေသည့် အနှစ်များကို ရေနည်းနည်းထည့်ကာ လှုပ်လိုက်ပြီး လောင်းထည့်လိုက်ပြန်၏။ ဆက်လက်ပြီး သူမ စိတ်နှစ်ကာ ဟင်းလျာ၏ အဓိကလိုအပ်သည်များကို စတင်ထည့်သွင်းတော့သည်။

အုန်းနို့တစ်ခွက်၊ ငါးငံပြာရည် ဂရမ်အနည်းငယ်၊ ခရုဆီ အနည်းငယ်နှင့် သကြားဖြူ တစ်ဆုပ်။

ကြက်ဥသုံးလုံးကို ခေါက်ကာ ဟင်းရည်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်ကာ မွှေပေးလိုက်သည်။ ကြက်ဥများသည် ဟင်းအနှစ်နှင့် အပြည့်အဝ ပေါင်းစပ်သွားကာ ရွှေရောင် ကြက်ဥဖတ်လေးများ ဖြစ်သွား၏။ ထို့နောက် ကြော်ထားသော ကဏန်းများကို ထည့်ကာ အဆက်မပြတ် မွှေပေးလိုက်သည်။

ရေအနည်းငယ် ထပ်ထည့်ပြီးနောက် အားမန်သည် အိုးအဖုံး အုပ်လိုက်ပြီး ဆူပွတ်လာအောင် မိနစ်အနည်းငယ်ကြာ တည်ထားလိုက်သည်။

လက်သုတ်ရန် တဘက်တစ်ထည်ကို ထုတ်လိုက်ရင်း မော့ကြည့်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါမှသာ ဒိုင်လူကြီးများ၏ အာရုံစိုက်မှုက သူမအပေါ်သို့ ရောက်ရှိနေသည်ကို သတိပြုမိတော့သည်။

သူမသည် အမှုမဲ့အမှတ်မဲ့ပင် အကြည့်ကို လွှဲလိုက်ပြီး အချိန်တန်ပြီဟု ခန့်မှန်းကာ အိုးအဖုံးကို ဖွင့်လိုက်သည်။ အုန်းနို့နှင့် ဟင်းအနှစ်အနံ့တို့က လွင့်ပျံလာရာ ဘေးမှ စားဖိုမှူးမှာပင် ခဏခဏ လှည့်ကြည့်နေရတော့၏။

ထို့နောက် သူမ မက္ကဆီကို ငရုတ်သီးနှင့် ငရုတ်ပွအမျှင်များကို ဒယ်အိုးထဲသို့ ထည့်ကာ ကျက်ရုံမျှ ကြော်ပေးလိုက်ပြီးနောက် ပန်းကန်ထဲသို့ ထည့်လိုက်၏။

သူမ ကဏန်းများကို ပန်းကန်ပြားကြီးတစ်ခုထဲသို့ ခူးထည့်လိုက်ပြီး ကဏန်းအခွံသုံးခုကို အပေါ်မှ တင်လိုက်သည်။ ဆက်လက်၍ နံနံပင်နှင့် တရုတ်နံနံရွက်လေးများကို အလှဆင်ရန် ဖြူးလိုက်သည်။

ထိုအချိန်တွင်ပင် ပြိုင်ပွဲက ပြီးဆုံးသွားပြီး ဆိုင်အကူတစ်ယောက်က ဒိုင်လူကြီးများထံ ဟင်းလျာကို ပို့ဆောင်ရန် ပြေးလာသည်။ သူက တိုးတိုးလေး မေးလိုက်၏။

“အားမန်၊ ဒီဟင်းပွဲရဲ့ နာမည်က ဘာလဲဟင်”

လီနျန် သူမကိုယ်စား ဖြေပေးလိုက်၏။

“ဟွာကျွင်းမုန့်ဆိုင်ရဲ့ အထူးလက်ရာ ကဏန်းအုန်းနို့ဟင်း ပါ”

ဆိုင်ရှင်ဟွာပြောသည့်အတိုင်း နာမည်ရှည်လေ ဂုဏ်သိက္ခာ ကြီးလေဖြစ်သည်။

ဆိုင်အကူသည် မှတ်မိစေရန် စိတ်ထဲမှ အကြိမ်ကြိမ် ရွတ်ဆိုပြီးနောက် ဒိုင်လူကြီးများထံသို့ အပြေးအလွှား သွားတော့၏။

ဒိုင်လူကြီးတစ်ဦးစီ၏ ရှေ့တွင် ပန်းကန်လုံးတစ်လုံးစီနှင့် တူများ ရှိနေပြီး သူတို့သည် ဟင်းတစ်မျိုးချင်းစီကို မြည်းစမ်းကြသည်။ ကဏန်းအုန်းနို့ဟင်း ရောက်လာသည့်အခါတွင်မူ ပထမဦးစွာ အရောင်အဆင်းကို ကြည့်ကြ၏။ ရွှေရောင်တောက်ပြီး ပျစ်နှစ်နေသော ဟင်းအနှစ်များက နီရဲနေသည့် ကဏန်းအခွံများကို ဖုံးအုပ်ထားကာ ဝါ၊ စိမ်း၊ နီ ငရုတ်ပွအမျှင်လေးများက ကြားညှပ်နေ၏။ အပေါ်ဆုံးတွင်မူ စိမ်းစိုနေသည့် အရွက်လေးအချို့ ရှိနေသည်။

ထို့နောက် အနံ့ကို ရှူကြည့်ကြသည်။ သူတို့ မရင်းနှီးသော အုန်းနို့နှင့် ဟင်းအနံ့မှာ အလွန်ပင် ဆွဲဆောင်မှုရှိလှ၏။ မည်သူမျှ မမြည်းစမ်းဖူးသော်လည်း ဤဟင်းလျာသည် သေချာပေါက် အရသာရှိမည်ဟု ခံစားနေကြရသည်။

တာဝန်ခံချန်သည် ဇွန်းအသေးတစ်ခုကို ယူကာ ကြက်ဥပေါင်းနှင့် ဆင်တူသည့် ဟင်းအနှစ်အချို့ ခပ်ယူပြီး အရသာကို ဖြည်းဖြည်းချင်း မြည်းစမ်းလိုက်၏။ နို့နှင့် ကြက်ဥရနံ့တို့ ပေါင်းစပ်မှုက အလွန်ပင် ပြည့်စုံလှပြီး ဟင်းအနှစ်၏ စပ်ရှရှ အရသာက ပါးစပ်ထဲတွင် ကျန်ရစ်သည်။ စားပြီးသည့်အခါ တစ်ကိုယ်လုံး နွေးထွေးသွားသည့် ခံစားချက်ကို ရရှိစေသည်။

အတွင်းမှ ညီညီညာညာ လှီးထားသည့် ကြက်သွန်နီများက အီဆိမ့်သော အုန်းနို့အရသာကို ပြေပျောက်စေကာ ဟင်းတစ်ခွက်လုံးကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ပေးလိုက်သလိုပင်။

ကဏန်းနှင့် ပတ်သက်၍ သင့်တော်သော ကိရိယာများမပါဘဲ စားရန် မလွယ်ကူသော်လည်း ဤသည်မှာ အရေးမပါတော့ပေ။ ဤအုန်းနို့ဟင်းအနှစ်နှင့်တင် လုံးဝကို အနိုင်ရရှိသွား၏။

တာဝန်ခံချန် သက်ပြင်းချလိုက်မိသည်။

“ ဒီဟင်းကို ထမင်းနဲ့ တွဲစားလိုက်ရရင် ဘယ်လောက်တောင် အရသာရှိလိုက်မလဲ”

သို့မဟုတ် ခေါက်ဆွဲနှင့်လား။ ခေါက်ဆွဲအမျှင်တိုင်းကို ဤဆော့စ်နှင့် နယ်ဖတ်ကာ တစ်လုတ်စားလိုက်ရလျှင် အလွန်ပင် ကျေနပ်စရာ ကောင်းပေလိမ့်မည်။

သူက စိတ်ထဲမှ တွေးနေသော်လည်း အခြားတစ်ယောက်ကမူ ထုတ်ပြောလိုက်တော့၏။

ကဏန်းအုန်းနို့ဟင်းက လျိုမိသားစုစားသောက်ဆိုင်မှ ဆိုင်ရှင်လျိုထံ ရောက်သွားသည့်အခါ သူက အကျယ်ကြီး အော်ပြောလိုက်၏။

“ကျွန်တော့်ကို ထမင်းတစ်လုံး လာပေးစမ်းပါဦး”

ဤပြောကြားချက်က အနည်းငယ် ရုတ်တရက် ဆန်လွန်းလှသည်။ လူတိုင်း လှည့်ကြည့်နေကြသည်ကို မြင်သောအခါ သူက ချက်ချင်း ထပ်ပြောလိုက်၏။

“ဒီဟင်းရဲ့ အရသာက အရမ်းကို ထူးခြားလွန်းလို့ ကျွန်တော် သေသေချာချာ မြည်းစမ်းချင်လို့ပါ...”

မြည်းစမ်းပြီးသော ဒိုင်လူကြီးများကမူ သူ ပြောချင်သည့်သဘောကို နားလည်ကြသည်။ သူပြောသည်ကို ကြားသောအခါ သူတို့ကလည်း ပြောကြ၏။

“ဒီဟင်းက တကယ်ကို ထမင်းနဲ့ တွဲစားသင့်တာပဲ။ ဒါဆို…တာဝန်ခံချန် ကျွန်တော့်ကိုလည်း ထမင်းတစ်ပွဲလောက် ပြင်ပေးပါဦး”

ကျန့်ချင်းယွမ် ဒေါသတကြီး ငေါက်လိုက်သည်။

“ခင်ဗျားတို့က ဒီမှာ စားဖို့လာတာလား၊ အကဲဖြတ်ဖို့ လာတာလား။ ဒါမျိုး မလုပ်ရဘူး”

သို့သော် သူကိုယ်တိုင် ကဏန်းဟင်းကို တစ်လုတ် မြည်းစမ်းကြည့်လိုက်သည့်အခါ ကြောင်သွားတော့သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာလည်း အရှေ့က မြည်းစမ်းထားသော သူများကဲ့သို့ပင် ဖြစ်၏။

‘ဒီအရသာက လူ့လောကမှာ ရှိနိုင်တဲ့ အရသာမျိုးလား’

သူ၏ ဒုတိယ တုံ့ပြန်မှုမှာ ပြိုင်ပွဲတွင် သေချာပေါက် ရှုံးသွားပြီ ဟူ၍ ဖြစ်သည်။

လှပဆန်းကြယ်သည့် နည်းစနစ်များ မပါဝင်ဘဲ ဆန်းသစ်သော ကုန်ကြမ်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ ထူးခြားသည့် အရသာတို့က သူတို့ကို အဝေးကြီးမှာ ချန်ထားခဲ့ပြီ ဖြစ်သည်။

လျိုမိသားစုစားသောက်ဆိုင်မှ ဆိုင်ရှင်လျို ခေါင်းလေးငုံ့ကာ သူ့နားကပ်ပြီး ပြော၏။

“ဒါ ကိုင်တွယ်ရ ခက်သွားပြီ။ သူတို့ ဒီကဏန်းကို ချက်ထားတဲ့ ပုံစံနဲ့ဆိုရင် ကျွန်တော်တို့ သူတို့ကို ဘာနဲ့ သွားယှဉ်မှာလဲ”

ကျန့်ချင်းယွမ် သတိပြန်ဝင်လာပြီး ပြောလိုက်သည်။

“ကျွန်တော်တို့မှာ ကိုးမဲ ရှိသေးတယ်၊ လောင်းကြေးထပ်လို့ ရပါသေးတယ်”

“ဒီကဏန်းဟင်းရဲ့ အရသာက တကယ့်ကို အထူးကဲဆုံးပဲလို့ ကျွန်တော် ထင်တယ်။ ဒါကို မဲမပေးဘူးဆိုရင်... ဒါက မမှန်ကန်ဘူးလို့ ခံစားရတယ်”

၎င်းကို ကြားသောအခါ ကျန့်ချင်းယွမ် ဒေါသပေါက်ကွဲသွား၏။

“ကျွန်တော်က ဒါကို ကျွန်တော့်အတွက် လုပ်နေတာလား။ အားလုံးအတွက်သာ မဟုတ်ရင် ကျွန်တော် ဘာလို့ ဒီလောက် အပင်ပန်းခံနေမှာလဲ”

သူ စိတ်လှုပ်ရှားနေသဖြင့် အသံ ကျယ်သွားရာ အခြားသူများ လှည့်ကြည့်လာကြသည်။

၎င်းကို သတိပြုမိသွားသည့်အခါ သူက အသံကို နှိမ့်လိုက်ပြီး ဆိုင်ရှင်လျိုကို ဆက်ပြော၏။

“ခင်ဗျားတို့ပဲ ကျွန်တော့်ဆီ လာပြီးတော့ မုန့်ဆိုင်ရဲ့ ဖိနှိပ်မှုကို မခံချင်ဘူး၊ သူ့ကို နှိမ်ချချင်တယ်လို့ ပြောခဲ့တာ မဟုတ်လား။ ဘာလဲ။ အခုကျမှ စိတ်ပြောင်းသွားတာလား။ အခု ဒါက ကျွန်တော့်ပြဿနာပဲ ဖြစ်သွားပြီလား”

ဆိုင်ရှင်လျို နှာခေါင်းကို ပွတ်ပြီး တိတ်နေလိုက်သော်လည်း စိတ်ထဲမှာ ကျန့်ချင်းယွမ်မှာ အနိုင်ကျင့်လွန်းလှသည်ဟု တွေးနေသည်။ မူလရည်ရွယ်ချက်က အားလုံးအတွက် ဆိုသော်လည်း ဤပြိုင်ပွဲ၏ ပထမဆုကို သူ့မိသားစုအတွက် ကြိုတင်သတ်မှတ်ထားပေသည်။ ထိုသို့ဆိုလျှင် သူတစ်ယောက်တည်း အကျိုးအမြတ် ရနေတာ မဟုတ်လား ဟု တွေးနေမိသည်။

သို့သော် ယခုအချိန်တွင် ကဏန်းဟင်းမှာ တကယ်ကို ကောင်းမွန်လှသည်ကို လူတိုင်း မြင်နေရသည်။ အကယ်၍ သူတို့သာ တမင်တကာ ကန့်ကွက်နေမည်ဆိုလျှင် သူတို့ပဲ ထိခိုက်ရပေလိမ့်မည်။

သူ ပြန်ခံ မငြင်းရဲသဖြင့် ဝေ့ဝိုက်ပြောလိုက်ရသည်။

“အစ်ကိုကျန့် စိတ်မပူပါနဲ့။ ဒီကဏန်းဟင်းက ဘယ်လောက်ပဲ ကောင်းကောင်း၊ ဒါက အဆင့်တက်ဖို့ နေရာတစ်ခုအတွက်ပဲလေ။ မနက်ဖြန်ကျမှ အနိုင်အရှုံးကို ဆုံးဖြတ်မှာပါ”

ကျန့်ချင်းယွမ် နှာခေါင်းရှုံ့ရင်း ဘေးပတ်ဝန်းကျင်ရှိ လူများကို အကဲခတ်လိုက်၏။

ထိုအချိန်တွင် အခြားဒိုင်လူကြီးများကလည်း တိုးတိုးလေး ဆွေးနွေးနေကြပြီ ဖြစ်သည်။ တစ်ဖက်တွင် ဤကဲ့သို့သော အရသာမှာ ရှားပါးလှသဖြင့် မဲပေးသင့်သည်ဟု ခံစားနေကြပြီး အခြားတစ်ဖက်ကမူ မုန့်ဆိုင်ကို ဖယ်ရှားရန် ယခင်က သဘောတူညီချက်ကို သတိရနေကြ၏။

သူတို့ အခြေအနေ တင်းမာနေစဉ်မှာပင် တိုက်တွန်းသံများ ထွက်ပေါ်လာသဖြင့် သူတို့မှာ ခေါင်းခါ၊ သက်ပြင်းချရင်း မဲပေးလိုက်ကြရတော့သည်။

နောက်ဆုံး မဲရေတွက်သည့်အခါတွင် “ဟွာကျွင်းမုန့်ဆိုင်၏ အထူးလက်ရာ ကဏန်းအုန်းနို့ဟင်း” သည် စုစုပေါင်း (၁၆) မဲ ရရှိကာ ခန့်မှန်းထားသည့်အတိုင်း အဆင့်တက်သွား၏။

အားမန်နှင့် လီနျန်တို့ စိတ်လှုပ်ရှားသွားသဖြင့် တစ်ဦးကိုတစ်ဦး ဖက်လိုက်ကြသည်။ လီနျန်ကမူ အဆက်မပြတ်ပြောနေတော့၏။

“အရမ်းကောင်းတာပဲ၊ အရမ်းကောင်းတာပဲ”

အောက်က ရွာသားများကလည်း လက်ခုပ်တီးကာ အားပေးကြပြီး အလွန်ဝမ်းသာနေကြသည်။ ဟွာကျွင်း၏ လွှမ်းမိုးမှုကြောင့် သူတို့သည် ဝမ်းသာအားရဖြစ်သည့်အခါ “ရေးး” ဟု အော်ရမည်ကိုလည်း သိနေကြ၏။

ထို့ကြောင့် ပြိုင်ပွဲတစ်ခွင်လုံးတွင် “ရေးး” ဟူသော အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။

ကျန့်ချင်းယွမ် ဟန်မဆောင်နိုင်တော့ဘဲ အင်္ကျီလက်စကို ခါယမ်းကာ နှာခေါင်းကို ပြင်းထန်စွာ ရှုံ့ရင်း မျက်နှာပျက်ပျက်ဖြင့် ထွက်သွားတော့သည်။

သူ ထွက်သွားသည်နှင့် ဒိုင်လူကြီးအချို့ အားမန်ထံသို့ အပြေးအလွှား လာကြ၏။

“ဒီမိန်းကလေး၊ ကျွန်တော် ခင်ဗျားကို အခုလေးတင် မဲပေးခဲ့တာပါ။ ဒီကဏန်းဟင်းကို ဘယ်လိုချက်လဲဆိုတာ ကျွန်တော့်ကို နည်းနည်းလောက် ပြောပြလို့ ရမလား”

လီနျန်က ပြောလိုက်သည်။

“ဒါက ဟွာကျွင်းမုန့်ဆိုင်ရဲ့ အထူးလက်ရာ ကဏန်းအုန်းနို့ဟင်းပါ။ မုန့်ဆိုင်ရဲ့ အထူးလက်ရာ ဖြစ်တဲ့အတွက်ကြောင့် အပြင်လူကိုတော့ ပေးသိလို့ မရပါဘူး”

သူတို့က ငြင်းပယ်ခံရသည်ကို ဂရုမစိုက်ကြပေ။ ၎င်းမှာ မူလကတည်းက မဖြစ်သင့်သော တောင်းဆိုချက်ဖြစ်ပြီး သူတို့တွင် အခြားရည်ရွယ်ချက်များလည်း ရှိနေသည်။

“ဒါဆို ကျွန်တော့်ကို နောက်တစ်ပွဲလောက် ရောင်းပေးလို့ ရမလား။ ဒါက အရမ်း အရသာရှိလွန်းလို့ပါ”

“ကျွန်တော်လည်း တစ်ပွဲလောက် လိုချင်တယ်။ ကျွန်တော် ခင်ဗျားကို မဲပေးခဲ့တာနော်”

လီနျန်က ပြုံးပြီး ပြောလိုက်၏။

“အားလုံးပဲ စိတ်အေးအေးထားကြပါ။ မုန့်ဆိုင်က ဒီ... ဟွာကျွင်းမုန့်ဆိုင်ရဲ့ အထူးလက်ရာ ကဏန်းအုန်းနို့ဟင်းကို... နောက်ပိုင်းမှာ မီနူးထဲ ထည့်ပေးပါ့မယ်။ စောင့်မျှော်ပေးကြပါဦး”

လူများစွာ ဝိုင်းအုံနေကြသဖြင့် အားမန် မျက်နှာဖုံးကို တင်းတင်း ဆုပ်ကိုင်ထားကာ တိတ်ဆိတ်စွာ ခေါင်းငုံ့ပြီး သူတို့အကြည့်များကို ရှောင်ရှားနေ၏။

သို့သော် သူမ၏ ပေါ်လွင်နေသော မျက်လုံးများကို ကြည့်ခြင်းအားဖြင့် လက်ရှိအချိန်တွင် အလွန် စိတ်ရွှင်လန်းနေကြောင်း ထင်ရှားလှသည်။

သူမသည် ညနေစောင်းကို အမြန်ရောက်ချင်နေပြီ ဖြစ်သည်။ ဆိုင်ရှင်ဟွာကို ဤသတင်းကောင်းကို အမြန်ဆုံး သွားပြောရမည်။

အခန်း (၁၃၄)

အောင်ပွဲခံ စားသောက်ပွဲ

ကဏန်းအုန်းနို့ဟင်း ပန်းကန်ကြီးသည် တစ်ဝိုင်းပြီး တစ်ဝိုင်းပတ်သွားနေသောကြောင့် လီနျန် တစ်ယောက် ပန်းကန်ကို လိုက်ရှာနေသည်မှာ အတော်ကြာသွား၏။ နောက်ဆုံး တစ်ယောက်ယောက်က ပြန်ပေးသည့် အခါမှသာ တွေ့ရတော့သည်။

ပန်းကန်မှာ ဆေးကြောထားသကဲ့သို့ပင် ပြောင်လက်တောက်ပနေပြီး အလင်းတောင် ပြန်နေ၏။

လီနျန် တအံ့တဩ မေးလိုက်၏။

“ဒါ ဆေးပြီးသားလား”

တာဝန်ခံချန် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

“မဆေးရသေးပါဘူး။ တစ်ယောက်ယောက်က ပေါင်မုန့်ပြားနဲ့ အကုန်လုံးကို တို့စားလိုက်တာ တစ်စက်လေးတောင် မကျန်တော့လို့ အဲလောက် ပြောင်နေတာပါ။ အခု ကျွန်တော် သွားဆေးပေးလိုက်ပါ့မယ်”

လီနျန်က ငြင်းလိုက်သည်။

“ကျေးဇူးတင်ပါတယ် တာဝန်ခံချန်။ ကျွန်မတို့ အိမ်ကို အမြန်သွားရမှာမို့ ပြန်ရောက်မှပဲ ဆေးလိုက်ပါတော့မယ်”

သူတို့ ပစ္စည်းများကို သိမ်းဆည်းကာ မြို့ပြင်ဘက်သို့ နွားလှည်းဖြင့် မောင်းနှင်လာခဲ့ကြသည်။

လီနျန်ကလည်း အတော်လေး သိချင်နေသောကြောင့် အားမန်ကို မေးလိုက်၏။

“ဒါက တကယ်ပဲ အဲလောက်တောင် အရသာရှိတာလား”

အားမန် ပြုံးလျက် သူမ၏ ညာဘက်လက်ကို ဆန့်ထုတ်ကာ သူမကိုယ်သူမ ညွှန်ပြသည်။ ထို့နောက် လက်ညှိုးနှင့် လက်ခလယ်ကို သုံးကာ လမ်းလျှောက်သည့် ပုံစံလုပ်ပြပြီး ဟင်းမွှေသည့် အမူအရာ လုပ်ပြကာ လီနျန်ကို လက်ညှိုးညွှန်ပြလိုက်သည်။

“ပြန်ရောက်ရင် ကျွန်မကို ချက်ကျွေးမယ်လို့ ပြောတာလား”

အားမန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

လီနျန်လည်း ပြုံးသွားသည်။ သူမ အားမန်ကို ဖက်ထားလိုက်ပြီး ဝင်လုဆဲဆဲ နေရောင်အောက်တွင် အိမ်သို့ တရွေ့ရွေ့ ပြန်လာခဲ့ကြ၏။

ဟွာကျွင်းသည်လည်း တစ်နေ့လုံး အားနေသည်မဟုတ်ဘဲ နောက်တစ်နေ့ နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ကုန်ကြမ်းများကို ပြင်ဆင်နေခဲ့သည်။

ဤဟင်းလျာမှာ အလွန်ပင် လက်ဝင်လှ၏။ ကုန်ကြမ်းများ ဝယ်ယူရန်အတွက်ပင် စူပါမားကတ် အတော်များများကို သွားခဲ့ရသည်။

ညနေပိုင်း ဆိုင်ဖွင့်ချိန်တွင် အားမန်၊ လီနျန်နှင့် အားမောက်တို့ သူမထံသို့ သတင်းကောင်းများ အလုအယက် ပြောကြတော့သည်။

လီနျန် စိတ်လှုပ်ရှားစွာ ပြောပြလိုက်၏။

“သူဌေးမဟွာ၊ ဒီနေ့ ကဏန်းဟင်း နိုင်သွားပြီ”

“သူတို့တွေ မရိုးသားဘူးဆိုတာကို ရှင်က တကယ်ကို ကြိုတင်မြင်ခဲ့တာပဲ”

ဟွာကျွင်း ပြုံးလိုက်သည်။

‘ ဒါက ဘာဆန်းလို့လဲ’

သူမအနေဖြင့် ကြိုတင်စီစဉ်ထားသည့် ပြိုင်ပွဲပေါင်းများစွာကို မြင်ဖူးခဲ့ပြီးသားဖြစ်သည်။

“ဒီနေ့က နေ့ကောင်းရက်သာပဲ။ တို့တွေရဲ့ ပထမဆုံး အောင်ပွဲကို ဆင်နွှဲတဲ့အနေနဲ့ အားမန်က အားလုံးအတွက် ကဏန်းဟင်းကို ပြန်ချက်ကျွေးရင် ဘယ်လိုလဲ”

အားမန် မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာလျက် အားရပါးရ ခေါင်းညိတ်ပြလိုက်၏။

အားလုံးလည်း အလွန်ပင် ဝမ်းသာသွားကြသည်။ နေ့လယ်က ဒိုင်လူကြီးများ စားနေသည်ကို မြင်ကတည်းက သူတို့မှာ သွားရည်ကျနေခဲ့ကြပြီး အိမ်အပြန်လမ်းတစ်လျှောက်လုံးလည်း တွေးနေခဲ့ကြခြင်းဖြစ်၏။တစ်လုတ်လောက် မြည်းစမ်းရလျှင် အလွန်ကောင်းမည်ဟု တွေးခဲ့ကြသည်။

“သူဌေးမဟွာ တကယ် သဘောကောင်းတာပဲ”

ဟွာကျွင်း မော့ချွမ်းကို ယနေ့ ဆိုင်အပေါ်ထပ်တွင် ဧည့်သည်များအတွက် နေရာ မစီစဉ်ရန်နှင့် အပေါ်ထပ်တွင် အားလုံး စုဝေးကာ အောင်ပွဲခံ စားသောက်ပွဲ လုပ်ကြမည်ဖြစ်ကြောင်း မှာကြားလိုက်သည်။

“စစ်သူကြီးလုကိုလည်း လာချင်သလားလို့ သွားမေးလိုက်ဦး။ တကယ်လို့ သူအချိန်မရှိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး”

ဧည့်သည်များကလည်း ဟွာကျွင်းကို အဆက်မပြတ် ဂုဏ်ပြုနေကြတော့၏။။

“သူဌေးမဟွာ၊ ဂုဏ်ယူပါတယ်ရှင်။ ဒါနဲ့ ကျွန်မတို့လည်း အဲဒီ ကဏန်းဟင်းကို ဘယ်တော့လောက် မြည်းစမ်းခွင့်ရမလဲ သိချင်မိတယ်”

ဟွာကျွင်း ပြုံးလျက် ပြန်ဖြေလိုက်၏။

“အခွင့်အရေး ရမှာပါ”

မီးဖိုချောင်တွင် ကဏန်း ဆယ်ကောင်ခန့်နှင့် ဟင်းအနှစ်ဘူးများစွာ ကျန်ရှိနေသေးသဖြင့် ငါးပွဲစာခန့် ချက်ရန် လုံလောက်သည်။

အားမန် လက်ကို သေသေချာချာ ဆေးကြောပြီးနောက် ကဏန်းများကို စတင်ကိုင်တွယ်တော့၏။ ဟွာကျွင်းလည်း ဝိုင်းကူပေးသဖြင့် နှစ်ယောက်တွဲလုပ်ရသည်မှာ ပိုမို မြန်ဆန်လှသည်။

မကြာမီ ကဏန်းဟင်းနံ့က တစ်ခန်းလုံးတွင် သင်းပျံ့သွားသည်။ မော့ချွမ်းလည်း ပြန်ရောက်လာပြီး ပြော၏။

“ကျွန်တော် လမ်းမှာ စစ်သူကြီးလုနဲ့ ဆုံခဲ့တယ်၊ သူလည်း ဒီဘက်ကို လာနေတာပဲ။ ခဏနေရင် ရောက်လာလိမ့်မယ်”

စစ်သူကြီးလု ဆိုင်တံခါးကို တွန်းဖွင့်ဝင်လာပြီး ဟွာကျွင်းကို ပြောလိုက်၏။

“ဒီနေ့ မင်းတို့ အောင်ပွဲအကြီးအကျယ် ရခဲ့တယ်လို့ ကြားတယ်၊ ကိုယ်လည်း ဒီအောင်ပွဲခံ စားသောက်ပွဲကို လာပြီး အားပေးတာပါ”

ဟွာကျွင်း သူ့ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားရာ အားမောက်နှင့် ရွာသားအချို့ အသင့်ထိုင်နေကြသည်ကို ချက်ချင်း မြင်လိုက်ရ၏။ သူ့မျက်လုံးများထဲတွင် အံ့သြရိပ် အနည်းငယ် ဖြတ်ပြေးသွား၏။ ရွာသားများနှင့် အခန်းတစ်ခုတည်းတွင် အတူတူ စားသောက်ရသည်မှာ သူ တစ်ခါမှ မကြုံဖူးသော အတွေ့အကြုံပင် ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ နားလည်သွား၏။ လူတိုင်းမှာ တန်းတူညီမျှသည်ဟု ဟွာကျွင်း တစ်ခါက ပြောခဲ့ဖူးသဖြင့် သူမတွင် အဆင့်အတန်း ခွဲခြားသည့် အယူအဆ မရှိပေ။

ကဏန်းဟင်း ရောက်လာသည်နှင့် လူတိုင်း အငမ်းမရ စားကြတော့သည်။

အားမန် လူတိုင်းကို စိုးရိမ်တကြီး စောင့်ကြည့်နေပြီး မြည်းစမ်းကြည့်ပြီးသူတိုင်း၏ မျက်နှာတွင် ကျေနပ်သည့် အမူအရာများကို တွေ့လိုက်ရ၏။

စစ်သူကြီးလု ပို၍ပင် ချီးကျူးလိုက်သည်။

“နေ့လယ်က လူတွေ ဘာလို့ အဲလောက် ဝိုင်းအုံနေကြလဲဆိုတာ အခုမှ နားလည်တော့တယ်။ ဒီအရသာက တကယ်ကို ကောင်းကင်ဘုံက အရသာပဲ”

ဟွာကျွင်း ထမင်းကို ဟင်းအနှစ်နှင့် နယ်စားသည်ကို မြင်သောအခါ သူလည်း လိုက်လုပ်ကြည့်ကာ သူ့ပန်းကန်ထဲသို့ တစ်ဇွန်း ခူးထည့်လိုက်သည်။

“အဲ့တာ နဲ့ ရှင် လောက်မှာ မဟုတ်ဘူး”

သူမ ဇွန်းကြီးကို ယူကာ သူ့ထမင်းပေါ်သို့ နောက်ထပ် သုံးဇွန်းခန့် ထပ်လောင်းပေးလိုက်သည်။

“ဒါက များလွန်းနေပြီ”

“ဒီအနှစ်က လုံးဝ မငန်ပါဘူး။ အဲဒီလို နယ်စားမှ အရသာအပြည့်ဖြစ်ပြီး စားလို့ကောင်းမှာ”

လုမင်လီ ထမင်းကို သမအောင် နယ်လိုက်သည်။ ထမင်းထက် အနှစ်က ပိုများနေသော်လည်း တကယ်ပင် အရသာ ထူးကဲလှ၏။

လူတိုင်း စားပြီးသွားသည်ကို မြင်သောအခါ မော့ချွမ်း မေးလိုက်သည်။

“အားလုံး စားလို့ ပြီးကြပြီလား။ ပြီးပြီ မဟုတ်လား။ ကျွန်တော် ပန်းကန်တွေ သိမ်းတော့မယ်နော်”

ထို့နောက် မည်သူ့စကားကိုမျှ မစောင့်တော့ဘဲ သူ့ပန်းကန်ထဲမှ ထမင်းအားလုံးကို ကဏန်းဟင်း ပန်းကန်ကြီးထဲသို့ လောင်းထည့်လိုက်တော့၏။

တစ်ယောက်ယောက်က သူ့ထံမှ လုစားမည်ကို သူ စိုးရိမ်နေခြင်းဖြစ်သည်။

လုမင်လီနှင့် ဟွာကျွင်းတို့ အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြသည်။

ဟွာကျွင်းက ပြော၏။

“စစ်သူကြီးလု၊ သူ့ကို နားလည်ပေးပါနော်၊ သူက အဲဒီလိုပဲ။ အရသာရှိတာ မြင်ရင် ကျန်တာတွေ အကုန်မေ့သွားတတ်လို့ပါ”

လုမင်လီက မော့ချွမ်းကို တစ်ချက်ကြည့်ပြီး ရုတ်တရက် မေးလိုက်၏။

“ညီလေး မော့ချွမ်း၊ မင်းရဲ့ စစ်မှုထမ်း အခြေအနေက ရှိနေသေးလား”

မော့ချွမ်း၏ ထမင်းစားနေသော အရှိန်မှာ ရုတ်တရက် ရပ်တန့်သွားပြီး ဟွာကျွင်းလည်း ကြောင်သွားကာ မေးလိုက်၏။

“ရှိနေရင် ဘာဖြစ်မှာလဲရှင်”

မော့ချွမ်း ထမင်းတစ်လုပ်ကို မြိုချလိုက်ရင်း ပြောလိုက်သည်။

“ကျွန်တော် အဲဒါကို မေ့နေတာ”

လုမင်လီက ပြန်ဖြေလိုက်၏။

“ခေါ်ယူတဲ့အခါ သတင်းမပို့ရင် မင်းကို စစ်ပြေးလို့ သတ်မှတ်ခံရလိမ့်မယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ သွားပြောထားပေးမယ်”

မော့ချွမ်း စိတ်သက်သာရာ ရသွားသည်။

“ကံကောင်းလို့ စစ်သူကြီးလု ရှိနေတာပဲ။ ကျွန်တော် သိသားပဲ၊ အဆက်အသွယ်ရှိရင် အလုပ်လုပ်ရတာ ပိုလွယ်တယ်ဆိုတာ။ ဒီနေ့တော့ ခင်ဗျားကို သေသေချာချာ ဂုဏ်ပြုရမယ်။ ဟွာကျွင်း၊ အဲဒီ မောက်ထိုင်အရက်တစ်ပုလင်းကို သွားယူလိုက်ဦး။ စစ်သူကြီးလုနဲ့ ကျွန်တော် ဒီနေ့ မူးအောင် သောက်ကြမယ်”

“ရှင်ကတော့ မောက်ထိုင်ကို လုံးဝ မမေ့နိုင်ဘူးပဲ။ ဒါက စစ်သူကြီးလုကို ဂုဏ်ပြုတာ မဟုတ်ဘူး၊ ရှင် ကိုယ်တိုင် သောက်ချင်နေတာ သိသာတယ်”

လုမင်လီ ပြုံးလျက် ခေါင်းခါလိုက်သည်။

သို့သော်လည်း ဟွာကျွင်းသည် မောက်ထိုင် တစ်ပုလင်းကို ယူလာပြီး စစ်သူကြီးလုထံသို့ ပေးလိုက်၏။

“စစ်သူကြီးလု၊ ဒါကို ကျွန်မတို့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အဖြစ် လက်ခံပေးပါ”

“ဒါ ကျွန်တော့် ဆရာကို ပေးခဲ့တဲ့ အရက်လား။ သူက မြို့တော်ကို ပြန်ရောက်ပြီးကတည်းက တွေ့တဲ့သူတိုင်းကို ဒီအရက်အကြောင်း ကြွားနေတာ”

မော့ချွမ်းက ပြော၏။

“ဖွင့်လိုက်လေ”

ဟွာကျွင်း သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် စစ်သူကြီးလုဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“သူ့ကို ဂရုစိုက်မနေပါနဲ့ရှင်။ ဘယ်သူက သူ့လောက် မျက်နှာပြောင်နိုင်ဦးမှာလဲ။ ရှင်က သူ့ကို စေတနာနဲ့ ကူညီတာကို သူက ရှင့်ရဲ့ ကျေးဇူးတင်လက်ဆောင်ကိုတောင် မျက်စိကျနေတာ”

လုမင်လီလည်း ပြုံးလျက် ပြောသည်။

“နောက်ရက်နည်းနည်းဆို ကျွန်တော့်အဘွားရဲ့ မွေးနေ့ရောက်ပြီ။ အဲဒီကျရင် အားလုံး အတူတူ လာခဲ့ကြပါ။ ပွဲတော်မှာ ဒီအရက်ကို ဖွင့်ပြီး အားလုံးကို မြည်းစမ်းခိုင်းပါ့မယ်”

မော့ချွမ်း သွားဖြီးလျက် ပြောလိုက်၏။

“ကောင်းတာပေါ့”

အားလုံး ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသော်လည်း ဟွာကျွင်းနှင့် အားမန်တို့တွင် အရေးကြီးသည့် ကိစ္စရှိသဖြင့် အရင်ဆုံး ခွင့်တောင်းကာ နောက်တစ်နေ့ ပြိုင်ပွဲအတွက် ပြင်ဆင်ရန် မီးဖိုချောင်သို့ ပြန်လာခဲ့ကြသည်။

မီးဖိုချောင်တွင် သူတို့နှစ်ဦးတည်းသာ ရှိတော့၏။ ဟွာကျွင်း အားမန်၏ မျက်နှာကို သေသေချာချာ ကြည့်ပြီး ပြောလိုက်သည်။

“အားမန်၊ ရှင့်ရဲ့ အမာရွတ်က အတော်လေး မှိန်သွားပြီပဲ”

အားမန်က သူမကို ကျေးဇူးတင်စွာ ပြုံးပြလိုက်၏။ ဟွာကျွင်းပေးသော ဆေးကြောင့် အမာရွတ်မှာ ယခင်ကလောက် မနီတော့သည်ကို သူမ ကိုယ်တိုင်လည်း သတိထားမိပါသည်။

ဟွာကျွင်း ပြော၏။

“မနက်ဖြန် ချက်ရမဲ့ ဟင်းက မခက်ခဲပေမဲ့ ကုန်ကြမ်းတွေ အများကြီး လိုအပ်တယ်၊ တစ်ခုလေးတောင် ကျန်ခဲ့လို့ မရဘူး။ ဒီဟင်းမှာ စိတ်ဝင်စားစရာ နာမည်တစ်ခု ရှိတယ်၊ အဲဒါက ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်တဲ့”

သူမ ဆက်လက်၍ ပြောလိုက်သည်။

“လိုအပ်တဲ့ ပစ္စည်းတွေကို မှတ်ထားပါ၊ ကျွန်မ အခု စာရင်းပြောမယ်”

“ခုံး၊ ငါးစီဗောင်း ၊ ပင်လယ်မျှော့ ၊ ဝက်လက်၊ ပြည်ကြီးငါး၊ ရှီတာခီမှို ၊ မှိုဘုရင် ၊ ငုံးဥ၊ ငါးမန်းတောင်၊ ဂုံးခြောက်၊ ဂျင်ဟွာ ဝက်ပေါင်ခြောက် ...”

“ဟင်းရည်အတွက်က ဝက်ခြေထောက်ရိုး၊ ဝက်ကျောရိုး၊ ဝက်လက်၊ ကြက်ခြေထောက်တွေ လိုအပ်သလို ဖရုံသီးနှစ်လည်း လိုတယ်”

အားမန် သေသေချာချာ နားထောင်နေ၏။ အစပိုင်းတွင် စိတ်ထဲကသာ မှတ်ရန် ရည်ရွယ်သော်လည်း ဟွာကျွင်းပြောသည့် စာရင်းမှာ ပို၍ များလာသဖြင့် သူမ အမြန်ပင် စာရွက်နှင့် ကလောင်ကို ယူကာ အရင်ရေးမှတ်လိုက်ပြီး တစ်ညလုံး အလွတ်မှတ်ရန် ပြင်ဆင်လိုက်သည်။

ထို့နောက် ဟွာကျွင်း ကုန်ကြမ်းတစ်ခုချင်းစီကို အမည်နှင့်တကွ လိုက်လံ ပြသပေးလိုက်၏။

“ဒီမှာ အရေးကြီးဆုံးက ဟင်းရည်ပဲ။ ငါတို့ မထွက်ခင် ငါးနာရီလောက် ကြိုပြီး တည်ထားရမယ်။ ကျန်တာတွေကတော့ အသာထားပေါ့။ အခု ဟင်းရည်ရှိတယ်လို့ပဲ သဘောထားပြီး ဘယ်လိုချက်ရမလဲဆိုတာ ကျွန်မ ပြပေးမယ်”

All Chapters