အခန်း (၈၅၀-၈၅၂)
Vol. 57 Ch. 850-852
အပိုင်း ( ၈၅၀ ) ဝန်းရံခံရခြင်း
အဲ့အချိန်မှာပဲ ဆမ်မာရာ က ရိုင်နို ရဲ့ တံခါးပေါက်ကနေ ထွက်လာပြီး ဆန်နီ ကို လှမ်းခေါ်လိုက်ပါတယ်..။
"ကပ္ပတိန်..။ ဆက်သွယ်ရေး စက်ထဲကနေ တစ်ယောက်ယောက်က လှမ်းခေါ်နေတယ်.."
သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်လုံးတွေကို ဖွင့်ကာ စိတ်မပါစွာ မတ်တပ်ရပ်လိုက်တယ်..။ နိုးထသူ စစ်သားက ဖြူလျော်နေတဲ့ လူငယ်လေးကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေတုန်းမှာပဲ ဆန်နီ က နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြလိုက်ပြီး..ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါတယ်..။ ဒါက စစ်သားကို တုန်လှုပ်သွားစေပြီး နောက်ကို တစ်လှမ်း ဆုတ်သွားစေခဲ့တယ်..။
…သံချပ်ကာယာဉ်ထဲမှာတော့ ဆန်နီ က အရိပ်တွေထဲကနေ ထွက်လာပြီး ဆက်သွယ်ရေးခုံဆီ လမ်းလျှောက်သွားကာ နောက်မှာထိုင်ချလိုက်ပါတယ်..။ ခလုတ်တစ်ခုကို နှိပ်လိုက်တဲ့အခါမှာတော့ မာစတာ ဂျက် ရဲ့ မျက်နှာက စခရင်ပေါ်မှာ ပေါ်လာခဲ့တယ်..။
ဝိဥာဥ် ရိတ်သိမ်းသူ ဟာ ကြောက်စရာကောင်းတဲ့ လိမ္မော်ရောင် အလင်းတန်းတွေအောက်က အလောင်းပုံကြီးရဲ့ ရှေ့မှာ ရပ်နေပုံရပါတယ်..။ ကခုန်နေတဲ့ မီးတောက်တွေက သူမရဲ့ အေးစက်တဲ့ အပြာရောင် မျက်လုံးတွေထဲမှာ အရောင်ပြန်ဟပ်နေခဲ့တယ်။.. ဒီမျက်လုံးတွေက တကယ်ပဲ တောက်ပနေသလို ထင်မှတ်နေရပါတယ်..။
ဒီလို နောက်ခံမြင်ကွင်းနဲ့ ကြည့်ရင် သူမရဲ့ အပြုံးက အတော်လေးကို နိမိတ်မကောင်းတဲ့ပုံ ပေါက်နေခဲ့ပါတယ်..။
"ဟေး.. ဆန်နီ..။ မင်းရဲ့ အဖွဲ့က ပထမဆုံး တိုက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ ငါ ကြားတယ်..။ ဂုဏ်ပြုစကား ပြောရမယ် ထင်တယ်နော်.."
သူ ခေါင်းငြိမ့်ပြလိုက်ပြီး သူမရဲ့ နောက်ကွယ်က အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ အလောင်းပုံကြီးတွေကို လေ့လာကြည့်လိုက်တယ်..။
"ဟုတ်တယ်..။ အစ်မလည်း အောင်ပွဲရခဲ့ပုံပဲ..။ တခြား တပ်မတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ.."
အန္တာတိက အလယ်ပိုင်းကို ရောက်ပြီးနောက်မှာ ကွင်းဆင်းစစ်တပ်က တပ်မ ခုနစ်ခု ခွဲထွက်သွားခဲ့တာပါ..။ ဒါမှမဟုတ် တပ်မဟာတွေလား..။ တပ်မတော်ရဲ့ အဆင့်ဆင့် ဖွဲ့စည်းပုံကို ဆန်နီ ကတော့ အခုထိ နည်းနည်း ရှုပ်ထွေးနေတုန်းပါပဲ..။ ဘာပဲဖြစ်ဖြစ် သူတို့ထဲက တစ်ခုက
ဖော်လ်ကွန် စကော့ မှာ ကျန်ရစ်ခဲ့ပြီး ကျန်တဲ့ ခြောက်ခုကတော့ တောင်ဘက်ကို ဖြန့်ကျတ်ကာ လက်ရှိမှာ ချီတက်နေကြပါတယ်..။တပ်မဟာတစ်ခုချင်းစီမှာ စစ်သား တစ်သောင်းကနေ တစ်သောင်းခွဲလောက်အထိ ပါဝင်ပြီး နိုးထသူ ခုနစ်ရာလောက် ဝန်းကျင်က လိုက်ပါလာကြတာပါ..။
မာစတာ ဂျက် က ပုခုံးတွန့်ပြလိုက်တယ်..။
"သိပ်တော့ မဆိုးသေးပါဘူး..။ အထူးတပ်ဖွဲ့ တွေကလည်း သူတို့ အလုပ် သူတို့ လုပ်နေကြတယ်..။ အခုထိတော့ အရာအားလုံးက စီမံချက်အတိုင်း ဖြစ်နေတုန်းပဲ..။ မင်းကရော.. မင်းအဖွဲ့ရဲ့ စွမ်းဆောင်ရည်က ဘယ်လိုလဲ.."
ဆန်နီ သက်ပြင်းချလိုက်ပါတယ်..။
".. မဆိုးပါဘူး..။ ရန်သူတွေကိုတော့ အလွယ်တကူပဲ ရှင်းပစ်နိုင်ခဲ့တယ်..။ ဒါပေမဲ့ အဆီအနှစ်တွေ အများကြီး ဖြုန်းတီးလိုက်မိတယ်လေ..။ တိုက်ပွဲက ဒီထက် ပိုပြင်းထန်လာမယ်ဆိုရင် ဒီဗျူဟာကို ထပ်သုံးနိုင်ပါ့မလားဆိုတာ ကျွန်တော် မသေချာသေးဘူး.."
သူမ ခေါင်းငြိမ့်လိုက်တယ်..။
"တိုက်ပွဲက ကျိန်းသေ ပိုပြင်းထန်လိမ့်မယ်..။ ဒါကြောင့်... ကြိုတင်စဉ်းစားထားတာ ကောင်းတယ်.."
အဲ့အချိန်မှာပဲ ဒိုင်းနမစ်ကနေ ကျယ်လောင်တဲ့အသံကြီး ထွက်ပေါ်လာပြီး စခရင်ပေါ်က ပုံရိပ်က ခနလောက် ဝေဝါးသွားခဲ့တယ်..။ ဝိဥာဥ် ရိတ်သိမ်းသူ က သူမရဲ့ ဆက်သွယ်ရေး ကိရိယာကို ချလိုက်ပြီး တစ်ဖက်ကို မကျေမနပ် မျက်နှာပေးနဲ့ လှမ်းကြည့်လိုက်ပါတယ်..။
သူမ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။
"ဘာပဲဖြစ်ဖြစ်.. ငါ သွားရတော့မယ်..။ အခုတော့ ဘေးကနေ တိုက်ခိုက်မယ့် တပ်ရင်းနောက်ကို လိုက်သွားပြီး.. တောင်ဘက် ချီတက်တာကို ပိတ်ဆို့ထားတဲ့ သားရဲအုပ်ကို ရှင်းထုတ်ဖို့ သူတို့ကို ကူညီပေးလိုက်..။ မင်းရော မင်းရဲ့ စစ်သားတွေကိုပါ အရမ်းကြီး အပင်ပန်း မခံစေနဲ့ဦး..။ အေးအေးဆေးဆေးပဲ လုပ်ပြီး အဆီအနှစ်တွေကို ချွေတာထားပါ.."
ဆန်နီ ပြုံးလိုက်တယ်..။
"လုပ်လိုက်ပါ့မယ်.."
မာစတာ ဂျက် က သူ့ကို ခနလောက် ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်ပါတယ်....။
"ကံကောင်းပါစေ ဆန်နီ.."
သူ သက်ပြင်းချလိုက်တယ်။
"အစ်မလည်း ကံကောင်းပါစေ.."
…ဒါပေမဲ့ ဆက်သွယ်မှုက ပြတ်တောက်သွားပြီ ဖြစ်တာကြောင့် စခရင်က အမှောင်ကျသွားခဲ့တယ်..။စခရင်မှာတော့ သူ့ပုံရိပ်သာ အလင်းပြန်နေခဲ့ပါတယ်။
ဆန်နီ ခနလောက် ငြိမ်နေပြီးမှ ခေါင်းခါယမ်းလိုက်ပြီး ရိုင်နို ရဲ့ ထွက်ပေါက် တံခါးဆီကို ဦးတည်လိုက်တယ်..။
အပြင်ဘက်မှာတော့ ဘာမှ သိပ်မပြောင်းလဲသေးပါဘူး..။ ကောင်းကင်က အေးစက်နေတုန်းဖြစ်ပြီး မှောင်မှိုင်းနေကာ လူသားတွေရဲ့ အမြောက်သံတွေနဲ့ အလင်းပြန်နေခဲ့တယ်..။
အောက်ဘက် တောင်ကြားမှာတော့ စစ်တပ်အင်ဂျင်နီယာတွေက ပွင့်နေတဲ့ ထွက်ပေါက် ဘေးမှာ အလိုအလျောက် စောင့်ကြည့်ရေး စနစ်တွေ တပ်ဆင်နေကြပြီး ပေါက်ကွဲရေး ပစ္စည်းတွေကိုလည်း ဆင်နေကြပါတယ်..။ လူသားတွေက ထွက်ပေါက် တိုင်းကို ပိတ်လို့ မရနိုင်ပေမဲ့လည်း.. ဒီအန္တရာယ်ကို နည်းမျိုးစုံနဲ့ လျှော့ချဖို့ နှစ်ပေါင်းများစွာကတည်းက သင်ယူခဲ့ကြတာပါ..။ ထွက်ပေါက်ကို ဘိလပ်မြေနဲ့ ပိတ်တာ ဒါမှမဟုတ် တန်နဲ့ချီတဲ့ မြေကြီးတွေအောက်မှာ မြှုပ်ပစ်တာက ထွက်ပေါ်လာမယ့် အိပ်မက်ဆိုး သတ္တဝါ တွေကို အနည်းဆုံးတော့ နှေးကွေးသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေပါပဲ..။
တခြား ပံ့ပိုးကူညီရေး အဖွဲ့တစ်ခုကလည်း လမ်းကို ရှင်းလင်းနေကြပြီး ဝိဥာဥ် အမြုတေ အပိုင်းအစတွေကို သိမ်းဆည်းနေကြပါပြီ..။ ဆန်နီ အနေနဲ့ သူ့ရဲ့ ဝေစုအတွက် ပြောလို့ ရပေမဲ့လည်း ဒါက တော်တော်လေး အလုပ်ရှုပ်စရာပါ..။ ရလဒ်တွေကို တွက်ချက်ပြီး သင့်တော်တဲ့ အကျိုးဆောင် အမှတ်တွေအဖြစ် ပြောင်းလဲပေးမှာပါပဲ..။
ထပ်ပြောရရင် လူစတာ နဲ့ ကင်မ် တို့ကလည်း သူတို့ ယူနိုင်သလောက် အမြုတေတွေနဲ့ ပြန်ရောက်နေကြပါပြီ..။
သံချပ်ကာယာဉ်ပေါ်က ဆင်းလိုက်တာနဲ့ ဆန်နီ က သူ့စစ်သားတွေကို ကြည့်လိုက်တယ်..။
"တန်းစီကြမယ်.."
အဖွဲ့သားတွေ သူ့အနားမှာ စုမိသွားတဲ့အခါမှာတော့ ဆန်နီဟာ တောက်ပနေတဲ့ အမြုတေ တွေကို ညွှန်ပြလိုက်ပါတယ်..။
"အမြုတေ မပြည့်သေးတဲ့ လူတွေက.. ဝိဥာဥ် အမြုတေ တွေကို ခွဲယူပြီး စုပ်ယူထားလိုက်ကြ..။ ငါတို့မှာ ပြင်ဆင်ဖို့ ဆယ်မိနစ် အချိန်ရှိတယ်..။ ငါတို့ရဲ့ နောက်တာဝန်က တောင်တန်းရဲ့ တစ်ဖက်မှာ ဆူညံနေတဲ့ သားရဲအုပ်ကို ဘေးတိုက်ကနေ တိုက်ခိုက်တာမှာ ကူညီပေးဖို့ပဲ..။ ဒီတစ်ခါတော့ သိပ်ပြီး အလွန်အကျွံ ဖြစ်မှာမဟုတ်ဘူး..။ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပြီးတာနဲ့ ငါတို့ အိပ်စက် အနားယူလို့ ရပြီ..။ နားလည်ရဲ့လား.."
ဘယ်သူမှ မေးခွန်း မထုတ်ကြပါဘူး..။ ဆယ်မိနစ် ကြာပြီးနောက်မှာတော့ ရိုင်နို ဟာ စစ်ယာဉ်တန်းထဲကို ဝင်ရောက်သွားပြီး.. အလင်းတန်းတွေနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်နေတဲ့ အရပ်ဆီကို ဦးတည် မောင်းနှင်သွားခဲ့တယ်..။
ဘေးကနေတိုက်ခိုက်မယ့် တပ်ရင်းက သေးငယ်တဲ့ တောင်ကြားကို ဖြတ်ကျော်ပြီး တောင်စောင်းပေါ်ကို မြင့်မားစွာ တက်သွားခဲ့ပါတယ်..။ ယင်းနောက် ကျဉ်းမြောင်းတဲ့ လမ်းကြောင်းကို ဖြတ်လိုက်တဲ့အခါမှာတော့ အောက်ဘက်က ကြီးမားလှတဲ့ တိုက်ပွဲကို မြင်တွေ့လိုက်ရပါတယ်..။
အိပ်မက်ဆိုး သတ္တဝါ နှစ်ထောင်နီးပါးလောက်ဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ လူသားတပ်ဖွဲ့ရဲ့ ခံစစ်စည်းကို ဖိအားပေးနေခဲ့ကြတယ်..။ စစ်သားတွေက တိုက်ခိုက်ဖို့ အလျင်မလိုကြဘဲ.. သားရဲတွေကို သူတို့နဲ့ ဝေးရာမှာပဲ ရှိနေစေဖို့ အာရုံစိုက်နေကြပါတယ်..။ ယမ်းပေါက်ကွဲသံတွေ ၊ မြင့်မားတဲ့ စစ်မြေပြင်သုံး ယန္တရားတွေနဲ့ စက်မှုစစ်သည်တွေ ထုတ်လွှတ်လိုက်တဲ့ ကျည်ဆန်မိုးတွေ ၊ ပြီးတော့ နိုးထသူ ရာနဲ့ချီတဲ့ အင်အားတွေက သောင်းကျန်းနေတဲ့ သားရဲအုပ်ကို ထိန်းထားဖို့ ကောင်းကောင်း စွမ်းဆောင်နေကြတာပါ..။
အပေါ်စီးကနေ ရှုပ်ထွေးနေတဲ့ စစ်မြေပြင်ကို ကြည့်ရင်း ဆန်နီ မျက်နှာ ပျက်သွားခဲ့တယ်..။
ဒီအကွာအဝေးကနေတောင် သားရဲအုပ်ကို ထုတ်ပေးနေတဲ့ အိပ်မက်ဆိုး ထွက်ပေါက် ခြောက်ခုက သူ့နားထဲမှာ တိုးတိုးလေး ကပ်ပြောနေသလို ခံစားနေရပါပြီ..။
'ဒါက မြန်မြန်ပဲ အသားကျသွားမှာပါ.. ဟုတ်တယ်မလား..'
မကြာခင်မှာပဲ စစ်ဌာနချုပ်ဟာ သားရဲအုပ်ထဲက ဦးစားပေး ပစ်မှတ်တွေ ၊ သတင်းအချက်အလက်တွေနဲ့ တခြား အရေးကြီးတဲ့ အချက်အလက်တွေကို ပေးပို့လာခဲ့ပါတယ်..။
ရန်သူ့ကို ဘေးကနေ စတင် တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်တဲ့အခါမှာတော့ ဆန်နီ က အကျည်းတန်တဲ့ သတ္တဝါကြီး တစ်ကောင်ကို ညွှန်ပြလိုက်တယ်..။
"အဲဒါ ငါတို့ရဲ့ ပစ်မှတ်ပဲ..။ ဒီဂိတ်ပေါက် အစောင့်အကြပ် ကို ငါတို့ ဖြုတ်ချရမယ်..။ မင်းတို့က အဲဒီ ကောင်ကြီးဆီ ရောက်ဖို့ လမ်းကို ဝိုင်းရှင်းပေး.. ပြီးရင် နောက်ဆုတ်နေလိုက်.."
ဒါပေါ့.. မာစတာ ဂျက် က အေးဆေးပဲ လုပ်ဖို့ ပြောထားပေမဲ့လည်း.. ဆန်နီ ကတော့ အရိပ်အပိုင်းအစ အချို့ ရနိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံနိုင်ပါဘူး..။
သူ့မျက်လုံးတွေက သွေးဆာနေတဲ့ အမူအရာနဲ့ တောက်ပနေတာကြောင့် အဖွဲ့သားတွေတောင် စိတ်မသက်မသာ ဖြစ်သွားခဲ့ကြတယ်..။
မကြာခင်မှာပဲ ပြင်ဆင်မှုတွေ ပြီးဆုံးသွားပြီး ဘေးကနေ တိုက်ခိုက်မူကို စတင်ခဲ့တယ်..။ တစ်ချိန်တည်းမှာပဲ တပ်မ ရဲ့ အဓိက အင်အားစုကလည်း သူတို့ရဲ့ ပုံစံကို ပြောင်းလဲပြီး ကိုယ်တိုင် ထိုးစစ်ဆင်လာခဲ့ကြပါတယ်..။
နှစ်ဖက်ညှပ်ပိတ်တာကို ခံလိုက်ရတဲ့အတွက် အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးဟာ ဘာမှ ပြန်မလုပ်နိုင်တော့ပါဘူး..။
…တောင်စောင်းကနေ တိုက်ခိုက်လာတဲ့ တပ်ရင်း နဲ့ အထူးတပ်ဖွဲ့ တွေဟာ ကျန်တဲ့ လူသားတပ်ဖွဲ့တွေထက် ပိုပြီး တိုက်ခိုက်ရ ခက်ခဲပါတယ်။သို့ပေမယ့် သားရဲတွေရဲ့ ခုခံမှုဟာ မြန်မြန်ဆန်ဆန်ပဲ ပြိုကွဲသွားခဲ့ပြီး ရက်ရက်စက်စက် သုတ်သင်ခြင်းကို ခံလိုက်ကြရတယ်..။
ဆန်နီ ကိုယ်တိုင်လည်း နောက်ထပ် ဂိတ်ပေါက် အစောင့်အကြပ် တစ်ကောင်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်..။
မောပန်းနေတဲ့ စစ်သားတွေက ပြတ်သားတဲ့ အောင်ပွဲအတွက် အောင်ပွဲခံနေကြစဉ်မှာပဲ.. သူက မျက်မှောင်ကျုတ်ရင်း တောင်ဘက်ကို လှမ်းကြည့်နေခဲ့မိတယ်....။
သူ့စိတ်ကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ တီးတိုး ပြောသံတွေက ပိုပြီး ပြင်းထန်လာသလို ခံစားနေခဲ့ရပါတယ်..။
ခနအကြာမှာတော့ မြေကြီးက တုန်ခါသွားပြီး ကမ္ဘာကြီးရဲ့ လေဟာနယ်က ဆုပ်ပြဲသွားခဲ့ပါပြီ။
ဆန်နီ ခနလောက် မျက်လုံးမှိတ်ထားလိုက်တယ်..။
'တစ်.. နှစ်.. သုံး..'
သူ ပင်ပန်းနွမ်းနယ်တဲ့ အမူအရာ နဲ့ ကြည့်နေတုန်းမှာပဲ.. အိပ်မက်ဆိုး ထွက်ပေါက် အသစ် အမြောက်အမြားက နိုးထခြင်းကမ္ဘာထဲကို ထိုးဖောက်ဝင်လာခဲ့ကြတယ်။
ယင်းနောက်မှာတော့ ပိုပြီး များလာခဲ့ပါတယ်..။
ထိတ်လန့်သွားတဲ့ စစ်သားတွေက သူတို့ရဲ့ ဖွဲ့စည်းပုံထဲကို ပြန်ဝင်ဖို့ အလျင်အမြန် ပြေးလွှားနေကြရတယ်။.. အက်ကြောင်းတွေထဲကနေ ထွက်ပေါ်လာတဲ့ မရေမတွက်နိုင်တဲ့ သားရဲတွေက သူတို့ရဲ့ ရူးသွပ်နေတဲ့ အော်ဟစ်သံတွေ နဲ့ လေထဲမှာ ပြည့်နှံသွားစေခဲ့တယ်..။
…ပိုဆိုးတာကတော့ ထွက်ပေါက် တစ်ခုဟာ စစ်တပ်ရဲ့ နောက်ဘက် တည့်တည့်မှာ ပွင့်သွားခဲ့တာကြောင့် သူတို့က ဝန်းရံခြင်း ခံလိုက်ရပါတယ်။
ဆန်နီဟာ အစောင့်အကြပ် ရဲ့ အလောင်းပေါ်မှာ ရပ်နေရင်း သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါယမ်းလိုက်ပါတယ်..။
'ဒီနေ့ကတော့...တကယ်ကို ရှည်လျားတော့မှာပဲ..'
ဒါကတော့ အသေအချာပါပဲ..။ သူတို့က အန္တာတိက မှာ ရှိနေတာကြောင့်.. ဒီနေ့ဟာ နောက်ထပ် ရက်သတ္တပတ်အနည်းငယ်လောက်အထိ ကြာရှည်နေဦးမှာပါ။..ယင်းနောက်မှာတော့ လပေါင်းများစွာ ကြာမယ့် ညအဖြစ် ပြောင်းလဲသွားပါဦးမယ်..။
ဒီအဆုံးမရှိတဲ့ ညက ပိုပြီးတော့တောင် ရှည်လျားနေလိမ့်မယ်လို့ သူ ခံစားမိ နေခဲ့ပါတယ်..။
အပိုင်း ( ၈၅၀ ) ပြီး၏။
အပိုင်း ( ၈၅၁ ) အတားအဆီးမရှိ
ထွက်ပေါက်အသစ် ခုနစ်ခု..။ အိပ်မက်ဆိုး သတ္တဝါတွေရဲ့ ရေလှိုင်းကြီးတစ်ခု..။ ရှည်လျားပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာ ထိုက်တန်တဲ့ အနားယူချိန်ကို မျှော်လင့်ခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေဟာ..သူတို့ရဲ့ မျှော်လင့်ချက်တွေက မျက်စိတစ်မှိတ်အတွင်းမှာတင် ငြိမ်းသတ်ခံလိုက်ရသလို ခံစားလိုက်ကြရတယ်။
ဆန်နီ ဟာ သူ့ပတ်ဝန်းကျင်က လူသားတွေရဲ့ စိတ်ဓာတ်တွေ ယိုင်နဲ့သွားတာကို ခံစားလိုက်ရပါတယ်..။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် အမြန်ပြန်ထိန်းနိုင်ခဲ့ကြတယ်..။ အရာရှိတွေက အော်ဟစ်ပြီး အမိန့်တွေ ပေးနေကြသလို စစ်သားတွေကလည်း သင့်တော်တဲ့ စစ်ကြောင်းတွေထဲ အပြေးအလွှား စုစည်းနေကြတယ်..။ လေးလံတဲ့ ရွေ့လျားစစ်ပွဲသုံး ယန္တရားတွေကလည်း ခြိမ်းခြောက်မှုအသစ်ကို ပစ်ခတ်ဖို့ နေရာပြန်ယူနေကြပါတယ်..။
အမှန်အတိုင်း ပြောရရင် ဒီအခြေအနေသစ်ဟာ တပ်မရဲ့ ကိုင်တွယ်နိုင်စွမ်းအတွင်းမှာပဲ ရှိနေပါသေးတယ်..။ ကံကောင်းထောက်မစွာနဲ့ ဘယ်ထွက်ပေါက်ကမှ အဆင့် (၃) လို့ မသတ်မှတ်နိုင်တာကြောင့်..အရင်က ခြောက်ခုလောက် အန္တရာယ်မရှိကြပေ..။ လူသားတပ်ဖွဲ့တွေဟာ အစောကတိုက်ပွဲမှာ အထိအခိုက် အကျအဆုံး သိပ်မရှိခဲ့တာကြောင့် ဒီအောင်မြင်မှုကို ထပ်ကျော့နိုင်ဖို့ သီအိုရီအရ အခွင့်အရေး ရှိနေခဲ့ပါတယ်..။
ပြဿနာတစ်ခု ရှိတာက တပ်မတစ်ခုလုံးဟာ ဆန်နီ နဲ့ သူ့စစ်သားတွေလိုပဲ..အရင်တိုက်ပွဲမှာ စွမ်းအင်တွေ အလွန်အကျွံ သုံးစွဲထားမိတာပါ..။ ထောက်ပံ့ရေးယာဉ်တွေဟာ တိုက်ခိုက်ရေးသမားတွေ ကျည်ဆန်အသစ်တွေ ဖြည့်တင်းနိုင်ဖို့နဲ့ သူတို့ရဲ့ ချပ်ဝတ်တန်ဆာတွေကို အားပြန်သွင်းနိုင်ဖို့ အပြေးအလွှား ရှေ့တိုးလာခဲ့ကြတယ်..။ အမြောက်တပ်က ပေါက်ကွဲစေတတ်တဲ့ ကျည်ဆန်အသစ်တွေ လိုအပ်နေသလို ခြေလျင်တပ်ကလည်း စွမ်းအင်ဆဲလ်တွေနဲ့ ကျည်ဆန်တွေ လိုအပ်နေခဲ့ပါတယ်..။ MWP စက်တွေကလည်း ရုတ်တရက် စက်ရပ်မသွားအောင် အအေးခံဖို့ လိုအပ်နေခဲ့ပါတယ်..။
ဒါတွေအားလုံးက အချိန်ယူရတာကြောင့်.. လူသားတွေဟာ ဒုတိယမြောက် ထိုးစစ်ရဲ့ အလွန်အရေးကြီးတဲ့ အဖွင့်ပိုင်းမှာ အမှားအယွင်းတွေ လုပ်မိခဲ့ကြတယ်..။ထပ်ပြောရရင်
သူတို့ရဲ့ နောက်ဘက်မှာ ထွက်ပေါက်တစ်ခု ပွင့်သွားတာကြောင့်.. တန်ဖိုးရှိတဲ့ မြေပြင် အသာစီးရမှု နဲ့ ဗျူဟာမြောက် ထိန်းချုပ်နိုင်စွမ်းတွေကိုပါ ဆုံးရှုံးသွားခဲ့ရပါတယ်..။
…ဒါက နိုးထသူ အဖွဲ့ ရဲ့ စစ်သည်တော်တွေအနေနဲ့ ဒီဟာကွက်တွေကို ဖြည့်ဆည်းပေးရမယ်လို့ ဆိုလိုတာပါပဲ..။ သူတို့ရဲ့ သာမန်ရဲဘော်တွေ စစ်ကြောင်းပြန်ပြင်ပြီး တိုက်ပွဲထဲ စနစ်တကျ ပြန်ဝင်နိုင်ဖို့ သူတို့က အချိန်ဆွဲပေးကြရတော့မှာပါ..။
ဒီထဲမှာ ဆန်နီ နဲ့ သူ့စစ်သားတွေလည်း ပါဝင်နေခဲ့တယ်..။
"ချီးတဲ့မှပဲ.."
ဆန်နီ ခနလောက် ငြိမ်သက်ရင်း သူ့ဆီ တိုးကပ်လာတဲ့ အိပ်မက်ဆိုး သတ္တဝါ လှိုင်းကြီးကို အကဲခတ်နေခဲ့တယ်..။ သူ့စိတ်ကတော့ အစွမ်းကုန် အလုပ်လုပ်နေခဲ့ပါပြီ..။ တပ်မနဲ့အတူ ပါလာတဲ့ ရာနဲ့ချီတဲ့ နိုးထသူ အင်အားစုက ဒီခြိမ်းခြောက်မှုကို ဟန့်တားပြီး ဖျက်ဆီးနိုင်လိမ့်မယ်ဆိုတာ သူ သံသယ မရှိပါဘူး..။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ လူသားတပ်ဖွဲ့တွေဟာ အထိအခိုက် အနည်းဆုံးနဲ့ အောင်ပွဲရမှာ မဟုတ်တော့ပေ..။ လူတွေ အများကြီး သေကြရပါလိမ့်မယ်..။
သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးဖို့ အချိန်ရောက်လာပြီလား..။
'ဘုရားသခင်တို့.. ဒါက ပထမဆုံးနေ့ပဲ ရှိသေးတာလေ..'
သူက ပိုမိုကြီးမားတဲ့ ခွန်အားကို ရှာဖွေဖို့ အန္တာတိကကို လာခဲ့တာပါ..။ ရဲဘော်ရဲဘက် စစ်သားတွေရဲ့ အသက်ကို ကယ်တင်တာက ခိုင်မာတဲ့ ယုံကြည်ချက် ရှိသူတစ်ယောက် လုပ်မယ့်အလုပ်နဲ့ တူနေခဲ့ပါတယ်..။ ဒါပေမဲ့.. ဆန်နီ ကတော့ ဒီလောက်အထိ ယုံကြည်ချက် မရှိပါဘူး..။
ဒီလူတွေကို ကူညီဖို့ ဘာလို့ သူက အစွမ်းကုန် ကြိုးစားပေးရမှာလဲ..။ သူတို့က လုံးဝ နာလန်မထူ နိုင်အောင် ရှုံးနိမ့်သွားမှာလည်း မဟုတ်ပါဘူး..။ အောင်ပွဲ ရမှာကတော့ သေချာနေပြီး ဘယ်လောက် ပေးဆပ်ရမလဲဆိုတာပဲ လိုတော့တာပါ..။ တစ်ဖက်မှာလည်း သူ့ရဲ့ ဝှက်ဖဲတွေကို အခုကတည်းက ထုတ်ပြလိုက်ဖို့က အန္တရာယ် နည်းနည်း ရှိနေခဲ့တယ်..။
ဆန်နီ နဲ့ သူ့အဖွဲ့သားတွေပဲ သီးသန့် လှုပ်ရှားနေတာဆိုရင် သူ ပိုပြီး စိတ်အေးရမှာပါ..။ ဒါပေမဲ့ အခုလို ကြီးမားလှတဲ့ စစ်မြေပြင်ရဲ့ အလယ်မှာတော့.. ။ဒီအတွေးက သူ့ကို စိတ်ပျက်စေပါတယ်..။ သူ တတ်နိုင်သလောက် အချိန်ဆွဲချင်နေခဲ့တယ်။
…ဒါပေမဲ့ သူ့နှလုံးသားထဲမှာတော့ မကောင်းတဲ့ ခံစားချက်တစ်ခုက တဖြည်းဖြည်း ချင်း တိုးဝင်လာနေခဲ့ပါတယ်..။
အမှန်တော့ ဒါက ရှည်လျား ပင်ပန်းဆင်းရဲစရာ ကောင်းမယ့် စစ်ဆင်ရေးတစ်ခုရဲ့ အစပဲ ရှိနေသေးတာပါ..။ ဆန်နီ က အခု အစွမ်းကုန် ထုတ်မသုံးလို့ သူ့တပ်မက စစ်သားတွေ အများကြီး ထပ်ဆုံးရှုံးသွားတယ် ဆိုရင်တောင်.. ခြုံငုံကြည့်လိုက်ရင် ဒီအကျအဆုံးက ဘာမှ မဟုတ်သေးပါဘူး..။
ဒါပေမဲ့ မနက်ဖြန်မှာလည်း စစ်သားတွေ အများကြီး သေမယ်.. သဘက်ခါမှာလည်း သေမယ်ဆိုရင်ရော ဘာဖြစ်မလဲ..။ မကြာခင်မှာပဲ သူ့ဘေးနားမှာ တိုက်ခိုက်ပေးမယ့်သူ တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ပါဘူး..။ ဒါက..တကယ့်ပြဿနာ ကြီးပါ..။
ရုတ်တရက် ရိုးရှင်းပြီး အေးစက်တဲ့ အသိတစ်ခုက သူ့စိတ်ထဲကို ရိုက်ခတ်သွားခဲ့တယ်..။ ဆန်နီ့ မျက်လုံးတွေ အနည်းငယ် ပြူးသွားခဲ့ပါတယ်..။
သူ နားလည်သွားတဲ့ အရာက အရမ်းကို ရိုးရှင်းလွန်းတာကြောင့် သိသာထင်ရှားနေတဲ့ အမှန်တရားပါပဲ..။
အန္တာတိက ဆိုတာက.. တစ်စုံတစ်ယောက် အနေနဲ့ ကိုယ့်စွမ်းအားကို ချန်ထားလို့ရတဲ့ နေရာ မဟုတ်ပါဘူး..။ အိပ်မက်ဆိုး ချိန်းကြိုးကြီးက အထွက်အထိပ်ကို မရောက်သေးဘူး ဆိုရင်တောင်.. လူတိုင်းဟာ အခုကတည်းက သူတို့ရဲ့ အစွမ်းကုန်ကို ထုတ်သုံးကြရမှာပါ..။ မဟုတ်ရင်တော့ မလွဲမသွေ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်..။
အမှန်တော့ အစွမ်းကုန် ထုတ်သုံးတာတောင်မှ လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်..။
ဆန်နီ အံကြိတ်လိုက်တယ်..။
ဒီကပ်ဘေးကြီးက ကြောက်စရာကောင်းတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမယ်ဆိုတာ သူ သိထားခဲ့ပြီးသားပါ..။ ဒါပေမဲ့ အခု ဆန်နီ ကိုယ်တိုင်တောင် ဒီဘေးဒုက္ခရဲ့ အတိုင်းအတာ အစစ်အမှန်ကို လျှော့တွက်မိခဲ့တာ သိသာသွားခဲ့ပါပြီ..။ သီအိုရီအရ နားလည်တာနဲ့ လက်တွေ့ သိမြင်ရတာက အတော်လေး ကွာခြားနေခဲ့တယ်..။
ကြီးမားလှတဲ့ ဂိတ်ပေါက် အစောင့်အကြပ် ရဲ့ အလောင်းပေါ်မှာ ရပ်နေရင်း သူ သက်ပြင်းချလိုက်ပြီး သူ့စစ်သားတွေကို လှမ်းကြည့်လိုက်ပါတယ်..။
"ဟိုရှေ့က ဂိတ်ပေါက်က ငါတို့ရဲ့ မျက်လုံးမပါတဲ့ သူငယ်ချင်းဟောင်းတွေကို အစစ်အမှန်ကမ္ဘာထဲ ခေါ်လာနေတဲ့ပုံပဲ..။ ငါတို့က သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ သိထားပြီးသားဆိုတော့.. အဲဒါက ငါတို့ရဲ့ နောက်ပစ်မှတ် ဖြစ်လာလိမ့်မယ်.."
တပ်မထဲက အနည်းငယ်သော မာစတာ တွေထဲက တစ်ယောက် ဖြစ်သလို ပထမ အထူးတပ်ဖွဲ့ ရဲ့ ကပ္ပတိန် လည်း ဖြစ်တာကြောင့် ဆန်နီ မှာ တခြားသူတွေထက် ပိုကြီးမားတဲ့ တာဝန်ရှိနေခဲ့ပါတယ်..။ သူ့အဖွဲ့က ထွက်ပေါက် ခုနစ်ခုထဲက တစ်ခုကို ဦးဆောင် တိုက်ခိုက်ရမှာကတော့ အသေအချာပါပဲ..။
ဒါပေမဲ့ သူက နေရာအများကြီးမှာ တစ်ပြိုင်တည်း ရှိမနေနိုင်ပါဘူး..။
လူသားတပ်ဖွဲ့တွေရဲ့ နောက်ဘက်မှာ ပွင့်သွားတဲ့ ထွက်ပေါက်က.. အန္တရာယ် အရှိဆုံး ဖြစ်သလို တပ်မကိုလည်း ရှေ့တန်းကနေ ညီညီညာညာ မတိုက်နိုင်အောင် ဟန့်တားထားတာပါ..။ ဒါက စစ်မြေပြင်က စစ်သားတိုင်းကို ပိတ်လှောင်ထားသလို ဖြစ်နေခဲ့တယ်..။ အဲ့နေရာက သူ့ လက်ရှိနေရာနဲ့ အရမ်းဝေးနေတာကြောင့် အထူးတပ်ဖွဲ့တွေအနေနဲ့ အချိန်မီ ရောက်သွားဖို့ မျှော်လင့်ချက် မရှိနိုင်ပါဘူး..။
တခြား တစ်ယောက်ယောက်ကတော့ အဲဒါကို ကိုင်တွယ်ရပါလိမ့်မယ်..။
"ထွက်ကြမယ်.. ဆမ်မာရာ.. ။သတ်မှတ်ထားတဲ့ ထွက်ပေါက်ကို သေချာ ပစ်ခတ်နိုင်မယ့် နေရာကို ရွေးလိုက်..။ ကင်မ်.. လူစတာ နားမှာပဲ နေပြီး ရှေ့တန်းရဲ့ နောက်ကျောကို ကာကွယ်ပေးဖို့ သူ့ကို ကူညီပေးလိုက်..။ အသက်ရှင်အောင် နေကြ... အကုန်လုံးကို သတ်ပစ်ကြ.."
အဖွဲ့သားတွေဟာ အချိန်ထပ်မဖြုန်းတော့ဘဲ ရူးသွပ်နေတဲ့ သားရဲတွေရဲ့ ထိုးစစ်ကို ရင်ဆိုင်ဖို့ ရှေ့ကို ပြေးထွက်သွားကြတယ်..။ ရာနဲ့ချီတဲ့ နိုးထသူ တွေကလည်း သူတို့နဲ့အတူ ပူးပေါင်းလိုက်ကြပြီး အိပ်မက်ဆိုး သတ္တဝါ တွေနဲ့ သာမန်စစ်သားတွေကြားမှာ ကြားခံနယ်မြေတစ်ခု ဖန်တီးလိုက်ကြပါတယ်..။သူတို့က တပ်မဟာအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတစ်ခု ပြုလုပ်နိုင်ဖို့ အချိန်ဆွဲပေးနေခဲ့ကြတာပါပဲ..။
…သူတို့ ထွက်သွားပြီး စက္ကန့်အနည်းငယ် အကြာမှာတော့.. အလောင်းကြီးရဲ့ အရိပ်ထဲမှာ တစ်ခုခု လှုပ်ရှားသွားခဲ့ပါတယ်..။
ရုတ်တရက် ကြောက်စရာကောင်းတဲ့ အနက်ရောင် မြင်းကြီးတစ်ကောင်က အရိပ်ထဲကနေ ထွက်လာပြီး.. ကြောက်မက်ဖွယ် အနက်ရောင် မြင်းစီးသူရဲ တစ်ဦးကို တင်ဆောင်ထားခဲ့တယ်..။ မြင်းစီးသူရဲက စစ်မြေပြင်ကို အေးစက်တဲ့ အမူအရာနဲ့ အကဲခတ်လိုက်ပြီး.. သူမရဲ့ မြင်းကို အရှိန်ပြင်းပြင်းနဲ့ စတင် စီးနင်းလိုက်ပါတယ်..။ သူတို့ရဲ့ မျက်လုံးတွေကတော့ င
နီရဲတဲ့ မီးတောက်တွေနဲ့ တောက်လောင်နေခဲ့တယ်..။
အိပ်မက်ဆိုး နဲ့ သူတော်စင် တို့ဟာ အနားကို တိုးကပ်လာနေတဲ့ သားရဲတွေဆီကနေ ဝေးရာကို ထွက်သွားခဲ့ပြီး.. အလျင်အမြန် စုစည်းထာတဲ့ လူသားစစ်သားတွေရဲ့ စစ်ကြောင်းဆီကို ဦးတည် သွားနေခဲ့ကြတယ်..။
အပိုင်း ( ၈၅၁ ) ပြီး၏။
အပိုင်း ( ၈၅၂ ) အရှင်သခင် ပြန်လည်ရောက်ရှိလာခြင်း
အက်ရှ် လို့ အမည်ရတဲ့ စစ်သားတစ်ယောက်အတွက်တော့ ဒီနေ့ဟာ သိပ်မကောင်းလှပါဘူး..။ တိုက်ပွဲစစချင်းမှာတင် သူ့ရဲ့ အစွမ်းထက်တဲ့ သံချပ်ကာဝတ်စုံက ဒူးဆစ်တစ်ခု ပျက်စီးသွားခဲ့တာပါ..။ သူ ဆက်ပြီး တိုက်ခိုက်နိုင်သလို ရိုင်ဖယ်ကိုလည်း ပစ်နိုင်ပါသေးတယ်..။ လှုပ်ရှားမှုတွေက အများကြီး နှေးကွေးသွားပေမဲ့လည်း သားရဲတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေဆဲပါပဲ..။ ဒါပေမဲ့ ကွပ်ကဲမှုဌာနကတော့ ဒီ
စွန့်စားမှုက မထိုက်တန်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်..။
ရလဒ်အနေနဲ့ သူဟာ ခြေလျင်တပ်ဖွဲ့ဝင် ရဲဘော်တွေကို ထားခဲ့ပြီး တပ်မရဲ့ ထောက်ပံ့ရေးယာဉ်တန်းဆီကို ဆုတ်ခွာခဲ့ရတယ်..။ဒီနေရာမှာ နည်းပညာအဖွဲ့က သူ့ဝတ်စုံကို အမြန်ဆုံး ပြင်ဆင်ပေးဖို့ ကြိုးစားနေခဲ့ကြပါတယ်..။
…ဝမ်းနည်းစရာကောင်းတာက သူတို့က လုံလောက်အောင် မမြန်ဆန်ခဲ့တာပါပဲ..။
ထွက်ပေါက်အသစ်တွေ အများကြီး ပွင့်လာမယ်လို့ ဘယ်သူက ကြိုသိမှာလဲ..။ ဒီထဲက တစ်ခုက အကာအကွယ် အနည်းငယ်ပဲ ရှိတဲ့ ထောက်ပံ့ရေးယာဉ်တန်းရဲ့ အပေါ်တည့်တည့်မှာ ပွင့်လာခဲ့တာပါ..။
နည်းပညာရှင်တွေနဲ့ တခြား တိုက်ခိုက်ရေးသမား မဟုတ်သူတွေက အဓိကတပ်မကြီးဆီကို အသည်းအသန် ဆုတ်ခွာဖို့ ကြိုးစားနေချိန်မှာ.. အက်ရှ် နဲ့ အနားမှာ ရှိနေတဲ့ စစ်သား အနည်းငယ်ဟာ ရှေ့တိုးလာတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေကို ကြိုးစား ရင်ဆိုင်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး..။
သူတို့က သားရဲတွေဆီကို ကျည်ဆန်မိုးတွေ ရွာချလိုက်ပေမဲ့.. ရန်သူတွေက အရမ်းများလွန်းနေခဲ့တယ်..။ သူက ပုခုံးထမ်း လောင်ချာထဲက ဒုံးကျည်အသေးလေးတွေကို သားရဲအုပ်ကြီးထဲ ပစ်ထည့်လိုက်ပေမဲ့လည်း.. ဒုံးကျည်တွေရဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုက ဘာထူးခြားမှုကိုမှ မဖန်တီးနိုင်ခဲ့ပါဘူး..။
သူက ဒီပစ်ခတ်မှုနဲ့ အသွင်ပြောင်း အဆင့် အကောင်အချို့ကို သုတ်သင်နိုင်ခဲ့ပေမဲ့.. နိုးထသူ အဆင့်တွေကတော့..။
နိုးထသူ တစ်ကောင်ကို သတ်ဖို့ နိုးထသူ တစ်ယောက် လိုအပ်ပါတယ်..။ ဒါကို သာမန်စစ်သားတိုင်း အနည်းနဲ့အများ သိထားကြတာပါပဲ..။
ဖြည်းဖြည်းချင်းပဲ အက်ရှ် ရဲ့ သွေးတွေဟာ အေးစက်လာခဲ့တယ်..။
'မကောင်းဘူး.. မကောင်းဘူး.. မကောင်းတော့ဘူး..'
ထွက်ပေါက်တွေရဲ့ အရှိန်အဝါကြောင့် ဝေဝါးနေပေမဲ့.. အရာရှိတစ်ယောက်ရဲ့ အော်ဟစ်သံက ဝတ်စုံရဲ့ ဆက်သွယ်ရေးစနစ်ကနေ သူ့နားထဲ ရောက်လာခဲ့ပါတယ်..။
"…လှံစွပ်… တပ်ထားကြ "
လှံစွပ်တပ်ဖို့..။
ဒါက စစ်သားတိုင်း ကြောက်ရွံ့ရတဲ့ အမိန့်ပါပဲ။
အက်ရှ် က သူ့ရိုင်ဖယ်ဘေးက ခလုတ်ကို ပြတ်ပြတ်သားသား နှိပ်လိုက်တယ်..။ ခနအကြာမှာတော့ အစွမ်းထက်တဲ့ သတ္တုဓားသွားက ပြောင်းဝအောက်ကနေ ထွက်လာပြီး.. လက်နက်ကို အရေးပေါ်လှံအဖြစ် ပြောင်းလဲသွားစေခဲ့တယ်..။
'လာခဲ့ကြစမ်း.. ခွေးမသားတွေ..'
သူ အားတင်းထားပေမဲ့လည်း.. နောက်ထပ် တစ်ရက်ကို မြင်ရတော့မှာ မဟုတ်ဘူးလို့ ခံစားနေရပါတယ်..။ ဒါမှမဟုတ် ဒီကျိန်စာသင့်နေတဲ့ တောင်ပိုင်းစတုတ္ထနယ်မြေမှာ တစ်ရက်လို့ သတ်မှတ်တဲ့ အချိန်အထိပေါ့..။ အခွင့်အရေးက အရမ်းကို နည်းပါးလွန်းနေခဲ့တယ်..။ နိုးထသူ သားရဲတွေကတင် တော်တော်ဆိုးနေပြီ ဖြစ်ပေမဲ့.. သူက သံချပ်ကာဝတ်စုံရဲ့ အကူအညီနဲ့ တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်လောက်ကို သတ်နိုင်ဖို့ သီအိုရီအရ အခွင့်အရေး ရှိပါသေးတယ်..။
ဒါပေမဲ့ ကျရှုံးမူအဆင့် တွေလည်း ရှိနေခဲ့တာပါ..။ အကြောက်စရာအကောင်းဆုံးကတော့.. ဂိတ်ပေါက်ထဲကနေ ထွက်လာတဲ့ ရှေးဟောင်း သမင်ကြီးနဲ့ တူတဲ့ သတ္တဝါကြီးပါပဲ..။ ဒီကောင်က တခြား သားရဲတွေကို ပိုပြီး ရူးသွပ်သွားစေခဲ့တယ်..။ ဒါက အနည်းဆုံးတော့ တိုင်းရန့် တစ်ကောင်.. ဒါမှမဟုတ် နတ်ဆိုး တစ်ကောင် ဖြစ်ပါလိမ့်မယ်..။
အက်ရှ် တုန်လှုပ်သွားပြီး အဆင်သင့် ပြင်ထားလိုက်တယ်..။
'ကောင်းပြီလေ.. ဖြစ်ချင်ရာဖြစ်တော့..။ ထောက်ပံ့ရေး လူတွေ ပြေးနိုင်အောင် ငါတို့ အချိန်ဆွဲပေးရမယ်..။ လူသားတွေ ဘာလုပ်နိုင်လဲဆိုတာ ဒီကောင်တွေသိစေရမယ်..။ ချီးပဲ.. ဘယ်သူသိမှာလဲ.. စစ်ကူတွေ အချိန်မီ ရောက်လာရင် ရောက်လာမှာပေါ့..'
နောက်တစ်စက္ကန့်မှာတော့ အိပ်မက်ဆိုး သတ္တဝါ တွေက စစ်သားတွေရဲ့ ပါးလွှာတဲ့ စစ်ကြောင်းဆီ တိုးဝင်လာခဲ့တာကြောင့် အဝေးပစ်လက်နက်တွေက အသုံးမဝင်တော့ပါဘူး..။ အက်ရှ် က ခုန်အုပ်လာတဲ့ အိပ်စက်သူ သားရဲတစ်ကောင်ကို လှံစွပ်နဲ့ ဆီးထိုးလိုက်တယ်။.. သူ့ခန္တာကိုယ်ကဝတ်စုံ နောက်ကို တွန်းပို့ခံလိုက်ရတာကြောင့် အသံထွက်အောင် ညည်းညူလိုက်မိပါတယ်..။
'သန်မာလိုက်တာ..'
ဝတ်စုံနောက်ကျောက ဒုံးစက်ငယ်တွေက မီးပွင့်လာပြီး သူ့ကို ရှေ့ကို ပြန်တွန်းပေးခဲ့တယ်..။
အက်ရှ် က ရွံစရာကောင်းတဲ့ သတ္တဝါရဲ့ အသားတွေကို လှီးဖြတ်လိုက်ပြီး.. နောက်ထပ် ဟိန်းဟောက်နေတဲ့ သားရဲတစ်ကောင်ကို တိုက်ခိုက်ဖို့ ကြိုးစားလိုက်ပါတယ်..။
ဝမ်းနည်းစရာကတော့ အဲ့အချိန်မှာပဲ သူ့ဝတ်စုံရဲ့ ပျက်စီးနေတဲ့ အဆစ်က လုံးဝ ပြုတ်ထွက်သွားပြီး သူ့ကို ဟန်ချက်ပျက်သွားစေခဲ့တာပါပဲ..။ လှံစွပ်က နိုးထသူ သားရဲရဲ့ အရေခွံပေါ်မှာ အစင်းရာလေးတောင် မထင်ကျန်ဘဲ ချော်ထွက်သွားခဲ့တယ်..။
အက်ရှ် က မြေပြင်ပေါ်ကို အားကိုးရာမဲ့ လဲကျသွားပါပြီ..။ သူ မလှုပ်ရှားနိုင်ခင်မှာပဲ.. သတ္တဝါရဲ့ ထက်မြက်တဲ့ အစွယ်တွေက သူ့ပုခုံးပေါ်ကို ကျဆင်းလာခဲ့တယ်။ဒီကိုက်ဖြတ်မူက.. ဝတ်စုံရဲ့ သတ္တုပြားတွေနဲ့ အတွင်းပိုင်း စက်ပစ္စည်းတွေကို အလွယ်တကူပဲ ချေမှုန်းပစ်လိုက်ပါတယ်..။ ပြင်းထန်တဲ့ နာကျင်မှုက သူ့ဘေးတစ်ကိုယ်လုံးကို စီးဆင်းသွားခဲ့ပါပြီ..။
'အား.. ငါတော့ သေတော့မှာပဲ...'
သူ့ကို သတ်တော့မယ့် သားရဲရဲ့ အရုပ်ဆိုးလှတဲ့ မျက်နှာကို သူ မျက်လုံးအပြူးသားနဲ့ မော့ကြည့်နေမိတယ်..။
…အဲ့အချိန်မှာပဲ သားရဲရဲ့ ခေါင်းက သွေးစတွေအဖြစ် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ပါတယ်။
အက်ရှ် ဟာ အိပ်မက်ဆိုးထဲက မြင်ကွင်းတစ်ခု ကို တွေ့လိုက်ရသလိုမျိုး မျက်တောင်ခတ်လိုက်မိတယ်..။ဒါက အနက်ရောင် မြင်းကြီးတစ်ကောင် ဖြစ်ပြီး.. လက်ရာမြောက်လှတဲ့ အနက်ရောင် သံချပ်ကာဝတ် မြင်းစီးသူရဲ တစ်ယောက် က စီးဆင်းလာခဲ့ပါ..။ အနည်းဆုံးတော့ ဒီမြင်းစီးသူက လူသားနဲ့ တူနေခဲ့ပါတယ်..။
ဒါမှမဟုတ် နတ်ဆိုး တစ်ကောင်လည်း ဖြစ်နိုင်တာပါပဲ..။
သားရဲရဲ့ ခေါင်းကို ချေမှုန်းလိုက်တာက အနက်ရောင် မြင်းကြီးရဲ့ ခွာတွေပါ..။ အရှိန်လျော့ကျမသွားတဲ့ ဒီ နတ်ဆိုးသူရဲကောင်းဟာ ရှေ့ကို ဆက်တိုးသွားပြီး.. လမ်းမှာ ရှိနေတဲ့ သားရဲတွေကို သုတ်သင်သွားခဲ့တယ်..။ ရုတ်တရက်ပဲ သာမန်စစ်သားတွေအပေါ် ကျရောက်နေတဲ့ ဖိအားတွေက လျော့နည်းသွားခဲ့ရပါတယ်..။
အနက်ရောင် မြင်းစီးသူရဲ နဲ့ သူရဲ့လား.. သူမရဲ့လား.. အိပ်မက်ဆိုး မြင်းကြီးဟာ ရူးသွပ်နေတဲ့ သားရဲအုပ်ထဲကို ဖြတ်ကျော်သွားပြီး တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်နေခဲ့တယ်..။
'ဓားက..'
ဒီသူရဲကောင်းက ထူးဆန်းတဲ့ လက်နက်တစ်ခုကို ကိုင်ထားခဲ့တာပါ..။ သူ.. သူမ.. ကိုင်ထားတဲ့ ဓားက အနက်ရောင် ကျောက်တုံးနဲ့ ပြုလုပ်ထားပြီး အနည်းငယ် ကျိုးပဲ့နေခဲ့တယ်..။ ဒါပေမဲ့ ဓားသွားကတော့ ထက်မြက်နေတုန်းပါပဲ..။
အက်ရှ် က မနည်း ထရပ်ဖို့ ကြိုးစားနေချိန်မှာ.. ဒီ နတ်ဆိုးသူရဲကောင်းဟာ အိပ်မက်ဆိုး သတ္တဝါ လှိုင်းကြီးကို ဖြတ်ကျော်ပြီး သမင်ကြီးဆီကို ပိုပိုပြီး နီးကပ်သွားခဲ့ပါတယ်..။ တစ်နေရာအရောက်မှာတော့ မြင်းစီးသူရဲက အနက်ရောင် မြင်းပေါ်ကနေ ကျော့ရှင်းစွာ ခုန်ဆင်းလိုက်ပြီး.. လေထဲမှာ မြင့်မားစွာ ပျံသန်းကာ ရှေ့တိုးလာတဲ့ ဂိတ်အစောင့်အကြပ် ရဲ့ ရှေ့တည့်တည့်မှာ ဆင်းသက်လိုက်တယ်..။
အက်ရှ် ကတော့ နောက်ထပ် ဘာဖြစ်သွားလဲဆိုတာ မမြင်လိုက်ရတော့ပါဘူး..။ ဘာလို့လဲဆိုတော့ ဒီ သူရဲကောင်းရဲ့ ပုံရိပ်က အိပ်မက်ဆိုး သတ္တဝါ တွေကြားမှာ ကွယ်ပျောက်သွားတာကြောင့်ပါ..။ သူ ခံစားလိုက်ရတာကတော့ စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားတဲ့.. လူသားမဟုတ်တဲ့ အေးစက်စက် အော်ဟစ်သံကြီး တစ်ခုပါပဲ..။ ဒီအသံက အရမ်းကျယ်လောင်လွန်းတာကြောင့် သူ့ဝတ်စုံရဲ့ အသံစစ်ထုတ်တဲ့ စနစ်တောင် မထိန်းနိုင်ခဲ့ပေ..။
'ဘုရားသခင်တို့..'
နောက်ဆုံးမှာတော့ သူ မြေပြင်ကနေ ထနိုင်ခဲ့ပါပြီ..။ တိုက်ပွဲကတော့ မပြီးသေးပါဘူး..။ အမှန်တော့ အခုမှ စတာပါ..။ အက်ရှ် ဟာ ကောင်းနေသေးတဲ့ ခြေထောက်တစ်ဖက်တည်းနဲ့.. ပြီးတော့ ညာဘက်လက်ကို လှုပ်ရှားလို့ မရတော့တဲ့ ပုခုံးဒဏ်ရာ နဲ့ တစ်ခုခုလုပ်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပေမဲ့လည်း.. သူ့တာဝန်ကို သူ ကျေအောင် ထမ်းဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်..။
သူ့ရိုင်ဖယ်ကို ပြန်မလိုက်ပြီး ရှေ့ကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့.. ကြောက်စရာကောင်းတဲ့ အနက်ရောင် မြင်းကြီးက သားရဲတွေကြားမှာ သောင်းကျန်းနေတာကို မြင်လိုက်ရတယ်..။အစောတုန်းကရှိနေတဲ့ နတ်ဆိုး မြင်းစီးသူရဲ ရဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရတော့ပါဘူး..။ ဒါပေမဲ့ ဧရာမ သမင်ကြီးရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့်.. ဒီ သူရဲကောင်းက သမင်ကြီးနဲ့ တိုက်ခိုက်နေတယ်ဆိုတာ သိသာနေခဲ့တယ်..။
'ဘယ်လို ရူးသွပ်နေတဲ့သူက အဲဒီ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးကို တစ်ယောက်တည်း တိုက်ခိုက်ရဲတာလဲ..'
ဒါပေမဲ့ အဲဒီ ထူးဆန်းတဲ့ စစ်သည်တော်က ကြောက်စရာကောင်းတဲ့ ဂိတ်စောင့်အကြပ် ကို တိုက်ခိုက်ရုံတင် မဟုတ်ပါဘူး..။
အက်ရှ် ခနလောက် မှင်တက်သွားခဲ့တယ်..။
'နေဦး.. သူက.. မဟုတ်ဘူး.. သူမက.. အဲဒီ နတ်ဆိုးက တကယ်ပဲ သတ်လိုက်နိုင်တာလား..'
ရွံစရာကောင်းတဲ့ သမင်ကြီးရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ယိုင်နဲ့သွားပြီး.. လဲကျသွားခဲ့ပါပြီ..။ နောက်ထပ် အော်ဟစ်သံတစ်ခုက အက်ရှ် ရဲ့ နားထဲကို တိုးဝင်လာပြီး.. အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးဟာ သူတို့ရဲ့ စနစ်တကျ လှုပ်ရှားမှုတွေ ပျောက်ဆုံးသွားခဲ့ရတယ်..။
ဂိတ် အစောင့်အကြပ် သေဆုံးသွားပါပြီ..။
အက်ရှ် ကတော့ သူ့ရဲ့ ကံကောင်းမှုကို မယုံနိုင်လောက်အောင် ဖြစ်နေခဲ့တယ်..။
ပြီးတော့ ဒီနေ့မှာ သူတကယ်ပဲ ကံကောင်းနေတဲ့ ပုံပါပဲ.။ သားရဲကြီး လဲကျသွားပြီး သိပ်မကြာခင်မှာပဲ.. နောက်ဘက်ကနေ စစ်ကူတွေ ရောက်လာပြီး ရန်သူတွေကို တားဆီးဖို့ ခိုင်မာတဲ့ ခံစစ်ကြောင်းကို တည်ဆောက်လိုက်ကြပါတယ်..။
အက်ရှ် က သူ့ရဲ့ နောက်ဆုံးကျည်ဆန်တွေကို ပစ်ခတ်လိုက်ပြီး.. ယိုင်နဲ့နဲ့နဲ့ ဆုတ်ခွာလာခဲ့လိုက်တယ်..။ ဒီတစ်ခါတော့ သူက ဝတ်စုံပြင်တဲ့ ယာဉ်ဆီ မဟုတ်ဘဲ..ခန္ဓာကိုယ်ကို ကုသဖို့အတွက် စစ်မြေပြင်ဆေးရုံဆီကို ပို့ဆောင်ခြင်း ခံလိုက်ရပါတယ်..။
အဲဒီမှာတော့ သူ့ရဲ့ ပြတ်တောက်နေတဲ့ ပုခုံးကို အမြန်ဆုံး ပြန်တွဲပေးနေတာကြောင့် နာကျင်စွာနဲ့ မျက်မှောင်ကျုတ်နေခဲ့မိတယ်။ အက်ရှ်က တစ်ခုခုကို စဉ်းစားနေခဲ့တာပါ..။
'နေဦး.. အဲဒီ သံချပ်ကာ.. အဲဒီ နတ်ဆိုးဆန်တဲ့ အရှိန်အဝါတွေ.. အေးစက်တဲ့ အမူအရာနဲ့ မှောင်မိုက်တဲ့ ဆွဲဆောင်မှု..'
သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားခဲ့ပါပြီ။
တိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်နေတုန်းပါပဲ..။ ဒါပေမဲ့ အက်ရှ် ရဲ့ စိတ်ကတော့ တခြားအရာတစ်ခုကိုသာ အာရုံရောက်နေခဲ့တယ်..။
'ငါ့ကို ကယ်တင်လိုက်တာက.. မွန်ဂရယ် များလား..'
အပိုင်း ( ၈၅၂ ) ပြီး၏။