← Chapters

သေပြီလား

Vol. 20 Ch. 270

သေပြီလား

Vol. 20 Ch. 270

အခန်း (၂၇၀) : သေပြီလား

လူလုပ်ကမ္ဘာအပြင်ဘက် လေဟာနယ်အတွင်း ကျီဟန်က ယန်းချန်ကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ သူ့ဘေးပတ်လည်တွင် မဟာကျိုးတော်ဝင်တိုင်းပြည်၏ အစစ်အမှန်အုပ်ချုပ်သူများစွာလည်း ရှိနေလေသည်။

ယန်းချန်အတွက်မူ သူ့အနားတွင်လည်း တာအိုအခွင့်အလမ်းဂိုဏ်းမှ ဝမ်ဝေ့၏ အဘိုးဝမ်ချန် အပါအဝင် အစစ်အမှန် အုပ်ချုပ်သူများစွာ ရှိနေလေသည်။

“ သဘောတူညီချက်အရ ကောင်းကင်ရွေးချယ်ခံက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ရောက်မှပဲ တစ်ယောက်ကိုတစ်ယောက် သတ်ခွင့်ရှိတယ်။ အိမ်ရှေ့စံကို ကယ်ဖို့ ငါတို့ကို ဘာလို့ တားရတာလဲ” ကျီဟန်က မေးလိုက်သည်။

“ မင်းတို့က စကားကို ပြန်ရုတ်သိမ်းချင်တာလား” ဝမ်ချန်က မေးလိုက်သည်။ မည်သူကမှ သူ့အား ပြန်မဖြေ၍ ဝမ်ချန်က လှောင်ပြုံး ပြုံးလိုက်လေသည်။

ထိုစဉ် ကျီဟန်က အစစ်အမှန်အုပ်ချုပ်သူတချို့ကို ကြည့်ရင်း စဉ်းစားနေသည်။ တာအိုကာကွယ်သူအနေနှင့် သူက ကျီစုန့်ကို ကာကွယ်ဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သို့သော် ယခု သူ ကျရှုံးခဲ့ရ၏။ သူ့အတွက် သူ့တည်ရှိမှုက ဆက်လက်မလိုအပ်တော့ပေ။

“ ဘာမှရူးမိုက်တာ မလုပ်နဲ့” သူ့ဘေးမှ အစစ်အမှန်အုပ်ချုပ်သူတစ်ယောက်က အံ့ဖွယ်အသိစိတ်မှ ပြောလိုက်သည်။

“ ဘာလို့လဲ။ ဒီနည်းနဲ့ဆိုရင် တာအိုအခွင့်အလမ်းဂိုဏ်းကို ကိုင်တွယ်လို့ရတယ်။ ငါက ငါ့ဘာသာငါ လုပ်တဲ့အတွက် တိုင်းပြည်လည်း ဘာမှအကျိုးဆက် ခံစားနေစရာ မလိုဘူး”

“ အသုံးမဝင်ဘူး။ ဝမ်ချန်က ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်နေပြီ။ မင်းကိုယ်မင်း ဖောက်ခွဲလိုက်ရင်တောင် အသုံးမဝင်ဘူး”

“ သူက သူ့မျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ဒဏ်ရာရခဲ့တာ မဟုတ်ဘူးလား။ အနည်းဆုံးတော့ သူ့သက်တမ်းအပေါ် သက်ရောက်မှု ရှိသွားမှာပဲလေ” ကျီဟန်က မလိုလားစွာဖြင့် ပြောလိုက်သည်။

“ သူ့ နယ်ရှင်ခန္ဓာကိုယ်နဲ့ သူ့ဒဏ်ရာတွေက ပျောက်ကင်းသွားလောက်ပြီ။ သက်တမ်းပြဿနာကလည်း ငါတို့အားလုံးကို သတ်ရင်တောင် ပြဿနာရှိမှာ မဟုတ်ဘူး”

ကျီဟန်က ကူကယ်ရာမဲ့နေသည့်အတွက် အံကြိတ်လိုက်သည်။ သူတို့၏ မဟာကျိုးတော်ဝင်တိုင်းပြည်တွင် ဧကရာဇ်တစ်ပိုင်းအဆင့်များ ရှိသော်လည်း သူတို့အားလုံးက အိပ်စက်နေလေသည်။ ဝမ်ချန်နှင့် မျိုးဆက်တူတစ်ယောက်က ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် သေဆုံးသွားခဲ့ရသည်။

ထိုစဉ် တစ်ကမ္ဘာလုံးက ကျီစုန့်၏ သေဆုံးမှုအား တုန်လှုပ်တကြီးဖြင့် ကြည့်ရှုနေကြသည်။ ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်ကာလတွင် ပထမဆုံး အသတ်ခံရသည့် ကောင်းကင်ရွေးချယ်ခံက အဆင့်နှစ် ကောင်းကင်ရုပ်ခန္ဓာပိုင်ရှင် ဖြစ်နေလိမ့်မည်ဟု မယုံနိုင်ကြပေ။

ထို့ကြောင့် ကမ္ဘာတစ်ဝှမ်း သက်ပြင်းချသံများ ပဲ့တင်လာကာ ကျင့်ကြံသူများက သူတို့၏ အလားအလာကို ကမ္ဘာကို ပြခွင့်မရဘဲ စောစီးစွာ ကြွေလွင့်သွားခဲ့ရသည့် ပါရမီရှင်များအတွက် လေးစားမှုကို ပြသလိုက်ကြသည်။

ထို့နောက် ထိုကျင့်ကြံသူများက လောင်ချူး၏ ဟောစာတမ်းကို အမှတ်ရသွားကြလေသည် “ ဒီလိုပြန်လည်ရှင်သန်ထမြောက်ဖွယ် အချိန်ကာလမှာ မဖြစ်နိုင်တာတွေကလည်း ဖြစ်လာလိမ့်မယ်”

လူလုပ်ကမ္ဘာသို့ ပြန်ကြည့်လိုက်လျှင် ဝမ်ဝေ့က ကျီစုန့်၏ သေဆုံးမှုအပြီးတွင် တည်ငြိမ်သွားလေသည်။ သူသည် ထိုအခြေအနေမှ အကျိုးအမြတ်ယူရန် ခေါင်းကို အလုပ်ပေးထားလေသည်။

သူက လက်ကို ဝှေ့လိုက်ပြီး ကျီစုန့်၏ ကြေမွနေသည့် ဝိညာဉ်ကို စုစည်းလိုက်ပြီး ဆေးမီးပြင်းဖိုကို ထုတ်ကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံးကို ထည့်လိုက်သည်။ ထို့နောက် သူက စတင်သန့်စင်လိုက်၏။ သူက အညစ်အကြေးများကို သန့်စင်ရန်အတွက် သန့်စင်ရေးမီးတောက်ကိုပင် အသုံးပြုခဲ့သည်။ ဤသည်က တကယ့် ဆေးလုံးအစစ် မဟုတ်သောကြောင့် သူက ဘာသင်္ကေတမှ မထားရှိပေ။

တစ်ကမ္ဘာလုံးရှေ့တွင် ဝမ်ဝေ့က ကျီစုန့်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အား သန့်စင်လိုက်၏။

မိနစ်အနည်းငယ် ကြာပြီးသည့်နောက်တွင် ဖြစ်စဉ်က အဆုံးသတ်သွားလေသည်။ ဝမ်ဝေ့က ဆေးပြင်းမီးဖိုအဖုံးကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် အနီရောင် သွေးဆေးလုံးတစ်လုံးနှင့် ထူးဆန်းသည့် အရိုးတစ်ချောင်း ပေါ်လာသည်။ သူက အရိုးကို သိုလှောင်လက်စွပ်အတွင်း သိမ်းလိုက်ပြီးနောက် ဆေးကိုတော့ ချက်ချင်းမျိုချလိုက်သည်။

ဝမ်ဝေ့က တင်ပျဉ်ခွေထိုင်ကာ ဆေးကို စုပ်ယူလိုက်၏။ သုံးနာရီကြာပြီးသည့်နောက်တွင် သူက နိုးထလာကာ ခန္ဓာကိုယ်မှ အပြောင်းအလဲကို စစ်ဆေးလိုက်သည်။ ပထမဆုံးအနေဖြင့် သူက ဒုတိယရုပ်ခန္ဓာကို မရရှိပေ။ သို့သော် ဝမ်ဝေ့က မျှော်လင့်ထားပြီးသားဖြစ်၏။ သူ့ခွန်အားက သိသိသာသာ တိုးတက်လာလေသည်။ သို့သော်လည်း သူ ရရှိလိုက်သည့် အကြီးမားဆုံး အကျိုးအမြတ်မှာ သူ့ခန္ဓာကိုယ်လေ့ကျင့်ခြင်း ပါရမီက မယုံလောက်ဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိသွားလေသည်။

ထိုအကျိုးအမြတ်က သူ ခန္ဓာကိုယ် လေ့ကျင့်ပြီးသည့်အချိန်တိုင်း ရရှိသည့် ခွန်အားပမာဏထက် မြင့်မားလေသည်။ နမူနာအားဖြင့် သူ့အရေပြားကို လေ့ကျင့်ပြီးသည့်နောက်တွင် သူ့ခွန်အားက ကျင်းတစ်ထောင် တိုးမြှင့်လာခဲ့သော်လည်း ထိုတိုးမြှင့်လာသော ပါရမီဖြင့် သူ့ခွန်အားက တစ်သောင်းအထိ တိုးမြင့်သွားလိမ့်မည်။

ဝမ်ဝေ့က မြန်မြန်ဆန်ဆန် စစ်ဆေးလိုက်ပြီးနောက် အကြောင်းအရင်းကို ရှာတွေ့သွားလေသည်။ အကြမ်းခံပုဆိန်ရုပ်ခန္ဓာသည် ခွန်အားတာအိုပေါ် အခြေခံထားပြီး ခန္ဓာကိုယ်လေ့ကျင့်ဖို့အတွက် အဆုံးအစွန်မဲ့ ပါရမီဟု ယူဆထားလို့ရလေသည်။ ယခု သူက ကျီစုန့်၏ ခန္ဓာကိုယ်၊ သွေးအဆီအနှစ်နှင့် ဝိညာဉ်ကို သန့်စင်လိုက်သည့်အတွက် ထိုစွမ်းရည်ကို ရရှိသွားလေသည်။

ဝမ်ဝေ့က သူ့စွမ်းအားအသစ်ကို စစ်ဆေးလိုက်ပြီးသည့်နောက်တွင် လက်ဝှေ့ကာ ထိုတိုက်ပွဲအတွက် ဆုလာဘ်ဖြစ်သည့် သွေးအဆီအနှစ်နှင့် အမှတ်အသားပြားကို ယူလိုက်သည်။ သူ မြန်မြန်စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် အမှတ်အသားပြားက တကယ်အတု ဖြစ်နေသည်။ ထို့ကြောင့် သူက လက်ကို မြှောက်ကာ ရုပ်သံလွှင့် အစီအရင်အား အေးစက်စက်အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်

“ ခင်ဗျားတို့ မဟာကျိုးတော်ဝင်တိုင်းပြည်က တကယ့်အမှတ်အသားပြားကိုပေးဖို့ အချိန်သုံးရက် ရမယ်။ မဟုတ်ရင်တော့ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားဖို့ ပြင်ထားလိုက်တော့”

ထို့နောက် သူက ယန်းချန်အား ဆက်သွယ်လိုက်သည်။

………….

ထိုစဉ် လေဟာနယ်အတွင်း ဝမ်ချန်က အားပါးတရ ရယ်မောလိုက်သောကြောင့် လေဟာနယ်ပင် တုန်ခါသွားလေသည် “ ငါ့မြေး ပြောတာ ကြားလိုက်တယ်မလား”

“ မင်းက အငယ်တစ်ယောက်ပြောတာနဲ့ ဧကရာဇ်တာအိုစစ်ပွဲကို စချင်နေတာလား”

“ ဘာလို့ မလုပ်ရမှာလဲ” ဝမ်ချန်က အားပါးတရ ရယ်မောရင်း ပြောလိုက်သည်။ ထိုစဉ် သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာလေ၏။ ထိုအခါမှ သူတို့ရှေ့တွင် ရှိသည့် ထိုလူသည် ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်တာလုပ်သည့် အရူးတစ်ယောက်ဖြစ်ကြောင်း အမှတ်ရသွားကြသည်။ ရလဒ်အနေဖြင့် သူ့မျိုးဆက်အတွင်းတွင် လူများစွာကို ရန်စခဲ့သော်လည်း ယခုအထိ အသက်ရှင်နေသေးသည် မဟုတ်ပါလော။

အစစ်အမှန်အုပ်ချုပ်သူတစ်ယောက်က အလျင်အမြန် ပြောလိုက်သည် “ ကျုပ်တို့ အရှင်ကိုပဲ ဒီကိစ္စ ဆုံးဖြတ်ခိုင်းမယ်”

ထို့နောက် အားလုံးက ထွက်သွားကြလေသည်။

………..

တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ဝမ်ဝေ့က သူ့ပလ္လင်ပေါ်တွင် ထိုင်နေပြီး ဝမ်ကျူက သူ့ရှေ့တွင် ရပ်နေလေ၏။

“ ငါ အမိန့်ပေးထားတဲ့အတိုင်း ကျီစုန့်ရဲ့ အတွင်းလူထဲမှာ အစောင့်တွေ ရောက်သွားပြီလား”

“ ဟုတ်ကဲ့ သခင်လေး”

“ အဲဒါဆိုရင် သူ့ကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်”

“ သခင်လေး အမိန့်အတိုင်းပါပဲ”

“ ကောင်းပြီ ထွက်သွားတော့ ။ ငါ့ကို ဘယ်သူမှ မနှောင့်ယှက်စေနဲ့”

ဝမ်ကျူ ထွက်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဘာသာသူ စတင်တွေးတောလာမိသည်။ သို့သော် သိပ်မကြာခင် သူ့အနားချဉ်းကပ်လာသော ခြေသံကို ကြားလိုက်ရ၏။

“ ငါ့ကို မနှောင့်ယှက်နဲ့လို့ ပြောထားတယ် … အော် မင်းပဲ”

“ ကျွန်မကို မြင်ရလို့ မပျော်ဘူးလား” ဝူဟုန်က အပြုံးလေးဖြင့် မေးလိုက်သည်။

“ မဟုတ်ပါဘူး။ မင်းမျက်နှာက ငါ့ဒေါသကို ပြေစေတဲ့ တစ်ခုတည်းသောအရာပဲ”

“ ရှင့်အမေသာ ဒါကိုကြားရင် စိတ်တိုနေလိမ့်မယ်ထင်တယ်”

“ အင်း အဲလိုဖြစ်လောက်တယ်”

ဝူဟုန်က ပလ္လင်ဆီ လျှောက်လာရင်း ဝမ်ဝေ့၏ ပေါင်ပေါ် ထိုင်လိုက်သည်။ ပုံမှန်အတိုင်း သူမက သူ့ဆံပင်ဖြင့် ဆော့ကစားကာ “ အဲဒါဆိုတော့ ရှင့်အတ္တက အကောင်းဆုံး ဖြစ်သွားစေတယ်လား။ ဒီကနေ ဘာတွေ သင်ယူခဲ့ရလဲ”

ဝမ်ဝေ့က သက်ပြင်းချကာ “ အမှန်ပဲ။ ကိုယ်အများကြီး သင်ယူခဲ့ရတယ်။ ကိုယ်လုပ်တဲ့အရာတွေမှာ ဘယ်တော့မှ သတိလက်လွတ် မဖြစ်ဖို့ သင်ယူခဲ့ရတယ်။ စကားပုံ ရှိတယ်မလား။ ခြင်္သေ့တစ်ကောင်က ယုန်လေးတစ်ကောင်ကို အမဲလိုက်ရင်တောင် အင်အားအကုန်သုံးပြီး အမဲလိုက်သင့်တယ်တဲ့လေ။

ပြီးတော့ တစ်ဖက်လူရဲ့ ဉာဏ်ရည်ကိုလည်း အထင်မသေးဖို့ သင်ယူခဲ့ရတယ်။ ကောင်းကင်ရွေးချယ်ခံတွေ ကြီးပြင်းလာတာနဲ့ သူတို့က ပိုပြီးတော့ ရင်ဆိုင်ဖို့ ခက်လာတယ်။ ပိုပြီးတော့ ဉာဏ်များလာတတ်သလို ပိုပြီးတော့လည်း လှည့်ကွက်တွေ သုံးလာကြတယ်။ ကိုယ်တစ်ယောက်ထဲ ဉာဏ်ကောင်းနေတာ မဟုတ်ဘူးလို့ တွေးပြီးတော့ အမြဲတမ်း သတိထားနေသင့်တယ်”

“ ကြောက်သွားပြီလား”

“ ကိုယ်က စိန်ခေါ်မှုကို ကြောက်တာတော့ မဟုတ်ပါဘူး။ ကိုယ်ကြောက်တာက ကိုယ့်အမှားကနေ မသင်ယူနိုင်မှာကိုပဲ”

ဝူဟုန်က ခေါင်းညိတ်ကာ ထပ်မေးလိုက်သည် “ မဟာကျိုးက ရှင့်ကို အမှတ်အသားပြားပေးဖို့ ငြင်းဆန်မယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ”

“ သူတို့ပေးမှာပါ။ သူတို့မပေးရင် ကိုယ်တို့ စစ်ပွဲစလို့ရတာပဲ”

“ ရှင်က ဧကရာဇ်တာအိုစစ်ပွဲ မဖြစ်အောင် တားဆီးချင်နေတာ မဟုတ်ဘူးလား။”

“ အဲဒါက ကျောင်းတော်နဲ့ပဲလေ။ မဟာကျိုးတော်ဝင်တိုင်းပြည်က ယုံကြည်မှုခေတ်ကာလကတည်းက တိုင်းပြည်ဖြစ်ပြီးတော့ နက်နဲတဲ့ အုတ်မြစ်ရှိပေမဲ့ သူတို့ဆီမှာ မဟာဧကရာဇ် သုံးယောက်ပဲ ရှိတယ်ဆိုတဲ့အချက်က မပြောင်းလဲသွားဘူး။ သူတို့ကို အနိုင်ယူလိုက်တာက ကျောင်းတော်ထက် ပိုလွယ်ကူတယ်။ ပြီးတော့ စစ်ပွဲက ကိုယ့်ကို အလျင်အမြန် အားကောင်းလာစေနိုင်တယ်လေ”

“ ရှင်က ကျောင်းတော်ကို တခြားအကြောင်းကြောင့် စစ်ပွဲမစဘူးလို့ ဘာလို့ ထင်နေမိပါလိမ့်” ဝူဟုန်က မေးလိုက်သည်။

“ မင်း ပြောတာမှန်တယ်။ သိပ်မကြာခင်က ကျောင်းတော်က အသင်္ချေအင်ပါယာကမ္ဘာရဲ့ ခေါင်းဆောင် သဘောမျိုး ဖြစ်နေတယ်လို့ သတိပြုမိခဲ့တယ်။ အဲဒါကြောင့် သူတို့နဲ့ စစ်ပွဲဖြစ်လိုက်တာက သူတို့ဘက်က အင်အားစုအများစုက ကိုယ်တို့ကို ဖျက်ဆီးခိုင်းလိုက်တာနဲ့ အတူတူ ဖြစ်နေမှာ”

“ အဲဒါဆိုတော့ ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်ကိုယူပြီး ကံကောင်းမှု လျော့ကျအောင်၊ ဂုဏ်သတင်း ပျက်ပြားအောင်၊ သူတို့ကို တခြားလူတွေနဲ့ ကွဲပြားသွားအောင် လုပ်လိုက်တာလား”

“ ဟုတ်တယ်”

“ အဲဒါဆိုတော့ ရှင် သူတို့ကို ပစ်မှတ်ထားတာ ကြာပြီလား”

“ ကိုယ့် နဂိုအစီအစဉ်က အတော်လေး တဲ့တိုးဆန်တယ်။ ကိုယ်ဧကရာဇ်ဖြစ်လာတဲ့အထိ စောင့်ပြီးမှ သူတို့ကို ရင်ဆိုင်မယ်ပေါ့။ ဒါပေမဲ့ အခြေအနေတွေက အလျင်လိုလာစေတယ်”

ဝူဟုန်က ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မေးလိုက်သည် “ ရှင့်ဝိညာဉ်ဒဏ်ရာရော ဘယ်လိုလဲ”

“ ကိုယ် အထွတ်အထိပ်အဆင့် ဝိညာဉ်ကုသရေး ဆေးလုံး သောက်ထားတယ်ဆိုတော့ တစ်လအတွင်း အဆင်ပြေသွားမှာပါ”

“ ရှင် စည်းမျဉ်းစွမ်းအားနဲ့ ပတ်သက်မိတဲ့အခါ ပိုဂရုစိုက်သင့်တယ်။ ရှင့်ဝိညာဉ်သာ ထူးခြားနေတာ မဟုတ်ရင် ဒဏ်ရာအပြင်းအထန် ရသွားတာ ဒါမှမဟုတ် သေသွားတာတောင် ဖြစ်နိုင်တယ်”

ဝမ်ဝေ့က သူမစကားအား သဘောတူလေသည်။ ဤတစ်ကြိမ်တွင် သူက ဒေါသလွှမ်းသွားကာ အနည်းငယ် မဆင်မခြင် ပြုမူလိုက်မိ၏။

……….

ထိုစဉ် မဟာကျိုးတော်ဝင်နန်းတော်အတွင်း ဘုရင်ကျီဝမ်က သူ့အမတ်များဖြင့် အစည်းအဝေး ကျင်းပနေသည်။ အားလုံးကလည်း သူ့ဆုံးဖြတ်ချက်ကို ရင်တမမဖြင့် စောင့်ဆိုင်းနေကြ၏။

ထို့ကြောင့် မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ကျီဝမ်က ပြောလိုက်သည် “ သူတို့ကို အမှတ်အသားပြားပေးလိုက်”

လူအများက ထိုအရာကို ကြားပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။သို့သော် လူတချို့က ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင့်ကြ၏။

“ အရှင် အိမ်ရှေ့စံကို ဘယ်လိုလုပ်မှာလဲ။ ကျုပ်တို့တွေ သူ့အတွက် လက်စားချေမပေးသင့်ဘူးလား”

ကျီဝမ်က သက်ပြင်းချကာ သူ့ဆံပင်များပင်ဖြူကာ လူအိုကြီးအသွင် ရုတ်ချည်း အသက်ကြီးသွားလေသည် “ ဧကရာဇ်လမ်းစဉ်က ရက်စက်တယ်။ ပါရမီရှင်အားလုံးကတည်း သေကြရတာပဲ။ အထူးသဖြင့် ဒီလိုမျိုး ပါရမီရှင်တွေ ပေါများနေတဲ့ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်မျိုးမှာပေါ့။ စုန့်အာ သေဆုံးတာက သူ့ရဲ့အားနည်းချက်၊ သူ့ရဲ့ ဂရုမစိုက်မှုကြောင့်ပဲ။

ငါက အဖေဆိုပေမဲ့ အုပ်ချုပ်သူတစ်ယောက်လည်းဖြစ်တယ်။ ငါ့မိသားစုအတွက် တိုင်းပြည် ပျက်စီးစေဖို့ မစွန့်စားနိုင်ဘူး”

အခန်းက တိတ်ဆိတ်သွားကာ အမတ်များက သူတို့၏ အားနည်းချက်များကို ပြန်လည်သုံးသပ်နေကြသည်။ နောက်ဆုံးတွင် ဘုရင်ကျီဝမ်က ပြောလိုက်သည်

“ ပထမမင်းသား ကျီစုကို တော်ဝင်မိသားစု ဂူဗိမာန်ထဲမှာ အထွတ်အထိပ်နယ်ပယ်အဆင့် မရောက်ခင်အထိ လေ့ကျင့်နေဖို့ပြောလိုက်”

“ အရှင် ဆိုလိုချင်တာက…”

“ လိုလိုမယ်မယ်ပေါ့” ထို့နောက် ကျီဝမ်က ခေါင်းငိုက်စိုက်ဖြင့် အခန်းမှ ထွက်သွားလေသည်။

……………………

နောက်တစ်နေ့တွင် ဝမ်ဝေ့က ဝူဟုန်နှင့်အတူ လမ်းလျှောက်လာစဉ် ယန်းလီလင်းက ရောက်ရှိလာပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ လီကျွင်း သေသွားပြီ”

All Chapters