ပစ္စည်းများ
Vol. 20 Ch. 279
အခန်း (၂၇၉) : ပစ္စည်းများ
တာအိုကျောက်ပြားများကိစ္စကို ဖြေရှင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က နောက်ရက်အနည်းငယ်ကြာ သူ့ဘာသာသူ အနားယူလိုက်သည်။ သူက အကောင်းဆုံးသေရည်ကို သောက်သုံးရင်း အရသာအရှိဆုံး အစားအစာများကို စားကာ အလောင်းအစား အနည်းငယ်ပင် ပြုလုပ်ခဲ့သေးသည်။ ထို့နောက် သူက အလယ်ကုန်းမြေရှိ နာမည်ကျော် အကမယ်များကို ကြည့်ရန် ဆောင်ကြာမြိုင်သို့ပင် သွားခဲ့သေးသည်။
ဝူဟုန်လား…
သူမကလည်း သူနှင့်အတူ တစ်လျှောက်လုံး အဖော်ပြုပေးခဲ့သည်။ ဆောင်ကြာမြိုင် အပါအဝင် ဖြစ်၏။ သူမက သူတို့၏ အရည်အချင်းများကို ချီးကျူးခဲ့သော်လည်း သူမက ပို၍ကောင်းသည်ဟု ပြောခဲ့သည်။
ဝမ်ဝေ့က သူမအား ကိုယ့်ဘာသာ အထင်ကြီးနေကြောင်း ပြောခဲ့မိသည်။ ထိုည၌ ဝူဟုန်က သူ မှားယွင်းကြောင်း သူ့ဘဝတွင် မမေ့နိုင်တော့မည့် ကကွက်တစ်ခု ပြကာ သက်သေပြခဲ့သည်။
သူက သူမကို မထိတွေ့နိုင်သေးသောကြောင့် သူ့ဘာသာသူ ရေအေးအေးဖြင့်သာ စိတ်ဖြေလိုက်ရသည်။
သူတို့ဂိုဏ်းကို ပြန်ရောက်ပြီးသည့်နောက်တွင် ထျဲ့ကန်ဆီမှ အဆောင်တစ်ခု ရရှိလိုက်သောကြောင့် သူနှင့် တွေ့ဆုံရန် ထွက်လာခဲ့လိုက်သည်။
“ ဘာလို့ ခေါ်လိုက်တာလဲ”
“ အမွေခံသားတော် ကျုပ်ရဲ့ မသေမျိုးစစ်တပ်ကို ပြချင်လို့ပါ” ထျဲ့ကန်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။
ဝမ်ဝေ့က သူနှင့်အတူ တောင်ထိပ်တစ်ခုသို့ လိုက်သွားလိုက်သည့်အခါ မီးခိုးရောင် ချပ်ဝတ်များ ဝတ်ဆင်ထားသည့် အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူ တပ်ဖွဲ့ကို မြင်လိုက်ရသည်။ သူတို့အားလုံးတွင် ခက်ထန်သည့် မျက်နှာထားများ ရှိပြီး သူတို့ဝန်းကျင်တွင် ကြောက်မက်ဖွယ်သတ်ဖြတ်ငွေ့များ ရှိနေသည်။
သူတို့တပ်ဖွဲ့ဝင်များကြားတွင် ဆက်နွယ်မှု တစ်ခုရှိကြောင်း ခံစားမိလိုက်၏။ ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ ဝိညာဉ်ချီဖြင့် ပြုလုပ်ထားသည့် လှံနှစ်ချောင်း ပေါ်ထွက်လာသည်။ ထို့နောက် သူက ပစ်လွှတ်လိုက်၏။
ဝုန်း…
အသံအကျယ်ကြီးနှင့်အတူ လှံက စစ်သားတစ်ထောင်လောက်၏ နှလုံးသားကို ထိုးဖောက်သွားလေသည်။ သို့သော်လည်း ထိုဖြစ်စဉ်အတွင်း သူတို့၏ အမူအရာက တစ်စက်မှ မပြောင်းလဲသွားသလို သေခြင်းတရားကို ကြောက်ရွံ့သည့် အမူအရာလည်း မပြသပေ။
ထိုအကြောင်းအရင်းက မကြာခင် ထွက်ပေါ်လာလေသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးနောက်တွင် တခြားစစ်သားများ၏ အသက်ဓာတ်က ထိုဒဏ်ရာရ စစ်သားများဆီ ကူးပြောင်းသွားပြီး သူတို့၏ ပြင်းထန်သော ဒဏ်ရာများအား ပြန်လည်ကောင်းမွန်သွားစေသည်။ သူတို့၏ ချပ်ဝတ်များပင် အလိုလို ပြန်ကောင်းပြီးသား ဖြစ်သွား၏။
“ ကောင်းတယ် ကောင်းတယ်။ သိပ်မကြာခင် တပ်တစ်ခု လိုလိမ့်မယ်လို့ ခံစားမိနေတယ်။ ဒါပေမဲ့ ဒီတပ်ရဲ့ အကြီးမားဆုံး အားနည်းချက်က ဘာလဲဆိုတာကို သိလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ဟုတ် သိပါတယ်။ အကြီးမားဆုံး အားနည်းချက်က ကျုပ်ပါပဲ” ထျဲ့ကန်က ပြန်ဖြေလိုက်သည် “ ကျုပ်သာ တစ်ခုခုဖြစ်သွားရင် ဒီစစ်သားတွေရဲ့ အသက်ဓာတ်ဆက်နွယ်ထားတဲ့ ချိတ်ဆက်မှုက ကျိုးပျက်သွားပြီးတော့ မသေနိုင်စွမ်းကို ဆုံးရှုံးသွားလိမ့်မယ်။ အဲဒါကြောင့် ကျုပ်လည်း အားကောင်းဖို့ လိုအပ်တယ်”
ဝမ်ဝေ့က ခေါင်းညိတ်ပြီးနောက် “ ဒါပေမဲ့ အဲဒါနဲ့ မလုံလောက်သေးဘူး။ ဂိုဏ်းကနေ မင်း လေဟာနယ်ဖြိုဖျက်ခြင်းအဆင့် မရောက်ခင် မင်းဆီကို လေဟာနယ် ဆက်စပ်နေတဲ့ ပစ္စည်းတစ်ခု ပေးဖို့ ပြောပေးမယ်။ အဲ့ကျရင် မင်း နေရာကူးပြောင်း သွားလာနိုင်တာပေါ့။ အရေးပေါ် ကိစ္စဖြစ်လာရင် ရန်သူဆီကနေ ဆက်တိုက်ထွက်ပြေးလို့ ရတယ်”
ထျဲ့ကန်က ခေါင်းညိတ်လိုက်ပြီးနောက် လက်ခံလိုက်သည်။ သူက နာမည်အသစ် ပေးထားသော မသေမျိုးစစ်တပ်ကို အနည်းငယ် စမ်းသပ်လိုက်ပြီးနောက် ဝမ်ဝေ့က သူ့တောင်ကို ပြန်လာကာ နောက်အစီအစဉ်ကို စတင်လိုက်သည်။
သူက လျှို့ဝှက်ကောင်းကင်မျှော်နန်းမှ ငှားယူထားသည့် ပါကွားလိပ်ခွံကို ထုတ်ကာ မိုးမြေလျှို့ဝှက်ချက်များအား စတင်တွက်ချက်ကြည့်လိုက်သည်။
“ ငါ သရက်ရွက် လေ့ကျင့်ဖို့ အတွက် လိုအပ်နေတဲ့ ပစ္စည်းရဲ့ သဲလွန်စကို ရှာတွေ့ပေမဲ့ နှလုံးသားအတွက် လိုအပ်နေတာကို ရှာမတွေ့သေးဘူး။ ဖြစ်နိုင်တာက ဒီကမ္ဘာနဲ့ မီးနဲ့ပတ်သက်တဲ့ ပင်ကိုယ်ပစ္စည်းများ မကျန်တော့ဘူးလား။
ဒီလိုလည်း မဖြစ်နိုင်ဘူး။ သူတို့က ကံကြမ္မာစွမ်းအား သက်ရောက်ခံထားရတဲ့ နေရာမျိုးမှာ မဟုတ်သရွေ့ပေါ့။ ကောင်းပြီ အရင်ဆုံး ပင်ကိုမြေဓာတ်ပစ္စည်းကို သွားရှာကြည့်ရအောင်”
သူက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့ဂမ္ဘီရဉာဏ်မှ ညွှန်ပြသည့်လမ်းကြောင်းအတိုင်း ထွက်လာခဲ့လိုက်သည်။ လမ်းတွင် ပြဿနာတချို့ဖြင့် ကြုံတွေ့ခဲ့ရသေး၏။ သူ့ကို ကျောင်းတော်၏ စစ်ဆေးမှုမှ ထိပ်တန်းကောင်းကင်ရွေးချယ်ခံ အယောက် ၃၀ထဲမှ တစ်ယောက်က စိန်လာခေါ်ခဲ့သည်။ ဝမ်ဝေ့က ထိုလူကို အနိုင်ပိုင်းခဲ့သော်လည်း ထိုလူက သူ့ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်နေလေသည်။
ဝမ်ဝေ့က ဒေါသထွက်ကာ သူ့ဦးနှောက်ကို အစိတ်စိတ်အမြွာမြွာ ချေမွပစ်ခဲ့သည်။ ကံဆိုးစွာဖြင့် ထိုလူက ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်တွင် နာမည်ရေးထိုးပြီးသားဖြစ်၍ အလိုလိုပြန်ကောင်းသွားလေသည်။
သူက ထိုလူကို မသတ်နိုင်မှန်းသိ၍ ဝမ်ဝေ့က နာကျင်မှု ပင်ကိုစွမ်းရည်ဖြင့် သူ့အပေါ် စိန်ခေါ်မှု လက်လျှော့သွားစေရန် အသုံးပြုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုလူတစ်ဦးတည်း လာပြီးတော့ စိန်ခေါ်မည် မဟုတ်ကြောင်း ခံစားချက် ရရှိနေသည်။ သူတို့တွင် မသေမျိုးစွမ်းအား အရေးသာချက်ရှိသည် မဟုတ်ပါလော။
ထို့နောက်တွင် ဝမ်ဝေ့က အရှေ့ပိုင်းနဂါးပြာကုန်းမြေအထိ ခရီးနှင်လာခဲ့လိုက်သည်။
ထိုနေရာတွင် သူက ဦးတည်ချက်သို့ တန်း၍ မသွားဘဲ ဘေးပတ်လည်သို့ လျှောက်လှည့်ကြည့်လိုက်သည်။ ပထမဆုံး သတိပြုမိသည့်အရာမှာ အလယ်ပိုင်းကုန်းမြေနှင့် ယှဉ်လိုက်လျှင် မိုးမြေကြားရှိ ဝိညာဉ်စွမ်းအားက အတော်လေး လျော့ပါးနေလေသည်။
မြို့ငယ်အတွင်း ဝမ်ဝေ့က လမ်းမအထက် လျှောက်လှမ်းလာလေသည်။ သူက နယ်လှည့်ခရီးသွား တစ်ယောက်လိုမျိုး ဘေးပတ်လည်ကို လျှောက်ကြည့်နေ၏။ သိပ်မကြာခင် သူက လူအများစုသည် လက်နက်များစွာကို သယ်ဆောင်ထားကြောင်း သတိထားလိုက်မိ၏။ အထူးသဖြင့် ဓားများ ဖြစ်၏။ သူတို့က စစ်သည်တော် သို့မဟုတ် အမဲလိုက်သည့် အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ထိုအရာက ကျင့်ကြံသူများနှင့် သေမျိုးများအတွက် အတူတူ ဖြစ်၏။
ကြည့်ရတာ အရှေ့ပိုင်းကုန်းမြေက အလယ်ပိုင်းကုန်းမြေထက်စာရင် သိုင်းပညာဘက် ပိုရောက်သလိုပဲ။ ဒီယဉ်ကျေးမှုက ငါ့အတိတ်ဘဝတုန်းက စုန့်တိုင်းပြည်နဲ့ ပိုပြီးတော့ တူတယ်။ အလယ်ပိုင်းကုန်းမြေကတော့ ထန်တိုင်းပြည်နဲ့ ပိုတူတယ် …
ပြီးတော့ ဓားသမားအရေအတွက်ကလည်း တော်တော်လေး များတယ်။ ဓားရေးစံအိမ်ရဲ့ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်မယ်တူတယ် …
ဝမ်ဝေ့၏ ဈေးကြီးလှသော အဝတ်အစားများ၊ ခဲဖြူရောင်ဆံပင်နှင့် မျက်ဝန်းက အလွယ်တကူ သတိထားမိစေသော်လည်း သူ့ဆီမှ ထုတ်လွှတ်ထားသည့် အရှိန်အဝါက လူများအား အလွယ်တကူ အနိုင်ကျင့်နိုင်သည့် သခင်လေးဟု ထင်မှတ်ခြင်းမှ ကာကွယ်ထားသည်။ ထို့နောက် သူက ပြဿနာများစွာ မရှိဘဲ ဦးတည်ရာသို့ ရောက်ရှိသွားလေသည်။ ထိုဦးတည်ချက် ထိုနေရာတစ်ဝိုက်တွင် အတော်အတန်ကျော်ကြားသည့် စားသောက်ဆိုင်ငယ်လေး ဖြစ်၏။
“ သခင်လေး ဘာများကူညီပေးရမလဲ” စားပွဲထိုးမ လှလှလေးက လာမေးလေသည်။
“ မင်း ဒီမှာ အလုပ်လုပ်တာ ကြာပြီလား” ဝမ်ဝေ့က ပြန်မေးလိုက်သည်။
“ ရှင်က ဒီက မဟုတ်ဘူးမလား”
“ ဒီအချက်က သိသာတယ် ထင်ပါတယ်”
“ ဟုတ်တယ်။ ကျွန်မရဲ့ မိသားစုက ဒီစားသောက်ဆိုင်ကို စီမံလာတာ မျိုးဆက်အများကြီး ရှိနေပြီ”
“ အဲလိုလား။ အဲဒါဆိုရင် မင်းက ဒီနေရာတစ်ဝိုက်မှာ ရှိတဲ့ ဂိုဏ်းတွေ၊ အင်အားစုတွေအကြောင်းကို သိမှာပေါ့။ ဘယ်ဂိုဏ်းက အားအကောင်းဆုံးလဲ”
“ ဒီအနားမှာ ဂိုဏ်းများစွာ ရှိပေမဲ့ အားအကောင်းဆုံးကို ပြောရမယ်ဆိုရင် သန့်စင်ရေးဂိုဏ်းပဲ ဖြစ်လိမ့်မယ်။ သူတို့ရဲ့ အကြီးအကဲချုပ်က မသေမျိုး အမတရှင်တွေလိုမျိုး ကောင်းကင်နဲ့ လေထဲမှာ ပျံသန်းနိုင်တယ်တဲ့လေ”
သဘာဝလွန်အဆင့်လား။ ဒါမှမဟုတ် အဲဒီထက် မြင့်တာလား။
ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်မိသည်။
“ သန့်စင်ရေးဂိုဏ်းကို လမ်းညွှန်ပေးလို့ရမလား”
“ သခင်လေးက အဲဒီမှာ ဝင်ရောက်ချင်လို့လား။ ကြားတာတော့ သူတို့ဂိုဏ်းရဲ့ လိုအပ်ချက်တွေက တော်တော်လေး မြင့်မားတယ်တဲ့” စားပွဲထိုးမလေးက ပြန်ဖြေလိုက်သည်။ ထို့နောက် သူမက ထိုနေရာသို့ မည်သို့ သွားရမည်ကို ရှင်းပြလိုက်၏။ နောက်ဆုံးတွင် စကားဝိုင်းပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့က သူတို့၏ နာမည်ကျော်အစားအသောက်ကို မှာယူပြီး ရက်ရက်ရောရော ပေးကမ်းခဲ့သည်။
ဝမ်ဝေ့က ထွက်လာပြီးသည့်နောက်တွင် ထိုစားသောက်ဆိုင်ငယ်လေးအား ပြန်လှည့်ကြည့်လိုက်သည်။ သူက ထိုစားပွဲထိုးမလေး၏ ကံကြမ္မာကို ဖတ်ပေးချင်သော်လည်း သူက မလုပ်ဆောင်လိုက်ပေ။
အကောင်းဆုံးအခြေအနေက သူမက ဆယ်စုနှစ်အချို့အတွင်း အမျိုးသမီးအိုကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်ပြီး အဆိုးဆုံးအခြေအနေအဖြစ် သူမက လမ်းတစ်ဝက်တွင် ဆိုးရွားမှုတစ်ခု ကြုံတွေ့ကာ သေဆုံးရလိမ့်မည်။ ကမ္ဘာကြီးက သေမျိုးများဖြင့် ပြည့်နှက်နေလေရာ သူတို့၏ ကံကြမ္မာက တစ်သတ်မတ်တည်း သတ်မှတ်ပြီးသားဖြစ်၏။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် ထိုဂိုဏ်းတစ်ဂိုဏ်း တည်ရှိသည့် တောင်ငယ်လေးတစ်ခုဆီ ပျံသန်းသွားလိုက်သည်။ သူက အလျင်အမြန် ကြည့်လိုက်ပြီးသည့်နောက်တွင် ထိုဂိုဏ်း၏ အားအကောင်းဆုံးမှာ သဘာဝလွန်အဆင့်သာ ဖြစ်ကြောင်း တန်းပြောနိုင်လေသည်။ သူတို့ဂိုဏ်း၏ အစီအရင်က ထိပ်တန်းနက်နဲအဆင့်သာ ဖြစ်၏။
ဒီလိုဂိုဏ်းငယ်လေးက ပင်ကိုပစ္စည်းနဲ့ ဘယ်လိုများ ဆက်နွယ်မှု ရှိနေတာပါလိမ့်
ဝမ်ဝေ့က သူ့ဂမ္ဘီရဉာဏ်အတိုင်း ဂိုဏ်းထဲရှိ ဥယျာဉ်ငယ်လေးဆီ ရောက်သွားလိုက်သည်။ ထူးဆန်းသည်က ထိုဥယျာဉ်ငယ်လေးကို ဂိုဏ်းရှိ ကျန်အရာအားလုံးမှ မမြင်နိုင်ဟန် တားဆီးထားဟန်ပေါ်သည်။ ထိုနေရာတွင် အားကောင်းသည့် သတ်ဖြတ်ရေးအစီအရင်မျိုး မရှိကြောင်း စစ်ဆေးပြီးသည့်နောက် ဝမ်ဝေ့က အထဲသို့ ဝင်သွားလိုက်သည်။ သိပ်မကြာခင် သူက ဥယျာဉ်ငယ်လေးအတွင်း ဥယျာဉ်၏ ပိုင်ရှင်ကို မြင်လိုက်ရ၏။
“ မင်းလား” ဝမ်ဝေ့က ပြောလိုက်သည်။
“ ကြည့်ရတာ ကျွန်မတို့ဆီမှာ ဧည့်သည်ရောက်လာပုံပဲ။ သခင်လေး ဝမ်ဝေ့ ကျွန်မတို့ ထပ်တွေ့ပြန်ပြီနော်”
ဝမ်ဝေ့က သူ့ရှေ့မှလူသည် သူ ခရီးသွားစဉ်အတွင်း တွေ့ရှိခဲ့သော တစ္ဆေတစ်ကောင် ဖြစ်၍ မျက်မှောင်ကြုတ်မိသွားသည်။ သူက လီကျွင်း ရရှိထားသော မှတ်ဉာဏ်များမှ တိထျန်း၏ ဇနီးဖြစ်ကြောင်း သိလေသည်။
“ ဒါနဲ့ဆိုရင် ကျုပ်တို့တွေ့တာ ဒုတိယအကြိမ်မြောက်ဆိုပေမဲ့ ခင်ဗျားရဲ့ နာမည်ကို မသိရသေးဘူးပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ နာမည်လား။ ကျွန်မက နာမည်ရှိတာ ကြာလွန်းလှပြီဆိုတော့ မေ့တောင် မေ့နေပါပြီ။ ဒါပေမဲ့ ရှင် သိချင်ရင်တော့ ကျွန်မကို ချောင်းနဉ်လို့ ခေါ်လို့ရပါတယ်။ အဲဒါက ကျွန်မ ရှိခဲ့ဖူးတဲ့ နာမည်ပေါ့”
“ နာမည်အလှလေးပဲ။”
“ တကယ်လို့ ရှင် စိတ်ထဲမရှိရင် အဖန်ရည်သောက်ပြီး စကားပြောရအောင်လေ”
ချောင်းနဉ်က အဖန်ရည်တချို့ ကျိုချက်နေစဉ် ဝမ်ဝေ့က သူမရှေ့တွင် ဝင်ထိုင်လိုက်သည်။ သို့သော်လည်း သူက အဖန်ရည်ကို မထိပေ။
“ ဘာဖြစ်လို့လဲ။ ဒါက ရှင့်အကြိုက် မဟုတ်ဘူးလား”
“ ကျုပ် ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဇစ်မြစ်အရ ကျုပ် သတိထားဖို့ လိုအပ်တယ်လေ”
“ အော် ရှင် သိသွားပြီပဲ” ချောင်းနဉ်က ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ဒါတွေအားလုံးက အတိတ်မှာပါ”
“ အတိတ်ဆိုတာက အနာဂတ်ကို လွှမ်းမိုးနိုင်ဖို့ နည်းလမ်းရှိတယ်လေ။ နမူနာဆိုရင်တော့ ခင်ဗျားရဲ့ ယောက်ျားက ခင်ဗျားရဲ့ တည်ရှိမှုကို သိသွားတာနဲ့ မိုးမြေကိုတောင် ရွေ့လျားပြီးတော့ ခင်ဗျားကို လာတွေ့လိမ့်မယ်”
“ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒါက သူ့အတွက် နာကျင်မှုတွေပဲ ပိုပြီး ဖြစ်လာစေလိမ့်မယ်။ အဲဒါကြောင့် ပြောရရင် ကျွန်မက အတိတ်ကို ဖက်တွယ်နေတဲ့ အကြွင်းအကျန်တစ်ခုပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ တစ်နေ့ကျရင် ကျွန်မက ထာဝရပျောက်ကွယ်သွားလိမ့်မယ်”
“ အဲဒါကြောင့် သူ ခင်ဗျား သေတာ နှစ်ခါ မမြင်ရအောင် သူ့ဆီကနေ ဖုံးကွယ်ထားတာလား”
“ အဟုတ်ပါပဲ”
“ အဲဒါဆို ခင်ဗျားက သူ့အပေါ် ယုံကြည်ချက် မရှိဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
ချောင်းနဉ်က အဖန်ရည်ကို တစ်ငုံသောက်ကာ အဝေးကို လှမ်းမျှော်ကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။ “ တချို့ကိစ္စတွေက ကံကြမ္မာဖန်လာပြီးသား ရှောင်လွှဲလို့ မရနိုင်ဘူး။”
ထို့နောက် သူမက သူ့အား ကြည့်ကာ “ ကောင်းပြီ။ အဲလိုစိတ်ပျက်စရာကောင်းတဲ့ အရာတွေကို မပြောဘဲ နေရအောင်။ ကျွန်မအတွက် ဧည့်သည် ရောက်လာဖို့ဆိုတာ အရမ်းကို ရှားတယ်။ ရှင် ဘာကိစ္စနဲ့များ ရောက်လာတာလဲ”
“ ကျုပ် ဂမ္ဘီရဉာဏ်အရ ဒီနေရာမှာ ပင်ကိုမြေဓာတ် ရှိတယ်ဆိုလို့ လာရှာတာ။ အနည်းဆုံးတော့ အဲဒီနေရာရဲ့ တည်ရှိမှုအကြောင်းပေါ့”
“ အော် ရှင် ပြောနေတာ ကျွန်မ သိပြီထင်တယ်” ချောင်းနဉ်က ပြန်ဖြေလိုက်သည်။