အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅) မိစ္ဆာသားရဲကို မျှားခေါ်ခြင်း
ချန်လော့နှင့် အခြားသူများသည် သဲခုံလေးတစ်ခုပေါ်တွင် ဝပ်နေရင်း အဝေးသို့ လှမ်းကြည့်နေကြသည်။ ၎င်းမှာ ကန္တာရဂူတစ်ခုဖြစ်ပြီး အတွင်း၌ ကင်းမြီးကောက်ပုံသဏ္ဌာန် မိစ္ဆာသားရဲ တစ်ဒါဇင်ခန့် ရှိနေသည်။
ဂူ၏ အတွင်းပိုင်းတွင် လူသေအလောင်းများ၊ မှော်ရတနာအမျိုးမျိုးနှင့် သိုလှောင်အိတ် အချို့ ပြန့်ကျဲနေသည်ကို မြင်နေရ၏။
"သူတို့က ဘာလို့ အလောင်းတွေကို အိမ်ထဲအထိ ဆွဲသွင်းထားတာလဲ၊ မနံဘူးလား"
အပြင်လောကနှင့် သိပ်မထိတွေ့ဖူးဘဲ မိစ္ဆာသားရဲတို့၏ အလေ့အထကို မသိသော ချင်မူက မေးလိုက်သည်။
"အဲ့ဒီအလောင်းတွေက သူတို့အတွက် အကောင်းဆုံးအစားအစာပဲလေ။ တချို့မိစ္ဆာသားရဲတွေက သားကောင်ကို သတ်ပြီးရင် မကုန်သေးတဲ့ အပိုင်းအစတွေကို သူတို့ဂူထဲ ဆွဲသွင်းထားတတ်ပြီး ဗိုက်ဆာတဲ့အခါမှ ပြန်စားကြတာ"
ကျောက်မန်က ရှင်းပြသည်။
ချင်မူက ခေါင်းညိတ်ရင်း ထပ်မေးပြန်သည်။
"ဒါဆို ဟိုမှော်ရတနာတွေနဲ့ သိုလှောင်အိတ်တွေကရော ၊ သူတို့က အဲ့ဒါတွေပါ သုံးတတ်လို့လား"
"အဲ့ဒါတွေကို သူတို့ မသုံးတတ်ဘူး၊ ဒါပေမဲ့ တချို့သားရဲတွေက ရတနာတွေကို စုဆောင်းတတ်တဲ့ အလေ့အထရှိတယ်၊ အဲ့ဒီရတနာတွေက သူတို့ရဲ့ ကျင့်ကြံမှုကို မြန်ဆန်စေတာကိုး၊ မှော်ရတနာတွေဆိုတာ သာမန်ပစ္စည်းတွေ မဟုတ်ဘဲ ဝိညာဉ်စွမ်းအင် တွေ ပါနေတာဆိုတော့ သူတို့က ရတနာအမှတ်နဲ့ ကောက်လာကြတာပဲ"
ကျောက်မန်က ဆက်လက်ရှင်းပြ၏။
ထိုစဉ် ကျောက်မန်သည် ချန်လော့ကို လှည့်ကြည့်လိုက်ရာ ချန်လော့မှာ ထိုငွေအိတ်များကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချန်လော့၏ အကြည့်ကို မြင်သည်နှင့် ကျောက်မန်၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရတော့သည်။
ရုတ်တရက် ကင်းမြီးကောက်သားရဲများသည် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် ခေါင်းမော့ကာ ချန်လော့တို့ရှိရာဘက်သို့ လှည့်ကြည့်လာကြ၏။ ထိုအခါ အခြားသူများမှာ သဲခုံနောက်သို့ အမြန်ပုန်းလိုက်ကြပြီး ချန်လော့ကိုသာ ကြည့်နေကြတော့သည်။
ချန်လော့က ခေတ္တစဉ်းစားပြီးမှ ပြောလိုက်၏။
"ဂူထဲက သားရဲတွေကို မြင်တယ်မလား။ အခု ငါတို့ ရှေ့ဆက်သွားဖို့ဆိုရင် သူတို့ရဲ့ နယ်မြေကို ဖြတ်သွားမှ ရမယ်"
"သူတို့နားကနေ ကွေ့ပတ်ပြီး သွားလို့မရဘူးလား"
ကျောက်မန်က မေးလိုက်သည်။ သွေးကန္တာရသည် ကျယ်ပြောလှသဖြင့် လမ်းကြောင်းကို အနည်းငယ် ကွေ့သွားရုံဖြင့် ၎င်းတို့ကို ရှောင်ကွင်းသွားနိုင်သည်။
သို့သော် ချန်လော့က မျက်မှောင်ကြုတ်လိုက်၏။
"ဘာတွေ ပြောနေတာလဲ၊ ငါတို့က ဂုဏ်သိက္ခာရှိတဲ့ 'တိုက်ရိုက်တပည့်' တွေလေ၊ သေးနုပ်တဲ့ မိစ္ဆာသားရဲ လေးငါးကောင်ကို ဘယ်လိုလုပ် အလျှော့ပေးရမှာလဲ..ဒီသတင်းသာ အပြင်ရောက်သွားရင် ငါတို့ မျက်နှာ ဘယ်နား သွားထားမလဲ၊ တခြား ဂိုဏ်းငယ်လေးတွေက ငါတို့ကို ဘယ်လို မြင်မလဲ၊ ဒီကိစ္စရဲ့ ပြင်းထန်မှုကို မင်းတို့ မစဉ်းစားမိဘူးလား"
ချန်လော့သည် ဆရာကြီးဒီဇိုင်းဖြင့် စကားများကို ဆိုနေစဉ် ကျောက်မန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"တကယ်တော့ နင်က ဂူထဲက သိုလှောင်အိတ်တွေကို ယူချင်နေတာ မဟုတ်လား"
ထိုစကားကြောင့် ချန်လော့ ဆွံ့အသွားပြီး အားလုံး၏ အကြည့်မှာ သူ့ထံသို့ ရောက်လာပြန်သည်။ သို့သော် ချန်လော့က တည်ငြိမ်စွာပင် ပြန်ပြော၏။
"သိုလှောင်အိတ် ယူတာက အဓိက မဟုတ်ပါဘူး၊ ငါ ချန်လော့ဆိုတာ ငွေမက်တဲ့သူ မဟုတ်ဘူးဆိုတာ မင်းတို့ သိသားပဲ"
'ငွေမက်တဲ့သူ မဟုတ်ဘူး' ဆိုသော စကားကို ကြားသောအခါ ကျောက်မန်သည် စိတ်ထဲကနေ ကဲ့ရဲ့လိုက်သည်။
'သူမှ ငွေမမက်ရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူ ငွေမက်တော့မှာလဲ'
သို့သော် ကျောက်မန်သည် မငြင်းဘဲ ဆက်လက် နားထောင်နေလိုက်၏။
"ငါ အဲ့ဒီအိတ်တွေကို သွားယူမှာ မှန်တယ်၊ ဒါပေမဲ့ ကိုယ့်အတွက် မဟုတ်ဘူး၊ ငါတို့ အဖွဲ့သားအားလုံး အတွက်ပဲ။ အခု ငါတို့မှာ မြေပုံမရှိဘူး။ ဒီအတိုင်းသာ ရှေ့ဆက်သွားရင် သွေးကန္တာရထဲကနေ ထွက်နိုင်ရင်တောင် ဖြောင့်မတ်လမ်းစဉ်ဂိုဏ်း နယ်မြေထဲကို ရောက်သွားနိုင်တယ် ငါတို့က မိစ္ဆာတာအို သမားတွေလေ၊ အဲ့ဒီဘက်ကလူတွေ သိသွားရင် ငါတို့ အကုန် သေကုန်မှာပေါ့"
"ဒီတော့... ဒီလူတွေက သွေးကန္တာရထဲကို ဒီအတိုင်း လက်ချည်းဗလာ လာကြမှာ မဟုတ်ဘူး၊ သူတို့ဆီမှာ သေချာပေါက် လမ်းပြမြေပုံတို့ ဘာတို့ ပါမှာပဲ ... အဲ့ဒါတွေကို ငါ ရလာပြီဆိုရင် ငါတို့အားလုံးအတွက် လမ်းကြောင်း ပေါ်လာမယ်၊ အဲ့ဒါဆို ဒီကန္တာရထဲကနေ အလွယ်တကူ ထွက်နိုင်မှာ မဟုတ်လား"
ချန်လော့၏ စကားကို ကြားသောအခါ ချင်မူက လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။ ကျောက်မန်နှင့် မူရှာရှာတို့ကမူ မထောက်ခံသလို မကန့်ကွက်ဘဲ နေလိုက်ကြ၏။ ယန်ချုံထျန်းကတော့ သတိမရသေးပေ။
"ကဲ... ဘယ်သူမှ မကန့်ကွက်ဘူးဆိုတော့ အစီအစဉ် ဆွဲကြမယ်"
"အန္တရာယ်အရှိဆုံး ဖြစ်တဲ့ ဂူထဲဝင်ပြီး အိတ်နှိုက်တဲ့ အလုပ်ကိုတော့ ငါကပဲ တာဝန်ယူမယ်"
ကျောက်မန်မှာ အံ့အားသင့်သွားရသည်။ ချန်လော့သည် ဤကဲ့သို့ အန္တရာယ်ရှိသော အလုပ်ကို သူများခိုင်းမည့်အစား သူကိုယ်တိုင် လုပ်မည်ဟု ပြောနေ၏။ သို့သော် ချန်လော့၏ နောက်ထပ် စကားကြောင့် သူမ နားလည်သွားတော့သည်။
"ဒါဆို... ငါက ဂူထဲဝင်မယ်၊ မင်းတို့ထဲက ဘယ်သူက အတွင်းက သားရဲတွေကို အပြင်ကို မျှားခေါ်ပေးမလဲ"
ချန်လော့က ချင်မူကို ကြည့်လိုက်၏။
ချင်မူက ခေါင်းယမ်းကာ ပွင့်ပွင့်လင်းလင်း ငြင်းလိုက်သည်။
"အဲ့ဒါက အန္တရာယ် အရမ်းများတယ်၊ ငါ မသွားဘူး"
"ရဲဘော်လေးရာ... ငါက မင်းကို အပြစ်တင်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းက အရမ်း ပျော့လွန်းတယ်၊ အခက်အခဲလေး နည်းနည်းတွေ့တာနဲ့ အလျှော့ပေးလိုက်တော့မှာလား...ငါတို့မှာ တောင်တွေကို ကျော်နိုင်၊ ပင်လယ်တွေကို ဖြတ်နိုင်တဲ့ ခွန်အား ရှိရမယ်။ ဒါမှ အခက်အခဲတွေကို ကျော်လွှားပြီး အောင်မြင်မှု ပန်းတိုင်ကို အတူတူ ရောက်နိုင်မှာပေါ့"
ချန်လော့၏ သွန်သင်မှုကို ကြားပြီးနောက် ချင်မူက ခေါင်းညိတ်လိုက်ပြီး။
"ဒါဆို ငါက အိတ်သွားနှိုက်မယ်၊ မင်းက သွားမျှားပေးလေ"
ထိုအခါမှ ချန်လော့သည် ချင်မူကို စကားဆက်မပြောတော့ဘဲ ကျောက်မန်ဘက် လှည့်လိုက်သည်။
"ကျောက်မန်..."
"ငါ့ရဲ့ အစွမ်းနဲ့ အဲ့ဒီသားရဲတွေကို မျှားခေါ်နိုင်မယ်လို့ နင် တကယ် ထင်နေတာလား"
ကျောက်မန်က ဦးအောင် မေးလိုက်၏။
ချန်လော့က ကျောက်မန်ကို အကဲခတ်ကြည့်လိုက်သည်။ ကျောက်မန်၏ ကျင့်ကြံမှုမှာ အခြေတည်အဆင့် ကနဦးပိုင်းမျှသာ ရှိသေးသဖြင့် သားရဲများကို မျှားခေါ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။
ချန်လော့ စိုးရိမ်သည်မှာ ကျောက်မန် သေသွားမှာ မဟုတ်ဘဲ သူမက သားရဲများကို ကြာကြာ မထိန်းထားနိုင်ဘဲ သားရဲများ ဂူထဲ ပြန်ဝင်လာပါက ၊ သူသည် အထဲတွင် ပိတ်မိသွားနိုင်သည်။
နောက်ဆုံးတွင် ချန်လော့သည် မူရှာရှာဘက် လှည့်ကြည့်လိုက်၏။ မူရှာရှာသည် ကျန်နှစ်ယောက်က သူမကို 'နှုတ်ဆက်ခြင်း' အကြည့်ဖြင့် ကြည့်နေသည်ကို သတိပြုမိသွားသည်။
"ရှာရှာ... ကြည့်ပါဦး..."
"သူ့ကိုပဲ လွှတ်လိုက်"
မူရှာရှာသည် တဖက်လူ၏ စကားပင် မဆုံးသေးမီ ၊ သတိမရသေးသော ယန်ချုံထျန်းကို ဆွဲထုတ်လာတော့သည်။
ချန်လော့မှာ ယန်ချုံထျန်းကို မြင်သောအခါ ခေတ္တမျှ မှင်တက်သွားသော်လည်း ချက်ချင်းပင် ထောက်ခံလိုက်၏။
အမှန်တကယ်ပင် ယန်ချုံထျန်းသည် မူရှာရှာထက် ပိုသန်မာသလို၊ ချန်လော့၏ ကန်ချက် ဆယ်ကြိမ်မက ခံရပြီးနောက်တွင်ပင် ပြန်လိုက်နိုင်သောကြောင့် သူ၏ အမြန်နှုန်းနှင့် ခံနိုင်ရည်မှာ အထူးအဆန်း မဟုတ်ပေ။
သူ့ကို သားရဲအစာအဖြစ် သုံးပြီး သားရဲများကို မျှားခေါ်ခိုင်းခြင်းမှာ အမှန်တကယ်ပင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
အခန်း (၁၅၆) ရန်သူကို မယုံနဲ့
ချန်လော့သည် သိုလှောင်အိတ်ထဲမှ ဆေးအချို့ကို ထုတ်ကာ အငွေ့မှိုင်းတိုက်၍ ယန်ချုံထျန်းကို အောင်မြင်စွာ နှိုးလိုက်သည်။ ယန်ချုံထျန်းမှာ နိုးနိုးချင်း ဘာဖြစ်နေမှန်း မသိသေးမီမှာပင် ချန်လော့၏ လက်တစ်ဖက်က သူ၏ ပုခုံးပေါ်သို့ ရောက်လာ၏။
"ညီလေး"
ချန်လော့က ပြုံးလျက် ခေါ်လိုက်သည်။
ဘာကြောင့်မှန်းမသိ၊ ချန်လော့၏ 'ညီလေး' ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရုံနှင့် ယန်ချုံထျန်းမှာ တစ်ကိုယ်လုံး ချမ်းစိမ့်သွားပြီး မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
"မင်း...မင်း ဘာလုပ်မလို့လဲ"
ယန်ချုံထျန်းက နောက်သို့ အနည်းငယ် ဆုတ်ရင်း ချန်လော့ကို သံသယဖြင့် ကြည့်လိုက်၏။
ချန်လော့က နောက်ဆုတ်နေသော ယန်ချုံထျန်းကို ပုခုံးဖက်ကာ သဲခုံပေါ်သို့ ခေါ်ဆောင်သွားပြီး အောက်ဘက်က မိစ္ဆာသားရဲဂူကို ညွှန်ပြလိုက်သည်။
"ဟိုမှာရှိတဲ့ သားရဲတွေကို မြင်လား၊ ခဏနေရင် မင်းရဲ့ အလုပ်က သူတို့ကို မျှားခေါ်ဖို့ပဲ"
ထိုစကားကြောင့် ယန်ချုံထျန်းမှာ မျက်မှောင်ကြုတ်သွားပြီး ချန်လော့၏ လက်ကို ပုတ်ထုတ်လိုက်တော့သည်။
" မင်းကတော့ တကယ်ကို တိရစ္ဆာန်ပဲ"
"အဲ့ဒီသားရဲတွေကို မျှားဖို့ ဟုတ်လား၊ မင်းကြ ဘာလို့ မသွားတာလဲ"
"အဲ့ဒီမှာ အနည်းဆုံး အကောင် ၂၀၊ ၃၀ ရှိတယ်၊ ၁၀ ကောင်လောက်က ရွှေမြုတေအဆင့်တွေ.. အဲ့ဒါကို ငါ့ကို မျှားခိုင်းတယ်ပေါ့၊ မင်း ငါ့ကို ဘာမှတ်နေတာလဲ"
ယန်ချုံထျန်း၏ ပြင်းထန်သော ငြင်းဆိုမှုကို ချန်လော့သည် ခေတ္တမျှ စဉ်းစားပြီးမှ အေးအေးဆေးဆေး ပြန်ပြောလိုက်၏။
"မင်းက ငါတို့ရဲ့ သူရဲကောင်းလေ"
ယန်ချုံထျန်းမှာ ဆွံ့အသွားသည်။ ချန်လော့က ဤသို့ ပြန်ပြောလာမည်ဟု မမျှော်လင့်ထားသော်လည်း လက်ကို ဝှေ့ယမ်းကာ ငြင်းပြန်၏။
"အဲ့သောက်စကားတွေကို လာမပြောနဲ့"
"မင်းဘာသာ မင်း သူရဲကောင်း သွားလုပ်၊ ငါ မသွားဘူး သေရမှာထက် အဲ့ဒါက ပိုဆိုးတယ်"
"ငါ ယန်ချုံထျန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေရင် သတ်သေမယ်၊ မင်းအတွက် အဲ့ဒီသားရဲတွေကိုတော့ သွားမမျှားပေးနိုင်ဘူး"
ယန်ချုံထျန်း၏ ပြတ်သားသော ငြင်းဆိုမှုကို မြင်သောအခါ ချန်လော့မှာ သက်ပြင်းချလိုက်၏။
"ငါကတော့ ကောင်းကောင်းမွန်မွန် ပြောဖို့ ကြိုးစားသားပဲ၊ မင်းကမှ နားမထောင်တာ"
"အေး... မင်းက ကောင်းကောင်းပြောတာ နားမဝင်ဘူးဆိုရင်လည်း ငါ မဟန်ဆောင်တော့ဘူး၊ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်"
"မင်းက မသွားဘူးဆိုရင် ငါကပဲ ပို့ပေးလိုက်မယ်"
ပြောပြောဆိုဆိုဖြင့် ချန်လော့သည် ယန်ချုံထျန်း၏ ကော်လာကို ဆွဲကိုင်ကာ သူ မတုံ့ပြန်နိုင်မီမှာပင် ဂူပေါက်ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် လွှင့်ပစ်လိုက်တော့သည်။
ချန်လော့သည် သူ၏ ခွန်အားအပြည့်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။ ယန်ချုံထျန်း၏ ခန္ဓာကိုယ်မှာ လေထဲတွင် ဝကွင်းပုံသဏ္ဌာန် ရေးဆွဲကာ အော်ဟစ်သံများနှင့်အတူ အဝေးသို့ လွင့်စင်သွားတော့သည်။
"ဘုန်း!"
ယန်ချုံထျန်း၏ ခန္ဓာကိုယ်မှာ ဂူဝတည့်တည့်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ဂူထဲမှ မိစ္ဆာသားရဲများသည် လူသားတစ်ဦး သူတို့၏နယ်မြေထဲသို့ ကျူးကျော်လာသည်ကို မြင်လိုက်ရသဖြင့် စူးရှသောအသံများဖြင့် သတိပေးကာ ယန်ချုံထျန်းဆီသို့ ဝိုင်းအုံပြေးထွက်လာကြတော့သည်။
ယန်ချုံထျန်းမှာ မြေပြင်မှ ထလိုက်ရုံရှိသေး၊ ချန်လော့ကို လှမ်းအော်ဆဲရန် ပြင်စဉ်မှာပင် နောက်ဘက်မှ ပြေးဝင်လာသော ခြေသံများကို ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါ ကင်းမြီးကောက်သားရဲများ အကုန်လုံး သူ့ကို ဝိုင်းတိုက်ခိုက်ရန် လာနေသည်ကို တွေ့လိုက်ရ၏။
"တောက်... ချန်လော့၊ မင်းရဲ့ ဘိုးဘေးဘီဘင် ၁၈ ဆက်လုံးကို ငါ ကျိန်စာတိုက်တယ်"
ယန်ချုံထျန်းသည် အော်ဟစ်ရင်း ကင်းမြီးကောက်များ၏ အဖမ်းမခံရစေရန် အစွမ်းကုန် အမြန်နှုန်းမြှင့်ကာ ပြေးတော့သည်။ ကင်းမြီးကောက်များကလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။
ချန်လော့မှာမူ သဲခုံပေါ်တွင် ငြိမ်သက်စွာ ဝပ်နေရင်း ယန်ချုံထျန်းနှင့် ကင်းမြီးကောက်အုပ်ကြီး အဝေးသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသည်။ တစ်ဖက်လူ ဝေးဝေးရောက်သွားကြောင်း အတည်ပြုပြီးမှသာ သူ ထရပ်လိုက်၏။
"မင်းတို့ ဒီမှာ စောင့်နေကြ၊ ငါ ချက်ချင်း ပြန်လာခဲ့မယ်"
ချန်လော့သည် ကင်းမြီးကောက်များ၏ ဂူရှိရာသို့ တစ်ယောက်တည်း ပြေးဝင်သွားတော့သည်။ မကြာမီ ဂူထဲသို့ ရောက်သောအခါ ပြန့်ကျဲနေသော သိုလှောင်အိတ်များကို မြင်ပြီးနောက် ပြုံးပျော်သွား၏။ သူသည် သိုလှောင်အိတ်အားလုံးကို အမြန်ပင် သိမ်းဆည်းလိုက်သည်။
"ဒီနေ့တော့ အိတ်ကပ်ထဲ အပြည့်ပဲဟေ့"
ချန်လော့ တစ်ယောက် ပစ္စည်းများ သိမ်းဆည်းရင်း သီချင်းတညည်းညည်း လုပ်နေစဉ် ရုတ်တရက် စူးရှသော အသံတစ်ခု ထွက်လာသည်။
"စီ... စီ..."
ချန်လော့ ချက်ချင်းပင် သတိဖြင့် လှည့်ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရပေ။ ဆက်ပြီး အိတ်များကို ကောက်ထည့်စဉ်မှာပင် အလားတူအသံမျိုး ထပ်ထွက်လာပြန်သည်။
သူ ငုံ့ကြည့်လိုက်သောအခါ သူ၏ ခြေထောက်အောက်တွင် ကင်းမြီးကောက်လေး တစ်ကောင်ကို တွေ့လိုက်ရ၏။ ၎င်းမှာ တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ချန်လော့ကို ရန်လိုသော အနေအထားဖြင့် ကြည့်နေသည်။
ချန်လော့က ပြုံးလိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။
"အနက်လေး... လာခဲ့ပါဦး"
ကင်းမြီးကောက်လေးမှာ လူစကား နားလည်ပုံရပြီး ချန်လော့ ခေါ်သည်ကို မြင်သောအခါ ခေတ္တစဉ်းစားပြီးမှ ရန်လိုသည့် ပုံစံကို လျှော့ကာ ချန်လော့ဆီသို့ လျှောက်လာသည်။ သို့သော် သူ ချန်လော့အနားသို့ ရောက်သည်နှင့် ချန်လော့က ခြေထောက်ဖြင့် ဝုန်းခနဲ နင်းချလိုက်တော့၏။
"ပိ!"
ကင်းမြီးကောက်လေးမှာ ပြားချပ်သွားတော့သည်။ ချန်လော့က ခေါင်းယမ်းရင်း ပြောလိုက်၏။
"ဒါက မင်းရဲ့ ကင်းမြီးကောက် ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံး သင်ခန်းစာပဲ၊ ရန်သူကို ဘယ်တော့မှ မယုံနဲ့"
ထိုအချိန်တွင် ယန်ချုံထျန်းကို လိုက်နေသော ကင်းမြီးကောက်အုပ်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားကြသည်။ သူတို့ သည် တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် ယန်ချုံထျန်းကို ဆက်မလိုက်တော့ဘဲ သူတို့၏ ဂူရှိရာသို့ ချက်ချင်း ပြန်ပြေးလာကြတော့၏။
ချန်လော့သည် ဂူဝတွင် ရပ်နေရင်း သူ၏ ဘယ်ဘက်လက်ထဲတွင် ကင်းမြီးကောက်လေး၏ အဆိပ်ဆူး ဒါဇင်ခန့်ကို ကိုင်ထားပြီး ညာဘက်လက်ထဲတွင်မူ ကြွေပုလင်းငယ်များကို ကိုင်ထားသည်။
"ငါလို စိတ်ထားကောင်းတဲ့လူနဲ့ တွေ့ရတာ မင်း ကံကောင်းတယ်လို့ မှတ်"
"ဒီ အဆိပ်မှုန့်တွေနဲ့ မင်းရဲ့ အဆိပ်ဆူးတွေကို လဲလိုက်မယ်"
ထိုသို့ပြောပြီးနောက် သူသည် ကြွေပုလင်းများကို ဂူထဲသို့ ပစ်သွင်းလိုက်သည်။ ပုလင်းများ ကွဲသွားသည်နှင့် အဆိပ်ငွေ့ဖြူများ ထွက်ပေါ်လာပြီး ဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
"ပြီးပြည့်စုံသွားပြီ"
ချန်လော့ အေးအေးဆေးဆေး ထွက်ခွာရန် ပြင်စဉ်မှာပင် အသံတစ်ခုကို ကြားလိုက်ရသည်။
"ချန်လော့..."
လှမ်းကြည့်လိုက်သောအခါ ချင်မူကို တွေ့လိုက်ရ၏။ ချင်မူက ဘာမှမပြောဘဲ ချန်လော့၏ နောက်သို့ လက်ညှိုးထိုးပြလိုက်သည်။ ချန်လော့ လှည့်ကြည့်လိုက်ရာ ထိတ်လန့်သွား၏။
သူ၏ နောက်တွင် ဧရာမ ကင်းမြီးကောက် မိစ္ဆာကြီး ဒါဇင်ပေါင်းများစွာက သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည်ကို မြင်လိုက်ရသည်။
"တောက်... ယန်ချုံထျန်း၊ မင်းကတော့ အတော်လေး အားကိုးလို့ မရတဲ့ကောင်ပဲ"
ချန်လော့သည် တွန့်ဆုတ်မနေဘဲ ချင်မူတို့ရှိရာဘက်သို့ အသည်းအသန် ပြေးတော့သည်။ ကျောက်မန်နှင့် မူရှာရှာတို့မှာလည်း မျက်နှာပျက်သွားပြီး ချက်ချင်းပင် ထွက်ပြေးကြတော့၏။
တစ်ဖက်တွင်မူ ယန်ချုံထျန်းမှာ မိစ္ဆာသားရဲများ သူ့နောက် မလိုက်တော့သည်ကို မြင်သောအခါ သက်ပြင်းချလိုက်နိုင်သည်။
"ဟားဟား... ငါ ယန်ချုံထျန်းကတော့ ကောင်းကင်က စောင့်ရှောက်တဲ့ ကံကောင်းသူကြီးပဲဟေ့"
သို့သော် သူ၏ စကားမဆုံးသေးမီမှာပင် မြေပြင်မှာ တုန်ခါလာပြီး သူ၏ ခြေထောက်အောက်မှ သဲပြင်ကြီးမှာ ကျွံကျသွားလေတော့သည်။