အခန််း (၁၀၆၃-၁၀၆၄)
Vol. 90 Ch. 1063-1064
အခန်း ၁၀၆၃ - လက်နက်များ ပေါက်ကွဲထွက်လာခြင်းနှင့် ရော်ဂျာ အိမ်ပြန်ချင်နေခြင်း
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“စိတ်ချပါ။ ဒီကိစ္စကို ငါ့ကိုသာ လွှဲထားလိုက်။”
“ကောင်းပြီ။ ဒါဆိုရင် ဒါကို မင်းပဲ တာဝန်ယူလိုက်တော့။ ငါ ခဏပြန်ဦးမယ်။ အပြင်ရောက်နေတာ တော်တော်ကြာသွားပြီ။”
ရှောင်းယီက လက်ဝေ့ယမ်းပြပြီး တည်နေရာကူးပြောင်းခြင်း အစီအရင်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။
အစီအရင်ကို ဖြတ်ကျော်ပြီးနောက် ရှောင်းယီသည် သူ၏ မဟာမိတ်အဖွဲ့ဆီသို့ ပြန်ရောက်လာခဲ့သည်။ သူ၏ မိုဘိုင်းဖုန်းမှတစ်ဆင့် ဂရုချတ်ကို စစ်ဆေးကြည့်ရာ မသေမျိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်း မရှိသေးသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း ယီရန်ပင်း မဟာမိတ်အဖွဲ့က ချမှတ်ထားသော ခံစစ်စည်းကို ထိုးဖောက်ရန်မှာမူ မသေမျိုးများအတွက် လုံးဝ မဖြစ်နိုင်သောအရာပင်။
ရှောင်းယီ ခဏစဉ်းစားပြီးနောက် ကျန်းရွှဲ့ထံ တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။
“အစ်မရွှဲ့ ... ငါ့ဆီမှာ လက်နက်အသစ်တစ်ခု ရထားတယ်။ အဲ့ဒါက အပေါ့စားစက်သေနတ်ပဲ။ အဲ့ဒါကို ထုတ်လုပ်ခွင့်နဲ့ အသုံးပြုခွင့်တွေကို အစ်မဆီ လွှဲပေးထားပြီးပြီ။ စစ်တပ်စခန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အစ်မဘာသာ ကိုယ်တိုင်ထုတ်လုပ်ပြီး သုံးလို့ရပါပြီ။”
ရှောင်းယီက ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းရွဲ့က အံ့သြတကြီးဖြင့် ပြန်မေးလိုက်သည်။
“တကယ် အပေါ့စားစက်သေနတ်လား။ ကျည်အိမ် သုံးတာလား။ ကျည်ဆန်ခါးပတ် သုံးတာလား။”
“ကျည်ဆန်ခါးပတ်ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အရမ်း ကောင်းတယ်။ ဒါက အချိန်ကိုက် ရောက်လာတာပဲ။ ဒီလို ပစ်အားပြင်းတဲ့ လက်နက်သာရှိရင် မသေမျိုးတွေရဲ့ လေဟာနယ်လမ်းကြောင်းတွေကို ကာကွယ်ရတာ ပိုလွယ်သွားပြီ။”
ကျန်းရွှဲ့က ပြုံးကာ ပြန်ပြောလိုက်သည်။
“အင်း ကျန်တဲ့ အစီအမံတွေကိုတော့ အစ်မပဲ စီစဉ်လိုက်ပါ။”
ရှောင်းယီက ပြောပြီးနောက် ဖုန်းချလိုက်သည်။
ဖုန်းချပြီးနောက် ရှောင်းယီသည် ယီထျန်း ဂရုချက်ထဲသို့ ပြန်ဝင်ကြည့်လိုက်ရာ လူတိုင်းက ယနေ့ သူတို့ရရှိထားသော ထုတ်လုပ်မှုပုံစံ အသစ်များအကြောင်း အဆက်မပြတ် ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
“အခုတလော လူတိုင်း သေနတ်ထုတ်လုပ်မှုပုံစံတွေ တော်တော်များများ ရနေကြတာ သတိထားမိလား။”
“ဟုတ်တယ်။ သေနတ်အမျိုးမျိုး ထွက်လာနေပြီလို့ ငါ ခံစားရတယ်။ ငါဆို ဒီနေ့ တစ်ပိုင်းအလိုအလျောက် (ဆီမီးအော်တို) ရိုင်ဖယ်တစ်လက်ရဲ့ ထုတ်လုပ်မှုပုံစံ ရခဲ့တယ်။”
“ဆီမီးအော်တို ရိုင်ဖယ်လား။ အားကျလိုက်တာ။ ငါက အသေးစား စက်သေနတ် ထုတ်လုပ်မှုပုံစံပဲ ရခဲ့တယ်။”
“ဟေ့လူ အသေးစားစက်သေနတ်က ပိုကောင်းတာ မဟုတ်ဘူးလား။ သူ့ရဲ့ ကျည်ထွက်နှုန်းက ရိုင်ဖယ်ထက် ပိုမြန်တယ်။ မသေမျိုးတွေကို ရင်ဆိုင်ဖို့အတွက်ဆိုရင် အကောင်းဆုံးပဲ။”
“အဲ့ဒါလည်း ဟုတ်တာပဲ။ အချိန်ကြာလာတာနဲ့အမျှ ငါတို့ တဖြည်းဖြည်း ပိုပြီးသန်မာလာလိမ့်မယ်လို့ ခံစားရတယ်။ ဒီအစောပိုင်းကာလကိုသာ တောင့်ခံထားနိုင်ရင် အခြေအနေတွေက ပိုပိုပြီး ကောင်းလာမှာပဲ။”
“အတိအကျပဲ။ သေချာပေါက် ကောင်းလာမှာပါ။ ငါကတော့ အရင်က ရှာတွေ့ထားတဲ့ တိုက်သစ်ကြီးကို ဆက်ပြီး စူးစမ်းနေပြီ။”
“ဟုတ်တယ်။ ငါတို့လည်း မနေ့ကတည်းက စနေပြီ။ ဒါက မသေမျိုးတွေကို ခုခံနိုင်လို့တော့ မဟုတ်ဘူး။ ဘာပဲပြောပြော ငါတို့ရဲ့ အုတ်မြစ်ကျောက်တွေက ကုန်သလောက် ဖြစ်နေပြီ။ အဲ့ဒါကြောင့် ထပ်ရှာမှဖြစ်မယ်။ မဟုတ်ရင် လက်နက်နဲ့ ခဲယမ်းတွေ ပြတ်လပ်သွားလိမ့်မယ်။”
“ဟုတ်တယ်။ ငါတို့လည်း အုတ်မြစ်ကျောက်ရှာဖို့ အတင်းအကျပ် အပြင်ထွက်ခိုင်းခံနေရတယ်။”
“တိုက်သစ်ကြီးအကြောင်း ပြန်ပြောရရင် ယီရန်ပင်း သူဌေးကြီး အရင်ဆုံး ရှာတွေ့ခဲ့တဲ့ တိုက်ကြီးက ရေအောက်ကို လုံးဝ နစ်မြုပ်သွားသလောက် ဖြစ်နေပြီ။”
“အင်း နောက်မှ ရှာတွေ့ထားတဲ့ တိုက်ကြီးတွေလည်း အလျင်အမြန် နစ်မြုပ်နေတာဆိုတော့ အုတ်မြစ်ကျောက်ရှာချင်တဲ့ မဟာမိတ်တွေ မြန်မြန်လုပ်ကြဖို့ လိုလိမ့်မယ်။”
“မင်းပြောမှပဲ...ငါလည်း လူတွေ အမြန်လွှတ်ပြီး အုတ်မြစ်ကျောက် သွားရှာခိုင်းရမယ်။”
“ဟားဟားဟား...။ ငါ ဒီနေ့ ဘာရလဲ ကြည့်လိုက်စမ်း။ ရေငုပ်သင်္ဘော ထုတ်လုပ်မှုပုံစံကွ။”
“အမ်... အရင်က လူတွေက ရေငုပ်ဝတ်စုံပဲ ရခဲ့တာပါ။ မင်းက ရေငုပ်သင်္ဘောကြီး ရလိုက်တာလား။ ရေငုပ်သင်္ဘောရှိရင် ပင်လယ်ကြမ်းပြင်အထိ ဆင်းပြီး အုတ်မြစ်ကျောက်တွေ ရှာလို့ရပြီပေါ့။”
“မင်း ဘာတွေ တွေးနေတာလဲ။ ရေငုပ်သင်္ဘောတွေမှာလည်း သတ်မှတ်ထားတဲ့ ရေငုပ်နိုင်စွမ်း အတိမ်အနက်ရှိတယ်။ ရေတိမ်ပိုင်းဆိုရင်တော့ ပြဿနာမရှိပေမဲ့ ပင်လယ်နက်ထဲအထိ သွားချင်ရင်တော့ မင်းရဲ့ ရေငုပ်သင်္ဘောက ဘယ်လောက်အထိ ခံနိုင်ရည်ရှိလဲဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်။”
“ဟုတ်တယ်။ ရေငုပ်သင်္ဘော တစ်စီးချင်းစီရဲ့ ငုပ်နိုင်တဲ့အနက်က မတူကြဘူး။ လက်တွေ့ပစ္စည်းကို ကြည့်မှပဲ သိရမှာ။”
ထိုဆွေးနွေးမှုများကို ကြည့်ရင်း ရှောင်းယီက နှုတ်ခမ်းကို တွန့်လိုက်ကာ စိတ်ထဲမှ တွေးမိသည်။
“လူတိုင်းက ပစ္စည်းကောင်းတွေ အတော်လေး ရနေကြတာပဲ။ ငါတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ရိက္ခာသေတ္တာတွေထဲမှာကျတော့ ဘာလို့ ပစ္စည်းကောင်းကောင်း မပါတာပါလိမ့်။”
ရှောင်းယီသည် ခေါင်းကို ခါယမ်းလိုက်ပြီး နောက်ကျနေသော နေ့လယ်စာကို အမြန်စားလိုက်ကာ အနီရောင်ဝံပုလွေ ပင်လယ်ဓားပြများထံသို့ ကူးပြောင်းသွားလိုက်သည်။
ယခုအခါ အသက်ရှင်ကျန်ရစ်သူများသည် ပစ္စည်းအမြောက်အမြား ရှာဖွေတွေ့ရှိထားသဖြင့် ၎င်းပစ္စည်းအားလုံးအတွက် သတ္တုများ လိုအပ်နေပြီဖြစ်သည်။
သေနတ်ထုတ်လုပ်မှုပုံစံတစ်ခုကို ထုတ်လုပ်ရန် သတ္တုသိပ်မလိုသော်လည်း ရေငုပ်သင်္ဘောတစ်စင်းဆိုလျှင်မူ သတ္တုအမြောက်အမြား လိုအပ်မည်ဖြစ်သည်။ သူ၏မဟာမိတ်အဖွဲ့အတွင်း ထုတ်လုပ်မှုစွမ်းအားမှာ မလုံလောက်သဖြင့် ရှောင်းယီထံမှ ဝယ်ယူမှုကိုသာ အားကိုးနေရသည်။
ထို့ကြောင့် အနီရောင်ဝံပုလွေ ပင်လယ်ဓားပြကျွန်းပေါ်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ အလွန်အရေးကြီးလာခဲ့လေသည်။
ရှောင်းယီ အနီရောင်ဝံပုလွေ ပင်လယ်ဓားပြကျွန်းသို့ ရောက်ရှိလာချိန်တွင် ဘေးတစ်ဖက်၌ သတ္တုအရည်ကျိုစက် အမြောက်အမြား လည်ပတ်နေပြီး သတ္တုတူးဖော်ရေးစက်များလည်း အဆက်မပြတ် သွားလာနေကြသည်။
ထန်လော့မှာ ဘေးတစ်ဖက်တွင် ဆောင့်ကြောင့်ထိုင်လျက် ထိုအရည်ကျိုစက်များကို အံ့အားသင့်စွာ ကြည့်နေမိသည်။ ဤကဲ့သို့ အရည်ကျိုစက်မျိုးကို သူတစ်ခါမှ မမြင်ဖူးချေ။ ၎င်းထဲသို့ မသန့်စင်သော သတ္တုရိုင်းများ ထည့်လိုက်ပြီးနောက် အခြားတစ်ဖက်မှ အညစ်အကြေးများ စင်ကြယ်စွာ ဖယ်ရှားပြီးသား သတ္တုတုံးများအဖြစ် ထွက်ပေါ်လာသည်။
လန်ဖုန်းအင်ပါယာတွင် သူတို့အရည်ကျိုထားသော သတ္တုများမှာ သန့်စင်မှုနှုန်း မမြင့်မားလှပေ။ သို့သော် ယီရန်ပင်း မဟာမိတ်အဖွဲ့မှ လူများက ဤစက်သည် သန့်စင်မှုနှုန်း 99.9999% အထိ ရရှိနိုင်သည်ဟု ဆိုကြသည်။
ဤသည်မှာ တကယ်ကို စိတ်ကူးယဉ်ဆန်လှပေသည်။
ဘေးနားရှိ စစ်သားတစ်ဦးက ရှောင်းယီ ပေါ်လာသည်ကို မြင်သောအခါ ထန်လော့ကို ချက်ချင်း လှမ်းဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဗိုလ်ချုပ် မဟာမိတ်ခေါင်းဆောင် ရှောင်း ရောက်နေတယ်။”
ထန်လော့ ချက်ချင်းပင် သတိဝင်လာပြီး နှုတ်ဆက်ရန် ထရပ်လိုက်လေသည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း... ကျွန်းပိုင်ရှင် ခင်ဗျား ရောက်လာပြီလား။”
ထန်လော့၏ ခေါ်ဝေါ်ပုံ မရေမရာဖြစ်နေသည်ကို ကြားသောအခါ ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဒါက ဘွဲ့တစ်ခုပါပဲ။ မင်းကတော့ ရှေ့နောက်တွေ လွဲနေပြီ။”
ထန်လော့ ခေါင်းကို ကုတ်လိုက်မိသည်။
“အရှင်မင်းကြီးက ကျုပ်ကို ညွှန်ကြားထားလို့ပါ။ နောင်ကျရင် ကျွန်းပိုင်ရှင်လို့ပဲ ခေါ်လို့ရတယ်တဲ့။”
ရှောင်းယီ မျက်ခုံးပင့်လိုက်မိသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ။ မင်းတို့က ငါတို့မဟာမိတ်အဖွဲ့ရဲ့ လက်နက်တွေကို အလကားလိုချင်လို့လား။”
“မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်းပိုင်ရှင် ခင်ဗျား စိတ်ချပါ။ ကျုပ်တို့ ငွေနဲ့ ပေးချေမှာပါ။”
ထန်လော့က ပျာပျာသလဲ ရှင်းပြလိုက်သည်။
“ဟားဟားဟား...။”
ရှောင်းယီက ရယ်မောကာ ခေါင်းခါလိုက်သည်။
“ငါက စ နေတာပါ။ အတည်မယူပါနဲ့။ အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေဆီက အရင်းအမြစ်တွေ အားလုံးကို ပြန်သယ်ပြီးပြီလား။”
“ဟုတ်ကဲ့။ အကုန်သယ်ပြီးပါပြီ။ ဒီကျွန်းရဲ့ လုံခြုံရေးအတွက် ကျုပ် လူတစ်သောင်း စီစဉ်ထားပါတယ်။”
ထန်လော့က ပြန်ဖြေလိုက်သည်။
“အင်း...ပင်ပန်းသွားပြီ။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“မပင်ပန်းပါဘူး။ ဒါက ကျုပ်ရဲ့တာဝန်ပဲလေ။”
ထန်လော့က ဆိုသည်။
“ဒါနဲ့ ရော်ဂျာရော နေကောင်းသွားပြီလား။”
ရှောင်းယီက ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
“တော်တော်လေး ပြန်ကောင်းနေပါပြီ။ ဒါပေမဲ့ ဒီမနက် သူ နည်းနည်း စိတ်လှုပ်ရှားနေပြီး ဒီ တည်နေရာကူးပြောင်းခြင်းအစီအရင်ကနေတစ်ဆင့် ကောင်းကင်မိုးကြိုး မင်းဆက်ဆီ ပြန်ချင်နေတယ်။ အငြင်းခံလိုက်ရလို့ အခု စိတ်ဓာတ်ကျနေတယ်။”
ထန်လော့က ပြုံးကာ ပြောလိုက်သည်။
ရော်ဂျာသည် သူ၏ လက်ကိုင်ဖုန်းမှတစ်ဆင့် သူ၏ဖခင်နှင့် အစ်မဖြစ်သူတို့ နန်းတော်ထဲတွင် ကျန့်မု မိသားစု၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံနေရသည်ကို သိရှိသွားပြီး ပြန်သွားကူညီချင်နေခြင်း ဖြစ်ပုံရသည်။
ထိုစဉ် ရော်ဂျာ ရောက်လာခဲ့သည်။ ရှောင်းယီကို မြင်မြင်ချင်း သူ ချက်ချင်း ပြေးလာခြင်းဖြစ်သည်။
“မဟာမိတ်ခေါင်းဆောင် ရှောင်း ကျုပ်ကို အမြန်ပြန်ခွင့်ပေးပါ။ ကျုပ် ကောင်းကင်မိုးကြိုး မင်းဆက်ကို ပြန်ဖို့ လိုအပ်နေတယ်။”
ရော်ဂျာက ပျာယာခတ်စွာ ပြောလိုက်သည်။
“ဘာလို့ အဲ့လောက်တောင် အလောတကြီး ပြန်ချင်နေရတာလဲ။”
ရှောင်းယီက သဘောကျစွာ မေးလိုက်သည်။
“ကျုပ်ရဲ့ခန့်မှန်းချက်အရဆိုရင် ကျန့်မု မိသားစုက တော်ဝင်မြို့တော်ကို စတင်တိုက်ခိုက်နေလောက်ပြီ။”
ရော်ဂျာက လေးနက်သော အသံဖြင့် ဆိုသည်။
“ဒီအချိန်မှာ ကျုပ်က ကျုပ်ရဲ့ခမည်းတော်နဲ့ အစ်မတော်ဘေးမှာ ရှိနေသင့်တယ်။”
ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။
“ဒါဆို ကျန့်မု မိသားစုက နန်းတော်ကို ဝိုင်းထားပြီးပြီဆိုတာ မင်းမသိသေးဘူးပေါ့။”
“ဘာ...။ မဟာမိတ်ခေါင်းဆောင် ရှောင်း ကျုပ်ကို အမြန် ပြန်ပို့ပေးပါ။”
ထိုသတင်းကို ကြားသောအခါ ရော်ဂျာ ပို၍ပင် ပျာယာခတ်သွားခဲ့သည်။
“စိတ်အေးအေးထားပါ။ မင်းရဲ့ဖမည်းတော်က ငါတို့မဟာမိတ်အဖွဲ့ကို စစ်ကူတောင်းလို့ အကုန်ဖြေရှင်းပြီးသွားပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ရော်ဂျာ အနည်းငယ် ကြောင်အသွားပြီး နောက်မှ သက်ပြင်းအရှည်ကြီး ချလိုက်တော့လေသည်။
“အား...မဟာမိတ်ခေါင်းဆောင် ရှောင်း...စကားကို တစ်ဝက်တစ်ပျက်နဲ့ မပြောစမ်းပါနဲ့။”
အခန်း ၁၀၆၄ - ရော်ဂျာ အိမ်ပြန်လာခြင်းနှင့် စိတ်ဝိညာဉ်ရှိသော မသေမျိုးမျိုးနွယ်စု
ရှောင်းယီက ပုခုံးတွန့်ကာ ပြောလိုက်သည်။
“တကယ်တော့ ငါက တစ်ထိုင်တည်းနဲ့ အပြီးသတ်ချင်တာပါ။ မင်းက ကြားဖြတ်နှောင့်ယှက်လိုက်တာ မဟုတ်ဘူးလား။”
ရော်ဂျာက ခဏကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျုပ် ပြန်သွားပြီး တစ်ချက်လောက် ကြည့်ချင်သေးတယ်။ မဟာမိတ်ခေါင်းဆောင်ရှောင်း ကျုပ်ကို အစီအရင် အသုံးပြုခွင့် ပေးနိုင်မလား။”
“ဒါပေါ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ငါလည်း ပြန်မလို့ လုပ်နေတာနဲ့ အတော်ပဲ။ အတူတူ သွားကြတာပေါ့။”
“ကောင်းလိုက်တာ။”
ရော်ဂျာသည် ဝမ်းသာအားရဖြင့် ချက်ချင်း ခုန်ပေါက်သွားတော့သည်။
ဝံပုလွေနီ ပင်လယ်ဓားပြဂိုဏ်း၏ စခန်းရှိ အရာအားလုံးသည် စနစ်တကျ လည်ပတ်နေသည်ကို မြင်လိုက်ရပြီးနောက် ရှောင်းယီသည် ရော်ဂျာကို ခေါ်ဆောင်ကာ အစီအရင်ရှိရာသို့ လျှောက်သွားလိုက်တော့သည်။
အစီအရင်မှတစ်ဆင့် ရှောင်းယီနှင့် ရော်ဂျာတို့သည် ကောင်းကင်မိုးကြိုး မင်းဆက်၏ နန်းတော်ထဲသို့ ရောက်ရှိလာခဲ့ကြလေသည်။
အစီအရင်ဘေးရှိ ကောင်းကင်မိုးကြိုးမင်းဆက်မှ အစောင့်များသည် ရော်ဂျာကို မြင်သည်နှင့် ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ အလေးပြုလိုက်ကြ၏။
“မင်းသား ပြန်လာပြီပဲ။”
ရော်ဂျာက လက်ဝေ့ယမ်းပြပြီး အပြင်ဘက်သို့ အမြန်လျှောက်သွားလိုက်သည်။ မကြာမီမှာပင် မြို့တော်အတွင်းရှိ ပြည်သူများကို နှစ်သိမ့်ပေးနေသည့် သူ၏အစ်မ လော့ရယ်ကို တွေ့လိုက်ရလေသည်။
“အစ်မတော်...။”
ရော်ဂျာက လှမ်းခေါ်လိုက်သည်။ လော့ရယ်က အံ့အားသင့်စွာ လှည့်ကြည့်လာခဲ့သည်။
“မောင်လေး နင် ဘာလို့ ဒီကို ရောက်နေတာလဲ။”
“ယောက်ဖက ကျုပ်ကို ခေါ်လာတာလေ။”
ရော်ဂျာက ပြုံးစိစိဖြင့် ပြန်ဖြေလိုက်သည်။ ရော်ဂျာ့နောက်တွင် လိုက်ပါလာသော ရှောင်းယီကို မြင်သောအခါ လော်ရယ်၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။ သူမသည် ရော်ဂျာကို စူးစိုက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။
“လျှောက်ပြောမနေနဲ့။”
“မဟာမိတ်ခေါင်းဆောင် ရှောင်း ကျွန်မမောင်လေးက ထပ်ပြီး ဆိုးနေပြန်ပြီလား။”
လော့ရယ်က ရှေ့သို့ လှမ်းလာပြီး ရှောင်းယီကို ဦးညွှတ်အလေးပြုရင်း မေးလိုက်သည်။
“မဟုတ်တာ မဟုတ်တာ...။ရော်ဂျာက တကယ်တော့ အရမ်း အလိုက်သိပါတယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အစ်မတော် ကြားတယ်မလား။”
ရော်ဂျာက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ လော့ရယ်က သူ့ကို တစ်ချက်ထပ်ကြည့်ကာ ပြောလိုက်သည်။
“မြန်မြန်သွားပြီး ပြည်သူတွေကို နှစ်သိမ့်ပေးလိုက်ဦး။ ငါ အစောင့်တွေကို နင့်နောက်က လိုက်ခိုင်းလိုက်မယ်။ သူတို့က ဘာလုပ်ရမလဲဆိုတာ သိတယ်။ နင်က လူမျက်နှာပြရုံပဲ။”
“ဟုတ်ကဲ့ပါ....။”
ရော်ဂျာက အားမလိုအားမရ ဖြစ်စွာဖြင့် ပြန်ဖြေလိုက်သည်။
နောင်တစ်ချိန်တွင် ကောင်းကင်မိုးကြိုးမင်းဆက်ကို ဆက်ခံရမည့် မင်းသားတစ်ပါးအနေဖြင့် သူသည် လုံလောက်သော ဂုဏ်သတင်းကျော်စောမှု ရှိရန် လိုအပ်သည်။ ဤအချိန်သည် ရော်ဂျာအတွက် လူထု၏ လေးစားကြည်ညိုမှုကို ရယူရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
အစပိုင်းတွင် လော့ရယ်က ရော်ဂျာသည် ရောဂါပျောက်ကင်းသွားသည့်တိုင် အားနည်းနေဦးမည်ဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ လန်းလန်းဆန်းဆန်းနှင့် ဟိုပြေးဒီပြေး လုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရော်ဂျာ ထွက်သွားပြီးနောက် လော့ရယ်က ရှောင်းယီကို တစ်ဖန် ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင် ရှောင်း။ ရှောင်ကျဲ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာလိမ့်မယ်လို့ မထင်ထားမိဘူး။”
“အားနာစရာ မလိုပါဘူး။ သူ့ရဲ့ ကိုယ်ခံစွမ်းအားက မဆိုးလို့ပါ။ ဒါကြောင့်လည်း မြန်မြန် ပြန်သက်သာလာတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်း လုပ်စရာရှိတာ ဆက်လုပ်လိုက်ပါ။ ကျုပ် စစ်ဆေးမေးမြန်းရေးခန်းကို သွားကြည့်လိုက်ဦးမယ်။”
“ဟုတ်ကဲ့...။”
ရှောင်းယီသည် ယာယီ စစ်ဆေးမေးမြန်းရေးခန်းသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့လိုက်သည်။ အခန်းဝသို့ ရောက်သောအခါ တံခါးစောင့်များသည် သူ့ကို ကြောက်လန့်တကြား အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
ထိုအရာက ရှောင်းယီကို ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။
သူ့မျက်နှာမှာ သွေးတွေ ပေနေလို့လား။ သူက အဲ့လောက်တောင် ကြောက်စရာကောင်းနေလို့လား။
ရှောင်းယီ စစ်ဆေးမေးမြန်းရေးခန်းထဲသို့ ဝင်သွားပြီးနောက် တံခါးစောင့်များ၏ တိုးတိုးတိုးတိုး ပြောသံများကို နောက်ကွယ်မှ ကြားလိုက်ရလေသည်။
“အဲ့ဒီ အပြင်လူ စီစဉ်ထားတဲ့သူက ဒါလား။ တော်တော် ကြောက်စရာကောင်းတာပဲ။”
“ဟုတ်ပါ့။ မုကျူးက ဘယ်လောက်တောင် အရိုးမာတဲ့သူလဲ။ ဒါတောင် အဲ့ဒီလူက သူ့ကို အညံ့ခံအောင် လုပ်နိုင်ခဲ့တယ်။ ကြားတာတော့ သူ အကုန်လုံး ဖွင့်ပြောလိုက်ပြီတဲ့။”
“ဟုတ်တယ်။ အဲ့ဒီလူ စစ်ဆေးမေးမြန်းပြီးတော့ မုကျူက လူနဲ့တောင် မတူတော့ဘူး။ ခန္ဓာကိုယ်ပေါ်က အသားတွေ တစ်ဝက်ကျော်လောက် မရှိတော့ဘူး။ တစ်ကိုယ်လုံး သွေးချင်းချင်း နီနေတာပဲ။”
“မင်း တကယ်သွားကြည့်ခဲ့တာလား။ ငါတော့ မကြည့်ရဲဘူး။”
“ငါ သွားကြည့်မိလိုက်လို့ နောင်တရနေတာပေါ့။ ဗိုက်ထဲက အစာတွေတောင် ပြန်ထွက်လာမတတ် အော့အန်ချင်သွားတယ်။”
“မင်း စောစောက မျက်နှာဖြူဖျော့နေတာ အံ့သြစရာ မရှိတော့ဘူး။ ငါ မင်း မနေ့ညက လက်ဆော့လွန်းလို့လို့ ထင်နေတာ။ အခုမှ အကြောင်းရင်းကို သိတော့တယ်။ ငါ သွားမကြည့်မိတာ တော်သေးတယ်။”
အစောင့်များ၏ စကားဝိုင်းကို ကြားလိုက်ရမှ ရှောင်းယီသည် သူတို့ ဘာကြောင့် သူ့ကို ထိုသို့သော အကြည့်များဖြင့် ကြည့်နေကြသည်ကို နားလည်သွားတော့သည်။
စစ်ဆေးမေးမြန်းရေးခန်းသို့ ရောက်ရှိလာသောအခါ ကျန်းယွင်ထျန်းသည် လက်ဆေးနေပြီး ဇလုံထဲရှိ ရေများမှာ ရဲရဲနီနေပြီဖြစ်သည်။
“ကျွန်းပိုင်ရှင် မင်း ရောက်လာပြီလား။”
ကျန်းယွင်ထျန်းက နှုတ်ဆက်လိုက်သည်။
“သူ့ဆီက အချက်အလက်တွေ အကုန်ရပြီလား။”
ရှောင်းယီက ခေါင်းညိတ်ရင်း ပြန်မေးလိုက်သည်။
“ရပြီ...။”
ကျန်းယွင်ထျန်းက သူရရှိထားသော သတင်းအချက်အလက်များကို ရှောင်းယီထံသို့ ချက်ချင်း အစီရင်ခံလိုက်သည်။
အမှန်စင်စစ် မသေမျိုးမျိုးနွယ်စုသည် ကောင်းကင်မိုးကြိုးမင်းဆက်တွင် အဖျက်သမားဂိုဏ်းတစ်ခုအနေဖြင့် အမာခံရှိထားပြီးသား ဖြစ်သည်။ ထိုဂိုဏ်းကို ကောင်းကင်မိုးကြိုးမင်းဆက်က ကြိုတင်တွေ့ရှိခဲ့ပြီး အချိန်မီ နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုဂိုဏ်းကို နှိမ်နင်းရန် တာဝန်ယူခဲ့သူမှာ ကျန်းမု မိသားစုပင် ဖြစ်သည်။
သူတို့သည် ထိုဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ထိုဂိုဏ်းခေါင်းဆောင်ကို စစ်ဆေးမေးမြန်းနေစဉ်အတွင်း မုကျူးသည် မသေမျိုးမျိုးနွယ်စုအကြောင်း အချို့သောအချက်အလက်များကို ရရှိခဲ့ပြီး ထိုဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် မသေမျိုးမျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦးနှင့် ဆက်သွယ်မိခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်ကတည်းက မုကျူးတွင် ပုန်ကန်လိုစိတ် ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုမသေမျိုးခေါင်းဆောင်၏ သွေးထိုးလှုံ့ဆော်မှုအောက်တွင် နှစ်ဖက်စလုံး သဘောတူညီမှု ရရှိခဲ့ကြသည်။ မသေမျိုးခေါင်းဆောင်က လေဟာနယ်တံခါး၏ တည်နေရာကို ပို့ပေးခဲ့ပြီး မုကျူးအနေဖြင့် ထိုလေဟာနယ်တံခါးကို အသက်သွင်းလိုက်ရုံဖြင့် ကောင်းကင်မိုးကြိုးမင်းဆက်ကို သိမ်းပိုက်နိုင်ရန် ကူညီပေးမည်ဟု ကတိပေးခဲ့သည်။
ထိုတံခါး၏တည်နေရာကို ရရှိပြီးနောက် မုကျူးသည်လည်း ပေါ့ပေါ့ဆဆ အသုံးမပြုရဲခဲ့ပေ။ ထိုအရာကို အသုံးပြုလိုက်ပါက ကောင်းကင်မိုးကြိုးမင်းဆက်သည် ပျက်သုဉ်းခြင်းတွင်းနက်ထဲသို့ ကျရောက်သွားမည်ကို သူသိပေသည်။
သို့သော် ယနေ့နံနက် နန်းတော်ကို ဝိုင်းရံပိတ်ဆို့ချိန်တွင် ကျန့်မုမိသားစုသည် မြို့ရိုးကို မည်သို့မျှ မကျော်ဖြတ်နိုင်သောကြောင့် လေဟာနယ်တံခါး၏ တည်နေရာကို အသက်သွင်းကာ မြားဖြင့် နန်းတော်ထဲသို့ ပစ်သွင်းလိုက်ခြင်း ဖြစ်သည်။
မုကျူးသည် မသေမျိုးမျိုးနွယ်စုကို အသုံးချကာ မြို့ရိုးပေါ်ရှိ တိုက်ခိုက်ရေးအင်အားများကို လွှဲပြောင်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူသည် မြို့ရိုးကို တစ်ချက်တည်းနှင့် သိမ်းပိုက်နိုင်မည်ဖြစ်ပြီး မသေမျိုးများကို နန်းတော်အတွင်း၌သာ ပိတ်လှောင်ထားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ကျန်းယွင်ထျန်း၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မုကျူး ဆက်သွယ်ခဲ့တဲ့ မသေမျိုးခေါင်းဆောင်က စိတ်ဝိညာဉ် ရှိတာလား။”
“ဟုတ်တယ်။ မုကျူးပြောပုံအရဆိုရင် အဲ့ဒီခေါင်းဆောင်က ငါတို့ သာမန်လူသားတွေနဲ့ ဆင်တူလိမ့်မယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီ၏ ကြုတ်ထားသော မျက်မှောင်များမှာ ပို၍ပင် နက်ရှိုင်းလာခဲ့သည်။
“မသေမျိုးမျိုးနွယ်စုက ထင်သလောက် မရိုးရှင်းဘူးပဲ။”
လောလောဆယ်တွင် အသက်ရှင်ကျန်ရစ်သူများ မဟာမိတ်အဖွဲ့ ကြုံတွေ့နေရသော မသေမျိုးများအားလုံးသည် အသိစိတ် မရှိသလောက်ဖြစ်ပြီး ဗီဇအတိုင်းသာ လှုပ်ရှားနေကြသူများ ဖြစ်သည်။
ယခုအခါ အသိစိတ်ရှိသော မသေမျိုးများ ရှိနေသည်ဟု ရုတ်တရက် သိလိုက်ရခြင်းက အခြေအနေကို အလုံးစုံ ပြောင်းလဲသွားစေခဲ့လေသည်။
အသိစိတ်ရှိသော တစ်ဦးချင်းစီသာ လူအင်အားအလုံးအရင်းဖြင့် တိုက်ခိုက်သည့် နည်းဗျူဟာကို ပေါင်းစပ်လိုက်ပါက အသက်ရှင်ကျန်ရစ်သူများအတွက် အရာရာက ပိုမို ခက်ခဲလာတော့မည်ဖြစ်သည်။
“ဟုတ်တယ်။ အဲ့ဒီလို အသိစိတ်ရှိတဲ့သူတွေသာ ရှိနေမယ်ဆိုရင် မသေမျိုးမျိုးနွယ်စုရဲ့ အင်အားက အဆပေါင်းများစွာ ပိုကြီးမားလာလိမ့်မယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။
“အပေါ့စား စက်သေနတ်တွေ ရောက်လာတာ အချိန်ကိုက်ပဲ။”
ရှောင်းယီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
စနစ်သည် လက်နက်ဆုလာဘ်များကို နှစ်ရက်ဆက်တိုက် ပေးခဲ့ခြင်းမှာ အရင်က ခဲယဉ်းလှသည်။
ယခင်ကဆိုလျှင် ရက်အနည်းငယ်စီ ခြားလေ့ရှိသည်။ ယခုမူ နှစ်ရက်ဆက်တိုက် သေနတ်များ ပေးခဲ့သည်မှာ စနစ်သည်လည်း ဤအခြေအနေကို သိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
“အမှန်ပဲ။ အပေါ့စားစက်သေနတ်တွေသာ ရှိရင် သူတို့မှာ သတိစိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေဟာနယ်တံခါးထဲမှာတင် အကုန် အသေပိတ်ဆို့ထားလို့ ရတယ်။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြီး မေးလိုက်သည်။
“ဘုရင် လော့လင်တန် ဘယ်မှာလဲ။”
“ငါ စစ်ဆေးမေးမြန်းမှု စပြီး သိပ်မကြာခင်မှာပဲ သူ နေမကောင်းဘူးဆိုပြီး ထွက်သွားတယ်။”
ကျန်းယွင်ထျန်းက ပုခုံးတွန့်ကာ အားမလိုအားမရဖြင့် ပြန်ဖြေလိုက်သည်။
“ဒါဆို မင်း စစ်မေးလို့ရလာတဲ့ အချက်အလက်တွေကို သူ မသိသေးဘူးပေါ့။”
ရှောင်းယီက မေးလိုက်သည်။
“အခုလောက်ဆိုရင်တော့ သူ သိလောက်ပါပြီ။ ငါ စစ်မေးနေတုန်းက ဘေးမှာ ကောင်းကင်မိုးကြိုးမင်းဆက်က စစ်သား နှစ်ယောက် စောင့်ကြည့်နေတာလေ။ ဒါပေမဲ့ သူတို့က မြင်ကွင်းကို မကြည့်ရဲဘဲ တစ်ပြင်လုံး အန်ဖတ်တွေ ပေကုန်လို့ တခြားစစ်သားတွေက တွဲခေါ်သွားရတယ်။ သူတို့ လော့လင်တန်ကို သတင်းပို့ပြီးလောက်ပါပြီ။”
ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။
“မင်းရဲ့ စစ်ဆေးမေးမြန်းပုံက အထိရောက်ဆုံးပဲ။”
ကျန်းယွင်ထျန်းက ပုခုံးတွန့်လိုက်သည်။
“ဒါပေမဲ့ ဒီမုကျူးကလည်း မဆိုးပါဘူး။ အတော်ကြာအောင် ခံနိုင်ရည်ရှိသားပဲ။”
“လော့လင်တန်ကို သွားရှာရအောင်။ သူ့ကို ထပ်မေးစရာတွေ ရှိသေးတယ်။”
ရှောင်းယီ အပြင်သို့ ထွက်လာခဲ့ပြီး ကျန်းယွင်ထျန်းကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
သူတို့နှစ်ဦး အပြင်သို့ ထွက်လာသောအခါ ဘေးနားရှိ အစောင့်များသည် မသိမသာဖြင့် နောက်သို့ ခပ်ဝေးဝေး ဆုတ်သွားကြလေတော့သည်။