← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃) ကျေးဇူးကန်းခြင်း

ယန်ချုံထျန်းကို ကြိုးဖြင့်တုတ်ပြီးနောက် သူနိုးလာလျှင် ကြိုးဖြတ်ပြေးမည်ကို စိုးရိမ်သဖြင့် ချန်လော့သည် အိပ်ဆေးအချို့ကိုပါ တိုက်ကျွေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို သဲထဲတွင် မြှုပ်နှံထားလိုက်သည်။

ထို့နောက် အဖွဲ့သားများသည် နောက်ထပ် ဆယ်မိုင်ခန့် ဆက်လက်လျှောက်လှမ်းခဲ့ကြသော်လည်း နောက်ဆုံးတွင် ပင်ပန်းလွန်းသဖြင့် အားလုံး ပြိုလဲသွားကြတော့၏။ ထိုညက သူတို့အားလုံး အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ကြသည်။

...

နောက်တစ်နေ့ နံနက်။

ချန်လော့သည် ပထမဆုံး နိုးလာသူ ဖြစ်သည်။ သူသည် သမ်းဝေရန် ပါးစပ်ဟလိုက်စဉ်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ပါးစပ်ထဲသို့ သဲများ ဝင်သွားတော့၏။

"ဖူး.. ထွီ!"

တံတွေးများကို အကြိမ်ကြိမ် ထွေးထုတ်ပြီးနောက် ချန်လော့သည် ဘေးတွင် အိပ်နေဆဲဖြစ်သော လူအချို့ကို လှည့်ကြည့်လိုက်သည်။ သူသည် ကျောက်မန်၏ ဘေးသို့ လျှောက်သွားကာ ငုံ့ကြည့်လိုက်၏။

ယခုအချိန်တွင် ကျောက်မန်သည် သဲပြင်ပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေပြီး မျက်လုံးများက မှေးစက်နေသည်။ ညိုဝါရောင်သဲပြင်သည် ကျောက်မန်၏ ဖြူစင်သော အသားအရေကို ပိုမိုထင်ရှားစေပြီး အလွန်ပင် နုနယ်လှသဖြင့် လက်ဖြင့် ခပ်ဖွဖွတို့လိုက်ရုံဖြင့် ပေါက်ထွက်သွားမည့်အလား ထင်ရပေသည်။

ချန်လော့သည် လက်ကို မြှောက်ကာ ကျောက်မန်၏ ခန္ဓာကိုယ်ဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွား၏။ တို့ဖူးတစ်တုံးကို ကိုင်တွယ်သကဲ့သို့ အလွန်ပင် ညင်သာလှပေသည်။

ထိုစဉ် ကျောက်မန်၏ မျက်တောင်များ တုန်ခါသွားပြီးနောက် သူမသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူမ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် မထိသင့်သည့် နေရာတစ်ခုကို လှမ်းနှိုက်ရန် ပြင်နေသော ချန်လော့ကို တွေ့လိုက်ရသည်။

"နင်... ငါ့ရဲ့ သိုလှောင်အိတ်ကို ဘာလုပ်မလို့လဲ"

ထိုအသံကြောင့် ချန်လော့မှာ တုန်ယင်သွားပြီး နိုးနေပြီဖြစ်သော ကျောက်မန်ကို ကြည့်လိုက်သည်။ နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားကြပြီး အချိန်မှာ ရပ်တန့်သွားသလိုပင်။ ဆိတ်ဆိတ်နေခြင်းသည် စကားလုံးများထက် ပို၍ ကျယ်လောင်လှပေသည်။

"ဟို... သွေးကန္တာရထဲမှာ ညဘက်က အရမ်းအေးတော့လေ၊ နင့်ရဲ့ သိုလှောင်အိတ် အအေးမိသွားမှာ စိုးလို့ပါ..."

ကျောက်မန်: ...

ကျောက်မန်ဆီမှ ဘာမှထပ်မရနိုင်တော့ကြောင်း သိသွားသဖြင့် ချန်လော့သည် လက်ကို တိတ်တဆိတ် ပြန်ရုပ်လိုက်ပြီး ချင်မူ နှင့် မူရှာရှာ တို့ကို လှည့်ကြည့်လိုက်သည်။

သို့သော် ထိုနှစ်ယောက်မှာလည်း မည်သည့်အချိန်ကတည်းက နိုးနေသည်မသိ၊ ချန်လော့ကို စိုက်ကြည့်နေကြ၏။

"ငါ သိလိုက်ရမှာ... မနေ့ညက သိုလှောင်အိတ်ကို ဖက်ပြီး အိပ်ခဲ့သင့်တာ..."

ချန်လော့မှာ ငွေသန်းပေါင်းများစွာ ဆုံးရှုံးသွားသကဲ့သို့ ရင်နာသောလေသံဖြင့် ညည်းလိုက်တော့သည်။

"ဒါနဲ့... မိစ္ဆာသားရဲတွေ ငါတို့နောက်ကို လိုက်မလာတော့ဘူး ထင်တယ်"

မူရှာရှာက မလှမ်းမကမ်းတွင် "စိုက်" လျက်ရှိသော ယန်ချုံထျန်းကို ကြည့်ရင်း ပြောလိုက်သည်။

"သွားကြစို့၊ အဲ့ဒီကောင်ကို သွားဖော်ပေးရအောင်"

ချန်လော့က ပြောပြောဆိုဆိုဖြင့် ယန်ချုံထျန်းဆီသို့ လျှောက်သွား၏။

ကျန်သူများမှာ ချန်လော့ ဤမျှ စိတ်ထားကောင်းနေသဖြင့် အံ့အားသင့်သွားကြသည်။ ချန်လော့၏ စရိုက်အရ ၊ လူကို ဤနေရာမှာပင် ပစ်ထားခဲ့ရမည် မဟုတ်လော။

' ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ကယ်နေရတာလဲ....'

အမှန်စင်စစ် ချန်လော့မှာ သူ့အကြောင်းနှင့်သူ ရှိပေသည်။ ပထမအချက်မှာ မူရှာရှာတို့က ဂိုဏ်းပြန်ရောက်လျှင် တိုင်တောမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ယန်ချုံထျန်းသည် ဒေါသမီးတောက်ဂိုဏ်းက အလေးထား ပျိုးထောင်နေသော တပည့်တစ်ဦး ဖြစ်ရာ သူ သေသွားပါက ချန်လော့အတွက် အခက်တွေ့နိုင်ပေသည်။

လောချင်းယွီက သူ့ကို ကာကွယ်ပေးမည် ဆိုသော်လည်း ဒေါသမီးတောက်ဂိုဏ်း၏ အငြိုးထားခြင်းကို ခံရမည်မှာ သေချာသည်။

ဒုတိယအချက်မှာ သူတို့သည် သွေးကန္တာရထဲတွင် ရှိနေသေးသဖြင့် ဤကောင်ကို သေအောင်ထားခဲ့မည့်အစား အသက်ရှင်လျက် ခေါ်သွားခြင်းက ပိုကောင်းသည်။ နောက်တစ်ကြိမ် အန္တရာယ်ကြုံလျှင် သားရဲအစာ အဖြစ် အသုံးချနိုင်သေးသည် မဟုတ်လော။

ချန်လော့သည် ယန်ချုံထျန်း၏ ရှေ့တွင် ရပ်လိုက်ပြီးနောက် ခါးကို ကိုင်းကာ ယန်ချုံထျန်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ ထို့နောက် 'လူကျစ်ရှန်း' က မိုးမခပင်ကို အမြစ်ကနေ ဆွဲနှုတ်လိုက်သကဲ့သို့ ယန်ချုံထျန်း၏ ခန္ဓာကိုယ်အောက်ပိုင်းကို သဲထဲမှ အလွယ်တကူ ဆွဲထုတ်လိုက်သည်။

ဖြေဆေးတိုက်ပြီးနောက် မကြာမီမှာပင် ယန်ချုံထျန်း နိုးလာခဲ့သည်။

"ငါ... ငါ ဘာဖြစ်သွားတာလဲ"

ယန်ချုံထျန်းသည် လူငါးယောက်ကို ကြောင်တောင်တောင် ကြည့်ကာ မေးလိုက်သည်။ သူသည် ဘာဖြစ်ခဲ့သည်ကို လုံးဝ မမှတ်မိတော့ပေ။

"မနေ့က မင်း အသည်းအသန် ပြေးရလွန်းလို့ သတိလစ်သွားတာလေ။ သားရဲတွေက မင်းရဲ့ ဖင်ကို ကိုက်တော့မယ့် အချိန်မှာ..."

"ကံကောင်းလို့ ငါ ချန်လော့က အချိန်မီ ကယ်လိုက်လို့ပေါ့။ အဲ့ဒီနောက် ငါက မင်းကို ကျောပိုးပြီး မိုင်ပေါင်း သုံးထောင်လောက်ကို အသည်းအသန် ပြေးလာခဲ့တာ၊ ဒါကြောင့် မင်း အသက်ရှင်နေတာပေါ့"

ချန်လော့တစ်ယောက် ဗြောင်လိမ် ဗြောင်စားလုပ်ရာတွင် အတော်လေး ကျွမ်းလှပေသည်။

ဘေးတွင်ရှိသော ကျောက်မန် နှင့် မူရှာရှာ တို့မှာ ဘာမှမပြောဘဲ ငြိမ်နေကြသော်လည်း ချန်လော့ကို ကြည့်ကာ စိတ်ထဲမှ အတင်းပြောနေကြ၏။ ချင်မူကမူ ချန်လော့၏ စကားကို အလွန်ပင် အထင်ကြီးလေးစားစွာ နားထောင်နေသည်။

"မင်း ငါ့ကို ကျောပိုးပြီး မိုင်သုံးထောင် ပြေးခဲ့တာလား"

ယန်ချုံထျန်းက သံသယအပြည့်ဖြင့် မေးလိုက်သည်။

"မိုင် တစ်ထောင် နှစ်ထောင်လောက်တော့ လွဲရင် လွဲမှာပေါ့၊ အဲ့ဒါက အရေးကြီးလို့လား"

"အဓိကက ငါ မင်းကို ကယ်ခဲ့တာ မဟုတ်လား၊ ပုံမှန်ဆိုရင် မင်း ငါ့ကို ကျေးဇူးဆပ်ရမယ်၊ ဝိညာဉ်ကျောက်တုံး သုံးသောင်း ငါးသောင်းလောက် ဆိုရင် ရပါပြီ"

ထိုသို့ ပြောပြီးမှ ချန်လော့သည် ယန်ချုံထျန်း၏ သိုလှောင်အိတ်ကို သူ ယူထားမိသည်ကို သတိရသွားသဖြင့် ချောင်းတစ်ချက်ဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါပေမဲ့ မင်းဆီမှာ အခုချက်ချင်း ပေးစရာ မရှိရင်လည်း ဂိုဏ်းပြန်ရောက်မှ မင်းတို့ ဂိုဏ်းက အကြီးအကဲတွေကို..."

ချန်လော့ စကားမဆုံးခင်မှာပင် ယန်ချုံထျန်းက သူ့ဆီသို့ ခုန်အုပ်လိုက်တော့သည်။ ကံကောင်းစွာဖြင့် ချန်လော့သည် လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့၏။

"တောက်... မင်းက ကျေးဇူးကန်းရုံတင် မကဘူး၊ ကျေးဇူးရှင်ကို ရန်ပြန်လုပ်ရဲတယ်ပေါ့!"

ယန်ချုံထျန်းက ဒေါသတကြီး အော်ဟစ်တော့သည်။

" သေချင်ဇိုးကောင် ငါက သတိလစ်သွားတာ၊ မှတ်ဉာဏ်ပျောက်သွားတာ မဟုတ်ဘူး"

"မနေ့က မင်း ငါ့ကို ကန်ထုတ်ခဲ့တာတွေကို ငါ မှတ်မိသေးတယ် ၊ အခုကျမှ လာပြီး ကယ်တယ် ဘာညာနဲ့... ငါ့ကို လူအ လို့ထင်နေတာလား"

ချန်လော့၏ မျက်နှာမှာ အနည်းငယ် အရှက်ရသွားဟန်ဖြင့်။

"အဲ့ဒါက အချိန်ဆွဲတဲ့ နည်းဗျူဟာပါ..."

"လခွမ်းပဲ၊ မင်းပြောတာကို ငါ ယုံမယ် ထင်နေလား"

ပြောပြောဆိုဆိုဖြင့် သူသည် ချန်လော့ကို ထပ်မံ တိုက်ခိုက်တော့သည်။

...

ဆယ်မိနစ်အကြာ။

"ဟာ... ဒီကောင်က ပိုးဟပ်လိုပဲ၊ အသက်ကလည်း တော်တော် မာတာပဲ"

ချန်လော့သည် မြေပြင်ပေါ်၌ မှောက်နေသော ယန်ချုံထျန်း၏ ကျောပေါ်တွင် ထိုင်ကာ ချွေးများကို ဝတ်ရုံလက်စဖြင့် သုတ်နေသည်။ အသက်ရှူ ပြန်ဝလာသောအခါ သူသည် ချင်မူကို လှည့်ကြည့်လိုက်သည်။

"ချင်မူ... မြေပုံထုတ်ပြီး ကြည့်လိုက်ဦး၊ ငါတို့ ပြန်မယ့်လမ်းကို ရှာရအောင်"

ထိုစဉ် ဘေးတွင်ရှိသော ကျောက်မန်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။

"ဒါနဲ့... ဟိုတပည့်သစ်ရော၊ သူ့ကို ဒီအတိုင်း ထားခဲ့မှာလား"

ချန်လော့က နှာခေါင်းရှုံ့လိုက်၏။

"တပည့်သစ်၊ မနေ့က ငါ နောက်လှည့်ကြည့်တော့ သူ မရှိတော့ဘူး၊ သေသွားပြီ ထင်တာပဲ"

"တကယ်လို့ မင်းက သူ့မှာ မျှော်လင့်ချက် ရှိသေးတယ်လို့ ထင်ရင်တော့ မင်းဟာမင်း ပြန်သွားရှာပေါ့။ သားရဲတွေ စားလို့ မကုန်သေးတဲ့ သူ့ရဲ့ အတွင်းခံလေး ဘာလေး တွေ့ရင် တွေ့ဦးမှာပေါ့"

ထိုစကားကြောင့် ကျောက်မန် မှာ ဘာမှ ထပ်မပြောတော့ပေ။ ထိုမျှများပြားသော မိစ္ဆာသားရဲများကြားတွင် ထိုတပည့်သစ် အနေဖြင့် အသက်ရှင်ရန်မှာ အလွန်ပင် ခဲယဉ်းလှသည် မဟုတ်လော။ ပြန်သွားလျှင်လည်း ၎င်း၏ အရိုးအနည်းစုကိုသာ တွေ့ရပေလိမ့်မည်။

အခန်း (၁၅၄) ဝဋ်လည်ခြင်း

ချင်မူသည် သူ၏ကိုယ်ပေါ်တွင် အတော်ကြာအောင် ရှာဖွေနေပြီးနောက် ခေါင်းမော့ကာ ချန်လော့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ချန်လော့သည်လည်း ချင်မူ၏ အကြည့်ကို သတိပြုမိသဖြင့် မေးလိုက်၏။

"ငါ့ကို ဘာလို့ ကြည့်နေတာလဲ"

"မြေပုံ ပျောက်သွားပြီ"

"အော်... ဟမ်"

ချန်လော့ ခေတ္တမျှ မှင်တက်သွားပြီးမှ ရုတ်တရက် သတိဝင်လာကာ မျက်လုံးအပြူးသားဖြင့် ချင်မူကို မယုံနိုင်သလို စိုက်ကြည့်တော့သည်။

"မင်း ဘာပြောလိုက်တာလဲ"

"မြေပုံ မရှိတော့ဘူး"

"နောက်တစ်ခေါက် ပြန်ပြောစမ်း"

"မြေပုံ ပျောက်သွားပြီ"

"နောက်တစ်ခါ ထပ်ပြောကြည့်စမ်း!!"

"မြေပုံက သူ့ဘာသာသူ ပျောက်သွားတာ"

ချန်လော့: ...

ကျောက်မန်: ...

မူရှာရှာ: ...

ချန်လော့သည် သူ့ရှေ့က ချင်မူကို စိတ်ပျက်လက်ပျက် ကြည့်နေမိပြီး ၊ ချင်မူကို အရှင်လတ်လတ် ဝါးစားပစ်ချင်စိတ် ပေါက်နေတော့သည်။

ချင်မူကမူ တည်ငြိမ်သော ပုံစံကို ဆက်လက်ထိန်းသိမ်းထားပြီး ချန်လော့၏ ဒေါသကို လုံးဝ သတိမပြုမိသလိုပင်။ အဆိုးဆုံးမှာ ဤသကောင့်သားကို သူတို့ ဘာမှလုပ်၍မရခြင်းပင် ။

ထို့ကြောင့် ချန်လော့မှာ ဒေါသကို ထိန်းရန် သက်ပြင်းကို အကြိမ်ကြိမ် ချလိုက်ရသည်။

"မင်းဆီမှာ တခြားမြေပုံတွေ မပါတော့ဘူးလား။ အပိုတွေ ဘာတွေလေ"

"မပါဘူး"

"ဒါဆို တည်နေရာကို သိနိုင်မယ့် တခြားအရာတစ်ခုခုကော မရှိဘူးလား"

"မရှိဘူး"

"မင်း ထွက်မလာခင်က မင်းအဖေ ဒါမှမဟုတ် ရာက္ခသတံခါးဂိုဏ်းက အကြီးအကဲတွေက အရေးပေါ် အချက်ပြမီးတွေ၊ တယ်လီပို့စာစောင်တွေ ဘာမှ မပေးလိုက်ဘူးလား"

"မပေးဘူး... လုံးဝပဲ"

"..."

အတော်ကြာအောင် စဉ်းစားပြီးနောက် ချန်လော့သည် ဘေးသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လျက် သစ်သားချောင်းလေးဖြင့် သဲပြင်ပေါ်တွင် စက်ဝိုင်းများ ဆွဲနေတော့သည်။

"ဘာလုပ်နေတာလဲ"

ချင်မူက အလိုက်ကန်းဆိုးမသိဘဲ ချန်လော့အနားသို့ လျှောက်သွားကာ မေးလိုက်သည်။

ချန်လော့သည် ချင်မူဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာတွင် ပြုံးဖြီးဖြီး ပုံစံကြီး ဖြစ်ပေါ်နေ၏။

"ငါ ဘာလုပ်ရမလဲ ဟုတ်လား"

"ငါ ဒုံးပျံတစ်လုံးဆွဲပြီး မင်းကို အထဲထည့်၊ မီးရှို့ပြီး ကောင်းကင်ပေါ် လွှတ်လိုက်မယ်။ အဲ့ဒီမှာ မင်းက ဝုန်းခနဲ ပေါက်ကွဲသွားရင် ငါတို့ ဘယ်မှာရှိလဲဆိုတာ တစ်လောကလုံး သိသွားမှာပေါ့"

ချန်လော့၏ ဒေါသတကြီး အော်ဟစ်မှုကို ချင်မူက ဘာမှ မတုံ့ပြန်ပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြန်ပြောလိုက်၏။

"ငါ့အစား ယန်ချုံထျန်းကို ထည့်လို့ မရဘူးလား"

ထိုစကားကို ကြားသောအခါ ကျောက်မန်နှင့် မူရှာရှာတို့မှာ မနေနိုင်ဘဲ တဟားဟား အော်ရယ်ကြတော့သည်။

ချန်လော့မှာမူ ရင်ဘတ်ထဲတွင် တလှပ်လှပ် ဖြစ်သွားကာ ရင်တုန်သွားရ၏။ သူသည် ချင်မူကို ကြည့်ကာ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။ အတော်ကြာမှ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ပုံမှန်ပဲ ဆိုပေမဲ့ ကျင့်ကြံမှုစတင်တုန်းက ငါ့ရဲ့ တာအိုစိတ်နှလုံးသားကို အတော်လေး နက်နဲတယ်လို့ ငါ ထင်ခဲ့တာ"

"ဒါပေမဲ့ မင်းက ငါ့ကိုယ်ငါ အထင်ကြီးလွန်းခဲ့တယ်ဆိုတာကို သိအောင် လုပ်ပေးလိုက်တာပဲ"

"မင်းက ပါရမီရှင်ပဲ၊ ချင်မူ... မင်းက တကယ့် ပါရမီရှင်ပဲ"

ချန်လော့၏ စကားကို ကြားသောအခါ ချင်မူ၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားပြီး ရှက်သွားပုံရသည်။

"အဲ့ဒါက မင်းရဲ့ ကောင်းမွန်တဲ့ သွန်သင်မှုတွေကြောင့်ပါ"

ထိုစကားကြောင့် ချန်လော့မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဦးနှောက်ထဲတွင် တဝီဝီနှင့် မြည်သွားတော့သည်။

"မင်းက တကယ်ကို ယဉ်ကျေးတတ်တာပဲနော်"

"မင်းက တကယ်ကို ဆုံးမမှု ကောင်းတာပဲ"

ချန်လော့က ဟိန်းဟောက်လိုက်၏။ သူ၏ မျက်လုံးများမှာ ချင်မူကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ချင်နေသည့်အလား။ သို့သော် ချင်မူကမူ ချန်လော့စကားနောက်ကွယ်က အဓိပ္ပာယ်ကို မသိဘဲ ဆက်ပြောပြန်သည်။

"ဂိုဏ်းထဲက အကြီးအကဲတွေကလည်း ငါ့ကို အမြဲတမ်း အဲ့လိုပဲ နောက်ကြတယ်"

ထိုအခါ ကျောက်မန်နှင့် မူရှာရှာတို့မှာ သဲပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ရယ်ကြတော့သည်။ ချန်လော့သည် ချင်မူကို ကြည့်ကာ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။

သူသည် ခေါင်းကို ခါယမ်းကာ သက်ပြင်းအရှည်ကြီးကို ချလိုက်ရာ အသက် ၅၀၊ ၆၀ ခန့် အိုမင်းသွားသည့်အလား ထင်ရ၏။

"ငါ့ဘဝမှာ မကောင်းတာတွေ အများကြီး လုပ်ခဲ့မိလို့ အခုတော့ တကယ်ပဲ ဝဋ်ပြန်လည်နေပြီ"

"တော်ပြီ... တော်ပြီ"

ထိုသို့ပြောပြီးနောက် ချန်လော့သည် ဘေးသို့ လျှောက်သွားကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေသော ကျောက်မန်နှင့် မူရှာရှာကို ဆွဲထုတော့သည်။

...

လူအချို့ကို ရိုက်နှက်ပြီးနောက် ချန်လော့သည် သူ၏ နာကျင်မှုများကို ကျောက်မန်နှင့် မူရှာရှာတို့ဆီသို့ အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့သည်။

"မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ဆီမှာ မြေပုံတို့ ဘာတို့ မပါဘူးလား"

ချန်လော့က သူ၏ အရိုက်ခံရမှုကြောင့် မျက်နှာတွင် ဖူးရောင်နေသော ကျောက်မန်နှင့် မူရှာရှာကို မေးလိုက်၏။သူမတို့နှစ်ဦးမှာ ချန်လော့ကို ရန်ငြိုးဖြင့် ကြည့်နေကြသော်လည်း မဖြေဘဲ မနေရဲကြသဖြင့် ခေါင်းယမ်းပြလိုက်ကြသည်။

ချန်လော့က အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"မပါဘူးလား... မင်းတို့မှာ ဘာလို့ ဘေးအန္တရာယ်ဆိုင်ရာ အသိစိတ် လုံးဝ မရှိကြတာလဲ"

ဘေးတွင် ရပ်နေသော ချင်မူကလည်း ချန်လော့၏ စကားကို ထောက်ခံသကဲ့သို့ ခေါင်းညိတ်ပြ၏။

"ကျောက်မန်... မင်းမှာ ဟိုတစ်ခါက ကြယ်တာရာနယ်မြေ မြေပုံရှိတယ် မဟုတ်လား"

ကျောက်မန်က ခေါင်းယမ်းသည်။

"ယူမလာဘူး"

ချန်လော့သည် ကျယ်ပြောလှသော ကန္တာရကြီးကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ထပ်ပြောသည်။

"အခု ငါတို့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်"

"ပထမတစ်ခုက... ဒီနေရာမှာပဲ အကူအညီ လာတာကို စောင့်မယ်"

"ငါတို့တွေ အကြာကြီး ပျောက်နေရင် ဂိုဏ်းက အကြီးအကဲတွေ တစ်ခုခု မှားနေပြီဆိုတာ သိပြီး လူလွှတ်ရှာမှာပဲ။ ဒါပေမဲ့ ဘယ်တော့မှ တွေ့မလဲဆိုတာကတော့ မေးခွန်းထုတ်စရာပဲ။ နှစ်ရက် သုံးရက်လည်း ဖြစ်နိုင်သလို၊ နှစ်လ သုံးလလည်း ဖြစ်နိုင်တယ်။ ဟိုး... နှစ်နှစ် သုံးနှစ်အထိ ကြာရင် ကြာသွားနိုင်တယ်"

သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထိုနည်းလမ်းကို သဘောတူပုံရသော်လည်း အကြီးအကဲများမှာ မည်သည့်အချိန်တွင် သူတို့ကို ရှာတွေ့မည်ကို မသေချာပေ။

"ဒုတိယ ရွေးချယ်စရာကတော့... ငါတို့ဘာသာ ငါတို့ သွားမယ်"

ချန်လော့က ဆက်ပြောသည်။

"အခု ငါတို့မှာ မြေပုံမရှိပေမဲ့ သွေးကန္တာရက အကန့်အသတ် ရှိပါတယ်၊ ဒါပေမဲ့ ငါတို့ လျှောက်နိုင်တဲ့ ခြေလှမ်းတွေက အကန့်အသတ် မရှိဘူး"

"အဆုံးမဲ့တဲ့ ခြေလှမ်းတွေနဲ့ဆိုရင် အကန့်အသတ်ရှိတဲ့ သွေးကန္တာရထဲကနေ သေချာပေါက် ထွက်နိုင်မှာပဲ"

"ဒါကြောင့် ငါတို့ လုပ်ရမှာက လမ်းကြောင်းတစ်ခုကို ရွေးပြီး ရှေ့ကိုသာ ဆက်လျှောက်သွားဖို့ပဲ၊ ဒါဆိုရင် နောက်ဆုံးမှာ သေချာပေါက် ထွက်ပေါက်ကို တွေ့မှာပဲ"

အဖွဲ့သားများသည် ထိုနည်းလမ်းမှာလည်း မဆိုးလှဟု တွေးလိုက်ကြသည်။

"ငါကတော့ ဒုတိယနည်းလမ်းကို သဘောတူတယ်။ ဘယ်သူ သဘောတူလဲ၊ ဘယ်သူ ကန့်ကွက်လဲ"

မည်သူမှ စကားမပြောသည်ကို မြင်သောအခါ ချန်လော့က တိုက်ရိုက်ပင် အဆိုပြုလိုက်တော့သည်။ ကျောက်မန်နှင့် မူရှာရှာတို့မှာ ဖူးရောင်နေသော မျက်နှာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းယမ်းလိုက်ကြ၏။

"ခေါင်းယမ်းတယ်ဆိုတာ ကန့်ကွက်စရာ မရှိဘူးလို့ အဓိပ္ပာယ်ရတယ်"

ချန်လော့က ဆိုသည်။

ခေတ္တစဉ်းစားပြီးနောက် ချင်မူက ခေါင်းညိတ်ပြသည်။

"ခေါင်းညိတ်တယ်ဆိုတာ သဘောတူတယ်လို့ အဓိပ္ပာယ်ရတယ်"

ထိုစဉ် သူတို့၏ နောက်ဘက်မှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ... ငါ..."

ထိုအသံကြောင့် ချန်လော့ ခဏမျှ မှင်တက်သွား၏။ သူသည် လှည့်ပတ်ကြည့်လိုက်သော်လည်း တခြားလူကို မတွေ့ရပေ။

ကျောက်မန်က ချန်လော့၏ ဖင်အောက်သို့ ညွှန်ပြလိုက်မှ ချန်လော့ သတိရသွားသည်။ သူ ငုံ့ကြည့်လိုက်သောအခါ ယန်ချုံထျန်းမှာ ပါးစပ် တလှုပ်လှုပ်ဖြင့် တစ်စုံတစ်ခု ပြောရန် ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။

"မင်းက 'ငါ' ဆိုပြီး ဘာလုပ်မလို့လဲ၊ မင်းမှာ မဲပေးပိုင်ခွင့် မရှိဘူး"

ပြောပြောဆိုဆိုဖြင့် သူသည် ယန်ချုံထျန်း၏ နောက်စေ့ကို လက်သီးဖြင့် တစ်ချက် ထုလိုက်ရာ ယန်ချုံထျန်းမှာ ထပ်မံ သတိလစ်သွားပြန်သည်။ ချန်လော့သည် လူသားပုံစံ ဖင်ထိုင်ခုံကြီးပေါ်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး အဖွဲ့သားများကို ကြည့်လိုက်သည်။

"ကဲ... အစီအစဉ်က အတည်ဖြစ်သွားပြီဆိုတော့ နောက်ထပ် လုပ်ရမှာက..."

ချန်လော့သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ကျယ်ပြောလှသော ကန္တာရကြီးထဲတွင် နေရာတိုင်းမှာ တူညီနေပေသည်။

"ဟိုဘက်ကို သွားကြမယ်"

ချန်လော့သည် လမ်းကြောင်းတစ်ခုကို ကျပန်း ညွှန်ပြလိုက်ပြီး ဦးဆောင်ကာ လျှောက်သွားတော့သည်။ ထိုအခါ ချင်မူက ချက်ချင်း နောက်မှ လိုက်သွား၏။ ကျောက်မန်နှင့် မူရှာရှာတို့မှာလည်း အားကိုးရာမဲ့စွာဖြင့် လိုက်သွားကြရတော့သည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် မူရှာရှာက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လှည့်ကြည့်လိုက်ပြီး လူတိုင်း မေ့ကျန်ခဲ့သော ယန်ချုံထျန်းကို ဆွဲခေါ်ကာ ဆက်လက် လိုက်ပါသွားတော့၏။

သူမတို့အားလုံး ချန်လော့ ညွှန်ပြသောဘက်သို့ ဦးတည်သွားနေကြစဉ်မှာပင် မိုင်ပေါင်း ရာနှင့်ချီသော အကွာအဝေးရှိ မြေပြင်ပေါ်၌ သဲတွင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ၊ ထိုတွင်းထဲမှ မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာ ထွက်လာကြလေတော့သည်။

All Chapters