← Chapters

အခန်း (၇၅၇-၇၅၉)

Vol. 51 Ch. 757-759

အခန်း (၇၅၇-၇၅၉)

Vol. 51 Ch. 757-759

အခန်း (၇၅၇) - တောင်တန်းကို သိမ်းပိုက်ခြင်း

~အချိန် စွမ်းအားသည် ရှေးဦး စွမ်းအားများအနက် အဆင့် (၈) နေရာတွင် ရှိပေ၏။ အမည်နာမနှင့် လိုက်ဖက်စွာပင် အချိန်ကာလကို ထိန်းချုပ်နိုင်စွမ်း ရှိ၏။

၎င်း၏ တိကျသော စွမ်းရည်များကိုကား ဖုန်းဝူချန် ရှာတွေ့ပြီးမှသာ သိရှိနိုင်မည် ဖြစ်ပေသည်။

မြောက်ဘက် ဆန်းကြယ် နယ်မြေမှာ ကောင်းကင်ဝိညာဉ် တိုက်ကြီးရှိ အဓိက နယ်မြေကြီး သုံးခုအနက်မှ တစ်ခုဖြစ်ပြီး ပါရမီရှင် အများဆုံး ပေါ်ထွက်ရာ ဒေသလည်း ဖြစ်၏။

အကြောင်းမူကား သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သည် ဤမြောက်ဘက် ဆန်းကြယ် နယ်မြေ၌ တည်ရှိနေသောကြောင့်ပင်တည်း။

“ဝှစ်... ဝှစ်... ဝှစ်...”

(၁) ရက်ကြာပြီးနောက် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ နယ်စပ်သို့ ရောက်ရှိလာကြ၏။

“နန်းတော်သခင်... အချိန် စွမ်းအားက မြောက်ဘက် ဆန်းကြယ် နယ်မြေမှာ ရှိနေတာ သေချာရဲ့လားဗျာ”

ပေတိုယန်က အချည်းနှီး ခရီးစဉ်ဖြစ်သွားမည်ကို စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။

“မမှားနိုင်ပါဘူး”

ဖုန်းဝူချန်က ခေါင်းညိတ်ပြရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေ၏။

“မြောက်ဘက် ဆန်းကြယ် နယ်မြေမှာ တကယ်ရှိနေတယ်ဆိုရင် တို့တွေ ရောက်တာနဲ့ ရှေးဦး စက်ကွင်း လက်နက်က သေချာပေါက် တုံ့ပြန်လာမှာပဲ၊ အဲဒီအခါကျရင် ရှာရတာ အများကြီး လွယ်သွားလိမ့်မယ်၊ ရှေးဦး စွမ်းအားရဲ့ အရှိန်အဝါကိုတောင် တို့တွေ အာရုံခံမိနိုင်တယ်ကွ”

လျိုချင်းယန်က ဝင်ရောက် တွက်ဆပြောဆိုလိုက်သည်။ လွန်ခဲ့သော (၃) လတာ ကာလအတွင်း သူသည် ရိုင်းစိုင်းသော စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်၏။

ရိုင်းစိုင်းသော စွမ်းအား၏ မူလစွမ်းအင် တစ်စွန်းတစ်စကို သန့်စင်နိုင်ခဲ့ခြင်းကြောင့်ပင် လျိုချင်းယန်၏ ကျင့်ကြံခြင်းအဆင့်မှာ အရူးအမူး တက်လာခဲ့၏။ ယခုအခါ မြောင်ချင်းချင်းကိုပင် ကျော်လွန်ကာ ကောင်းကင်ဘုံလူသား အဆင့် (၉) သို့ ရောက်ရှိနေချေပြီ။

ဤမျှ အစွမ်းထက်သော ကျင့်ကြံမှုသည် ချီဟွမ်ကိုပင် ကျော်တက်သွားခဲ့ပြီ ဖြစ်ပေသည်။

“ဒီတစ်ခါတော့ သန်မာလွန်းတဲ့ ရန်သူတွေနဲ့ ထပ်မတွေ့ရဖို့ပဲ မျှော်လင့်ပါတယ်ကွာ၊ အချိန် စွမ်းအားကို ချောချောမွေ့မွေ့ ရဖို့ရယ်၊ လမ်းမှာ ရတနာလေး ဘာလေး တွေ့ဖို့ရယ်လောက်ပဲ ဆုတောင်းတယ်၊ ရှေးဟောင်း စွမ်းအားတွေ ဒါမှမဟုတ် ခေတ်အဆက်ဆက်က ရှားပါးစွမ်းအားလေးတွေ ရရင်လည်း မဆိုးဘူးပေါ့လေ”

ပိုင်မိက ပခုံးတွန့်ကာ ရယ်ရင်း နောက်ပြောင်လိုက်၏။

“ဟား ဟား ဟား... မင်းတွေးတာ ငါတွေးတာနဲ့ တစ်ထပ်တည်းပဲကွ”

လိန်ထျန်းကျွယ်မှာ အသံထွက်သည်အထိ အော်ရယ်လိုက်မိရာ ကျန်သူများပါ လိုက်လံ ရယ်မိကြတော့သည်။

“သွားကြစို့... တို့တွေနဲ့ အနီးဆုံးဖြစ်တဲ့ မျက်လှည့် တောင်တန်းဆီကို အရင်သွားကြတာပေါ့”

ဖုန်းဝူချန်က ဦးဆောင်၍ ပြောလိုက်၏။

မျက်လှည့် တောင်တန်းမှာ မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် အချိန်မဆိုင်းဘဲ ခရီးဆက်ခဲ့ကြ၏။

“အစ်ကိုဖုန်း... ရှောင်ရှောင် ပြန်မလာတာ နှစ်ဝက်လောက်တောင် ရှိနေပြီ၊ တစ်ခုခုများ ဖြစ်နေပြီလားဟင်”

လမ်းခရီးတွင် မြောင်ချင်းချင်းက စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။ သူမသည် လင်ရှောင်ရှောင်အတွက် လွန်စွာ ပူပန်နေခဲ့ခြင်း ဖြစ်၏။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး တိတ်ဆိတ်သွား၏။

လင်ရှောင်ရှောင် နဂါးနတ်ဘုရား နန်းတော်မှ ထွက်ခွာသွားခဲ့သည်မှာ နှစ်ဝက်နီးပါး ရှိခဲ့ပြီဖြစ်သော်လည်း ယခုထက်တိုင် သတင်းအစအနမျှပင် မကြားရချေ။ မိစ္ဆာတိမ်တိုက်၏ စကားများက ဖုန်းဝူချန်၏ စိတ်အာရုံထဲတွင် တစ်ကျော့ပြန် ပေါ်လာပြန်၏။

သို့သော်ငြား ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုသည် အလွန်တရာ အင်အားကြီးမားလှပေသည်။ သူတို့၏ ကာလရှည် မဟာမိတ်ဖြစ်သော နဂါးမျိုးနွယ်စုနှင့်သာ ပူးပေါင်းလိုက်မည်ဆိုပါက ထိုအင်အားစုနှစ်ခု၏ စွမ်းအားမှာ ဖျက်ဆီးမရနိုင်လောက်အောင် ကြီးမားလှ၏။

နတ်ဆိုးဘုရင်သာ ချိတ်ပိတ်ခံထားရခြင်းမှ မရုန်းထွက်နိုင်သရွေ့ မိစ္ဆာမျိုးနွယ်စုအနေဖြင့် သူတို့ကို ယှဉ်နိုင်စွမ်း ရှိမည် မဟုတ်ပါချေ။

သို့သော် သေချာသည့် အချက်တစ်ချက်မှာကား နဂါးမျိုးနွယ်စုနှင့် ရာ့ရှားမျိုးနွယ်စုတို့ထံတွင် ဆိုးရွားသော ပြဿနာတစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပွားနေခြင်းပင်တည်း။

“သူ ဘာမှမဖြစ်လောက်ပါဘူးကွာ၊ စိတ်မပူပါနဲ့”

ဖုန်းဝူချန်က မြောင်ချင်းချင်းကို နှစ်သိမ့်ပေးလိုက်သော်လည်း သူကိုယ်တိုင်ပင်လျှင် တိကျစွာ မသိနိုင်ပါချေ။

တစ်နာရီခန့် ကြာပြီးနောက်... ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် အချိန် စွမ်းအား ရှိနိုင်ခြေအများဆုံးဖြစ်သော ပထမဆုံး နေရာ၊ မျက်လှည့် တောင်တန်းဆီသို့ ဆိုက်ရောက်လာကြ၏။

လျိုချင်းယန်သည် ရိုင်းစိုင်းသော စွမ်းအားကို အသက်သွင်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ အာရုံခံလိုက်၏။ ထို့နောက် ခေါင်းခါယမ်းလိုက်ရင်း...

“ဘာတုံ့ပြန်မှုမှ မရှိဘူး၊ ဒါပေမယ့် အစွမ်းထက်တဲ့ အရှိန်အဝါ တော်တော်များများကိုတော့ အာရုံခံမိတယ်၊ တောင်တန်းထဲမှာ ကျင့်ကြံနေကြတာ ဖြစ်မယ်”

“အစ်ကိုဖုန်း... ဟိုဘက်မှာ မြို့ငယ်လေး တစ်မြို့ရှိတယ်၊ မျက်လှည့် တောင်တန်းအကြောင်းကို သူတို့ ပိုသိလောက်တယ်၊ သွားမေးကြည့်ရအောင်”

မြောင်ချင်းချင်းက ဘယ်ဘက်သို့ လက်ညှိုးထိုးပြရင်း အကြံပြုလိုက်သည်။

“ကောင်းပြီလေ”

ဖုန်းဝူချန်က သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။

“သခင်... လူသားတစ်ယောက်ရဲ့ အားနည်းနေတဲ့ အရှိန်အဝါကို ကျွန်မ အာရုံခံမိတယ်၊ ဒဏ်ရာ အပြင်းအထန် ရထားတဲ့ပုံပဲ၊ တောင်တန်းထဲမှာ သိပ်မဝေးဘူး ရှင့်”

ရုတ်တရက် လန်ယွီက ဝင်ပြောလိုက်၏။ နတ်သူငယ်မျိုးနွယ်စုဝင် တစ်ဦးဖြစ်သော လန်ယွီသည် အရှိန်အဝါမျိုးစုံကို အာရုံခံရာတွင် အလွန်တရာ ထိခိုက်လွယ်လှပေသည်။

“ထျန်းကျီဘုံ အဆင့် (၂) ပါလား”

ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သေချာစွာ အာရုံခံလိုက်၏။ ထို့နောက် တောင်တန်းဘက်သို့ လှမ်းကြည့်ရင်း...

“ချင်းယန်... မင်းတို့အားလုံး မြို့ထဲကို အရင်သွားနှင့်ကြ၊ လန်ယွီနဲ့ ငါ သွားကြည့်လိုက်ဦးမယ်”

ထိုအားနည်းနေသော အရှိန်အဝါနောက်သို့ လိုက်သွားရာ ဖုန်းဝူချန်နှင့် လန်ယွီတို့သည် တောင်တန်းအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားကြပြီး ဒဏ်ရာရနေသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ထိုမိန်းမပျိုလေးမှာ အဖြူရောင် ပိတ်ပါးဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် ဝတ်စုံတစ်ခုလုံးမှာ သွေးများဖြင့် နီရဲနေကာ ကြည့်ရက်စရာပင် မရှိတော့ချေ။

အကယ်၍သာ ဒဏ်ရာများကြောင့် မျက်နှာလေး ဖြူရော်မနေပါက သူမ၏ အလှတရားမှာ မြောင်ချင်းချင်း၊ လန်ယွီတို့နှင့်ပင် ယှဉ်နိုင်လောက်အောင် ကျက်သရေရှိလှကြောင်း မြင်တွေ့ရမည်မှာ အသေအချာပင်။

“ဘယ်သူလဲ”

လူလာနေသည်ကို သတိထားမိလိုက်သဖြင့် မိန်းကလေး၏ ဖြူရော်နေသော မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဓားကို ဆွဲထုတ်ကာ သတိကြီးစွာဖြင့် စောင့်ကြည့်နေလိုက်သည်။

“သခင်... သူ့ရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တာပဲ၊ ဘယ်သူကများ ဒီလောက်တောင် ရက်စက်ရတာလဲ မသိဘူး”

လန်ယွီက ပြောလိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် နတ်သူငယ် မျိုးနွယ်စု၏ စွမ်းအားများကို အသက်သွင်းလိုက်၏။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ညင်သာနူးညံ့သော အပြာရောင် အလင်းကွင်းလေးတစ်ခု ထွက်ပေါ်လာ၏။

မိန်းမပျိုလေး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသော်လည်း သူမတွင် ခုခံနိုင်စွမ်း လုံးဝ မရှိတော့သဖြင့် အပြာရောင် စွမ်းအင်များ၏ ဖုံးလွှမ်းမှုကို ချက်ချင်း ခံလိုက်ရလေတော့သည်။

“မစိုးရိမ်ပါနဲ့... မင်းရဲ့ အားနည်းနေတဲ့ အရှိန်အဝါကို အာရုံခံမိလို့ လာခဲ့တာပါ၊ သူက မင်းကို ကုသပေးနေတာ”

ဖုန်းဝူချန်က မိန်းကလေးကို အကဲခတ်ကြည့်ရင်း ယဉ်ကျေးပျူငှာသော လေသံဖြင့် ဆိုလိုက်၏။

သူမ၏ ဒဏ်ရာများ သက်သာလာသည်ကို ခံစားလိုက်ရမှသာ မိန်းမပျိုလေးမှာ စိတ်သက်သာရာ ရသွားပြီး လန်ယွီကို အံ့အားသင့်စွာ ကြည့်နေမိသည်။

ဤစွမ်းအားမှာ မည်သည့်စွမ်းအားမျိုးမှန်း သူမ မသိသော်လည်း အလွန်တရာ အံ့မခန်း ဖြစ်လှပေသည်။ ဆေးလုံး မလိုဘဲ သူမ၏ ဒဏ်ရာများကို လျင်မြန်စွာ ကျက်သေစေနိုင်သည် မဟုတ်ပါလော။

“ဒါက ကုသရေး ဆေးလုံးပဲ”

ဖုန်းဝူချန်က ဆေးလုံးတစ်လုံးကို ကမ်းပေးရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်ရှင်”

မိန်းမပျိုလေးက ဆေးလုံးကို ဝမ်းသာအားရ လှမ်းယူလိုက်၏။ ရုတ်တရက် သူမ၏ မျက်နှာထားမှာ တောင့်တင်းသွားပြီး...

“အဆင့် (၇) ဆေးလုံးပါလား”

“ညီမလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲဟင်၊ ဒဏ်ရာတွေကလည်း ပြင်းထန်လှချည်လား၊ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ပြောပြလို့ ရမလား”

ဟု

လန်ယွီက နူးညံ့စွာ မေးလိုက်သည်။

“ကျွန်မ နာမည်က ရှဲ့ဝမ်အာ ပါရှင်၊ မကြာသေးခင်က လူတစ်စု မျက်လှည့် တောင်တန်းကို အတင်းအကြပ် သိမ်းပိုက်လိုက်ကြတယ်၊ ဘယ်သူ့ကိုမှလည်း တောင်တန်းထဲ ပေးမဝင်ဘူး၊ သူတို့က အရမ်း အစွမ်းထက်တယ်၊ ကျွန်မက တောင်တန်းထဲမှာ ရတနာ တချို့ သွားရှာချင်တာနဲ့ သွားလိုက်တာ... သူတို့ လက်ချက်နဲ့ အသက်တောင် ပေးရလုမတတ် ဖြစ်သွားတယ်၊ သူတို့က အရမ်း ရက်စက်ကြတယ်ရှင်၊ လူတွေ အများကြီးကိုလည်း သတ်ထားပြီးပြီ၊ ဒေသခံ အင်အားစုတွေ တစ်ခုမှ သူတို့ကို မသွားစမ်းရဲကြဘူး”

ရှဲ့ဝမ်အာသည် ပြောရင်းဆိုရင်းဖြင့် ပိုမို ကြောက်လန့်လာဟန်ရှိပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းအတွက် တိတ်တဆိတ် သက်ပြင်းချနေမိ၏။

“တောင်တန်းကို သိမ်းပိုက်ထားတယ် ဟုတ်လား”

လန်ယွီသည် ဖုန်းဝူချန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး တိတ်တဆိတ် အသံလွှင့်ကာ မေးလိုက်သည်။

'သခင်... သူတို့ကများ အချိန် စွမ်းအားကို ရှာနေကြတာလား'

ဖုန်းဝူချန်က ခေါင်းအနည်းငယ် ခါပြလိုက်ပြီး...

“သူတို့ တောင်တန်းကို သိမ်းပိုက်ထားရတဲ့ ရည်ရွယ်ချက်ကို မင်း သိလား” ဟု လှမ်းမေးလိုက်၏။

ရှဲ့ဝမ်အာက ခေါင်းယမ်းလိုက်ပြီး...

“ကျွန်မလည်း မသိဘူး ရှင့်၊ ဒါပေမယ့် သူတို့က လူတွေ အများကြီးကို ဖမ်းထားတယ်လို့တော့ ကြားတယ်၊ ဘာရည်ရွယ်ချက်နဲ့ ဖမ်းထားတာလဲဆိုတာတော့ မသိဘူး”

“ဝှစ်... ဝှစ်... ဝှစ်...”

ထိုစဉ် လျိုချင်းယန်နှင့် အခြားသူများ လျင်မြန်စွာ ရောက်ရှိလာကြသည်။ သူတို့ အားလုံး၏ မျက်နှာများမှာ တင်းမာခက်ထန်နေပြီး ဒေါသအရိပ်အယောင်များနှင့် လူသတ်ချင်စိတ်များက ပြင်းထန်စွာ ထွက်ပေါ်နေ၏။

“နန်းတော်သခင်... မြို့ထဲမှာတော့ ပြဿနာ တက်နေပြီဗျ”

ယီထျန်းချင်းက ပြောလိုက်ခြင်းပါ။

“ဘာတွေ ဖြစ်လာလို့လဲ”

ဖုန်းဝူချန်သည် ဒေါသထွက်နေကြသော လျိုချင်းယန်နှင့် အခြားသူများကို ကြည့်ကာ မေးလိုက်၏။

“အစ်ကိုဖုန်း... လွန်ခဲ့တဲ့ တစ်လလောက်က လူတစ်စု မျက်လှည့် တောင်တန်းကို သိမ်းပိုက်လိုက်ကြတယ်တဲ့၊ မြို့ထဲက လူအများကြီးကိုလည်း ဖမ်းသွားတယ်၊ ကလေးငယ်လေးတွေတောင် ပါသွားသေးတယ်၊ သူတို့ သေလားရှင်လားတောင် မသိရတော့ဘူးဗျာ”

လျိုချင်းယန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူသည် ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ဘဲ တောင်တန်းအတွင်းရှိ ထိုလျှို့ဝှက်ဆန်းကြယ်သူများကို သွားရောက် ရင်ဆိုင်ချင်နေပုံ ရသည်။

“လန်ယွီ... ဒီမိန်းကလေးကို ဆက်ပြီး ကုသပေးလိုက်ပါဦး၊ ငါတို့တွေ တောင်တန်းထဲ ဝင်ကြည့်ကြတာပေါ့”

ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်လျက် ပြောလိုက်၏။

မည်သူများက တောင်တန်းကို သိမ်းပိုက်ထားပြီး အဘယ်ကြောင့် လူအမြောက်အများကို ဖမ်းဆီးထားရသနည်းဆိုသည့် အချက်ကို သူ လွန်စွာ သိချင်နေမိသည်။

“ရှင်တို့ ဝင်သွားမလို့လား”

ရှဲ့ဝမ်အာမှာ အံ့အားသင့်သွားပြီး တားဆီးချင်သော်လည်း ဒဏ်ရာများကြောင့် လှုပ်ရှား၍ မရဖြစ်နေ၏။ သူမက စိုးရိမ်တကြီးဖြင့်...

“မဝင်ကြပါနဲ့ရှင်၊ သူတို့က အရမ်းသန်မာတယ်၊ သူတို့ထဲမှာ ထျန်းကျီဘုံ အဆင့် (၆) နဲ့ အဆင့် (၇) ပညာရှင် တော်တော်များများ ပါတယ်၊ အဲဒီကို သွားတာက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေလိမ့်မယ်နော်”

ဖုန်းဝူချန်ကား ဂရုမစိုက်နိုင်တော့ချေ။ သူသည် မျက်လှည့် တောင်တန်းအတွင်းသို့ ဝင်ရောက်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်၏။

ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သားများ ခိုင်မာပြတ်သားစွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှဲ့ဝမ်အာမှာ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။

'သူတို့က သေရမှာကို မကြောက်ကြဘူးလား'

“မစိုးရိမ်ပါနဲ့ ဝမ်အာ ညီမလေးရဲ့၊ သခင်နဲ့ ကျန်တဲ့သူတွေ ဘာမှမဖြစ်ပါဘူး”

လန်ယွီက ခပ်ဟဟ ရယ်ရင်း ပြောလိုက်၏။ ဖုန်းဝူချန်၏ စွမ်းအားနှင့်ဆိုပါက ထျန်းကျီဘုံ အဆင့် (၆) နှင့် (၇) ပညာရှင်များကို လုံးဝ ကြောက်ရွံ့နေစရာ မလိုကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။

“ဟင်၊ သူတို့ ဘာမှဖြစ်မှာ မဟုတ်ဘူး တဲ့လား”

ရှဲ့ဝမ်အာ၏ မျက်နှာထက်တွင် အလွန်တရာ အံ့ဩမှင်သက်နေသော အရိပ်အယောင်များ ပေါ်လွင်နေလေတော့၏။

အခန်း (၇၅၈) - ရူးသွပ်ခြင်းနှင့် ရက်စက်ခြင်း

~မျက်လှည့် တောင်တန်းကြီးသည် မိုင်သောင်းချီ၍ ရှည်လျားကျယ်ပြန့်ကာ မရေမတွက်နိုင်သော ကောင်းကင်နှင့် မြေကြီး ရတနာများကို မွေးဖွားပေးလျက် ရှိပေသည်။

အနီးအနားရှိ မြို့ရွာများမှ ကျင့်ကြံသူများသည် သူတို့၏ စားဝတ်နေရေးအတွက် မျက်လှည့် တောင်တန်းမှ ထွက်ရှိသော ရတနာများကို အဓိက မှီခိုနေကြရ၏။

ယခုအခါ ထိုတောင်တန်းကြီးကို မည်သည့်အရပ်မှန်း မသိရသော လူတစ်စုက အတင်းအကြပ် သိမ်းပိုက်လိုက်ကြသဖြင့် မြို့ရွာများမှ သာမန် ကျင့်ကြံသူများ၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ လုံးဝ ပြတ်တောက်သွားခဲ့ရပေပြီ။

“စောစောက ငါတို့ အာရုံခံမိတဲ့ အစွမ်းထက်တဲ့ အရှိန်အဝါတွေက အဲဒီလူတွေပဲ ဖြစ်ရမယ်”

လျိုချင်းယန်က အံကို ကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။ သူ၏ မျက်ဝန်းအစုံတွင် လူသတ်ချင်စိတ်များက ပြင်းထန်စွာ တောက်ပနေ၏။

“မျက်လှည့် တောင်တန်းထဲမှာ ဘယ်လို ရတနာမျိုးတွေများ ရှိနေလို့ သူတို့က ဒီလို သိမ်းပိုက်ထားရတာလဲ၊ ပြီးတော့ လူတွေကိုကော ဘာဖြစ်လို့ ဖမ်းဆီးနေရတာလဲ”

ပေတိုယန်မှာ သံသယများကို မထိန်းချုပ်နိုင်ဘဲ မေးလိုက်မိသည်။

ထျန်းကျီဘုံမှ ဤလျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် ပညာရှင်များ ရောက်ရှိနေခြင်းက သူတို့အနေဖြင့် ရှားပါးရတနာ အချို့ကို တွေ့ရှိထားကြောင်း ဖော်ပြနေသည် မဟုတ်ပါလော။

ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် မိမိတို့၏ အရှိန်အဝါကို ဖုံးကွယ်ကာ မျက်လှည့် တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာများဆီသို့ သတိကြီးစွာဖြင့် တိတ်တဆိတ် ဝင်ရောက်သွားကြ၏။

မျက်လှည့် တောင်တန်းအတွင်းရှိ နက်ရှိုင်းသော ချိုင့်ဝှမ်းတစ်ခုတွင် အစွမ်းထက် ပညာရှင် ဆယ်ဂဏန်းခန့်က အစောင့်အကြပ်အဖြစ် ရပ်နေကြပြီး လူရာပေါင်းများစွာက ဧရာမ တွင်းကြီးတစ်ခုထဲတွင် တစ်စုံတစ်ခုကို တူးဖော်နေကြသည်ကို တွေ့လိုက်ရသည်။

“မြန်မြန်လုပ်ကြစမ်း... အချိန်ဆွဲမနေနဲ့”

“မသေချင်ရင် မြန်မြန်တူး၊ နည်းနည်းလေး အလုပ်လုပ်တာ ပျင်းနေတာ တွေ့ရင် မင်းတို့ ခြေထောက်တွေကို ကျိုးသွားအောင် ရိုက်ပစ်မယ်”

ကောင်းကင်ဘုံလူသား အဆင့် (၉) ပညာရှင် အချို့က အဆက်မပြတ် ကြိမ်းမောင်း ခြိမ်းခြောက်နေကြသဖြင့် လူရာပေါင်းများစွာမှာ မနားမနေ အသက်လုကာ တူးဖော်နေကြရပြီး မည်သူမျှ မပျင်းရဲကြချေ။

ထိုလူရာပေါင်းများစွာမှာ လွန်စွာ ဆင်းရဲဒုက္ခ ရောက်နေကြရသော်လည်း အားနည်းသူများ ဖြစ်သဖြင့် သူတို့အတွက် အခြား ရွေးချယ်စရာ လမ်းမရှိပေ။

အကြောင်းမူကား တွင်းကြီး၏ ဘေးပတ်လည်တွင် သေဆုံးနေသော အလောင်းပေါင်းများစွာ ရှိနေပြီး ထိုသနားစရာ အလောင်းများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များပင် ပါဝင်နေသောကြောင့် ဖြစ်၏။

“ထျန်းကျီဘုံက (၇) ယောက်၊ ကောင်းကင်ဘုံလူသားဘုံက (၁၃) ယောက် ပါလား၊ ဒီလူတွေက ဘယ်သူတွေလဲ မသိဘူး”

ယီထျန်းချင်းက တောင်ထိပ်တစ်ခုပေါ်မှနေ၍ သိပ်မဝေးလှသော ချိုင့်ဝှမ်းဆီသို့ စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။

“ခွေးလူတွေ... လူတွေ အများကြီး ဖမ်းလာပြီးတော့ သူတို့ ဘာတွေ တူးနေကြတာလဲ၊ ဒီလောက်ကြီးတဲ့ တွင်းကြီးထဲမှာ ဘယ်လို ရတနာမျိုးတွေ ရှိနေလို့လဲ”

လျိုချင်းယန်က သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

“မိုယင် သလင်းကျောက်တွေ”

ရုတ်တရက် ယဲ့ထျန်းဝေက တစ်ခုခုကို သတိပြုမိသွားသကဲ့သို့ အော်ဟစ်လိုက်၏။

“သူတို့က မိုယင် သလင်းကျောက်တွေကို တူးနေကြတာပဲ”

ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“မိုယင် သလင်းကျောက်တွေ... ဟုတ်လား”

လျိုချင်းယန်နှင့် အခြားသူများက ဖုန်းဝူချန်ကို အံ့အားသင့်စွာဖြင့် နားမလည်ဟန် ကြည့်လိုက်ကြ၏။

ဖုန်းဝူချန်က ဆက်လက် ရှင်းပြသည်။

“မိုယင် သလင်းကျောက်တွေထဲမှာ အရမ်းကြမ်းတမ်းတဲ့ စွမ်းအားတွေ ပါဝင်တယ်၊ သူတို့က တော်တော်လေး ထူးခြားတဲ့ သလင်းကျောက် အမျိုးအစားဖြစ်ပြီး အရမ်းကို ရှားပါးတယ်၊ လေလံပွဲတွေမှာတောင် ဝယ်လို့မရနိုင်ဘူး၊ သူတို့က ထျန်းကျီဘုံ ပညာရှင်တွေရဲ့ ကျင့်ကြံခြင်းအတွက် အရမ်း အကျိုးရှိပြီး အဆင့် (၇) ဆေးလုံးလောက်ကို အစွမ်းထက်တယ်၊ ဒီလို ရတနာမျိုးကို ရွှေဒင်္ဂါးပြားတွေ ပေးပြီး ဝယ်လို့မရဘူးလေ”

“ဪ... ဒါကြောင့်ကိုး၊ ဒီလူတွေ မျက်လှည့် တောင်တန်းကို သိမ်းပိုက်ထားတာ မဆန်းပါဘူး၊ သူတို့ မိုယင် သလင်းကျောက်တွေကို ရှာတွေ့သွားကြတာပဲ”

ယီထျန်းချင်းက မျက်မှောင်ကြုတ်လျက် ဆို၏။

ပေတိုယန်ကလည်း အေးစက်သော လေသံဖြင့်...

“ရတနာ လာရှာတာက တစ်ကဏ္ဍထားပါတော့၊ ဒါပေမယ့် ရတနာတူးဖို့အတွက် လူတွေကို ဖမ်းဆီးခိုင်းစေတာကတော့ လွန်လွန်းတယ်ကွာ”

တွင်းကြီးထဲမှ လူများသည် မိုယင် သလင်းကျောက်ဟု ခေါ်သော အရွယ်အစား အမျိုးမျိုးရှိသည့် အမည်းရောင် သလင်းကျောက်တုံးများကို အဆက်မပြတ် သယ်ဆောင်လာကြသည်။

ထိုအခိုက်အတန့်၌ အသက် (၁၅)၊ (၁၆) နှစ်ခန့် အရွယ်ရှိ လူငယ်လေးများနှင့် မိန်းမပျိုလေးများ အယောက်ငါးဆယ်ခန့်သည် ဆေးဘက်ဝင် အပင်များနှင့် ကောင်းကင်နှင့် မြေကြီး ရတနာများ အပြည့်ပါသော တောင်းများကို လွယ်ကာ ချိုင့်ဝှမ်းအတွင်းသို့ ပြန်လည်ရောက်ရှိလာကြ၏။

ထိုလူငယ်လေးများ၏ တစ်ကိုယ်လုံးတွင် ရွှံ့ဗွက်များ ပေကျံနေပြီး သူတို့၏ နုနယ်သော မျက်နှာလေးများပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေ၏။

သူတို့သည်လည်း ဖမ်းဆီးခံထားရသူများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

“ခွေးမသားတွေ... ဖမ်းလာတဲ့ ကလေးတွေကိုတောင် သူတို့အတွက် ရတနာတွေ သွားရှာခိုင်းနေသေးတယ်”

ပိုင်မိမှာ ဒေါသထွက်လွန်း၍ အံကို ကြိတ်ကာ ဆဲရေးလိုက်ပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

ဖုန်းဝူချန်နှင့် အခြားသူများ၏ မျက်နှာများမှာ လျှပ်တစ်ပြက်အတွင်း မှောင်မိုက်သွားလေတော့သည်။

“သေချင်တဲ့ လူတွေ... ဒီလူတွေက လုံးဝကို စာနာစိတ်မရှိတဲ့ ရက်စက်တဲ့ လူတွေပဲ၊ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်”

လျိုချင်းယန်က ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်လေရာ သူ၏ ပြင်းထန်သော လူသတ်ချင်စိတ်များမှာ ထိန်းချုပ်၍မရအောင် ပေါက်ကွဲထွက်လာတော့၏။

လျိုချင်းယန်၏ ကြောက်မက်ဖွယ် လူသတ်ချင်စိတ်များ ပေါ်ထွက်လာသည်နှင့် ချိုင့်ဝှမ်းအတွင်းရှိ ပညာရှင် ဆယ်ဂဏန်းခန့်မှာ ချက်ချင်း သတိထားမိသွားကြသည်။

“လူသတ်ချင်တဲ့ အရှိန်အဝါပါလား”

“ကောင်းကင်ဘုံလူသား အဆင့် (၉) ပဲ”

“ဟွန့်... သေချင်လို့ လာတဲ့လူတွေပဲ”

ထျန်းကျီဘုံ ပညာရှင် (၇) ယောက်နှင့် ကောင်းကင်ဘုံလူသားဘုံ ပညာရှင် (၁၃) ယောက်စလုံးမှာ ချက်ချင်း သတိအနေအထား ဖြစ်သွားကြပြီး သူတို့၏ အကြည့်များက လူသတ်ချင်စိတ် ထွက်ပေါ်လာရာ နေရာဆီသို့ လျင်မြန်စွာ ရောက်ရှိသွားကြ၏။

သို့သော် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် ဤနေရာသို့ ရောက်လာကတည်းက လူမိမည်ကို မကြောက်ရွံ့ခဲ့ပါချေ။

“ဝှစ်... ဝှစ်... ဝှစ်...”

ဖုန်းဝူချန်နှင့် အဖွဲ့သည် မှောင်မိုက်နေသော မျက်နှာများ၊ ဒေါသနှင့် လူသတ်ချင်စိတ်များ ပြည့်နှက်နေသော မျက်ဝန်းများနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာကြသည်။

“မင်းတို့က ဘယ်သူတွေလဲ”

ထျန်းကျီဘုံ အဆင့် (၈) တွင်ရှိသော ခေါင်းဆောင်ဖြစ်သူ အမျိုးသားက အေးစက်စွာ မေးလိုက်ပြီး သူ၏ ရက်စက်သော အကြည့်များက ဖုန်းဝူချန်တို့အပေါ် ဖြတ်သန်းသွား၏။

တွင်းကြီးထဲမှ ရာနှင့်ချီသော အမျိုးသားနှင့် အမျိုးသမီးများမှာလည်း အခြားသူများကဲ့သို့ အရိုက်ခံရပြီး မသေချင်ကြသဖြင့် အသက်ရှင်လိုစိတ်နှင့် မျှော်လင့်ချက်များ အပြည့်ဖြင့် ဖုန်းဝူချန်တို့ကို လှမ်းကြည့်နေကြလေသည်။

“အစ်ကိုကြီးတို့... ကျွန်တော်တို့ကို ကယ်ပါဦး”

လူငယ်လေးများနှင့် မိန်းမပျိုလေးများမှာ အသက်ကယ်ကြိုး တစ်ချောင်းကို တွေ့လိုက်ရသည့်အလား အော်ဟစ် အကူအညီ တောင်းလိုက်ကြ၏။

“ပါးစပ် ပိတ်ထားကြစမ်း”

ကောင်းကင်ဘုံလူသားဘုံမှ ပညာရှင်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ကြမ်းတမ်းသော အကြည့်များဖြင့် ဝေ့ကြည့်လိုက်ရာ လူငယ်လေးများမှာ အလွန်အမင်း ထိတ်လန့်သွားကြတော့သည်။

“မင်းတို့က မျက်လှည့် တောင်တန်းကို သိမ်းပိုက်ထားတဲ့ လူတွေလား၊ ပြီးတော့ ဒီလူတွေက မင်းတို့ ဖမ်းထားတဲ့ သူတွေပေါ့”

ဖုန်းဝူချန်က ရေခဲပမာ အေးစက်နေသော လေသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်၏။

“ဟွန့်... မင်းနဲ့ မဆိုင်တဲ့ ကိစ္စ ဝင်မပါနဲ့၊ မင်းက သေချင်နေတာလား”

ကောင်းကင်ဘုံလူသား အဆင့် (၉) ပညာရှင် တစ်ဦးက အေးစက်စွာ ပြောလိုက်ပြီး ဖုန်းဝူချန်အား အထင်သေးစွာ တစ်ချက်ကြည့်ကာ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ခုန်အုပ်တိုက်ခိုက်လိုက်လေတော့သည်။

“ဝှစ်...”

ထိုလူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်သည်လည်း နေရာမှ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး တစ္ဆေတစ်ကောင်ပမာ အရှိန်အဟုန်ဖြင့် ထိုလူ၏ ရှေ့သို့ ရောက်ရှိသွားလေ၏။ သူ၏ ဓားလက်ချောင်းကလည်း ထိုလူ၏ နဖူးတည့်တည့်သို့ ချိန်ရွယ်ပြီး ဖြစ်နေတော့သည်။

“ဘာ...”

ကောင်းကင်ဘုံလူသား အဆင့် (၉) ပညာရှင်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး သိမ့်သိမ့်ခါသွားကာ ဖုန်းဝူချန်အား ကြောက်ရွံ့စွာ ကြည့်နေမိ၏။

“ဖျက်ဆီးခြင်း”

ဖုန်းဝူချန်က ထိုလူအား ခံစားချက်မဲ့စွာ စိုက်ကြည့်ရင်း အေးစက်သော အမိန့်တစ်ခုကို ပေးလိုက်သည်။ တွက်ဆ၍ပင် မရနိုင်အောင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအား တစ်ခုက ထိုလူအား မျက်စိရှေ့တွင်ပင် ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားစေတော့၏။

ကောင်းကင်ဘုံလူသား အဆင့် (၉) ပညာရှင် တစ်ယောက်သည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။

ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား အဆင့် (၉) ပညာရှင် တစ်ယောက်ကို လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် သတ်ဖြတ်လိုက်ခြင်းပင်တည်း။

“ဒါ... ဒါ ဘယ်လို စွမ်းအားမျိုးလဲ”

ကောင်းကင်ဘုံလူသားဘုံ ပညာရှင် တစ်ဦးက တစ်ကိုယ်လုံး တုန်ရီလျက် ကြောက်ရွံ့စွာ မေးလိုက်၏။

“ဒီကောင်လေးက ထျန်းကျီဘုံက ဖြစ်ရမယ်၊ သူ့ရဲ့ အမြန်နှုန်းက ကြောက်စရာ ကောင်းလောက်အောင် မြန်တယ်”

ထျန်းကျီဘုံ ပညာရှင် တစ်ဦးကလည်း မျက်မှောင်ကြုတ်ကာ မှတ်ချက်ချလိုက်သည်။ သူကိုယ်တိုင်ပင် အလွန်အမင်း အံ့အားသင့်နေမိသည်။

ခေါင်းဆောင်ဖြစ်သူက လေးနက်သော လေသံဖြင့်...

“သူက သူ့ရဲ့ စွမ်းအားကို လုံးဝ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်တယ်၊ ဒီကောင်လေးက သာမန်တော့ မဟုတ်ဘူး”

ဖုန်းဝူချန် ပြသလိုက်သော ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ ဖမ်းဆီးခံထားရသူများ၏ ရင်တွင်း၌ မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာကြ၏။

ဤကား ဖျက်ဆီးခြင်း စွမ်းအား၏ ကြောက်မက်ဖွယ် အစွမ်းပင် ဖြစ်တော့သည်။

ထိုတစ်ကွက်တည်းသော တိုက်ခိုက်မှုဖြင့် ဖုန်းဝူချန်သည် အစွမ်းထက် ပညာရှင် ဆယ်ဂဏန်းခန့်ကို အပြည့်အဝ တုန်လှုပ်သွားစေခဲ့တော့၏။

“သူတို့ကို လွှတ်ပေးလိုက်စမ်း”

ဖုန်းဝူချန်က အေးစက်စွာ တောင်းဆိုလိုက်၏။

“သူတို့ကို လွှတ်ပေးရမယ် ဟုတ်လား” ခေါင်းဆောင်ဖြစ်သူက လှောင်ပြုံး ပြုံးလိုက်ပြီး အေးစက်စွာ ဆက်ပြောလိုက်သည်။

“မင်း သူတို့ကို ကယ်ချင်ရင် မင်းဆီမှာ အဲဒီလောက် စွမ်းဆောင်နိုင်ရည် ရှိမရှိ အရင် ကြည့်ရသေးတာပေါ့”

“တစ်ကောင်မှ အရှင်မထားနဲ့၊ သတ်”

ထိုလူ၏ စကားကို ကြားသည်နှင့် ဖုန်းဝူချန်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ အမိန့်ပေးလိုက်လေတော့သည်။

ယဲ့ထျန်းဝေ၊ လျိုချင်းယန်နှင့် အခြားသူများ အားလုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြရာ ပြင်းထန်လှသော စွမ်းအားများက ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။ ပတ်ဝန်းကျင်ရှိ ခမ်းနားကြီးကျယ်လှသော တောင်တန်းကြီးများပင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကျောက်တုံးများ မရေမတွက်နိုင်အောင် ပြိုကျလာတော့၏။

“တိရစ္ဆာန်ထက် ဆိုးတဲ့လူတွေ... သေစမ်း”

လျိုချင်းယန်က ကြိမ်းမောင်းလိုက်ပြီး ရှေ့ဆုံးမှ ပြေးဝင်သွား၏။

“ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

ထျန်းကျီဘုံ အဆင့် (၃) ပညာရှင် တစ်ဦးက ရက်စက်စွာ ပြောလိုက်ပြီး သူ၏ ကြမ်းတမ်းသော လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်လာ၏။

“ဝီ... ဝီ...”

ဖျက်ဆီးခြင်း စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် ဖုန်းဝူချန်၏ အရှိန်အဝါသည် လျှပ်တစ်ပြက်အတွင်း ပေါက်ကွဲထွက်လာပြီး သူ၏ စွမ်းအင်အဆင့်မှာ ထျန်းကျီဘုံ အဆင့် (၇) သို့ တစ်ဟုန်ထိုး တက်သွားလေတော့သည်။

“ထျန်းကျီဘုံ အဆင့် (၅) ပါလား... သူက အဆင့် (၂) ဆင့်တောင် ထပ်မြှင့်လိုက်နိုင်တယ်”

ခေါင်းဆောင်ဖြစ်သူက မျက်လုံးပြူးကာ အံ့အားသင့်စွာ အော်ဟစ်လိုက်၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီကောင်လေးက တကယ်ပဲ ထျန်းကျီဘုံ အဆင့် (၅) ကို ရောက်နေတာလား၊ ပြီးတော့ သူ့ရဲ့ အရှိန်အဝါက ဆက်တက်နေတုန်းပဲ”

အခြား ထျန်းကျီဘုံ ပညာရှင် တစ်ဦးကလည်း ထိတ်လန့်တကြား အော်လိုက်၏။

ဖုန်းဝူချန်က စိတ်အလျင်ဖြင့် အထွတ်အထိပ် နဂါး နတ်ဘုရား ဓားကို ဆင့်ခေါ်လိုက်သည်။ အဆင့် (၈) သို့ သွန်းလုပ်ထားသော နဂါးနတ်ဘုရား ဓားသည် အလွန်တရာ ကြမ်းတမ်းသော စွမ်းအားများကို ထုတ်လွှတ်နေပြီး ထိုအခိုက်အတန့်၌ ဖုန်းဝူချန်၏ စွမ်းအင်အဆင့်မှာ အရူးအမူး ထပ်မံ မြင့်တက်သွားပြန်၏။

အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော၊ အရိုးကွဲမတတ် အေးစက်လှသော လူသတ်ချင်စိတ် အရှိန်အဝါတစ်ခု ဖုန်းဝူချန်ထံမှ ပေါက်ကွဲလာလေတော့သည်။

“ထျန်းကျီဘုံ အဆင့် (၉) တဲ့လား၊ မဖြစ်နိုင်ဘူး... သတိထားကြ”

ခေါင်းဆောင်ဖြစ်သူမှာ စတင် ပျာယာခတ်လာလေတော့၏။

အခန်း (၇၅၉) - စူးလီ၏ ဒေါသ

~ပြင်းထန်လှသော သေမင်းအငွေ့အသက်ကြီးက ခေါင်းဆောင်ဖြစ်သူအား လွှမ်းခြုံသွားသည်။

ငရဲပြည်သို့ ကျဆင်းသွားရသကဲ့သို့ သူ ခံစားလိုက်ရ၏။

“ထျန်းကျီဘုံ အဆင့် (၉) ပါလား”

“သူ့ဓားက အင်မော်တယ်လက်နက်ကွ”

“အဆင့် (၈) သွန်းလုပ်ခြင်းပဲ”

ဖုန်းဝူချန် ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ထျန်းကျီဘုံ ပညာရှင် (၇) ယောက်စလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့၏ နှလုံးသားများပင် ပြုတ်ကျလုမတတ် ကြောက်ရွံ့သွားကြတော့၏။

ထျန်းကျီဘုံ အဆင့် (၅) မှနေ၍ အဆင့် (၄) ဆင့် တိတိ ခုန်တက်သွားခြင်း ဖြစ်ချေသည်။

ထို့အပြင် အဆင့် (၈) အထိ သွန်းလုပ်ထားသော အဆင့်မြင့် အင်မော်တယ်လက်နက်ကိုပါ ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။ ကိုယ်တိုင် မျက်မြင်မတွေ့ရလျှင် မည်သူက ယုံကြည်မည်နည်း။

ဖမ်းဆီးခံထားရသော သာမန်ကျင့်ကြံသူ ရာပေါင်းများစွာ၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးများ ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဝမ်းသာမျက်ရည်များပင် ကျဆင်းလာကြလေ၏။ သူတို့ကို ဒုက္ခပင်လယ်ထဲမှ ကယ်တင်မည့် ကျေးဇူးရှင်ကို နောက်ဆုံးတော့ တွေ့လိုက်ရပြီ ဖြစ်ပေသည်။

“ဝှစ်...”

နောက်တစ်စက္ကန့်၌ နဂါးနတ်ဘုရားဓားကို ကိုင်ဆောင်ထားသော ဖုန်းဝူချန်သည် သွေးရောင် လျှပ်စီးတန်းတစ်ခုပမာ အဟုန်ပြင်းစွာ ပေါက်ကွဲထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွား၏။

“မြန်လိုက်တာ”

ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုတို့သည် ပိုမို နက်ရှိုင်းသွားပြီး ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်သွားရတော့သည်။

“ရွှမ်း... ရွှမ်း... ရွှမ်း...”

သွေးရောင် ဓားအလင်းတန်းများ တစ်လက်လက် တောက်ပသွား၏။ ဖုန်းဝူချန် ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ထျန်းကျီဘုံ ပညာရှင်များမှာ တစ်ချက်တည်းသော ဓားချက်ဖြင့် လည်မျိုများ ပိုင်းဖြတ်ခံလိုက်ရပြီး သွေးများ ပန်းထွက်လာကြ၏။

ဖုန်းဝူချန်၏ အမြန်နှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်လွန်းလှပြီး လှုပ်ရှားမှုတိုင်းက နှောင့်နှေးတွန့်ဆုတ်မှု အလျဉ်းမရှိဘဲ သန့်ရှင်းပြတ်သားလှပေသည်။

မျက်တောင်တစ်ခတ်အတွင်း ထျန်းကျီဘုံ ပညာရှင် (၆) ယောက် လဲကျသေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အဆင့် (၈) ခေါင်းဆောင် တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။

တစ်ချိန်တည်းမှာပင် လျိုချင်းယန်နှင့် အခြားသူများကလည်း ကောင်းကင်ဘုံလူသားဘုံ ပညာရှင် ဆယ်ဂဏန်းကျော်ကို အေးဆေးသက်သာစွာပင် ရှင်းလင်းပစ်လိုက်ကြ၏။

ခေါင်းဆောင်ဖြစ်သူမှာ ကြောက်လန့်လွန်း၍ မလှုပ်ရှားရဲတော့ချေ။ သူ၏ မျက်နှာမှာ ဖြူရော်နေပြီး တစ်ကိုယ်လုံး တုန်ရီနေ၏။ ထျန်းကျီဘုံ အဆင့် (၈) ပညာရှင် တစ်ယောက်အနေဖြင့် သူ၏ စွမ်းအားမှာ အလွန်တရာ အစွမ်းထက်လှသော်လည်း ဖုန်းဝူချန်၏ ရှေ့တွင်မူ လှုပ်ရှားခွင့်ပင် မရလိုက်ကြောင်း သူ သဘောပေါက်သွားလေသည်။

တွင်းကြီးထဲရှိ လူများမှာလည်း ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် လုံးဝ ဆွံ့အသွားကြရ၏။ မျက်တောင်တစ်ခတ်အတွင်း ထျန်းကျီဘုံ ပညာရှင် (၆) ယောက် သေဆုံးသွားခဲ့သည် မဟုတ်ပါလော။

အေးစက်နေသော နဂါးနတ်ဘုရားဓား၏ အသွားက ခေါင်းဆောင်ဖြစ်သူ၏ လည်ပင်းပေါ်တွင် တင်နေလေရာ သူ၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အကြောက်လွန်ကာ ချွေးသီးချွေးပေါက်များ ကျလာတော့သည်။

“ငါ့... ငါ့ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး မသတ်ပါနဲ့”

“ငါမေးတာကို ဖြေစမ်း၊ မင်းတို့တွေက ဘယ်သူတွေလဲ၊ ဘယ်သူက လွှတ်လိုက်တာလဲ”

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

“ငါတို့က... ငါတို့ကို ရွှမ်ယင်းဂိုဏ်းချုပ်က မိုယင် သလင်းကျောက်တွေ တူးဖို့ ငှားထားတာပါ၊ မျက်လှည့် တောင်တန်းက ရတနာတွေ အများကြီး ထွက်တော့ တခြားသူတွေ သိသွားပြီး လုယက်ကြမှာကို သူက စိုးရိမ်နေတာလေ၊ ဒါကြောင့် ငါတို့ကို ဒီကို လာဖို့ ငှားလိုက်တာပါ”

အမျိုးသားက ကြောက်လန့်တကြား ဖြေ၏။

“ရွှမ်ယင်းဂိုဏ်း ဟုတ်လား”

ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး အေးစက်သော လေသံဖြင့် ဆက်မေးလိုက်သည်။

“ဒီ အပြစ်မဲ့တဲ့ လူတွေကို ဖမ်းလာတာက မင်းတို့ရဲ့ အကြံလား”

“အဲ... အဲဒါက...”

ခေါင်းဆောင်ဖြစ်သူ၏ တစ်ကိုယ်လုံး တုန်ယင်သွား၏။ ဖုန်းဝူချန်က သူ၏ အတွင်းစိတ်ကို ဖောက်မြင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကပျာကယာ ခေါင်းယမ်းကာ ဖြေလိုက်သည်။

“မဟုတ်... မဟုတ်ပါဘူး... ဒါတွေ အားလုံးက ရွှမ်ယင်းဂိုဏ်းချုပ်ရဲ့ အကြံတွေပါ၊ ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး”

“ရွှမ်း...”

ထိုလူ စကားပင် ဆုံးအောင် မပြောရသေးမီ နဂါးနတ်ဘုရားဓားက သူ၏ လည်မျိုကို အေးစက်စွာ ဖြတ်သန်းသွားလေရာ သွေးများ ပန်းထွက်လာတော့သည်။

အမျိုးသား၏ မျက်လုံးများ ပြူးကျယ်သွားပြီး လည်ပင်းကို လက်ဖြင့် အတင်းဖိထားသော်လည်း ပန်းထွက်နေသော သွေးများကို မတားဆီးနိုင်ခဲ့ချေ။ သူ၏ အသက်ငွေ့လေး တဖြည်းဖြည်း လွင့်စင်သွားပြီး နောက်ဆုံးတွင် လဲကျသေဆုံးသွားလေတော့သည်။

ဤကဲ့သို့ ရူးသွပ်ရက်စက်သော လူယုတ်မာများကို ဖုန်းဝူချန် လုံးဝ သနားညှာတာနေမည် မဟုတ်ပေ။

“ခင်ဗျားတို့ အားလုံး ဒီနေရာကနေ မြန်မြန် ထွက်သွားကြတော့၊ ပြီးတော့ ဒီကလေးတွေကိုပါ အပြင်ကို သေချာ ခေါ်သွားပေးကြဦးနော်”

ဖုန်းဝူချန်က ဖမ်းဆီးခံထားရသော သာမန် ကျင့်ကြံသူများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

“အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီလေးရယ်”

လူအုပ်ကြီးမှာ အလွန်အမင်း ကျေးဇူးတင်နေကြပြီး ဝမ်းသာမျက်ရည်များ ကျဆင်းကာ အလျင်အမြန် လူစုခွဲ ထွက်ခွာသွားကြ၏။ မည်သူမျှ ဤနေရာတွင် ဆက်လက် မနေရဲကြတော့ချေ။

“အစ်ကိုဖုန်း... ဒီ မိုယင် သလင်းကျောက်တွေက ကျွန်တော်တို့ဟာတွေ ဖြစ်သွားပြီပေါ့”

လျိုချင်းယန်က နှုတ်ခမ်းကို သပ်ရင်း စိတ်လှုပ်ရှားစွာ ရယ်လိုက်၏။

“မိုမိသားစု မှတ်သားပေးလိုက်တဲ့ နေရာက ဒီ မိုယင် သလင်းကျောက်တွေကို ပြောတာ ဖြစ်ရမယ်”

ဖုန်းဝူချန်က စဉ်းစားတွေးတောလျက် ပြောလိုက်သည်။ အချိန် စွမ်းအား ရှိနေသည်ကို မိုမိသားစု သိလိမ့်မည်ဟု သူ မယုံကြည်ချေ။

“ဆရာ... ဒီ မိုယင် သလင်းကျောက်တွေက နဂါးနတ်ဘုရား နန်းတော်ကို အများကြီး ပိုပြီး အင်အားကြီးလာစေဖို့ လုံလောက်တယ်ဗျ”

ယီထျန်းချင်းကလည်း စိတ်လှုပ်ရှားစွာ ဆို၏။

“သေချာတာပေါ့၊ ဒီလို ရတနာမျိုးက ရှားပါးပြီး ရဖို့ အရမ်း ခဲယဉ်းတယ်”

ဖုန်းဝူချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“နန်းကုန်းကျန့်၊ ပေတိုယန်၊ ပိုင်မိ... မင်းတို့ သုံးယောက် အခုချက်ချင်း သွားပြီး ရွှမ်ယင်းဂိုဏ်းရဲ့ အင်အားကို သွားစုံစမ်းချေ”

“ဟုတ်ကဲ့ပါ ဆရာ..”

သုံးယောက်သား ရိုသေစွာ အမိန့်ခံယူလိုက်ပြီး ချက်ချင်း ပျံသန်းထွက်ခွာသွားကြ၏။

ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် တွင်းကြီးထဲသို့ ဆင်းသွားကြ၏။ များပြားလှသော မိုယင် သလင်းကျောက်များ အထင်းသား ပေါ်နေသည်ကို တွေ့ရသဖြင့် ဖုန်းဝူချန်ပင် ထိုအရေအတွက်ကို ကြည့်ကာ အံ့အားသင့်သွားရ၏။ မျက်လှည့် တောင်တန်းသို့ ရောက်ရောက်ချင်း ဤမျှ ကြီးမားသော အကျိုးအမြတ် ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

“လင်းယို... သူတို့ဆီမှာလည်း မိုယင် သလင်းကျောက်တွေ ပါလာလောက်တယ်၊ တခြားသူတွေအတွက် အချောင်မဖြစ်စေနဲ့၊ မင်းတို့က မိုယင် သလင်းကျောက်တွေကို အကုန် သိမ်းကြ”

ဖုန်းဝူချန်က ညွှန်ကြားလိုက်ပြီး တူးဖော်ထားသော မိုယင် သလင်းကျောက်များကို သူ၏ သိုလှောင်ကွင်းထဲသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် ဖုန်းဝူချန်နှင့် လျိုချင်းယန်တို့သည် အချိန် စွမ်းအားကို ရှာဖွေရန် ဆက်လက် ထွက်ခွာသွားကြလေတော့သည်။

ကယ်တင်ခံရသော သာမန် ကျင့်ကြံသူများသည် မျက်လှည့် တောင်တန်းမှ ထွက်ခွာသွားပြီးနောက် ရွှမ်ယင်းဂိုဏ်းက လူများငှားရမ်းကာ တောင်တန်းကို သိမ်းပိုက်ထားသည့် အကြောင်းရင်းကို ချက်ချင်း သတင်းဖြန့်လိုက်ကြလေရာ မိုယင် သလင်းကျောက်များအကြောင်း ပေါက်ကြားသွားတော့၏။

“ဒီ ယုတ်မာတဲ့ လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ရွှမ်ယင်းဂိုဏ်း ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ လုံးဝ အရှက်မရှိတဲ့ လူတွေပဲ”

“ရွှမ်ယင်းဂိုဏ်းလို နာမည်ကြီးပြီး ဖြောင့်မတ်ပါတယ်ဆိုတဲ့ ဂိုဏ်းကြီးတစ်ခုက ကွယ်ရာမှာ တိရစ္ဆာန်ထက်တောင် အောက်တန်းကျတဲ့ အလုပ်တွေကို လုပ်နေပါလား”

“ယုတ်မာလိုက်တဲ့ လူတွေ... ငါ့သားကို ရွှမ်ယင်းဂိုဏ်းကနေ အခုချက်ချင်း သွားထုတ်ရမယ်”

သတင်းမှာ တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားလေရာ မျက်လှည့် တောင်တန်း တစ်ဝိုက်တွင် ဒေါသတကြီး ဝေဖန်သံများ ဆူညံသွားပြီး ရွှမ်ယင်းဂိုဏ်း၏ ဂုဏ်သိက္ခာမှာလည်း ချောက်ကမ်းပါးထဲ ကျဆင်းသွားကာ နေရာအနှံ့ ကျိန်ဆဲသံများ ညံနေလေတော့သည်။

သို့သော်လည်း မိုယင် သလင်းကျောက်များ ရှိနေခြင်းက အစွမ်းထက် ပညာရှင်များစွာကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ ထိုအခိုက်အတန့်၌ မရေမတွက်နိုင်သော ပညာရှင်များသည် မျက်လှည့် တောင်တန်းဆီသို့ အလျင်အမြန် ဦးတည်လာနေကြပြီ ဖြစ်၏။ ကောင်းကင်ဘုံလူသားဘုံ၊ ထျန်းကျီဘုံနှင့် အခြား ပညာရှင်များစွာသည် အလွန်တရာ တန်ဖိုးကြီးမားလှသော မိုယင် သလင်းကျောက်များ၏ ဖြားယောင်းမှုအောက်တွင် ကျဆင်းသွားကြသည်။

...

ရွှမ်ယင်းဂိုဏ်း၏ ခန်းမဆောင်ကြီး အတွင်း၌...

ခန်းမတစ်ခုလုံး ဒေါသတရားများနှင့် ကြောက်မက်ဖွယ် လူသတ်ချင်စိတ်များ လွှမ်းခြုံနေပြီး ခြောက်ခြားဖွယ် အရှိန်အဝါများ ပြည့်နှက်နေ၏။

ရွှမ်ယင်းဂိုဏ်းသည် မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ အဓိက အင်အားစုကြီး တစ်ခုဖြစ်ပြီး အလွန် အစွမ်းထက်လှပေသည်။ ဂိုဏ်းချုပ်ဖြစ်သူမှာ ထျန်းကျီဘုံ အဆင့် (၉) တွင်ရှိပြီး အကြီးအကဲများ၏ ကျင့်ကြံခြင်း အဆင့်များမှာလည်း ထျန်းကျီဘုံ အဆင့် (၇) နှင့် (၈) ဝန်းကျင်တွင် ရှိကြ၏။

ရွှမ်ယင်းဂိုဏ်း၏ အင်အားမှာ ထျန်းတောက်ဂိုဏ်းထက် လုံးဝ မလျော့နည်းပါချေ။

ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် အဆင့်မြင့် ခေါင်းဆောင်များ၏ မျက်နှာများမှာ မှောင်မိုက်နေပြီး အလွန်တရာ ကြည့်ရဆိုးနေလေ၏။

“အသုံးမကျတဲ့ လျိုယွင်ချင်း...”

ဂိုဏ်းချုပ် စူးလီက ဒေါသတကြီး သွားကြိတ်ကာ ပြောလိုက်၏။ သူ၏ မျက်နှာကြွက်သားများပင် ပြင်းထန်စွာ တုန်ရီနေပြီး ဒေါသများ ပေါက်ကွဲထွက်နေတော့သည်။

စူးလီ၏ မျက်လုံးများမှ မီးတောက်များပင် ပန်းထွက်လာမတတ် ဖြစ်နေပြီး ရက်စက်စွာ ဆက်ပြောလိုက်၏။

“သတင်းတွေ အကုန် ပေါက်ကြားသွားပြီ၊ မိုယင် သလင်းကျောက်တွေကို လာလုမယ့်လူတွေ သေချာပေါက် အများကြီး ရောက်လာတော့မယ်၊ အဲဒီ သလင်းကျောက်တွေလည်း သူတို့ ယူသွားလောက်ပြီ”

စူးလီမှာ တွေးလေ ဒေါသထွက်လေ ဖြစ်နေတော့သည်။ မိုယင် သလင်းကျောက်များကို ရရှိရန် လက်တစ်ကမ်းအလိုမှ အရာအားလုံး ဖျက်ဆီးခံလိုက်ရသဖြင့် ဒေါသပေါက်ကွဲမတတ် ဖြစ်နေ၏။

“လျိုယွင်ချင်းတို့တော့ သေသွားလောက်ပြီ၊ အခု အရေးကြီးဆုံးက အပြစ်တွေ အားလုံးကို သူတို့အပေါ် ပုံချဖို့ နည်းလမ်းရှာရမယ်၊ တစ်ချိန်တည်းမှာပဲ သူတို့ကို ဘယ်သူ သတ်သွားလဲ ဆိုတာကိုလည်း စုံစမ်းရမယ်၊ သူတို့ကို လွတ်သွားခွင့် ပေးလို့ လုံးဝ မဖြစ်ဘူး”

အကြီးအကဲ တစ်ဦးက လေးနက်စွာ ပြောလိုက်လေရာ သူ၏ အိုမင်းနေသော မျက်ဝန်းများတွင် ရက်စက်သော လူသတ်ချင်စိတ်များ ဝင်းလက်သွားသည်။

“ငါနဲ့အတူ မျက်လှည့် တောင်တန်းကို အခုချက်ချင်း လိုက်ခဲ့ကြ၊ သူတို့ အဲဒီမှာ ရှိနေတုန်းပဲ ဖြစ်ရမယ်၊ သူတို့ကို အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် ငါကိုယ်တိုင် လုပ်ပစ်မယ်၊ ပထမ အကြီးအကဲ... ရွှမ်ယင်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ဖို့ ကိစ္စကို မင်းကို လွှဲထားခဲ့မယ်”

စူးလီက ဒေါသတကြီး ကြုံးဝါးလိုက်၏။

ဒေါသထွက်နေသော စူးလီသည် အကြီးအကဲများနှင့် ခေါင်းဆောင်များကို ဦးဆောင်ကာ မျက်လှည့် တောင်တန်းဆီသို့ ချက်ချင်း ထွက်ခွာသွားလေတော့သည်။

ထိုအချိန်၌ မျက်လှည့် တောင်တန်းအတွင်းဝယ် ပညာရှင် မြောက်မြားစွာ ရောက်ရှိနေကြပြီဖြစ်ပြီး မိုယင် သလင်းကျောက်များကို နေရာအနှံ့ လိုက်လံ ရှာဖွေနေကြတော့၏။

သို့သော်လည်း ချိုင့်ဝှမ်းကို တွေ့ရှိသွားသောအခါ မိုယင် သလင်းကျောက်များမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်နေပြီဖြစ်ပြီး မည်သူ့ လက်ချက်မှန်းလည်း မည်သူမျှ မသိကြချေ။

တောင်တန်းတစ်ခုထဲတွင်...

“ပြင်းထန်လိုက်တဲ့ လူသတ်ချင်စိတ်တွေပဲ၊ ထျန်းကျီဘုံ အဆင့် (၉) ပါလား၊ အင်အားကြီးတဲ့ ရန်သူ ရောက်လာပြီ”

ယီထျန်းချင်းက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။

“ရွှမ်ယင်းဂိုဏ်းက လူတွေ ရောက်လာပြီ ထင်တယ်”

လျိုချင်းယန်က လှောင်ပြုံး ပြုံးရင်း ဆိုလိုက်လေတော့၏။

All Chapters