အခန်း (၁၂၉၇-၁၂၉၉)
Vol. 87 Ch. 1297-1299
အခန်း (၁၂၉၇) - နတ်ဆိုးရှာဖွေ ဓား - ဤနေရာရှိ အားလုံးကို သတ်ဖြတ်ခြင်း
"ဘာ... နင် ဘာပြောလိုက်တာလဲ"
လုရှောင်ချွေ့သည် ထိတ်လန့်တကြား အော်ဟစ်မိသွားသည်။ ရွှယ်အန်းသည် ခပ်ဟဟ ပြုံးလိုက်ပြီးနောက် သည်းခံစိတ်အပြည့်ဖြင့် ရှင်းပြသည်။
"ဒီကိုလာတဲ့လမ်းမှာ နည်းနည်း ပျင်းလာတာနဲ့ ခင်ဗျားတို့အိမ်ဘက်ကို လမ်းကြုံ ဝင်လာခဲ့တာ၊ အစကတော့ ခင်ဗျားတို့ မိသားစုကို မျိုးတုံးသတ်ဖြတ်ပစ်ဖို့ မရည်ရွယ်ထားပါဘူး ဒါပေမဲ့ နှမြောစရာကောင်းတာက..."
ရွှယ်အန်း၏ မျက်ဝန်းများထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားလေသည်။
"ကျွန်တော့်ရဲ့ နတ်ဆိုးရှာဖွေဓားအောက်မှာ မတရားသေဆုံးရတဲ့ ဝိညာဉ်ဆိုတာ မရှိဘူး။၊ဒါကြောင့် သေတဲ့သူတွေလည်း သေသွားပြီပဲ၊ ခင်ဗျား အရမ်း ဝမ်းနည်းနေဖို့ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ်... မကြာခင် ခင်ဗျားအလှည့် ရောက်လာတော့မှာပဲလေ"
ရွှယ်အန်း၏ လေသံမှာ အလွန် ပေါ့ပါးနေပြီး အရေးမပါသော အသေးအဖွဲ ကိစ္စလေးတစ်ခုကို ပြောနေသည့်အလား ဖြစ်နေလေသည်။ သို့သော် ထိုနေရာရှိ လူတိုင်းမှာ သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ကြရသည်။
လုရှောင်ချွေ့ ကိုယ်တိုင်မှာမူ ထိုနေရာတွင် မှင်တက်စွာ ရပ်နေခဲ့ပြီး အချိန်အတန်ကြာမှသာ သတိပြန်ဝင်လာကာ ရူးသွပ်မတတ် စူးစူးဝါးဝါး အော်တော့သည်။
"ကျိန်စာသင့်မယ့်ကောင် ရွှယ်အန်း... နင့်ကို ငါသတ်ပစ်မယ်"
ထိုစကားများနှင့်အတူ သူမသည် ရွှယ်အန်းနှင့် သေခန်းပြတ် တိုက်ခိုက်ရန် ဆုံးဖြတ်ထားလျက် သူ့ထံသို့ အဆင်အခြင်မဲ့စွာ ပြေးဝင်သွားတော့သည်။
လု မိသားစုအား နှစ်ပေါင်း ရာချီ၍ အုပ်ချုပ်လာခဲ့သူ ဖြစ်သည်နှင့်အညီ သူမ၏ စွမ်းအားမှာ ရွှေရောင်အလင်း ဂူကောင်းကင်ကြီးရှိ ထိပ်တန်း အမျိုးသမီး ကျင့်ကြံသူများထဲတွင် ပါဝင်သည်။
ထို့အပြင် ယခုအခါတွင် သူမသည် ဒေါသတရားများဖြင့် လွှမ်းမိုးခံထားရသောကြောင့် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ အလွန် ကြီးမားလှသော အရှိန်အဝါဖြင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ရွှယ်အန်းအနီးသို့ ပြေးဝင်လာခဲ့သော်လည်း သူမ လှုပ်ရှားမှု မပြုလုပ်နိုင်မီမှာပင် သူမ ပတ်ဝန်းကျင်ရှိ အလင်းရောင်များမှာ လေဟာနယ်ကိုယ်တိုင် ပြိုကျသွားသည့်အလား ရုတ်တရက် အတွင်းသို့ ကျုံ့ဝင်သွားပြီး သူမ ထုတ်လွှတ်ထားသော ကြောက်မက်ဖွယ် အရှိန်အဝါများမှာလည်း ချက်ချင်းပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
ထိုနောက် ချက်ချင်းပင် လုရှောင်ချွေ့သည် ရုတ်တရက် ထိန်းချုပ်မှု ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရပြီး လေဟာနယ်ထဲတွင် ဖမ်းဆီးခံလိုက်ရကာ ဖြည်းညင်းစွာ လေပေါ်သို့ ပျံဝဲတက်သွားလေသည်။
ဤမြင်ကွင်းက ဘေးမှနေ၍ တိုက်ပွဲအခြေအနေကို ဝမ်းသာအားရ စောင့်ကြည့်ရန် ပြင်ဆင်နေခဲ့သော ရှန်းရှုယွမ်၏ မျက်နှာပေါ်ရှိ အပြုံးကို တောင့်တင်းသွားစေခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် အနည်းငယ် ပျင်းရိငြီးငွေ့ဟန်ဖြင့် သူ၏ နားကို ကလော်လိုက်ပြီး သက်ပြင်းတစ်ချက် ချလာသည်။
"ဘာလို့ ဒီလောက် အကျယ်ကြီး အော်နေရတာလဲ၊ ငါ နားမကန်းသေးပါဘူး"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏ရှေ့တွင် လေပေါ်ပျံဝဲနေသော လုရှောင်ချွေ့အား မော့ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောသည်။
"ခင်ဗျား မသေခင် နောက်ထပ် ပြောချင်တာ တစ်ခုခု ရှိသေးလား"
လုရှောင်ချွေ့၏ မျက်နှာမှာ အလွန်တရာ ဖြူလျော့နေသော်လည်း ရူးသွပ်မတတ် အပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် စတင် ပြန့်နှံ့လာသည်။
"ကျိန်စာသင့်မယ့်ကောင် ရွှယ်အန်း... နင်က တကယ်ကို အစွမ်းထက်တာ မှန်ပေမယ့်၊ နင့်ကိုယ်နင် ဒီလောကမှာ ပြိုင်ဘက်ကင်းတယ်လို့ တကယ် ထင်နေတာလား၊ ငါသေသွားရင်တောင် ငါ့သမီးက ငါ့အတွက် ကလဲ့စားချေပေးလိမ့်မယ်"
"အိုး... ခင်ဗျားသမီး ဟုတ်လား"
ရွှယ်အန်းက မျက်ခုံးအနည်းငယ် ပင့်လိုက်လေသည်။
"ဟုတ်တယ်... ဟားဟား၊ ငါ့သမီးက တတိယ ဂူကောင်းကင်ကြီးမှာရှိတဲ့ အချစ်ကျောင်းတော်ရဲ့ တိုက်ရိုက်တပည့် တစ်ယောက်ပဲ၊ သူမက ကောင်းကင်ဘုံရဲ့ ဂုဏ်ယူစရာလေးလေ၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံဆိုတဲ့ အဆင့်လောက်ကို သူ ဘယ်လိုလုပ် အထင်ကြီးမှာလဲ"
သူမ၏ သမီးအကြောင်းကို ပြောလိုက်ခြင်းက လုရှောင်ချွေ့၏ ရယ်မောသံထဲသို့ အဆုံးမရှိသော ဂုဏ်ယူဝင့်ကြွားမှုများကို ထိုးသွင်းပေးလိုက်ပြီးနောက် သူမသည် ရွှယ်အန်းအား အေးစက်သော အကြည့်ဖြင့် ကြည့်လာသည်။
"ကျိန်စာသင့်မယ့်ကောင် ရွှယ်အန်း... ရွှေရောင်ဆေးမီးဖိုရိပ်မြုံက လူတွေကို သတ်နိုင်ရုံနဲ့ နင့်ကိုယ်နင် သိပ်စွမ်းတယ်လို့ မထင်နဲ့၊ အင်အားချင်း ယှဉ်မယ်ဆိုရင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံက အချစ်ကျောင်းတော်ထက် အများကြီး အောက်တန်းကျတယ်၊ ဒါကြောင့်လည်း သူတို့က အမြဲတမ်း နောက်ဆုံးအဆင့်မှာပဲ ရှိနေတာပေါ့၊ နင် နောက်ထပ် ရက်အနည်းငယ်လောက် ပိုပြီး အသက်ရှင်ချင်သေးတယ်ဆိုရင် အခု ငါ့ကို လွှတ်ပေးလိုက် အဲဒီလိုမှ မဟုတ်ရင်..."
သူမ၏ ခြိမ်းခြောက်စကား မဆုံးမီမှာပင် ရွှယ်အန်းက ဖြတ်ပြေသည်။
"ဪ... ဒီလိုကိုး၊ တာအိုကျင့်စဉ် ပြိုင်ပွဲကြီးကလည်း ရက်အနည်းငယ်ပဲ လိုတော့တာဆိုတော့ အဲဒီမှာ ခင်ဗျားသမီး ရှိနေရင်လည်း တခြားသူတွေနဲ့အတူ သူ့ကိုပါ တစ်ခါတည်း သတ်ပေးလိုက်မယ်လေ၊ ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး၊ ဒါက ကျွန်တော် လုပ်ပေးနိုင်တဲ့ အနည်းဆုံး အရာပါပဲ"
"အာ..."
လုရှောင်ချွေ့၏ နောက်ဆက်တွဲ စကားလုံးများမှာ သူမလည်ချောင်းထဲတွင် တစ်ဆို့သွားပြီး အံ့အားသင့်ဖွယ် အသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ပြင်းထန်စွာ ဆုပ်ကိုင်လာသည်။
ဘုန်း...
လုရှောင်ချွေ့၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင်လာပြီး အရှိန်အလွန် မြန်ဆန်လွန်းလှသဖြင့် လေဟာနယ်က သူမ၏ အရိုးများကို အစအနများအဖြစ် မကြိတ်ခြေပစ်မီ သူမအနေဖြင့် တစ်ကြိမ်သာ အော်ဟစ်ချိန်ရသည်။ သွေးများ ပန်းထွက်လာသော်လည်း ၎င်းတို့သည် လေဟာနယ်၏ တားဆီးထားမှုမှ ရုန်းထွက်နိုင်ခြင်း မရှိဘဲ တိမ်ကောသော သွေးအိုင်လေးတစ်ခုအဖြစ်သာ စုပုံသွားလေသည်။
သို့သော် အစွမ်းထက်သော အမျိုးသမီး ကျင့်ကြံသူဖြစ်သည့် လုရှောင်ချွေ့မှာ သူမ၏ နာမည်ဂုဏ်သတင်းနှင့် မလျော်ညီသူ မဟုတ်ခဲ့ချေ။ ဤမျှ ပြင်းထန်သော ဒဏ်ရာများကို ရရှိထားသော်လည်း သူမသည် ချက်ချင်း သေဆုံးမသွားဘဲ အပြင်းအထန် အသက်ရှူရန် ရုန်းကန်နေရဆဲပင် ဖြစ်လေသည်။ ရွှယ်အန်းသည် ပုံပျက်ပန်းပျက် ဖြစ်နေသော လုရှောင်ချွေ့၏ ခန္ဓာကိုယ်ကို တုန်လှုပ်မှု မရှိဘဲ စိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
"ဘယ်လို ခံစားရလဲ"
လုရှောင်ချွေ့မှာ စကားမပြောနိုင်တော့ဘဲ သူမ၏ ပါးစပ်မှ သွေးပူဖောင်းများသာ ထွက်ကျလာလေသည်။ ရွှယ်အန်းက ပြုံးပြသည်။
"ခင်ဗျားက အပြစ်မဲ့တဲ့သူတွေကို ဒီနည်းလမ်းနဲ့ နှိပ်စက်ရတာကို သဘောကျတယ် မဟုတ်လား၊ အခု ခင်ဗျားကိုယ်တိုင် ဒီအတွေ့အကြုံကို မြည်းစမ်းကြည့်ရပြီဆိုတော့... ပျော်ရဲ့လား"
အသားတစ်အဖြစ် ပြောင်းလဲသွားသော လုရှောင်ချွေ့မှာ နာကျင်စွာဖြင့် လူးလှိမ့်နေလေသည်။ သူမ စကားမပြောနိုင်သော်လည်း ဤအခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရသူ အားလုံးမှာ သူမထံမှ ထွက်ပေါ်လာသော အလွန်အမင်း နာကျင်မှုများကို ခံစားသိရှိနိုင်ကြလေသည်။ ဤအာဏာရှင်ဆန်သူကြီး၏ သွေးထွက်သံယို ကြမ်းတမ်းမှုက လူတိုင်းအား နက်ရှိုင်းသော ကြောက်ရွံ့အေးစက်မှုများဖြင့် ပြည့်နှက်သွားစေခဲ့ပြီး သတ္တိနည်းသူ အချို့မှာ မြေပြင်ပေါ်သို့ လဲကျသွားကာ ခေါင်းပင် မမော့ရဲကြတော့ချေ။ ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ခင်ဗျား သိပ်ပြီး ကျေနပ်ပုံ မပေါ်သေးဘူးပဲ၊ ကောင်းပြီလေ... ဒါဆိုရင်လည်း ခင်ဗျားကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ပေးလိုက်ပါ့မယ်"
ထိုသို့ပြောလိုက်စဉ် ရွှယ်အန်း၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု လက်ကနဲ ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ ဘတ်စကတ်ဘောလုံး တစ်လုံးစာ အရွယ်အစားအထိ ချက်ချင်းပင် သိပ်သည်းကျုံ့ဝင်သွားတော့သည်။
လုရှောင်ချွေ့မှာ ဖိညှစ်ခံရမှုကြောင့် ပေါက်ကွဲထွက်သွားပြီး ပြည်နှင့် သွေးများ ရောနှောနေသော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
လေဟာနယ်၏ တားဆီးထားမှုများ ပျောက်ကွယ်သွားသောအခါ သွေးများနှင့် အသားစများ ရောနှောကာ နေရာအနှံ့ လွင့်စဉ်သွားပြီး သွေးနံ့များက အခန်းတစ်ခုလုံးသို့ ပြန့်နှံ့သွားရာ လူတိုင်းကို အန်ချင်စိတ် ပေါက်သွားစေလေသည်။ သို့သော် ရွှယ်အန်းက ပြုံးလိုက်ပြီး ထိုနေရာတွင် ရှိနေသူ အားလုံးကို ဝေ့ကြည့်သည်။
"အခု ခင်ဗျားတို့ အလှည့်ရောက်ပြီ၊ အားလုံးပဲ... အဆင်သင့် ဖြစ်ကြပြီလား"
သူ၏ အသံမှာ တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့နေသော်လည်း ယင်းက အခန်းထဲရှိ လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။ ဤကဲ့သို့သော သေမင်းတမန်မျိုး သူတို့ ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
အတိတ်က ဤအစွမ်းထက်သော မိသားစုများသည် အခြားသူများအထက်တွင် မြင့်မားစွာ ရပ်တည်ခဲ့ကြပြီး သာမန်ပြည်သူများ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို သူတို့၏ စိတ်ကူးပေါက်သလို ထိန်းချုပ်ခဲ့ကြသည်။ သို့သော် ယနေ့တွင် သူတို့အလှည့် ရောက်လာသောအခါ ဤခံစားမှုမှာ မည်မျှအထိ နာကျင်ခံစားရခက်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့ကြသည်။
တည်ငြိမ်မှုကို အတော်အသင့် ထိန်းသိမ်းထားနိုင်ခဲ့သော ရှန်းရှုယွမ်ပင်လျှင် ယခုအခါ၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူလျော့နေသော မျက်နှာအမူအရာ ရှိနေလေသည်။
သူ လုရှောင်ချွေ့အပေါ် အမှန်တကယ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သည်။ အင်အားအရ နှိုင်းယှဉ်မည်ဆိုလျှင် လု မိသားစုသည် ရှန်း မိသားစုထက် အနည်းငယ် အားနည်းနိုင်သော်လည်း အဓိကအချက်မှာ လု မိသားစုတွင် အချစ်ကျောင်းတော်သို့ ဝင်ရောက်ပြီးနောက် တိုက်ရိုက် တပည့်တစ်ဦး ဖြစ်လာခဲ့သည့် သမီးတစ်ယောက် ရှိနေခြင်းပင် ဖြစ်သည်။
သို့ဖြစ်ရာ ရှန်းရှုယွမ်သည် လုမိသားစု၏ သဘောကျမှုကို ရရှိရန်အတွက် ရှန်းမြောင်ထုဋ်အား စတေးရမည်ဆိုလျှင်ပင် အကြိမ်ကြိမ် အလျှော့ပေးခဲ့ပြီး ဤဆက်ဆံရေးကို အသုံးပြုကာ ရှန်းမိသားစု၏ ဩဇာလွှမ်းမိုးမှုအား တတိယ ဂူကောင်းကင်ကြီး၏ အလွန်အထိ တိုးချဲ့နိုင်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
တတိယ ဂူကောင်းကင်ကြီးသည် ကျယ်ဝန်းလှသော်လည်း ၎င်းမှာ ကြီးမားသော ဂူကောင်းကင်ကြီး ခုနစ်ခုထဲတွင် အားအနည်းဆုံး ဖြစ်ကြောင်းကို သူ ကောင်းစွာ နားလည်ထားလေသည်။
အဆင့်သုံး နေရာတွင်ရှိသော အချစ်ကျောင်းတော်နှင့် နှိုင်းယှဉ်ပါက ၎င်းမှာ အလွန်တရာ အောက်တန်းကျလွန်းလှသည်။
သို့သော် အခြေအနေကို ကောင်းစွာ သိရှိထားလျက်နှင့်ပင် သတ်ဖြတ်ရန် ဝန်မလေးလောက်အောင် ရွှယ်အန်း မာနထောင်လွှားလိမ့်မည်ဟု သူ တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။ ဤအရာက အဆုံးတွင် ရှန်းရှုယွုံမ၏ စိတ်ထဲ၌ နက်ရှိုင်းသော ကြောက်ရွံ့မှုကို သွတ်သွင်းပေးလိုက်သည်။
သူသည် အစွမ်းထက်သော သူများကို မကြောက်ရွံချေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် မည်မျှပင် စွမ်းအားကြီးမားပါစေ လိုက်နာစရာ ခြေရာများ အမြဲတမ်းရှိနေသောကြောင့်ပင်။
သို့သော် သူ ရွှယ်အန်းနှင့် ရင်ဆိုင်ရချိန် အမှန်တကယ် ကြောက်ရွံ့သွားခဲ့သည်။
အကြောင်းမူကား ဤလူငယ်လေးမှာ လုံးဝ ခန့်မှန်း၍ မရနိုင်သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရွှယ်အန်း၏ စကားများကို ကြားသောအခါ ရှန်းရှုယွမ်မှာ တုန်ရီသွားပြီးနောက် သူ၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှုများကို အတင်းအကြပ် ဖိနှိပ်ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်လေသည်။
"မင်း... မင်း ဘာလိုချင်တာလဲ"
ရွှယ်အန်းက ပြုံးလာသည်။
"ကျွန်တော် ဘာလိုချင်လဲဆိုတာ... ခင်ဗျားရင်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေသင့်တာပေါ့"
ရှန်းရှုယွမ်က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ဟိန်းဟောက်လိုက်သည်။
"မင်းက မျိုးတုံးသတ်ဖြတ်ပစ်တဲ့အထိ ဒီလောက်တောင် ရက်စက်ရမှာလား"
ရွှယ်အန်းက ပြန်မဖြေဘဲ သူ၏ ခြေထောက်ကို ပေါ့ပေါ့ပါးပါး တစ်ချက် ဆောင့်လိုက်ရုံသာ ပြုလုပ်သည်။
မြေပြင်မှာ အနည်းငယ် တုန်ခါသွားပြီးနောက် မရေမတွက်နိုင်သော ဓားအလင်းတန်းများ မြင့်တက်လာတော့သည်။ ရွှယ်အန်းက အေးစက်စွာ ပြန်ပြောသည်။
"ခင်ဗျား မှားနေပြီ၊ ကျွန်တော်က ခင်ဗျားတို့ကို ကရုဏာကင်းမဲ့စွာ မျိုးတုံးသတ်ဖြတ်ချင်နေတာ မဟုတ်ဘူး၊ ခင်ဗျားတို့ကသာ အစကတည်းက ခင်ဗျားတို့အတွက် ဆုတ်ပေါက် လမ်းကြောင်း တစ်ခုမှ ချန်မထားခဲ့တာပဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်လေသည်။
"နတ်ဆိုးရှာဖွေဓား... ဒီနေရာမှာ ရှိတဲ့သူ အားလုံးကို သတ်ဖြတ်စမ်း"
အခန်း (၁၂၉၈) - သေမင်းတမန် တေးသွား
ဓားသွားတစ်လက်သည် လူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသောအခါ လေတိုက်ခတ်သံနှင့်တူသော အသံတစ်သံကို ထုတ်လွှတ်သည်။ ဤအသံသည် ဆက်တိုက်ဆိုသလို အနိမ့်အမြင့် ထွက်ပေါ်နေပြီး ဤလျှို့ဝှက်အခန်းအတွင်း၌ ပဲ့တင်ထပ်ကာ သေမင်းတမန် တေးသံစဉ်တစ်ခုအဖြစ် သီကုံးလေတော့သည်။
ထို့ပြင် ပထမဆုံး သေဆုံးသွားသူမှာ အခြားသူမဟုတ်ဘဲ ရှန်းရှုယွမ်ပင် ဖြစ်သည်။ ယခင်က သူ၏ အဆင့်အတန်းအရ သူသည် အမြင့်မားဆုံးသော လေးစားမှုကို ခံရသူဖြစ်ပြီး သာမန်ပြည်သူများအနေဖြင့် သူ့အား တွေ့ဆုံရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှသည်။
သို့သော် သူ စွမ်းအား မည်မျှပင် ကြီးမားနေပါစေ ဤအခိုက်အတန့်တွင်မူ ၎င်းမှာ လုံးဝ ရယ်စရာကောင်းလှသည်။
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ရှန်းရှုယွမ်၏ တုံ့ပြန်မှုမှာ သာမန်လူတစ်ယောက်နှင့် ကွာခြားမှု မရှိသည့်အပြင်
ပို၍ပင် အရှက်ရဖွယ် ကောင်းနေသေးသည်။
"သခင်ကြီး... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော် သွေးဝိညာဉ် သစ္စာဆိုပြီး သခင့်ကို သခင်အဖြစ် အလုပ်အကျွေးပြုပါ့မယ်၊ ကျွန်တော့်အသက်ကို တစ်ခါလောက်လေးပဲ ချမ်းသာပေးဖို့ တောင်းပန်ပါတယ်..."
သူ အသက်ဟူသော စကားလုံးကို ဆုံးအောင် မပြောနိုင်မီမှာပင် ဓားအလင်းတန်း တစ်ခုသည် လည်ချောင်းအား ဖောက်ထွင်းသွားခဲ့ပြီး ဟာလာဟင်းလင်း အပေါက်ကြီးတစ်ခုကို ချန်ရစ်ခဲ့သည်။
ရှန်းရှုယွမ်၏ မျက်နှာပေါ်ရှိ အမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွားသော်လည်း ကျင့်ကြံသူတစ်ဦး၏ အားကောင်းသော သက်စောင့်စွမ်းအင်က သူ့အား ချက်ချင်း သေဆုံးမသွားစေရန် ထိန်းသိမ်းပေးထားလေသည်။ သူသည် ကြီးမားလှသော အပေါက်ကြီးကို ပိတ်ဆို့ရန် ကြိုးစားသည့်အလား ဒဏ်ရာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ သို့သော် အားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။
သူ၏ အဆုတ်ထဲမှ ပန်းထွက်လာသော လေများက လည်ချောင်းထဲရှိ သွေးများကို ပူဖောင်းများအဖြစ် ပြောင်းလဲသွားစေပြီး သူ၏ လက်ချောင်းများကြားမှ စီးကျလာသည်။ သူသည် ကျင့်ကြံခြင်းအဆင့်မှတစ်ဆင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ဆွဲယူကာ အသက်အား ထိန်းသိမ်းထားနိုင်သော်လည်း သွေးများ လျော့နည်းလာသည်နှင့်အမျှ သူ၏ သက်စောင့်စွမ်းအင်မှာလည်း လျင်မြန်စွာ ကျဆင်းလာလေသည်။
သေခြင်းတရား၏ အရိပ်အယောင်က သူ၏ မျက်ဝန်းများအပေါ်သို့ မှိုင်းညှို့သော မြူခိုးများကဲ့သို့ ကျဆင်းလာသည်။
သူသည် ရွှယ်အန်းအား တောင်းပန်မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်ကာ တစ်စုံတစ်ရာကို ပြောလိုသည့်အလား ပါးစပ်မှာ တုန်ယင်နေသည်။
သို့သော် ဤအရာအားလုံးမှာ နောက်ဆုံးတွင် သူ၏ ဦးခေါင်းနောက်ဘက်မှ ဝင်ရောက်လာပြီး နဖူးမှ ဖောက်ထွက်သွားသော ဓားအလင်းတန်းတစ်ခုကြောင့် အဆုံးသတ်သွားတော့သည်။ ၎င်းက သူ၏ ညစ်ညမ်းသော ဝိညာဉ်ကိုလည်း အဆုံးသတ်ပေးလိုက်သည်။
ရှန်းရှုယွင်သည် ဗလာနယ်ဖြစ်နေသော မျက်ဝန်းများဖြင့် လဲကျသွားစဉ် လျှို့ဝှက်အခန်းထဲရှိ သေမင်းအတောင်ပံများမှာ နတ်ဆိုးရှာဖွေသောဓား၏ ထိုးဆိုက်မှုနှင့်အတူ ဖြည်းညင်းစွာ ပွင့်ဟလာတော့သည်။
ဖွတ်...
လဲကျသွားသူမှာ သူ၏ လောဘကြီးမှုနှင့် ကာမဂုဏ် လိုက်စားမှုတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော အကြီးအကဲတစ်ဦး ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ သူသည် အခြားသူများအပေါ် သူ၏ ယောက်ျားဆန်သော စိုးမိုးမှုကို မပြုလုပ်နိုင်တော့ချေ။
အကြောင်းမူကား ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ၏ ခါးအောက်ပိုင်း တစ်ခုလုံးမှာ မြေမှုန့်အဖြစ်သို့ ကြိတ်ခြေခံလိုက်ရသောကြောင့် ဖြစ်ပေသည်။ ထို့နောက် သူသည် ထိုဒဏ်ရာ၏ ပြင်းထန်လှသော နာကျင်မှုကြောင့်ပင် သေဆုံးသွားခဲ့ရသည်။
အခြားတစ်နေရာတွင်မူ ပုံမှန်အားဖြင့် သာမန်လူများအား နှိပ်စက်ရခြင်းနှင့် သူတို့၏ အလှပဆုံးသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြတ်တောက်စုဆောင်းရခြင်းကို နှစ်သက်လေ့ရှိသော အကြီးအကဲတစ်ဦးမှာ မရေမတွက်နိုင်သော ဓားအလင်းတန်းများ၏ ဖောက်ထွင်းမှုကို ခံရပြီးနောက် ပုပ်ပွနေသော အသားတုံးကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပုံကျသွားလေသည်။
သူတို့ တစ်ဦးချင်းစီတိုင်းသည် ကျူးလွန်ခဲ့သော အပြစ်များအတွက် စီရင်ချက်ချခံနေရခြင်း ဖြစ်သည်။ ဤသွေးထွက်သံယို သတ်ဖြတ်မှုများကြား ရွှယ်အန်းသည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် တိတ်ဆိတ်စွာ ရပ်နေသည်။
သူ၏ရှေ့မှောက်ရှိ အရာအားလုံးမှာ ကစားပွဲတစ်ခုမျှသာ ဖြစ်သည့်အလား ရွှယ်အန်း၏ တည်ငြိမ်မှုကို အနည်းငယ်မျှပင် ဂယက်မရိုက်စေခဲ့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှို့ဝှက်အခန်းထဲရှိ လူအများစုမှာ လဲကျသေဆုံးသွားခဲ့သည်။
ရပ်နေသူ လူအနည်းငယ်သာ ကျန်ရှိတော့ချိန်တွင် အဆုံးမရှိသော ဓားအလိုဆန္ဒများသည် ရုတ်တရက် စုစည်းသွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ရှေ့တွင် ပေါ်လာကာ ဓားဖျားမှာ သူ၏ မျက်ခုံးနှစ်ခုကြားသို့ တည့်တည့်ချိန်ရွယ်ထားပြီး အဆက်မပြတ် တုန်ခါနေသည်။ထိုမြင်ကွင်းကြောင့် မှင်တက်နေခဲ့သော ရှန်းမြောင်ထုန်မှာ အဆုံးတွင် သတိပြန်ဝင်လာပြီး ထိတ်လန့်တကြား အော်ဟစ်သည်။
"အဖေ..."
မှန်ပေသည်။ နတ်ဆိုးရှာဖွေ ဓား၏ သတ်ဖြတ်မှုမှ ချမ်းသာခွင့်ရရှိခဲ့သူ တစ်ဦးတည်းသောသူမှာ ရှန်းမိသားစု၏ အမည်ခံ အိမ်တော်သခင်၊ ရှန်းမြောင်ထုန်၏ ဖခင်ဖြစ်သူ ရှန်းယီဟွားပင် ဖြစ်သည်။
အလွန်တရာ ကြီးမားလှသော ထိတ်လန့်ကြောက်ရွံ့မှုများက ရှန်းမြောင်ထုန်၏ နှလုံးသားထဲသို့ ပြည့်နှက်သွားသည်။
ရှန်းရှုယွမ် သေဆုံးသွားခြင်းအပေါ် သူမ ဂရုမစိုက်မိချေ။ အဘယ်ကြောင့်ဆိုသော် သူမအဘိုးသည် ငယ်စဉ်ကတည်းက သူမအပေါ် မျက်နှာသာ မပေးခဲ့သည့်အပြင် သူမအား မုန်းတီးသည်ဟုပင် ဆိုနိုင်သောကြောင့်ဖြစ်သည်။
ရှန်းရှုယွမ် အနှစ်သက်ဆုံးသူမှာ သူမ၏ အစ်မဖြစ်သူ ရှန်းမန်ယွီ ဖြစ်နေသည်။ ထို့ကြောင့် ညီအစ်မနှစ်ဦးမှာ အမြဲတမ်း စိမ်းကားနေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ရှန်းမြောင်ထုန်သည် သူမ၏ ဖခင်အပေါ်တွင်မူ လေးစားမှု ထားရှိလေသည်။
အဘယ်ကြောင့်ဆိုသော် သူမအား တစ်ကိုယ်တည်း ပြုစုပျိုးထောင်ပေးခဲ့သူမှာ သူမ၏ ဖခင်ပင် ဖြစ်သောကြောင့်ပင်။
ရှန်းမြောင်ထုန်သည် သူမ ဖခင်၏ ခက်ခဲသော အနေအထားကိုလည်း ကောင်းစွာ သိရှိထားသည်။ သူသည် အမည်ခံအားဖြင့် ရှန်းမိသားစု၏ အိမ်တော်သခင် ဖြစ်နေသော်လည်း ရှန်းရှုယွမ် ရှိနေမှုကြောင့် သူ၏ အခြေအနေမှာ အလွန် အနေရခက်လှသည်။
သူသည် မည်သည့်အရာကိုမျှ တာဝန်ယူရလေ့မရှိဘဲ သတင်းစကားပါးသူ တစ်ဦးသာ ဖြစ်သည်။ ရှန်းမိသားစုအတွင်း၌ပင် လူအများအပြားက သူ့အား အိမ်တော်သခင် တစ်ဦးအဖြစ် အသိအမှတ် မပြုကြချေ။
ထိုအကြောင်းပြချက်ကြောင့်ပင် ရှန်းမန်ယွီက ရှန်းမြောင်ထုန်အပေါ် ဤမျှ မာနထောင်လွှားစွာ ဗိုလ်ကျရဲခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဖခင်ဖြစ်သူ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်သောအခါ ရှန်းမြောင်ထုန်မှာ အထိတ်တလန့် ဖြစ်သွားပြီး ရွှယ်အန်း ထံသို့ ခေါင်းလှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။
"ရွှယ်... သခင်လေးရွှယ်၊ ကျွန်မ အဖေကို မသတ်ဖို့ တောင်းပန်ပါတယ်၊ သူ ဘာအမှားမှ မလုပ်ခဲ့ပါဘူး၊ အားလုံးက ရှန်းရှုယွမ်ရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ညွှန်ကြားမှုတွေချည်းပါပဲ"
ထိုသို့ပြောဆိုနေစဉ် ရှန်းမြောင်ထုန်၏ အသံမှာ တစ်ဆို့လာပြီး သူမ ငိုတော့မည်မှာ သိသာလှပေသည်။ ရွှယ်အန်း စကားမပြောနိုင်မီမှာပင် သူ၏ မျက်ခုံးဆီသို့ ဖိကပ်လာသော ပြင်းထန်သည့် ဓားအလိုဆန္ဒအောက်တွင် ရှန်းယီဟွားက တိုးညင်းစွာ သက်ပြင်းချသည်။
"ထုန်အာ... ဘာမှ ဆက်ပြောနေစရာ မလိုတော့ပါဘူး၊ သခင်လေးရွှယ်က အဖေ့ကို မသတ်ချင်ပါဘူး၊ အဲဒီလိုမှ မဟုတ်ရင် အဖေ ဘယ်လိုလုပ် အသက်ရှင်နေပါ့မလဲ"
ရှန်းမြောင်ထုန်မှာ အံ့အားသင့်သွားပြီး ရွှယ်အန်းအား ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်းပငရွှယ်အန်း၏ နှုတ်ခမ်းထောင့်များတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
"အိုး... ခင်ဗျားကို ကျွန်တော် မသတ်ဘူးဆိုတာ အဲဒီလောက်တောင် သေချာနေတာလား"
ရှန်းယီဟွားက ခါးသီးစွာ ပြုံးသည်။
"ကျွန်တော် မသေချာပါဘူး၊ ကျွန်တော် သိတာတစ်ခုက ကျွန်တော့်ရဲ့ စစ်မှန်တဲ့ နှလုံးသားကို ဘယ်တော့မှ မပျောက်ပျက်စေခဲ့ဘူးဆိုတာပါပဲ"
ရွှယ်အန်း၏ မျက်ဝန်းများထဲတွင် လေးစားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ နတ်ဆိုးရှာဖွေသော ဓားသည် မတရားသေဆုံးရသော ဝိညာဉ်များအား လက်ခံခြင်းမရှိဆိုသည့် စကားမှာ ဟန်လုံးပြစကား မဟုတ်ခဲ့ချေ။အဘယ်ကြောင့်ဆိုသော် ဤဓားအလိုဆန္ဒသည် လူတစ်ဦး၏ နှလုံးသား နက်ရှိုင်းရာမှ ပေါ်ထွက်လာပြီး ထိုလယ၏ အပြစ်များကို ၎င်း၏ အာဟာရအဖြစ် အသုံးပြုသောကြောင့် ဖြစ်သည်။
ရှန်းယီဟွား သေဆုံးမသွားခြင်းက သူ၏ စကားများ လိမ်ညာမှု မဟုတ်ကြောင်း သက်သေပြနေလေသည်။ သို့သော် ရွှယ်အန်း အမှန်တကယ် လေးစားမိသည်မှာ လူသားအချင်းချင်း ဆက်ဆံရေးအပေါ် သူ၏ သဘောထားပင် ဖြစ်သည်။
ထို့ကြောင့် သူ၏ လက်ကို ပေါ့ပေါ့ပါးပါး တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဓားဆန္ဒမှာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှသာ ရှန်းယီဟွားသည် သက်ပြင်းတစ်ချက် ချနိုင်ခဲ့ပြီး သူ၏ ကျောပြင်တစ်ခုလုံး ရွှဲရွှဲစိုနေသော ချွေးအေးများကို ခံစားလိုက်ရသည်။ ၎င်းက သူ့ထံသို့ ချိန်ရွယ်ထားသော ဓားအလိုဆန္ဒသည် မည်မျှအထိ အံ့မခန်း ကြောက်ရွံ့ဖွယ် ကောင်းနေခဲ့ကြောင်းကို ပြသနေပေသည်။
ထို့နောက် ရှန်းယီဟွားသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ရွှယ်အန်းအား ဦးညွှတ်သည်။
"သခင်ကြီး ကျွန်တော့်အသက်ကို ချမ်းသာပေးတဲ့အတွက် ရှန်းယီဟွားက ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်နေစရာ မလိုပါဘူး၊ ပြီးတော့ ခင်ဗျားအသက်ကို ချမ်းသာပေးတာ ကျွန်တော် မဟုတ်ဘူး၊ ခင်ဗျားကိုယ်ခင်ဗျားပဲ ကျေးဇူးတင်လိုက်ပါ"
ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ဘရှန်းယီဟွား အနည်းငယ် တုန်လှုပ်သွားပြီးနောက် လေးနက်စွာ ခေါင်းညိတ်လာသည်။
"ဟုတ်ကဲ့ပါ"
ရွှယ်အန်းသည် ရှန်းယီဟွအား စိတ်ဝင်တစား ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ မေးသည်။
"ခင်ဗျားတို့ ရှန်းမိသားစုက လူတွေ ဒီလောက်များကြီးကို ကျွန်တော် သတ်ပစ်ခဲ့တာတောင် ခင်ဗျား ကျွန်တော့်ကို မမုန်းဘူးလား"
ဤမေးခွန်းကြောင့် ရှန်းမြောင်ထုန်၏ နှလုံးသားမှာ လည်ချောင်းဝသို့ ချက်ချင်း ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သို့သော် မျှော်လင့်မထားစွာပင် ရှန်းယီဟွာက မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ခေါင်းခါလိုက်လေသည်။
"ကျွန်တော် မမုန်းပါဘူး"
"အိုး... ဘာဖြစ်လို့လဲ"
"ဘာလို့လဲဆိုတော့ ခင်ဗျား ခုနက ပြောသလိုပဲလေ၊ သူတို့ သေရတာက ကိုယ့်ဒုက္ခ ကိုယ်ရှာခဲ့လို့ပဲ၊ ပြီးတော့... ဒီနှစ်တွေ တစ်လျှောက်လုံး..."
ရှန်းယီဟွား ခေတ္တရပ်သွားပြီးနောက် အနည်းငယ် ရွံရှာသော လေသံဖြင့် ဆက်ပြောသည်။
"သူတို့ လုပ်ခဲ့တာတွေ အားလုံးကို ကျွန်တော့် မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာပဲလေ"
ရွှယ်အန်းသည် ရှန်းယီဟွာအား နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ခေါင်းညိတ်လေသည်။
"စကားပြော ကောင်းတယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ပျင်းရိစွာ သမ်းဝေလိုက်ပြီး အကြောဆန့်လိုက်သည်။
"ကဲ... ကိစ္စကတော့ ပြီးသွားပြီဆိုတော့၊ ပြန်ရမယ့် အချိန်ရောက်ပြီ"
ထိုသို့ပြောလျက် ရွှယ်အန်းသည် လှည့်ကာ သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကုလားကာတစ်ခုအား ပင့်တင်လိုက်သကဲ့သို့ ဖြစ်သွားကာ အလွန်တရာ တိတ်ဆိတ်နေခဲ့သော အပြင်လောကကြီးမှာ ရုတ်တရက် သက်ဝင်လှုပ်ရှားလာတော့သည်။
အပြင်ဘက်မှ ဆူညံပွက်လောရိုက်နေသော အသံများကို ကြားရသောအခါ ရှန်းယီဟွား မှင်တက်သွားသည်။ ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာ ပြောသည်။
"ခင်ဗျားသမီး ပြောသလိုပဲ ကျွန်တော်က လက်လွတ်စပယ် သတ်ဖြတ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး၊ ပြီးတော့ ခင်ဗျားတို့ ရှန်း မိသားစုက လုမိသားစုထက် နည်းနည်း ပိုကောင်းပါတယ်၊ အနည်းဆုံးတော့ ခင်ဗျားတို့ လူတော်တော်များများ ကျန်နေသေးတာပဲ”
အခန်း (၁၂၉၉) - နှလုံးသားမိစ္ဆာအား သန့်စင်ခြင်း၊ ပြိုင်ပွဲကြီးက နီးကပ်လာပြီ
ထို့နောက် ရွှယ်အန်း ထွက်ခွာသွားသည်။ သူ ထွက်ခွာသွားသောအခါ အသက်ရှင်ကျန်ရစ်သူ ရှန်းမိသားစုဝင် အားလုံးသည် အတူတကွ စုရုံးလာကြပြီး ရွှယ်အန်းအား အလွန်ရိုသေလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။ သတ္တိနည်းသူ အချို့မှာ ခေါင်းပင် မမော့ရဲကြတော့ချေ။
သူ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းအတွင်းသို့ ပျောက်ကွယ်သွားချိန်မှသာ လူတိုင်း၏ မျက်နှာအမူအရာများမှာ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ယခုအခါ ရှန်းမိသားစုမှာ ယခင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများအားလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပြီး လူဆယ်ယောက်တွင် တစ်ယောက်သာ အသက်ရှင်ကျန်ရစ်တော့သည့် မှတ်မိနိုင်စရာမရှိလောက်အောင် ပျက်စီးသွားပြီဖြစ်သော်လည်း လူအများအပြားမှာ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားနေကြရသည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးရှာဖွေဓား၏ တိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့သူများသည် ရှန်းမိသားစု အတွင်းရှိ လူအများအပြား၏ ယခင်လုပ်ရပ်များကို ရှင်းလင်းစွာ သဘောမတူခဲ့ကြသူများ ဖြစ်သည်။
ယခုအခါ ဤအန္တရာယ်ရှိသော ပုဂ္ဂိုလ်များ ဖယ်ရှားခံလိုက်ရပြီဖြစ်ရာ ကျန်ရစ်သူများအနေဖြင့် သဘာဝကျကျပင် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။
သို့သော်လည်း လူအများအပြားသည် သူတို့၏ ဝမ်းမြောက်မှုအား ရင်ထဲ၌ နက်ရှိုင်းစွာ ဖုံးကွယ်ထားကြပြီး အပြင်သို့ ထုတ်ဖော်မပြဝံ့ကြချေ။
မည်သို့ပင်ဖြစ်စေကာမူ ရှန်းမိသားစုသည် ကြီးမားသော ဘေးအန္တရာယ်ကြီးတစ်ခုကို ခံစားခဲ့ရသည်မှာ အမှန်ပင် ဖြစ်သည်။
ဤအခိုက်အတန့် လူအုပ်စု၏ အရှေ့ဆုံး၌ ရပ်နေသော ရှန်းယီဟွားသည် အဝေးသို့ ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံသို့ ကြောင်အမ်းအမ်း ငေးမောကြည့်နေဆဲဖြစ်သော ရှန်းမြောင်ထုန်ထံသို့ လှည့်ကြည့်လာသည်။
"မြောင်ထုန်..."
"ဟုတ်... အဖေ၊ ဘာကိစ္စရှိလို့လဲ"
ရှန်းမြောင်ထုံမှာ တွေဝေမှုမှ သတိဝင်လာပြီး တိုးညင်းစွာ မေးသည်။
"အဖေက သမီးကို ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှာ ပညာဆက်သင်ခွင့် ပြုမယ်ဆိုရင် သမီး သဘောတူမလား"
ရှန်းယီဟွားက လေးနက်စွာ မေးသည်။ရှန်းမြောင်ထုန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။
"အဖေ... တကယ် ပြောနေတာလား"
ရှန်းယီဟွားက ခေါင်းညိတ်လိုက်ပြီး အတည်ပြုပေးသည်။
"တကယ်ပေါ့၊ သမီး သွားချင်လား"
ရှန်းမြောင်ထုန်က စိတ်ထက်သန်စွာဖြင့် ခေါင်းညိတ်သည်။
"သွားချင်တာပေါ့၊ သေချာပေါက် သွားချင်တာပေါ့၊ ဒါပေမဲ့..."
ရှန်းမြောင်ထုန်က တုံ့ဆိုင်းစွာဖြင့်ပြောသည်။
"ရွှေရောင်ဆေးမီးဖိုရိပ်မြုံက အခုဆိုရင် လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေပြီ မဟုတ်ဘူးလား"
ရှန်းယီဟွားက ပြုံးလိုက်ပြီးနောက် ဗလာကျင်းနေသော ကောင်းကင်ကြီးကို မော့ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောသည်။
"ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ဖီးနစ်ငှက်တစ်ကောင် ပြန်လည်မွေးဖွားလာသလိုမျိုး အမှန်တကယ်ကို အသစ်ပြန်လည် ရှင်သန်လာတော့မှာ၊ ပြီးတော့ သမီးက အဲ့မြင့်မြတ်တဲ့ ပုဂ္ဂိုလ်နဲ့ သိကျွမ်းနေတာ အတော်ပဲ၊ သမီးသာ ဒီအခွင့်အရေးကို အရယူနိုင်မယ်ဆိုရင် တို့ရှန်းမိသားစုက ဆွေမျိုးစုကြီးတွေရဲ့ အဆင့်အတန်းကို တကယ်ကို တက်လှမ်းနိုင်လိမ့်မယ်"
ထိုသို့ပြောပြီးနောက် ရှန်းယီဟွားက လေးနက်သော လေသံဖြင့်ပြောသည်။
"မြောင်ထုန်... အဖေပြောတာကို သမီး နားလည်လား"
ရှန်းမြောင်ထုန် အနည်းငယ် တုန်လှုပ်သွားပြီးနောက် ခေါင်းငုံ့ကာ တိုးညင်းစွာ ပြန်ဖြေလိုက်လေသည်။
"အဖေ... မြောင်ထုန် နားလည်ပါတယ်"
"ကောင်းပြီ... ဒါဆို မြန်မြန်ပြင်ဆင်ပြီး ချက်ချင်း ထွက်သွားတော့"
ရှန်းယီဟွားသည် နောက်ဆက်တွဲ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အလုပ်များသွားပြီး ရှန်းမြောင်ထုန် တစ်ယောက်တည်း ရပ်ကျန်ခဲ့ရသည်။ တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော ရှန်းမိသားစုမှာ ယခုအခါတွင် မရှိတော့ချေ။ ဧရာမ ခြံဝင်းကြီးမှာ အနည်းငယ် ခြောက်ကပ်နေသော်လည်း ရှန်းမြောင်ထုန်က ဤခံစားချက်ကို သဘောကျနေမိလေသည်။
သူမသည် ရွှယ်အန်း ထွက်ခွာသွားသော အရပ်မျက်နှာဆီသို့ မော့ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းများမှာ ကျယ်ပြန့်သော အပြုံးတစ်ခုအဖြစ်သို့ ဖြည်းညင်းစွာ ကွေးတက်သွားတော့သည်။ ဤလောကတွင် ရွှယ်အန်း၏ ခြေလှမ်းအမြန်နှုန်းကို ကျော်လွန်နိုင်သည့် အရာတစ်ခုခု ရှိမည်ဆိုပါက ထိုအရာမှာ သတင်းများ ပျံ့နှံ့သည့် အမြန်နှုန်းပင် ဖြစ်ပေလိမ့်မည်။
ရွှယ်အန်းမှာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ ပြန်ရောက်ရှိခြင်းပင် မရှိသေးချေ။ သူသည် လုနှင့် ရှန်း မိသားစုများအား တစ်ကိုယ်တော် ချေမှုန်းခဲ့ပြီး လု မိသားစုမှာ လုံးဝ မျိုးတုံးပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း သတင်းများမှာ ရွှေရောင်အလင်း ဂူကောင်းကင်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
အဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့် မည်သို့ပင် ရှိစေကာမူ သတင်းကြားရသူတိုင်းမှာ အလွန်တရာ အံ့အားသင့် ထိတ်လန့်သွားကြသည်။ အချို့က လုံးဝ မယုံကြည်ခဲ့ကြသော်လည်း အသေးစိတ် အချက်အလက်များကို သေချာစွာ အတည်ပြု စစ်ဆေးကြည့်သောအခါ ယင်းမှာ လုံးဝ အမှန်တကယ် ဖြစ်နေကြောင်းကို တွေ့ရှိသွားသည်။
ဤသတင်းမှာ တည်ငြိမ်နေသော ရေကန်ထဲသို့ လေးလံသော ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်ပေသည်။ မရေမတွက်နိုင်သော လူများမှာ မှင်တက်သွားကြပြီး ရိုက်ခတ်မှုကြောင့် လမ်းစပျောက်သွားသကဲ့သို့ ဖြစ်သွာ၏။
မည်သို့ပင်ဆိုစေကာမူ ရွှေရောင်အလင်း ဂူကောင်းကင်ကြီးသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ထူးခြားစွာ လှုပ်ရှားသက်ဝင်နေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ပထမဦးစွာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံအား ရွှယ်အန်း တစ်ကိုယ်တော် ဖျက်ဆီးခဲ့ပြီးနောက် ရွှေရောင်အလင်း ဂူကောင်းကင်ကြီးကို နှစ်ပေါင်း တစ်ထောင်တိုင်တိုင် လွှမ်းမိုးထားခဲ့သော အစွမ်းထက် မိသားစုနှစ်ခုအား မျိုးတုံးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် ရက်စက်ပြတ်သားသော ဆုံးဖြတ်ချက်များက မာနကြီးသော အထက်တန်းလွှာ အများအပြား၏ ဦးရေပြားကိုပင် ထုံကျင်သွားစေခဲ့ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူတို့ကိုယ်သူတို့ လျှို့ဝှက်စွာ မေးခွန်းထုတ်နေမိကြသည်။
ဤသေမင်းတမန်၏ ခြေလှမ်းများအား တားဆီးနိုင်မည့်အရာ ဤလောကတွင် အမှန်တကယ် ရှိပါသေးသည်လား။ ထိုအချိန်မှစ၍ ရွှယ်အန်း၏ စွမ်းအားအပေါ် မည်သူကမျှ သံသယမဝင်ဝံ့ကြတော့ချေ။ သို့သော် ဤအရာအားလုံး ရှိနေသည့်တိုင်အောင် လူအများအပြားသည် လျှို့ဝှက်စွာ ခေါင်းယမ်းနေဆဲပင် ဖြစ်သည်။
ထိုကိစ္စရပ်များမှာ ဤမျှ ရိုးရှင်းစွာ အဆုံးသတ်သွားမည် မဟုတ်ကြောင်းကို သူတို့ ယုံကြည်နေကြသည်။ အထူးသဖြင့် ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ကျင်းပသော တာအိုကျင့်စဉ်ဆက်ခံမှု ပြိုင်ပွဲကြီးမှာ အလွန် နီးကပ်နေပြီဖြစ်ပြီး ရွှယ်အန်း ပေါ်ထွက်လာမှုကြောင့် ဤပြိုင်ပွဲမှာ ပို၍ပ ခန့်မှန်းရခက်လာသည်။
ထို့အပြင် သတင်းအချက်အလက် ပြည့်စုံသူများကမူ သူတို့၏ စိတ်ထဲတွင် လျှို့ဝှက်စွာ လှောင်ပြောင်နေကြသည်။ လု မိသားစမှာ သိပ်အရေးမပါလှသော်လည်း လု မိသားစုမှ ပေါ်ထွက်လာသော ထိုအမျိုးသမီးမှာ လျှော့တွက်၍ ရမည့်သူမျိုး မဟုတ်ချေ။ အချစ်ကျောင်းတော်၏ အင်အားမှာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို အားစိုက်ထုတ်စရာမလိုဘဲ ဖျက်ဆီးပစ်ရန် လုံလောက်သည်။
ထို့အပြင် ယခင်က ရွှယ်အန်းသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ဝင်ရောက်လာခါစ လူငယ်လေးတစ်ဦးအား ဂိုဏ်းချုပ်အဖြစ် အံ့အားသင့်ဖွယ်ရာ ခန့်အပ်ခဲ့သည်။ ဤအရာက ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အနာဂတ်ကို ဝေဝါးသွားစေခသည်။ လူအများအပြားမှာ တာအိုကျင့်စဉ်ဆက်ခံမှု ပြိုင်ပွဲကြီး အမြန်ဆုံး စတင်ရန်သာ မျှော်လင့်နေသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ နောက်ဆုံးရလဒ် မည်သို့ဖြစ်လာမည်ကို သူတို့ မြင်တွေ့ချင်နေကြသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ထူးဆန်းသော လေထုအောက်တွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှာမူ တိုင်ဖုန်းမုန်တိုင်း၏ ဗဟိုချက်မကဲ့သို့ အလွန်တရာ တည်ငြိမ်အေးချမ်းနေလေသည်။
ရွှယ်အန်း၏ ပုံရိပ်သည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အမြင့်ဆုံး အဆောက်အအုံတွင် ပေါ်လာသောအခါ ရှင်းယွီရှုသည် နာကျင်စွာဖြင့် နံရံကို မျက်နှာမူလျက် ထိုင်နေပြီး သူ၏ အရှိန်အဝါများမှာ ရိုင်းစိုင်းစွာ အတက်အကျ ဖြစ်နေကာ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေရသည့်အလား ဖြစ်နေသည်။
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာကား လက်ကိုင်ဂိမ်းစက်တစ်ခုကို အာရုံစိုက် ကစားနေသော ကျန်ရှောင်ယုပင် ဖြစ်သည်။
သူမ၏ လက်ချောင်းများမှာ ကျွမ်းကျင်စွာ လှုပ်ရှားနေပြီး ပျော်ရွှင်စွာ ကစားနေသဖြင့် ရွှယ်အန်း ပြန်ရောက်လာသည်ကိုပင် သူမ သတိမထားမိခဲ့ချေ။ ရွှယ်အန်း သူမ၏နောက်တွင် ရပ်ကာ အချိန်အနည်းငယ် တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီးနောက်မှ စကားပြောလာသည်။
"ဒီလောက် လက်တံတွေ အများကြီးရှိနေတာတောင် ဂိမ်းတစ်ခုကို အနိုင်မယူနိုင်ဘူးလား"
သူမသည် ရုတ်တရက် လန့်ဖြန့်သွားပြီးနောက် ပြာပြာသလဲ မတ်တတ်ရပ်လိုက်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလယသည်။
"သခင်ကြီး... ပြန်ရောက်လာပြီလား၊ အာ... သခင်ကြီးက ဒီကောင်လေးကို သေချာစောင့်ကြည့်ထားဆိုလို့ ကျွန်မ ဘယ်မှမသွားဘဲ ဒီမှာပဲစောင့်နေတာပါ"
ထိုသို့ပြောနေစဉ် သူမသည် လက်ထဲရှိ ဂိမ်းစက်ကို တိတ်တဆိတ် သိမ်းဆည်းလိုက်ပြီး ပိတ်ပစ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ ခလုတ်မှားနှိပ်မိသွားပုံရပြီး ဂိမ်းစက်မှာ ပိတ်မသွားသည့်အပြင် အသံအကျယ်ဆုံးသို့ မြင့်တက်သွားတော့သည်။ ထို့နောက် ၎င်းထဲမှ ကျယ်လောင်သော KO ဟူသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ကျန်ရှောင်ယု၏ နှုတ်ခမ်းထောင့်များမှာ အနေရခက်စွာ တွန့်ကွေးသွားပြီး သူမ၏ လက်တံများ လိမ်ယှက်သွားကာ ဂိမ်းစက်ကို တိုက်ရိုက် ကြိတ်ခြေပစ်၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် ကျန်ရှောင်ယုသည် ရွှယ်အန်းအား ရှက်ကိုးရှက်ကန်း ပြုံးပြလာသည်။ ရွှယ်အန်းမှာ အနည်းငယ် ရယ်ချင်သွားသော်လည်း ဤကိစ္စများကို ဆက်လက် အာရုံစိုက်မနေလိုတော့ဘဲ မေးသည်။
"ဒီရက်ပိုင်းအတွင်း သူ့ဆီမှာ ထူးခြားတဲ့ အမူအကျင့်တွေများ ရှိသေးလား"
ကျန်ရှောင်ယုက ခေါင်းခါလိုက်ပြီးပြနိဖြေ၏။
"အကုန် ပုံမှန်ပါပဲ၊ သူ့ရဲ့ ပတ်ဝန်းကျင်က အရှိန်အဝါတွေ ပိုပိုပြီး မတည်မငြိမ် ဖြစ်လာတာကလွဲရင်ပေါ့"
ရွှယ်အန်းသည် နံရံရှေ့တွင် ထိုင်နေသော ပိန်သွယ်သွယ် လူငယ်လေးအား တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလာသည်။
"ရွေးချယ်စရာ မရှိဘူးလေ၊ နှလုံးသားမိစ္ဆာ ကို သန့်စင်ခြင်း မလုပ်ဘဲနဲ့ ဘယ်လိုလုပ် အချိန်တိုအတွင်းမှာ အစွမ်းထက်တဲ့ စစ်သည်တော်တစ်ယောက် ဖြစ်လာနိုင်မှာလဲ"
မှန်ပေသည်။ ရှင်းယွီရှု ပိတ်မိနေသည့်အရာမှာ ရွှယ်အန်းက သူ၏အတွက် သေချာစွာ ရက်လုပ်ပေးထားသော နတ်ဆိုးအိပ်မက်ကမ္ဘာပင်ဖြစ်သည်။ ဤနတ်ဆိုး အိပ်မက်ကမ္ဘာတွင် အချိန်စီးဆင်းမှုမှာ အပြင်လောကနှင့် တစ်ပြေးညီ မဟုတ်ချေ။
ဆိုလိုသည်မှာ အပြင်လောက၌ ရက်အနည်းငယ်သာ ကြာမြင့်နိုင်သော်လည်း အိပ်မက်ကမ္ဘာအတွင်း၌ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ခြင်း ဖြစ်သည်။
ဤအရာမှာ ရွှယ်အန်းက အကောင်းနှင့် အဆိုးကို ချိန်ဆပြောပြပြီးနောက် ရှင်းယွီရှုက သူ့သဘောဆန္ဒအလျောက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ အတိုတောင်းဆုံး အချိန်ကာလအတွင်း အစွမ်းအထက်ဆုံး စစ်သည်တော်တစ်ဦး ဖြစ်လာရန်သာဖြစ်၏။ သူ၏ တိုးတက်မှုမှာ အတော်လေး ချောမွေ့ပုံရသည်။ ၎င်းကို တွေးမိပြီးနောက် ရွှယ်အန်းမှာ တစ်ခုခုအား မေးသည်။
"ယန်အာကော ဘယ်မှာလဲ"
"အာ... အစ်မယန်က အခုလေးတင် ရတနာစံအိမ်ကို ပြန်သွားတယ် သူ ဘာတွေ အလုပ်များနေလဲတော့ မသိဘူး”