အခန်း (၁၂၉၁-၁၂၉၃)
Vol. 87 Ch. 1291-1293
အခန်း (၁၂၉၁) - အသက်ရှင်ခြင်းနဲ့သေဆုံးခြင်းက သူ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းအပေါ်မှာ မူတည်တယ်
လုချူးကျန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းသည်။
"သခင်... ကျွန်မ အခု ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး၊ သတ်ချင်သတ်၊ အရေခွံခွာချင်ခွာ၊ သခင့်သဘောအတိုင်းပါပဲ"
ယခုအချိန်တွင်တော့ လုချူးကျန်မှာ မျှော်လင့်ချက်အားလုံး ကင်းမဲ့သွားခဲ့ချေသည်။ အဘယ်ကြောင့်ဆိုသော် အမှားသည် အမှားသာဖြစ်ကာ အတိတ်အကြောင်းများကို ထပ်မံပြောဆိုနေရန် မလိုအပ်တော့သောကြောင့် ဖြစ်ပေသည်။
ရွှယ်အန်းက ခေါင်းညိတ်ကာ ပြောသည်။
"ကောင်းပြီလေ... ဒီလိုဆိုမှတော့ မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏လက်ကို မြှောက်ကာ မူလက ရှင်းယွီရှု၏ လက်ထဲတွင်ရှိနေသော ဝိညာဉ်ခွဲမီးအိမ်နှစ်လုံးအား ခေါ်ယူလိုက်ရာ မီးအိမ်မှာလည်း လေထဲသို့ ပျံတက်သွားပြီး လုချူးကျန်ထံသို့ ပြေးဝင်သွားတော့သည်။
လုချူးကျန်သည် ကျေးဇူးတင်ဟန်ဖြင့် ရွှယ်အန်းအား တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံးများကို နာခံစွာ မှိတ်ထားသည်။ တစ်ချိန်က သူမကိုယ်တိုင် ရှင်းယွီဟယ်အား ပေးအပ်ခဲ့ဖူးသော ဝိဉာဥ်မီးအိမ် နှစ်လုံးအောက်တွင် သေဆုံးရမည်ဖြစ်သောကြောင့် သူမအနေဖြင့် မည်သည့်နောင်တမှမရှိတော့ဟု လုချူးကျန် ခံစားရ၏။
သို့သော်ငြား ဝိဉာဥ်မီးအိမ်နှစ်လုံး နီးကပ်လာသောအခါ ၎င်းတို့၏ ပြင်းထန်သော အရှိန်အဟုန်မှာ ရုတ်တရက် တွန့်ဆုတ်သွားပြီးနောက် လုချူးကျန်၏ ရှေ့တွင် ရပ်တန့်နေကာ အနည်းငယ် တုန်ရီလာသည်။
လုချူးကျန် အံ့အားသင့်စွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး သူမရှေ့မှ မြင်ကွင်းကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။ ထို့နောက် မကြာမီတွင် တစ်စုံတစ်ရာကို ခံစားသိရှိသွားသကဲ့သို့ သူမမျက်ဝန်းများတွင် မျက်ရည်များ လျင်မြန်စွာ ပြည့်လျှံလာလေသည်။ ထိုအချိန်တွင် ရွှယ်အန်းက အေးစက်စွာဖြင့် ပြောသည်။
"သူက သေသွားတာတောင် မင်းကို အထိခိုက်မခံနိုင်သေးဘူး ထင်တယ်၊ ထားလိုက်ပါတော့... ငါက ဒီကိစ္စမှာ ပြင်ပလူတစ်ယောက်ပဲ၊ သူက မင်းကို မသတ်ချင်ဘူးဆိုတော့လည်း မင်း တောင်ပေါ်က ဆင်းသွားလို့ရပြီ၊ မှတ်ထားပါ... ဒီနေရာကို နောက်တစ်ခါ ခြေမချနဲ့။၊အဲဒီလိုမှ မဟုတ်ရင် ငါသတ်ပစ်မှာ"
လုချူကျန်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် ခေါင်းကို အောက်သို့ နက်ရှိုင်းစွာငုံ့သွားသည်။
"ဟုတ်... ဟုတ်ကဲ့ပါ"
ထိုသို့ပြောပြီးနောက် သူမ မြေပြင်ပေါ်သို့ ရိုသေစွာ ဒူးထောက်ချလိုက်ပြီး တုန်ယင်နေသော အသံဖြင့်ပြောလာသည်။
"သခင်... ကျွန်မရဲ့ အပြစ်တွေက ကြီးမားလွန်းမှန်း ကျွန်မသိပါတယ်။ တောင်ပေါ်က ဆင်းသွားပြီးရင် ကျွန်မ ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်ထားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့ပါဘူး၊ ဒါပေမဲ့ ကျွန်မ မထွက်သွားခင် ဒီဝိဉာဥ်မီးအိမ် နှစ်လုံးကို ယူသွားခွင့် းပြုနိုင်မလားရှင်"
ထိုသို့ပြောပြီးနောက် လုချူးကျန်က ရွှယ်အန်းအား မျှော်လင့်ချက် အပြည့်ပါသော မျက်နှာဖြင့် မော့ကြည့်လိုက်လေသည်။
ရွှယ်အန်းသည် မည်သို့မျှ အဖြေမပေးဘဲ မလှမ်းမကမ်းတွင် ရပ်နေသော ရှင်းယွီရှုထံသို့ သူ့အကြည့်များကို လွှဲလိုက်သည်။
အံ့အားသင့်မှုမှ ယခုလေးတင် သတိဝင်လာသော ထိုလူငယ်လေးမှာ ရွှယ်အန်း၏ အကြည့်အား သတိပြုမိသွားသောအခါ လန့်ဖြန့်သွားသည်။
"ဝိဉာဥ်မီးအိမ်တွေက မင်းရဲ့အဘိုး မင်းအတွက် ချန်ထားရစ်ခဲ့တာ၊ အဲဒါတွေကို ဘယ်လိုစီစဉ်မလဲဆိုတာ မင်းရဲ့ကိစ္စပဲ၊ မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်ပါ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။
ရှင်းယွီရှုသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လုချူးကျန်အား အလွန်ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
အတိတ်က အဖြစ်အပျက်အားလုံးကို နားလည်သဘောပေါက်သွားပြီဖြစ်ရာ ဤအမျိုးသမီးမှာ ယခင်က မည်သို့လုပ်ဆောင်ခဲ့သည်ကို သူ သဘာဝကျကျပင် သိရှိနေခဲ့သည်။
သူမ၏ သစ္စာဖောက်မှုကြောင့် သူ့အဘိုးဖြစ်သူမှာ ဝိညာဉ်နှလုံးသား ကြေမွသွားခဲ့ရပြီး ါဆုံးတွင် သာမန်တပည့်တစ်ဦး၏ ကျင့်ကြံခြင်းအဆင့်၌သာ ရပ်တန့်နေခဲ့ကာ တောင်ပေါ်မှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ရခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
အဖြစ်ဆိုးအားလုံး၏ ဇာစ်မြစ်မှာ သူမထံမှ စတင်ခဲ့ခြင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားကြည့်လျှင် ရှင်းယွီရှုသည် သူမအပေါ် ဒေါသများဖြင့် ပြည့်နှက်နေသင့်ပေသည်။
သို့သော် ယခုအချိန်တွင်တော့ သူသည် နှုတ်ဆိတ်နေရုံသာ တတ်နိုင်လေသည်။
အဘယ်ကြောင့်ဆိုသော် ရှင်းယွီဟယ် ချန်ထားရစ်ခဲ့သော ဝိဉာဥ်မီးအိမ် နှစ်လုံးမှာ သူမအား ကာကွယ်ပေးနေသည့်အလား သူမရှေ့တွင် ဝဲပျံနေသောကြောင့် ဖြစ်သည်။
အချိန်အတန်ကြာပြီးနောက်တွင်မှ ရှင်းယွီရှုသည် လေသံသောဖြင့် ပြောလေသည်။
"တကယ်ဆိုရင် ခင်ဗျားကို ကျွန်တော် ချက်ချင်း သတ်ပစ်သင့်တာ၊ ကျွန်တော့်အဘိုးအပေါ် လှည့်စားခဲ့တဲ့ ခင်ဗျားရဲ့လုပ်ရပ်တွေအတွက် ကလဲ့စားချေရမှာ"
လုချူးကျန်သည် တစ်ကိုယ်လုံး တုန်ယင်သွားသော်လည်း နှုတ်ဆိတ်နေသည်။ သို့သော်လည်း ဝိဉာဥ်မီးအိမ်နှစ်လုံးမှာ အနည်းငယ် ယိမ်းနွဲ့သွားပြီး တဖျပ်ဖျပ် တောက်ပနေသော ဖယောင်းတိုင်မီးရောင် ထွန်းလင်းနေသည်။
"ဒီဝိဉာဥ်မီးအိမ် နှစ်လုံးကို ယူပြီး ထွက်သွားတော့၊ ကျွန်တော့်ရှေ့မှာ နောက်တစ်ခါ လာမပေါ်လာပါစေနဲ့"
ရှင်းယွီရှူက အေးစက်စွာ ပြောလိုက်ပြီးနောက် ကျောခိုင်းလှည့်ထွက်သွားလေသည်။ မျက်ရည်များ စီးကျနေသော လုချူးကျန်က လေးနက်စွာ အရိုအသေပေးလိုက်ပြီး တိုးညင်းစွာပြောသည်။
"ကျေးဇူးတင်ပါတယ်..."
"ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုဘူး၊ ခင်ဗျားကို ကျွန်တော် ဘယ်တုန်းကမှ ခွင့်မလွှတ်ခဲ့ဘူး၊ ကျွန်တော့်အဘိုးရဲ့ နောက်ဆုံးကျန်နေတဲ့ စွဲလမ်းမှုလေးကို မပျောက်ပျက်သွားစေချင်လို့ပါ၊ ပြီးတော့... ဒီနှစ်တွေတစ်လျှောက်လုံး ဘာတွေဖြစ်ခဲ့လဲဆိုတာကို အဘိုးက ဘယ်တုန်းကမှ နားမလည်ခဲ့ဘူးလို့ ခင်ဗျား တကယ်ထင်နေတာလား၊ သူက... ပြောမထွက်ချင်ခဲ့ရုံပါပဲ"
ရှင်းယွီရှုသည် နောက်သို့ လှည့်မကြည့်ဘဲ အေးစက်စွာ ပြောပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
လုချူးကျန်မှာ အလွန်တရာ တုန်လှုပ်သွားပြီး သူမ၏မျက်နှာတွင် တွေဝေငေးမောသွားသော အမူအရာ ပေါ်လာကာ တိုးညင်းစွာ ရေရွတ်သည်။
"ဟုတ်တာပေါ့... ရှင်က အရမ်းတော်တာပဲ၊ ဂိုဏ်းကို အတူတူ ဝင်ခဲ့ကြတဲ့ သူတွေထဲမှာ ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အမြဲတမ်း ထူးချွန်နေခဲ့တာ၊ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရှင်က ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ၊ ဒါဆို ရှင်က ကျွန်မကို ဒုက္ခမပေးချင်လို့ တောင်ပေါ်ကနေ တစ်ယောက်တည်း ထွက်သွားခဲ့တာပေါ့လေ..."
လုချူးကျန်သည် စကားအဆုံးတွင် တရှုံ့ရှုံ့နှင့် တိုးတိတ်စွာ ငိုကြွေးခြင်းကို မထိန်းချုပ်နိုင်တော့ချေ။ ထို့နောက် ဝိဉာဥ်မီးအိမ် နှစ်လုံးအား သေချာစွာ သိမ်းဆည်းလိုက်ပြီး အဝေးမှ ရှင်းယွီရှုနှင့် ရွှယ်အန်းတို့အား ရိုသေစွာ ဦးညွှတ်သည်။ ထို့နောက်တွင်တော့ သူမ၏ လက်အင်္ကျီစကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်ပေါ်မှ ထွက်ခွာသွားတော့သည်။
ရှင်းယွီရှု၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် မှိုင်းညှို့သွားလေသည်။
သူသည် အဘိုးဖြစ်သူ၏ ဆုံးဖြတ်ချက်မှာ တန်ဖိုးမရှိဟု ခံစားရ၍ဖြစ်စေ ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွင်း ခိုအောင်းနေသော ညစ်ညမ်းမှုများအပေါ် ဒေါသထွက်နေ၍ဖြစ်စေ ရှင်းယွီရှု၏ စိတ်နှလုံးမှာ အလွန် လေးလံနေခဲ့သည်။
၎င်းကို မြင်သောအခါ ရွှယ်အန်းက ပြုံးယောင်ယောင်သာ ကြည့်နေသည်။
နှစ်ပေါင်း သုံးထောင်ကျော်တိုင်အောင် လောကကြီး၏ အပြောင်းအလဲများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးဖြစ်ရာ ရွှယ်အန်းသည် သစ္စာဖောက်မှုများနှင့် ညစ်ညမ်းမှုများကို အလွန်အမင်း မြင်တွေ့ခဲ့ရဖူးသည်။ ထို့အပြင် အခိုင်မာဆုံးသော ကျောက်ဆောင်များကိုပင် လှုပ်ခတ်သွားစေနိုင်လောက်အောင် စွမ်းဆောင်နိုင်သည့် စိတ်ခံစားမှုများကိုလည်း သူ မြင်တွေ့ခဲ့ဖူးလေသည်။
ထို့ကြောင့် ဤအရာအားလုံးနှင့် ရင်ဆိုင်ရချိန်တွင် သူက ပြုံးရုံသာ ပြုံးနေခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရင်ပြင်တစ်ခုလုံး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ တပည့်အားလုံးမှာ သူတို့၏ စီရင်ချက်ကို ဖြူလျော့နေသော မျက်နှာများဖြင့် စောင့်ဆိုင်းနေကြသည်။
အသက်ရှင်ခြင်းလား။ သေဆုံးခြင်းလား။
ထိုအရာအားလုံးမှာ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး၏ အတွေးများအပေါ်တွင်သာ မူတည်နေတော့ပေသည်။ ရွှယ်အန်းသည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး အေးစက်စွာဖြင့်ပြောသည်။
"အခု ရှုဝမ်နဲ့ ဖုကွမ်တို့ သေသွားကြပြီ၊ မင်းတို့ထဲက တစ်ယောက်ယောက်... မကျေနပ်တာ ရှိသေးလား"
လူတိုင်း တပြိုင်နက် တုန်ယင်သွားကြပြီးနောက် ထိတ်လန့်တုန်လှုပ်နေသော အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်သူ၏ ရှေ့မှောက်တွင် မည်သူက ကန့်ကွက်ရဲမည်နည်း။
မြေပြင်ပေါ်ရှိ ရွှေ့ကျင်း၊ စီးယွင်နှင့် အခြားသူများ၏ အလောင်းများကို သူတို့ မမြင်ပဲနေကြမလား၊ ဒါကပဲ သင်ခန်းစာတစ်ခုလေ။ ရွှယ်အန်းက ကျေနပ်စွာ ခေါင်းညိတ်သည်။
"အရမ်းကောင်းတယ်၊ မင်းတို့အားလုံး ကန့်ကွက်မယ့်ပုံ မပေါ်ပါဘူး၊ ဒါဆိုရင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ ဂိုဏ်းချုပ်က... သူပဲ ဖြစ်လိမ့်မယ်"
ရွှယ်အန်းသည် ကြောင်တောင်တောင် ဖြစ်နေသော ရှင်းယွီရှုအား လက်ညှိုးထိုးလိုက်သည်။
"ကျွန်တော်... ကျွန်တော်လား"
ရှင်းယွီရှုမှာ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩတကြီး မေးသည်။ ရွှယ်အန်းက ခေါင်းညိတ်၏။
"ဟုတ်တယ်... မင်းပဲ"
ရှင်းယွီရှုမှာ ကြက်သေသေသွားတော့သည်။ သူတစ်ယောက်တည်းသာမကဘဲ ရင်ပြင်ပေါ်ရှိ လူတိုင်းမှာလည်း အံ့အားသင့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အခိုက်အတန့်လေးကမှ ရှင်းယွီရှုသည် တောင်ဖွင့်ပွဲ အခမ်းအနားအား အောင်မြင်ပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ ဝင်ရောက်လာခါစ သာမန်တပည့်တစ်ဦးသာ ဖြစ်နေသောကြောင့်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ဂိုဏ်းချုပ် ဖြစ်လာတော့မည်ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ထိုအတွေးမှာ အလွန်တရာ အံ့မခန်း ဖြစ်လှပေသည်။
ထို့အပြင် ၎င်းသာ လက်တွေ့ဖြစ်လာခဲ့ပါက ရွှေရောင်ဆေးမီးဖိုရိပ်မြုံသည် ဂူကောင်းကင်ခုနစ်ခုကြားတွင် ချက်ချင်းပင် လှောင်ပြောင်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။
ယခင်ကတည်းက ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အင်အားသည် ဂူကောင်းကင်ခုနစ်ခုတွင် အားအနည်းဆုံးဖြစ်ပြီး တာအိုကျင့်စဉ်များ၏ ကြီးကျယ်သော ပြိုင်ပွဲတွင် အမြဲတမ်း နောက်ဆုံးအဆင့်၌သာ ရပ်တည်နေခဲ့ခြင်း ဖြစ်ပေသည်။
စစ်မှန်သောအင်မော်တယ် အဆင့်ပင် မရှိသေးသည့် တပည့်တစ်ဦးကသာ ဂိုဏ်းချုပ်ဖြစ်လာမည်ဆိုပါက သရော်လှောင်ပြောင်မှုများနှင့် မက်မောသော အကြည့်များကို ပို၍ ဖိတ်ခေါ်သည့်ပမာဖြစ်နိုင်သည်။
အသက်ကြီးပိုင်း အကြီးအကဲများစွာ၏ စိတ်ထဲမှာ တွင်းနက်ကြီးထဲသို့ ထိုးကျသွားသည့်အလား ခံစားလိုက်ကြရသည်။ ရှင်းယွီရှုသည်လည်း ကိုယ့်အခြေအနေကို သိသဖြင့် ခေါင်းကို ဆက်တိုက်ခါရမ်းလာသည်။
"အရှင်... နောက်နေတာလား၊ ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ဒီနေရာမှာ ဂိုဏ်းချုပ်ဖြစ်ဖို့ ဘယ်လိုလုပ် အရည်အချင်းပြည့်မီမှာလဲ၊ အရှင်ပဲ ဒီရာထူးကို ယူလိုက်တာက ပိုကောင်းမယ် ထင်ပါတယ်"
ဤအကြံပြုချက်က လူအများအပြား၏ အမြင်များကို တောက်ပသွားစေခဲ့သည်။
မှန်ပေသည်။ ရွှယ်အန်းသည် သူ၏ လုပ်ရပ်များမှတစ်ဆင့် ငြင်းဆိုဖွယ်မရှိသော သူ၏ ကြီးမားလှသည့် အင်အားကို ယခုလေးတင် သက်သေပြခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူသာ ဂိုဏ်းချုပ် ဖြစ်လာခဲ့မည်ဆိုလျှင် အလွန်ကောင်းမည်။
ကံမကောင်းစွာဖြင့် ဤလှပသော စိတ်ကူးယဉ်မှုမှာ ရွှယ်အန်း၏ ကရုဏာကင်းမဲ့သော တုံ့ပြန်မှုကြောင့် လျင်မြန်စွာ ပျက်စီးသွားခဲ့လေသည်။ ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ငါက ဘာဂိုဏ်းချုပ်မှ လုပ်မှာမဟုတ်ဘူး၊ ငါပြောတာ အတည်ပဲ၊ မင်းပဲ လုပ်ရမယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အာဏာကို ကိုယ်စားပြုသော ကျောက်စိမ်းတံဆိပ်တုံးအား ပစ်ပေးလိုက်လေသည်။
ရှင်းယွီရှုမှာ အပြေးအလွှား လှမ်းဖမ်းလိုက်မိသော်လည်း သူ၏ မျက်နှာတွင်မူ အထိတ်တလန့်ဖြစ်နေသော အမူအရာများ ပြည့်နှက်နေဆဲပင်ဖြစ်သည်။
အခန်း (၁၂၉၂) - မင်းအစ်မကို ငါသတ်လိုက်တာ၊ ငါ့ကို မုန်းလား
ရွှယ်အန်းသည် သူ၏ ဖြူဖွေးသော သွားတန်းများကို ပေါ်လွင်စေလျက် အနည်းငယ် ပြုံးလိုက်သည်။
"မင်းရဲ့ စွမ်းအားတွေ မလုံလောက်သေးဘူးဆိုပြီး စိုးရိမ်နေတာ မဟုတ်လား၊ စိတ်ချလက်ချသာ နေစမ်းပါ၊ ငါဒီမှာရှိနေသရွေ့ တာအိုကျင့်စဉ်ပြိုင်ပွဲကြီး မစခင်မှာတင် မင်းကို အစွမ်းထက်တဲ့သူတစ်ယောက် ဖြစ်လာအောင် ငါလေ့ကျင့်ပေးမယ်"
ရှင်းယွီရှု တတ်နိုင်သမျှမှာ ခေါင်းအား နက်ရှိုင်းစွာ ငုံ့ကာ တုံ့ပြန်လိုက်ပြီး တိုးညင်းစွာသာ ပြောနိုင်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ"
သူ ခေါင်းငုံ့လိုက်သောအခါ ရင်ပြင်ပေါ်ရှိ အခြားသူများမှာလည်း ဘာလုပ်ရမှန်းမသိဖြစ်သွားကာ အချင်းချင်း ကြည့်ရှုရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ကြချေ။
သူတို့ ဘာဆက်လုပ်ကြမည်နည်း။ အရိုအသေ ပေးရမည်လား မပေးဘဲ နေရမည်လား။
လူတစ်ယောက်၏ မျက်လုံးထဲရှိ ထိတ်လန့်မှုများအား အခြားတစ်ယောက်က မြင်တွေ့လိုက်ရပြီးနောက်တွင်တော့ ဤအကျပ်အတည်းမှာ လျင်မြန်စွာပင် ပြေလည်သွားခဲ့လေတော့သည်။
ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ အကြီးအကဲများဖြစ်စေ၊ တပည့်များဖြစ်စေ လူတိုင်းမှာ တစ်ညီတစ်ညွတ်တည်း ခါးညွှတ်ကာ အရိုအသေပေးလိုက်ကြပြီး ပြိုင်တူ ကျယ်လောင်စွာ ပြောသည်။
"ဂိုဏ်းချုပ်ရှင်းရဲ့ ရာထူးသစ်အတွက် တပည့်တို့က ဂုဏ်ပြုဆုတောင်းပေးပါတယ်"
နေရာအရပ်ရပ်မှ ဂါရဝပြုမှုများနှင့် ရင်ဆိုင်ရသောအခါ ရှင်းယွီရှုမှာ အတော်လေး စိတ်လှုပ်ရှားသွားပြီး ရွှယ်အန်းထံသို့ အကူအညီတောင်းခံသည့် အကြည့်ဖြင့် မလွှဲမရှောင်သာ ကြည့်လိုက်မိလေသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ရွှယ်အန်းက ၎င်းကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ လူအုပ်ကြီး၏ ဘေးဘက်တွင် ရပ်နေသော ရှန်းမြောင်ထုန်ထံသို့သာ တန်းတန်းမတ်မတ် လျှောက်သွားသည်။
ရှန်းမြောင်ထုန်မှာ ယခင်က မှင်တက်မှုမှ သတိမဝင်လာသေးချေ။ ရွှယ်အန်း သူမအနားသို့ ချဉ်းကပ်လာသည့်အခါမှသာ မသိစိတ်ဖြင့် ခေါင်းမော့ကာ ရွှယ်အန်းအား စိုက်ကြည့်လိုက်လေသည်။ ရွှယ်အန်း၏ မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး မေး၏။
"မင်းအစ်မကို ငါသတ်လိုက်တာ၊ ငါ့ကို မုန်းလား"
ဤအမေးစကားကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး အလိုအလျောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြသည်။ ထို့နောက် အပူတပြင်း ရှောင်ဖယ်လိုသည့်အလား ကြီးမားသော စက်ဝိုင်းကြီးတစ်ခုကို ကပျာကယာ ဖန်တီးလိုက်ကြလေသည်။
ရှန်းမြောင်ထုန်၏ နောက်တွင် ရပ်နေသော အစေခံအိုကြီးသာလျှင် ထွက်မသွားဘဲ ကျန်ရစ်ခဲ့သူဖြစ်သည်။
သို့သော်လည်း သူသည် တုန်ယင်နေခဲ့ပြီး ရှန်းမြောင်ထုန်အား စိုးရိမ်တကြီး မျက်လုံးများဖြင့် ကြည့်ကာ သူ့ စိတ်ထဲတွင် ရူးမတတ် ဆုတောင်းနေသည်။
သခင်မလေး... စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ၊ ဒီသေမင်းသခင်ကြီးကို ဒေါသမထွက်စေနဲ့နော်၊ အဲဒီလိုမှ မဟုတ်ရင် ငါတို့တစ်ယောက်မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး...
သို့သော် သူ၏ ဆုတောင်းမှုများမှာ အရာမထင်ခဲ့ချေ။ ရှန်းမြောင်ထုန်၏ မျက်ဝန်းများမှ ရှုပ်ထွေးမှုများ တဖြည်းဖြည်း ကင်းစင်သွားပြီး ရွှယ်အန်းအား တောက်ပသော အကြည့်ဖြင့် ကြည့်ကာ ဖြည်းညင်းစွာ ခေါင်းညိတ်သည်။
"မုန်းတယ်..."
ဤအဖြေစကားကြောင့် အစေခံအိုကြီးမှာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်သွားခဲ့ရပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း တိုးညင်းသော အသံများဖြင့် အချင်းချင်း တီးတိုးရေရွတ်နေကြလေသည်။
လူအများအပြားက သူတို့၏ စိတ်ထဲတွင် ခေါင်းယမ်းလိုက်ကြပြီး ထိုမိန်းကလေးထံမှ ဤကဲ့သို့သော အဖြေမျိုးသည် ကံဆိုးမိုးမှောင်ကျခြင်း၏ နိမိတ်လက္ခဏာတစ်ခုဟု ယုံကြည်နေကြသည်။ မျှော်လင့်မထားစွာပင် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များမှာ တဖြည်းဖြည်း ကွေးတက်သွားပြီး နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။
"အိုး... ဒါဆို မင်းအဲဒီလိုပြောလိုက်လို့ ငါက မင်းကို သတ်ပစ်မယ်ဆိုတာကို မကြောက်ဘူးပေါ့"
ရှန်းမြောင်ထုန်က ခေါင်းခါလိုက်သည်။
"မကြောက်ဘူး"
လူအုပ်ကြီးမှာ နောက်တစ်ကြိမ် အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားပြန်လေသည်။ ရှန်းမြောင်ထုန်အား ငယ်စဉ်ကတည်းက လိုက်ပါစောင့်ရှောက်လာခဲ့သော ဤအစေခံအိုကြီးသည် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အတူတကွ သေဆုံးရန် ပြင်ဆင်လိုက်လေတော့သည်။
အကယ်၍ အခြားသူတစ်ယောက်သာ ဆိုပါက ဤအစေခံအိုကြီးအနေဖြင့် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ဆုပ်ကိုင်ထားနိုင်သေးပေလိမ့်မည်။
သို့သော် လတ်တလော တိုက်ပွဲကြီးတွင် ရွှယ်အန်း ပြသခဲ့သော စွမ်းအားမှာ အလွန်တရာ အံ့မခန်းဖြစ်လွန်းလှပေသည်။ တိုက်ခိုက်ရန် ကြိုးစားဖို့ နေနေသာသာ ရွှယ်အန်း၏ လမ်းအား ပိတ်ဆို့ရန် ကြိုးစားခဲ့သော သူ၏ အစောက ရဲတင်းမှုကို တွေးလိုက်ရုံဖြင့်ပင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်အောင် အံ့မခန်း ဖြစ်လှသည်။
စွမ်းအားကသာလျှင် အဆင့်အတန်းကို သတ်မှတ်ပေးခြင်း ဖြစ်လေသည်။
မြို့ငယ်လေး၏ တည်းခိုခန်းတုန်းက ရှန်းမိသားစု၏ အင်အားကို အားကိုး၍ သူတို့တွင် စိတ်ပိုင်းဆိုင်ရာ အသာစီးရမှု အချို့ ရှိခဲ့သည်။ သို့သော် ယခုအခါတွင်တော့ ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အသာစီးရမှုများမှာ ရှန်းမန်ယွီ၏ ကြမ်းတမ်းလှသော သေဆုံးမှုနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍ ရွှယ်အန်းသာ လှုပ်ရှားလိုပါက ဤနေရာတွင် ရှိနေသူအားလုံးကို အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိစေဘဲ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်ကို အစေခံအိုကြီးသည် တစ်စက္ကန့်လေးမျှ သံသယမဝင်မိချေ။ ထို့ကြောင့် ရှန်းမြောင်ထုန်က ရွှယ်အန်းအား ထိုကဲ့သို့ တုံ့ပြန်လိုက်သည်ကို မြင်သောအခါ သူသည် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်ရသည်အထိ ကြောက်လန့်သွားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် လူတိုင်း၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ထိုကဲ့သို့သော အဖြေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းသည် ထင်ထားသကဲ့သို့ ဒေါသမထွက်လာခဲ့ဘဲ အနည်းငယ် ပြုံးသည်။
"အိုး... ဘာဖြစ်လို့လဲ"
"ဘာလို့လဲဆိုတော့ ရှင်က အပြစ်မဲ့တဲ့သူတွေကို လက်လွတ်စပယ် သတ်ဖြတ်တတ်တဲ့သူမျိုး မဟုတ်လို့ပဲ"
ရှန်းမြောင်ထုန်က ရွှယ်အန်းအား တည့်တည့်ကြည့်ကာ လေးနက်စွာ ပြောသည်။
လူအုပ်ကြီး တစ်ခုလုံးမှာ ဆွံ့အသွားကြလေသည်။
ဤမျှလောက် များပြားသော လူများအား သတ်ဖြတ်ခဲ့ပြီးသည်တိုင်အောင် ရှန်းမြောင်ထုန်၏ စကားအရ သူသည် ရမ်းကားစွာ သတ်ဖြတ်တတ်သူမဟုတ်ဆိုသည်လား။ လူအုပ်ကြီး၏ တွေဝေရှုပ်ထွေးနေမှုများကို ခံစားမိသောကြောင့် ရှန်းမြောင်ထုံက ဆက်ပြောသည်။
"ဘာလို့လဲဆိုတော့ ရှင်သတ်ခဲ့တဲ့သူတိုင်းက သူတို့ကိုယ်သူတို့ ဒုက္ခရှာခဲ့ကြတာလေ၊ သူတို့က သေသင့်သေထိုက်လို့ သေသွားကြတာ"
ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောသည်။
"ဒါဆို မင်းအစ်မကကော... သူကလည်း အတူတူပဲလား"
လေထုမှာ ရုတ်တရက် တင်းမာလာလေသည်။ အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက်ရောင်ခြည်လေးအား ယခုလေးတင် မြင်တွေ့လိုက်ရသော အစေခံအိုကြီးမှာ သူ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်နေမှုကြောင့် ပေါက်ကွဲထွက်သွားတော့မည်ဟု ခံစားလိုက်ရလေသည်။
သခင်မလေး... ကျေးဇူးပြုပြီး အဓိပ္ပာယ်မရှိစကားတွေ မပြောလိုက်ပါနဲ့...
ရှန်းမြောင်ထုန်က ခေါင်းညိတ်လိုက်ပြီး။ပြန်တုန့်ပြန်သည်။
"ဟုတ်တယ်... သူလည်း အတူတူပဲ၊ ပိုဆိုးတာက သူက ရှင့်ကို ထပ်ခါတလဲလဲ ရန်စခဲ့ပြီး ရှင့်ကို ဖြေရှင်းဖို့ စီးယွင်တို့နဲ့တောင် ပူးပေါင်းဖို့ ကြိုးစားခဲ့တာလေ"
"မင်းပြောတဲ့စကားအရဆိုရင် မင်းငါ့ကို မမုန်းသင့်ဘူး မဟုတ်ဘူးလား"
ရွှယ်အန်းက စိတ်ဝင်တစား မေးသည်။ ရှန်းမြောင်ထုန်၏ အကြည့်များမှာ အောက်သို့ စိုက်ကျသွားပြီး သူမ မျက်နှာတွင် ပုံမှန် ပျော်ရွှင်တက်ကြွနေမှုများ မရှိတော့ဘဲ နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှု အသွင်အပြင်များဖြင့် အစားထိုးလာသည်။
"သူက သေသင့်ပေမယ့် သူက ကျွန်မရဲ့ အစ်မလည်း ဖြစ်နေတယ်လေ၊ ရှင်က သူ့ကို သတ်လိုက်တာဆိုတော့... သေချာပေါက် ကျွန်မ ရှင့်ကို မုန်းရမှာပေါ့"
ရွှယ်အန်းမှာ တိတ်ဆိတ်သွားပြီး ထိုမိန်းကလေးငယ်အား တိတ်ဆိတ်စွာပင် စောင့်ကြည့်နေသည်။ သူ၏ တိတ်ဆိတ်မှု ဆက်လက်တည်ရှိနေသည်နှင့်အမျှ တစ်နေရာလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျဆင်းသွားလေတော့သည်။
အချိန်အတန်ကြာပြီးနောက်တွင်မှ ရွှယ်အန်း၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သဘောတူလက်ခံမှု အရိပ်အယောင်တစ်ခု လင်းလက်သွားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
"စကားပြောကောင်းတယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်း လှည့်ကာ ထွက်သွားလေတော့သည်။ အစေခံအိုကြီးမှာ သူ၏ ခြေထောက်များ အားပျော့သွားသည်ကို ခံစားလိုက်ရပြီး ထိုနေရာတွင်ပင် လဲကျလုမတတ် ဖြစ်သွားကာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချမိသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏အသက် ချမ်းသာရာရသွားပုံပင်။ သို့သော် ထိုအချိန်တွင် ရှန်းမြောင်ထုန်သည် ရုတ်တရက် ခေါင်းကို မော့ကာ ထွက်ခွာသွားသော ရွှယ်အန်း၏ ကျောပြင်ဆီသို့ လှမ်းကြည့်ကာ ပြောသည်။
"ကျွန်မက ဒီလိုတွေးနေပေမယ့် ကျွန်မ မိသားစုကလည်း ဒီလိုပဲ ခံစားရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်၊ ဒါကြောင့် ကျွန်မ ပြန်ရောက်သွားတဲ့အခါ ကျွန်မ မိသားစုအပြင် လုမိသားစုကပါ ဒီကိစ္စကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး... ရှင်..."
ရှန်းမြောင်ထုန်သည် သူမ၏ စကားအား အဆုံးမသတ်လိုက်သော်လည်း သူမအမူအရာက ဆိုလိုရင်းကို ရှင်းလင်းသွားစေခဲ့သည်။ သူမသည် ရွှယ်အန်းအား သတိထားရန်နှင့် မည်သည့် အကာအကွယ်များအတွက်မဆို ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရန် သတိပေးလိုခြင်း ဖြစ်ပေသည်။ သို့သော် ရွှယ်အန်းသည် သူ၏ ခြေလှမ်းများကို ရပ်တန့်ခြင်း၊ သို့မဟုတ် ခေါင်းလှည့်ကြည့်ခြင်းပင် မပြုလုပ်ဘဲ ပြန်ပြော၏။
"ကောင်းပြီလေ... ငါလည်း ဘာမှ သိပ်လုပ်စရာမရှိပါဘူး၊ သူတို့ လာချင်တယ်ဆိုရင်လည်း လာပါစေပေါ့"
ဤသို့ပြောပြီးနောက် ရွှယ်အန်းသည် ရင်ပြင်မှ ထွက်ခွာသွားတော့သည်။
ရှန်းမြောင်ထုန်သည် ထွက်ခွာသွားသော ရွှယ်အန်း၏ ကျောပြင်အ ကြောင်အမ်းအမ်း စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေကာ အတွေးများထဲတွင် နစ်မြောနေလေသည်။ အစေခံအိုကြီးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အနားကပ်လာပြီး တိုးညှင်းစွာပြောသည်။
"ဒုတိယ သခင်မလေး... ဒီမှာ ကြာကြာနေဖို့ မလုံခြုံဘူး၊ မြန်မြန် ထွက်သွားကြရအောင်"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှန်းမြောင်ထုန်၏ မျက်ဝန်းများမှ မျက်ရည်ပေါက်ကြီးများ ကျဆင်းလာပြီး သူမက အစေခံအိုကြီးအား ကြောင်အမ်းအမ်း လှည့်ကြည့်လာသည်။
"အဘိုး ဘယ်လိုထင်လဲ... ကျွန်မ သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်ဦးမလား"
အစေခံအိုကြီးမှာ သူ၏ ဦးရေပြားတစ်ခုလုံး တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး အတင်းအကြပ် ပြုံးပြလာသည်။
"သခင်မလေး... ပြန်တွေ့ရမှာပါလို့ ထင်ပါတယ်၊ ဒုတိယ သခင်မလေး... အရင်ဆုံး သွားကြရအောင်၊ နောက်ကျသွားရင် အခြေအနေတွေ ပိုဆိုးသွားနိုင်တယ်"
အဘယ်ကြောင့်ဆိုသော် သူတို့ ပတ်ဝန်းကျင်ရှိ လူအများအပြားသည် သူတို့အား ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြပြီဖြစ်သည်ကို သတိပြုမိလိုက်သောကြောင့် သဘာဝကျကျပင် သူ၏စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်သွားခြင်း ဖြစ်ပေသည်။
ရှန်းမြောင်ထုန်အနေဖြင့် ရွှယ်အန်းအား နောက်တစ်ကြိမ် ပြန်တွေ့နိုင်မလား ဆိုသည်နှင့် ပတ်သက်၍မူ အစေခံအိုကြီးက သူ၏ စိတ်ထဲတွင် ခါးသီးစွာ တွေးလိုက်သည်။
သခင်မလေး သူ့ကို ပြန်တွေ့နိုင်မလားဆိုတာကိုတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ သူတော့ အဲဒီသေမင်းတမန်ကိုတော့ နောက်တစ်ခါ ဘယ်တော့မှ ပြန်မတွေ့ချင်တော့တာ သေချာတယ်၊ သူ့နှလုံးတောင်ဖောက်နိုင်တယ်။
အဆုံးတွင်တော့ ရှန်းမြောင်ထုန်သည် ကျန်ရစ်ခဲ့သော အစေခံအနည်းငယ်နှင့်အတူ ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ ထွက်ခွာသွားလေတော့သည်။ ဤတိုက်ပွဲမှာ ယာယီအားဖြင့် ပြီးဆုံးသွားခဲ့သည်။
ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွင်းရှိ လေထုမှာ လေးလံနေပြီး လူတိုင်းသည် စိုးရိမ်တကြီး ဖြစ်နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက ရှင်းယွီရှုအား ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခဲ့ချိန်တွင် သူ၏ စိတ်ထဲ၌ မည်သို့ ရည်ရွယ်ထားသည်ကို မည်သူကမျှ မသိရှိကြသောကြောင့် ဖြစ်သည်။
တာအိုကျင့်စဉ်ပြိုင်ပွဲကြီး၏ နေ့ရက်များမှာ ပိုမို နီးကပ်လာနေပြီဖြစ်ပြီး ဤကဲ့သို့သော ရုန်းရင်းဆန်ခတ်မှုများကို ဖြတ်သန်းခဲ့ရပြီးနောက် အပြင်းအထန် အင်အားဆုတ်ယုတ်နေသော ရွှေရောင်ဆေးမီးဖိုရိပ်မြုံသည် လာမည့် ပြိုင်ပွဲတွင် မည်ကဲ့သို့သော ရလဒ်များကို ရရှိနိုင်မည်နည်း။ ထိုအရာက လူတိုင်း၏ စိတ်ထဲရှိ မေးခွန်းတစ်ခု ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ ကြီးမားလှသော အပြောင်းအလဲ သတင်းများမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။
အခန်း (၁၂၉၃) - တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကျော်ကြားသွားကာ မုန်တိုင်းများကို ဖန်တီးလိုက်ခြင်း
"ဘာ... ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ ဂိုဏ်းချုပ် ဖူကွမ် သေသွားပြီဟုတ်လား"
တစ်စုံတစ်ယောက်က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် မေးလာသည်။
"ဖူကွမ် တစ်ယောက်တည်း မဟုတ်ဘူး၊ နှစ်သုံးရာတိုင်တိုင် တံခါးပိတ်ကျင့်ကြံနေခဲ့တဲ့ ရှူဝမ်တောင် သေသွားပြီတဲ့"
အခြားတစ်ယောက်က သက်ပြင်းချရင်း ပြောသည်။
"ဘယ်သူလုပ်တာလဲ၊ တခြား ဂူကောင်းကင်က အစွမ်းထက်တဲ့သူ တစ်ယောက်ယောက်ကများ ကျူးကျော်တိုက်ခိုက်တာလား"
လူတစ်ယောက်က အံ့အားသင့်စွာဖြင့် မေးသည်။
"မဟုတ်ဘူး... ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ ဆက်ခံသူ ဂိုဏ်းချုပ်နှစ်ယောက်စလုံးကို သတ်သွားတာ လူတစ်ယောက်တည်းလို့ ကြားတယ်"
"ဘာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"တကယ်ပဲ... မဖြစ်နိုင်ဘူးလေ၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျဆင်းလာခဲ့တယ်ဆိုရင်တောင်မှ ဂိုဏ်းချုပ်နှစ်ယောက်စလုံးက အလွယ်တကူ ရင်ဆိုင်နိုင်တဲ့သူတွေ မဟုတ်ဘူး၊ လူတစ်ယောက်တည်းက သူတို့နှစ်ယောက်စလုံးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ၊ ဒါ ကောလာဟလ သက်သက်ပဲ ဖြစ်ရမယ် မဟုတ်လား"
လူတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် ဖွင့်ဟပြောသည်။
"ဟက်... ငါလည်း ပထမဆုံးကြားတုန်းက မယုံခဲ့ပါဘူး၊ ဒါပေမဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ဂိုဏ်းချုပ်နှစ်ယောက် သေသွားတာတင် မကဘူးဆိုတာ မင်းသိလား၊ ရှန်းမိသားစုနဲ့ လုမိသားစုလို ထင်ရှားတဲ့ ဆွေမျိုးစုတွေက လူတွေနီးပါး အကုန်လုံး သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူ ရဖြစ်ကုန်တာ၊ သတင်းတွေလည်း ပြန့်နေပြီဆိုတော့ ငါတို့ မယုံဘဲ နေလို့မရတော့ဘူး"
"ဒါက..."
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ မှင်တက်သွားကြသည်။ ဂိုဏ်းချုပ်နှစ်ဦးအား သတ်ဖြတ်ခဲ့သည်ကို မဆိုထားနှင့် ရွှေရောင်အလင်း ဂူကောင်းကင်ကြီး အတွင်းရှိ ရှန်းမိသားစုနှင့် လုမိသားစုကဲ့သို့သော ထင်ရှားသည့် ဆွေမျိုးစုများကိုပါ ရန်စခဲ့ခြင်း ဖြစ်ပေသည်။ ဤပုဂ္ဂိုလ်သည် မည်မျှအထိ အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိနေမည်နည်း။
"တိုက်ခိုက်သွားတဲ့သူက ဘယ်သူလဲ"
လူတစ်ယောက်က တိုးညင်းသော အသံဖြင့် မေးရန် မအောင့်အည်းနိုင်တော့ချေ။
"ဒီတိုက်ပွဲကြီးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံထဲက လူတစ်ယောက်ဆီကနေ ငါကြားတာကတော့ အဲဒီလူက ရွှယ်အန်းလို့ နာမည်ရတဲ့ အဖြူရောင်ဝတ်စုံနဲ့ လူငယ်လေးတစ်ယောက်ပဲတဲ့"
"ရွှယ်အန်း..."
ဤအမည်ကို ကြားသောအခါ လူတိုင်းမှာ သူတို့၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပေါ်လာလျက် တိုးတိတ်စွာ ရေရွတ်ခြင်းမှလွဲ၍ မည်သို့မျှ မတတ်နိုင်ကြတော့ချေ။ ထိုလူသည် သာမန် လူငယ်လေးတစ်ယောက်သာ ဖြစ်သော်လည်း မုန်တိုင်းများကို ဖန်တီးနိုင်စွမ်းရှိရုံသာမက အစွမ်းထက်သူတပါး၏ အသက်ကိုပါ နုတ်ယူနိုင်စွမ်း ရှိနေပေသည်။
ထိုကဲ့သို့သော စွမ်းအားမျိုးမှာ လုံးဝ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ဖြစ်လှပေသည်။ သို့သော် ဤအကြောင်းကြောင့်ပင် ရွှယ်အန်းဟူသော အမည်နာမသည် ပေါက်ကွဲထွက်မတတ် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားခဲ့လေသည်။
နေ့ရက်တစ်ရက်၊ နှစ်ရက်မျှသာ ကြာမြင့်ချိန်အတွင်းမှာပင် ရွှေရောင်အလင်း ဂူကောင်းကင်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ကြားရသူတိုင်းမှာ အလွန်တရာ ကြောက်ရွံ့ထိတ်လန့်သွားကြပြီး မျက်နှာများ ဖြူလျော့သွားကြတော့သည်။
မြို့ငယ်လေး၏ မြို့စားအိမ်တော်အတွင်း၌ ...
စုကျွင်းနင်၏ ဖခင်ဖြစ်သူသည် စာကြည့်ခန်းထဲတွင် စာအုပ်တစ်အုပ်ဖတ်ရင်း အေးအေးဆေးဆေး ထိုင်နေခဲ့သော်လည်း အပြင်ဘက်မှ ထိတ်လန့်တကြား အပြေးအလွှား လာနေသော ခြေသံများက စာကြည့်ခန်း၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းသည်။ သူက စိတ်မရှည်စွာဖြင့် မော့ကြည့်လိုက်ပြီး ဩရှသောအသံဖြင့် မေးသည်။
"ဘယ်သူလဲ"
သူ၏ စကားသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် စာကြည့်ခန်း တံခါးမှာ ပွင့်ဟသွားပြီး မြို့စားအိမ်တော်၏ အိမ်တော်ထိန်းချုပ်မှာ ခလုတ်တိုက်မိမတတ် ဝင်လာကာ အမောတကောပြောသည်။
"သခင်ကြီး... သခင်ကြီး၊ ပြဿနာ... ပြဿနာ အကြီးကြီး တက်နေပါပြီ"
စုကျွင်းနင်၏ ဖခင်မှာ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေများ ပြာယာခတ်နေတာလဲ၊ တကယ်တမ်း ဘာတွေဖြစ်နေတာလဲ"
အဆုံးတွင် အမောဖြေနိုင်သွားသော အိမ်တော်ထိန်းချုပ်က တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် ပြောသည်။
"သခင်လေး... သခင်လေးက..."
သူ၏ သားဖြစ်သူနှင့် ပတ်သက်နေသည်ကို ကြားလိုက်ရသောအခါ စုကျွင်းနင် ဖခင်၏ ယခင် တည်ငြိမ်နေမှုများ လွင့်စင်သွားပြီး သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှုများက နေရာယူလာလေတော့သည်။
"ကျွင်းနန် ဘာဖြစ်လို့လဲ"
အိမ်တော်ထိန်းချုပ်မှာ ငိုယိုမတတ် စိုးရိမ်တကြီးဖြင့် ပြောသည်။
"သခင်လေး သေ... သေသွားပါပြီ"
"သေသွားပြီဟုတ်လား"
စုကျွင်းနင်၏ ဖခင်မှာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်သည်။
"ဘယ်သူလုပ်တာလဲ၊ သူ့မိသားစု တစ်ခုလုံးကို ငါသတ်ပစ်မယ်"
သူသည် ပြောပြောဆိုဆိုနှင့်ပင် အပြင်သို့ ပြေးထွက်ရန် မတ်တတ်ရပ်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် အိမ်တော်ထိန်းချုပ်က သူ့အား တားဆီးလိုက်လေသည်။
"သခင်ကြီး... အရင်ဆုံး စိတ်အေးအေးထားပါဦး"
"စိတ်အေးအေးထားရမယ်ဟုတ်လား၊ ငါဘယ်လိုလုပ် စိတ်ငြိမ်ငြိမ် ထားနိုင်မှာလဲ၊ ငါ့သားကို ဘယ်သူသတ်သွားတာလဲဆိုတာ ငါသိချင်တယ်"
စုကျွင်းနင်၏ ဖခင်မှာ မီးတောက်မတတ် ဒေါသဖြင့် အော်ဟစ်လိုက်လေသည်။
ထိုအချိန်တွင် အိမ်တော်ထိန်းချုပ်သည် စုကျွင်းနင်၏ ဖခင်အနားသို့ တိုးကပ်သွားပြီး သူ၏ နားထဲသို့ ကြီးလေးသော ကိစ္စတစ်ခုကို တီးတိုးပြောသည်။ ထိုအရာကိုနားထောင်ပြီးနောက်တွင် အစက မုန်တိုင်းတစ်ခုပမာ ဒေါသထွက်နေသော ဖခင်ဖြစ်သူမှာ လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ အားလျော့သွားပြီး ထိတ်လန့်စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"မင်း... မင်းပြောတာ တကယ်ပဲလား"
"တကယ်ပါပဲ သခင်ကြီး၊ အပြင်မှာ သတင်းတွေတောင် ပြန့်နေပြီ၊ ဒါကြောင့် သခင်ကြီး တစ်ခုခုမလုပ်ခင်မှာ သေသေချာချာ သုံးကြိမ်လောက် စဉ်းစားတာက ပညာရှိရာကျလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"
အိမ်တော်ထိန်းချုပ်၏ စကားကို ကြားပြီးနောက် စုကျွင်းနင် ဖခင်၏ မျက်နှာမှာ စိမ်းရာမှ ဖြူလျော့သွားပြီး တစ်စုံတစ်ရာကို စဉ်းစားနေသည့်အလား ဖြစ်သွားလေသည်။ သို့သော် ထိုအချိန်တွင် အိမ်ရှေ့ဝင်းထဲမှ ရုန်းရင်းဆန်ခတ် အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဘာတွေဖြစ်နေတာလဲ"
စုကျွင်းနင်၏ ဖခင်မှာ တုန်လှုပ်သွားသည်။ အိမ်တော်ထိန်းချုပ်သည် အပြင်သို့ထွက်၍ စူးစမ်းရန် လှည့်ထွက်သွားလေသည်။
သို့သော် သူ စာကြည့်ခန်းထဲမှ မထွက်ခွာနိုင်မီမှာပင် လူတစ်စုသည် ကြီးမားသော အဟုန်ဖြင့် ပြေးဝင်လာကြသည်။ ထိုလူများကို မြင်လိုက်ရသောအခါ ဤမြို့အား အုပ်ချုပ်နေသော မြို့စားဖြစ်သူ စုကျွင်းနင် ဖခင်၏ မျက်နှာမှာ ချက်ချင်းပင် အလွန်တရာ အကျည်းတန်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသူများမှာ မြို့အတွင်းရှိ အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များ ဖြစ်နေသည်။
ဤလူများသည် စောစောလည်း မလာ၊ နောက်ကျမှလည်း မလာဘဲ ဤအချိန်ကို အတိအကျရွေးချယ်၍ လာကြခြင်းဖြစ်ရာ သူတို့၏ ရည်ရွယ်ချက်များမှာ မရိုးရှင်းကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
သူ ထင်ထားသည့်အတိုင်းပင် ဖြစ်လေသည်။
ဤလူများသည် စာကြည့်ခန်း တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်မျှ အရိုအသေပေး ဦးညွှတ်ခြင်း မရှိဘဲ တိတ်ဆိတ်စွာပင် ရပ်နေကြသည်။
မြို့စားဖြစ်သူ ဖခင်၏ အမူအရာမှာ ပို၍ပင် မှိုင်းညှို့သွားသော်လည်း သူ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ စကားမပြောနိုင်မီမှာပင် အိမ်တော်ထိန်းချုပ်က ဦးဆောင်၍ ပြောသည်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ ဘာလို့ မြို့စားအိမ်တော်ကို ကျူးကျော်ဝင်ရောက်လာတာလဲ၊ ပြီးတော့ မြို့စားမင်းကို တွေ့တာတောင် ဘာလို့ ဒူးမထောက်ကြတာလဲ"
ထိုမေးခွန်းထုတ်သံမှာ အေးစက်မှုများဖြင့် ပြည့်နှက်နေလေသည်။ ၎င်းက လူအုပ်ကြီးထဲမှ လူအများအပြားအား တုံ့ဆိုင်းသွားမှု အရိပ်အယောင် အချို့ကို ပြသသွားစေခဲ့သည်။ သို့သော် ခေါင်းဆောင်ပိုင်း လူအနည်းငယ်ကမူ အေးစက်စက် ရယ်မောလိုက်ရုံသာ ပြုလုပ်ကြသည်။
"မြို့စားမင်း ဟုတ်လား... ဟားဟား၊ သူ သိပ်မကြာခင် မြို့စားဖြစ်တော့မှာ မဟုတ်ပါဘူး"
"ခင်ဗျားတို့ ဘာလုပ်ချင်တာလဲ၊ ပုန်ကန်ချင်နေကြတာလား"
အိမ်တော်ထိန်းချုပ်က စူးရှစွာ အော်ဟစ်သည်။ သို့သော် သူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် အိမ်တော်ထိန်းချုပ်မှာ ခေါင်းဖြတ်ခံလိုက်ရကာ သူ၏ အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"အိမ်တော်ထိန်း..."
စုကျွင်းနင်၏ဖခင်မှာ ထိတ်လန့်တကြား အော်ဟစ်သည်။ တစ်ချိန်တည်းမှာပင် ထိုသတ်လိုက်သောသူသည် စုကျွင်းနင်၏ ဖခင်အား အေးစက်စက် လှောင်ပြောင်သည်။
"မစ္စတာစု... ခင်ဗျားရဲ့သားက သာမန်မဟုတ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို သွားပြီး ရန်စခဲ့တယ်၊ ခင်ဗျားသာ မြို့စားအဖြစ် ဆက်နေမယ်ဆိုရင် မြို့ထဲက လူအားလုံးကို လမ်းဆုံးတဲ့အထိ ဆွဲခေါ်သွားသလို ဖြစ်လိမ့်မယ်၊ ဒါကြောင့် သတိထားတဲ့အနေနဲ့ ခင်ဗျား လိမ္မာပါးနပ်စွာနဲ့ရာထူးကနေ နုတ်ထွက်သင့်တယ်"
စုကျွင်းနင်၏ဖခင်သည် သူ့ ကိုယ်ပိုင်လူများ၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာများအား ကြည့်ပြီး သူ၏ နှလုံးသားမှာ ချောက်ကမ်းပါးထဲသို့ နက်ရှိုင်းစွာ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုနေ့တွင် မြို့အတွင်း၌ ပရမ်းပတာ အခြေအနေများ ဖြစ်ပွားခဲ့ပြီး မြို့စားအိမ်တော်မှ လူ ဒါဇင်ပေါင်းများစွာနှင့်အတူ စု ဖခင်လည်း သေဆုံးသွားခဲ့ကာ အာဏာအပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ဤအရာမှာ ပေါ်ပေါက်လာသော မုန်တိုင်းကြီးထဲမှ သတိမပြုမိနိုင်သော ဂယက်ရိုက်ခတ်မှုငယ်လေးတစ်ခုသာ ဖြစ်သည်။
သတင်းများ အပြည့်အဝ ပျံ့နှံ့သွားသောအခါ လူတိုင်းနီးပါးသည် ထင်ရှားသော အိမ်တော်ကြီးနှစ်ခုဖြစ်သည့် ရှန်းမိသားစုနှင့် လုမိသားစုထံသို့ တစ်ပြိုင်နက်တည်း အာရုံစိုက်သွားကြသည်။
ရွှေရောင်အလင်း ကောင်းကင်နယ်မြေရှိ ထိပ်တန်း အိမ်တော်များထဲမှ တစ်ခုဖြစ်သည်နှင့်အညီ ဤအဖြစ်အပျက်တွင် မိသားစုနှစ်ခုစလုံးမှာ အကြီးမားဆုံးသော ဆုံးရှုံးမှုများကို ခံစားခဲ့ကြရခြင်း ဖြစ်သည်။
လုမိသားစုမှ လုရှီဖာသည် အလွန်ကောင်းမွန်သော ပါရမီပါရှိသည့် တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်ပြီး သူ့မိသားစုက အလွန်တန်ဖိုးထားသူ ဖြစ်ပေသည်။ ထို့ကြောင့်သာ မဟုတ်ပါက သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်အတွက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ စေလွှတ်ခဲ့မည် မဟုတ်ချေ။
ရှန်းမိသားစုကိုတော့ ပြောနေရန်ပင် မလိုအပ်တော့ချေ။ ညီအစ်မနှစ်ဦးစလုံးမှာ မိသားစု၏ ဂုဏ်ကျက်သရေ ဖြစ်သော်လည်း တစ်ဦးမှာ အရှုပ်အထွေးထဲတွင် သေဆုံးသွားခဲ့ရသည်။
သာမန်ရက်များတွင် ရှန်းနှင့် လုမိသားစုတို့၏ အာဏာရှင်ဆန်သော အပြုအမူများကို ထည့်သွင်းစဉ်းစားကြည့်လျှင် ဤတစ်ကြိမ် သူတို့၏ တုံ့ပြန်မှုက မည်သို့ရှိမည်ကို လူအများအပြားက သိချင်စိတ် ပြင်းပြန်ကြသည်။ မျှော်လင့်မထားစွာပင် လု မိသားစုက အမှန်တကယ် တိတ်ဆိတ်နေခဲ့သည်။
အများပြည်သူ၏ ထင်မြင်ယူဆချက်များ မည်မျှပင် ရုန်းရင်းဆန်ခတ် ဖြစ်နေပါစေ လု မိသားစုသည် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။
၎င်းက ပြဿနာများကို စောင့်ကြည့်ခံစားလိုသူ အများအပြားအား အံ့အားသင့်သွားစေခဲ့သည်။
ဘာတွေ ဖြစ်ကုန်တာလဲ...
ပုံမှန်အားဖြင့် မာနထောင်လွှားတတ်သော လုမိသားစုပင်လျှင် ဤတစ်ကြိမ်တွင်တော့ ကြောက်လန့်သွားခဲ့လေပြီလား။
တစ်ချိန်တည်းမှာပင်။ ရွှေရောင်အလင်း ကောင်းကင်နယ်မြေအတွင်းရှိ မင်္ဂလာမြေတစ်ခု၌ ရှည်လျားသော ခရီးစဉ်မှ တတ်နိုင်သမျှ အမြန်ဆုံး အပြေးအလွှား ပြန်လာခဲ့သော ရှန်းမြောင်ထုန်သည် ရှန်းမိသားစု အုပ်ချုပ်သော နယ်မြေအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဆွေမျိုးစု အကြီးအကဲ အနည်းငယ်က သူမအား အိမ်တော်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုကြသည်။
ထို့နောက် ရှန်းမိသားစု၏ အိမ်တော်တစ်ခုလုံးသည် တံခါးများကို တင်းကျပ်စွာ ပိတ်ထားလိုက်ပြီး မည်သူ့ကိုမျှ ဝင်ထွက်သွားလာခွင့် မပြုဘဲ တင်းကျပ်စွာ တားမြစ်ထားသည်။ ထို့ပြင် ရှန်းမိသားစု အိမ်တော်၏ အနောက်ဘက်ရှိ တင်းကျပ်စွာ ကင်းစောင့်နေသော လျှို့ဝှက်အခန်း တစ်ခန်းအတွင်း ရှန်းမိသားစု၏ အကြီးအကဲ ဆယ့်နှစ်ဦးစလုံး၊ အိမ်တော်အသီးသီးမှ ခေါင်းဆောင်များ၊ ကုန်သွယ်ရေး လမ်းကြောင်း အသီးသီးမှ တာဝန်ခံများသာမက အတိုချုပ်ပြောရလျှင် ရှန်းမိသားစု တစ်ခုလုံး၏ အဓိကကျသော ပုဂ္ဂိုလ်အားလုံးသည် လျှို့ဝှက်အခန်းအတွင်းသို့ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ တက်ရောက်နေကြခြင်း ဖြစ်ပေသည်။
ရှန်းမိသားစု၏ အိမ်တော်သခင်၊ တစ်နည်းအားဖြင့် ရှန်းမြောင်ထုန်၏ ဖခင်ဖြစ်သူ ရှန်းယီဟွားသည် အလယ်ဗဟိုရှိ ထိုင်ခုံဘေးတွင် ရပ်နေသည်။ ပင်မထိုင်ခုံပေါ်တွင် ထိုင်နေသူမှာကား နတ်ဘုရားတစ်ပါး၏ အသွင်အပြင်မျိုးရှိသော အဘိုးအိုတစ်ဦး ဖြစ်သည်။
သူ၏ဘေးတွင် အခြားကုလားထိုင်တစ်လုံး ရှိနေပြီး ၎င်းပေါ်တွင် သားနားသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အလွန်ကြမ်းတမ်းပြီး ခါးသီးနေသော မျက်နှာသွင်ပြင်ရှိသည့် အဘွားအိုတစ်ဦး ထိုင်နေသည်။ ရှန်းမြောင်ထုန်သည် လျှို့ဝှက်အခန်းအတွင်းသို့ ဝင်ရောက်သွားသောအခါ အဘိုးအိုက ခံစားချက်ကင်းမဲ့စွာ ပြောဆိုလိုက်သည်ကို ကြားသည်။
"တံခါးပိတ်လိုက်"
စက်ယန္တရားသံ အစီအရီနှင့်အတူ ဧရာမ တံခါးကြီးမှာ ဖြည်းညင်းစွာ ပိတ်သွားတော့သည်။