အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အပိုင်း ၂၅ : လူမိုက်များနှင့် တိုက်ပြီ
“ငရဲကို သွားတော့”
ဘုန်း
ရန်သူများက ပတ်ပတ်လည်ဝိုင်းပြီး တိုက်နေသောကြောင့် ပေါက်ကွဲသံထွက်ပေါ်နေသည်။ တိုက်ခိုက်မှုတိုင်းဟာ ကျွန်တော့်ကို သေစေနိုင်သည့်ထိခိုက်မှုထက်ပိုနေတာကြောင့် ရှောင်နေရင်း ချွေးတပေါက်ပေါက်ကျလာသည်။
ခွမ်း ဒိုင်း ဒုန်း
တိုက်ခိုက်တာများက ထွက်လာသည့် စွမ်းအားက နံရံကို တစ်ချက်တည်းနှင့် ဖျက်စီးပစ်သည်။ တိုက်ခိုက်တာက နှေးနေတာရယ် ရိုးရိုးပဲ တိုက်နေသဖြင့် ကျွန်တော်လည်း နည်းနည်းပါးပါးတော့ ရှောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ဒီတိုင်းဆက်ပြီး ဘယ်လောက်အထိထိန်းနိုင်မလဲတော့ မသေချာချေ။ ပြီးနောက် ရန်သူများကလည်း စပြီးခေါင်းသုံးလာသည်။
“တချိန်တည်း တိုက်ကြ”
“အိုး …. ”
မတူညီသည့်လက်နက်များက နေရာတိုင်းက ဟာကွက်မရှိအောင် လာနေပါသည်။
[သင်သည် ထိခိုက်မှု ၁၅၀ ရရှိသည်]
[သင်သည် ထိခိုက်မှု ၁၆၃ ရရှိသည်]
“အာ”
ကျွန်တော့် အသက်မှတ်က ထိုးကျသွားပြီး အခုတော့ ၂၃ မှတ်ပဲ ကျန်တော့သည်။
‘ရူးချင်လာပြီကွာ ခရစ်တီကယ်ရိုက်ချက်တွေ မဟုတ်ပဲနဲ့’
သိုလှောင်ခန်းကနေ ဆေးပုလင်းဆွဲထုတ်ပြီး သောက်လိုက်သည်။ ဆေးပုလင်းက အလယ်အလတ်အဆင့်မို့ တခါထဲ အသက်အမှတ် ၁၅၀၀ ပြန်ဖြည့်ပေးသည်။
‘ငါ့အသက်အမှတ်က ၁၅၀၀ ထက်နည်းပေမဲ့ ငါ့မှာလဲ အလယ်အလတ်ဆေးပုလင်းအပြင်မရှိဘူး။ ဒီထက် ညံ့တာကလည်း တိုက်ပွဲမှာ အဆင်ပြေမှာမဟုတ်ပါဘူးလေ...’
ဆေးပုလင်းပြန်သုံးဖို့ စက္ကန့်နှစ်ဆယ်ကြာပါသည်။ ဒီအတောအတွင်းမှာ ကျွန်တော် ကိုယ့်ဟာကို မသေအောင် ကာကွယ်ရမှာပါ။ ဒါပေမဲ့ အခု ရန်သူကလည်း ပူးပေါင်းပြီး အချိတ်အဆက်မိမိတိုက်လာတော့ ပိုခက်လာသည်။
“ငါတို့က အတူတူလက်တွဲတိုက်လာတာ ဆယ်နှစ်လောက်ရှိပြီကွ။ မင်း ဘယ်လောက်ပဲ ကြိုးစား ငရဲကိုသွားရမှာပဲ”
ကျွန်တော့်ခေါင်းကို တိုက်လာသည့် ဓားကို ရှောင်တော့ ဒူးကို ပြန်တိုက်လာသည်။ ဒီလိုနှင့် သူတို့က ကျွန်တော့်လှုပ်ရှားမှုများကို ထိန်းချုပ်ထားသည်။ စစ်သည်တော်ဇာတ်ကောင်တုန်းက တိုးတက်လာသည့် တိုက်ပွဲအသိက မြန်မြန်ထွက်ပြေးဖို့ သတိပေးနေသည်။
မရှောင်နိုင်တော့ဘူး။
“ခု”
ကျွန်တော် မြားကို အောက်ဘက်ချိန်လိုက်သည်။
ခွမ်
အထူးဂျယ်ဖာမြားနှင့် တင်းပုတ်ကို ထိုးလိုက်ပြီး လားရာပြောင်းဖို့ ကြိုးစားလိုက်သည်။ ဒါပေမဲ့ မြားက အရမ်းကိုပေါ့သည့် လက်နက်ဖြစ်နေသဖြင့် ကီလိုဂရမ်နှင့်ချီပြီးလေးသည့် တင်းပုတ်ကြီးကို ဦးတည်ချက်ပြောင်းဖို့ မဖြစ်နိုင်ချေ။
တင်းပုတ်နှင့် ကျွန်တော့်ဒူးခေါင်းတစ်ဝက်က ရိုက်မိသွားသဖြင့် ထိခိုက်မှုကြီးကြီးမားမားရသွားသည်။
[သင်သည် ထိခိုက်မှု ၂၀၀ ရရှိသည်]
[သင့်ဘယ်ဘက်ခြေထောက်သည် ထိခိုက်မှုပြင်းထန်သည်။ လှုပ်ရှားနှုန်း လေးဆယ်ရာခိုင်နှုန်းကျဆင်းသွားသည်။ ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်း ကျဆင်းသွားသည်]
ကျွန်တော် လဲကျသွားမလိုဖြစ်နေတုန်း ခေါင်းနားမှာ အလင်းတန်းတချက်လက်သွားသည်။ ဘာမှမလုပ်ပါက ကျွန်တော့်ခေါင်းက အပေါက်ကြီးကြီးဖြစ်တော့မည်။
နာကျင်မှုကို တောင့်ခံပြီး နောက်ကို လိမ့်လိုက်သည်။
ကျွန်တော်သာ စက္ကန့်နည်းနည်းလောက် နောက်ကျသွားရင် ခေါင်းကအပိုင်းပိုင်းဖြစ်နေလောက်ပြီ။ ရန်သူများကို စိုက်ကြည့်ရင်း ဆုံးဖြတ်ချက်တခုချလိုက်သည်။
‘ငါဒီနေ့ ကြီးကြီးမားမားရင်းလိုက်ရတာပဲ’
အလယ်အလတ်ခွန်အားတိုးဆေးပုလင်းကို ဆွဲထုတ်နေရင်း နှလုံးသားကနေ သွေးစိမ်းရှင်ရှင်ကျနေသည်။ ဈေးက ရွှေဆယ်ပြားပေးရသည်။ ရွှေဆယ်ပြားက တသောင်းခုနှစ်ထောင်ဝမ်ရှိသည်လေ။
‘နှမျောလိုက်တာကွာ’
မျက်စိတမှိတ်အတွင်းမှာ ရွှေနှစ်ဆယ်ပလုံသွားပါပြီ။ ဝမ်နှင့်ပြောရရင် သုံးသောင်းလေးထောင်ပေါ့။
ဂလု ဂလု
ဆေးပုလင်းမျိုချနေရင်း မျက်ရည်များဝဲနေပါသည်။
‘ဒီဆေးရည်က ချိုပြီး အရသာရှိတဲ့ ဝက်သားဟင်းပွဲအစုံလိုက်ထက် ဈေးကြီးလိုက်တာ’
အက်ရှာတာဝန်မှာတောင် အန္တရာယ်နှင့်ကြုံသည့်အခါ ဒီဆေးရည်ကို နှမျောလို့ မသုံးခဲ့ချေ။ ယခုတော့ ဘီအဆင့်တာဝန်အောင်ဖို့အရေး သူတို့ကို သုံးနေရသည်။
[သင်သည် အလယ်အလတ်အဆင့်ခွန်အားတိုးဆေးရည်ကို အသုံးပြုလိုက်သည်။ ခွန်အားသည် ငါးမိနစ်အတွင်း ငါးဆယ်မှတ်တိုးလာသည်]
[အလယ်အလတ်အဆင့်လျင်မြန်နှုန်းတိုးဆေးရည်ကို အသုံးပြုလိုက်သည်။ အမြန်နှုန်းသည် ငါးမိနစ်အတွင်း ငါးဆယ်မှတ်တိုးလာသည်]
တိုက်ခိုက်တာကို ရှောင်နေတုန်း အသိပေးစာများပေါ်လာသည်။
“ခွေးမသားရေ မင်းသောက်နေတုန်း ငါတို့က အလှကြည့်နေမယ်လို့ ထင်နေလား”
အမြန်နှုန်းတိုးလာတော့ တိုက်ခိုက်တာများကိုရှောင်ပြီး မြားနှင့် ပြန်တိုက်လာနိုင်နေပါသည်။ သို့သော် မတူညီသည့် ဦးတည်ဖက်များမှ လာနေသည့် တိုက်ခိုက်မှုနှစ်ခုကိုတော့ မရှောင်နိုင်တော့ပေ။
“ကြောက်စရာကောင်းလိုက်တာ”
ဆေးပုလင်းမသုံးခဲ့ရင် သေနေတာကြာလှပြီ။ ဒီအခြေအနေက ကျွန်တော့်နှလုံးကို ဖိအားကြီးကြီးမားမားပေးနေသည်။ ဂိုဏ်းလူမိုက်များကလည်း ဒေါသတကြီးနှင့် တိုက်နေကြသည်။
“မျိုးမစစ်ကောင် ဘယ်ပြေးမလို့လဲ”
“ကောင်စုတ်လေး မင်း ပထမအကြိမ်ကစွမ်းအား ဘယ်မှာလဲ။ အရှက်မရှိ ခွေးကောင်လေး မျှမျှတတတိုက်ပါလား”
လေးယောက် တယောက်တိုက်နေတာတောင် သူတို့ပါးစပ်ကနေ မျှမျှတတတိုက်ပါလားက ထွက်ရဲသေးလား။
“ဟေး သောက်ရူးတွေ ငါ့ကိုကြောက်လို့ စုတိုက်နေကြတာမလား မဟုတ်ရင် တယောက်ချင်းတိုက်ရအောင်”
“ငါတို့က တယောက်ချင်းတိုက်လဲ နိုင်တယ်ကွ”
“ဒီကောင့်ကို ပညာပေးရမယ်”
ထန်ထန်ထန်
မြားနှင့်ထိုးပြီးသည်နှင့် ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ ဓားရှည်က ဘေးမှ ခြစ်မိသွားရာ ပူနွေးနေသည့် နာကျင်မှုကို ခံစားလိုက်ရသည်။
[ထိခိုက်မှုအမှတ်သုံးဆယ်ရရှိသည်]
ကျွန်တော် ကံကောင်းပြီး ရှောင်နိုင်ခဲ့သည်။ ဒီအချိန်မှာပဲ ကျွန်တော့်ဆေးပုလင်းများကို ပြန်သုံးလို့ရသည့်အချိန် ရောက်လာပြီ။
“ဟေး လူများ ရိုးရိုးသားသားပြောကြ။ အခုတော့ ငါက လွယ်တဲ့ ကောင်မဟုတ်ဘူးဆိုတာ သိပြီမလား”
“……”
ဂိုဏ်းလူမိုက်များက ဝန်မခံချင်ကြပေမဲ့ ဘယ်လိုငြင်းရမလဲ မသိပါဘူး။ ကျွန်တော်လည်း အကြံပေးလိုက်သည်။
“စာချုပ်ကို ငါ့ပေးလိုက်။ ဒါဆိုရင် ဘယ်သူမှ ထပ်မသေတော့ဘူးပေါ့”
“ဘာကွ”
ဂိုဏ်းလူမိုက်များ ဒေါသတကြီးများ ဖြစ်ကုန်ပါသည်။
“လာပြီး မလှည့်စားနဲ့။ ဂျွန်ဆန်ကို သတ်ပြီးတော့ ဒီကနေများ အသက်ရှင်ရက်ထွက်သွားဖို့ မျှော်လင့်နေသေးတာလား။ မကြာခင်သေရတော့မှာဆိုတော့ စာချုပ်အတွက် စိုးရိမ်ဖို့ မလိုဘူး”
“ဘာလဲ ခက်ခဲတဲ့ လမ်းကို ရွေးချင်တာလား။ ခင်ဗျားတို့ စာချုပ်ကို ကျွန်တော့်လက်ထဲထည့်လိုက်တာနဲ့ အသက်ရှင်ရက် ထွက်သွားလို့ရတယ်နော်”
“ဟဟက် အဓိပ္ပာယ်မရှိတာ လျှောက်ပြောမနေနဲ့။ ဒီကောင် ခြေထောက်ကျိုးသွားတော့ ခေါင်းပါ ထိသွားတာနေမယ်။ မင်းကသာ ဒီမှာသေမဲ့လူကွ”
“ဟင်း လွယ်လွယ်ကူကူ မပြီးတော့ဘူးပေါ့”
စကားပြောပြီးသွားသည့်အချိန် ဆေးရည်များလည်း ပြန်သုံးလို့ရပါပြီ။ လူမိုက်များဖက်လှည့်ပြီး ဆေးရည်ကို တဂွတ်ဂွတ်နှင့် သောက်ချလိုက်သည်။ တချိန်တည်းမှာပဲ အသက်အမှတ်နှင့် ခြေထောက်ကဒဏ်ရာလည်း ပြန်ကောင်းသွားသည်။
‘အခုပဲ’
ဂိုဏ်းလူမိုက်များက ကျွန်တော် ဒဏ်ရာရနေတုန်းလို့ ထင်နေတုန်းပါ။ ကျွန်တော် သူတို့ထဲကတယောက်ကို ချောင်းတိုက်လိုက်သည်။
“မ မလုပ်ပါနှင့်”
ကျွန်တော့်ခြေထောက်က ဒဏ်ရာရနေတုန်းလို့ ထင်နေတာကြောင့် အချိန်မှီမတုံ့ပြန်နိုင်ခဲ့ပါဘူး။ သူတို့ထဲက တယောက်ကို မြားနှင့် ထိုးစိုက်လိုက်သည်။
[အပိုထိခိုက်မှု ပေါင်းထည့်ပေးသည်]
[အထူးဂျယ်ဖာမြားသက်ရောက်မှုကြောင့် ရန်သူ့ခုခံမှုကို လုံးဝလျစ်လျူရှုထားသည်]
“အဟွတ်”
[ဝင်စတန်ဝရမ်းပြေးနီရယ်ကို အနိုင်ယူလိုက်သည်]
[ဝင်စတန်ရွာတွင် ဂုဏ်သတင်းအမှတ်ခြောက်ဆယ်တက်သွားသည်]
[အတွေ့အကြုံအမှတ်လေးထောင့်သုံးရာရရှိသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
‘ကောင်းတယ်’
ဗိုက်မှာ မြားစိုက်ခံရသည့် လူမိုက်က မီးခိုးရောင်အငွေ့အဖြစ် ပြောင်းသွားသည်။ သူတို့အဖော်နောက်တယောက်သေသွားတော့ လူမိုက်မျက်လုံးများမှာ တုန်လှုပ်သွားဟန်များ ဖြစ်ပေါ်နေသည်။
“မင်း...မင်း ခြေထောက်က ဘယ်လိုလုပ်အကောင်းအတိုင်းဖြစ်သွားတာလဲ။ မင်းဆေးရည်သောက်လိုက်တယ်လို့တော့ မပြောနဲ့နော်”
“....ငါ တချိန်လုံး သောက်နေတာ မမြင်ဘူးလား”
“မင်း အကျင့်မကောင်းတဲ့ ကောင် ကိုယ့်အစွမ်းအစနဲ့ တိုက်သင့်တယ်ကွ”
“သောက်ရူး မင်းကများ ပြောရဲသေး။ မင်းတို့ လူမိုက်တွေ အပြစ်မရှိတဲ့ မြို့ခံတွေကို အနိုင်ကျင့်နေတာ ဘယ်လောက်ကြာပြီလဲ”
“မင်း.... သတ် ဒီခွေးကောင်ကို သေအောင်သတ်ကြ။ ဒီကောင်က ပိုးဟပ်လိုပဲ မသေမချင်းရိုက်ကြ”
“သူ့ကိုသာ ဆေးရည်မသောက်နိုင်အောင်တား။ ငါအမှုန့်ကြိတ်ပြမယ်”
ဒေါသအကြီးအကျယ်ထွက်နေသည့် ဗဲလ်က သူ့လူများကို အမိန့်ပေးလိုက်သည်။
‘ကောင်စုတ်လေး မင်းမကြာခင်သေတော့မှာပါ’
ဗဲလ်အမိန့်ပေးလိုက်တာနှင့် တိုက်ခိုက်မှုများက အလွန်ပြင်းထန်လာသည်။
ခွမ် ထန် ခွမ်
ဘန်း
လူသတ်နည်းစနစ်များပါ သုံးလာကြသည်။ ဒီတော့ ကျွန်တော်လည်း သူတို့ခုခံလို့မရအောင် မြားကိုနှလုံးရှိသည့်နေရာကိုပဲ ထိုးစိုက်သည်။ တိုက်ခိုက်နေရင်း တိုက်ခိုက်နေကြသည်။
“စွတ်”
သူတို့ကို မြားနှင့်ထိုးတာတောင် မရပ်တန့်ကြဘူး။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ပြန်ကာကွယ်ရသည်။
[ထိခိုက်မှု ၂၃၀ မှတ် ရရှိသည်]
[ထိခိုက်မှု ၁၈၀ မှတ် ရရှိသည်]
ဘန်း စွတ် စွတ်
မြွေလိုပဲ ကျွန်တော့်နားကပ်လိုက်ပြီး လွတ်မြောက်နိုင်သည့်လမ်းများ အကုန်ပိတ်ဆို့ထားသည်။ ဓားရှည်ကြီးက ကျယ်ကျယ်ပြန့်ပြန့် နေရာပိတ်ဆို့ထားသည့် အတွက် ပြဿနာအကြီးကြီးတက်နေပြီ။ တင်းပုတ်ကို ရှောင်ရင် တင်းပုတ်က မြေကြီးမဟုတ်ရင် နံရံနှင့်ရိုက်မိပြီး ဟန်ချက်ပျက်ကုန်မည်။
ဆေးရည်ကို ပြန်သုံးဖို့က တဆယ့်သုံးစက္ကန့်ကျန်သေးသည်။ အသက်အမှတ်ကလည်း အောက်ဆုံးရောက်နေပြီ။
‘ဒါက ငါ့ရဲ့အကန့်အသတ်ပဲ ငါရှေ့ဆက်လို့ မရတော့ဘူးထင်တယ်’
ဒဏ္ဍာရီလာပန်းပဲဆရာသည်းခံမှုစွမ်းရည်သာ အသက်ဝင်လာရင် ငါ့ရဲ့ ခုခံမှုနှင့် အသက်အမှတ် ပိုသန်မာလာမှာ။ ကြည့်ရတာ ဒါက ငါ့ရဲ့ အကန့်အသတ်ပဲ။
‘အဆုံးသတ်ပေါ့...’
တာဝန်ကို အရှုံးပေးရတော့မဲ့အချိန်မှာ...ကျွန်တော် တခုသွားတွေးမိသည်။
‘ငါက ဘာလို့ ဆေးရည်ကို မှီခိုနေတာလဲ’
ငါက စစ်သည်တော်လား။ မဟုတ်ဘူး ပက်မာရဲ့ ဆက်ခံသူ။
‘ဘယ်ရောက်နေတာလဲ အခုက’
ပန်းပဲဖိုမှာလေ။
‘တုံးလိုက်တာကွာ... ဘာလို့များ အစောကြီးကတည်းက မစဉ်းစာမိတာလဲ’
ကျွန်တော် အခန်းထဲက လက်နက်များနှင့် ချပ်ဝတ်များကို သတိပြုမိသွားသည်။ ပစ္စည်းအရေအတွက်က ကျွန်တော့်ခေါင်းထဲမှာ ပေါ်လာသည်။
“ခန်”
ထောင့်မှာရပ်နေသည့်အဘိုးကြီးခန်က ကျွန်တော်ခေါ်သံကို တုံ့ပြန်လိုက်သည်။
“ပြောလေ”
ကျွန်တော် သူ့ကို မေးလိုက်သည်။
“ဒီပန်းပဲဖိုကို ထိန်းသိမ်းထားချင်သေးလား”
“ထားချင်တာပေါ့။ ငါ အစောကြီးကတည်းက အရှုံးပေးခဲ့ပေမဲ့ ငါ့စိတ်ကို ပြောင်းပေးခဲ့လို့ မင်းကို ကျေးဇူးတင်ပါတယ်။ မင်း ကူညီရင် ငါ ဒီနေရာလေးကို ထိန်းသိမ်းနိုင်မှာ”
ကျွန်တော် ကြားချင်တဲ့ အတိုင်း အတိအကျပဲ။
“ဟေး မင်း အခုဘာလုပ်နေပြန်တာလဲ။ အဘိုးကြီးနဲ့ စကားပြောပြီး ဘာတွေကြံစည်နေတာလဲ”
ခ ခ ခွမ်
ဂိုဏ်းလူမိုက်တွေ တိုက်ခိုက်တာ မရပ်နားပါဘူး။ ကျွန်တော် ရှောင်လိုက်ပြီး သူတို့ထဲက အကြီးဆုံးတစ်ယောက်ကို မြားနှင့်ပစ်လိုက်သည်။
စွတ်
အထူးဂျယ်ဖာမြားက တင်းပုတ်နှင့် ထိသွားသည်။
ယုံကြည်ချက်ရှိသော်လည်း အခြေအနေကို မြင်ရသည်တွင် ပရကာက စပြီး ခုခံလာသည်။
[အပိုထိခိုက်မှု ပေါင်းထည့်ပေးသည်]
မြားက တင်းပုတ်နှင့် ထိချိန်တွင် အပိုထိခိုက်မှုပေးလိုက်သဖြင့် ပြင်းထန်သည့် စွမ်းအားကြောင့် ပရကာ ချက်ချင်းပဲ နောက်ကို ဆုတ်လိုက်ရသည်။ တခြားကျန်သည့် နှစ်ယောက်ကတော့ ဂရုမစိုက်ဘဲ ဆက်ပြီး တရကြမ်းတိုက်လာသည်။ ကျွန်တော်လှည့်ပြီး သူတို့ဆီကနေ ပြေးသည်။
“ဟဟဟ ဘယ်လောက်တောင်ရူးလိုက်သလဲ သူ့လက်နက်ကို ပစ်လိုက်တယ်ကွ”
ဂိုဏ်းလူမိုက်များက ကျွန်တော်ပြေးသည့်နောက်ကို လိုက်ဖမ်းကြသည်။ ပရကာလည်း မြားပျံကြီးကို ခုခံပြီး ကျွန်တော့်ကို ဟားတိုက်ရယ်မောနေသည်။ အားအကုန်သုံးပြီး ရှေ့ကို ကျွန်တော်အမြန်ပြေးသည်။ လှေကားထစ်များကနေတက်ပြီး ဒုတိယအလွှာကို ရောက်သွားသည်။
သတ္တုချပ်ဝတ်နှင့် သုံးမီတာလောက်ရှည်သည့်စူပါဓားရှည် အလွန်ကို ရွှန်းလက်တောက်ပနေသည်။
ကျွန်တော် အောက်ထပ်မှာရှိသည့် ခန်ကို အော်ပြောလိုက်သည်။
“ခန် ဒီကိရိယာကို ခဏဌား”
“ဒ ဒါပေမဲ့…”
“တိုက်ပြီးရင် ပြန်ပေးမှာပါ ခင်ဗျားပန်းပဲဖိုကို ထိန်းထားချင်သေးရင် ကျွန်တော့်ကို ဌားပေး”
အိုင်တမ်များကို ပိုင်ရှင်ကခွင့်မပြုဘဲယူတာက ပြစ်မှုမြောက်ပါသည်။ ကျွန်တော် ခန် ခွင့်ပြုတာကိုစောင့်နေပေမဲ့ သူက တွန့်ဆုတ်နေပုံပဲ။
“မဌားချင်လို့ မဟုတ်ပါဘူး။ ဘယ်သူမှ အဲဒီကိရိယာကို မသုံးနိုင်ကြဘူး။ မင်းအတွက် ပိုသင့်တော်မဲ့ သားရေချပ်ဝတ်နဲ့ ပန်းပဲတူရှိတယ်”
“ကိစ္စမရှိပါဘူး ပေးဌားပါ”
“ဒ ဒါပေမဲ့ အဲဒီတိုက်ပွဲဂီယာက”
“ဟဟဟ ငါမင်းကို နောက်ဆုံးတော့ မိပြီကွ သေစမ်း”
ရန်သူများက ကျွန်တော့်နားကပ်လာပြီ။ ခန်လည်း အခြေအနေကို သဘောပေါက်ပြီး ခေါင်းညိတ်လိုက်သည်။
“ခွင့်ပြုတယ်ကွာ လွတ်လွတ်လပ်လပ်သာသုံး”
“ကောင်းသည် ခင်ဗျားစောစောပြောသင့်တာ”
[ဇာတ်ကောင်သက်ရောက်မှုကြောင့် ဒိန်းစလိတ်(ပုံတူ)ကို အသုံးပြုနိုင်ခဲ့သည်]
[အိုင်တမ်လိုအပ်ချက်နှင့် မကိုက်ညီသောကြောင့် ကန့်သတ်ချက်သက်ရောက်ခဲ့သည်]
[ဒိုင်းစလိတ်(ပုံတူ)၏ တိုက်ခိုက်စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းကျဆင်းသွားသည်။ ရှိသော စွမ်းရည်များ၏ တစ်ဝက်ကိုသာ အသုံးပြုနိုင်သည်]
[ဒိုင်းစလိတ်(ပုံတူ)အပေါ် နားလည်မှုတိုးလာသည်နှင့် ကန့်သတ်ချက်ကို လျော့ချပေးမည်]
[ဇာတ်ကောင်၏ သက်ရောက်မှုကြောင့် ဗဲလ်ဟဲလာကို အသုံးပြုနိုင်ခဲ့သည်]
[အိုင်တမ်လိုအပ်ချက်နှင့်မကိုက်ညီသောကြောင့် ကန့်သတ်ချက်သက်ရောက်ခဲ့သည်]
[ဗဲလ်ဟဲလာ၏ခုခံမှုကို နှစ်ဆယ်ရာခိုင်နှုန်းလျော့ချလိုက်သည်။ ရှိသောစွမ်းရည်များ၏ တဝက်ကိုသာအသုံးပြုနိုင်သည်]
[ဗဲလ်ဟဲလာအပေါ်နားလည်မှုမြင့်တက်လာသည်နှင့် ကန့်သတ်ချက်ကိုလျော့ပေးမည်]
အပိုင်း ၂၆ : ရက်ဘ်ဘစ်ဒ်
ရွှေချပ်ဝတ်ကြီးကို ဝတ်လိုက်တာနှင့် ကိုယ့်ကိုယ်ကို တိုက်တန်ကြီးလို ခံစားနေရသည်။ လက်ထဲက ဓားကြီးနှင့်ဆိုရင် နဂါးကိုပင် ရင်ဆိုင်နိုင်လောက်သည်။
ဂိုဏ်းလူမိုက်များ လက်နက်နှင့် လွှဲရိုက်သည်ကိုပင် ရှောင်စရာမလိုတော့ချေ။
ခွမ် ထန်
[ထိခိုက်မှုများ ပျက်ပြယ်သွားသည်]
ရန်သူရဲ့ တိုက်ခိုက်မှုတွေ အားကောင်းပေမဲ့ ကျွန်တော့်ရဲ့ ချပ်ဝတ်ကို ခြစ်ရာသေးသေးလေးတောင် ထင်အောင် မလုပ်နိုင်ပါဘူး။ ကျွန်တော့်ခန္ဓာကိုယ်က ဘာမှကို မခံစားရတာပါ။ ဒီအစား လူမိုက်တွေ၏ လက်နက်များ ထိခိုက်ကုန်ကြသည်။
“ဘ ဘာဖြစ်သွားတာလဲ”
“ဒါက ဘာကြီးလဲ....”
ဂိုဏ်းလူမိုက်များက ဥပဒေမရှိသည့် ကမ္ဘာမှာနေသည့်အတွက် သူတို့၏ အန္တရာယ်အာရုံခံနိုင်စွမ်းက အားကောင်းသည်။ ယခုတွင် သူတို့ကို အသိစိတ်က ပြောနေသည်မှာ ပြေးတော့။
“ဒ ဒါကြီးက မဖြစ်နိုင်တာ....”
ကျွန်တော် စိတ်ရှုပ်နေသည့် ဂိုဏ်းလူမိုက်များကို လူယုတ်မာအပြုံး ပြုံးပြလိုက်သည်။
“ခင်ဗျားတို့ အိုင်တမ်သက်ရောက်မှုအကြောင်း ကြားဖူးလား”
ဆေးပုလင်းနှင့် စွမ်းရည်ဟုတ်လား။ ကျွန်တော်က အစကတည်းက ဒီလိုအရာကို မလိုအပ်ပါဘူး။ ပန်းပဲဖိုထဲ ကောက်စွပ်လို့ ရသည့် တိုက်ပွဲဂီယာတပုံကြီးလေ။ ဇာတ်ကောင်ကြောင့် အကုန်သုံးလို့ရတာပေါ့။
ကလစ်
ကျွန်တော် ဓားရှည်ကို လက်နှစ်ဖက်လုံးနှင့်ဆုပ်ကိုင်လိုက်ပြီး အားကုန်သုံးလွှဲချလိုက်သည်။ ဘာနည်းစနစ်မှ မသုံးဘူး။ ဒီတိုင်းပဲ ရိုးရိုးလွှဲချလိုက်တာ ဓားရှည်ကနေ ထွက်လာသည့် အားလှိုင်းကြောင့် ဓားလမ်းကြောင်းမှာရှိသည့် ပစ္စည်းများအကုန်လုံး ပေါက်ကွဲပျက်စီးသွားသည်။
ရန်သူများကို ဓားနှင့်ခုတ်လိုက်ရသည့်ခံစားချက်က ကောင်းလိုက်တာ။ တချက်တည်းနှင့် ဂိုဏ်းလူမိုက်များအားလုံး မီးခိုးရောင်အငွေ့များ ဖြစ်ကုန်သည်။
[ဝင်စတန်ဝရမ်းပြေးပရကာကို အနိုင်ယူလိုက်သည်]
[ဝင်စတန်ရွာတွင် ဂုဏ်သတင်းအမှတ်ခြောက်ဆယ်တက်သွားသည်]
[အတွေ့အကြုံအမှတ် လေးထောင့်သုံးရာရရှိသည်]
[ဝင်စတန်ဝရမ်းပြေးအမ်ကို အနိုင်ယူလိုက်သည်]
[ဝင်စတန်ရွာတွင် ဂုဏ်သတင်းအမှတ်ခြောက်ဆယ်တက်သွားသည်]
[အတွေ့အကြုံအမှတ် လေးထောင့်သုံးရာရရှိသည်]
[ဝင်စတန်ဝရမ်းပြေးဗဲလ်ကို အနိုင်ယူလိုက်သည်]
[ဝင်စတန်ရွာတွင် ဂုဏ်သတင်းအမှတ်တစ်ရာတက်သွားသည်]
[အတွေ့အကြုံအမှတ် ခြောက်ထောင့်ခြောက်ရာရရှိသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[အဆင့်တက်သွားသည်]
[တာဝန်အောင်မြင်သည်]
[ခန်နှင့် ရင်းနှီးမှုအမြင့်ဆုံးသို့ ရောက်ရှိသွားသည်]
ဆုရကြောင်း အသိပေးစာများအများကြီး ပေါ်လာသည်။ ဒါပေမဲ့ အခုချိန်မှာ အသိပေးစာများကို အာရုံမစိုက်မိသေး။
“ဒီလက်နက်နဲ့ ချပ်ဝတ်က...”
ကျွန်တော် ချက်ချင်း ဒဏ္ဍာရီလာပန်းပဲဆရာတန်ဖိုးဖြတ်စွမ်းရည်ကို သုံးလိုက်သည်။
[ဒဏ္ဍာရီလာတယောက်ဖြစ်လာမည့် ပန်းပဲဆရာတွင် တန်ဖိုးဖြတ်ရာ၌ အသင့်တော်ဆုံးမျက်လုံးရှိသည်။ ပစ်မှတ်အိုင်တမ်၌ ဖုံးကွယ်ထားသောအရာရှိပါက ရှာတွေ့မည် ဖြစ်သည်]
[ဒိန်းစလိတ် (ပုံတူ)]
အဆင့် : ပြိုင်ဘက်ကင်း
ခံနိုင်ရည် : 500/500 တိုက်ခိုက်စွမ်းအား : 451~635 တိုက်ခိုက်အမြန်နှုန်း : -8%
* ပစ်မှတ်၏ လက်ရှိခုခံမှုတစ်ဆယ်ရာခိုင်နှုန်းနှင့်ညီမျှသော ထိခိုက်မှုကို ပေါင်းထည့်ပေးသည်
* ရန်သူအရေအတွက်များလေလေ ထိခိုက်မှုများလေလေဖြစ်၏
* စွမ်းရည် ‘ရွှေမီးတောက်’ကို ဖြစ်ပေါ်စေသည်
ပက်မာခေတ်မတိုင်ခင်အချိန်က အယ်ဘက်တီနိုဟု နာမည်ပြောင်ရထားသော လက်မှုပညာရှင်တယောက်က ထူးခြားဆန်းကြယ်သောလက်နက် ဒိန်းစလိတ်ကို ရည်စူးပြီး ပုံတူအဖြစ်ပြုလုပ်ထားခြင်းဖြစ်သည်။
မူရင်းလက်နက်ဒိန်းစလိတ်နှင့် မယှဉ်နိုင်သော်လည်း ဒိန်းစလိတ်တွင်ပါဝင်သောစွမ်းဆောင်ရည်တချို့ကို ထည့်သွင်းနိုင်သောကြောင့် မူရင်းနှင့်မယှဉ်ပါလျှင် အပြောင်မြောက်ဆုံးလက်ရာတခုဟု ခေါ်ဆိုနိုင်သည်။
ထာဝရနိုင်ငံတော်၏တည်ထောင်သူဖြစ်ပြီး မြောက်ပိုင်းရဲ့ဘုရင်ဖြစ်သော လိုရန်က ‘လူသားသမိုင်းမှာ အပြောင်မြောက်ဆုံးလက်ရာ’ဟု ချီးကျူးထားသော လက်နက်ဖြစ်သည်။
ဒဏ္ဍာရီလာပန်းပဲဆရာပက်မာကိုယ်တိုင်က အယ်ဘယ်တီနိုပြုလုပ်ထားသောပစ္စည်းများမှ ဉာဏ်ကွန့်မြူးမှု ကြီးကြီးမားမားရရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။
အသုံးပြုသူ ကန့်သတ်ချက် : အဆင့် ၂၅၀ နှင့်အထက်၊ ခွန်အား ၁၈၀၀ အထက်၊ အဆင့်မြင့်အဆင့် ဓားထိန်းချုပ်နိုင်မှု။
အလေးချိန် : 1,580
[ဖုံးကွယ်ထားသော အရာမရှိပါ]
[သင့်တွင် အသုံးပြုထားသောသတ္တု၊ ထုတ်လုပ်သည့် နည်းလမ်းနှင့် ဖန်တီးသူ၏ ရည်ရွယ်ချက်ကို နားလည်ရန် ဗဟုသုတနှင့် အတွေ့အကြုံလုံလုံလောက်လောက်မရှိပါ]
[ဒိန်းစလိတ် (ပုံတူ) ကို နားလည်မှုမရှိပါ]
[ဗဲလ်ဟဲလာ]
အဆင့် : ပြိုင်ဘက်ကင်း
ခံနိုင်ရည် : 701/701 ခုခံမှု : 872 လှုပ်ရှားနှုန်း : -5%
* အသက်ပြန်ဖြည့်နှုန်း နှစ်ဆယ်ရာခိုင်နှုန်းတိုးလာသည်
* အသက်အမှတ်တစ်ဆယ်ရာခိုင်နှုန်းအောက် ရောက်သွားပါက ထိခိုက်မှုသုံးထောင်စုပ်ယူနိုင်သောဒိုင်းတခုကို ငါးစက္ကန့်ကြာ ပြုလုပ်ပေးသည်
* ခုတ်ခြင်းနှင့် ထိုးစိုက်သောတိုက်ခိုက်မှုများကို တစ်ဆယ်ရာခိုင်နှုန်းခုခံမှုတိုးပေးသည်
* မှော်ခုခံနိုင်စွမ်း +180
ပက်မာခေတ်မတိုင်ခင်အချိန်က အယ်ဘက်တီနိုဟု နာမည်ပြောင်ရထားသော လက်မှုပညာရှင်တယောက်က ပြုလုပ်ထားခြင်းဖြစ်သည်။ လမ်းလျှောက်နေသော ခံတပ်ကြီးကို စိတ်ကူးယဉ်ပြုလုပ်ထားခြင်း ဖြစ်သည်။
ထာဝရနိုင်ငံတော်၏ တည်ထောင်သူဖြစ်ပြီး မြောက်ပိုင်းဘုရင်ဖြစ်သော လိုရန်က ‘လူသားသမိုင်းမှာ အပြောင်မြောက်ဆုံးလက်ရာ’ဟု ချီးကျူးခြင်းခံထားရသည်။
ဒဏ္ဍာရီလာပန်းပဲဆရာပက်မာကိုယ်တိုင်က အယ်ဘယ်တီနိုပြုလုပ်ထားသောပစ္စည်းများမှ ဉာဏ်ကွန့်မြူးမှု ကြီးကြီးမားမားရရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။
အသုံးပြုသူ ကန့်သတ်ချက် : အဆင့် ၂၅၀နှင့် အထက်၊ ခွန်အားရှစ်ရာကျော်၊ သက်လုံ တစ်ထောင်အထက်၊ အဆင့်မြင့်အဆင့် လေးလံသောချပ်ဝတ်ထိန်းချုပ်နိုင်မှု
အလေးချိန် : 1,712
[ဖုံးကွယ်ထားသော အရာ မရှိပါ]
[သင့်တွင် အသုံးပြုထားသော သတ္တု၊ ထုတ်လုပ်သည့်နည်းလမ်းနှင့် ဖန်တီးသူ၏ ရည်ရွယ်ချက်ကို နားလည်ရန် ဗဟုသုတနှင့် အတွေ့အကြုံလုံလုံလောက်လောက်မရှိပါ]
[ဗဲလ်ဟဲလာကို နားလည်မှုမရှိပါ]
“အ အဟွတ်”
ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းသည့်ပစ္စည်းများလဲ။ ဒီလိုရွာက ပန်းပဲဖိုလေးမှာ ဒီလိုအိုင်တမ်မျိုးက ဘယ်လိုလုပ်ရှိနေရတာလဲဟ။ အိုင်တမ်နှစ်ခုကြောင့် တုန်လှုပ်ဆွံ့အသွားသည့် ကျွန်တော့်ကို ခန်က ပုခုံးကိုလာပြီး တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။
ပြီးတော့ တုန်လှုပ်နေသည့်လေသံနှင့် ကျွန်တော့်ကိုပြောသည်။
“မင်း... ဘယ်လိုလုပ် ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာကို သုံးနိုင်တာလဲ”
ခန်ရဲ့မေးခွန်းကို မေးခွန်းတခုနှင့် တုံ့ပြန်လိုက်သည်။
“ခန် ဒီနေရာမှာ ဘယ်လိုလုပ်စွမ်းအားကြီးအိုင်တမ်တွေ ရှိနေရတာလဲ။ ဘယ်ကနေ ရလာတာလဲ”
ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ။
ကျွန်တော့်မေးခွန်းကိုကြားတော့ ခန် မျက်စိပြူးသွားသည်။ ခန် မျက်စိနှစ်လုံးက အပြင်ကိုတောင် ထွက်ကျတော့မယ်။
‘ဒီလူက ဖားဝင်စားတာများလား’
ခန်က မျက်စိပြူးမျက်ဆံပြူးနှင့် ကျွန်တော့်ကို ခါရမ်းပြီးမေးသည်။
“မင်း.... တကယ်ကြီး ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို သိလို့လား”
“ဒီပစ္စည်းတွေ ဒီလောက်လက်ရာကောင်းတာ။ ကြီးမြတ်တဲ့ အယ်ဘယ်တီနိုလက်ရာတွေလား”
“အ အဟွတ် မင်းက ဖန်တီးတဲ့သူကိုပါ ရှာတွေ့တာပဲ။ ဖ ဖြစ်နိုင်တာ မင်းက....”
ခန်၏ မျက်နှာရော လည်ပင်းများပါ နီရဲလာနေပြီ။ သူ့ပုံစံက မေ့လဲတော့မလို တုန်နေသည်။
‘ဘာဖြစ်တာလဲ သွေးဖိအားမြင့်နေတာလား’
သူ့ကို ဘယ်လိုကယ်ရမှာလဲ။ မဖြစ်ဘူး၊ ဒီအဖိုးကြီးသေလို့မရသေးဘူး။
“ဟေး ဟေး အဖိုးကြီး။ စိတ်လျော့ စိတ်လျော့။ ဂရုစိုက်မှပေါ့”
“ဟာ အမြှုပ်တွေလား ဟေး အဖိုးကြီး။ ဟေး ဘာဖြစ်နေတာလဲ။ မသေနဲ့အုံး။ အခုမှ တာဝန်အောင်တုန်းလေးရှိသေးတာလေ။ သေတော့မလို့လား။ မသေခင်လေး တာဝန်ပေးသွားအုံး”
မဟုတ်သေးဘူး၊ နေအုံး။ ခန် သေသွားရင် ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာက ဘာဖြစ်သွားမှာလဲ။
“...ဟေး အဖိုးကြီး။ ခင်ဗျားအသက်ရှင်ရမယ်နော်
ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာကို နဂိုနေရာပြန်ထားပြီး အဘိုးကြီးကိုထမ်းကာ ဆေးခန်းကိုပြေးတော့သည်။
***
ဝင်စတန်က အစွန်အဖျားမှာ ရှိတဲ့ ရွာလေးတစ်ရွာပါ။ ဒါပေမဲ့လည်း လမ်းဖောက်ပြီးသွားတော့ ပို့ဆောင်ဆက်သွယ်ရေးများတိုးတက်လာပြီး ရွာကလည်း မြန်မြန်ဆန်ဆန်တိုးတက်လာပါပြီ။
အဆင့်အလိုက် အမဲလိုက်လို့ရသည့်နေရာများလည်း ရှိပါသည်။ ဝင်စတန်မှာ အရည်အသွေးမြင့်သည့်အထူးထုတ်ကုန်များနှင့် ပြိုင်ဘက်ကင်းတာဝန်များ ရနိုင်ပါသည်။ ဒီအချက်များကြောင့် တိုးတက်မှုအလားအလာများက အကန့်အသတ်မဲ့ပါ။
ဒီရက်များမှာ လူများအများကြီးက လာရောက်ပြီး ထွက်ခွာနေကြသည်။ ကစားသမားအသစ်များအပေါ် စစ်တမ်းကောက်မှုအရ ဝင်စတန်က စတင်ဆော့ကစားရန် ကောင်းသည့် ရွာသစ်များတွင် ထိပ်ဆုံးဆယ်ခုထဲ ဝင်သည်။
ဝင်စတန်မှာနေသည့် ရွာခံများက တိုးတက်ပြောင်းလဲလာသည့် ဝင်စတန်ကို ကြည့်ပြီး ပျော်ရွှင်နေကြသည်။ ဝင်စတန်က မြေဈေးများက အရင်ကထက် အဆနှစ်ဆယ်လောက် ဈေးတက်ကုန်သည်။ ဒီလိုနှင့် ရွာခံများက ချမ်းသာလာရန် မျှော်လင့်လာကြသည်။
အမှန်တရားကို လှည့်စားထားသည့် လှည့်စားမှုတခုတော့ ရှိပါသည်။ အစစ်အမှန်က တကယ်ကို ခြားနားပါသည်။ ဝင်စတန်မှာနေထိုင်သူများက အရင်ကအတိုင်း ဒုံရင်းဒုံရင်းပါပဲ။ မီရိုကုမ္ပဏီကြောင့်ပေါ့။
မီရိုကုမ္ပဏီကို ထာဝရနိုင်ငံတော်ရဲ့ မြောက်ဘက်ဧရိယာမှာ ရှေးရှေးကတည်းက တည်ထောင်ခဲ့တာပါ။ မီရိုကုမ္ပဏီခေါင်းဆောင် ဗဲလ်မွန့်က ဝင်စတန်ရွာက ဘယ်နေရာထက်မဆို အလားအလာပိုမြင့်သည်လို့ ကောက်ချက်ချထားပါသည်။ လူများနှင့် တသီးတခြားဖြစ်တုန်းကတည်းက ဝင်စတန်က မြေတွေကို ရွာခံများဆီကနေ ဈေးပေါပေါနှင့် ဝယ်ထားပြီးသားပါ။
ဒါကြောင့် ဝင်စတန်ရွာရဲ့ မြေနေရာတော်တော်များများကို မီရိုကုမ္ပဏီက ပိုင်ပါသည်။ မြို့အဖြစ် အဆင့်မတိုးရသေးပေမဲ့ ဝင်စတန်ရဲ့ဆိုင်းဘုတ်အတော်များများမှာ မီရိုဆိုသည့် နာမည်လေးရှိသည်။ တခြားဖက်မှာတော့ ရွာခံများက အလုပ်များဆုံးရှုံးပြီး ငတ်မွတ်ခေါင်းပါးနေကြတာပေါ့။
ဝင်စတန်က မီရိုကုမ္ပဏီရဲ့ မိုနိုပိုလီတခုပါ။ မီရိုကုမ္ပဏီရဲ့ ထီဆုကြီးပေါ့။ လက်ရှိထက် အများကြီးပိုချမ်းသာလာမှာလေ။ ရှိသည့်သခင်ကလည်း မြင့်မားသည့် အခွန်များနှင့် လာဘ်ထိုးတာများကြောင့် ဘာမှလုပ်မပေး။
“လူတွေသာ အမြင်ကျယ်ခဲ့ရင်ကွာ”
မီရိုကုမ္ပဏီပိုင်ရှင် ဗဲလ်မွန့်ကတော့ နေ့တိုင်းကို ပျော်ရွှင်နေပါသည်။ ရွာကနေရသည့် ပိုက်ဆံအများစုက သူ့အိတ်ကပ်ထဲဝင်နေတာဆိုတော့ ချမ်းသာပြီးရင်း ချမ်းသာနေတာပေါ့။ ဗဲလ်မွန့်အတွက် မျက်စိဆံပင်မွှေးစူးနေတာက ပန်းပဲဖိုကြောင့်ပါပဲ။
ဘုရင့်အမိန့်အရ မြို့များ ရွာများမှာ ပန်းပဲဖိုတခုထဲ တရားဝင်ရှိပါသည်။ အစိုးရက တပ်မတော်လုပ်နိုင်စွမ်းထက် ကျော်လွန်သည့်ကိစ္စဖြစ်မလာအောင် ကန့်သတ်ထားခြင်း ဖြစ်သည်။
ဒီလိုနှင့် ဝင်စတန်က တခုတည်းသောပန်းပဲဖိုပိုင်ရှင်က မီရိုကုမ္ပဏီမဟုတ်ဘဲ ခန်လို့ခေါ်သည့်ပန်းပဲဆရာဖြစ်နေတာကို ဗဲလ်မွန့်ဘဝင်မကျပါဘူး။ အမြတ်များများကို တည်တည်ငြိမ်ငြိမ်နှင့်ရနိုင်သည့် ရှားပါးလုပ်ငန်းများက ရှားသည်။
မီရိုကုမ္ပဏီက ငွေများအများကြီးပေးပြီး ကမ်းလှမ်းသော်လည်း ခန်ကတော့ မိသားစုအမွေလို့ပြောပြီး ငြင်းပယ်နေခဲ့ပါသည်။ ဗဲလ်မွန့်ခြိမ်းခြောက်တာတောင် အသုံးမဝင်ပါဘူး။
ပန်းပဲဖိုပိုင်ရှင်က ခေါင်းအရမ်းမာတော့ ဗဲလ်မွန့်တယောက် ခေါင်းကိုက်နေရသည်။ ဒါကြောင့် ခန်ကို မရောင်းရောင်းအောင် ဖိအားပေးတာပေါ့။
“အရည်အသွေးကောင်းတဲ့ လက်နက်နဲ့ လယ်ယာသုံးကိရိယာကို ပန်းပဲဆရာများဆီကနေ ဝယ်။ ပြီးတော့ ဝင်စတန်ရွာခံများနှင့် ခရီးသွားများကို ဈေးပေါပေါနဲ့ ပြန်ရောင်း။ အမြတ်ကော။ ဒီအတွက် စိတ်မပူနဲ့။ ဈေးပေါပေါနဲ့သာ ရောင်းချေ”
ဗဲလ်မွန့်အမိန့်ကြောင့် ခန်ပန်းပဲဖိုလေးက အရောင်းအဝယ်ပါးသထက်ပါးလာတာပေါ့။ ရွာခံတွေနဲ့ ခရီးသွားတွေက ခန်ရဲ့ပန်းပဲဖိုဆီ ဘယ်လာကြတော့မလဲ။ မီရိုကုမ္ပဏီက လက်နက်နှင့် ကိရိယာများက ခန်ထက် အရည်အသွေးပိုကောင်းပြီး ဈေးသက်သာတယ်လေ။ ဒီတော့ မီရိုကုမ္ပဏီဆီကပဲ ဝယ်ကြတော့တာပေါ့။
ဗဲလ်မွန့်က တခုထပ်ပြီး စီစဉ်ထားသေးသည်။ ခန်ကို လှည့်စားဖို့ လူလိမ်တယောက်ဌားပြီး လှည့်စားဖို့ပါပဲ။
“ပန်းပဲဖိုကို ဒီထက်ပိုတိုးတက်ချင်ရင် မင်းယုံကြည်ချက်ရှိဖို့လိုတယ်။ ငါ မင်းဆီကနေ ပြန်ရဖို့ မျှော်လင့်ချက်မရှိပေမဲ့ ပိုက်ဆံချေးပေးမယ်။ ဒီပိုက်ဆံကို ရင်းနှီးမြှုပ်နှံပြီး ပန်းပဲဖိုရောင်းအားတက်လာအောင်လုပ်ပေါ့။ ဝင်စတန်ကုမ္ပဏီနှင့် ဝင်စတန်ကလူများကို မင်းရဲ့ အောင်မြင်မှုကို ပြပြီး ပါးစပ်ပိတ်လိုက်စမ်းပါ”
ခန်ကလည်း ရူးမိုက်စွာနှင့် လူလိမ်စကားကို ယုံကြည်သွားသည်။ ဘာလို့လဲဆိုတော့ လူလိမ်က ခန်ရဲ့သူငယ်ချင်းအရင်းကြီးလေ။ သူ့သူငယ်ချင်းက ဗဲလ်မွန့်ဆီက ပိုက်ဆံယူပြီး သူ့ကို လိမ်မယ်မထင်ထားတော့ စာချုပ်ကိုတောင် မစစ်ဆေးတော့ပဲ လက်မှတ်ထိုးပေးလိုက်သည်။ ရလဒ်ကတော့ သူမဆပ်နိုင်လောက်အောင် အတိုးက များလွန်းသည်။
ဗဲလ်မွန့်ကတော့ ခန်ဖြစ်ပျက်နေတာကို ကြည့်နေရတာကို ကျေနပ်နေပါသည်။
“ဟဟဟ ဒီပန်းပဲဖိုက ငါပိုင်တော့မှာပါ”
ဗဲလ်မွန့်က ဂိုဏ်းလူမိုက်တအုပ်စုကို ဌားလိုက်ပြီး ခန်ကို ဖိအားပေးလိုက်ပါသည်။ သူ့လက်ထဲကို ပန်းပဲဖိုရောက်လာတော့မယ်လို့ တွေးရင်း ကျေနပ်နေပါသည်။ သို့သော် ခန်က ခေါင်းမာလွန်းပြီး လက်မှတ်ထိုးမပေးပါဘူး။ သေရင် သေပါစေ မထိုးဘူးလုပ်နေတော့ ဗဲလ်မွန့်ရင်ထဲမှာ ဒေါသများ ဆူပွက်နေတာပေါ့။
“ဒီကောင်များ ဘာလုပ်နေတာလဲ။ လူမိုက်တွေက ဒီကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူးလား”
ဗဲလ်မွန့်က ဂိုဏ်းလူမိုက်များကို ပိုကြိုးစားဖို့ သတိပေးလိုက်သည်။ ဒီတခါတော့ ပန်းပဲဖိုက ငါ့လက်ထဲရောက်ကို ရောက်စေရမယ်....
“ဘာရယ် ဒီကောင်များ ပျောက်နေတာလား”
“ဟုတ်ပါတယ်”
“ဒီမျိုးမစစ်ခွေးသားတွေ”
တောက် ဘုန်း
ဗဲလ်မွန့်က ဒေါသတကြီးနှင့် ထိုင်ခုံကို လှန်ချလိုက်ပါသည်။ ပြီးတော့ သူ့လက်အောက်ငယ်သား ရက်ဘ်ဘစ်ဒ်ကို မေးလိုက်သည်။
“ဒီကောင်တွေကို အကြံပေးတာက ဘယ်သူလဲ”
“ဘီရယ်”
“ဒီကောင့်ကို အခုဒီနေရာကို ခေါ်လာခဲ့ချေ”
တခဏအကြာမှာတော့ ဗဲလ်မွန့်က တုန်ယင်နေသည့် ဘီရယ်ကို မေးခွန်း အေးအေးလေးမေးနေသည်။
“မင်းက ဒီလူမိုက်များကို အကြံပေးတာမလား။ ငါ ယုံလို့ရတယ်လို့ မင်းပဲ ပြောခဲ့တာလေ။ အခု ဒါက ဘာဖြစ်တာလဲ။ ခန်ရဲ့ ပန်းပဲဖိုကို သတ်မှတ်ချိန်အတွင်း အရယူပေးမယ်ပြောပြီး ထွက်ပြေးသွားကြပြီ။ ငါက သူတို့ကို ငွေပေးဌားထားရတာကွ။ ဒီကိစ္စ မင်းဘယ်လိုတာဝန်ယူမလဲ”
“က ကျွန်တော် တောင်းပန်ပါတယ်။ ဒီကောင်တွေက လက်ရဲဇက်ရဲကောင်တွေဆိုပြီး ရပ်ကွက်ထဲမှာ နာမည်ကျော်လို့ အကြံပေးမိတာပါ...”
“မင်းတောင်းပန်တာကို ငါမလိုချင်ဘူး။ အဲ့တာကိုပဲ ငါ့ကိုပေးချေ”
“ဟမ် ဘ ဘာကိုလဲ” ဘိုင်ရယ်က ဗဲလ်မွန့်ပြောတာကို အထာမပေါက်လို့ မေးလိုက်သည်။
ဘိုင်ရယ်ရဲ့ အူကြောင်ကြောင်ပုံစံနှင့် လေသံကြောင့် ဗဲလ်မွန့်ဒေါသတကြီးဖြစ်သွားသည်။
“မင်းအတော်တုံးတာပဲကွ။ ကုန်သည်လုပ်နေပြီး ဒါလေးတောင်မသိဘူးလား။ ပိုက်ဆံ။ ငါ့ကို ပိုက်ဆံပြန်ပေး။ သူတို့ကို အကြံပေးတာက မင်းဆိုတော့ ဒီကိစ္စကို မင်းတာဝန်ယူရမှာပေါ့”
“ဟ ဟုတ်ကဲ့ က ကျွန်တော့်မှာလည်း ဒီလောက်ငွေလက်ဝယ်မရှိတော့။ အခွင့်အရေးတခုလောက် ထပ်ပေးလို့ရမလား”
ဘိုင်ရယ်က ဗဲလ်မွန့်အဝတ်များကို ဆွဲပြီး ဒူးထောက်တောင်းပန်နေသည်။ ဒါပေမဲ့ ဗဲလ်မွန့်ကတော့ အကြင်နာတရားကင်းမဲ့လွန်းပါသည်။
“ပိုက်ဆံမရှိဘူးဆိုရင် သွားရှာလေ။ ဒါမှမဟုတ်ရင် မင်းကို ကျွန်ဈေးမှာ သွားရောင်းပြီး ငါ မနစ်နာအောင် လုပ်ရမှာပေါ့။ ဟဟဟ”
“ဆ ဆရာ ကျေးဇူးပြုပြီ”
“ဒီကောင်ကို ခေါ်ထုတ်သွားတော့”
ဘိုင်ရယ်က ဗဲလ်မွန့်ဆီမှာ အလုပ်လုပ်နေတာ ဆယ်နှစ်လောက်ရှိပါပြီ။ အမြဲတမ်း ခွေးတကောင်လိုပဲ အလုပ်ကြိုးစားပါသည်။ ဒါပေမဲ့ ဗဲလ်မွန့်က ဒီအမှားသေးသေးလေးတောင် သည်းမခံပါဘူး။ ဒါက ရက်စက်သည်ဆိုပေမဲ့ ဗဲလ်မွန့်ဆိုသည့်ကောင်ကလည်း လူစိတ်မှမရှိတာ။
‘ဂုဏ်ယူတာ နှင့် ရက်စက်တာ’
ရက်ဘ်ဘစ်ဒ်က ဗဲလ်မွန့်ရဲ့စရိုက်ကို မကြိုက်ပါဘူး။ ဒါပေမဲ့လည်း ဗဲလ်မွန့်လက်အောက်မှာလုပ်တာက ပိုက်ဆံများများရတယ်လေ။ ဒါကြောင့် ရက်ဘ်ဘစ်ဒ်က သူ့ကိုသစ္စာမဖောက်ပါဘူး။ ဘိုင်ရယ်အပြင်ကန်ထုတ်ခံလိုက်ရတော့ အခန်းထဲမှာ သူတို့နှစ်ယောက်ပဲကျန်တော့သည့်အချိန် ရက်ဘ်ဘစ်ဒ် စကားပြောလိုက်သည်။
“ဘိုင်ရယ်ဌားထားတဲ့ လူမိုက်တွေ ထွက်ပြေးသွားတာက ယုံကြည်ဖို့ ခက်တယ်။ သူတို့က ဝင်စတန်မှာ နေတာလေ။ ပိုက်ဆံနည်းနည်းလေးအတွက်နဲ့ သူတို့အိမ်ကို လွယ်လွယ်ပစ်သွားမှာ မဟုတ်ဘူး”
“ဒီကောင်တွေ ထွက်မပြေးဘူးဆိုရင် အဘိုးကြီး ရိုက်တာခံလိုက်ရပြီလို့ ပြောချင်တာလား”
“ဒီကိစ္စက ထူးဆန်းတယ်။ ဒီမနက်ထိအောင် ဒီကောင်တွေ ခန်ရဲ့ပန်းပဲဖိုဆီ ပုံမှန်အတိုင်းသွားနေတုန်းပဲ။ ဒီနောက်မှ ပျောက်သွားတာ။ ပန်းပဲဖိုထဲမှာ တခုခုဖြစ်ခဲ့တာ ထင်တယ်”
ဗဲလ်မွန့်က ရှင်းပြတာကို မြင်တော့ လေးလေးနက်နက်မေးလိုက်သည်။
“ခန်ကရော”
“သူလည်း ပျောက်နေတယ်”
“အဓိပ္ပာယ်မရှိတာ ဒီပန်းပဲဖိုကိစ္စ ဘာဆက်လုပ်ကြမတုန်း”
“ကျွန်တော်တို့ စုံစမ်းပြီးတာနဲ့ ဆရာ့ဆီ အကြောင်းကြားလိုက်ပါမယ်”
အခြေအနေကို ရေရေရာရာမသိရတော့ ဒေါသထွက်နေရသည်။ ဗဲလ်မွန့်နှင့် ရက်ဘ်ဘစ်ဒ် လုပ်နိုင်တာက ခန့်မှန်းတာပါပဲ။
“ကျွန်တော် ခန်ရှိသည့်နေရာကို ရှာတွေ့ပြီ” သတင်းပေးသမားက ဝင်လာပြီး သတင်းပို့လာသည်။ “လွန်ခဲသည့်နှစ်နာရီလောက်က လူငယ်လေးတယောက် ခန်ကို သယ်ပြီး ထွက်သွားတာကို မြင်လိုက်တဲ့ လူရှိတယ်”
“ထူးဆန်းတာ ကောင်လေးလား... ဒီကောင်က ဒီကိစ္စရဲ့ တရားခံပဲ ဖြစ်ရမယ်။ ရက်ဘ်ဘစ်ဒ် ငါ မင်းကို ဒီကိစ္စတာဝန်ပေးလိုက်ပြီ။ မင်းလမ်းလာရှုပ်ရင် ဘယ်သူ့ကိုမဆို ရှင်းထုတ်ပစ်”
“ဟုတ်ကဲ့ပါ”
ဗဲလ်မွန့်ကို တန်ဖိုးဖြတ်ရမယ်ဆိုရင် ကုန်သည်ဘက်မှာ ပါရမီရှိသော်လည်း ကြမ်းတမ်းပြီး ခက်ထန်လွန်းသည်။ သူ ဘယ်လိုလုပ်ပြီး မီရိုကုမ္ပဏီကို တိုးတက်အောင် လုပ်နိုင်မှာလဲ။ လုပ်နိုင်နေရတာက ရက်ဘ်ဘစ်ဒ်ကြောင့်ပါ။ ဗဲလ်မွန့်ရဲ့လုပ်ရပ်များကို သတင်းအချက်အလက်များနှင့် အရည်အချင်းရှိသည့် လူများကိုသုံးပြီး လုံအောင်ဖုံးထားတာကြောင့်ပါ။ သူက ခံစားချက်များကိုလည်း မဖော်ပြဘဲ လုပ်ရင်လည်း အကောင်းဆုံးရလဒ်များကိုပဲ ထုတ်ပြပါသည်။
အခု ဉာဏ်ကြီးရှင်ရက်ဘ်ဘစ်ဒ်နှင့် ဂရစ်ဒ်တို့ တွေ့ပြီလေ။