အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အပိုင်း ၂၉ : စော်မရှိလို့ နှိမ်တာလား
မီရိုကုမ္ပဏီနှင့် အိုင်တမ်အပြိုင် ဖန်တီးရမှာ။ တာဝန်အဆင့်က အေဆိုတော့ တော်တော်ခက်သည်။ အေအဆင့် တာဝန်ဆိုသည်မှာ အဆင့် ၂၁ ကစားသမားအတွက် ရှင်းဖို့ မဖြစ်နိုင်သည့် တာဝန် ဖြစ်သည်။
ဒီတာဝန် ကျရှုံးသွားရင် ဘယ်လိုလုပ်မတုန်း။ ဒါဆိုရင် ဒီလောက် ခက်သည့် တာဝန်ကို ဘာလို့ ကျွန်တော် လက်ခံလိုက်သလဲ။ ရှင်းပါတယ်ဗျာ လက်ခံကတည်းက ဒီတာဝန်ကို ကျွန်တော် ရှင်းနိုင်တယ်လို့ ယုံကြည်လို့ပေါ့။
ဒီတာဝန်က တကယ်လို့သာ တိုက်ခိုက်ခြင်း စွန့်စားခန်းထွက်ခြင်းတို့နှင့် သက်ဆိုင်ပါက ယုံကြည်ချက် သိပ်မရှိပေ။ ဒီလိုတာဝန်များကို ဦးစားပေးလုပ်ခိုင်းရင် ဒဏ္ဍာရီလာဇာတ်ကောင်ဖြစ်နေရင်တောင်မှ လက်ရှိ အဆင့်လေးနှင့် ဘယ်လိုလုပ်ရှင်းနိုင်မလဲ။
ဒါပေမဲ့ တာဝန်က မီရိုကုမ္ပဏီနှင့်အပြိုင် အိုင်တမ်ဖန်တီးခိုင်းတာဆိုတော့ မီရိုကနေ ဌားထားသည့် ပန်းပဲဆရာထက် သာသည့် အိုင်တမ်လုပ်နိုင်ရင် တာဝန်ရှင်းနိုင်ပြီ။
“ငါ ဆိုတာက မော်ကွန်းမြားကို လုပ်နိုင်တဲ့ ဒဏ္ဍာရီလာပန်းပဲဆရာလေကွာ။ မီရိုကုမ္ပဏီက တန်းမြင့်အဆင့်ပန်းပဲဆရာကို ဌားလာရင်တောင် သူ့ကို နိုင်မယ်လို့ ယုံကြည်တယ်။ ဟင်း ဟင်း၊ ဒါကို တာဝန်လို့တောင် မခေါ်ဘူး..... ဖရီးဂုန်းဆင်းတာလို့ ခေါ်တာကွ”
လရောင်က ပြတင်းပေါက်ကနေ ကျွန်တော့်ဆီကို ဖြာကျနေချိန် ကျွန်တော်ကတော့ ပြုံးနေပြီးတော့ ရုပ်ပြထဲက ဇာတ်ကောင်ဒိုင်ယာလော့ရွတ်နေတာပေါ့။ ဂိုဒေါင်ကနေ အိုင်တမ်လုပ်ဖို့ ကိရိယာယူလာသည့် စမစ်က ကျွန်တော့်ကို စိုးရိမ်တကြီး ကြည့်နေသည်။
“ညစာကိုများ အစားမှားလို့လား.... မင်း ကြည့်ရတာ ဖျားနေသလိုပဲ အဆင်ကော ပြေရဲ့လား ကောင်လေး။ ဆေးသောက်ရမယ်ဆိုပြော။ မရတော့ဘူး၊ ဆရာဝန်ကို အခု သွားပင့်မှရမယ်”
“.....ဘယ်နားက ဖျားနေတာနဲ့ တူလို့လဲ”
ခန်တွင် အနုပညာကို ခံစားတတ်သည့် စိတ် မရှိဘူး ထင်သည်။
“ကျွတ် ကျွတ် ပန်းပဲဆရာဆိုတာ အနုပညာတခုပဲကို’
ခန့်ပုံစံက အနုပညာကို မခံစားတတ်ဘူးလို့ ထင်ရသော်လည်း သူလုပ်ထားသည့် အိုင်တမ်များကို ကြည့်လိုက်ပါက လှပလိုက်သည့် ဓား လှလိုက်သည့် ခေါင်းဆောင်းဟု သက်ပြင်းချယူရသည်။
“ဒါတွေက ငါ့လက်ရာတွေလေ။ ဘယ်လို ထင်လဲ။ သိပ်အဆင်မပြေဘူးလို့ ထင်နေတာမလား။ တကယ်တော့ ငါ နာမည်ရှိတာက လက်ရာမြောက်လှပလွန်းတဲ့ အိုင်တမ်တွေ ဖန်တီးနိုင်လို့ပဲ။ ငါ့အနုပညာမျက်စိကို အနုပညာရှင်တွေကတောင် အသိအမှတ်ပြုကြရတယ်။ ဟဟ”
...ဒီအဘိုးကြီး ငါ့အတွေးတွေကိုများ ဖတ်နိုင်သလားမသိဘူး။ ကျွန်တော်က ဓားနှင့် ခေါင်းဆောင်းကို ကြည့်နေစဉ် ခန်က ထုတ်လုပ်ရေးကိရိယာများကို ချပြလာသည်။
“မင်း မြင်သည့်အတိုင်း ကိရိယာအစုံရှိတယ်။ ဂိုဒေါင်မှာလဲ သတ္တု၊ သတ္တုရိုင်းနှင့် သစ်တွေ အစုံရှိတယ်။ အရင်လတွေက ဘာမှမလုပ်တော့ ဂိုဒေါင်ထဲမှာ သတ္တုအများကြီးပဲ.... အကောင်းတွေချည်း စိတ်မပူနဲ့။ မင်း လေ့ကျင့်မယ်ဆို ဒါတွေ ယူသုံးလို့ ရတယ်”
ခန်က ခါးခါးသီးသီးပြုံးလိုက်သည်။
“မီရိုကုမ္ပဏီက ခင်ဗျားကို အကြွေးမတင်တင်အောင်လှည့်စား၊ ပြီးတော့ လူမိုက်ဌား။ ဒီကောင်တွေ ခင်ဗျားဈေးရောင်းတာ နှောင့်ယှက်၊ ခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက်နှိပ်စက်တာတောင် ဘာလို့ အမှုမဖွင့်ပဲ တိတ်ဆိတ်နေရတာလဲ”
ခန် သက်ပြင်းချလိုက်ပြီးတော့
“ငါလည်း ဒီအကြောင်းတွေကို အစောင့်အရှောက်ခေါင်းဆောင်နဲ့ အရှင့်ကို သွားတိုင်တာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။ ငါ ဖြစ်စေချင်တာက ဒီမတရားမှုကို သူတို့ တားဆီးပေးဖို့လေ။ ဒါပေမဲ့ ငါ့ကို လျစ်လျူရှုထားကြတယ်”
“.....ဒါက မီရိုကုမ္ပဏီစနက်မကင်းဘူးလို့ ကျွန်တော် ယူဆတယ်”
“ဟုတ်တယ်။ မီရိုကုမ္ပဏီက မြောက်ပိုင်းမှာ အကြီးဆုံး အချမ်းသာဆုံးကုမ္ပဏီထဲက တခုလေ။ မီရိုကုမ္ပဏီက အစောင့်တွေနဲ့ အရှင့်ကို လာဘ်ထိုးပြီး လက်ဝါးရိုက်ထားကြတာပေါ့။ ငါပဲ မဟုတ်ဘူး။ ဝင်စတန်ဒေသခံအများကြီး မီရိုကုမ္ပဏီကြောင့် လမ်းဘေးရောက်ကြကုန်ပြီ။ အရှင်ကလည်း လျစ်လျူရှုထားတယ်”
ပိုက်ဆံက အကောင်းဆုံးပဲ။ ကျွန်တော်က ပိုက်ဆံအာဏာကို နားလည်လို့ ချမ်းသာရမယ်လို့ သန္နိဌာန်ချထားတာ။
“အမ် နေပါအုံး ဒီဝင်စတန်ကို မြို့စားစတိုင်းပိုင်တာ မဟုတ်လား”
“ဟုတ်တယ်”
“ဘာလို့ ဒေသခံတွေက မြို့စားစတိုင်းဆီကို သွားပြီး ဝင်စတန်အရှင်လုပ်နေတာတွေ မတိုင်တာလဲ။ ဒါဆို မြို့စားစတိုင်းက အပြစ်ပေး.... မဟုတ်မှလွဲရော မီရိုကုမ္ပဏီရဲ့လက်က မြို့စားစတိုင်းထိ ရောက်နေပြီလို့ ထင်နေတာလား”
ခန်က ခေါင်းခါလိုက်ပြီး
“ဒီလိုလဲ မဟုတ်ဘူး။ ငါတို့လဲ မြို့စားစတိုင်းဆီ သွားဖို့ လုပ်ကြတာပေါ့။ ဒါပေမဲ့ သွားတိုင်း အရှင်က သတိပြုမိပြီး ဝင်စတန်က ထွက်လို့မရအောင် တားတယ်။ စာပို့ဖို့ကလဲ မြို့စားစတိုင်းဆီရောက်ဖို့က အရှင်ကတစ်ဆင့် သွားရမှာ...ဒုံရင်းက ဒုံရင်းပါပဲကွာ”
“ဒီနေရာကို စောင့်ကြည့်ပေးနေတဲ့ လူတွေကော”
“စစ်ဆေးရေးအဖွဲ့ကို အရှင်က သိမ်းသွင်းထားတာ ကြာလှနေပြီ”
နောက်ဆုံးတော့ ပိုက်ဆံပါပဲ။ ကျွန်တော် အမှန်တရားကို လက်ခံလိုက်ပြီး ထရပ်လိုက်သည်။ ပြီးတော့ မီးပြင်းဖိုတွင် မီးမွှေးပြီး ခန်ကို နှိမ့်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့။ ခင်ဗျားမှာ အခုကျွန်တော်ရှိနေပြီပဲ။ မီရိုကုမ္ပဏီကကောင်များကို အနိုင်ယူပေးမယ်။ ကျွန်တော့်ကို ယုံကြည်တယ်မလား။ ဒါဆိုရင် ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်တာဝန်ထားလိုက်တော့”
“ငါမင်းကို ယုံကြည်တာပေါ့ကွာ။ ပက်မာမျိုးဆက်က ဘယ်ပန်းပဲဆရာကိုမဆို အနိုင်ယူနိုင်မှာပဲ။ ဂရစ် မင်း တကယ် အားကိုးရတာပဲ။ ငါ့သားသာ အသက်ရှင်နေရင် သူက မင်းအရွယ်လောက်ရှိပြီ.... ဒီကောင်လေး...ဝါး.....”
ခန်က အငိုသန်တဲ့ အဘိုးကြီးပဲ။ ပိုဆိုးတာက အရမ်းလဲ စိုးရိမ်တတ်တယ်။
‘သနားစရာကောင်းတဲ့ အဘိုးကြီး’
....ဘာဖြစ်နေတာလဲ.. ဒီခံစားချက်က....ငါ့စိတ်က ခန်နဲ့တွေ့ပြီးနောက်ပိုင်း ပျော့ညံ့လာတာလား။
ပက်မာရဲ့အတွေးအခေါ်တွေကများ သူ့ဆက်ခံသူ ဖြစ်ပြီးနောက်ပိုင်း မသိလိုက်မသိဘာသာနဲ့ ငါ့ကို လွှမ်းမိုးလာတာလား။
‘ခန်က ငါနဲ့ အရမ်းရင်းနှီးနေလို့များ ထားလိုက်ပါတော့ ဒါပေမဲ့ ငါက ဘာလို့ ဒီလိုမျိုး ခံစားနေရတာလဲ’
အရက်ပုလင်းကို ခိုးရှာနေသည့် ခန်က ကျွန်တော့်ဘေးကို လာထိုင်လိုက်သည်။
“အဘိုးကြီး ကျုပ်က တညလုံးအလုပ်လုပ်မှာ။ သောက်ဖို့ချည်း တွေးမနေနဲ့။ ကျုပ် အလုပ်လုပ်နေတာကိုကြည့် ခင်ဗျားရဲ့ ပန်းပဲဆရာဝိညာဉ်ပြန်ရလိမ့်မယ်”
“အင်းပါ”
ကျစ်။ ဘာဖြစ်နေတာလဲ။ ဒီအဘိုးကြီးကို မြင်တာနဲ့ ငါ ဘာလို့နူးညံ့သွားတာလဲ။
....ဟူး။ မီးပြင်းဖိုကို မီးမွှေးနေစဉ် ကျွန်တော့်၏ မေ့ပျောက်နေသည့် မှတ်ဉာဏ်ဟောင်းများကို ပြန်သတိရလာသည်။ မူလတန်းတုန်းကပေါ့။ ပိတ်ရက်တိုင်း အဖိုးအိမ်သွားလည်ဖြစ်သည်။ ကျွန်တော် အမြဲတမ်းအဖိုးနှင့် အဖွားရဲ့ နွေးထွေးတဲ့ အချစ်တွေကို ရရှိ ခံစားခဲ့ရတာပေါ့။
အခု ကျွန်တော် ခန်ဆီမှာ အဖိုးရဲ့အရိပ်အယောင်များကို မြင်နေရသလိုပဲ။
“လက်ဖက်ရည်တခွက်လောက်ရမလား။ လုနိုအရွက်နှင့်လုပ်ထားတာလေး။ အနံ့အရမ်းကောင်းတယ်”
“ရတာပေါ့။ ပိုက်ဆံတော့ပေး....”
“ဟမ်။ ဘာပြောလိုက်တာလဲ။ ဆူညံနေတော့ မကြားလိုက်ရဘူး”
“မကြားဘူးလား”
“ကျွန်တော် ခင်ဗျားပြောနေတာကို မကြားရဘူးရယ်”
“ဟင်း... ပါးနပ်လိုက်တဲ့ ကောင်လေး”
လက်ဖက်ရည်သောက်ပြီး တူထုမလို့လုပ်တုန်း နှလုံးက လေးလံနေသလိုပဲ။ ကျွန်တော် ဆက်တစ်စ်ဖိုင်းန်ကို စဆော့သည့် အချိန်များကို ပြန်သတိပြရမိနေသည်။
“ဟေး မင်း... တူထုနေတဲ့ ပုံစံက ဘယ်လိုကြီးလဲ။ ဒီအဘိုးကြီးက မင်းဆီကနေ အရမ်းကြီးမျှော်လင့်မိပြီထင်တယ်။ မဟုတ်ဘူး။ ဒီလိုပုံစံမဟုတ်ဘူးလေ။ အိုက်ယား... ပုခုံးကို နည်းနည်းလေးကျဉ်း....မင်း....တကယ်ကော ပက်မာမျိုးဆက်လား။ ငါ ငါ့ကို ရိုးရိုးသားသားပြောလို့ရတယ်နော်။ မင်းကို မီရိုကုမ္ပဏီက လွှတ်လိုက်တာတော့ မဟုတ်ဘူးမလား။ ငါ ရူးနေလို့များ ရက်ဘ်ဘစ်ဒ်ရဲ့ကမ်းလှမ်းချက်ကို လက်ခံမိတာလားကွာ”
.....ဒီအဘိုးကြီး
“တိတ်တိတ်လေးနေ။ ကျွန်တော့်စွမ်းရည်တွေ မြန်မြန်ဆန်ဆန်တိုးတက်လာနေတာမလား။ တယောက်ထဲပေးနေ.... ဟာ ဘာလို့ တူယူသွားတာလဲ”
“ဘာ ဝေဖန်တာစောတယ်ပေါ့။ ထူးဆန်းလိုက်တာ။ ပက်မာမျိုးဆက် မင်းက ဒီအခြေခံဆိုတာတွေကို ကျွမ်းကျင်ပြီးသား ဖြစ်နေရမှာလေ။ အယောင်ဆောင်။ လူညစ်ကောင်”
ခင်ဗျား.... စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလိုက်တာ
ထန် ထန်
ညအမှောင် ပိုပြီးတော့ နက်ရှိုင်းလို့လာနေပါပြီ။ ဒါပေမဲ့ ကျွန်တော်က အနားမယူ လုပ်နေတာတောင်မှ အကောင်းဆုံးအခြေအနေမှာ ရှိနေတုန်းပါပဲ။ ကျွန်တော့်အချိန်အားလုံးကို နည်းစနစ်စွမ်းရည် မြှင့်သည့်နေရာမှာ သုံးထားသည်။ တညလုံးစွမ်းရည် မြှင့်ပြီး ခန်လည်း ကျွန်တော့်ကို အယောင်ဆောင်ကောင်လို့ မခေါ်တော့ချေ။
နောက်နေ့မှာ လေ့ကျင့်တာကို အစောကြီးပြန်စပါသည်။ ခန်ကလည်း ကျွန်တော့်ကို သင်ပေးနေရတာနှင့် သောက်ဖို့ မေ့နေပြီ။ ခန်က သူ့ရဲ့နှစ်ခြောက်ဆယ် အတွေ့အကြုံနှင့် ကျွန်တော့်ကို သရုပ်ပြပြီး သင်ပေးသည်။ သိသမျှ ဗဟုသုတနှင့် စွမ်းရည်များကို ဆရာစားမချန်ပဲ အကုန်သင်ပေးနေသည်။
“သိထားရမှာက ချပ်ဝတ်လုပ်ရင် ခံနိုင်ရည်ကို ဦးစားပေးရမှာ မဟုတ်ဘူး။ ပထမဦးစားပေးက ဝတ်ဆင်သူသက်သောင့်သက်သာရှိမဲ့ ဒီဇိုင်းပဲ”
ကျွန်တော်လည်း မေးလိုက် လုပ်လိုက်နှင့် ချလပတ်ရမ်းနေပါသည်။
“ဟင်း ဒီနှစ်ခုက တွဲလို့မရဘူး။ မင်း ပိုအာရုံစိုက်ဖို့ လိုတယ်။ သုံးနှစ်ကလေးမှ မဟုတ်တော့တာ ဘာလို့များ အာရုံမစိုက်နိုင်ဖြစ်နေတာလဲ”
ကျွန်တော် အဆူခံနေရသည်။
“အံ့ဩစရာပဲ။ အံ့ဩစရာကောင်းလိုက်တာ။ မင်းက တကယ့်ကိုအာရုံစိုက်လိုက်တာနဲ့ တခြားလူလိုကို ဖြစ်သွားတော့တာပဲ။ ပါရမီအကန့်အသတ်မဲ့လိုက်တာ”
အဆူခံပြီးတော့ ပြန်ပြီးချီးကျူးခံရပြန်ပါသည်။
“တချို့အသုံးမကျတဲ့ ကောင်ပေါ့။ သူတို့အတွက် ဘာကောင်းသလဲ မသိကြဘူး။ သူတို့ထင်တာက အချိန်ယူပြီးလုပ်လေလေ ပိုကောင်းမဲ့ အိုင်တမ်ထွက်လေလေဆိုပြီးတော့ပေါ့။ ဒီကောင်များက ပုံသွင်းတာကို အရေးမပါဘူးထင်တော့ အရမ်းမှားတာပေါ့။ ပုံမသွင်းရင် အပူချိန်ထိန်းတာ မီးဆေးတာက ဘယ်လိုလုပ်မလဲ ဟုတ်သလား။ တကယ်တော့ မင်းမှာ အချိန်မရှိရင် အပူချိန်ထိန်းတာကို ဖယ်လို့ရတယ် ပုံကတော့ သွင်းကို သွင်းမှရမှာ”
တကယ့်ကို နက်နဲသော သင်ခန်းစာများပါ။
“ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အချိန်မရှိလို့ဆိုပြီး အဆင့်မကျော်မပစ်ချင်ဘူး။ ဒီလိုလုပ်ရင် မပြည့်စုံတဲ့ အိုင်တမ်ကို ရလာမှာပေါ့။ ကျွန်တော်ကတော့ အချိန်ဘယ်လောက်ကုန်ပါစေ ပြီးပြည့်စုံပါတယ် ဆိုတဲ့ အရာကိုပဲ လုပ်ချင်တာ”
“အိုး ဂုဏ်သိက္ခာရှိလက်မှုပညာရှင်ကြီးပဲ။ ပက်မာမျိုးဆက်လို့မပြောရဘူး အသက်ငယ်ငယ်လေးကတည်းက အတွေးအခေါ်မြင့်နေပြီ”
“ဒီလောက်လဲ မဟုတ်ပါဘူးဗျာ။ အိုင်တမ် ပြီးပြည့်စုံလေ ဈေးကြီးလေပဲ....”
“ဟဟဟ အလယ်အလတ်လမ်းစဉ်ကပဲ အကောင်းဆုံးပါကွာ။ မင်းက တကယ့်ကိုလေးစားဖို့ကောင်းတယ်။ ဂရစ်။ ဒီဘဝမှာ မင်းနဲ့ ဆုံခွင့်ရတာ ငါ အရမ်းကျေးဇူးတင်တယ်ကွာ”
“……”
ဒီအဘိုးကြီး ကျွန်တော့်ကို နားလည်မှုလွဲနေပြီ။ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဒီအတိုင်းလေးပဲ ကောင်းပါသည်။
***
“ဟင်း..”
နှိုးစက်မမြည်ခင် ကျွန်တော်နိုးလာသည်။ လိုက်ကာကို ဆွဲဖွင့်ကြည့်တော့ အပြင်မှာမှောင်နေတုန်းပဲ။ ကျွန်တော် နာရီကြည့်လိုက်သည်။
“မနက်လေးနာရီပဲ ရှိသေးတယ်”
အစောကြီးရှိသေးတယ်။ မိနစ်သုံးဆယ်လောက် မိန်းလို့ ရပါသေးသည်။ အရင်ကဆို အိပ်ယာထဲ ပြန်သွားပေမဲ့ ဒီနေ့တော့ မတူတာလေး လုပ်ကြည့်မယ်။
“မနက်စောစောကို လန်းဆန်းအောင် လုပ်ရအောင်”
ကျွန်တော့်စိတ်အခြေအနေကောင်းနေပါသည်။ Satisfy ကို နှစ်ညလောက်အချိန်ပေးလိုက်တော့ ပန်းပဲဆရာစွမ်းရည်တော်တော်တိုးတက်သွားပြီ။ ကျွန်တော် ချပ်ဝတ်သုံးစုံနှင့် ဓားနှစ်ချောင်းဖန်တီးတာမှာ အိုင်တမ်နှစ်ခုက ရှားပါးအဆင့် ရှိသည်။
အညွှန်းကိန်းအားလုံး လေးမှတ်တိုးသွားသည်။ ဒဏ္ဍာရီလာပန်းပဲဆရာလက်မှုအတတ်ပညာစွမ်းရည်အမှတ်က နှစ်ဆယ်ရာခိုင်နှုန်းပြည့်သွားပြီ။ ဒဏ္ဍာရီလာပန်းပဲဆရာအသက်ရှုခြင်းက ရှစ်ရာခိုင်နှုန်းနားကပ်နေပြီ။
ကျွန်တော့်ရဲ့ အာရုံစိုက်နိုင်စွမ်းနှင့် အတွေ့အကြုံတိုးလာသဖြင့် ထုတ်လုပ်ရာတွင် မြန်ဆန်လာသည်။ ခန်မှ အကူအညီအများကြီးရပါသည်။ ခန်က ဘိုင်ရန်က စမစ်လို မဟုတ်ဘူး။
“ခန်က သူ့ရဲ့အကောင်းဆုံးအခြေအနေကို ပြန်မရောက်သေးတာတောင် အဆင့်နိမ့်ပန်းပဲဆရာ တန်းမြင့်ပန်းပဲဆရာကြားက ကွာခြားချက်က ကောင်းကင်နှင့် မြေကြီးလိုပါပဲ”
ကျွန်တော် ခန်ဆီကနေ ပိုပိုပြီးသင်ချင်သည်။ အိုင်တမ်လုပ်နည်းကောအပါပေါ့။
“ဟပ်ချိူး”
“ဟူး ရေသွားချိုးရအောင်”
ကျွန်တော် ရေချိုးခန်းဆီကို သွားလိုက်ပါသည်။ ရေနွေးနွေးလေးနှင့် လန်းဆန်းအောင် လုပ်လိုက်သည်။ အမေပြင်ထားသည့်မနက်စာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး။
“မင်္ဂလာနံနက်ခင်းလေးပါ”
“ယောင်ဝူး ပင်ပန်းနေတာကို သားရယ် ဘာလို့ အစောကြီးထတာလဲ”
“အမေ့ရဲ့ အမဲသားနံရိုးစွပ်ပြုတ်ကြောင့်လေ တကိုယ်လုံးအားပြည့်နေသလိုပဲ။ ခန္ဓာကိုယ်က တော်တော်နေလို့ကောင်းနေတယ်။ ငါးရှဉ့်ဟင်းပါ ဒီနေ့စား....”
“မင်းလို စော်မရှိတဲ့ ကောင်က ငါးရှဉ့်စားပြီး ဘယ်နားအားသုံးမှာလဲ”
အဖေက သတင်းစာကို ဖတ်နေရင်း ပြောလိုက်ပါသည်။
ကျွန်တော် ရှူးရှူးရှဲရှဲဖြစ်သွားပြီး
“အားကို သုံးလို့ရတဲ့ နေရာအများကြီးပဲကို.... မဟုတ်သေးပါဘူး၊ ကျွန်တော့်မှာ စော်မရှိဘူးလို့ ဘယ်သူပြောလဲ”
“ဟို.......”
ကျွန်တော့်အမေကတော့ ဗိုက်ကိုလက်နှင့်ဖိပြီး ထရယ်ပါတော့သည်။ ရယ်တာများသွားလို့လားမသိ မျက်ရည်များပင် ထွက်လာနေပြီ။
အပိုင်း ၃၀ : ရက်ဘ်ဘစ်ဒ်ရဲ့ အကြံအစည်
‘ဘာဖြစ်သွားတာလဲ’
အမေ့ကို လျစ်လျူရှုသင့်ပေမဲ့ မနေနိုင်ဘဲ မေးလိုက်မိသည်။
“အမေ ဘာလို့ရယ်နေတာလဲ”
အမေက တဟီးဟီးတဟားဟားနှင့် အရယ်မရပ်တော့ပါဘူး။
“နှစ်ဆယ့်ခြောက်နှစ်တောင်ရောက်နေပေမဲ့ ရည်းစားမရှိတာကို ဂုဏ်ယူနေတာကို ကြည့်ပါအုံး။ ကလေးရယ်။ မင်းက တကယ့်ကို အံ့ဩစရာကောင်းတာပဲ။ ဗိုက်တောင် နာလာပြီ”
“……”
ကိုယ့်သားခံစားချက်ကို လျစ်လျူရှုထားတာပဲ။ ဒီကမ္ဘာပေါ်မှာ ငါ့လောက် လိမ္မာတဲ့ သား ရှိလို့လား။ ကျွန်တော့်အဖေကလည်း အမေ့ကို ငေါက်ရမဲ့အစား နောက်ကနေထောက်ပံ့ပေးလို့ သွေးတက်လာသည်။
“သား နောက်နှစ်မှာ ရည်းစားရတာကို မြင်ချင်တယ်။ ခုထိ အဆင်သင့်မဖြစ်သေးဘူးလား။ မဟုတ်သေးဘူး၊ မင်းအကြွေးအရင်ဆပ်။ မင်းလို ပိုက်ဆံအမြဲလိုနေတဲ့ ကောင်ကို ဘယ်မိန်းကလေးက တွဲချင်မှာလဲ။ အစွမ်းအစမရှိတဲ့ ယောက်ျားတယောက်က မိန်းမကောင်းမိန်းမလှလေးကို ရနိုင်မယ်ထင်လား”
“……”
ငါ့ခံစားချက်လေးကို ဘယ်သူမှဂရုမစိုက်ကြဘူး။ ဒီမနက်ခင်းမှာ ငါစိတ်ပျော်နေတာလေ။ ခုတော့ အဖေနဲ့ အမေရဲ့စကားများကြောင့် ကျွန်တော့်နှလုံးသားလေးကွဲကြေသွားရပါပြီ။
“အဖေတို့ နှစ်ယောက်လုံးအရမ်းလွန်တာပဲ။ ကျွန်တော့်မှာ အခုထိရည်းစားမရသေးတာ အကြောင်းရှိတယ်။ အကြွေးကလည်း ဆပ်နိုင်တော့မှာ။ ပြီးတော့ ရည်းစားမရရတာက အဖေတို့နှစ်ယောက်ကြောင့်”
ကျွန်တော့်ရဲ့နှလုံးသားထဲကစကားများ သွန်ကျလာပါတော့သည်။
“ကျွန်တော့်ကို ရုပ်ချောချောလေးမွေးပေးထားရင် ရည်းစားမရစရာရှိမလား။ ချီးပဲ။ ကျွန်တော့်အခွက်ကရုပ်ဆိုးတော့ ဘယ်မိန်းကလေးမှဂရုမစိုက်ကြဘူး”
“ငါတို့ကို ဘာလို့လာအပြစ်တင်နေတာလဲ။ မင်းညီမကိုကြည့် ဘယ်လောက်ချောလိုက်သလဲ။ မင်းနှင့် မင်းညီမက အမေတယောက်တည်းက မွေးတာပဲလေ”
“တကယ်တော့ ရုပ်ရည်သွင်ပြင်က အဓိကမဟုတ်ပါဘူး... အရေးအကြီးဆုံးက ကိုယ်ကျင့်တရားကောင်းဖို့ပါပဲ”
“အီး....”
ပြောပုံက ငါကပဲလူဆိုးကြီးဖြစ်နေရော။ ရုတ်တရက်ဆိုသလို သံသယဖြစ်လာပါသည်။
‘ငါ့ကို မွေးစားထားတာတော့ မဟုတ်ဘူးမလား’
ဖြစ်နိုင်တာက ငါ့မိဘက မိဘအရင်းတွေ မဟုတ်ဘူးလား။
‘အမေတို့နှစ်ယောက်လုံးက ငါ့ကို ချောတယ်ပြောပေမဲ့ မိဘတိုင်း သူတို့ကလေးကို ဒီအတိုင်းပဲ ပြောမှာပဲလေ.... ကလေးကတည်းက ငါ့ကိုမွေးစားထားတာတော့ မဟုတ်ဘူးမလား’
နှစ်ဆယ့်ခြောက်နှစ်တောင် ငါ့ကိုပြုစုပျိုးထောင်လာတဲ့ လူတွေက မိဘအရင်းမဟုတ်ဘူးဆိုတော့ ငါ့မိဘအရင်းက ဘယ်သူများလဲ။ သူတို့ဘယ်ရောက်နေကြတာလဲ။
.....မဟုတ်သေးဘူး၊ ငါအခု ဘာဆက်လုပ်ရမလဲ။ အလုပ်ချိန်က နီးနေပြီဆိုတော့ လျှောက်စဉ်းစားနေဖို့ အချိန်မရှိဘူး။ စိတ်လျှော့ရမယ်။ ကျွန်တော် ထိုင်ခုံပေါ်ထိုင်လိုက်သည်။ ပြီးတော့ အဖေဆီကို လှည့်ပြောလိုက်သည်။
“အဖေ အဘိုးကော ဒီရက်များမှာ ဘယ်လိုနေနေလဲ။ အရင်လိုပဲ ကျန်းမာနေတုန်းပဲမလား”
“ဟမ် ရုတ်တရက်ကြီး မင်းအဘိုးအကြောင်း စိတ်ဝင်စားလို့ပါလား”
“ဂိမ်းထဲမှာ ပန်းပဲဆရာအဘိုးကြီးတယောက်နှင့် ဆုံခဲ့တာလေ သူက အဘိုးနဲ့ တူတော့ အဘိုးကို သတိရသွားတာ”
.......ဂိမ်းအကြောင်းကြားရင် စိတ်တိုတာမလား။ မဖြစ်တော့ဘူး၊ ငါ့ကိုထရိုက်တော့မယ် ထင်တယ်....
“မင်းအဘိုးကို သတိရနေတာပေါ့” အဖေက လေသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
“မင်းနဲ့ငါ နောက်လကျရင် မင်းအဘိုးဆီသွားလည်ကြမယ်လေ။ မင်းအဘိုးဆီကို တနှစ်တောင် မရောက်ဖြစ်တာဆိုတော့ ဘယ်လောက်တောင် စိတ်မကောင်းဖို့ ကောင်းလိုက်သလဲ"
အရင်ခုနှစ်နှစ်ကတည်းက ကျွန်တော့်မိသားစုတခုလုံး အဘိုးအိမ်ကို ပိတ်ရက်တိုင်းသွားလည်ဖြစ်ပါသည်။ အရင်ခုနှစ်နှစ် ကျွန်တော့်အဖွားဆုံးတော့ အဘိုးတယောက်တည်းအထီးကျန်မှာစိုးလို့ ကျွန်တော်တို့နှင့်အတူလာနေဖို့ခေါ်ပေမဲ့ အဘိုးက လက်မခံခဲ့ပါဘူး။ ဖြစ်နိုင်တာက အဘိုးတယောက် ဝန်ထုပ်ဝန်ပိုးဖြစ်နေရမှာကို ကြောက်လို့ ထင်သည်။
ကျွန်တော်က ငယ်ငယ်လေးကတည်းက အဘိုးအချစ်ကို အပြည့်အဝခံခဲ့ရပါသည်။ ဒါကြောင့်လည်း အရင်နှစ်အထိ နှစ်တိုင်းသွားလည်ဖြစ်တာပေါ့။ ကျွန်တော် Satisfy ဆော့ကတည်းက တခါမှမရောက်ဖြစ်ပါဘူး။ အဘိုးဆီကို ခရီးထွက်ရမဲ့အစား ဂိမ်းဆော့ဖို့ကို အချိန်ပေးနေခဲ့တာပဲ။
'ငါက တကယ့်ကို အသုံးမကျဘူး မြေးမိုက်ပဲ"
အခုဆို ခန်လိုပဲ အဘိုးလည်း ဘယ်လောက်တောင်အထီးကျန်နေလိုက်မလဲ။ ခန်တယောက် အထီးကျန်တော့ ဘယ်လိုလုပ်လဲဆိုတာ တွေးမိရာ အဘိုးတခုခုလျောက်လုပ်မှာကို စိုးရိမ်သွားမိသည်။ အနာဂတ်မှာ အဘိုးဆီ မကြာခဏသွားလည်ပေးသင့်သည်။
"အစားစားရအောင်"
ကျွန်တော် မနက်စာစားပြီးသည်နှင့် ချက်ချင်းပဲ အလုပ်ကို ပြေးရတော့သည်။ ရုံးရောက်တော့ အရင်ရောက်နှင့်နေသည့် လူများက ဆေးလိပ်သောက်ထားတော့ ဆေးလိပ်နံ့များကြောင့် ခေါင်းကိုက်နေတော့တာပဲ။
'ဘာလို့ လူတွေ ဆေးလိပ်သောက်ကြတာလဲ။ ဆေးလိပ်သောက်တာက ပိုက်ဆံကို မီးရှို့နေတာနဲ့ အတူတူပဲ။ အရေမရ အဖတ်မရများ...'
ခဏလောက်ပဲ ထပ်ပြီးသည်းခံရအောင်။ အိုင်တမ်လုပ်တာကို သင်ပြီးရင် ဒီမှာ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး။ အိုင်တမ်ကို လုပ်ရောင်းပြီး ပိုက်ဆံရှာမယ်။ Satisfy ကတော့ ငါ့အလုပ်ဖြစ်လာမှာပေါ့။ တနေကုန် ဂိမ်းဖန်အိမ်ထဲ အိပ်နေပြီး မိဘများရဲ့နားပူနာဆာလုပ်တာကိုလည်း နားထောင်စရာမလိုတော့ဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ဆို အရင်ဆုံးမီရိုကုမ္ပဏီကို အနိုင်ယူဖို့လိုသည်။
'ခန်ရဲ့ပန်းပဲဖိုမှာ အခြေချရမှာဆိုတော့ ပန်းပဲဖိုကို ကာကွယ်နိုင်ဖို့ ငါ အလောင်းအစားမှာ နိုင်မှကိုရမယ်'
***
ဝင်စတန်ကမီရိုကုမ္ပဏီရုံးခွဲမှာတော့
ဗဲလ်မွန့်တယောက် စိတ်အခြေအနေမကောင်းပါဘူး။ သူ့ရဲ့ အယုံကြည်ရဆုံးလက်ထောက်ရက်ဘ်ဘစ်ဒ်က သူ့ကို စိတ်ပျက်အောင်လုပ်လို့ပါ။
"မင်းဘာလို့ ဒီလိုလုပ်လာတာလဲ"
ပန်းပဲဖိုအလောင်းအစားဟုတ်လား။ ဗဲလ်မွန့်တယောက် ရက်ဘ်ဘစ်ဒ်ရဲ့ရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်နေပါသည်။
"ခန်က ပိုက်ဆံမပေးနိုင်ဘူးဆိုရင် ပန်းပဲဖိုကို အကြွေးသိမ်းရမှာလေ။ ပြီးတော့ ခန်ကလည်း ပိုက်ဆံမှပြန်ပေးနိုင်တာမဟုတ်။ ဒီပန်းပဲဖိုက အစကတည်းက ငါ့လက်ထဲကို ရောက်ပြီးသားပဲ။ အနှေးနှင့် အမြန်ပဲ ငါ့ဆီကို ရောက်လာမှာ။ မင်းက မြန်မြန်ပြီးချင်ရင်တောင် ဒီကိစ္စကို ဒီလိုကိုင်တွယ်ဖို့ ငါ့ခွင့်ပြုချက်တောင်းရမယ်လေ။ အခုတော့ မင်းလုပ်လိုက်တာကြည့်အုံး"
ဘန်း
ဗဲလ်မွန့် ဒေါသတကြီးနှင့် သူစားနေသည့်ပန်းသီးကို နံရံဆီ ပစ်ပေါက်လိုက်သည်။ နံရံဆီကနေ ပြန်ကန်လာသည့်ပန်းသီးအစများက ရက်ဘ်ဘစ်ဒ်မျက်နှာကို လာစင်သည်။ ရက်ဘ်ဘစ်ဒ်က ချက်ချင်းပဲ လက်ကိုင်ပဝါထုတ်ပြီး မျက်နှာသုတ်လိုက်သည်။
ဗဲလ်မွန့်က ရက်ဘ်ဘစ်ဒ်ရဲ့ အထက်တန်းကျသည့်အမူအရာကိုမြင်တော့ ဒေါကန်ပြီး အော်လိုက်သည်။
"မင်းက ခန်ကို အသုံးမကျတဲ့ အီးပေါလောကြီးများထင်နေလား။ ဘာလို့လဲ။ ဘာလို့ သူ့ကို ထွက်ပေါက်ပေးလိုက်တာလဲ။ ခန်က မင်းကို ပိုက်ဆံနဲ့ လာဘ်ထိုးလိုက်တာလား"
ရက်ဘ်ဘစ်ကို ဒီနေ့မတိုင်ခင်အထိ ဘယ်သူ့ထက်မဆို သူ့ကိုယုံကြည်ပါသည်။ အခု ရက်ဘ်ဘစ်ဒ်ရဲ့လုပ်ရပ်က ဗဲလ်မွန့်ကို လူများကိုမယုံကြည်သင့်ဘူးဆိုတာ မီးမောင်းထိုးပြနေသလိုပဲ။
ရက်ဘ်ဘစ်ဒ်က တည်တည်ငြိမ်ငြိမ်နှင့် ရှင်းပြလိုက်သည်။
“ကျွန်တော်တို့ ဝင်စတန်ကို အခြေစိုက်နေရာလုပ်ဖို့ အစီအစဉ်ဆွဲထားကြတာလေ။ ဒေသခံတွေက မီရိုကုမ္ပဏီကို ရန်သူတော်ကြီးလို မြင်နေတော့ ရေရှည်ဆိုရင် ဒေသခံတွေနဲ့ ဆက်ဆံရေးအဆင်ပြေမှ ရမှာပေါ့။ မီရိုကုမ္ပဏီက သူတို့ဘဝကို တိုးတက်အောင် လုပ်ပေးမယ်လို့ ဒေသခံများက ယုံကြည်မှ မီရိုကုမ္ပဏီတိုးတက်ဖို့ ကူညီကြမှာပေါ့။ ဒါပေမဲ့ သူတို့ကို ဆွဲဆောင်ရတာ မလွယ်ကူပါဘူးလေ”
“ကုမ္ပဏီက.... သူတို့အကျိုးစီးပွားကို ဂရုစိုက်မယ် ဟုတ်လား။ ထွီ။ သူတို့မြေများကို ဝယ်ထားတာက ချီးမလို့လား။ ငါက တရားဝင်ဥပဒေအရ မြေများဝယ်ထားတာပဲ။ သူတို့ကလည်း ပျော်ပျော်ကြီးထုတ်ရောင်းကြတာပဲလေ။ အခုမှ မြေဈေးတက်လာတော့ အမှန်တရားကို လက်မခံချင်ကြတာ။ ဒီကောင်တွေ သင်ခန်းစားပေးတာခံချင်နေကြတာ”
“ဆရာ သူတို့ကို ပေးရမဲ့ ပိုက်ဆံများထဲက တချို့ကို ယူထားတာ သူတို့သတိမထားမိသေးဘူး။ သူတို့မကျေနပ်ရင် မီရိုကုမ္ပဏီအကျိုးကို ဖျက်လိုဖျက်စီးလုပ်ကြမှာပေါ့”
“ဘာလည်း ငါကလူဆိုးကြီးပေါ့။ ထွီ။ ဒီဒေသခံတွေ ငါလုပ်သမျှကို အခုထိ ဝေဖန်နေကြတုန်းပဲလား”
‘လူတွေ ခင်ဗျားမကောင်းကြောင်း ကွယ်ရာမှာပြောကြတာ မပြောနဲ့ ငွေအပြင် ဘာမှမမြင်တော့တဲ့ အီးပေါလောကြီး’
“ကျွန်တော့်ဆရာမှာ ဒီအတွက်အစီအစဉ်ရှိတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်အကြံလေး နည်းနည်းလောက် ပေးချင်ပါတယ်။ ပိုက်ဆံက ဝင်မြဲအတိုင်း ဝင်နေမှာပဲဆိုပေမဲ့ လူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ရင် မီရိုကုမ္ပဏီကို ကျေးဇူးတင်ပြီး သစ္စာရှိရှိဆက်ဆံကြလိမ့်မယ်”
“မင်း....” ဗဲလ်မွန့်က ရက်ဘ်ဘစ်ကို ရန်လိုသည့်အမူအရာနှင့် ကြည့်လိုက်သည်။ “ငါ့ကို လာသင်နေရအောင် ကလေးများမှတ်နေလား။ ဘာလုပ်ရမလဲ ငါ့ကို ပြောစရာမလိုဘူး။ ပြီးတော့ ခန်နဲ့ ဒီသောက်သုံးမကျတဲ့ အလောင်းအစားကဘာလဲ”
‘ကြည့်ရတာ ဒါက ဗဲလ်မွန့်ရဲ့ အကန့်အသတ်ပဲ။ ဒီထက်ပိုပြီး မီရိုကုမ္ပဏီကြီးထွားဖို့က လွယ်မှာမဟုတ်တော့ဘူး’
မီရိုကုမ္ပဏီဒီလောက်တိုးတက်နေရသည့်အကြောင်းအရင်းက ဗဲလ်မွန့်ငယ်တုန်းက ရက်ဘ်ဘစ်ဒ်ရဲ့အကြံဉာဏ်နဲ့ စီးပွားရေးကို ကိုင်တွယ်လို့ပါ။ အခုဗဲလ်မွန့်က မာနကြီးပြီး ကိုယ်ကျိုးပဲကြည့်လာတော့ သူက ရက်ဘ်ဘစ်ဒ်ရဲ့အကြံပြုချက်ကို နားမထောင်တော့ပါဘူး။
‘ဒီကိစ္စပြီးရင် ငါထွက်သွားတော့မယ်’
ရက်ဘ်ဘစ်ဒ်ဆုံးဖြတ်ချက်ချလိုက်ပြီး ဗဲလ်မွန့်ကို သူ့ရဲ့ ရည်ရွယ်ချက်ကို ဆက်လက်ရှင်းပြလိုက်သည်။
“ဝင်စတန်မှာ ခန်ရဲ့ပုံရိပ်က အရမ်းမြင့်နေတယ်။ လူအများကြီးက ခန်ကို မီရိုကုမ္ပဏီကို ဆန့်ကျင်နေတဲ့ သူရဲကောင်းအဖြစ် လက်ခံထားကြတာ။ ခန်ရဲ့ပန်းပဲဖိုကို မီရိုကုမ္ပဏီက ညစ်ပတ်တဲ့ နည်းနဲ့ ယူလိုက်ရင် ဒေသခံတွေ ဒေါသထွက်ပြီး သောင်းကျန်းလာကြလိမ့်မယ်။ ဒေသခံတွေ အုပ်စုဖွဲ့မိသွားရင် ဒီကိစ္စက မီရိုကုမ္ပဏီအတွက်တောင် ထိခိုက်မှုကြီးပါတယ်”
ဗဲလ်မွန့်က စပြီးနားထောင်လာပါပြီ။
ဒါကိုမြင်တော့ ရက်ဘ်ဘစ်ဒ်က ဆက်ရှင်းပြလိုက်သည်။
“ကျွန်တော်က ဒီအလောင်းအစားကို သုံးပြီး ကုမ္ပဏီရဲ့ပုံရိပ်ကိုပြုပြင်ဖို့ ယုံကြည်ချက်ရှိတယ်။ ဒီလိုလုပ်လိုက်ရင် သူတို့ရဲ့စိတ်ထဲမှာ ပန်းပဲဖိုကို ရနိုင်ရဲ့သားနှင့် ခန်ကို ဘာလို့အခွင့်အရေးပေးတာလဲလို့ သံသယဖြစ်လာလိမ့်မယ်။ ဒီအချိန်မှာ ကျွန်တော်တို့က ခန်ရဲ့အရည်အချင်းကို အသိအမှတ်ပြုလို့ အခွင့်အရေးပေးလိုက်တာလို့ သတင်းဖြန့်လိုက်ရင် သူတို့က မီရိုကုမ္ပဏီက ပိုက်ဆံကိုတင်မကဘူး လူကိုပါ ဂရုစိုက်တယ်လို့ တွေးကုန်ကြလိမ့်မယ်”
“.....ဒီနည်းနဲ့ ကျွန်တော်တို့က သစ္စာရှိအမာခံဖောက်သည်တွေ ရလာလိမ့်မယ်”
“အင်း...”
ဗဲလ်မွန့်က ယုံကြည်ပုံမရသေးသော်လည်း အလောင်းအစားသတင်းက ပြန့်ပြီးသွားပြီမို့ ရက်ဘ်ဘစ်ဒ်အကြံတိုင်း လုပ်ဖို့ဆုံးဖြတ်လိုက်သည်။
“ဒါဆိုရင် နိုင်ဖို့အတွက် အကောင်းဆုံးပန်းပဲဆရာကို ဌားရမှာပေါ့”
“ဟုတ်ပါတယ်”
“ကျွန်တော် ထပ်ပြောချင်တာက ပြိုင်ဘက်က ခန်မဟုတ်ပါဘူး”
“ကျွန်တော့်စုံစမ်းရလဒ်အရကတော့ လူမသိ ပန်းပဲဆရာလားတောင်မသေချာတဲ့ ကောင်လေးတယောက်ပါ”
“ပြိုင်ဘက်ကို အထင်မသေးနဲ့။ အကောင်းဆုံးပန်းပဲဆရာကို ရအောင်ဌား။ မီရိုက အရင်းအမြစ်တွေ ကြိုက်သလောက်သုံးဖို့ ခွင့်ပြုတယ်”
ဗဲလ်မွန့်က မကောင်းသည့် အချက်များပေမဲ့ ကောင်းတာကတော့ ဆုံးဖြတ်ချက်ချသည့်နေရာမှာ ပြတ်သားမြန်ဆန်ပါသည်။ သူ့မှာဘာကောင်းသည့်အချက်မှမရှိရင် ဒီကုမ္ပဏီရဲ့ ခေါင်းဆောင်နေရာမှာ ဘယ်လိုရပ်တည်မလဲ။
ရက်ဘ်ဘစ်က ကျေနပ်သည့်အမူအရာနှင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော် လူတွေ့ပြီးပါပြီ”
ခန့်အခြေအနေက ဘယ်လောက်ပဲဆိုးရွားနေပါစေ သူက ငတုံးတယောက်တော့ မဟုတ်ပါဘူး။ ရက်ဘ်ဘစ်ဒ်က ဂရစ်ကိုလေ့လာကြည့်ရာမှာ ဂရစ်က အတွေ့အကြုံမရှိသလို သူ့ဆီကနေပြီး အန္တရာယ်အငွေ့အသက်လည်း မခံစားမိပါဘူး။
ဒါကြောင့် ရက်ဘ်ဘစ်ဒ်က သူတို့သာ သင့်တော်သည့်ပန်းပဲဆရာကို ဌားနိုင်ခဲ့ရင် မရှုံးနိုင်ဘူးလို့ ယုံကြည်သည်။
‘ငါသတိမထားမိတာတော့ မရှိတော့ပါဘူး’
သို့သော်လည်း ရက်ဘ်ဘစ်ဒ်က သတိအရမ်းကြီးပါသည်။ ဒါကြောင့်လည်း အမြဲတမ်းအကောင်းဆုံးရလဒ်များကိုပဲ ပြနိုင်ခဲ့တာပေါ့။ ဒါကြောင့်လည်း အခုအချိန်မှာ နိုင်ဖို့ အကောင်းဆုံးပန်းပဲဆရာကို ဌားဖို့ လုပ်ပါတော့သည်။