အခန်း (၇၅၁-၇၅၃)
Vol. 51 Ch. 751-753
အခန်း (၇၅၁) - ကြောက်မက်ဖွယ် အတားအဆီး အခင်းအကျင်း
~မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးသည် အလွန်တရာ အစွမ်းထက်လှသော အတားအဆီး အခင်းအကျင်း၏ တားဆီးခြင်းကို ခံလိုက်ရပြီး ရှေ့သို့ ခြေတစ်လှမ်းမျှပင် မတက်နိုင်တော့ချေ။
“မင်းက ချင်းယန်ရဲ့ ခန္ဓာကိုယ်ထဲမှာ အစွမ်းထက်တဲ့ ရှေးဦး ကမ္ဘာဦး အတားအဆီး တစ်ခုခုနဲ့ ပိတ်လှောင်ခံထားရတာပဲ”
ဖုန်းဝူချန် ကိုယ်တိုင်လည်း အလွန်အမင်း အံ့အားသင့်နေမိ၏။ လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်း သားရဲကြီး တစ်ကောင်ကို ပိတ်လှောင်ထားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။ အစပိုင်းတွင် သားရဲကြီးက သူ၏ ခန္ဓာကိုယ်ထဲ၌ အိပ်မောကျနေခြင်း သက်သက်သာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ မျက်နှာက ချက်ချင်းဆိုသလို ရက်စက်ကြမ်းကြုတ်စွာ ရှုံ့မဲ့သွားတော့၏။ သူ၏ ဧရာမ သွေးရောင် မျက်လုံးကြီးများက ရဲရဲနီသွားကာ အံကို တင်းတင်းကြိတ်ရင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
“မိုက်ရိုင်းလိုက်တာ... ဒါ ဘာတွေ ဖြစ်နေတာလဲ... ငါ့ကိုတောင် ပိတ်လှောင်ထားရဲတယ်ပေါ့လေ”
ဒေါသပေါက်ကွဲနေသော မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါကြီးကြောင့် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
ဖုန်းဝူချန်က ပခုံးကို တွန့်လိုက်ကာ ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
“မင်းကိုယ်တိုင်တောင် မသိတာ... ငါတို့က ဘယ်လိုလုပ် သိမှာလဲ”
သွေးအေးရက်စက်သော အကြည့်များက သတိလစ်နေသည့် လျိုချင်းယန်ထံသို့ ရွေ့လျားသွား၏။ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ သတ်ဖြတ်လိုစိတ်များက ရူးသွပ်မတတ် မြင့်တက်လာကာ ကြိမ်းမောင်းလိုက်တော့၏။
“ငါ့ကို ပိတ်လှောင်ထားဖို့ ကြံနေတာလား... အလကား အိပ်မက် မက်နေလိုက်စမ်း”
ပြောပြောဆိုဆိုပင်... ကြောက်မက်ဖွယ် စွမ်းအားများ ပြည့်နှက်နေသော ဧရာမ လက်သီးကြီးက သတိလစ်နေသော လျိုချင်းယန်ထံသို့ မည်သည့် တွေဝေခြင်းမျှ မရှိဘဲ ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလာလေတော့သည်။
ရှေးဦး ကမ္ဘာဦး ခေတ်မှ ရှေးဟောင်း သားရဲကြီး တစ်ကောင်အနေဖြင့်... မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံ၏ အဆင့်အတန်းက နဂါးမျိုးနွယ်စုနှင့် ဖီးနစ်မိစ္ဆာ မျိုးနွယ်စုတို့ထက်ပင် ပို၍ သက်တမ်းရင့်ကာ မြင့်မြတ်လှပေသည်။ ဤသို့သော သားရဲကြီးက လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ခံထားရခြင်းကို မည်သို့လျှင် ကျေကျေနပ်နပ် လက်ခံနိုင်ပါမည်နည်း။
“ဒုက္ခပဲ”
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး၏ မျက်နှာများက ချက်ချင်း ပျက်ယွင်းသွားကြတော့၏။
“အစ်ကိုလျို”
မြောင်ချင်းချင်းက အလွန်အမင်း ထိတ်လန့်တကြားဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သို့သော်ငြား... မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံ၏ လက်သီးကြီး ရိုက်ချတော့မည့် အခိုက်အတန့်လေးမှာပင် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးက ရုတ်တရက် မလှုပ်မယှက် ဖြစ်သွားတော့၏။ အလွန်တရာ စွမ်းအားပြင်းသော အတားအဆီး အခင်းအကျင်း၏ ဆွဲဆန့်ထားမှုကြောင့် သူ၏ လက်သီးကြီးက အောက်သို့ လုံးဝ ကျမလာနိုင်တော့ချေ။
“ကျက်သရေမရှိတဲ့ အတားအဆီးကြီး”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သို့သော် ထိုကြောက်မက်ဖွယ်ကောင်းလှသော ရှေးဦး ကမ္ဘာဦး အတားအဆီး အခင်းအကျင်းကို သူ မည်သို့မျှ မတတ်နိုင်ချေ။
“မင်းပဲ ခုနလေးတင် ရှေးဟောင်း သားရဲတွေက သစ္စာစောင့်သိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... အခုကျတော့ ချင်းယန်ကို သတ်ချင်နေပြန်ပြီ... ချင်းယန်သာ မရှိရင် မင်း လုံးဝ နိုးထလာနိုင်မှာ မဟုတ်ဘူးကွ... ဒါက ကျေးဇူးကန်းတာပဲ”
ဖုန်းဝူချန်က စိုးရိမ်ပူပန်မှု အရိပ်အယောင် တစ်စက်မျှ မရှိဘဲ အေးအေးဆေးဆေးပင် ပြောလိုက်၏။
အခင်းအကျင်းပညာရှင် တစ်ဦးအနေဖြင့် ဖုန်းဝူချန်သည် အခင်းအကျင်းပေါင်းစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်ထား၏။ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံက လျိုချင်းယန်ကို လုံးဝ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ကြောင်းကို သူ ကောင်းကောင်းကြီး သိထားပေသည်။
“ပါးစပ်ပိတ်ထားစမ်း”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံက ဖုန်းဝူချန်ကို ဒေါသတကြီး အော်ဟောက်လိုက်တော့၏။
“မင်း အခုလို ထွက်လာနိုင်တာက ချင်းယန် အရမ်း အားနည်းနေလို့ အတားအဆီးက ပျော့သွားတဲ့အတွက်ပဲ... မဟုတ်ရင် မင်း နိုးလာခဲ့ရင်တောင် အပြင်ကို ထွက်လာနိုင်မှာ မဟုတ်ဘူး”
ဖုန်းဝူချန်က လက်နှစ်ဖက်ကို ဖြန့်ကာ ခပ်ပြုံးပြုံးဖြင့် ဆက်ပြောလိုက်၏။
“အဓိပ္ပာယ် မရှိတာ... အဓိပ္ပာယ် မရှိတာတွေ”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံမှာ အလွန်အမင်း ဒေါသထွက်နေကာ ကောင်းကင်ယံသို့ မော့၍ ကြိမ်းမောင်းလိုက်တော့၏။
နားကွဲမတတ် ကျယ်လောင်လှသော ကြိမ်းမောင်းသံကြီးကြောင့် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး မိမိတို့၏ နားများကို အမြန် ပိတ်ထားလိုက်ကြရ၏။
ထိုအခိုက်အတန့်လေးမှာပင်... သတိလစ်နေသော လျိုချင်းယန်တစ်ယောက် သတိရလာတော့၏။
“ဘယ်သူက သရဲတွေ၊ ဝံပုလွေတွေလို အူနေတာလဲကွာ... ဆူညံနေတာပဲ... အေးအေးဆေးဆေးတောင် အိပ်လို့ မရဘူး”
နိုးလာလာချင်းပင် လျိုချင်းယန်က ညည်းညူသံဖြင့် ပွစိပွစိ ပြောလိုက်၏။
လျိုချင်းယန်၏ စကားအဆုံးတွင်... ကြိမ်းမောင်းနေသော မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးမှာ ရုတ်တရက် ရပ်တန့်သွားတော့၏။ သူ၏ မျက်နှာက ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားကာ ကြိမ်းမောင်းသံကြီးလည်း ချက်ချင်း တိတ်ဆိတ်သွား၏။ ဟင်းလင်းပြင် တစ်ခုလုံး ရုတ်တရက် ငြိမ်သက်သွားတော့သည်။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများမှာ လျိုချင်းယန်နှင့် မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံတို့ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေမိကြ၏။
လျိုချင်းယန်က ရှေးဟောင်း သားရဲကြီးကို သရဲတွေ ဝံပုလွေတွေလို အူနေတယ်လို့ ပြောရဲတယ်တဲ့လား။
ကျောချမ်းဖွယ် တိတ်ဆိတ်မှုကြီးက လေထုထဲတွင် တဖြည်းဖြည်း ပျံ့နှံ့လာတော့၏။
“ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ”
နိုးလာပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်နေသည်ကို သတိထားမိသွားသော လျိုချင်းယန်က ဘေးဘီဝဲယာကို ကြည့်ရင်း နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
“အစ်ကိုလျို သတိရလာပြီ”
မြောင်ချင်းချင်းက ဝမ်းသာအားရ အော်ဟစ်လိုက်ကာ အနီးသို့ လျှပ်တပြက် ပျံသန်းသွားတော့၏။
ယဲ့ထျန်းဝေ၊ ချီဟွန်းနှင့် နဂါးနတ်ဘုရား နန်းတော်မှ အခြားသူများလည်း အလျင်အမြန် ပြေးလာကြ၏။
သတိအပြည့်အဝ ရလာပြီးနောက် လျိုချင်းယန်၏ မျက်နှာက ရုတ်တရက် ပြင်းထန်စွာ ပျက်ယွင်းသွားတော့၏။ အလွန်တရာ စွမ်းအားပြင်းသော အရှိန်အဝါကြီး တစ်ခုကို သူ ခံစားလိုက်ရခြင်းပင်။ ထို့ပြင် သူ၏ အနောက်ဘက် တည့်တည့်တွင် ဧရာမ အရိပ်မည်းကြီး တစ်ခုက လွှမ်းမိုးထား၏။ ထိုအရိပ်ကြီးက လှုပ်ရှားနေသေး၏။
“ဒါ... ဒါ ဘာကြီးလဲ”
လျိုချင်းယန်တစ်ယောက် အလွန်အမင်း ထိတ်လန့်သွားကာ ချွေးစေးများ ပျံလာတော့သည်။ သူက ခေါင်းကို မနည်း လှည့်ကာ ကြည့်လိုက်လေ၏။
လျိုချင်းယန် နောက်သို့ လှည့်ကြည့်လိုက်သည့် အခိုက်အတန့်မှာပင်... မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာက စိမ်းဖန့်သွားတော့၏။ သားရဲကြီး၏ ဧရာမ ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ် ရုပ်သွင်က သူ့ကို လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားစေခဲ့တော့သည်။
“သေစမ်း... ဒါ ဘယ်လို မိစ္ဆာကောင်ကြီးလဲ”
လျိုချင်းယန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အပြည့်အနှက် နေရာယူသွားကာ နှလုံးသားပင် အပြင်သို့ ခုန်ထွက်လာမတတ် ဖြစ်သွားတော့သည်။
“ခွေးကောင်လေး... ငါ့ကိုများ သရဲတွေလို အူနေတယ်လို့ ပြောရဲတယ်ပေါ့လေ”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးမှာ အလွန်အမင်း ဒေါသထွက်နေတော့သည်။ လျိုချင်းယန် လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူက ဒေါသတကြီး ကြိမ်းမောင်းကာ ဆဲရေးတိုင်းထွာလိုက်တော့၏။
လျိုချင်းယန် အသိစိတ် ပြန်လည် ဝင်ရောက်လာသည်နှင့်အမျှ... မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါများက ဖိနှိပ်ခံလိုက်ရကာ မျောက်ဝံကြီးမှာ ချက်ချင်း အားနည်းသွားတော့သည်။
“ကျက်သရေမရှိတဲ့ အတားအဆီးကြီး”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံမှာ ပို၍ ဒေါသထွက်သွား၏။ သူ့အပေါ်တွင် ရှိနေသော အတားအဆီးက သူ့ကို အကြီးအကျယ် စော်ကားနေသည်ဟု ခံစားရ၏။
“ဒါက...”
လျိုချင်းယန် တစ်ယောက် ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။ သူ၏ ဘေးတွင် ရပ်နေသော ဖုန်းဝူချန်ကို မြင်လိုက်ရမှသာ ရင်ထဲက အလုံးကြီး ကျသွားတော့၏။ ထို့ပြင် ဖုန်းဝူချန်၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းနေသည်ကို မြင်လိုက်ရသဖြင့် အလွန်လည်း အံ့အားသင့်နေမိသည်။
“အစ်ကိုဖုန်း... ဘာတွေ ဖြစ်ကုန်တာလဲ... ဒီဧရာမ မိစ္ဆာကောင်ကြီးက ဘယ်က ရောက်လာတာလဲ”
လျိုချင်းယန်က ဟာသဆန်ဆန်ပင် ဖုန်းဝူချန်၏ အနောက်သို့ ဝင်ပုန်းရင်း မေးလိုက်၏။
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“သူက မင်းကိုယ်ထဲကနေ ထွက်လာတာလေ... မင်း အရင်တုန်းက ထျန်းယွဲ့ဂိုဏ်းကို မြေလှန်ပစ်ခဲ့ပြီး အိုးယန်ကို သတ်ပစ်ခဲ့တဲ့ အချိန်က... မင်းရခဲ့တာ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံရဲ့ အရိုင်းစွမ်းအားပဲ... ရှေးဦး ကမ္ဘာဦး စွမ်းအားတွေထဲမှာ နံပါတ် (၄) ချိတ်တဲ့ စွမ်းအားပေါ့”
“ကျွန်တော့် ကိုယ်ထဲက ထွက်လာတာ ဟုတ်လား... အရိုင်းစွမ်းအား... ဒါ ဘာတွေ ဖြစ်နေတာလဲ”
လျိုချင်းယန်က အလွန်အမင်း အံ့အားသင့်နေကာ ဘာကိုမှ နားမလည်နိုင်သေးချေ။
ဖုန်းဝူချန်က ဆက်ပြုံးထားရင်း ပြောလိုက်၏။
“စိတ်မပူပါနဲ့... မင်းကိုယ်ထဲက အတားအဆီး မပျက်စီးသွားသရွေ့ သူ မင်းကို လုံးဝ ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး”
“အစ်ကိုလျို... အဆင်ပြေရဲ့လား”
မြောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်၏။
မြောင်ချင်းချင်းကို မြင်လိုက်ရသောအခါ လျိုချင်းယန်တစ်ယောက် အလွန်အမင်း ဝမ်းသာသွားကာ ကမန်းကတန်း ပြန်ဖြေလိုက်သည်။
“အစ်ကို.. အဆင်ပြေပါတယ်... အခုတောင် နဂါး တစ်ကောင်လို လန်းဆန်းနေပြီ”
“ခွေးကောင်လေး... ဒါ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို မင်း ငါ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ ကောင်းမယ်နော်”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံက လျိုချင်းယန်ကို သွေးရောင် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်တော့၏။
“ဒါ ဘာဖြစ်နေတာလဲ ဆိုတာကို ငါက ဘယ်လိုလုပ် သိမှာလဲ... မင်း ဘာတွေ လာပြောနေမှန်းတောင် ငါ နားမလည်ဘူး”
လျိုချင်းယန်က မျက်လုံးကို လှန်ကာ ပြန်ပြောလိုက်သည်။
“ချင်းယန်... မင်းရဲ့ စိတ်နဲ့ သူ့ကို ထိန်းချုပ်ကြည့်စမ်း... မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံက မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားလိမ့်မယ်”
ထိုသို့ ဖုန်းဝူချန်က လမ်းညွှန်လိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးမှာ အလွန်အမင်း ထိတ်လန့်သွားကာ ရူးသွပ်မတတ် ကြိမ်းမောင်းလိုက်တော့သည်။
“ခွေးကောင်လေး... မင်း လုပ်ရဲ လုပ်ကြည့်စမ်း”
“ခွေးကောင်... မိုက်ရိုင်းတဲ့ ကောင်လေး... အဓိပ္ပာယ် မရှိတာတွေ”
လျိုချင်းယန်က ထိုအော်ဟစ် ခြိမ်းခြောက်မှုများကို လုံးဝ ဂရုမစိုက်ချေ။ သူက အတွေးတစ်ချက် တွေးလိုက်သည်နှင့် မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံမှာ ဖိနှိပ်ခံလိုက်ရတော့၏။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးက ချက်ချင်း သေးငယ်သွားကာ လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုပ်ယူခံလိုက်ရလေတော့သည်။
“ခွေးကောင်လေး... ငါ့ကို နောက်တစ်ခါ အပြင်ထုတ်ပေးကြည့်စမ်း၊ အမြစ်ပြတ် သုတ်သင်ပစ်မယ်”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံ၏ ဒေါသတကြီး ကြိမ်းမောင်းသံကြီးက လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။
“ပြီးတော့ မင်းလည်း အတူတူပဲ... ငါက သဘောကောင်းပြီး မင်းကို ကယ်ပေးခဲ့တာကို မင်းက ကျေးဇူးကန်းရက်တယ်ပေါ့လေ”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံက ဖုန်းဝူချန်ကိုပါ ဆက်လက် အော်ဟောက်နေတော့သည်။
“အရင်ဆုံး အတားအဆီးကို ချိုးဖျက်နိုင်အောင် လုပ်ပါဦး... ပြီးမှ ဆက်ပြောကြတာပေါ့”
လျိုချင်းယန်က ကောက်ကျစ်သော အပြုံးဖြင့် ရယ်ရင်း ပြန်ပြောလိုက်၏။
အားလုံးက ဤမြင်ကွင်းကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ပါးစပ်အဟောင်းသား ငေးကြည့်နေမိကြတော့သည်။
ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ အတားအဆီး အခင်းအကျင်းကြီးလဲ။ နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာအထိ အစွမ်းထက်သော ရှေးဦး ကမ္ဘာဦး သားရဲကြီးကိုတောင် ပိတ်လှောင်ထားနိုင်သည်တဲ့လား။
“မင်းက သူ့ကို အပြင်ထွက်မလာအောင်ပဲ ထိန်းချုပ်ထားလို့ ရတာ... တခြား ဘာမှ လုပ်လို့ မရဘူး... အတားအဆီး ပျော့သွားတာနဲ့ သူ ပြန်ထွက်လာလိမ့်မယ်”
ဟူ၍ ဖုန်းဝူချန်က ရှင်းပြလိုက်၏။
“အစ်ကိုဖုန်း... ရှေးဦး ကမ္ဘာဦး သားရဲကြီးက ဘယ်လိုလုပ် ကျွန်တော့် ကိုယ်ထဲမှာ ပိတ်လှောင်ခံထားရတာလဲ”
လျိုချင်းယန်က ခေါင်းထဲတွင် သံသယများ အပြည့်ဖြင့် စူးစမ်းချင်စိတ် ပြင်းပြစွာ မေးလိုက်၏။
ဖုန်းဝူချန်က ခေါင်းယမ်းလိုက်ကာ၊
“ငါလည်း သေချာ မသိဘူး... သူသာ အပြင်ထွက်မလာခဲ့ရင်... မင်းကိုယ်ထဲမှာ ပိတ်လှောင်ခံထားရတယ် ဆိုတာကို ငါတို့ထဲက ဘယ်သူမှ သိမှာ မဟုတ်ဘူး”
“အစ်ကိုဖုန်း... ဒါက ကိုးပါး တာအိုအရှင်နဲ့များ ပတ်သက်နေမလား”
မြောင်ချင်းချင်းက ဝင်ရောက် ခန့်မှန်းလိုက်သည်။
ဖုန်းဝူချန်က ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။
“ပတ်သက်ကောင်း ပတ်သက်နိုင်ပါတယ်... ဒါပေမဲ့ သေချာတဲ့ တစ်ချက်က မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကို ပိတ်လှောင်ခဲ့တာ ကိုးပါး တာအိုအရှင် မဟုတ်ဘူး... တခြား တစ်ယောက်ယောက်ပဲ... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာတော့ ငါလည်း မသိဘူး... ပြီးတော့ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကလည်း ဒဏ်ရာရထားပြီး လုံးဝ ပြန်မကောင်းသေးဘူးဆိုတော့... အတိတ်က ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူးလေ”
အခန်း (၇၅၂) - ရှေးဦး ကမ္ဘာဦး သန့်စင်သော တောင်တော်
~အသေအလဲ တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့တော့သည်။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကြီးသည် ဤတိုက်ပွဲတွင် အလွန်အမင်း အထိနာခဲ့သော်ငြား၊ လုံးဝ အမြစ်ပြတ် ချေမှုန်းခံလိုက်ရသော နတ်ဘုရား ဘုရင် နန်းတော်နှင့် နှိုင်းယှဉ်လျှင်မူ သူတို့၏ အခြေအနေက အများကြီး သာလွန်နေသေးသည်ဟု ဆိုရပေမည်။
နှမြောစရာ ကောင်းသည်က... ထိုမျှ အခြေအနေ ဆိုးရွားနေသည့် ကြားမှပင် လိန်ဟွန်းတစ်ယောက် နောက်ဆုံးတွင် အလွတ်ရုန်း ထွက်ပြေးသွားနိုင်ခဲ့ခြင်းပင်။
ဟင်းလင်းပြင် စွမ်းအားကို ပိုင်ဆိုင်ထားသော လိန်ဟွန်းသည် နေရာအနှံ့အပြားသို့ လွတ်လပ်စွာ သွားလာနိုင်စွမ်း ရှိလေရာ သူ၏ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းက အလွန်တရာ ထူးချွန်လှပေသည်။ သို့ဖြစ်ရာ သူ့ကို အပြတ်ရှင်းရန် ဆိုသည်မှာ ထင်သလောက် မလွယ်ကူချေ။
မည်သို့ပင် ဆိုစေကာမူ... မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ ရုတ်တရက် ပေါ်ထွက်လာမှုက နတ်ဘုရား ဘုရင် နန်းတော်အတွက် ဧရာမ ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်သွားစေခဲ့သည်မှာ အသေအချာပင်။
ဤတိုက်ပွဲအပြီးတွင် နတ်ဘုရား ဘုရင် နန်းတော်သည် ယခင်ကလောက် မမောက်မာရဲတော့ဟု လူတိုင်း ယုံကြည်နေကြ၏။
မိစ္ဆာမျိုးနွယ်စု ပင်လျှင် နောက်ထပ် မဆင်မခြင် ကျူးကျော်ရဲတော့မည် မဟုတ်ချေ။
ရှေးဦး ကမ္ဘာဦး ခေတ်မှ အစွမ်းထက်လှသော သားရဲကြီး တစ်ကောင် ဖြစ်သည့် မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံ၏ စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ ဤသို့သော သားရဲကြီးကို သွားရောက် ရန်စခြင်းက ကောင်းကျိုးတစ်ခုမျှ ဖြစ်လာစရာ အကြောင်းမရှိချေ။
တိုက်ပွဲကြီး အပြီးတွင် နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး တံခါးပိတ်၍ ဒဏ်ရာများကို ကုသနေကြ၏။ ရုန်းရွှယ် တာဟွမ် ဆေးလုံး၏ အစွမ်းကြောင့် သူတို့၏ ဒဏ်ရာများ ပျောက်ကင်းရန်အတွက် လုံးဝ ပူပန်နေစရာ မလိုတော့ချေ။
လူတိုင်း ဒဏ်ရာ ကုသနေကြချိန်တွင် ဖုန်းဝူချန်သည် အင်မော်တယ် ဝိညာဉ် ကျောက်တုံးများကို အသုံးပြုကာ ကိုးထပ် ချန်ခွင်း မျှော်စင်ကို အင်မော်တယ် လက်နက် အဆင့်သို့ တက်လှမ်းနိုင်ရန် ပြုပြင်နေလေတော့၏။ မျှော်လင့်ချက်ကတော့ မျှော်စင်၏ မူလစွမ်းအားများကို အမြန်ဆုံး ပြန်လည် ရရှိစေရန်နှင့် နဂါးနတ်ဘုရား နန်းတော်၏ ကာကွယ်ရေး စွမ်းအားများကို မြှင့်တင်ရန် ဖြစ်ပေသည်။
ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်း၏ ကာကွယ်မှုသာ မရှိခဲ့လျှင် နဂါးနတ်ဘုရား နန်းတော်သည် အစောကြီးကတည်းက ပြာကျသွားလောက်ပြီ ဖြစ်၏။
ထို့ပြင် ဖုန်းဝူချန်၏ ရင်ထဲတွင် အလွန်အမင်း စိုးရိမ်နေရသော ကိစ္စတစ်ခုလည်း ရှိနေသေးသည်။ ထိုအရာကတော့ ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု၏ အခြေအနေပါပင်။
မိစ္ဆာတိမ်တိုက် ပြောသွားခဲ့သော စကားများက ဖုန်းဝူချန်ကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။
လင်ရှောင်ရှောင်သည် ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု၏ သူတော်စင်မလေး ဖြစ်လေရာ... ရာ့ရှား မျိုးနွယ်စုက မိမိအား လာမကယ်နိုင်ဘူး ဟူသော မိစ္ဆာတိမ်တိုက်၏ စကားက ရာ့ရှား မျိုးနွယ်စုတွင် တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်နေပြီ ဆိုသည်ကို သေချာပေါက် ညွှန်ပြနေခြင်းပင်။
'တကယ်တော့ ဘာတွေ ဖြစ်ကုန်တာလဲ'
ဖုန်းဝူချန်က လင်ရှောင်ရှောင် အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကာ စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိတော့၏။။
'ပြီးတော့ နဂါးမျိုးနွယ်စုရော... ဆရာကြီး မီးတောက်နဂါးတို့ရော ဘာတွေ ဖြစ်ကုန်တာလဲ'
ဖုန်းဝူချန်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာက ပဲ့တင်ထပ်နေ၏။
...
တိုက်ပွဲမှနေ၍ အသက်လု ထွက်ပြေးလာရသော လိန်ဟွန်းတစ်ယောက် နတ်ဘုရား ဘုရင် နန်းတော်သို့ ရုပ်ပျက်ဆင်းပျက်ဖြင့် ပြန်လည် ရောက်ရှိလာ၏။ သူ၏ အခြေအနေကို မြင်လိုက်ရသောအခါ လိန်ယွင်ခုန်းနှင့် အခြားသူများ အားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြတော့၏။ နန်းတော် တစ်ခုလုံး အံ့သြတုန်လှုပ်မှုများဖြင့် ဖုံးလွှမ်းသွား၏။
အစောင့်အရှောက် လော့ဝူချန် ကိုယ်တိုင် ဦးဆောင်ကာ လွှမ်းမိုးခြင်း နယ်မြေမှ အင်အားကြီး ပညာရှင်များ အားလုံးကို ခေါ်ဆောင်သွားပါလျက်နှင့်... လိန်ဟွန်း တစ်ယောက်တည်းသာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်တဲ့လား။
ကျန်တဲ့လူတွေ အကုန် သေကုန်ပြီတဲ့လား။
နတ်ဘုရား ဘုရင် နန်းတော်ရဲ့ အစောင့်အရှောက်ကြီးတောင် အသတ်ခံလိုက်ရတယ်တဲ့လား။
ဤသတင်းက နတ်ဘုရား ဘုရင် နန်းတော် တစ်ခုလုံးကို ဧရာမ ငလျင်ကြီးတစ်ခုအလား ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့တော့သည်။
“ရှေးဦး ကမ္ဘာဦး သားရဲ ဟုတ်လား”
အဖြစ်အပျက် အစအဆုံးကို ကြားလိုက်ရသောအခါ လိန်ယွင်ခုန်းနှင့် အကြီးအကဲ သုံးဦးစလုံး ပြင်းထန်စွာ တုန်လှုပ်သွားကြတော့၏။
လိန်ဟွန်းက အထိတ်တလန့်ဖြင့် ပြန်ဖြေလိုက်၏။
“ဟုတ်တယ်... အဲဒါက ရှေးဦး ကမ္ဘာဦး သားရဲပဲ... နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာကို ရောက်နေတယ်... အစောင့်အရှောက်ကြီးရော၊ မိစ္ဆာမျိုးနွယ်စုက မိစ္ဆာတိမ်တိုက်ရော အကုန် အသတ်ခံလိုက်ရပြီ... ကျန်တဲ့လူတွေ အားလုံးလည်း သေကုန်ပြီ”
လိန်ယွင်ခုန်းနှင့် အကြီးအကဲ သုံးဦးစလုံး နေရာမှာတင် ကျောက်ရုပ်ပမာ တောင့်တင်းသွားကြတော့၏။ အဆင့်မြင့် ခေါင်းဆောင်ပိုင်း အားလုံး၏ မျက်နှာများမှာလည်း လုံးဝကို သွေးဆုတ်သွားကြ၏။
“နဂါးနတ်ဘုရား နန်းတော်မှာ ရှေးဦး ကမ္ဘာဦး သားရဲက ဘယ်လိုလုပ် ရှိနေရတာလဲ... ဒါ တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ”
လိန်ယွင်ခုန်းက ထိတ်လန့်တကြား မေးလိုက်တော့၏။
“ကျွန်တော်လည်း မသိဘူး... သူက ဟင်းလင်းပြင်ထဲကနေ ရုတ်တရက်ကြီး ပေါ်လာတာပဲ”
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာနှင့် ကြောက်မက်ဖွယ် စွမ်းအားကို ပြန်တွေးမိတိုင်း လိန်ဟွန်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေမိဆဲပင်။
“အဖေ... မြန်မြန် တစ်ခုခု စဉ်းစားမှ ဖြစ်မယ်... ဒါမှမဟုတ် မိစ္ဆာအရှင်သခင်ကို အကြောင်းကြားလိုက်ပါ... အဲဒီသားရဲကြီးသာ သားတို့ကို လာသတ်ရင် သားတို့ထဲက ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး”
လိန်ဟွန်းက အလွန်အမင်း စိုးရိမ်ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
“နန်းတော်သခင်... မိစ္ဆာအရှင်သခင်ကို အခုချက်ချင်း အကြောင်းကြားလိုက်ပါ”
ပထမ အကြီးအကဲကလည်း စိုးရိမ်တကြီး ဝင်ပြောလိုက်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာရှိ ရှေးဦး ကမ္ဘာဦး သားရဲ တစ်ကောင်၏ ကြောက်မက်ဖွယ် ကောင်းမှုက သူတို့ အားလုံးကို အိပ်မပျော်နိုင်အောင် ဖြစ်စေခဲ့တော့သည်။
လိန်ယွင်ခုန်းက လုံးဝ တွေဝေမနေဘဲ မိစ္ဆာအရှင်သခင်ကို ချက်ချင်း အကြောင်းကြားလိုက်တော့၏။
...
“ဝုန်း... ဝုန်း...”
ရုတ်တရက် နဂါးနတ်ဘုရား နန်းတော်၏ ခန်းမဆောင်ကြီးက ပြင်းထန်စွာ တုန်ခါသွားကာ... အလွန်တရာ စွမ်းအားပြင်းသော စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာ၏။
နဂါးနတ်ဘုရား နန်းတော်၏ အထက် ကောင်းကင်ယံတွင် ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးက ရွှေရောင် အလင်းတန်းများဖြင့် တလက်လက် တောက်ပနေကာ ထိုမျှော်စင်ကြီးထံမှ အစွမ်းထက်လှသော စွမ်းအားများ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါလဲ... နန်းတော်သခင် အောင်မြင်သွားပြီလား”
“ဒါ အင်မော်တယ် လက်နက်ရဲ့ အရှိန်အဝါပဲ... နန်းတော်သခင် အောင်မြင်သွားပြီ”
“ကိုးထပ် ချန်ခွင်း မျှော်စင်ရဲ့ အရှိန်အဝါက မျက်စိတစ်မှိတ် အတွင်းမှာကို အဆရာပေါင်းများစွာ မြင့်တက်သွားတာပဲ”
ကြောက်မက်ဖွယ် စွမ်းအားကြီး ပျံ့နှံ့လာသည်နှင့်အမျှ နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး အံ့အားသင့်ကာ ဝမ်းသာသွားကြတော့၏။ အားလုံး၏ အကြည့်များက ကောင်းကင်ယံရှိ ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးထံသို့ စူးစိုက်ကျရောက်သွားသည်။
“အလယ်အလတ်အဆင့် အင်မော်တယ် လက်နက်... တကယ်ပဲ ထပ်ပြီး အဆင့်မြှင့်လို့ ရတာပဲ... ကိုးထပ် ချန်ခွင်း မျှော်စင်က တကယ်ကို ထူးခြားဆန်းကြယ်လွန်းတယ်... သူက နတ်ဘုရား လက်နက် တစ်ခုတောင် ဖြစ်နေနိုင်တယ်”
ဖုန်းဝူချန်က အလွန်အမင်း ဝမ်းသာအားရဖြင့် ရေရွတ်လိုက်၏။
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာဖြင့် ကိုးထပ် ချန်ခွင်း မျှော်စင်၏ ထိပ်ဆုံးသို့ လျှပ်တပြက် ပျံသန်းသွားကာ မျှော်စင်ကြီးထံမှ ထွက်ပေါ်နေသော အစွမ်းထက် အရှိန်အဝါများကို ခံစားကြည့်လိုက်၏။
ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးသည် အလယ်အလတ်အဆင့် အင်မော်တယ် လက်နက် တစ်ခုအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့တော့သည်။ သူ၏ ကာကွယ်ခြင်း စွမ်းအားက အဆရာပေါင်းများစွာ မြင့်တက်သွားကာ သာမန် ဝိညာဉ်လက်နက် တစ်ခုနှင့် လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်တော့ချေ။
ထိုမျှမက... ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်ခြင်း စွမ်းအားကလည်း ပို၍ ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည်ဟု ဖုန်းဝူချန် အခိုင်အမာ ယုံကြည်ထား၏။
“ဝုန်း...”
“ဝှီး...”
ရုတ်တရက် ဖုန်းဝူချန်က ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးကို လက်သီးဖြင့် ခပ်ပြင်းပြင်း ထိုးချလိုက်သည်။ မိုးကြိုးပမာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် အားလှိုင်းက ပြန်လည် ရိုက်ခတ်လာသဖြင့် ဖုန်းဝူချန် တစ်ယောက် နောက်သို့ လွင့်ထွက်သွားတော့သည်။
“နန်းတော်သခင်”
နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး အထိတ်တလန့် အော်ဟစ်လိုက်ကြ၏။
“စိတ်မပူကြနဲ့... နန်းတော်သခင်က ကိုးထပ် ချန်ခွင်း မျှော်စင်ရဲ့ ကာကွယ်ရေး စွမ်းအားကို စမ်းသပ်ကြည့်နေတာပါ”
ထျန်းကျီဘုံ ပညာရှင် တစ်ဦးက ရှင်းပြလိုက်၏။
ဖုန်းဝူချန်က ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးကို အလွန်အမင်း အံ့အားသင့်စွာဖြင့် ကြည့်နေမိတော့သည်။ ဤမျှ ကြောက်စရာကောင်းသော ကာကွယ်ခြင်း စွမ်းအားကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
“ကိုးထပ် ချန်ခွင်း မျှော်စင် တစ်ခုတည်းနဲ့တင် ထျန်းကျီဘုံ တတိယအလွှာရဲ့ စွမ်းအားကို အလွယ်တကူ တောင့်ခံထားနိုင်တယ်... အခင်းအကျင်းနဲ့သာ ပေါင်းလိုက်ရင် ထျန်းကျီဘုံ နဝမအလွှာတောင်မှ ဖောက်နိုင်မှာ မဟုတ်ဘူး”
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်နေသော အပြုံးများက အပြည့်အနှက် နေရာယူထားတော့၏။
ပြောပြောဆိုဆိုပင်... ဖုန်းဝူချန်က အတွေးတစ်ချက်ဖြင့် ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ ဝင်ရောက်သွားသည်။
ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းပိုင်းတွင် မည်ကဲ့သို့သော အပြောင်းအလဲများ ဖြစ်ပေါ်နေမည်ကို သိရှိရန် ဖုန်းဝူချန် တစ်ယောက် အလွန်အမင်း စိတ်လောနေတော့၏။
ပထမအထပ်ကတော့ ယခင်ကအတိုင်း အဖြူရောင် ဟင်းလင်းပြင်ကြီး တစ်ခု အဖြစ်သာ တည်ရှိနေဆဲပင်။ ဘာမှ ပြောင်းလဲသွားဟန် မပေါ်ချေ။
ဒုတိယအထပ်တွင်မူ... မူလက သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ဝိညာဉ်ရေကန်နှင့် လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရား တောင်ကြားကြီး ရှိခဲ့၏။ သို့သော် မျှော်စင်ကြီးက အလယ်အလတ်အဆင့် အင်မော်တယ် လက်နက် အဖြစ်သို့ တက်လှမ်းသွားပြီးနောက် ထိုနတ်ဘုရား တောင်ကြားကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ဒါက...”
ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားတော့၏။ မရင်းနှီးသော်လည်း တစ်နေရာရာတွင် တွေ့ဖူးသလို ခံစားရသော ပတ်ဝန်းကျင် အသစ်ကြီးကို သူ အကြောင်သား ငေးကြည့်နေမိသည်။
“ဝူကျိ စိတ်ကူးယဉ် နယ်မြေ... ဒါ ဒဏ္ဍာရီထဲက ဝူကျိ စိတ်ကူးယဉ် နယ်မြေပဲ”
အချိန်အတော်ကြာ အံ့သြမှင်တက်နေပြီးနောက် ဖုန်းဝူချန်က နောက်ဆုံးတွင်တော့ မျက်လုံးများ ပြူးကျယ်သွားကာ အသံကုန် ဟစ်အော်လိုက်တော့၏။
ဒုတိယအထပ်တွင်... ပြာလဲ့နေသော ကောင်းကင်နှင့် ဖြူဖွေးနေသော တိမ်တိုက်များက နတ်ပြည် တစ်ခုအလား လှပလွန်းလှပေသည်။ ခမ်းနားကြီးကျယ်လှသော တောင်တန်းကြီးများက နတ်သူငယ် မြူခိုးများ ကြားတွင် လွင့်မျောနေလျက်၊ ထူးဆန်းလှသော ငှက်များနှင့် သားရဲများကလည်း နေရာအနှံ့အပြားတွင် ရှိနေကြ၏။ ဝိညာဉ်စွမ်းအင်များမှာ အလွန်တရာ သန့်စင်ပြီး သိပ်သည်းလွန်းလှကာ စစ်မှန်သော အဆီအနှစ်များ အဖြစ်သို့ပင် ပြောင်းလဲနေတော့သည်။
ဤဝိညာဉ်စွမ်းအင်များက ဝိညာဉ်ရေကန်၏ စွမ်းအင်များထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို အစွမ်းထက်လှပေသည်။
ဤနေရာက ဒဏ္ဍာရီလာ နတ်သူငယ် တောင်တော်ကြီး ဖြစ်ကြောင်း အသေအချာပင်။
“ကိုးထပ် ချန်ခွင်း မျှော်စင်က တကယ်ပဲ ဝူကျိ စိတ်ကူးယဉ် နယ်မြေကို ဖန်တီးပေးလိုက်တာလား”
ဖုန်းဝူချန် တစ်ယောက် လုံးဝ ယုံကြည်နိုင်စွမ်း မရှိလောက်အောင် အံ့အားသင့်နေတော့၏။
“ဝူကျိ စိတ်ကူးယဉ် နယ်မြေ ဆိုတာ ရှေးဦး ကမ္ဘာဦး ခေတ်က သန့်စင်တဲ့ တောင်တော်ကြီး တစ်ခုလေ... ဆိုလိုတာက ကိုးထပ် ချန်ခွင်း မျှော်စင်က ရှေးဦး ကမ္ဘာဦး ခေတ်က ပစ္စည်း တစ်ခုပေါ့”
ဖုန်းဝူချန် တွေးမိလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။ ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဒုတိယအထပ်သည် ရှေးဦး ကမ္ဘာဦး ခေတ်က သန့်စင်သော တောင်တော်ကြီး အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ချေ။
ရှေးဦး ကမ္ဘာဦး ခေတ်တွင်... သန့်စင်သော တောင်တော်ကြီး အတွင်း၌ ဝူကျိ စိတ်ကူးယဉ် နယ်မြေ ဟု ခေါ်သော နတ်ပြည် တစ်ခု ရှိခဲ့၏။ ထိုနေရာက အလွန်တရာ ထူးခြားဆန်းကြယ်ပြီး မှော်ဆန်လှသော နေရာတစ်ခု ဖြစ်ပေသည်။
ဒဏ္ဍာရီများအရ... ထိုစိတ်ကူးယဉ် နယ်မြေ အတွင်းတွင် မရေမတွက်နိုင်သော ရတနာများ၊ အင်မော်တယ် လက်နက်များ၊ နတ်ဘုရား လက်နက်များနှင့် အင်မော်တယ် ကျင့်စဉ်များ အစရှိသည်တို့ ရှိနေသည်ဟု ဆိုကြ၏။
ထို့ကြောင့်ပင် ရှေးဦး ကမ္ဘာဦး ခေတ်က မရေမတွက်နိုင်သော အင်အားကြီး ပညာရှင်များ သည် ဝူကျိ စိတ်ကူးယဉ် နယ်မြေကို အရူးအမူး ရှာဖွေခဲ့ကြခြင်း ဖြစ်ပေသည်။ အားလုံးက ထိုရတနာများကို လိုချင်နေကြခြင်းပင်။
မည်သူ ရှာတွေ့ခဲ့သနည်း ဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။
“ဝူကျိ စိတ်ကူးယဉ် နယ်မြေက တကယ်ကြီး ရှိနေတာပဲ”
ဖုန်းဝူချန်တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။
“မင်းလို လူငယ်လေးက ဝူကျိ စိတ်ကူးယဉ် နယ်မြေ အကြောင်းကို သိနေတာလား”
ဖုန်းဝူချန် စိတ်လှုပ်ရှားနေစဉ်မှာပင်... ဩဇာတိက္ကမ အပြည့်ပါသော အသံ တစ်သံက ဟင်းလင်းပြင် တစ်ခုလုံးတွင် ရုတ်တရက် ပဲ့တင်ထပ်သွား၏။
“ဘယ်သူလဲ”
ဖုန်းဝူချန်၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားတော့၏။
“ဒုန်း... ဒုန်း...”
လေးလံလှသော ခြေသံကြီးများက ဆက်တိုက် ထွက်ပေါ်လာကာ... ခြေတစ်လှမ်း လှမ်းလိုက်တိုင်း စိတ်ကူးယဉ် နယ်မြေ တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ စွမ်းအားပြင်းသော အားလှိုင်းများက လှိုင်းလုံးကြီးများအလား ရိုက်ခတ်လာတော့၏။
သိပ်မကြာမီမှာပင်... ဧရာမ သားရဲကြီး တစ်ကောင်က ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ပေါ်လာလေတော့သည်။
အနက်ရောင် အလင်းဝန်းများ ထွက်ပေါ်နေသော ထိုဧရာမ သားရဲကြီးကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်တစ်ယောက် အလွန်အမင်း ထိတ်လန့်သွားကာ ခန္ဓာကိုယ် တစ်ခုလုံး ကျောက်ရုပ်ပမာ တောင့်တင်းသွားတော့၏။
“ရှေးဦး ကမ္ဘာဦး သားရဲ... အမှောင် မိစ္ဆာကျားသစ်”
ဖုန်းဝူချန်က အထိတ်တလန့် အော်ဟစ်လိုက်လေတော့သည်။
အခန်း (၇၅၃) - ရိတ်သိမ်းမှု အမြောက်အမြား
~“ရှေးဦး ကမ္ဘာဦး သားရဲ... အမှောင် မိစ္ဆာကျားသစ်”
ဖုန်းဝူချန်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကာ မိမိကိုယ်မိမိ စိတ်ချောက်ခြားပြီး လှည့်စားမှုကို ခံစားနေရသည်ဟုပင် ထင်မှတ်မိတော့၏။
ရှေးဦး ကမ္ဘာဦး သားရဲများထဲမှ တစ်ကောင်ဖြစ်သော အမှောင် မိစ္ဆာကျားသစ်သည် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲတွင် တကယ်ကြီး ရှိနေသည်တဲ့လား။
ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ပေါ်လာသည်မှာ ခန္ဓာကိုယ် တောင့်တင်းခိုင်မာလွန်းလှသော ဧရာမ အနက်ရောင် ကျားသစ်ကြီး တစ်ကောင် ဖြစ်ပေသည်။ သူ၏ ကိုယ်ထည် တည်ဆောက်ပုံမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှကာ တစ်ကိုယ်လုံးမှ အမှောင် အရှိန်အဝါများ ထွက်ပေါ်နေပြီး သွေးရောင် မျက်လုံးကြီးများမှာလည်း ဩဇာအာဏာ အပြည့်ဖြင့် ဝင်းလက်နေ၏။
“ဒါက စိတ်လှည့်စားမှုလား”
ဖုန်းဝူချန်က ထိတ်လန့်တကြား ရေရွတ်လိုက်မိ၏။
“ဖုန်းဝူချန်... မင်းက အတော်လေး အသိအမြင် ကြွယ်ဝတာပဲ”
အမှောင် မိစ္ဆာကျားသစ်က သူ၏ သွေးရောင် မျက်လုံးကြီးများဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း စကားပြောလိုက်၏။
အမှောင် မိစ္ဆာကျားသစ်သည် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲတွင် အမြဲတမ်း ရှိနေခဲ့သူဖြစ်ရာ ဖုန်းဝူချန်နှင့် ပတ်သက်သမျှ အရာအားလုံးကို သူ ကောင်းကောင်းကြီး သိရှိထားပေသည်။
“မင်း... မင်းက ဘယ်လိုလုပ် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲ ရောက်နေတာလဲ”
ဖုန်းဝူချန်က တုန်ယင်နေသော အသံဖြင့် မေးမြန်းရင်း အမှောင် မိစ္ဆာကျားသစ်ကို အကဲခတ်နေမိတော့၏။
“ကိုးထပ် ချန်ခွင်း မျှော်စင်ဆိုတာ ငါ့သခင်ရဲ့ နတ်ဘုရား လက်နက် တစ်ခုပဲ... ပြီးတော့ ငါက ဝူကျိ စိတ်ကူးယဉ် နယ်မြေရဲ့ အစောင့်အရှောက် နတ်သားရဲ တစ်ကောင်ပေါ့... ရှေးဦး ကမ္ဘာဦး ခေတ်က တိုက်ပွဲကြီးမှာ သန့်စင်တဲ့ တောင်တော်ကြီး ပျက်စီးသွားတဲ့အခါ... ငါ့သခင်က ဝူကျိ စိတ်ကူးယဉ် နယ်မြေကို ဒီမျှော်စင်ထဲ ရွှေ့ပြောင်းလိုက်ပြီး ငါ့ကိုပါ အဲဒီထဲမှာ အတားအဆီးနဲ့ ပိတ်လှောင်ထားခဲ့တာ... မင်းသာ ကိုးထပ် ချန်ခွင်း မျှော်စင်ကို အင်မော်တယ် လက်နက် အဆင့်ထိ မမြှင့်တင်ခဲ့ရင်... ဝူကျိ စိတ်ကူးယဉ် နယ်မြေက ပေါ်လာမှာ မဟုတ်ဘူး”
အမှောင် မိစ္ဆာကျားသစ်က ရှင်းပြလိုက်၏။
“မင်းရဲ့ သခင် ဟုတ်လား”
ဖုန်းဝူချန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်းရဲ့ သခင်က ဘယ်သူလဲ”
“လင်ရွှီဇီ”
အမှောင် မိစ္ဆာကျားသစ်က ပြန်ဖြေလိုက်၏။
“ငါ့သခင်က တခြား ကမ္ဘာတစ်ခုကို သွားခဲ့ပြီ”
“လင်ရွှီဇီ ဟုတ်လား”
ဖုန်းဝူချန်၏ မျက်နှာက ထပ်မံ၍ တုန်လှုပ်သွားတော့၏။
“ရှေးဦး ကမ္ဘာဦး ခေတ်က အင်အားကြီး စွမ်းအားရှင်ကြီးပဲ”
“မှန်တယ်”
အမှောင် မိစ္ဆာကျားသစ်က ခေါင်းညိတ်ပြလိုက်ကာ စူးစမ်းလိုစိတ်ဖြင့် ပြန်မေးလိုက်၏။
“ဖုန်းဝူချန်... မင်းက တကယ်တော့ ဘယ်သူလဲ... ရှေးဦး ကမ္ဘာဦး ခေတ်အကြောင်းကို ဘာလို့ ဒီလောက်တောင် သိနေရတာလဲ... ပြီးတော့ လူသားတစ်ယောက် ဖြစ်ပါလျက်နဲ့ မင်းရဲ့ သွေးမျိုးဆက်က ဘာလို့ နဂါးမျိုးနွယ်စုထက်တောင် ပိုပြီး သန့်စင်နေရတာလဲ... ဒါ့အပြင် မင်းဆီမှာ ရှေးဦး ကမ္ဘာဦး စွမ်းအား အမျိုးအစား (၃) မျိုးတောင် ရှိနေတာပဲ”
အမှောင် မိစ္ဆာကျားသစ်ထံမှ ရန်လိုသည့် အရိပ်အယောင် တစ်စက်မျှ မတွေ့ရသဖြင့် ဖုန်းဝူချန် တစ်ယောက် စိတ်အေးသွားကာ ခပ်အေးအေးပင် ပြန်ပြောလိုက်၏။
“အဲဒါကတော့ ဇာတ်လမ်းက ရှည်တယ်...”
ထို့နောက် ဖုန်းဝူချန်က နဂါး နတ်ဆိုး အကြောင်း အပါအဝင် သူ၏ ဖြစ်ကြောင်းကုန်စင်ကို အမှောင် မိစ္ဆာကျားသစ်အား အကျဉ်းချုပ် ပြောပြလိုက်တော့၏။
“ဒီကိစ္စတွေကို ဘယ်သူမှ မသိသေးဘူး... ငါ မင်းကိုပဲ ပြောပြတာ... ငါ့အတွက် လျှို့ဝှက်ချက် တစ်ခုအနေနဲ့ သိမ်းထားပေးမယ်လို့ မျှော်လင့်ပါတယ်”
“ဒီလိုကိုး... ရှေးဟောင်း ခေတ်တုန်းက နဂါး နတ်ဆိုး ဆိုတာ တကယ်ကို ကြောက်စရာကောင်းခဲ့တာ... အဲဒီခေတ်ရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လို့ ခေါ်ရင်တောင် မမှားဘူး”
ဟု အမှောင် မိစ္ဆာကျားသစ်က ခေါင်းညိတ်၍ မှတ်ချက်ပေးလိုက်သည်။
သွေးရောင် မျက်လုံးကြီးများက ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း မိစ္ဆာကျားသစ်က ဆက်ပြောလိုက်၏။
“မင်းက နဂါး နတ်ဆိုး ရဲ့ အမွေအနှစ်ကို ဆက်ခံခွင့် ရထားတာပဲ... အတော်လေး အံ့သြဖို့ ကောင်းတယ်”
ဖုန်းဝူချန်က ပခုံးတွန့်လိုက်ကာ ပြုံး၍ ပြောလိုက်၏။
“ငါက ကံကောင်းလို့ ဖြစ်မှာပါ”
ဤသို့ဖြင့် ဖုန်းဝူချန်နှင့် ရှေးဦး ကမ္ဘာဦး သားရဲကြီး အမှောင် မိစ္ဆာကျားသစ်တို့သည် သူငယ်ချင်းဟောင်းများကဲ့သို့ အေးအေးဆေးဆေး စကားလက်ဆုံ ကျနေကြလေတော့သည်။
အမှောင် မိစ္ဆာကျားသစ်သည် နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း အထီးကျန်နေခဲ့ရသဖြင့် စကားပြောဖော် ရလိုက်သည်ကို အလွန်ပင် ကျေနပ်နေဟန် တူပေသည်။ အနည်းဆုံးတော့ သူ တစ်ယောက်တည်း ဝူကျိ စိတ်ကူးယဉ် နယ်မြေကြီးကို ငေးကြည့်နေစရာ မလိုတော့ချေ။
ဖုန်းဝူချန် ကိုယ်တိုင်လည်း ဤမျှ အံ့အားသင့်ဖွယ် ကောင်းသော ကိစ္စမျိုး ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
အမှောင် မိစ္ဆာကျားသစ်ထံမှတစ်ဆင့် ဖုန်းဝူချန်သည် ရှေးဦး ကမ္ဘာဦး ခေတ်မှ တိုက်ပွဲကြီးများ အကြောင်းကို သိရှိခဲ့ရ၏။ လင်ရွှီဇီနှင့် အမှောင် မိစ္ဆာကျားသစ်တို့သည် အင်အားကြီး ရန်သူတစ်ဦးကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် နှစ်ဦးစလုံး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပြီး ကိုးထပ် ချန်ခွင်း မျှော်စင်လည်း ပျက်စီးသွားခဲ့ရ၏။ ထိုအချိန်မှစ၍ ဒဏ်ရာအပြင်းအထန် ရထားသော အမှောင် မိစ္ဆာကျားသစ်သည် မျှော်စင်၏ အတားအဆီး အခင်းအကျင်းထဲတွင် ဒဏ်ရာများကို ကုသရင်း ပုန်းအောင်းနေခဲ့ရခြင်း ဖြစ်ပေသည်။
သို့သော်လည်း ထိုတိုက်ပွဲကြီး အပြီးတွင် လင်ရွှီဇီမှာ ပျောက်ကွယ်သွားခဲ့ပြီး အမှောင် မိစ္ဆာကျားသစ်ကို လာမခေါ်တော့ချေ။
ရှေးဦး ကမ္ဘာဦး ခေတ်မှ ယနေ့အထိ လင်ရွှီဇီ အသက်ရှင်နေသေးသလား ဆိုသည်ကို မည်သူမျှ မသိကြချေ။
အမှောင် မိစ္ဆာကျားသစ်သည် ရှေးဦး ကမ္ဘာဦး သားရဲ တစ်ကောင် ဖြစ်သော်ငြား လင်ရွှီဇီ၏ သင်ကြားမှုများကြောင့် သူ၏ သွေးဆာတတ်သော သဘာဝကို ထိန်းချုပ်ထားနိုင်ခဲ့သည်မှာ ကြာပြီ ဖြစ်၏။
“အမှောင် မိစ္ဆာကျားသစ်... စတုတ္ထအထပ်မှာ ရှိတဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ အကြောင်း မင်း သိလား... ငါက သူတို့ကို ဘာလို့ တစ်ခါတလေ ထိန်းချုပ်လို့ ရပြီး တစ်ခါတလေ ထိန်းချုပ်လို့ မရတာလဲ”
ဖုန်းဝူချန်က ရုတ်တရက် မေးလိုက်သည်။
“အဲဒါတွေက ငါ့သခင် သတ်ခဲ့တဲ့ ရန်သူတွေလေ... သူတို့ အားလုံးက နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေချည်းပဲ... ငါ့သခင်က သူတို့ကို ဝိညာဉ် ရုပ်သေးတွေ အဖြစ် ပြုပြင်ခဲ့တာ... ဝိညာဉ် ခန္ဓာကိုယ် အများစုက သူတို့ရဲ့ ကျင့်စဉ်အဆင့်တွေ ထျန်းကျီဘုံအထိ ကျဆင်းသွားကြပြီ... အခုတော့ ကိုးထပ် ချန်ခွင်း မျှော်စင်က မင်းရဲ့ အပိုင် ဖြစ်နေပြီဆိုတော့ မင်း သူတို့ကို စိတ်ကြိုက် ထိန်းချုပ်လို့ ရသွားပြီ... အရင်တုန်းက မင်း မထိန်းချုပ်နိုင်ခဲ့တာက မျှော်စင်က ဝိညာဉ် လက်နက်နဲ့ အင်မော်တယ် လက်နက် ကြားထဲမှာ ရောက်နေလို့ပဲ... အခုတော့ သူက အင်မော်တယ် လက်နက် အဆင့်ကို ရောက်သွားပြီဆိုတော့ မင်း သူတို့ကို စိတ်ကြိုက် ခိုင်းစေလို့ ရပြီ”
အမှောင် မိစ္ဆာကျားသစ်က ဖုန်းဝူချန်၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သမျှကို အကုန်သိနေဟန်ဖြင့် ရှင်းပြလိုက်၏။
“ဒီလိုကိုး...”
ဖုန်းဝူချန်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
စကားလက်ဆုံ ပြောပြီးနောက် ဖုန်းဝူချန်သည် တတိယအထပ်သို့ တက်လှမ်းခဲ့သည်။
တတိယအထပ်သည် ယခင်ကအတိုင်း ရတနာ သိုလှောင်ခန်း ဖြစ်၏။ မူလက ရှိခဲ့သော ကောင်းကင်နှင့် မြေကြီး ရတနာများ အားလုံးကို နဂါးနတ်ဘုရား နန်းတော်၊ ကောင်းကင်ခန်းမနှင့် ဖုန်းမိသားစုဝင်များ အတွက် အသုံးပြုခဲ့ရာ ပြတ်လပ်လုနီးပါး ဖြစ်နေခဲ့ပြီပင်။
သို့သော် ကိုးထပ် ချန်ခွင်း မျှော်စင်သည် အလယ်အလတ်အဆင့် အင်မော်တယ် လက်နက် အဖြစ်သို့ အဆင့်မြင့်သွားပြီးနောက် သိုလှောင်ခန်းကြီးမှာလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့တော့သည်။
သိုလှောင်ခန်း အတွင်း၌ အဟောင်းများ နေရာတွင် အသစ်များ အစားထိုးလိုက်သကဲ့သို့ မရေမတွက်နိုင်သော ကောင်းကင်နှင့် မြေကြီး ရတနာများ၊ ကျင့်စဉ် ကျမ်းစာများနှင် လက်နက် ကိရိယာပေါင်းစုံ ပေါ်ထွက်လာ၏။
ဤနေရာသည် စွယ်စုံသုံး ဘဏ္ဍာတိုက်ကြီး တစ်ခုနှင့်ပင် တူနေတော့၏။
“သွေးကျောက်စိမ်း ဗောဓိသီး... ခရမ်းရောင် ကျောက်တုံး အင်မော်တယ် အဆီအနှစ်... အင်မော်တယ် ကျင့်စဉ်တွေ... အင်မော်တယ် လက်နက်တွေ”
သူ့ရှေ့မှ မျက်စိကျိန်းမတတ် တောက်ပနေသော ရတနာပုံကြီးကို ကြည့်ရင်း ဖုန်းဝူချန် တစ်ယောက် အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်သွားကာ နောက်ဆုံးတွင်တော့ အသံကုန် ဟစ်၍ ရယ်လိုက်လေတော့သည်။
ဤတန်ဖိုးကြီး ရတနာများနှင့်အတူ ဝူကျိ စိတ်ကူးယဉ် နယ်မြေ၏ စွမ်းအားပြင်းသော ဝိညာဉ်စွမ်းအင်များကိုပါ ပေါင်းစပ်လိုက်လျှင် နဂါးနတ်ဘုရား နန်းတော်၏ အင်အားက အဆပေါင်းများစွာ မြင့်တက်လာရန် လုံလောက်နေပြီ ဖြစ်၏။
ဤကောင်းကင်နှင့် မြေကြီး ရတနာများဖြင့်သာ ဆိုလျှင် နဂါးနတ်ဘုရား နန်းတော်မှ လူများ၏ ကျင့်စဉ်အဆင့်များသည် အချိန်တိုအတွင်း မြင့်တက်လာမည်မှာ အသေအချာပင် ဖြစ်ကာ ထျန်းကျီဘုံသို့ တက်လှမ်းရန်မှာလည်း အခက်အခဲ ရှိတော့မည် မဟုတ်ချေ။
ရှေးဦး ကမ္ဘာဦး ခေတ်မှ အင်အားကြီး ပညာရှင် လင်ရွှီဇီ၏ နတ်ဘုရား လက်နက်ထဲမှ ရတနာများကတော့ အမှန်တကယ်ပင် မရေမတွက်နိုင်အောင် များပြားလှပေစွ။
ဖုန်းဝူချန်သည် ရင်ထဲက ဝမ်းသာမှုကို ထိန်းချုပ်ရင်း စတုတ္ထအထပ်သို့ ဆက်လက် တက်လှမ်းခဲ့၏။
စတုတ္ထအထပ်တွင်မူ ရာနှင့်ချီသော ဂူသင်္ချိုင်းများက ယခင်အတိုင်းပင် ရှိနေဆဲ ဖြစ်၏။
“ထွက်လာခဲ့ကြပါ”
ဖုန်းဝူချန်က အော်ဟစ်လိုက်ကာ ဂူသင်္ချိုင်းများ အတွင်းရှိ ဝိညာဉ် ရုပ်သေးများကို သူ၏ စိတ်ဖြင့် ထိန်းချုပ်လိုက်၏။
နောက်တစ်စက္ကန့်မှာပင်... ရာနှင့်ချီသော ဂူသင်္ချိုင်း တစ်ခုချင်းစီမှ ဝိညာဉ် ခန္ဓာကိုယ် တစ်ခုစီ ချက်ချင်း ထွက်ပေါ်လာတော့သည်။
ဖုန်းဝူချန်က ပြုံးလိုက်ရင်း လက်ကို ဝေ့ယမ်းလိုက်ရာ ဝိညာဉ် ရုပ်သေး ရာပေါင်းများစွာတို့သည် တစ်ပြိုင်နက်တည်း ပျံတက်သွားကြပြီး သူ ညွှန်ပြရာသို့ သွားနေကြ၏။ သူ တိုက်ခိုက်ခိုင်းလျှင် တိုက်ခိုက်ကြကာ၊ ဒူးထောက်ခိုင်းလျှင်လည်း ချက်ချင်း ဒူးထောက်ကြသည်။
'မိစ္ဆာကျားသစ် ပြောတာ မှန်တာပဲ... ငါ အခု ဒီဝိညာဉ် ရုပ်သေးတွေကို စိတ်ကြိုက် ထိန်းချုပ်လို့ ရနေပြီ'
ဖုန်းဝူချန်၏ ရင်ထဲတွင် ဝမ်းသာအားရမှုများဖြင့် ပြည့်နှက်နေတော့၏။
ကိုးထပ် ချန်ခွင်း မျှော်စင် အဆင့်မြင့်သွားခြင်းက ဖုန်းဝူချန်အတွက် မထင်မှတ်ထားသော လက်ဆောင်မွန် အမြောက်အမြားကို ယူဆောင်လာပေးခဲ့ခြင်းပင်။
“နတ်ဘုရား ဘုရင် နန်းတော်... မင်းတို့ စောင့်နေလိုက်စမ်း”
ဖုန်းဝူချန်က ရက်စက်သော အပြုံးဖြင့် ရေရွတ်လိုက်ကာ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာတော့၏။
လိန်ဟွန်းက နဂါးနတ်ဘုရား နန်းတော်ကို (၂) ကြိမ်တိုင်တိုင် လာရောက် တိုက်ခိုက်ခဲ့ခြင်းက ဖုန်းဝူချန်ကို လုံးဝ ဒေါသပေါက်ကွဲသွားစေခဲ့ပြီပင်။
ယခုအခါ ဤစွမ်းအားပြင်းသော ဝိညာဉ် ရုပ်သေး ရာပေါင်းများစွာ ရှိနေပြီဖြစ်ရာ ဖုန်းဝူချန် အနေဖြင့် နတ်ဘုရား ဘုရင် နန်းတော်ကို စစ်ကြေညာရန် အင်အား အလုံအအုံ ရှိနေခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဖုန်းဝူချန်သည် ပဉ္စမအထပ်တွင် မည်သို့သော အပြောင်းအလဲများ ရှိနေမည်ကို သိချင်စိတ် ပြင်းပြနေမိတော့၏။
မူလက ပဉ္စမအထပ်တွင် ကုန်ခမ်းသွားခြင်း မရှိသော သန့်စင်သည့် စွမ်းအင်လုံးများ ရှိခဲ့၏။ ယခု ကိုးထပ် ချန်ခွင်း မျှော်စင်က အင်မော်တယ် လက်နက် အဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ ထိုနေရာက ဘာဖြစ်သွားမည်ကို မည်သူမျှ မသိနိုင်ချေ။
ဖုန်းဝူချန်သည် ရင်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ပဉ္စမအထပ်သို့ တက်လှမ်းခဲ့သည်။
“ဒါက... ရှေးဦး ကမ္ဘာဦး စွမ်းအားတွေပဲ”
ဖုန်းဝူချန် ပဉ္စမအထပ်သို့ ရောက်ရောက်ချင်းမှာပင် အလွန်တရာ ကြီးမားလှသော အားလှိုင်းများ၏ ရိုက်ခတ်မှုကို ခံလိုက်ရ၏။
“ဟားဟား... ငါ ထင်တဲ့အတိုင်းပါပဲ... ရှေးဦး ကမ္ဘာဦး စွမ်းအားတွေ... ဒါတွေက ရှေးဦး ကမ္ဘာဦး စွမ်းအားတွေပဲ”
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာဖြင့် အော်ရယ်လိုက်တော့၏။ အကြောင်းမှာ ပဉ္စမအထပ်ရှိ မူလ သန့်စင်သော စွမ်းအင်လုံးများ နေရာတွင် ရှေးဦး ကမ္ဘာဦး စွမ်းအားများက အစားထိုး ဝင်ရောက်နေသောကြောင့် ဖြစ်ပေသည်။
ရှေးဦး ကမ္ဘာဦး စွမ်းအားများက ယခင် စွမ်းအင်များထက် ပို၍ အစွမ်းထက်ကာ ပို၍လည်း သန့်စင်လှပေသည်။
“နတ်ဘုရား ဘုရင် နန်းတော်... မိစ္ဆာမျိုးနွယ်စု... စောင့်နေလိုက်ကြစမ်း... ငါ ဖုန်းဝူချန်က မင်းတို့ကို အမြစ်ပြတ် သုတ်သင်ပြမယ်”
ဖုန်းဝူချန်က စိတ်လှုပ်ရှားမှုနှင့်အတူ ကြုံးဝါးလိုက်၏။
ဖုန်းဝူချန်သည် ဆဋ္ဌမအထပ်သို့ တက်လှမ်းရန် အလွန်ပင် စိတ်အားထက်သန်နေတော့၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သတ် ဓားသိုင်းကို ထိုအထပ်မှ ရရှိခဲ့ခြင်း ဖြစ်ရာ... ယခုတစ်ကြိမ်တွင် မည်သို့သော အစွမ်းထက်သည့် သိုင်းကွက်များကို ရရှိဦးမည်နည်း ဆိုသည်ကို သူ အလွန် သိချင်နေမိသောကြောင့် ဖြစ်ပေတော့သည်။