အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း (၁၅၇) လက်တွေ့ကသာ အမှန်တရားကို သိစေနိုင်သည်
"ဘုန်း!"
တည်ငြိမ်နေသော သဲပြင်ကြီးသည် ရုတ်တရက် တုန်ခါလာပြီး သဲပေါ်တွင် ရပ်နေသော ယန်ချုံထျန်းမှာ တစ်ကိုယ်လုံး ယိမ်းထိုးသွားသည်။
"ဒါ ဘာကြီးလဲ"
သူ ခေတ္တမျှ မှင်တက်သွားပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွငိးကြောင့် ဆွံ့အသွားတော့၏။ ဆယ်မိုင်ခန့်အကွာတွင် ဧရာမ အဖြူရောင် လောက်ကောင်ကြီး တစ်ကောင်မှာ သဲထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲသို့ ခုန်တက်ကာ သဲထဲသို့ ပြန်လည် ငုပ်လျှိုးသွားသည်။
ထိုဧရာမ လောက်ကောင်ကြီး၏ နောက်တွင်မူ အနည်းငယ် သေးငယ်သော လောက်ကောင် ငါးကောင်၊ ခြောက်ကောင်ခန့်က ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။
ထိုလောက်ကောင်များကို မြင်လိုက်ရသောအခါ ယန်ချုံထျန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ခါးသီးသော အပြုံးတစ်ခု ပေါ်လာတော့သည်။
"ငါ တကယ်ပဲ ဒေါသထွက်ဖို့ ကောင်းနေပြီဟေ့"
ထိုသို့ပြောပြီးသည်နှင့် သူသည် ချက်ချင်း လှည့်ကာ အသည်းအသန် ထွက်ပြေးလေတော့သည်။
တစ်ဖက်တွင်မူ ချန်လော့၊ ချင်မူ နှင့် အခြားသူများသည် ဒေါသထွက်နေသော ကင်းမြီးကောက် မိစ္ဆာ ဒါဇင်ပေါင်းများစွာ၏ လိုက်လံခြင်းကို ခံနေရဆဲ ဖြစ်သည်။
"ချန်လော့၊ နင် ရူးနေတာလား ဘာလို့ ဒီဘက်ကို ပြေးလာတာလဲ"
ကျောက်မန်က မနေနိုင်ဘဲ ဆဲဆိုတော့သည်။
မူလက သူမ ၊ မူရှာရှာ နှင့် ချင်မူတို့မှာ သဲခုံလေးပေါ်တွင် ဘေးကင်းစွာ ရှိနေခဲ့သည်။ သို့သော် ချန်လော့သည် ကင်းမြီးကောက်များက သူ့နောက်သို့ လိုက်လာသည်ကို မြင်သောအခါ ထိုသကောင့်သားသည် သူမတို့ရှိရာဘက်သို့ တန်းတန်းမတ်မတ် ပြေးလာခဲ့၏။ ရှင်းနေသည်မှာ သူနှင့်အတူ အားလုံးကိုပါ ဒုက္ခပေးရန် ကြံရွယ်နေခြင်းပင်။
"ငါတို့က ညီအစ်ကိုတွေပဲလေ၊ အေးအတူ ပူအမျှ ရှိရမှာပေါ့ မဟုတ်ဘူးလား"
ချန်လော့က ပြုံးလျက် ပြောလိုက်သည်။
အဖွဲ့သားများမှာ ပြောစရာ စကားမရှိတော့ပေ။ ၎င်းတို့အားလုံးမှာ ချန်လော့ကို ကန်သတ်ပစ်ချင်စိတ် ပေါက်နေသော်လည်း ထိုသို့လုပ်ရန် ခွန်အား မရှိကြချေ။ ချင်မူကမူ ချန်လော့၏ စကားမှာ အဓိပ္ပာယ်ရှိသည်ဟု တွေးတောနေဆဲ ဖြစ်၏။
သို့သော် ချန်လော့ စကားပြောပြီး မကြာမီမှာပင် နောက်ဘက်မှ ရင်းနှီးနေသော အော်ဟစ်သံတစ်ခုကို ကြားလိုက်ရပြန်သည်။
"ခဏစောင့်ဦး"
"ခဏလောက် စောင့်ကြပါဦး"
"အဲ့လောက် မြန်မြန် မပြေးကြနဲ့"
ချန်လော့ လှည့်ကြည့်လိုက်ရာ ယန်ချုံထျန်းမှာ သူတို့နောက်သို့ အသည်းအသန် လိုက်လာသည်ကို တွေ့လိုက်ရ၏။
အစပိုင်းတွင် ယန်ချုံထျန်းမှာ ကင်းမြီးကောက်များ၏ နောက်တွင် ရှိနေသော်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် အရှိန်ကို မြှင့်ကာ ကင်းမြီးကောက်အုပ်ကြီးကို ကျော်တက်သွားပြီး ချန်လော့တို့ဆီသို့ ရောက်ရှိလာတော့သည်။ ကင်းမြီးကောက်များပင် ကြောင်သွားရ၏။
တစ်မိနစ်ခန့်အတွင်းမှာပင် ယန်ချုံထျန်းမှာ သူတို့ကို အမှီလိုက်နိုင်ခဲ့သည်။ ချန်လော့ပင် ထိုအမြန်နှုန်းကို ကြည့်ကာ အံ့အားသင့်သွားရ၏။
သို့သော် ချန်လော့သည် ချက်ချင်း သတိဝင်လာပြီး အဖွဲ့ထဲသို့ ပြန်ရောက်လာသော ယန်ချုံထျန်းကို မျက်မှောင်ကြုတ်ကြည့်ကာ မေးလိုက်သည်။
"မင်း ဘာလို့ ပြန်လာတာလဲ"
ယုတ္တိဗေဒအရဆိုလျှင် ကင်းမြီးကောက်များက ယန်ချုံထျန်းကို မလိုက်တော့သဖြင့် သူသည် ဘေးတစ်နေရာတွင် ပုန်းနေပြီး ချန်လော့တို့ ဒုက္ခရောက်သည်ကို ချောင်းကြည့်နေရမည် မဟုတ်လော။
ဘာလို့ ရုတ်တရက်ကြီး အပြေးအလွှား ပြန်လာရတာလဲ။ အသိစိတ်တွေ ဝင်လာလို့လား။
သို့သော် ယန်ချုံထျန်း စကားမပြောမီမှာပင် ချန်လော့ ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည်။
"ဘုန်း!"
မြေပြင်မှာ ရုတ်တရက် ကျွံကျကာ တုန်ခါသွားပြီး ၊ လူတိုင်း ထိုထူးဆန်းသော ဖြစ်ရပ်ကို ခံစားလိုက်ရ၏။ သူတို့ လှည့်ကြည့်လိုက်သောအခါ ဆွံ့အသွားကြတော့သည်။
ဧရာမ လောက်ကောင်ကြီး တစ်ကောင်သည် သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ကင်းမြီးကောက် မိစ္ဆာများပင် အခြေအနေကို သဘောပေါက်သွားဟန်ဖြင့် အရှိန်မြှင့် ထွက်ပြေးကြတော့သည်။
"တောက်... ယန်ချုံထျန်း၊ မင်း ဒီကောင်တွေကို ဘယ်လို သွားဆွလာတာလဲ"
ယန်ချုံထျန်း ဘာလို့ ပြန်ပြေးလာသည်ကို ချန်လော့ အခုမှ နားလည်သွားသည်။ သူသည် ကင်းမြီးကောက်များထက် ပို၍ အစွမ်းထက်သော မိစ္ဆာသားရဲကို သွားရန်စလာခြင်းပင်။
"ငါနဲ့ မဆိုင်ဘူးနော်၊ ငါ ဒီအတိုင်း ရပ်နေတာ၊ ဒီကောင်တွေက ဘယ်ကနေ ရောက်လာမှန်း မသိဘူး"
ယန်ချုံထျန်းက အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။
ထိုစဉ် ချန်လော့သည် ယန်ချုံထျန်းကို ကန်ချလိုက်ပြီး လောက်ကောင်များကို တားဆီးရန် 'သားရဲအစာ' အဖြစ် အသုံးချချင်စိတ် ပေါက်သွားသည်။ သို့သော် ထိုသို့လုပ်ခြင်းမှာ အပိုသာဖြစ်မည်ကို သူ သိပေသည်။
ထိုလောက်ကောင်ကြီးမှာ သာမန် သားရဲများကဲ့သို့ လူမြင်လျှင် ကိုက်ဖြတ်စားသောက်မည့် အကောင်မျိုး မဟုတ်ပေ။ သူ၏ အရွယ်အစားမှာ လူတစ်ယောက်၊ ဆယ်ယောက်ကိုပင် သဲနှင့်အတူ တလုတ်တည်း ဝါးမျိုနိုင်သည့် အရွယ် ဖြစ်သည်။
ချန်လော့၏ ခန့်မှန်းချက်အရ ထိုလောက်ကောင်၏ ကျင့်ကြံမှုမှာ အနည်းဆုံး နတ်ဝိညာဉ်အဆင့်တွင် ရှိပေသည်။ ၎င်းသည် သူ သွေးကန္တာရသို့ စရောက်စဉ်က တွေ့ခဲ့သော အကောင်ထက်ပင် ပို၍ သန်မာပုံရ၏။
ထို့ပြင် လောက်ကောင်များသည် သူတို့၏ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် သတ်ရန် အလွန်ခက်ခဲသည်။
သူတို့ ငါးဦးသည် အစွမ်းထက်သည်ဟု ဆိုသော်လည်း အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သာ ရှိသေး၏။ ရွှေမြုတေအဆင့် ရှိ လောက်ကောင်များကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်မည် ဖြစ်သော်လည်း နတ်သူငယ်အဆင့်နှင့် ယှဉ်ပြိုင်ရမည်ဆိုပါက သေလမ်းသာ ရှိပေတော့သည်။
ထိုစဉ် ချန်လော့၏ အကြည့်မှာ ကျောက်မန်ထံသို့ ရောက်သွားပြန်သည်။
"ကျောက်မန်... နင့်မှာ တယ်လီပို့ စာစောင်တွေ ကျန်သေးလား"
ကျောက်မန်က ခေါင်းယမ်းလိုက်သည်။
"ကုန်သွားပြီ"
ချန်လော့၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့၏။ သူသည် ခေတ္တစဉ်းစားပြီးနောက် ကင်းမြီးကောက်ဂူထဲမှ ရခဲ့သော သိုလှောင်အိတ်များကို ထုတ်ကာ လွတ်မြောက်နိုင်မည့် ပစ္စည်းများ ပါမလားဟု တစ်ခုချင်း ရှာဖွေတော့သည်။
ပထမဆုံး အိတ်ကို ဖွင့်လိုက်သည်နှင့် ချန်လော့မှာ အံ့အားသင့်သွားရ၏။
"ကျားသစ်ကွက် အတွင်းခံ"
"ပန်းပွင့်ပုံ ဘောင်းဘီတို"
"ပြီးတော့... ဒီဟာက မြေခွေးမွေး ချည်အတွင်းခံလား"
...
သိုလှောင်အိတ်ထဲမှ ထွက်လာသော ထူးဆန်းသည့် အဝတ်အစားများကို ကြည့်ကာ ချန်လော့တစ်ယောက် ဆွံ့အသွားတော့သည်။
"တောက်... အခုခေတ်မှာ ဘယ်လိုလူမဆို ကျင့်ကြံသူ ဖြစ်နိုင်တာပဲလား"
သူသည် ထိုအိတ်ကို ဘေးသို့ ပစ်ချလိုက်ပြီး နောက်ထပ်အိတ်တစ်ခုကို ဖွင့်လိုက်ပြန်သည်။ ဒုတိယအိတ်ထဲတွင်မူ သာမန် ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများနှင့် ဝိညာဉ်လက်နက် အနည်းငယ်သာ ပါရှိသည်။ ချန်လော့သည် ပစ္စည်းများကို သိမ်းဆည်းကာ အိတ်ကို ပစ်ချလိုက်ပြန်သည်။
တတိယအိတ်၊ စတုတ္ထအိတ်၊ ပဉ္စမအိတ်...
သူသည် အိတ် ခုနစ်လုံး၊ ရှစ်လုံးခန့်ကို ဆက်တိုက်ဖွင့်ခဲ့သော်လည်း သူလိုချင်သည့် ပစ္စည်းကို ရှာမတွေ့ခဲ့ပေ။
"တောက်... သူတို့က သွေးကန္တာရထဲကို လာတာတောင် အသက်ကယ် မှော်ရတနာလေး တစ်ခုတောင် မပါလာကြဘူးလား"
ထိုအခါ ကျောက်မန်က ဝင်ပြောလိုက်သည်။
"ဖြစ်နိုင်ခြေ တစ်ခုရှိတာက... အသက်ကယ် မှော်ရတနာ ပါတဲ့သူတွေက အကုန် ထွက်ပြေးလွတ်မြောက်သွားကြလို့ပဲ"
"ထွက်မပြေးနိုင်တဲ့သူတွေပဲ ဒီမှာ သေခဲ့ကြတာ၊ ဒါကြောင့် သူတို့ရဲ့ အလောင်းနဲ့ အိတ်တွေပဲ ဂူထဲမှာ ကျန်ခဲ့တာပေါ့"
ချန်လော့မှာ ခေတ္တစဉ်းစားပြီးနောက် ထိုအရာကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"စကားပြောမနေကြဘဲ ဘယ်လို ထွက်ပြေးရမလဲဆိုတာ အရင် စဉ်းစားကြရင် မကောင်းဘူးလား"
စကားနည်းသော မူရှာရှာက ဝင်ပြောလိုက်၏။
ဤအချိန်တွင် သူတို့နောက်က ကင်းမြီးကောက် အများစုမှာ လောက်ကောင်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ၎င်းတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကင်းမြီးကောက်များ ဖြစ်သဖြင့် လောက်ကောင်ကြီး၏ အမြန်နှုန်းကို မယှဉ်နိုင်ကြပေ။
မကြာမီမှာပင် ကျန်ရှိနေသော ကင်းမြီးကောက်များမှာလည်း လောက်ကောင်ကြီး၏ ပါးစပ်ထဲသို့ ရောက်သွားတော့မည် ဖြစ်ပြီး ၊ ထိုအခါ သူတို့၏ အလှည့်သို့ ရောက်လာပေတော့မည်။
"ငါတို့ အုပ်စုခွဲပြီး ပြေးကြရအောင်"
ဘေးတွင် ရှိနေသော ချင်မူက ရင်ကိုကော့ကာ အကြံပေးလိုက်သည်။ သူသည် အလွန်ကောင်းမွန်သော အစီအစဉ်တစ်ခုကို ထုတ်ဖော်နိုင်လိုက်ပြီဟု ထင်နေပုံရ၏။
"မဆိုးပါဘူး၊ အနည်းဆုံးတော့ အကုန်လုံး အတူတူ သေစရာ မလိုတော့ဘူးပေါ့"
ယန်ချုံထျန်းက ထောက်ခံလိုက်သည်။ ကျောက်မန်နှင့် မူရှာရှာတို့ကလည်း ခေါင်းညိတ်ကြ၏။
ချန်လော့ တစ်ဦးတည်းသာ ခေါင်းယမ်းလိုက်သည်။
"ငါ့အမြင်ကတော့ အဲ့ဒါက ဘာမှ ထူးမှာ မဟုတ်ဘူး"
"ဘာလို့လဲ" ချင်မူက သံသယဖြင့် မေးလိုက်သည်။
"သူ့ကို ဂရုမစိုက်နဲ့၊ ငါတို့ဘာသာ ငါတို့ ခွဲပြေးကြမယ်"
ယန်ချုံထျန်းက ဆိုသည်။
ချန်လော့သည် တစ်ခွန်းမှ မပြောဘဲ ထိုလူစုကို ကြည့်နေလိုက်တော့သည်။
လက်တွေ့ကသာ အမှန်တရားကို သိစေနိုင်ပြီး သူတို့လည်း အချို့သော အခြေခံသဘောတရားများကို နားလည်သွားကြလိမ့်မည်ဟု ချန်လော့ တစ်ယောက် တွေးတောနေမိတော့သည်။
အခန်း (၁၅၈) ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း
နောက်ဆုံးတွင် ယန်ချုံထျန်းနှင့် မူရှာရှာက တစ်ဖွဲ့၊ ချင်မူနှင့် ကျောက်မန်က တစ်ဖွဲ့ ခွဲလိုက်ကြသည်။ ချန်လော့ကမူ တစ်ယောက်တည်း သီးသန့် ပြေးနေ၏။
အဖွဲ့သုံးဖွဲ့ ခွဲလိုက်သောအခါ ကင်းမြီးကောက်များမှာ ခဏမျှ ကြောင်အမ်းသွားသော်လည်း ယန်ချုံထျန်းနှင့် မူရှာရှာ အုပ်စုနောက်သို့သာ လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
လောက်ကောင်ကြီးကလည်း ၎င်းတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ယန်ချုံထျန်းတို့မှာ အံ့အားသင့်သွားပြီး ၎င်းတို့ကို ဖယ်ထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။
ခဏအကြာတွင် ယန်ချုံထျန်းနှင့် မူရှာရှာသည် ချင်မူနှင့် ကျောက်မန်တို့ရှိရာဘက်သို့ တဖြည်းဖြည်း ကပ်လာကြသည်။
"နင်တို့ ဘာလုပ်တာလဲ"
ကျောက်မန်က သံသယဖြင့် ကြည့်ကာ သူတို့နှင့် ဝေးရာသို့ ပြေးတော့သည်။ သို့သော် ယန်ချုံထျန်းတို့ကလည်း ဇွဲမလျှော့ဘဲ ကပ်လိုက်လာပြန်၏။
တစ်ဖက်က ဝေးအောင်ပြေး၊ တစ်ဖက်က အတင်းကပ်နှင့် နောက်ဆုံးတွင် အားလုံးမှာ ချန်လော့ရှိရာသို့ ပြန်ရောက်သွားကြတော့သည်။
ငါးယောက်သား ပြန်လည် ဆုံစည်းမိကြပြန်၏။ ကင်းမြီးကောက်များနှင့် လောက်ကောင်ကြီးမှာလည်း သူတို့နောက်တွင် အစဉ်လိုက် ရှိနေသည်။ ချန်လော့မှလွဲ၍ ကျန်လေးယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာပြောရမှန်း မသိဖြစ်နေကြ၏။
"ငါတို့ တစ်ယောက်ချင်းစီ လမ်းခွဲပြေးကြည့်ရင်ရော"
မူရှာရှာက အကြံပေးသည်။
အားလုံးက သဘောတူပြီး ချက်ချင်းပင် လမ်းကြောင်း ငါးခုခွဲကာ ထွက်ပြေးကြတော့သည်။
...
သုံးမိနစ်အကြာတွင် ငါးယောက်သား ပြန်လည် ဆုံစည်းမိကြပြန်သည်။
ယခုအချိန်တွင် ချန်လော့မှလွဲ၍ ကျန်လေးယောက်လုံး ဆိတ်ဆိတ်နေကြတော့သည်။ ဤနေရာရှိ လူအားလုံးမှာ စိတ်သဘောထား ဖြူစင်သူ တစ်ယောက်မှ မပါဝင်ကြောင်း သူတို့ နားလည်သွားကြပြီ ဖြစ်သည်။
မိစ္ဆာသားရဲက မိမိကို ပစ်မှတ်ထားပြီဆိုသည်နှင့် ပထမဆုံး အသိစိတ်မှာ ဘယ်လိုလွတ်အောင် ပြေးရမလဲဟု မစဉ်းစားဘဲ၊ အနီးဆုံးရှိသူကိုပါ ဆွဲထည့်ပြီး အဖော်ညှိရန်သာ ကြိုးစားကြခြင်း ဖြစ်သည်။
တစ်ဦးကိုတစ်ဦး အားကိုးသလိုလိုနှင့် ဒုက္ခပေးရင်း နောက်ဆုံးတွင် သံလိုက်အိမ်မြှောင်ထဲက သံမှိုများကဲ့သို့ အားလုံး တစ်စုတစ်ဝေးတည်း ပြန်ဖြစ်သွားကြတော့၏။
"ဝေါင်း~"
ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လောက်ကောင်ကြီးမှာ လေထဲသို့ ခုန်တက်ကာ ကင်းမြီးကောက် အုပ်ကြီးပေါ်သို့ အရှိန်အဟုန်ဖြင့် ဆင်းချလိုက်သည်။
လောက်ကောင်ကြီး၏ ပါးစပ်မှာ ဟင်းလင်းပြင်ကြီးသဖွယ် ကင်းမြီးကောက်အားလုံးနှင့် သဲပြင်ကြီးကိုပါ တလုတ်တည်း ဝါးမျိုလိုက်တော့သည်။
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး မျက်နှာပျက်သွားကြ၏။
"ငါတို့ အဲ့ဒီကောင်ကို အသေအလဲ တိုက်ကြည့်ရင်ရော"
ယန်ချုံထျန်းက ရုတ်တရက် ပြောလိုက်သည်။ ဆက်ပြေးနေရုံနှင့် မထူးတော့ကြောင်း သူ သိလိုက်သည်။
ချန်လော့က ချက်ချင်းပင် လက်မထောင်ပြလိုက်၏။
"မင်းက သူရဲကောင်းပဲ၊ တစ်ယောက်တည်း သွားတိုက်ချေ"
ကျန်သူများမှာမူ မကန့်ကွက်သလို မထောက်ခံဘဲ ငြိမ်နေကြသည်။
"မင်းဆီမှာ အဆိပ်မရှိဘူးလား"
ချင်မူက သတိရသွားဟန်ဖြင့် ချန်လော့ကို မေးလိုက်သည်။
ချန်လော့က ရယ်မောလိုက်ပြီး—
"မင်းကိုဆိုရင် အကြိမ် တစ်ရာလောက် အဆိပ်ခတ်လို့ ရတယ်၊ ဒါပေမဲ့ ဒီကောင်ကြီးကိုတော့... ငါ့မှာရှိတဲ့ အဆိပ်လေးနဲ့ဆိုရင် သူ့ကို ဝမ်းလျှောအောင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး"
ချန်လော့၏ အဆိပ်အများစုမှာ လူသားများအတွက်သာ ရည်ရွယ်ပြီး ဖော်စပ်ထားခြင်း ဖြစ်ရာ ၊ ဤဧရာမ လောက်ကောင်ကြီးကို နှိမ်နင်းရန်မှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။
ခေတ္တမျှ လေထုမှာ အေးခဲသွားပြီး အားလုံး နှုတ်ဆိတ်သွားကြ၏။
ထိုစဉ် ကျောက်မန်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်—
"ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်"
အားလုံးက သူမဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
"ဘာနည်းလမ်းလဲ"
ယန်ချုံထျန်းက စိတ်မရှည်စွာ မေးလိုက်၏။
"ရှေးဟောင်းစာအုပ်တွေထဲမှာ ဒီလောက်ကောင်တွေအကြောင်း ငါ ဖတ်ဖူးတယ်။ သူတို့က တိုက်ခိုက်မှုစွမ်းရည် သိပ်မရှိပေမဲ့ ခုခံမှုကတော့ အလွန်သန်မာတယ်။ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ မဟုတ်ရင် သူတို့ကို သတ်ဖို့ ခက်တယ် ဒါပေမဲ့ သူတို့မှာ အားနည်းချက်တစ်ခု ရှိတယ်"
"စကားကို အကွေ့အဝိုက်တွေ လုပ်မနေနဲ့တော့၊ မြန်မြန်ပြော"
လောက်ကောင်ကြီးမှာ သူတို့နှင့် အကွာအဝေး အနည်းငယ်မျှသာ လိုတော့သဖြင့် ယန်ချုံထျန်းက အော်ပြောလိုက်သည်။
ကျောက်မန်က သက်ပြင်းတစ်ချက်ချကာ—
"ဒီလောက်ကောင်တွေက အစာစားရင် တလုတ်တည်း ဝါးမျိုတတ်ကြတယ် ပြီးတော့ သူတို့ရဲ့ အစာခြေစနစ်က အရမ်းကို ရိုးရှင်းတယ် 'လမ်းကြောင်းတစ်ခုတည်း' ရှိတဲ့ စနစ်မျိုးပေါ့၊ ကျင့်ကြံသူတွေကို တလုတ်တည်း မျိုချပြီးနောက် ပြန်စွန့်ထုတ်လိုက်တဲ့ သာဓကတွေ အရင်က ရှိဖူးတယ်"
သူမ စကားဆုံးသောအခါ အားလုံး သဘောပေါက်သွားကြသည်။
"နင် ဆိုလိုတာက... ငါတို့ အရင် အစားခံလိုက်ပြီးမှ... ပြန်ထွက်လာဖို့လား"
မူရှာရှာက မျက်နှာရှုံ့မဲ့ကာ ဆိုလိုက်သည်။
သူမသည် ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၏ တိုက်ရိုက်တပည့်ဖြစ်သလို နန်းဆောင်သခင်မ တစ်ဦးလည်း ဖြစ်ရာ ဤကဲ့သို့ နည်းလမ်းကို လက်ခံရန် ခက်ခဲနေ၏။ ယန်ချုံထျန်း၏ မျက်နှာမှာလည်း မသာမယာ ဖြစ်နေသည်။
ချန်လော့နှင့် ချင်မူသာ တည်ငြိမ်နေကြသည်။ ချင်မူကမူ အရာရာကို ရိုးရိုးသားသားသာ တွေးတောတတ်သူဖြစ်ပြီး ချန်လော့ကတော့...
"ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူး"
ကျောက်မန်က အားကိုးရာမဲ့စွာ ဆိုသည်။
မူရှာရှာက အံကြိတ်ကာ ခေါင်းညိတ်လိုက်ရ၏။ ယန်ချုံထျန်းကလည်း ဆိုလိုက်သည်။
"ကောင်းပြီ၊ အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့"
"ဒါဆိုရင် နင်တို့မှာရှိတဲ့ ခုခံမှု မှော်ရတနာတွေ အကုန်ထုတ်ဝတ်ကြတော့၊ လောက်ကောင်တွေရဲ့ အစာခြေစနစ်က ရိုးရှင်းပေမဲ့ သူတို့ရဲ့ အစာအိမ်အက်ဆစ်ကတော့ အရမ်းပြင်းပြီး အရာရာကို တိုက်စားနိုင်စွမ်း ရှိတယ်"
ကျောက်မန်က သတိပေးလိုက်သည်။
လူစုသည် တွန့်ဆုတ်မနေဘဲ ခုခံမှု မှော်ရတနာများကို ထုတ်လိုက်ကြသည်။ သူတို့တွင် အသက်ကယ် မှော်ရတနာ အများကြီး မပါလာခြင်းမှာ လိုအပ်မည်ဟု မထင်ခဲ့သောကြောင့် ဖြစ်၏။ သို့သော် သာမန် ခုခံမှု လက်နက်အချို့တော့ ပါလာကြသေးသည်။
"ဟမ် "
ရုတ်တရက် ယန်ချုံထျန်း၏ အော်သံကြောင့် အားလုံး လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားကြတော့သည်။
ချန်လော့သည် တည်ငြိမ်စွာဖြင့် ဝိညာဉ်လက်နက်အဆင့်ရှိ ချပ်ဝတ်တန်ဆာ အစုံအလင်ကို ထုတ်ဝတ်နေခြင်း ဖြစ်၏။ ဦးထုပ်၊ ရင်အုပ်ကာ ၊ လက်ခြေကာ၊ သံဖိနပ်...
ချန်လော့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းတွင် ဝိညာဉ်လက်နက်အဆင့်ရှိ မှော်ရတနာများစွာ ရှိနေ၏။
"မင်း... ဒီပစ္စည်းတွေ ဘယ်က ရလာတာလဲ"
ယန်ချုံထျန်းက မနာလိုစွာ မေးလိုက်သည်။
"ဒီ လက်နက်တွေရဲ့ တန်ဖိုးက ငါတို့ လေးယောက်လုံး ပေါင်းတာထက်တောင် ပိုဦးမယ်"
ချန်လော့က ပြုံးရုံသာ ပြုံးပြလိုက်သည်။
ဤအရာအားလုံးသည် ယန်ချင်းလင်၊ ချိုးအကြီးအကဲနှင့် ယွီထျန်းချိတို့ဆီမှ သူ ကြိုးစားပမ်းစား 'ရှာဖွေ' စုဆောင်းခဲ့သော အမွေအနှစ်များပင် မဟုတ်လော။
ဝတ်စုံများကို ဝတ်ပြီးနောက် သူသည် သိုလှောင်အိတ်ထဲမှ ဆေးဘူးလေးတစ်ခုကို ထုတ်ကာ အရေပြားပေါ်တွင် လိမ်းကျံလိုက်သေးသည်။
ထို့နောက် အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေးနှင့် စိတ်ဓာတ်မြှင့်တင်ဆေးများကို သုံးလုံးစီ ဆက်တိုက် သောက်လိုက်ပြန်သည်။ ဒါတင်မကသေးဘဲ အားလုံး၏ ရှေ့မှာပင် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ မိမိကိုယ်ကို ဗဟိုပြုကာ ခုခံမှု 'မန္တန်အစီအရင်' အများအပြားကိုပါ တည်ဆောက်လိုက်သေးသည်။
ထိုမြင်ကွင်းကို ကြည့်နေသော ကျန်လေးယောက်မှာ ချန်လော့၏ ကြွယ်ဝချမ်းသာမှု ကို ကြည့်ကာ တအံ့တဩဖြစ်နေပြီး၊ မိမိတို့၏ ဆင်းရဲနွမ်းပါးမှုကို ကြည့်ကာ ဝမ်းနည်းသွားကြတော့သည်။