← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇)

အကင်စားခြင်းနှင့် ဘီယာသောက်ခြင်း

ဟွာကျွင်းသည် ဤလက်ရေးလှကမ္ပည်းစာကို ရရှိသဖြင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေရသည်။ လက်ရေးအက္ခရာစကားလုံးများမှာ အားမာန်ပါပြီး ထက်မြက်လှရာ လုမင်လီကိုယ်တိုင် ရေးသားထားခြင်းဖြစ်ကြောင်း သိသာလှ၏။

သူမ ထိုစာရွက်ကို နံရံတွင် ကပ်ကြည့်ကာ အနေအထားညှိနေပြီး၊ နောက်တစ်နေ့တွင် အချောသတ်ဘောင်သွင်းကာ နံရံ၌ ချိတ်ဆွဲရန် စီစဉ်နေတော့သည်။

လုမင်လီ လမ်းလျှောက်ဝင်လာချိန်တွင် သူမ စာရွက်ကိုင်ကာ နံရံပတ်ချာလည်တွင် နေရာရှာနေသည်ကို အမှတ်မထင် တွေ့သွားပြီး မေးလိုက်၏။

“ဒီစာရွက်ကို မင်းကျေနပ်ရဲ့လား”

“သေချာပေါက် ကျေနပ်တာပေါ့။ စစ်သူကြီးကိုယ်တိုင် ရေးပေးတဲ့ လက်ရေးလှကမ္ပည်းစာအပြင် အဓိပ္ပာယ်ကလည်း အရမ်းလေးနက်တာပဲ။ ကျွန်မက မကျေနပ်ဘဲ နေပါ့မလား”

“ကိုယ်ပြောတာက လက်ရေးကို မဟုတ်ဘူး၊ စာရွက်ကို ပြောတာ”

ဟွာကျွင်း နားမလည်နိုင်ဖြစ်သွားရသည်။ သူမသည် စာရွက်ကို သေသေချာချာ ပြန်စစ်ဆေးပြီး အလင်းရောင်တွင် မြှောက်ကြည့်လိုက်၏။

စာရွက်မှာ ချောမွေ့ပြီး ဆင်စွယ်ရောင်သန်းနေကာ အနည်းငယ် ကြမ်းပြီး အတော်လေး အသားထူသည်။

“အနံ့ခံကြည့်လိုက်ဦး”

ဟွာကျွင်းက စာရွက်ကို နှာခေါင်းနားကပ်ကာ နမ်းကြည့်ရာ အေးမြပြီး ဆေးဖက်ဝင်အပင်နံ့ ခပ်သင်းသင်း ရနေသည်။

“ဒါက ဘာစာရွက်မျိုးလဲဟင်”

“ဒါက ကျင်းတောင်ကလာတဲ့ ဂုဏ်ပြုလွှာ ပဲ။ ထုတ်လုပ်ပုံ အဆင့်ဆင့်က ခက်ခဲနက်နဲပြီး နှစ်တိုင်း ဧကရာဇ်မင်းမြတ်ဆီကိုပဲ နည်းနည်း ဆက်သရတာမျိုး။ ကိုယ်က သူ့ဆီကနေ အထူးတလည် အချပ်အနည်းငယ် တောင်းဆိုထားတာ။ ဒါကို မင်း ပိုက်ဆံနဲ့လဲပြီး ရောင်းလို့တောင် ရတယ်”

ဟွာကျွင်းသည် သူမလက်ထဲရှိ စာရွက်မှာ ရုတ်တရက် ပူနွေးလာသလို ခံစားလိုက်ရ၏။ ဂုဏ်ပြုလွှာစာရွက်တဲ့လား။ဒါဆိုရင် တကယ့်ကို တန်ဖိုးကြီးမှာပဲ။

သို့သော် သူမက ရှင်းရှင်းလင်းလင်း သိလိုသဖြင့် မေးလိုက်၏။

“ဒါက ဘာလို့ ဂုဏ်ပြုလွှာ ဖြစ်ရတာလဲ၊ ဘာတွေ ထူးခြားလို့လဲ”

လုမင်လီက စိတ်ရှည်လက်ရှည်ပင် ရှင်းပြသည်။

“ဒီစာရွက်ကို ‘လေဝိညာဉ်နွယ်ပင်’ ကို ကုန်ကြမ်းအဖြစ် သုံးပြီး အဆင့်ပေါင်း (၁၆၀) ကျော်၊ ရက်ပေါင်းများစွာ ကြာအောင် ပြုလုပ်ရတာ”

“လေဝိညာဉ်နွယ်ပင်ဟာ တိမ်တွေ မြူတွေ ဖုံးလွှမ်းနေတဲ့ ကျင်းတောင်ထိပ်မှာပဲ ပေါက်တာမို့ ခူးဆွတ်ရတာ အရမ်း အန္တရာယ်များတယ်။ လူ (၁၀) ယောက်သွားရင် (၅) ယောက်ပဲ ပြန်လာနိုင်တာမျိုးက သာမန်ပါပဲ။ ဒါပေမဲ့ ဒီနွယ်ပင်ဟာ ပိုးမွှားဒဏ် ခံနိုင်ရည်ရှိပြီး စာရွက်အဖြစ် လုပ်လိုက်တဲ့အခါ စာရေးဖို့ရော ပန်းချီဆွဲဖို့ပါ အလွန်ကောင်းမွန်တယ်။ နှစ်ပေါင်း ရာစုနှစ်များစွာတိုင်အောင် ခိုင်ခံ့တယ်လို့ ဆိုကြတယ်”

“ဒါဆိုရင်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတာပဲ”

ဤမျှ အချိန်ကုန် လူပင်ပန်းခံရသည့် အရာမျိုးသည် သမိုင်းရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားနိုင်ခြေ ရှိရာ သူမလက်ထဲက အချပ်သည် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသောအရာဟုပင် ဆိုနိုင်ပေလိမ့်မည်။

‘ဟုတ်ပြီ၊ ဒါကို နံရံမှာ ဒီအတိုင်း မချိတ်တော့ဘူး။နောက်မှ မှန်ဘောင်ကောင်းကောင်းတစ်ခုရှာပြီး သေသေချာချာ သိမ်းဆည်းထားရမယ်’

“စစ်သူကြီးလု၊ ရှင် ရောက်လာတာ အတော်ပဲ။ ဒီည အသားကင်စားပြီး ဘီယာသောက်ကြရအောင်”

ရာသီဥတုက အနည်းငယ် နွေးလာပြီဖြစ်ရာ ဟွာကျွင်းသည် လူတိုင်းကို ခေါ်လိုက်ပြီး အားမောက်၏ အသားကင်ဆိုင်ရှေ့တွင် စားပွဲခင်းလိုက်၏။ ယနေ့တော့ အပြင်မှာပဲ စားကြမည်။

လုမင်လီ၊ ဟွာကျွင်း၊ မော့ချွမ်း၊ ဟွာရှန့်၊ အားမန် နှင့် လီနျန်တို့ စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။ တစ်ခုခု လိုချင်လျှင် လှမ်းအော်ပြောလိုက်ရုံဖြင့် အားမောက်က ကင်ပြီး လာချပေး၏။

ယနေ့တွင် မူးအောင် သောက်မည်ဟူသော မူဝါဒဖြင့် ဟွာကျွင်းသည် မော့ချွမ်းကို ဘီယာတစ်ဖာ ယူလာခိုင်းလိုက်သည်။ သူမ လူတိုင်းကို တစ်ပုလင်းစီ ဝေပေးလိုက်ရာ ဟင်းတွေ မရောက်ခင်မှာပင် အားလုံးက တစ်ငုံ သောက်လိုက်ကြသည်။

ဟွာရှန့်မှာ (၁၈) နှစ် မပြည့်သေးသဖြင့် ဟွာကျွင်းက သူမကို အရက်မသောက်ခိုင်းပေ။ လီနျန်ကလည်း သူမသည် အရက်လုံးဝ မသောက်တတ်ကြောင်း ပြောသဖြင့် မည်သူကမှ အတင်းအကြပ် မတိုက်ဘဲ ဘီယာအစား ကိုကာကိုလာ ကိုသာ အစားထိုး သောက်စေသည်။

နေ့စဉ်နေ့တိုင်း၏ အပျော်ဆုံးအချိန်မှာ ဤအချိန်ပင် ဖြစ်၏။ မုန့်ဆိုင်က မအားမလပ် မဖြစ်တော့ဘဲ သူငယ်ချင်း လေး၊ငါးယောက် စုထိုင်ကာ စိတ်ဝင်စားစရာများကို စကားစမြည် ပြောဆိုနေရခြင်းမှာ အလွန်ပင် နှစ်လိုဖွယ် ကောင်းလှသည်။

အားမောက်၏ အသားကင်ကျွမ်းကျင်မှုမှာ အတော်လေးကို အဆင့်မြင့်နေပြီ ဖြစ်သည်။ သူကင်ပေးသော အသားတုတ်များမှာ အရည်ရွှမ်းလှပြီး စားပွဲပေါ် ရောက်လာချိန်တွင် ဆီများက တမြှည့်မြှည့် မြည်နေသေး၏။ ငရုတ်သီးနှင့် ဇီရာမှုန့် အချိုးအစားမှာလည်း အသားအရသာကို မဖုံးလွှမ်းဘဲ ထူးခြားသော အရသာကို ပေးစွမ်းနိုင်သည်။

၎င်းကို စားပြီးနောက် မည်သူမှ လက်မ မထောင်ဘဲ နေပါမည်နည်း။

အသားကင် စားသည့်အခါ အရှိန်အဟုန်ဖြင့် ‘ဆွဲစား’ ရခြင်းမှာ အဓိက ဖြစ်သည်။ လုမင်လီ တူ သုံးပြီး ယဉ်ကျေးသိမ်မွေ့စွာ အသားကို ဆွဲထုတ်နေသည်ကို မြင်သောအခါ ဟွာကျွင်း အမြန်ပင် တားလိုက်၏။

“ဒီလိုစားမှ အရသာရှိတာ”

သူမ အသားတုတ်ကို ကန့်လန့်ကိုင်ကာ ပါးစပ်ဖြင့် အသားအနည်းငယ်ကို ကိုက်ပြီး ဆွဲလိုက်ရာ အသားများအားလုံး သူမပါးစပ်ထဲ ရောက်သွားတော့သည်။

ဝါးစားလိုက်ပြီးနောက် ရေခဲသေတ္တာထဲက အေးစိမ့်နေသော ဘီယာကို တစ်ငုံသောက်လိုက်သည်။

‘ဝေါင်း ရှယ်ဘဲ’

“မိုက်တယ်ဟေ့”

မော့ချွမ်း သူမအတွက် အော်ဟစ်အားပေးလိုက်သည်။

လုမင်လီက ပြုံးလိုက်ပြီး တူ ချလိုက်ကာ အသားတုတ်ကို ပါးစပ်ဖြင့် ဆွဲစားတော့၏။

ဧည့်သည်အချို့ကလည်း သူတို့ကို မြင်သောအခါ အောင်ပွဲအတွက် ခွက်ချင်းတိုက်ကာ ဂုဏ်ပြုကြသည်။ သေချာပေါက် အားမန်ကိုလည်း နှုတ်ဆက်ကြ၏။ သူမသည် မျက်နှာဖုံးကို ချွတ်ထားပြီး မုန့်ဆိုင်အပြင်ဘက်တွင် ထိုင်နေသော်လည်း မည်သူကမှ သူမကို ထူးဆန်းသော မျက်လုံးများဖြင့် မကြည့်ကြတော့ပေ။

သိပ်မကြာခင်မှာပင် ဟွာကျွင်း ခေါင်းထဲ မူးဝေလာကာ ပုံရိပ်များ နှစ်ထပ်မြင်လာရသည်။ သူမ အသိဝင်အောင် နားထင်ကို ပွတ်ပြီး ခေါင်းခါကြည့်နေ၏။

သူ့ကို မြင်သောအခါ အားမန် ချက်ချင်း မီးဖိုချောင်သို့ ပြန်သွားပြီး အမူးပြေဟင်းရည် တစ်ခွက် သွားကျိုပေး၏။ ဟွာကျွင်း ထိုဟင်းရည်ကို သောက်ပြီးနောက် အတော်လေး သက်သာသွားသည်။

သို့သော် သူမ ဗိုက်ထဲတွင်မူ အခြေအနေ သိပ်မကောင်းဖြစ်နေသေးသည်။

အားမောက် ပြော၏။

“ကျွန်တော်တို့ ရွာမှာတော့ ရှေးလူကြီးတွေ သုံးတဲ့ နည်းတစ်ခု ရှိတယ်၊ သောက်ပြီးလို့ နေမကောင်းဖြစ်ရင် မြေပဲလှော်ကို ရှာလကာရည် ထဲမှာ စိမ်ပြီး စားလိုက်ရင် သက်သာသွားလိမ့်မယ်”

မုန့်ဆိုင်တွင် ထိုကဲ့သို့သော ရိုးရှင်းသည့် ကုန်ကြမ်းများ မရှိနိုင်ဟု တွေးမိသဖြင့် သူ ဒေါ်လေးပန်းကို ပြောလိုက်သည်။

“သူဌေးမဟွာကျွင်းအတွက် မြေပဲလှော် သွားယူပေးလိုက်ပါဦး”

ဒေါ်လေးပန်းက ပြုံး၍ ထရပ်ကာ လက်ကို ဝတ်စုံတွင် သုတ်ရင်း အော်ပြောလိုက်၏။

“ကောင်းပါပြီ။ ဒီနေ့မှ မြေပဲတစ်ပန်းကန် လှော်ထားတာ မစားရသေးဘူး၊ အခု သွားယူပေးမယ်။ အားမန်၊ နင်ပဲ ရှာလကာရည် ပေးလိုက်ပါဦး၊ ငါတို့အိမ်က ရှာလကာရည် က မကောင်းဘူး”

အားမန်က ပြုံး၍ ခေါင်းညိတ်ကာ ဒေါ်လေးပန်း ထွက်သွားသည်ကို ကြည့်နေ၏။ သူမသည် ထုံးစံအတိုင်း လီနျန်ကို တစ်ချက် လှမ်းကြည့်မိရာ လီနျန်၏ မျက်နှာထားမှာ အတော်လေး မူမမှန်ဖြစ်နေသည်ကို သတိပြုမိသွားသည်။

သူမက စိုးရိမ်တကြီးဖြင့် လီနျန်၏ လက်ကို ပုတ်လိုက်၏။ လီနျန် သတိပြန်ဝင်လာပြီး သူမကို ပြုံးပြကာ နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်သည်။

“အဆင်ပြေပါတယ်”

ခဏအကြာတွင် မြေပဲများ ရောက်လာသည်။ အားမန်က ရှာလကာရည် ကို လောင်းထည့်ကာ မြေပဲများကို စိမ်လိုက်သည်။ ထို့နောက် ချဉ်နေမည် စိုးသဖြင့် သကြားဖြူ တစ်ဇွန်းထည့်ကာ သမအောင် မွှေပေးလိုက်၏။

၎င်းကို စားပွဲပေါ် ချလိုက်ချိန်တွင် အားမောက်ကလည်း အသားတုတ်အချို့ကို ယူလာသည်။ သူက လူတိုင်းကို စိတ်အားထက်သန်စွာ ဧည့်ခံ၏။

“အားလုံး မြည်းကြည့်ကြပါဦး။ ဒီမြေပဲတွေက နီပြီး အကြီးကြီးတွေဗျ၊ ဝယ်တုန်းက အကြာကြီး ရွေးခဲ့ရတာ”

ဘေးတွင် ရပ်နေသော ဒေါ်လေးပန်းက ပြုံး၍ ပြော၏။

“ဟုတ်ပါ့တော်။ ရွေးနေတုန်းက ကုန်ခြောက်ဆိုင်ပိုင်ရှင်က မျက်စောင်းတခဲခဲနဲ့ မကျေမနပ်တောင် ဖြစ်နေတာ”

ဟွာကျွင်းသည် သူတို့၏ စေတနာကို မြင်သဖြင့် ရှာလကာရည်အနံ့ကို မကြိုက်သော်လည်း မြေပဲနှစ်စေ့ကို ကောက်စားလိုက်သည်။ စားကြည့်မှ အားမန်က သကြားထည့်ထားသဖြင့် အတော်လေး စားကောင်းနေမှန်း သိလိုက်ရပြီး အားမန်ကို ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူမ ထိုပန်းကန်ကို လုမင်လီထံ ကမ်းပေးလိုက်၏။ သူသည် ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမှ မစားဖူးသဖြင့် အမှတ်တရ အဖြစ် နှစ်စေ့ခန့် စားလိုက်ပြီး ပန်းကန်ကို စားပွဲအလယ်သို့ ပြန်တွန်းပေးလိုက်သည်။

စစ်သူကြီးလုတောင် စားသဖြင့် အားမောက်မှာ အလွန်ပင် ဝမ်းသာသွားသည်။ သူက ဘေးကို ကြည့်လိုက်ရာ လီနျန်သည် မြေပဲပန်းကန်ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရ၏။

“လီနျန်၊ နင်လည်း ငါတို့ရွာကပဲလေ။ အရသာ ဟုတ်မဟုတ် မြည်းကြည့်ပါဦးလား”

လီနျန်မှာ ငေးငိုင်နေဆဲဖြစ်ပြီး သူ့ကို ဂရုမစိုက်မိပေ။ သူမ၏လက်များက စားပွဲအောက်တွင် အင်္ကျီအနားသတ်ကို တင်းတင်းကြပ်ကြပ် လိမ်နေသည်ကို မည်သူမှ သတိမထားမိကြပေ။

သူမ၏ လက်နှစ်ဖက်စလုံးတွင် ကြက်သီးမွေးညင်းများ ထနေပြီး အထူးသဖြင့် ညာဘက်လက်မောင်းမှာ အပ်ထောင်ပေါင်းများစွာဖြင့် အထိုးခံနေရသလို ခံစားနေရသည်။ ဤသည်မှာ စိတ်အာရုံချောက်ခြားခြင်း ဖြစ်ကြောင်း သူမ သိနေသဖြင့် သူမ၏ လှုပ်ရှားမှုတိုင်းကို အတတ်နိုင်ဆုံး ထိန်းချုပ်နေ၏။

အားမောက်က ဇဝေဇဝါဖြစ်ကာ လီနျန်ကို လှမ်းတို့လိုက်သည်။ လီနျန်မှာ အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ရုတ်တရက် တုန်တက်သွားရာ လူတိုင်းက သူမကို ထူးဆန်းစွာ ကြည့်ကြတော့၏။ လီနျန်က အတင်းပြုံးလိုက်ပြီး ပြော၏။

“ကျွန်မ နည်းနည်း နေမကောင်းလို့၊ ခွင့်ပြုပါဦး”

ဤသို့ပြောကာ စားပွဲဝိုင်းမှ အလျင်အမြန် ထွက်သွားတော့သည်။

အားမန်က သူမ၏ ကျောပြင်ကို စိုးရိမ်တကြီး ကြည့်နေမိသည်။ ဟွာရှန့်က ဟွာကျွင်းကို တိုးတိုးလေး မေးလိုက်၏။

“လီနျန် ဘာဖြစ်တာလဲဟင်၊ သူ စိတ်မကောင်းဖြစ်နေသလိုပဲ”

ဟွာကျွင်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

လီနျန်သည် အိမ်နောက်ဘက် လူသူကင်းဝေးရာ ထောင့်တစ်ခုသို့ ပြေးသွားကာ အင်္ကျီလက်ကို မတင်ပြီး သူမ၏ လက်မောင်းနှစ်ဖက်လုံးကို အားရပါးရ ပွတ်တိုက်နေတော့သည်။ လက်မောင်းတွင် ဘာမှမရှိသော်လည်း သူမမှာ အတော်လေးကို နေမထိထိုင်မသာ ဖြစ်နေရှာသည်။

သူမ၏ ယောက္ခမမှာ အိမ်နောက်ဘက်မှ အသံများကြားသဖြင့် ထွက်လာရာ လီနျန်ကို တွေ့သွားပြီး မေးလိုက်၏။

“သမီး ပြန်လာပြီလား။ ဘာဖြစ်လို့လဲ”

လီနျန်သည် အမှောင်ရိပ်ထဲတွင် မျက်ရည်များကို ခိုးသုတ်လိုက်ပြီး ထရပ်ကာ ပြန်ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ အမေ စားပြီးပြီလား။ ခဏစောင့်ဦးနော်၊ သမီး ချက်ပေးမယ်”

အခန်း (၁၃၈)

ရှာလကာရည်စိမ်မြေပဲလှော်

လီနျန် ယောက္ခမ၏ အမည်ရင်းကို မည်သူမျှ မသိကြဘဲ သူမခင်ပွန်း၏ မျိုးရိုးအမည်မှာ ကျန်း ဖြစ်သဖြင့် လူတိုင်းက သူမကို အဘွားကျန်း ဟုသာ ခေါ်ကြသည်။

သူမသည် ငယ်စဉ်က ပန်းထိုးပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ဝမ်းရေးအတွက် နေ့ရောညပါ အသည်းအသန် ပန်းထိုးခဲ့ရသဖြင့် ကံဆိုးစွာပင် မျက်စိ ကွယ်သွားခဲ့ရသည်။

သူမသည် ရေဇလုံကို ရှေ့သို့ တွန်းပို့လိုက်ရာ ဇလုံထဲမှရေများမှာ လီနျန်၏ ခြေထောက်နားထိပင် စင်သွားသော်လည်း သူမကိုယ်တိုင်မှာမူ လုံးဝသတိမထားမိဘဲ ပြော၏။

“မလိုပါဘူး၊ ငါစားပြီးပြီ။ ပေါင်လေး လည်း ဟွာကျွင်း ပေးထားတဲ့ နို့မှုန့် သောက်ပြီးပြီ”

လီနျန်သည် နေ့စဉ် ပန်းထိုးအလုပ်ရုံတွင် အလုပ်များနေသဖြင့် သား ဖြစ်သူ ပေါင်လေးကို သုံးလအကြာတွင် မိခင်နို့ ဖြတ်လိုက်ပြီး ဟွာကျွင်းပို့ပေးသော နို့မှုန့်ကိုသာ တိုက်ကျွေးနေခြင်း ဖြစ်သည်။

လီနျန်က ခေါင်းညိတ်ပြလိုက်ပြီးမှ သူမယောက္ခမမှာ မျက်စိသေချာမမြင်ရသည်ကို သတိရကာ ပြောလိုက်၏။

“ဟုတ်ကဲ့အမေ၊ မိုးချုပ်နေပြီဆိုတော့ ကျွန်မ ပေါင်လေးကို သွားကြည့်လိုက်ဦးမယ်။ အမေလည်း စောစောနားတော့နော်”

အခန်းထဲတွင် မှောင်နေသဖြင့် လီနျန်သည် ဖယောင်းတိုင်ကို စမ်းတဝါးဝါး ရှာဖွေကာ ထွန်းညှိလိုက်သည်။

ချက်ချင်းပင် အခန်းထဲ၌ လင်းထိန်သွားတော့သည်။ သူမသည် ခုတင်ဘေးသို့ လျှောက်သွားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ပေါင်လေးကို ကြည့်နေမိသည်။ သူမ ခုတင်ဘေးတွင် ထိုင်ရန် ပြင်လိုက်စဉ်မှာပင် ဘေးခန်းမှ တစ်ခုခု ပြုတ်ကျသံကို ကြားလိုက်ရ၏။

ဤအိမ်တွင် သူမ၊ ပေါင်လေးနှင့် အဘွားကျန်း နေကာ လူကြီးနှစ်ယောက်သာ ရှိကြသည်။ အိမ်ဆောက်စဉ်က အခန်းနှစ်ခန်း ထားရှိခဲ့ရာ တစ်ခန်းမှာ သူမနှင့် ပေါင်လေးအတွက်ဖြစ်ပြီး ကျန်တစ်ခန်းမှာ အဘွားကျန်းအတွက် ဖြစ်သည်။

လီနျန်သည် သူမယောက္ခမ တစ်ခုခုဖြစ်မှာ စိုးရိမ်သဖြင့် သူမအခန်းထဲသို့ အမြန်ပြေးသွားရာ အဝတ်လှန်းစင် ပြုတ်ကျနေသည်ကို တွေ့လိုက်ရ၏။ သူမယောက္ခမမှာ ငုံ့၍ စမ်းတဝါးဝါးဖြင့် ပြန်မရန် ကြိုးစားနေရှာသည်။

“အမေ၊ မြန်မြန်ထိုင်လိုက်ပါ၊ ကျွန်မ ကူပေးမယ်။”

လီနျန်သည် အဝတ်လှန်းစင်ကို ဂရုမစိုက်သေးဘဲ သူမယောက္ခမကို ခုတင်ပေါ်သို့ အရင်တွဲပို့လိုက်သည်။ ထို့နောက် စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်၏။

“အမေ အဆင်ပြေရဲ့လား၊ ဘယ်နားများ ထိခိုက်သွားသေးလဲ”

အဘွားကျန်းက ခေါင်းခါပြကာ သက်ပြင်းချလိုက်သည်။

“မထိခိုက်ပါဘူး။ အင်း... ငါလည်း အိုပြီး ဘာမှသုံးစားမရတော့ပါဘူး။ မျက်စိကလည်း ဝေဝါးနေတော့ ဘာမှ သေသေချာချာ မလုပ်နိုင်တော့ဘူး။ ကြည့်စမ်း၊ အဝတ်လှမ်းဖို့ ကြိုးစားတာတောင် စင်ကို တိုက်လဲမိသွားပြီ။ ငါ အမှိုက်တစ်ခုနဲ့ ဘာကွာခြားတော့မှာလဲ...”

လီနျန်က အဝတ်လှန်းစင်ကို ပြန်မတ်လိုက်ပြီး အဘွားကျန်း၏ အဝတ်များကို ယူ၍ ဖုန်ခါကာ ပြန်လှန်းပေးလိုက်သည်။

“အမေ အဲလိုမပြောပါနဲ့။ နောက်ဆို အဝတ်လှန်းတာကို ကျွန်မပဲ လုပ်ပါ့မယ်။ အမေ ထိခိုက်မှာ စိုးလို့ပါ”

“ဒီအဘွားအိုမကြီးကို အခုထိ ဂရုစိုက်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်အေး။ မဟုတ်ရင်... မဟုတ်ရင် ငါ ဖုန်မှုန့်တစ်ဆုပ် ဖြစ်နေတာ ကြာလှပြီ။ ပြီးတော့... ပြီးတော့ ညည်းမှာ စားစရာအတွက် ရင်ဖုံးအင်္ကျီ တွေကိုတောင် ရောင်းခဲ့ရသေးတယ်...”

“တော်သေးတာက ဆိုင်ရှင်ဟွာက ဘယ်သူ့ကိုမှ မပြောခဲ့လို့၊ မဟုတ်ရင် ညည်း ဘယ်လိုများ နေမလဲ”

အဘွားကျန်းသည် ပြောရင်းနှင့် အားနာစိတ်များ ပိုတိုးလာကာ မျက်စိမကောင်းသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်ရည်များ ဝဲတက်လာရှာ၏။

လီနျန်က ဘာမှပြန်မပြောဘဲ သူမယောက္ခမ၏ မျက်ရည်များကိုသာ သုတ်ပေးနေမိသည်။ သူမက ဖယောင်းတိုင်မီးကို ကျောပေးထားသဖြင့် သူမ၏ မျက်နှာတစ်ခြမ်းမှာ အရိပ်ကျနေပြီး ကျန်တစ်ခြမ်းမှာ လင်းနေသည်။

ရင်ဖုံးအင်္ကျီလား။

သူမသည် မိမိကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်မိ၏။ ဘဝက အမှန်တကယ်ပင် သက်တောင့်သက်သာ ရှိလွန်းနေခဲ့သဖြင့် ဤအကြောင်းကို သူမ မေ့လုနီးပါး ဖြစ်နေခဲ့ရ၏။

“ပန်းထိုးစမ်း။ နင်က လက်ကိုင်ပုဝါတွေ ထိုးတာ တော်တယ် မဟုတ်လား။ ဟမ်။ နေ့တိုင်း ပန်းထိုးအလုပ်ရုံမှာ လူတွေကို ပြုံးပြ နှုတ်ဆက်နေတဲ့ အရှက်မရှိတဲ့ ကောင်မ”

ယောကျ်ားတစ်ဦး၏ အသံက လီနျန် နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။ ထိုရင်းနှီးနေသော အသံကြောင့် လီနျန်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရသည်။

သူမ ခေါင်းငုံ့ကြည့်လိုက်ရာ သူမ၏လက်ထဲတွင် ရင်ဖုံးအင်္ကျီတစ်ထည် ရောက်နေပြီး ညာဘက်လက်တွင် ပန်းထိုးအပ် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ဘာဖြစ်နေမှန်း သူမ မတွေးနိုင်ခင်မှာပင် သူမ၏ ကျောပြင်ထက်သို့ ကြိမ်လုံးတစ်ချက် ကျရောက်လာရာ ထိုအရှိန်ကြောင့် သူမ လက်ထဲမှ အပ်ပင် ပြုတ်ကျလုနီးပါး ဖြစ်သွား၏။

နာလိုက်တာ။

သူမ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် ရှောင်တိမ်းရန် တွန့်သွားသော်လည်း နောက်တစ်စက္ကန့်တွင် နောက်ထပ် တစ်ချက် အရိုက်ခံလိုက်ရပြန်၏။

“ဘာလို့ ပန်းမထိုးတာလဲ။ နင်က ပန်းထိုးရတာ အရမ်းကြိုက်တာ မဟုတ်လား။ ရင်ဖုံးအင်္ကျီကျတော့ ဘာလို့ မထိုးချင်ရတာလဲ”

“မြန်မြန်လုပ်။ နင်ထိုးတဲ့ ရင်ဖုံးအင်္ကျီက ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းမလဲဆိုတာ ငါကြည့်ချင်တယ်။ အခုချက်ချင်း မထိုးရင် နင်မျက်နှာကို အသားစုတ်ပြတ်သွားအောင် ငါရိုက်ပစ်မယ်”

ထို့နောက် သူသည် ကြိမ်လုံးဖြင့် ထပ်မံ လွှဲရိုက်လိုက်ပြန်သည်။

လီနျန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး လှုပ်ရှားချင်သော်လည်း လှုပ်မရဖြစ်နေသည်။ သူမသည် နာကျင်လွန်းသဖြင့် ငိုယိုကာ အသနားခံနေမိ၏။

“မရိုက်ပါနဲ့တော့၊ တောင်းပန်ပါတယ်၊ ကျွန်မ ပန်းထိုးအလုပ်ရုံကို မသွားတော့ရင် ရပြီမလား”

သူမ စကားအဆုံးတွင် သူမ၏ မေးစေ့မှာ ကြမ်းတမ်းသော လက်ချောင်းများဖြင့် ဆွဲမ ခံလိုက်ရသဖြင့် မော့ကြည့်လိုက်ရသည်။

ထိုလူသည် အလင်းကို ကျောခိုင်းထားသဖြင့် မျက်နှာကို သေချာမမြင်ရသော်လည်း သူမ သူ့ကို မှတ်မိ၏။

သူပဲ။

အလွန်အမင်း ကြောက်ရွံ့မှုကြောင့် သူမတစ်ကိုယ်လုံး တုန်ရီနေသော်လည်း ထူးဆန်းသော သံသယတစ်ခုလည်း ဝင်နေမိ၏။

သူ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။

သူ ဒီမှာ မရှိသင့်ဘူး။

“နင်က လွယ်လွယ်ပြောလှချည်လား၊ ပန်းထိုးအလုပ်ရုံ မသွားဘူး ဟုတ်လား။ ဒါဆိုရင် ငါ့ကို ဘယ်သူက ကျွေးမှာလဲ။ ငါ့အတွက် အရက်ကို ဘယ်သူက ဝယ်ပေးမှာလဲ။ အိပ်မက်တောင် မမက်နဲ့”

အရက်…။

လီနျန်သည် သူ့ ပါးစပ်မှ ထွက်လာသော ရွံစရာကောင်းသည့် အရက်နံ့များကို သူမ မျက်နှာပေါ်တွင် ခံစားလိုက်ရသည်။

သူမသည် အလိုအလျောက် ခေါင်းလွှဲလိုက်စဉ် စားပွဲပေါ်ရှိ ရှာလကာရည်စိမ် မြေပဲပန်းကန်ကို မြင်လိုက်ရ၏။

“အား”

သူမသည် ကြောက်လန့်တကြား အော်ဟစ်ကာ ထိုင်လိုက်မိရာ ခုတင်ပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

အိပ်မက်တစ်ခုသာ ဖြစ်၏။

သို့သော် အိပ်မက်မှာ အလွန်ပင် လက်တွေ့ဆန်လှသဖြင့် သူမ၏ ကျောပြင်ရှိ အဝတ်များမှာ ချွေးများဖြင့် စိုရွှဲနေတော့သည်။

ပေါင်လေးသည် သူမ အော်သံကြောင့် လန့်နိုးကာ ငိုယိုတော့၏။

လီနျန်က ပေါင်လေးကို ချီကာ ကျောလေးအား ခပ်ဖွဖွပုတ်ပြီး ချော့မြှူနေမိသည်။

အခန်းတံခါး ပွင့်လာပြီး အဘွားကျန်းသည် စမ်းတဝါးဝါးဖြင့် ဝင်လာကာ စိုးရိမ်တကြီး မေး၏။

“လီနျန်။ ဘာဖြစ်လို့လဲ လီနျန်။ အဆင်ပြေရဲ့လား။ ဘာဖြစ်တာလဲ”

လီနျန်က အမြန်ပြန်ဖြေလိုက်သည်။

“အမေ၊ ဘာမှမဖြစ်ပါဘူး၊ ကျွန်မ အိပ်မက်ဆိုး မက်လို့ပါ”

အဘွားကျန်းက ရင်ဘတ်ကို ပုတ်လိုက်၏။

“တော်သေးတာပေါ့၊ ငါတော့ လန့်သေတော့မလို့၊ တစ်ခုခု ဖြစ်ပြီမှတ်လို့... ဘာမှမဖြစ်ရင်လည်း ကောင်းပါပြီ၊ မြန်မြန် ပြန်အိပ်တော့နော်”

သူမသည် သူမအခန်းသို့ ပြန်ရန် လှည့်လိုက်သည်။

လီနျန်က ထရန် ပြင်လိုက်၏။

“အမေ ခဏစောင့်ဦး၊ သမီး လိုက်ပို့ပေးမယ်”

“သမီး ပေါင်လေးကို ချော့နေတာပဲ။ ရပါတယ်၊ ငါ ဖြည်းဖြည်းချင်း စမ်းသွားမယ်၊ ဘာမှ မခက်ခဲပါဘူး”

သူမသည် လီနျန်အတွက် တံခါးကို သေသေချာချာ ပြန်ပိတ်ပေးသွားရှာသည်။

အခန်းထဲတွင် တိတ်ဆိတ်မှု ပြန်လည် စိုးမိုးသွားသည်။ လီနျန်သည် ပေါင်လေးကို ချော့မြှူနေရင်း စိတ်ထဲတွင် အိပ်မက်အကြောင်းကို ပြန်လည် ပုံဖော်နေမိ၏။

ရှာလကာရည်စိမ် မြေပဲ... ထိုအကြောင်းကို တွေးမိသည်နှင့် သူမ တစ်ကိုယ်လုံးမှာ အပ်ဖြင့် အထိုးခံနေရသလို ခံစားလိုက်ရပြန်သည်။

သူ အရက်သောက်ချင်တိုင်း သူမကို ရှာလကာရည်စိမ် မြေပဲလုပ်ပေးရန် အော်ဟစ်ခိုင်းစေတတ်သည်ကို သူမ မှတ်မိနေသည်။

သူသည် အမြဲလိုလို အရက်တစ်ငုံ သောက်လိုက်၊ မြေပဲနှစ်စေ့ စားလိုက်နှင့် လုပ်တတ်၏။

အရက်အိုး သုံးအိုးလောက် သောက်ပြီးချိန်တွင် သူ စတင် မူးလာတတ်ပြီး ထိုအချိန်တွင် မြေပဲများမှာလည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ထို့နောက်တွင်တော့ သူမကို စတင် ရိုက်နှက်တော့၏။

ပထမတော့ သူသည် သူမ၏ ဆံပင်ကျစ်ဆံမြီးခန့် အသားထူသော လျှော်ကြိုးဖြင့် ရိုက်တတ်သည်။ တစ်ချက်ရိုက်လျှင် အသားများ နီရဲသွားပြီး နှစ်ချက်ရိုက်လျှင် သွေးထွက်တတ်သည်။

နောက်ပိုင်းတွင်မူ သူက အပ်များကို သုံးလာ၏။ နာကျင်သော်လည်း အမာရွတ် မကျန်စေသည့် ရှည်လျားသော ပန်းထိုးအပ်များကို သုံးခြင်းဖြစ်သည်။

သူမ ငိုယိုကာ အသနားခံခဲ့သော်လည်း ထိုအချက်က သူ့ကို ပို၍ပင် ရက်စက်လာစေပုံရ၏။

သူသည် ၎င်းကို ပျော်မွေ့နေပုံရသည်။

သူ ပင်ပန်းပြီး အိပ်ပျော်သွားချိန်တွင် လီနျန်မှာ သေလုမတတ် ဖြစ်နေခဲ့ရ၏။

ပြီးတော့ သူမယောက္ခမ…

သူ ထွက်သွားသည့် နောက်တစ်နေ့တွင် သူမသည် ဆေးဘူးများကို ယူလာကာ လီနျန်ကို ဆေးထည့်ပေးလေ့ ရှိသည်။

လီနျန်က သူမကို ရွံရှာ၏။ သူမသည် တစ်ကြိမ်ထက်မက သူမယောက္ခမ၏ ဆေးဘူးကို လုယူကာ မြေကြီးပေါ်သို့ ရိုက်ခွဲပစ်ခဲ့သည်။

သို့သော် သူမယောက္ခမသည် သူမကို ဘယ်သောအခါမှ အပြစ်မတင်ဘဲ တိတ်တဆိတ်သာ ဆေးဘူးများကို ကောက်ယူကာ ဆက်လက် ဆေးထည့်ပေးလေ့ ရှိသည်။

ဤကဲ့သို့ အကြိမ်အနည်းငယ် ဖြစ်ပြီးနောက် လီနျန်လည်း ပင်ပန်းလာပြီး ဘာမှ မလုပ်နိုင်တော့ဘဲ ငြိမ်သက်စွာသာ လဲလျောင်းနေမိတော့၏။

“ဒီမှာ လာပြီး ဟန်ဆောင်မနေပါနဲ့။ အမေသာ ဒီလိုသားမျိုးကို မမွေးခဲ့ရင် ကျွန်မ ဒီလိုတွေ ခံစားရပါ့မလား”

အဘွားကျန်း၏ လက်များ တုံ့ခနဲ ဖြစ်သွားသော်လည်း သူမ ဘာမှပြန်မပြောဘဲ ခဏအကြာတွင် ဆေးဆက်ထည့်ပေးသည်။

ဆွံ့အသူတစ်ယောက်ကဲ့သို့ လီနျန်မှာ အခြားရွေးချယ်စရာ မရှိသဖြင့် ထိုအချိန်မှစ၍ သူမကို လျစ်လျူရှုရန်သာ ဆုံးဖြတ်ခဲ့၏။

တစ်နေ့တွင် သူမယောက္ခမ၏ လက်မောင်းတွင်လည်း အပ်ရာများစွာ ရှိနေသည်ကို မတော်တဆ တွေ့ရှိခဲ့သည့် အချိန်အထိပင်။

သူမသည် အဘွားကျန်းကို အခန်းထဲသို့ အတင်းဆွဲခေါ်သွားပြီး တံခါးပိတ်ကာ မေးမြန်းခဲ့၏။

“ဒါတွေ ဘယ်သူလုပ်တာလဲ”

အဘွားကျန်းကတော့ စကားမပြောနိုင်သည့် ရုပ်သေးရုပ်လိုသာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

လီနျန်က သူမကို အားရပါးရ လှုပ်ခါပြီး မေးလိုက်၏။

“ပြောစမ်းပါ။ ပြောပြ။ ဒါ ဘယ်သူလုပ်တာလဲ”

သူမကတော့ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ဘာအသံမှ မထွက်ပေ။

လီနျန် မျက်လုံးများ ပြူးသွားပြီး မယုံကြည်နိုင်စွာ မေးမိ၏။

“သူလား။ သူ လုပ်တာလား”

အဘွားကျန်း၏ မျက်နှာပေါ်မှ မျက်ရည်တစ်စက်မှာ ကြမ်းပြင်ပေါ်သို့ ကျရောက်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

လီနျန် သူမ၏ ပါးစပ်ကို အုပ်ထားလိုက်မိ၏။

“သူက လူရော ဟုတ်ရဲ့လား။ အမေက သူ့ရဲ့ မိခင်အရင်းလေ”

All Chapters