အခန်း (၇၆၀-၇၆၂)
Vol. 51 Ch. 760-762
အခန်း (၇၆၀) - အလွန် ရက်စက်ကြမ်းကြုတ်ခြင်း
~“ထျန်းကျီဘုံ အဆင့် (၉) ပါလား”
“ရွှမ်ယင်း ဂိုဏ်းချုပ် စူးလီပဲ”
“ကြောက်စရာကောင်းလိုက်တဲ့ လူသတ်ချင်စိတ်တွေပဲ”
မျက်လှည့် တောင်တန်းအတွင်းရှိ စူးလီ၏ ကြောက်မက်ဖွယ် လူသတ်ချင်စိတ်ကို အာရုံခံမိသူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး နှလုံးသားများပင် ပြုတ်ကျလုမတတ် ဖြစ်သွားကြ၏။
တစ်စုံတစ်ယောက်က မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောလိုက်သည်။
“လူတွေ ဒီလောက် အများကြီး သတ်ထားပြီးတာတောင် မျက်နှာပြရဲသေးတယ်ပေါ့လေ၊ ငါတို့ကိုပါ နှုတ်ပိတ်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”
“ရွှမ်ယင်းဂိုဏ်းက ဒီလောက် အရှက်မရှိတဲ့ လူယုတ်မာတွေ ဖြစ်နေလိမ့်မယ်လို့ ငါ တကယ်ကို ထင်မထားခဲ့ဘူး၊ တကယ့်ကို မျက်စိကန်းခဲ့တာပဲ” ဟု
အခြားတစ်ယောက်ကလည်း တီးတိုးရေရွတ်လိုက်၏။
“ဝှစ်... ဝှစ်... ဝှစ်...”
လူရိပ်အချို့သည် လျှပ်စီးတန်းများပမာ လျင်မြန်စွာ ပျံသန်းလာကြပြီး ချိုင့်ဝှမ်းအထက် ကောင်းကင်ယံတွင် ရပ်တန့်သွားကြ၏။
ရောက်လာသူများမှာ ဂိုဏ်းချုပ် စူးလီနှင့် ရွှမ်ယင်းဂိုဏ်းမှ ထျန်းကျီဘုံ ပညာရှင် (၅) ဦးဖြစ်ပြီး သူတို့၏ ကြောက်မက်ဖွယ် လူသတ်ချင်စိတ်များမှာ အရပ်မျက်နှာ အနှံ့အပြားသို့ အရူးအမူး ပျံ့နှံ့သွားလေတော့သည်။
“ဟွန့်... အဲဒီလူတွေကို ငါ့အတွက် ရှာပေးကြစမ်း၊ ရွှမ်ယင်းဂိုဏ်းကို စော်ကားရဲတဲ့ လူတွေကို အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် ငါကိုယ်တိုင် လုပ်ပစ်မယ်”
စူးလီက သူ၏ ဒေါသများကို ဖွင့်ထုတ်ရင်း ရွှမ်ယင်းဂိုဏ်း၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
အခြား ထျန်းကျီဘုံ ပညာရှင် လေးဦးသည်လည်း ချက်ချင်း အရပ်လေးမျက်နှာသို့ လူစုခွဲ၍ ရှာဖွေကြ၏။ သို့သော် တရားခံက မည်သူမှန်း မသိသောကြောင့် သမုဒ္ဒရာထဲ အပ်ကျသလို ရှာရခက်နေမည်မှာ အသေအချာပင်။
“စော်ကားတယ် ဟုတ်လား”
စူးလီ၏ ကြိမ်းမောင်းသံကြောင့် ကျင့်ကြံသူများစွာမှာ သံသယ ဝင်သွားကြသည်။
“ဘယ်သူ လုပ်သွားတာလဲဆိုတာ မင်းတို့ သိကြလား၊ သူတို့နဲ့ ငါ မျက်နှာချင်းဆိုင် တွေ့ချင်တယ်”
စူးလီက တင်းမာခက်ထန်သော အမူအရာဖြင့် အခြား ကျင့်ကြံသူများကို မေးလိုက်၏။
“ဂိုဏ်းချုပ်စူး... ဘယ်သူ လုပ်သွားတာလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး၊ ကျွန်တော်တို့ ရောက်လာတော့ အားလုံး သေနေကြပြီ၊ မိုယင် သလင်းကျောက်တွေတောင် အရိပ်အယောင်မှ မကျန်တော့ဘူး”
တစ်ယောက်က ပြန်ဖြေလိုက်၏။
“ဂိုဏ်းချုပ်စူး... လူငယ် တပည့်တစ်စုက လုပ်သွားတာလို့တော့ ကျွန်တော် ကြားလိုက်တယ်၊ ဘယ်သူတွေလဲ ဆိုတာတော့ အတိအကျ မသိရဘူး”
အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ စူးလီက မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး...
“လူငယ် တပည့်တွေ ဟုတ်လား”
လျိုယွင်ချင်းမှာ ထျန်းကျီဘုံ အဆင့် (၈) တွင် ရှိနေပြီး အခြား ထျန်းကျီဘုံ ပညာရှင် ခြောက်ဦးလည်း ပါဝင်သေးသည်။ ဤမျှ အင်အားတောင့်တင်းသော အဖွဲ့ကို လူငယ်တပည့် တစ်စုက တကယ်ပဲ နိုင်ပါမည်လား။
လျိုယွင်ချင်းနှင့် အခြား ထျန်းကျီဘုံ ပညာရှင် ခြောက်ဦးကို သတ်ဖြတ်နိုင်သူသည် သာမန်စွမ်းအားမျိုး လုံးဝ မဖြစ်နိုင်ကြောင်း ထင်ရှားလှပေသည်။
ချက်ချင်းဆိုသလိုပင် စူးလီသည် လူငယ်တပည့် တစ်စုကို တွေ့ပါက သတိထားရန် အဆင့်မြင့် ခေါင်းဆောင် လေးဦးထံသို့ သတင်းပို့လိုက်၏။
ထိုအချိန်တွင် ဖုန်းဝူချန်နှင့် လျိုချင်းယန်တို့မှာ အချိန် စွမ်းအားကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်သည်။ သို့သော် သူတို့ စိတ်ပျက်ရသည်မှာ မည်သည့် ရှေးဦး စွမ်းအား၏ တုံ့ပြန်မှုကိုမျှ လုံးဝ အာရုံမခံရခြင်းပင် ဖြစ်၏။
“နန်းတော်သခင်... မျက်လှည့် တောင်တန်းမှာ အချိန် စွမ်းအား ရှိပုံမရဘူး၊ ပြီးတော့ ရွှမ်ယင်းဂိုဏ်းက ပညာရှင်တွေလည်း ရောက်လာကြပြီ၊ အချိန်ကုန် မခံဘဲ ဒီကနေ အရင် ထွက်သွားကြမလား”
ယီထျန်းချင်းက အကြံပြုလိုက်သည်။
“အစ်ကိုဖုန်း... ကျွန်တော်တို့ မျက်လှည့် တောင်တန်း တစ်ခုလုံးကို နီးပါး ရှာပြီးသွားပြီ၊ ဘာမှ ရှိလောက်မှာ မဟုတ်တော့ဘူး”
ဟု လျိုချင်းယန်ကလည်း ခေါင်းခါယမ်းကာ ဆို၏။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး...
“သွားကြစို့”
“နန်းတော်သခင်... မျက်လှည့် တောင်တန်းရဲ့ တောင်ဘက် သိပ်မဝေးတဲ့ နေရာမှာ မြို့တစ်မြို့ ရှိတယ်၊ အဲဒီမှာ အရင် သွားနားလို့ ရတယ်”
ဟု ပေတိုယန်က အကြံပေးလိုက်၏။
“ကောင်းသားပဲ... ဒီလောက် အလုပ်များထားတော့ ငါလည်း ဗိုက်ဆာနေပြီ”
ထိုသို့၊ ဖုန်းဝူချန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
စိတ်ပျက်မိသော်လည်း သူတို့ ရှာဖွေရန် နေရာနှစ်ခု ကျန်နေသေးသည် မဟုတ်ပါလော။
မျက်လှည့် တောင်တန်းတွင် အချိန် စွမ်းအားကို မရှာတွေ့ခဲ့သော်လည်း မိုယင် သလင်းကျောက် အမြောက်အမြားကို ရရှိခဲ့ခြင်းက သူတို့အတွက် ဖြေသိမ့်စရာ တစ်ခု ဖြစ်၏။
သို့သော် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့ ထွက်ခွာရန် ပြင်နေစဉ် ရွှမ်ယင်းဂိုဏ်း၏ ဒုတိယ အကြီးအကဲက သူတို့ကို တားဆီးလိုက်သည်။
“နန်းတော်သခင်... သူက ရွှမ်ယင်းဂိုဏ်းရဲ့ ဒုတိယ အကြီးအကဲပဲ၊ ကျွန်တော့်ကို ရှင်းခွင့်ပြုပါ၊ သူတို့နဲ့ ပြဿနာမတက်၊ အချိန်မကုန်တာ အကောင်းဆုံးပဲ”
ရွှမ်ယင်းဂိုဏ်း၏ အင်အားကို ကြိုတင် စုံစမ်းထားပြီးဖြစ်သော ပေတိုယန်က တိုးတိုးလေး ကပ်ပြောလိုက်၏။
“မင်းတို့က ဘယ်သူတွေလဲ၊ မျက်လှည့် တောင်တန်းထဲမှာ ဘာလာလုပ်ကြတာလဲ၊ သေချာ ဖြေတာ ကောင်းမယ်၊ မဟုတ်ရင် ဘယ်သူမှ ဒီကနေ အရှင် ထွက်သွားရမှာ မဟုတ်ဘူး”
ဒုတိယ အကြီးအကဲက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူ၏ အိုမင်းနေသော မျက်လုံးများက ဖုန်းဝူချန်နှင့် သူ၏အဖွဲ့ကို စူးရဲစွာ စိုက်ကြည့်နေ၏။
ဂိုဏ်းချုပ် စူးလီ သတင်းပို့ထားသည့်အတိုင်း သူ၏ရှေ့ရှိ လူငယ်တပည့် တစ်စုမှာ အလွန် သံသယဖြစ်ဖွယ် ကောင်းနေပေသည်။
“ဒုတိယ အကြီးအကဲ... ကျွန်တော်တို့လည်း မိုယင် သလင်းကျောက်တွေ ရှိတယ်လို့ ကြားလို့ လာကြည့်တာပါ၊ ဒါပေမယ့် တောင်တန်း တစ်ခုလုံးကို လိုက်ရှာတာတောင် ဘာမှ မတွေ့ခဲ့ရပါဘူး”
ပေတိုယန်က ဝင်ရောက် ဖြေရှင်းလိုက်၏။
ဒုတိယ အကြီးအကဲ၏ ခက်ထန်နေသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ ပေတိုယန်က ဆက်၍...
“ဒုတိယ အကြီးအကဲက ကျွန်တော်တို့ကိုများ သံသယ ဝင်နေတာလား၊ ကျွန်တော်တို့ဆီမှာ အဲဒီလောက် အင်အားမှ မရှိတာပဲ”
နန်းကုန်းကျန့်ကလည်း ဝင်ထောက်လိုက်သည်။
“ကျွန်တော်တို့က ထျန်းကျီဘုံကိုတောင် မရောက်သေးတာ၊ ကျွန်တော်တို့ လုပ်တာတော့ လုံးဝ မဟုတ်ပါဘူး၊ ဒုတိယ အကြီးအကဲ... ကျွန်တော်တို့ကို မစွပ်စွဲပါနဲ့”
“ဟုတ်တာပေါ့၊ မင်းတို့ သွားလို့ ရပြီ”
ဒုတိယ အကြီးအကဲက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်ပြီး ပေတိုယန်နှင့် သူ၏အဖွဲ့၏ ကျင့်ကြံခြင်းအဆင့်ကို မြင်တွေ့ပြီးနောက် သူ၏ သံသယများကို ဖယ်ရှားလိုက်၏။
လျိုယွင်ချင်းနှင့် အခြားသူများကို သတ်ဖြတ်နိုင်သူသည် အလွန်တရာ စွမ်းအားပြင်းသော ပညာရှင် တစ်ဦးသာ ဖြစ်ရမည်ဖြစ်ပြီး ပေတိုယန်တို့၏ စွမ်းအားနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။
ထို့အပြင် ဒုတိယ အကြီးအကဲသည် ဖုန်းဝူချန်ကို သတိမထားမိခဲ့ပေ။ သတိထားမိခဲ့လျှင်တောင် ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်ရသဖြင့် ဖုန်းဝူချန်က လုပ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်မည် မဟုတ်ချေ။
အစစ်အဆေးကို ချောချောမွေ့မွေ့ ဖြတ်သန်းပြီးနောက် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် ပေတိုယန် ပြောခဲ့သော မြို့ဆီသို့ ပျံသန်းထွက်ခွာသွားကြ၏။
သို့သော် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့ မသိခဲ့သည်မှာ သူတို့ ထွက်ခွာသွားခြင်းက ချင်းယန်မြို့လေးမှ ဒေသခံများကို ဘေးဒုက္ခ ဆိုက်ရောက်သွားစေလိမ့်မည် ဟူသောအချက်ပင် ဖြစ်ပေသည်။
ဂိုဏ်းချုပ် စူးလီနှင့် သူ၏ လက်အောက်ငယ်သား လေးဦးသည် မျက်လှည့် တောင်တန်းကို အပြောင်ရှင်းလင်းလုမတတ် ရှာဖွေခဲ့သော်လည်း လျိုယွင်ချင်းကို သတ်ဖြတ်သွားသော လူငယ်တပည့်များကို လုံးဝ ရှာမတွေ့ခဲ့ကြချေ။
လူသတ်သမားမှာ လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေတော့၏။
တရားခံကိုလည်း မမိ၊ မိုယင် သလင်းကျောက်များလည်း လုံးဝ ပျောက်ဆုံးသွားသဖြင့် ဂိုဏ်းချုပ် စူးလီမှာ ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေ၏။
ရှာဖွေရန် ရောက်ရှိလာကြသော အစွမ်းထက် ပညာရှင်များစွာမှာလည်း အလွန်အမင်း စိတ်ပျက်နေကြရ၏။
သူတို့ မသိခဲ့သည်မှာ လူသတ်သမားကို ဒုတိယ အကြီးအကဲက လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းပင်တည်း။
“အနီးအနားမှာ ချင်းယန်မြို့လေး ရှိတယ်၊ လျိုယွင်ချင်းက အဲဒီမြို့က လူတချို့ကို ဖမ်းလာခဲ့တာပဲ၊ သူတို့ကို အမှန်အတိုင်း ဖြောင့်ချက် ပေးခိုင်းရမယ်”
ဂိုဏ်းချုပ် စူးလီက အံကို ကြိတ်ကာ အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဒုတိယ အကြီးအကဲနှင့် အခြားသူများသည် ချင်းယန်မြို့လေးဆီသို့ ဦးတည်သွားကြပြီး ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် မြို့တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ကြ၏။
ချင်းယန်မြို့လေးမှ သာမန် ကျင့်ကြံသူ ရာပေါင်းများစွာသည် မြို့အဝင်ဝတွင် စုရုံးနေကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေကာ တစ်ကိုယ်လုံး တုန်ရီနေကြ၏။
“ပြောစမ်း၊ ဘယ်သူ လုပ်သွားတာလဲ၊ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့၊ မင်းတို့ထဲက တစ်ယောက်ယောက် သိနေတယ်ဆိုတာ ငါ အသေအချာ သိတယ်”
ဒုတိယ အကြီးအကဲ၏ မိုးချုန်းသံကဲ့သို့သော ကြိမ်းမောင်းသံနှင့်အတူ ကြောက်မက်ဖွယ် လူသတ်ချင်စိတ်များက ချင်းယန်မြို့လေး တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။
ချင်းယန်မြို့လေးမှ မည်သူတစ်ဦးတစ်ယောက်မျှ စကားမဟရဲကြသလို ခေါင်းပင် မမော့ရဲကြချေ။
ရွှမ်ယင်းဂိုဏ်းသည် မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် အင်အားကြီးမားသော အဖွဲ့အစည်းကြီး တစ်ခုဖြစ်ရာ ချင်းယန်မြို့လေးမှ သာမန် ကျင့်ကြံသူများအနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိကြပေ။
ဂိုဏ်းချုပ် စူးလီက ရှေ့သို့ တစ်လှမ်း တိုးလာပြီး ရက်စက်သော မျက်နှာထားဖြင့်...
“ဒီကိစ္စက ငါတို့ ရွှမ်ယင်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်၊ သူတို့ ဘယ်သူတွေလဲဆိုတာ ငါတို့ကို လိမ်လိမ်မာမာနဲ့ ပြောပြလိုက်၊ မင်းတို့ကို ဒုက္ခမပေးဘူးလို့ ငါ ကတိပေးတယ်၊ ဆုငွေအများကြီးတောင် ရနိုင်သေးတယ်”
“ကျွန်တော်တို့ မသိပါဘူး၊ တကယ် မသိတာပါ”
“ကျွန်တော်တို့ ဘာမှ မသိပါဘူး”
ချင်းယန်မြို့လေးမှ လူများမှာ ကြောက်လန့်တကြား ခေါင်းရမ်းကာ ငြင်းဆိုကြ၏။
ထိုအခါ ဂိုဏ်းချုပ် စူးလီမှာ လုံးဝ သည်းခံနိုင်စွမ်း မရှိတော့ချေ။ သူက လေထဲသို့ ရုတ်တရက် လှမ်းဆွဲလိုက်ရာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သူ၏ လက်ထဲသို့ ရောက်ရှိလာပြီး ကြောက်လန့်တကြား ရုန်းကန်နေတော့၏။
ဂိုဏ်းချုပ် စူးလီက ထိုအမျိုးသား၏ လည်ပင်းကို ဆုပ်ကိုင်ကာ ခြိမ်းခြောက်လိုက်သည်။
“ပြောစမ်း... ဘယ်သူတွေ လုပ်သွားတာလဲ၊ မဟုတ်ရင် မင်းကို သတ်ပစ်မယ်”
“ကျွန်... ကျွန်တော် မသိဘူး...”
အမျိုးသားမှာ အသက်ရှူကျပ်လျက် ကြောက်လန့်တကြား ပြန်ဖြေ၏။
“ဟွန့်...”
ဂိုဏ်းချုပ် စူးလီက ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး သူ၏ လက်ကို ရုတ်တရက် အားစိုက်ညှစ်လိုက်ရာ ထိုအမျိုးသား၏ လည်ပင်းမှာ ပွဲချင်းပြီး ကျိုးသွားလေတော့သည်။
ထို့နောက် အမျိုးသား၏ အလောင်းကို ဘေးသို့ ပစ်ချလိုက်ပြီး အဘိုးအို တစ်ဦးကို သူ၏ အနီးသို့ ထပ်မံ ဆွဲယူလိုက်ပြန်သည်။ သူ၏ အသံမှာ ရက်စက်မှုများ ပြည့်နှက်နေပြီး...
“မင်းတို့ မပြောရင် မင်းတို့ အားလုံးကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်မယ်”
ဖုန်းဝူချန်နှင့် အခြားသူများကို အပူတပြင်း ရှာဖွေနေသော ဂိုဏ်းချုပ် စူးလီသည် ချင်းယန်မြို့လေး တစ်ခုလုံးကို မျိုးတုံးသတ်ဖြတ်ရမည် ဆိုလျှင်တောင် အကျိုးဆက်များကို ဂရုစိုက်နေမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူ၏ လုပ်ရပ်မှန်း မည်သူမျှ မသိနိုင် မဟုတ်ပါလော။
ဂိုဏ်းချုပ် စူးလီက လူတစ်ယောက်ပြီး တစ်ယောက်ကို ရက်စက်စွာ သတ်ဖြတ်နေမှုကြောင့် ချင်းယန်မြို့လေးမှ လူများမှာ ပိုမို ကြောက်ရွံ့ထိတ်လန့်လာကြပြီး ဘာလုပ်ရမှန်းမသိအောင် စိတ်များ လွတ်ထွက်သွားကြလေတော့သည်။
သူတို့၏ မြို့သူမြို့သားများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရသည်ကို ကြည့်ရင်း ချင်းယန်မြို့လေးမှ ဒေသခံများ၏ ရင်တွင်း၌ မျှော်လင့်ချက်မဲ့ခြင်းများသာ ကြီးစိုးသွားလေတော့၏။
အခန်း (၇၆၁) - လိုက်လံ သတ်ဖြတ်ခြင်း
~မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ရွှမ်ယင်းဂိုဏ်းအနေဖြင့် မြို့ငယ်လေး တစ်မြို့မှ လူများကို သတ်ဖြတ်ရခြင်းမှာ အလွန်တရာ လွယ်ကူလှပေသည်။
ခွန်အားသာလျှင် အရာရာကို အဆုံးအဖြတ်ပေးသော လောကကြီးတွင် အင်အားရှိသူကသာ ရှင်ဘုရင် ဖြစ်ပေသည်။
“မပြောပြရင် ငါတို့ အားလုံး သေရတော့မှာပဲ၊ ဘယ်လိုလုပ်ကြမလဲ”
“သူတို့က ငါတို့ရဲ့ အသက်သခင် ကျေးဇူးရှင်တွေလေ၊ သူတို့ ဘယ်သူတွေလဲဆိုတာ လုံးဝ ပြောပြလို့ မဖြစ်ဘူး”
“မင်းတို့အတွက်တော့ အသက်သခင် ကျေးဇူးရှင် ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ငါ့အတွက်တော့ မဟုတ်ဘူး၊ မပြောပြရင် ငါ့မိသားစု တစ်ခုလုံး အသတ်ခံရတော့မယ်ဟ”
“ဟုတ်တယ်... ငါတို့တော့ အသေမခံနိုင်ဘူး”
ချင်းယန်မြို့လေးမှ လူများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရသည်ကို ကြည့်ရင်း အချို့မှာ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့အပေါ် အလွန်အမင်း အငြိုးထား မုန်းတီးလာကြ၏။
ဤသည်ကား လူ့သဘာဝပင် ဖြစ်၏။ ဘေးအန္တရာယ် ကျရောက်လာချိန်တွင် လူတိုင်းက ကိုယ့်လွတ်လမ်းကိုသာ ရှာကြသည် မဟုတ်ပါလော။
“အခုထိ မပြောကြသေးဘူးပေါ့လေ... ကြည့်ရတာ မင်းတို့က သေရမှာကို မကြောက်ကြဘူး ထင်တယ်”
စူးလီက ရက်စက်စွာ ပြောလိုက်ပြီး သူ၏ အေးစက်သော အကြည့်များက အသက် (၁၃)၊ (၁၄) နှစ် အရွယ်ခန့်ရှိ မိန်းမပျိုလေး တစ်ဦးအပေါ် ကျရောက်သွား၏။ သူက လေထဲသို့ ရုတ်တရက် လှမ်းဆွဲလိုက်ရာ မိန်းမပျိုလေးမှာ သူ၏ လက်ထဲသို့ ရောက်ရှိသွားတော့၏။
“အမေ... အဖေ... သမီးကို ကယ်ကြပါဦး”
မိန်းမပျိုလေးမှာ ကြောက်လန့်တကြား အော်ဟစ် အကူအညီ တောင်းလိုက်၏။
“မန်အာ... မန်အာ”
အမျိုးသား တစ်ဦးမှာ လုံးဝ ပျာယာခတ်သွားပြီး အော်ဟစ်လိုက်၏။
“မန်အာ... မလုပ်ပါနဲ့... မန်အာကို ကျွန်မဆီ ပြန်ပေးပါ”
အမျိုးသမီးမှာလည်း ရူးသွပ်မတတ် ဖြစ်သွားပြီး ရှေ့သို့ အရူးအမူး ပြေးထွက်သွားသော်လည်း ကြောက်မက်ဖွယ် စွမ်းအားတစ်ခု၏ ဖမ်းချုပ်မှုကို ခံလိုက်ရပြီး လှုပ်ရှား၍ မရတော့ချေ။
“မိန်းမ...”
အမျိုးသားမှာ ဝမ်းနည်းကြေကွဲစွာဖြင့် အော်ဟစ်လိုက်၏။
“ဂိုဏ်းချုပ်စူး... တောင်းပန်ပါတယ်၊ ကျွန်တော့်သမီးလေးကို လွှတ်ပေးပါ၊ သူက ငယ်ပါသေးတယ်ဗျာ”
အမျိုးသားက ဒူးထောက်ချလိုက်ပြီး ခေါင်းငုံ့ကာ တောင်းပန်လိုက်၏။
“ပြောစမ်း... သူတို့က ဘယ်သူတွေလဲ၊ မပြောရင် မင်းရဲ့ သမီးကို သတ်ပစ်မယ်”
စူးလီက ရက်စက်စွာ ခြိမ်းခြောက်လိုက်ပြီး မိန်းမပျိုလေး၏ ခေါင်းကို ဆုပ်ကိုင်ထားလေရာ သူတို့ ငြင်းဆန်လိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းကို ညှစ်ခွဲပစ်တော့မည့် အလားပင်။
စူးလီမှာ ရူးသွပ်နေပြီဖြစ်ပြီး ကလေးငယ်များကိုပင် ချမ်းသာပေးမည် မဟုတ်ချေ။
ရွှမ်ယင်းဂိုဏ်း၏ ဂုဏ်သိက္ခာမှာ ကျဆင်းနေပြီဖြစ်ရာ စူးလီက ထပ်မံ ပျက်စီးသွားမည်ကို ဂရုမစိုက်တော့ပေ။
“အမေ... အဖေ... ကယ်ပါဦး၊ မန်အာ ကြောက်တယ်”
မိန်းမပျိုလေး၏ ကြောက်လန့်တကြား အော်ဟစ်သံများမှာ ဒဏ်ရာရနေသော နတ်သမီးလေး တစ်ပါး၏ အသံနှင့် တူနေပြီး မြင်ရသူတိုင်း၏ ရင်ကို ကွဲအက်သွားစေနိုင်ပေသည်။
“ရပ်လိုက်ကြပါတော့... ရပ်လိုက်ကြပါတော့ရှင်”
အမျိုးသမီးမှာ ရူးသွပ်လုမတတ် ဖြစ်နေပြီး အသံကုန် အော်ဟစ်နေ၏။ သမီးလေး ဒုက္ခရောက်နေသည်ကို ဘာမှ မတတ်နိုင်ဘဲ ရပ်ကြည့်နေရသဖြင့် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာပြီး သူမ၏ နှလုံးသားမှာလည်း သွေးထွက်နေသကဲ့သို့ နာကျင်နေရတော့၏။
“ပြောစမ်း”
စူးလီက ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
“ကျွန်တော် ပြောပါ့မယ်... ကျွန်တော် ပြောပါ့မယ်... ဂိုဏ်းချုပ်စူး... ကျေးဇူးပြုပြီး ကျွန်တော့်သမီးလေးကို လွှတ်ပေးပါ”
အမျိုးသားမှာ အခြား ရွေးချယ်စရာ မရှိတော့ချေ။ မိမိ၏ သွေးသားရင်း ကလေးငယ်လေး အသတ်ခံရမည့် အရေးကို လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
“မပြောရဘူး... သူတို့က ငါတို့ရဲ့ အသက်သခင် ကျေးဇူးရှင်တွေကွ”
အခြား အမျိုးသား တစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
“သေစမ်း”
စူးလီက ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး လေထဲသို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုအမျိုးသားမှာ နေရာမှာတင် ပြာအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
သူ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များက လူတိုင်း၏ ဝိညာဉ်များအထိ ထိတ်လန့်တုန်လှုပ်သွားစေပြီး သတ္တိနည်းသူများဆိုလျှင် ဘောင်းဘီထဲ သေးထွက်ကျမတတ်ပင်။
“ဝင်စွက်ဖက်ရဲတဲ့ လူတွေ အကုန်သေရမယ်”
စူးလီက ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါက လူတိုင်းကို ခြိမ်းခြောက်နေ၏။
ထိုစကားများ ပြောဆိုပြီးနောက် စူးလီသည် အော်ဟစ်ငိုယိုနေသော မိန်းမပျိုလေးကို အောက်သို့ ချပေးလိုက်ပြီး အမျိုးသမီးကို ဖမ်းချုပ်ထားသော စွမ်းအားများကိုလည်း ရုပ်သိမ်းလိုက်၏။
“အမှန်အတိုင်း ဖြေတာ ကောင်းမယ်၊ မဟုတ်ရင် မင်းတို့ မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်”
ဟု စူးလီက အမျိုးသားကို ရက်စက်စွာ စိုက်ကြည့်ရင်း ဆိုလိုက်သည်။
အမျိုးသားမှာ အပြင်းအထန် တုန်ရီနေပြီး ထိတ်လန့်တကြားဖြင့်...
“သူတို့ အားလုံးပေါင်း (၁၃) ယောက် ရှိပါတယ်၊ အားလုံးက အသက် (၂၀) ကျော် အရွယ်တွေချည်းပါပဲ၊ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက ကောင်းကင်ဘုံလူသား အဆင့် (၇) အထက်မှာ ရှိကြပြီး ထျန်းကျီဘုံ အဆင့် (၁) က (၂) ယောက် ပါပါတယ်၊ သူတို့ထဲမှာ ကျင့်ကြံခြင်း အဆင့်ကို ကျွန်တော် လုံးဝ အကဲခတ်လို့ မရတဲ့သူ တစ်ယောက် ပါတယ်၊ သူက အကြောက်စရာ အကောင်းဆုံးပဲ၊ ချိုင့်ဝှမ်းထဲက ထျန်းကျီဘုံ ပညာရှင် အားလုံးကို သူပဲ သတ်သွားတာပါ”
“ကောင်းကင်ဘုံလူသား အဆင့် (၇) အထက်တဲ့လား... ထျန်းကျီဘုံက (၂) ယောက်... လူ (၁၃) ယောက်... ဒုက္ခပါပဲ၊ သူတို့ ဖြစ်နေတာကိုး”
ဒုတိယ အကြီးအကဲသည် ရုတ်တရက် သတိရသွားပြီး သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားလေတော့သည်။
“ဒုတိယ အကြီးအကဲ... ခင်ဗျား သူတို့ကို တွေ့ခဲ့တယ်ပေါ့”
စူးလီက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“သေစမ်းကွာ... ငါ သူတို့ကို လွှတ်ပေးလိုက်မိတယ်၊ သူတို့ထဲမှာ ကျင့်ကြံခြင်းအဆင့်ကို အကဲခတ်လို့ မရတဲ့သူ တစ်ယောက် ပါနေတာကိုး... သူတို့ပဲ ဖြစ်ရမယ်၊ မယုံနိုင်စရာပဲ... သူတို့က ငါ့ကိုတောင် လှည့်စားရဲတယ်ပေါ့လေ”
ဒုတိယ အကြီးအကဲက အံကို ကြိတ်ကာ ဒေါသတကြီး ပြောလိုက်၏။
“သူတို့ အခု ဘယ်မှာလဲ”
စူးလီက ခက်ထန်စွာ မေးလိုက်သည်။
“သူတို့ တောင်ဘက်ကို ထွက်ပြေးသွားကြတယ်”
ဒုတိယ အကြီးအကဲက ဖြေ၏။
“လိုက်ကြ”
စူးလီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး တောင်ဘက်သို့ ချက်ချင်း ပျံသန်းထွက်ခွာသွားလေတော့သည်။
“ဒုတိယ အကြီးအကဲ... ချင်းယန်မြို့လေးကို ရှင်းလင်းပစ်လိုက်၊ တစ်ယောက်မှ အရှင် မထားနဲ့၊ သတင်းတွေ ပေါက်ကြားသွားလို့ လုံးဝ မဖြစ်ဘူး၊ သေသွားတဲ့ လူတွေမှ စကားမပြောနိုင်တော့မှာ”
စူးလီ ထွက်ခွာသွားစဉ် ဒုတိယ အကြီးအကဲထံသို့ အသံလွှင့်ကာ အမိန့်ပေးခဲ့၏။
စူးလီသည် ချင်းယန်မြို့လေးမှ လူဆယ်ဂဏန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ ဤသတင်းကို ထာဝရ ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ချေ။ အနှေးနှင့်အမြန် သတင်းများ ပျံ့နှံ့သွားမည် ဖြစ်ပြီး ထိုအခါ မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံး၏ ဒေါသကို ဆွပေးသလို ဖြစ်သွားမည်ကို စူးလီ စိုးရိမ်နေသည်။
ထိုအချိန် ရောက်လျှင် ရွှမ်ယင်းဂိုဏ်းမှာ ခြေချစရာ နေရာပင် ရှိတော့မည် မဟုတ်ပေ။
ထို့အပြင် ရွှမ်ယင်းဂိုဏ်း၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ရန်အတွက် ပြဿနာ၏ အရင်းအမြစ်ကို အပြီးတိုင် ရှင်းလင်းပစ်ရမည် မဟုတ်ပါလော။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ဒုတိယ အကြီးအကဲက ရိုသေစွာဖြင့် အသံလွှင့်၍ ပြန်လည် တုံ့ပြန်လိုက်၏။
ချင်းယန်မြို့လေးမှ လူများကို ရက်စက်စွာ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဒုတိယ အကြီးအကဲက အမိန့်ပေးလိုက်သည်။
“ချင်းယန်မြို့လေးကို အပြောင်ရှင်းလင်းပစ်ကြစမ်း”
“ဘာ...”
ဒုတိယ အကြီးအကဲ၏ စကားကို ကြားလိုက်ရသောအခါ ချင်းယန်မြို့လေးမှ လူများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး မျှော်လင့်ချက် လုံးဝမဲ့သွားကြလေတော့၏။
“ဒုတိယ အကြီးအကဲ... ကျွန်တော်တို့ သိတာတွေ အကုန် ပြောပြပြီးပြီပဲ၊ ဘာဖြစ်လို့ ကျွန်တော်တို့ကို သတ်ချင်နေရတာလဲ၊ ဘာဖြစ်လို့လဲဗျာ”
အမျိုးသား တစ်ဦးက နာကြည်းစွာဖြင့် မေးလိုက်သည်။
ဒုတိယ အကြီးအကဲက အေးစက်စွာ ပြန်ဖြေလိုက်၏။
“သေသွားတဲ့ လူတွေပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်လို့လေ”
“ဒုတိယ အကြီးအကဲ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ချမ်းသာပေးပါ၊ ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကျွန်တော်တို့ ကတိပေးပါတယ်”
လူအုပ်ကြီးမှာ အသက်ကို ချမ်းသာပေးရန် အသနားခံကာ ခေါင်းငုံ့တောင်းပန်ကြလေတော့သည်။
“လုပ်ကြစမ်း... တစ်ယောက်မှ အရှင် မထားနဲ့၊ တခြားသူတွေ မမြင်စေနဲ့”
ဒုတိယ အကြီးအကဲက အေးစက်စွာ အမိန့်ပေးလိုက်ပြီး ချက်ချင်း ပျံသန်းထွက်ခွာသွားလေတော့သည်။
ချင်းယန်မြို့လေးမှ မြို့သူမြို့သားများမှာ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းလှသဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိကြချေ။
တစ်မိနစ်ပင် မပြည့်မီ အချိန်အတွင်း ချင်းယန်မြို့လေးမှ လူရာပေါင်းများစွာမှာ ကလေးငယ်များ အပါအဝင် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင် မကျန်ရစ်တော့ပေ။
ချင်းယန်မြို့လေး၏ အဝင်ဝတွင် သွေးများမှာ မြစ်တစ်စင်းပမာ စီးဆင်းနေလေတော့သည်။
ချင်းယန်မြို့လေးသို့ ကျရောက်ခဲ့သော ဘေးအန္တရာယ်ကြီးသည် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့ကြောင့်ဟု ဆိုနိုင်ပေသည်။
သို့သော် ဤအဖြစ်အပျက် အားလုံးကို ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် လုံးဝ မသိရှိခဲ့ပါချေ။
ထိုအချိန်၌ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် ချင်းယွင်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အစားအသောက်များကို သုံးဆောင်နေကြ၏။
“ဂိုဏ်းချုပ်... သူတို့ သိပ်အဝေးကြီး ရောက်မှာ မဟုတ်ဘူး၊ ပြီးတော့ ငါတို့က သူတို့ကို သိသွားပြီဆိုတာကိုလည်း သူတို့ ထင်ထားမှာ မဟုတ်ဘူးလေ၊ သူတို့ သတိထားမိမှာ မဟုတ်ဘူး၊ ချင်းယွင်မြို့ထဲမှာပဲ ရှိနေလောက်တယ်”
ချင်းယွင်မြို့ တံခါးဝ အပြင်ဘက်တွင် ဒုတိယ အကြီးအကဲက ပြောလိုက်၏။
စူးလီက ခေါင်းညိတ်လိုက်၏။ ချင်းယွင်မြို့မှာ အနီးအနားရှိ တစ်ခုတည်းသော မြို့ ဖြစ်ပေသည်။
စူးလီသည် မြို့တံခါးဆီသို့ သွားကာ အစောင့်တစ်ဦးအား မေးလိုက်၏။
“လူငယ် (၁၃) ယောက် မြို့ထဲ ဝင်သွားတာကို မင်း တွေ့မိသေးလား”
“ဩော်... ဂိုဏ်းချုပ်စူးနဲ့ ဒုတိယ အကြီးအကဲတို့ပါလား... ကျွန်တော် တွေ့လိုက်ပါတယ်၊ စောစောလေးတင်ကပဲ မျက်နှာစိမ်း လူငယ် တစ်စု မြို့ထဲ ဝင်သွားကြတယ်”
အစောင့်ခေါင်းဆောင်က ရိုသေစွာဖြင့် ပြန်ဖြေသည်။
“ဂိုဏ်းချုပ်... သူတို့ပဲ ဖြစ်ရမယ်”
ဒုတိယ အကြီးအကဲက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
“ဂိုဏ်းချုပ်စူး... ဘာများ ဖြစ်လို့လဲဗျ၊ သူတို့နဲ့ ဘာကိစ္စ ရှိလို့လဲ”
အစောင့်က စပ်စုလိုသော သဘောဖြင့်မေးလိုက်၏။
စူးလီက ပြန်မဖြေဘဲ ချင်းယွင်မြို့ အထက် ကောင်းကင်ယံသို့ ချက်ချင်း ပျံသန်းသွားပြီး သူ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်လိုက်လေတော့သည်။
“ဝီ... ဝီ...”
ကြောက်မက်ဖွယ် စွမ်းအားများက ချင်းယွင်မြို့ကို ချက်ချင်း လွှမ်းခြုံသွားလေရာ မြို့တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး မြို့တွင်းရှိ ကျင့်ကြံသူများမှာ ကြောက်ရွံ့ထိတ်လန့်ကာ နှလုံးသားများပင် တုန်ရီသွားကြတော့၏။ အားလုံးက ကောင်းကင်ယံသို့ ပျာယာခတ်စွာ မော့ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ချင်းယွင်မြို့မှာ ဧရာမ အစိမ်းရောင် စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားပြီး မည်သူမျှ အဝင်အထွက် ပြုလုပ်၍ မရနိုင်တော့ချေ။
“အဲဒါ ဂိုဏ်းချုပ်စူး မဟုတ်ဘူးလား၊ ဘာတွေ ဖြစ်နေတာလဲ”
“ဂိုဏ်းချုပ်စူးနဲ့ ဒုတိယ အကြီးအကဲတို့က မျက်နှာပြရဲသေးတယ်ပေါ့လေ၊ ဂိုဏ်းချုပ်က ဘာလုပ်ဖို့ ကြံစည်နေတာလဲ”
“ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား... ဂိုဏ်းချုပ်စူးက ငါတို့ အားလုံးကို သတ်ပစ်ဖို့တော့ မစဉ်းစားလောက်ပါဘူးနော်”
ချင်းယွင်မြို့မှ ကျင့်ကြံသူများမှာ ကြီးမားလှသော ကြောက်ရွံ့မှုလှိုင်းလုံးကြီး ရိုက်ခတ်ခြင်း ခံလိုက်ရပြီး ချက်ချင်းပင် ထိတ်လန့် တုန်လှုပ်သွားကြလေတော့သည်။
စားသောက်ဆိုင် အတွင်း၌ ဖုန်းဝူချန်နှင့် အခြားသူများလည်း စူးလီ၏ ကြောက်မက်ဖွယ် စွမ်းအားများကို အာရုံခံမိလိုက်ကြ၏။
“သူတို့က တကယ်ကြီး ငါတို့နောက်ကို လိုက်လာတာပါလား၊ ကြည့်ရတာ ငါတို့မှန်း သူတို့ သိသွားပြီထင်တယ်”
ပေတိုယန်က အံ့အားသင့်စွာ ပြောလိုက်သည်။
မြောင်ချင်းချင်းက ခေါင်းခါယမ်းလိုက်ပြီး...
“ငါတို့ ဆက်ပြီး ပုန်းနေလို့ မရတော့ဘူးနဲ့ တူတယ်”
ချင်းယွင်မြို့ အထက် ကောင်းကင်ယံတွင် စူးလီက အော်ဟစ်လိုက်၏။
“အားလုံးပဲ... မပူကြပါနဲ့၊ ကျုပ်က ရွှမ်ယင်းဂိုဏ်းကို စော်ကားတဲ့ လူတွေကို သတ်ဖို့ပဲ ရည်ရွယ်တာပါ၊ သူတို့က အခု ချင်းယွင်မြို့ထဲမှာ ရှိနေတယ်”
ဒုတိယ အကြီးအကဲကလည်း ဆက်လက်၍...
“ရွှမ်ယင်းဂိုဏ်းက လူ့အသက်ကို ရန်ရှာတဲ့ ကိစ္စမျိုး ဘယ်တော့မှ မလုပ်ခဲ့ပါဘူး၊ မျက်လှည့် တောင်တန်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စက ငါတို့ ဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး၊ လုံးဝကို စွပ်စွဲချက် သက်သက်ပါပဲ၊ အဲဒီလို လုပ်ခဲ့တဲ့ လူတွေက အခု မြို့ထဲမှာ ရှိနေတယ်”
အခန်း (၇၆၂) - စူးလီနှင့် တိုက်ခိုက်ခြင်း
~”ရွှမ်ယင်းဂိုဏ်းက စွပ်စွဲခံရတာ ဟုတ်လား၊ ဖမ်းဆီးခံရတဲ့သူတွေက ပြန်ပြောပြတာလေ၊ ဘယ်လိုလုပ် စွပ်စွဲတာ ဖြစ်နိုင်မှာလဲ၊ သူတို့တွေက လိမ်နေတယ်လို့ ပြောချင်တာလား”
“ဟွန့် ... စူးလီက ဆင်ခြေပေးနေတာလို့ ငါတော့ ထင်တယ်၊ မြောက်ဘက် ဆန်းကြယ် နယ်မြေရဲ့ အင်အားကြီးဂိုဏ်း တစ်ခုဖြစ်တဲ့ ရွှမ်ယင်းဂိုဏ်းကို ဘယ်သူကများ ပြဿနာရှာပြီး စွပ်စွဲရဲမှာလဲ”
“ဒီလူတွေက သက်သေတွေကို နှုတ်ပိတ်ချင်နေတာကွ၊ ဒီလုပ်ရပ်က ရွှမ်ယင်းဂိုဏ်းရဲ့ အတွင်းသရုပ်မှန်ကို ငါတို့ ကောင်းကောင်း မြင်သွားစေတယ်၊ တကယ့်ကို စိတ်ပျက်စရာပဲ”
ချင်းယွင်မြို့အတွင်းရှိ ကျင့်ကြံသူများကြားတွင် သက်ပြင်းချသံများ၊ ဝေဖန်သံများ ညံနေလေတော့၏။ စူးလီနှင့် ဒုတိယ အကြီးအကဲ၏ စကားများကို မည်သူကမျှ ယုံမှားဖွယ်မရှိတော့ချေ။
“ဂိုဏ်းချုပ်စူး ... ခင်ဗျားတို့ ရွှမ်ယင်းဂိုဏ်း ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဆင်ခြေပေးနေလို့ အပိုပါပဲဗျာ၊ အခုတော့ ဘယ်သူကမှ ခင်ဗျားတို့ကို မယုံကြတော့ဘူး”
“ဟုတ်တယ် ... လူတွေ ဒီလောက်အများကြီး ဖမ်းသွားတာ၊ ကလေးငယ်တွေကိုတောင် ချမ်းသာမပေးဘူး၊ သူတို့ အားလုံးက လိမ်နေကြတာတဲ့လား၊ နောက်ပြီး ရွှမ်ယင်းဂိုဏ်းကို စွပ်စွဲတယ်ဆိုတဲ့ လူတွေကကော ဘယ်မှာလဲ”
ဟု လူတစ်ယောက်က ပြန်လည်ချေပကာ ပြောလိုက်၏။
ထိုအခိုက်အတန့်၌ ချင်းယွင်မြို့လေးသည် ဆူညံပွက်လောရိုက်သွားချေပြီ။
စူးလီ၏ မျက်နှာသည် အေးစက်ခက်ထန်နေ၏။ သို့ဖြစ်သော်ငြားလည်း ယခုအခါ ရွှမ်ယင်းဂိုဏ်းသည် အများပြည်သူ၏ ဝေဖန်ရှုတ်ချမှု မုန်တိုင်းဗဟိုချက်တွင် ရောက်နေသဖြင့် သူသည် ဒေါသအလျောက် အရမ်းကာရော မတုံ့ပြန်ရဲချေ။
“ခွေးမသားလေးတွေ ... မင်းတို့ အခုချက်ချင်း ထွက်လာခဲ့စမ်း”
စူးလီက အေးစက်စွာ ပြောလိုက်၏။ သူ၏ ကြောက်မက်ဖွယ် လူသတ်ချင်စိတ်နှင့် ဖိအားများက ချင်းယွင်မြို့ တစ်ခုလုံးကို လွှမ်းခြုံသွားကာ လူတိုင်းကို လျှပ်တစ်ပြက်အတွင်း နှုတ်ပိတ်သွားစေတော့သည်။
အေးစက်သော အသံသည် ချင်းယွင်မြို့၏ ထောင့်တိုင်းသို့ ပဲ့တင်ထပ်သွား၏။
ရွှမ်ယင်းဂိုဏ်းကို မယုံကြည်ကြသော်လည်း မည်သူကမျှ သူတို့၏ အင်အားကိုတော့ မစော်ကားဝံ့ကြချေ။ ဝေဖန်ရှုတ်ချရုံမျှသာ တတ်နိုင်ပြီး မည်သူကမျှ ဆက်၍ စကားမများရဲကြတော့ပေ။ မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် စူးလီ၏ ဂုဏ်သတင်းမှာ သေးငယ်လှသည် မဟုတ်ရာ သူ့ကို ပြစ်မှားမိပါက သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
မကြာမီအချိန်တွင် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် တည်းခိုခန်းအတွင်းမှ ထွက်လာကြ၏။ ဆက်လက် ပုန်းကွယ်နေ၍လည်း အကျိုးမထူးတော့ချေ။
ဂိုဏ်းချုပ် ... ဟိုမှာ သူတို့ပဲ
မြို့အတွင်းသို့ စောင့်ကြည့်နေသော ဒုတိယ အကြီးအကဲက သူတို့ ထွက်ပေါ်လာသည်ကို မြင်သည်နှင့် ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်။
ဒုတိယ အကြီးအကဲ ညွှန်ပြရာသို့ လိုက်ကြည့်လိုက်သော် စူးလီသည် ဖုန်းဝူချန်နှင့် သူ၏လူများကို မြင်တွေ့သွားတော့၏။ ဖုန်းဝူချန်ကလည်း စူးလီကို မမှိတ်မသုန်ကြည့်နေ၏။
“ဂိုဏ်းချုပ်စူး.. ပြောတဲ့ စွပ်စွဲတဲ့သူတွေဆိုတာ.. သူတို့လား”
“မဖြစ်နိုင်ပါဘူး ... သူတို့မှာ တကယ်ပဲ အဲဒီလောက် အစွမ်းရှိလို့လား၊ ထျန်းကျီဘုံ အဆင့် (၈) ပညာရှင်ကို သတ်နိုင်မယ့်ပုံလည်း မပေါ်ပါဘူး”
“သတင်းတွေထဲမှာလည်း လူငယ် တစ်စုလို့တော့ ပါတာပဲ၊ တကယ်ပဲ သူတို့များလား”
လူအုပ်ကြီးသည် စူးလီ၏ အကြည့်နောက်သို့ လိုက်ကြည့်ကြရာ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့ကို တွေ့သွားကြ၏။
ဖုန်းဝူချန်နှင့် အခြားသူများသည် ကောင်းကင်ယံသို့ ပျံတက်သွားကြ၏။ တိုက်ခိုက်ခြင်းမပြုဘဲ အညံ့ခံ ဝန်ခံမည့်ဟန် ပေါ်နေသည်။
တကယ်ပဲ သူတို့လား
ဖုန်းဝူချန်နှင့် အဖွဲ့ ကောင်းကင်သို့ တက်သွားကြသောအခါ ချင်းယွင်မြို့မှ လူများမှာ မှင်သက်သွားကြ၏။ ဤလူငယ်များသည် အမှန်တကယ်ပင် ထိုမျှ စွမ်းအားပြင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသလော။ ရွှမ်ယင်းဂိုဏ်းကို တကယ်ပဲ သူတို့က စွပ်စွဲခဲ့ကြခြင်းလော။
ဖုန်းဝူချန်နှင့် အဖွဲ့၏ လုပ်ရပ်များက ချင်းယွင်မြို့သူမြို့သားများကို သံသယပေါင်းများစွာဖြင့် ကျန်ရစ်စေခဲ့သည်။
“ခွေးမသားလေးတွေ ... မင်းတို့က ငါ့ကိုတောင် လှည့်စားရဲတယ်ပေါ့လေ”
ဒုတိယ အကြီးအကဲက ဖုန်းဝူချန်တို့အဖွဲ့အား ဒေါသတကြီး ကြိမ်းမောင်းလိုက်လေရာ သူ၏ အိုမင်းနေသော မျက်နှာမှာ ရှုံ့မဲ့သွားတော့၏။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ကျွန်တော်တို့က ဝင်မစွက်ဖက်ချင်ပါဘူး၊ ဒါပေမယ့် ချိုင့်ဝှမ်းထဲက လူတွေကို သတ်ခဲ့တာ ကျွန်တော်တို့ဆိုတာ မှန်ပါတယ်၊ သို့ပေမယ့်လည်း ခင်ဗျားတို့ ရွှမ်ယင်းဂိုဏ်းကို စွပ်စွဲတာတော့ မဟုတ်ပါဘူးဗျ၊ ခင်ဗျားတို့ဂိုဏ်းက မိုယင် သလင်းကျောက်တွေကို စုဆောင်းဖို့ လူတွေကို ငှားရမ်းခဲ့တာ အမှန်တရားပဲလေ၊ လူတွေကို ဖမ်းဆီးတာက ခင်ဗျားတို့ရဲ့ အကြံပဲဖြစ်ဖြစ်၊ သူတို့ဘာသာ လုပ်တာပဲဖြစ်ဖြစ် ခင်ဗျားတို့ ရွှမ်ယင်းဂိုဏ်းနဲ့တော့ အဆက်အသွယ် ဖြတ်လို့မရပါဘူး”
“ပေါက်ကရတွေ ... ဘယ်သူ့ကိုမှ ဖမ်းဖို့ ငါတို့ဂိုဏ်းက အမိန့်မပေးခဲ့ဘူး၊ ဒါက ရွှမ်ယင်းဂိုဏ်းကို စွပ်စွဲတာ မဟုတ်လို့ ဘာလဲ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ”_
စူးလီက ဒေါသတကြီး ပြန်လည်ချေပ၏။
ထိုအခါ၊ ပေတိုယန်က ပခုံးတစ်ချက်တွန့်ကာ မဲ့ပြုံး ပြုံးလိုက်ပြီး ...
“ခင်ဗျားတို့ အမိန့်မပေးခဲ့ဘူး ဆိုရင်တောင် တားဆီးသင့်တာပေါ့၊ ရွှမ်ယင်းဂိုဏ်းက မျက်ကွယ်ပြုထားတာဟာ သူတို့ရဲ့ လုပ်ရပ်တွေကို အားပေးအားမြှောက် လုပ်နေတာပဲလေ၊ ဒါကိုများ မသက်ဆိုင်ဘူးလို့ ပြောချင်သေးတာလား”
“စကားများမနေနဲ့တော့ ... ရွှမ်ယင်းဂိုဏ်းကို မင်းတို့ စော်ကားရဲမှတော့ ဒီနေ့ မင်းတို့ သေရမယ်”
စူးလီက အဆိပ်ပြင်းသော လေသံဖြင့် ဆိုလိုက်၏။ ဖုန်းဝူချန်တို့အဖွဲ့ကို စကားစစ်ထိုးရာတွင် မနိုင်နိုင်မှန်း သိသဖြင့် အပိုစကားများ မပြောလိုတော့ချေ။
ထိုစကားများကို နားထောင်ရင်း ဖုန်းဝူချန်တို့အဖွဲ့က မည်သူ့ကိုမျှ မစွပ်စွဲခဲ့ကြောင်း လူတိုင်း သဘောပေါက်သွားကြသာ်။ လူတွေကို ဖမ်းဆီးခြင်းက ရွှမ်ယင်းဂိုဏ်းနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ မိုယင် သလင်းကျောက်များ စုဆောင်းရန် လူငှားရမ်းခဲ့ခြင်းက သူတို့နှင့် တိုက်ရိုက် ပတ်သက်နေတော့သည်။ ဤကိစ္စမှာ ရွှမ်ယင်းဂိုဏ်းနှင့် အတိအလင်း ဆက်စပ်နေပေသည်။
“ခွေးသားလေး ... လျိုယွင်ချင်းကို သတ်နိုင်ခဲ့တယ်ဆိုတော့ မင်းဆီမှာ အစွမ်းအစ တချို့တော့ ရှိရမယ်၊ ဒီနေ့ မင်းပြောသလောက် တကယ် စွမ်းမစွမ်း ငါ ကြည့်ရသေးတာပေါ့”
စူးလီက ခက်ထန်စွာ ပြောလိုက်ပြီး မျက်လုံးများကို မှေးကာ ဖုန်းဝူချန်အား စိမ်းစိမ်းကြည့်လိုက်၏။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများလည်း အပြည့်အဝ ပေါက်ကွဲထွက်လာတော့၏။
စူးလီသည် ဤနေရာသို့ ရောက်လာခြင်းမှာ ဖုန်းဝူချန်နှင့် သူ၏လူများကို ဖမ်းဆီးသတ်ဖြတ်ရန်ဖြစ်ပြီး လုံးဝ အသက်ချမ်းသာပေးရန် စိတ်ကူးမရှိချေ။ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့ကို သတ်ဖြတ်ပြီးပါက နောက်ပိုင်းတွင် ရွှမ်ယင်းဂိုဏ်းအနေဖြင့် ဇာတ်လမ်းကို သူတို့စိတ်ကြိုက် ပုံဖော်နိုင်မည် မဟုတ်ပါလော။
အကြောင်းမူကား ဤတိုက်ပွဲသည် ရှောင်လွှဲ၍ မရနိုင်သော တိုက်ပွဲပင် ဖြစ်၏။
ဖုန်းဝူချန်က အချိန်ဖြုန်းကာ စကားမများချင်တော့ပေ။ သူသည် ဖျက်ဆီးခြင်း စွမ်းအားနှင့် အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ဒုတိယအဆင့်ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး ချီလင် ချပ်ဝတ်နှင့် နဂါးနတ်ဘုရား လက်အိတ်တို့ကို ဆင့်ခေါ်လိုက်၏။ ဖုန်းဝူချန်၏ အရှိန်အဝါသည် ယုံမှားဖွယ်မရှိအောင် တစ်ဟုန်ထိုး တက်လာတော့၏။
‘ထျန်းကျီဘုံ အဆင့် (၅) ပါလား’
စူးလီက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
ဒုတိယ အကြီးအကဲ၏ မျက်နှာမှာမူ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး ...
‘ထျန်းကျီဘုံ အဆင့် (၇) ... ထျန်းကျီဘုံ အဆင့် (၈) …’
ဖုန်းဝူချန်၏ အရှိန်ဝါသည် အရူးအမူး မြင့်တက်လာ၏။
“ဝီ ... ဝီ …”
မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူချန်၏ အရှိန်အဝါသည် ထျန်းကျီဘုံ အဆင့် (၅) မှ အဆင့် (၉) သို့ တစ်ဟုန်ထိုး တိုးတက်သွားလေရာ စွမ်းအားများကြောင့် ဟင်းလင်းပြင်များပင် လှိုင်းထကာ ဧရာမ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာတော့၏။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...
စူးလီနှင့် ဒုတိယ အကြီးအကဲတို့သည် အလွန်အမင်း အံ့အားသင့်သွားကြပြီး မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ ထျန်းကျီဘုံ အဆင့် (၅) ၏ ကျင့်ကြံခြင်းအဆင့်ကနေ လျှပ်တစ်ပြက်အတွင်း အဆင့် (၄) ဆင့်တိတိ ခုန်တက်သွားပြီး ထျန်းကျီဘုံ အဆင့် (၉) သို့ ရောက်ရှိသွားသည်ကို သူတို့ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြတော့သည်။
“ဘုရားရေ …”
ချင်းယွင်မြို့မှ လူများမှာ အလွန်အမင်း ကြောက်လန့်သွားကြသဖြင့် စကားပင် မပြောနိုင်တော့ဘဲ သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုနှင့် အံ့ဩမှုများ ရောယှက်နေ၏။
ချင်းယွင်မြို့သူမြို့သားများ လုံးဝ မယုံကြည်နိုင်ကြသည်မှာ အမှန်ပင်။
“လာလေ”
ဖုန်းဝူချန်က သရော်ပြုံး ပြုံးကာ ပြောလိုက်၏။ စူးလီကို သူ စိုးစဉ်းမျှ မကြောက်ရွံ့ချေ။
“ဂိုဏ်း ... ဂိုဏ်းချုပ် ... သူ ... သူ့လက်ထဲမှာ အဆင့် (၈) သွန်းလုပ်ထားတဲ့ အင်မော်တယ်လက်နက် ရှိနေတယ်”
ဒုတိယ အကြီးအကဲက ကြောက်လန့်တကြား မျက်နှာဖြင့် ပြောလိုက်လေရာ သူ၏ အသံများပင် တုန်ယင်နေတော့၏။
‘အဆင့် (၈) သွန်းလုပ်ခြင်း …’
စူးလီ၏ မျက်နှာ တောင့်တင်းသွား၏။
တဆက်တည်း၌ စူးလီ၏ မျက်နှာမှာ မှောင်မိုက်သွားပြီး မျက်လုံးများက ကြမ်းတမ်းစွာ ဝင်းလက်သွားကာ မိုးထိမတတ် အရှိန်အဝါများ အရူးအမူး ပေါက်ကွဲထွက်လာ၏။
ရွှမ်ယင်းဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူက လူငယ်တစ်ယောက်ကို ဘယ်လိုလုပ် ကြောက်ရွံ့ရမည်နည်း။ ထို့ပြင် ဖုန်းဝူချန်သည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန် ပြင်ပပစ္စည်းများကိုသာ အားကိုးနေခြင်းဖြစ်ပြီး ထျန်းကျီဘုံ အဆင့် (၉) ၏ စစ်မှန်သော စွမ်းအားကို ပိုင်ဆိုင်ထားခြင်း ရှိမရှိဆိုသည်မှာ မသိနိုင်သေးချေ။
“ဝုန်း …”
“ဝီ ... ဝီ …”
စူးလီသည် ဟင်းလင်းပြင်ကို နင်းလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ သူသည် ခမ်းနားကြီးကျယ်သော အရှိန်အဝါဖြင့် ထွက်ပေါ်လာပြီး သူ၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် ဟင်းလင်းပြင်များ အဆက်မပြတ် တုန်လှုပ်ကာ အလွှာလိုက် ပြိုကျပျက်စီးသွားတော့သည်။
ချင်းယွင်မြို့အထက် ကောင်းကင်ယံသည် မျက်တောင်တစ်ခတ်အတွင်း ပိုမို မှောင်မိုက်သွား၏။
စူးလီသည် လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာပြီး ပြင်းထန်ရက်စက်သော တိုက်ကွက်များဖြင့် တိုက်ခိုက်လေတော့သည်။ ပင်လယ်ကိုပင် မှောက်လှန်နိုင်စွမ်းရှိသော လက်သီးတစ်ချက်ဖြင့် ဖုန်းဝူချန်အား ထုချလိုက်၏။
“ဝုန်း …”
“ဝီ ... ဝီ …”
ဖုန်းဝူချန်သည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သူ၏ ကြမ်းတမ်းလှသော လက်သီးဖြင့် ထိုတိုက်ကွက်ကို ရင်ဆိုင်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများ အရူးအမူး ရိုက်ခတ်သွားတော့၏။ ချင်းယွင်မြို့ကို လွှမ်းခြုံထားသော စူးလီ စုစည်းထားသည့် စွမ်းအင်များမှာ လျှပ်တစ်ပြက်အတွင်း ကြေမွပျက်စီးသွား၏။
သို့သော်ငြားလည်း စူးလီ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော ဤပြင်းထန်သည့် လက်သီးချက်သည် ဖုန်းဝူချန်အား ခြေတစ်ဝက်မျှပင် ဆုတ်ခွာသွားအောင် မလုပ်နိုင်ခဲ့ချေ။
‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...
စူးလီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အလွန်အမင်း အံ့အားသင့်သွားလေတော့သည်။
စူးလီသည် သူ၏ အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း ဖုန်းဝူချန်အား မတွန်းလှန်နိုင်ခဲ့ချေ။
“အားပြင်းလိုက်တာ ... စူးလီရဲ့ စွမ်းအားကို သူက အလွယ်လေး ကာကွယ်လိုက်တာပါလား”
“ယုံမှားစရာ မရှိဘူး ... ထျန်းကျီဘုံ အဆင့် (၅) က ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလား”
အံ့အားသင့်နေသော ချင်းယွင်မြို့သူမြို့သားများသည် ဤအခိုက်အတန့်၌ မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။ သူတို့၏ နှလုံးခုန်နှုန်းများလည်း မြန်ဆန်လာကြ၏။
“မင်းက ငါ့ကို သတ်ပြီး နှုတ်ပိတ်နိုင်လောက်တဲ့အထိ အစွမ်းမထက်သေးပါဘူးကွာ”
စူးလီ၏ စွမ်းအားကို ရင်ဆိုင်ရာတွင် မျက်နှာထား တည်ငြိမ်နေသော ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် လှောင်ပြုံး ပြုံးကာ ပြောလိုက်လေတော့သည်။