အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အပိုင်း ၂၁ : ဝင်စတန်ရွာကို သွားပြီ နှုတ်ဆက်တယ်နော် စမစ်
မနက်စာ စားသောက်ပြီးသည်နှင့် အဖေ အမေ နှစ်ယောက်လုံး ဟင်းသီးဟင်းရွက်ဝယ်ရန် ဈေးသို့ အပြေးသွားရသည်။ ပုံမှန်အားဖြင့် မနက်ငါးနာရီထွက်သော်လည်း ယနေ့နောက်ကျနေပြီဖြစ်သည်။
‘ငါ့ကို အချိန်ပေးပြီး မနက်စာတူတူစားပေးတာပဲ’
ရုတ်တရက်ဆိုသလို ခံစားချက်များမှာ ဆူနာမီလှိုင်းလုံးများကဲ့သို့ လှိမ့်ဝင်လာသဖြင့် မျက်လုံးမှာ မျက်ရည်စများနှင့်ပင် ပြည့်နှက်လာနေပါပြီ။ မိဘတို့၏ မေတ္တာဓာတ်ကြောင့် တော်တော်ကြာပြီးနောက် ဗိုက်ပြည့်သည့် ခံစားချက်ကို နောက်တကြိမ်ထပ်ခံစားရသည်။
ဆိုဖာပေါ်တွင် ထိုင်ပြီး တရေးလောက်မှေးလိုက်သည်။ ဆယ်ဟီးက ကျောင်းယူနီဖောင်းကို လဲလိုက်သည်တွင် ကြည့်ကောင်းသည့် ကျောင်းသူလေး ဖြစ်သွားသည်။
ဆယ်ဟီးက ငါ့ညီမဆိုပေမဲ့ တော်တော်လှတာပဲ။
“ဘာလဲ အကို့အကြည့်က ကျောချမ်းစရာ”
“အော် အကိုတွေးနေတာ ညီမလေးတောင် အရွယ်ရောက်လာပြီပဲလို့”
“အကို ရုတ်တရက်ကြီး ဘာတွေလာပြောနေတာလဲ” ဆယ်ဟီး ရှက်သွေးဖြာပြီး ကျွန်တော့်ခေါင်းကို ထိုးလိုက်သည်။
‘ဘာလဲ ငါ အမှားလုပ်မိလို့လား အင်း ဆယ်ဟီးလက်လေးက နူးညံ့နေတာပဲ’
ဆယ်ဟီး ထိုးလိုက်သည့် နေရာမှာ အညောင်းပြေသွားသလို ခံစားသွားရသည်။
နှိပ်ပေးနေတာနဲ့ တူလိုက်တာ။
“အာ ကောင်းလိုက်တာ ထပ်ရိုက်ပေးပါအုံး နောက်တခါ ကောင်းကောင်းရိုက်နော်”
“ရား နှာဘူး”
ပတ်
… ဆယ်ဟီး လက်သံပြောင်ချက်ကတော့ ဒေါင့်ဒီဂရီကွက်တိကနေ ရိုက်ချလိုက်တာ ရှောင်မရအောင် တည့်တည့်ကို ရိုက်ပစ်တာပဲ။
ကျွန်တော် ကိုယ့်ကိုယ်ကို ခုခံကာကွယ်နေချိန် ဆယ်ဟီးက နီရဲနေသော မျက်နှာဖြင့် အော်လိုက်သည်။
“ရေချိုးကန်ထဲမှာ ရေနွေးနွေးလေးဖြည့်ပေးထားတယ် ပင်ပန်းတာတွေ ပျောက်အောင် ရေစိမ်လိုက်အုံး နှာဘူးအကိုကြီး”
“အာ အင်း ကျေးဇူး...”
သူမနှင့် ကျွန်တော်မှာ တွေ့တိုင်း ရန်ဖြစ်နေရသော်လည်း ကျွန်တော့်ကိုတော့ တော်တော်ဂရုစိုက်ရှာသည်။
‘ဒါနဲ့ ငါက ဘယ်လိုလုပ်နှာဘူးဖြစ်သွားတာလဲ”
ဆယ်ဟီး ကျောင်းကို သွားချိန် ကျွန်တော် ရေနွေးစိမ်လိုက်သည်။
“ပင်ပန်းတာတွေများ ယူပစ်သလို ပျောက်သွားတာပဲ”
အချိန်အနည်းငယ်အကြာ....
ကျွန်တော် ရေချိုးခန်းမှ ထွက်လာသည်။ အင်တာနက်ချိတ်လိုက်ရာတွင်...
“ဟမ်… လအု ဘာများဖြစ်ကုန်တာလဲဟ”
ကျွန်တော် အမြန် ဂိမ်းဖန်အိမ်စက်ထဲ ဝင်၍ Satisfy နှင့် ချိတ်လိုက်သည်။
‘မြားတွေက ဘယ်လောက်နဲ့ ရောင်းထွက်သွားပါလိမ့်’
“လော့ဂ်အင်”
ဝှီ
ဂိမ်းဖန်အိမ်စက်တံခါးပိတ်ပြီး ကျွန်တော့်မြင်ကွင်းများ ဖြည်းဖြည်းချင်း ပြောင်းလာပါသည်။ ရင်းနှီးသော အသံနှင့် အဝင်ဂိမ်းသံလေးကို ကြားရပြီး မြင်ကွင်းများ ပြန်တောက်ပလာသည်။
“လေထုက လတ်ဆတ်နေလိုက်တာ”
ကျွန်တော် ချက်ချင်းပဲ ဖွင့်လိုက်သည်။
“အညွှန်းကိန်း”
အမည်- ဂရစ်
အဆင့်- 3 (75/500)
ဇာတ်ကောင်- ပက်မာ၏ မျိုးဆက်
* အိုင်တမ်ဖန်တီးသည့်အခါ အပိုစွမ်းဆောင်ရည်များ ထည့်သွင်းရန် ဖြစ်နိုင်ခြေတိုးလာသည်။
* အိုင်တမ်အဆင့်မြှင့်ရန် ဖြစ်နိုင်ခြေတိုးလာသည်။
* ကိရိယာအိုင်တမ်အားလုံး ခြွင်းချက်မရှိ ဝတ်ဆင်နိုင်သည်။
အိုင်တမ်အဆင့်ပေါ်မူတည်၍ ကန့်သတ်ချက်များရှိသည်။
ခေါင်းစဉ်- ဒဏ္ဍာရီလာ ဖြစ်လာမည့်သူ
* သင့်အား မကောင်းသည့် သက်ရောက်မှုများ အားနည်းမည်။
* အသက်အမှတ်အနည်းဆုံးရောက်ပါက ယာယီ မသေဆုံးနိုင်တော့ပါ။
* လွယ်လွယ်ကူကူ အသိအမှတ်ပြုခြင်းခံရမည်။
အသက်- 336/336 မန်နာ- 87/87
ခွန်အား- 24 + 5 သက်လုံ- 22 လှုပ်ရှားနှုန်း- 16 ဉာဏ်ရည်- 29
ကျွမ်းကျင်မှု- 55 ဇွဲလုံ့လ- 21
သမာဓိ- 14 အနိုင်မခံအရှုံးမပေး- 16 ဂုဏ်သိက္ခာ- 14 အမြင်- 14
အညွှန်းကိန်းအမှတ်များ- 60
အလေးချိန်- 3,095/1,000
* အလေးချိန်ကန့်သတ်ချက်ထက် ၂၀၀ ရာခိုင်နှုန်း ကျော်လွန်နေသဖြင့် လှုပ်ရှားနှုန်း ၁၀၀ ရာခိုင်နှုန်း လျော့ချလိုက်သည်။
ခန္ဓာကိုယ်က လေးလံနေသဖြင့် ခွန်အားများကို ကောင်းမွန်စွာ သုံးစွဲနိုင်ခြင်းမရှိပါ။
‘အားနည်းနေခြင်း’ ပုံစံ ဝင်ရောက်ရန် အလားအလာမြင့်မားသည်။
“အဆင့်သုံး... တကယ်ပဲဟ”
မော်ကွန်းအဆင့်အိုင်တမ်ကို ဖန်တီးနိုင်ခဲ့သဖြင့် အညွှန်းကိန်းများ တက်ကုန်ခြင်း ဖြစ်မည်။
အမှတ်ခြောက်ဆယ်ရထားတာ ခုထိတော့ မသုံးရသေးဘူး။ စွမ်းအားမှာ အဆင့် ၂၆ နှင့်ညီမျှသည်။ မားမွန်ဓားရှည် မန်းဂယ်သတ္တုသံချပ်ကာနှင့်ဆိုပါက အဆင့် ၅၀ ထိတက်သွားမည်။
“ဟို ဟို ဟို ဒါက ပြိုင်ဘက်ကင်းနေတဲ့ ခံစားချက်လား ဟဟဟက်...”
ကျွန်တော် စိတ်လှုပ်ရှားလွန်သွားသဖြင့် လူထူသည့် နေရာသို့ ရောက်နေသည်ကိုပင် မေ့သွားသည်။ ကျွန်တော် ခါးထောက်၍ ရယ်နေသည်မှာ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းသွားသည်အလား။ ဘေးမှ ဖြတ်သွားသည့် ကောင်မလေးများမှာ ကျွန်တော့်ကို စက်ဆုပ်သည့် အကြည့်နှင့် ကြည့်ပြီး အတင်းပြောနေကြသည်။
“ဒီလူက ဘာလဲဟ ထူးထူးဆန်းဆန်းနဲ့ တယောက်ထဲ စကားပြောပြီး ရယ်နေပါလား”
“လူသိများအောင် လုပ်နေတာလား ဖြစ်နိုင်တာ မင်းသားပိုးယွနေတာ ဖြစ်မယ်”
“ရုပ်ဆိုးလိုက်တာဟာ ကောင်မလေးလဲ ရှိပုံမရဘူး”
ပုံမှန်ဆို ထိုစကားများကြောင့် မပျော်မရွှင်ဖြစ်သွားမည်မှာ မှန်သော်လည်း ယခုတော့ သူတို့ကို လျစ်လျူရှုလိုက်သည်။ ကျွန်တော့်စွမ်းရည်များကို စစ်လိုက်ရာတွင်....
[ဒဏ္ဍာရီလာပန်းပဲဆရာ၏ လက်မှုအတတ်ပညာစွမ်းရည်] Lv 1 (3.7%)
[ဒဏ္ဍာရီလာပန်းပဲဆရာ၏ အသက်ရှုသံ] Lv 1 (2.0%)
ဒီစွမ်းရည်တွေကို မြှင့်ဖို့ အချိန်တော်တော်ယူရလိမ့်မယ်။
‘ခုလိုတက်လာတာ မော်ကွန်းအိုင်တမ်ကြောင့်ပဲ’
လေလံအိမ်ကို ပေါ့ပါးသည့် ခြေလှမ်းများနှင့် လှမ်းလိုက်သည်။ ပုံမှန်အတိုင်း လူပြည့်သိပ်နေတာပေါ့။
“နောက်ဆုံးဈေးက ဘယ်လောက်လဲ မသိ....”
ဂျယ်ဖာမြားအတွက် ပုံမှန်ဈေးက ခြောက်ပြားပါ။ ကျွန်တော်က မော်ကွန်းအဆင့်ဂျယ်ဖာမြားများပြုလုပ်ခဲ့သဖြင့် သုံးဆ လေးဆလောက် ပိုမှန်းထားမိသည်။
ပုံမှန် အခြေအနေမှာ ရှားပါးအဆင့်က ပုံမှန်ထက် သုံးဆလောက်ဈေးပိုပြီး မော်ကွန်းက ခုနှစ်ဆ ပိုပါသည်။
ကျွန်တော်လည်း စိတ်လှုပ်ရှားနေတာပေါ့။ ချမ်းသာသည့် ကစားသမားများက မြားအတွက် ပိုက်ဆံဘယ်လောက်ဖြုန်းမလဲ သိချင်သည်။ တခါသုံးအိုင်တမ်များက ပုံမှန်အိုင်တမ်ထက် ဈေးပေါသဖြင့် သိပ်တော့မမှန်းထားမိပေ။
‘ပေးရင်တော့ လိုချင်တာပေါ့’
ကျွန်တော် လေလံစာရင်းကို ဖွင့်ကြည့်တော့ များတာက ဈေးနှစ်ဆလောက် တက်သွားရင်တောင် မဆိုးဘူးပေါ့။
“လအု”
ဂျယ်ဖာမြားကို ပေးထားသည့် ဈေးများ မြင်လိုက်ရာတွင် ပါးစပ်ပင် ပြန်စေ့မရတော့ချေ။ သည်အချိန်တွင် မိန်းကလေးများက တတွတ်တွတ်ပြောရင်း ကျွန်တော့်ကို ဝေဖန်နေသည်။
“မြို့ရင်ပြင်မှာ အော်ရယ်နေတဲ့ တယောက်မလား အို ဟုတ်သား သူ အခု ဘာလုပ်နေတယ် ထင်လဲ သူ့ပါးစပ်ကြီးကို ဖွင့်ထားတာတော့”
“ကရား တံတွေးတွေတောင် ကျနေတယ်တဲ့ ညစ်ပတ်လိုက်တာ”
“နင်တို့သိလား ရုပ်ကလဲ ဆိုးလိုက်တာ....ကောင်မလေးမရှိမှာ သေချာတယ်”
“အာ ဟမ်....”
ပါးစပ်ကလဲ ပြန်ပိတ်မရဘူး။
[အထူးဂျယ်ဖာမြား] (99 ပိုင်း)
[အမြင့်ဆုံးဈေး- မြားတစ်ခု ၇၂ ငွေပြား]
ဒါက မူရင်းထက် ဆယ့်နှစ်ဆမလား
“အာ...ဟမ်....”
ကျွန်တော် သိုလှောင်ခန်းကို တုန်ယင်နေသည့်လက်များနှင့် ထိလိုက်သည်။ သိုလှောင်ခန်းမှာ စနစ်က ထည့်ပေးထားသည့် ဂဏာန်းပေါင်းစက်နှင့် တွက်ကြည့်သည်။ 99×72=?
“…7,128…”
ငွေပြားတရာကို ရွှေတပြား။ ၇၁၂၈ ပြားဆို ၇၁ ရွှေပြားနှင့် ၂၈ ငွေပြား။ ဂိမ်းပိုက်ဆံပေါက်ဈေးက ရွှေပြားတရာကို ဝမ်တသိန်းနှစ်သောင်းငွေသားပေါက်သည်။
‘တနေ့ကို မြားတရာလုပ်ရင်’
ဒါက ဂိမ်းအချိန်နဲ့တွက်တာပါ။ တကယ့်အချိန်နဲ့တွက်ရင် ခြောက်နာရီအောက်ကို ဝမ် ရှစ်သောင်းလေးထောင် ဝန်းကျင်ရမယ်။
“ဟ....ဟဟဟ..”
ကျွန်တော် ထိန်းမနိုင်သိမ်းမရကို ပျော်နေမိသည်။ ရယ်တာ မရပ်နိုင်တော့။
“ဖူးဟဟဟဟက်”
“ဒီ ဒီလူ နောက်ဆုံးတော့ ရူးသွားပြီပဲ”
“ရုပ်ဆိုးလိုက်တာ သူ့မှာ ချစ်သူမရှိမှာ သေချာပေါက်ပဲ မိန်းကလေးဆိုလို့ သူ စကားပြောလို့ရတာ သူ့အမေပဲ ရှိမှာ”
‘အဟွတ် ဒီကောင်မလေးတွေ လျှာစောင်းထက်လိုက်တာ’
ဒီလောက်နဲ့ မတိုးတော့ဘူး ငါက အရေထူနေပြီ
‘ချစ်ရတဲ့ လူ မတွေ့သေးလို့ပါ’
ကျွန်တော် ဤစကားများ ကြားနေရသော်လည်း ပြုံးနေနိုင်ဆဲဖြစ်သည်။
‘ငါ့လမ်းကြောင်းကို မြင်နေရပြီ’
အကြွေးလား။
‘ပါးပါးလေးပါ’
နေ့စားအလုပ်လဲ သွားစရာ မလိုတော့ဘူး။ ပိုက်ဆံလိုရင် အိုင်တမ်လုပ်လိုက်ရုံပဲ။ ပက်မာဆက်ခံသူဆိုတာ တကယ့်ကို ရွှေငန်းမလေး။
ကျွန်တော် ကောင်တာမှာ ငွေသွားထုတ်တော့ ပိုက်ဆံများ လျော့နေသည်။
“ဟေး ကျွန်တော့်ကို ဘာလို့ ရွှေခြောက်ဆယ်နှင့် ငွေ ၅၉ ပြားပဲပေးတာလဲ”
လေလံအိမ် မန်နေဂျာက ပြုံးပြုံးလေးနှင့် ပြန်ဖြေသည်။
“လေလံဝန်ဆောင်ခကို ရွှေဆယ်ပြားနှင့် ငွေ ၆၉ ပြားဖြတ်လိုက်ပါတယ်။ မော်ကွန်းအဆင့်အိုင်တမ်အတွက် ၁၅ ရာခိုင်နှုန်း ကော်မရှင်ခပေးရပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အားပေးလို့ အထူးကျေးဇူးတင်ပါတယ်ဗျာ”
ကော်မရှင်ခများက ပုံမှန်အဆင့်ကို ရှစ်ရာခိုင်နှုန်း ရှားပါးအဆင့်ဆို ဆယ်ရာခိုင်နှုန်းပေးရသည်။ ယှဉ်ပါက မော်ကွန်းအဆင့်အိုင်တမ်များ အရမ်းဈေးကြီးတာပေါ့။
‘ဒါဆိုရင် ပြိုင်ဘက်ကင်း နှင့် ဒဏ္ဍာရီလာအဆင့်များက ကော်မရှင်ခ ဘယ်လောက်တောင် ဖြတ်မလဲ မသိဘူး’
ရုတ်တရက်ဆိုသလို လေလံအိမ်နှင့် မေမေ့အချစ်ငွေကြေးဝန်ဆောင်မှုကို တွဲပြီးမြင်မိသည်။ ဒီကုမ္ပဏီကများ Satisfy နှင့်ဆက်စပ်နေသည်လားမသိ။
“ချီးပဲ...အောင်မြင်ချင်ရင် အနိုင်ကျင့်တာကို သည်းခံရမယ်...”
ပက်မာမျိုးဆက်အနေဖြင့် ဒဏ္ဍာရီလာအဆင့်အိုင်တမ်က မဖြစ်နိုင်တာမဟုတ်ဘူး။ တနေ့ ဂရစ်က တကမ္ဘာလုံးကို သွေးပျက်ခြောက်ခြားစေရမယ်။
“မဝေးတော့တဲ့ အနာဂတ်ပေါ့ကွာ ဟမ့်”
ဆယ့်ငါးရာခိုင်နှုန်း ကော်မရှင်ခအတွက်တော့ ရင်နာတာပေါ့ဗျာ။ ဒါပေမဲ့ အလုပ်လုပ်ရမှာဆိုတော့ ဆိုင်ဖွင့်ပြီးမရောင်းနိုင်ဘူးလေ။ ဒါကြောင့် လေလံအိမ်ကိုပဲ သုံးရမှာပေါ့။
ငွေရပြီးဖြစ်သဖြင့် ဝင်စတန်ရွာကို သွားသင့် မသွားသင့် ပြန်စဉ်းစားသင့်သည်။
‘ငါ ဒီမှာနေပြီး ဂျယ်ဖာမြားလုပ်ရင်း ငွေတွေ သပ်ယူလို့ ရတာပဲ ဒီတော့ တခြားရွာပြောင်းဖို့ လိုလို့လား’
ကျွန်တော် တခြားရွာပြောင်းချင်တာက သင့်တော်တဲ့ အမဲလိုက်နေရာကို လိုချင်လို့ပါ။ ဒါပေမဲ့ အမဲလိုက်စရာမလိုဘဲ အိုင်တမ်ပဲလုပ်ပြီး ငွေယူနိုင်တာပဲလေ။
‘ဒီမှာပဲ တချိန်လုံးနေပြီး အိုင်တမ်များပဲ လုပ်တော့မှာလား...’
ကျွန်တော် ဆုံးဖြတ်ချက်တခုတော့ ချရမယ်။ စမစ်က ဂေးဖြစ်နေသည့် အချက်ကိုလည်း ထည့်စဉ်းစားရမှာပေါ့။
‘ငါသာ သူနှင့်နှစ်ယောက်တည်းဆို....တွေးကြည့်တာတင် ဖင်ကျိန်းလိုက်တာ’
ကျွန်တော် အမဲလိုက်ဖို့ အလျင်မလိုပါဘူး။ ဒါပေမဲ့ အနီးအနားရွာတွေမှာ အဆင့်တင်ဖို့ ပိုသက်သာမှာတော့ အမှန်ပဲ။ အစီအစဉ်အတိုင်း ဝင်စတန်ရွာကို သွားမလား။ စမစ်ဆီကို ခန္ဓာကိုယ်ရင်းရမလား။
“ငါ့အသိအမတယောက်ကတော့ ဝင်စတန်ရွာမှာ ရှိတာပဲ...”
“အို မဖြစ်ပါဘူး စောစောထွက်လေ ကောင်းလေပဲ ရထားလုံးဌားရမယ်”
“အခုတော့ ငါ့လက်ထဲမှာ ရွှေခုနှစ်ပြား ရှိတယ်”
“ဘိုကင်မယူထားရင် မရပါဘူး တောင်းပန်ပါတယ်နော် ဖောက်သည်ကြီး”
ကျွန်တော့် ပထမဆုံးကြိုးပမ်းမှုက ကျရှုံးခဲ့သည်။
“ကျွန်တော့်အဖွားက ကျွန်တော်မမွေးခင် တရက်အလိုက ဆုံးသွားတာ ဒီနေ့က ရက်လည်လေ ဒါကြောင့် ကျွန်တော် ဝင်စတန်ရွာကို သွားချင်လို့ ဒါပေမဲ့ဗျာ လက်ထဲမှာ ရွှေခုနှစ်ပြားနှင့် ငွေပြားငါးဆယ်ပဲ ကျန်လို့...”
“ဟမ် ဆရာ့ရဲ့ ဂုဏ်သတင်းနဲ့ အခြေအနေကို ကြားရတော့ ကူညီချင်ပါတယ် ဒါပေမဲ့ ဝင်စတန်ရွာထိကို ရွှေခုနှစ်ပြားနှင့် ငွေပြားငါးဆယ်က နည်းလွန်းတယ် ကျွန်တော် စိတ်မကောင်းပါဘူး”
ဒုတိယအကြိမ် ကျရှုံးသည်။ လူတွေက တယောက်ခေါင်းပေါ် တယောက်နင်းနေတာပါလား။
“ဈေးလျော့ပေးသင့်ပါတယ်ဗျာ အချင်းချင်းတွေကို မသိကြတာ မဟုတ်ပဲနဲ့”
ဒါပေမဲ့လည်း ဈေးညှိတာ မရပါဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ ဈေးပေါပေါလေးနှင့် ရထားလုံးတစ်ခုရသွားသည်။
“ဝင်စတန်ရွာဆီ သွားစို့ မြန်ဆန်ပြီး ဘေးကင်းတဲ့ ခရီးလေးဖြစ်ပါစေ ပိုက်ဆံပေးရတာ တန်ဖို့ မျှော်လင့်ပါတယ် ရင်းရင်းနှီးနှီးနေကြတာပေါ့ ဖော်ရွေကြမှာပါ”
“…ခင်ဗျားစကားမပြောတော့ရင် ကျွန်တော် တကယ်ပဲ ကျေးဇူးတင်မိမှာပါ”
ခရီးသွားတာက လူများကို စိတ်လှုပ်ရှားစေပါသည်။ ရထားလုံးလမ်းက ကြမ်းပြီး ရထားလုံးဆရာက အပေါက်ဆိုးသော်လည်း ကျွန်တော်ကတော့ စိတ်ရွှင်လန်းနေပါသည်။
အပိုင်း ၂၂ : မီရိုကုမ္ပဏီ
ရထားလုံးမှာ ညနေခင်း ရွာမှ ထွက်လာခဲ့ပြီး နောက်နေ့မနက်တွင် ဝင်စတန်ရွာသို့ ရောက်ခဲ့သည်။ ဝင်စတန်ရွာမှာ ထူးခြားသည့် ရွာလေးတစ်ရွာဖြစ်သည်။ ဘိုင်ရန်ရွာထက် လေးဆလောက်ကျယ်ပြီး လူပိုများသည်။ ဝင်စတန်ရွာကို မြို့အသေးစားလေးလို့ပင် ပြော၍ ရသည်။
ကျွန်တော် ရထားလုံးဆရာကို ငွေပေးလိုက်သည်။
“မေးခွန်းတခုလောက် မေးလို့ရမလား”
“မေးလေ ငါဖြေပေးလို့ ရတာဆို ဖြေပေးမယ်”
“ဝင်စတန်ကို ဘာလို့ မြို့လို့ မခေါ်တာလဲ”
“အရင်ကတော့ ဒီရွာက ဘိုင်ရန်ရွာထက်တောင် မကျယ်ဘူး ဒီနားမှာရှိတဲ့ နယ်မြေတွေက စတင်သူနှင့် အလယ်အလတ်အဆင့် ခရီးသွားတွေအတွက် သင့်တော်တယ်လို့ နာမည်ကြီးလာတော့ လာတဲ့ သူတွေ တိုးလာတာပေါ့ မြို့အဖြစ် မကြာခင် အဆင့်မြင့်တော့မယ်လို့ ကောလဟာလတွေ ထွက်နေတယ် ငါ ကြားရသလောက်ကတော့ မြို့စားစတိုင်းရဲ့ အမွေခံက အရှင်အသစ်ဖြစ်လာမယ်ဆိုပဲ.... ငါလဲ ရေရေရာရာတော့ မသိပါဘူး”
‘မြို့စားစတိုင်းဆိုတဲ့ နာမည်ကို ငါ တစ်နေရာရာမှာ ကြားဖူးနေသလိုပဲ’
ကျွန်တော်က ခက်ခဲတဲ့ အချိန်တွေနဲ့ အများကြီး ကြုံခဲ့တာဆိုတော့ ကိစ္စအများကြီးဘယ်မှတ်နိုင်မှာလဲ။
“ဘာပဲဖြစ်ဖြစ် ငါနဲ့မှ မဆိုင်တာ”
‘အခု အလုပ်စရအောင်’
ကျွန်တော် ဂိုဒေါင်စာရင်းသွင်းသည့်နေရာကို ဦးတည်လိုက်သည်။ ပြီးတော့ မန်နေဂျာဆီမှာ ကျွန်တော့်ဂိုဒေါင်ကို သုံးဖို့ စကားဝှက်ရိုက်ထည့်လိုက်သည်။ မန်နေဂျာက လက်ဖြန့်ပြီး ဘောက်ဆူးတောင်းသည်။
‘ချီးပဲ ဂိုဒေါင်သုံးတိုင်း ပေးရမှာလား’
ကျွန်တော့် ငွေပြားသုံးဆယ်ကို တုန်ယင်နေသည့် လက်လေးများနှင့် ပေးခဲ့သည်။ မန်နေဂျာက ပိုက်ဆံကိုစစ်ဆေးလိုက်ပြီး မှော်စက်ဝိုင်းဆွဲလိုက်သည်။ ကျွန်တော့်နားမှာ လေဟာနယ်မတည်မငြိမ်ဖြစ်လာပြီး ဂိုဒေါင်သေးသေးလေးပေါ်လာသည်။ ဆင့်ခေါ်သည့် မှော်ပညာထင်သည်။
ဂိုဒေါင်မှာ ဖုန်များသာ ရှိပါသည်။ Satisfy မှာ တစ်နှစ်ဆော့ခဲ့သည်ဆိုသော်လည်း အက်ရှာတာဝန်လုပ်ရန် ဆေးပုလင်းဝယ်ချင်သည်နှင့် ပစ္စည်းများကို အကုန်ရောင်းလိုက်သည်။
“အယ်... လက်တွေ့ရော ဂိမ်းထဲမှာပါ....”
ကျွန်တော် စိတ်ပျက်ပျက်နှင့် သိုလှောင်ခန်းဖွင့်လိုက်သည်။
[မားမွန်ဓားရှည်]
[အဆင့်- မော်ကွန်း
ခံနိုင်ရည်- 88/204 တိုက်ခိုက်စွမ်းအား-178~301 တိုက်ခိုက်နှုန်း- -16%
အပိုထိခိုက်မှုများအားလုံးတွင် ရေဒြပ်စင်ထိခိုက်မှုကို ထည့်ပေါင်းပေးမည်။
ပန်မီယမ်ရေကန်၏ စောင့်ရှောက်သူ ကိုင်ဆောင်သော သူရဲကောင်းဓားရှည်ဖြစ်သည်။ ရေကန်၏ လွှမ်းမိုးမှုကြောင့် ဓားတွင် သန်မာသော ရေအော်ရာများ ပြည့်နှက်နေသည်။
အသုံးပြုရန် အခြေအနေများ- အဆင့် 65 နှင့် အထက်၊ ခွန်အား 260 အထက်, သက်လုံ 150 အထက်
အလေးချိန်- 1,050]
[မန်းဂယ်သတ္တုသံချပ်ကာ]
[အဆင့်- ရှားပါး
ခံနိုင်ရည်-51/180 ခုခံနိုင်စွမ်း- 165 လှုပ်ရှားမှုနှုန်း: -2%
* ခွန်အား +10
ပန်းပဲဆရာမန်းဂယ်၏ လက်ရာဖြစ်သည်။ ခုခံနိုင်စွမ်းကို တိုးမြင့်ပေးထားပြီး အလေးချိန်လျော့ပေးထားသည်။ ဝတ်ဆင်သူဟာ သံချပ်ကာဖန်တီးသူ မန်းဂယ်၏ သန်မာသည့် စိတ်ခွန်အားကို ခံစားနိုင်သည်။
အသုံးပြုရန် အခြေအနေများ- အဆင့် 60 နှင့် အထက်, ခွန်အား 180 အထက်
အလေးချိန်- 1,203]
[အလယ်အလတ်ဆေးရည်] (34)
[ဤဆေးရည်ကို ဆေးပင်ငါးပင်နှင့်အထက်ဖြင့် ဖော်စပ်ထားသည်။
အသက်အမှတ် ထောင့်ငါးရာ ပြန်ဖြည့်ပေးသည်။
ပြန်လည်အသုံးပြုနိုင်မည့် အချိန်- စက္ကန့်နှစ်ဆယ်
အလေးချိန်- 306]
[အဆင့်မြင့်ဆေးရည်] (27)
[ဤဆေးရည်ကို ဆေးပင်ဆယ်ပင်နှင့်အထက်ဖြင့် ဖော်စပ်ထားသည်။
အသက်အမှတ်လေးထောင် ပြန်ဖြည့်ပေးသည်။
ပြန်လည်အသုံးပြုနိုင်မည့် အချိန်- စက္ကန့်နှစ်ဆယ်
အလေးချိန်- 324]
[အလယ်အလတ်ခွန်အားတိုးဆေးရည်] (2)
ဤဆေးရည်ကို ဘီလူးသွေးပမာဏအနည်းငယ်နှင့် မတူညီသောဆေးပင်များ အတူရောစပ်ကာ ဖော်စပ်ထားသည်။
သင်၏ ခွန်အားကို ငါးဆယ်အမှတ် ငါးမိနစ်စာ တိုးလာစေသည်။
ဆက်တိုက်အသုံးပြုနိုင်သည်။
အလေးချိန်- 62]
[အလယ်အလတ်အမြန်နှုန်းတိုးဆေးရည်] (3)
[ဤဆေးရည်ကို ဟာပီသွေးပမာဏအနည်းငယ်နှင့် မတူညီသောဆေးပင်တို့ ရောစပ်ကာ ဖော်စပ်ထားသည်။
သင်၏ ရွေ့လျားနှုန်းကို အမှတ်ငါးဆယ် ငါးမိနစ်စာ ပေါင်းထည့်ပေးသည်။
ပြန်လည်အသုံးပြုရန် ကြာချိန်မရှိပါ။
အလေးချိန်- 90]
[အထူးဂျယ်ဖာမြား] (1)
[အဆင့် : မော်ကွန်း
တိုက်ခိုက်စွမ်းအား : 35~42
ဤမြားဖန်တီးသူသည် မြင့်မားသော စွမ်းရည်နှင့် အလားအလာတို့ရှိသော်လည်း အတွေ့အကြုံနှင့် ဂုဏ်သတင်းကင်းမဲ့နေသည်။
ဂျယ်ဖာနှင့် သတ္တုစပ်ထားခြင်းကြောင့် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း အလွန်မြင့်မားပြီး ရန်သူအချို့၏ ကာကွယ်မှုကို လျစ်လျူရှုနိုင်သည်။
* ရန်သူ၏ ခုခံမှုကို ထိုးဖောက်ဝင်ရောက်ရန် ဖြစ်နိုင်ခြေရှိသည်။
အလေးချိန် : 0.1]
[ရယ်ဖာ] (3)
[ဂျယ်ဖာသတ္တုရိုင်းကို အရည်ကျိုပြီးနောက် ရရှိလာသည့် သတ္တုဖြစ်သည်။ သတ္တုသည် မာကျောသော်လည်း အရည်အသွေးနိမ့်သောကြောင့် စွမ်းအားကောင်းသော သတ္တုများ ဖန်တီးရန် မဖြစ်နိုင်ပါ။ သို့သော် စတီးဖြင့်ရောစပ်ပါက ဂုဏ်သတ္တိပြောင်းလဲနိုင်သည်။
အလေးချိန် : 60]
ကျွန်တော် အမှန်တရားကို လက်မခံနိုင်ပါဘူး။ ငါ ဒီလောက်တောင် မွဲနေတာလား။ ပြီးနောက် ကျွန်တော် ကိုယ်အလေးချိန်လျှော့ရန် မားမွန်သူရဲကောင်းဓားရှည်နှင့် မန်းဂယ်သတ္တုသံချပ်ကာကို သိုလှောင်ခန်းထဲ ထည့်လိုက်သည်။
“ငါ ခုထိ မားမွန်ဓားရှည်နှင့် မန်းဂယ်သတ္တုသံချပ်ကာကို တန်ဖိုးမဖြတ်ရသေးဘူးပဲ”
ဒဏ္ဍာရီလာပန်းပဲဆရာ၏ တန်ဖိုးဖြတ်စွမ်းရည်က အိုင်တမ်များရဲ့ ဖုန်းကွယ်ထားသည့် စွမ်းရည်ကို ဖော်ထုတ်နိုင်ပါသည်။ ပြီးတော့ မားမွန်သူရဲကောင်းဓားရှည်နှင့် မန်းဂယ်သတ္တုသံချပ်ကာကို တန်ဖိုးဖြတ်လိုက်ရင် ဒီပစ္စည်းတွေကို ပိုနားလည်လာမယ်လေ။
ကျွန်တော် အိုင်တမ်များကို တန်ဖိုးဖြတ်ကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။
[ဖုံးကွယ်ထားသော စွမ်းရည်မရှိပါ]
[သင်သည် မားမွန်သူရဲကောင်းဓားရှည်ပြုလုပ်ရာတွင် အသုံးပြုထားသောသတ္တု၊ ထုတ်လုပ်ရေးနည်းစနစ်နှင့် ဖန်တီးသူ၏ ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိသည်]
[မားမွန်ဓားရှည်အပေါ်နားလည်မှု 33% တက်လာသည်]
[ဖုံးကွယ်ထားသော စွမ်းရည်မရှိပါ]
[သင်သည် မန်းဂယ်သတ္တုသံချပ်ကာပြုလုပ်ရာတွင် အသုံးပြုထားသောသတ္တု၊ ထုတ်လုပ်ရေးနည်းစနစ်နှင့် ဖန်တီးသူ၏ ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိသည်]
[မန်းဂယ်သတ္တုသံချပ်ကာအပေါ် နားလည်မှု 65% တက်သွားသည်]
ကျွန်တော့်ရဲ့ လက်ရှိအညွှန်းကိန်းတွေက မားမွန်သူရဲကောင်းဓားရှည်နဲ့ မန်းဂယ်သတ္တုသံချပ်ကာကို အပြည့်အဝသုံးလို့ မရသေးပါဘူး။
ပြစ်ဒဏ်ကြောင့် မားမွန်သူရဲကောင်းဓားရှည်က တိုက်ခိုက်စွမ်းအားသုံးဆယ်ရာခိုင်နှုန်းနှင့် မန်းဂယ်သတ္တုသံချပ်ကာက ကာကွယ်မှုနှစ်ဆယ်ရာခိုင်နှုန်း ကျနေသေးသည်။
အခု အိုင်တမ်နားလည်မှုတက်သွားတော့ အပြောင်းအလဲရှိတာပေါ့။
[ဇာတ်ကောင်၏ သက်ရောက်မှုကြောင့် မားမွန်သူရဲကောင်းဓားရှည်ကို အသုံးပြုနိုင်ခဲ့သည်]
[လိုအပ်ချက်မကိုက်ညီသောကြောင့် ကန့်သတ်ချက်သက်ရောက်သည်]
[မားမွန်ဓားရှည် တိုက်ခိုက်စွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းလျော့ချလိုက်သည်။ ရှိသော စွမ်းရည်များ၏ တစ်ဝက်ကိုသာ အသုံးပြုခွင့်ပေးထားသည်]
[သင်၏ မားမွန်သူရဲကောင်းဓားရှည်အပေါ် နားလည်မှုမြင့်မား၍ ကန့်သတ်ချက်အား လျော့ချပေးပြီးပြီ ဖြစ်သည်]
[ဇာတ်ကောင်၏ သက်ရောက်မှုကြောင့် မန်းဂယ်သတ္တုသံချပ်ကာကို အသုံးပြုနိုင်ခဲ့သည်]
[လိုအပ်ချက်မကိုက်ညီသောကြောင့် ကန့်သတ်ချက်သက်ရောက်သည်]
[မန်းဂယ်သတ္တုသံချပ်ကာ၏ ကာကွယ်မှုကို 8% လျော့ချလိုက်သည်။ ရှိသောစွမ်းရည်များ၏ တစ်ဝက်သာအသုံးပြုခွင့်ရှိသည်]
[သင်သည် မန်းဂယ်သတ္တုသံချပ်ကာကို နားလည်မှုမြင့်မား၍ ကန့်သတ်ချက်ကို လျော့ချပြီးပြီ ဖြစ်သည်]
“ဟို”
အိုင်တမ်နားလည်မှု တက်လာလို့ ကန့်သတ်ချက်တွေ လျော့သွားပါလား။ အခုဆိုရင် မားမွန်သူရဲကောင်းဓားရှည်က 143~240 လောက် တိုက်ခိုက်စွမ်းအားရှိပြီး မန်းဂယ်သတ္တုသံချပ်ကာက ကာကွယ်မှုမှာ 152 မှတ်ရှိသည်။ အိုင်တမ်စွမ်းရည်က တစ်ဝက်လောက်ပဲ သုံးလို့ရသော်လည်း မရှိတာထက်တော့ ကောင်းပါသေးသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်ပါသည်။ ပုဆိန်နှင့် ပေါက်ချွန်းကိုတော့ နားလည်မှုတစ်ရာရာခိုင်နှုန်း တန်းပြည့်သွားပေမဲ့ မားမွန်ဓားရှည်နှင့် မန်းဂယ်သတ္တုသံချပ်ကာက နည်းနည်းပဲတက်လာသည်။ ရိုးရိုးသားသားပြောရရင်တော့ စိတ်ပျက်မိပါသည်။
ကျွန်တော် အလျင်မလိုပါဘူး။ နားလည်မှုက အိုင်တမ်ကို အပိုင်းပိုင်းဖြုတ်၊ ပြုပြင်သည့်အပြင် အသုံးပြုပြီးတော့ မြင့်လို့ရတာပဲလေ။ ဒီတော့ အချိန်သိပ်မကုန်ဘူးပေါ့။
“အရင်ဆုံး အိုင်တမ်ပြုပြင်ကြည့်ရအောင်”
မားမွန်သူရဲကောင်းဓားရှည်နှင့် မန်းဂယ်သတ္တုသံချပ်ကာက လောလောဆယ်ခံနိုင်ရည် နိမ့်ကျနေပါသည်။ ကျွန်တော် ဒဏ္ဍာရီလာပန်းပဲဆရာပြုပြင်ခြင်းစွမ်းရည်ကို သုံးပြီး နားလည်မှုမြင့်လိုက်မယ်။
သုံးလိုက်တော့...
[ပြုပြင်ရန် ကိရိယာလိုအပ်သည်]
“ပြင်ဖို့ကို သီးသန့်ကိရိယာလိုသေးသည်ပေါ့”
‘ပြင်သည့်ကိရိယာက ဘာလဲ လအု ပိုက်ဆံဟ ဪ ပိုက်ဆံ ပိုက်ဆံ’
ကျွန်တော် စစ်သည်တော်အဖြစ်ဆော့ခဲ့တုန်းက ပြုပြင်ဖို့ စွမ်းရည်မရှိခဲ့ဘူး။ လိုအပ်ပြီဆိုရင် NPC ပန်းပဲဆရာဆီသွားပြီး ပြင်လိုက်တာပဲ။ ကျွန်တော် ပြုပြင်ဖို့ ကိရိယာလိုတာ ဘယ်သိမှာတုန်း။
‘အိုင်တမ် ပြင်ပြီဆိုရင် ဈေးကြီးတာ အံ့ဩစရာမရှိတော့ပါဘူး’
နောက်တခါဆိုရင် ပြုပြင်ရေးသီးသန့်ကိရိယာဝယ်ပြီးရင် အိုင်တမ်ပြုပြင်သည်ဆိုပြီး ဆိုင်းဘုတ်ကြီးနှင့် လုပ်စားရမယ်။ အင်း ငါလေး ဂိုဒေါင်ဖွင့်ပေးဖို့ကို ငွေပြားသုံးဆယ် ဖြုန်းမိသွားပါလား။ ကုန်ပါပြီကွာ။
ကျွန်တော် ဝိညာဉ်လွင့်မတတ် တုန်လှုပ်သွားပြီး မားမွန်သူရဲကောင်းဓားရှည်နှင့် မန်းဂယ်သတ္တုသံချပ်ကာကို ဂိုဒေါင်မှာပဲ ထားခဲ့တော့သည်။ ကိရိယာ တစ်ခါသိုလှောင်ရင် အိုင်တမ်တခုကို ငွေပြားတဆယ်ကျသင့်ပါသည်။ သိုလှောင်ခန်းရှိသည်ဆိုပေမဲ့ သေသွားလို့ အိုင်တမ်ကျခဲ့ပြီး ပြန်ရှင်လာသည့်အခါ ပါမလာလို့ ဆုံးသွားတာထက်စာရင် ဂိုဒေါင်မှာ လုံလုံခြုံခြုံစကားဝှက်နှင့် သိမ်းခဲ့တာက မဆိုးပါဘူး။
ဂိုဒေါင်ဖွင့်ဖို့ ငွေပြားသုံးဆယ်ပေးရပြီး အိုင်တမ်သိမ်းဖို့က တခုကို ငွေဆယ်ပြားကုန်သည်။ မေမေ့နှလုံးသားဟာ ပျော်ရွှင်နေသည်၊ လေလံအိမ်နှင့် ဂိုဒေါင်စီမံခန့်ခွဲရေးရုံးများက ငါ့မျက်စိထဲမှာတော့ မကောင်းတဲ့ လူတွေပဲ။
“ငါ့ရဲ့ငွေပြားငါးဆယ်လေး....ငွေပြားငါးဆယ်လေးရဲ့...”
ငွေပြားငါးဆယ်ကို ငွေသားနှင့်တွက်ရင် ဝမ်ခြောက်ရာပါ။ ဒီပိုက်ဆံနှင့် နို့မီလီလီတာဝယ်သောက်လို့ရသည်။ နို့က ရေဆာရင် ရေငတ်ပြေသလို အရိုးများကိုလည်း ကြံ့ခိုင်စေသည်။ ကျွန်တော် အိုင်တမ်များကို ဂိုဒေါင်မှာ သိမ်းလိုက်တော့ လှုပ်ရှားရတာ အဆင်ပြေသွားသည်။
“ဖတ် ဖတ်”
ကျွန်တော် လက်များကို ခါလိုက်သည်။ ဂိုဒေါင်မန်နေဂျာကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်ပြီး ရွာအလယ်ကို ဦးတည်လိုက်သည်။
ရွာအလယ်မှာ လူများ အများကြီးပါ။ အသစ်လေးများကနေ အိုင်တမ်များကို သုံးသပ်ကြည့်ရသလောက် အဆင့်တစ်ရာကိရိယာများကို သုံးထားသည့် ကစားသမားများပေါ့။
ဒီဂိမ်းကမ္ဘာက လက်တွေ့လိုပဲ အသက်ဝင်လွန်းပါသည်။ ပါတီ ဈေး တာဝန်တွေ မျှဝေပေးတာ သူတောင်းစားအတွဲတွေနှင့် ရှုခင်းကို ကြိုက်နှစ်သက်သူများပေါ့။ လူအမျိုးမျိုးကို ဒီကမ္ဘာမှာ တွေ့နိုင်ပါသည်။
ကျွန်တော် ရွာအလယ်မှာ ရပ်နေပြီး လိုက်စပ်စုနေပါသည်။
ကစားသမားလူသစ်များက ရွာရှေ့လမ်း၊ အများအားဖြင့် အဆင့်မြင့်သည့် သူများက တောင်လမ်း။ အနောက်နှင့် မြောက်ကိုတော့ ဘယ်သူမဆို သုံးကြပါသည်။
အရှေ့လမ်းမှာက လူသစ်များကို တာဝန်ပေးရန် NPC များရှိသည်။ ပြီးတော့ သင့်တော်သည့် အမဲလိုက်နယ်မြေများ ရှိသည်။ တောင်မှာက အဆင့်မြင့်သည့် တာဝန်နှင့် အဆင့်မြင့်ကစားသမားများအတွက် အမဲလိုက်နယ်မြေရှိသည်။ အနောက်နှင့် မြောက်က အဆင့်များ အကုန်လုံးရှိပါသည်၊ အကြောင်းက အရောင်းအဝယ်လုပ်သည့် နေရာပေါ့။
“ပန်းပဲဆရာအတွက် အနောက်ဘက်နဲ့ မြောက်က သင့်တော်တယ်”
ကျွန်တော် ရွာကို အကဲခတ်ပြီးတော့ အသိပေးစာပေါ်လာသည်။
[ထိုးထွင်းသိမြင်မှုတစ်မှတ် တက်သွားသည်]
ထိုးထွင်းသိမြင်မှုအညွှန်းကိန်းမှာ ဒြပ်ရှိသည့်အရာများကို ထောက်လှမ်းခြင်းနှင့် အန္တရာယ်များကို ကြိုသိသည့်နေရာတွင် အသုံးဝင်သည်။ သူ့သက်ရောက်မှုကို ခုထိမမြင်ရသေးတော့ ဘယ်လောက်အသုံးဝင်လဲ အကဲဖြတ်မရဘူးပေါ့။
“တက်တာက စွမ်းအားကြီးလာတာပဲ”
ကျွန်တော် အနောက်လမ်းနှင့် အရှေ့လမ်းကို ရှာဖွေလိုက်တော့ အရှေ့လမ်းမှာ ပန်းပဲဆရာတစ်ယောက် ရှာတွေ့လိုက်သည်။ အဆောက်အအုံကြီးက ဟီးနေတာပဲ။
ဘိုင်ရန်ရွာက ပန်းပဲဖိုလေးနှင့် နှိုင်းလို့ကို မတန်တာပါ။ ဘိုင်ရန်ရွာက စမစ်ပဲရှိပြီး ဒီမှာက ပန်းပဲဆရာဒါဇင်လိုက်ဆိုတော့ ကွာမှာပေါ့လေ။
‘ဒီပန်းပဲဆရာများရဲ့ ခေါင်းဆောင်ကတော့ အနည်းဆုံးအလယ်အလတ်အဆင့်တော့ ရှိမယ်’
ဒါဆိုရင် သူ ကျွန်တော့်ကို ဖော်ဖော်ရွေရွေဆက်ဆံပြီး အသိအမှတ်ပြုလောက်မှာပါ။ ဘိုင်ရန်ရွာမှာလည်း ငါ အိုင်တမ်လုပ်နည်း ကောင်းကောင်းသင်ခဲ့တာပဲ။ ကျွန်တော် ပန်းပဲဖိုထဲကို စိတ်လှုပ်ရှားစွာ ဝင်ရောက်လိုက်ပြီး တူထုနေသည့် ပန်းပဲဆရာပုံများနှင့် မီးရဲများ တဟုန်းဟုန်းတောက်လောင်နေတာကို မြင်ယောင်ကြည့်နေသည်။
ကျွန်တော် ပန်းပဲဖိုထဲမှာ မြင်လိုက်တာကို စကားနှင့်ပြောရမယ်ဆိုရင် ရှင်းနေတာပဲ။ တူသံမပြောနှင့် လူကို မရှိတာ။
“ဘ ဘာလဲ”
ကျွန်တော် စိတ်ရှုပ်သွားဟန်နှင့် တပတ်ကြည့်လိုက်တော့ ဗလာဖြစ်နေသည့် အရက်ပုလင်းကို ကိုင်ပြီး ထောင့်မှာအိပ်နေသည့် ဘီယာဗိုက်လူကြီးကို မြင်လိုက်သည်။ သေလား ရှင်လားတောင် မသိတော့ သူ့နားလေးကို တိတ်တိတ်လေးသွားပြီး လှုပ်နှိုးလိုက်သည်။
“ဝေး ဟေး”
“....အမ် ဘာဖြစ်လို့လဲ”
သတင်းကောင်းက သူမသေသေးပါဘူး။ ဘီယာဗိုက်လူကြီးက ကြောင်တောင်တောင်ဖြစ်နေဟန်နှင့် မျက်လုံးကို ဖွင့်လိုက်သည်။ ကျွန်တော့်ကို မြင်တော့ မေးလိုက်သည်။
“ဘာကိစ္စရှိလို့ ဒီကိုလာတာလဲ”
“ကျွန်တော် ဒီရွာမှာ ရောင်းအားအကောင်းဆုံးအိုင်တမ်ကို ပြုလုပ်နည်းသင်ချင်လို့ ကူညီပေးလို့ ရလား”
လူကြီးက ကျွန်တော့်ကို ကြည့်လိုက်ပြီး သရော်သည့်လေသံနှင့် ပြောလိုက်သည်။
“ဒီနေရာက ဒေဝါလီခံသွားတာ ကြာလှနေပြီ မီရိုကုမ္ပဏီက ပန်းပဲဖိုတွေနဲ့ အနီးအနားက ဆိုင်ပါ အကုန်ဝယ်သွားတာလေ သူတို့က အိုင်တမ်တွေကို ဈေးတအားလျှော့ရောင်းတော့ ဒီနေရာကို ဘယ်သူကလာဝယ်မလဲ မင်းက အိုင်တမ်လုပ်နည်းကို ဒီမှာသင်ချင်တာလား လာ ငါတို့အတူတူ ပျက်စီးရအောင်”
ဒီအချိန်မှာပဲ....
ကြမ်းတမ်းသည့် လူအုပ်ကြီးဟာ ပန်းပဲဖိုထဲကို တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် ဝင်လာသည်။
“ဟေး မသေနိုင်သေးတဲ့ အဘိုးကြီး အခုထိ မဆုံးဖြတ်ရသေးဘူးလား ခင်ဗျားသာ ဒီအဆောက်အဦးကြီးကို မီရိုကုမ္ပဏီဆီရောင်းလိုက် ခင်ဗျားသေတဲ့ အထိ သောက်လို့ရအောင် ငွေများများပေးမယ်လေ”
ဘာလို့ ဒီလောက် တိုက်ဆိုင်ရတာလဲ.... ဒီသခင်လေးနောက်ကို အရှုပ်ထုပ်တွေက အမြဲလိုက်နေပါလား