အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်တော့မည်
Vol. 33 Ch. 460
အခန်း (၄၆၀) အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်တော့မည်
ရွှီဖေးမျက်နှာထက်မှ တည်ကြည်လေးနက်မှုများပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့တိုင် သူ့မျက်ဝန်းများထဲတွင် တုန်လှုပ်ခြင်းနှင့် ချီတုံချတုံဖြစ်ခြင်းများ မတွေ့မြင်ရဘဲ ဆုံးဖြတ်ချက်ခိုင်မာမှုအပြည့် ထင်ဟပ်နေ၏။
ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်ရင်း သူ့လက်တစ်ဖက်ကိုရုတ်တရက် ဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်းများက ဓားတစ်လက်ပမာထက်ရှလျှက် ရွှီဖေး၏လက်မောင်းကို ထိုးဖောက်လိုက်သည်။
ရှီကျွင်းလေးက ထိတ်လန့်စွာအော်ဟစ်လိုက်သော်လည်း ရွှီဖေးက နေရာတွင်ပင်တည်ငြိမ်စွာရပ်နေရင်း ရန်ကျောက်ကဲကို အေးဆေးစွာကြည့်နေသည်။ ရန်ကျောက်ကဲက ရွှီဖေး၏သွေးများကိုအသုံးပြုပြီး နက်နဲရှုတ်ထွေးသော အင်းသင်္ကေတစ်ခုကို လေထဲတွင် ဖန်တီးရေးဆွဲလိုက်သည်။
ထို့နောက် သူက ၎င်းအင်းသင်္ကေတကို စန့်ချုန်ကြေးမုံမှန်ထဲတွင် ရောင်ပြန်ဟပ်စေလိုက်၏။ သွေးနီရောင်အင်းသင်္ကေတက ချက်ချင်းပင် ကြေးမုံမှန်ဆီသို့ ရိုက်ခတ်သွားပြီး အထဲသို့ စိမ့်ဝင်သွားသည်။
“ငါ သေချာပေါက် မင်းတို့ကိုပြန်လာခေါ်မယ်”
ရန်ကျောက်ကဲက အလေးအနက်ဆိုသည်။ သူ့မျက်နှာက ခါတိုင်းနှင့်မတူညီစွာ တည်ကြည်လေးနက်လျှက်ပင်။
ရွှီဖေးက ဒဏ်ရာကိုသွေးတိတ်အောင်လုပ်လိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသောဘူးသီးခြောက်ကိုဖြုတ်ကာ သေရည်တစ်ငုံသောက်လိုက်သည်။
ထို့နောက် ရန်ကျောက်ကဲကို ပြုံးပြရင်း...
“ငါတို့ မင်းကိုစောင့်နေမယ်”
ထို့နောက် အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရဖြင့် ယင်ယွီကျန်းကို မည်သို့ဆေးကုသရမည်ကို ရန်ကျောက်ကဲက ရွှီဖေးကို သင်ကြားပေးလိုက်သည်။ ထို့ပြင် သူသိရှိသည့် အခြားသောဆေးကုသခြင်း နည်းလမ်းပေါင်းစုံကိုလည်း စာရင်းပြုစုပြီး ရွှီဖေးကို ပေးလိုက်၏။
“သမုဒ္ဒရာကမ္ဘာ” သို့ရောက်ရှိပြီး အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရမရရှိလျှင်တောင်မှ အခြားသောရတနာပစ္စည်းများကိုအသုံးပြုကာ ရွှီဖေးနှင့် ရှီကျွင်းတို့အနေဖြင့် ယင်ယွီကျန်းကို ဆေးဝါးကုသပေးနိုင်မည် ဖြစ်သည်။
ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းက နောက်ဆုံးအဆင့် မတည်မငြိမ်ဖြစ်နေပြီး တဖြည်းဖြည်း ပြန်ပိတ်သွားတော့မည့်လက္ခဏာများ ပြသနေသည်။
ရန်ကျောက်ကဲက ပိုင်ကျင်းခန်းတို့ ဇနီးမောင်နှံကိုကြည့်ရင်း...
“ကျေးဇူးပြုပြီး ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို စောင့်ရှောက်ပေးပါ”
ရွှီဖေးကလည်း...
“မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်”
ရွှီဖေးက အမတဝိညာဉ်သိုင်းဆရာသခင်တစ်ယောက် မဟုတ်သော်လည်း သူ၏ အသက်အရွယ်နှင့် ကျင့်ကြံခြင်းအရ ပိုင်ကျင်းခန်းနှင့် ဝမ်ပင်းတို့က အထင်မသေးဝံ့ဘဲ ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြသည်။
ပိုင်ကျင်းခန်းက ခံစားချက်အပြည့်ဖြင့်...
“ငါတို့ဇနီးမောင်နှံအသက်ကိုကယ်တင်ခဲ့တဲ့ ကျေးဇူးက ဆပ်မကုန်ပါဘူး ၊ သေချာပေါက် ဒီကိစ္စကို ကူညီပါ့မယ်”
ဝမ်ပင်းက...
“ကျွန်မတို့ရဲ့စွမ်းရည်က အကန့်အသတ်ရှိပေမယ့် ဒီကိစ္စကို ကျွန်မတို့ဂိုဏ်းကိုတင်ပြပေးပါ့မယ် ၊ ကျွန်မတို့ဂိုဏ်းက သမုဒ္ဒရာကမ္ဘာက လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းမှာ တစ်ဂိုဏ်းအပါအဝင်ဖြစ်လို့ တချို့ကိစ္စတွေကို ဖြေရှင်းဖို့ မခက်ခဲပါဘူး”
ဗလာနယ်အာကာသအတားအဆီးများကိုဖြတ်ကျော်ပြီး မျောလွင့်ဝိညာဉ်ကမ္ဘာသို့ရောက်ရှိလာချိန် ရန်ကျောက်ကဲတို့အုပ်စုနှင့် တွေ့ဆုံရခြင်းက တိုက်ဆိုင်မှုသက်သက်သာဖြစ်လေရာ သူတို့အနေဖြင့် အန္တရယ်တစ်စုံတစ်ရာရှိမည်ကို စိုးရိမ်ခြင်းမရှိကြပေ။
ရန်ကျောက်ကဲက သူတို့ကိုကူညီခဲ့ပြီး သူတို့နှစ်ယောက်က ရန်ကျောက်ကဲကို ပြန်လည်ကူညီကြညသ်မှာလည်း သဘာဝကျလေသည်။
ထို့ပြင် ရန်ကျောက်ကဲတွေးခဲ့သလိုပင် ဝါဒတောင်ဆိုသောအမည်ကိုကြားရချိန်၌ ရင်းနှီးမှုရှိသည်ဟု ခံစားကြရသည်။ ပြီးတော့ ရန်ကျောက်ကဲကိုယ်တိုင်ကလည်း အသက်ငယ်ငယ်နှင့် တန်ခိုးစွမ်းအားမြင့်မားလွန်းလေရာ ဤသို့သောလူမျိုးနှင့် ကံကြမ္မာအခွင့်ပေး ဆုံတွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ရာ ကိစ္စတစ်ခုပင် ဖြစ်၏။
လူရွယ်စုံတွဲက နှုတ်ဆက်စကားဆိုလိုက်ကြသည်။
“နောက်မှ ပြန်တွေ့ကြမယ်”
ထို့နောက် သူတို့နှစ်ယောက် ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ ခုန်ဝင်သွားကြလေသည်။
ရွှီဖေးက သေရည်ထည့်ထားသောဘူးသီးခြောက်ကို သိမ်းဆည်းလိုက်ပြီး အားလုံးကို လက်ဝှေ့ယမ်းနှုတ်ဆက်သည်။
“မင်းတို့အားလုံး ဂရုစိုက်ကြနော်”
ထို့နောက် သူက ရှီကျွင်းလေးကိုခေါ်ဆောင်ကာ လေထဲသို့ခုန်ဝင်လျှက် ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ ထွက်ခွာသွားလေတော့သည်။
ရန်ကျောက်ကဲ နေရာတွင်ပင် မတ်တတ်ရပ်ရင်း ကမ္ဘာဖြတ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသောပုံရိပ်များ ပျောက်ကွယ်သွားသည်အထိ ငေးစိုက်ကြည့်နေသည်။
သိပ်မကြာမီ ကမ္ဘာဖြတ်လမ်းကြောင်းက တဖြည်းဖြည်းပုံပျက်လာသည်။ အတန်ကြာပြီးနောက် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားပြီး မည်သည့်အရာကိုမျ တွေ့မြင်ရခြင်း မရှိတော့ပေ။
ကောင်းကင်သည် မူလအတိုင်း ပုံမှန်ပြန်ဖြစ်သွားလေသည်။ ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ဘယ်သောအခါမှ မပွင့်ခဲ့သည့်အလား အရာအားလုံးက တည်ငြိမ်နေသည်။
ရန်ကျောက်ကဲ ၊ အားဟူ ၊ ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့ကတော့ အချိန်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။
အတန်ကြာမှ ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချရင်း...
“သွားကြစို့... ငါတို့လည်း မျောလွင့်ဝိညာဉ်ကမ္ဘာက ပြန်ဖို့အချိန်တန်ပါပြီ”
ဖန်းယွင်ရှန်း ၊ အားဟူနှင့် ယင်လုန်ထူတို့ ခေါင်းညိတ်လိုက်ကြသည်။
စောစောက ကောင်းကင်ထက်တွင် ကြယ်စင်များပမာပျံ့ကျဲနေသော အလင်းတန်းများမှတစ်ဆင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ သွားရာလမ်းကြောင်းနောက်သို့ သူတို့အားလုံး လိုက်ပါသွားကြသည်။
မြောက်ဘက် မိုင်ပေါင်း (၂၅၀၀) အဝေးသို့ ရန်ကျောက်ကဲတို့ ရောက်ရှိလာကြသည်။ ထိုနေရာရောက်တော့ ရန်ကျောက်ကဲက ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားစီးဆင်းမှုနှင့် မိုးမြေအပြောင်းအလဲများကို အာရုံခံလိုက်သည်။
အချိန်အတန်ကြာ ရှာဖွေပြီးသည့်နောက် ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး သူ့လူများကို ရှေ့သို့ခေါ်လိုက်သည်။
မကြာမီ အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းဆီတွင် အနက်ရောင်တိမ်တိုက်များ စုဝေးနေသည်ကို တွေ့မြင်ကြရသည်။ ထိုတိမ်တိုက်များအလယ်ဗဟိုတွင် အဆက်မပြတ်လှုပ်ရှားနေသော လေစီးကြောင်းများနှင့် ဝဲဂယက်ကြီးတစ်ခု ဖြစ်တည်နေသည်။
အနားသို့ရောက်လာသည့်အခါ ရန်ကျောက်ကဲက သူ့လူများကိုဦးဆောင်ပြီး အနက်ရောင်တိမ်တိုက်များစုဝေးရာ ဗဟိုချက်သို့ ဝင်ရောက်လိုက်သည်။ အထဲသို့ရောက်သည်နှင့် ခေါင်းမော့ကြည့်လိုက်ရာ လှည့်ပတ်နေသောလေစီးကြောင်းများအကြား အနက်ရှိုင်းဆုံးနေရာတွင် ကွယ်ဝှက်နေသည့် ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ရှိနေသည်ကိုတွေ့ရ၏။
ဤကမ္ဘာဖြတ်လမ်းကြောင်းက သူတို့နေထိုင်ရာ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ချိတ်ဆက်ထားသည်အမှန်ပင်။
ဗလာနယ်ကလှုပ်ရှားနေပြီး လှည့်ပတ်နေသည့်လေထုကြောင့် ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်က ဝေဝါးကာ ပုံပျက်လျှက်ရှိသည်။ လှည့်ပတ်နေသောလေဝဲဂယက်အလယ်ဗဟိုကိုဖြတ်သန်းကာ ကမ္ဘာဖျက်လမ်းကြောင်းဆီသို့ ဝင်ရောက်ရမည်ဖြစ်သည်။
ရန်ကျောက်ကဲက သူ၏လက်ဖဝါးတစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရကိုထုတ်ဖော်ကာ ဧရာမလက်ဖဝါးကြီးတစ်ဖက် ဖန်ဆင်းလိုက်သည်။ ထို့နောက် လေဝဲဂယက်ရှိရာသို့ ဧရာမလက်ကြီးဖြင့် ထိတွေ့ပြီး ပတ်ဝန်းကျင်၏တည်ငြိမ်မှုကို အကဲဖြတ်တိုင်းတာသည်။
“အဆင်ပြေတယ် ၊ ဒီကမ္ဘာဖြတ်လမ်းကြောင်းက အချိန်အတိုင်းအတာတစ်ခုအထိ ပြန်ပိတ်မှာမဟုတ်သေးဘူး”
အတန်ကြာမှ သူက ခေါင်းတစ်ချက်ညိတ်ရင်း...
“ဒါပေမဲ့ အချိန်အရမ်းကြာသွားရင်တော့ စိုးရိမ်ရတယ် ၊ ငါတို့ အမြန်ပြန်မှဖြစ်မယ်”
ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်တစ်ဝိုက်မှ လေထုအပြောင်းအလဲများကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာလျှက် အခြေအနေကို နားလည်သဘောပေါက်ပြီးနောက် ဤနေရာကို နောက်ထပ်ရှာမတွေ့မည်ကို စိုးရိမ်စရာမရှိတော့ပေ။
ထို့နောက် ရန်ကျောက်ကဲ သူ့လူများကိုခေါ်ဆောင်ကာ အနက်ရောင်တိမ်တိုက်များအတွင်းမှ ပြန်ထွက်လာခဲ့ပြီး နှင်းကျောက်စိမ်းတောင်တန်းတည်ရှိရာ အနောက်ဒေသသို့ ပြန်ခဲ့ကြသည်။
ရန်ကျောက်ကဲက စူးယွင်ကိုတွေ့တော့ သက်ပြင်းတစ်ချက်ချရင်း...
“ဒေါ်လေး’ယွင်’... သိပ်မကြာခင် ကျွန်တော်တို့ ပြန်ရတော့မယ်”
ရန်ကျောက်ကဲနှင့် ခွဲခွာရတော့မည်ဆိုတော့ စူးယွင် ဝမ်းမနည်းဘဲ မနေနိုင်ပေ။
“သခင်လေး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့ပါနဲ့ ၊ သခင်ကြီးနဲ့တွေ့ရင်လည်း ကျွန်မကိုယ်စားနှုတ်ဆက်စကားဆိုပေးပါနော်”
သူမက ဆို့နင့်စွာပင် ဆက်လက်စကားဆိုသည်။
“တကယ်လို့... တကယ်လို့... သခင်မလေးနဲ့ ပြန်ဆုံခဲ့ရင် ကျွန်မ စကားတစ်ခွန်းပါးလိုက်ချင်ပါတယ် ၊ အခွင့်သာမယ်ဆိုရင် ဒီမျောလွင့်ဝိညာဉ်ကမ္ဘာက ကျွန်မဆီကို လာလည်ပါဦးလို့ ၊ ကျွန်မ သူ့ကို အရမ်းသတိရနေတာပါ”
ရန်ကျောက်ကဲက...
“ဒေါ်လေး’ယွင်’ စိတ်ချပါ ၊ အရင်တစ်ခေါက် အမေ မျောလွင့်ဝိညာဉ်ကမ္ဘာကိုပြန်လာတော့ ဒေါ်လေး’ယွင်’ ကို မဆက်သွယ်ခဲ့တာက ဒေါ်လေး’ယွင်’ ကို ပြဿနာမဖြစ်စေချင်လို့ ဖြစ်ပါလိမ့်မယ် ၊ အခြေအနေပေးရင် သူလည်း သေချာပေါက် ဒေါ်လေး’ယွင်’ နဲ့ တွေ့ချင်နေမှာပါ”
စူးယွင်က အနည်းငယ် စိုးရိမ်ပူပန်ဟန်ဖြင့်...
“ဒါကြောင့်လည်း ကျွန်မ သူ့အတွက် စိုးရိမ်နေရတာပေါ့ ၊ သခင်မလေး ဘေးအန္တရယ်ကင်းပြီး စိတ်ချမ်းသာနေစေဖို့ မျှော်လင့်ပါတယ်လေ...”
ရန်ကျောက်ကဲက သူမကိုစကားအနည်းငယ်ပြောဆိုနှစ်သိမ့်လိုက်သည်။ ထို့နောက် သူမ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် သမုဒ္ဒရာကမ္ဘာအကြောင်းကိုလည်း အတိုချုံး ရှင်းပြလိုက်၏။
မျောလွင့်ဝိညာဉ်ကမ္ဘာက အလုံပိတ်ကမ္ဘာတစ်ခု ဖြစ်သော်လည်း သမုဒ္ဒရာကမ္ဘာနှင့်ချိတ်ဆက်နိုင်သည့် တည်ငြိမ်သော ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ပွင့်လာပါက ဤနေရာတွင်နေထိုင်သူများအပေါ် များစွာသက်ရောက်မှု ရှိနိုင်သည်။ ဤအချက်က မျောလွင့်ဝိညာဉ်ကမ္ဘာအတွက် ကောင်းသည့်အချက် မဟုတ်နိုင်ပေ။
မကြာမီအချိန်အတွင်း...
နဂါးစိမ်းတောင်ဂိုဏ်း ၊ မိုးကြိုးဂိုဏ်း ၊ သွေးနီတိမ်တိုက်ဂိုဏ်းနှင့် မီးတောက်ဂိုဏ်းမှလူအများက အနောက်ဒေသသို့ တစ်ဖန်ရောက်ရှိလာကြပြန်သည်။ ယခုတစ်ကြိမ် သူတို့ရောက်ရှိလာသည်က ရန်ကျောက်ကဲထံသို့ မဟာဝိညာဉ်ကျောက်တုံးအနှစ်သာရများ ပေးပို့ရန် ဖြစ်၏။
ရန်ကျောက်ကဲ ကြေးမုံမှန်တစ်ခြမ်းကိုရှာဖွေရန် ဟော်ချင်းတောင်တန်းသို့ ခရီးထွက်စဉ်က မိုးကြိုးဂိုဏ်းကို နယ်မြေရှင်းလင်းခိုင်းထားသဖြင့် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို မည်သူမှ သိရှိခဲ့ခြင်း မရှိကြပေ။ သို့သော် ထိုဒေသပတ်ဝန်းကျင် မိုးမြေတစ်ခွင်တွင် တုန်လှုပ်ချောက်ခြားစေသော စွမ်းအားအတက်အကျများဖြစ်ပွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားခဲ့ကြောင်း အနီးအနားမှ ကျင့်ကြံသူများ အာရုံခံနိုင်ခဲ့ကြသည်။
မျောလွင့်ဝိညာဉ်ကမ္ဘာမှ သိုင်းကျင့်ကြံသူများက ထိုအကြောင်းနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ တစ်စုံတစ်ခု ပြောဆိုလေမည်လားဟု မျှော်လင့်လျှက် မှန်းဆချက်များစွာ ပြုလုပ်ခဲ့ကြသည်။
သို့သော် ရန်ကျောက်ကဲက ဘာမှမဖြစ်သလို မသိချင်ယောင်ဆောင်နေသဖြင့် သူတို့အားလုံး ကူရာကယ်ရာမဲ့လျှက် ဘာမှမတတ်နိုင်ခဲ့ကြေ၌.
အချို့ကတော့ ရွှီဖေးပျောက်နေသည်ကို ရိပ်မိကြသော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရဲခြင်း မရှိကြပေ။
အချို့ကတော့ တိုက်ပွဲကြီးတွင် ရန်ကျောက်ကဲတို့အုပ်စု ဆုတ်ယုတ်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခန့်မှန်းကြသည်။ သို့သော် ရန်ကျောက်ကဲပုံစံက တစ်စုံတစ်ရာထူးခြားခြင်းမရှိဘဲ ပုံမှန်အတိုင်းရှိနေလေရာ သူ့ကို အတင့်ရဲစွာ နှောက်ယှက်ရဲခြင်း မရှိကြပေ။
သူတို့ဆက်ပြီးစပ်စုနေကြလျှင် စိတ်ခံစားချက်အတိုင်းလုပ်တတ်သည့် သူတို့ရှေ့မှ မိစ္ဆာဘုရင်ကြီး’ရန်ကျောက်ကဲ’ ဒေါသထွက်သွားမည်ကိုလည်း စိုးရွံ့ကြရသည်။
အကယ်၍ ဤမိစ္ဆာဘုရင်ကြီးသာ ဒေါသပေါက်ကွဲပါက မျောလွင့်ဝိညာဉ်ကမ္ဘာမှ သိုင်းဂိုဏ်းများအားလုံး အချိန်မရွေး ကြမ္မာဆိုးနှင့် ရင်ဆိုင်ရနိုင်သည် မဟုတ်ပါလား။