← Chapters

ထာဝရခွဲခွာရသည့်ပမာ

Vol. 33 Ch. 459

ထာဝရခွဲခွာရသည့်ပမာ

Vol. 33 Ch. 459

အခန်း (၄၅၉) ထာဝရခွဲခွာရသည့်ပမာ

ပိုင်ကျင်းခန်းနှင့် ဝမ်ပင်းတို့ မည်သို့မှ မတတ်နိုင်စွာပင် စိတ်မသက်မသာ ခံစားနေကြရသည်။

အမတဝိညာဉ်နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် (၂)ယောက် ၊ အမတဝိညာဉ်အလယ်ဆင့် သိုင်းဆရာသခင် (၄)ယောက်။

သူတို့ထဲတွင် “သွေးနီပင်လယ်နဂါးသခင်” ဟိုင်ကျန့်ကျယ်ဆိုသည်က “သမုဒ္ဒရာကမ္ဘာ” တစ်လွှားတွင် အတော်လေး ကျော်ကြားသူဖြစ်ပြီး ကျင့်ကြံခြင်းအဆင့် တူညီသူများထဲတွင် အထွတ်ထိပ်အဆင့် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်၏။

သို့သော် သွေးနီနဂါးဂိုဏ်းမှ ဤသိုင်းဆရာသခင်များအားလုံးသည် အမတဝိညာဉ်အလယ်ဆင့် သိုင်းသမားတစ်ယောက်လက်ချက်ဖြင့် အသက်ပျောက်သွားကြရသည်။ ပြီးတော့ ထို အမတဝိညာဉ်အလယ်ဆင့် သိုင်းဆရာသခင်က အသက် (၂၀)ဝန်းကျင် လူငယ်တစ်ယောက်သာပင်။

သူ့တွင် အဆင့်မြင့်မှော်ဝင်ဓားတစ်လက်ရှိသည်မှန်သော်လည်း ထိုလူငယ်ရရှိခဲ့သည့်အောင်ပွဲက ထိုမှော်ဝင်ဓားပေါ်တွင် တည်မှီသက်ဆိုင်ခြင်းမရှိကြောင်း ပိုင်ကျင်းခန်းရော ဝမ်ပင်းပါ နားလည်ကြသည်။

ရန်ကျောက်ကဲက သူတို့အသက်ကို ကယ်တင်ခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်မှာ ငြင်းမရသော်ငြား စိတ်မသက်မသာခံစားကြရသည်ကလည်း အမှန်ပင်။ အထူးသဖြင့် သူတို့က ကမ္ဘာဖြတ်လမ်းကြောင်းကို ဖြတ်သန်းလျှက် အခြားကမ္ဘာကိုရောက်ရှိနေသဖြင့် ပိုပြီးဆိုးဆိုးရွားရွား ခံစားကြရသည်။

ရန်ကျောက်ကဲက ပိုင်ကျင်းခန်းတို့ ဇနီးမောင်နှံကို နှုတ်ဆက်စကားဆိုပြီးနောက် သိပ်ပြီးယဉ်ကျေးမနေတော့ဘဲ သိချင်သည့်အရာကို ပွင့်ပွင့်လင်းလင်း မေးမြန်းတော့၏။

“မင်းဆီမှာ သက်တံ့အလင်းရောင်တောက်ပနေတဲ့ အလယ်ဆင့်မှော်ဝင်ပစ္စည်းတစ်ခုရှိတာ တွေ့ရတယ် ၊ အဲဒီ မှော်ဝင်ပစ္စည်း ပြုလုပ်တုန်းက အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရဆိုတဲ့ ရတနာတစ်ခုကို ထည့်သွင်းပြုလုပ်ခဲ့တာလား”

ထိုစကားကိုကြားသည့်အခါ ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ရန်ကျောက်ကဲက သူတို့အသက်ကိုကယ်တင်ခဲ့သဖြင့် ထိုမှော်ဝင်ပစ္စည်းကို အဖိုးအခအဖြစ် တောင်းယူနေခြင်းမဟုတ်သည်မှာ သေချာလေရာ သူတို့ နားမလည်နိုင်ဘဲ ပ‌ဟေဠိ ဖြစ်သွားကြသည်။

ရန်ကျောက်ကဲ၏ လက်ရှိတန်ခိုးစွမ်းအားနှင့် လက်နက်ပစ္စည်းကြွယ်ဝချမ်းသာမှုကိုကြည့်ခြင်းအားဖြင့် အလယ်ဆင့်မှော်ဝင်ပစ္စည်းလေးတစ်ခုကို အာရုံစိုက်မည် မဟုတ်ပေ။ သူလိုချင်သည်ဆိုလျှင် လူရွယ်စုံတွဲထံမှ လုယူ၍လည်းရနိုင်သည်။

ထိုသို့တွေးမိတော့ ဝမ်ပင်းက ပွင့်လင်းစွာပင် ပြန်ဖြေလိုက်သည်။

“ရှင်ပြောတာမှန်ပါတယ် ၊ ဒီ အလယ်ဆင့်မှော်ဝင်ပစ္စည်းက ကျွန်မရဲ့ ပစ္စည်းပါ ၊ အရုဏ်ဦးနေခြည်လက်ကောက်လို့ ခေါ်ပါတယ် ၊ ဒီပစ္စည်းကိုပြုလုပ်တုန်းက အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရကို ထည့်သွင်းပြုလုပ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ”

ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းကို ရန်ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်သည်။ ထိုလမ်းကြောင်းက ပိုမိုမတည်မငြိမ်ဖြစ်လာပြီး မကြာမီ ပြန်ပိတ်သွားတော့မည့်ဟန်ပင်။

“စောစောကပြောတာ... မင်းတို့နေတဲ့ကမ္ဘာကကို ‘သမုဒ္ဒရာကမ္ဘာ’ လို့ ခေါ်တယ် မဟုတ်လား ၊ အဲဒီကမ္ဘာမှာ အရုဏ်ဦးသက်တံ့ကျောက်စိမ်းတွေ ထွက်ရှိတာလား ၊ ထွက်နှုန်းရော ဘယ်လောက်ရှိလဲ”

ဇနီးမောင်နှံနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဒီတစ်ခါတော့ ပိုင်ကျင်းခန်းက အဖြေပေးသည်။

“အဲဒီရတနာပစ္စည်းက ငါတို့ကမ္ဘာရဲ့နေရာတိုင်းမှာ ထွက်ရှိတယ်ဆိုပေမယ့် အရမ်းရှားပါးပါတယ် ၊ အတော်လေးအဖိုးတန်တဲ့ ရတနာပစ္စည်းလို့ သတ်မှတ်ကြသလို ထွက်နှုန်းလည်းအရမ်းနည်းတယ်”

သူတို့ဇနီးမောင်နှံကလည်း စကားပြောရင်း ကမ္ဘာဖြတ်လမ်းကြောင်းကို လှမ်းကြည့်လိုက်ကြသည်။ သူတို့မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေကြသည်။

သူတို့ ဤကမ္ဘာသို့ ထွက်ပြေးလာစဉ်က ကမ္ဘာဖြတ်လမ်းကြောင်းတစ်ဖက်တွင် ဟိုင်ကျန့်ကျယ်က ပိတ်ဆို့စောင့်ဆိုင်းနေခဲ့သည်။

ယခု ဟိုင်ကျန့်ကျယ်ကိုယ်တိုင် မျောလွင့်ဝိညာဉ်ကမ္ဘာသို့ လိုက်ပါလာခဲ့ပြီး ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ပျောက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ပိုင်ကျင်းခန်းတို့ဇနီးမောင်နှံအနေဖြင့် စိတ်ပူစရာမရှိတော့ဘဲ သူတို့မွေးရပ်မြေဖြစ်ရာ ‘သမုဒ္ဒရာကမ္ဘာ’ သို့ ပြန်နိုင်ကြပြီဖြစ်၏။

ရန်ကျောက်ကဲက...

“အမှန်ပြောရရင်... ငါက အရုဏ်ဦးသက်တံကျောက်စိမ်းအနှစ်သာရ ရှာဖွေနေတာပါ ၊ ဒီတော့ သမုဒ္ဒရာကမ္ဘာကိုသွားဖို့အတွက် မင်းတို့နှစ်ယောက်ကို အားကိုးချင်ပါတယ်”

ဒီစကားကိုကြားတော့ လူရွယ်စုံတွဲက ခေါင်းညိတ်လိုက်ကြသည်။

“ရှင် အားမနာပါနဲ့ ၊ ကျွန်မတို့ချန်လီတောင် ထိန်းချုပ်နယ်မြေထဲမှာ အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရထွက်ရှိတဲ့ ကျောက်တွင်းတွေရှိပါတယ်”

ရန်ကျောက်ကဲ သူတို့ကိုကယ်တင်ခဲ့ခြင်းအတွက် ပြန်လည်ကျေးဇူးဆပ်နိုင်ပြီဖြစ်သဖြင့် ပိုင်ကျင်းခန်းတို့နှစ်ယောက် အတော်လေး စိတ်သက်သာရာရသွားကြသည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ၊ ရွှီ‌ဖေးနှင့် အခြားသူများကို လှည့်ကြည့်လိုက်ပြီး စကားပြောရန် ဟန်ပြင်လိုက်စဉ် ရွှီဖေးက အရင် ဖြတ်ပြောလိုက်သည်။

“ဂိုဏ်းတူညီလေး... မင်း မသွားနဲ့ ၊ ငါ သွားမယ်”

သူက ဆက်ပြောသည်။

“သမုဒ္ဒရာကမ္ဘာနဲ့ မျောလွင့်ဝိညာဉ်ကမ္ဘာကို ဆက်သွယ်ပေးထားတဲ့ ကမ္ဘာဖြတ်လမ်းကြောင်းက မတည်ငြိမ်ဘူး ၊ မကြာခင်ပိတ်သွားတော့မှာ ၊ တကယ်လို့ အချိန်လွန်သွားခဲ့ရင် မင်း သမုဒ္ဒရာကမ္ဘာမှာ ပိတ်မိနေလိမ့်မယ် ၊ မျောလွင့်ဝိညာဉ်ကမ္ဘာကိုရော အစွန်းရောက်ရှစ်ပါးကမ္ဘာကိုရော ပြန်လာနိုင်မှာ မဟုတ်တော့ဘူး”

ရန်ကျောက်ကဲက...

“ဂိုဏ်းတူအစ်ကို’ရွှီ’ ... မင်းစိုးရိမ်တာ မမှားပါဘူး ၊ ဒါပေမဲ့ ငါလည်း အဲဒီအကြောင်းကို ထည့်တွက်ထားပါတယ် ၊ ပြီးတော့ ငါတွေးထားတာလေးတွေလည်း ရှိသေးတယ်”

သူက စန့်ချုန်ကြေးမုံမှန်ကို ထုတ်ယူလိုက်ပြီး...

“ဒီကြေးမုံမှန်က ထက်ခြမ်းကွဲနေလို့ စွမ်းအားအပြည့်အဝမသုံးနိုင်ပေမယ့် သူ့ရဲ့အကူအညီနဲ့ ကမ္ဘာတွေကို ဘယ်လိုဖြတ်ကျော်ခရီးသွားရမလဲဆိုတာ ငါ စဉ်းစားထားပါတယ် ၊ အောင်မြင်နိုင်မလားမသေချာပေမယ့် အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ဖို့ မျှော်လင့်ချက်မရှိတာမျိုး မဟုတ်ပါဘူး”

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချရင်း...

“သမုဒ္ဒရာကမ္ဘာကနေ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ တည်နေရာကိုပြန်ရှာနိုင်ဖို့ အခွင့်အရေးနည်းနည်းတော့ ရှိပါသေးတယ်ကွာ ၊ ဒါပေမဲ့ အခုချိန် ငါ သမုဒ္ဒရာကမ္ဘာကို မသွားဘူးဆိုရင် နောက်တစ်ခါသွားနိုင်ဖို့ မလွယ်တော့ဘူး ၊ ကံတရားကိုပဲ အားကိုးရတော့မှာ”

“‌လောလောဆယ် အစ်မယွီကျန်းအခြေအနေက တည်ငြိမ်နေတယ် ၊ သူ့အတွက် အသက်အန္တရယ် မရှိနိုင်ဘူး ၊ ဒါပေမဲ့ သူ ပြန်နိုးထလာဖို့အတွက် အခွင့်အရေးတိုင်းကိုအသုံးချပြီး တတ်နိုင်သမျှကြိုးစားပေးရလိမ့်မယ် ၊ အင်း... မဟုတ်လို့ကတော့ အချိန်အကြာကြီး ခေါင်းတလားထဲမှာ လဲလျောင်းနေရမယ်ဆိုရင် နောက်ဆို ဘယ်တော့မှနိုးထမလာနိုင်တဲ့ အခြေအနေဖြစ်သွားလိမ့်မယ်”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“အစ်မယွီကျန်းက အသက်ငယ်သေးတာမှန်ပေမယ့်... သူရရှိထားတဲ့ဒဏ်ရာတွေကြောင့် အသက်ဓာတ်စွမ်းအားတွေ အများကြီးပျက်ဆီးနေတယ် ၊ ဒါကြောင့် သူသာ ပြန်လည်နိုးထမလာနိုင်ဘူးဆိုရင် နောက်ထပ်ဆယ်စုနှစ်နည်းနည်းလောက်ပဲ ဆက်အသက်ရှင်နိုင်ပြီး ဒီအတိုင်း သေဆုံးသွားရလိမ့်မယ်”

ရွှီဖေးက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“မင်း ပြန်လာဖို့နည်းလမ်းရှိမယ်ဆိုရင်တောင် အလုပ်ဖြစ်မယ်လို့ အာမမခံနိုင်ဘူးလေ ၊ အချိန်ဘယ်လောက်ကြာမလဲဆိုတာ မင်း မသိနိုင်ဘူး မဟုတ်လား”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“အင်း... အခုချိန်မှာတော့ ဘာမှ အတိအကျ မပြောနိုင်သေးဘူး”

ရွှီဖေးက ဆုံးဖြတ်ချက်ခိုင်မာဟန်ဖြင့်...

“ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာမှာ ငါတို့တွေပိတ်မိနေတဲ့အချိန်က ဘာမှမပြောပလောက်ဘူး ၊ ဒါပေမဲ့ မင်း သမုဒ္ဒရာကမ္ဘာမှာ နှစ်နည်းနည်းလောက် ပိတ်မိနေမယ်ဆိုရင် ၊ ဒါမှမဟုတ် အဲဒီထက်လည်းကြာသွားမယ်ဆိုရင် နောက်ဆက်တွဲဆိုးကြိုးတွေ အများကြီးရှိလာလိမ့်မယ် ၊ ဒီတော့... ငါက ပြဿနာမရှိပေမယ့် မင်းကတော့ သေချာပေါက် သွားလို့မဖြစ်ဘူး”

ရွှီဖေးက ရန်ကျောက်ကဲကို ထက်ရှစွာ စူးစိုက်ကြည့်ရင်း...

“ဝါဒတောင်မှာ ငါမရှိလို့ ဘာမှမဖြစ်ဘူး ၊ ဒါပေမဲ့ မင်းမရှိရင်တော့ အခြေအနေတွေ အများကြီးပြောင်းလဲသွားလိမ့်မယ်”

ရန်ကျောက်ကဲမျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးထားသည်။

“ငါသွားမယ်ဆိုရင်... အချိန်နည်းနည်းပိုကြာနိုင်မယ်ဆိုရင်တောင်မှ အနာဂတ်တစ်ချိန်ချိန်မှာ သေချာပေါက် ပြန်လာနိုင်မှာပါ ၊ ဒါပေမဲ့... ဂိုဏ်းတူအစ်ကို’ရွှီ’... မင်းဆိုရင်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး”

သူတို့နှစ်ယောက်ဆက်ဆံရေးက သာမန်ထက်ရင်းနှီးကြသဖြင့် သူတို့ကြားတွင် စကားချန်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်သည်။

ရွှီဖေးက ခေါင်းညိတ်ရင်း...

“ငါ နားလည်ပါတယ် ၊ ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာ အမြဲရှိနေပါတယ်”

ရန်ကျောက်ကဲက နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း...

“ဒါဖြင့် လှိုင်းနက်ဂေဟာက အစ်မ’ရှဲ့ယိုချန်’ ကိုရော... “

ရွှီဖေး ပင့်သက်တစ်ချက်ရှိုက်ရင်း ဖြည်းညင်းစွာ ဆိုသည်။

“မင်း အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ရောက်လို့ ညီမလေး’ရှဲ့ယိုချန်’ နဲ့ တွေ့ရင် ဒီအကြောင်းတွေအားလုံး သေသေချာချာ ရှင်းပြလိုက်ပါ”

သူက ရန်ကျောက်ကဲကို ကြည့်ရင်း...

“ငါ ငယ်ငယ်ကတည်းက မိဘမဲ့တစ်ယောက်ပါ ၊ အခု ဆရာလည်းမရှိတော့ဘူးဆိုတော့... ဝါဒတောင်ဂိုဏ်းပြီးရင် လောကမှာ ငါတွယ်တာစရာဆိုလို့ ကျွင်းအာလေးတို့သားအမိရယ်... ညီမလေး’ရှဲ့ယိုချန်’ ရယ်ပဲ ရှိပါတယ် ၊ ကျွင်းအာကိုတော့ ငါကောင်းကောင်းနားလည်တယ် ၊ အစ်မယွီကျန်းရှိတဲ့နေရာကို သူက မရရအောင် လိုက်မှာပဲ”

ရွှီဖေးက ခေါင်းခါယမ်းရင်း...

“ဒီတော့... ငါထည့်တွက်ရမယ့်သူက ညီမလေး’ရှဲ့ယိုချန်’ ပဲရှိတယ်ဆိုပေမယ့် လောကမှာ အချစ်ရေးခံစားချက်တွေထက် တာဝန်ဝတ္တရားက ပိုပြီးအရေးကြီးတယ် မဟုတ်လား”

စကားဆုံးသွားသည်နှင့် ရွှီဖေးက သူနှင့်အတူယူလာသည့် အရိပ်ကျုံ့အိတ်လေးကို ထုတ်ယူဖွင့်လိုက်လေရာ အထဲမှ ရှီကျွင်းလေး ထွက်လာလေသည်။

အခြေအနေများအားလုံးကို သိရှိပြီးနောက် ရှီကျွင်းက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“ဆရာဦးလေး’ရန်’ ၊ ကျွန်တော်လည်း ဆရာနဲ့အတူ လိုက်သွားချင်တယ်”

ရန်ကျောက်ကဲမျက်နှာက တည်ကြည်လေးနက်နေသည်။

ရှီကျွင်းလေးအတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာဖြစ်စေ ၊ သမုဒ္ဒရာကမ္ဘာဖြစ်စေ ဘယ်ကမ္ဘာမှာပဲနေရနေရ အရေးမကြီးလှပေ။ မိခင်ဖြစ်သူ ယင်ယွီကျန်းနှင့်အတူရှိနေခြင်းက သူ့အတွက် အကောင်းဆုံးအခြေအနေဖြစ်သည်။

သို့သော် ယခုတစ်ခေါက် သူတို့နှင့် ရွှီဖေးနှင့် ခွဲခွာရခြင်းက ထာဝရခွဲခွာရခြင်းလည်း ဖြစ်သွားနိုင်သည်။

သူနှင့်အကျွမ်းတဝင်ရှိလှသော အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သူ ချစ်ခင်သော ဝါဒတောင်ဂိုဏ်း ၊ သူ၏ချစ်ရသူ ရှဲ့ယိုချန်တို့ကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘဲ ထာဝရလွမ်းဆွတ်တမ်းတကာ နေထိုင်သွားရသည်လည်း ဖြစ်နိုင်သည်။

သို့တိုင် ရွှီဖေးက သူလုပ်မည့်အလုပ်အတွက် နောင်တရမည်မဟုတ်ပေ။ ရှီစုန်းထောင်းနှင့် ရှီတိတို့ သူ့မျက်စိရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားခဲ့ပြီးနောက် သူ့ဘဝတစ်ခုလုံး အနစ်နာခံကာ ဂရုစိုက်ပေးမည့်သူမှာ ယင်ယွီကျန်းနှင့် ရှီကျွင်း‌လေးသာလျှင် ကျန်ရှိသည်။ သူတို့နှစ်ယောက်က သူ့ဘဝထက်ပင် ပိုမိုအရေးကြီးလေသည်။

ရွှီဖေးသည် အချို့ကိစ္စများကို တိုက်ရိုက်မပြောဆိုသော်လည်း ရွေးချယ်မှုတစ်ခုကို ပြတ်ပြတ်သားသားပြုလုပ်ရန် လိုအပ်လာချိန်မျိုးတွင် တုံ့ဆိုင်းနေတတ်သူ မဟုတ်ပေ။

ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းက အတော်လေး မတည်မငြိမ်ဖြစ်လာသည်။

ပိုင်းကျင်းခန်းနှင့် ဝမ်ပင်းတို့က ရန်ကျောက်ကဲတို့အုပ်စုစကားပြောဆိုနေသည်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေကြသည့်တိုင် ကမ္ဘာဖြတ်လမ်းကြောင်းပိတ်သွားမည်ကို စိုးရိမ်နေကြသည်။

ရွှီဖေးက...

“အသက်ရှင်လျှက် ခွဲခွာကြရတာပဲကွာ ၊ သေကွဲကွဲတာမှမဟုတ်တာ ၊ ကံမကုန်ရင် တစ်နေ့တော့ ပြန်ဆုံမှာပါ”

ရွှီဖေးက ရန်ကျောက်ကဲကိုကြည့်ရင်း အေးဆေးစွာပြုံးလိုက်သည်။

“စိတ်ပျော်အောင်နေ... ငါတို့ကိုပြန်ခေါ်နိုင်ဖို့က မင်းအပေါ် မူတည်တယ်နော်...”

All Chapters