← Chapters

အခန်း (၁၂၉၄-၁၂၉၆)

Vol. 87 Ch. 1294-1296

အခန်း (၁၂၉၄-၁၂၉၆)

Vol. 87 Ch. 1294-1296

အခန်း (၁၂၉၄) - လျှို့ဝှက်အခန်းထဲမှ စစ်ဆေးမေးမြန်းမှု

တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် ကျယ်ဝန်းလှသော လျှို့ဝှက်အခန်းကြီးမှာ ရုတ်တရက် မှိုင်းညှို့ကာ ကြောက်မက်ဖွယ် ကောင်းသွားတော့သည်။ ရှန်းမြောင်ထုန်သည် အခန်း၏ အလယ်ဗဟိုတွင် တစ်ကိုယ်တည်း ရပ်နေပြီး လှေကားထစ်သဏ္ဌာန် အထက်သို့ ဖြန့်ကြက်ထားသော ထိုင်ခုံတန်းကြီးများနှင့် မျက်နှာချင်းဆိုင်လျက် ရှိနေလေသည်။

ရှန်းမိသားစု၏ အထက်တန်းအဆင့် အဖွဲ့ဝင်အားလုံးသည် ထိုနေရာတွင် ထိုင်နေကြပြီး သူမအား အေးစက်စွာ စိုက်ကြည့်နေကြလေသည်။ ဤတိတ်ဆိတ်နေသော လေထုက ပတ်ဝန်းကျင်ကို အလွန်အမင်း ဖိနှိပ်မှု ရှိနေစေခဲ့သည်။

ရှန်းမြောင်ထုန်သည် သူမ၏ မျက်လွှာကို ချထားပြီး တိတ်ဆိတ်စွာ ရပ်နေလေသည်။

အချိန်အတန်ကြာပြီးနောက်တွင်မူ အလယ်ဗဟို နေရာတွင် ထိုင်နေသော အကြီးအကဲဖြစ်သူမှာ ရှန်းယီဟွားအား ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေသည်။ ထိုအခါမှသာ ရှန်းယီဟွာသည် ရှန်းမြောင်ထုံထံသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး ဩရှသော အသံဖြင့်မေးသည်။

"ပြောစမ်း... ဘာတွေဖြစ်ခဲ့တာလဲ"

ရှန်းမိသားစုဝင်များသည် ထိုနေ့က ဖြစ်ရပ်များကို နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် သိရှိထားပြီး ဖြစ်သော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသော သက်သေတစ်ဦးအနေဖြင့် ရှန်းမြောင်ထုန်၏ ပြောပြချက်မှာ အလွန် အရေးပါနေဆဲပင် ဖြစ်သည်။

ရှန်းမြောင်ထုန်သည် ခေါင်းမော့မလာဘဲ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အဖြစ်အပျက်များကို အလွန်တည်ငြိမ်သောလေသံဖြင့် စတင် ပြောပြလေတော့သည်။

လျှို့ဝှက်အခန်းအတွင်းရှိ တိတ်ဆိတ်မှုမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ရှန်းမြောင်ထုန်၏ ဖြည်းညင်းစွာ ထွက်ပေါ်နေသော စကားသံများဖြင့်သာ ပြည့်နှက်နေသည်။ ရှန်းမြောင်ထုန်က ရွှယ်အန်းအား မြို့ငယ်လေး၏ အပြင်ဘက်တွင် ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့ပြီး သူ၏အကြောင်းအား သိချင်စိတ်ပြင်းပြလွန်းသဖြင့် အဆင်အခြင်မဲ့စွာ နောက်ယောင်ခံလိုက်ခဲ့ကြောင်း ပြောဆိုလိုက်သောအခါ လူအုပ်ကြီးကြားတွင် အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ထို့ပြင် ဗဟိုထိုင်ခုံ၏ ဘေးတွင် ထိုင်နေသော အပြောအဆို ကြမ်းတမ်းသည့် အဘွားအိုသည် သူမ၏ နှာခေါင်းထဲမှ အေးစက်စွာ နှာမှုတ်သံပင် ပြုလေသည်။

ထိုအရာများကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ရှန်းမြောင်ထုန်သည် အဖြစ်အပျက်များကို ဘက်လိုက်မှုကင်းစွာနှင့် တည်ငြိမ်စွာ ဆက်လက် ပြောပြနေခဲ့လေသည်။ သူမ၏ ပြောပြချက်များသည် မြို့ငယ်လေးအတွင်းမှ အရှုပ်အထွေးများမှစ၍ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှေ့ရှိ မြို့လေးမှ လက်ဖက်ရည်ဆိုင်အထိ ပါဝင်ခဲ့ပြီး ရှန်းမန်ယွီနှင့် လုရှီဖာတို့ ပေါ်လာကာ ရွှယ်အန်းအား ပေါ်ပေါ်ထင်ထင် လှောင်ပြောင်ခဲ့ကြသည့် အချိန်အထိ ရောက်ရှိသွားလေသည်။

အဆုံးတွင်တော့ အဘွားအိုမှာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အေးစက်စွာ အော်ဟစ်သည်။

"အဓိပ္ပာယ်မရှိတာ... ငါ့မြေးက အမြဲတမ်း ယဉ်ကျေးပြီး နှိမ့်ချတတ်တာ၊ သူက ဘယ်လိုလုပ် အဲဒီလောက် မာနကြီးနိုင်မှာလဲ၊ အရှက်မရှိတဲ့ကောင်မလေး... နင့်လိုကောင်မလေးက ယောကျ်ားတစ်ယောက်ကို အရင်စပြီး သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားခဲ့တယ်ဆိုတာက ရယ်စရာကောင်းလွန်းတယ်"

သူမ၏ အသံမှာ မကျယ်လောင်သော်လည်း တက်ရောက်လာသူ အားလုံးမှာ အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ကြရာ သူမပြောသည်ကို ရှင်းလင်းစွာ ကြားလိုက်ကြရသည်။ လူအများအပြားမှာ သက်တောင့်သက်သာမရှိစွာ ကိုယ်နေဟန်ထား ပြင်လိုက်ကြပြီး အထူးသဖြင့် ထောင့်တစ်နေရာတွင် ထိုင်နေကြသော လူငယ် အမျိုးသားနှင့် အမျိုးသမီး အနည်းငယ်၏ မျက်နှာများတွင် အခြားသူ၏ ဒုက္ခအပေါ် ဝမ်းသာနေသည့် အရိပ်အယောင်များကို ဖော်ပြနေလေသည်။

သူတို့သည် ရှန်းမိသားစု၏ မျိုးဆက်များ ဖြစ်ကြသော်လည်း ရှန်းမန်ယွီနှင့် ရှန်းမြောင်ထုန်တို့ကဲ့သို့ မျက်နှာသာပေးခံရခြင်းမျိုး ဘယ်သောအခါမှ မရှိခဲ့ကြချေ။

ထိုသို့သာ မဟုတ်ပါက ပညာဆက်လက်သင်ယူရန်အတွက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ သူတို့နှစ်ဦးတည်းသာ စေလွှတ်ခံခဲ့ရမည် မဟုတ်ချေ။

သို့သော် ဤကဲ့သို့သော အရှုပ်တော်ပုံမျိုး ဖြစ်ပေါ်လာမည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။ ရှန်းမန်ယွီမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ယခုအခါတွင် ရှန်းမြောင်ထုန်သည်လည်း မိသားစု၏ မျက်နှာသာပေးမှုမှ ကျဆင်းသွားပုံရသည်။

ဤအဖြစ်အပျက်များ၏ အလှည့်အပြောင်းက ဤရှန်းမိသားစု မျိုးဆက် အနည်းငယ်အား သဘာဝကျကျပင် ကျေနပ်သွားစေခဲ့သည်။ ရှန်းမြောင်ထုံသည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းမမော့ဘဲ ငြိမ်သက်စွာ နေသည်။

ရှန်းယီဟွား၏ မျက်ဝန်းများတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ သူသည် ဖခင်တစ်ဦးအနေဖြင့် အငယ်ဆုံးသမီးလေးကို အမြဲတမ်း ချစ်ခင်မြတ်နိုးခဲ့သည်။

အကယ်၍ ဤကဲ့သို့ ရဲတင်းစွာ ပြောဆိုဝံ့သူမှာ အခြားသူတစ်ဦးဦးသာ ဖြစ်နေပါက သူတို့ကို ထာဝရ နှုတ်ဆိတ်သွားစေရန် သူ ဝန်လေးနေမည် မဟုတ်ချေ။ ကံမကောင်းစွာဖြင့် သူမ၏ အဆင့်အတန်းကြောင့် သူကိုယ်တိုင်ပင် ထိုအဘွားအိုအား ရန်စရန် မဝံ့ရဲခဲ့ပေ။ တစ်ချိန်တည်းမှာပင် ခန့်ညားထည်ဝါသော အဘိုးအိုက အနည်းငယ် ပြုံးသည်။

"ရှောင်ချွေ့... နှစ်တွေဒီလောက်ကြာသွားတာတောင် မင်းရဲ့ဒေါသက ကြီးတုန်းပဲကိုး၊

သူပြောလို့ မပြီးသေးခင် ဘာလို့ ဝင်မပြောဘဲ မနေနိုင်ရတာလဲ"

သူ၏ဘေးတွင် ထိုင်နေသော လုရှောင်ချွေ့ က ပြန်လည်ချေပသည်။

"ရှန်းရှုယွမ်... ရှင် အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့၊ ကျွန်မက ဒေါသကြီးတယ် ဟုတ်လား၊ လုမိသားစုမှာ မျိုးဆက်တွေ အများကြီး ရှိပေမယ့် တရားဝင် မျိုးဆက်က နှစ်ယောက်ပဲ ရှိတာ၊ ရှီဖာက သူတို့ထဲမှာ ကျွန်မ အချစ်ဆုံးပဲ၊ အခု သူက ဘယ်လိုသေသွားမှန်းတောင် ရေရေရာရာ မသိရဘူး၊ အဲဒါကို ရှင်က ကျွန်မကို စိတ်အေးအေးထားပြီး သေချာစဉ်းစားပါလို့ ပြောနေတယ်ပေါ့၊ ရှင် ကြောက်နေတာလား"

ထိုစကားကို ကြားသောအခါ ရှန်းမိသားစုမှ လူအများအပြားမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအကြီးအကဲမှာ အခြားသူမဟုတ်ဘဲ ရှန်းယီဟွား၏ဖခင်၊ ရှန်း မိသားစုအား ဦးဆောင်သည့် ဆွေမျိုးစုကြီး ဖြစ်လာစေရန် နှစ်ပေါင်း ငါးရာတိုင်တိုင် ဦးဆောင်ခဲ့ဖူးသော ယခင် အိမ်တော်သခင်ဟောင်း ရှန်းရှုယွမ်ပင် ဖြစ်နေသည်။

လုရှောင်ချွေ့၏ ရိုသေမှုကင်းမဲ့သော မှတ်ချက်များက သဘာဝကျကျပင် လူအများအပြားအား မျက်မှောင်ကြုတ်သွားစေခဲ့သည်။ ရှန်းရှုယွမ်၏ အပြုံးမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း သူ၏ မီးခိုးရောင် မျက်ခုံးမွေးများ အောက်မှ မျက်ဝန်းများမှာ တဖြည်းဖြည်း အေးစက်လာသည်။

"လုရှောင်ချွေ့... မင်းပြောပုံအရဆိုရင် ငါတို့ ရှန်းမိသားစုက ဘယ်သူမှ မသေခဲ့တဲ့အတိုင်းပဲ၊ ရွှေ့ကျင်းကို ထည့်မပြောရင်တောင် မန်ယွီက ငါတို့ ရှန်းမိသားစုရဲ့ ဂုဏ်ယူစရာလေ၊ သူလည်း သေသွားခဲ့တာပဲ မဟုတ်ဘူးလား"

"အဲဒါ မတူဘူးလေ၊ မိန်းကလေးတွေကို ယောက်ျားလေးတွေနဲ့ နှိုင်းယှဉ်လို့ ရပါ့မလား၊ ပြီးတော့..."

လုရှောင်ချွေ့သည် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလျက် ရှန်းမြောင်ထုန်အား တစ်ချက် စိုက်ကြည့်သည်။

"ဒီရူးကြောင်ကြောင် ကောင်မလေး ဖန်တီးခဲ့တဲ့ ပြဿနာတွေသာ မဟုတ်ရင် ငါ့မြေး သေပါ့မလား"

လေထုမှာ ရုတ်တရက် တင်းကြပ်သွားသည်။ မျှော်လင့်မထားစွာပင် ဤအခိုက်အတန့်တွင် ခေါင်းငုံ့၍ တိတ်ဆိတ်နေခဲ့သော ရှန်းမြောင်ထုန်သည် အမှန်တကယ်ပင် ခေါင်းမော့လာခဲ့သည်။ သူမသည် ငြင်းခုံမှုများကို လျစ်လျူရှုထားပုံရပြီး အဖြစ်အပျက်များကို ဆက်ပြောပြနေသည်။

မကြာမီမှာပင် သူမသည် တိုက်ပွဲကြီးအကြောင်းကို ပြောပြလာသည်။ သူမ၏ လေသံမှာ တိုးညင်းနေသော်လည်း တိုက်ပွဲ၏ ကြမ်းတမ်းမှုမှာ စကားလုံးများအကြားတွင် သိသာထင်ရှားနေခဲ့ပေသည်။

အထူးသဖြင့် ရွှယ်အန်းသည် ပထမဦးစွာ ဖူကွမ်အား ခေါင်းဖြတ်ခဲ့ပြီးနောက် ရှုဝမ်အား ချေမှုန်းကာ ရွှေ့ကျင်း၊ စီးယွင်၊ ရှန်းမန်ယွီ၊ လုရှီဖာနှင့် အခြားသူများကို အမှုမဲ့အမှတ်မဲ့ သတ်ဖြတ်ခဲ့ပုံများကို သူမ ပြောပြသည်။

လူအုပ်ကြီးထဲတွင် တိုးညင်းသော ရေရွတ်သံများ ထွက်ပေါ်လာသည်။ လူအများအပြားသည် အချင်းချင်း တိုးတိတ်သော အသံများဖြင့် စကားဆိုလာကြသည်။

ရှန်းရှုယွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ချိန် ခန်းမတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားလေတော့သည်။

ထို့နောက် သူသည် မြေးမလေးအား တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။

"မင်းအပြောအရဆိုရင် ဒီရွှယ်အန်းက အဲဒီလောက် အစွမ်းထက်နေမှတော့ မင်းက ဘယ်လိုလုပ် အထိအခိုက်မရှိဘဲ ပြန်ရောက်လာတာလဲ"

ဤမေးခွန်းက ခန်းမထဲရှိ မျက်လုံးများအားလုံးကို ရှန်းမြောင်ထုန်ထံသို့ ချက်ချင်းပင် ဆွဲဆောင်သွားလေသည်။ ရှန်းမြောင်ထုန်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် တိုးညင်းစွာပြောသည်။

"ဘာလို့လဲဆိုတော့... သူက အပြစ်မဲ့တဲ့သူတွေကို လက်လွတ်စပယ် သတ်ဖြတ်တတ်တဲ့သူမျိုး မဟုတ်လို့ပဲ"

ဝုန်း...

လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။

လူများစွာသော မျက်နှာများတွင် အလွန် ထူးဆန်းသော အမူအရာများ ပေါ်လာလေသည်။

အဘယ်ကြောင့်ဆိုသော် ရှန်းမြောင်ထုန်၏ လေသံအား အကဲခတ်ကြည့်ရသလောက် သူမသည် ရှန်းမိသားစုနှင့် သွေးချောင်းစီး ရန်ငြိုးရှိနေသော ထိုလူအား ကြီးမားသော လေးစားမှု ရှိနေပုံရသောကြောင့် ဖြစ်ပေသည်။ ရှန်းရှုယွမ်မှာ မျက်မှောင်အနည်းငယ် မကြုတ်ဘဲ မနေနိုင်တော့ချေ။

"အိုး... မင်းက ဘာလို့ အဲဒီလို ပြောရတာလဲ"

ရှန်းမြောင်ထုန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ရှန်းမိသားစု၏ အထက်တန်းအဆင့် အဖွဲ့ဝင်များ အားလုံးကို မော့ကြည့်ကာ အေးစက်သော အသံဖြင့် ပြောသည်။

"ဘာအကြောင်းပြချက်မှ မရှိဘူး၊ ကျွန်မပြောတာတွေကို အားလုံး လက်ခံဖို့ ခက်ခဲမယ်ဆိုတာ ကျွန်မသိပေမယ့်... ကျွန်မ ဆက်ပြောချင်သေးတယ်"

"ဖြစ်နိုင်မယ်ဆိုရင် သူ့ကို ဘယ်တော့မှ ရန်သူ မဖွဲ့ပါနဲ့၊ အဲဒါက ကျွန်မတို့ကို ဘယ်တော့မှ ပြန်ရုန်းထွက်လို့မရနိုင်တော့မယ့် ချောက်ကမ်းပါးထဲကို ဆွဲချသွားလိမ့်မယ်"

ယခင် ပြောဆိုချက်က ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သည်ဆိုလျှင် ယခုအခါတွင်တော့ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူအများအပြားသည် ရှန်းမြောင်ထုန်အား တဖျပ်ဖျပ် လက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြပြီး အထူးသဖြင့် ရှန်းမိသားစု၏ လူငယ်အဖွဲ့ဝင်များမှာ သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောပစ်ချင်စိတ် ပေါက်သွားကြသည်။

ရှန်းမြောင်ထုန် အပြင်ကို တစ်ခေါက်ထွက်သွားပြီးနောက် သူမ၏ ဦးနှောက်အား ထိခိုက်သွားစေမယ့် တုန်လှုပ်မှုတစ်ခုခုများ ကြုံခဲ့ရလို့ အရူးမလေး ဖြစ်သွားသည်လား။

'ရှန်းမိသားစုနဲ့ လုမိသားစုက လူတွေဒီလောက်များကြီး ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ...'

နယ်မြေကြီး ခုနစ်ခုထဲက ကြီးမားတဲ့ ဆွေမျိုးစုကြီး နှစ်ခုအနေနဲ့ သူတို့ရဲ့ အဆင့်အတန်းနဲ့ ရာထူးက ဒီလို ကြီးမားလှတဲ့ ရန်ငြိုးကြီးအား လျစ်လျူရှုထားရန် ခွင့်မပြုဘူးဆိုတာ သူမ မသိသည်လား။

ထိုသို့မှ မဟုတ်လျှင် သူတို့၏ အာဏာနှင့်ဩဇာလွှမ်းမိုးမှုမှာ ညတွင်းချင်း ထိုးကျသွားလိမ့်မည်။ မည်သိုါကြောက်ရွံ့ခြင်း မခံရတဲ့ အာဏာဆိုတာ အာဏာ မဟုတ်တော့ဘူးလေ။

ထင်ထားသည့်အတိုင်းပင် ဖြစ်လေသည်။

ရှန်းရှုယွင် ဖြစ်စေ၊ လုရှောင်ချွေ့ ဖြစ်စေ၊ သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် အလွန်တရာ အကျည်းတန်သွားလေတော့သည်။

အထူးသဖြင့် ပင်ကိုယ်သဘာဝအရ မာနထောင်လွှားပြီး လုမိသားစုကို အမှန်တကယ် ထိန်းချုပ်ထားသူဖြစ်သည့် လုရှောင်ချွေ့သည် နှစ်ကာလများစွာ ဇိမ်ကျကျနှင့် သက်တောင့်သက်သာ နေထိုင်လာခဲ့ရမှုကြောင့် အလွန်အမင်း အာဏာရှင်ဆန်လာခဲ့သူ ဖြစ်သည်။

သူမ မြေး၏ သေဆုံးမှုက သူမအား ရွှယ်အန်းအပေါ် နက်ရှိုင်းသော အမုန်းတရားများဖြင့် ပြည့်နှက်သွားစေခဲ့ရာ ရှန်းမြောင်ထုတ်၏ စကားများသည် သူမအတွက် သဘာဝကျကျပင် အလွန်တရာ နားခါးပြီး သည်းမခံနိုင်စရာ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမသည် ရက်စက်စွာ ရယ်မော

တော့သည်။

"ကောင်းတယ်... အရမ်းကောင်းတယ်၊ ဘယ်တော့မှ ပြန်ရုန်းထွက်လို့မရနိုင်တော့မယ့် ချောက်ကမ်းပါးဟုတ်လား၊ ဒီလူက နင့်ကို ဘယ်လိုအကျိုးကျေးဇူးတွေ ပေးထားလို့ နင်က သူ့ကို ဒီလောက်တောင် လေးစားအားကျနေရတာလဲဆိုတာ ငါတကယ် သိချင်မိတယ်၊ ဒါမှမဟုတ်... နင်က သူ့မိန်းမတောင် ဖြစ်နေပြီလား”

အခန်း (၁၂၉၅) - တောင်းပန်ပါတယ်၊ ငါရောက်လာတာ နည်းနည်း နောက်ကျသွားပုံရတယ်

ဤစွပ်စွဲချက်မှာ လေးလံသော ဗုံးတစ်လုံးကဲ့သို့ ဖြစ်ပြီး လူအများအပြား၏ မျက်နှာအမူအရာများကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့သည်။ သို့သော် ရှန်းမြောင်ထုန်မှာမူ မည်သို့မျှ တုန်လှုပ်သွားခြင်း မရှိဘဲ လုရှောင်ချွေ့အား အေးစက်စွာ စိုက်ကြည့်နေခဲ့လေသည်။

"ကျွန်မပြောခဲ့တာ အကုန်လုံးက အမှန်တရားချည်းပဲ၊ ရှင်တို့ မယုံရင်လည်း သဘောပဲလေ"

"ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ"

ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေခဲ့သော ရှန်းယီဟွားက ဩရှသောအသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ငယ်စဉ်ကတည်းက အိမ်တော်သခင်ကြီး ရှန်းရှုယွမ်၏ လက်အောက်တွင် ကြီးပြင်းလာခဲ့သော သမီးကြီး ရှန်းမန်ယွီနှင့် မတူဘဲ သူ၏ သမီးငယ်လေး၏ စရိုက်လက္ခဏာကို သူ အလွန် ကောင်းစွာ သိရှိထားသောကြောင့်ဖြစ်သည်။

ရှန်းမြောင်ထုန်သည် ခေါင်းမာပြီး စိတ်ထက်သန်သူဖြစ်ကာ သူမ၏ စိတ်ထဲရှိသည့်အတိုင်း ပြောဆိုတတ်ပြီး မည်သည့်စကားကိုမျှ မြိုသိပ်ထားလေ့ မရှိချေ။

ဤအကြောင်းပြချက်ကြောင့်ပင် သူမသည် အိမ်တော်သခင်ဟောင်း ရှန်းရှုယွမ်၏ မျက်နှာသာပေးမှုကို မရရှိခဲ့ခြင်း ဖြစ်သည်။

ဤအဖြစ်အပျက်များ ပေါ်ပေါက်လာသည်နှင့်အမျှ ရှန်းယီဟွာသည် သူ၏သမီးဖြစ်သူ ထပ်မံ၍ ထိခိုက်နစ်နာရမည်ကို စိုးရိမ်ပူပန်နေခဲ့ပြီး အခြေအနေအား ညှိနှိုင်းပေးရန် အပြင်းအထန် ကြိုးစားနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော် လုမိသားစု၏ အိမ်တော်သခင်မကြီး ကိုယ်တိုင် ရှင်းလင်းချက်တောင်းရန် လာရောက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

၎င်းက ရှန်းယီဟွာအား ပို၍ပင် စိုးရိမ်ပူပန်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လုမိသားစု၏ ဒေါသတရားနှင့် နှိုင်းယှဉ်လိုက်ပါက ရှန်းမြောင်ထုန်မှာ အရေးမပါကြောင်းကို သူ အလွန် ရှင်းလင်းစွာ သိရှိထားသောကြောင့်ပင်။ သို့သော်လည်း ရှန်းမြောင်ထုန်၏ အာခံသော စကားများကြောင့် သူ၏ ကြိုးစားအားထုတ်မှု အားလုံးမှာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားခဲ့ရသည်။

လုမိသားစုမှ အဘွားအို၏ မျက်ဝန်းများ ပြောင်းလဲသွားပြီး သူမ၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော မဲ့ရွဲ့မှုတစ်ခု ပေါ်လာကာ ထူးဆန်းသော ရယ်မောသံကို ပြုလုပ်လာသည်။

"ရေစုန်မျောလိုက်တာပဲ ကောင်းပါတယ်၊ ရှန်းရှုယွမ်... ဒါက ရှင်အမြတ်တနိုးထားတဲ့ မြေးမလေး ကိုယ်တိုင် ရှာတဲ့ ပြဿနာမို့လို့ ငါ့ကို လာအပြစ်မတင်နဲ့နော်"

မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ဤလုမိသားစုမှ အဘွားအိုသည် လေးကြိုးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းပမာ သူမ၏ ထိုင်ခုံမှနေ၍ ရှန်းမြောင်ထုံထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

ရှန်းယီဟွားမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် လုရှောင်ချွေ့သာ မြောင်ထုန်အနားသို့ ကပ်သွားနိုင်ပါက သမီးဖြစ်သူ၏ အသက်အန္တရာယ်မှာ သေချာပေါက် ကျရောက်သွားမည်ကို သူ သိနေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ရှေ့သို့ပြေးထွက်ကာ သူမအား တားဆီးရန် တွေးလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် တည်ငြိမ်စွာ ထိုင်နေခဲ့သော ရှန်းရှုယွင်က အေးစက်စွာ အမိန့်ပေးလာသည်။

"ငြိမ်ငြိမ်နေ... မလှုပ်နဲ့"

ရှန်းယီဟွား၏ မျက်နှာအမူအရာမှာ ခါးသီးသွားပြီး သူက မထိန်းချုပ်နိုင်ဘဲ ပြန်ပြော၏။

"အဖေ..."

ရှန်းရှုယွမ်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်လေသည်။

"ကြီးမြတ်တဲ့ အောင်မြင်မှုတွေကို ကြိုးပမ်းနေတဲ့သူတွေက အသေးအဖွဲ ကိစ္စတွေမှာ တွယ်ကပ်မနေရဘူးလို့ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ၊ သမီးတစ်ယောက်ပဲကွာ... သူသေသွားရင် နောက်တစ်ယောက် ထပ်ယူလို့ ရတာပဲ၊ ဒါပေမဲ့ ဒီကိစ္စကြောင့် လု မိသားစုရဲ့ ရန်ငြိုးကို ငါတို့ ခံလိုက်ရမယ်ဆိုရင် ငါတို့ရှန်းမိသားစုရဲ့ စီမံကိန်းကြီးက ချက်ချင်းဆိုသလို ပျက်စီးသွားလိမ့်မယ်"

ရှန်းယီဟွားသည် လုရှောင်ချွေ့က ရှန်းမြောင်ထုန်နှင့် နီးကပ်သွားသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းများတွင် နာကျင်မှု အရိပ်အယောင်များကို ဖော်ပြနေပြီး အဆုံးတွင်တော့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငုံ့သည်။

"ဟုတ်... ဟုတ်ကဲ့ပါ"

တစ်ချိန်တည်းမှာပင် ရှန်းမြောင်ထုံ၏ မျက်နှာမှာ လေးနက်နေသော်လည်း ကြောက်ရွံ့မှု အရိပ်အယောင် မရှိသည့်အပြင် သူမသည် ပြန်လည်ခုခံရန်ပင် ကြိုးစားသည်။

သို့သော် သူမနှင့် လုရှောင်ချွေ့တို့အကြားရှိ အင်အားကွာဟချက်မှာ အလွန် ကြီးမားလွန်းလှသည်။ မည်မျှအထိ ကြီးမားသနည်းဆိုသော် လုရှောင်ချွေ့ထံမှ အေးစက်သော နှာမှုတ်သံ တစ်ချက်ဖြင့်ပင် သူမသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ထိုနေရာတွင်ပင် တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ချေ။

ထို့နောက် လုရှောင်ချွေ့က သူမ၏ ရက်စက်ကြမ်းကြုတ်ပြီး ချိတ်ကဲ့သို့ ကောက်ကွေးနေသော လက်ဝါးအား ဝမ်းသာအားရ အမူအရာဖြင့် ဆန့်တန်းလိုက်သည်။

"ဒီမျက်နှာလေးနဲ့ ယောကျ်ားတွေကို သွေးဆောင်ပြီး ငါ့မြေးကို သေအောင် လုပ်ခဲ့တာ မဟုတ်လား၊ ဒါဆိုရင် ငါ့မြေးအတွက် ကလဲ့စားချေတဲ့အနေနဲ့ နင့်ရဲ့ ဒီအရေခွံကို အရင်ဆုံး ဆွဲခွာပစ်မယ်"

ထိုသို့ပြောကာ သူမသည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး ရှန်းမြောင်ထုန်၏ ပါးပြင်ကို ပွတ်သပ်ရန် လက်တစ်ဖက်ကို လှမ်းလာသည်။ ရေခဲကဲ့သို့ အေးစက်နေသော လက်ဝါးကြောင့် ရှန်းမြောင်ထုန်၏ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး ချက်ချင်းပင် တောင့်တင်းသွားတော့သည်။

ရှန်းမြောင်ထုန်သည် မလှုပ်ရှားနိုင်သော်လည်း သူမ၏ မျက်လုံးများကမူ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြင်တွေ့နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။ သူမ၏ အကြည့်များက လုရှောင်ချွေ့အား ကျော်လွန်၍ အဝေးမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားမှာ တဖြည်းဖြည်း နစ်မြုပ်သွားလေတော့သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ အဘိုးဟု ခေါ်ဆိုရမည့်သူ၏ မျက်နှာပေါ်ရှိ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေမှုများကို သူမ ရှင်းလင်းစွာ မြင်တွေ့နိုင်သောကြောင့် ဖြစ်ပေသည်။ ထို့ပြင် သူ၏ဘေးတွင် ရပ်နေသော သူမ ဖခင်၏ မျက်ဝန်းများထဲမှ နာကျင်မှုများကိုလည်း မြင်တွေ့လိုက်ရသည်။

ခဏတာအတွင်းမှာပင် သူမ အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့၏။

မိသားစုရဲ့ မေတ္တာတရားလို့ ငါထင်ခဲ့တာတွေက တကယ်တော့ အချိန်မရွေး စွန့်ပစ်နိုင်တဲ့ ယဇ်ကောင်လေး တစ်ကောင်ထက် မပိုပါလား...

ဤအတွေးက သူမအား ရုတ်တရက် ရယ်မောချင်စိတ် ပေါက်လာစေခဲ့သည်။ ဤအခြေအနေ၏ ကူကယ်ရာမဲ့ဖြစ်နေမှုနှင့် အထက်တန်းစား ဆွေမျိုးစုကြီးများဟု ခေါ်ဆိုကြသူများ၏ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေမှုများကို လှောင်ပြောင် ရယ်မောချင်လာခဲ့သည်။ သို့သော် သူမ၏ မျက်ဝန်းများထဲရှိ ဤအကြည့်က လုရှောင်ချွေ့အား ဒေါသထွက်သွားစေခဲ့သည်။

သူမက အံ့အားသင့်မှုနှင့် ဒေါသများ ရောယှက်လျက် အော်လာသည်။

"ခွေးမလေး... နင်က ငါ့ကို ဒီလို အကြည့်မျိုးနဲ့ ကြည့်ရဲတယ်ပေါ့လေ၊ ဒါဆိုရင် နင့်မျက်လုံးတွေကို အရင်ဆုံး ကလော်ထုတ်ပစ်မယ်"

ထိုသို့ပြောကာ သူမသည် ဓားကဲ့သို့ ထက်ရှနေသော လက်ချောင်းနှစ်ချောင်းအား ဆန့်ထုတ်ကာ အောက်သို့ စိုက်ချလိုက်သည်။ ထိုလှုပ်ရှားမှုများ၏ ကျွမ်းကျင်ပိုင်နိုင်မှုကို ကြည့်ခြင်းအားဖြင့် ဤကဲ့သို့သော အရာမျိုးအား သူမ လုပ်ဆောင်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း ရှင်းလင်းလှသည်။

ရှန်းမြောင်ထုန်သည် မျှော်လင့်ချက် ကင်းမဲ့နေသော နှလုံးသားဖြင့် စောင့်ကြည့်နေစဉ် သူမ၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ သူ အခု ဘာများလုပ်နေမလဲ၊ ဒီဆွေမျိုးစုကြီးဆိုတာတွေကို ရှင်းပစ်ဖို့ အခုအချိန် သူဒီမှာရှိနေရင် သိပ်ကောင်းမှာပဲ...

ဤအတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် လုရှောင်ချွေ့၏ လက်ချောင်းများမှာ သူမအနားသို့ ရောက်ရှိနေခဲ့သည်။ သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် အလွန်တရာ ထူထဲလှသော လျှို့ဝှက်အခန်း၏ တံခါးကြီးမှာ ရုတ်တရက် အစအနများအဖြစ် ပေါက်ကွဲထွက်သွားပြီး လွင့်စင်လာသော ဖုန်တိမ်တိုက်များကြားမှ မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ရှန်းမြောင်ထုန်၏ မျက်နှာရှေ့မှ အချိန်ကိုက် ဖြတ်သန်းသွားသည်။

အရှိန်မှာ အလွန် မြန်ဆန်လွန်းလှသဖြင့် ရှန်းမြောင်ထုန်သည် သူမ၏ ပါးပြင်ကို လေပြေတစ်ပြည် တိုက်ခတ်သွားသကဲ့သို့သာ ခံစားမိသည်။ ထိုပြီးနောက် ချက်ချင်းပင် သူမပါးပြင်ပေါ်တွင် နွေးထွေးသော ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး မော့မကြည့်ဘဲ မနေနိုင်တော့ချေ။ ထိုအခိုက်အတန့်တွင်ပင် အလွန်တရာ မာနထောင်လွှားပြီး အခွင့်ထူးခံဖြစ်သော လုမိသားစုမှ အဘွားအိုသည် နားကွဲမတတ် နာကျင်စွာ အော်ဟစ်လေတော့သည်။

"ငါ့လက်..."

ရှန်းမြောင်ထုန်မှာ မှင်တက်သွားသည်။

မှန်ပေသည်။ ရှန်းမြောင်ထုန်၏ မျက်လုံးများအား ကလော်ထုတ်ရန် လုရှောင်ချွေ့ အသုံးပြုတော့မည့် လက်ချောင်းနှစ်ချောင်းမှာ ယခုလေးတင် ဖြတ်ပြေးသွားသော ဓားအလင်းတန်းနှင့်အတူ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

ရှန်းမြောင်ထုန်၏ ပါးပြင်ပေါ်ရှိ နွေးထွေးသော ခံစားမှုမှာ လုရှောင်ချွေ့၏ ဒဏ်ရာမှ ပန်းထွက်လာသော သွေးစိမ်းများပင် ဖြစ်သည်။ အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ လျှို့ဝှက်အခန်း၏ တံခါးပေါက်ကွဲမှုမှစ၍ ဓားအလင်းတန်း ဖြတ်တောက်သွားချိန်အထိ အားလုံးမှာ အသက်နှစ်ကြိမ်ရှူစာ အချိန်အတွင်း၌သာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

လူအုပ်ကြီးသည် လုရှောင်ချွေ့၏ နာကျင်စွာ အော်ဟစ်သံကြောင့် လန့်နိုးလာကြသောအခါ သူတို့မှာ မထိန်းချုပ်နိုင်ဘဲ ထိတ်လန့်တကြား အော်ဟစ်ကြလေသည်။

"ဘယ်သူလဲ"

"ဘယ်သူက ရှန်းမိသားစုရဲ့ အိမ်တော်မှာ လာပြီး ပြဿနာရှာရဲတာလဲ"

အော်ဟစ်သံများကြားတွင် ရှန်းမိသားစု မျိုးဆက်များစွာသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို အသက်သွင်းလိုက်ကြပြီး အစွမ်းထက်သော အရှိန်အဝါလှိုင်းများ ရိုက်ခတ်လာကာ လျှို့ဝှက်အခန်း တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖြစ်ပေသည်။

တံခါးအပြင်ဘက်တွင် တိတ်ဆိတ်နေပြီး တစ်စုံတစ်ယောက်က သူတို့ထံသို့ ဖြည်းညင်းစွာ လျှောက်လာနေသည့်အလား ရှင်းလင်းပြတ်သားသော ခြေသံတစ်ချို့ကသာ အဝေးမှနေ၍ နီးကပ်လာသည်။

ရှန်းမိသားစုမှ လူကယ်များစွာသည် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီးနောက် ပျက်စီးနေသော တံခါးဆီသို့ သူတို့၏ အာရုံများကို စုစည်းထားကြသည်။ သူတို့သည် ဝင်ရောက်လာဝံ့သူ မည်သူ့ကိုမဆို ရက်စက်ကြမ်းကြုတ်ပြီး လွတ်မြောက်စရာ နေရာမရှိသော တိုက်ခိုက်မှုမျိုး ပြုလုပ်ရန် အဆင်သင့် ပြင်ဆင်ထားကြသည်။

သို့သော် ထိုအချိန်တွင် ဖုန်များ ဖုံးလွှမ်းနေဆဲဖြစ်သော တံခါးအပြင်ဘက်မှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"တောင်းပန်ပါတယ်... ငါရောက်လာတာ နည်းနည်း နောက်ကျသွားပုံရတယ်"

ထိုစကားသံနှင့်အတူ ဖုန်များထဲမှ လူရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် ထိုအသံကို ကြားလိုက်ရသောအခါ ရှန်းမြောင်ထုန်၏ တစ်ကိုယ်လုံးမှာ မယုံကြည်နိုင်စွာဖြင့် တုန်ယင်သွားပြီး သူမက လှမ်းခေါ်လိုက်လေသည်။

"ရွှယ်အန်း..."

သာမန်ဟု ထင်ရသော ဤအမည်နာမသည် ယခုအခိုက်အတန့်တွင် မှော်ပညာတစ်ခုကဲ့သို့ ဖြစ်နေပြီး လူအများအပြားအား သူတို့၏ တည်ငြိမ်မှုများကို ဆုံးရှုံးသွားစေခဲ့သည်။

ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦးသည် ဖုန်တိမ်များကြားမှ သပ်ရပ်ခန့်ညားစွာ ထွက်ပေါ်လာပြီး လျှို့ဝှက်အခန်းအတွင်းသို့ ဝင်ရောက်လာသည်။ ကြယ်များကဲ့သို့ တောက်ပနေသော သူ၏ မျက်ဝန်းများထဲတွင် အေးစက်သော အပြုံးတစ်ခု၏ အရိပ်အယောင် ပါရှိနေသည်။

ထိုလူမှာ ရွှယ်အန်းမှလွဲ၍ အခြား မည်သူဖြစ်နိုင်မည်နည်း။ သူက ရှန်းမြောင်ထုန်အား ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ပြုံးလျက် ပြောသည်။

"ဟုတ်တယ်... ငါပဲလေ"

ရှန်းမြောင်ထုန်မှာ စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းသွားသော်လည်း သူမက တစ်စုံတစ်ရာအ တွေးမိသွားပြီး အော်ဟစ်လေသည်။

"သတိထား..."

သို့သော် သူမ၏ သတိပေးမှုမှာ အနည်းငယ် နောက်ကျသွားခဲ့သည်။

ထိုစကားလုံးများ သူမ၏ နှုတ်ခမ်းမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် တောက်ပသော အလင်းတန်းများ အစီအရီ ထွက်ပေါ်လာပြီး ရွှယ်အန်းအား လုံးဝ ရစ်ပတ်ဖုံးလွှမ်းသွားသည်။

ဤတိုက်ခိုက်မှုလှိုင်းတွင် ထိုနေရာ၌ရှိနေသော ရှန်းမိသားစု မျိုးဆက်လူငယ်များ အားလုံး၏ အင်အားအပြည့်ပါသော တိုက်ခိုက်မှုများ ပါဝင်နေသည်။

တိုက်ခိုက်မှု၏ ပြင်းထန်မှုမှာ အလွန် အားကောင်းလွန်းလှသဖြင့် လေဟာနယ်ကိုပင် တုန်ခါသွားစေခဲ့သည်။

ဤတိုက်ခိုက်မှု အစီအရီသည် အသက်သုံးကြိမ်ရှူစာ အချိန်အထိ အပြည့်အဝ ဆက်လက်ဖြစ်ပေါ်နေပြီးနောက်တွင်မှ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ထိုအချိန်လောက်ဆိုလျှင် သူ သေချာပေါက် သေသွားလောက်ပြီဟု သူတို့၏ စိတ်ထဲတွင် တွေးလိုက်ကြသည်။

အခန်း (၁၂၉၆) - တောင်းပန်ပါတယ်၊ သူတို့ကို ငါအကုန် ရှင်းလင်းပစ်တော့မယ်

လူအများအပြားသည် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက အသက်ရှင်ကျန်ရစ်ရန် ခက်ခဲလှပေသည်။

သို့သော် ရှန်းမြောင်ထုန်ကမူ ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ပြီး သူမ၏ မျက်ဝန်းများတွင် ကူကယ်ရာမဲ့သော အကြည့်များဖြင့် ပြည့်နှက်နေကာ သူမ၏ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားရသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် ပေါ့ပါးသော ရယ်မောသံတစ်ခု ထွက်ပေါ်လသည်။

"ရှန်းမိသားစုက ဒီနယ်မြေမှာ မြင့်မြတ်တဲ့ ဆွေမျိုးစုကြီးလို့ အမြဲ ကြားဖူးခဲ့တာ၊ အခုကြည့်ရတာ ခင်ဗျားတို့ ဧည့်သည်ခံတဲ့ ပုံစံက တကယ်ကို ထူးခြားဆန်းပြားတာပဲ"

အသံတိတ်သွားသည်နှင့်တစ်ပြိုင်နက် ရွှယ်အန်းသည် ပေါက်ကွဲမှုကြောင့် အဝတ်အစားများပင် တွန့်ကြေသွားခြင်း မရှိဘဲ အထိအခိုက်မရှိ ပကတိအတိုင်းပင် မှေးမှိန်သွားသော အလင်းတန်းများကြားမှ ထွက်ပေါ်လာကာ အားလုံးကို မာနထောင်လွှားစွာ ငုံ့ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအရာက ဤနေရာတစ်ခုလုံးကို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေခဲ့ပြီး လူတိုင်းမှာ အလွန်တရာ အံ့အားသင့်သွားကြသည်။ အမြဲတစေ ဂုဏ်သိက္ခာရှိရှိ တည်ငြိမ်မှုကို ထိန်းသိမ်းထားတတ်သော ရှန်းရှုယွမ်ပင်လျှင် မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များကို ဖော်ပြလာခြင်းမှ မထိန်းချုပ်နိုင်တော့ချေ။

ယခုလေးတင် တိုက်ခိုက်မှုသည် ရှန်းမိသားစု၏ အထက်တန်းလွှာ အင်အားစုများ အားလုံး၏ ပေါင်းစပ်တိုက်ခိုက်မှု ဖြစ်သော်လည်း ဤလူငယ်လေးအပေါ် အနည်းငယ်မျှပင် ဒဏ်ရာမရစေခဲ့ပေ။

သူက တကယ်တော့ ဘယ်သူများလဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားရတာလဲ...

ရှန်းမြောင်ထုန်မှာမူ ဝမ်းသာမှုနှင့် မျက်ရည်များ ရောယှက်ကာ ဆည်ကျိုးပေါက်သကဲ့သို့ မထိန်းချုပ်နိုင်ဘဲ ငိုကြွေးနေလေတော့သည်။ ဤအချိန်တွင် ရွှယ်အန်းက လူအုပ်ကြီး တစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လာသည်။

"ကောင်းတယ်... အားလုံး ဒီမှာရှိနေကြတဲ့ပုံပဲ၊ ဒါဆိုရင် ကျွန်တော် အလုပ်နည်းနည်း သက်သာသွားတာပေါ့"

"မင်းစကားက ဘာအဓိပ္ပာယ်လဲ"

ရှန်းမိသားစု အကြီးအကဲတစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လယသည်။

ရွှယ်အန်းက ပြုံးရုံသာ ပြုံးနေပြီး သူ၏ လေသံမှာ ရယ်သံများပင်ရောနှောနေသည်။

"ဘာအဓိပ္ပာယ်လဲဆိုတာ... ခင်ဗျားတို့ကို ကျွန်တော် သတိပေးဖို့ တကယ်လိုသေးလို့လား"

ဤစကားကို ကြားသောအခါ လူအများအပြား၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး သေချာစွာ အာရုံခံကြည့်လိုက်သောအခါ သူတို့၏ မျက်နှာများတွင် အပြည့်အဝ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်အခန်း အပြင်ဘက်တွင် လူစည်ကားနေသင့်သော ရှန်းမိသားစု၏ အိမ်တော်ကြီးမှာ ယခုအခါ၌ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေသည်ကို သူတို့ သတိပြုမိသွားကြသောကြောင့် ဖြစ်ပေသည်။

သက်ရှိများ၏ အရိပ်အယောင် မရှိ၊ လှုပ်ရှားမှု မရှိ၊ မည်သည့်အရာမျှ မရှိတော့ချေ။ ထာဝရ တိတ်ဆိတ်ငြိမ်သက်ခြင်းများသာ ရှိနေသည်။ ဤအရာက ယခုအချိန်အထိ တည်ငြိမ်နေခဲ့သော ရှန်းရှုယွမ်ကိုပင် တည်ငြိမ်မှု ပျက်ပြားသွားစေခဲ့သည်။ သူသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ရွှယ်အန်းအား စူးစိုက်ကြည့်ကာ အေးစက်သော အသံဖြင့်မေးသည်။

"မင်း ဘာလုပ်လိုက်တာလဲ"

ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး ပြောလာသည်။

"ဘာမှ သိပ်မရှိပါဘူး၊ ဒီကိုလာတဲ့ လမ်းမှာ ကျွန်တော့်ကို တားဖို့ကြိုးစားတဲ့သူတွေ အများကြီးရှိနေလို့... အားလုံးကို သတ်ပစ်ခဲ့တာပါ"

ဤမျှ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော ဤစကားများက ရှန်းမိသားစုမှ လူတိုင်းအား ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်စေခဲ့ပြီး ထိုနေရာတွင်ပင် တောင့်တင်းသွားစေခဲ့သည်။

သူတို့သည် အမှန်တရားဖြစ်ကြောင်း ယုံကြည်ရန် တွန့်ဆုတ်နေခဲ့ကြသော်လည်း သူတို့၏ နတ်ဘုရား အာရုံဖြင့် အာရုံခံကြည့်သောအခါ အပြင်လောကကြီးမှာ အမှန်တကယ်ပင် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေခဲ့ပြီး အပြင်ဘက်မှ ဝင်ရောက်လာသော လေနှင့်အတူ သွေးနံ့များ ပြင်းပြင်းထန်ထန်ပါလာသည်ကို ခံစားမိကြသည်။

လူအများအပြား၏ နဖူးပေါ်တွင် ချွေးများ စတင်ထွက်ပေါ်လာပြီး သူတို့ထဲမှ သတ္တိနည်းသူများမှာ တုန်ယင်လာကြကာ ရွှယ်အန်းအား အဆုံးမရှိသော ကြောက်ရွံ့မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးမှာ လုံးဝ ယုံကြည်နိုင်စရာ မရှိလွန်းသောကြောင့် ဖြစ်ပေသည်။

လွန်ခဲ့သော အခိုက်အတန့်လေးကမှ လူတိုင်းသည် သူ့အား မည်သို့ ဖြေရှင်းရမည်ကို ဆွေးနွေးရန် အတူတကွ စုရုံးနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မျှော်လင့်မထားစွာပင် မျက်စိတစ်မှိတ်အတွင်း ရွှယ်အန်းသည် ဤနေရာသို့ ရောက်ရှိလာပြီး မည်သူမျှ သတိမထားမိလိုက်ချိန်တွင် အပြင်ဘက်ရှိ လူအားလုံးကို သတ်ဖြတ်ခဲ့လေသည်။

ဤနည်းစနစ်မှာ ကောင်းကင်ဘုံကိုပင် အာခံနေခြင်း ဖြစ်နိုင်သည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းက နောက်ပြောင်လိုသော အကြည့်ဖြင့် ထိုလူများကို ဝေ့ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြော၏

"ကဲ... ခင်ဗျားတို့ ပြောချင်တာ တစ်ခုခု ကျန်သေးလား"

ဤစကားများကြောင့် ရှန်းမြောင်ထုန်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှိ တိုက်ပွဲကြီးအား ပြန်လည်သတိရသွားသည်။ ရွှယ်အန်း ဤစကားများကို ပြောဆိုလိုက်တိုင်း တစ်စုံတစ်ယောက် သေရတော့မည်ဟု အဓိပ္ပာယ်သက်ရောက်လေ့ ရှိသည်။ ရှန်းမိသားစုအား နှစ်ပေါင်းရာချီ၍ အုပ်ချုပ်လာခဲ့သော ရှန်းရှုယွင်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ရွှယ်အန်းအား လေးနက်စွာ ကြည့်ကာ ဩရှသောအသံဖြင့် မေးသည်။

"မင်းက ဘယ်သူလဲ၊ ဒီလောက် မာနထောင်လွှားနေတာ... မင်းက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို မကြောက်ဘူးလား"

ရွှယ်အန်းက အဓိပ္ပာယ်ပါပါ ရယ်မောသည်။

"ကျွန်တော် ဘယ်သူလဲဆိုတာ... ခင်ဗျားတို့ အားလုံး သိနေပြီ မဟုတ်ဘူးလား၊ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုဆိုရင်တော့..."

ရွှယ်အန်း၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"ကျွန်တော်က ခင်ဗျားတို့အတွက် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုလို့ ထင်တာပဲ"

မဆုံးတွင်တော့ ရှန်းရှုယွမ်သည် သူ၏ ပုံမှန် ဩဇာတိက္ကမကြီးမားသော အမူအရာကို ဆက်လက် မထိန်းသိမ်းနိုင်တော့ဘဲ သူါမျက်နှာတွင် ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုများ ရောယှက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရွှယ်အန်းကဲ့သို့သော လူမျိုးကို ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသောကြောင့်ဖြစ်သည်။

သံမဏိကဲ့သို့ မာကျောပြီး ပြင်ပအရာဝတ္ထုများကြောင့် တုန်လှုပ်ခြင်း မရှိချေ။

အဓိက အချက်မှာ သူ့ကိုယ်ကိုယ် အလုံအလောက် ရက်စက်ပြီဟု ထင်ထားသော်လည်း ထိုလူက သူ့ထက် ဆယ်ဆမျှ ပို၍ ရက်စက်နေခြင်း ဖြစ်ပေသည်။ အိမ်တော်သခင်ဟောင်း၏ မျက်နှာအမူအရာပင် ကြီးမားစွာ ပြောင်းလဲသွားသည်ကို မြင်သောအခါ အခြားသော ရှန်းမိသားစုဝင်များသည် သူတို့၏ တည်ငြိမ်မှုများကို ဆက်လက် မထိန်းသိမ်းနိုင်ကြတော့ဘဲ တံခါးအနီးရှိ လူအနည်းငယ်မှာ ရုတ်တရက် စိတ်လွတ်သွားသကဲ့သို့ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ အပြင်သို့ ပြေးထွက်သွားကြတော့သည်။

သို့သော် သူတို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဓားအလင်းတန်းတစ်ခုက သူတို့ရှေ့တွင် ပေါ်လာပြီး ဖြတ်တောက်သွားတော့သည်။

ဖူး... ဖူး... ဖူး...

တိုးညင်းသော အသံအနည်းငယ် ထွက်ပေါ်လာပြီးနောက် ထိုလူများမှာ အလယ်မှနေ၍ နှစ်ပိုင်း ပြတ်ကျသွားပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားကြသည်။

ဟစ်...

အခန်းတစ်ခုလုံးမှ လူများမှာ လေအေးများကို ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်မိကြသည်။ သေဆုံးသွားသူများသည် အစွမ်းအထက်ဆုံး သူများ မဟုတ်သော်လည်း သူတို့ကို ရှန်းမိသားစု၏ အထက်တန်းလွှာများအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်ကို သိထားသင့်သည်။ သို့တိုင်အောင် ရွှယ်အန်းသည် လက်တစ်ချောင်းမျှပင် မလှုပ်ရှားရဘဲ သူတို့ကို ထိုနေရာ၌ပင် သတ်ဖြတ်ခဲ့ပြီး ဖြစ်လေသည်။

ဤအဖြစ်အပျက်က မရေမတွက်နိုင်သော လူများ၏ နှလုံးသားထဲရှိ နောက်ဆုံးကျန်နေသော မျှော်လင့်ချက် ရောင်ခြည်လေးကို ငြိမ်းသတ်ပစ်လိုက်သည်။

ရှန်းရှုယွမ်၏ မျက်နှာအမူအရာမှာ ပြာနှမ်းသွားပြီး ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ရောယှက်ကာ တုန်ယင်နေသော အသံဖြင့် ပြောလာသည်။

"မင်း ဘာလိုချင်တာလဲထ အပြင်မှာ လူဒီလောက်များကြီး သတ်ခဲ့တာ မလုံလောက်သေးဘူးလား၊ ငါတို့ ရှန်းမိသားစု တစ်ခုလုံးကို အပြီးတိုင် မျိုးတုံးသတ်ဖြတ်ပစ်ဖို့ တကယ် ရည်ရွယ်ထားတာလား"

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်ပြီး လက်ခုပ် တီးလိုက်သည်။

"ဂုဏ်ယူပါတယ်... ခင်ဗျား ခန့်မှန်းတာ မှန်သွားပြီ"

"မင်း..."

ရှန်းရှုယွမ်မှာ သွေးအန်မတတ် ဒေါသထွက်သွားပြီး ဩရှသောအသံဖြင့် ဟိန်းဟောက်လိုက်သည်။

"ကရုဏာထားနိုင်တဲ့ နေရာမှာတော့ ထားရမယ် ရွှယ်အန်၊ မင်း သိပ်ပြီး မာနမထောင်လွှားဖို့ ငါ အကြံပေးချင်တယ်"

ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာ ပြောသည်။

"မာနထောင်လွှားတယ် ဟုတ်လား၊ ကျွန်တော် အဲဒီလို မထင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ လုပ်ခဲ့တဲ့ အရာတွေအတွက် သေခြင်းတရားဆိုတာက နောက်ကျမှပေးရတဲ့ အတိုးတစ်ခုမျှသာပဲလေ"

ရွှယ်အန်း၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ့မျက်ဝန်းများမှာ ပို၍တောက်ပလာပြီး အဆုံးတွင် နေနှင့် လအလား တောက်ပသွားတော့သည်။

ထို့နောက် အလွန်တရာ အစွမ်းထက်လှသော အရှိန်အဝါတစ်ခုသည် ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားပြီး အခန်းတစ်ခုလုံးကို ရစ်ပတ်ဖုံးလွှမ်းသွားတော့သည်။

အဆုံးတွင်တော့ ဤအဖြူရောင်ဝတ်စုံနှင့် လူငယ်လေးမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ရှန်းရှုယွင် နားလည်သဘောပေါက်သွားခဲ့သည်။ သို့သော် အဆုံးတွင် သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ဆဲပင် ဖြစ်သည်။

"အားလုံး အတူတူ တိုက်ကြ... သူ မသေနိုင်တဲ့သူလို့ ငါ မယုံဘူး"

သူ၏ အမိန့်ပေးသံအောက်တွင် ရှန်းမိသားစု၏ အထက်တန်းလွှာ တပည့်မြောက်မြားစွာသည် လှုပ်ရှားလိုက်ကြလေသည်။ သူတို့၏ ကိုယ်ပိုင် အသက်အန္တရာယ်မှာ စိုးရိမ်ရသည့် အခြေအနေဖြစ်နေသောကြောင့် မည်သူကမျှ အင်အားကို ချန်လှပ်မထားဝံ့ကြဘဲ ပထမဆုံး လှုပ်ရှားမှုများမှာတင် အပြင်းထန်ဆုံးသော သတ်ဖြတ်ခြင်း နည်းစနစ်များပင် ဖြစ်နေခဲ့ကြသည်။

သို့သော် ဤအရာအားလုံးမှာ ရွှယ်အန်း၏ ခန္ဓာကိုယ်အနီးသို့ပင် မရောက်ရှိနိုင်ခဲ့ချေ။

လေဟာနယ်ထဲမှနေ၍ ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ဝင်ရောက်လာသော လှုပ်ရှားမှုများ အားလုံးကို ရင်ဆိုင်ကာ ပေါက်ကွဲထွက်သွားပြီး ၎င်းတို့ကို ဖုန်မှုန့်များအဖြစ်သို့ တိုက်ရိုက် ကြိတ်ခြေပစ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ပြုံးလျက် ရပ်နေခဲ့ပြီး သူ၏ရှေ့တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးမှာ ထူးခြားဆန်းကြယ်မှု တစ်စုံတစ်ရာ မရှိသည့်အလား ဖြစ်နေသည်။ ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေသော ရှန်းရှုယွမ်မှာ မထိန်းချုပ်နိုင်ပဲ အော်လိုက်သည်။

"လုရှောင်ချွေ့... မင်းမြေးအတွက် ကလဲ့စားချေချင်တယ်ဆိုတာ မဟုတ်ဘူးလား၊ အခု ဘာလို့ ဝင်မတိုက်တာလဲ"

သို့သော် မျှော်လင့်မထားစွာပင် ယခင်က ဒေါသတကြီးဖြင့် လုရှီဖာအတွက် ကလဲ့စားချေမည်ဟု ကြုံးဝါးနေခဲ့သော လုအိမ်တော်သခင်မကြီးမှာ ယခုအခိုက်အတန့်တွင် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီးနောက် သဘာဝမကျသော ရယ်မောသံတစ်ခုကို ပြုလုပ်လိုက်လေသည်။

"အဓိပ္ပာယ်မရှိတာ... အဲဒီ တန်ဖိုးမရှိတဲ့ မျိုးဆက်အတွက် ငါက ကလဲ့စားချေမယ်လို့ ဘယ်သူပြောလဲ၊ သူက ကိုယ့်ဒုက္ခကိုယ် ရှာခဲ့တာပဲလေ၊ သူ သေသွားပြီဆိုရင်လည်း ထားလိုက်ပါတော့၊ ဒီကိစ္စတွေ အားလုံးကို ငါ ဝင်မပါချင်ဘူး"

ထိုသို့ပြောကာ သူမသည် ထွက်သွားရန် အပြေးအလွှား လှည့်ထွက်ပြေးသည်။ သို့သော် သူမ လှည့်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ဓားအလင်းတန်းတစ်ခုက သူမရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

လုရှောင်ချွေ့၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားချိန် ရွှယ်အန်း၏ ခပ်တိုးတိုး ပြောသံကိုကြားလိုက်ရသည်။

"ခင်ဗျား ဘယ်ကို သွားမလို့လဲ"

လုရှောင်ချွေ့က အတင်းအကြပ် ပြုံးထားသော မျက်နှာဖြင့် တောင့်တင်းစွာ လှည့်လာလေသည်။

"ငါ... ငါက အိမ်ပြန်မလို့လေ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ငါနဲ့မှ မသက်ဆိုင်တာ၊ ငါလည်း ရှန်းရှုယွမ်ဆိုတဲ့ အကောင် လှည့်စားတာကို ခံလိုက်ရတာပဲ"

"အိမ်ပြန်မလို့ ဟုတ်လား၊ ဘယ်အိမ်လဲ"

ရွှယ်အန်းက ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မရှိဘဲ မေးလိုက်လေသည်။

"ငါ့ရဲ့ လု မိသားစုဆီ ပြန်မှာပေါ့..."

ဤနေရာအထိ ပြောပြီးသောအခါ လုရှောင်ချွေ့သည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာလေသည်။ ရွှယ်အန်းက ပြုံးလိုက်ပြီး ပြောလာသည်။

"တောင်းပန်ပါတယ်၊ ခင်ဗျားရဲ့အိမ်က... အခု မရှိတော့ပါဘူး”

All Chapters