အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အခန်း ၁၆၃ - ဇဝေဇဝါဖြစ်ခြင်းနှင့် လက်ကမ်းကူညီခြင်း
ယခုတစ်ကြိမ်တွင်မူ ရီယွင်သည် ထိုရှေးဟောင်းဧရာမမိစ္ဆာ၏ နဖူးပေါ်သို့ အားနာခြင်းမရှိဘဲ ဆင်းသက်လိုက်ပြီး ခြေထောက်ဖြင့် အသာအယာ တစ်ချက် ဆောင့်နင်းလိုက်၏။
“ဝုန်း...”
ရှေးဟောင်းဧရာမမိစ္ဆာမှာ လန့်ဖျပ်သွားပြီး ချက်ချင်းပင် ထရပ်လိုက်သည်။
“ဘယ်သူက ငါ့ကို တိုက်ခိုက်တာလဲ...”
၎င်းသည် အလျင်အမြန်ပင် ထရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသော်လည်း ဘာမှမတွေ့ရဘဲ ဆူပွက်နေသော မိစ္ဆာစွမ်းအင်များကိုသာ တွေ့ရသည်။ ဤအခိုက်အတန့်တွင် လူတစ်ယောက်မှာ သူ၏ဦးခေါင်းထက်၌ ရပ်နေသည်ကိုမူ သူ လုံးဝ သတိမပြုမိချေ။
“မတွေ့ရတာ ကြာပြီနော်... နှစ်ပေါင်း တစ်သိန်းတောင် ရှိသွားပြီဖြစ်ပေမဲ့ မင်း မသေသေးဘူးပဲ... မင်းတို့ ရှေးဟောင်းဧရာမမိစ္ဆာ မျိုးနွယ်စုတွေက တကယ်ကို အသက်ရှည်ကြတာပဲ...”
ရီယွင်က လက်များကို နောက်ပစ်လျက် ရှေးဟောင်းဧရာမမိစ္ဆာ၏ ဦးခေါင်းထက်တွင် ရပ်ကာ ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်သည်။
“မင်းလား...”
ရင်းနှီးနေသော အသံကို ကြားလိုက်ရသည့်အခါ ရှေးဟောင်းဧရာမမိစ္ဆာသည် ချက်ချင်းပင် သွားကြိတ်လိုက်တော့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက သူသည် ဤလူ၏ လက်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ဖူးသည်။ နှစ်ပေါင်းတစ်သိန်း ကြာပြီးနောက်တွင် ထိုသူမှာ မထင်မှတ်ဘဲ အသက်ရှင်နေဆဲ ဖြစ်နေသည်လား။
ရှေးဟောင်းဧရာမမိစ္ဆာသည် ဗီဇအရ သူ၏ဦးခေါင်းထက်သို့ လက်ဖြင့် လှမ်း၍ ဖမ်းလိုက်သော်လည်း မမျှော်လင့်ဘဲ လေကိုသာ ဆုပ်ကိုင်မိလိုက်သည်။
ရီယွင်က လျှပ်တစ်ပြက် လှုပ်ရှားလိုက်ရာ ရှေးဟောင်းဧရာမမိစ္ဆာ၏ ရှေ့မှောက်၌ ပေါ်လာသည်။ ထိုခဏ၌ သူ၏ တစ်ကိုယ်လုံးမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေပြီး နတ်ဝိညာဉ်တစ်ပါးအလား အရှိန်အဝါများ ထွက်ပေါ်နေပေသည်။
ရှေးဟောင်းဧရာမမိစ္ဆာမှာ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်စိကိုပင် သူ မယုံကြည်နိုင် ဖြစ်နေရသည်။
“မင်းရဲ့ ကျင့်ကြံမှုနယ်ပယ်က... နတ်ဧကရာဇ်နယ်ပယ်ကို ရောက်သွားတာလား...”
သူက ထိတ်လန့်တုန်လှုပ်စွာဖြင့် အာမေဍိတ်သံ ထွက်ပေါ်လာသည်။
ရီယွင်က ခေါင်းညိတ်ပြလိုက်၏။ သူသည် ဤရင်းနှီးနေသော ရှေးဟောင်းဧရာမမိစ္ဆာကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
“မင်း သူ့ကို မှတ်မိလား...”
ရီယွင်က စကားပြောရင်း သူ၏ အစွမ်းဖြင့် နန်ကုန်းယွိ၏ ပုံရိပ်ကို ဖန်တီးပြလိုက်သည်။
“ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ... သူက မင်းရဲ့ ကြံရာပါ မဟုတ်ဘူးလား...”
ရှေးဟောင်းဧရာမမိစ္ဆာက အေးစက်စွာ တုံ့ပြန်လိုက်သည်။ ယခုအချိန်တွင် ရီယွင်ကို မယှဉ်နိုင်တော့ကြောင်း ဝန်ခံသော်လည်း ရှေးဟောင်းဧရာမမိစ္ဆာ မျိုးနွယ်စု၏ မာနကြောင့် သူက အလျှော့ပေးခြင်း မရှိချေ။
“အဲ့ဒီနောက်ပိုင်းမှာ မင်းက သူ့ရဲ့ ရှေးဟောင်းမိစ္ဆာတယောရဲ့ စေခိုင်းမှုကို ခံရပြီး နဂါးနတ်ဘုရားဂိုဏ်း ဒါမှမဟုတ် တခြားသူတွေကို တိုက်ခိုက်ခဲ့တာမျိုး ရှိလား...”
ရီယွင်က ထပ်မံ မေးမြန်းလိုက်သည်။
“အဲ့ဒီအချိန်တုန်းက ငါက ဒဏ်ရာရနေလို့ အဲ့ဒီလှုပ်ရှားမှုမှာ မပါဝင်ခဲ့ဘူး... ငါတို့မျိုးနွယ်ထဲက တခြား ဧရာမမိစ္ဆာ အနည်းငယ်ပဲ အဲ့ဒီမိန်းကလေး နောက်ကို လိုက်သွားခဲ့ကြတာ...”
ရှေးဟောင်းဧရာမမိစ္ဆာက ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။
“အပြင်ဘက်မှာ ကောင်းကင်ဘုံ သံမဏိတိုင် တစ်ဆယ့်ရှစ်တိုင်နဲ့ ဖိနှိပ်ချုပ်နှောင်ထားတာကို မင်းတို့ရဲ့ အပေါင်းအဖော် ဧရာမမိစ္ဆာတွေက ဘယ်လိုလုပ် အပြင်ကို ထွက်သွားကြတာလဲ...”
ရီယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူသည် ဤအချက်ကို ယခင်က သတိမပြုမိခဲ့ချေ။ ယခုတင်က အရေးကြီးသော အချက်တစ်ခုမှာ သူ၏ စိတ်ထဲတွင် လှစ်ခနဲ ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။ နန်ကုန်းယွိတွင် ဧရာမမိစ္ဆာအချို့ကို စေခိုင်းနိုင်သည့် ရှေးဟောင်းမိစ္ဆာတယော ရှိနေလျှင်ပင် သူတို့ကို ဤနေရာမှ မည်သို့ ခေါ်ထုတ်သွားနိုင်မည်နည်း။ နှစ်ပေါင်း သန်းနှင့်ချီသော ကာလပတ်လုံး ရှေးဟောင်းဧရာမမိစ္ဆာများ ရှေးဟောင်းမိစ္ဆာ ချောက်နက်မှ ထွက်ခွာနိုင်သည်ဟု သူ တစ်ခါမျှ မကြားဖူးချေ။ နန်ကုန်းယွိက ထိုသို့ဖြစ်အောင် မည်သို့ လုပ်ဆောင်ခဲ့သနည်း။ အခြားသော ရှေးဟောင်းဧရာမမိစ္ဆာ တစ်ကောင်၏ မှတ်ဉာဏ်တွင်လည်း ၎င်းတို့ ချောက်နက်မှ ထွက်ခွာခဲ့သည့် အချက်မှာ မပါရှိချေ။ ဤသည်မှာ ဖျက်ဆီးခံလိုက်ရပုံ ရပေသည်။
ဤသို့ တွေးမိလိုက်သည့်အခါ အခြေအနေမှာ ပိုမို ရှုပ်ထွေးလာပြီဖြစ်ကြောင်း ရီယွင် ချက်ချင်းပင် ခံစားလိုက်ရသည်။
“ငါလည်း မသိဘူး... မင်းတို့ လူသားမျိုးနွယ်တွေက တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အကွက်ချ တိုက်ခိုက်နေကြတာပဲ၊ ငါတို့က ဘယ်လိုလုပ် သိမှာလဲ...”
ရှေးဟောင်းဧရာမမိစ္ဆာက စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ရီယွင်က ခပ်ပါးပါး ပြုံးလိုက်ရာ သူ၏ မျက်ဝန်းအတွင်း ထူးဆန်းသော အလင်းတစ်ချက် ဝင်းလက်သွားသည်။ သူသည် ‘ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်း’ ကို ထပ်မံ အသက်သွင်းလိုက်ပြီး ရှေးဟောင်းဧရာမမိစ္ဆာကို ပုံရိပ်ယောင်နယ်မြေအတွင်းသို့ ဆွဲသွင်းကာ ၎င်း၏ မှတ်ဉာဏ်များကို စတင် ဖြန့်ကျက်စူးစမ်းလိုက်တော့သည်။
ဤရှေးဟောင်းဧရာမမိစ္ဆာမှာ လိမ်ညာခြင်း မရှိချေ။ ဒဏ်ရာ ပြင်းထန်မှုကြောင့် သူသည် ထိုလှုပ်ရှားမှုတွင် မပါဝင်ခဲ့သဖြင့် သူမသိရှိသော အချက်များစွာ ရှိနေပေသည်။
ရီယွင်သည် ‘ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်း’ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှေးဟောင်းဧရာမမိစ္ဆာကို ပြန်လည် နိုးထစေလိုက်သည်။
“မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ...”
ရှေးဟောင်းဧရာမမိစ္ဆာသည် ၎င်း၏ ဧရာမဦးခေါင်းကြီးကို ခါယမ်းကာ ရီယွင်ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်လိုက်သည်။ ယခုတင်က သူသည် ခဏမျှ မိန်းမောသွားခဲ့သဖြင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဗီဇအရ ခံစားလိုက်ရခြင်း ဖြစ်သည်။
ရီယွင်က ခေါင်းခါကာ ရယ်မောလိုက်၏။
“မင်း ဆက်ပြီး အိပ်နေလိုက်ပါဦး... ငါ တခြားသူတွေကို သွားမေးလိုက်မယ်...”
ဤသို့ ပြောပြီးနောက် ရီယွင် ထွက်ခွာသွားခဲ့သည်။
ရှေးဟောင်းဧရာမမိစ္ဆာသည် အဝေးသို့ ပျောက်ကွယ်သွားသော ရီယွင်ကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ရင်နေမိသည်။
‘ကြောက်စရာကောင်းလိုက်တာ... ဒီလူက နတ်ဧကရာဇ်နယ်ပယ်ကို ရောက်နေပြီပဲ... သူက လက်ညှိုးနဲ့ တစ်ချက် တောက်လိုက်ရုံနဲ့တင် ငါ့ကို သတ်ပစ်နိုင်လောက်တယ်...’
ရှေးဟောင်းဧရာမမိစ္ဆာ၏ အမွှေးအမျှင်များ ဖုံးလွှမ်းနေသော အနက်ရောင်မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာ ပေါ်လာခဲ့ပြီး မြေပြင်ပေါ်၌ အလျင်အမြန်ပင် ပြားပြားဝပ် အိပ်စက်လိုက်ကာ နောက်ထပ် စကားမပြောဝံ့တော့ချေ။
သူသည် ယခုတစ်ကြိမ်တွင် ပါးနပ်လှပေသည်။ သိသမျှကို အကုန်ပြောပြခဲ့သဖြင့် အသက်ရှင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ယခုတစ်ကြိမ်တွင် သူသည် ဘေးဒုက္ခနှင့် သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
ရီယွင်သည် ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်းရှိ ထူထပ်လှသော မိစ္ဆာစွမ်းအင်များကို ဖြတ်ကျော်ကာ အဆက်မပြတ် သွားလာနေသည်။ သူသည် ရှေးဟောင်းဧရာမမိစ္ဆာ တိုင်း၏ မှတ်ဉာဏ်များကို ဖြန့်ကျက်စူးစမ်းလိုက်သည်။ ထိုအရှုပ်အထွေးတွင် ပါဝင်ခဲ့သော မိစ္ဆာမှန်သမျှကို သူသည် ထိုနေရာ၌ပင် ချက်ချင်း သတ်ဖြတ်ပစ်လိုက်သည်။
မှတ်ဉာဏ်အားလုံးကို စုစည်းကြည့်လိုက်သည့်အခါ ဤအရာအားလုံးကို နန်ကုန်းယွိက စီစဉ်ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရီယွင် ရှာဖွေတွေ့ရှိသွားသည်။ နန်ကုန်းယွိသည် ရှေးဟောင်းဧရာမမိစ္ဆာများကို ရှေးဟောင်းမိစ္ဆာ ချောက်နက်မှ မည်သို့ ခေါ်ထုတ်သွားနိုင်ခဲ့သနည်း ဆိုသည့်အချက်ကမူ လျှို့ဝှက်ချက်အဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။
‘နန်ကုန်းယွိက ကောင်းကင်ဘုံ သံမဏိတိုင် တစ်ဆယ့်ရှစ်တိုင်ပေါ်က သင်္ကေတတွေကို အဓိပ္ပာယ် ဖော်နိုင်ခဲ့တာများလား...’
ရီယွင်သည် ဤဖြစ်နိုင်ချေကို ရုတ်တရက် တွေးမိသွားသည်။ သူ၏ ပုံရိပ်မှာ လှစ်ခနဲ လှုပ်ရှားသွားပြီး အပြင်ဘက်သို့ ပျံသန်းသွားခဲ့သည်။ သူသည် ထိုသင်္ကေတများကို အသေအချာ လေ့လာကာ သဲလွန်စတစ်ခုခု ရရှိရန် မျှော်လင့်လိုက်မိခြင်းပင်။
သူသည် ရှေးဟောင်းမိစ္ဆာ ချောက်နက်၏ အထွက်ဝနှင့် မလှမ်းမကမ်းသို့ ရောက်ရှိချိန်တွင် ရုတ်တရက် အရပ်မျက်နှာတစ်ခုမှ ပြင်းထန်လှသော တိုက်ခိုက်သံများနှင့်အတူ နာကျင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။
‘ဟို လူသားကျင့်ကြံသူ သုံးယောက်က ရှေးဟောင်းဧရာမမိစ္ဆာ အကြွင်းအကျန်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရတာများလား...’
ရီယွင်က ထိုအရပ်မျက်နှာဆီသို့ လှည့်ကြည့်လိုက်သည်။
သေချာပေါက်ပင် ဧရာမ ရှေးဟောင်းဧရာမမိစ္ဆာ ဦးခေါင်းခွံနှစ်ခု၊ လက်မောင်းသုံးခုနှင့် ဧရာမ ခြေထောက်တစ်ဖက်တို့မှာ တာအိုနယ်ပယ် အဆင့် ၁၀ မှ ထိုကျင့်ကြံသူ သုံးဦးကို ရူးသွပ်စွာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ဦးခေါင်းခွံများဖြစ်စေ၊ လက်မောင်းများဖြစ်စေ၊ ခြေထောက်ဖြစ်စေ ဤဧရာမမိစ္ဆာ အလောင်းကောင် အပိုင်းအစများမှာ ယခင်ကနှင့် လုံးဝ ကွဲပြားစွာ ပြောင်းလဲနေပြီ ဖြစ်သည်။ ထူးဆန်းစွာ ပြောင်းလဲနေသော ထိုအကြွင်းအကျန်များမှာ ယခုအခါ ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
ထိုလူသားကျင့်ကြံသူ သုံးဦးမှာ ဤ ကြောက်မက်ဖွယ် အလောင်းကောင် အပိုင်းအစများကို အသည်းအသန် ခုခံတိုက်ခိုက်နေကြသော်လည်း အလွန်ပင် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေကြသည်။
“မမ... ကျွန်တော် သူတို့ကို တားထားမယ်၊ မင်းတို့ နှစ်ယောက် အမြန်ပြေးကြတော့...”
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အော်လိုက်ပြီး ဧရာမမိစ္ဆာ အပိုင်းအစများ၏ တိုက်ခိုက်မှုကို ခုခံရန် တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အခြားအမျိုးသားတစ်ဦးကလည်း မှော်ရတနာ အမြောက်အများကို ထုတ်ယူလိုက်ပြီး ၎င်းတို့မှ ကြောက်မက်ဖွယ် အလင်းတန်းများ ထွက်ပေါ်လာကာ အဝေးမှနေ၍ ပစ်လွှတ်လိုက်သည်။ အနီးရှိ ချောမောလှပသော သက်လတ်ပိုင်း အမျိုးသမီး၏ မျက်နှာပေါ်တွင်မူ တွေဝေနေသော အမူအရာ ပေါ်လာခဲ့သည်။
အကယ်၍ သူမသည် ဤအခွင့်အရေးကို အရယူမည်ဆိုပါက လွတ်မြောက်နိုင်ပြီး အသက်ချမ်းသာရမည် ဖြစ်သော်လည်း သူမ၏ မောင်နှစ်ယောက်မှာမူ ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်း၌ သေဆုံးသွားကြဖို့ များပေသည်။
“မမ... ငါတို့ ဘိုးဘေးတွေရဲ့ ဆုံးမစကားကို မမေ့ပါနဲ့... မမ အသက်ရှင်မှသာ ငါတို့အတွက် မျှော်လင့်ချက် ရှိမှာ...”
ဓားအလင်းတန်းကို ကိုင်ဆောင်ထားသော သက်လတ်ပိုင်း အမျိုးသားက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
သက်လတ်ပိုင်း အမျိုးသမီးသည် ခဏမျှ စိတ်အတွင်း၌ ရုန်းကန်နေရသော်လည်း နောက်တစ်စက္ကန့်တွင် သူမသည် လှည့်ထွက်လိုက်ကာ ရှေးဟောင်းမိစ္ဆာ ချောက်နက်၏ အထွက်ဝဆီသို့ ပျံသန်းသွားတော့သည်။
“မင်းတို့လို ထူးဆန်းတဲ့ ဧရာမမိစ္ဆာ အပိုင်းအစတွေ... ဒီနေ့ ငါ မင်းတို့နဲ့အတူ အသေခံမယ်...”
ဓားကို ကိုင်ထားသော အမျိုးသားက အော်ဟစ်လိုက်ပြီး သတ္တိရှိစွာဖြင့် ရှေ့သို့ ပြေးဝင်သွားသည်။
ရုတ်တရက် အဖြူရောင်အလင်းတစ်ချက် ဝင်းလက်သွား၏။ အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးမှာ သူ၏ရှေ့တွင် ပေါ်လာခဲ့သဖြင့် ထိုအမျိုးသားမှာ လန့်ဖျန့်သွားပြီး ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်ရသည်။
ထို့နောက်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားရကာ အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင် ဖြစ်သွားတော့သည်။ အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်မှ မှိန်ဖျော့သော အဖြူရောင်အလင်းတန်းတစ်ခု ဖြာထွက်နေပေသည်။
ထိုလူငယ်က လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဧရာမမိစ္ဆာ အလောင်းကောင် အပိုင်းအစများမှာ တစ်ခဏချင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
‘ဒါ... ဒါက ဘယ်လိုမျိုး ကျင့်ကြံမှုနယ်ပယ်လဲ... တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...’
သက်လတ်ပိုင်း အမျိုးသားနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျောက်ရုပ်များအလား မှင်တက်မိနေကြတော့သည်။
အခန်း ၁၆၃ ပြီးပါပြီ။
အခန်း ၁၆၄ - နန်ကုန်းယွိနှင့် ရှေးဟောင်းမိစ္ဆာတယော
“အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် စီနီယာကြီး...”
သက်လတ်ပိုင်း အမျိုးသားနှစ်ဦးမှာ အလျင်အမြန်ပင် ဒူးထောက်လိုက်ကြပြီး သူတို့၏ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ရှိမှုကို ဖော်ပြရန် စိတ်ရင်းမှန်ဖြင့် ဦးတိုက်လိုက်ကြသည်။ ရီယွင်က သူတို့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အမူအရာမှာ တည်ငြိမ်နေပေသည်။ သူသည် ဤသူနှစ်ဦးကို ကူညီကယ်ဆယ်ခဲ့ခြင်းမှာ အဓိက အကြောင်းရင်း နှစ်ချက်ကြောင့် ဖြစ်၏။
ပထမအချက်မှာ ထိုမောင်နှမ သုံးဦးကြားရှိ နက်ရှိုင်းသော သံယောဇဉ်ကို သူ စိတ်ဝင်စားမိသွားခြင်းဖြစ်ပြီး ဒုတိယအချက်မှာမူ သူတို့၏ ဘိုးဘေးများ၏ ဆုံးမစကားနှင့် ထိုသုံးဦးမှာ ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်း၌ ဘာကို ရှာဖွေနေကြသနည်း ဆိုသည်ကို ရီယွင် စိတ်ဝင်စားမိသွားခြင်း ဖြစ်ပေသည်။
“အားလုံး ထကြပါ...”
ရီယွင်သည် သူတို့၏ ပတ်ဝန်းကျင်တွင် အဆက်မပြတ် ဆူပွက်နေသော မိစ္ဆာစွမ်းအင်များကို တစ်ချက် ကြည့်လိုက်သည်။ သူက ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအားတစ်ခုမှာ ထိုအမျိုးသားနှစ်ဦးကို အသာအယာပင် မတ်တတ်ထရပ်စေခဲ့၏။ ထို့နောက် အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ သက်လတ်ပိုင်း အမျိုးသမီးမှာ ရှေးဟောင်းမိစ္ဆာ ချောက်နက်၏ အထွက်ဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ သူသည် ရှေ့ရှိ အမျိုးသားနှစ်ဦးကို ဖမ်းဆွဲလိုက်ပြီး ထိုနေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားတော့၏။
...
ရှေးဟောင်းမိစ္ဆာ ချောက်နက်၏ အပြင်ဘက်တွင် ဖြစ်သည်။
ရီယွင်သည် ထိုအမျိုးသားနှစ်ဦးကို မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး သက်လတ်ပိုင်း အမျိုးသမီး လာရောက်ပူးပေါင်းသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ အသက်ရှူရုံ အနည်းငယ် ကြာပြီးနောက်တွင် မျက်နှာဖြူလျော့ကာ အမောတကော ဖြစ်နေသော သက်လတ်ပိုင်း အမျိုးသမီးသည် ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်းမှ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့၏။ သူမ၏ရှေ့တွင် ဘေးကင်းလုံခြုံစွာ ရှိနေသော သူမ၏ မောင်နှစ်ယောက်ကို မြင်လိုက်ရသည့်အခါ သူမမှာ အလွန်ပင် အံ့ဩသွားရပြီး ခေတ္တမျှ စကားပင် မပြောနိုင် ဖြစ်သွားတော့သည်။
“ညီမလေး... ဒီကျေးဇူးရှင်ကြီးက ငါတို့ကို ကယ်ခဲ့တာ”
သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ အလျင်အမြန်ပင် ရှေ့သို့ တိုးလာပြီး ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာကြီး...”
သက်လတ်ပိုင်း အမျိုးသမီးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရပြီး သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာခဲ့၏။ သူမသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ရီယွင်၏ ရှေ့၌ သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာ ဦးတိုက်လိုက်တော့သည်။
“ထပါ...”
ရီယွင်က နွေးထွေးစွာ ပြုံးပြလိုက်သည်။ သူသည် ဤသုံးဦး၏ မှတ်ဉာဏ်များကို တိုက်ရိုက် ရှာဖွေစူးစမ်းနိုင်သော်လည်း လောလောဆယ် ထိုသို့မလုပ်ရန် သူ ရွေးချယ်ခဲ့၏။ အဆုံးတွင်တော့ သူသည် ကမ္ဘာကူးပြောင်းလာသူတစ်ဦး ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ လျှို့ဝှက်ချက် မည်မျှ အရေးကြီးသည်ကို သူ နားလည်ပေသည်။ ထို့ပြင် သူသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန်လည်း အမြဲတမ်း စိတ်မဝင်စားသလို ဆန္ဒလည်း မရှိချေ။
ထို့နောက် ရီယွင်က ပြုံးလျက် မေးလိုက်သည်။
“မင်းတို့ ရှေးဟောင်းမိစ္ဆာ ချောက်နက်ထဲမှာ ဘာကို ရှာနေကြတာလဲ...”
စီနီယာကြီးဆီမှ ဤမေးခွန်းကို ကြားလိုက်ရသည့်အခါ သက်လတ်ပိုင်း အမျိုးသမီးမှာ အကျပ်ရိုက်သွားခဲ့၏။ သက်လတ်ပိုင်း အမျိုးသားက သူမထံသို့ လေးနက်သော နတ်ဝိညာဉ် အသံလွှင့်ချက်တစ်ခု ပေးပို့လိုက်သည်။
“မမ... ငါတို့ရှေ့က စီနီယာကြီးက ပြိုင်ဘက်ကင်းတဲ့ သန်မာသူတစ်ဦးပဲ... အဲ့ဒီဖြစ်ရပ် ဖြစ်ခဲ့တာ နှစ်ပေါင်း တစ်သိန်းနီးပါးတောင် ရှိနေပြီပဲ၊ ဘာမှ ဖုံးကွယ်ထားဖို့ မလိုတော့ပါဘူး... သူ့ကို ပြောပြလိုက်ပါ”
ဖြူစင်လှသော နတ်ဘုရား အလင်းတန်းများ လွှမ်းခြုံထားသည့် စီနီယာကြီးက သူတို့ကို လွယ်ကူစွာ ကယ်တင်လိုက်သည့် အခိုက်အတန့်မှစ၍ ထိုအမျိုးသားတွင် ထိတ်လန့်ဖွယ် သံသယတစ်ခု ပေါ်ပေါက်နေခဲ့ပေသည်။ ဤစီနီယာကြီး၏ ကိုယ်မှ ထွက်ပေါ်နေသော မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ ထာဝရနယ်ပယ်မှ အရှိန်အဝါမျိုး သေချာပေါက် မဟုတ်ကြောင်း သူ ဆုံးဖြတ်နိုင်ပေသည်။ ဤစီနီယာကြီးမှာ အမှန်တကယ်ပင် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်ပေလိမ့်မည်။
ချန်းနန်ကုန်းမြေကြီး တစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော ထိုကဲ့သို့သော ထူးခြားလှသည့် ပုဂ္ဂိုလ်ကြီးမှာ အကယ်၍ မကောင်းသော ရည်ရွယ်ချက်သာ ရှိမည်ဆိုပါက သူတို့ သုံးဦးမှာ အသက်ရှင်နိုင်ပါဦးမည်လော။ ထို့ပြင် စစ်မှန်သော နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ကြပြီး ကောင်းကင်ကို ဆန့်ကျင်နိုင်သော နည်းလမ်းများ ရှိကြပေသည်။ သူတို့ သုံးဦး၏ မှတ်ဉာဏ်များကို ရှာဖွေရန်မှာ ထိုကဲ့သို့သော တည်ရှိမှုမျိုးအတွက် အသေးအဖွဲမျှသာ ဖြစ်ပေလိမ့်မည်။
သက်လတ်ပိုင်း အမျိုးသမီးမှာလည်း သတိဝင်လာခဲ့၏။ သူမသည် ချက်ချင်းပင် လက်အုပ်ချီကာ ဦးညွှတ်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
“လေးစားရတဲ့ စီနီယာကြီး... တကယ်တော့ ကျွန်မတို့က ရှေးဟောင်း တယောတစ်လုံးကို ရှာနေကြတာပါ...”
“ရှေးဟောင်း တယောတစ်လုံး ဟုတ်လား”
ရီယွင်မှာ အနည်းငယ် မှင်တက်မိသွားရ၏။ ရှေးဟောင်း တယောဆိုသည်နှင့် သူသည် နန်ကုန်းယွိ၏ ရှေးဟောင်းမိစ္ဆာ တယောကို ချက်ချင်းပင် သတိရသွားသည်။
“ဟုတ်ပါတယ် စီနီယာကြီး... ရှေးဟောင်း တယောတစ်လုံးပါ... လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနှင့်ချီသော ကာလက ကျွန်မတို့ အဘေး အသုံးပြုခဲ့တာပါ... ဒါပေမဲ့ သူမ မကွယ်လွန်မီမှာ ဒီတယောကို ရှေးဟောင်းမိစ္ဆာ ချောက်နက်ထဲကို ပစ်ချခဲ့ပါတယ်”
သက်လတ်ပိုင်း အမျိုးသမီးက အသေးစိတ် ရှင်းပြလိုက်၏။ ရီယွင်က မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ထိုသုံးဦးကို နောက်တစ်ကြိမ် သေချာစွာ စူးစမ်းလိုက်သည်။ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရပေသည်။ ထို့နောက် သူက မေးလိုက်၏။
“အဲ့ဒီ ရှေးဟောင်း တယောရဲ့ အမည်က ဘာလဲ”
သက်လတ်ပိုင်း အမျိုးသမီးက ပြန်လည် ဖြေကြားလိုက်သည်။
“စီနီယာကြီး... အဲ့ဒီတယောကို ရှေးဟောင်းမိစ္ဆာတယောလို့ ခေါ်ပါတယ်... အဲ့ဒါက ရှေးဟောင်းမိစ္ဆာ ချောက်နက်ကနေ စတင်ခဲ့တာလို့ ဆိုကြပါတယ်... ကျွန်မတို့ ဘိုးဘေး မကွယ်လွန်ခင်မှာ အဲ့ဒါကို ရှေးဟောင်းမိစ္ဆာ ချောက်နက်ထဲကိုပဲ ပြန်ပို့ခဲ့တာပါ”
ရီယွင်၏ အသက်ရှူသံမှာ ခေတ္တမျှ ရပ်တန့်သွား၏။ သူ၏ ရှေ့မှ လူသုံးဦးကို ကြည့်ရင်း သူ၏ နှလုံးသားအတွင်း၌ ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုများ ဆူပွက်လာခဲ့သည်။ ဤလူသုံးဦးမှာ အမှန်တကယ်ပင် နန်ကုန်းယွိ၏ မျိုးဆက်များ ဖြစ်နေသည်လား။ ဤသည်မှာ လုံးဝ မယုံကြည်နိုင်စရာပင် ဖြစ်၏။ နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက် ရှေးဟောင်းမိစ္ဆာ ချောက်နက်သို့ ပထမဆုံးအကြိမ် သူ ပြန်လည်ရောက်ရှိချိန်တွင် နန်ကုန်းယွိ၏ မျိုးဆက်များနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရသည် မဟုတ်ပါလား။
“မင်းတို့ ပြောတဲ့ အဘေးဆိုတာ... နန်ကုန်းယွိကို ပြောတာလား၊ ဟုတ်တယ်မလား”
ရီယွင်က သူ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ ထိုသုံးဦးမှာ တစ်ခဏချင်းမှာပင် မှင်တက်မိသွားကြ၏။ သူတို့၏ အဘေးကြီးမှာ သေဆုံးသွားသည်မှာ နှစ်ပေါင်း ကိုးသောင်းကျော် ရှိပြီဖြစ်ပြီး သူတို့ မိသားစုမှလွဲ၍ အပြင်လူ မည်သူမျှ သူမကို မသိကြချေ။ ဤစီနီယာကြီးက ဘယ်လိုလုပ် သိနေရသနည်း။
“စီနီယာကြီး... စီနီယာက ကျွန်မတို့ အဘေးကို သိနေတာလား”
သက်လတ်ပိုင်း အမျိုးသမီးက သတ္တိမွေးကာ မေးလိုက်သည်။
“အင်း...”
ရီယွင်က ခေတ္တမျှ ခေါင်းညိတ်ပြလိုက်၏။ သူသည် ရုတ်တရက် စိတ်ဝင်စားမှု လျော့နည်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ထပ်မံ၍ မေးမြန်းခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။ ရီယွင်သည် လက်များကို နောက်ပစ်လျက် အဝေးရှိ ရှေးဟောင်းမိစ္ဆာ ချောက်နက်ဆီသို့ စိုက်ကြည့်လိုက်၏။ သေးငယ်လှသော ကြယ်တာရာသင်္ကေတများမှာ သူ၏ မျက်ဝန်းအတွင်း၌ လှုပ်ရှားလာတော့သည်။
သူသည် ရှေးဟောင်းမိစ္ဆာ တယောကို စတင် ရှာဖွေလိုက်ခြင်းပင်။ အနီးတွင် ရပ်နေသော မောင်နှမ သုံးဦးမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြ၏။ သူတို့သည် ဤစီနီယာကြီးက ရှေးဟောင်းမိစ္ဆာ ချောက်နက်ဆီသို့ စကားတစ်လုံးမျှ မပြောဘဲ စိုက်ကြည့်နေသည်ကို ကြည့်ရင်း သူတို့ ပြောလိုက်သော စကားတစ်စုံတစ်ရာက သူ့ကို အပြစ်ပြုမိသွားသလားဟု တွေးတောနေမိကြသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ရီယွင်က သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ခေါင်းခါလိုက်၏။
“ရှေးဟောင်းမိစ္ဆာတယောက ရှေးဟောင်းမိစ္ဆာ ချောက်နက်ထဲမှာ မရှိတော့ဘူး... မင်းတို့ ထပ်ပြီး ရှာဖို့ မလိုတော့ဘူး... တစ်စုံတစ်ယောက်က အဲ့ဒါကို ယူသွားခဲ့ပြီ ဖြစ်ရမယ်”
ထိုသုံးဦးမှာ ချက်ချင်းပင် အံ့ဩသွားကြသည်။ သူတို့ ဘိုးဘေး ချန်ထားခဲ့သော အမွေအနှစ်ကို အခြားတစ်စုံတစ်ယောက်က ဦးအောင် ယူသွားခဲ့ပြီ တဲ့လား။ သူတို့၏ စိတ်ဓာတ်များမှာ တစ်ခဏချင်းမှာပင် ကျဆင်းသွားတော့၏။ အထူးသဖြင့် သက်လတ်ပိုင်း အမျိုးသမီး၏ မျက်ဝန်းများမှာ နီရဲလာပြီး မျက်ရည်များ ဝဲလာတော့၏။
ရီယွင်က ရုတ်တရက် သက်ပြင်းချလိုက်မိ၏။ ထိုခဏ၌ သူ၏ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းက ထပ်မံ အသက်ဝင်လာခဲ့သည်။ သူ၏ရှေ့မှ နန်ကုန်းယွိ၏ မျိုးဆက် သုံးဦးမှာ ပုံရိပ်ယောင် နယ်မြေအတွင်းသို့ ချက်ချင်းပင် ဆွဲသွင်းခံလိုက်ရ၏။
ရီယွင်သည် သူတို့၏ မှတ်ဉာဏ်များကို ရှာဖွေစူးစမ်းလိုက်သည်။ ချင်ယောင်နှင့် ပတ်သက်သော ကိစ္စမှာ အလွန်ပင် အရေးကြီးလှပြီး လောလောဆယ်တွင် သဲလွန်စများ အားလုံးမှာ နန်ကုန်းယွိဆီသို့ ဦးတည်နေပေသည်။ ရီယွင်သည် မည်သည့်အရာကိုမျှ လွတ်မသွားစေလိုပေ။ ထို့ကြောင့် သူသည် သဲလွန်စသစ်များကို ရှာဖွေရန်အတွက် ဤသုံးဦး၏ မှတ်ဉာဏ်များကို အစအဆုံး အပြည့်အစုံ ဖတ်ရှုလိုက်ခြင်း ဖြစ်၏။
မှတ်ဉာဏ်များကို ဖတ်ရှုပြီးနောက်တွင် ရီယွင်သည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်း ရောပြွမ်းနေသော ခံစားချက်ပေါင်းစုံကို ခံစားလိုက်ရသည်။ ဝမ်းမြောက်စရာကောင်းသော အချက်တစ်ခုမှာ နန်ကုန်းယွိသည် သူမ၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ အိမ်ထောင်မပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအစား သူမသည် ကလေးတစ်ဦးကို မွေးစားပြီး သူမ၏ မျိုးရိုးအမည်ကို ပေးခဲ့၏။ ထိုကလေးမှာ ဤမောင်နှမ သုံးဦး၏ စစ်မှန်သော မျိုးဆက် အစပျိုးသူ ဖြစ်ပေသည်။ ထိုကလေး ကြီးပြင်းလာသည့်အခါ သူသည်လည်း တာအိုနယ်ပယ်မှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ရိုးရာဓလေ့တစ်ခုကို စတင်ခဲ့သည်မှာ သူ၏ မွေးစားမိခင် နန်ကုန်းယွိကို နန်ကုန်းမိသားစု၏ တည်ထောင်သူ ဘိုးဘေးအဖြစ် ကိုးကွယ်ကြရန် ဖြစ်ပေသည်။ ဤရိုးရာဓလေ့မှာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့သည်မှာ နှစ်ပေါင်း တစ်သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်သည်။
ရီယွင်ကို ဝမ်းနည်းစေသော အချက်မှာမူ တစ်ချိန်တွင် နန်ကုန်းယွိသည် အဓိပ္ပာယ်မရှိဘဲ ရူးသွပ်သွားခဲ့ခြင်း ဖြစ်၏။ သူမ၏ သတိတရားမှာ ရလိုက် ပျောက်လိုက် ဖြစ်နေတတ်ပြီး သူမသည် နားမလည်နိုင်သော စကားများကို မကြာခဏ တီးတိုး ပြောဆိုနေတတ်သည်။ နောက်ပိုင်းတွင် သတိပြန်ဝင်လာသော အခိုက်အတန့်၌ နန်ကုန်းယွိသည် မိမိကိုယ်ကိုယ် ချုပ်နှောင်လိုက်တော့၏။ ဤသည်မှာ သူမ၏ ကျန်ရှိသော တစ်ဘဝလုံးပင် ဖြစ်၏။
သူမ၏ ဘဝ နောက်ဆုံးအချိန်သို့ ရောက်သောအခါ သူမသည် နောက်ဆုံးစကားများကို ချန်ထားခဲ့ပြီး နန်ကုန်းမိသားစုမှ ထွက်ခွာကာ ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်းသို့ ရှေးဟောင်းမိစ္ဆာ တယောကို ပစ်ချရန် တစ်ဦးတည်း ခရီးထွက်ခဲ့ပေသည်။ ထို့နောက်တွင် သူမသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့တော့၏။ သူမ၏ နောက်ဆုံးစကားများတွင် သူမ မည်သည့်နေရာသို့ သွားမည်ကို ဖော်ပြထားခြင်း မရှိချေ။ သူမသည် သူမ၏ မျိုးဆက်များကို တစ်ခုသာ မှာကြားခဲ့သည်မှာ နှစ်ပေါင်း တစ်သောင်း ကြာပြီးနောက်တွင် အကယ်၍ ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိခဲ့ပါက ရှေးဟောင်းမိစ္ဆာ တယောကို ပြန်လည် ယူဆောင်ကြရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအတွင်း၌ သူမ၏ နောက်ဆုံး သတင်းစကားများ ရှိနေသောကြောင့် ဖြစ်ပေသည်။
နန်ကုန်းမိသားစုသည် ဤမှာကြားချက်ကို မျိုးဆက်များအကြား လက်ဆင့်ကမ်းလာခဲ့သည်မှာ တာအိုနယ်ပယ် အဆင့် ၁၀ ၏ ထိပ်ဆုံးသို့ ရောက်ရှိသူများသာလျှင် ရှေးဟောင်းမိစ္ဆာ တယောကို ရှာဖွေရန် ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်းသို့ ဝင်ရောက်ခွင့် ပြုထားခြင်း ဖြစ်ပေသည်။ နန်ကုန်းမိသားစု၏ ယခုလက်ရှိ မျိုးဆက်မှာ အထူးပင် အင်အားကြီးမားလှပြီး တာအိုနယ်ပယ် အဆင့် ၁၀ ၏ ထိပ်ဆုံးသို့ ရောက်ရှိသော ကျင့်ကြံသူ သုံးဦးအထိ ထွက်ပေါ်လာခဲ့၏။ ထို့ကြောင့် သူတို့ သုံးဦးမှာ သူတို့ ဘိုးဘေး၏ ရှေးဟောင်းမိစ္ဆာ တယောကို ရှာဖွေရန် အတူတကွ ခရီးထွက်ခဲ့ကြခြင်း ဖြစ်ပြီး မထင်မှတ်ဘဲ ရီယွင်နှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။
အခန်း ၁၆၄ ပြီးပါပြီ။
အခန်း ၁၆၅ - ရီယွင်၏ အတွေးစနှင့် ကောင်းကင်ကြယ်တာရာမင်းဆက်သို့ ရောက်ရှိခြင်း
ထိုသူသုံးဦး၏ မှတ်ဉာဏ်များမှတစ်ဆင့် အတိတ်က ဖြစ်ရပ်အချို့ကို သိရှိခဲ့ရပြီးနောက် ရီယွင်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ နန်ကုန်းယွိတွင် အမှန်တကယ်ပင် ကြီးမားသော ပြဿနာများ ရှိနေခဲ့၏။ သို့သော်လည်း သူမမှာ ရုပ်သေးရုပ်တစ်ခုမျှသာ ဖြစ်ပုံရပြီး စစ်မှန်သော ကြိုးကိုင်သူမှာမူ ကန့်လန့်ကာနောက်၌ ပုန်းကွယ်နေဆဲ ဖြစ်သည်။ အရေးကြီးဆုံး သဲလွန်စဖြစ်သည့် ရှေးဟောင်းမိစ္ဆာ တယောမှာလည်း ယခုအခါ ပျောက်ဆုံးနေပြီ ဖြစ်ပေသည်။
ရီယွင် သက်ပြင်းချလိုက်မိ၏။ သူ၏ စွမ်းဆောင်ရည်မှာ အတိုင်းအဆမရှိ ကျယ်ပြောလှသော်လည်း နှစ်ပေါင်း ကိုးသောင်းကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ အချိန်များမှာ လွင့်စင်သွားခဲ့ပြီဖြစ်ရာ ချန်းနန်ကုန်းမြေကြီးမှာလည်း ယခင်ကကဲ့သို့ မဟုတ်တော့ချေ။ ဆက်လက် စုံစမ်းစစ်ဆေးရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ လျှို့ဝှက်ကြိုးကိုင်သူမှာ အမြဲတမ်း သတိကြီးလှသလို ပရိယာယ်လည်း ကြွယ်ဝလှရာ ခြေလှမ်းတိုင်းကို အထူးပင် ဂရုစိုက်ခဲ့ပုံရ၏။ ထို့ကြောင့်ပင် ဖြစ်ရပ်အပြီး၌ သဲလွန်စများစွာမှာ ဖျက်ဆီးခြင်း ခံခဲ့ရပေသည်။
ရီယွင်သည် ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို ရုပ်သိမ်းလိုက်သည်။ သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ကောင်းကင်ဘုံ သံမဏိတိုင် တစ်ဆယ့်ရှစ်တိုင်၏ ရှေ့မှောက်သို့ ပျံသန်းရောက်ရှိသွား၏။
“ရှူး...”
ထိုသူသုံးဦးမှာ အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ခဏမျှ တိုင်ပင်ပြီးနောက် စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ စီနီယာကြီးကိုယ်တိုင် ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်း ရှာဖွေပြီးမှ ရှေးဟောင်းမိစ္ဆာ တယော မရှိကြောင်း အတည်ပြုခဲ့သဖြင့် သူတို့ ဤနေရာတွင် ဆက်လက်နေရန် အကြောင်းမရှိတော့ချေ။ ထိုသုံးဦးမှာ ရီယွင်ရှိရာ အရပ်သို့ ရိုသေစွာ ဂါရဝပြုပြီးနောက် လှည့်ထွက်သွားကြတော့၏။
ရီယွင်က သူတို့ ထွက်ခွာသွားသည်ကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်၏။ သူတို့မှာ တိုက်ဆိုင်၍ ဆုံတွေ့ခဲ့ရသူများသာ ဖြစ်ပေသည်။ နန်ကုန်းယွိ၏ မျိုးဆက်များ ဖြစ်နေလျှင်ပင် သူနှင့် တိုက်ရိုက်ပတ်သက်မှု မရှိလှရာ သူတို့ကို ကယ်တင်ခဲ့ခြင်းမှာလည်း တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။ ထူးခြားသော အခြေအနေမျိုး မရှိလျှင်မူ သူတို့နှင့် ထပ်မံ ပတ်သက်စရာ အကြောင်းမရှိတော့ချေ။
ရီယွင်၏ အကြည့်မှာ ကောင်းကင်ဘုံ သံမဏိတိုင်များပေါ်သို့ ကျရောက်သွားပြီး ၎င်းတို့ပေါ်ရှိ စာလုံးပုံရိပ်များကို အသေအချာ စူးစမ်းလိုက်သည်။ ယခုအခါ သူသည် နတ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ အမြင်မှာ ယခင်ကထက် များစွာ ပိုမိုမြင့်မားလာခဲ့ပြီ ဖြစ်ပေသည်။ ထိုစာလုံးပုံရိပ်များကို သူ ကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းများမှ မှိန်ဖျော့သော အလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ကောင်းကင်တာအို၏ နိယာမများကို မှတ်တမ်းတင်ထားသော ဤ သင်္ကေတစာလုံးပုံရိပ်များမှာ အလွန်ပင် နက်နဲလှပေသည်။
ရီယွင်သည် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေပြီး သုံးရက်တိုင်တိုင် ဆင်ခြင်သုံးသပ်ခဲ့ရာ နောက်ဆုံးတွင် ထိုစာလုံးပုံရိပ်များကို သဘောပေါက်သွားခဲ့သည်။ ပထမဆုံးသော ကောင်းကင်ဘုံ သံမဏိတိုင်ပေါ်ရှိ စာလုံးပုံရိပ်များကို နားလည်သွားပြီးနောက် ကျန်ရှိသော တိုင်တစ်ဆယ့်ခုနစ်တိုင်ကို နားလည်ရန်မှာ များစွာ ပိုမိုလွယ်ကူသွား၏။ နောက်ထပ် လေးရက်အတွင်းမှာပင် ရီယွင်မှာ အားလုံးကို အပြည့်အစုံ သဘောပေါက်သွားတော့သည်။
“ဟဲဟဲ... ဒါက ရှေးဟောင်းမိစ္ဆာ ချောက်နက်ကို ဖိနှိပ်ဖို့အတွက် နတ်ဘုရင်နယ်ပယ် သန်မာသူ တစ်ဦးကိုယ်တိုင် ဖန်တီးခဲ့တဲ့ ကောင်းကင်ဘုံ သံမဏိတိုင်တွေပဲကိုး”
သူ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး မိမိဘာသာ တီးတိုး ပြောဆိုလိုက်၏။ ဤစာလုံးပုံရိပ်များအတွင်း၌ နတ်ဘုရင်နယ်ပယ်မှ သန်မာသူတစ်ဦး၏ အရှိန်အဝါများ မှိန်ဖျော့စွာ ပါဝင်နေပေသည်။
ချန်းနန်ကုန်းမြေကြီးပေါ်တွင် နတ်ဘုရင်နယ်ပယ် သန်မာသူတစ်ဦး တစ်ခါမျှ ပေါ်ထွက်ဖူးခြင်း မရှိချေ။ ထို့ကြောင့် ကောင်းကင်ဘုံ သံမဏိတိုင် တစ်ဆယ့်ရှစ်တိုင်မှာ နတ်ဘုရားနယ်မြေမှ လာခဲ့ခြင်း ဖြစ်ရမည်ဟု ရီယွင် တွေးဆလိုက်သည်။
“စိတ်ဝင်စားစရာပဲ... သူတို့က ဘာလို့ ရှေးဟောင်း ဧရာမမိစ္ဆာတွေကို နတ်ဘုရားနယ်မြေမှာပဲ အကျဉ်းမချထားတာလဲ၊ ဘာလို့ ဒီလို ဝေးလံတဲ့ ချန်းနန်ကုန်းမြေကြီးမှာ လာပြီး ချုပ်နှောင်ထားရတာလဲ...”
ရီယွင်က အေးစက်စွာ ပြုံးလိုက်မိ၏။ လူသားတို့မှာ ဗီဇအရ အတ္တကြီးတတ်ကြရာ နတ်ဘုရားအဆင့်သို့ ရောက်လျှင်ပင် နှလုံးသားအတွင်းမှ အတ္တကို ပြောင်းလဲရန် ခက်ခဲလှပေသည်။ ရှေးဟောင်း ဧရာမမိစ္ဆာမှာ အတိတ်က နတ်ဘုရားနယ်မြေတွင် ကြီးမားသော ဆူပူသောင်းကျန်းမှုတစ်ခု ပြုလုပ်ခဲ့ဖူးပုံရရာ ထို့ကြောင့်ပင် နတ်ဘုရင် တစ်ပါးက ဧရာမမိစ္ဆာများကို ဤနေရာ၌ လာရောက် ချုပ်နှောင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ကောင်းကင်ဘုံ သံမဏိတိုင် တစ်ဆယ့်ရှစ်တိုင်၏ စွမ်းအားမှာ နှစ်ပေါင်း တစ်သန်းနီးပါး ကာလအတွင်း သိသိသာသာ လျော့နည်းလာခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လက်ရှိ ရှေးဟောင်း ဧရာမမိစ္ဆာ အများစုမှာ ထာဝရနယ်ပယ် ကျင့်ကြံမှုအဆင့်တွင်သာ ရှိနေကြ၏။ အကယ်၍ တစ်ဦးဦးသာ စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်သွားမည်ဆိုပါက ဤကောင်းကင်ဘုံ သံမဏိတိုင် တစ်ဆယ့်ရှစ်တိုင်မှာ တားဆီးနိုင်တော့မည် မဟုတ်ချေ။
“စစ်မှန်သောနတ်ဘုရားနယ်ပယ်တဲ့လား…”
ဤအတွေးမှာ ရီယွင်၏ နှလုံးသားကို လှုပ်ခတ်သွားစေပြီး အရေးကြီးသော သဲလွန်စတစ်ခုကို ဖော်ထုတ်လိုက်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။ အတိတ်က နန်ကုန်းယွိကို ကောင်းကင်ဘုံ သံမဏိတိုင် တစ်ဆယ့်ရှစ်တိုင်၏ ချုပ်နှောင်မှုအတွင်းမှ ရှေးဟောင်း ဧရာမမိစ္ဆာကို ခေါ်ထုတ်ရန်အတွက် စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ သန်မာသူတစ်ဦးက ကူညီခဲ့ခြင်းများ ဖြစ်နိုင်သည်လား။
ဤအတွေးကြောင့် ရီယွင်တစ်ယောက် မျက်မှောင်ကြုတ်သွားရ၏။ သူ၏ ခေတ်ကာလတွင် စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသူ မရှိခဲ့ချေ။ ဤ စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ သန်မာသူသည်လည်း နတ်ဘုရားနယ်မြေမှ လာခဲ့ခြင်းများ ဖြစ်နေမည်လား။ အကယ်၍ ထိုသို့သာဆိုလျှင် လျှို့ဝှက်ကြိုးကိုင်သူမှာ နတ်ဘုရားနယ်မြေမှ ဖြစ်နေပေလိမ့်မည်။
ရီယွင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ အကယ်၍ နတ်ဘုရားနယ်မြေမှ တစ်စုံတစ်ယောက်က အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်လျှင် စစ်မှန်သောနတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးမျှပင် မရှိသည့် နဂါးနတ်ဘုရားဂိုဏ်းကို သူတို့ ဘာကြောင့် ပစ်မှတ်ထားရသနည်း။ သူတို့၏ ရည်ရွယ်ချက်က အဘယ်နည်း။
ရီယွင်က ရှေးဟောင်းမိစ္ဆာ ချောက်နက်ဆီသို့ ပြန်လည် လှည့်ကြည့်လိုက်သော်လည်း ထူထပ်လှသော မြူဆိုင်းမှုများကိုသာ တွေ့မြင်ရရာ အလွန်ပင် ရှုပ်ထွေးလှသည့် မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
“ဒါလည်း ကောင်းတာပါပဲ... ငါက အခု လောကမှာ ပြိုင်ဘက်ကင်းနေပြီဆိုတော့ မပျင်းရအောင် အဲ့ဒီလူတွေနဲ့အတူ လိုက်ကစားပေးရမှာပေါ့...”
ဤသို့ တွေးရင်း ရီယွင်သည် လက်များကို နောက်ပစ်ကာ တိုးညင်းစွာ ရယ်မောလိုက်၏။ သူ၏ သိုလှောင်ရုံအတွင်းမှ ပြိုင်ဘက်ကင်း မိစ္ဆာသားရဲတစ်ကောင်ကို လွှတ်လိုက်ခြင်း သို့မဟုတ် ကောင်းကင်တာအိုကို ကျော်လွန်သော နတ်ဘုရားလက်နက်တစ်ခုကို အသုံးပြုခြင်းဖြင့် ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် ထိုသို့လုပ်ခြင်းဖြင့် ဘာအကျိုးရှိမည်နည်း။ အကြွင်းမဲ့ စွမ်းအားဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးပစ်ခြင်းက ထိုအခိုက်အတန့်တွင် ကျေနပ်စရာကောင်းနိုင်သော်လည်း ထို့နောက်တွင် သူ မည်သည့်နေရာသို့ သွားမည်နည်း။
အကန့်အသတ်မရှိသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည့် ရီယွင်အတွက် အထီးကျန်ခြင်းကို အရာအားလုံးထက် ပို၍ ကြောက်ရွံ့ပေသည်။ ပြိုင်ဘက်ကင်းခြင်းမှာ မကြာခဏဆိုသလို အထီးကျန်ခြင်းကိုသာ ဖြစ်စေတတ်၏။ ထို့ကြောင့် သူသည် ထိုသို့သော ခြောက်သွေ့သည့် လမ်းစဉ်ကို ဆက်မသွားလိုချေ။ ယခုမူ အမှောင်ထဲတွင် ပုန်းကွယ်နေသော ပြိုင်ဘက်အချို့ ရှိနေပြီဖြစ်ရာ ၎င်းတို့နှင့် ပျော်ပျော်ပါးပါး ကစားရန် အခွင့်ကောင်းပင် ဖြစ်ပေသည်။
ဤသို့ တွေးပြီးနောက် ရီယွင်သည် ဟင်းလင်းပြင်ကို ဖြိုခွဲကာ ရှေးဟောင်းမိစ္ဆာ ချောက်နက်မှ ထွက်ခွာခဲ့တော့၏။
...
ကောင်းကင်ကြယ်တာရာမင်းဆက်အတွင်းရှိ တောင်ပေါ်လမ်းတစ်ခုတွင်...
စီးဆင်းနေသော စမ်းချောင်းလေး၏ ဘေးတွင် အနက်ရောင် ရထားလုံးတစ်စီး ရပ်ထားပြီး မြင်းနက်ကြီးမှာ ခေါင်းငုံ့ကာ မြက်စားရင်း အမြီးကို ယမ်းနေပေသည်။ ရထားလုံးပေါ်တွင်မူ ကြောင်နက်ကြီးတစ်ကောင် လှဲလျောင်းနေ၏။
“ဦးလေးမြင်း... သခင်ကြီး သွားတာ ရက်တော်တော် ကြာနေပြီပဲ၊ ဘာလို့ ပြန်မလာသေးတာလဲ...”
ကြောင်နက်ကြီးက ခေါင်းထောင်ကာ သမ်းဝေရင်း မေးလိုက်သည်။ သူသည် မကြာသေးမီက ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို နားလည်ရန် အာရုံစိုက်ကျင့်ကြံနေခဲ့သည်။ ဤနတ်ဘုရားကျင့်စဉ်မှာ နတ်ဝိညာဉ်အာရုံကို အလွန်အမင်း အသုံးပြုရသည်ဖြစ်ရာ ကြောင်နက်ကြီးမှာ တစ်ဝက်ခန့် ကျင့်ကြံပြီးတိုင်း အိပ်ငိုက်လာတတ်သည်။ သူသည် အင်အားပြန်ပြည့်မှသာ ဆက်လက် ကျင့်ကြံနိုင်ပေသည်။
မြင်းနက်ကြီးမှာမူ များစွာ ပိုမိုကောင်းမွန်လှပြီး နေ့စဉ်မပြတ် မမောမပန်း ကျင့်ကြံနေကာ သူ၏ စိတ်ဓာတ်မှာလည်း အားနည်းသည့် အရိပ်အယောင် မရှိချေ။
ခြောက်ရက်၊ ခုနစ်ရက်ခန့်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့၏။ မိစ္ဆာသားရဲ နှစ်ကောင်လုံးမှာ စိတ်မရှည် ဖြစ်လာကြသည်။ သူတို့၏ စိတ်ထဲတွင် သခင်ကြီးမှာ ပြိုင်ဘက်ကင်းသူဖြစ်ပြီး ဟင်းလင်းပြင်ကို စိတ်ကြိုက် ဖြတ်ကျော်နိုင်သူဖြစ်ရာ ဤမျှအထိ ကြာမြင့်စရာ မလိုချေ။ သခင်ကြီးအတွက် ခြောက်ရက်၊ ခုနစ်ရက်ခန့် ကြန့်ကြာနေခြင်းမှာ အလွန်ပင် ရှည်လျားလှသော အချိန်ဖြစ်နေပေသည်။
ထိုစဉ် ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါသွား၏။ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု လှစ်ခနဲ ထွက်ပေါ်လာပြီး ရထားလုံးပေါ်သို့ ဆင်းသက်လိုက်သည်။
“သခင်ကြီး... ပြန်လာပြီပဲ”
ကြောင်နက်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ထလိုက်ပြီး ရီယွင်၏ ခြေထောက်များကို ပွတ်သပ်နေတော့သည်။
“သွားကြစို့...”
ရီယွင်က မြင်းနက်ကြီးကို တစ်ချက်ကြည့်ကာ တိုးညင်းစွာ ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့ပါ သခင်ကြီး...”
မြင်းနက်ကြီးက ဝမ်းသာအားရ ပြန်လည်ဖြေကြားပြီး ရထားလုံးကို မြစ်ကမ်းဘေးမှ ဆွဲထုတ်လိုက်သည်။
ရီယွင်သည် ရထားလုံးအတွင်းသို့ လှစ်ခနဲ ဝင်ရောက်ကာ ထိုင်လိုက်၏။ ဤ ကောင်းကင်ကြယ်တာရာမင်းဆက်သို့ ခရီးစဉ်မှာ နဂါးနတ်ဘုရားဂိုဏ်းမှ တပည့် သုံးဦးအတွက် အတွေ့အကြုံရရှိစေရန် အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။ ရှန်ဖုန်းမင်းဆက်တွင် ရှိစဉ်က သူသည် မိစ္ဆာအရှင်သခင်ဂိုဏ်းနှင့် ချီထျန်းဓားဂိုဏ်းတို့ထံ သွားရောက်ရန် အစောပိုင်းက စီစဉ်ထားခဲ့သည်။ သို့သော်လည်း ရီယွင်နှင့် ကောင်းကင်တာအိုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရှန်ဖုန်းမင်းဆက် တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သဖြင့် သူသည် လေ့ကျင့်ရေးနေရာကို ကောင်းကင်ကြယ်တာရာမင်းဆက်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ပေသည်။
ကောင်းကင်ကြယ်တာရာမင်းဆက်မှာ ရှန်ဖုန်းမင်းဆက်ထက် ပိုမိုအင်အားကြီးမား၏။ ဤနေရာရှိ အဓိကဂိုဏ်းကြီးများမှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေကြပြီး ရှန်ဖုန်းမင်းဆက်မှ အောက်ခြေအဆင့် ဂိုဏ်းကြီးသုံးဂိုဏ်းထက် များစွာ ပိုမိုသန်မာကြသည်။
ရီယွင်မှာ အလောတကြီး မရှိသဖြင့် မြင်းနက်ကြီးသည်လည်း အရှိန်အလွန်မမြှင့်ဘဲ တောင်ပေါ်လမ်းအတိုင်း ဖြည်းညင်းစွာ သွားလာနေသည်။ ရီယွင်သည် တပည့် သုံးဦးဖြစ်သော စုဝမ်ယီ၊ လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို ကျင့်ကြံရန် အချိန်ပိုပေးလိုသလို သူကိုယ်တိုင်လည်း သူ၏ ကျင့်ကြံမှုအပေါ် အာရုံစိုက်လာခဲ့၏။ ရှေးဟောင်းမိစ္ဆာ ချောက်နက်အတွင်းရှိ ကောင်းကင်ဘုံ သံမဏိတိုင် တစ်ဆယ့်ရှစ်တိုင်ကို ဆင်ခြင်သုံးသပ်စဉ်က ရီယွင်သည် နတ်ဘုရင်၏ အရှိန်အဝါကို သတိပြုမိခဲ့ရာ ၎င်းက သူ၏ နှလုံးသားအတွင်း အလောတကြီးဖြစ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သူသည် ထိုနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ရန် စိတ်အားထက်သန်နေပေသည်။ သူ၏ အကန့်အသတ်မရှိသော အရင်းအမြစ်များနှင့် ထူးခြားလှသော ပါရမီဖြင့် ထိုနယ်ပယ်သို့ ရောက်ရှိရန်မှာ ခက်ခဲသော အလုပ်မဟုတ်ချေ။
လဝက်ခန့် အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့၏။
ယနေ့တွင်တော့ မြင်းနက်ကြီးသည် စိမ်းလန်းစိုပြည်သော တောင်ပေါ်လမ်းအတိုင်း ရထားလုံးကို ဖြည်းညင်းစွာ ဆွဲခေါ်လာသည်။ ရုတ်တရက် ဝေးလံသော တောအုပ်ထူထပ်သည့် နေရာမှ အလွန်ပင် ဆူညံသော အသံများ ထွက်ပေါ်လာခဲ့၏။
“မင်းတို့ နဂါးနတ်ဘုရားဂိုဏ်းက တပည့်တွေက တကယ်ကို အနိုင်ကျင့်လွန်းတယ်၊ ဒီ နှစ်တစ်ထောင် နဂါးသွေးဂျင်ဆင်းကို ငါတို့ အရင်တွေ့တာ၊ ဒါကိုတောင် မင်းတို့က လုယူချင်နေတာလား...”
မကျေမနပ် ဖြစ်နေသော လူငယ်တစ်ဦး၏ အသံမှာ ထွက်ပေါ်လာတော့သည်။
အခန်း ၁၆၅ ပြီးပါပြီ။