← Chapters

စံချိန်တင်သည့်လူငယ်မျိုးဆက်

Vol. 11 Ch. 151

စံချိန်တင်သည့်လူငယ်မျိုးဆက်

Vol. 11 Ch. 151

အခန်း (၁၅၁) စံချိန်တင်သည့်လူငယ်မျိုးဆက်

ဖန်းကျွင်း၏စကားကိုကြားသည်နှင့် ရန်ကျောက်ကဲ၏မျက်ဝန်းများ တောက်ပသွားသည်။

“ဝါဒနတ်ဆေး အသစ်တစ်သုတ် ဖော်စပ်ပြီးပြီ...”

တောင်တန်းနယ်မြေသို့သွားရောက်သည့်ခရီးစဉ်တွင် အောင်မြင်မှုများစွာရရှိခဲ့သည့် ရန်ကျောက်ကဲအတွက် ဝါဒတောင်က ဆုလာဘ်များချီးမြှင့်ရာတွင် လျော့နည်းခြင်း မရှိပေ။

ပါရမီရှင်လေး’ယင်လုန်ထူ’ကို ရှာတွေ့ခြင်းကပင် ဝါဒတောင်အတွက် အလွန်ကြီးမားသည့် အကျိုးပြုမှုတစ်ခု ဖြစ်ချေသည်။

ဝါဒတောင်ဂိုဏ်းက ထူးထူးခြားခြား အကျိုးပြုသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်လေ့ရှိသည်။ ယင်လုန်ထူက မွေးရာပါပင်ကိုယ်စွမ်းရည်တစ်မျိုးတည်းဖြင့်ပင် နောင်တစ်ချိန်တွင် ပါရမီရှင်များကြားမှ ပါရမီရှင် ၊ နဂါးများကြားမှနဂါး ဖြစ်လာမည်မှာ သံသယဝင်စရာ မလိုပေ။

ယင်လုန်ထူ မည်မျှထူးခြားသည်ကို သိရှိပြီးနောက် ဝါဒတောင်က သူ့ကိုလက်လွှတ်မခံနိုင်တော့ပေ။ နွံနစ်နေသည့် ပုလဲတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သော ရန်ကျောက်ကဲကိုလည်း သဘာဝအတိုင်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်သာပင်။

ထိုဆုလာဘ်များထဲမှတစ်ခုမှာ ဝါဒတောင်၏ အကောင်းဆုံးဆေးဝါးဖြစ်သော “ဝါဒနတ်ဆေး” ဖြစ်သည်။

ထိုဆေးက အလွန်ရှားပါးပြီး သန့်စင်ပြီးသားဆေးလုံးများပင် လက်ကျန်မရှိတော့လေရာ အရင်အချိန်များတုန်းက ရန်ကျောက်ကဲ တစ်ခါမှ ရရှိခဲ့ဖူးခြင်း မရှိပေ။

ယခု ဆေးလုံးအသစ်များသန့်စင်ပြုလုပ်ပြီးပြီဖြစ်ရာ ထိုဆေးလုံးကို ရန်ကျောက်ကဲအား ဦးစားပေးချီးမြှင့်ရန် ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းကိုယ်တိုင် အမိန့်ပေးခဲ့သည်။

ကောင်းကင်ချိတ်ဆက်ဆွေ့ဆုံပွဲတွင်ပါဝင်ရန် ရေကန်နယ်မြေသို့ သွားရောက်သည့်ခရီးစဉ်တွင် ဖန်ကျွင်းက ရန်ကျောက်ကဲအတွက်ဆေးလုံးကို ကိုယ်တိုင်ယူဆောင်လာခဲ့သည်။

ဖန်ကျွင်းလက်ထဲမှ ကြွေပုလင်းလေးကို ရန်ကျောက်ကဲက လက်ခံယူလိုက်ပြီး ဆေးလုံး၏မွှေးရနံ့က သူ့နှလုံးသားထဲသို့ပင် စိမ့်ဝင်သွားသည်။

“ဒုတိယဆရာဦးလေးကို ကျေးဇူးတင်ပါတယ်”

ရန်ကျောက်ကဲက ဖန်ကျွင်းကို ဦးညွှတ်ဂါရဝပြုရင်းဆိုသည်။

ဖန်ကျွင်းကခေါင်းခါယမ်းလိုက်ရင်း...

“ဒါက မင်းနဲ့ထိုက်တန်တဲ့ဆုလာဘ်ပါ ၊ အဲဒီ ယင်လုန်ထူဆိုတဲ့ကောင်လေးက သိုင်းတာအိုမှာ အရမ်းထူးခြားတဲ့ပါရမီရှိတယ် ၊ အခု သူက မရင့်ကျက်သေးပေမယ့် ငါတို့ဝါဒတောင်ရဲ့ အနာဂတ်သူရဲကောင်းတစ်ယောက် ဖြစ်လာနိုင်တယ် ၊ ဒီကလေးက အနာဂတ်မှာ အကန့်အသတ်မဲ့အောင်မြင်မှုတွေရရှိလိမ့်မယ်လို့ ငါတို့အားလုံး ခန့်မှန်းထားကြတယ်”

“ပြီးတော့ ယင်လုန်ထူကို ရှာတွေ့တာအပြင် မင်းရဲ့တခြားလုပ်ဆောင်ချက်တွေကလည်း ဆုလာဘ်တွေရဖို့ ထိုက်တန်ပါတယ်ကွာ”

ရန်ကျောက်ကဲနှင့်အတူ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ တက်ရောက်မည့်သူများထဲတွင် စစ်ခုန်ချင်းလည်း ပါဝင်သည်။ ဖန်ကျွင်းက သူမကို တောင်ပေါ်မှခေါ်ဆောင်လာခဲ့ရာ ယခု ရန်ကျောက်ကဲနှင့် ထပ်မံဆုံတွေ့ကြသည်။

ဖန်းယွင်ရှန်းက ဖူအန်းစုနှင့်အတူ ဝါဒတောင်သို့ပြန်ရောက်နေပြီး ထူးကဲယင်ခန္ဓာလည်း ပြန်လည်ရရှိခဲ့ပြီဖြစ်ရာ တံခါးပိတ်ကျင့်ကြံခြင်းဝင်ရောက်သွားသည်။

ရန်ကျောက်ကဲကို ငေးကြည့်နေသည့် စစ်ခုန်ချင်း၏ အကြည့်များထဲတွင် လေးစားသဘောကျမှုများ ဖုံးလွှမ်းနေသည်။

စစ်ခုန်ချင်းက သူမဘဝကို သိုင်းတာအိုတွင် အပြည့်အဝ မြှုပ်နှံထားသောကြောင့် အခြားသောအကြောင်းအရာများကို စိတ်ထဲမထားတတ်ပေ။ ပြင်းထန်သည့်တိုက်ပွဲများကိုလည်း သူမက ဝင်ရောက်ဆင်နွှဲခြင်းမရှိဘဲ သိုင်းပညာတိုးတက်မှုရှိမှသာ တိုက်ခိုက်တတ်သည်။

ထို့ကြောင့် သိုင်းတာအိုတွင် ရန်ကျောက်ကဲရရှိထားသည့် အောင်မြင်မှုများသည် သူမ လုံးဝမမေ့နိုင်သောအရာများ ဖြစ်လာသည်။

ထိုသို့ဖြင့် ဘယ်သောအခါမှ အာရုံထွေပြားခြင်းမရှိတတ်သည့် စစ်ခုန်ချင်းသည် တိမ်လွှာတောင်တွင် အတူတကွ ကျင့်ကြံကြသည့်အချိန်များအတွင်း ရန်ကျောက်ကဲအပေါ် အနည်းငယ် စိတ်လှုပ်ရှားမိသည်။

ရန်ကျောက်ကဲ ပြုလုပ်ခဲ့သောအလုပ်များဖြစ်သည့် ဖန်းယွင်ရှန်း ထူးကဲယင်ခန္ဓာပြန်လည်ရရှိရန် ယင်ယန်တိမ်တိုက်စမ်းချောင်းကို အသုံးပြုခဲ့ခြင်း ၊ တိမ်လွှာတောင်၏ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြဿနာကို ဖြေရှင်းခဲ့ခြင်းများသည် လှည့်ကွက်များပါဝင်သလို ဤကမ္ဘာ၏ အာဏာချိန်ခွင်လျှာကိုပင် ပြောင်းလဲစေခဲ့သည်။

ဤသို့သောအလုပ်များသည် ရန်ကျောက်ကဲနှင့် နောက်ခံအင်အားတူညီသော မည်သည့်သိုင်းကျင့်ကြံသူမှ မပြုလုပ်နိုင်သည့်ကိစ္စများ ဖြစ်သည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ထူးကဲယင်ခန္ဓာပြန်လည်ရရှိရန် ကူညီပေးခဲ့ခြင်းက ဝါဒတောင်အား ထူးကဲယင်မိန်းမပျိုတစ်ယောက် ပိုင်ဆိုင်စေခဲ့ခြင်းပင် ဖြစ်သည်။ များမကြာမီ ဖန်းယွင်ရှန်းအနေဖြင့် ထူးကဲယင်သရဖူအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မည် ဖြစ်သည်။

ထို့ပြင် ရန်‌ကျောက်ကဲက အဆုံးမဲ့တောင်တန်းအတွက် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောပြဿနာကို ဖြေရှင်းပေးခဲ့ပြီး အဆုံးမဲ့တောင်တန်းကို ဝါဒတောင်နှင့် ကျေးဇူးခံကျေးဇူးစားအဖြစ် မဟာမိတ်ဖွဲ့စေခဲ့သည်။

သူ၏စွမ်းဆောင်ရည်ကြောင့် အဆုံးမဲ့တောင်တန်းမှာ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမဘက်သို့ ရောက်မသွားတော့ဘဲ ကောင်းကင်မိုးကြိုးခန်းမဖြင့်ပင် တိုက်ပွဲဆင်နွှဲခဲ့ရလေရာ ယခင်ကလို မည်သူနှင့်မှ မပူးပေါင်းဘဲ နှစ်ဖက်ခွထိုင်၍ မရတော့သော အခြေအနေသို့ ရောက်သွားသည်။

ဖန်ကျွင်းပြောသလိုပင် ကြောက်မက်ဖွယ်ရာပါရမီရှင်ယင်လုန်ထူကို ရရှိခဲ့ခြင်းအပြင် ရန်ကျောက်ကဲ၏ အခြားသောလုပ်ဆောင်ချက်များသည်လည်း အဓိပ္ပါယ်ကြီးမားလွန်းသည်။

ရန်ကျောက်ကဲကို ဝါဒတောင်မှချီးမြှင့်သည့် ဆုလာဘ်များကိုကြည့်လျှင် ဂိုဏ်းက ရန်ကျောက်ကဲကို မည်မျှအလေးထားကြောင်း စစ်ခုန်ချင်း ခံစားသိရှိနိုင်သည်။

ဖန်းယွင်ရှန်းကို ထူးကဲယင်ခန္ဓာပြန်လည်ရရှိအောင် ကူညီပေးခဲ့သည့်အတွက် သိုင်းကျမ်းစာကြည့်တိုက် စတုတ္ထထပ်သို့ တစ်ကြိမ်ဝင်ရောက်ခွင့်အပြင် တတိယထပ်သို့ အချိန်မရွေး ဝင်ရောက်လေ့လာခွင့်ကိုလည်း ဆုလာဘ်အဖြစ် ရရှိခဲ့သည်။

ဝါဒတောင်၏ လူငယ်မျိုးဆက် ပင်မတိုက်ရိုက်တပည့်များထဲတွင် ထိုသို့သောအခွင့်အရေးရရှိထားသူ ရန်ကျောက်ကဲ တစ်ယောက်သာ ရှိသည်။

ထို့ပြင် ဝါဒတောင်သမိုင်းတစ်လျှောက် ထိုသို့သောအခွင့်အရေးရရှိခဲ့သူ (၂)ယောက်သာလျှင် ရှိခဲ့ဖူးသည်။ ထိုသူများမှာ ကျန်းဒေါင်ဂီနှင့် ရန်တိပင် ဖြစ်၏။

ဘီလူးဝိညာဉ်သံလိုက်သွေးကြောပြဿနာကိုဖြေရှင်းပေးပြီး အဆုံးမဲ့တောင်တန်းကို ဝါဒတောင်နှင့်ပူးပေါင်းရန် စည်းရုံးနိုင်ခဲ့ခြင်းအတွက် ရန်ကျောက်ကဲရရှိသည့်ဆုလာဘ်က ပိုပြီးခိုင်မာသလို စိတ်လှုပ်ရှားစရာလည်းကောင်းသည်။

ထိုဆုလာဘ်ကတော့ ဝါဒတောင်မှပိုင်ဆိုင်သည့် ရင်းမြစ်များ ၊ ရတနာပစ္စည်းများအပြင် အထူးသိမ်းဆည်းထားသည့် အဖိုးတန်ပစ္စည်းများကိုပါ ရန်ကျောက်ကဲ ကိုယ်ပိုင်အသုံးပြုနိုင်ရန်အတွက် ဦးစားပေး ပေးအပ်သွားရန် အကြီးအကဲများက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုဆုလာဘ်ကတော့ ကြားရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေပြီး ဂိုဏ်း၏အကြီးအကဲများသည်ပင် ထိုသို့သောအခွင့်ထူးကို ရရှိကြခြင်း မရှိပေ။ ထိုသို့သောအခွင့်ထူးကို ပေးအပ်ရန်မှာလည်း ဂိုဏ်း၏အကြီးအကဲများနှင့်တိုင်ပင်ပြီး ရန်ကျောက်ကဲ၏ ဆရာဘိုးဘိုး ၊ ဝါဒတောင်ဂိုဏ်းချုပ် ယွမ်ကျန်းဖုန်းကိုယ်တိုင်သာ ဆုံးဖြတ်ခွင့် ရှိသည့်ကိစ္စပင်။

ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် နောက်ပိုင်းမျိုးဆက်လူငယ်တစ်ယောက်ဖြစ်နေခြင်းကြောင့်မဟုတ်လျှင် ရန်ကျောက်ကဲသည် သူ့အဖေရရှိမည့် ဂိုဏ်းချုပ်ရာထူးကိုပင် ယှဉ်လုတော့မည်ဟု အကြောင်းသိများက အရွှန်းဖောက်ကြသည်။

ရန်ကျောက်ကဲကလည်း သူရရှိသည့်ဆုလာဘ်များအတွက် အလွန်ကျေနပ်လျှက် ရှိသည်။ အနာဂတ်တွင် သူ့အဖေနှင့် ‘ရန်’ အိမ်တော်ကို အားကိုးစရာမလိုဘဲ အလွန်ပေါများသည့် ကိုယ်ပိုင်ရင်းမြစ်ပစ္စည်းများကို သုံးစွဲနိုင်ပေတော့မည်။

ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောပြဿနာကို ဖြေရှင်းနိုင်ခြင်းတစ်ခုတည်းဖြင့် ယွမ်ကျန်းဖုန်းက ထိုသို့သောဆုလာဘ်ကို ပေးအပ်ရန် အလျင်စလို ဆုံးဖြတ်ချက်ချခြင်း မဟုတ်‌ပေ။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ၊ ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ် ၊ အရှေ့ထန်တိုက်ပွဲမှ စွမ်းဆောင်မှုများအပြင် ဖန်းယွင်ရှန်းအား ထူးကဲယင်ခန္ဓာပြန်လည်ရရှိအောင် ကူညီပေးခဲ့ခြင်းများအားလုံး စုပေါင်းကာ ထိုသို့သောဆုလာဘ်ကို ပေးအပ်ရန် ယွမ်ကျန်းဖုန်းက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

ဖန်းယွင်ရှန်း ကျင့်ကြံရမည့် ထိုက်ယင်းကျင့်စဉ်ကျမ်းနှင့် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောပြဿနာကို ဖြေရှင်းပေးသည့် မိုးကြိုးဒြပ်စင်နည်းပညာများအတွက်ပါ ဆုလာဘ်ပေါင်းထည့်ထားခြင်းပင်။

ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းနှင့် ဝါဒတောင်၏ အဆင့်မြင့်အကြီးအကဲများအမြင်တွင် ရန်ကျောက်ကဲသည် သာမန် လူငယ်မျိုးဆက်တစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။

အချို့အကြီးအကဲများဆိုလျှင် ရန်ကျောက်ကဲ အန္တရယ်ကျရောက်ခြင်းမရှိစေရန် အကြံပြုသူများပင်ရှိသည်။ ရန်သူများက ရန်ကျာက်ကဲအား လုပ်ကြံသတ်ဖြတ်မည် စိုးရိမ်သောကြောင့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ပင် မသွားရောက်စေချင်ကြပေ။

သူတို့က အကောင်းမြင်စိတ်ဖြင့် စိုးရိမ်ပူပန်ကြခြင်း ဖြစ်သော်လည်း ရန်ကျောက်ကဲတွင်လည်း ကိုယ်ပိုင်အတွေးအမြင်များ ရှိသည်သာပင်။ သူက စွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်ပြီး မိမိကိုယ်ကိုအန္တရယ်ကင်းရေးအတွက် သေသေချာချာ အာရုံစိုက်နိုင်ပေသည်။

သူ၏ ညာဘက်မျက်လုံးထဲတွင် ရှိနေသော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် ပင်လယ်သမုဒ္ဒရာပမာ အဆုံးမရှိသော သန့်စင်သည့်လျှပ်စီးချီစွမ်းအားများကို မရပ်မနားထုတ်လွှတ်နေကာ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးနေသည်။

ဖန်ကျွင်းက ရန်ကျောက်ကဲကို တစ်ချက်ကြည့်လိုက်ရင်း...

“မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ရရှိတာကတော့ မင်းရဲ့ကံတရားဘဲ ၊ အဲဒီပစ္စည်းကို ဂိုဏ်းကိုမအပ်ချင်ရင်လည်း မင်းကိုယ်တိုင် သိမ်းဆည်းထားနိုင်ပါတယ် ၊ ဒါပေမဲ့ အန္တရယ်ကင်းအောင်တော့ သေသေချာချာ ဂရုစိုက်ပါ”

မိုးကြိုးဧကရာဇ်မျက်လုံးနှင့်ပတ်သက်သည့်ကိစ္စများကို ရန်ကျောက်ကဲက ဝါဒတောင်သို့ သတင်းပို့ထားပြီး ဖြစ်သည်။

သူ သတင်းမပို့လျှင်လည်း ထိုသတင်းက ကမ္ဘာကျော်နေပြီဖြစ်ရာ ဖုံးကွယ်မရနိုင်သည့်ကိစ္စပင်။ သို့ပေသိ အသေးစိတ်အချက်အလက်များကိုတော့ တစ်လုံးမကျန် ဂိုဏ်းသို့ တင်ပြနေစရာ မလိုပေ။

ရန်ကျောက်ကဲက...

“ဒုတိယဆရာဦးလေးပြောတာ မှန်ပါတယ် ၊ ကျောက်ကဲ မှတ်သားထားပါ့မယ်”

ဖန်ကျွင်းက ဆက်ပြောသည်။

“ဂိုဏ်းတူအစ်ကိုကြီးရှီတိလည်း မင်းပေးတဲ့သတ္တုပြားလေးနဲ့အတူ မြောက်ပင်လယ်က ပြန်လာပြီ ၊ အကျိုးအမြတ် အတော်လေး ရခဲ့တယ်”

ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...

“အဲဒီပစ္စည်းက မြေကမ္ဘာနယ်မြေနဲ့ တကယ်ပဲဆက်စပ်မှုရှိနေတာလား”

“သေသေချာချာ စစ်ဆေးပြီးတဲ့နောက်... အဲဒါက တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ သေချာတယ် ၊ ဒါပေမဲ့ အတိအကျ ရှင်းရှင်းလင်းလင်းသိရအောင်တော့ ထပ်ပြီးစီစစ်ဖို့လိုသေးတယ်”

ဖန်ကျွင်းက ရိုးရှင်းစွာပင်ဆိုသည်။

“အရင်က ရေခဲနဂါးသူတော်စင်ချန်ထားခဲ့တဲ့ အမွေအနှစ်ပစ္စည်းတစ်ခုရှိတယ် ၊ ဒဏ္ဍာရီအရဆိုရင် အဲဒါက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပေမယ့် ဘာသဲလွန်စမကျန်ခဲ့ဘူး ၊ အခု ငါတို့ရထားတဲ့ပစ္စည်းက နောက်ဆက်တွဲသဲလွန်စတွေကို ပေးကောင်းပေးနိုင်လိမ့်မယ် ၊ အဲဒါက မင်းပိုင်ဆိုင်တဲ့ ကံကောင်းခြင်းဆိုတော့ အနာဂတ်မှာ မင်းရဲ့ကျင့်ကြံခြင်းအဆင့်မြင့်မားလာတဲ့တစ်နေ့ကျရင် မင်းကိုယ်တိုင် အချိန်ယူပြီး ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...

“ပထမဆရာဦးလေးနဲ့ ဒုတိယဆရာဦလေးကို ဒုက္ခပေးမိပြီ”

ဖန်ကျွင်းက လက်ကာပြလိုက်ရင်း...

“ဘာမှမဖြစ်ဘူး...”

ထို့နောက် သူက မြေပုံတစ်ခုနှင့် အလယ်ဗဟိုတွင် အပေါက်တစ်ပေါက်ပါရှိသော ရေခဲပြာရောင် ကျောက်တုံးတစ်တုံးထုတ်ယူကာ ရန်ကျောက်ကဲကို ပေးလိုက်သည်။

ရန်ကျောက်ကဲက ထိုပစ္စည်းနှစ်ခုကို လက်ခံယူလိုက်ပြီး ကျောက်တုံးထဲသို့ ကြယ်တာရာချီစွမ်းအား ထည့်သွင်းလိုက်ရာ  ချက်ချင်းပင် အပြာရောင်တောက်ပနေသည့် အေးစက်သောစွမ်းအားများ ထွက်ပေါ်လာသည်။

ထိုရေခဲပြာကျောက်စိမ်းထဲတွင် များပြားလှစွာသော သန့်စင်သည့်ချီစွမ်းအားများ ပြည့်ဝနေသည်။

ချီစွမ်းအားပမာဏက ရေခဲနဂါးအရိုးဝိညာဉ်ထက် နည်းပါးသော်လည်း အရည်အသွေးကတော့ ပိုမိုကောင်းမွန်သည်။

All Chapters