အခန်း (၁၀၆၉-၁၀၇၀)
Vol. 90 Ch. 1069-1070
အခန်း ၁၀၆၉ - လိမ်ညာမှုစစ်ဆေးစက်၏ စွမ်းပကားနှင့် ကျန်းယွင်ထျန်း၏ သတင်းဦးသတင်းထူးများ
“မင်းက စိန်ခေါ်ရဲတယ်ဆိုမှတော့ စမ်းကြည့်ကြတာပေါ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်ပြီး အပေါ်ထပ်သို့တက်ကာ စနစ်သိုလှောင်ခန်းထဲမှ လိမ်ညာမှုစစ်ဆေးစက်ကို ထုတ်ယူလိုက်သည်။
ရှောင်းယီ စစ်ဆေးစက်ကို ထုတ်ကြည့်လိုက်သောအခါ အတော်လေးမှောင်တက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤလိမ်ညာမှုစစ်ဆေးစက်မှာ ထူးထူးခြားခြား သေးငယ်သည့် လက်စွပ်တစ်ကွင်းသာ ဖြစ်နေသောကြောင့်ပင်။
“စနစ် ... မင်း တစ်ခုခု မှားနေတာလား။”
ရှောင်းယီက စမ်းတဝါးဝါး မေးလိုက်သည်။
“လိမ်ညာမှုစစ်ဆေးစက် (SSS အဆင့်) - ပစ်မှတ်၏ ခန္ဓာကိုယ်ဆိုင်ရာ ညွှန်းကိန်းများ (နှလုံးခုန်နှုန်း၊ ဟော်မုန်းထုတ်လွှတ်မှု၊ နျူရွန်ထိန်းချုပ်မှု အစရှိသည်တို့ အပါအဝင် အခြားသော အချက်အလက်များ) ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပေးသည်။ ၎င်း၏ရှေ့မှောက်တွင် မည်သည့် ဖုံးကွယ်မှုမျိုးမှ ထိရောက်မှုမရှိပါ။”
စနစ်က လိမ်ညာမှုစစ်ဆေးစက်နှင့် ပတ်သက်သည့် အချက်အလက်ကို တိုက်ရိုက် ပြသပေးလိုက်သည်။
“အဲ့ဒီလောက်တောင် စွမ်းတာလား။”
ရှောင်းယီ အံ့သြသွားခဲ့သည်။
“ဒါကို ဘယ်လို သုံးရမှာလဲ။”
“လိမ်ညာမှုစစ်ဆေးစက်က လူတစ်ယောက်ကို စကန်ဖတ်နိုင်သရွေ့ အဲ့ဒီလူက စောင့်ကြည့်မှု ဧရိယာထဲမှာ ရှိနေမှာပါ။”
ရှောင်းယီ နောက်တစ်ကြိမ် ကြောင်အသွားရပြန်သည်။
“ဒါဆိုရင် လူအများကြီးကို တစ်ပြိုင်တည်း စောင့်ကြည့်လို့ရတယ်လို့ ဆိုလိုတာလား။”
“မှန်ပါတယ်။”
ဤစစ်ဆေးစက်၏ လုပ်ဆောင်ချက်ကို အတည်ပြုပြီးနောက် ရှောင်းယီသည် လက်စွပ်ကို သူ၏ လက်ခလယ်တွင် တိုက်ရိုက်စွပ်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ကျန်းယွင်ထျန်းသည် ရှောင်းယီ၏လက်ကို စူးစမ်းစွာ ကြည့်လိုက်၏။ လက်စွပ်တစ်ကွင်း ပိုလာသည်မှအပ လိမ်ညာမှုစစ်ဆေးစက်နှင့် တူသည့်အရာကို လုံးဝ မတွေ့ရပေ။
“လိမ်ညာမှုစစ်ဆေးစက်က ဘယ်မှာလဲ။”
ကျန်းယွင်ထျန်း၏ အမြင်တွင် လိမ်ညာမှုစစ်ဆေးစက်ဆိုသည်မှာ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားပြီး နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကို တိုင်းတာသည့် ကိရိယာမျိုးစုံ ဖြစ်ရမည် မဟုတ်လော။
ရှောင်းယီက သူ၏ ဘယ်ဘက်လက်ကို မြှောက်ပြကာ လက်ခလယ်ကို လှုပ်ယမ်းပြလိုက်သည်။
“ဒီလက်စွပ်က လိမ်ညာမှုစစ်ဆေးစက်လို့တော့ ငါ့ကို လာမပြောနဲ့နော်။”
ကျန်းယွင်ထျန်းက ထိုလက်ဟန်၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို လျစ်လျူရှုကာ ပြုံးလျက် မေးလိုက်သည်။
“ဟုတ်တယ်။ ဒါက လိမ်ညာမှုစစ်ဆေးစက်ပဲ။”
ရှောင်းယီက အခိုင်အမာ ပြန်ဖြေလိုက်သည်။
ယခုအခါ ကျန်းယွင်ထျန်းသာမက ထမင်းစားပွဲတွင် ထိုင်နေသည့် လူတိုင်းပါ ဆွံ့အသွားကြတော့သည်။
ဘယ်သူက လက်စွပ်ကို လိမ်ညာမှုစစ်ဆေးစက်အဖြစ် သုံးမှာလဲ။ ဒါက နောက်ပြောင်နေတာ မဟုတ်ဘူးလား။
ပြီးတော့ ဒီပြက်လုံးက လုံးဝ မရယ်ရဘူး။
“ဟို... ကျွန်းပိုင်ရှင် မင်း နောက်နေတာ မဟုတ်ဘူးဆိုတာ သေချာလား။”
ကျန်းယွင်ထျန်းက ထပ်မံ အတည်ပြုလိုက်သည်။ ရှောင်းယီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ငါကိုယ်တိုင်လည်း မယုံနိုင်စရာ ဖြစ်နေပေမဲ့ ဒါက တကယ်ကို လိမ်ညာမှုစစ်ဆေးစက်ပဲ။ ဘယ်လိုလဲ...မင်း စိန်ခေါ်ချင်သေးလား။”
“ဒါပေါ့...။”
ကျန်းယွင်ထျန်းက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။
“လက်စွပ်ပုံစံ လိမ်ညာမှုစစ်ဆေးစက်က ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာ ကြည့်ရသေးတာပေါ့။”
ထိပ်တန်း ကြေးစားစစ်သားဟောင်းတစ်ဦးအနေဖြင့် ကျန်းယွင်ထျန်းသည် အလွန် ပြင်းထန်သော သင်တန်းများကို တက်ခဲ့ဖူးပေသည်။ တစ်ခါက သူ အဖမ်းခံရစဉ်က အမှန်တရားဖော်ထုတ်ဆေး အထိုးခံရပြီး လိမ်ညာမှုစစ်ဆေးစက်နှင့် စစ်ဆေးခံရသည့်တိုင် သူ၏ထံမှ အသုံးဝင်သော အချက်အလက် တစ်စုံတစ်ရာကိုမျှ ထုတ်ယူနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ကျန်းယွင်ထျန်းက လိမ်ညာမှုစစ်ဆေးစက်နှင့်ပင် မတူသည့် အရာတစ်ခုက သူ့ကို အမှားရှာနိုင်လိမ့်မည် မဟုတ်ဟု အပြည့်အဝ ယုံကြည်နေခြင်း ဖြစ်သည်။
“ကောင်းပြီ။”
ရှောင်းယီက မျက်လုံးလှန်ပြလိုက်ပြီးနောက် ကျန်းရွှဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“အစ်မရွှဲ့ နောက်ပိုင်းမှာ ကျုပ် မမေးသင့်တာတွေ မေးမိသွားရင် အစ်မအနေနဲ့ စိတ်ကို ထိန်းထားပေးပါနော်။”
မနက်စာ စားနေသည့် ကျန်းရွှဲ့သည် အနည်းငယ် ကြောင်သွားပြီးနောက် ရှောငယီ ဘာမေးတော့မည်ကို ချက်ချင်း ရိပ်မိသွားကာ စိတ်ဝင်တစားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယွင်ထျန်း၏ ရင်ထဲတွင် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသော်လည်း သူသည် ချက်ချင်းပင် မိမိကိုယ်ကို စိတ်ညှို့ပြီး တည်ငြိမ်အောင် ထိန်းလိုက်သည်။
ထို့နောက် ရှောင်းယီက ကျန်းယွင်ထျန်းကို ကြည့်ကာ သတင်းဦးသတင်းထူး မေးသလိုမျိုး မေးလိုက်သည်။
“အစ်မရွှဲ့နဲ့ မတွဲခင်တုန်းက အစ်ကို့မှာ ရည်းစား ဘယ်နှစ်ယောက် ရှိခဲ့လဲ။”
“ငါ ဘယ်သူနဲ့မှ မတွဲခဲ့ဖူးဘူး။ ကျန်းရွှဲ့က ငါ့ရဲ့ ပထမဆုံးအချစ်ပဲ။”
ကျန်းယွင်ထျန်းက တည်ငြိမ်သော မျက်နှာပေးဖြင့် ပြန်ဖြေလိုက်သည်။
ရှောင်းယီ၏ လက်ထဲမှ လက်စွပ်သည် ချက်ချင်းပင် အလင်းမျက်နှာပြင်တစ်ခုကို ထုတ်လွှင့်ပြသလိုက်၏။ ထိုမျက်နှာပြင်ပေါ်တွင် သွေးဖိအားနှင့် နှလုံးခုန်နှုန်းကဲ့သို့သော သာမန်အချက်အလက်များအပြင် ဟော်မုန်းအမျိုးမျိုးနှင့် နျူရွန်လှုပ်ရှားမှုများကဲ့သို့သော ထူးခြားသည့် အချက်အလက်များစွာ ပေါ်လာခဲ့သည်။
သာမန် စောင့်ကြည့်သည့် အချက်အလက်များတွင် ကျန်းယွင်ထျန်းသည် မိမိကိုယ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်သော်လည်း နောက်ပိုင်းတွင် ပေါ်လာသော ထူးခြားသည့် အချက်အလက်များတွင်မူ မူမမှန်မှုများ ပေါ်ပေါက်လာတော့သည်။
နောက်ဆုံးတွင် လိမ်ညာမှုစစ်ဆေးစက်၏ အဖြေထုတ်ပြန်ချက်အရ ကျန်းယွင်ထျန်းသည် လိမ်ညာနေကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။
ထိုအလင်းမျက်နှာပြင်သည် ရှောင်းယီအတွက် နောက်ထပ်မေးမြန်းရမည့် ဦးတည်ချက်များကိုပင် လမ်းညွှန်ပေးနေသေးသည်။ ထို့ပြင် ဤမျက်နှာပြင်ကို ရှောင်းယီရှိရာဘက်မှသာ မြင်နိုင်ပြီး အခြားသူများမှာမူ အလင်းတန်းတစ်ခုကိုသာ မြင်ရကာ ဘာအချက်အလက်များ ပါဝင်နေသည်ကို မသိနိုင်ကြပေ။
ရှောင်းယီက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ ကျန်းယွင်ထျန်း၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး “သွားပြီ” ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် လက်စွပ်မှ အလင်းမျက်နှာပြင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရကတည်းက ဤလက်စွပ်သည် သာမန်မဟုတ်ဘဲ တကယ့်လိမ်ညာမှုစစ်ဆေးစက် ဖြစ်နေပြီဟု သူ သိလိုက်သောကြောင့်ပင်။
ရှောင်းယီက ဆက်မေးလိုက်သည်။
“အစ်ကို့ရဲ့ ပထမဆုံးအချစ်ကို တက္ကသိုလ်မှာ စတွေ့ခဲ့တာလား။”
“မဟုတ်ဘူး။ ကြေးစားစစ်သား ဖြစ်ပြီးမှ။”
“ပစ်မှတ်က လိမ်ညာနေပါသည်။”
“အစ်မရွှဲ့နဲ့ ပတ်သက်မှု အပါအဝင်ဆိုရင် အစ်ကို့မှာ စုစုပေါင်း အချစ်ရေး နှစ်ခု ရှိခဲ့တာလား။”
“မဟုတ်ဘူး။ တစ်ခါပဲ ရှိခဲ့တာ။”
“ပစ်မှတ်က လိမ်ညာနေပါသည်။”
...
ဤသို့ဖြင့် ရှောင်းယီ၏ ဟိုရောက်ဒီရောက် မေးခွန်းများအောက်တွင် လိမ်ညာမှုစစ်ဆေးစက်သည် ကျန်းယွင်ထျန်း၏ အချစ်ရေးရာဇဝင်ကို အကုန်အနှစ်ချုပ်ပေးလိုက်တော့လေသည်။
“ကဲ ... ဒီမှာတင် ရပ်ကြရအောင်။”
ရှောင်းယီက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
ထမင်းစားပွဲရှိ လူတိုင်းသည် သတင်းဦးသတင်းထူးများကို စောင့်မျှော်နေသော မျက်နှာများဖြင့် ရှောင်းယီကို ဝိုင်းကြည့်နေကြပြီး စစ်ဆေးစက်က ဘာအဖြေတွေ ထုတ်ပေးခဲ့သလဲဆိုသည်ကို သိချင်နေကြသည်။
ရှောင်းယီက စစ်ဆေးစက်ကို ပိတ်လိုက်ပြီး လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဘာလို့ ကျုပ်ကို ဝိုင်းကြည့်နေကြတာလဲ။ မြန်မြန်စားကြလေ။”
ကျန်းရွှဲ့က အခြေအနေကို ချက်ချင်း ရိပ်မိသွားခဲ့သည်။ သူမက မျက်မှောင်ကြုတ်ကာ ကျန်းယွင်ထျန်းကို ကြည့်လိုက်၏။
“ကောင်းပြီလေ ကျန်းယွင်ထျန်း ... နင် ငါ့ကို လိမ်ရဲတယ်ပေါ့။”
ကျန်းယွင်ထျန်းသည် ကျောရိုးထဲမှ စိမ့်တက်သွားကာ စိတ်ကိုတင်းလိုက်၏။
“ငါ တကယ် မလိမ်ပါဘူး။ ကျွန်းပိုင်ရှင် ... ကူပြီး တစ်ခုခု ပြောပေးပါဦး။”
ထိုသို့ဆိုရင်း သူသည် ရှောင်းယီကို မျက်စိမှိတ်ပြလိုက်၏။
“အစ်မရွှဲ့ ... အစ်ကိုကျန်းက အစ်မကို တမင်သက်သက် လိမ်ချင်လို့ လိမ်တာ မဟုတ်ပါဘူး။”
ရှောင်းယီက စကားစလိုက်သည်နှင့် ကျန်းယွင်ထျန်းကို တန်းပြီး ရောင်းစားလိုက်တော့သည်။
“ကျွန်းပိုင်ရှင် ... မင်း...”
ကျန်းယွင်ထျန်း ဆွံ့အသွားရ၏။ ကျန်းရွှဲ့၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ပေါ်လာပြီဖြစ်သည်။
ထိုစဉ် ရှောင်းယီက ဆက်ပြောလိုက်သည်။
“အစ်မရွှဲ့ အစ်ကိုကျန်းက အစ်မကို တကယ်ကြီး လိမ်တာတော့ မဟုတ်ပါဘူး။ သူ ပထမဆုံး တွဲခဲ့တာက အချစ်ရေးလို့တောင် အတိအကျ ပြောလို့မရလို့ဘူး။ အသေးစိတ်ကိုတော့ ပြန်ရောက်မှ သူ့ကို ဖြည်းဖြည်းချင်း ဝန်ခံခိုင်းလိုက်ပေါ့။ အစ်မရွှဲ့က အရာရာကို နားလည်ပေးနိုင်တဲ့သူလို့ ကျုပ် ယုံကြည်ပါတယ်။”
ထိုအခါ ကျန်းရွှဲ့သည် ကျန်းယွင်ထျန်းကို ဆွဲခေါ်ပြီး ထွက်သွားရန် ပြင်တော့သည်။ သို့သော် ကျန်းယွင်ထျန်းက ရှောင်းယီကို အံ့သြတကြီး ကြည့်လိုက်မိလေသည်။
“ခဏလေး။”
ကျန်းယွင်ထျန်းက ကျန်းရွှဲ့ကို တားလိုက်ပြီး ရှောင်းယီကို သေသေချာချာ ကြည့်ကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် အဲ့ဒီလိမ်ညာမှုစစ်ဆေးစက်က ဒါတွေအကုန်လုံးကို တကယ်ကြီး သတင်းပို့ပေးခဲ့တာလား။”
ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး “မှန်တယ်” ဟု ဖြေလိုက်သည်။
ထိုအခါ ကျန်းယွင်ထျန်းက အံ့သြတကြီးဖြင့် ပြောလိုက်၏။
“ကျွန်းပိုင်ရှင် ဒါဆိုရင် အကုန်လုံးကို လူသိရှင်ကြားသာ ပြောလိုက်ပါတော့။ မင်းရဲ့ စစ်ဆေးစက်က ဘယ်လောက်တောင် စွမ်းသလဲဆိုတာ ငါ အရမ်းသိချင်နေပြီ။”
ရှောင်းယီသည် ကျန်းယွင်ထျန်း၏ တည်ကြည်သော မျက်နှာကို ကြည့်ပြီး ခေါင်းညိတ်ကာ အေးအေးဆေးဆေးပင် ပြန်ပြောပြလိုက်သည်။
အမှန်စင်စစ် ကျန်းယွင်ထျန်းသည် တက္ကသိုလ်တုန်းက မိန်းကလေးတစ်ယောက်နှင့် တွဲခဲ့ဖူးသော်လည်း ထိုမိန်းကလေးမှာ ကျန်းယွင်ထျန်း၏ ခံစားချက်ကို ကစားခဲ့ခြင်းသာ ဖြစ်ပြီး ကျန်းယွင်ထျန်းမှာ သူမ၏ လက်ကိုပင် မကိုင်ခဲ့ဖူးချေ။
ရှောင်းယီ ပြောပြီးသွားသောအခါ ကျန်းယွင်ထျန်း၏ မျက်လုံးများ ပြူးထွက်သွားတော့သည်။
“စစ်ဆေးစက်က ဒါတွေအကုန်လုံးကို ပြောပြတယ်ဆိုတာ သေချာလား။”
ရှောင်းယီက ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။ ဘေးတွင်ရှိနေသော ကျန်းရွှဲ့သည်လည်း ထိုအချက်အလက်များကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းနှင့် ထိုမိန်းကလေးကြားတွင် ဘာမှမဖြစ်ခဲ့ကြောင်း သိသွားသဖြင့် စိတ်ထဲရှိ ဒေါသများမှာ ပြေလျော့သွားတော့သည်။ ထို့ပြင် ကျန်းယွင်ထျန်းသည် လက်ရှိတွင် ကျွန်းပိုင်ရှင်၏ စစ်ဆေးစက်ကို လက်တွေ့စမ်းသပ်ပေးနေခြင်း ဖြစ်သဖြင့် သူမအနေဖြင့်လည်း ဒေါသတကြီး ပြဿနာရှာရန် မသင့်တော်တော့ပေ။
“အဲ့ဒီလောက်တောင် အစွမ်းထက်တာလား။ ငါက ငါ့ကိုယ်ငါ ကောင်းကောင်း ထိန်းချုပ်နိုင်တယ်လို့ ထင်ထားတာ။”
ကျန်းယွက်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး ကျန်းရွှဲ့ကို ခိုးကြည့်လိုက်သည်။ ကျန်းရွှဲ့ သိပ်မစိတ်ဆိုးတော့သည်ကို မြင်မှ သူ လျှို့ဝှက်စွာ သက်ပြင်းချနိုင်တော့သည်။
သူ အာရုံလွှဲရန် လိုအပ်နေသေးသည်။ မဟုတ်လျှင် အိမ်ပြန်ရောက်သည့်အခါ စားရမည့် ဒူးရင်းသီးမှာ ပါးစပ်အတွက် ဖြစ်လာမည် မဟုတ်ချေ။
အခန်း ၁၀၇၀ - အသက်ဆက်ရန် အာရုံလွှဲခြင်းနှင့် လော့ရယ်တို့ မောင်နှမ ရောက်ရှိလာခြင်း
ကျန်းယွင်ထျန်း၏ အကွက်ကို ရှောင်းယီ သတိထားမိသော်လည်း ရယ်ချင်စိတ်ကို အောင့်ထားပြီး လိမ်ညာမှုစစ်ဆေးစက် အကြောင်းကိုသာ ဆက်ပြောလိုက်သည်။
“ဟုတ်တယ်။ အစ်ကို့ရဲ့ သာမန်စစ်ဆေးမှုဆိုင်ရာ ညွှန်းကိန်းတွေက တကယ့်ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်တယ်။ ဒါက အစ်ကိုဟာ ပညာရှင်တစ်ယောက်ဆိုတာ ပြနေတာပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လွှတ်မှုတွေ ဒါမှမဟုတ် ဦးနှောက်ထဲက နျူရွန်လှုပ်ရှားမှုတွေကိုတော့ အစ်ကို မထိန်းချုပ်နိုင်ဘူးလေ။”
ရှောင်းယီက ဆက်ရှင်းပြလိုက်သည်။
“ဒီစစ်ဆေးစက်က အချက်အလက် အများကြီးကို စောင့်ကြည့်ထားတယ်။ အဲ့ဒီ သာမန်မဟုတ်တဲ့ ညွှန်းကိန်းတွေကပဲ အစ်ကို လိမ်နေတယ်ဆိုတာကို ဖော်ပြလိုက်တာပဲ။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်ပြီး ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးလိုက်သည်။ သူ ဤအကြောင်းအရာကို ဆက်သွားမှဖြစ်မည်။ မဟုတ်လျှင် အိမ်ပြန်ရောက်သည့်အခါ ဒူးရင်းသီးပေါ် ဒူးထောက်ရပေလိမ့်မည်။
“ဒီစစ်ဆေးစက်က ဒီလောက်တောင် အစွမ်းထက်တယ်ဆိုတော့ အသက်ရှင်ကျန်ရစ်သူတွေထဲမှာ မသေမျိုးတွေနဲ့ ပူးပေါင်းနေတဲ့သူ ရှိ၊ မရှိ စမ်းသပ်ဖို့ ဒါကို သုံးလို့ရတာပဲ။”
အန်းရန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ကတော်ကြီးရယ်...။
ကျန်းယွင်ထျန်း၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း ထောက်ခံလိုက်သည်။
“အတိအကျပဲ။ အသက်ရှင်ကျန်ရစ်သူတွေ ပိုပြီး အသက်ဆက်နိုင်ဖို့ဆိုရင် အဆင့်မြင့်လက်နက်တွေ ထောက်ပံ့ပေးဖို့ လိုတယ်။ လက်ရှိ သူတို့ကျွန်းတွေမှာ ရှိနေတဲ့ လက်နက်တွေနဲ့ဆိုရင် တောင့်ခံနိုင်ဖို့ တော်တော်ခက်တယ်။”
တကယ်တော့ မသေမျိုးမျိုးနွယ်စုသည် အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများကို တိုက်ခိုက်ရန် နည်းလမ်းအမျိုးမျိုး သုံးလာကြပြီ မဟုတ်ပါလော။
ဤသည်မှာလည်း ကမ္ဘာ့စည်းမျဉ်းများက စမ်းသပ်မှု အခက်အခဲကို အဆက်မပြတ် တိုးမြှင့်ပေးနေပြီး လူတိုင်းကို ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တိုးတက်အောင် တွန်းအားပေးနေ၍လည်း ဖြစ်ပေသည်။
အန်းယွဲ့က ခေါင်းညိတ်လိုက်သည်။
“ဒါကို ငါလည်း အပြည့်အဝ ထောက်ခံတယ်။ အသက်ရှင်ကျန်ရစ်သူတွေက ငါတို့အတွက် အုတ်မြစ်ကျောက် ရရှိရာ ရေရှည်အရင်းအမြစ်တွေပဲ။ သူတို့ကို တတ်နိုင်သမျှ ကယ်တင်ထားသင့်တယ်။”
အန်းရန်၏ အကြံပေးချက်ကို ကြားသောအခါ ရှောင်းယီ၏ မျက်လုံးများလည်း အနည်းငယ် တောက်ပသွားခဲ့သည်။
“ဟုတ်သားပဲ။ ဒါရှိရင် အသက်ရှင်ကျန်ရစ်သူတစ်ယောက်က မသေမျိုးတွေနဲ့ ပူးပေါင်းနေသလား ဒါမှမဟုတ် သူတို့ရဲ့ ထိန်းချုပ်မှုကို ခံထားရသလားဆိုတာ အပြည့်အဝ စမ်းသပ်လို့ ရတာပဲ။”
“မှန်တယ်။ အဲ့ဒါဆိုရင် ငါတို့လည်း စိတ်ချလက်ချနဲ့ အဆင့်မြင့်လက်နက်တွေကို ရောင်းချပြီး အုတ်မြစ်ကျောက်တွေ ရှာလို့ရပြီ။”
အန်းယွဲ့က ဆက်ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ကာ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီ...။ ဒီကိစ္စကို အစ်ကိုကျန်းပဲ တာဝန်ယူလိုက်ပါ။ အစ်ကိုက လိမ်ညာမှုစစ်ဆေးတာနဲ့ ပတ်သက်ပြီး အကျွမ်းတဝင်ရှိတယ်။”
ထိုအခါ ကျန်းယွင်ထျန်းက ချက်ချင်း မတ်တတ်ရပ်ကာ “ဟုတ်ကဲ့ပါ” ဟု ပြန်ဖြေလိုက်လေသည်။
ရှောင်းယီသည် လိမ်ညာမှုစစ်ဆေးစက်ကို သူ၏ လက်ချောင်းမှ ချွတ်ကာ ကျန်းယွင်ထျန်းထံ ကမ်းပေးလိုက်သည်။ ကျန်းယွင်ထျန်းက စက်ကို လက်ခံရယူပြီးနောက် ပြောလိုက်သည်။
“စိတ်ချပါ ကျွန်းပိုင်ရှင်။ အသက်ရှင်ကျန်ရစ်သူတွေထဲက သစ္စာဖောက်တွေကို ငါ အမြန်ဆုံး ဖော်ထုတ်ပေးပါ့မယ်။”
ထိုသို့ပြောပြီးသည်နှင့် ကျန်းယွင်ထျန်းသည် သူ၏ ခွက်ထဲမှ နွားနို့ကို အကုန်မော့ချလိုက်ပြီး အပြင်သို့ ချက်ချင်း ထွက်သွားတော့သည်။
“ဝေး ... အစ်ကိုကျန်း မနေ့ညက တစ်ညလုံး တာဝန်ကျထားတာလေ။ ပြန်ပြီး အရင်နားပါဦးလား။”
ရှောင်းယီက လှမ်းအော်ပြောလိုက်သည်။
“မလိုတော့ဘူး။ မနေ့ညက ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။ ခဏ အိပ်ထားလို့ အခု မအိပ်ချင်တော့ဘူး။”
ကျန်းယွင်ထျန်းသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားတော့သည်။
ထမင်းစားပွဲ၌ ခဏတာ အောင့်ထားပြီးနောက် လူတိုင်းမှာ ရယ်သံများ ပေါက်ကွဲထွက်ကုန်ကြတော့သည်။ ကျန်းရွှဲ့ပင် ရယ်မောလိုက်မိသည်။
“အစ်ကိုကျန်းကို ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ အန်းရန်က ရှောငယီကို မျက်စောင်းထိုးလိုက်၏။
“နင်ကလည်း လူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို အဲ့ဒီလိုကြီး ဖော်ထုတ်လိုက်ရလား။”
“စိတ်ကူးပေါက်လို့ စမ်းကြည့်တာပါ။ အစ်ကိုကျန်းမှာ ဒီလို အတိတ်ဇာတ်လမ်းမျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အစ်မရွှဲ့... အစ်မလည်း ပြန်ပြီး အစ်ကိုကျန်းကို သေသေချာချာ နှစ်သိမ့်ပေးလိုက်ပါဦး။”
“စိတ်ချပါ။ ကျွန်မ သူ့ကို သေသေချာချာ ‘နှစ်သိမ့်’ ပေးမှာပါ။”
ကျန်းရွှဲ့က အံကြိတ်ပြီး ပြောလိုက်ပုံရသည်။
ရှောင်းယီသည် ကျန်းယွင်ထျန်း၏ ဘေးကင်းလုံခြုံမှုအတွက် ရင်ထဲမှသာ ဆုတောင်းပေးနိုင်တော့သည်။
ကျန်းယွင်ထျန်း: ကျေးဇူးတင်လိုက်တာဗျာ
မနက်စာ စားပြီးနောက် ရှောင်းယီသည် ရော်ဂျာထံမှ ဖုန်းခေါ်ဆိုမှုကို ချက်ချင်း လက်ခံရရှိခဲ့သည်။
“ကျွန်းပိုင်ရှင် ကျုပ်နဲ့ ကျုပ်အစ်မ မဟာမိတ်ကျွန်းကို လာလည်ချင်လို့ပါ။ ကျွန်းပိုင်ရှင် သဘောတူပေးလို့ရမလား။”
ရော်ဂျာက ရိုသေသောလေသံဖြင့် မေးလိုက်သည်။
ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။
“ငါတို့ မဟာမိတ်ကျွန်းရဲ့ နေရာအတော်များများကို လူအများအတွက် ဖွင့်ပေးထားပါတယ်။ မင်းတို့ လာချင်တဲ့အချိန် လာလို့ရတယ်။ ငါ့ကို သတင်းပို့နေဖို့ မလိုပါဘူး။ ပြီးတော့ မင်း အဲ့ဒီလိုကြီး စကားပြောနေတာကို ငါ တကယ်ကြီး အသားမကျဘူး။”
“ဟားဟား ... ကျွန်းပိုင်ရှင်က တကယ် ဖော်ရွေတယ်ဆိုတာ ကျုပ် သိသားပဲ။ မတတ်နိုင်ဘူးလေ...ကျုပ်ရဲ့ခမည်းတော်က ကျွန်းပိုင်ရှင်ဆီက ခွင့်တောင်းရမယ်လို့ အမိန့်ပေးထားတာကိုး။”
ရော်ဂျာ၏ လေသံမှာ ချက်ချင်း ပေါ့ပါးသွားတော့သည်။ ရှောင်းယီက ကူကယ်ရာမဲ့သွားခဲ့၏။
“မင်းတို့ ဒီကိုလာပြီး ငါတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာသရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ငါ့ကို သတင်းပို့နေဖို့ မလိုသလို မင်းတို့ ကောင်းကင်မိုးကြိုးမင်းဆက်က လူတိုင်းအတွက်လည်း အတူတူပဲ။”
“ဟုတ်ကဲ့ နားလည်ပါပြီ။”
ရော်ဂျာက ပြန်ဖြေလိုက်သည်။
“ဒါနဲ့ ကျွန်းပိုင်ရှင် အရင်က ကျုပ်ကို အပန်းဖြေစခန်းမှာ တစ်ရက် အခမဲ့ ကစားခွင့်ပေးမယ်လို့ ကတိပေးထားတာ မှတ်မိသေးလား။ အဲ့ဒါ အခုထိ အကျုံးဝင်သေးရဲ့လား။”
“အကျုံးဝင်တာပေါ့။ လာသာလာခဲ့။ မင်းနဲ့ မင်းအစ်မအတွက် ကုန်ကျစရိတ်တွေ အကုန်လုံးကို ငါ အခမဲ့ပေးမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ရောက်တာနဲ့ အရင်ဆုံး ကိုယ်ပိုင်ကတ်တွေ အရင်လုပ်ထားကြဦး။ တစ်ခုခု ဝယ်မယ်ဆိုရင် အဲ့ဒီကတ်တွေ လိုလိမ့်မယ်။”
“သိပ်ကောင်းတာပဲ။ ကျုပ်တို့ အခုချက်ချင်း လာခဲ့မယ်။”
ရော်ဂျာက ဝမ်းသာအားရ ခုန်ပေါက်ရင်း ဖုန်းချလိုက်တော့သည်။
ဘေးနားရှိ လော့လင်တန်နှင့် လော့ရယ်မှာ သူ့ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေမိကြသည်။
“ရှောင်ကျဲ... မင်းကတော့ တကယ့်ကို ရိုင်းပြလွန်းနေပြီ။”
လော့လင်တန်က မနေနိုင်ဘဲ ဆူလိုက်၏။
“ခမည်းတော်ကို သားတော် ပြောသားပဲ။ ကျွန်းပိုင်ရှင်က အရမ်းဖော်ရွေတဲ့သူပါဆို။ စည်းကမ်းတွေကို လိုက်နာသရွေ့ အဲ့ဒီလောက်ကြီး တင်းမာနေဖို့ မလိုပါဘူး။”
ရော်ဂျာက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
“ခမည်းတော်ကသာ သားတော်စကားကို ယုံမှ မယုံတာ။”
“ကျွန်းပိုင်ရှင်က ဖော်ရွေတာ ဟုတ်ပေမဲ့ မင်းဘက်ကလည်း အခွင့်ကောင်း မယူသင့်ဘူး။”
လော့လင်တန်က လေးနက်စွာ ဆိုလိုက်သည်။ ရော်ဂျာ မျှော်လင့်ချက်ကင်းမဲ့သွား၏။
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ခမည်းတော်ရဲ့ ဆုံးမစကားတွေကို သားတော် သေသေချာချာ မှတ်ထားပါ့မယ်။ အခု သွားလို့ရပြီလား။”
“သွားကြတော့။ လောပရယ်... မင်းရဲ့မောင်ကို သေသေချာချာ စောင့်ကြည့်ထားဦး။”
လော့လင်တန်က ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ခမည်းတော်။
လော့ရယ်သည် ရော်ဂျာ့နောက်မှ နန်းတော်အတွင်းရှိ တည်နေရာကူးပြောခြင်း အစီအရင်ဆီသို့ လိုက်သွားတော့သည်။
လော့ရယ်နှင့် ရော်ဂျာတို့ မောင်နှမနှစ်ယောက်သည် အစီအရင်ကို အသုံးပြု၍ ယီရန်ပင်း မဟာမိတ် အပန်းဖြေစခန်းသို့ ရောက်ရှိလာခဲ့သည်။
အစီအရင်မှ ထွက်လာသည်နှင့် ရှေ့တွင် မြင်တွေ့ရသော မိုးမျှော်တိုက်ကြီးများကြောင့် မောင်နှမနှစ်ယောက်မှာ အံ့အားသင့်သွားကြရတော့သည်။
“အိမ်တွေကို ဒီလောက်အထိ အမြင့်ကြီး ဆောက်လို့ရတာလား။”
ရော်ဂျာက မမေးဘဲ မနေနိုင်တော့ပေ။
“ကျုပ်က ကျုပ်တို့ မြို့တော်က ကိုးထပ်မျှော်စင်ကို အမြင့်ဆုံး အဆောက်အဦးလို့ ထင်ထားခဲ့တာ။”
လော့ရယ်သည်လည်း ထိုမျှော်စင်ထက် ခုနစ်ဆ၊ ရှစ်ဆခန့် ပိုမြင့်သော အဆောက်အဦးများကို ကြည့်ရင်း မှင်တက်နေမိသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့ဒါတွေ ပြိုကျသွားမှာကို သူတို့ မစိုးရိမ်ကြဘူးလား။”
“ဒါပေါ့...မစိုးရိမ်ပါဘူး။ ဒီအဆောက်အဦးတွေကို မဆောက်ခင်ကတည်းက အင်ဂျင်နီယာပညာရပ်တွေနဲ့ သေသေချာချာ တွက်ချက်ထားတာလေ။ အဲ့ဒီလောက် အလွယ်တကူ ပြိုကျမယ်ဆိုရင် ဆောက်မှာတောင် မဟုတ်ဘူး။”
ရှောင်းယီ၏ အသံက သူတို့နောက်မှ ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီ၏ အသံကို ကြားသောအခါ ရော်ဂျာက ချက်ချင်း ဝမ်းသာအားရ လှည့်ကြည့်ကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ။”
“ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ မင်းသားနဲ့ မင်းသမီး လာလည်တာဆိုတော့ ငါလည်း ကိုယ်တိုင်လာကြိုရတော့တာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုစဥ် လော့ရယ်က စူးစမ်းလိုစိတ်ဖြင့် ဘေးမှ ဝင်မေးလိုက်သည်။
“ဒါပေမဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာရင်ကော။ ဥပမာ ငလျင်လှုပ်တာ ဒါမှမဟုတ် တိုင်ဖွန်းမုန်တိုင်း တိုက်တာမျိုးဆိုရင်ရော...။”
“အဲ့ဒီအတွက် အရမ်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ဒီဇိုင်းဆွဲကတည်းက ငလျင်ဒဏ်နဲ့ မုန်တိုင်းဒဏ် ခံနိုင်ရည်တွေကို ထည့်သွင်းတွက်ချက်ထားပြီးသားပါ။ ဒီအပန်းဖြေ ဟိုတယ်ဆိုရင် ပြင်းအား ၈ အဆင့်ရှိတဲ့ ငလျင်နဲ့ အဆင့် ၉ ရှိတဲ့ တိုင်ဖွန်းမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိတယ်။ အကယ်၍ မင်းသမီးအနေနဲ့ အသေးစိတ် အချက်အလက်တွေကို သိချင်တယ်ဆိုရင် ကျုပ်တို့ရဲ့ ဒီဇိုင်းပညာရှင်တွေနဲ့ ဆွေးနွေးကြည့်လို့ ရပါတယ်။”
လော့ရယ်က ခေါင်းညိတ်ပြလိုက်သည်။
“လာကြ... ငါနဲ့အတူ လိုက်ခဲ့။ အရင်ဆုံး ကတ်လုပ်ကြတာပေါ့။”
ရှောင်းယီက လက်ဟန်ပြကာ ခေါ်လိုက်သည်။
“ဒီကတ်က ပုံစံနှစ်မျိုး ရှိတယ်။ တစ်မျိုးက ပလတ်စတစ်ကတ်ပြား။ နောက်တစ်မျိုးကတော့ ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းရတဲ့ ဇီဝချစ်ပ်ပဲ။”
ပြောနေရင်းနှင့် ရှောင်းယီက သူ၏ လက်ကောက်ဝတ်တွင် ထည့်သွင်းထားသော ချစ်ပ်ပြားကို နမူနာ ပြသလိုက်သည်။
“ဒီကတ်က မင်းတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်၊ ငွေကြေးအရောင်းအဝယ်၊ လူမှုဖူလုံရေး လုပ်ငန်းစဉ်တွေနဲ့ တခြားကိစ္စတွေအတွက် အသုံးဝင်တယ်။ ဒါရှိရင် ယီရန်ပင်း မဟာမိတ်အဖွဲ့ထဲမှာ အရာရာက ပိုပြီး အဆင်ပြေသွားလိမ့်မယ်။”
ရှောင်းယီက ဆက်လက် မိတ်ဆက်ပေးလိုက်သည်။
“ဒါက အရမ်းပျော်စရာကောင်းတာပဲ။ ကျုပ် အသားထဲထည့်တဲ့ ချစ်ပ်ပြားပဲ လိုချင်တယ်။”
ရော်ဂျာက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
သို့သော် လော့ရယ်မှာမူ ရုတ်တရက် ထိတ်လန့်သွားကာ နောက်သို့ ဆုတ်လိုက်မိပြီး လက်က သူမ၏ ခါးရှိ ကန္တာရလင်းယုန် သေနတ်ဆီသို့ ရောက်သွားတော့သည်။