သူမလား
Vol. 20 Ch. 271
အခန်း (၂၇၁) : သူမလား
ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ အလောင်းက ဘယ်မှာလဲ”
ယန်းလီလင်းက သူနှင့် ဝူဟုန်အား လီမိသားစု စံအိမ်ရှိ အခန်းတစ်ခုအတွင်း ဦးဆောင်ခေါ်သွားလိုက်သည်။ ထိုနေရာတွင် သူတို့က လီကျွင်း၏ ခေါင်းအား စားပွဲပေါ်တွင် မြင်လိုက်ရသည်။ သူ့ခေါင်းသာလျှင် ပါရှိ၏။ သူ့မျက်လုံးထဲတွင် အကြောက်တရားနှင့် တုန်လှုပ်မှုတို့ကို မြင်တွေ့နေရသေးသည်။
ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ တော်ဝင်စမ်းရေကို ထုတ်ကာ လီကျွင်း၏ ခေါင်းအား တိုက်ကျွေးလိုက်သည်။ ထို့နောက် သူက ခဏရပ်တန့်လိုက်ပြီးနောက် အမွေခံသားတော် အမှတ်အသားပြားကို ထုတ်ကာ ယန်းလီလင်းဆီ ပစ်ပေးလိုက်ပြီး “ အရင်းအမြစ်ခန်းမဆီ သွားပြီးတော့ သွေးစုပ်သစ်ရွက်ကို သွားယူလာခဲ့”
ယန်းလီလင်းက ထိုအရာကို ကြားပြီး အနည်းငယ်အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ ထိုအရာက ကုသရေးအတွက်သုံးသည့် အထွတ်အထိပ်အဆင့် ဆေးပင်ဖြစ်ကြောင်း သိထားလေသည်။ ထိုသစ်ရွက်တွင် အသက်ဓာတ်မြောက်များစွာ ပါဝင်လေ၏။ ထိုသို့ ကြောက်မက်ဖွယ် နာမည်ရှိနေသည့် အကြောင်းအရင်းမှာ ထိုသစ်ပင်သည် ကြီးထွားဖို့အတွက် ကျင့်ကြံသူ၏ သွေးနှင့် အသက်ဓာတ်ကို လိုအပ်၍ ဖြစ်သည်။
သူမက ဘာမှမပြောဘဲ အရင်းအမြစ်ခန်းမဆီ ပြေးသွားလိုက်ပြီးနောက် သိပ်မကြာခင်တွင် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည့် အရွက်တစ်ခုနှင့်အတူ ပြန်ရောက်လာလေ၏။ သူမက တုံ့ဆိုင်းခြင်း မရှိဘဲ လီကျွင်း၏ ဦးခေါင်းအား ကျွေးလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လီကျွင်း၏ မျက်နှာအထက် သင်္ကေတမြောက်များစွာ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်က အလိုလို ပြန်လည်ကောင်းမွန်လာသည်။ ပြန်လည်ဝင်စားခြင်း စက်ဝန်းအတွင်း ဝင်ရောက်နေသည့် သူ့ဝိညာဉ်ပင် ထိုနေရာမှ ဆွဲထုတ်ခံလိုက်ရ၏။
လီကျွင်းက မျက်လုံးဖွင့်ကြည့်လိုက်ပြီး ဘေးပတ်လည်ရှိ လူများကို ကြည့်ကာ ပြောလိုက်သည် “ အဲဒါဆိုတော့ ကျွန်တော် အစီအစဉ် အလုပ်ဖြစ်တယ်လား”
ထိုစဉ် ဝမ်ဝေ့က လီကျွင်း၏ ဝိညာဉ်အမှတ်အသားကို စစ်ဆေးဖို့အတွက် အံ့ဖွယ်အသိစိတ်ကို အသုံးပြုလိုက်သည်။ သူသည် သူ့မှတ်ဉာဏ်များရှိထားသည့် တခြားတစ်ယောက် မဟုတ်ဘဲ မူလလီကျွင်းဖြစ်ကြောင်း သေချာအောင် လုပ်ချင်လေသည်။
“ အဲဒါဆိုတော့ မင်းရဲ့ပင်ကိုတားမြစ်စွမ်းရည်ကို ဖြုန်းတီးလိုက်တဲ့ အကြောင်းအရင်းက ဘာလဲ” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။
“ အစ်ကိုကြီး ကျွန်တော်ကတော့ ဒါကို ဖြုန်းတီးတယ်လို့ မထင်ဘူး” လီကျွင်းက ပြန်ဖြေလိုက်၏။ ထို့နောက် သူက လေထဲ လက်သီးချက် ပစ်ခွင်းလိုက်သည့်အခါ လေဟာနယ် ချိုးဖျက်သည့် အရိပ်အယောင် ပေါ်ထွက်လာသည်။ သူက ကျေကျေနပ်နပ် ပြုံးလိုက်၏။
သူ့တားမြစ်ပင်ကိုစွမ်းရည်က သူ့အား တစ်ခါသေပြီး ပြန်လည်မွေးဖွားလာကာ ပို၍ အားကောင်းစေဖို့ ခွင့်ပြုပေးထားသည်။ ထိုပါရမီမှာ လူအများဆီ သေခြင်းတရားကို ယူဆောင်လာမည့်သူက ကိုယ်တိုင်သေခြင်းတရားကို သိထားရမည်ဟူသော သဘောတရားကို အခြေခံထားလေ၏။ ထို့အပြင် သူ့ကို သတ်သည့်သူက အားကောင်းလေလေ သူက အကျိုးအမြတ် ရရှိလေလေ ဖြစ်သည်။
ကံဆိုးစွာဖြင့် သူက ထိုစွမ်းရည်ကို ဘဝတွင် တစ်ကြိမ်သာ အသုံးပြုခွင့်ရှိလေသည်။
သူက မိနစ်ပိုင်းအကြာ အင်အားစမ်းသပ်ပြီးသည့်နောက်တွင် ကျေနပ်အားရနေလေသည်။ သူက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ကို ချိုးဖောက်ဖို့ အနည်းငယ်မျှသာ လိုအပ်ကြောင်း ခံစားမိလေသည်။ ထို့နောက် လီကျွင်းက အဖွဲ့အား ကြည့်ကာ ပြောလိုက်သည် “ ကျွန်တော် ဘာရှာတွေ့လာလဲ ကြည့်ကြပါဦး”
သူက ခန္ဓာကိုယ်နှင့်အတူ ပြန်ရောက်လာသည့် သိုလှောင်လက်စွပ်အတွင်းမှ အဆောင်တစ်ရွက်ကို ထုတ်ယူကာ သူ့နဖူးပေါ် ကပ်လိုက်သည်။ သိပ်မကြာခင် လီကျွင်း၏ မှတ်ဉာဏ်များက အားလုံးရှေ့ပေါ်ထွက်လာလေ၏။
ဝမ်ဝေ့က ကျီစုန်နှင့်တိုက်ဖို့ ထွက်သွားပြီး သိပ်မကြာခင်တွင် လီကျွင်းက ဂိုဏ်းမှထွက်ကာ ကျောင်းတော်ဆီ ဦးတည်သွားလိုက်သည်။ သူ့ပစ်မှတ်က တိထျန်း ဖြစ်၏။
ပထမဦးစွာက သူက တိမိသားစုပိုင်နက် ကာကွယ်ရေး အစီအရင်များကို နှောင့်ယှက်ကာ တိထျန်း၏ အရိပ် တိကျားကို လာရောက်ဖြေရှင်းဖို့ ဖိအားပေးခဲ့သည်။ ထို့နောက် လီကျွင်းက သူမအား ဖမ်းဆီးကာ တိထျန်းအား မျှားခေါ်ခဲ့သည်။
ဝမ်ဝေ့က ထိုအရာကို မြင်ပြီးနောက် မျက်မှောင်ကြုတ်မိလိုက်သည်။ လီကျွင်းက တိမိသားစု စံအိမ်ဝန်းကျင်တွင် တခြားသူများ၏ အာရုံခံမိခြင်းမှ ကာကွယ်ဖို့ အစီအရင်တစ်ခု ခင်းကျင်းထားကြောင်း သတိပြုမိလိုက်သည်။ လီကျွင်းကိုယ်တိုင်က အစီအရင်အကြောင်း မသိသည့်အတွက် ဂိုဏ်းမှတစ်ယောက်ယောက်က ထိုအကြံအစည်ကို သိထား၍ ကူညီပေးခြင်းသာ ဖြစ်ရမည်။ သို့သော် သူတို့က သူ့အား ထိုအကြောင်း ထုတ်မပြောခဲ့ကြပေ။
သူတို့က သူ ငြင်းပယ်မည်ကို စိုးရိမ်နေမှန်း မှန်းဆမိသည်။ သူတို့ပြောသည်မှာလည်း အမှန် ဖြစ်၏။ သူက လီကျွင်းကို ဤသို့တားမြစ်စွမ်းရည်နှင့်ပင် စွန့်စားရမည့် အစီအစဉ်မျိုးကို လုပ်ခွင့်ပေးမည် မဟုတ်ပေ။
ဝမ်ဝေ့က အာရုံစိုက်လိုက်ပြီးသည့်နောက်တွင် မှတ်ဉာဏ်ကို ဆက်ကြည့်လိုက်သည်။
သိပ်မကြာခင် တိထျန်းက ပေါ်ထွက်လာ၏။ သူက လီကျွင်းအား ကြည့်ကာ ပြောလိုက်သည်
“ တိကျား ဘယ်မှာလဲ”
ထိုအပြုအမူက ဝမ်ဝေ့အား အံ့အားသင့်သွားစေသည်။ သူက တိထျန်းကို အမြဲလိုလို အေးစက်စက် တွက်ချက်သည့်လူဟုသာ ထင်ထားခဲ့မိသည်။ ယခုလို တွေ့ဆုံမှုအတွင်း သူက သူ့လက်အောက်ခံအပေါ် ဂရုစိုက်မှုကို ပြသနေပုံပေါ်၏။
“ သူမက အဆင်ပြေတယ်” လီကျွင်းက ဖြေလိုက်သည်။
“ သူမ အဆင်ပြေတာ ကောင်းလိမ့်မယ်။ ဒါနဲ့ ဝမ်ဝေ့ရဲ့ ခွေးက ငါ့ကို လာတိုက်နေတာလား။ မင်းသခင်က ငါ့ကို ရင်ဆိုင်ဖို့ ကြောက်ချီးပါနေတာလား”
လီကျွင်းက ပြုံးကာ ဖြေလိုက်၏ “ သခင်ရဲ့ခွေးက အမဲလိုက်ဖို့ လုံလောက်နေမှတော့ သူကိုယ်တိုင် ပေါ်လာဖို့ ဘာလို့ လိုအပ်မှာလဲ”
လီကျွင်းက တစ်ဖက်လူအား ပြန်လည်ချေပခွင့်မပေးဘဲ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ ကံဆိုးစွာဖြင့် သူက နောက်ဆုံးတိုက်ပွဲရှိ ကျီစုန့်ထက်ပင် အရေးနိမ့်နေလေသည်။
“ သူ့ခန္ဓာကိုယ်က ဒီလောက်တောင် အားကောင်းတာလား” ဝမ်ဝေ့က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ တိထျန်းအကြောင်း သတင်းအနည်းငယ်သာ ရှိ၍ သူ့အနေနှင့် အံ့အားသင့်သွားသည်မှာ ပုံမှန်သာ ဖြစ်၏။
ထိုစဉ် မိနစ်ပိုင်းကြာ ရင်ဆိုင်ပြီးနောက် တိထျန်းက လီကျွင်းအား ကြည့်ကာ “ မင်းက တိုက်ခိုက်ဖို့ အစီအစဉ်ရှိတယ် ထင်ထားတာ။ ဒါပေမဲ့ မင်းက ကိုယ့်ဘာသာ လာသတ်သေနေတာပဲ။ ဒီလိုဆိုမှတော့ မင်းကို ကူညီပေးရတာပေါ့”
[အရာအားလုံးရဲ့ နောက်ဆုံးအငွေ့အသက်]
ထို့နောက် တိထျန်း၏ နောက်တွင် အဖြူရောင်နှင့် အနက်ရောင် စက်ဝန်းတစ်ခုပေါ်ထွက်လာကာ လက်သီးဖြင့် ထိုးခွင်းလိုက်သည်။
လီကျွင်းက ထိုအရာကို ခုခံဖို့ စွမ်းရည် မရှိဘဲ သူ့ခန္ဓာကိုယ်က အစိတ်စိတ်အမြွာမြွာ ကြေကွဲသွားပြီး ဦးခေါင်းသာ ကျန်ရှိခဲ့လေသည်။ သူ့ဝိညာဉ်ပင် ပျက်သုဉ်းသွားလေ၏။
“ မင်းက ငါ့လက်အောက်ငယ်သားကို မထိတာ ထောက်ထားပြီး မင်းခေါင်းကိုတော့ မြှုပ်နှံဖို့ ချန်ထားပေးလိုက်မယ်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ “ ဒါက သူ ဖန်တီးထားတဲ့ ပြန်လည်ဝင်စားခြင်း ကိုးပါးလက်သီးလား။ ဒါက လျှို့ဝှက်ကောင်းကင်မျှော်နန်းက ပြောထားတဲ့ လက်သီးပဲ ဖြစ်ရမယ်”
ထို့နောက် သူက မျက်လုံးကို ပိတ်ကာ လီကျွင်း၏ နေရာတွင် ဝင်ရောက်ခံစားကြည့်လိုက်သည်။ စက္ကန့်ပိုင်းအကြာတွင် သူက ရေရွတ်လိုက်၏ “ ဒီလိုဆိုရင် အရာအားလုံးရဲ့ အဆုံးသတ်၊ ရုပ်ပိုင်းဆိုင်ရာသေဆုံးမှု၏ နောက်ဆုံးအသွင်အပြင်၊ သက်ရှိအားလုံး၏ နောက်ဆုံးအငွေ့အသက် … ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ကျင့်စဉ်လဲ။ ငါ့လက်ရှိအင်အားနဲ့တောင် ဒီလက်သီးချက်ကို ခံယူရင် သေလုနီးပါး ဖြစ်သွားလောက်တယ်”
ဝူဟုန်က သူ့ပုခုံးကို အသာထိကာ ပြောလိုက်သည် “ ရှင့်ဆီမှာ တိုးတက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိသေးတယ်။ ဘာမှစိုးရိမ်စရာ မလိုဘူး”
“ ကိုယ့်စိတ်က အဲ့လောက် မကျိုးပဲ့လွယ်ပါဘူး။ ကိုယ် တိထျန်းကို မျှော်မှန်းထားတဲ့ ခြိမ်းခြောက်မှုက ထင်ထားတာနဲ့ မနီးစပ်ရုံလောက်ပါပဲ”
ဝမ်ဝေ့က လီကျွင်းအားကြည့်ကာ “ နောက်ထပ် ရှိသေးတယ်မလား”
“ ဟုတ်တယ်။ ကျွန်တော် သူ့ဦးနှောက်ထဲက မှတ်ဉာဏ်တစ်ခု ခိုးလာခဲ့တယ်”
ထိုစဉ် အားလုံးရှေ့မှောက်တွင် အသစ်စက်စက် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ တိထျန်းက ပတ်ဝန်းကျင် ဖျက်ဆီးခံထားရသည့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေလေသည်။ သူ့ရင်ခွင်အတွင်း ဖြူဖျော့ဖျော့ အသားအရည်နှင့် မိန်းမလှတစ်ယောက်ကို ပွေ့ဖက်ထားလေ၏။ သူမ၏ နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျနေသည်။ သူမက ခက်ခက်ခဲခဲဖြင့် တိထျန်း၏ မျက်နှာမှ မျက်ရည်များကို ဖယ်ရှားပေးလိုက်ကာ ပြောလိုက်သည် “ ထျန်းအာ ကျွန်မ ရှင်နဲ့အတူတူ အဖော်ပြုမပေးနိုင်တာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ရှင် ကျွန်မကို မေ့ပြီး ရှင့်ဘဝရှင် နေထိုင်ပါ”
ထို့နောက် သူမ၏လက်က မြေပြင်ပေါ်ကျသွားပြီး လှုပ်ရှားလာခြင်း မရှိတော့ပေ။
“ နဉ်အာ နဉ်အာ” တိထျန်းက သူမကို လှုပ်ရင်း ပြောလိုက်သည်။
“ အား မဖြစ်ဘူး” သူက အော်ပြောလိုက်သည်။ သူ့အော်သံက မိုးမြေကိုပင် လှုပ်ခါသွားစေပြီး ကောင်းကင်မှပင် သွေးမိုးများ ရွာစီးကျလာသည်။
“ သူမလား” ဝမ်ဝေ့က တိထျန်း၏ ရင်ခွင်ထဲရှိ မိန်းမကို မြင်ကာ ရေရွတ်လိုက်သည်။
“ အစ်ကိုကြီးက ဒီအမျိုးသမီးကို သိတာလား”
“ ငါ သဘာဝလွန်အဆင့်တက်တုန်းက ခရီးသွားရင်း တွေ့ဖူးတယ်။ သူမက ဝိညာဉ်ပုံစံနဲ့ ငါ့ကို သူမ သိတဲ့သူနဲ့ တူညီတဲ့ မျက်ဝန်းရှိတယ်ဆိုပြီးတော့ ပြောဖူးတယ်”
လီကျွင်းက ခေါင်းညိတ်ကာ အနည်းငယ် စိတ်ပျက်သွားမိသည် “ ကျွန်တော့်အသက်ကို စတေးပြီးတော့ ဒီသတင်းပဲ ရလာတယ်ဆိုတာကို မယုံနိုင်ဘူး။ ကျွန်တော်တို့ သိတာက တိထျန်းက သူနဲ့ နီးကပ်တဲ့သူ တစ်ယောက်ကို ဆုံးရှုံးခဲ့တယ်ဆိုတာပဲ”
“မင်း မှားတယ်” ဝမ်ဝေ့က ဖြေလိုက်သည် “ ဒီမှတ်ဉာဏ်တစ်ခုတည်းကနေ ငါတို့ အချက်အလက်များစွာ ကောက်ချက်ချလို့ ရတယ်။ ပထမတစ်ခုက သူက ပြန်လည်ဝင်စားတယ်ဆိုတာ သေချာတယ်။ ပြီးတော့ သူ့ရဲ့ အရင်အတိတ်ဘဝက မှတ်ဉာဏ်တွေလည်း ရှိနေနိုင်သေးတယ်။
ဒုတိယအနေနဲ့ သူ့ကို တွန်းအားပေးနေတာက သူ့ချစ်ရသူကို ပြန်လည်အသက်ရှင်ဖို့ နည်းလမ်းရှာဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။ တိထျန်းက ဖန်းလီရဲ့ သေဆုံးမှုနဲ့ ပတ်သက်နေတယ်ဆိုပြီး သံသယရှိခဲ့ပေမဲ့ သက်သေ မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ တိထျန်းက ဖန်းလီကို ယင်ဝိညာဉ်ကျမ်းနဲ့ သူမကို အသက်ပြန်ကယ်ဖို့ သတ်လိုက်တယ်ဆိုတာ ကျိန်းသေသွားပြီ။
နောက်ဆုံး ဒီမှတ်ဉာဏ်ထဲမှာရှိတဲ့ သူ့အဝတ်အစားနဲ့ အဆောက်အဦးပုံစံကို ကြည့်လိုက်။ ဒါတွေက ငါတို့ အသင်္ချေအင်ပါယာကမ္ဘာက ခေတ်တွေနဲ့ မတူဘူး။ ကြည့်ရတာ သူက တခြားကမ္ဘာကနေ ငါတို့ကမ္ဘာကို ပြန်ပြီးဝင်စားလာတဲ့သူ ဖြစ်နိုင်တယ်”
“ မဟုတ်သေးဘူး။ ရှင် ပြောတဲ့နောက်ဆုံးအပိုင်းက မှားနေတယ်” ဝူဟုန်က ရုတ်ချည်း ဝင်ပြောလိုက်သည်။
“ အဲဒါဆိုတော့ မင်း သူ့အနားက အဝတ်အစားတွေနဲ့ အဆောက်အဦးတွေကို မှတ်မိတယ်လား”
“ ဟုတ်တယ် သူတို့က ဧကရာဇ်အစောပိုင်းခေတ်ကပဲ။ ပြောရရင်တော့ နောက်ဆုံးအဆင့်ပေါ့”
“ အဲဒါဆိုတော့ တိထျန်းက ကမ္ဘာဦးနတ်ဘုရား၊ ပင်ကိုနတ်ဆိုး၊ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်တို့နဲ့ ခေတ်အတူတူလို့ ပြောနေတာလား။ သူက ဗလာခေတ်ကိုတောင် ဖြတ်ကျော်ပြီး အသက်ရှင်ခဲ့တယ်ပေါ့” ဝမ်ဝေ့က မေးလိုက်သည်။
“ ဖြစ်နိုင်ပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်ကာ နောက်နာရီပိုင်းကြာသည်အထိ သူ့မှတ်ဉာဏ်ထဲ အသေးစိတ် အချက်အလက်များ လွတ်သွားလားဟု ပြန်လည်စစ်ဆေးနေသည်။ ထို့အပြင် သူက တိထျန်းကို ရင်ဆိုင်ဖို့ အစီအစဉ်များကို ရေးဆွဲနေလေသည်။
နောက်တစ်ရက်တွင် ဝမ်ကျူက အခန်းထဲကို ဝင်လာကာ “ သခင်လေး မဟာကျိုးတော်ဝင်တိုင်းပြည်ကနေ သတင်းရောက်လာပါတယ်”