← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁) ရွှေမြုတေအဆင့် သားရဲအုပ်ကြီး

နောက်ထပ် နှစ်ရက်ခန့် ခရီးနှင်ပြီးနောက် ချန်လော့နှင့် သူ၏အဖွဲ့သားငါးဦးသည် နောက်ဆုံးတွင် မူလချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိလာခဲ့ကြသည်။ လူငါးယောက်လုံး ကန္တာရအလယ်တွင် ရပ်နေကြပြီး မျက်နှာပေါ်သို့ တိုးဝှေ့လာသော အပူလှိုင်းများကို ခံစားနေကြရသည်။

"တောက်... ငါတို့က လူကြိုဖို့ လာတာ မဟုတ်ဘူးလား"

"ဘယ်မှာလဲ... လူတွေ ဘယ်ပျောက်ကုန်တာလဲ"

"မင်း မြေပုံကို နောက်တစ်ခါ ထပ်မှားဖတ်ပြန်ပြီလား"

ချန်လော့သည် ဒေါသတကြီးဖြင့် ချင်မူကို စိုက်ကြည့်ကာ မေးလိုက်သည်။ ထိုစကားကြောင့် ချင်မူမှာ ကိုယ့်ကိုယ်ကိုယ် သိပ်မသေချာတော့ဘဲ မြေပုံကို ထုတ်ကာ ပြန်ကြည့်တော့သည်။

ထို့နောက် ပတ်ဝန်းကျင်ကို တစ်ခေါက် ဝေ့ဝဲကြည့်ရှုလိုက်ပြီး အတော်ကြာမှ ပြန်တုံ့ပြန်လာခဲ့သည်။

"ငါလည်း မသိတော့ဘူး..."

လူတိုင်း မှင်သက်သွားကြပြီး ချင်မူကို မယုံကြည်နိုင်သလို ကြည့်လိုက်ကြသည်။

"နင် လမ်းမသိဘူးလား၊ နင်ကိုယ်တိုင် လမ်းပြပြီး ဒီကိုရောက်လာတာလေ၊ အခုကျမှ လမ်းမသိဘူး ဟုတ်လား"

မူရှာရှာလည်း မနေနိုင်ဘဲ ဝင်ပြောတော့သည်။

သို့သော် ချင်မူက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် အားလုံးကို ပြန်ကြည့်လိုက်၏။

"ဒီနေရာ တစ်ခုလုံးက ကန္တာရကြီးပဲလေ၊ ဘာထူးခြားတဲ့ အမှတ်အသားမှ မရှိဘူး။ ငါတို့ သွားရမယ့် နေရာကို ရောက်ပြီလားဆိုတာ ငါလည်း မသေချာဘူး"

ချန်လော့ စကားမဟရဲသေးမီ ဘေးတွင်ရှိသော ယန်ချုံထျန်းက ရုတ်တရက် ရှေ့သို့ ပြေးထွက်လာကာ ချင်မူ၏ ကော်လာကို ဆောင့်ဆွဲလိုက်သည်။

"တောက်... ဒါဆို ငါတို့ လမ်းပျောက်နေတာပေါ့ ဟုတ်လား၊ ဒီလိုဆိုရင် ငါတို့ ဘယ်လို ပြန်ကြမလဲ..."

သူ့စကားပင် မဆုံးသေးမီ ၊ ချင်မူသည် ယန်ချုံထျန်း၏ ရင်ဘတ်ကို လက်သီးတစ်ချက် ထိုးထည့်လိုက်သည်။

"ဘုန်း!"

ကျယ်လောင်သော အသံနှင့်အတူ ၊ ယန်ချုံထျန်းမှာ ငါးမီတာ ခြောက်မီတာခန့် လွင့်ထွက်သွားသည်။ ထိုအရာကို မြင်သောအခါ ချန်လော့၏ ဒေါသထွက်နေသော မျက်နှာပေးမှာ ချက်ချင်းပင် တည်ငြိမ်သွားတော့၏။

ထို့နောက် သူသည် ချင်မူ၏အနားသို့ လျှောက်သွားပြီး မျက်နှာလုပ်လေသည်။

"ဒီကိစ္စက ချင်မူကိုချည်းပဲ အပြစ်တင်လို့ မရဘူးလို့ ငါ ထင်တယ်"

ချန်လော့သည် သူ့ဘက်ကနေ ကာကွယ်ပြောပေးသည်ကို မြင်သောအခါ ချင်မူမှာ အံ့အားသင့်သွားသော်လည်း ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။

မှန်၏။ ဤအချိန်တွင် ချင်မူအနေဖြင့် ချန်လော့၏ စိတ်ထဲ၌ ဘာတွေ ကြံစည်နေသည်ကို မသိရှာပေ။

' တောက်... အခုတော့ ငါ မင်းကို မနိုင်သေးလို့သာပေါ့ ၊ ငါ သန်မာလာတဲ့နေ့ကျမှ မင်းနဲ့ စာရင်းဟောင်း စာရင်းသစ် အကုန်ရှင်းမယ်'

"ဒီမှာပဲ ရက်အနည်းငယ်လောက် စောင့်ကြည့်ကြတာပေါ့။ ငါ အရင်က ဒီနေရာကို သေချာ ကြည့်ထားပြီးသားပါ၊ ပြဿနာကြီးကြီးမားမား မရှိနိုင်ဘူး"

" သူ့ဘက်ကလည်း လမ်းမှာ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံနေရတာမျိုး ဖြစ်နိုင်တယ်။ နောက် နှစ်ရက်လောက်နေရင် ရောက်လာမှာပါ"

ဘေးတွင်ရှိနေသော ကျောက်မန်ကလည်း ဝင်ရောက် အကြံပြုလိုက်သည်။ လူတိုင်း ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။ ဤအတိုင်း လက်ချည်းဗလာ ပြန်သွားလျှင်လည်း မကောင်းသဖြင့် ရက်အနည်းငယ် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

တစ်ဖက်တွင်လည်း မိုင်ပေါင်းများစွာ အကွာအဝေးမှနေ၍ အကြီးအကဲ နှစ်ဦးသည် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါနေကြသည်။

"သူတို့ ဒီလို ပုံစံမျိုးနဲ့ အချင်းချင်း သင့်တင့်အောင် နေနိုင်ပါ့မလား"

အကြီးအကဲ တစ်ဦးက မေးလိုက်၏။

လက်ရှိ အခြေအနေအရ သူတို့၏ ဆက်ဆံရေးမှာ မည်မျှအထိ ကောင်းမွန်လာမည်ကို ခန့်မှန်းရ ခက်ပေသည်။ ဤတာဝန်ပြီးဆုံးသွားလျှင် ဆက်ဆံရေး တိုးတက်လာဖို့ နေနေသာသာ ပို၍ပင် ဆိုးရွားသွားမည်ကို စိုးရိမ်နေမိသည်။

အခြား အကြီးအကဲ တစ်ဦးမှာမူ စကားမပြောဘဲ သက်ပြင်းသာ အသာအယာ ချလိုက်တော့၏။

...

နောက်ထပ် ရက်အနည်းငယ်အတွင်း ငါးယောက်သား ကန္တာရထဲ၌ ရိုးရှင်းသော တဲတစ်လုံး ဆောက်ကာ နားနေခဲ့ကြသည်။ သုံးရက်မြောက်နေ့သို့ ရောက်သည့်တိုင်အောင် ကြိုဆိုရမည့် တပည့်ကို မတွေ့ရသေးပေ။

ထိုတပည့်ကို မဆိုနှင့်၊ လူရိပ်လူယောင်ပင် မတွေ့ရသေးချေ။

ချင်မူသည်လည်း သူတို့ ရောက်နေသည့် နေရာကို သံသယဝင်လာပုံရပြီး နေ့တိုင်း မြေပုံကို ထုတ်ကာ ငြိမ်သက်စွာ ကြည့်နေတတ်သည်။

"ငါတို့ တကယ်ပဲ လမ်းမှားလာတာလား"

ကျောက်မန်သည် ချန်လော့အနားသို့ လျှောက်သွားကာ မေးလိုက်သည်။ ယခုအချိန်တွင် ချန်လော့မှာ သဲပြင်ပေါ်၌ လှဲလျောင်းကာ နေပူစာလှုံနေပြီး လက်ထဲတွင်လည်း ကိုယ်တိုင်လုပ်ထားသော သစ်သီးဖျော်ရည် တစ်ခွက်ကို ကိုင်ထား၏။

ကျောက်မန်၏ အသံကို ကြားသောအခါ သူသည် မော့ကြည့်လိုက်သည်။

"ဟုတ်မဟုတ်တော့ ငါ မသိဘူး၊ ဒါပေမဲ့ လက်ရှိ အခြေအနေအရဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိတယ်"

"အကယ်၍ ငါတို့သာ သူ့ကို ကြိုလို့ မရရင် အဲ့ဒီတပည့်က သူ့ဘာသာသူပဲ သွားရမှာပေါ့နော်"

ချန်လော့က ပုခုံးတွန့်ပြသည်။

"အင်းပေါ့"

ချန်လော့၏ ဂရုမစိုက်သော မျက်နှာပေးကို မြင်သောအခါ ကျောက်မန်မှာ အနည်းငယ် နေရခက်သွားသည်။

"နင် နည်းနည်းလေးတောင် စိတ်မပူဘူးလား"

"ဘာလို့ ပူရမှာလဲ၊ အဲ့ဒီလူကို ငါမှ မသိတာ"

ကျောက်မန်က တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟေ့... ဟိုမှာကြည့်၊ အဲ့တာ လူတစ်ယောက် မဟုတ်လား"

မူရှာရှာ၏ အော်သံကြောင့် လူတိုင်း၏ အာရုံမှာ ချက်ချင်း ပြောင်းသွားပြီး ၊ သူမ ညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ အနက်ရောင် အစက်အပြောက်လေး တစ်ခုမှာ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

မကြာမီမှာပင် ထိုအရိပ်မှာ လူတစ်ယောက်၏ ပုံသဏ္ဌာန် ဖြစ်ကြောင်း ထင်ထင်ရှားရှား မြင်လိုက်ရသည်။

"တကယ်ကြီး တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး"

ချန်လော့သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ သူတို့ဆီသို့ အသားကုန် ပြေးလာနေသော ထိုတပည့်ကို ကြည့်လိုက်သည်။

"ငါ လမ်းမှားမပြပါဘူးလို့ ပြောသားပဲ"

ဘေးတွင် ရပ်နေသော ချင်မူက ဂုဏ်ယူသည့် လေသံဖြင့် ပြောလိုက်သည်။ ချန်လော့ကတော့ သူနှင့် စကားမများတော့ဘဲ ထိုတပည့်ကိုသာ သေချာ စိုက်ကြည့်နေမိ၏။

"ဒါနဲ့ သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အသားကုန် ပြေးနေတာလဲ"

"ငါတို့ကို တွေ့ရလို့ စိတ်လှုပ်ရှားနေတာ ဖြစ်မှာပေါ့"

ကျောက်မန်က ဆိုလိုက်သည်။

"နေဦး၊ သူ့နောက်မှာ တစ်ခုခု ပါလာတယ်"

ချန်လော့၏ ထက်မြက်သော မျက်လုံးများက တစ်စုံတစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်။

လူတိုင်း ထိုလူ၏ နောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ မိစ္ဆာသားရဲလေးငါးကောင်မှာ သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လံ အမဲလိုက်နေသည်ကို တွေ့လိုက်ရ၏။

"မိစ္ဆာသားရဲတွေပဲ... ဒါကြောင့် သူ ဒီလောက် မြန်မြန် ပြေးနေတာကိုး"

မူရှာရှာက ပြုံးလျက် ပြောလိုက်သည်။

"သူတို့ရဲ့ အဆင့်က အလွန်ဆုံး ရွှေမြုတေ ကနဦးအဆင့်လောက်ပဲ ရှိမှာပါ ၊ လေးငါးကောင်ပဲ ရှိတာဆိုတော့ ငါတို့ တစ်ယောက် တစ်ကောင်စီ ယူပြီး ရှင်းလိုက်ရုံပဲ"

ယန်ချုံထျန်းက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ဘာမှမပြောဘဲ သူ၏ သိုလှောင်အိတ်ထဲမှ ဓားကြီးတစ်လက်ကို ထုတ်ယူလိုက်သည်။

သို့သော် သူတို့ အနားမကပ်ရသေးမီ ထိုတပည့်၏ နောက်ကွယ်တွင် နောက်ထပ် မိစ္ဆာသားရဲများစွာ ပါလာသည်ကို တွေ့လိုက်ရပြန်သည်။

တိတိကျကျ ပြောရလျှင် လေးငါးကောင်တင် မဟုတ်ဘဲ အကောင် သုံးဆယ် လေးဆယ်ခန့် ရှိပေသည်။

"ဟာ... အမလေး၊ ဒါအနည်းဆုံး ရွှေမြုတေအဆင့် အကောင် ငါးဆယ် ခြောက်ဆယ်လောက် ရှိမယ်"

ဤသည်မှာ မိစ္ဆာသားရဲ ဒီရေလှိုင်း တစ်ခုလိုပင်။

"ဒီကောင် ဘာတွေ လုပ်လာတာလဲ၊ မိစ္ဆာသားရဲတွေရဲ့ ဇာတိမြေကို ဗုံးခွဲလာတာလား"

မူလက ပြေးထွက်သွားသော ယန်ချုံထျန်းမှာ ချက်ချင်းပင် နောက်ပြန်ဆုတ်လာသည်။ သူသည် စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်သော်လည်း ဦးနှောက်တော့ ရှိသေးသည်။

ရွှေမြုတေအဆင့် မိစ္ဆာသားရဲ အကောင် ၅၀၊ ၆၀ ဆိုသည်မှာ သူတို့ ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်နေပေပြီ။

"အခု ငါတို့ ဘာလုပ်ကြမလဲ"

မူရှာရှာက ဘေးတွင်ရှိသော ချင်မူကို မေးလိုက်သည်။

ဤတာဝန်၏ ခေါင်းဆောင်ဖြစ်သလို သူတို့ထဲတွင် အသန်မာဆုံးလည်း ဖြစ်သဖြင့် လူတိုင်း၏ အကြည့်မှာ ချင်မူဆီသို့ ရောက်ရှိသွား၏။

ချင်မူသည် ရှေ့မှ လူသုံးယောက်ကို ကြည့်ရင်း ဖိအားများကို ခံစားလိုက်ရသည်။ သူသည် သန်မာသည်ဟု ဆိုနိုင်သော်လည်း ရွှေမြုတေအဆင့်ရှိ မိစ္ဆာသားရဲ အမြောက်အမြားနှင့် ထိပ်တိုက်တွေ့ပါက သေချာပေါက် အနိုင်ရနိုင်မည် မဟုတ်ပေ။

ထိုတပည့်ကို ကယ်ဆယ်ဖို့ဆိုသည်မှာလည်း အလွန်ခက်ခဲပြီး အမှားအယွင်း တစ်ခုခု ဖြစ်သွားပါက မိစ္ဆာသားရဲများ၏ ပါးစပ်ထဲသို့ ရောက်သွားနိုင်ပေသည်။

ချင်မူတစ်ယောက် ဖိအားများ တိုးလာစဉ်မှာပင် သူ မထွက်ခွာမီက သူ၏ ဖခင် မှာကြားခဲ့သည်ကို သတိရသွား၏။

"လမ်းမှာ ချန်လော့ဆီကနေ အများကြီး သင်ယူ၊ နားမလည်တာရှိရင် ချန်လော့ကို မေး"

ထိုသို့ တွေးမိသည်နှင့် ချင်မူသည် ချန်လော့၏ အမြင်ကို မေးမြန်းရန် ခေါင်းလှည့်လိုက်သည်။ သို့သော် သူ အံ့အားသင့်သွားရသည်မှာ ချန်လော့ တစ်ယောက် ပျောက်နေခြင်းပင်။

"ချန်လော့ ဘယ်မှာလဲ"

ချင်မူက ရှေ့က လူသုံးယောက်ကို ဇဝေဇဝါဖြင့် မေးလိုက်၏။

ထိုအခါမှ သုံးယောက်သား သတိဝင်လာကြသည်။ အစကတည်းက ချန်လော့ကို သိပ်မတွေ့ရတော့သည်မှာ မှန်ပေသည်။ သို့သော် သူတို့၏ အာရုံမှာ မိစ္ဆာသားရဲများဆီသို့ ရောက်ရှိနေသဖြင့် ချန်လော့ ပျောက်သွားသည်ကို သတိမထားမိခဲ့ကြပေ။

"ဟာ... ဟိုမှာကြည့်၊ ချန်လော့က ဟိုဘက်မှာ"

ယန်ချုံထျန်းက ရုတ်တရက် အော်ဟစ်ကာ သူတို့၏ နောက်ဘက် ဧရိယာသို့ ညွှန်ပြလိုက်သည်။

လှမ်းကြည့်လိုက်သောအခါ ချန်လော့သည် သူတို့နှင့် ခြောက်မိုင် ခုနစ်မိုင်ခန့် အကွာအဝေးသို့ပင် ရောက်ရှိနေပြီး အသည်းအသန် ထွက်ပြေးနေသည်ကို တွေ့လိုက်ရတော့သည်။

အခန်း (၁၅၂) ထွက်ပြေးခြင်း

"တောက်... မင်း ထွက်ပြေးရင်တောင် ငါတို့ကို အော်ပြီး သတိပေးဖို့ မေ့နေတာလား"

ယန်ချုံထျန်းက ဟိန်းဟောက်လိုက်ပြီး ချန်လော့နောက်သို့ ချက်ချင်း လိုက်လေတော့သည်။

ဤသည်ကို မြင်သောအခါ ကျောက်မန်သည်လည်း သူတို့ဆီသို့ ပို၍ နီးကပ်လာသော မိစ္ဆာသားရဲများကို တစ်ချက်ကြည့်ကာ နောက်သို့ ပြေးလေတော့သည်။

မည်သို့ပင်ဖြစ်စေ ၊ သူမ၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်ပါးလွန်းသဖြင့် ဤနေရာတွင် ကျန်ရစ်ခဲ့ပါက ဘာမှ အသုံးဝင်မည် မဟုတ်ပေ။

လူသုံးယောက် ထွက်ပြေးသွားသည်ကို မြင်ပြီး မူရှာရှာကလည်း တွန့်ဆုတ်မနေတော့ဘဲ နောက်ကနေ အသားကုန် လိုက်သွားလေတော့သည်။ နောက်ဆုံးတွင်မူ ချင်မူ တစ်ယောက်တည်းသာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ပြီး ထွက်ပြေးသွားသော လေးယောက်ကို အတော်ကြာအောင် ငေးကြည့်နေမိ၏။

"ငါ့အဖေက ချန်လော့နဲ့ အတူတူနေဖို့ မှာထားတာပဲ... ဒါကြောင့် ငါလည်း သူ့နောက်ကို လိုက်သွားရမယ်"

ထိုသို့ပြောပြီးနောက် သူသည်လည်း ၎င်းတို့နောက်သို့ ပြေးလိုက်လေတော့သည်။အဝေးမှ ပြေးလာနေသော တပည့်သစ်မှာ ဆွံ့အနေလေ၏။

"တောက်... မင်းတို့က ငါ့ကို ကြိုဖို့ လာတာ မဟုတ်ဘူးလား"

တပည့်သစ်လေးမှာ မိစ္ဆာတာအို၏ 'နွေးထွေးမှု' ကို ပထမဆုံးအကြိမ် လက်တွေ့ ခံစားလိုက်ရလေပြီ။

တစ်ဖက်တွင်လည်း မလှမ်းမကမ်းမှ အကြီးအကဲ နှစ်ဦးမှာ ဤမြင်ကွင်းကို ကြည့်ရင်း အားကိုးရာမဲ့သော မျက်နှာပေးများ ဖြစ်နေကြသည်။

"သူတို့ကိုလည်း အပြစ်တင်လို့ မရပါဘူး... ရွှေမြုတေအဆင့် မိစ္ဆာသားရဲတွေက သူတို့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတာကိုး"

ထိုသို့ပြောပြီးနောက် သူတို့သည် တပည့်သစ်ကို တစ်ချက်ကြည့်လိုက်သည်။

"သွားကြစို့... ဟိုကောင်ကို သွားကယ်ရအောင်၊ မဟုတ်ရင် အဲ့ဒီသားရဲတွေ စားတာ ခံရတော့မယ်"

အခြား အကြီးအကဲ တစ်ဦးက ခေါင်းညိတ်ပြပြီးနောက် နှစ်ဦးသား သားရဲအုပ်ကြီးဆီသို့ ပျံသန်းသွားကြသည်။ သူတို့သည် ထိုတပည့်၏ ခေါင်းပေါ်သို့ ပျံဝဲလာပြီးနောက် ၎င်း၏ အင်္ကျီဂုတ်ကို ဆွဲမကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်။

တပည့်လေးမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် မော့ကြည့်လိုက်ရာ ရာက္ခသတံခါးဂိုဏ်း၏ အကြီးအကဲဝတ်စုံကို ဝတ်ထားသော လူကြီးနှစ်ဦးကို တွေ့လိုက်ရသဖြင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။

" ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် အကြီးအကဲ နှစ်ဦးကို ကျေးဇူးတင်ပါတယ်"

အကြီးအကဲက ခေါင်းညိတ်ပြပြီး အခြားတစ်ဦးကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဒါနဲ့... သူ့ကို ဂိုဏ်းကိုပဲ တိုက်ရိုက် ခေါ်သွားမလား၊ ဒါမှမဟုတ် ချင်မူတို့ကို အကြောင်းကြားရမလား"

ထိုအခါ အခြားအကြီးအကဲက အေးစက်စွာ ရယ်မောလိုက်၏။

"အကြောင်းကြားဖို့ လိုသေးလို့လား၊ အဲ့ဒီကောင်တွေက သူ့ကို ကယ်ဖို့ ပြန်လာမယ်လို့ မင်း တကယ် ထင်နေတာလား"

ထိုစကားကြောင့် အကြီးအကဲမှာ ‌ ပြောစရာ စကားမရှိတော့ဘဲ သက်ပြင်းသာ ချလိုက်မိသည်။

"ကောင်းပြီ... ဒါဆို သူ့ကို ဂိုဏ်းကိုပဲ တိုက်ရိုက် ခေါ်သွားကြတာပေါ့"

နှစ်ဦးသားမှာ တပည့်သစ်ကို ခေါ်ဆောင်ကာ ဂိုဏ်းရှိရာသို့ တိုက်ရိုက် ပျံသန်းသွားကြတော့သည်။

အောက်ဘက်တွင်မူ ၊

ထိုတပည့်ကို လိုက်လံ အမဲလိုက်နေသော မိစ္ဆာသားရဲများသည် သူတို့ ရှေ့တွင် ရှိနေသော လူသားမှာ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် အံ့အားသင့်သွားကြ၏။ သူတို့သည် ပတ်ဝန်းကျင်ကို အမြန်ရှာဖွေကြသော်လည်း ဘာသဲလွန်စမှ မတွေ့ရပေ။

" ဝေါင်း~"

အနက်ရောင် ဝက်ဝံကြီး တစ်ကောင်က အသံအချို့ ပေးလိုက်ရာ အခြားသားရဲများမှာလည်း သဘောပေါက်သွားဟန်ဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။ ဆယ်မိုင်ခန့် အကွာအဝေးတွင် လူငါးဦးမှာ အသည်းအသန် ပြေးလွှားနေကြသည်ကို မြင်လိုက်ရ၏။

ထို့ကြောင့် သားရဲများသည် မူလပစ်မှတ်ကို ဂရုမစိုက်တော့ဘဲ ထိုငါးဦးနောက်သို့ လိုက်လံ အမဲလိုက်ကြတော့သည်။

သားရဲအုပ်ကြီး ဖြတ်သန်းသွားစဉ်တွင် သူတို့ ယခင်က ဆောက်ထားခဲ့သော တဲလေးမှာ လုံးဝ ပြားချပ်သွားတော့၏။ သို့သော် သားရဲများ၏ ခြေထောက်အောက်တွင် တဲသာမက မြေပုံတစ်ခုပါ နင်းခြေခံလိုက်ရသည်ကိုတော့ မည်သူမှ သတိမထားမိခဲ့ကြပေ။

ဆယ်မိနစ်ခန့် အသည်းအသန် ပြေးပြီးနောက် ချန်လော့သည် အနောက်သို့ လှမ်းကြည့်လိုက်သည်။ ဤမျှ ဝေးဝေးပြေးလာလျှင် သားရဲများကို မျက်ခြေဖြတ်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း ၊ သားရဲများက ထပ်ကြပ်မကွာ လိုက်လာနေဆဲ ဖြစ်၏။

ဆန့်ကျင်ဘက်အနေဖြင့် သားရဲများ၏ ရှေ့တွင် ရှိနေခဲ့သော တပည့်သစ်မှာမူ ပျောက်ကွယ်သွားခဲ့သည်။

"တောက်... ဒီသားရဲတွေက ငါ့ကိုလိုက်ဖို့ကလွဲရင် တခြား ဘာအလုပ်မှ မရှိကြဘူးလား"

ထို့နောက် သူသည် သူ့နောက်မှ ကပ်လိုက်လာသော လေးယောက်ကို လှည့်ကြည့်လိုက်၏။

"ပြီးတော့ မင်းတို့ လေးယောက်လည်း... အဲ့ဒီတပည့်ကို ကယ်ရမှာ မဟုတ်ဘူးလား၊ ငါ့နောက်ကို ဘာလို့ လိုက်လာကြတာလဲ"

ထိုစကားကြောင့် လူတိုင်း ပြောစရာ စကားမရှိတော့ပေ။

'ဘယ်လိုတောင် ပြောလိုက်တာလဲ၊ ဒီခက်ခဲတဲ့ တာဝန်က ငါတို့ ငါးယောက်လုံးရဲ့ တာဝန် မဟုတ်ဘူးလား၊ သူကြတော့ အရေးကြုံရင် လစ်ဖို့ပဲ ကြံနေတာများ...'

မည်သူမှ မတုံ့ပြန်သဖြင့် ချန်လော့သည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

"မင်းတို့ ဒီမှာ သားရဲတွေကို ခဏ ခုခံထားလိုက်ကြ၊ ငါ သွားပြီး စစ်ကူ ရှာပေးမယ်"

ယန်ချုံထျန်းမှာ သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲတော့သည်။

" ချီးပဲ! သွေးကန္တာရထဲက ထွက်ဖို့ နှစ်ရက် ကြာတယ်ကွ မင်းရဲ့ စစ်ကူတွေ ရောက်လာတဲ့အချိန်ကျရင် ငါတို့အားလုံး သားရဲတွေရဲ့ ဝမ်းဗိုက်ထဲ ရောက်နေလောက်ပြီ"

ချန်လော့က ခေါင်းယမ်းပြသည်။

"အဆင်ပြေပါတယ်၊ ငါ့မှာ လျှို့ဝှက်နည်းစနစ် ရှိတယ်၊ ငါ အမြန် ပြန်လာခဲ့မယ်"

သို့သော် ကျောက်မန်က ချက်ချင်း တုံ့ပြန်လိုက်၏။

"နင့်မှာ တကယ်သာ လျှို့ဝှက်နည်းစနစ် ရှိရင် နင် ဟိုကတည်းက ထွက်ပြေးသွားပြီပေါ့၊ ဘာလို့ ဒီမှာ ငါတို့နဲ့အတူ ပြေးနေဦးမှာလဲ"

ထိုအခါ ချန်လော့က ကျောက်မန်ကို မကျေနပ်သလို ကြည့်လိုက်သည်။

"ဒါကတော့ ငါ့မှာ ရွေးချယ်စရာ မရှိလို့ပဲ၊ နင်တို့က ငါ့ကို ဒါမျိုး လုပ်အောင် တွန်းအားပေးလိုက်တာလေ"

ထိုသို့ပြောပြီးနောက် ချန်လော့သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ယန်ချုံထျန်းကို အားပြင်းပြင်းဖြင့် ကန်ထုတ်လိုက်တော့သည်။

ယန်ချုံထျန်းမှာ မတုံ့ပြန်နိုင်ခင်မှာပင် နှစ်မိုင်ခန့် အကွာအဝေးသို့ လွင့်ထွက်သွားတော့၏။ ဤမြင်ကွင်းကို ကြည့်နေသော ကျန်သူများမှာ မှင်တက်သွားကြသည်။

ချန်လော့ကမူ အရှိန်ကို မြှင့်တင်ကာ အသည်းအသန် ဆက်လက် ထွက်ပြေးတော့သည်။ ပြေးနေရင်း ယန်ချုံထျန်းကို အော်ပြောရန် မေ့မသွားခဲ့ပေ။

"ညီလေး အားတင်းထားဦးနော်၊ မင်းရဲ့ စွန့်လွှတ်မှုကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"

ထိုအခါမှ လူတိုင်း သတိဝင်လာကြပြီး အရှိန်ကို အစွမ်းကုန် မြှင့်လိုက်ကြတော့သည်။ ယန်ချုံထျန်းသည်လည်း မြေပြင်မှ ထလာကာ ချန်လော့ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ချန်လော့! မင်းကို ငါ သတ်မယ်"

ထိုသို့ပြောပြီးနောက် သူသည် အရှိန်ကို မြှင့်တင်ကာ ချန်လော့ဆီသို့ ပြေးဝင်သွားတော့သည်။ ယန်ချုံထျန်းသည် ကျန်သုံးယောက်ကို လျှပ်စစ်အလား ကျော်တက်သွားပြီး ချန်လော့၏ နောက်သို့ ရောက်လာကာ လက်သီးဖြင့် လှမ်းထိုးလိုက်၏။

ချန်လော့ကမူ တွန့်ဆုတ်မနေဘဲ လေဟုန်စီးကန်ချက်ဖြင့် ယန်ချုံထျန်းကို နောက်တစ်ကြိမ် ကန်ထုတ်လိုက်ပြန်သည်။

သို့သော် ယန်ချုံထျန်းမှာ အလျင်အမြန် ပြန်ထလာပြီး ချန်လော့ဆီသို့ ထပ်မံ ပြေးဝင်လာပြန်သည်။ ချန်လော့ကလည်း ထပ်မံ ကန်ထုတ်လိုက်ပြန်၏။

...

နာရီအနည်းငယ် ကြာပြီးနောက်...

မွန်းတည့်ချိန် ဖြစ်နေသော ကောင်းကင်ကြီးမှာ လုံးဝ မှောင်မည်းသွားခဲ့ပြီ ဖြစ်သည်။ လူတစ်စုမှာ ပြေးလွှားရလွန်းသဖြင့် အသက်ရှူပင် မဝတော့ဘဲ အဆုတ်များ ခြောက်ကပ်ကာ ခြေထောက်များလည်း ထုံကျင်နေပြီပင်။

တစ်ဖက်တွင် ယန်ချုံထျန်းမှာ ချန်လော့ဆီသို့ ပြေးနေဆဲဖြစ်သော်လည်း ခွန်အား မရှိတော့သဖြင့် ပြေးနေသည်ထက် လမ်းလျှောက်နေသည်နှင့် ပိုတူနေ၏။

"ချန်... လော့... မင်း... ရပ်... လိုက်... စမ်း..."

ယန်ချုံထျန်းက အက်ကွဲခြောက်ကပ်နေသော အသံဖြင့် အားယူကာ ပြောလိုက်သည်။ သူသည် ဆယ်ကြိမ်မက ကန်ထုတ်ခံခဲ့ရသော်လည်း ခိုင်မာသော စိတ်ဓာတ်ဖြင့် အကြိမ်တိုင်း ရုန်းကန်ထကာ ပြန်လည် လိုက်လာနိုင်ခဲ့သည်။

ချန်လော့သည်လည်း ပင်ပန်းလွန်းသဖြင့် မျက်နှာမှာ ဖြူဖပ်နေပြီပင်။ သူသည် သူ့နောက်မှ လိုက်လာသော ယန်ချုံထျန်းကို ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပစ်လှဲလိုက်တော့သည်။

"ငါ... ဆက်... မပြေးနိုင်တော့ဘူး... ပင်ပန်းလွန်းလို့..."

ထိုစဉ် ယန်ချုံထျန်း၏ ဘယ်ဘက်ခြေထောက်မှာ သဲကျင်းလေးတစ်ခုထဲသို့ ကျွံဝင်သွားကာ ဟန်ချက်ပျက်ပြီး သဲပြင်ပေါ်သို့ မှောက်လျက်သား လဲကျသွားတော့သည်။ ထို့နောက် သူသည် သတိလစ်သွား၏။ အမှန်စင်စစ် သူသည် ပြုတ်ကျ၍ သတိလစ်သွားခြင်းထက် ပင်ပန်းလွန်း၍ သတိလစ်သွားခြင်းက ပိုမှန်ပေလိမ့်မည်။

ယန်ချုံထျန်း သတိလစ်သွားသည်ကို မြင်သောအခါ ချန်လော့သည် ငြိမ်မနေဘဲ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အားယူကာ သိုလှောင်အိတ်ထဲမှ ကြိုးတစ်ချောင်း ထုတ်ပြီး ယန်ချုံထျန်းကို တုတ်နှောင်လိုက်တော့သည်။

"နင် ဘာလုပ်နေတာလဲ"

ကျောက်မန်က မောဟိုက်လျက် မေးလိုက်၏။

"သူ့ကို ချည်ထားတာလေ... ပြီးရင် ငါတို့ ခဏလောက် ထပ်ပြေးကြမယ်။ သားရဲတွေ ရောက်လာရင် သူ့ကို အရင်စားလိမ့်မယ်၊ အဲ့ဒါဆို ငါတို့နောက်ကို ဆက်လိုက်မှာ မဟုတ်တော့ဘူး"

"ဒါနဲ့... နင်တို့ဆီမှာ အကင်ခတ်တဲ့ အမွှေးအကြိုင်တွေ ပါသေးလား။ သူ့အပေါ်မှာ နည်းနည်းလောက် ဖြူးပေးလိုက်ကြဦး"

မည်သူမှ စကားမပြောကြသော်လည်း ချင်မူမှာ တိတ်တဆိတ် လျှောက်လာကာ အမွှေးအကြိုင် ထုပ်လေးတစ်ထုပ်ကို ထုတ်ပေးလိုက်သည်။

ကျောက်မန် နှင့် မူရှာရှာ : ...

All Chapters