← Chapters

အခန်း (၁၃၀၃-၁၃၀၅)

Vol. 87 Ch. 1303-1305

အခန်း (၁၃၀၃-၁၃၀၅)

Vol. 87 Ch. 1303-1305

အခန်း (၁၃၀၃)- ဂိုဏ်းကြီးများပြိုင်ပွဲကျင်းပမည့်နေရာ၊ အချစ်ခြံဝင်း...

ဟွီယင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး အေးအေးလူလူပင် ပြောလိုက်သည်။

"ကောင်းပြီလေ... ငါ စောင့်နေမယ်"

ရှောင်ယုသည် သူမ၏ တိုက်ခိုက်ရေးနည်းဗျူဟာများကို လေ့လာစူးစမ်းခြင်း၌ တစ်ဖန် ပြန်လည် နစ်မြောသွားလေ၏။ ဟွီယင်းသည် ကုလားထိုင်ပေါ်တွင် နောက်သို့မှီချလိုက်ပြီး နတ်ဆိုးအိပ်မက်ကမ္ဘာထဲတွင် ပိတ်မိနေဆဲဖြစ်သော ရှင်းယွီရှုအား အကဲခတ်လိုက်ပြီးနောက် ပြတင်းပေါက်ဆီသို့ အကြည့်လွှဲသွားသည်။

သူတို့သည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အမြင့်ဆုံးအဆောက်အအုံတွင် ရှိနေကြသောကြောင့် ပြတင်းပေါက်အပြင်ဘက်တွင် မြင်ရသည်မှာ အဆုံးအစမရှိသော တိမ်ပင်လယ်ကြီးပင် ဖြစ်သည်။ ဟွီယင်းက တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးအစုံ၏ အနက်ရှိုင်းဆုံးနေရာ၌ ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုက တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။

အချိန်တွေလည်း အတော်ကြာနေပြီကို... အခုထိ ထွက်မလာသေးဘူးလား...

ထိုစဉ် သူမသည် အပြင်ဘက်မှ ဝမ်းသာအားရဖြစ်နေသော အသံတစ်သံကို ကြားလိုက်ရသည်။

"အရှင်ရွှယ်အန်း၊ ဒီမှာ ရှိပါလား"

ဟွီယင်းက မျက်ခုံးပင့်လိုက်သည်။

မိန်းကလေးတစ်ယောက်လား။

ထို့ပြင် ဝမ်းမြောက်မှုနှင့် မျှော်လင့်တကြီးဖြစ်နေမှုတို့ ပြည့်နှက်နေသော ထိုအသံက အလွန်ပင် ရင်းနှီးနေသယောင် ရှိလှသည်။

ဟွီယင်း၏ နတ်သမီးတစ်ပါးကဲ့သို့ လှပကျော့ရှင်းသော မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပြီးနောက် သူမသည် ခါးမတ်မတ်ထိုင်လိုက်ကာ ဆံပင်ကို ဖွဖွလေး သပ်တင်လိုက်သည်။ ထိုအရာမှာ ရိုးရှင်းသော ဟန်အမူအရာတစ်ခုမျှသာ ဖြစ်သော်လည်း သူမအား ချက်ချင်းပင် တောက်ပသွားစေသည်ဟု ထင်ရသည်။ အခန်းထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လာသော ရှန်းမြောင်ထုန်သည် ဤမြင်ကွင်းကို အပြည့်အဝ မြင်တွေ့သွားခဲ့ပြီး နေရာတွင်ပင် အေးခဲရပ်တန့်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူမသည် အခန်းထဲ၌ ဤမျှအထိ လက်တွေ့မဆန်အောင် လှပလွန်းလှသော မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့သောကြောင့်ဖြစ်သည်။ ဟွီယင်းကလည်း ရှန်းမြောင်ထုမ်အား တစ်ခဏအတွင်းမှာပင် အကဲခတ်လိုက်သည်။

အင်း... ရုပ်ရည်ကတော့ ကြည့်ပျော်ရှုပျော်ရှိပေမယ့် အဝတ်အစားနဲ့ အပြင်အဆင်ကတော့ သာမန်ပါပဲလား

နောက်ဆုံး ကောက်ချက်ချရလျှင် ရှန်းမြောင်ထုံသည် ရုပ်ရည်ပိုင်းတွင်ရော၊ အရှိန်အဝါပိုင်းတွင်ပါ သူမထက် များစွာ အလှမ်းဝေးလျက် ယုတ်လျော့နေသည်။ဤကောက်ချက်သို့ ရောက်ရှိသွားပြီးနောက် ဟွီယင်း၏ နှုတ်ခမ်းထက်တွင် မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"သခင်မလေး၊ ဘယ်သူ့ကို လာရှာတာလဲလို့ မေးလို့ရမလား"

ရှန်းမြောင်ထုန်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သူမသည် ဖခင်ဖြစ်သူ၏ ခိုင်မာသော ကျောထောက်နောက်ခံကြောင့် အချိန်မဆွဲတော့ဘဲ ရွှယ်အန်း၏ ခြေလှမ်းများနောက်သို့ အနီးကပ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

လတ်တလော ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးအပြီးတွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ တပည့်အားလုံးသည် ဤရှန်းမြောင်ထုံအား သိရှိသွားကြပြီဟု ထင်မှတ်ရပေမည်။ လူတိုင်းက သူမအား ကြီးမြတ်လှသော သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးအဖြစ် အသိအမှတ်ပြုထားကြသည်။ သဘာဝကျစွာပင် မည်သူကမျှ သူမအား တားဆီးရန် မဝံ့ရဲကြချေ။

ထို့ကြောင့် သူမသည် ဤအမြင့်ဆုံးထပ်ရှိ အဆောက်အအုံသို့ လွယ်ကူချောမွေ့စွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ မျှော်လင့်မထားသည်မှာ ရွှယ်အန်းကို တွေ့ရမည့်အစား ဤမျှ အလွန်အမင်း လှပလွန်းလှသော မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံလိုက်ရခြင်းပင် ဖြစ်သည်။ ရှန်းမြောင်ထုံ၏ နှလုံးသားမှာ တဖြည်းဖြည်း တင်းကျပ်လာခဲ့သော်လည်း နှုတ်ခမ်းကို ကိုက်ကာ အားတင်းပြီး မေးလိုက်သည်။

"အ...အရှင်ရွှယ်အန်းကော ဘယ်မှာလဲ"

"အိုး... ငါ့ရဲ့ အစ်ကိုရွှယ် အကြောင်းကို မေးနေတာလား၊ သူ အခုဒီမှာ မရှိဘူး၊ ဒါပေမယ့် ခဏနေရင် ပြန်လာလိမ့်မယ်၊ ကိစ္စရှိလို့လား"

ဟွီယင်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။

"မရှိပါဘူး... ဘာမှမဟုတ်ပါဘူး"

ရှန်းမြောင်ထုန်၏ မျက်လုံးများမှာ ပိုမို ညှိုးနွမ်းသွားသည်။

အစ်ကိုရွှယ်တဲ့လား...

ထိုခေါ်ဝေါ်မှုက ရှန်းမြောင်ထုန်၏ ရင်ဘတ်အား တူနှင့် ထုလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူမအား အသက်ရှူရ ခက်ခဲသွားစေသည်။

"အရှငိရွှယ်အန်းလည်း မရှိဘူးဆိုတော့ ငါအရင် ပြန်နှင့်တော့မယ်"

ထိုသို့ပြောပြီးနောက် ရှန်းမြောင်ထုန်သည် ထွက်ခွာရန် လှည့်လိုက်သည်။ ထိုအချိန်မှာပင် အခန်းထဲ၌ အလင်းရောင်များ တောက်ပလာပြီးနောက် ရွှယ်အန်းသည် ထိုထဲမှ လျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။

ရွှယ်အန်းကို မြင်လိုက်ရသောအခါ ရှန်းမြောင်ထုန်၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ချက်ချင်း ပေါ်လွင်လာခဲ့သည်။ သူမက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ထပ်မံ၍ အေးခဲသွားပြန်သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် အပြင်သို့ထွက်လာပြီးနောက် တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသကဲ့သို့ ဘေးသို့ ချက်ချင်း ဖယ်ပေးလိုက်သောကြောင့်ဖြစ်သည်။ ထို့နောက် တလက်လက် တောက်ပနေသော အလင်းရောင်များကြားမှ ကျက်သရေရှိလှသော မိန်းမပျိုတစ်ဦး၏ ပုံရိပ်က တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

သူမ လျှောက်ထွက်လာသော အမျိုးသမီး၏ အပြည့်အဝ ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသောအခါ ရှန်းမြောင်ထုန်၏ ပါးစပ်မှာ တဖြည်းဖြည်း ပွင့်ဟသွားပြီး သူမမျက်လုံးထဲမှ အလင်းရောင်တို့မှာလည်း တစ်စတစ်စ မှေးမှိန်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမကဲ့သို့ မာနကြီးသူပင်လျှင် အန်းယန်ကို မြင်ပြီးနောက်တွင် ထိုအမျိုးသမီးသည် ရုပ်ရည်နှင့် အရပ်အမောင်း နှစ်ခုစလုံး၌ သူမထက် များစွာ သာလွန်လွန်းနေကြောင်း ဝန်ခံလိုက်ရသောကြောင့်ဖြစ်သည်။

ရွှယ်အန်း၏ မျက်နှာပေါ်မှ အပြုံးနှင့် သူ၏ မျက်လုံးထဲမှ ထင်ရှားလှသော အချစ်များကို မြင်ရသည်မှာ ဤအမျိုးသမီးသည် သူနှင့် အနီးကပ်ဆုံးလူ ဖြစ်မည်မှာ သိသာလှပေသည်။ သူမ တွေးလေတွေးလေ ကိုယ့်ကိုယ်ကိုယ် အရေးမပါသလို ခံစားချက်များ ပိုမိုနက်ရှိုင်းလာသလို ခံစားရသည်။ သူမ ခေါင်းပင် မမော့ရဲတော့ချေ။ ဤနေရာသို့ လာရာလမ်းတစ်လျှောက် သူမမက်ခဲ့သမျှ လှပသော နေ့ခင်းအိပ်မက်များအားလုံး ထိုစက္ကန့်မှာပင် တစ်စစီ ရိုက်ချိုးခံလိုက်ရသည်။

ထိုအချိန်တွင် အန်းယန်ကလည်း ရှန်းမြောင်ထုန်ကို သတိပြုမိသွားသည်။ အန်းယန်သည် ရွှယ်အန်းနှင့် နတ်ဘုရားအာရုံမှတစ်ဆင့် မကြာခဏ ဆက်သွယ်ခဲ့မှုကြောင့် ဤမိန်းကလေးကို သဘာဝကျစွာပင် သိနေခဲ့သည်။

သို့သော်လည်း ဤအခြေအနေအရ သူမ ဘာမျှပြောရန် မလိုအပ်ပေ။ သူမသည် ရွှယ်အန်းကို တစ်ချက်သာကြည့်လိုက်ပြီးနောက်လှည့်ကာ ထွက်သွားသည်။ ရွှယ်အန်းသည် ရှန်းမြောင်ထုန်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် နားလည်သွားကာ ခပ်ဟဟ ပြုံးမိသွားသည်။

"မင်းရဲ့ မိသားစုက မင်းကို ဒီကို လွှတ်လိုက်တာလား"

ရှန်းမြောင်ထုန်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းငုံ့ကာ ပြန်ဖြေစည်။

"ဟုတ်... ဟုတ်ပါတယ်"

"ကောင်းပြီလေ၊ မင်းအဖေက ဒီလိုဆုံးဖြတ်ထားမှတော့ မင်း ဒီမှာပဲ နေလိုက်တော့ပေါ့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းလည်း လှည့်၍ ထွက်သွားခဲ့သည်။ ရှန်းမြောင်ထုန်သည် မျက်လွှာချကာ တိတ်ဆိတ်နေခဲ့ပြီး အဆုံးတွင် အရိုအသေပေးကာ သူမကိုယ်သူမသာ ကြားရုံလေသံဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

သို့သော် ထိုစဉ်မှာပင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံအောက်ခြေမှ ခေါင်းလောင်းထိုးသံများ ထွက်ပေါ်လာခဲ့သည်။ လူတိုင်း အံ့အားသင့်မိသွားသည်။

ခေါင်းလောင်းသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တည်ထောင်ခြင်းအခမ်းအနား၌ ထိုးခြင်းမှလွဲ၍ အထူးအဆင့်အတန်းရှိသော ဧည့်သည်တော်တစ်ဦး ရောက်ရှိလာပါက လူတိုင်းကို အသိပေးရန်အတွက်လည်း ခေါင်းလောင်းထိုးလေ့ရှိသည်။

ဒီတစ်ကြိမ် ဧည့်သည်ရောက်လာတာများလား...

ဤမေးခွန်း ပေါ်ထွက်လာပြီးသည့်နောက် တောင်အောက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျင့်ကြံခြင်းပြိုင်ပွဲပွဲတော်မှ သံတမန်က ရွှေရောင်ဆေးမီးဖိုရိပ်မြုံချုပ်ကို လာရောက် ဂါရဝပြုပါတယ်"

ထိုအသံမှာ မကျယ်လောင်သော်လည်း ရွှေရောင်ဆေးမီးဖိုရိပ်မြုံတစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားလေသည်။

"ယောကျ်ား..."

အန်းယန်မှာ အံ့သြသွားခဲ့သည်။ ရွှယ်အန်းက အနည်းငယ် ပြုံးပြလိုက်သည်။

"ကောင်းပြီ... သတင်းစကားကို ငါ လက်ခံရရှိပါတယ်"

ထို့နောက် တည်ငြိမ်သော လေသံဖြင့်ပြောသည်။

"ကျေးဇူးပြုပြီး တက်လာခဲ့ပါ"

မကြာမီမှာပင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ကျယ်ဝန်းသော ဧည့်ခန်းမကြီးသည် ဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများဖြင့် ပြည့်လျှံသွားသည်။ ဤအချိန်အတွင်း ရွှေရောင်ဆေးမီးဖိုရိပ်မြုံတစ်ခုလုံးသည် အေးစက်သော မန္တန်တစ်ခုအောက်သို့ ကျရောက်နေသကဲ့သို့ တိတ်ဆိတ်နေခဲ့ပြီး အချို့က ဂိုဏ်းမှ ထွက်ခွာရန်ပင် တွေးနေခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းတွင် မည်သည့် နောက်ခံမှမရှိသလို သူ ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို မည်သူကမျှ မသိကြပေ။ ယခု ကောလာဟလများတွင် ဖော်ပြထားသော ကျင့်ကြံခြင်းပြိုင်ပွဲမှ သံတမန်တစ်ဦးပင် ရောက်ရှိလာပြီဖြစ်ရာ ဤလူများသည် ရွှယ်အန်းအနေဖြင့် အခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သဘာဝကျစွာပင် မြင်တွေ့ချင်မိသည်။ သို့သော်လည်း ရွှယ်အန်းသည် အန်းယန်၊ ဟွီယင်းတို့နှင့်အတူ ဧည့်ခန်းမအတွင်းသို့ ထွက်ပေါ်လာသောအခါ ဆူညံနေသော ခန်းမကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး လူများစွာမှာ အန်းယန်၏ အမူအရာကြောင့် အံ့အားသင့်ကာ အသံတိတ် ငေးမောကြည့်နေခဲ့ကြသည်။

ထိုစဉ် ဓားတစ်လက်ကဲ့သို့ ဖြောင့်မတ်ပြီး ရေခဲကဲ့သို့ အေးစက်နေသော လူငယ်တစ်ဦးသည်ဧည့်ခန်းမထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့သည်။

"မင်းက... ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ ဂိုဏ်းချုပ်လား"

ထိုလူငယ်က ခန်းမအလယ်သို့ လျှောက်သွားကာ ရွှယ်အန်းအားမော့ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။

"ငါ မဟုတ်ဘူး"

ရွှယ်အန်းက ပြုံး၍ဖြေသည်။

"ဟင်"

လူငယ်က အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပြသလိုက်ပြီးနောက် ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းတို့ရဲ့ ဂိုဏ်းချုပ်ကို ဒီခေါ်လိုက်စမ်း"

သူ၏ စကားများက အတော်လေး ရိုင်းစိုင်းလှသည်။ သို့သော် ရွှယ်အန်းက ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"သူက တံခါးပိတ်ကျင့်ကြံနေလို့ အခုလောလောဆယ်တော့ လာနိုင်မှာ မဟုတ်ဘူး၊ ငါ့ကိုပဲ ပြောလိုက်ပါ၊ အဆင်ပြေပါတယ်"

လူငယ်မှာ မျက်မှောင်ကြုတ်သွားသည်။

"မင်းကို ပြောရမယ် ဟုတ်လား..."

"ဟုတ်တယ်လေ"

ရွှယ်အန်းက အလွန် ရိုးသားစွာ ပြုံးပြလိုက်သည်။ လူငယ်သည် လူအုပ်ကြီးကို အကဲခတ်ကြည့်လိုက်ရာ ကြောက်ရွံ့စိုးထိတ်နေသော မျက်လုံးများစွာပယး သတိပြုမိသွားပြီး သူ၏ မျက်လုံးအစုံ၏ အနက်ရှိုင်းဆုံးနေရာ၌ အထင်အမြင်သေးမှုအရိပ်အယောင်တစ်ခုက ဖြတ်ပြေးသွားခဲ့သည်။

အမြဲတမ်း အောက်ဆုံးအဆင့်မှာပဲ ရှိနေတယ်လို့ ကောလာဟလထွက်နေတဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံနဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်၊ ဒီတံခါးစောင့်တပည့်တွေရဲ့ စိတ်ဓာတ်ကို ကြည့်ရုံနဲ့ ဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ သိနိုင်တာပဲ...

ထို့ကြောင့် သူသည် အေးစက်စက် ပြုံးလိုက်သည်။

"ကောင်းပြီလေ... ဘယ်သူ့ကို ပြောပြော အတူတူပါပဲ၊ ငါက ငါတို့ အချစ်မပြေခြံဝင်း သခင်ရဲ့ အမိန့်ကို လာရောက် အကြောင်းကြားပေးတာပါ၊ စကြဝဠာပေါင်းစုံမှာရှိတဲ့ ဂိုဏ်းကြီးတွေအားလုံးကို အသိပေးချင်တာက လာမယ့် ကျင့်ကြံခြင်းပြိုင်ပွဲကို ငါတို့ရဲ့ တတိယမြောက် ကောင်းကင်ဘုံလိုဏ်ဂူဖြစ်တဲ့ အချစ်မပြေခြံဝင်းမှာ ကျင်းပသွားမယ်ဆိုတာပဲ"

"အချိန်ကျရင် အချိန်မီ တက်ရောက်ကြပါ”

အခန်း (၁၃၀၄) သေချာနားထောင်ပြီးရင် ထွက်သွားလိုက်စမ်း

လူအုပ်ကြီးသည် ဂနာမငြိမ်ဖြစ်ကာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။

ထိုလူငယ်၏ မျက်နှာထက်တွင် လှောင်ပြောင်လိုသော အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီးနောက် မောက်မာစွာ မေးလိုက်၏။

"ကဲ... ရွှေမီးဖိုကျောင်းဆောင်က ပါဝင်ယှဉ်ပြိုင်မှာလား၊ မပြိုင်ဘူးလား၊ အခုချက်ချင်း ငါ့ကို အဖြေပေး"

"အို... ငါတို့က မပြိုင်ဘူးလို့ ရွေးချယ်ခွင့်ရှိလို့လား"

ရွှယ်အန်းက ရုတ်တရက် တုံ့ပြန်လိုက်သည်။ လူငယ်သည် အေးစက်စွာ နှာမှုတ်လိုက်၏။

"တခြား လှိုဏ်ဂူကမ္ဘာတွေဆိုရင်တော့ သေချာပေါက် မရဘူးပေါ့၊ ဒါပေမဲ့ မင်းတို့ ရွှေမီးဖိုကျောင်းဆောင်အတွက်ကတော့..."

လူငယ်သည် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသော လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ပြီး လှောင်ပြုံးပြုံးသည်။

"မင်းတို့ ဝင်ပြိုင်ပြိုင်၊ မပြိုင်ပြိုင် သိပ်တော့ ကွာခြားသွားမှာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းတို့က နောက်ဆုံးအဆင့်ပဲ ရမှာလေ"

ထိုစကားကား အလွန်တရာ မောက်မာပြီး ရိုင်းစိုင်းလွန်းလှသည်။ လူအုပ်ကြီးသည် ဆူညံသွားပြီး လူများစွာ၏ မျက်နှာများမှာလည်း သိသိသာသာ ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤစကားသည် အနိုင်ကျင့်လွန်းရာ ကျနေသောကြောင့်ပင်။

ရွှေမီးဖိုကျောင်းဆောင်၏ ယခင်က စွမ်းဆောင်ရည်များ ညံ့ဖျင်းခဲ့လျှင်တောင်မှ သာမန် သတင်းပို့သမားတစ်ယောက်က စော်ကားဝံ့သည့် အရာမျိုး မဟုတ်ပေ။

ထို့ကြောင့် လူအများအပြားသည် ရွှယ်အန်း ဤအခြေအနေကို မည်သို့ ဖြေရှင်းမည်နည်းဟု စပ်စုလိုစိတ်ဖြင့် သူ၏ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်ကြ၏။

ရွှယ်အန်းသည် ကုလားထိုင်နောက်မှီကို မှီချလိုက်ပြီး ထိုလူငယ်ကို နောက်ပြောင်ချင်သော အကြည့်ဖြင့် အကဲခတ်လိုက်ကာ သူ၏ နှုတ်ခမ်းထောင့်များ ပင့်တက်သွားပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"မင်းရဲ့ ဒီစကားတွေက... အချစ်ခြံဝန်းကို ကိုယ်စားပြုတာလား၊ ဒါမှမဟုတ် မင်းကိုယ်မင်း ကိုယ်စားပြုတာလား"

သူ၏ အသံမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်သော်လည်း လွှမ်းမိုးနိုင်စွမ်းရှိသော ကြက်သီးထဖွယ် အငွေ့အသက်များ ပါဝင်နေသည်။ လူငယ်သည် တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသော်လည်း အံ့ကိုကြိတ်ကာ အေးစက်စက်ဖြင့်ပြော၏

"အချစ်ခြံဝန်းကို ကိုယ်စားပြုပြု၊ ငါ့ကိုယ်ငါပဲ ကိုယ်စားပြုပြု ဘာကွာသွားမှာမို့လို့လဲ"

ရွှယ်အန်း၏ လက်ချောင်းများက ကုလားထိုင်လက်တန်းကို ခပ်ဖွဖွ ခေါက်နေရင်း ပြောသည်။

"ရိုးရှင်းပါတယ်။ ဒီသတင်းစကားက မင်းရဲ့ ဂိုဏ်းဆီကဆိုရင်တော့ မင်းရဲ့ဂိုဏ်း ဆက်တည်ရှိဖို့ လို၊ မလို ငါ စဉ်းစားရလိမ့်မယ်"

"မင်းရဲ့ ကိုယ်ပိုင်သဘောထားဆိုရင်တော့..."

ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ လေသံမှာ ခြိမ်းခြောက်သည့်ဟန်သို့ ပြောင်းလဲသွား၏။

"ဒီလိုစကားမျိုး ပြောထွက်ဖို့ ဘယ်အရာက မင်းကို သတ္တိတွေ ပေးလိုက်တာလဲဆိုတာ ငါ တော်တော်လေး သိချင်သွားပြီ"

ထိုအမေးစကားကြောင့် လူငယ်၏ မျက်လုံးနက်နက်ထဲတွင် အထိတ်တလန့်ဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းကို ရင်ဆိုင်ရာတွင် သူသည် မြူမှုန်စာမျှပင် ပြန်လည်ခုခံနိုင်စွမ်း မရှိကြောင်းကို သဘောပေါက်သွားသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ရွှယ်အန်း ပြုံးလိုက်ချိန်တွင် အရိုးထဲထိ စိမ့်ဝင်သွားသော အေးစက်မှုကိုသာ ခံစားလိုက်ရ၏။

ထိုအရာက သူ၏ နှလုံးသားကို အဆက်မပြတ် တုန်ခါသွားစေပြီး နောက်ဆုံးတွင် သူ၏ မောက်မာသော ခေါင်းကို ငုံ့သွားစေကာ တိုးတိတ်သော အသံဖြင့် ပြောသည်။

"ကျွန်တော် တောင်းပန်ပါတယ်၊ ခုနက ကျွန်တော့်စကားတွေ တကယ်ပဲ မသင့်တော်ခဲ့ပါဘူး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

သို့ရာတွင် ရွှယ်အန်းက သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ သူ၏ လက်ချောင်းများကို ဆက်လက် လှုပ်ရှားနေရင်း ပေါ့ပေါ့ဆဆပင် ပြောလိုက်၏။

"မင်းကို လွှတ်လိုက်တဲ့သူဆီ ပြန်သွားပြီး ပြောလိုက်၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ဝင်ပြိုင်ရုံတင်မကဘူး၊ ဒီမဟာပြိုင်ပွဲကြီးမှာ ပထမနေရာကိုပါ ရယူမယ်လို့"

ဝုန်း!

ရွှယ်အန်း၏ စကားသည် ကြီးမားလှသော ဗုံးတစ်လုံးကဲ့သို့ အစည်းအဝေးခန်းမထဲတွင် မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။

"ဘာ၊ ဒီမဟာပြိုင်ပွဲကြီးမှာ ပထမနေရာ၊ ငါများ နားကြားမှားသွားတာလား"

ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ အကြီးအကဲတစ်ဦးက အံ့ဩတကြီး မေးလိုက်သည်။

"ဟုတ်ပါ့၊ အရူးတစ်ယောက်ရဲ့ အိပ်မက်ကျနေတာပဲ"

အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်၏။

"ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ၊ ပထမလှိုဏ်ဂူကမ္ဘာက ဓားနတ်ဘာရားတွေကို ထည့်မတွက်ရင်တောင် အချစ်ခြံဝန်းနဲ့ ရင်ဆိုင်ရတာကိုက တော်တော်လေး ဒုက္ခရောက်နေပြီ၊ ငါ့အမြင်တော့ ဒီတစ်ခေါက် နောက်ဆုံးအဆင့် မဖြစ်တာတင် တော်တော်လေး ကောင်းနေပြီ"

အခြားသူတစ်ဦးက ခေါင်းခါပြီး သက်ပြင်းချလာသည်။ လူငယ်သည် အလွန်အံ့ဩသွားပြီးနောက် ခေါင်းကိုမော့ကာ ရွှယ်အန်းအား မှင်တက်နေသော မျက်နှာဖြင့် ကြည့်လိုက်၏။

"ဒါက..."

"ဘာဘဲ"

ရွှယ်အန်းသည် ခေါင်းမော့ကာ ညင်သာစွာ ပြောလိုက်သည်။

"သေချာ မကြားလိုက်ဘူးလား"

လူငယ်သည် ခေါင်းကို ငုံ့လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

"သေချာ ကြားလိုက်ပါတယ်"

"ကောင်းပြီ၊ ဒါဆို ထွက်သွားစမ်း"

ရွှယ်အန်းက နှင်ထုတ်သည့်ဟန်ဖြင့် ပြောသည်။ ထိုအမူအရာက ဆူညံနေပြီဖြစ်သော လူအုပ်ကြီးကြားတွင် နောက်ထပ် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြန်သည်။

သိထားရမည်မှာ ယခင်က ရွှေမီးဖိုဂိုဏိးသည် တာအိုမဟာပြိုင်ပွဲကြီးမှ သတင်းပို့သမားများအား အပြစ်လုပ်မိမည် စိုးရိမ်သဖြင့် အလွန်တရာ လေးစားစွာ ဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ရှရွှယ်အန်းသည် မဆင်မခြင် စကားပြောရုံသာမက တစ်ဖက်လူအား ထွက်သွားရန် ပြတ်ပြတ်သားသား ပြောဆိုသေးသည်။ အခြားအရာများကို ထည့်မပြောလျှင်တောင် ဤအရှိန်အဝါတစ်ခုတည်းကပင် ယခင်က ဖူကွမ်ထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွင်းရှိ လူငယ်တပည့် အများအပြားမှာ စိတ်လှုပ်ရှားသွားကြပြီးရွှယ်အန်းအပေါ် ထားရှိသော သူတို့၏ အကြည့်များတွင် စစ်မှန်သော လေးစားမြတ်နိုးမှုများ ပါဝင်နေသည်။ ဤလူငယ်များအတွက်ကတော့ သူတို့သည် ရွှယ်အန်း၏ ခက်ထန်ပြတ်သားမူကို သဘောကျနေကြသည်။

သို့သော် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အကြီးအကဲများ အပါအဝင် လူအများအပြားကမူ တိတ်တဆိတ် ခေါင်းခါနေကြ၏။ ရွှယ်အန်း၏ လုပ်ရပ်သည် အနည်းငယ် မောက်မာလွန်းသည်ဟု သူတို့ ယူဆကြပြီး မလိုအပ်သော ပြဿနာများကို အလွယ်တကူ ဖိတ်ခေါ်နိုင်သည်ဟု ခံစားနေကြရသည်။

ထိုလူငယ်သည် ပြင်းထန်စွာ တုန်ယင်သွားသည်ကို မြင်လိုက်ရပြီး သူ၏ မျက်နှာပေါ်တွင် ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာကာ ထိုအရာကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက် ခေါင်းကို လေးလေးပင်ပင် ညိတ်ကာ အလွန် တောင့်တင်းသော လေသံဖြင့်ပြော၏။

"ကောင်းပြီ၊ ခင်ဗျားရဲ့ သတင်းစကားကို ကျွန်တော် သေချာပေါက် ပို့ပေးပါ့မယ်၊ နောက်ပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံကိုလည်း ကြိုတင်ပြင်ဆင်ခိုင်းထားလိုက်ပါ၊ နှုတ်ဆက်ခဲ့ပါတယ်"

ထိုသို့ပြောပြီးနောက် သူသည် တွေဝေခြင်းမရှိဘဲ လှည့်ထွက်သွားလေသည်။ ရှန်မြောင်ထုန်သည် အံ့ကို တိတ်တဆိတ် ကြိတ်လိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာကာမေးသည်။

"သခင်... ကျွန်မတို့..."

ရွှယ်အန်းက လက်ကာပြလိုက်ပြီးပြောသည်။

"မလိုဘူး"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သတင်းလာပို့သော လူငယ်အား အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး သူ၏ အကြည့်များကို ပြန်ရုပ်သိမ်းကာ ပြောလိုက်သည်။

"ပြင်ဆင်ထားကြ၊ ငါတို့ ဒီနေ့ပဲ တတိယလှိုဏ်ဂူကမ္ဘာကို... ထွက်ခွာမယ်"

ဧည့်ခံခန်းမအတွင်းရှိ တပည့်များစွာက တစ်ပြိုင်နက် အရိုအသေပေးလျက် ပြန်ဖြေကြ၏။

"ဟုတ်ကဲ့ပါ"

အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများကို မြင်တွေ့နေရသော်လည်း အဆုံးတွင် အားလုံး ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ကြသည်။

ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ စတင်ပြင်ဆင်နေချိန်တွင်ပင် သတင်းလာပို့သော လူငယ်သည် ထွက်ခွာလာပြီးနောက် တတိယလှိုဏ်ဂူကမ္ဘာသို့ တိုက်ရိုက် မပြန်ဘဲ ဆန့်ကျင်ဘက် အရပ်ဆီသို့ ပျံသန်းသွားလေသည်။ နာရီဝက်ခန့် အကြာတွင် ရှေ့၌ မြို့ငယ်လေးတစ်မြို့ ပေါ်လာ၏။ လူငယ်၏ မျက်လုံးများ တောက်ပသွားပြီး မြို့ထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားကာ ခြံဝန်းတစ်ခုထဲသို့ ဆင်းသက်လိုက်သည်။

ခြံဝန်းထဲရှိ ပရုတ်ပင်အောက်တွင် စိမ်းပြာနုရောင် ဝတ်ဆင်ထားပြီး ဝိညာဉ်တစ်ကောင်ကဲ့သို့ အလွန်တရာ လှပဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးသည် ဒန်းစီးနေသည်။လူငယ် ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် ဖားယားလိုသော အပြုံးတစ်ခု ပေါ်လာပြီး အသက်ရှူသံများပင် သိသိသာသာ ပြင်းထန်လာ၏။

"အစ်မ"

ဒန်းလေး တဖြည်းဖြည်း ရပ်တန့်သွားပြီး အမျိုးသမီးက ပြုံးယောင်သမ်းကာ မေးလာသည်။

"ဘယ်လိုနေလဲ"

အမျိုးသမီး၏ အပြုံးကို မြင်လိုက်ရသောအခါ လူငယ်မှာ မှင်တက်သွားပုံရပြီး အသိစိတ် ပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရကာ ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။

"အစ်မကို သတင်းပို့ပါတယ်။ ကျွန်တော် သတင်းစကား ပါးပြီးပါပြီ"

"အို... ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ဘာပြောလိုက်လဲ"

အမျိုးသမီးက ပြုံးလျက် မေးသည်။

လူငယ်သည် ကြောင်တောင်တောင် ဖြစ်နေပြီး အမျိုးသမီးကို စိုက်ကြည့်ကာ ပြန်ဖြေသည်။

"ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ဒီမဟာပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ စီစဉ်နေပါတယ်၊ ပြီးတော့ သူတို့က ပထမနေရာ ရဖို့တောင် ရည်မှန်းထားတယ်လို့ ပြောပါတယ်"

ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ မျက်လုံးများ တောက်ပသွားသည်။

"ဘယ်လို"

ထိုလေသံနှင့်အတူ ယခင်က ပွင့်လန်းနေသော ပရုတ်ပင်သည် ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး အမျိုးသမီးသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ကာ သူမ၏ ပြင်းထန်သော အကြည့်များဖြင့် လူငယ်ကို စိုက်ကြည့်လျက် ပြော၏။

"ငါ ခိုင်းတဲ့အတိုင်း နငိ အတိအကျ ပြောခဲ့တာလား"

လူငယ်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အလျင်စလို ခေါင်းညိတ်သည်။

"ဟုတ်ကဲ့၊ အစ်မကြီး ခိုင်းတဲ့အတိုင်း ကျွန်တော် အတိအကျ ပြောခဲ့ပါတယ်"

အမျိုးသမီး၏ မျက်နှာတွင် တွေဝေမှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး တိုးတိတ်စွာ ရေရွတ်လိုက်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ရွှေမီးဖိုဂိုဏိးက တော်တော်လေး အားနည်းသွားပြီ ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်၊ ပြီးတော့ လုမိသားစု ကိစ္စနဲ့ဆိုရင် သူတို့တွေ အရူးမှမဟုတ်တာ ပြဿနာတွေကို ရှောင်လွှဲဖို့ ကြိုးစားရမှာ မဟုတ်ဘူးလား"

ထိုစဉ် အမျိုးသမီးသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းကို အဲ့စကားပြောခဲ့တဲ့သူက... လူငယ်တစ်ယောက်လား”

အခန်း (၁၃၀၅) - ရည်မှန်းချက်ကြီးတာက မကြောက်စရာမကောင်းပါဘူး၊ ဒါပေမဲ့ ရိုသေလေးစားရမယ်ဆိုတာကိုတော့ သိထားရမယ်

လူငယ်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာထက်တွင် မလိုမုန်းထားမှုများ ပေါ်လွင်နေသည်။

"ဟုတ်တယ်၊ အဲ့ကောင်က တော်တော်လေး မောက်မာတာပဲ၊ ကျွန်တော့်ကိုတောင် မလေးမစား ပြောလွှတ်လိုက်သေးတယ်၊ ဒါပေမဲ့ သူ့ဘေးက မိန်းမတွေကတော့ တကယ်ကို လှတာပဲ၊ သူတို့ကိုသာ ဖမ်းနိုင်ရင် ကျွန်တော်တို့အတွက် ထူးကဲတဲ့ အချစိမီးပြင်းဖို အများကြီး ဖန်တီးလို့ရပြီ"

ထိုစကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် လူငယ်၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအာရုံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ အမျိုးသမီးသည် အလန့်တကြား အော်ဟစ်လိုက်၏။ သို့သော် သူမ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် လူငယ်၏ ခေါင်းသည် ပေါက်ကွဲထွက်သွားပြီး နတ်ဘုရားအာရုံ၏ ကြွင်းကျန်ရစ်သော စွမ်းအားများက သူမကို အဝေးသို့ လွင့်စင်သွားစေသည်။

ဝုန်း

အမျိုးသမီးသည် နံရံများစွာကို တစ်ခုပြီးတစ်ခု ဖြတ်သန်းတိုက်မိပြီးနောက် အဆုံးတွင် အောက်သို့ ကျဆင်းလာကာ ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ထိုအချိန်တွင် ရွှယ်အန်း၏ အေးစက်စက် အသံမှာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာ၏။

"ဒီကိစ္စမှာ ပြဿနာရှာဖို့ မင်းမှာ အရည်အချင်းရှိတယ်လို့ ထင်နေလား"

အမျိုးသမီး၏ မျက်နှာထက်တွင် အကြောက်တရားများ ပေါ်လာပြီး သူမ၏ တစ်ကိုယ်လုံး ထိန်းမရသိမ်းမရ တုန်ယင်နေသည်။

"မင်းရဲ့ဂိုဏ်းနဲ့ တခြား လှိုဏ်ဂူကမ္ဘာတွေကို ပြန်ပြောလိုက်၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက တာအိုမဟာပြိုင်ပွဲကြီးမှာ သေချာပေါက် နိုင်ကိုနိုင်ရမယ်လို့၊ ငါပြောတာကို သေချာမှတ်သွား"

အမျိုးသမီးသည် အလျင်စလို ခေါင်းညိတ်လာသည်။

"ဟုတ်... ဟုတ်ကဲ့ပါ"

ထို့နောက် အချိန်အတန်ကြာ တိတ်ဆိတ်သွားလေသည်။ အမျိုးသမီးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းကို တိတ်တဆိတ် ပြန်မော့ကြည့်လိုက်၏။ သူမရှေ့ကို ပြန်ကြည့်လိုက်သောအခါ မည်သူမျှ မရှိတော့ပေ။ အဝေးမှ မြေပြင်ပေါ်ရှိ ခေါင်းမရှိသော အလောင်းနှင့် ပြိုကျပျက်စီးနေသော နံရံများမှလွဲ၍ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သမျှသည် အိပ်မက်တစ်ခုထက် မပိုသကဲ့သို့ ထင်ရလေသည်။

အမျိုးသမီးသည် ဆူပွက်နေသော သွေးများအား တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် ခံစားချက်ဖြင့် အစားထိုး ဝင်ရောက်လာ၏။

"လုလင်းဖန်... နင် တရားကျင့်ကြံဖို့ တံခါးပိတ်နေတုန်း နင့်မိသားစု သုတ်သင်ခံလိုက်ရလိမ့်မယ်လို့ အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ဘူး၊ အခု အခြေအနေကို ကြည့်ရတာ ဒီကိစ္စကို လုပ်တဲ့သူက ငါအရင်က ထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်"

"ဒီသတင်းကိုကြားရင် နင် ဘယ်လို တုံ့ပြန်မလဲဆိုတာကို ငါ တကယ်ပဲ စောင့်ကြည့်ချင်နေပြီ"

အမျိုးသမီး၏ နှုတ်ခမ်းထောင့်များ ပင့်တက်သွားပြီး မနာလိုမှုနှင့် အငြိုးအတေးများ ပြည့်နှက်နေသော အပြုံးတစ်ခုကို ဖော်ဆောင်လိုက်သည်။

သူမသည်လည်း တတိယလှိုဏ်ဂူကမ္ဘာ၏ အချစ်ခြံဝန်းမှ တပည့်တစ်ဦးဖြစ်ပြီး ထို့အပြင် အတွင်းစည်း တိုက်ရိုက်တပည့်တစ်ဦးလည်း ဖြစ်သည်။ သို့သော် ဂိုဏ်းသို့ စတင်ဝင်ရောက်လာချိန်မှစ၍ အလိုလိုက်ခံရကာ ပါရမီနှင့် ရုပ်ရည် နှစ်ခုစလုံးတွင် သူမထက် သာလွန်နေသော လုလင်းဖန်နှင့် နှိုင်းယှဉ်လျှင်မူ ပိုင်ဟန်၏ အခြေအနေမှာ များစွာ သာမန်ဆန်လွန်းနေခဲ့သည်။

မကြာခဏဆိုသလိုပင် သူမသည် လုလင်းဖန်အား ပို၍ပေါ်လွင်စေရန် နောက်ခံလူတစ်ဦးအဖြစ်သာ တည်ရှိခဲ့ရသည်။

ပိုင်ဟန်သည်ညမနာလိုစိတ်များ ပြည့်နှက်နေသော်လည်း စွမ်းအား နိမ့်ကျနေမှုကြောင့် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ သူမသည် တာအိုမဟာပြိုင်ပွဲကြီး၏ သတင်းပို့သမားအဖြစ် အဓိက လှိုဏ်ဂူကမ္ဘာကြီးများထံသို့ သတင်းစကားများ ပေးပို့ရန် စေလွှတ်ခံခဲ့ရသည်။

ရွှေရောင်အလင်း လှိုဏ်ဂူကမ္ဘာသို့ သူမ ရောက်ရှိလာချိန်တွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံအား ရွှယ်အန်းက ဖျက်ဆီးလိုက်သည်ဟူသော သတင်းမှာ သူမ ထွက်မခွာရသေးမီမှာပင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ ပိုင်ဟန်၏ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာကာ သူမကိုယ်သူမ ထုတ်မပြတော့ဘဲ ဘေးတွင်ပုန်းကွယ်၍ အေးစက်စွာ စောင့်ကြည့်နေခဲ့၏။

ထို့နောက် ရွှယ်အန်းသည် လုမိသားစုကိုပါ အမြစ်ဖြတ် သုတ်သင်လိုက်ပြီဟူသော သတင်း ထွက်ပေါ်လာသောအခါ ပိုင်ဟန်မှာ အတိုင်းမသိ ဝမ်းသာသွားလေသည်။

ဤသည်မှာ လုလင်းဖန်ကို ရှင်းလင်းရန် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သူမ ခပ်ရေးရေး ခံစားလိုက်ရသည်။

ထို့ကြောင့် သူမသည် ဤကိစ္စကို စတင် အကြံအစည်ထုတ်တော့၏။

ယခုတစ်ကြိမ် သတင်းပေးပို့ရန် စေလွှတ်လိုက်သော လူငယ်မှာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ရည်ရွယ်ချက်များကို စူးစမ်းရန် သူမ ယာယီအကူအညီတောင်းထားသူ တစ်ဦးသာ ဖြစ်သည်။ သို့သော် ရွှယ်အန်း ထွက်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ထိုနတ်ဘုရားအာရုံ၏ ကြီးမားကျယ်ပြန့်မှုနှင့် စွမ်းအားများကို ပြန်လည်သတိရလိုက်သောအခါ ပိုင်ဟန်၏ ရင်ခုန်သံများ မြန်ဆန်လာပြီး သူမမျက်နှာမှာ တဖြည်းဖြည်း နီမြန်းလာကာ တခစ်ခစ် ရယ်မောလိုက်သည်။

"ဒီ တာအိုမဟာပြိုင်ပွဲကြီးက တော်တော်လေး ပွဲကြမ်းတော့မယ့်ပုံပဲ၊ ငါ တကယ်ကို စောင့်မျှော်နေပြီ"

ထို့နောက် သူမ၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် ခြံဝန်းထဲမှ ပျောက်ကွယ်သွားလေသည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှိ ရွှယ်အန်းသည်လည်း သူ၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်၏။

လူငယ်၏ အပေါ်ရှိ နတ်ဘုရားအာရုံမှာ သူ ချန်ထားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် လူငယ်အယး မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဝိညာဉ်သည် တစ်စုံတစ်ခုနှင့် ရစ်ပတ်နှောင်တွယ်နေကြောင်း သတိထားမိခဲ့သောကြောင့် ဖြစ်၏။

ထိုအရာများသည် သူ၏ လုပ်ရပ်များကို တိုက်ရိုက် မထိန်းချုပ်နိုင်သော်လည်း သူ၏ ခံစားချက်များကို မသိမသာ လွှမ်းမိုးထားနိုင်လေသည်။ ထို့ကြောင့်ရွှယ်အန်းသည် အတွေးတစ်ခု ဝင်လာကာ လူငယ်၏ အပေါ်တွင် နတ်ဘုရားအာရုံတစ်ခုကို ချန်ထားခဲ့ခြင်းဖြစ်သည်။ ရွှယ်အန်းသည် အစက ဤနည်းလမ်းကို အသုံးပြု၍ သူ၏ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူ မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေရန် ရည်ရွယ်ထားခဲ့သည်။

သို့ရာတွင် ထိုလူငယ်က ယန်အာနှင့် အခြားသူများကို မောက်မာရိုင်းစိုင်းစွာ စကားပြောဝံ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ရွှယ်အန်းသည် သူ့အား တမလွန်သို့ ပို့ပေးရန် ဝန်လေးမနေခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့်...

ရွှယ်အန်း၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ပိုင်ဟန်သည် မည်မျှပင် နက်နဲစွာ ဖုံးကွယ်ထားစေကာမူ ရွှယ်အန်းကမူ သူမ၏ မျက်လုံးထဲရှိ ရည်မှန်းချက်များကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်စွမ်း ရှိခဲ့သည်။

ရွှယ်အန်းသည် ရည်မှန်းချက်ကြီးသူများကို မုန်းတီးခြင်း မရှိပေ။ အမှန်တကယ်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လှသော စကြဝဠာကြီးထဲ၌ အင်အားကြီးသူ တစ်ယောက် ဖြစ်လာရန်အတွက် အတိုင်းအတာ တစ်ခုအထိ ရည်မှန်းချက်ကြီးမှုနှင့် ရက်စက်မှုတို့ ရှိထားရန် လိုအပ်သည်။

သို့သော် အဓိကအချက်မှာ အကြောက်တရားဆိုသည်ကို သိရှိထားရန် လိုအပ်သည်။ သို့မဟုတ်ပါက ရွှယ်အန်းသည် သူမကို လက်တွေ့ သင်ခန်းစာပေးရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ ထိုအချိန်တွင် ရုတ်တရက် အဝေးမှ ကျယ်လောင်သော ဟိန်းထွက်သံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တစ်ခုလုံး စတင် တုန်ခါလာသည်။

"ဂိုဏ်းချုပ်ရှင်းပဲ"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ ရွှယ်အန်း အနည်းငယ် လန့်သွားပြီးနောက် ရယ်မောလိုက်ကာ သူ့ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး အမြင့်ဆုံး အဆောက်အအုံဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် မူလက နံရံကို မျက်နှာမူ၍ ထိုင်နေခဲ့သော ရှင်းယွီရှုအား ခန့်မှန်း၍မရနိုင်အောင် အတက်အကျ ဖြစ်နေသော အလင်းရောင်များက ဝန်းရံထားသည်ကို သူ မြင်လိုက်ရသည်။ ၎င်းမှာ တစ်စုံတစ်ခုက ၎င်း၏ အခွံထဲမှ ရုန်းထွက်ရန် နာကျင်စွာ ရုန်းကန်နေရသကဲ့သို့ ရှိနေ၏။ ရှောင်ယုမှာ စိုးရိမ်တကြီးဖြင့် သူမ၏ ရေဘဝဲလက်တံများကို ထုတ်ဖော်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် လက်များကို ဝှေ့ယမ်းလျက် ပြောလိုက်သည်။

"ဒုက္ခပါပ၊ ငါ အခုလေးတင် ဂိမ်းအဆင့်တစ်ခုကို အောင်တော့မလို့ဟာကို၊ ဒီတုန်ခါမှုကြီးကြောင့် ငါ အစကနေ ပြန်ကစားရတော့မယ်"

ရွှယ်အန်းသည် ပြုံးလျက်ဖြင့် ပြောစရာ စကားပင် မရှိတော့ဘဲ ရှေ့သို့ လှမ်းလာသည်။ သူသည် နာကျင်နေသော ရှင်းယွီရှု အနီးသို့ ရောက်သောအခါ ပြောလိုက်သည်။

"အိပ်မက်တစ်ခုမှန်း သိနေရက်နဲ့ ဘာလို့ မနိုးလာရတာလဲ"

ထိုသို့ မေးခွန်းထုတ်လိုက်သော အသံသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရှင်းယွီရှု၏ နားထဲတွင် ပေါက်ကွဲသွားလေသည်။ ရှင်းယွီရှု၏ ခန္ဓာကိုယ် တုန်ယင်သွားသည်ကို မြင်လိုက်ရပြီးနောက် သူ၏ ဝန်းကျင်ရှိ အတက်အကျဖြစ်နေသော အရှိန်အဝါများသည် အထက်သို့ ဆောင့်တက်သွားလေသည်။ ၎င်းမှာ မြွေတစ်ကောင်သည် အဆုံးတွင် အရေခွံလဲကာ ကမ္ဘာသစ်တစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင် ဖြစ်သည်။

ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အထက်တွင် အလင်းရောင်များ တောက်ပသွားပြီး ကောင်းကင်ယံတွင် မင်္ဂလာရှိသော အရောင်အဆင်း ထောင်ပေါင်းများစွာက လေထဲတွင် ဖြာထွက်သွားသည်။

ဤရှားပါးလှသော မြင်ကွင်းသည် သဘာဝကျကျပင် မရေမတွက်နိုင်သော စောင့်ကြည့်နေသူများကို ဆွဲဆောင်သွား၏။ ရှင်းယွီရှု၏ အရှိန်အဝါသည် ကောင်းကင်ယံသို့ ထိုးတက်သွားသောအခါ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ အထက်အောက်ရှိ လူအပေါင်းသည် အံ့ဩဝမ်းသာသွားကြပြီး တစ်ပြိုင်နက် အရိုအသေပေးလိုက်ကြလေသည်။

"ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအဆင့် ကြီးမားစွာ တိုးတက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"

သူတို့၏ အသံများသည် အဝေးဆီသို့တိုင် ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် ရှင်းယွီရှုသည်လည်း သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ့ အကြည့်များထဲတွင် ထက်မြက်သော အလင်းရောင်တစ်ခု လက်ဖြာသွားပြီး သူ့ အရှိန်အဝါက ခံစားမိသူတိုင်းအား ကြောက်ရွံ့တုန်လှုပ်စေသည်။

စစ်မှန်အင်မော်တယ် အထွတ်အထိပ်...

ရက်အနည်းငယ်အတွင်းမှာပင် ယခင်က ရွှေအင်မော်တယ် ကျင့်ကြံခြင်းအဆင့်တွင်သာ ရှိနေခဲ့သော ရှင်းယွီရှုသည် နှလုံးသားမိစ္ဆာ အိပ်မက်ကမ္ဘာ၏ စမ်းသပ်မှုများကို ဖြတ်သန်းကာ ကြီးမားသော အတားအဆီး နှစ်ခုကို ဖောက်ထွက်ပြီး စစ်မှန်သော နတ်မင်းအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။ ဤကျင့်ကြံခြင်း တိုးတက်မှုနှုန်းမှာ အလွန်တရာ အံ့မခန်းဖြစ်ပြီး ထိတ်လန့်စရာပင် ကောင်းလှသည်။

ယခုအချိန်တွင်မူ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှိ လူတိုင်းသည်ရွှယ်အန်း၏ နည်းလမ်းများကို ကြောက်ရွံ့ရိုသေနေကြပြီ ဖြစ်သည်။ လူအများအပြားမှာလည်း မတွေးဘဲ မနေနိုင်ကြတော့ပေ။ မကြာမီက ဧည့်ခံခန်းမထဲတွင် သူ ပြောခဲ့သော စကားများသည် တကယ်ပင် လက်တွေ့ဖြစ်လာနိုင်သည်ဟုပင် တွေးလိုက်မိကြသည်။

တစ်ချိန်တည်းမှာပင် ရှင်းယွီရှုသည် တဖြည်းဖြည်း အသိစိတ် ပြန်လည်ဝင်ရောက်လာပြီး သူ့ရှေ့တွင် ရွှယ်အန်း ပြုံးလျက် ရပ်နေသည်ကို မြင်လိုက်ရသောအခါ တွေဝေနေခြင်း မရှိဘဲ ချက်ချင်း ဒူးထောက်လာသည်။

"ယွီရှုက သခင်ကို အရိုအသေပေးပါတယ်၊ အခုလို ကူညီထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ရွှယ်အန်းက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီးပြောသည်။

"ထပါ! ဒါက မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာပါပဲ"

"ဟုတ်ကဲ့"

ထိုအခါမှသာ ရှင်းယွီရှုသည် မတ်တတ်ရပ်လိုက်၏။ ရွှယ်အန်းက ပြုံးလျက်ပြောသည်။

"အခု မင်းလည်း နိုးလာပြီဆိုတော့ ငါတို့ ထပ်ပြီး အချိန်မဆွဲတော့ဘူး၊ အခုပဲ ထွက်ခွာကြမယ်"

ရှောင်ယုသည် စပ်စုချင်သောစိတ်ဖြင့် အနားသို့ တိုးလာကာ မေးသည်။

"ဘယ်ကိုလဲဟင်"

ရွှယ်အန်းက ပြုံးလိုက်ပြီးပြန်ဖြေသည်။

"ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းကြီးတစ်ခုကို သွားကြည့်ရအောင်”

All Chapters