← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အပိုင်း ၂၇ : ဇာတ်လမ်း

“လုလူလာလား”

ကျွန်တော် ဂိမ်းဖန်အိမ်ထဲကနေ ထွက်လာပြီး ခဏလောက်ကြာတော့ ဗိုက်နာလာတာမို့ ဘိုထိုင်အိမ်သာပေါ်မှာ ထိုင်နေရင်း သီချင်းညည်းနေလိုက်သည်။

“လူလူလာလာလာ”

ကိစ္စရှင်းပြီးတော့ မီးဖိုချောင်ထဲသွားပြီး ရေသောက်လိုက်ပြန်သည်။

“လာလာလာလား”

ဆိုဖာပေါ်မှာ အေးဆေးထိုင်ပြီး တီဗီဖွင့်လိုက်သည်။ ကျွန်တော် အရမ်းပျော်နေတာကြောင့်မို့လို့ သီချင်းညည်းတာကို ရပ်လို့မရဘူး။ လျှို့ဝှက်တာဝန်ကြောင့် တိုက်ခိုက်စွမ်းအားတိုးစွမ်းရည်ရခဲ့ပြီး တာဝန်ကိုအောင်အောင်မြင်မြင်နှင့် ရှင်းလိုက်ကာ ချိတ်ဆက်တာဝန်ကို ဖွင့်နိုင်လိုက်သည်။ ပြီးတော့ အဆင့်များ အများကြီးတက်သွားခဲ့သည်။

“ဂိုဏ်းလူမိုက်နည်းနည်းလေးကို သတ်လိုက်တာကို အဆင့် ၂၃ ထိကို တက်သွားတာ... ငါ ဘာလို့များ ဒီရက်တွေ ကံအရမ်းကောင်းနေပါလိမ့်”

လျှို့ဝှက်တာဝန်တွေက ရဖို့မလွယ်ပါဘူး။ ကျွန်တော့် ဂိမ်းသက်တလျှောက်လုံးမှာ ဒီတခါပဲ ရဖူးတာပါ။ Satisfy ဆော့တဲ့ လူတဝက်လောက်ပဲ လျှို့ဝှက်တာဝန်ကို ရဖူးတာ။

ပက်မာအမွေဆက်ခံသူဇာတ်ကောင်က တကယ်ကို ဒဏ္ဍာရီလာဇာတ်ကောင်အဖြစ် ထိုက်တန်ပါသည်။ ဒီဇာတ်ကောင်ကို ရပြီးထဲက ကံကောင်းခြင်းကို အစိုးရသည့်နတ်သမီးက ကျွန်တော့်ကို ကောင်းချီးပေးနေသလိုပါပဲ။

“ နောက်ဆုံးတော့ ဘုရားသခင်က မျက်စိဖွင့်လိုက်ပြီ ထင်တယ်။ ဟက် ဟက် ဟက်”

ပန်းပဲဆရာခန်က ကျွန်တော့်ကို ဘာတာဝန်ပေးပေး။ ဘာဆုလာဘ်ရရ။ ခန်စီမှာ ပြိုင်ဘက်ကင်းအဆင့်အိုင်တမ်ကြီးရှိနေမှတော့ အကုန်တန်သွားပြီ....

“ငါ ဘီလျံနာ ဖြစ်လာတော့မယ်ကွ ဟက်ဟက်ဟက်”

ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာက ကျွန်တော် ဒီဇိုင်းဆွဲထားသည့် ‘ကျရှုံးမှု’ လိုမျိုး ပြိင်ဘက်ကင်းအဆင့်ဖြစ်ပေမဲ့ ကစားသမားကန့်သတ်ချက်က ပုံမှန်ပဲ။ ဒီအိုင်တမ်ကို ဈေးကွက်မှာရောင်းလိုက်ရင် ဘယ်လောက်တောင် ဈေးမြောက်သွားမလဲ မသိဘူး။

ဒီအိုင်တမ်များက ကျွန်တော့်ကို ‘ကျရှုံးမှု’ လိုမျိုး နောက်တကြိမ် ကစားသမားကန့်သတ်ချက်မြင့်သည့်အိုင်တမ်မျိုး မလုပ်မိအောင် သတိပေးနေသည်။

အယ်လ်ဘက်တီနိုက တကယ်ကိုတော်သည့် ပန်းပဲဆရာတယောက်ပဲ။ သူကသာ ပက်မာကို ဉာဏ်ကွန့်မြူးမှုကို ပေးစွမ်းနိုင်သည့် ပန်းပဲဆရာ ဖြစ်ကောင်းဖြစ်နိုင်မယ်...

“ဒီလိုလူမျိုးက ဘာကြောင့်များ ဒဏ္ဍာရီလာတယောက်ဖြစ်မလာပါလိမ့်။ သူ့နာမည်ကိုတောင် ငါ တာဝန်ကြောင့် သိခွင့်ရခဲ့တာ... အင်း ကမ္ဘာကြီးက ဒီလိုပါပဲလေ”

ကျွန်တော် ဒဏ္ဍာရီလာဇာတ်ကောင်အကြောင်း တစိမ့်စိမ့်တွေးရင်း ကျေနပ်နေမိသည်။

“ဝါး”

ကျွန်တော် သမ်းပြီးတော့ နာရီကို ကြည့်ကြည့်နေသည်။ ဂိမ်းကထွက်လာတာက နှစ်နာရီလောက်ရှိပြီဆိုတော့ Satisfy မှာ ရှစ်နာရီလောက် အချိန်ကုန်သွားပြီပဲ။ ခန်နိုးလောက်ပြီ။

ဆရာဝန်ပြောတာကတော့ ခန်ရောဂါအရင်းအမြစ်က အရက်နှင့် စိတ်တင်းကြပ်မှုကြောင့်ပဲ။ တာဝန်ရှင်းပြတာအရ တာဝန်ရှင်းနိုင်ရင် ရောဂါအရှင်းပျောက်ပြီး အညွှန်းကိန်းမှတ်တွေ ပြန်ရမှာဆိုတော့ ဒီကိစ္စကို စိတ်ပူစရာမလိုပါဘူး။

ကျွန်တော် Satisfy နှင့်ချိတ်လိုက်သည်။

“လော့ဂ်အင်”

အမြင်မှောင်ကျသွားပြီး နွေးထွေးသည့် အလင်းရောင်များက မျက်လုံးကို ဝင်လာသည်။

“....ဒီနေရာက ဆေးခန်းပဲ”

ကျွန်တော် ဂိမ်းကနေထွက်လိုက်သည့်နေရာက ခန်ကို ဆေးကုသည့် ဆေးခန်းမို့ ဒီမှာပဲ ပြန်ပေါ်လာတာ မဆန်းပါဘူး။ ကျွန်တော် ချက်ချင်းပဲ ဆိုင်မွန်လို့ခေါ်သည့် ဆရာဝန်ကို လိုက်ရှာလိုက်သည်။

“အဘိုးရဲ့ အခြေအနေလေး သိချင်လို့ပါ ဆရာ”

ဆိုင်မွန်က ကြင်နာစွာ ပြုံးပြလိုက်သည်။

“ကျွန်တော် အစက အဘိုးက အားနည်းနေပြီး သွေးဖိအားများတိုးနေတာဆိုတော့ အန္တရာယ်များတယ် ထင်နေတာ။ ဒါပေမဲ့ သူ့အခြေအနေက ထင်တာထက် ပိုပြီးကောင်းတယ်။ မကြာခင် ဆေးရုံက ဆင်းလို့ရပြီ။ ဘုရားသခင်ကောင်းချီးပေးပါစေ....”

“ကျွန်တော်လည်း ကြားရတာ ဝမ်းသာမိပါတယ်”

“အနာဂတ်မှာ အရက်မသောက်ရင်တော့ ပိုကောင်းလိမ့်မယ်”

ကျွန်တော် ခန်အခန်းကို ဆိုင်မွန်နှင့်အတူတူ လမ်းလျှောက်သွားခဲ့သည်။ ခဏအကြာမှာ ခန်က ကျွန်တော့်ကို တွေ့လိုက်ရာ ပြုံးပြလိုက်ပြီး ကျေးဇူးတင်သည်။

“အိုး ကြိုဆိုပါတယ်ကွာ ငါတော့ မင်းကို အကြွေးအများကြီးတင်သွားပြီ”

ကျွန်တော်လည်း ပြန်ပြုံးပြလိုက်သည်။

“ခက်ခဲတဲ့ အချိန်မှာ အချင်းချင်းကူညီသင့်တာပေါ့။ အခု ဆေးရုံက ဆင်းလို့ရပြီ။ ကုသကြေးပဲ ပေးဖို့လိုတော့တာ”

“……”

ခန်က ဘာလို့များ ပြန်မဖြေတော့တာတုန်း။ ကျွန်တော့်ခံစားချက် မကောင်းတော့ပါဘူး။ ခန်ရဲ့စကားလုံးများက ကြည်လင်နေသည့် ကောင်းကင်ကြီးကို မိုးကြိုးနဂါးကြီး ထိုးဖောက်သလိုမျိုး ကျွန်တော့်ရင်ထဲ စူးရှသွားသည်။

“ငါ အားနာပါတယ်ကွာ… ငါ လောလောဆယ်မရှိ….”

ကျွန်တော့်ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပဲ။

“ပိုက်ဆံမရှိဘူးလို့တော့ မပြောပါဘူးနော်….”

“တကယ် မရှိလို့ပါကွာ”

“ခင်ဗျား ဘယ်လိုလုပ်မတုန်း။ ဆေးခန်းက အကြွေးလက်ခံလို့လား”

ကျွန်တော် ဆိုင်မွန်ကို ကြည့်လိုက်တော့ ကြင်နာသည့်အမူအရာများပျောက်ကုန်ပြီး စီးပွားရေးသမားလေသံနှင့် ပြောလိုက်သည်။

“အကြွေးလက်မခံပါဘူးနော်”

“……”

ဒီအဘိုးကြီးကို တကယ် ရိုက်နှက်ပစ်လိုက်ချင်သည်။

“လအု”

ကျွန်တော် ရွှေတစ်ပြားပေးလိုက်ရသည်။ ဒီနေ့ ပိုက်ဆံဘယ်လောက်တောင် ထွက်သွားမှန်း မတွက်ရဲတော့ဘူး။

ခန်ရဲ့ပန်းပဲဖိုမှာတော့။

“နောက်တခါ ထပ်ကျေးဇူးတင်ပါတယ်ကွာ”

ခန်ရဲ့ပန်းပဲဖိုရောက်ရောက်ချင်း ကျွန်တော့်ဘက်လှည့်ကာ စိတ်ရင်းနှင့် ကိုးဆယ်ဒီဂရီ ဦးညွတ်ပြီး ကျေးဇူးတင်လိုက်သည်။ အသိတရားရှိလို့ တော်သေးတာပေါ့။ ဆေးဖိုး ရွှေတပြားတောင် သူ့အတွက် အကုန်အကျခံပေးလို့ ကျေးဇူးတော့တင်ရမှာပေါ့။

“ကျေးဇူးပဲ။ တကယ်ကို ကျေးဇူးတင်ကွာ။ မင်းကြောင့်သာ ငါ အလင်းရောင်ကို နောက်တကြိမ်မြင်ခွင့်ရတာ။ ငါ မင်းကို ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲတောင် မသိတော့ဘူး”

ခန် ငိုပါတော့သည်။ လူငယ်များနှင့်မတူတော့သည်မှာ အသက်ကြီးသွားသည်နှင့် မျက်ရည်တော်တော်ပေါခြင်း ဖြစ်သည်။

“အဘိုးကြီးရေ…”

ကျွန်တော် ခန်၏ ကြမ်းတမ်းနေသော လက်ကို ဆုပ်ကိုင်လိုက်သည်။

ဒရမ်မာများမှာတော့ ဇာတ်လိုက်မင်းသားက ဒီလိုပြောမှာပေါ့။

‘လူသားအချင်းချင်း ဒုက္ခတွေ့ရင် ကူညီရမှာပေါ့။ ဘာမှမှ မဟုတ်တာ။ အဘိုးပြန်ပေးစရာ မလိုပါဘူး။ အဘိုးဆီကနေ မျှော်လင့်ပြီးတော့ လုပ်ခဲ့တာမှမဟုတ်တာ’ ဆိုပြီး ကျိုးကြောင်းမသင့်သည့်စကားများ ပြောမှာပေါ့။

ဒီသခင်လေးက ဒရမ်အချိုးမချိုးဘူးကွ။ ဒီလို နိုင်ရာစားလောကကြီးမှာ ဒီလိုသွားပြောလို့ကတော့ နေ့တိုင်းမြက်ပဲစားနေရမယ်။ ငါလဲ ပြန်လိုချင်တာပေါ့။

“တကယ်ကျေးဇူးတင်ရင် တခုခုတော့ ပြန်ပေးသင့်တာပေါ့”

“မှန်တယ် ဟုတ်တာပေါ့။ ဒါပေါ့၊ ငါကျေးဇူးပြန်ဆပ်ရမယ်။ မင်းကျေးဇူးက အရမ်းကြီးလွန်းတော့ ဘယ်လိုပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူးကွာ”

ဒီအဘိုးကြီးက လူရိုးကြီးပဲဟ။ ဒီလူကြီး ငါပြောတာ အထာမပေါက်ဘူးပဲ။ ဆက်ပြီး အလင်းပြလိုက်မယ်။

“အဘိုးကြီး ခင်ဗျားကို လူမိုက်ရန်က ကျွန်တော်ပဲ ကယ်ခဲ့တာနော်။ ဆေးခန်းတောင် လိုက်ပို့ခဲ့သေးတယ်မဟုတ်လား”

“အွန်း ဟုတ်တယ်လေ”

“ပြီးတော့ ကုသစရိတ်တောင် ရှင်းပေးခဲ့တယ်မလား”

“အင်း”

“ဒါက ခင်ဗျား အသက်ကယ်ခဲ့တာမဟုတ်လား”

“မင်းက ငါ့အသက်သခင်ပါပဲကွာ”

ကျွန်တော် အကျိုးသင့်အကြောင်းသင့်ပြောလိုက်သည်။

“ခင်ဗျားအသက်ကို ကယ်ခဲ့တာဆိုတော့ ခင်ဗျားအသက်လို တန်ဖိုးထားရတဲ့ ရတနာကို မပေးသင့်ဘူးလား”

ခန်က ငိုနေတာရပ်ပြီး အားနာနာနှင့် ပြန်ကြည့်သည်။

“ငါ့အသက်လို တန်ဖိုးထားရသည့်ရတနာ.... ဒီလိုဟာမျိုး မရှိပါဘူးကွာ။ ဘယ်လိုလုပ်ရမလဲ။ ဝါး....”

“မငိုပါနှင့်။ ငါက သဘောထားကြီးပါသည်။ ဒီတော့ ခင်ဗျားအသက်လို တန်ဖိုးထားရသည့်ရတနာကို ဘယ်ယူရက်မှာလဲ။ ဟော ဟိုက”

ကျွန်တော် ဒုတိယထပ်ကို လက်ချောင်းနှင့်ညွှန်ပြလိုက်သည်။

“ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာဆို လုံလောက်ပါပြီ”

ကျွန်တော့်နှလုံးလေး စိတ်လှုပ်ရှားစွာ ခုန်နေသည်။ အိုင်တမ်များကို ကြည့်ရင်း သရေယိုလို့ပေါ့။ ဒါပေမဲ့ လမ်းက ဘယ်တော့မှ မသာယာပါဘူး။

“ဒီပစ္စည်းတွေက ဘိုးဘွားအမွေလေ။ ဒီရတနာက ငါ့အသက်နဲ့တောင် လဲမရဘူး။ မင်းလိုချင်ရင် ငါ့အသက်တောင် ပေးလို့ရတယ် ဒါပေမဲ့ ဒါတော့ မရဘူးကွာ”

ကျွန်တော် အငြင်းခံလိုက်ရသည်။ ကျွန်တော် မျက်မှောင်ကြုတ်လိုက်တာမြင်တော့ ခန်က ကဗျာကယာနှင့် ရှင်းပြသည်။

“ဒီရတနာများက ငါ့ဘိုးဘေး အယ်ဘက်တီနိုက သူ့ခံစားချက်ထည့်သွင်းပြီးလုပ်ခဲ့တာ။ ဒါကြောင့် သူ့ခံစားချက်ကို နားမလည်ရင် သူ့ရဲ့သားစဉ်မြေးဆက်ဖြစ်သည့်လူတောင် ထိလို့မရဘူး။ အစကတော့ ငါဒီအမွေကို သေသည့်အထိ ထိန်းသိမ်းမလို့ပဲ။ ဒါပေမဲ့ ခြွင်းချက်တော့ ရှိတာပေါ့”

ခန်က အယ်ဘက်တီနိုရဲ့ မျိုးဆက်လား။ သူ့ကိုယ်ထဲမှာ အယ်ဘက်တီနိုသွေးများ စီးနေတာပေါ့။ ဒါကြောင့်များ အရက်ကြောင့် သေမလိုဖြစ်သွားတာတောင် တန်းမြင့်အဆင့်ပန်းပဲဆရာစွမ်းရည်များ ပြန်ရနိုင်တာများလား။ ပြီးတော့ ခြွင်းချက်ဆိုတာက ဘာလဲ။

“ခြွင်းချက်က ဘာလဲမသိဘူး”

ခန်ရဲ့အမူအရာက လေးနက်သွားပါသည်။

“ငါမင်းကို မေးချင်တာတခုရှိသည်။ ဘယ်လိုများ ဒီရတနာကို သုံးနိုင်ရတာလဲ။ ပြီးတော့ ကြည့်တာနှင့် တန်ဖိုးဘယ်လိုသိခဲ့တာလဲ”

ခန်က ပြန်ရှင်းပြခဲ့သည်။

“ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာက သနားစရာကောင်းတဲ့ တိုက်ပွဲဂီယာတွေပါ။ ကစားသမားကန့်သတ်ချက်ကြောင့် နှစ်တွေအများကြီးကြာတာတောင် သုံးနိုင်တဲ့လူ မပေါ်ခဲ့ဘူးလေ။ ဆယ်စုနှစ်အနည်းငယ်လောက်ကြာတော့။ သူတို့က သမိုင်းကနေ မေ့ဖျောက်ခံလိုက်ရတာပေါ့”

ခန်နှင့် ကျွန်တော်က အပေါ်ထပ်တက်လိုက်ပြီး ဒိန်းစလိန်နှင့် ဗဲလ်ဟဲလာကို မျက်နှာချင်းဆိုင်လိုက်သည်။

ခန်က သူတို့ကို ကြင်နာစွာ ပွတ်သပ်လိုက်ပြီးတော့။

“ဒိန်းစလိတ် နှင့် ဗဲလ်ဟဲလာကို သမိုင်းကနေ မေ့ဖျောက်ခံလိုက်ရတာ ငါဝမ်းနည်းလို့ မဆုံးဘူး။ ဒီဖုန်တက်နေတဲ့ နေရာမှာ သိမ်းမထားချင်ပေမဲ့ အိုင်တမ်ကို အပြည့်အဝနားလည်ဖို့ဆို တီထွင်သူနဲ့ အဆင့်တူဖို့ လိုတယ်လေ။ နောက်မျိုးဆက်တွေက သူ့အဆင့်ထိမရောက်နိုင်ကြတော့ ဒီကောင်လေးတွေရဲ့ တန်ဖိုးကို ဘယ်သူမှ နားမလည်ကြတော့တာပေါ့”

ခန် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“နောက်တော့ မင်းက ဒီကို ရောက်လာသည်”

ဇာတ်လမ်းရှည်ကြီး စပါပြီ။

“ငါ့မိသားစုကို ဒဏ္ဍာရီလာတစ်ယောက် ရောက်လာဖူးတယ်။ နှစ်ပေါင်းတရာ့သုံးဆယ်ဝန်းကျင်လောက်ပေါ့။ ဒီကို ပက်မာဆိုတဲ့ လူတယောက် ရောက်လာခဲ့သည်။ ဒီလူက ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာကို စတိုးရဲ့ထောင့်နားမှာ ဖုန်တက်နေတာကို ရှာတွေ့သွားတယ်။ အကြည့်တချက်နှင့်တင် ဒီတိုက်ပွဲဂီယာတွေရဲ့ တန်ဖိုးကို သိခဲ့တာ...”

ခန် မျက်တောင်ခတ်လိုက်သည်။

“ပက်မာက ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာကို အသိအမှတ်ပြုခဲ့တယ်။ ဗဲလ်ဟဲလာကို တပ်ဆင်ပြီး သူ့ရဲ့ဓားပညာကို ထုတ်ပြခဲ့တယ်။ သူ့ရဲ့ ဓားပညာက ကောင်းကင်ကို ထိုးဖောက်သွားတဲ့ မိုးကြိုးလိုပဲ မယုံနိုင်စရာကောင်းလောက်အောင် လှပလွန်းတယ်”

ကျွန်တော် အံ့ဩသွားသည်။ ခန်က ကျွန်တော့်မျက်လုံးကို ဖတ်လိုက်ပြီး

သူ့ဇာတ်လမ်းကို ဆက်ပြောသည်။

“ငါ့ရဲ့ဘိုးဘေးကလည်း ပက်မာရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ခဲ့တယ်။ ဒိန်းစလိတ်နဲ့ ဗဲလ်ဟဲလာကို ယူဆောင်သွားဖို့ပေါ့”

“အိုး ပက်မာက သဘောတူခဲ့လား”

“မတူခဲ့ဘူး။ ပက်မာက အချိန်မကျသေးဘူးတဲ့။ သူပြောခဲ့တာက ‘ ဒီလက်ရာမှာ အယ်ဘက်တီနိုရဲ့ခံစားချက်ပြည့်နေတယ်။ စွမ်းအားကြီးလွန်းလို့ သူ့လိုလူက ကိုင်ဆောင်ပြီး မဖြန်းတီးသင့်ဘူးတဲ့’ ပက်မာက ငါ့ဘိုးဘေးကို မတ်တပ်ရပ်ဖို့ တောင်းပန်ခဲ့တယ်”

ကျွန်တော် တကယ်ပဲ ပက်မာဆိုတဲ့ ကောင်ကို နားမလည်ဘူး။ အလကားရတာကို ဘာလို့ငြင်းလဲ။ ငါသာဆို လက်ခံပြီး ရောင်းစားပစ်မှာ။

‘အီး ပက်မာဆိုတဲ့ ကောင်က ချမ်းသာတော့ လောဘဘယ်ကြီးတော့မလဲ’

ကျွန်တော် အတွေးများနေစဉ် ဇာတ်လမ်းကို ဆက်ပြောနေသည်။

“ပက်မာက သူ မထွက်သွားခင် ပြောခဲ့တယ်။ ‘အခုလက်ရှိမှာတော့ ဒီဂီယာတွေကို ဘယ်သူမှ မကိုင်ဆောင်နိုင်ဘူး။ ဒါပေမဲ့ လာမဲ့ အနာဂတ်မှာ ဒီချပ်ဝတ်ကို အသုံးပြုဖို့ အဆင့်မှီမဲ့ သူရဲကောင်းတွေ ပေါ်လာလိုက်မယ်တဲ့”

“……”

ကျွန်တော် ထင်တာတော့ ပက်မာပြောတဲ့ သူရဲကောင်းဆိုတာက ကစားသမားတွေကို ပြောတာဖြစ်မယ်။ ကစားသမားတွေရဲ့ အလားအလာက အကန့်အသတ်မဲ့ပြီး တိုးတက်မှု မြန်တယ်။ ဒီလိုလူမျိုးကသာ ဒိန်းစလိတ်နဲ့ ဗဲလ်ဟဲလာကို သုံးနိုင်မှာ။

ကျွန်တော် ခန်ကို ဒဲ့မေးလိုက်သည်။

“ခင်ဗျား ဒီလို အကြာကြီးရှင်းပြနေတာရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ”

ခန်က တုံ့ဆိုင်းမှုမရှိဘဲ မေးလိုက်သည်။

“ငါမင်းရဲ့ သရုပ်မှန်ကို သိချင်တယ်”

“ခင်ဗျားက ကျွန်တော့်ကို ပက်မာပြောတဲ့ သူရဲကောင်းထဲက တယောက်လို့ ထင်နေတာလား”

“ဟုတ်တယ်။ ဒါက ငါပြောတဲ့ ခြွင်းချက်ပဲ။ မင်းသာ ပက်မာပြောခဲ့တဲ့ သူရဲကောင်းဖြစ်ကြောင်း သက်သေပြနိုင်ရင် ငါ မင်းကို ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာပေးဖို့ ဆန္ဒရှိတယ်”

ခန်ရဲ့မျက်လုံးမှာ မျှော်လင့်ချက်များ တောက်ပနေပါသည်။

ကျွန်တော် မသိလိုက်ခင်မှာပဲ ချိတ်ဆက်တာဝန်ရဲ့ လမ်းကြောင်းအစက တဖြည်းဖြည်းပေါ်လာပါပြီ။

အပိုင်း ၂၈ : ဝင်စတန် အရမ်းချစ်တယ်ကွာ

ကျွန်တော် ခပ်ပေါ့ပေါ့လေး ပြန်တုံ့ပြန်လိုက်သည်။

“ပက်မာပြောခဲ့တဲ့ သူရဲကောင်းနဲ့.... ငါက မတူဘူး”

စိတ်ပျက်မှုက ခန်ရဲ့မျက်နှာမှာ ဖြတ်ပြေးသွားပါသည်။

ဒီလူကြီးက စိတ်မြန်သည်။ သူ့ကို စကြည့်ချင်လိုက်တာ။

“တကယ်တော့ ငါက သူရဲကောင်းများထက်စာရင် ပက်မာနှင့် ပိုဆင်တယ်”

“မင်းလား ပက်မာနဲ့ တူတာ မဖြစ်နိုင်ဘူး... အာ ဘယ်လိုလုပ်.... ဖြစ်နိုင်မှာလဲ”

ပက်မာပြောထားတဲ့ သူရဲကောင်းတွေက ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာကို အသုံးပြုနိုင်ပေမဲ့ သူတို့ရဲ့ တန်ဖိုးကို နားလည်ဖို့တော့ မသေချာပါဘူး။ ဒီတိုက်ပွဲဝင်ဂီယာများကို နားလည်နိုင်ဖို့ဆိုရင် အယ်ဘယ်တီနိုနှင့် အဆင့်တူပန်းပဲဆရာကမှ နားလည်နိုင်မှာ။

ကျွန်တော်က ဒီဂီယာများရဲ့ တန်ဖိုးကို သိတယ်။ ဒါကြောင့်....

"ဟုတ်တယ် မင်းထင်တဲ့အတိုင်း ငါက ပက်မာမျိုးဆက်ပဲ"

ကျွန်တော်က ဂုဏ်ယူဝံ့ကြွားစွာနှင့် သရုပ်မှန်ကို ဖော်ပြလိုက်သည်။

"ငါက ဒိန်းစလိတ်နှင့် ဗဲလ်ဟဲလာကို ဘယ်သူ့ထက်မဆို ပိုနားလည်တယ် ပြီးတော့ လွတ်လွတ်လပ်လပ်သုံးလို့ ရတယ်လေ။ ငါ့ကိုသာ သူတို့ကို ပေးလိုက်စမ်းပါ"

"အိုး....."

ခန် အရမ်းကို စိတ်လှုပ်ရှားသွားသည်။ စိတ်လှုပ်ရှားနေတာက ပုံမှန်ပါပဲ။ လွန်ခဲ့သည့် နှစ်တစ်ရာ့သုံးဆယ်ဝန်းကျင်က ဘိုးဘေးလိုပဲ သူက အခု ပက်မာရဲ့မျိုးဆက်ကို မျက်နှာချင်းဆိုင် တွေ့နေရသည်။

"ငါနားလည်ပြီ။ မင်းကသာ ပက်မာမျိုးဆက်ဆိုရင် ငါ မင်းကို ဒီမျိုးဆက်အမွေတွေကို တခါထဲ လွှဲပေးလိုက်မယ်။ ဒါပေမဲ့ မင်းက ပက်မာမျိုးဆက်ဖြစ်ကြောင်း သက်သေပြနိုင်တာ ဘာရှိလဲ"

[ပက်မာမျိုးဆက် တာဝန်ကို ဖန်တီးလိုက်ပါသည်]

[ပက်မာမျိုးဆက်]

ခက်ခဲမှု : ဇာတ်ကောင်တာဝန်

သင့်တွင် ပက်မာ၏ ပန်းပဲဆရာစွမ်းရည်များရှိသော်လည်း ပက်မာအကြောင်းအား သင် သေသေချာချာမသိသေးပါ။ ဒဏ္ဍာရီလာဇာတ်ကောင်အား ယုံယုံကြည်ကြည် နှင့် ဂုဏ်ယူစွာဆက်ခံနိုင်ရန် ပက်မာအကြောင်းရှာဖွေပါ။ ပက်မာဆိုသည့် နာမည်ဖြင့် လူသည် မရိုးရှင်းပါ။ သူသည် စွမ်းရည်ကောင်းကောင်းရှိသည့် ရိုးရိုးပန်းပဲဆရာသာဖြစ်လျှင် သူ၏ ဒဏ္ဍာရီသည် တိုက်ကြီးတလျောက်လုံးတွင် ပျံ့နှံ့နေမည်မဟုတ်ပါ။

ပထမသဲလွန်စဖြစ်သည့် ဓားသိုင်းကျွမ်းကျင်မှုက ကောင်းကင်ကို ထိုးဖောက်သွားသည်ဟူသော ပက်မာ၏ ဒဏ္ဍာရီနောက် လိုက်ရှာဖွေပါ။ သင်သည် ဒဏ္ဍာရီဇာတ်လမ်းအားလုံးကို စုစည်းနိုင်ပါက ပက်မာအကြောင်းတကယ်နားလည်၍ သူ၏ စိတ်ဆန္ဒကိုပါ ဆက်ခံနိုင်လိမ့်မည်။

ဆန္ဒကို ဆက်ခံသည့်အချိန်သည် ဒဏ္ဍာရီလာတစ်ယောက် မွေးဖွားလာသောအချိန်ဖြစ်သည်။

* ဤဇာတ်ကောင်တာဝန်အတွက် အချိန်ကန့်သတ်ချက်မရှိပါ။

* ဒဏ္ဍာရီလာဇာတ်ကောင်၏ ဇာတ်ကောင်တာဝန်အား လက်ခံလိုက်ပါက နောက်တကြိမ်ဇာတ်ကောင်အား ထပ်မံပြောင်းလဲ၍ မရနိုင်တော့ပါ။

* အကျိုးဆက်အနေဖြင့် ဒဏ္ဍာရီလာဇာတ်ကောင်တာဝန်မှ ရရှိလာသောစွမ်းအားသည် ဤကမ္ဘာကြီးအား အပြောင်းလဲဖြစ်နိုင်စွမ်းရှိသည်။

ဇာတ်ကောင်တာဝန်ရှင်းလင်းရန်အခြေအနေများ : ချိတ်ဆက်တာဝန်အားလုံးကို အောင်အောင်မြင်မြင်ပြီးဆုံးအောင်လုပ်ပါ

ဇာတ်ကောင်တာဝန်ဆုလာဘ် : မသိရှိ

* ပထမဇာတ်ကောင်တာဝန် : [ပက်မာဓားသိုင်းကျွမ်းကျင်မှု]

ပက်မာ၏ ဓားသိုင်းကျွမ်းကျင်မှုသည် ကောင်းကင်ကိုထိုးဖောက်နိုင်စွမ်းရှိသည်ဟု ဆိုခဲ့ကြသည်။ ဤအချက်သည် ပက်မာရှားပါးစာအုပ်တွင် ဖော်မပြထားသော ပက်မာ၏ ဓားသိုင်းကျွမ်းကျင်မှုအကြောင်း သဲလွန်စဖြစ်သည်။

* ပထမဇာတ်ကောင်တာဝန်ရှင်းလင်းရန်အခြေအနေများ : ပက်မာ၏ ဓားသိုင်းကျွမ်းကျင်မှုကို လေ့လာပါ

ပထမဇာတ်ကောင်တာဝန်ဆုလာဘ်: ဒိန်းစလိတ် (ပုံတူ)

[တာဝန်သည် ပြုလုပ်ဆဲ ဖြစ်သည်]

ကိရိယာအားလုံးကို ချွင်းချက်မရှိဝတ်ဆင်နိုင်ကတည်းက ပက်မာက ပန်းပဲဆရာတယောက်သာ မဟုတ်ဘူးဆိုတာကို သတိပြုမိခဲ့ရမှာ။

‘ဒီတော့ ပက်မာမျိုးဆက်တာဝန်က ပန်းပဲဆရာအကန့်အသတ်ကို ဖြုတ်ပေးလိုက်တာပေါ့’

ငါသာ ချိတ်ဆက်တာဝန်အားလုံး အောင်မြင်သွားရင် ဘယ်လိုဖြစ်သွားမှာလဲ။ ပန်းပဲဆရာစစ်သည်တော်လား ဒါမှမဟုတ် ဒီထက်ပိုအုံးမှာလား။ ကျွန်တော် မျှော်လင့်နေပါပြီ။ ဒဏ္ဍာရီလာတယောက် မွေးဖွားလာတာကို ကြည့်ကြစမ်း။

“ဟုတ်ပြီ အခု ပက်မာဓားရေးအကြောင်း ရှာပုံတော်ဖွင့်ကြစို့”

ပန်းပဲဖိုကနေ ခိုင်မြဲသည့်ခြေလှမ်းများနှင့် ထွက်လာတုန်း ရုတ်တရက်ဆိုသလို ရပ်တန့်လိုက်ပါသည်။

‘ဘယ်ကို ငါသွားရမလဲ။ ပြီးတော့ အခုမှ ဒီသခင်လေးက အဆင့်နှစ်ဆယ့်တစ်ပဲ ရှိသေးတာ။ အစီအစဉ်မဆွဲပဲ စွန့်စားခန်းထွက်မလို့လား’

ဒီဇာတ်ကောင်တာဝန်ရဲ့ အဆုံးမမြင်ရသည့်ပန်းတိုင်က တိုက်ကြီးတခုလုံးမှာပြန့်နေသည့် ပက်မာရဲ့ဒဏ္ဍာရီများကို စုစည်းဖို့ပဲ။ အဆင့်မမြင့်သေးဘဲ တိုက်ကြီးတခုလုံးကို ခရီးသွားလို့မှ မရတာ။ မသာပေါ်သွားမှာပေါ့။

‘ဒီတာဝန်က အချိန်ယူပြီး ဖြေးဖြေးလုပ်ဖို့လိုသည်။ စိတ်ထဲကအတိုင်း အခုချက်ချင်း ပြီးချင်ပေမဲ့.... မဖြစ်နိုင်ဘူးလေ’

ကျွန်တော့် စိတ်လှုပ်ရှားမှုများ လျော့ကျသွားပါသည်။ ခန်က ကျွန်တော် စိတ်ပျက်သွားတာမြင်တော့ သောက်ဖို့ဖိတ်ခေါ်လိုက်သည်။

“ညနက်နေပြီလေ။ သောက်ရင်းနှင့် ထွေရာလေးပါးပြောကြတာပေါ့။ ငါကတော့ ပက်မာအကြောင်း ပန်းပဲဆရာနည်းစနစ်တွေ ပြီးတော့ ဒီပန်းပဲဖိုရဲ့အနာဂတ်ပေါ့”

“ခန်.... အရက်ဖြတ်ရမှာ မဟုတ်လား”

“…ဟွတ် ဟွတ်”

ကျွန်တော် ခန့်လက်ထဲကပုလင်းကို ဆွဲယူလိုက်သည်။ ပြီးတော့ ပန်းပဲဖိုမှာ ဝှက်ထားသည့်တခြားအရက်ပုလင်းများကိုပါ ရှာပြီးသိမ်းလိုက်သည်။

“ငါ ဒီဟာများကို သိမ်းလိုက်ပြီ”

ဇာတ်ကောင်တာဝန်က ဘယ်အချိန်မှပြီးမလဲဆိုတာ ကျွန်တော်လည်းမသိပါဘူး။ ပြီးသွားသည့်တနေ့ ဆုပေးမဲ့လူသေသွားလို့ မရတော့ရင် ဘယ်လိုလုပ်မတုန်း။ ခန်ကို အရက်မသောက်အောင် လုပ်ဖို့ ငါ့မှာတာဝန်ရှိသည်။

“ဒီနေ့ စိတ်ပျော်နေတော့ တစ်ပုလင်း...”

“မရဘူး”

ကျွန်တော် ပြတ်သားစွာနှင့် ပုလင်းများကို သိုလှောင်ခန်းထဲ ထည့်လိုက်သည်။

“ဒီအရက်တွေ ရောင်းလိုက်ရင် ရွှေနှစ်ပြားလောက်တော့ရမယ်”

ကျွန်တော့်အတွေးများဖြင့် ကျေနပ်တုန်း ပန်းပဲဖိုတံခါးက ဖွင့်လာပါသည်။ တံခါးကနေ ပိန်သည့်လူတယောက် ဝင်လာခဲ့သည်။ ကျွန်တော့်ကို ကြည့်နေရင်း မျက်မှန်ကို ပင့်လိုက်ပြီးတော့ ခန်ကို ယဉ်ယဉ်ကျေးကျေးမိတ်ဆက်လိုက်သည်။

“ခင်ဗျားက ခန်ဖြစ်မယ်။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ရက်ဘ်ဘစ်ဒ်ပါ။ မီရိုကုမ္ပဏီရဲ့ ဝန်ထမ်းတယောက်ပေါ့”

မီရိုကုမ္ပဏီက။

‘လူမိုက် လွှတ်လိုက်တယ် ပြောရအောင်လည်း ယဉ်ကျေးလွန်းနေသလားလို့’

ကျွန်တော် တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။ စိတ်လှုပ်ရှားနေသည့် ခန်ကတော့ ရက်ဘ်ဘစ်ဒ်ဆိုသည့်လူကို စိုးရိမ်တကြီးကြည့်နေသည်။ ရက်ဘ်ဘစ်ဒ်က သိမ်မွေ့သည့်အမူအရာနှင့် စကားပြောလိုက်သည်။

“ခင်ဗျားက မီရိုကုမ္ပဏီဆီကနေ ရွှေပြားခြောက်ရာချေးထားတယ်နော်။ ကျွန်တော် ကြားမိသလောက်ကတော့ အကြွေးကို ပြန်မဆပ်နိုင်ဘူးပြောထားတယ်”

“ဒီတော့ ဒီပန်းပဲဖိုကိုပဲ လက်လွှဲပေးနိုင်မလား”

ရက်ဘ်ဘစ်ဒ်ပြုံးလိုက်ပြီး

“ကျွန်တော် ခင်ဗျားရဲ့ စွမ်းရည်အတွက် အခွင့်အရေးတခုပေးချင်တယ်”

“အခွင့်....အရေးလား”

“ဟုတ်တယ်။ ခန်ရဲ့ပန်းပဲပညာက အရမ်းကောင်းတော့ ကျွန်တော်ဒီအရည်အချင်းကို မီရိုကုမ္ပဏီအတွက် အသုံးချချင်တယ်။ ဒီလိုဆို ဘယ်လိုနေလဲ။ မီရိုကုမ္ပဏီက ဒီပန်းပဲဖိုပိုင်ဆိုင်ခွင့်ကို ဥပဒေနဲ့အညီယူပြီး ဒီပန်းပဲဖိုမှာပဲ အလုပ်လုပ်ဖို့ လစာကောင်းကောင်းပေးမယ်လေ”

မီရိုကုမ္ပဏီက အပေးအယူတခုကမ်းလှမ်းလာသည်။ သူတို့က ပန်းပဲဖိုကို ယူပေမဲ့ ခန်ကိုပဲ ဆက်အလုပ်လုပ်ခိုင်းနေသည်။

“မင်းပြောချင်တာ မီရိုက ခွေးကောင်တွေ ငါ့ခေါင်းပေါ်တက်ချင်တယ်ပေါ့”

“ဟဟ ဘာလို့ စကားကို ကြမ်းကြမ်းကြီးပြောလိုက်တာလဲ”

“ငါ ငြင်းမယ်ဆိုရင်ကော”

ရက်ဘ်ဘစ်ဒ်အမူအရာက နားမလည်နိုင်သည့် ပုံစံဖြစ်သွားသည်။

“ဘာလို့ ငြင်းရမှာလဲ။ ဒီအပေးအယူက အရင်ကထက် သာတာပဲမလား”

“ငါ့အလုပ်ကို ဆုံးရှုံးမှာကြောက်လို့မဟုတ်ဘူး။ ဒီပန်းပဲဖိုက မိသားစုစီးပွားရေးအမွေဖြစ်လို့ လက်မလွတ်ချင်တာ”

“ဟင်း... ဒီလိုပေါ့”

ရက်ဘ်ဘစ်ဒ်က မေးစေ့ပွတ်ရင်းနှင့် ပွစိပွစိရွတ်နေသည်။

“ငါ အားသုံးပြီး ကိုင်တွယ်လိုက်ရမလား။ မဟုတ်ဘူး ဒီလို ကြမ်းတမ်းတဲ့နည်းလမ်းက ရှက်ဖို့ ကောင်းတယ်။ အကြွေးမပေးလို့ ဆိုပြီး တရားဆွဲရင်ကော။ မရဘူး။ အဆင့်များပြီး အချိန်ကြာတယ်။ ခေါင်းမာတဲ့ ခန်ကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ”

ဒီလူက တွေးနေတာကို ပါးစပ်ကနေ ပြောတတ်တဲ့ လူစားမျိုးပဲ။ မကြာခင် သည်လူ အကြံကောင်းရသွားပုံပေါ်သည်။

“ခန်နော် မီရိုကုမ္ပဏီက ခင်ဗျားကို ဒီပန်းပဲဖိုထိန်းသိမ်းဖို့ အရည်အချင်းရှိလား စမ်းသပ်ချင်တယ်။ ဒီလိုဆိုရင်ကော။ မီရိုကုမ္ပဏီနဲ့ ပြိုင်ပွဲလုပ်ကြရအောင်။ မီရိုပန်းပဲဆရာထက် ခင်ဗျားက အရည်အချင်းပိုရှိကြောင်းသက်သေပြနိုင်ရင် ခင်ဗျားကို အကြွေးအားလုံး လျော်ပေးလိုက်မယ်။ ရှုံးသွားရင်တော့ ဒီပန်းပဲဖိုကို မီရိုကိုပေးပေါ့။ ဘယ်လိုလဲ”

အလောင်းအစားက ကောင်းသည်ဆိုသော်လည်း ကျွန်တော်ကတော့ ခန် ငြင်းသင့်သည်ဟု ထင်သည်။ မီရိုက ခန်ထက်သာတာကို ခေါ်လာမှာ အသေအချာပဲ။ ဒီကိစ္စကို နယ်မြေအရှင်ဆီတင်ပြပြီး အကူအညီတောင်းခံသင့်သည်။ သို့သော် ခန်က ရက်ဘ်ဘစ်ဒ်၏ အပေးအယူကို လက်ခံလိုက်၏။

“ငါ သဘောတူတယ်”

“အိုး ပညာပါတဲ့ ဆုံးဖြတ်ချက်ပဲ”

ခန်က တခြားလိုအပ်ချက်များကို ထပ်ထည့်လိုက်သည်။

“ဒါပေမဲ့ကွာ ငါက အရက်စွဲပြီး အလုပ်မလုပ်တာကြာတော့ ခဏလောက်တော့ အရင်လို မစွမ်းဆောင်နိုင်တော့ဘူး။ ဒီတော့ ငါ့အစား ငါ့ဆက်ခံသူက ဒီအလောင်းအစားကို ပါဝင်လိမ့်မယ်”

ရက်ဘ်ဘစ်ဒ်တောင့်တောင့်ကြီးဖြစ်သွားသည်။

“ကျွန်တော်ကြားထားတာတော့ ခင်ဗျားမှာ ဆက်ခံမဲ့သူမရှိဘူးတဲ့”

“မင်း သတင်းအမှားကြီးရထားတာပဲ။ ဟိုကောင်လေးက ငါ့ဆက်ခံသူလေ”

“ဟို.... ဒီကောင်လေးပေါ့။ သူ့ကို ကြည့်ရတာ ခင်ဗျားဆက်ခံသူဖြစ်ဖို့ အားနည်းလွန်းနေသလားလို့။ ခင်ဗျား သူ့ကို အလောင်းအစားမှာ ထည့်ချင်တာသေချာလား”

“ငါ့ပုံစံက နောက်နေတာနှင့် တူလို့လား”

“ဒီလိုဆိုရင်တော့ မီရိုကုမ္ပဏီကိုယ်စားကျေးဇူးတင်ပါတယ်”

ဘာဖြစ်သွားတာလဲ။

[မီရိုကုမ္ပဏီနှင့် အလောင်းအစား တာဝန်ကို ဖန်တီးလိုက်ပါပြီ]

“…ဘာ”

ခန် ရူးနေပြီ။ ငါ့ကိုတောင်မမေးပဲ ဒီကိစ္စထဲဆွဲထည့်လိုက်တယ်။ ငါ့ကို အထင်ကြီးလွန်းနေတာလား။

“မဟုတ်သေးဘူး...ဟေး ခန်....နေအုံး”

ကျွန်တော် ခန်ကို ငြင်းမလို့လုပ်နေတုန်း တာဝန်ဖန်သားပြင်ပေါ်လာသည်။

[မီရိုကုမ္ပဏီနှင့် အိုင်တမ်အပြိုင်ပြုလုပ်ပါ]

ခက်ခဲမှု : A

မီရိုကုမ္ပဏီသည် ခန်ကို ပန်းပဲပြိုင်ပွဲတခုပြုလုပ်ရန် ကမ်းလှမ်းလာသည်။ ခန်သည် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေသဖြင့် သင့်ကို ပြိုင်ပွဲတွင်ပါဝင်ရန် အကူအညီတောင်းသည်။

တာဝန်ရှင်းလင်းရန်အခြေအနေများ : ပြိုင်ပွဲတွင် မီရိုကုမ္ပဏီကို အနိုင်ယူပါ

တာဝန်ဆုလာဘ် : ဝင်စတန်တွင် ဂုဏ်သတင်း +500။ ဝင်စတန်ဒေသခံများနှင့် ရင်းနှီးမှုတိုးတက်လာမည်။ ရွှေပြားခြောက်ရာ။

တာဝန်ကျရှုံးမှု : ဝင်စတန်တွင် ဂုဏ်သတင်းအနိမ့်ဆုံးသို့ ရောက်ရှိသွားမည်

ခန့်ပန်းပဲဖိုကို မီရိုကုမ္ပဏီက ပိုင်ဆိုင်သွားမည်။

[တာဝန်ကို လက်ခံချင်ပါသလား]

ကျွန်တော် ခန်ကို ဆဲမလို့လုပ်နေတာ ရပ်လိုက်သည်။ ဆုကို ကြည့်ပါအုံး။ ရွှေပြားခြောက်ရာ။ ငွေသားဆို ပြားတစ်ရာကို တသိန်းခုနစ်သောင်းခုနှစ်ထောင့်ခြောက်ရာဝမ်...

“ဆယ်သိန်းခြောက်သောင်းငါးထောင့်ခြောက်ရာဝမ်တောင်ရမှာ”

ဒီပမာဏဆို ရှစ်ရက်လောက် အလုပ်နားရသည်။ ပြစ်ဒဏ်ခံရရင်ကော ဘာအရေးလဲ။ ခန်က ထိခိုက်မှုအများဆုံးဖြစ်မှာပေါ့။ ဒီလိုနေ့မျိုး ရောက်လာမယ်မထင်ဘူး ဟားဟား။

“ငြင်းရအောင် အရူးလား။ ငါ သခင်လေး လက်ခံလိုက်မယ်”

[တာဝန်ကို လက်ခံလိုက်သည်]

ရက်ဘ်ဘစ်ဒ်က အံ့အားသင့်စွာ မေးလိုက်သည်။

“ဟို ခင်ဗျားဆက်ခံသူက လွယ်တဲ့ လူမဟုတ်ဘူးပဲ။ သူယုံကြည်ချက်ရှိနေတာကို အံ့ဩနေတာ”

“ဘာအံ့ဩရမှာလဲ။ ဒီသခင်လေးမျက်နှာက ဒီလောက်ရဲရင့်မှုတွေနဲ့ ပြည့်နေတာ”

“ဟက်ဟက်ဟက် ဟုတ်တာပေါ့.... အိုကေ မကြာခင် အချိန်နဲ့ နေရာပို့ပေးလိုက်မယ်။ ပြင်ဆင်ထားပါ”

ရက်ဘ်ဘစ်ဒ်ထွက်သွားတာနှင့် ခန်က ကျွန်တော့်ရှေ့မှာ ဒူးထောက်လိုက်ပြီး

“တောင်းပန်ပါတယ်။ ငါ မင်းကို ဒီကိစ္စထဲ ဆွဲမထည့်သင့်ဘူး.... ဒါပေမဲ့ ငါလည်း ကြံရာမရတော့လို့ပါ။ ဒီပန်းပဲဖိုကို မဆုံးရှုံးချင်လို့လေ”

ခန်ကို အပေါ်ဆွဲတင်လိုက်ပြီး ငြင်ငြင်သာသာပွေ့ဖက်လိုက်သည်။

“ဘာလို့အားနာနေရတာလဲ။ ဒီလူ ဒီလူချင်း အားနာစရာလိုလို့လား။ ငါတို့ ဆက်ဆံရေးက အားနာစရာမှ မလိုတာလေ ဟုတ်တယ်ဟုတ်။ ငါမင်းကို ကူညီပေးမှာပါ။ ဒါကြောင့် မစိုးရိမ်ပါနဲ့တော့”

“အူး...ကျေးဇူးတင်ပါတယ်ကွာ.... ကျေးဇူး အရမ်းအရမ်းတင်ပါတယ်။ မင်းက ငါ့ဘဝရဲ့ နတ်သားလေးပဲ။ ဝါး......”

ခန်၏ မျက်ရည်များကြောင့် အင်္ကျီက စိုရွှဲသွားသည်။ ကျွန်တော်ကတော့ ပိုက်ဆံဆယ်သိန်းခြောက်သောင်းကျော်ကျော်အကြောင်း တစိမ့်စိမ့်တွေးရင်း....

“ဟီးဟီးဟီး”

ဝင်စတန် အရမ်းချစ်တယ်ကွာ။

All Chapters