အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း (၁၅၉) ငါ့ရဲ့ သိုလှောင်အိတ်ကို ပြန်ပေး
ချန်လော့သည် သူဝတ်ဆင်ထားသော ဝိညာဉ်လက်နက် အမျိုးမျိုးကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဘေးနားရှိ ကျောက်မန်နှင့် အခြားသူများကို ကြည့်လိုက်သောအခါ ၎င်းတို့မှာလည်း ခုခံမှုမှော်ရတနာများ ဝတ်ဆင်ထားကြသော်လည်း နှစ်ခု၊ သုံးခုခန့်သာ ရှိသဖြင့် ချန်လော့၏ "ဇိမ်ခံ" ဝတ်စုံနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
ထိုစဉ် သူတို့နောက်သို့ လှည့်ကြည့်လိုက်ရာ လောက်ကောင်ကြီးမှာ နှစ်မီတာ၊ သုံးမီတာခန့်သာ လိုတော့သည့်အထိ နီးကပ်လာပြီ ဖြစ်သည်။
ရုတ်တရက် လောက်ကောင်ကြီးမှာ လေထဲသို့ ထပ်မံခုန်တတ်လိုက်ပြီး ၊ သူ၏ ဦးခေါင်းနှင့် ရှေ့ပိုင်းခန္ဓာကိုယ်ကြီးမှာ သဲထဲမှ ရုန်းထွက်ကာ ချန်လော့တို့ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် အုပ်မိုးသွားလေတော့သည်။
"ဘုန်း!"
ဗုန်းခနဲ အသံနှင့်အတူ ထက်မြက်သော သွားများ ပြည့်နှက်နေသည့် ဧရာမ ပါးစပ်ကြီးသည် လူငါးယောက် ရှိနေသော နေရာကို သဲများဖြင့်ရော၍ တလုတ်တည်း ဝါးမျိုလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် ချန်လော့သည် ပြင်းထန်သော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရပြီး သူတို့အားလုံး ထိုစုပ်ယူမှုအောက်တွင် ဆွဲငင်ခံလိုက်ရကာ တစ်လောကလုံး မှောင်အတိ ကျသွားတော့သည်။
ဘာမှ မမြင်ရသော်လည်း ချန်လော့သည် မိမိကိုယ်မိမိ အဆက်မပြတ် ရွေ့လျားနေသည်ကို ခံစားနေရသည်။ သူ၏ ပတ်ဝန်းကျင်တွင် တစ်စုံတစ်ခု ရှိနေပြီး သူ ဖြတ်သန်းသွားသည့် နေရာမှန်သမျှက သူ၏ ဝိညာဉ်လက်နက်များနှင့် ထိမိသဖြင့် "ဂျိစ်... ဂျိစ်" ဟူသော မြည်သံများ ထွက်ပေါ်နေ၏။
ချန်လော့သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ရိုးရှင်းသော ပထမအဆင့်ရှိ အလင်းမန္တန် တစ်ခုကို ဖန်တီးလိုက်ရာ တစ်ပြင်လုံး လင်းထိန်သွားတော့သည်။ ထိုအခါမှ ချန်လော့သည် သူ၏ အခြေအနေကို သိလိုက်ရ၏။
သူသည် ယခုအခါ လောက်ကောင်ကြီး၏ အစာအိမ်ထဲ၊ သို့မဟုတ် အူလမ်းကြောင်းထဲသို့ ရောက်နေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဆူးငယ်လေးများစွာ ရှိနေပြီး ၎င်းတို့ပေါ်တွင် စုတ်ပြဲနေသော အဝတ်အစားများနှင့် မိစ္ဆာသားရဲတို့၏ အသားစများ ချိတ်ဆွဲလျက် ရှိနေသည်။ ၎င်းတို့မှာ အရင်က အစားခံထားရသော လူများနှင့် သားရဲများ၏ အကြွင်းအကျန်များ ဖြစ်ပေလိမ့်မည်။
ထိုဆူးငယ်လေးများသည် လှိုင်းသဖွယ် လှုပ်ရှားနေပြီး အလယ်ဗဟိုသို့ ညှစ်ထုတ်ကာ သူ့ကို ပိုမိုနက်ရှိုင်းသော နေရာသို့ တဖြည်းဖြည်း တွန်းပို့နေကြခြင်း ဖြစ်၏။
စောစောက ကြားရသော အသံမှာ ထိုဆူးငယ်များက ချန်လော့၏ ချပ်ဝတ်တန်ဆာကို လာရောက်ထိမှန်သံပင် ဖြစ်၏။
"တော်သေးတာပေါ့၊ ဝိညာဉ်လက်နက်တွေ အပြည့်အစုံ ဝတ်ထားမိလို့"
ချန်လော့သည် သူ့ကို ဝိုင်းအုံတွန်းနေသော ဆူးငယ်များကို ကြည့်လိုက်သည်။ သူသည် အကာအကွယ်မဲ့နေသော လက်ညှိုးဖြင့် ထိုဆူးငယ်လေးများကို စမ်းကြည့်လိုက်၏။
သူ၏ လက်ညှိုးကို အချိန်မီ ပြန်မရုပ်နိုင်ခင်မှာပင် ဆူးက လှုပ်ရှားသွားသဖြင့် သူ၏လက်ညှိုးမှာ ထိုးဖောက်ခံလိုက်ရပြီး စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
ချန်လော့မှာ အံ့အားသင့်သွား၏။
"ဒီဆူးလေးတွေက ဒီလောက်တောင် ထက်တာလား"
ချန်လော့၏ လက်ညှိုးတွင် ဝိညာဉ်လက်နက် အကာအကွယ် မရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ကိုးဆင့်သွန်း သံမဏိအရိုး အဆင့် ဖြစ်ပြီး၊ မန္တန်အစီအရင်၏ အထောက်အပံ့ကြောင့် သူ၏ ခုခံမှုမှာ ရွှေမြုတေအဆင့် ကျင့်ကြံသူအများစုနှင့် ရင်ဘောင်တန်းနိုင်သည်။
သို့သော် ယခုမူ ထိုဆူးငယ်လေးများက သူ၏ လက်ညှိုးကို အားစိုက်စရာမလိုဘဲ ထိုးဖောက်သွားခဲ့ခြင်း ဖြစ်သည်။
ချန်လော့သည် သူ့ကို အဆက်မပြတ် တိုက်ခိုက်နေသော ဆူးငယ်များကို ကြည့်ကာ ပြုံးလိုက်သည်။ သူသည် သိုလှောင်အိတ်ထဲမှ ဝိညာဉ်လက်နက် ဓားတစ်ချောင်းကို ထုတ်ကာ ထိုဆူးများကို စတင် ဖြတ်တောက်တော့သည်။
ဤအရာများသည် ချန်လော့၏ ခုခံမှုကို အလွယ်တကူ ထိုးဖောက်နိုင်သည်ဆိုလျှင် အဆိပ်ခတ်ပြီး လျှို့ဝှက်လက်နက်အဖြစ် သုံးမည်ဆိုပါက ၊ ဤဆူးများသည် နတ်ဘုရားလက်နက် ကဲ့သို့ အစွမ်းထက်ပေလိမ့်မည်။
သို့သော် ထိုဆူးငယ်များသည် ထက်မြက်ရုံသာမက အလွန်လည်း မာကျောလှသည်။ ချန်လော့သည် အတော်ကြာအောင် ဖြတ်တောက်သော်လည်း ငါးခု၊ ခြောက်ခုခန့်သာ ရလိုက်၏။
သူသည် ပို၍ ဖြတ်ချင်သေးသော်လည်း နောက်တစ်စက္ကန့်တွင် ဟန်ချက်ပျက်ကာ အောက်သို့ ပြုတ်ကျသွားတော့သည်။
"ဗွမ်း!"
ချန်လော့သည် တစ်စုံတစ်ခုသော အရည်ထဲသို့ ပြုတ်ကျသွားသည်။ သူသည် အမြန်ပင် ဟန်ချက်ပြန်ထိန်းကာ အရည်ထဲမှ ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
သူသည် ယခုအခါ ပျစ်ချွဲနေသော အစိမ်းရောင်အရည်များ စီးဆင်းနေသည့် နေရာတစ်ခုတွင် ရောက်နေပြီး အရည်မျက်နှာပြင်ပေါ်တွင် အစိမ်းရောင် ပူဖောင်းများ ပွက်ပွက်ထနေသည်။
ထို့ပြင် စောစောက မျိုချခံထားရသော ကင်းမြီးကောက် အလောင်းအချို့လည်း ထိုအရည်ပေါ်တွင် မျောပါနေ၏။
ချန်လော့ ဘာဖြစ်နေသည်ကို မဆန်းစစ်ရသေးမီမှာပင် အစိမ်းရောင်အရည်ထဲ နစ်နေသော သူ၏ လက်ဖဝါးမှ ပြင်းထန်သော ပူလောင်မှုကို ခံစားလိုက်ရသည်။ သူသည် လက်ကို အရည်ထဲမှ အမြန်ဆွဲထုတ်လိုက်ရာ သူ၏ လက်များမှာ မီးလောင်ထားသကဲ့သို့ နီရဲနေသည်ကို တွေ့လိုက်ရ၏။
"ဒါ... အစာအိမ်အက်ဆစ်လား"
ချန်လော့ ချက်ချင်း သဘောပေါက်သွားသည်။ "အစာအိမ်ထဲ ရောက်သွားပြီ ထင်တယ်"
သူ့စကားပင် မဆုံးသေးမီ "ဗွမ်း" "ဗွမ်း" ဟူသော အသံများနှင့်အတူ ဘေးဘက်မှ လူရိပ်အချို့ လျှောကျလာကြတော့သည်။ ကျောက်မန်နှင့် အခြားသူများသည် အစာအိမ်အက်ဆစ်ထဲသို့ တစ်ဦးပြီး တစ်ဦး ပြုတ်ကျလာကြပြီးမှ ခေါင်းများ ပြန်ပေါ်လာကြ၏။
ချန်လော့သည် ထိုလူစုကို ကြည့်လိုက်ရာ အားလုံးတွင် ဒဏ်ရာကိုယ်စီ ရထားကြသည်ကို တွေ့လိုက်ရသည်။ ယန်ချုံထျန်း၏ ဒဏ်ရာမှာ အဆိုးဆုံးပင်။
သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ကျောဘက်တွင် အသားစတစ်ခုလုံး ကွာကျနေ၏။ အူလမ်းကြောင်းထဲရှိ ဆူးငယ်များ၏ ဒဏ်ရာ ဖြစ်ပေလိမ့်မည်။
သို့သော် ချန်လော့ ဂရုမစိုက်အားပေ။ သူသည် ဘေးဘက်ရှိ ချောမွေ့နေသော အစာအိမ်နံရံဆီသို့ တိတ်တဆိတ် လျှောက်သွားကာ သူ၏ ရှည်လျားသော ဓားနှစ်ချောင်းကို ထုတ်၍ နံရံထဲသို့ အားဖြင့် စိုက်သွင်းလိုက်သည်။
"ရှူးးး~"
ဓားများက အစာအိမ်နံရံကို ထိုးဖောက်သွားသောအခါ လောက်ကောင်ကြီးသည် တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်ဖြင့် သူ၏ ခန္ဓာကိုယ်ကြီးမှာ တုန်ခါသွားသော်လည်း ခဏအတွင်း ပုံမှန် ပြန်ဖြစ်သွားသည်။
ချန်လော့ကမူ ထိုဓားနှစ်ချောင်းကို အားပြုကာ သူ၏ ခန္ဓာကိုယ်ကို အစာအိမ်အက်ဆစ်ထဲမှ ဆွဲတင်လိုက်၏။ သူသည် ဝိညာဉ်လက်နက်များ ဝတ်ဆင်ထားသဖြင့် အက်ဆစ်ဒဏ်ကို စိုးရိမ်စရာ မလိုသော်လည်း၊ အကယ်၍ အက်ဆစ်ထဲတွင် ကြာကြာစိမ်မိ၍ သူ၏ တန်ဖိုးကြီး ဝိညာဉ်လက်နက်များ ပျက်စီးသွားပါက အကြီးအကျယ် နစ်နာပေလိမ့်မည်။
ပြုတ်ကျလာခါစ လူများမှာ ချန်လော့ ဘာလုပ်နေသည်ကို ကြည့်ကာ ကြောင်အမ်း နေ၏။
"မင်း ဘာလုပ်နေတာလဲ" ယန်ချုံထျန်းက မေးလိုက်၏။
သို့သော် သူ မေးပြီးသည်နှင့် တစ်ကိုယ်လုံးတွင် ပြင်းထန်သော ပူလောင်မှုကို ခံစားလိုက်ရသည်။ အထူးသဖြင့် ကျောဘက်က ဆူးစိုက်ထားသော ဒဏ်ရာမှာ အက်ဆစ်နှင့် ထိတွေ့မိသဖြင့် ယန်ချုံထျန်းမှာ နာကျင်လွန်း၍ ခုန်တက်သွားတော့သည်။
"အမေ့၊ ဒါ ဘာကြီးလဲဟ"
ဘေးနားရှိ သူများလည်း အခြေအနေကို ရိပ်မိသွားကြသဖြင့် သိုလှောင်အိတ်ထဲမှ လက်နက်များကို ထုတ်ကာ အစာအိမ်နံရံတွင် စိုက်၍ အက်ဆစ်နှင့် ဝေးရာသို့ တက်လိုက်ကြသည်။
ယန်ချုံထျန်းသည်လည်း ထိုနည်းအတိုင်း လုပ်ရန် သူ၏ သိုလှောင်အိတ်ထားသော နေရာကို စမ်းလိုက်ရာ မှင်သက်သွားတော့သည်။
"ငါ့ရဲ့ သိုလှောင်အိတ်ရော ၊ ငါ့အိတ် ဘယ်ရောက်သွားတာလဲ"
ယန်ချုံထျန်းသည် သူ၏ ကိုယ်ပေါ်တွင် အသည်းအသန် လိုက်စမ်းနေ၏။ ထိုအခါ အားလုံး၏ အကြည့်မှာ ချန်လော့ထံသို့ ရောက်သွားကြသည်။
ချန်လော့သည် စထွက်လာကတည်းက စကားအနည်းငယ်ဖြင့် ယန်ချုံထျန်း၏ အိတ်ကို ယူထားခဲ့သည်ကို သူတို့ သတိရသွားကြခြင်း ဖြစ်၏။
သို့သော် ချန်လော့သည် ဘာမှမသိသလိုဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်နေလိုက်သည်။ ယန်ချုံထျန်းမှာ လူအများ၏ အကြည့်ကို မြင်သည်နှင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။
"ချန်လော့ မင်း တကယ့် တိရစ္ဆာန်ပဲ"
"ငါ့ရဲ့ သိုလှောင်အိတ်ကို အခုချက်ချင်း ပြန်ပေးစမ်း"
အော်ဟစ်ရင်း သူသည် ချန်လော့ရှိရာသို့ အသည်းအသန် ပြေးတက်သွားလေတော့သည်။
အခန်း (၁၆၀) မထိတ်လန့်နဲ့
သုံးမိနစ်အကြာတွင် ယန်ချုံထျန်းမှာ ကလေးငယ်တစ်ဦးကဲ့သို့ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
ချန်လော့သည် လူသားဆန်မှု အနည်းငယ်ရှိသေးသဖြင့် သာမန်လက်နက် နှစ်ခုကို ရှာကာ အစာအိမ်နံရံတွင် စိုက်ထည့်ပြီး ယန်ချုံထျန်းကို ပြုတ်မကျစေရန် ၎င်းတို့နှင့် ချည်နှောင်ပေးထားလိုက်၏။
သူတို့သည် သူတို့၏ ကိုယ်ပိုင်လက်နက်များပေါ်တွင် ထိုင်ရင်း အောက်ဘက်က ပွက်ပွက်ဆူနေသော အစိမ်းရောင် အစာအိမ်အက်ဆစ်ကို ငြီးငွေ့စွာ ငုံ့ကြည့်နေကြသည်။
ထိုစဉ် ကျောက်မန်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း စကားမဟရသေးမီမှာပင် သူတို့၏ ဟန်ချက်မှာ ရုတ်တရက် ပျက်ယွင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ၉၀ ဒီဂရီ လည်ထွက်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် အားလုံးမှာ တုံ့ပြန်မှုမြန်ကြသဖြင့် သူတို့၏ လက်နက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ခဲ့ကြ၏။
ထို့နောက် ၎င်းတို့ ရောက်ရှိနေသော ထိုဧရာမ လောက်ကောင်ကြီးသည် ပုံမှန်မဟုတ်သော လမ်းကြောင်းအတိုင်း ရွေ့လျားနေကြောင်း ခံစားလိုက်ရသည်။ ချန်လော့က ခေတ္တစဉ်းစားပြီးနောက် ကျောက်မန်ကို လှည့်မေးလိုက်၏။
"ဒီလောက်ကောင်တွေက ပုံမှန်ဆို ကန္တာရထဲက မြေအောက်မှာ နေကြတာလား"
ကျောက်မန်က ချန်လော့ ဘာကြောင့် ထိုမေးခွန်းကို မေးသည်ကို မသိသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်၊ သူတို့က မြေအောက်မှာပဲ နေကြတာ"
ပြောပြီးသည်နှင့် ကျောက်မန်သည်လည်း တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် သူမ၏ မျက်လုံးအိမ်များမှာ ကျုံ့ဝင်သွားသည်။
"နင် ဆိုလိုတာက..."
"ဒီကောင်က သူ့ရဲ့ မြေအောက်က လိုဏ်ဂူ ဆီကို ပြန်နေတာ ဖြစ်နိုင်တယ်"
ချန်လော့၏ စကားကြောင့် သူမသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ဘေးတွင် ရှိနေသော မူရှာရှာကလည်း စိုးရိမ်တကြီးဖြင့်—
"လောက်ကောင်တွေရဲ့ ဂူက ပုံမှန်ဆို ဘယ်လောက်အထိ နက်တတ်သလဲ"
ကျောက်မန်က ခဏစဉ်းစားပြီး—
"ငါ ဖတ်ဖူးတဲ့ ရှေးဟောင်းစာအုပ်ထဲမှာတော့ တစ်ခါက ဝိညာဉ်ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်တစ်ယောက်က လောက်ကောင်အုပ်စုကို အမြစ်ပြတ်ချေမှုန်းခဲ့ဖူးတယ်၊ သူက လောက်ကောင်ဂူကို ရှာတွေ့ဖို့အတွက် မြေပြင် မီတာတစ်ထောင် အထိ တူးခဲ့ရတယ်လို့ ဆိုတယ်"
ထိုစကားကြောင့် အားလုံး မျက်နှာပျက်သွားကြ၏။ ၎င်းမှာ သတင်းကောင်း မဟုတ်ပေ။ အကယ်၍ သူတို့သည် မြေအောက် မီတာတစ်ထောင်အထိ ပါသွားခဲ့မည်ဆိုပါက၊ ထိုလောက်ကောင်ကြီးက သူတို့ကို အပြင်သို့ ပြန်စွန့်ထုတ်လိုက်လျှင်ပင် လွတ်မြောက်ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။
ထိုစဉ် ကျောက်မန်က ထပ်လောင်း သတိပေးလိုက်ပြန်သည်။
"နောက်ပြီး သူတို့က အုပ်စုနဲ့ နေတတ်တဲ့ သတ္တဝါတွေ၊ ပုံမှန်အားဖြင့် လောက်ကောင်အုပ်စု တစ်စုမှာ သားပေါက် ၁၀ ကောင်ကနေ ၂၀ ကြား ရှိတတ်တယ်၊ အုပ်စုခေါင်းဆောင်ကတော့ အစွမ်းချင်း တူညီတဲ့ နှစ်ကောင် ဒါမှမဟုတ် သုံးကောင်လောက် ရှိတတ်တယ်"
ဤစကားက အားလုံးကို ဆွံ့အသွားစေသည်။ အုပ်စုခေါင်းဆောင် နှစ်ကောင်၊ သုံးကောင် ရှိသည်ဆိုလျှင် အနည်းဆုံး နတ်ဝိညာဉ်အဆင့် လောက်ကောင် သုံးကောင်ရှိနေမည်ဟု ဆိုလိုခြင်းပင်။
အစာအိမ်အက်ဆစ်ထဲ ခုန်ချပြီး ကိုယ့်ဘာသာကို အစာခြေခံလိုက်တာကမှ ပိုကောင်းဦးမယ်...
လေထုမှာ ခတ္တမျှ တိတ်ဆိတ်သွားပြီး လူတိုင်း၏ စိတ်နှလုံးမှာ လေးလံနေကြသည်။ အတော်ကြာမှ ချန်လော့က ခေါင်းမော့ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးခွန်းတစ်ခု ထုတ်လိုက်၏။
"သူတို့က သန့်ရှင်းမှု ရှိကြလား"
"အမ် "
ကျောက်မန်မှာ ချန်လော့ ဘာကို ဆိုလိုသည်ကို နားမလည်ဘဲ ကြောင်ကြည့်နေမိသည်။ ချန်လော့က ဆက်လက် ရှင်းပြ၏။
"ငါ ဆိုလိုတာက သူတို့က သန့်ရှင်းမှု ရှိတယ်ဆိုရင် ဂူထဲမှာအပေါ့အပါး သွားမှာ မဟုတ်ဘူးလေ၊ အပြင်မှာပဲ သွားမှာပေါ့ ၊ ဘာပဲဖြစ်ဖြစ် အိမ်ဆိုတာ အိပ်တဲ့နေရာ မဟုတ်လား"
ကျောက်မန်မှာ ဆွံ့အသွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
"အဲ့ဒါကိုတော့ ငါလည်း မသေချာဘူး၊ ဘယ်သူမှ ဒါကို သုတေသန လုပ်ထားပုံ မရဘူး"
မိနစ်အနည်းငယ်အကြာတွင် ဟန်ချက်မှာ မူလအတိုင်း ပြန်ဖြစ်သွားပြီး လောက်ကောင်ကြီးမှာလည်း ရွေ့လျားမှု ရပ်တန့်သွားသည်။ သူတို့သည် ဘာလုပ်ရမှန်းမသိဘဲ ထိုင်နေကြစဉ်—
"ငါတို့ ဒီအတိုင်း ထိုင်ပြီး အသေခံလို့ မဖြစ်တော့ဘူး"
မူရှာရှာက မနေနိုင်ဘဲ ပြောလိုက်သည်။
ကျောက်မန်က တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် နှုတ်ဆိတ်နေလိုက်၏။ သူမလည်း အသေမခံချင်သော်လည်း ယခုအခြေအနေတွင် ဘာလုပ်နိုင်မည်နည်း။
သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိကြပြီး နတ်ဝိညာဉ်အဆင့်ရှိ လောက်ကောင်ကို မည်သို့မျှ မယှဉ်နိုင်ပေ။
လူတိုင်း ရွှေမြုတေအဆင့်သို့ ဖောက်ထွက်နိုင်လျှင်ပင် ခေါင်းဆောင်တစ်ကောင်ကိုသာ ရင်ဆိုင်နိုင်မည် ဖြစ်ပြီး၊ ကျန်ရှိနေသော ခေါင်းဆောင်များနှင့် အကောင်ငယ်များကို မည်သို့မျှ မတွန်းလှန်နိုင်ပေ။
သို့သော် ကျောက်မန်နှင့် မူရှာရှာတို့၏ ထိတ်လန့်မှုနှင့် နှိုင်းယှဉ်လျှင် ချန်လော့နှင့် ချင်မူတို့မှာ အလွန်ပင် တည်ငြိမ်နေကြသည်။
အထူးသဖြင့် ချန်လော့သည် အခြေအနေကို အေးဆေးစွာ ရင်ဆိုင်နေ၏။
သူသည် ဤနေရာတွင် သေမည်မဟုတ်ကြောင်း ၁၀၀ ရာခိုင်နှုန်း ယုံကြည်နေသည်။ အဘယ်ကြောင့်နည်း။ ဤလူငါးယောက်၏ အထောက်အထားကို ကြည့်လျှင် အဖြေက ထွက်ပေါ်လာပေလိမ့်မည်။
ချင်မူ မှာ ရာက္ခသတံခါးဂိုဏ်း၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ရက္ခသခန္ဓာကို ပိုင်ဆိုင်ထားသည်။ သူသည် ဂိုဏ်း၏ သူတော်စင် နှင့် အဆင့်အတန်း တူညီသည်။
မူရှာရှာ သည် ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၊ ရှောက်ယင်းနန်းဆောင်၏ သခင်မဖြစ်သည်။ သူမသည် ဂိုဏ်းချုပ်လောင်းအဖြစ် လျာထားခံရသူ ဖြစ်၏။
ယန်ချုံထျန်း သည် ချန်လော့၏ လက်ချက်ဖြင့် ခဏခဏ မေ့လဲနေသော်လည်း၊ သူ၏ အဘိုးမှာ ဒေါသမီးတောက်ဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်သဖြင့် အဆင့်အတန်းမှာ မသေးလှပေ။
ကျောက်မန် သည် 'အဆိပ်တစ်သောင်းခန္ဓာ' ပိုင်ရှင် ဖြစ်သဖြင့် အနာဂတ်တွင် ထိုက်ယီဂိုဏ်း၏ ချိုးယွီနင်နှင့်ပင် ယှဉ်နိုင်မည့်သူ ဖြစ်သည်။
ဤသူများမှာ သာမန် တပည့်များ မဟုတ်ကြဘဲ ဂိုဏ်းအသီးသီး၏ အနာဂတ်များ ဖြစ်ကြသည်။ သူတို့ကိုယ်တိုင်တွင် အသက်ကယ်ကိရိယာများ မရှိလျှင်တောင်၊ သူတို့၏ လူကြီးမိဘများက သေချာပေါက် အကာအကွယ်တစ်ခုခု ပေးထားမည်မှာ သေချာသည်။ အရေးကြုံလာလျှင် ထိုအကာအကွယ်များက ပေါ်ထွက်လာပေလိမ့်မည်။
ထို့ပြင် ချန်လော့ ကိုယ်တိုင်အတွက်လည်း လော့ချင်းယွီ ရှိသေးသည်။ သူမသည် ချန်လော့ကို 'သွေးကန္တာရ လျှို့ဝှက်နယ်မြေ' ထဲတွင် ချိုးယွီနင်ကို သတ်ရန် အသုံးချလိုနေခြင်း ဖြစ်၏။ လျှို့ဝှက်နယ်မြေ ဖွင့်ရန် နှစ်ပတ်ခန့်သာ လိုတော့သဖြင့် သူမသည် ချန်လော့ကို အသေခံမည် မဟုတ်ပေ။
ချန်လော့၏ နဖူးပေါ်ရှိ အမှတ်အသားမှတစ်ဆင့် သူမသည် သူ့ကို ရှာဖွေနိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင် ချန်လော့မှာ တစ်လမ်းလုံး မထိတ်လန့်ဘဲ ယန်ချုံထျန်းကို ကန်လိုက်၊ မိစ္ဆာသားရဲများကို စနောက်လိုက် လုပ်နေနိုင်ခြင်း ဖြစ်သည်။ ယခု လောက်ကောင်ကြီး၏ ဂူထဲသို့ ရောက်နေလျှင်ပင် သူသည် တည်ငြိမ်နေဆဲ ဖြစ်၏။
သို့သော် ဤအချက်များကို ကျောက်မန်တို့အား သူ ပြောပြမည် မဟုတ်ပေ။ ချန်လော့တွင် အကောင်အထည်ဖော်လိုသော ပိုမိုကြီးမားသည့် အစီအစဉ်တစ်ခု ရှိနေသေးသည်။
သူသည် ကျောက်မန်ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထူးခြားသော နက်ရှိုင်းသည့် သံယောဇဉ်ရိပ်များ ပေါ်လွင်နေ၏။
"ကျောက်မန်..."