အခန်း (၈၅၃-၈၅၅)
Vol. 57 Ch. 853-855
အပိုင်း ( ၈၅၃ ) အရိုး သီဆိုသူ
ဒီတစ်ကြိမ်မှာတော့ ဆန်နီ ဟာ တိုက်ပွဲစတင်တဲ့ ပထမဆုံး စက္ကန့်ကတည်းက အနီးကပ်တိုက်ပွဲထဲကို ခုန်ဝင်ဖို့ ရွေးချယ်လိုက်တယ်..။ သူ့ရဲ့ လေးက အဝေးမှာရှိတဲ့ သန်မာတဲ့ ပစ်မှတ်တွေကို သတ်ဖြတ်ဖို့အတွက် ကြောက်စရာကောင်းတဲ့ ကိရိယာတစ်ခု ဖြစ်ပေမဲ့.. အခုလို ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေမျိုးမှာတော့ အဆင့်နိမ့် အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးကို ထိန်းချုပ်ဖို့က ပိုပြီး အရေးကြီးနေခဲ့ပါတယ်..။
အမှန်တော့ ဒီသတ္တဝါတွေက လုံးဝ ကြောက်စရာကောင်းတဲ့ သားရဲတွေနဲ့ နှိုင်းယှဉ်မှသာ အဆင့်နိမ့်တယ်လို့ ဆိုနိုင်တာပါ..။သူတို့ တစ်ကောင်ချင်းစီကတော့ သေစေနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်နေတုန်းပါပဲ..။ ဒါ့အပြင် [သေဆုံးခြင်း ကုန်သည်] စွမ်းရည်ကို ထပ်သုံးဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ပေ။
အခုအချိန်မှာ သူက အဖွဲ့ငယ်လေးတစ်ခုတည်းကို မဟုတ်ဘဲ နိုးထသူ အယောက်တစ်ရာကျော်ကို ဦးဆောင်နေရတာ ဖြစ်တာကြောင့်.. သေဆုံးခြင်း ဆန္ဒ ရဲ့ တန်ဖိုးက သိသိသာသာ မြင့်တက်နေခဲ့တယ်..။ ဆန်နီ သားရဲတွေနဲ့ တိုက်ခိုက်နေတာကို မြင်ရတဲ့ လူတိုင်းက အားအင်တွေ ပြည့်ဝသလို ခံစားရပြီး ပြတ်ပြတ်သားသား တိုက်ပွဲဝင်လိုစိတ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်..။
…တစ်ဖက်မှာလည်း သူက သားရဲတစ်အုပ်တည်းကို မဟုတ်ဘဲ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးတစ်ခုလုံးကို ရင်ဆိုင်နေရတာပါ..။ ဒါက သေဆုံးခြင်း ဆန္ဒ ကြောင့် ရူးသွပ်နေတဲ့ သားရဲ ရာနဲ့ချီဟာ သူ့ကို့ ပစ်မှတ်ထားလာကြမယ်လို့ ဆိုလိုတာပါပဲ..။
ပြီးခဲ့တဲ့ တိုက်ပွဲနှစ်ခုမှာ [သေဆုံးခြင်း ဆန္ဒ] စွမ်းရည်ရဲ့ သက်ရောက်မှုခံထားရတဲ့ ရန်သူ ဒါဇင်ပေါင်းများစွာကို သူ သတ်ခဲ့တာကြောင့်လည်း ဒီမှတ်သားမူရဲ့ စွမ်းအားက တိုးလာခဲ့ပါတယ်..။
'အိုး ကောင်းပြီလေ..'
သူ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကိုင်တွယ်ရပါလိမ့်မယ်..။
ဆန်နီ က အစွမ်းကုန် ထုတ်သုံးဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပေမဲ့.. အခုချိန်မှာတော့ ပထမဆုံးအကြိမ်အဖြစ် သူ့မှာ အစွမ်းထက်တဲ့ လက်နက်တွေ လိုအပ်နေတယ်လို့ ခံစားလိုက်ရတယ်..။ သူ့ရဲ့ မှတ်သားမူ လက်နက်တိုက်က စုံလင်ပြီး စွမ်းအားကြီးတယ်လို့ သူ အမြဲတမ်း ဂုဏ်ယူနေခဲ့တာပါ..။ ဒါပေမဲ့ အခု ဆန်နီ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ယှဉ်ရင်တော့ အနောက်မှာ ကျန်နေခဲ့သလိုပါပဲ..။
သူတော်စင် ကို တပ်ဆင်ပေးဖို့ လက်နက်တောင် သူ့မှာ မရှိပါဘူး..။ ရှက်စရာကောင်းတာက သူမရဲ့ ကျိုးပဲ့နေတဲ့ ကျောက်ခွဲဓားဟာ သူကိုင်ထားတဲ့ ရက်စက်သော မြင်ကွင်း ကလွဲရင် တစ်ခြားဘယ်လက်နက်ထက်မဆို ပိုပြီး အားကောင်းနေတာပါပဲ..။ တက်ရောက်မူ အဆင့် နတ်ဆိုး ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တာကြောင့်.. ဒီ ကျောက်ဓားသွားက တက်ရောက်မူ အဆင့် လက်နက်ရဲ့ စွမ်းအားကို ဆောင်ထားပါတယ်..။ ဝမ်းနည်းစရာကတော့ နှုတ်ဆိတ်နေတဲ့ အရိပ်လိုပဲ ဒီဓားကလည်း သူ့ဘာသာသူ ပြန်ပြင်နိုင်တဲ့ လက္ခဏာ မရှိသေးတာပါပဲ..။
ဆန်နီ က ထာဝရချိန်း ကို ဝတ်ဆင်ထားပြီး.. ရက်စက်သော မြင်ကွင်း ကို ကိုင်ဆောင်ကာ သေဆုံးခြင်း ဆန္ဒ ရဲ့ စွမ်းအားတွေကို အသုံးချနေခဲ့တယ်..။ သူ့ရဲ့ အရိပ်နှစ်ခုကလည်း သူ့ကို ရစ်ပတ်ရင်း ခွန်အားဖြည့်ပေးထားပါတယ်..။ သူတော်စင် ဆီမှာတော့ ကျိုးပျက်ကျိန်စာ ရှိနေခဲ့ပေမယ့်.. အိပ်မက်ဆိုး ကို စီးနင်းနေတုန်းမှာ ဒီအဆောင်ကို အသုံးမပြုနိုင်ခဲ့ပါဘူး..။ အနက်ရောင်မြင်း နဲ့ မြင်းစီးသူရဲ တို့ဟာ အရိပ် တစ်ခုစီရဲ့ ခွန်အားဖြည့်မှုကို ရရှိထားခဲ့ကြတယ်။
ဒီအရာတွေကလွဲရင် အခြေအနေကို သူ့ဘက်ပါအောင် ပြောင်းလဲပစ်ဖို့ ဆန်နီမှာ အသုံးချစရာ သိပ်မရှိတော့ပါဘူး..။
'ချီးပဲ.. ငါ မှတ်သားမူတွေ တကယ် ထပ်လိုနေပြီ..'
ဒါပေမဲ့ သူ့မှာ ရှိနေတဲ့ လက်နက်တွေက ဘာတွေဖြစ်နိုင်မလဲ..။
"ကင်မ်.. နင် ဘာမြင်ရလဲ.."
သူ့ရဲ့ စစ်သားတွေကလည်း သူ့ရဲ့ လက်နက်တွေပါပဲ..။ ဆန်နီ နောက်ဆုံးတွေ့ခဲ့တဲ့ အစွမ်းထက် မှတ်သားမူ က ကင်မ် ဆီ ရောက်သွားကြောင့်.. သူ ရလဒ်တစ်ခုခုကို မျှော်လင့်နေခဲ့တယ်..။
ရန်သူနဲ့ ထိပ်တိုက်မတွေ့ခင်.. စက္ကန့်အနည်းငယ်ပဲ လိုပါတော့တယ်..။ မိန်းကလေးက ခနလောက် တုံ့ဆိုင်းနေပြီးမှ ဆန်နီရဲ့ အတွက် မျှော်လင့်ချက်မီးတောက်လေးတစ်ခု တောက်လောင်စေမယ့် စကားကို ပြောလိုက်ပါတယ်..။
"ကျွန်မ.. ကျွန်မ မြင်ပြီ..။ ဒီသားရဲတွေက အသံလှိုင်း တိုက်ခိုက်မှုတွေကို မခုခံနိုင်ဘူး.."
'အဲဒါပဲ'
မျက်လုံးမပါတဲ့ သားရဲတွေကို ပထမဆုံးအကြိမ် ရင်ဆိုင်ပြီးကတည်းက ဆန်နီ ဒီလိုမျိုး သံသယ ဖြစ်ခဲ့တာပါ..။သို့ပေမဲ့ ခိုင်မာတဲ့ အထောက်အထား မရှိတာကြောင့် ဒီ သံသယက ဗျူဟာကောင်းတစ်ခု ဖြစ်မလာနိုင်ပါဘူး..။ အခုတော့..
'သူတို့ရဲ့ အာရုံခံစားမှုက အဲဒီမှာ ရှိနေတာ သေချာတယ်..'
သူက ထူးဆန်းတဲ့ မြစိမ်းရောင် အရိုးနဲ့ ထုလုပ်ထားတဲ့ ပုလွေ ဖြစ်တဲ့.. အရိုးသီဆိုသူ ကို ဆင့်ခေါ်လိုက်တယ်..။အနီရောင်အဆောက်အဦး မှာ သူ ရရှိခဲ့တဲ့ ဒီ တက်ရောက်မူ အဆင့် မှတ်သားမူ မှာ [ အသံဩဇာ ] ၊ [တိတ်ဆိတ်မူ ] နဲ့ [ ဂူဗိမာန် သံစဥ် ] ဆိုတဲ့ စွမ်းရည် သုံးခု ပါရှိပါတယ်..။
ပထမတစ်ခုက ပုလွေကို အသံအတိုးအကျယ် အမျိုးမျိုးနဲ့ မြည်စေနိုင်တာပါ..။ ဒါက ဆန်နီ အနေနဲ့ ငွေရောင်ခေါင်းလောင်း နဲ့ သာမန်ကျောက်တုံး ဆီကို ကူးယူခဲ့တဲ့ အစွမ်းလည်း ဟုတ်ပါတယ်..။ ဒုတိယတစ်ခုက ပုလွေရဲ့ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်တဲ့ နယ်မြေတစ်ခု ဖန်တီးပေးနိုင်တာပါ..။ တတိယတစ်ခုကိုတော့.. ဆန်နီ အခုထိ အသုံးမပြုနိုင်သေးပါဘူး..။
ဒီစွမ်းရည်က သေဆုံးသူတွေကိုတောင် ပြန်ထလာစေနိုင်ပါတယ်။
ဒါပေမဲ့ ဒီစွမ်းရည်ကို အသက်သွင်းဖို့ဆိုရင် ပုလွေကို အမှန်တကယ် မှုတ်တတ်ဖို့ လိုအပ်ပေမဲ့ ဆန်နီ ကတော့ မမှုတ်တတ်ပါဘူး..။ ဒါ့အပြင်
နိုးထလာတဲ့ အလောင်းတွေက လူသတ်ချင်စိတ် ရှိကြပြီး ထိန်းချုပ်လို့ ရမှာ မဟုတ်ကြပေ..။ သူတို့ကို အမိန့်ပေးဖို့ နဲ့ အရှင်သခင်ကို ပြန်မတိုက်အောင် လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက မှန်ကန်တဲ့ တေးသွားနဲ့ ချော့မြူဖို့ပါပဲ..။သူ့အနေနဲ့ ဒီ တေးသွားကိုလည်း မသိထားပါဘူး..။
ဘာပဲဖြစ်ဖြစ် ဆန်နီ ကတော့ အခုလောလောဆယ်မှာ [ အသံဩဇာ] အစွမ်းကိုပဲ စိတ်ဝင်စားနေခဲ့တယ်..။
သူက ပုလွေကို အကျယ်ဆုံး အသံနဲ့ မြည်ဖို့
အမိန့်ပေးလိုက်ပြီး အဆီအနှစ်တွေနဲ့ ဖြည့်တင်းလိုက်ပါတယ်..။ ယင်းနောက် အရိုးလက်နက်ကို လူစတာ ဆီ လှမ်းပစ်ပေးလိုက်တယ်..။
"မှုတ်လိုက်တော့"
လူငယ်လေးက မြစိမ်းရောင် ပုလွေကို ဖမ်းလိုက်ပေမယ့် ကြောင်အမ်းအမ်းနဲ့ ကြည့်နေခဲ့တယ်..။
"ဟာ.. ကပ္ပတိန်.. ကျွန်တော် ပုလွေ မမှုတ်တတ်ဘူးလေ.."
ဆန်နီ သားရဲလှိုင်းကြီးဆီကို ပြန်လှည့်သွားရင်း အော်ဟစ်လိုက်ပါတယ်..။
"အပေါက်ထဲကိုသာ မှုတ်လိုက်စမ်းပါ..ချီးပဲ.."
လူစတာ က စက္ကန့်ဝက်လောက် တုံ့ဆိုင်းနေပြီးမှ အရိုးသီဆိုသူ ကို သူ့နှုတ်ခမ်းမှာ အသာအယာ တေ့လိုက်တယ်..။
ခနအကြာမှာတော့ နားကွဲမတတ် ပြင်းထန်ပြီး ဆူညံလှတဲ့ အသံကြီးက ပုလွေထဲကနေ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင် အနှံ့အပြားကို ပျံ့နှံ့သွားခဲ့ပါပြီ..။
မျက်လုံးမပါတဲ့ သားရဲအုပ်ကြီးဟာ နိုးထသူတွေနဲ့ မတိုက်မိခင် စက္ကန့်ပိုင်းအလိုမှာပဲ.. ရုတ်တရက် ဟန်ချက်ပျက်သွားပြီး အရှိန်လျော့သွားခဲ့ကြတယ်..။သူတို့က အာရုံတွေ လုံးဝ ထွေပြားသွားတဲ့ ပုံစံပါပဲ..။
ရက်စက်သော မြင်ကွင်း က ပထမဆုံး သားရဲရဲ့ အသက်ကို ရိတ်သိမ်းလိုက်တဲ့အချိန်မှာ ဆန်နီ ကတော့ ပြုံးနေခဲ့တယ်..။
အရိုးသီဆိုသူ က အသံလှိုင်း တိုက်ခိုက်မှုကို တိုက်ရိုက် ပြုလုပ်နိုင်တာတော့ မဟုတ်ပါဘူး..။ သူ့ရဲ့ အသံက အရမ်းကျယ်လောင်ပြီး နားထဲကို စူးဝင်သွားရုံပါ..။ ဒါပေမဲ့ သူ ထင်ထားသလိုပဲ ဒီလောက်နဲ့တင် လုံလောက်နေခဲ့ပါပြီ..။ ဒီသားရဲတွေက မျက်မမြင်တွေ မဟုတ်ဘူးလား..။ သူတို့က ကမ္ဘာကြီးကို တခြားနည်းလမ်းနဲ့ အာရုံခံကြရမှာဖြစ်ပြီး အကြားအာရုံက သူတို့ရဲ့ အဓိက အာရုံခံစားမှု ဖြစ်နေခဲ့တာပါ..။
ဆန်နီ ခန့်မှန်းရရင်တော့ သူတို့ ကျောပေါ်က ဆူးချွန်ရှည်ကြီးတွေက လေထဲကနေ ပျံ့နှံ့လာတဲ့ အသံလှိုင်းတွေကို အာရုံခံဖို့ ဖြစ်ပုံရပါတယ်..။ ဒီကနေတစ်ဆင့် သားရဲတွေက ပတ်ဝန်းကျင်ကို ပုံဖော်ကြည့်နေကြတာပါ..။
အရိုးသီဆိုသူ ရဲ့ ကြောက်စရာကောင်းတဲ့
တေးသံကို ကြားလိုက်ရတာက မျက်စိကန်းစေနိုင်တဲ့ ဗုံးတစ်လုံးကို အသုံးပြုလိုက်တာနဲ့ အတူတူပါပဲ။
ဆန်နီဟာ အရှိန်မလျှော့ပဲ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးထဲကို တိုးဝင်သွားခဲ့တယ်..။ သေဆုံးခြင်း ဆန္ဒ ကြောင့် သတ်ဖြတ်ချင်စိတ်တွေနဲ့ ရူးသွပ်နေတဲ့ ရာပေါင်းများစွာသော သားရဲတွေဟာ သူ့ကို တစ်စစီ ဆွဲဖြဲဖို့ ရှေ့ကို တိုးလာကြပေမဲ့.. သူ့ဓားသွားအောက်မှာပဲ အသက်ပျောက်သွားကြရတယ်..။
ဆန်နီ က သူ့ရဲ့ စွမ်းအားတွေကို အပြည့်အဝ ထုတ်သုံးလိုက်ပါပြီ..။
သူက အမှောင်နတ်ဘုရားတစ်ပါးလို သားရဲတွေကြားမှာ ကခုန်ရင်း မရပ်မနား သုတ်သင်နေခဲ့တယ်..။ဆန်နီ့အနေ နဲ့ စစ်မြေပြင်ရဲ့ ပုံသဏ္ဌာန်ကို ထိန်းချုပ်နေဖို့ မလိုတော့တာကြောင့် အရိပ်သရုပ်ဖော်ခြင်း ကို သုံးပြီး သူ့ရဲ့ ခွန်အားကို မြှင့်တင်လိုက်ပါတယ်..။ မြေပြင်ကနေ အနက်ရောင် လက်တံတွေ ထွက်ပေါ်လာပြီး ရန်သူတွေကို ရစ်ပတ်ကာ ဆွဲဖြတ်ပစ်လိုက်ကြတယ်..။
တစ်ခါတစ်လေမှာ သူ့ခန္ဓာကိုယ်ကနေ နောက်ထပ် လက်နှစ်ဖက် ပေါ်လာပြီး သားရဲတွေကို ထိုးဖောက်တာ ဒါမှမဟုတ် မာကျောတဲ့ လက်သည်းတွေနဲ့ ခန္ဓာကိုယ်တွေကို ပိုင်းဖြတ်ပစ်တာတွေ လုပ်နေခဲ့ပါတယ်..။
ရက်စက်သော မြင်ကွင်း က လေကို ပိုင်းဖြတ်လိုက်တိုင်းမှာလည်း နတ်ဆိုး တစ်ကောင်ရဲ့ အော်သံလို အသံတွေ ထွက်ပေါ်နေခဲ့ပါသေးတယ်..။ ဆန်နီ ဟာ တိုက်ခိုက်မှုနဲ့ နှိပ်စက်မှု အမျိုးမျိုးကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတာပါ..။ လှံရှည်ရဲ့ [ အနက်ရောင် မှန် ] စွမ်းရည်က ဒြပ်စင်အမျိုးမျိုးရဲ့ ပျက်စီးစေနိုင်မှုတွေကို စုဆောင်းထားခဲ့တာ အတော်ကြာပါပြီ..။ သူက နတ်ဘုရားမီးတောက် နဲ့ ဝိဥာဥ် တိုက်ခိုက်မှုတွေကလွဲရင် တခြားဟာတွေကို သုံးဖို့ အကြောင်းပြချက် မရှိခဲ့ရုံပါပဲ..။
အခုတော့ အခြေအနေတွေက ကွာခြားနေခဲ့တယ်..။
…သိပ်မကြာခင်မှာပဲ သူ့ပတ်ဝန်းကျင်မှာ အလောင်းပုံကြီးတွေနဲ့ သွေးမြစ်တွေ စီးဆင်းသွားခဲ့တယ်..။ သားရဲတွေ သူ့ကို ပိုပြီး တိုက်ခိုက်လေလေ သူက ပိုသတ်နိုင်လေလေပါပဲ..။
ဒီသတ်ဖြတ်မှု မြင်ကွင်းက ကြောက်စရာကောင်းသလို တစ်ဖက်မှာလည်း ထူးဆန်းစွာ လှပနေခဲ့ပါတယ်..။
လူသားတပ်မတော်ရဲ့ နိုးထသူ တပ်ဖွဲ့ဟာ အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ ထိုးစစ်ကို ရင်ဆိုင်ရင်း တုန်လှုပ်သွားပေမဲ့.. တန်ဖိုးရှိတဲ့ မိနစ်အနည်းငယ်ကြာအောင် ဒီလှိုင်းကြီးကို ဟန့်တားထားနိုင်ခဲ့တယ်..။
ယင်းနောက်မှာတော့ ပထမ ကယ်ဆယ်ရေးတပ်မတော်ရဲ့ သာမန်စစ်သားတွေ တိုက်ပွဲထဲ ဝင်လာခဲ့ကြပါတယ်..။ သူတို့ရဲ့ အဆင့်မြင့် နည်းပညာသုံး လက်နက်တွေရဲ့ ဖျက်ဆီးအားနဲ့အတူ နိုးထသူတွေကလည်း သူတို့ရဲ့ ဗျူဟာကို ပြောင်းလဲပြီး ထိုးစစ်ဆင်လိုက်ကြတယ်..။
ဆန်နီ ကတော့ ထိုးစစ်တစ်ခုကို ဦးဆောင်နေခဲ့တယ်..။ သူ့ရဲ့ အဖွဲ့သားတွေကို လှံဦးသဖွယ် လုပ်ဆောင်ပေးနေပြီး စစ်သည်တော် တစ်ရာနီးပါးဟာ သားရဲအုပ်ထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ကာ ဂိတ်ပေါက် စောင့်အကြပ် ပုန်းနေတဲ့နေရာဆီ ဦးတည်သွားခဲ့ကြတယ်..။
ဒါကတော့ လွန်ခဲ့တဲ့ နာရီအနည်းငယ်က ဆန်နီသတ်ခဲ့တဲ့အကောင်နဲ့ ဆင်တူတဲ့ နောက်ထပ် ကျရှုံးမူအဆင့် နတ်ဆိုး တစ်ကောင်ပါပဲ..။ ဒီတစ်ကောင်က အနည်းငယ် ပိုသေးပုံရပေမဲ့ ပိုပြီးတော့ စွမ်းအားကြီးနေခဲ့ပါတယ်..။
ဒီတစ်ကောင်က အမ ပါ။
"နောက်မှာနေကြ"
ကြောက်စရာကောင်းတဲ့ သားရဲကြီးနဲ့ နီးကပ်လာတာနဲ့အမျှ ဆန်နီ က သူ့စစ်သားတွေကို အဝေးမှာနေဖို့ အမိန့်ပေးလိုက်တယ်။သူကတော့ အရိပ်တွေထဲကနေ ဖြတ်ကျော်ပြီး ဂိတ် စောင့်အကြပ် ရဲ့ အနားမှာ ပေါ်လာခဲ့ပါတယ်..။
သားရဲကြီးရဲ့ မျက်ခွံတွေက ပွင့်ထွက်တော့မလို တုန်ခါနေခဲ့တယ်..။ ဒီမျက်လုံးတွေကို ကြည့်မိရင် အရမ်းအန္တရာယ်ရှိတယ် ဆိုတာကို သူ တစ်နည်းမဟုတ် တစ်နည်းနဲ့ သိနေခဲ့တယ်..။
ဆန်နီဟာ သူ့ရဲ့ အလိုလိုသိစိတ်ကို ယုံကြည်လိုက်ပြီး မျက်လုံးတွေကို မှိတ်ကာ အရိပ်အာရုံကို အပြည့်အဝ အားကိုးရင်း ရှေ့ကို တိုးဝင်လိုက်ပါတယ်..။ သူ့ခါးမှာ ချိတ်ထားတဲ့ မီးအိမ်လေးက ရုတ်တရက် အသက်ဝင်လာတာကြောင့် အမှောင်ထုလှိုင်းကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်..။
အရိပ်တွေရဲ့ ပွေ့ဖက်မှုထဲမှာ ရှိနေတဲ့ ဆန်နီ ဟာ သူ့ရဲ့ အာရုံတွေကို တိုက်ခိုက်လာတဲ့ ကြောက်စရာကောင်းတဲ့ အအေးဓာတ်ကို ခံစားလိုက်ရပါတယ်..။
ဆိုးယုတ်သော အမြင်အာရုံ သားရဲ က သူ့ကို ကြည့်နေခဲ့တာပါ..။
ခနအကြာမှာတော့ တောက်ပတဲ့ အလင်းတန်းတစ်ခုက အမှောင်ထုကို ပိုင်းဖြတ်သွားခဲ့တယ်..။ နတ်ဘုရားမီးတောက် တွေ စီးဆင်းနေတဲ့ ရက်စက်သော မြင်ကွင်း ရဲ့ ဓားသွားက သားရဲရဲ့ လည်ပင်းကို ဖြတ်ကျော်သွားပြီး ရုတ်တရက် ပိုင်းဖြတ်ချလိုက်ပါတယ်..။ ခေါင်းပြတ်သွားတဲ့ အလောင်းကြီးက ဒူးထောက်ကျသွားချိန်မှာတော့ အဖြူရောင် မီးတောက်တွေ နဲ့အတူ လွင့်ထွက်သွားခဲ့တယ်..။
…ယင်းနောက် သိပ်မကြာခင်မှာပဲ တိုက်ပွဲတစ်ခုလုံးက နောက်ဆုံးမှာ အဆုံးသတ်သွားခဲ့ပါတယ်..။
အပိုင်း ( ၈၅၃ ) ပြီး၏။
အပိုင်း ( ၈၅၄ ) ပြီးပြည့်စုံသော အလီဘိုင်
'ဘယ်လိုနေ့မျိုးပါလိမ့်..'
ဆန်နီ ဟာ ပင်ပန်းနွမ်းနယ်စွာနဲ့ပဲ သူ့ရဲ့ခန္ဓာကိုယ်ကို ရိုင်နို ဆီ ဆွဲခေါ်လာခဲ့တယ်..။ မြေပြင်ပေါ်မှာ ပျံ့ကြဲနေတဲ့ အလောင်းတွေကို ကြည့်ပြီး ရွံရှာစွာနဲ့ မျက်မှောင်ကျုတ်လိုက်မိပါတယ်..။ အိပ်မက်ဆိုး သတ္တဝါ တွေက ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ..။
'ဘာလဲ.. မင်းက အလောင်းလှလှလေးတွေကြားမှာ ဝိုင်းရံနေရတာကို ပိုသဘောကျလို့လား..။ အဲဒါဆိုရင် ပိုတောင် ဆိုးဦးမယ်..'
စစ်ပွဲဆိုတာ ရုပ်ဆိုးအကျည်းတန်ပါတယ်..။.. ဖြစ်နိုင်တာကတော့.. ဒါကပဲ စစ်ပွဲရဲ့ ကောင်းကွက်တစ်ခုလည်း ဖြစ်နိုင်တာပါပဲ..။
သူ့ရဲ့ စစ်သားတွေဟာ နောက်ကနေ ပင်ပန်းစွာနဲ့ လိုက်ပါလာခဲ့ကြတယ်..။ ဘယ်သူမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့တာက ဆန်နီ မျှော်လင့်နိုင်တဲ့ အကောင်းဆုံး ရလဒ်ပါပဲ..။ သို့ပေမဲ့ သူတို့အားလုံး စကားပြောဖို့ စိတ်မပါကြတော့ပေ..။
ဒါပေမဲ့ ပထမတပ်မတော်ရဲ့ တခြားတိုက်ခိုက်ရေးသမားတွေကတော့ အမြင်ချင်း မတူကြပါဘူး။
သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အသံတွေ ဆူညံနေခဲ့တယ်..။ မမျှော်လင့်ပဲ သားရဲအုပ်ကြီး များစွာ နဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရတာကြောင့် တပ်မဟာတစ်ခုလုံး ပြန်လည်စုဖွဲ့နေကြတာပါ..။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ ထောက်ပံ့ပို့ဆောင်ရေးက ငရဲတစ်ခုလိုပါပဲ..။ ဂိတ်ပေါက် တွေကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ နှောင့်ယှက်မှုတွေကြောင့် အခြေအနေက ပိုပြီး ဆိုးဝါးနေခဲ့ပါတယ်..။
ဂိတ်ပေါက် တွေ..။ အခု လူသားတပ်ဖွဲ့တွေရဲ့ ပတ်ဝန်းကျင် ကီလိုမီတာ အနည်းငယ်အတွင်းမှာတင် ဂိတ်ပေါက် ပေါင်း တစ်ဆယ့်ငါးခု ရှိနေခဲ့ပါပြီ..။ ခုနစ်ခုက အရင်ကတည်းက ပွင့်နေတာဖြစ်ပြီး.. နောက်ထပ် ရှစ်ခုကတော့ လွန်ခဲ့တဲ့ နာရီပိုင်းကမှ တစ်ပြိုင်နက် ပွင့်လာခဲ့တာပါ..။
ဒီလိုမျိုး ဖြစ်ရပ်မျိုးက အရင်ကဆိုရင် မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့..တောင်ပိုင်းစတုတ္ထနယ်မြေ ပေါ်ကို အိပ်မက်ဆိုး ချိန်းကြိုးကြီး ကျဆင်းလာတဲ့အချိန်မှာတော့ ဘာမှ မဖြစ်နိုင်တာ မရှိတော့ပါဘူး..။
ဆန်နီ ခေါင်းခါလိုက်တယ်..။ အနည်းဆုံးတော့
ဒီနေ့မှာ အမြုတေ အပိုင်းအစတွေ အများကြီး စုဆောင်းနိုင်ခဲ့သလို နာမည်ကျော်ကြားမှု အချို့ကိုလည်း ရရှိခဲ့ပါတယ်..။ သူ တိုက်ခိုက်တာကို မြင်လိုက်ရတဲ့ ဘယ်သူမဆို အထင်ကြီးသွားမှာ အသေအချာပါပဲ..။
ဘယ်လိုလုပ် အထင်မကြီးဘဲ နေကြမှာလဲ..။ ဆန်နီ က ဒီနေ့မှာ ဂိတ် စောင့်အကြပ် သုံးကောင်ကို ကိုယ်တိုင် သတ်နိုင်ခဲ့တာပါ..။
ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေခဲ့တယ်..။
သူ စစ်မြေပြင်ကို ဖြတ်လျှောက်သွားတဲ့အခါမှာ အမျိုးမျိုးသော စကားပြောသံတွေကို မတော်တဆ ကြားလိုက်ရပါတယ်..။
"ချီးပဲ.. ဒီ အထူးတပ်ဖွဲ့က ဟာသမဟုတ်ဘူးဟ..။ သူတို့ ကပ္ပတိန် ကို မြင်လိုက်လား..။ အဲ့လူက တကယ့် နတ်ဆိုးပဲ..။ ငါကြားတာတော့.. မဟုတ်ဘူး.. သူက ကျရှုံးမူအဆင့် နတ်ဆိုး ရဲ့ ခေါင်းကို လက်ဗလာနဲ့ ဆွဲဖြုတ်ပစ်နေတာကို ငါ ကိုယ်တိုင် မြင်ခဲ့ရတာပဲ.."
"နေဦး.. တကယ်လား..။ ဒါပေမဲ့ အခု သူ့ကို ကြည့်လိုက်တော့..ဒါက ယုံဖို့ လွယ်သွားပြီလေ..။ အဲဒီ တူကြီးကိုင်ထားတဲ့ လူသန်ကြီးမလား.."
"မဟုတ်ဘူး.. ဒီငတုံးရဲ့..။အဲဲဒီ အသားဖြူဖြူနဲ့ ကောင်လေးလေ.. သိတယ်မလား.. သရဲပူးနေတဲ့ ရှေးဟောင်းအရုပ်နဲ့ တူတဲ့ တစ်ယောက်.."
"ဟေ့ကောင်တွေ.. အဲ့ကပ္ပတိန် အကြောင်း ဘယ်သူက စိတ်ဝင်စားနေမှာလဲ..။ မင်းတို့ အခုထိ
မကြားသေးဘူးလား.."
"…ဘာကို ကြားရမှာလဲ.."
"ငါတို့နောက်က ဂိတ်ပေါက် လေ.. အဲ့ဒါကို ဘယ်သူ ရှင်းသွားလဲ သိလား..။ မွန်ဂရယ် ကွ..။ အရှင် မွန်ဂရယ် ကိုယ်တိုင် ရှင်းလင်းပေးသွားတာ.."
"မဖြစ်နိုင်တာ...သူက အန္တာတိက ကို ရောက်နေတာလား.."
ဆန်နီ မျက်တောင်ခတ်လိုက်မိတယ်..။
'…ဘာလဲဟ..'
စစ်သားတွေ ပြောနေတာကို ပိုနားထောင်လေလေ.. ဒီ ကျိန်စာသင့်တဲ့ နာမည်ပြောင်ကို ပိုကြားရလေလေပါပဲ..။
မွန်ဂရယ်.. မွန်ဂရယ်.. မွန်ဂရယ်..။
'သူတို့အကုန် ရူးကုန်ကြပြီလား..'
ဟုတ်ပါတယ်.. သူတော်စင် ရဲ့ သံချပ်ကာက မြေအောက်ကမ္ဘာ ဝတ်ရုံတော် နဲ့ အနည်းငယ် ဆင်တာ အမှန်ပါပဲ..။ ဒါပေမဲ့ ကျန်တာတွေ အကုန်လုံးက ကွဲပြားနေတာပဲလေ...။ ပထမဆုံးနဲ့ အရေးကြီးဆုံးက သူတော်စင်က သိသာစွာပဲအမျိုးသမီး ဖြစ်ပြီး သူကတော့ အမျိုးသားပါ..။ ဒုတိယအနေနဲ့ဆိုရင် သူတော်စင် က ဝီဗာ မျက်နှာဖုံး အစား သူမရဲ့ ကိုယ်ပိုင် ခေါင်းစွပ်ကို စွပ်ထားတာ မဟုတ်ဘူးလား..။
ဘယ်သူက တစ်ယောက်နဲ့ တစ်ယောက် မှားနိုင်မှာလဲ..။
ဒါပေမဲ့ ဒီအကြောင်းကို ခနလောက် စဉ်းစားပြီးတဲ့နောက်မှာတော့ ဆန်နီ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောက်ချက်တစ်ခုကို ရောက်သွားခဲ့တယ်..။
ဝီဗာ မျက်နှာဖုံး က ဘာလုပ်နိုင်လဲဆိုတာ သူ သိတယ် ဆိုပေမဲ့ လူတွေကတော့ မသိကြပါဘူး..။ သူတို့အတွက်တော့ ဒီ ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးက မှတ်သားမူ တစ်ခုပဲ ဖြစ်တာကြောင့်.. မွန်ဂရယ် က တိုက်ပွဲထဲမဝင်ခင်မှာ မျက်နှာဖုံးအစား ခေါင်းစွပ်ကို ဆောင်းလိုက်တယ်လို့ ထင်တာက သဘာဝကျနေခဲ့ပါတယ်..။
ထပ်ပြောရရင် သူတော်စင် ကို တစ်ယောက်ယောက်က သေသေချာချာ မြင်လိုက်ရမယ်လို့လည်း သူ မထင်ပါဘူး..။ သူမက လူသားတပ်ဖွဲ့ရဲ့ နောက်တန်းဆီကို ဒုန်းစိုင်းပြေးတဲ့ အချိန်မှာ အရမ်းမြန်နေခဲ့သလို.. အရှိန်မလျှော့ပဲ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးထဲကို ခုန်ဝင်သွားခဲ့တာပါ..။
ဂိတ်ပေါက် တွေရဲ့ နှောင့်ယှက်မှုတွေ ရှိနေတာကြောင့် ကျန်ရှိနေတဲ့ ဗီဒီယိုမှတ်တမ်း တိုင်းက အရည်အသွေး အရမ်းညံ့နေမှာ အသေအချာပါပဲ..။
ဗီဒီယိုမှတ်တမ်းတွေအကြောင်း ပြောရရင်တော့..။
ရိုင်နို ဆီ ရောက်တာနဲ့ ဆန်နီ ဟာ သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ယာဉ်ရဲ့ အားကောင်းတဲ့ ဆက်သွယ်ရေးစနစ်နဲ့ ချိတ်ဆက်ပြီး ကွန်ရက်ထဲ ဝင်ကြည့်လိုက်တယ်..။
ချက်ချင်းဆိုသလိုပဲ မကြာသေးခင်က ထွက်လာတဲ့ ဆောင်းပါးအချို့ရဲ့ ခေါင်းစဉ်တွေက သူ့အာရုံကို ဖမ်းစားသွားခဲ့ပါတယ်..။
"နှိမ့်ချတတ်တဲ့ သူရဲကောင်း..။နာမည်ကျော်ကြားမှုကို ရှောင်ရှားပြီး လူအများရှေ့ကနေ နှစ်နှစ်နီးပါး ပျောက်ကွယ်နေခဲ့တဲ့ နာမည်ကျော် ဓားသမား မွန်ဂရယ် ဟာ စစ်သားပေါင်း တစ်သောင်းခွဲကို အသက်ဘေးကနေ ကယ်တင်ဖို့ အန္တာတိက မှာ ပေါ်လာခဲ့ပါပြီ.."
"လူသားမျိုးနွယ်ရဲ့ အစောင့်အရှောက် နတ်သမီး..။ သူဟာ လူသားတစ်ယောက်သာ ဖြစ်တယ်လို့ ကြေညာခဲ့ဖူးတဲ့ အရှင် မွန်ဂရယ် ဟာ ကတိအတိုင်း လူသားမျိုးနွယ်ကို ကာကွယ်ဖို့ သူ့အသက်ကို ရဲရဲဝံ့ဝံ့ စွန့်စားနေခဲ့ပါတယ်.."
"အရှင် မွန်ဂရယ် က ကျရှုံးမူအဆင့် တိုင်းရန့် ကို အနိုင်ယူနေတဲ့ သီးသန့်ရုပ်သံမှတ်တမ်း..."
"အရှင် မွန်ဂရယ် ဟာ.. အမျိုးသမီးတစ်ယောက် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ.."
ဆန်နီ တိတ်ဆိတ်စွာနဲ့ပဲ သူ့မျက်နှာကို လက်နဲ့ အုပ်လိုက်မိတယ်..။
'ဘုရားသခင်တို့.. အရမ်းမြန်တာပဲ..'
အစိုးရရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကတော့ အရှင် မွန်ဂရယ် ဟာ ဘယ်သူပဲဖြစ်ဖြစ် အခုအချိန်မှာ လူသစ်စုဆောင်းရေးအတွက် အသုံးဝင်တဲ့ ကိရိယာတစ်ခုလို့ ဆုံးဖြတ်လိုက်ပုံရပါတယ်..။ နာမည်ကြီး ဆယ်လီတစ်ယောက် စစ်မြေပြင်မှာ ပေါ်လာတာက လူတွေကို စစ်ထဲဝင်ဖို့ စည်းရုံးရာမှာ အတော်လေး အလုပ်ဖြစ်သွားတာ အမှန်ပါပဲ..။
သူ့မျက်နှာက အနည်းငယ် ခါးသက်သွားခဲ့တယ်..။
'ငါက ဂိတ် အစောင့်အကြပ် သုံးကောင်လုံးကို သတ်ခဲ့တာလေ.. ချီးပဲ..။သုံးကောင်တောင်နော်.. သူတော်စင် က တစ်ကောင်ပဲ သတ်တာလေ.. အဲဒါတောင် အိပ်မက်ဆိုး ရဲ့ အကူအညီ ယူထားရတာ မဟုတ်ဘူးလား..။ ငါ့အကြောင်းကိုကျ ဘာလို့ ဘယ်သူမှ မပြောကြတာလဲ..'
သူ့တပ်ဖွဲ့က စစ်သားတွေတောင်မှ မွန်ဂရယ် တိုက်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်း ထွက်လာတာနဲ့ ဆန်နီ ရဲ့ စွမ်းဆောင်မှုတွေကို လုံးဝ မေ့သွားကြပုံရပါတယ်..။
ဆန်နီ က အသိအမှတ်ပြုခံချင်တာတော့ မဟုတ်ပါဘူး..။ အမှန်တော့ သူက ဘယ်သူမှ မသိတဲ့သူတစ်ယောက် ဖြစ်နေတာကိုတောင် ပိုပြီး သဘောကျပါသေးတယ်..။
ဒါပေမဲ့လည်း...
သူ သက်ပြင်းချလိုက်ပြီး ကွန်ရက်ပေါ် တင်ထားတဲ့ ဗီဒီယိုတွေကို ရှာကြည့်လိုက်တယ်..။ သူ ထင်ထားတဲ့အတိုင်းပါပဲ.. အရည်အသွေးက အရမ်းညံ့ပါတယ်..။ သူတော်စင် က ဘာအမှတ်အသားမှ ခွဲခြားလို့မရတဲ့ ဝေဝါးနေတဲ့ အနက်ရောင် ပုံရိပ်တစ်ခုလိုပဲ မြင်နေခဲ့ရတယ်..။ အစိုးရက ပြသခွင့်ပေးထားတဲ့ အစိတ်အပိုင်းတွေကလည်း သူမနဲ့ အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ပါဘူး..။ ဒါက သားရဲတွေရဲ့ အော်ဟစ်သံတွေနဲ့အတူ လှုပ်ရှားမှုတွေ ရောထွေးနေတာမျိုးပဲ မြင်ရတာပါ..။
ဒါပေမဲ့ အဲဒါကပဲ ဗီဒီယိုကို ကြည့်တဲ့လူတွေရဲ့ စိတ်ကူးယဉ်မှုတွေကို ပိုပြီး မီးလောင်ရာလေပင့် သလို ဖြစ်စေခဲ့တယ်..။ဆွေးနွေးချက်အချို့ကို ဖတ်ကြည့်ပြီးနောက်မှာတော့ သူ ခနလောက် မျက်လုံးမှိတ်ကာ ညည်းတွားမိလိုက်တယ်။
'ဒါတွေက ဘာတွေလဲ..'
လူတွေ ပြောနေပုံ အရဆိုရင် မွန်ဂရယ် က တစ်ယောက်တည်းနဲ့ အိပ်မက်ဆိုး သတ္တဝါ ထောင်ပေါင်းများစွာကို ရှင်းပစ်လိုက်ပြီး..
တကယ့် စစ်သားတွေကတော့ အားကိုးရာမဲ့စွာနဲ့ ဘေးကနေ လက်ခုပ်တီး ကြည့်နေခဲ့ရသလိုမျိုးပါပဲ..။
ရုတ်တရက် ဆန်နီ အနည်းငယ် ရယ်မောလိုက်မိတယ်..။
သူတော်စင် ကို မလွှတ်ခင်တုန်းကတော့ လူတွေက အချက်အလက်တွေကို ဆက်စပ်ကြည့်ရင်း သူ့ကို မွန်ဂရယ် မှန်း သိသွားမှာကို စိုးရိမ်နေခဲ့တာပါ..။
ဒါပေမဲ့ လက်တွေ့မှာတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့တယ်..။ လူထောင်ပေါင်းများစွာက သူ ရှေ့တန်းမှာ တိုက်ခိုက်နေတာကို မြင်ခဲ့ကြသလို.. တစ်ချိန်တည်းမှာပဲ တခြားလူထောင်ပေါင်းများစွာက မွန်ဂရယ် နောက်တန်းမှာ တိုက်ခိုက်နေတာကို မြင်ခဲ့ကြပါတယ်..။
ဒီလူနှစ်ယောက်က ဘယ်လိုလုပ် တစ်ယောက်တည်း ဖြစ်နိုင်တော့မှာလဲ...
သူ့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်စွမ်းရှိတဲ့ အပြုအမူက.. အခုတော့ ပြီးပြည့်စုံတဲ့ အလီဘိုင် တစ်ခု ဖြစ်သွားခဲ့ပါပြီ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး အံ့ဩသင့်စွာနဲ့ ခေါင်းခါယမ်းလိုက်မိတယ်..။
'ကောင်းပြီလေ.. ဒါလည်း ကောင်းသွားတယ်လို့ ထင်တာပဲ..'
အပိုင်း ( ၈၅၄ ) ပြီး၏။
အပိုင်း ( ၈၅၅ ) ဆီနှင်း နှင့် ပြာ
တပ်မဟာ တစ်ခုလုံး ခရီးဆက်နိုင်ဖို့အတွက် လုပ်စရာတွေ အများကြီး ရှိနေခဲ့ပါတယ်..။ အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ အလောင်းတွေထဲကနေ ဝိဥာဥ် အပိုင်းအစတွေကို ထုတ်ယူရသလို.. ယာဉ်တွေ ဖြတ်သန်းသွားနိုင်ဖို့အတွက် အလောင်းပုံကြီးတွေကို လမ်းဘေးကို ဖယ်ထုတ်ရတာမျိုးလည်း ရှိပါတယ်..။ ပုံမှန်ဆိုရင်တော့ အလောင်းတစ်ခုချင်းစီကို အသုံးဝင်တဲ့ ပစ္စည်းတွေရဖို့ ခွဲစိတ်ကြရမှာပါ..။ သားရဲတွေရဲ့ အရေခွံ နဲ့ အရိုးတွေက အဖိုးတန် အရင်းအမြစ်တွေ ဖြစ်ပြီး.. အထူးသဖြင့် ကျရှုံးမူအဆင့် သားရဲတွေဆိုရင် ပိုတန်ဖိုးရှိပါတယ်..။
သို့ပေမဲ့ ဒီကြောက်စရာကောင်းတဲ့ သားရဲအုပ်ကြီးရဲ့ အကြွင်းအကျန်တွေကို သေသေချာချာ ကိုင်တွယ်ဖို့ ဘယ်သူ့မှာမှ အချိန်မရှိပါဘူး..။
ဒါ့ကြောင့် အလောင်းတွေကို လမ်းဘေးမှာပဲ ပစ်ထားခဲ့ပြီး.. မီးလောင်လွယ်တဲ့ အရည်တွေလောင်းကာ မီးရှို့ဖျက်ဆီးပစ်လိုက်ကြတယ်..။
သယ်ယူပို့ဆောင်ရေးယာဉ်တွေ.. ၊အမြောက်တင်ယာဉ်တွေ..၊ ပျက်စီးသွားတဲ့ စစ်ပွဲစင်မြင့်တွေ နဲ့ စက်မှုခြေလျင်တပ်ဖွဲ့ရဲ့ ဝတ်စုံတွေကို ပြန်လည် စစ်ဆေးပြီး ပြင်ဆင်ကြရပါတယ်..။ ကုန်ဆုံးသွားတဲ့ ခဲယမ်းတွေကို အစားထိုးရသလို.. ဒဏ်ရာရသူတွေကိုလည်း ကုသပေးနေရတယ်..။ သာမန်စစ်သားတွေရော နိုးထသူ တွေပါ အနားယူဖို့နဲ့ အားပြန်ဖြည့်ဖို့ အချိန်လိုအပ်နေခဲ့ပါတယ်..။
ရိုင်နို ပေါ်မှာတော့ အဖွဲ့သားတွေက အလှည့်ကျ အိပ်စက်နေခဲ့ကြတယ်..။ သုံးယောက်က အိပ်မက်နယ်မြေထဲ ဝင်နေချိန်မှာ ကျန်တဲ့သုံးယောက်က ကင်းစောင့်နေခဲ့ပါတယ်..။ ပထမအလှည့် ပြန်လာတာနဲ့ ဒုတိယအလှည့်က လူတွေက အိပ်စက်ခြင်း သေတ္တာ ထဲမှာ နေရာယူကြရတယ်..။ ဆန်နီ ကတော့ မအိပ်တော့ပဲ ယာဉ်ရဲ့နောက်ပိုင်းမှာသာ တိတ်ဆိတ်စွာ တရားထိုင်နေခဲ့ပါတယ်..။
…မနက်ရောက်တော့ တပ်မဟာက နောက်ဆုံးတာဝန်တစ်ခုကို လုပ်ဆောင်ရပါသေးတယ်..။
လေးနက်တည်ငြိမ်တဲ့ တိတ်ဆိတ်မှုထဲမှာ.. ကျဆုံးသွားတဲ့ စစ်သားအယောက်တစ်ရာကျော်ရဲ့ ရုပ်အလောင်းတွေကို ဖြူစင်တဲ့ အလံတွေနဲ့ ဖုံးအုပ်ထားခဲ့ကြတယ်..။ တပ်မဟာကို ကွပ်ကဲတဲ့ ဗိုလ်ချုပ်က တိုတောင်းတဲ့ မိန့်ခွန်းတစ်ခု ပြောကြားပြီး ခေါင်းငုံ့လိုက်ပါတယ်..။ ယင်းနောက်မှာတော့ ဗိုလ်ချုပ်ရဲ့အထက်မှာ မြင့်မားစွာ တည်ရှိနေတဲ့ စစ်ပွဲစက်ရုပ် တွေက သူတို့ရဲ့ စလက်တွေမှာ တပ်ဆင်ထားတဲ့ အစွမ်းထက် မီးမှုတ်စက်တွေကို အသက်သွင်းလိုက်ကြတယ်..။ ရုပ်အလောင်းတွေကို လောင်ကျွမ်းစေဖို့ ပြင်းထန်တဲ့ မီးလျှံတန်းကြီးတွေကို ထုတ်လွှတ်လိုက်ပါပြီ..။
အန္တာတိက စစ်ဆင်ရေးရဲ့ ကြမ်းတမ်းတဲ့ အခြေအနေတွေအောက်မှာ.. ပထမတပ်မတော် အနေနဲ့ ကျဆုံးသွားသူတွေကို ဒီထက်ပိုကောင်းတဲ့ သင်္ဂြိုဟ်မှုမျိုး မပေးနိုင်ခဲ့ပါဘူး..။ အေးခဲနေတဲ့ မြေကြီးထဲမှာ ဂူသင်္ချိုင်းတွေတူးဖို့ အချိန်ပေးနိုင်ခဲ့ရင်တောင်မှ.. နောင်တစ်ချိန်မှာ အိပ်မက်ဆိုး သတ္တဝါ တစ်ကောင်က အလောင်းတွေကို လာရောက်နှောင့်ယှက်မှာကို စိုးရိမ်ရပါသေးတယ်..။ပြီးတော့ အပြင်မှာ ရွှေ့ပြောင်းရေးသင်္ဘောတွေကို စောင့်ဆိုင်းနေတဲ့ အသက်ရှင်နေတဲ့လူတွေ အများကြီး ရှိနေတာကြောင့်..ဒီ ရုပ်အလောင်းတွေကို အိမ်ပြန်ပို့နိုင်ဖို့ အဖိုးတန်တဲ့ နေရာလပ်တွေကို အသုံးချတာက ဘယ်သူမှ မတတ်နိုင်တဲ့ ဇိမ်ခံမှုတစ်ခု ဖြစ်နေခဲ့ပါတယ်..။
ဆန်နီဟာ သင်္ဂြိုဟ်နေတဲ့ မီးပုံကြီးကို တိတ်ဆိတ်စွာ ကြည့်ရင်း..စိတ်ထဲမှာ လေးလံထိုင်းမှိုင်းတဲ့ ခံစားချက်တွေ ဝင်ရောက်လာခဲ့တယ်..။ ဒီအခမ်းအနားက လှပပြီး ဂုဏ်သိက္ခာရှိတယ် ဆိုပေမဲ့.. အမှန်တရားကတော့ အသက်ပေးသွားတဲ့ စစ်သားတွေဟာ သူတို့ကို သတ်ခဲ့တဲ့ အိပ်မက်ဆိုး သတ္တဝါ တွေ နဲ့ သိပ်မထူးခြားတဲ့ ဆက်ဆံမှုကို ခံခဲ့ရတာပါ..။ နောက်ဆုံးမှာတော့ နှစ်ဖက်လုံးက မီးလျှံတွေထဲမှာပဲ ပျောက်ကွယ်သွားကြရတာ မဟုတ်ဘူးလား..။
ဘာကြောင့်မှန်းမသိ.. အကယ်ဒမီဂိတ်ပေါက်
ရှေ့မှာ ထွန်းညှိထားတဲ့ မရေမတွက်နိုင်တဲ့ ဖယောင်းတိုင်ပုံရိပ်တွေက သူ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်..။ ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေဆီ လှည့်ပြောလိုက်ပါတယ်..။
"သွားကြရအောင်.."
အနည်းဆုံးတော့ ဆုံးရှုံးမှုတွေက သိပ်ပြီး မဆိုးရွားခဲ့ပါဘူး..။ တကယ်လို့ သူတော်စင် သာ မြောက်ဘက်အကျဆုံး ဂိတ်ပေါက် ရဲ့ အစောင့်အကြပ် ကို အမြန်ဆုံး မသတ်နိုင်ခဲ့ရင်.. အခြေအနေတွေက ဒီထက်အများကြီး ပိုဆိုးသွားနိုင်ပါတယ်..။
မကြာခင်မှာပဲ တပ်မဟာကြီး ဟာ ရှေ့ကို ဆက်လက်ထွက်ခွာခဲ့ကြတယ်..။ နောက်ကွယ်မှာ ကျန်ရစ်ခဲ့တာကတော့ တိုက်ပွဲကြောင့် ပျက်စီးနေတဲ့ မြင်ကွင်းနဲ့.. လေထဲမှာ ပျံဝဲနေတဲ့ နှင်းတွေနဲ့ ပြာတွေ ရောနှောနေတဲ့ ပုံရိပ်တွေပါပဲ..။
ဆန်နီ ကတော့ စဉ်းစားခန်းဝင်နေတဲ့ မျက်နှာပေးနဲ့ ရိုင်နို ရဲ့ နောက်ပိုင်းမှာ ရှိနေခဲ့ပါတယ်..။ သို့ပေမဲ့ မကြာခင်မှာပဲ ဝင်ရောက်လာတဲ့ ဆက်သွယ်ရေးသံကြောင့် သူ့အတွေးတွေ ပြတ်တောက်သွားခဲ့ရတယ်..။
မာစတာ ဂျက် ရဲ့ ဖြူဖျော့တဲ့ မျက်နှာက စခရင်ပေါ်မှာ ပေါ်လာခဲ့ပါတယ်..။
"ဆန်နီ.. ငါ့မှာ မင်းအတွက် တာဝန်အသစ် တစ်ခု ရှိတယ်.."
.........
အန္တာတိက အလယ်ပိုင်းကို စေလွှတ်လိုက်တဲ့ ကွင်းဆင်း စစ်တပ်မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်တစ်ခု ရှိပြီးသားပါ..။ အဲဒါကတော့ မြို့အနည်းငယ်ကို မဖောက်ထွင်းနိုင်တဲ့ ခံတပ်ကြီးတွေအဖြစ် ပြောင်းလဲပစ်ဖို့..နဲ့ အဲဒီဒေသရဲ့ လူဦးရေအားလုံးကို ခံတပ်တွေဆီ ရွှေ့ပြောင်းဖို့ပါပဲ..။ ပြီးရင်တော့ လူတိုင်းကို ဘေးကင်းရာဆီမရွှေ့ပြောင်းနိုင်မချင်း အဲဒီမှာပဲ အခိုင်အမာ တပ်စွဲထားရမှာပါ။
တစ်ချိန်ချိန်မှာတော့.. စစ်ကူတွေ ရောက်လာပြီး အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ ဝိုင်းရံပိတ်ဆို့မှုကို ခံနိုင်ရည်ရှိအောင် ကူညီပေးကြပါလိမ့်မယ်..။
ဒီလို မဖြစ်လာခင်မှာတော့ ပထမတပ်မတော် ဟာ ဒီစစ်ဆင်ရေးရဲ့ အန္တရာယ်အရှိဆုံး အဆင့်ကို တစ်ဖွဲ့တည်း ပြီးမြောက်အောင် လုပ်ဆောင်ရမှာပါ..။ ဝိုင်းရံမူကို ခံနိုင်ရည်ရှိတဲ့ မြို့တော်တွေကို တည်ဆောက်ရမယ်.. ရွှေ့ပြောင်းရေး လမ်းကြောင်းတွေကို ဖန်တီးရမယ်.. ပြီးတော့ လူသန်းပေါင်းများစွာကို အချိန်မီ ရွှေ့ပြောင်းပေးရပါမယ်..။ ဒါတွေအားလုံး လုပ်ဖို့အတွက် လူသားတပ်ဖွဲ့တွေကို သေးငယ်တဲ့ တပ်ဖွဲ့အများအပြား အဖြစ် ခွဲထုတ်လိုက်ရတာကြောင့်.. ဒါက ကြီးမားတဲ့ စွန့်စားမှုတစ်ခု ဖြစ်နေခဲ့ပါတယ်..။
ထပ်ပြောရရင် ဒီအစီအစဉ်မှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေက များလွန်းနေပြီး..တစ်ခုချင်းစီကလည်း..ကျရှုံးတာ နဲ့ ဒုက္ခရောက်တာမျိုးတွေ ဖြစ်သွားနိုင်ပါသေးတယ်။
အခု ဆန်နီ တာဝန်ကျနေတဲ့ တပ်မဟာကတော့ အခိုင်အမာ ခံတပ်ဖြစ်လာမဲ့ မြို့ကြီးတစ်မြို့ဆီကို အမြန်ဆုံး ဦးတည်နေတာပါ..။ ဒီဖြစ်စဉ်မှာပဲ.. သူတို့က သေးငယ်တဲ့ အခြေချနေထိုင်ရာတွေ နဲ့ ဆက်သွယ်ဖို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကိုလည်း တည်ဆောက်နေခဲ့ပါသေးတယ်..။ဒါက အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အားဖြည့်တာ ဒါမှမဟုတ် သူတို့ကိုယ်ပိုင် လမ်းကြောင်းတွေ ဖန်တီးတာမျိုးတွေ လုပ်ရပါတယ်..။
မနေ့က တိုက်ပွဲအပြီးမှာတော့ တပ်မဟာရဲ့ လမ်းကြောင်းပေါ်မှာ ကြီးမားတဲ့ အတားအဆီး မရှိတော့သလိုပါပဲ..။ ဒါပေမဲ့ တခြား တပ်မဟာအချို့ကတော့ ဒီလောက် ကံမကောင်းခဲ့ကြပေ။
ဝိဥာဥ် ရိတ်သိမ်းသူ ဟာ စခရင် ပေါ်ကနေ စကားပြောတဲ့အချိန်မှာ အနည်းငယ် ပင်ပန်းနေပုံ ရနေခဲ့တယ်..။
"…ပြဿနာလေး နည်းနည်း ရှိနေတယ်..။ သူတို့ လမ်းကို ပိတ်ထားတဲ့ အဆင့် ၃ ဂိတ်ပေါက် တစ်ခု ရှိနေပြီး အဲဲဒီဂိတ်ကို အားကောင်းတဲ့ ပျက်ပြားခြင်းအဆင့် သတ္တဝါ တစ်ကောင်က စောင့်နေတယ်လေ..။ ကနဦး လေ့လာချက်အရ အနည်းဆုံးတော့ နတ်ဆိုး အဆင့်ပဲ..။ ဒါပေမဲ့ တိုင်းရန့် လည်း ဖြစ်နိုင်တယ်..။ ဝင်းတား တစ်ယောက်တည်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..။ မင်းနဲ့ ငါက အနီးဆုံးမှာ ရှိနေတာဆိုတော့.. ပြင်ဆင်ထားလိုက်တော့..။ မင်းရဲ့ တပ်မဟာကနေ ခွဲထွက်ပြီး အရှေ့တောင်ဘက်ကို အရှိန်အကုန်တင်ပြီး မောင်းလာခဲ့..။ ဆုံရပ်ကို ရောက်တဲ့အထိပေါ့..။ မင်း အခုရှိနေတဲ့ နေရာကနေ ကီလိုမီတာ ခုနစ်ဆယ်လောက်တော့ဝေးတယ်.."
ဆန်နီ က မြေပုံကို ခနလောက် လေ့လာလိုက်ပြီး တွန့်ဆုတ်စွာနဲ့ ပြောလိုက်ပါတယ်..။
"ပျက်ပြားခြင်းအဆင့် တိုင်းရန့်..။ ကျွန်တော်တို့ သုံးယောက်တည်းနဲ့ သူ့ကို သတ်နိုင်မယ်ဆိုတာ အစ်မ သေချာရဲ့လား.."
ပျက်ပြားခြင်းအဆင့် သားရဲတွေ အားလုံးက ကြောက်စရာကောင်းပါတယ်..။ ဒါပေမဲ့
တိုင်းရန့် တစ်ကောင် ဆိုရင်တော့.. ဒီကောင်နဲ့တိုက်ပွဲမှာ ရင်ဆိုင်ရမယ် ဆိုတဲ့ အတွေးကတင် ဆန်နီကို စိတ်မသက်မသာ ဖြစ်စေခဲ့တယ်..။ သူက တိုင်းရန့် အဆင့်ရှိတဲ့ သတ္တဝါ တစ်ကောင်တည်းကိုပဲ တိုက်ခဲ့ဖူးပါတယ်..။ အဲတာကတော့ နွယ်ပိုးကောင် ပါ..။ အဲ့အချိန်တုန်းကလည်း
ဒီရွံစရာကောင်းတဲ့ သတ္တဝါကို သတ်နိုင်ခဲ့တာက အီဒါ ရဲ့ သစ်သားဓား ကြောင့်ပါပဲ။
ဒါပေါ့.. အဲ့တုန်းကတော့ ဆန်နီ က ဘာမှမဟုတ်တဲ့ နိုးထသူ တစ်ယောက်ပဲ ရှိပါသေးတယ်..။ အခုတော့ သူက အများကြီး ပိုအားကောင်း လာခဲ့ပါပြီ..။သို့ပေမဲ့.. သူ့ကို အမှန်တကယ် စိုးရိမ်စေတာက သတင်းအချက်အလက် မရှိတာပါပဲ..။ ရန်သူကို သေချာ လေ့လာပြီးမှ တိုက်ခိုက်တာနဲ့ ဘာမှမသိဘဲ တိုက်ခိုက်တာက လုံးဝ ခြားနားပါတယ်..။ ပြင်ဆင်ဖို့ အချိန်အလုံအလောက် ရှိရင်တော့ ပျက်ပြားခြင်းအဆင့် တိုင်းရန့် ကို အနိုင်ရဖို့ အခွင့်အရေး အနည်းငယ် ရှိနိုင်မှာပါ..။ ဒါပေမဲ့ အခုကတော့..
မာစတာ ဂျက် ကတော့ သူ့လို စိုးရိမ်နေပုံ မရပေ..။ သူမက နက်မှောင်စွာ ပြုံးလိုက်ပြီး ခေါင်းခါယမ်းပြလိုက်တယ်..။
"ငါတို့ သုံးယောက်တည်း နဲ့တင် လုံလောက်ပြီးသားပါ..။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါတို့ သုံးယောက်တည်း တိုက်ခိုက်ရမှာ မဟုတ်ဘူး..။ တခြား တစ်ယောက်လည်း ဒီတိုက်ပွဲကို
လာပူးပေါင်းလိမ့်ဦးမယ်.."
ဆန်နီ မျက်ခုံးပင့်တင်လိုက်တယ်။
"ဘယ်သူလဲ.."
ဝိဥာဥ် ရိတ်သိမ်းသူ က ရှေ့ကို အနည်းငယ် တိုးလာခဲ့ပြီး..
"သူတော်စင် တစ်ယောက်.."
အပိုင်း ( ၈၅၅ ) ပြီး၏။